← Chapters

လီထိုက်၏ ရွေးချယ်မှု

Vol. 8 Ch. 120

လီထိုက်၏ ရွေးချယ်မှု

Vol. 8 Ch. 120

ကျန်းယွင်ရှီက သူ့ကို ကူညီပေးသဖြင့် ရဲ့လင်းချန် အတော်လေး သက်သာသွားသည်။

ကျန်းယွင်ရှီသည် အချက်အပြုတ်၊ သန့်ရှင်းရေး နိုင်နင်းသလို အရာအားလုံးကို အစီအစဉ်တကျ ပြုလုပ်နိုင်သည်။ ဆိုင်ဖွင့်ခြင်းနှင့် ပတ်သက်လာလျင်လည်း အာရုံစူးစိုက်ထားပြီး ဂရုတစိုက် ရှိသည်။ ယခုကာလ အတောအတွင်း သူမသည် နေရာကောင်းများကို မပြတ် လိုက်ရှာပြီး ပိုင်ရှင်များနှင့် တွေ့ဆုံ၍ ငှားခကို ဆွေးနွေးသည်။ ထို့အပြင် သူမသည် အချိန်တိုင်း အလှကုန်ပစ္စည်းနှင့် ပတ်သက်၍ သူမ သင်ယူနိုင်သမျှ သင်ယူနေ၏။

သူမအတွက် ဤစီးပွားရေးလုပ်ငန်းက သူမဘဝတွင်းမှ အကြီးမားဆုံး အဖြစ်အပျက်များထဲမှ တစ်ခု ဖြစ်သည်။ သူမ ယင်းကို ပေါ့ပေါ့တန်တန် မတွေးရဲပါ။

စနေနေ့တွင် ရဲ့လင်းချန်က ကျန်းယွင်ရှီအား သူ ဟမ်တန်း စတူဒီယိုသို့ သွားဦးမည်ဟု အသိပေးလိုက်သည်။

သူ ပြဿနာမှ ရှောင်ရသည်ကို ပိုဆန္ဒရှိသော်လည်း ယင်းက သူ ကြောက်တတ်သည်ဟု မဆိုလိုပါ။ သူ လီထိုက်ကို ရုပ်ရှင်ရိုက်ပေးမည်ဟု ကတိပေးထားပြီးသဖြင့် သူ အစွမ်းကုန် ကတိတည်ရပေမည်။ သို့မဟုတ်ပါက ပါရမီရှင်ဟူသော သူ၏ အဆင့်အတန်းကို ထိခိုက်လောက်သည်။

ဟော်ရန်ကျား ရုပ်ရှင်နှင့် ပတ်သက်၍ သူ ယုံကြည်မှုရှိသလို ခံစားရသည်။ သိုင်းပညာဖြစ်စေ၊ ဇာတ်ကောင်ဖြစ်စေ၊ အတိုက်အခိုက်ခန်းဖြစ်စေ အားလုံးက မော်ကွန်းတင်လောက်သည်။

ဟော်ရန်ကျားသည် သိုင်းပညာနှင့် နိုင်ငံကို ချစ်မြတ်နိုးသော မျိုးဆက်၌ မွေးဖွားလာသည့် ထူးချွန်သော သိုင်းပညာရှင် ဖြစ်သည်။  သိုင်းပညာ ခေတ်စားနေသော ယနေ့ခေတ်အတွင်း၌ ၎င်းက သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေမှာ အသေအချာပင်။

ဟမ်တန်း စတူဒီယိုသို့ ရောက်သည့် ဘတ်စ်ကားပေါ် တက်လိုက်ပြီးနောက် ရဲ့လင်းချန်က လီထိုက်ကို ခေါ်၍ တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။

သူ ဟမ်တန်း စတူဒီယိုသို့ ရောက်သည်နှင့် လီထိုက်က သူ့အား အပေါက်ဝ၌ စောင့်ကြိုနေသည်။ ရဲ့လင်းချန်ကို မြင်သောအခါ လီထိုက်က ချက်ချင်း ရှေ့သို့ လှမ်းလာ၍ တလေးတစား နှုတ်ဆက်သည်။

