← Chapters

ကွန်ဖူးဆိုတာ ဘာလဲ ပြရသေးတာပေါ့

Vol. 9 Ch. 122

ကွန်ဖူးဆိုတာ ဘာလဲ ပြရသေးတာပေါ့

Vol. 9 Ch. 122

“ဒါရိုက်တာလီ ကျုပ် တောင်းဆိုချင်တာ အဲ့ဒါ အကုန်ပဲ၊ အမှန်အတိုင်း ပြောရရင် ကျုပ် ဒီကို လာတာက ခင်ဗျားကို လေးစားမှု ပြတဲ့ အနေနဲ့ပဲ၊ ဒီလို အမှိုက်ဆန်တဲ့ ရုပ်ရှင်မျိုးကို ... ဟဲဟဲ ပုံမှန်ဆို ကျုပ် မသိချင်ယောင် ဆောင်ထားလိုက်မှာ၊ ခင်ဗျားက လိုလိုလားလား တောင်းဆိုနေမှတော့ ကျုပ် တန်းငြင်းရင် မကောင်းဘူးလေ”

ဝူဟန်က သွေးနားထင်ကြီးစွာ ကြွားဝါလေသည်။

“အခု အတော်လေး နောက်ကျနေပြီ၊ ကျုပ်ရဲ့ အလှအပ ထိန်းသိမ်းဖို့အတွက် အိမ်ပြန်ပြီး အိပ်ဖို့ လိုနေပြီ၊ ခင်ဗျား မြန်မြန် ဆုံးဖြတ်ပါ”

“သခင်လေးဝူ ကျုပ် ...”

“ခဏလေး”

ရဲ့လင်းချန်က လီထိုက်၏ စကားကို ဖြတ်ပြောလိုက်ပြီး ရှေ့သို့ တဖြည်းဖြည်း လျှောက်လာပြီး ဝူဟန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်သည်။

“မင်းက သရုပ်ဆောင်ကြေး ယွမ်ဆယ်သန်း လိုချင်တာလား”

ဝူဟန်က ရဲ့လင်းချန်ကို ပြန်ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်၍ သရော်သံဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

“ငါက သရုပ်ဆောင်တွေကို အင်တာဗျူးဖို့ ဝိုင် ငှားထားတဲ့သူပဲ”

“မင်းလို မဖြစ်စလောက်လေးက ဘယ်တုန်းက ငါနဲ့ စကားပြောခွင့် ရသွားတာလဲ"

ဝူဟန် ခနဲ့လိုက်သည်။

“ယွမ် ဆယ်သန်း၊ တစ်ပြားတောင် မလျှော့နိုင်ဘူး”

“မင်းကိုယ်မင်း ယွမ်ဆယ်သန်း တန်တယ်လို့ ဘာလို့တွေးလဲ ငါ သိချင်သား”

ရဲ့လင်းချန်က ဝူဟန်ကို အေးစက်စက် ကြည့်နေသည်။

“ဟားဟားဟား မောက်မာလွန်းတဲ့ ကောင်ပဲ”

ဝူဟန်ဘေးမှ ဖက်တီးက ဟာသကို ကြားလိုက်ရသကဲ့သို့ အသားကုန် ရယ်မောလာသည်။

“ဘာလို့လဲလို့ မင်း မေးတယ်ပေါ့ ဟုတ်လား၊ ငါ မင်းကို ဘာလို့လဲဆိုတာ ပြောပြမယ်”

ထိုသို့ပြောလိုက်ပြီးနောက် ဝူဟန်ဘေးမှ လူများက ဘေးသို့ကပ်လိုက်ကြပြီး ဝူဟန်က အိတ်ကပ်ထဲ လက်ထည့်ကာ မာန်တက်နေသော မျက်နှာထားနှင့် ရပ်မြဲရပ်နေသည်။

