← Chapters

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

အခန်း (၈၇၁-၈၇၃)

Vol. 59 Ch. 871-873

အခန်း ၈၇၁ - ခင်ဗျားတို့ သတ္တုတွင်းရောင်းမှာလား

"လူကြီးမင်း... ကျွန်မ အခုချက်ချင်း ငွေပြန်အမ်းပေးပါ့မယ်။ ကျွန်မ..."

"ငွေပြန်အမ်းမယ်တဲ့လား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ငါ့ပိုက်ဆံက ယူချင်တိုင်း ယူလို့ရတယ်များ ထင်နေလား။ ခုနက ငါပြောခဲ့သလိုပဲ။ စည်းမျဉ်းတွေအရ လိမ်လည်လှည့်ဖြားတဲ့ လုပ်ရပ်တွေဆိုရင် အရောင်းအဝယ်ပမာဏရဲ့ ဆယ်ဆ လျော်ကြေးပေးရမယ်။ မင်းတို့ အခု အဲဒီအခြေအနေကို ရောက်နေပြီထင်တယ်"

"ဒါပေမဲ့..."

"ငါ အခုလေးတင် အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံ ပေးခဲ့တယ်။ ဆယ်ဆလျော်ရမယ့် စည်းမျဉ်းအရဆိုရင် မင်းတို့ ငါ့ကို အမှောင်ဒင်္ဂါး ၃၇.၂ထရီလီယံ လျော်ရမယ်။ ငါက သဘောကောင်းပြီး စိတ်ရှည်တဲ့လူဆိုတော့ ငါ့ဘက်က မေတ္တာလက်ဆောင်အနေနဲ့ အဲဒီထဲက ၀.၂ထရီလီယံတော့ လျှော့ပေးလိုက်မယ်"

"လူကြီးမင်း... ကျွန်မ ရှင့်ကို တောင်းပန်ပြီးပြီလေ"

ဝန်ထမ်းမလေးက ရုတ်တရက် လေသံမာမာဖြင့် ပြောလာချေသည်။

"ဒီလောက်အထိ အကျပ်ကိုင်ဖို့ လိုလို့လား။ ရှင့်လုပ်ရပ်က ငွေညှစ်နေသလိုပဲ။ ပြီးတော့ ကျွန်မတို့ လုပ်ငန်းစုကလည်း အလွယ်တကူ အနိုင်ကျင့်ခံမယ့်အထဲမှာ မပါဘူးနော်"

"ငွေညှစ်တယ် ဟုတ်လား"

ကျန်းမုန့်လောင်မှာ ဝန်ထမ်းမလေး၏ ရဲတင်းမှုကြောင့် အံ့အားသင့်သွားလေသည်။

"သူခိုးက လူပြန်ဟစ်နေသလိုပဲ။ ဒီလိုယုံကြည်မှုမျိုးကို မင်းရဲ့လုပ်ငန်းစုက ပေးထားတာလား။ ငါ့အမြင်တော့ မင်းတို့လုပ်ငန်းစုက ဘာမှမဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် မင်းတို့လုပ်ငန်းစုကို အနိုင်ကျင့်ရတာ တော်တော်လွယ်မယ်လို့တောင် ထင်သေးတယ်"

ဤသတ္တုတူးဖော်ရေးလုပ်ငန်းစုသည် စကြာဝဠာအတွင်း အကြီးမားဆုံးဖြစ်သော်လည်း စကြာဝဠာဘဏ် သို့မဟုတ် စကြာဝဠာကုန်တိုက်ကြီးများကဲ့သို့သော ဧရာမလုပ်ငန်းကြီးများနှင့် ယှဉ်လိုက်ပါက အနည်းငယ် ရယ်ချင်စရာကောင်းနေပေသည်။

"အော်ဖီးယပ်စ်သတ္တုတူးဖော်ရေးလုပ်ငန်းစုကို သိတဲ့လူရှိလား"

ကျန်းမုန့်လောင်က အချိန်ဖြုန်းမနေဘဲ သူ့အဖွဲ့များထဲတွင် မေးမြန်းလိုက်သည်။

"ဆရာသခင်.. ကျွန်တော်က ဒီလုပ်ငန်းစုရဲ့ ရှယ်ယာရှင်တစ်ယောက်ပါ။ အကူအညီလိုအပ်လို့လား"

"ဆရာသခင်... သူတို့က ဆရာသခင့်ကို စော်ကားလိုက်လို့လား"

"ဆရာသခင်... ကျွန်တော်တို့ ဆရာသခင့်အတွက် ဒီကုမ္ပဏီကို ဗုံးခွဲပစ်လိုက်လို့ရပါတယ်"

"ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး"

သူတစ်ပါးကုမ္ပဏီကို ဗုံးခွဲရန် ပြောဆိုနေကြသည့် ဤလူများကြောင့် ကျန်းမုန့်လောင်ပင် အနည်းငယ်ဆွံ့အသွားရသည်။