ကျန်းချန်ဟိုတယ်မှ ညစာစားပွဲတုန်းက ရဲ့လင်းချန်က မည်မျှ အထင်ကြီးစရာ ကောင်းခဲ့သလဲ ဆိုသည်ကို သူ မမေ့နိုင်ပါ။ ဤသို့သော လူစားမျိုးသည် သူ ရန်စ၍ မဖြစ်သည့် လူစားပင်။

လူအုပ်ကြီးသည် လီထိုက်ကို မြင်သောအခါ စိတ်လှုပ်ရှားလာပြီး မျှော်လင့်ချက်များ ဝင်လာသည်။ သူတို့သည် ဘေးဘီကို ဝေ့ကြည့်၍ လီထိုက် သူတို့ကို သတိထားမိလာပြီး ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားရန် မျှော်လင့် နေကြသည်။ လီထိုက်က တစ်စုံတစ်ယောက်ကို ကြိုဆိုရန် ရောက်နေခြင်းသာ ဖြစ်သည်ကို သတိထားမိသောအခါ သူတို့ အလွန် ခတ်လန့်သွားကြသည်။

ဤမျှ အလေးထားနေရသော ဧည့်သည်က မည်သူနည်း။

ပတ်ဝန်းကျင်အား သက်တော်စောင့်များ ချထားပြီးသား ဖြစ်ကာ လူအုပ်ကြီးအား ဘေးသို့ ဖယ်စေပြီး ရဲ့လင်းချန်အား အရှေ့မှလျှောက်၍ စတူဒီယိုထဲသို့ ဝင်စေသည်။

လီထိုက်သည် ရဲ့လင်းချန်အတွက် ကြိုပြင်ထားပြီးသား ဖြစ်သည်။ ရှောင်ဖေးဖေးကပါ စောင့်နေလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။

“နင် ရုပ်ရှင်ရိုက်ချင်ရင် ငါ့ကို အသိပေးဖို့ ဒါရိုက်တာလီကို ငါ မှာထားတာလေ”

ရှောင်ဖေးဖေးက ပြောလာသည်။ ထို့နောက် သူမဘာသာ ဆက်ပြောလေသည်။

“ဒါ နင့်ရဲ့ ပထမဆုံး ရုပ်ရှင်လေ၊ ငါ့ကို နင့်ရုပ်ရှင်မှာ တစ်နေရာလောက် ဝင်သရုပ်မဆောင်စေချင်ဘူးလား”

“အစ်မဖေးဖေး ကျွန်တော့်ရုပ်ရှင်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတာလား”

ရဲ့လင်းချန် ခါးသက်စွာ ရယ်မောလိုက်မိသည်။ ရှောင်ဖေးဖေးက သူ့ကို ကူညီရန် ကြိုးစားနေခြင်းသာ။

“ဘာဖြစ်လို့လဲ၊ ငါတို့ ခင်မင်မှုအရဆို နင် ငါ့ကို တစ်နေရာလောက် သရုပ်ဆောင်ဖို့ ငြင်းမှာ မဟုတ်ဘူးမလား”

ရှောင်ဖေးဖေးက စနောက်၍ မေးလာသည်။

“ကျွန်တော် မပေးချင်လို့ မဟုတ်ပါဘူး၊ ဒီရုပ်ရှင်က အစ်ဖေးဖေးနဲ့ မလိုက်လို့ပါ”

“နင် ပြောင်းလဲသွားပြီ၊ နင်က ငါ သိတဲ့ ရဲ့လင်းချန် မဟုတ်ဘူး”

ရဲ့လင်းချန် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူတို့ စကားပြောနေစဉ်တွင် ရဲ့လင်းချန်က လီထိုက်ကို လှမ်းကြည့်လိုက်သည်။

“ဒါရိုက်တာလီ ခင်ဗျား ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားလား”

လီထိုက်၏ အမူအရာက မသိမသာ ပြောင်းလဲသွားပြီး မသေချာသော လေသံဖြင့် မေးလာသည်။

“သခင်လေးရဲ့၊ ခင်ဗျား ….”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် ဒီရုပ်ရှင်ကို ခင်ဗျားလက်ထဲ ထည့်ဖို့ စဉ်းစားထားတယ်”