“ဒီပြီးပြည့်စုံတဲ့မျက်နှာကိုကြည့်လိုက်၊ အရှေ့ကကြည့်ကြည့်၊ ဘေးကကြည့်ကြည့်၊ ခေါင်းစခြေဆုံး ထောင်ပေါင်းစုံက ကြည့်တာနဲ့ ပြီးပြည့်စုံတယ်၊ ခန္ဓာကိုယ်ကိုလည်း ကြည့်လိုက်၊ ကျွတ်စ် ကျွတ်စ် ... သန်းချီတဲ့ မိန်းကလေးတွေရဲ့ အိပ်မက်ထဲက ကိုကိုပဲ”

ဖက်တီးက ရေပက်မဝင် အမွှန်းတင်နေ၏။

“သူက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ကလေးပဲ၊ အနုပညာတစ်ခုလို ပြီးပြည့်စုံပြီး မရေတွက်နိုင်တဲ့ မိန်းကလေးကို စိတ်လှုပ်ရှားပြီး အော်ဟစ်အောင် လုပ်နိုင်တယ်”

ထိုအခိုက်တွင် ရဲ့လင်းချန်၏ မျက်လုံးထဲတွင် ဝူဟန်သည် ငါးသေတစ်ကောင်သဖွယ် ထိုင်းမှိုင်းသော အငွေ့အသက်မျိုး ပေးစွမ်းနေသည်ဟု မြင်နေသည်။ မိန်းမဆန်နေမှုက သူ့အတွက် အတော်လေး လွန်လွန်းနေသည်။ လရောင်အောက်၌ သူ့အား မြင်လျင်ပင် ယောက်ျားလေးလို ဝတ်ထားသော မိန်းကလေး တစ်ယောက်ဟု မြင်မိလောက်သည်။

*သောက်ကျိုးနည်း ဒီလူက ဘယ်လိုလုပ် နာမည်ကျော် အနုပညာရှင် ဖြစ်လာတာလဲ၊ တရုတ်အမျိုးသမီးတွေရဲ့ အကြိုက်က ပြောင်းလဲနေတာလား*

“ငါ့ကို ဒေါသထွက်နေတဲ့ အမူအရာမျိုး လုပ်ပြ”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။ ဝူဟန်က ရပ်မြဲရပ်၍ မသိမသာ မျက်မှောင်ကြုတ်ပြသည်။

“ငါ့ကို ဝမ်းနည်းတဲ့ပုံ လုပ်ပြ”

ဝူဟန်က ယခင် ကိုယ်နေဟန်ထားအတိုင်း ဆက်နေ၍ နှုတ်ခမ်းစူပြလေသည်။

*ဆိုးလိုက်တာ*

*ဆိုးရွားလွန်းတယ်*

ရဲ့လင်းချန် ထရယ်လုနီးပါး ဖြစ်သွားလေသည်။

*ဒီလို အကြောသေနေတဲ့ မျက်နှာအမူအရာမျိုးနဲ့ ဒီလူက ရုပ်ရှင်ရိုက်ဦးမယ်တဲ့လား*

*သူ ပါးစပ်လှုပ်ရုံလေးကို ဆယ်သန်းပေးဖို့ တောင်းနေတယ်ပေါ့လေ*

*ဘယ်ခေတ်ကို ရောက်နေတယ်များ မှတ်နေလဲ*

ဟော်ရန်ကျား ရုပ်ရှင်တစ်ခုလုံးအတွက် ရိုက်ကူးရေးစရိတ်က ယွမ်သန်းနှစ်ဆယ် ဝန်းကျင်မျှသာ ဖြစ်သည်။ ရဲ့လင်းချန် တစ်ယောက်တည်းကပင် ဆယ်သန်း ရင်းနှီးမြှုပ်နှံထား၏။

ယခု သူက ဤအကြောသေနေသော မျက်နှာနှင့် မိန်းမလျာကို ငှားရန် စရိတ်တစ်ဝက်ကို သုံးရမည်တဲ့လား။ သူတို့ ဘယ်လို ရုပ်ရှင်မျိုး ရိုက်မည်နည်း။ ဤမိန်းမလျာ ဟန်ထုတ်နေသည်ကို ကြည့်သည့် ရုပ်ရှင်မျိုးလား။

“တော်လောက်ပြီ၊ သွားတော့”