"ငါ ဒီမှာ သတ္တုနည်းနည်းဝယ်လိုက်တာ ဝန်ထမ်းက တော်တော်ရိုင်းတယ်။ အခု သူတို့ကတောင် ငါ့ကို ငွေညှစ်တယ်လို့ စွပ်စွဲပြီး သူတို့လုပ်ငန်းစုက အလွယ်တကူ အနိုင်ကျင့်လို့မရဘူးဆိုပြီး ခြိမ်းခြောက်နေတယ်"

ကျန်းမုန့်လောင်က အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။

"ငတုံးတွေ... သူတို့ ကုမ္ပဏီကို ဘယ်လိုများ စီမံခန့်ခွဲနေကြတာလဲ"

အော်ဖီးယပ်စ်သတ္တုတူးဖော်ရေးလုပ်ငန်းစု၏ ရှယ်ယာရှင်ဟု ဆိုသော အဆင့်ရှစ်သက်ရှိက ဂရုထဲတွင် ရုတ်တရက်ဆိုသလို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဆရာသခင်... ဆရာ့အတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းမှုမျိုး ရစေရမယ်လို့ ကျွန်တော် အာမခံပါတယ်"

...

"လောရင့်... မင်း ဘာတွေလုပ်နေတာလဲ"

စကြာဝဠာမြေအောက်ပြပွဲ၌ အော်ဖီးယပ်စ် သတ္တုတူးဖော်ရေးလုပ်ငန်းစု၏ အထွေထွေမန်နေဂျာခမျာ မည်သည့်ဖောက်သည်၏ အော်ဒါကြီးဖြစ်ကြောင်း စုံစမ်းနေချိန်မှာပင် ကုမ္ပဏီပိုင်ရှင်ထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့သည်။

"သူဌေး..."

ဟိုလိုဂရမ်ပုံရိပ်ထဲရှိ လူသည် တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားတော့မည့်ပုံပေါက်နေသည်။ ဤကုမ္ပဏီတွင် အလုပ်လုပ်လာသည့် တစ်လျှောက်လုံး သူဌေးဖြစ်သူ ဤမျှအထိ ဒေါသထွက်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"သူဌေး ဘာကိစ္စများ ရှိလို့လဲ"

"ဘာကိစ္စရှိလဲလို့ မင်းက ငါ့ကို ပြန်မေးရဲသေးတယ်ပေါ့။ မင်း ဖောက်သည် တစ်ယောက်ယောက်ကို စော်ကားလိုက်သေးလား။ အခုလေးတင် ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်က ဘာတွေဖြစ်နေလဲဆိုတာ သိချင်လို့ဆိုပြီး ငါ့ဆီကို တိုက်ရိုက် ဆက်သွယ်လာတယ်ကွ"

"အဓိကရှယ်ယာရှင်ကလား"

လောရင့်သည် ကုမ္ပဏီ၏ ထိပ်တန်းအဆင့်အထိ မရောက်သော်လည်း အကြီးမားဆုံး ရှယ်ယာရှင်မှာ စူပါမျိုးနွယ်စုတစ်ခု၏ အရှင်သခင်ဖြစ်ပြီး အဆင့်ရှစ်သက်ရှိတစ်ဦးလည်း ဖြစ်ကြောင်း သူ ကြားဖူးထားသည်။

ဤပုဂ္ဂိုလ်မျိုးကို ဘယ်သူကများ အနှောင့်အယှက် ပေးရဲမည်နည်း။ ထို့ပြင် ဤပြပွဲနှင့်လည်း ပတ်သက်နေပုံရသည်။

"သူဌေး ဘာတွေများဖြစ်ခဲ့လို့လဲ"

"အစောတုန်းက လူတစ်ယောက် ငါတို့ကုမ္ပဏီမှာ အမှောင်ဒင်္ဂါး၄ထရီလီယံတန်ဖိုးနီးပါး အော်ဒါတင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဖောက်သည်က အခု တော်တော်လေးကို မကျေမနပ် ဖြစ်နေတယ်တဲ့။ သူက ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်တောင် ရန်မစရဲတဲ့လူကွ။ မင်းအဖွဲ့ကို မင်း ဘယ်လိုများ စီမံခန့်ခွဲနေတာလဲ"

"အဲဒီအော်ဒါကိုတင်ခဲ့တဲ့ ဖောက်သည်များလား"

လောရင့်လည်း ချက်ချင်း တုန်လှုပ်သွားသည်။

"သူဌေး… ကျွန်တော်လည်း အဲဒီအော်ဒါအကြောင်း စုံစမ်းနေတာပါ။ ကျွန်တော် သေချာဖြေရှင်းလိုက်ပါ့မယ်"

"ဟွန့်! မင်း ဒါကို သေချာမဖြေရှင်းရင် မင်းတင်မကဘူး။ ငါပါ ဒုက္ခရောက်မှာကွ။ ဘယ်သူတွေပဲ ပါဝင်ပတ်သက်နေပါစေ။ မင်း ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မင်းနားလည်သင့်တယ်နော်"

"နားလည်ပါပြီ။ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းပါ့မယ်"

...