ရုပ်ရှင်တစ်ခု ထုတ်လုပ်ရန် သတိထားရမည့် အရာ အလွန် များပြားပြီး သင်ယူစရာများလည်း များပြားသည်။ သူ လိုအပ်နေသည်က လူတစ်ယောက် မဟုတ်ဘဲ အဖွဲ့သားတစ်ခုလုံး ဖြစ်သည်။ ဤမျှ အချိန်တိုလေးအတွင်း သူ၏ ကိုယ်ပိုင် ရိုက်ကူးရေးအဖွဲ့သားများကို မခန့်နိုင်သလို သူ့၌ ထိုသို့လုပ်နိုင်သည့် အစွမ်းအစ မရှိမှန်းလည်း ရဲ့လင်းချန် သိသည်။ သူ၏ အစီအစဉ်မှာ ရုပ်ရှင် ရိုက်ကူးညွှန်ကြားနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ဖြစ်၏။

လီထိုက်က သံသယ ဝင်စရာမလိုအောင်ကို ကောင်းမွန်သည့် လူဖြစ်သည်။

“ငါ…ငါ … ငါလား”

လီထိုက်က ရဲ့လင်းချန်ကို အံ့ဩသော မျက်နှာနှင့် ကြည့်နေပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိ ဖြစ်နေသည်။

သူသည် အမြဲတစေ ဇာတ်လမ်းတွဲများကိုသာ ရိုက်ကူးခဲ့သည်။ ထိုအဆင့်အတန်းက ရုပ်ရှင်တစ်ခု ရိုက်ကူးသော ဒါရိုက်တာ တစ်ယောက်နှင့် အတော်လေး ကွာခြားသည်။ သူ ရုပ်ရှင်ဘက်သို့ ကူးပြောင်းရန် ကြိုးစားသော်လည်း သူ့၌ အစွမ်းအစ နည်းပါးနေပြီး ဇာတ်ညွှန်းကောင်း မရှိသဖြင့် သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန် အခက်တွေ့ခဲ့သည်။

သို့သော် ယခု ရဲ့လင်းချန်က သူ့ကို ရုပ်ရှင်ကားတစ်ခု ရိုက်ကူးနိုင်မည့် အခွင့်အရေးကို ကမ်းလှမ်းနေသည်တဲ့လား။

သူ စိတ်မလှုပ်ရှားဟု ပြောလျင် ညာရာကျပေမည်။ တစ်ချိန်တည်းမှာပင် သူ စိတ်ရှုပ်ထွေးသလို ခံစားရသည်။ ရုပ်ရှင်ကားတစ်ခု ရိုက်ကူးရာတွင် ကောင်းသောအရာပဲ ဖြစ်လာမည် မဟုတ်ပါ။ အောင်မြင်ခဲ့လျင် မိုးတိမ်တိုက်အထိ တက်သွားနိုင်သော်လည်း ကျဆုံးလျင် သူ့အလုပ်အကိုင်ကိုပါ ပျက်စီးစေလိမ့်မည်။

သူ့ဘဝ၏ ပထမဆုံးရုပ်ရှင်ကား ဖြစ်သောကြောင့် အရေးပါမှုက အတိုင်းထက် အလွန်ပင်။

တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် လီထိုက်က ရဲ့လင်းချန်ကို‌ မေးလိုက်သည်။

“သခင်လေးရဲ့ ဒီရုပ်ရှင်ကို ဘယ်လိုတွေးထားလဲလို့ ကျုပ် မေးလို့ရမလား”

“ကျွန်တော် ဒီရုပ်ရှင်ကို ယုံကြည်မှုရှိတယ်၊ ခင်ဗျား သဘောတူသရွေ့ နောင်တ မရစေရဘူးလို့ အာမခံတယ်”

ရဲ့လင်းချန် ယုံကြည်မှုရှိစွာ ပြောလိုက်ပြီးနောက် ထပ်ပြောလေသည်။

“အဲ့ဒါအပြင် ဒီရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံသူအဖြစ် ကျွန်တော် ယွမ်ဆယ်သန်း ရင်းနှီးမှာ”

