ဟော်ရန်ကျားဇာတ်ကောင်အတွက် သင့်တော်သူ
Vol. 9 Ch. 123
“လီကျင့်လား”
ရဲ့လင်းချန် အံ့ဩသွားပြီး အဝေးမှ ထိုလူကို စိုက်ကြည့်နေမိသည်။ သူ လီကျင့်ကို သိပါသည်။ သူ၏ ကွန်ဖူးရုပ်ရှင်များကိုကြည့်၍ ကြီးပြင်းလာရသည်ဟုပင် ဆိုနိုင်ပေ၏။
ထိုအချိန်က ရဲ့လင်းချန် ဆယ်နှစ်ဝန်းကျင် အရွယ်မျှသာ ရှိပေဦးမည်။ လီကျင့်၏ ဇာတ်လမ်းတွဲဟောင်းဖြစ်သော ထိုက်ချိကို သူ ကြည့်ခဲ့သည်။ သူသည် ရေအပြည့်ဖြည့်ထားသော ဇလုံရှေ့၌ ရပ်ကာ ထိုက်ချိသင်္ကေတကို ရေထဲ၌ ရေးဆွဲ၍ တစ်နေ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။
ဆယ်နှစ်ကြာပြီးနောက် သူ သိုင်းပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သို့သော် လီကျင့်သည် အချိန်ဒီရေ၏ တိုက်စားခြင်းကို အညှာအတာမဲ့စွာ မေ့လျော့ခြင်း ခံလိုက်ရသည်။
ထိုက်ချိ ဇာတ်လမ်းတွဲ၌ ပါဝင်ခဲ့စဉ်က လီကျင့်သည် ဆယ့်ရှစ်နှစ် အရွယ်မျှသာ ရှိသေးသည်ကို ရဲ့လင်းချန် မှတ်မိနေ ပါသေးသည်။ ယခုအချိန်ဆိုလျင် သူသည် နှစ်ဆယ်ကျော် သုံးဆယ်နား မရောက်လောက်သေးသည့် အရွယ်မျှသာ ရှိသည်။ ဤမျှ အခြေခံကောင်းသောသူက ဘယ်လိုလုပ် ယခုကဲ့သို့ မေ့ပျောက်ခံ အခြေအနေသို့ ကျဆင်းသွား ရသနည်း။
ထို့အပြင် လီကျင့်က သူ့သိုင်းပညာကို ရှောင်လင်းကျောင်းမှ သင်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲ့လင်းချန် သိပါသည်။ သူသည် သိုင်းပညာ အစစ်အမှန်ကို သင်ယူခဲ့၏။
ရဲ့လင်းချန် အနားသို့ ကပ်လာသည်ကို မြင်သောအခါ လီကျင့်က လေ့ကျင့်ခြင်းကို ရပ်လိုက်သည်။ ထို့နောက် ဖော်ရွေသော အပြုံးနှင့် နှုတ်ဆက်လေသည်။
“ဟဲလို”
“ဆရာလီ ကျွန်တော်က ခင်ဗျားရဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ပြီး ကြီးပြင်းလာတာပါ”
ရဲ့လင်းချန် ပြုံးသည်။
“ခင်ဗျားရဲ့ ထိုက်ချိနဲ့ ထိုက်ချိ ဆရာသခင် ဇာတ်လမ်းတွဲက ကျွန်တော် ငယ်ငယ်တုန်းက အကြိုက်ဆုံး ဇာတ်လမ်းတွေပဲ”
“ဟားဟားဟား … ငါ့ကို တစ်ယောက်ယောက်က မှတ်မိနေဦးမယ်လို့ ထင်မထားမိဘူး”
လီကျင့်က ရယ်လျက် နဖူးမှ ချွေးကို သုတ်လိုက်သည်။
“ဆရာလီ ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ ခင်ဗျား ဘာလို့ ရုပ်ရှင် ရိုက်တာကို ရပ်လိုက်တာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။ လီကျင့်၏ မျက်လုံးတွင် ဝမ်းနည်းသော အရိပ်အယောင် ပေါ်လာသည်။ ပြီးနောက် သူ သက်ပြင်းချ၏။