"ဘယ်သူလဲကွ"

ဤတစ်ကြိမ်တွင်တော့ လောရင့် မအောင့်နိုင်တော့ဘဲ ဝန်ထမ်းများဆက်သွယ်ရေးလိုင်းအားလုံးတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီဖောက်သည်ကို ဘယ်သူဝန်ဆောင်မှုပေးနေတာလဲ"

"မစ္စတာလောရင့်... အဲဒီအော်ဒါက ကျွန်မရဲ့ဖောက်သည်ဆီကပါ"

ဝန်ထမ်းမလေးခမျာ လောရင့် ဤမျှဒေါသထွက်နေသည်ကို တစ်ခါမှမမြင်ဖူးသဖြင့် ရုတ်တရက်ဆိုသလို မကောင်းသောနိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"မစ္စတာလောရင့်… ဖောက်သည်က အစတုန်းက သတ္တုအမျိုးအစားyh1908 တန်ချိန် တစ်ဘီလီယံ အော်ဒါတင်ချင်ခဲ့တာပါ။ရှင်သိတဲ့အတိုင်း ကျွန်မတို့ရဲ့ စုစုပေါင်း လက်ကျန်က တန်ချိန်၂၃၀၀ပဲရှိတာ။ အဲဒါကြောင့် ဒီလောက်ပမာဏအများကြီးဆိုတော့ သူသက်သက်ပြဿနာလာရှာတယ်လို့ ထင်လိုက်မိလို့ပါ..."

"ဒါဆို မင်းက ဒီဖောက်သည် ဒီလောက်တန်ဖိုးကို မဝယ်နိုင်ဘူးလို့ ထင်လိုက်တာပေါ့လေ"

လောရင့်ခမျာ ခေါင်းထဲသို့ သွေးများဆောင့်တက်သွားသလို ခံစားလိုက်ရသည်။

"ကုမ္ပဏီရဲ့မူဝါဒကို ငါတို့ ဘယ်နှခါလောက် လေးလေးနက်နက်ပြောခဲ့ပြီးပြီလဲ။ ဘယ်လိုဖောက်သည်မျိုးပဲဖြစ်ဖြစ် ငါတို့ဘက်က အမြင့်ဆုံးလေးစားမှုနဲ့ ဆက်ဆံရမယ်။ ရှေးဟောင်းမျိုးနွယ်စုတွေမှာပဲ ဖြစ်လေ့ရှိတဲ့ ဒီလိုအမှားမျိုးတွေ ငါတို့ကုမ္ပဏီမှာ ဖြစ်နေတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

"တကယ်တောင်းပန်ပါတယ် မစ္စတာလောရင့်.. ကျွန်မ တကယ်မထင်ထားမိလို့ပါ..."

"ကုမ္ပဏီမှာ စည်းမျဉ်းတွေရှိတယ်။ နုတ်ထွက်ဖို့သာ ပြင်ထားတော့"

"မစ္စတာလောရင့် ကျွန်မ..."

"ငတုံးမ… မင်း ဘယ်သူ့ကို စော်ကားမိလဲဆိုတာတောင် မင်းမသိဘူး"

လောရင့်က ဟိန်းဟောက်လိုက်သည်။

"ဒီဖောက်သည်နဲ့ ပတ်သက်ပြီး သူဌေးကိုယ်တိုင် ညွှန်ကြားထားတာကွ။ ပြီးတော့ ငါတို့ရဲ့ အကြီးဆုံးရှယ်ယာရှင်တောင် သတိကြီးကြီးထားနေရတာ။ ဒါတောင် မင်းက ကုမ္ပဏီမှာ ဆက်နေလို့ရမယ် ထင်နေသေးတာလား"

"အဓိကရှယ်ယာရှင်လား"

ဝန်ထမ်းမလေးခမျာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။

သူတို့ကုမ္ပဏီက သူအမြင်တွင် ဘာမှမပြောပလောက်ဘူးဟု အစောပိုင်းတုန်းက သူပြောခဲ့သည့်စကားမှာ ရယ်စရာဟာသတစ်ခုဟုသာ ထင်ခဲ့သော်လည်း အကြီးဆုံးရှယ်ယာရှင်ပါ သူ့ကို ကြောက်နေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤလူငယ်လေး၏ ဩဇာအာဏာမှာ သူ(မ) စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေပေသည်။

"ဟူး"

လောရင့် သက်ပြင်းချလိုက်သည်။ သို့သော် ထိုဝန်ထမ်းအတွက်ကြောင့်တော့ မဟုတ်ပေ။ ဝန်ထမ်းထောင်ပေါင်းများစွာရှိသည့်အနက် သူ(မ)သည် အရောင်းထူးချွန်သူတစ်ဦး ဖြစ်နေလျှင်ပင် စကြာဝဠာမျိုးနွယ်စုများတွင် အရည်အချင်းရှိသူ ရှားပါးသည်ဟူ၍ မရှိပေ။

သူ့အတွက် ခေါင်းကိုက်စရာဖြစ်နေသည်မှာ ဤဖောက်သည်၏ ဒေါသကို မည်သို့မည်ပုံ ဖြေရှင်းရမလဲဆိုသည့် ကိစ္စပင်။