ရုတ်ချည်းဆိုသလိုပင် လီထိုက် အသက်ရှူမြန်လာ၏။

ရုပ်ရှင်ကားတစ်ခု ရိုက်ကူးရန် လိုအပ်သော အရင်းအနှီးက ဇာတ်လမ်းတွဲများထက် ပိုမြင့်သည်။ ယင်းက သူတို့အတွက် အကြီးဆုံး ပြဿနာပင်။ သို့သော် ရဲ့လင်းချန်က ယွမ်ဆယ်သန်းကို အေးအေးလူလူ ထုတ်ပေးမည် တဲ့လား။

“လင်းချန် ငါ့ကို အမှန်အတိုင်းဖြေ၊ နင် ရှစ်လေ့ကို မုန်းလို့ ဒီလို လုပ်နေတာလား”

ရှောင်ဖေးဖေး မနေနိုင်တော့ဘဲ လေးနက်သော မျက်နှာနှင့် မေးလာသည်။

သူ့ကို မုန်းတီးရုံမျှနှင့်ဆိုလျင် ဤသို့လုပ်ရန် မတန်ပေ။ ယင်းက ရူးမိုက်သော လုပ်ရပ်ပင်။

“အစ်မဖေးဖေး ကျွန်တော် အဲ့လိုကြောင့် မဟုတ်ဘူးဆိုတာကို အသေအချာ ပြောရဲပါတယ်”

ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ဖြူစင်သော မျက်နှာထားနှင့် ကြည့်လိုက်သည်။

“ကျွန်တော် ရှစ်လေ့နဲ့ ပတ်သက်တာ ဘာတစ်ခုကိုမှ ကျွန်တော် လုံးဝ မတွေးမိဘူး၊ သူက ကျွန်တော့်ပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ဘူး”

သူ့အပြောက ကြီးကျယ်နေသဖြင့် လူတိုင်း ရင်တုန်သွားသည်။

“ကောင်းပြီလေ၊ ငါ ဒီရုပ်ရှင်ကို လက်ခံမယ်”

လီထိုက်က အံကြိတ်လိုက်ပြီးမှ ထုတ်ပြောလာသည်။ သူ့အတွက် ယင်းက အခွင့်အရေးပင်။ ရုပ်ရှင် နယ်ပယ်သို့ သူ ခြေချကိုချနိုင်ရမည်။

“ဒါရိုက်တာလီက အရဲစွန့်ရဲသားပဲ”

ရဲ့လင်းချန် ညင်ညင်သာသာ ပြောလိုက်သည်။

“ဒီမှာ ဇာတ်ညွှန်း၊ ခင်ဗျား နောင်တမရဘူးလို့ ကျုပ် အာမခံတယ်”

“ဇာတ်ညွှန်းက‌ ရေးပြီးသားလား”

လီထိုက် အံ့ဩသွားသည်။ ရုပ်ရှင်ကား၏ အသက်က ဇာတ်ညွှန်းပင်။

*ဒါ … ဒါ နမော်နမဲ့နိုင်လွန်းတာ မဟုတ်လား*

“ဇာတ်ညွှန်းနဲ့ဆို ရိုက်ကူးရေးကိစ္စက ပိုမြန်လာမှာ”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။ ၎င်းက လီထိုက်ကို ဆွဲချရန် လုံလောက်နေလေပြီ။

သူ အပြတ်အသတ် အနိုင်ရပွဲကိုသာ လိုအပ်၏။

လီထိုက် ဇာတ်ညွှန်းကို ခပ်သွက်သွက် ဖတ်ကြည့်သည်။ သူ့အဖွဲ့သားများနှင့် ရှောင်ဖေးဖေးကလည်း အနားသို့ တိုးဝှေ့ကပ်လာပြီး ဖြည်းဖြည်းချင်း ဖတ်ကြည့်ကြသည်။

ဇာတ်ညွှန်းထဲမှာ စကားအပြောအဆိုများ၊ ဇာတ်ကွက် တိုးတက်မှုနှင့် ဇာတ်ကောင်များ၏ အမူအရာ စသဖြင့် အားလုံးက အလွန် အသေးစိတ်ကျသည်။ ဇာတ်ညွှန်းက သိပ်မများပဲ စုစုပေါင်း ဆယ့်နှစ်မျက်နှာသာ ရှိသည်။