“တကယ်တော့ ထိုက်ချိ ဆရာသခင် ပြီးတော့ ငါ တခြားဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်၊ စိတ်မကောင်းစရာက အဲ့အချိန်တုန်းက အဆိုတော်တွေက ရေပန်းစားခဲ့ပြီးတော့ ကြည့်ရှုသူနှုန်းက ကျသွားတယ်လေ၊ နောက်တော့ တစ်ခြားနိုင်ငံက အနုပညာရှင်တွေ ရေပန်းစားလာပြီးတော့ လူငယ် သရုပ်ဆောင်လေးတွေ အများကြီး ပေါ်လာတော့ ငါက ဘေးထွက်ကျန်ရစ်ခဲ့တာပေါ့”
“အခုတလော သိုင်းပညာ ရေပန်းစားမှုက ကြီးထွားလာနေတာ၊ ခင်ဗျားက တကယ့် သိုင်းပညာကို တတ်တာပဲ၊ ဒါ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ အံကိုက်ပဲလေ”
ရဲ့လင်းချန်က လီကျင့်အား သူ့အမြင်ကို ထုတ်ပြောသည်။
လီကျင့်၏ လှုပ်ရှားမှုကို သူ သတိပြုမိသည်။ လှုပ်ရှားမှုများက တည်ငြိမ်၍ သဘာဝကျသည်။ သူ့ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်၏။ ယင်းက သူ တစ်လျှောက်လုံး သိုင်းပညာ လေ့ကျင့်မှုကို ထိန်းသိမ်းထားခဲ့ကြောင်း ပြသနေသည်။ ဤသို့သော စိတ်ရှည်မှုနှင့် အာရုံစူးစိုက် နှစ်မြှုပ်ထားမှုတို့က သာမန်လူတို့ထက် သာလွန်နေလေသည်။
ရဲ့လင်းချန်က ထိုအကြောင်း ပြောလိုက်သောအခါ လီကျင့်၏ မျက်နှာက ဒေါသကို ထိန်းထားရသယောင် ပေါ်လာသည်။
တကယ်တမ်းတွင် ရိုက်ကူးရေးအချို့က သူ့ကို အက်ရှင်ရုပ်ရှင် ရိုက်ကူးရန် လိုက်ရှာခဲ့ပါသည်။ သို့သော် ဇာတ်လိုက်က ဝူဟန် ဖြစ်ပြီး သူက ဝူဟန်၏ ပြိုင်ဘက် အဖြစ် သရုပ်ဆောင်ရပေမည်။
အထူးသဖြင့် ရုပ်ရှင်ကားတိုင်းတွင် ဝူဟန်၏ ဇာတ်ကောင်က အမြဲ ပြိုင်စံရှား ချန်ပီယံ ဖြစ်ပြီး အမြဲတမ်း မိမိုက်နေဟန် ဆောင်ခဲ့သည်။ တစ်ဖက်တွင်မူ လီကျင့်၏ ဇာတ်ကောင်က ဝူဟန်၏ ဇာတ်ကောင့်အတွက် အနင်းခံ ကျောက်တုံး အဖြစ်သာ နေခဲ့ရသည်။ ထိုရုပ်ရှင်ကားများတွင် သူ့ဇာတ်ကောင်သည် အမြဲမပြတ် ဝူဟန်၏ လှည့်စားခြင်း ခံရပြီး ပြန်တိုက်နိုင်စွမ်း မရှိပါ။ သူ၏ တည်ရှိမှုက ဝူဟန် နာမည်ကြီးလာရုံအတွက်မျှသာ ဖြစ်လေသည်။
ကွန်ဖူးရုပ်ရှင်ဖြစ်သည့်အတွက် အမှန်တကယ် အပြန်အလှန် တိုက်ခိုက်ခန်းများလည်း ပါသင့်သည်။ ထိုအပိုင်းတွင် လီကျင့်သည် အရှုံးသမား ဇာတ်ရုပ်ကိုသာ သရုပ်ဆောင်ရပြီး ဝူဟန်ကသာ သူ့ကို အနိုင်ယူလေသည်။
ကြံ့ခိုင်သန်မာသော ယောက်ျားသား တစ်ယောက် ဖြစ်သော လီကျင့်သည် အမြဲ ဝူဟန်ကဲ့သို့သော လူဖလံလေးကို ကြည့်မရချေ။ သူ့အား ထိုကဲ့သို့သော ရုပ်ရှင်ကားမျိုး၌ သရုပ်ဆောင်ခိုင်းခြင်းက သူနှင့် တရုတ်ပြည်၏ ကွန်ဖူးကို လှောင်ပြောင်လိုက်ခြင်းပင်။