ဝန်ထမ်း၏ မှတ်ပုံတင်နံပါတ်မှတစ်ဆင့် သူသည် ကျန်းမုန့်လောင်နှင့် ဂါနေးတို့၏ တည်နေရာကို ချက်ချင်းခြေရာခံလိုက်သည်။

"ဒီလောက်တောင် ငယ်တာလား"

ကျန်းမုန့်လောင်နှင့် ဂါနေးတို့ကို မြင်လိုက်ရသောအခါ လောရင့် အနည်းငယ် အံ့ဩသွားပြီး ကျန်းမုန့်လောင်၏ နောက်ခံအကြောင်းကို အမြန်သုံးသပ်လိုက်သည်။

ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်သည့် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးဦး၏ အထူးအလေးထားခြင်းခံရသူ တစ်ယောက် ဖြစ်ရမည်။ ပုံမှန်အားဖြင့် ဤသို့သောပုဂ္ဂိုလ်များမှာ ထိုခေါင်းဆောင်များအတွက် အလွန်အရေးပါသည်။ ခေါင်းဆောင်များလောက် အရေးမပါသော်လည်း သူတို့ကို သတိထား၍ ကိုင်တွယ်ရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူငယ်လေးများကို အချစ်လွန်ရာမှ မျိုးနွယ်စုများအကြား စစ်ပွဲများဖြစ်ပွားခြင်းမှာ အထူးအဆန်းမဟုတ်သည့်အပြင် ဤသခင်လေးများမှာ ခေါင်းဆောင်များထက်ပင် ပြဿနာပိုရှာတတ်သောကြောင့်ပင်။

"သူက ဘယ်မျိုးနွယ်စုကလဲမသိဘူး"

လောရင့် တွေးလိုက်သည်။ အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံ သုံးစွဲနိုင်သည်ဖြစ်ရာ ဤမျိုးနွယ်စုပိုင်ရှင်မှာ အနည်းဆုံး ကြယ်ပွင့်တစ်သန်းခန့် တန်ကြေးရှိသဖြင့် စကြာဝဠာဘဏ်တွင် အနည်းဆုံး ကြယ်လေးပွင့်အဆင့်ရှိသည့် အသုံးပြုသူဖြစ်ကြောင်း ညွှန်ပြနေပေသည်။ ထိုသို့သော အသုံးပြုသူမျိုးမှာ စကြာဝဠာတစ်ခုလုံးတွင်ပင် ရှားပါးလှသည်။

အဆင့်ရှစ်သက်ရှိတစ်ယောက်ကိုပင် ကိုယ်တိုင်ကိုယ်ကျ အကူအညီတောင်းနိုင်စွမ်းရှိသော ဤဩဇာလွှမ်းမိုးမှုမျိုးမှာ...

"လူကြီးမင်း နာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျ"

"ငါ့နာမည် ဝမ်စီခုန်းပဲ"

ကျန်းမုန့်လောင်ဘေးရှိ ဂါနေးမှာ ကြောင်အသွားလေသည်။

သူ့အစ်ကိုနာမည်က ကျန်းမုန့်လောင် မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ဝမ်စီခုန်းဖြစ်သွားရတာလဲ။

"လူကြီးမင်း.. အခြေအနေတွေကို ကျွန်တော် ကြားပြီးပါပြီ။ ကုမ္ပဏီကိုယ်စား ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ သက်ဆိုင်ရာဝန်ထမ်းကိုလည်း အလုပ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ချို့ယွင်းချက်တွေအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

လောရင့်ခမျာ သူမာနကို ချိုးနှိမ်၍ ပြောလိုက်သည်။

"ဪ"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်၏။

"မင်းတို့ ဝန်ထမ်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မင်းတို့ကိစ္စပဲ။ ဒါပေမဲ့ ငါ အော်ဒါတင်ပြီးသွားပြီ။ ငါတောင်းဆိုထားတဲ့ yh1908သတ္တု တန်ချိန်တစ်ဘီလီယံကို ဘယ်တော့ရနိုင်မလဲ"

လောရင့်မှာ အံ့အားသင့်သွားလေသည်။ ဤသခင်လေးက ကိစ္စကို ဤမျှဖြင့်ရပ်တန့်လိုက်ရန် အစီအစဉ်မရှိကြောင်း သိလိုက်ရသဖြင့် ထိုဝန်ထမ်းမလေးကို စိတ်ထဲမှ အကြိမ်တစ်ထောင်မက ကျိန်ဆဲလိုက်မိသည်။

"လူကြီးမင်းသိတဲ့အတိုင်း yh1908သတ္တုအမျိုးအစားအတွက် ကျွန်တော်တို့ရဲ့ လက်ရှိလက်ကျန်က တန်ချိန်၂၃၀၀ပဲရှိတာပါ။ လူကြီးမင်းအော်ဒါတင်ထားတဲ့ တန်ချိန်တစ်ဘီလီယံကို ကျွန်တော်တို့ တကယ်မထောက်ပံ့ပေးနိုင်လို့ပါ"

