နာမည်ကျော် အနုပညာရှင်ဟူသောလူ
Vol. 9 Ch. 121
ဇာတ်ညွှန်းနှင့် ရိုက်ကူးရေးအဖွဲ့သားများ အတည်ပြုပြီးသွားသဖြင့် ယခု လုပ်စရာဟူ၍ သရုပ်ဆောင် ရွေးရန်သာ ကျန်တော့သည်။
“သခင်လေးရဲ့ မင်း သရုပ်မဆောင်ဘူးလား၊ မင်း သိုင်းပညာကို သိနေတာပဲ၊ မင်းရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ ပေါင်းလိုက်ရင် ဒီရုပ်ရှင်ရဲ့ အနှစ်သာရကို ဆွဲထုတ်နိုင်မှာပဲ”
လီထိုက်က ရဲ့လင်းချန်ကို ဖျောင်းဖျရန် ကြိုးစားသည်။
“ဟင့်အင်း ကျွန်တော် အချိန်အတိုင်းအတာ တစ်ခုအထိ လူလုံးထွက်မပြဘူးလို့ စိတ်ကူးထားတယ်၊ နောက်မှပေါ့”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
သူ့မျက်နှာကို ထုတ်ပြခြင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိပေသည်။ ကောင်းကျိုးမှာ သူ၏ ရေပန်းစားမှုက လျင်မြန်စွာ တိုးတက်လာခြင်း ဖြစ်သည်။ ဆိုးကျိုးမှာမူ သူသည် လူအများ အာရုံစိုက်သည့် လူ ဖြစ်သွားသည့်အတွက် မျက်စိဒေါက်ထောက် သတိထားခြင်း ခံရပေမည်။ ယင်းက သူ့ဘဝကို အနေခက်စေမည်။
“ဒါရိုက်တာလီ ခင်ဗျား သရုပ်ဆောင်တွေနဲ့ သိတာပဲ၊ ကျွန်တော့်အတွက် နည်းနည်းလောက် လူရွေးပေးပါလား၊ ဒါမှ ကျွန်တော် သူတို့ကို လေ့လာလို့ ရမှာ”
ရဲ့လင်းချန် မေးလိုက်သည်။
“ရတာပေါ့”
လီထိုက် ခေါင်းညိတ်လိုက်သည်။
“ငါ အနုပညာရှင်တစ်ချို့နဲ့ သိတယ်၊ ငါ သူတို့ကို ဆက်သွယ်လိုက်မယ်၊ ငါတို့ အရံသရုပ်ဆောင်တွေကိုပါ စပြီး ရွေးလို့ ရနိုင်လောက်တယ်”
အားလုံး ဆွေးနွေးပြီးနောက် လီထိုက်သည် သူ့လူများအား လူရွေးပွဲသတင်းအား ဖြန့်စေသည်။
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့က လူရွေးပွဲသတင်းအား ဝေ့ပေါ်မှနေ၍ ဖြန့်ကြသည်။
[ဟော်ရန်ကျား ရုပ်ရှင်က ဒီနေ့ စပါပြီ၊ ကျုပ်တို့ ဇာတ်လိုက် သရုပ်ဆောင်၊ အရံသရုပ်ဆောင်များနဲ့ အပိုဇာတ်ကောင်တွေကို ရှာဖွေနေပါတယ်၊ နေရာက ဟမ်တန်း စတူဒီယိုပါ၊ သိုင်းပညာအကြောင်း ရင်းနှီးသူများကို ပိုဦးစားပေးပါမည်။ စိတ်ဝင်စားသူများ လူရွေးပွဲကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်]
ယင်းက ဆူညံပွက်လောရိုက်သွားပါစေသည်။
[ဝိုင် နောက်နေတာ မဟုတ်ဘူးလို့ ဘယ်သူက ထင်ထားမှာလဲ၊ ဟော်ရန်ကျားက စတောင် ရိုက်တော့ မှာလား]
[ကြည့်ရတာ ကွန်ဖူးရုပ်ရှင်ကား ဖြစ်မယ့်ပုံပဲ၊ ငါတော့ မျှော်လင့်နေပြီ]