ရဲ့လင်းချန်က စိတ်မရှည်စွာ လက်ခါပြသည်။

“မင်း ဘာပြောလိုက်တာလဲ”

ယခုအကြိမ်က ဝူဟန်၏ မျက်နှာအမူအရာ အပြင်းထန်ဆုံး ဖြစ်သည်။ သူ၏ မျက်လုံးအိမ်က ပြူးကျယ်နေပြီး ရဲ့လင်းချန်အား ဒေါသထွက်သော မျက်နှာပေးနှင့် ကြည့်နေကာ ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။

“ထွက်သွားလို့ ငါ ပြောလိုက်တာလေ”

“ယီးပဲ၊ ဟေ့ကောင် မင်း သေချင်နေတာလား၊ မင်းက သခင်လေးဝူကို ဘယ်လိုတောင် ရိုင်းပျတဲ့စကားမျိုး ပြောရဲတာလဲ”

ဖက်တီး ဒေါကန်သွားသည်။

“ခွေးကောင် ငါတို့ စကားလေးတစ်ခွန်းလောက်နဲ့ မင်းရုပ်ရှင်ကို ဖျက်ဆီးလို့ရတယ်ကွ”

“ခုနက သခင်လေးဝူရဲ့ သရုပ်ဆောင်စွမ်းရည်က မိုက်တယ်၊ သူ့ရုပ်သွင်တစ်ခုတည်းကတင် မင်းကို ယွမ်ဆယ်သန်း တောင်းတာ နည်းတယ်လို့တောင် ပြောလို့ရတယ်၊ မင်းကများ သူ့ကို နှင်ထုတ်ရဲတယ်လား၊ မင်း သခင်လေးဝူရဲ့ ပြိုင်ဘက်ကင်းတဲ့ ရုပ်ရည်ကို မနာလို ဖြစ်နေတာလား”

“ဟူး … မနာလိုစိတ်က လူတွေကို သတ်တတ်တယ်”

“သူကများ သခင်လေးဝူကို ဒီလို ဆက်ဆံရတယ်လို့၊ သခင်လေးဝူရဲ့ အမာခံ ပရိသတ်တွေက မင်းကို သေချာပေါက် နောင်တရအောက် လုပ်လိမ့်မယ်”

ဝူဟန်က သူ၏ ခပ်မိုက်မိုက် ပုံစံကို ထိန်း၍ လီထိုက်ကို ကြည့်လိုက်သည်။

“ခင်ဗျားရဲ့ ဝန်ထမ်းတွေထဲမှာ ဒီလို စောက်သုံးမကျတဲ့ပကောင် ရှိမယ်လို့ မထင်ထားမိဘူး၊ ဒီလူလူမျိုးနဲ့ လက်တွဲလုပ်ရမှာ ကျုပ် သိက္ခာကျတယ်၊ အခု သရုပ်ဆောင်ကြေးက ယွမ်သန်းနှစ်ဆယ်ပဲ”

လီထိုက်က ရဲ့လင်းချန်ကို မသိမသာ တစ်ချက် ခိုးကြည့်လိုက်ပြီး အခက်တွေ့သော အခြေအနေတွင်း၌ ပိတ်မိနေသလို ခံစားနေရသည်။

သို့သော် ရဲ့လင်းချန်က ညင်သာစွာ ပြုံးနေပြီး ရှေ့သို့ လျှောက်လာသည်။

“မင်း ကွန်ဖူးဆိုတာ ဘာလဲ သိလား၊ မင်းလိုလူမျိုးက ကွန်ဖူးရုပ်ရှင်မှာ ပါချင်တယ်ပေါ့လေ”

“ကွန်ဖူးဆိုတာကို ငါ သောက်ဂရုမစိုက်ဘူး၊ ငါ ခုနက ပြောခဲ့တယ်မဟုတ်လား၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ရမယ့်ဟာမျိုးကို စတန့်သမားတွေ လုပ်လိမ့်မယ်၊ ငါက ဒီအတိုင်း ကြည့်နေမှာ”

“ဒါဆိုလည်း မင်းကို ကွန်ဖူးက ဘာလဲ သိအောင် ပြရတာပေါ့”