လောရင့်က ခါးသက်သက်အပြုံးဖြင့် ပြောလိုက်သည်။

"တောင်းပန်တဲ့အနေနဲ့ လူကြီးမင်းကို အနည်းဆုံး၈၀ရာခိုင်နှုန်း လျှော့ဈေးပေးပါ့မယ်။ ပြီးတော့ ပိုနေတဲ့ငွေတွေကိုလည်း အခုချက်ချင်း ပြန်အမ်းပေးပါ့မယ်။ ဘယ်လိုသဘောရလဲဗျ"

"ထားလိုက်တော့။ ပိုတာကို ပြန်မအမ်းနဲ့တော့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ သူတို့ဘက်က အလျှော့ပေးလာမှတော့ သူလည်း အလွန်အမင်း ရန်လိုနေစရာ မလိုတော့ပေ။

"ဒါဆို ပိုနေတဲ့ပိုက်ဆံတွေကို..."

"မင်းတို့ကုမ္ပဏီက သတ္တုတွင်းတွေ ရောင်းလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ငါ သတ္တုတွင်းနည်းနည်းလောက် ဝယ်ချင်လို့"

*********************

အခန်း ၈၇၂ - ငါ့ကို တားရဲလားလို့ မင်းတို့ရဲ့ ရှယ်ယာရှင်တွေကို သွားမေးကြည့်လိုက်

"လူကြီးမင်း… ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် သူဌေးနဲ့ တိုင်ပင်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်ချက်ချလို့ မရလို့ပါ"

ဤမျှယုတ္တိမတန်သော ဖောက်သည်မျိုးကို လော်ရင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။ သူတို့က သတ္တုရောင်းချရမည့်အစား ယခုမူ သူတို့၏သတ္တုတွင်းတစ်ခုလုံးကို ဝယ်ချင်နေသူတစ်ယောက် ပေါ်လာခဲ့လေပြီ။

ဤသည်မှာ အာကာသယာဉ်တစ်စင်း ဝယ်ချင်သူတစ်ယောက်က သူ့ဆီမှာ ပိုက်ဆံအများကြီးရှိနေမှန်း ရုတ်တရက် သဘောပေါက်သွားပြီးနောက် အာကာသယာဉ်ကုမ္ပဏီတွင် ရောင်းစရာ အာကာသယာဉ်အလုံအလောက်မရှိကြောင်း တွေ့လိုက်ရသည့်အခါ အာကာသယာဉ်ထုတ်လုပ်သည့် စက်ရုံကြီးကိုပါ တစ်ခါတည်း ဝယ်ပစ်လိုက်ခြင်းနှင့် တူနေပေသည်။

သို့သော် ဤသို့သောပုဂ္ဂိုလ်တစ်ယောက်၏ တောင်းဆိုမှုကိုတော့ သူ မငြင်းရဲပေ။ ဤလူက အဆင့်ရှစ်သက်ရှိဖြစ်သော သူတို့၏ အဓိကရှယ်ယာရှင်ကိုပင် ကိုင်လှုပ်နိုင်သူ ဖြစ်သည်။ အကယ်၍ ဤလူသာ မကျေမနပ်ဖြစ်သွားခဲ့လျှင် သူ့ကံကြမ္မာလည်း အစောတုန်းက ကံဆိုးသွားရှာသည့် အရောင်းဝန်ထမ်းမလေးနှင့် ကွာမည်မဟုတ်ချေ။

"ကိစ္စမရှိပါဘူး။ မင်း သွားမေးလိုက်ပါ။ ငါ အချိန်ပေးပါတယ်"

အကယ်၍သာ ကျန်းမုန့်လောင်မှာ ခွန်အားနှင့် အချိန်သာရှိနေမည်ဆိုလျှင် ဂါနေး စားသုံးဖို့အတွက် အဆင့်မြင့်သတ္တုများ စဉ်ဆက်မပြတ်ရရှိစေဖို့ သတ္တုတူးဖော်သည့် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုပင် တည်ထောင်ရန် စဉ်းစားမိမှာ ကျိန်းသေပေါက်ပင်။

...

"သူဌေး.. ကျွန်တော် လောရင့်ပါ"

"ဘယ်လိုလဲ။ ကိစ္စကို ဖြေရှင်းပြီးသွားပြီလား"

သတ္တုတူးဖော်ရေးလုပ်ငန်းစု သူဌေး၏အသံမှာ အလွန်လေးနက်နေဆဲပင်။

"အဓိကရှယ်ယာရှင်က အခုလေးတင် ထပ်ပြောလာတယ်။ ဒီဖောက်သည်က မယုံနိုင်လောက်အောင် အရေးပါတဲ့ပုဂ္ဂိုလ်တဲ့။ ရှယ်ယာရှင်ကိုယ်တိုင်တောင် သွားမစရဲတဲ့သူမို့လို့ သူ့ကို သေချာချော့မော့ထားဖို့ လိုတယ်တဲ့ကွ"

"ဗျာ"

လောရင့်သည် ဤလူငယ်လေးကို သူ အထင်သေးမိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