[သေစမ်း၊ လီထိုက်က ဒါရိုက်တာလား၊ ဒါ လီထိုက်အတွက် ပထမဆုံး ရုပ်ရှင်ကားပဲ]
[ဝိုင်၊ လီထိုက်နဲ့ ရှောင်ဖေးဖေးတို့က တော်တော်လေး ရင်းနှီးတယ်ထင်တယ်၊ ဒီကားက ဆိုးရွားတဲ့ ရုပ်ရှင်ကား မဖြစ်ဖို့ မျှော်လင့်တာပဲ]
ကြေညာချက် ထုတ်ပြီးသည်နှင့် တိုက်ဆိုင်သည်လား သို့မဟုတ် တမင်လုပ်သည်လား မသိသော ကိစ္စ ဖြစ်လာသည်။ ရှစ်လေ့ကလည်း ကြော်ငြာစာ ထုတ်လာသည်။
[ငါက သူရဲကောင်း ရုပ်ရှင်ကလည်း လူရွေးပွဲ ဖွင့်လှစ်နေပါပြီ၊ အားလုံးကို လူရွေးပွဲအတွက် စာရင်းသွင်းဖို့ ကြိုဆိုနေပါတယ်]
သူ့ရုပ်ရှင်အား ဟော်ရန်ကျားနှင့်ပင် နှိုင်းယှဉ်လိုက်သေးပြီး ဟော်ရန်ကျားကဲ့သို့ အမှိုက်ဆန်သည့် ရုပ်ရှင်ကား၌ ပါဝင်မည့် သရုပ်ဆောင်များက သူတို့၏ နာမည်ကို ဖျက်စီးနေသည်ဟုပင် ပြောလေသည်။
ရှစ်လေ့၏ ရန်စခြင်းနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန်က ပြုံး၍ ပခုံးသာတွန့်နေသည်။
လီထိုက်သည် နေ့လယ်စာကို ဒကာခံ၍ ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးတို့အား နာမည်ကြီး စားသောက်ဆိုင်၌ ကျွေးမွေးလေသည်။ ထို့နောက် သူသည် လူရွေးပွဲအတွက် ခပ်သုတ်သုတ် ပြန်သွားသည်။
ဟမ်တန်း စတူဒီယိုသည် သရုပ်ဆောင်များ ပြတ်လပ်မနေပါ။ အထူးသဖြင့် နာမည်ကြီးများဖြစ်သည့် ရှောင်ဖေးဖေး၊ ဝိုင်နှင့် လီထိုက်တို့က ကြေငြာချက် ထုတ်လိုက်သောအခါ ချက်ချင်း လာလျှောက်သူများနှင့် ပြည့်သွား၏။
ရဲ့လင်းချန်သည် အစွန်ဆုံးထောင့်၌ သာမန် အင်တာဗျူးသူကဲ့သို့ ထိုင်နေသည်။ မထင်မရှား အင်တာဗျူးသူက ဝိုင်ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ သတိမထားမိပေ။
သရုပ်ဆောင် တစ်ယောက်ပြီး တစ်ယောက်က သူတို့၏ သရုပ်ဆောင် စွမ်းရည်များကို လီထိုက်နှင့် ရှောင်ဖေးဖေးရှေ့၌ ပြသကြသည်။ သူတို့ သတိမထားမိသည့် အချက်မှာ လီထိုက်၏ အကြည့်က ရဲ့လင်းချန်ထံ မကြာခဏ ရောက်သွားခြင်းပင်။ သူ အတည်ပြုသူများကိုသာလျင် သူတို့ ရွေးချယ်မည် ဖြစ်သည်။
ဟော်ရန်ကျား ရုပ်ရှင်၌ အဓိက ဇာတ်ကောင်ဖြစ်သည့် ဟော်ရန်ကျားအတွက် လူရွေးခြင်းက အဓိက အကျဆုံးပင်။
ဤရုပ်ရှင်၌ ဟော်ရန်ကျား ဇာတ်ကောင်ကို သရုပ်ဆောင်မည့်သူသည် သိုင်းပညာ၏ ပြင်းထန်မှုနှင့် ခွန်အားတို့ ရှိရပေမည်။ ထို့နောက် သူသည် သနားကြင်နာတတ်မှုလည်း လိုအပ်သည်။ နောက်ဆုံးအနေဖြင့် ထိုသူသည် မျိုးချစ်စိတ်ဓာတ်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတတ်သူ ဖြစ်ရမည်။