ထို့ကြောင့် သူ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည်။
ထိုငြင်းပယ်မှုက ဝူဟန်ကို ဒေါသထွက်စေခဲ့သည်။ ထိုအချိန်မှစ၍ သူ ရုပ်ရှင်နယ်ပယ်ထဲ၌ ပိတ်ပင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် မည်သူကမှ သူ့ကို လာမရှာခဲ့သလို ဘယ်သူကမှ သူ့ကို လက်ကမ်းမကူညီရဲပါ။ တစ်နေ့တည်းနှင့် သူသည် ရုပ်ရှင်စတားတစ်ယောက် အဖြစ်မှနေ၍ ဟမ်တန်း စတူဒီယို၌ စတန့်သမားတစ်ယောက်အဖြစ် အစားထိုး သရုပ်ဆောင်ရပြီး ပင်ပန်းဒုက္ခခံရသည့် အလုပ်မှန်သမျှကို လုပ်ရသည့် တောက်တိုမည်ရ တစ်ယောက် ဖြစ်သွားလေ၏။
ဤသို့သော အခြေအနေမျိုးဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း သူသည် သိုင်းပညာအပေါ်၌ ဘယ်သောအခါကမှ လက်မလျှော့ခဲ့ချေ။
“ခင်ဗျား ဘယ်လို သည်းခံနေခဲ့တာလဲ၊ ခင်ဗျား ဘာလို့ ထွက်မသွားရတာလဲ”
“ငါ ကွန်ဖူးကို သဘောကျသလို သရုပ်ဆောင်ရတာကိုလည်း သဘောကျတယ်၊ ဒီနည်းနဲ့ ကမ္ဘာကြီးကို ငါတို့ တရုတ်လူမျိုးရဲ့ ကွန်ဖူးပညာကို ငါ ပြနိုင်တယ်လေ”
လီကျင့်က ခိုင်မာပြတ်သားစွာ ပြန်ဖြေ၏။
“လူဖလံလေးတွေကို လူကြိုက်များနေတာက ဆက်ပြီး ဖြစ်နေဦးမယ်လို့ ငါ မယုံကြည်ဘူး၊ ငါတို့နိုင်ငံက အိပ်နေတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ၊ တစ်နေ့တော့ နိုးထလာမှာ”
“သိပ်ကောင်းတဲ့ စကားပဲ”
ရဲ့လင်းချန် အားပါးတရ ရယ်မောလိုက်ပြီးနောက် ပြန်တည်သွားသည်။
“ခင်ဗျား မိတ်ဖြစ်ဆွေဖြစ် သိုင်းပညာ ဖလှယ်ချင်လား”
“မင်းလည်း သိုင်းပညာကို သိတာလား”
လီကျင့် မျက်လုံးပြူးသွားပြီးမှ လက်နှစ်ဖက်ကို ပြန်ပွတ်သည်။
“မင်း သတိထားတာ ပိုကောင်းတယ်”
သူတို့ အချိန်တစ်ခုမျှ အချင်းချင်း စိုက်ကြည့်နေပြီးနောက် လီကျင့်က စတင် တိုက်ခိုက်လေသည်။ လက်သီးတစ်လုံး ပစ်သွင်းလာ၏။
သူ့လက်သီးက ဖြောင့်တန်းကာ ကျစ်လျစ်၍ သန်မာသည်။
ရဲ့လင်းချန်၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူသည် လက်ကို မြှောက်၍ လီကျင့်၏ လက်သီးကို အသာ ပုတ်ထုတ်လိုက်သည်။
လီကျင့်သည် ဘေးမှပတ်လာပြီး သစ်ပင်ပင်စည်ကို နင်း၍ လွှားခနဲ ခုန်ကာ ရဲ့လင်းချန်အား တစ်ပတ်လည် ကန်ချက်ဖြင့် ကန်လေသည်။