အစပိုင်းတုန်းကတော့ သူတို့ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်နှင် ဤလူငယ်လေး၏ မိသားစုအကြီးအကဲတစ်ယောက်ယောက်ကြားမှာ အဆက်အသွယ်ရှိရုံလောက်ဟုသာ သူ ထင်ထားခဲ့သည်။

ယခုကြည့်ရသလောက်တော့ သူ့အမြင်က ကျဉ်းမြောင်းလွန်းသွားပုံရသည်။ အဓိကရှယ်ယာရှင်က ဤလူကို မစော်ကားရဲသည့်အပြင် မျက်နှာလိုမျက်နှာရပင် လုပ်နေရသည်ဖြစ်ရာ သူ့တွင် ဘယ်လိုနောက်ခံမျိုး ရှိနေလေသလဲ။

"သူဌေး… ဖောက်သည်က လက်ကျန်ပစ္စည်းကိစ္စကို ဆက်မပြောတော့ပါဘူး။ ဒါပေမဲ့ သူ့လက်ရှိတောင်းဆိုမှုက..."

"အခု သူ ဘာတောင်းဆိုပြန်တာလဲ"

"သူက ကျွန်တော်တို့ရဲ့ သတ္တုတွင်းတွေကို ဝယ်ချင်နေတာပါ!"

"ဒါကတော့..."

ဤတောင်းဆိုမှုကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းစု သူဌေးမှာ ဆွံ့အသွားရသည်။ စကြဝဠာထဲတွင် တန်ဖိုးအရှိဆုံးအရာမှာ သယံဇာတအရင်းအမြစ်များပင်။ ကုမ္ပဏီ၏ သတ္တုတွင်းအားလုံးက သယံဇာတစစ်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးမှ ခက်ခက်ခဲခဲ ရယူထားခဲ့ရသည့် အရာများပင်။

စကြဝဠာဆိုသည်မှာ အခြေခံအားဖြင့် ပိုင်ရှင်မဲ့နယ်မြေဖြစ်ပြီး တွင်းထွက်သယံဇာတများဆိုသည်မှာ အင်အားကြီးသူကသာ ပိုင်ဆိုင်ထားသည်။ သူတို့ကုမ္ပဏီ၏အင်အားကြောင့် ဤအရင်းအမြစ်များကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းပင်။

ထိုစဉ်က ဤသတ္တုတွင်းများကို သိမ်းပိုက်နိုင်ဖို့အတွက် သူတို့အနေနှင့် အဆင့်ငါးထိပ်တန်းမျိုးနွယ်စု၏ စံသတ်မှတ်ချက်ဝင် တပ်ဖွဲ့ပေါင်း၂၀၀ကျော်နှင့် အထွတ်အထိပ်မျိုးနွယ်စုတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရသည်။ သတ္တုတူးဖော်ရေးကုမ္ပဏီ တော်တော်များများဟာ သတ္တုတူးဖော်ခွင့်ကို အပြီးတိုင်မရယူနိုင်ခင် နှစ်ရာနှင့်ချီ၍ ကြာမြင့်ခဲ့သော စစ်ပွဲများထဲတွင် ပါဝင်ပတ်သက်ခဲ့ရသည်။

ဤသို့နှယ် သွေးချွေးရင်းပြီး ရယူထားရသော အရင်းအမြစ်များကို မည်သူကမှ သဘောတူကြည်ဖြူစွာ ပေးလိုက်မည်မဟုတ်ပါချေ။

"ဒါနဲ့ စကားမစပ်"

ကျန်းမုန့်လောင်က ရုတ်တရက် ဖြည့်ပြောလိုက်သည်။

"ဒီyh1908သတ္တုထွက်တဲ့နေရာမှာ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ စံသတ်မှတ်ချက်ဝင် တပ်ဖွဲ့ပေါင်း၁၂၀ကို မင်းတို့ ချန်ထားခဲ့တယ်လို့ ငါကြားတယ်။ ဟုတ်လား"

အိုဖာသတ္တုတူးဖော်ရေးကုမ္ပဏီသူဌေးသည် ဆက်သွယ်ရေးစက်မှတစ်ဆင့် ကျန်းမုန့်လောင်၏စကားကို ကြားလိုက်ရသည်။ သူပြောတာ မှန်ပါသည်။ ထိုသတ္တုတွင်းနေရာတွင် အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု စံသတ်မှတ်ချက်ဝင် တပ်ဖွဲ့ပေါင်း၁၂၀ ရှိနေချေသည်။

ဤသတ္တုအမျိုးအစားမှာ စကြာဝဠာထဲတွင် အစားထိုးစရာမရှိလောက်အောင် အဖိုးအထိုက်တန်ဆုံးသတ္တုဟုပင် ဆိုနိုင်ပေသည်။ ယှဉ်ပြိုင်မှုကလည်း အလွန်ပြင်းထန်ပြီး နှစ်ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းတိုင်းမှာ တိုက်ခိုက်မှုများ ဖြစ်ပေါ်လေ့ရှိတာကြောင့် ဤသို့သော အဆင့်မြင့်တပ်ဖွဲ့များကို လိုအပ်သည်။