၎င်းတွင် လူတိုင်း နစ်မျောသွားသည်။ တစ်နာရီနီးပါး ကြာပြီးနောက် သူတို့ ဇာတ်ညွှန်းကို ချကာ ဇာတ်လမ်းကို စားမြုံ့ပြန်နေကြသည်။ ထို့နောက် သူတို့က ရဲ့လင်းချန်ကို အံ့အားသင့်နေသော အကြည့်ဖြင့် ကြည့်လာ၏။

“ဒါရိုက်တာလီ ဒီဇာတ်ညွှန်းက … ပြည့်စုံလွန်းတယ်”

ရှောင်လီက တုန်နေသောအသံဖြင့် ပြောလာသည်။ သူသည် လီထိုက်၏ အဖွဲ့သားထဲမှ အဓိက ဇာတ်ညွှန်းရေးဆရာ ဖြစ်ပေသည်။

သူသည် များပြားသော ဇာတ်လမ်းတွဲများအတွက် ဇာတ်ညွှန်းရေးခဲ့ပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရုပ်ရှင်နယ်ပယ်သို့ ခြေချချင်သဖြင့် ရုပ်ရှင်ကား၏ ဇာတ်ညွှန်းရေးပုံကို လေ့လာနေသူ ဖြစ်သည်။ ရဲ့လင်းချန်၏ ဇာတ်ညွှန်းကိုမြင်သော် သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။ ဇာတ်ညွှန်းထဲမှ တိုက်ခိုက်ခန်းပုံဖော်မှုကြောင့် သူပင် သွေးဆူလာသလို ခံစားရသည်။

ဇာတ်ညွှန်းထဲတွင် သိုင်းပညာကိုသာမက သိုင်းသမားတို့၏ အတွေးအခေါ် အယူအဆကိုပါ ထည့်သွင်းထားသည်။

*သိုင်းပညာက ဘာလဲ၊ သိုင်းပညာရှင်ကို ဘာနဲ့ သတ်မှတ်သလဲ*

“သခင်လေးရဲ့ ဒီလို ကောင်းလွန်းတဲ့ ဇာတ်ညွှန်းကို ကျုပ်ကို ပေးတာလား”

လီထိုက် မှင်တက်စွာ မေးလိုက်သည်။ ရှောင်လီ မပြောလျင်တောင်မှ လီထိုက်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလေပြီ။

အစက သူသည် ဇာတ်ညွှန်းက ဆိုးနေမည်ကို စိုးရိမ်ခဲ့သည်။ ယခုအခါတွင်မူ ဇာတ်ညွှန်းက ကောင်းလွန်းနေသဖြင့် သူ၏ ကံကောင်းပုံကို မယုံနိုင် ဖြစ်နေ၏။

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျား ရုပ်ရှင်ကားကောင်း တစ်ကား ဖန်တီးနိုင်မယ်လို့ ယုံကြည်လား”

“ဒါပေါ့၊ အသေအချာပဲ၊ ဒီလိုဇာတ်ညွှန်းနဲ့ ရုပ်ရှင်ကားက ပြောင်မြောင်မှာ”

လီထိုက်က အရောင်လက်နေသော မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ ပြန်ဖြေလေသည်။ ရုပ်ရှင်ဒါရိုက်တာ ဟူသော ဘွဲ့က သူ့အား လက်ပြခေါ်နေသည်ဟုပင် မြင်ယောင်နေ၏။

“သခင်လေးရဲ့ ဇာတ်ညွှန်းနဲ့ဆို လုပ်ငန်းစဉ်က ပိုအဆင်ပြေမှာပဲ၊ သွေးပူတုန်းလေ ချလိုက်ကြရအောင်၊ ကျုပ် သရုပ်ဆောင် ရွေးပြီး စရိုက်တော့မယ်”

လီထိုက်က ရဲ့လင်းချန်ထက်ပင် ပိုစိတ်မရှည် ဖြစ်နေကာ စိတ်အားတက်ကြွနေတော့သည်။

All Chapters