ထိုစကားအဆုံး၌ ရဲ့လင်းချန်က ဝူဟန်၏ မျက်နှာတည့်တည့်ကို ပိတ်ထိုးလေသည်။

“ဝုန်း”

သူ့လက်သီးကြောင့် ဓားသွားသကဲ့သို့ စူးရှ‌သောလေက ဝူဟန်၏ ပါးနားမှ ဖြတ်သွားသည်။ မြန်လွန်းသော လက်သီးချက်က သူ့မျက်နှာဘေးမှကပ်၍ ဘေးနားမှ သစ်ပင်၏ အခေါက်ကို သွားထိသည်။

ရဲ့လင်းချန်၏ အကြည့်က ဓားသဖွယ် စူးရှနေပြီး ဝူဟန်အား အေးတိအေးစက် စိုက်ကြည့်နေ၏။

“ဒါကမှ တကယ့် ကွန်ဖူးအစစ်”

ဝူဟန် ခြေထောက်များ တုန်နေပြီး ရဲ့လင်းချနန်အား ကြောက်လန့်သော မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။ နောက်ဆုံးတွင် သူသည် မြေကြီးပေါ် ဘိုင်းခနဲ လဲကျသွားပြီး နည်းနည်းလေးမျှ မလှုပ်နိုင်တော့ဘဲ တစ်ကိုယ်တည်း ဗလုံးဗထွေး ရေရွတ်နေသည်။

ရဲ့လင်းချန်က ဝူဟန်ကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ပြီးမှ နောက်လှည့်၍ ထွက်လာသည်။

*ငါ့နိုင်ငံက ဒီလိုလူမျိုးကို အနုပညာရှင်အဖြစ် သတ်မှတ်ထားတာကို တွေးမိရင် အံ့ဩမိသား၊ လူတိုင်းသာ သူ့ကို ဥပမာထားပြီး အရှက်မရှိ ဒီလိုလိုက်လုပ်နေရင် နောက်ဆို သူတို့က နိုင်ငံကို ဘယ်လို ကာကွယ်မှာလဲ*

“သခင်လေးဝူ အဆင်ပြေရဲ့လား၊ မြန်မြန်ထပါ၊ ကြမ်းပြင်က အေးတယ်”

သူ့အနားမှလူတွေက အလျင်အမြန် အနားကပ်လာပြီး စိုးရိမ်သော မျက်နှာများဖြင့် သူ့အား ထူမကြသည်။

“ငါ့ကို အိမ်မြန်မြန်ပို့ပေး၊ ငါ့အမေကို လွမ်းတယ် …”

ဝူဟန် မတ်တပ်မရပ်နိုင်တော့သဖြင့် အလျင်အမြန် ထူမသယ်သွားခြင်း ခံလိုက်ရသည်။

လီထိုက်နှင့် ရှောင်ဖေးဖေးသည် အချင်းချင်း ပြန်ကြည့်လိုက်မိပြီး အခြေအနေကို အလွန် စိုးရိမ်နေကြသည်။

“လင်းချန် နင် ဝူဟန်ကို သဘောမကျမှန်း ငါ သိပါတယ်၊ ဒါပေမဲ့ … သူက ပရိသတ် အများကြီးရှိတဲ့ မင်းသားလေ”

ရှောင်ဖေးဖေးက အကြံပြုသည်။

“သူ ဒီ့ထက် ပိုနာမည်ကြီးရင်တောင်မှ အဲ့လိုလူမျိုးကို ကျွန်တော့်ရုပ်ရှင်မှာ ပါခွင့်မပေးနိုင်ဘူး”

ရဲ့လင်းချန် ခေါင်းခါပြသည်။

“ညီလေးရဲ့ မင်း သူ့ကို မကြိုက်မှန်း ငါ သိတယ်၊ ဒါပေမဲ့ ခေတ်ရေစီးကြောင်းက ဒီလူငယ်ကြယ်ပွင့်တွေနဲ့ပဲ လှုပ်ရှားနေတာနော်၊ သူတို့ရုပ်ရည်ကို လူတွေ ကြည့်ကြတဲ့အချိန်၊ ဒီလိုလူမျိုးပါမှပဲ ငါတို့ရဲ့ box office ရောင်းအားက စိတ်ချရမှာ”