ထို့ပြင် ကြီးမားလှသော တပ်ဖွဲ့ကြီးတစ်ခုကလည်း လိုအပ်သည့်အချိန်မှာ ကူညီထောက်ပံ့ပေးဖို့ အမြဲအသင့်ရှိနေသည်။

အချိန်အများစုတွင် ဤတပ်ဖွဲ့များက အသင့်အနေအထားနှင့် ရှိနေတတ်သည်။

"ငါ့တောင်းဆိုချက်တွေက သိပ်ပြီး ကြီးကြီးမားမားမဟုတ်ပါဘူး။ အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံကိုလည်း ပြန်အမ်းပေးစရာ မလိုပါဘူး။ ဒီပမာဏလောက်ကို ပြန်အမ်းရတာ အလုပ်ရှုပ်တယ်။ မင်းတို့ဆီမှာရှိတဲ့ လက်ကျန်ပစ္စည်းတွေအားလုံးရယ်၊ ဒီသတ္တုတွင်းရယ်ကိုပဲ ငါ လိုချင်တာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းတို့ မရောင်းဘူးလို့ ငြင်းပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ငါ့ဘက်ကလည်း တစ်ပြားမှမကုန်ဘဲ ဒီသတ္တုတွင်းကို ရနိုင်တဲ့ အကြောင်းပြချက် ရှိကောင်းရှိတယ်။ ငါ့ကို တားရဲလားလို့ မင်းတို့ရဲ့ရှယ်ယာရှင်တွေကို သွားမေးကြည့်လို့ရတယ်"

ကျန်းမုန့်လောင်၏ လေသံမှာ အလွန်တည်ငြိမ်နေသော်လည်း မလွန်ဆန်နိုင်လောက်အောင် ခိုင်မာသော ယုံကြည်ချက်နှင့် လွှမ်းမိုးနိုင်စွမ်းတို့ ကိန်းအောင်းနေသည်။

အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံကို "ဒီပိုက်ဆံလေး"ဟု ရည်ညွှန်းပြောဆိုနေပုံထောက်လျှင် ဤလူငယ်လေးမှာ အမှောင်ဒင်္ဂါး ၃.၇၂ထရီလီယံထက် အများကြီးပိုရှိနေကြောင်း ပြသနေသည်။

ဤကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အိုဖာသတ္တုတူးဖော်ရေးလုပ်ငန်းစုသူဌေးမှာ အလန့်တကြား ဖြစ်သွားရသည်။

ဤသည်မှာ သတ္တုတွင်းဝယ်ယူနေခြင်းလေလား။ အတင်းအကျပ်လုယူခြင်းနှင့် ပိုတူနေပေသည်။

မင်းတို့ မရောင်းလည်း ငါ အတင်းသိမ်းပိုက်လို့ရတယ်ဟု ပြောနေခြင်းပင်။

ကျန်းမုန့်လောင်မှာ ဤစွမ်းရည်မျိုး တကယ်ရှိမရှိဆိုသည့်ကိစ္စနှင့်ပတ်သက်၍ သူ လောင်းကြေးမထပ်ရဲပါချေ။

ကုမ္ပဏီက ရှယ်ယာရှင်များ၏ ထောက်ပံ့မှုကြောင့်သာ လက်ရှိအဆင့်အထိ ရောက်လာခဲ့ခြင်းပင်။

ဥပမာအားဖြင့် သူတို့၏အဓိကရှယ်ယာရှင်မှာ အဆင့်ငါးမျိုးနွယ်စုပေါင်း၁၇၂၀ကို ပိုင်ဆိုင်ထားပြီး ထိုအထဲတွင် အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စု သို့မဟုတ် ထိုထက်ပိုမြင့်သောမျိုးနွယ်စု အနည်းဆုံး ၃၀၀အထိ ပါဝင်သည်။ စကြာဝဠာထဲမှာ သူ့ကို ကျော်လွန်နိုင်မည့်လူ သိပ်မရှိပေ။

ဤလူငယ်လေးက သူတို့၏ အဓိကရှယ်ယာရှင်ကိုပင် ကြောက်ရွံ့သွားစေသည်ဖြစ်ရာ ဤလူငယ်လေး၏နောက်ခံက ပိုအားကောင်းနေမည်ဟု ယုံကြည်နိုင်မည့် အကြောင်းပြချက်များ သူ့တွင် သေချာပေါက်ရှိနေပေလိမ့်မည်။

ဤသတ္တုတွင်းဧရိယာမှာ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု စံသတ်မှတ်ချက်ဝင် တပ်ဖွဲ့ပေါင်း၁၂ဖွဲ့ ရှိနေကြောင်း သိထားပါလျက်နှင့် ယခုလို ပြတ်ပြတ်သားသား ခြိမ်းခြောက်ရဲသည်ဆိုခြင်းမှာ ဤတပ်ဖွဲ့၁၂ဖွဲ့ကို သူ လုံးဝဂရုမစိုက်ဘူးဟု ပြသလိုက်ခြင်းပင်။