ရဲ့လင်းချန်က ကိုယ့်ကိုနှိမ့်၍ ကန်ချက်ကို ရှောင်တိမ်းလိုက်သည်။ လီကျင့် မြေကြီးပေါ် ပြန်ကျတော့မည့်အချိန်၌ ရဲ့လင်းချန်က အရှေ့သို့ ပြေးတက်လာပြီး အားပါသော လက်ဝါးဖြင့် ရိုက်နှက်လေသည်။
လီကျင့်၏ အမူအရာက အလေးအနက် ဖြ်စသွားပြီး လေထဲမှပင် တံတောင်ဆစ်ဖြင့် တားဆီးလိုက်သည်။
နှစ်ယောက်လုံး အချင်းချင်း သိုင်းကွက် ဖလှယ်ပြီးနောက် ကျေနပ်အားရသော မျက်နှာထားများ ဖြစ်လာသည်။
များသောအားဖြင့် ရဲ့လင်းချန်က တန်ပြန်ခြင်း မရှိဘဲ လီကျင့်အား သိုင်းကွက်များကို ထုတ်ဖော်ခွင့် ပေးသည်။ လီကျင့် ဘယ်လိုဘယ်ပုံ တိုက်ခိုက်ပါစေ ရဲ့လင်းချန်က သူ့သိုင်းကွက်များအား ဖျက်နိုင်လေသည်။
“ဟူး … ငါ တော်ပြီ၊ မင်းက တကယ့်ကို ဆရာပဲ၊ ငါ အရူးလုပ်ခံလိုက်ရတာကိုး”
လီကျင့်က အသက်ကို မနည်းရှူလျက်နှင့် နောက်သို့ နှစ်လှမ်းမျှ ဆုတ်ကာ ရပ်ရန် လက်ကာပြသည်။
သူ သိုင်းပညာကို သင်ယူခဲ့သော်လည်း ၎င်းက ရုပ်ရှင်အတွက်နှင့် ကင်မရာအောက်၌ သဘာဝကျနေစေရန် အတွက်သာ ဖြစ်သည်။ သူ၏ သိုင်းကွက်များအား ဖန်သားပြင်ပေါ်မှ ကွန်ဖူးဟု သတ်မှတ်နိုင်ပြီး ရဲ့လင်းချန်၏ သိုင်းကွက်ကိုမူ ကွန်ဖူးအစစ်ဟု သတ်မှတ်နိုင်ပေ၏။
“ခင်ဗျားလည်း မဆိုးပါဘူး”
ရဲ့လင်းချန်က သူ့ကို အမှန်အတိုင်း ချီးကျူးလေသည်။ လီကျင့်၏ ကျန်းမာရေးက ကောင်းမွန်သည်။ လူကြီး လေး၊ ငါးယောက်နှင့် ယှဉ်ချခြင်းက သူ့အတွက် ပြဿနာ မဟုတ်ချေ။ သူ၏ ကွန်ဖူးပညာက တကယ့် ကျွမ်းကျင်သူရှေ့၌ ဘာမှမဟုတ်သော်လည်း ပိတ်ကားပေါ်တွင်မူ မျက်စိဖမ်းစားနိုင်ပေမည်။
“ခင်ဗျား ရုပ်ရှင်တစ်ခုမှာ ပါဖို့ စိတ်ကူးထားသလား”
ရဲ့လင်းချန်က ရုတ်တရက် မေးလိုက်သည်။ လီကျင့် အံ့ဩသွားပြီးမှ ခါးသက်စွာ ရယ်လေသည်။
“အဲ့ဒါ ငါ့အိပ်မက်ပဲလေ”
“ဂုဏ်ယူပါတယ်၊ ခင်ဗျားရဲ့ အိပ်မက်က တကယ် ဖြစ်လာတော့မှာ”
ရဲ့လင်းချန် ရယ်နေမိသည်။ လီကျင့် ဇဝေဇဝါ ဖြစ်သွားပြီး ရဲ့လင်းချန်၏ စကားကို နားမလည်နိုင် ဖြစ်နေ၏။
“ခင်ဗျား ဟော်ရန်ကျားကို ကြားဖူးလား”
“ဒါပေါ့၊ အဲ့ဒါကို လီထိုက်က ရိုက်မှာလေ၊ ဒီနေ့ပဲ လူရွေးပွဲ စနေတာ”
ဟမ်တန်း စတူဒီယို၌ ရှိနေသဖြင့် ဤမျှ အရေးကြီးသော သတင်းကို သူ ကြားဖူးမည်မှာ မလွဲမသွေပင်။ အစက သူ ကြိုးစားချင်ခဲ့သေးသည်။ သို့သော် ယခင်က မရေတွက်နိုင်သည့် ရှုံးနိမ့်မှုများကြောင့် သူ သံသယ ဝင်ခဲ့ရသည်။
“ခင်ဗျား ဇာတ်လိုက်ဖြစ်သင့်တယ်”
ရဲ့လင်းချန်က ချက်ကျလက်ကျ ပြောလိုက်သည်။
“ငါကလား”
လီကျင့် မျက်လုံးပြူးသွားပြီး ရဲ့လင်းချန်အား မယုံသင်္ကာ ကြည့်လေ၏။