သိုင်းပညာနှင့် သရုပ်ဆောင်စွမ်းရည် နှစ်ခုလုံး၏ လိုအပ်မှုက အရေးပါသည်။ သင့်လျော်သူများက အလွန် နည်းပါးသည်။ ညနေပိုင်းတွင် နာမည်ကျော် အနုပညာရှင်တစ်ယောက် လာမည်ဟု လီထိုက်က ပြောသည်။ ဟော်ရန်ကျား ဇာတ်ကောင်အတွက် လာလျှောက်သူ ဖြစ်သောကြောင့် ရဲ့လင်းချန် မျှော်လင့်ချက်တို့နှင့် ပြည့်နှက်နေသည်။
ထို့အပြင် အရေးပါသော အရံဇာတ်ကောင်များလည်း ရှိသည်။ ယင်းမှာ အသက် ခုနစ်နှစ် ဝန်းကျင်ရှိသော ဟော်ရန်ကျား၏ သမီးငယ်၊ သူ၏ ဇနီးသည်၊ မျက်မမြင် အမျိုးသမီး ယွဲ့စီနှင့် တိုက်ပွဲတိုင်းမှ ပြိုင်ဘက်များ ဖြစ်လေသည်။
သူတို့ သတိမထားလိုက်မိခင်မှာပင် ညနေသို့ လျင်မြန်စွာ ရောက်ရှိလာ၏။ အရံဇာတ်ကောင်များအတွက် ဆန်ခါတင်များကို အတည်ပြုပြီးသွားသည်။ သူတို့သည် လူရွေးပွဲအား တစ်နေ့တည်းနှင့် အပြတ်ဖြတ်ရန် စီစဉ်ထားသည်။
“လင်းချန်၊ နင် ငါ့ကို မျက်မမြင် အမျိုးသမီး ယွဲ့စီနေရာမှာ သရုပ်ဆောင်ခွင့် ပေးပါလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ရုတ်တရက် ပြောလာသည်။
“ရုပ်ရှင်ကားတစ်ကားမှာ နင် တော်တဲ့ အရံဇာတ်ကောင်အချို့အပေါ် အားကိုးဖို့ လိုလိမ့်မယ်”
သူမလေသံက တည်ငြိမ်နေသော်လည်း စိုးရိမ်ဟန်တို့ ပါဝင်နေသည်။
တစ်နေ့ခင်းလုံး ကုန်သွားသော်လည်း နာမည်ကျော် သရုပ်ဆောင် တစ်ယောက်မှ လူရွေးပွဲအတွက် မလာကြသလို ဖုန်းပင် မဆက်ကြပါ။ ဤသည်က လူအများက ဤရုပ်ရှင်ကို မည်မျှ အထင်သေး နေကြောင်း ပြသနေ၏။
ရုပ်ရှင်ကားတစ်ကားတွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်မည့် သရုပ်ဆောင်များ လစ်လပ်နေလျင် ရုပ်ရှင်အတွက် အတော်လေး အဆင်မပြေ ဖြစ်နိုင်သည်။
“ငါတို့ အထင်သေးခံနေရပြီနဲ့တူတယ်”
လီထိုက်က ခါးသီးစွာ ခေါင်းယမ်းလေသည်။
“ဝိုင်ကလည်း ကိုယ်တိုင် မပါသလို ရှောင်ဖေးဖေးလည်း မပါဘူး၊ ပြီးတော့ လူမသိတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အသစ်က ရိုက်ကူးမှာ၊ လူတွေ အထင်သေးမယ်ဆိုတာ ပုံမှန်ပါပဲ”
“ဪ ဟုတ်သားပဲ၊ ဒါရိုက်တာလီ ရှင် ပြောခဲ့တဲ့ သရုပ်ဆောင်က ဘာလို့ မလာသေးတာလဲ”
ရှောင်ဖေးဖေး မေးလိုက်သည်။ လီထိုက် မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“သူ မကြာခင် ရောက်မယ်လို့ ငါ ထင်တာပဲ”