“ကျွန်တော့် Box office ရောင်းအားအတွက် လူငယ် ကြယ်ပွင့်တွေကို မှီနေရမယ်ဆို ရုပ်ရှင် မရိုက်ပဲ နေလိုက်မယ်”

ရဲ့လင်းချန် အခိုင်အမာ ပြောလိုက်သည်။

“ပြီးတော့ အဲ့လူငယ်ကြယ်ပွင့်တွေက ကျွန်တော့် Box office ရောင်းအားကို တိုးတက်အောင် လုပ်ပေးမယ်လို့ မယုံကြည်ဘူး၊ သူတို့မှာ ကျွန်တော် လိုချင်တဲ့အရာမျိုး မရှိဘူး၊ ယောက်ျားတစ်ယောက် မဖြစ်ထိုက်တဲ့ဟာတွေ၊ အခုခေတ်က ငါးဖောင်ရိုးတွေခေတ် မဟုတ်ဘူးဆိုတာကို ကျွန်တော် အားလုံးကို သက်သေပြမယ်”

ရှောင်ဖေးဖေး နှုတ်ခမ်းကိုက်နေသည်။

“ဝူဟန်ကို အမာခံ ပရိသတ်တွေ အများကြီးက အားပေးနေတာ၊ သူတို့ နင့်ကို ရန်လုပ်လာမှာကို ငါ စိုးရိမ်တယ်”

“အစ်မဖေးဖေး စိတ်ပူစရာ မလိုပါဘူး၊ ကျွန်တော်က မိန်းမလျာတစ်ယောက်ရဲ့ လက်စားချေတာကို ကြောက်နေမယ့် အဆင့်မျိုး မဟုတ်ဘူး”

ရဲ့လင်းချန် အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူတို့သည် ရုပ်ရှင်နှင့်ပတ်သက်၍ အနည်းငယ်မျှ ဆက်ဆွေးနွေးကြပြီးမှ အသီးသီး လမ်းခွဲ၍ အိမ်ပြန်ကြသည်။

ရဲ့လင်းချန်သည် ဇာတ်လိုက်နေရာအတွက် ဘယ်သူ့ကို ရွေးရမလဲ တွေးနေဆဲပင်။ ဟွာရန်ကျား ဇာတ်ကောင်၏ လိုအပ်ချက်များက တင်းကြပ်လွန်းသဖြင့် သင့်တော်သူတစ်ယောက် ရှာတွေ့ရန် အခက်တွေ့ရသည်။

သူ ဟမ်တန်း စတူဒီယိုမှ ထွက်လာပြီးနောက် ရုတ်တရက် ရပ်လိုက်မိသည်။ သူ ခပ်တိုးတိုး အသံတစ်ချို့ကို ကြားနေရ၏။

ထိုအသံက တစ်စုံတစ်ယောက်က တိုင်ကို ထိုးနှက်နေသော အသံလိုပင်။

လက်ရှိအချိန်သည် ညပိုင်းဇာတ်ဝင်ခန်း ရိုက်ကူးသည့် ရိုက်ကူးရေးအဖွဲ့သား အချိုု့မှလွဲ၍ ဟမ်တန်း စတူဒီယိုက တိတ်ဆိတ်နေလေသည်။

ရဲ့လင်းချန် အသံထွက်လာရာသို့ လိုက်ကြည့်သောအခါ အပေါ်ပိုင်းဗလာနှင့် အမျိုးသားတစ်ယောက်က သစ်ပင်အောက်၌ ရပ်နေပြီး ပင်စည်ကို လက်သီးနှင့် တံတောင်ဆစ်တို့ဖြင့် ထိုးနှက်နေသည်။ သူ့ခန္ဓာကိုယ်က မထွားကြိုင်းသော်လည်း ကြွက်သားများက ကျစ်လစ်သန်မာပြီး ခိုင်မာပြတ်သားသော မျက်နှာထားမျိုး ရှိသည်။

All Chapters