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးမလား”
“ကျွန်တော်က ခင်ဗျားပဲလို့ ပြောရင် ခင်ဗျားပဲပေါ့”
ရဲ့လင်းချန် ရယ်လိုက်သည်။
“မနက်ဖြန် စာရင်းသွင်းတဲ့ ကောင်တာမှာ သွားစာရင်းပေးဖို့ မမေ့ပါနဲ့”
ထိုသို့ပြောပြီး ရဲ့လင်းချန်က လှည့်ထွက်သွားလေသည်။ လီကျင့်အား ဘာမေးခွန်းမှ ထပ်မေးခွင့် မပေးတော့ချေ။
လီကျင့်က ရဲ့လင်းချန်၏ ပုံရိပ်ကို လှမ်းကြည့်၍ ငိုင်တိုင်တိုင်ဖြစ်ကာ အားလုံးက အိပ်မက်တစ်ခုလေလားဟု တွေးနေမိသည်။
အိမ်အပြန်လမ်း၌ ရဲ့လင်းချန်က လီထိုက်ကို ဟော်ရန်ကျားဇာတ်ကောင်အတွက် သင့်တော်သူနှင့် ပတ်သက်၍ ပြောပြလိုက်သည်။ လီထိုက်က ဘာမေးခွန်းမှ မမေးဘဲ သဘောတူလေသည်။
ဇာတ်ညွှန်းကို ရဲ့လင်းချန်က ရေးထားပြီး ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ကိုလည်း သူက ပေးထားသည်။ လီထိုက်အတွက် ရုပ်ရှင် ရိုက်ကူးခွင့် ရသည်ကပင် ကံကောင်းနေလေပြီ။ သူ ရဲ့လင်းချန်၏ အကြံပြုမှုကို ငြင်းပယ်မည် မဟုတ်ပါ။
ညကိုးနာရီခွဲ၌ ရဲ့လင်းချန် တက္ကသိုလ်အဆောင်သို့ ပြန်ရောက်လာသည်။ အခန်းဖော်သုံးယောက်ကို နှုတ်ဆက်ပြီးနောက် ဝံပုလွေပေါက်လေး နှစ်ကောင်ဖြင့် ထွက်သွားရန် ပြင်လိုက်သည်။
“ရှောင်ရဲ့ မင်း တော်တော် သိုသိုသိပ်သိပ် နေတာပဲ၊ မင်းကို မြို့တော်မှာ အိမ်တစ်လုံး ဝယ်နိုင်တဲ့အထိ ချမ်းသာလိမ့်မယ်လို့ ထင်မထားမိဘူး”
“ရှောင်ရဲ့ ငါတို့ အားတဲ့အချိန် မင်းအိမ်ကို လာလည်မှာနော်၊ မင်း ငါတို့ကို နှင်မထုတ်နဲ့”
“ချီးပဲကွာ မင်း ထွက်သွားရင် ငါတို့ကို DOTA မှာ တွဲခေါ်သွားပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူး၊ ဆိုးတာပဲ”
သူတို့သုံးယောက်၏ အင်တင်တင် အကြည့်အောက်၌ ရဲ့လင်းချန်သည် တစ်လမျှသာ နေခဲ့သော အဆောင်ကို နှုတ်ဆက်သွားလေသည်။
အိမ်သို့ ရောက်သောအခါ ကျန်းယွင်ရှီက မအိပ်သေးချေ။ ရဲ့လင်းချန်က ဝံပုလွေပေါက်လေး နှစ်ကောင်ဖြင့် ပြန်လာသည်ကို မြင်သောအခါ သူမက စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေသော မျက်လုံးများဖြင့် သူ့ကို ကြိုဆို၏။
ရဲ့လင်းချန်၏ လေ့ကျင့်ပေးမှုအောက်၌ ရှောင်ဟွေနှင့် ရှောင်ချင်သည် Husky အမျိုးစား ခွေးပေါက်လေးကဲ့သို့ ချစ်စရာ ထုံအအအသွင် ဟန်ဆောင်တတ်သွားပြီး မိန်းကလေးများ သူတို့ကို ချစ်ခင်လာအောင် လုပ်နိုင်နေလေပြီ။