သူတို့ အနည်းဆုံး တစ်နာရီမျှ စောင့်လိုက်ရသည်။ ကောင်းကင်သည်လည်း မှောင်မိုက်လာက ညခုနစ်နာရီသို့ နီးကပ်လာ’။ ရဲ့လင်းချန် တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ရာနားလိုက်ရသည်။ သူ တိုက်ရိုက် ထုတ်လွှင့်မှုအတွက် အိမ်၌ အချိန်မီ ပြင်နိုင်မည် မဟုတ်ပါ။
“ဒါရိုက်တာလီ အဲ့လူက တင်စီးလွန်းတယ်”
ရဲ့လင်းချန် အတော်လေး မျက်မှောင်ကြုတ်သွားသည်။
*ဒီလို ဗလောင်းဗလဲ လုပ်တဲ့ သရုပ်ဆောင်နဲ့ ရုပ်ရှင်ကားကောင်း တစ်ကားကို ဘယ်လို ရိုက်ကူးမှာလဲ*
“ပွမ် ပွမ်”
ထိုစဉ် အပြင်ဘက်မှ ကားဟွန်းသီးတံ နှစ်သံ ထွက်လာပြီး အနက်ရောင် တိုယိုတာကားတစ်စီး ရပ်လာ၏။
“သူ ရောက်လာပြီ”
လီထိုက်၏ အသံတွင် သတိထားဟန်တို့ ပါနေ၏။
“ဒါ ဝူဟန်ရဲ့ ကားပဲ”
ရှောင်ဖေးဖေး၏ မျက်ဝန်းတွင် အံ့ဩရိပ်တို့ ပေါ်လွင်လာ၏။ သူမ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“သူက အခု ပရိသတ် အများကြီးရှိနေတဲ့ နာမည်ကျော် အနုပညာရှင်ပဲ၊ သူ အရမ်း တင်စီးလွန်းတာ မဆန်းဘူး”
ဆံပင် အညိုရောင်နှင့် အဖြူရောင် ဂျာကင်ဝတ်ထားသော အမျိုးသားတစ်ယောက် ကားပေါ်မှ ဆင်းလာသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။ သူ ဆင်းလာသည်နှင့် လူအုပ်ကြီးက သူ့အနားသို့ ကပ်နိုင်ရန် ကြိုးစားကြသည်။
ညအချိန် ရောက်နေပြီဖြစ်သော်လည်း လူတစ်ယောက်က သူ့ကို ထီးနှင့် အုပ်မိုးပေးထားသည်။ သူ့အတွက် လမ်းရှင်းပေးသော လူများပင် ရှိပြီး လမ်းပေါ်မှ ကျောက်စရစ်ခဲများကိုပင် ကန်ထုတ်လေသည်။
‘မင်းတို့ထီးကို မြန်မြန်ဖွင့်စမ်း၊ သခင်လေးဝူရဲ့ အသားအရေက လရောင်ကြောင့် ပျက်စီးလို့ မဖြစ်ဘူး”
“ဟိုနားကလူ လမ်းကို သေချာရှင်းအောင် လုပ်ထား၊ ကျောက်စရစ်ခဲတွေကြောင့် သခင်လေးဝူ ချော်လဲအောင် မလုပ်မိစေနဲ့”
“သခင်လေးဝူ၊ မင်း သတိထားမှဖြစ်မယ်၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရုပ်ရှင်ရိုက်ကွင်းကြောင် မင်းလက်ချောင်းက လက်မဝက်လောက် ပြတ်သွားသေးတယ်၊ ဒါ အရမ်း ကြောက်ဖို့ကောင်းတယ်၊ မင်း ဘာလို့ သိုင်းဇာတ်လမ်းကို လက်ခံတာလဲ၊ အန္တရာယ်များလွန်းတယ်”
ဝူဟန်ဘေးတွင် ပုကွကွ ယောက်ျားတစ်ယောက်က အနီးကပ် ရှိနေ၏။
ဝူဟန်ကို မြင်ပြီးနောက် ရဲ့လင်းချန်၏ အမူအရာက မကောင်းတော့ချေ။
ယောက်ျားတစ်ယောက် ဖြစ်သော်လည်း သူက မျက်နှာတွင် မိတ်ကပ် ဗရပျစ် လိမ်းထားသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ပျို့အန်ချင်စရာကောင်းသည့် ရေမွှေးနံ့ ခပ်ပြင်းပြင်းတစ်ခု ထွက်နေသည်။ သူ့မျက်ခုံးက ဆွဲထားခြင်း ဖြစ်ပြီး နှုတ်ခမ်းနီဆိုးထားကာ ခါးက သဲနာရီပုံစံ ဖြစ်နေကာ မိန်းမဆန်နေသောပုံ ပေါ်နေ၏။ သူ့အကြည့်၊ စကားပြောပုံနှင့် လှုပ်ရှားမှုတို့က ယောက်ျားတစ်ယောက်၏ ကြံ့ခိုင်သန်မာမှု ပျောက်ဆုံးနေ၏။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ပေါ်လာသည်။
*မိန်းမလျာလိုပဲ*
*ဒီမိန်းမလျာက ဟော်ရန်ကျားဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်တာလား*
*ဟော်ရန်ကျားတောင် မြေကြီးထဲကနေ ပြန်ကုန်းထလာလောက်တယ်*
“သခင်လေးဝူ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ”
လီထိုက်က သူ့ကို အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
“ဘယ်လို သဘောရလဲ၊ ဒါက သိုင်းရုပ်ရှင်ကား ဆိုပင်မယ့် မင်းက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် စိန်ခေါ်မှုကို ယူတတ်တာပဲ”
“မင်းတို့ ရုပ်ရှင်မှာ ဘယ်သရုပ်ဆောင်တွေ ပါလဲ၊ အရေးမပါတဲ့လူတွေကို ပြောမနေနဲ့ အေအဆင့် စာရင်းဝင်တွေပဲ ပြော”
ဝူဟန် ဘာမှမပြောနိုင်ခင်မှာပင် သူ့ဘေးမှ ဖက်တီးက အထက်စီးဖြင့် မေးလာ၏။ လီထိုက်၏ မျက်နှာတွင် အနေရခက်တို့ ပေါ်လာသည်။
“အခုထိတော့ တစ်ယောက်မှ မရသေးဘူး”
“ဘာ”
ဖက်တီးက ချက်ချင်း ဆွေ့ဆွေ့ခုန်သွားသည်။
“သူတို့တွေ မပါဘဲ ငါတို့ သခင်လေးဝူက ဝန်ကိုထမ်းထားရမယ်ပေါ့၊ မရဘူး၊ ဒီလို ချီးထုပ်ရုပ်ရှင်ကများ”
“သခင်လေးဝူ ဒီရုပ်ရှင်က ချီးထုပ်မဟုတ်ဘူးဆိုတာကို ကျုပ် အာမခံနိုင်တယ်၊ ဒါက သေချာပေါက် ပေါက်မှာ”
လီထိုက် အာမခံလိုက်သည်။
“ခင်ဗျား ကျုပ်ကို သရုပ်ဆောင်စေချင်တယ်ဆိုရင် ရတယ်၊ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်”
ဝူဟန်က မာန်တပ်နေသော မျက်နှာထားနှင့် ညင်ညင်သာသာ ပြောလာသည်။
“အတိုက်အခိုက်ခန်းတိုင်း၊ ခန္ဓာကိုယ် ထိခိုက်မှု ပါတဲ့ အခန်းတိုင်း၊ ခက်တဲ့ အက်ရှင်ခန်းနဲ့ ပြေးရတဲ့ အခန်းတိုင်းကို စတန့်သမားတွေ လုပ်ရမယ်၊ ဟန်ပါပါ သရုပ်ဆောင်ရတဲ့ အပိုင်းကျမယ့် ကျုပ် ဝင်သရုပ်ဆောင်မယ်၊ အချိန်အများစုမှာ ကျုပ် မျက်နှာပြပြီး စကားနည်းနည်း ပြောမယ်၊ ပြီးတော့ ကျုပ်ရဲ့ သရုပ်ဆောင်ကြေးက ယွမ်ဆယ်သန်းပဲ”
သူ့စကားကိုကြားပြီးနောက် ရဲ့လင်းချန် အံ့ဩသွားသည်။
*လီထိုက်က ဒီဂျိုကာကောင်အတွက်နဲ့ ငါ့ကို နေ့တစ်ဝက်တောင် စောင့်ခိုင်းခဲ့တာလား*