အကယ်၍ ဤလူငယ်လေးသာ အတင်းအဓမ္မလုယူဖို့ တကယ်ရည်ရွယ်ထားသည်ဆိုလျှင် သူတို့၏အဓိကရှယ်ယာရှင်ကပင် သူ့ကို တားရဲမည်မဟုတ်ချေ။

"သူ့ကို ရောင်းလိုက်"

စဉ်းစားချင့်ချိန်ပြီးနောက်မှာတော့ သူ အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ဤတွင်းထွက်သယံဇာတများက အကန့်အသတ်မဲ့နေသည်မျိုး မဟုတ်ပေ။ ယခုအချိန်အထိဤဧရိယာက တူးဖော်ပြီး သန့်စင်ထားသော သတ္တုတန်ချိန်မှာ ခန့်မှန်းခြေ သန်း၅၀ကျော်ရှိပြီး တူးဖော်ဖို့ ကျန်နေသေးသည့် အရန်ပမာဏက တန်ချိန် သန်း၁၂၀ဝန်းကျင်ရှိ၏။ လက်ကျန်တန်ချိန် ၂၃၀၀နှင့် တူးဖော်ရခြင်းမရှိသေးသော အရန်ပမာဏ တန်ချိန်၇၀၀၀ဝန်းကျင်နှင့် ပေါင်းလိုက်လျှင် တန်ချိန် သန်း၁၀၀အောက်မှာသာ ရှိသည်။

မည်သို့ပင်ဖြစ်စေ သူတို့ဘက်က မြတ်နေဆဲပင်။

ထို့ပြင် သယံဇာတအားလုံးကို တူးဖော်ပြီးလျှင်ပင် တန်ကြေးဖြစ်လာဖို့ အချိန်အကြာကြီး ယူရဦးမည်ဖြစ်၏။ ကြိုတင်ငွေပေးချေလိုက်ခြင်းမှာ နှစ်ပေါင်းသန်းချီ၊ သန်းဆယ်ချီစာ အမြတ်အစွန်းများကို တစ်ပြိုင်နက်တည်း ယူလိုက်ရသလိုဖြစ်နေချေသည်။ ဤသည်မှာ သံသယဝင်စရာမလိုအောင် တွက်ချေကိုက်လှသော အရောင်းအဝယ်တစ်ခုပင်။

ထို့ပြင် လူတိုင်းက အမှောင်ဒင်္ဂါးများကို အလုအယက်စုဆောင်းနေကြသည်။ ဤအမှောင်ဒင်္ဂါး ၃.၇၂ဘီလီယံက သူတို့၏ရှယ်ယာရှင်များကို ပြပွဲမှာ လိုချင်သည့်ပစ္စည်းများ ပိုဝယ်နိုင်အောင် သေချာပေါက်ကူညီပေးနိုင်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်များကို ရစေလိမ့်မည်။

ရောင်းရမယ်။ မရောင်းရင် လူမိုက်ပဲ။ သူတို့ဘက်က ရောင်းရုံတင်မကပေ။ ကျန်းမုန့်လောင်ကို အခမဲ့လက်ဆောင်ပင် အများကြီးပေးသင့်သေးသည်။

ဤသည်ကို နားလည်သွားသည့်အတွက် သူတို့ ထပ်တုံ့ဆိုင်းနေစရာ မလိုတော့ပေ။

"လူကြီးမင်း… ကျွန်တော်တို့သူဌေးက လူကြီးမင်းရဲ့တောင်းဆိုချက်ကို သဘောတူလိုက်ပါပြီ"

လောရင့်က ပြောသည်။

"ဒီနေ့ လူကြီးမင်းကို အဆင်မပြေမှုတွေ ကြုံတွေ့စေခဲ့တဲ့အတွက် ကျွန်တော်တို့သူဌေးက တခြားs9အဆင့် သတ္တုတန်ချိန်ဆယ်သန်းကိုလည်း အပိုလက်ဆောင်ပေးချင်ပါတယ်တဲ့။ ကျေနပ်ရဲ့လားဗျ"

"မင်းတို့သူဌေးက အမြော်အမြင်ရှိသားပဲ"

ရှယ်ယာရှင်များနှင့် တိုင်ပင်စရာပင်မလိုဘဲ တစ်ဖက်လူက အလွန်သွက်လက်စွာ သဘောတူလိုက်ခြင်းကိုကြည့်၍ ဤအရောင်းအဝယ်က သေချာပေါက် အမြတ်ထွက်နေသည်ဖြစ်ကြောင်း ကျန်းမုန့်လောင် ရိပ်မိလိုက်သည်။

အမှောင်ဒင်္ဂါးထရီလီယံအနည်းငယ်ဟူသော ပမာဏလေးက သူ့အတွက်တော့ အသေးအဖွဲမျှသာဖြစ်သဖြင့် သူ့အနေနှင့် ဂရုပင်မစိုက်ပါချေ။ အကယ်၍ သူသာဆန္ဒရှိလျှင် ကံစမ်းမဲဘူးများ ရောင်းဝယ်သည့်ဆိုင် ဖွင့်လိုက်သည်နှင့် အရင်းကျေဖို့ တစ်ရက်ပင် အချိန်မယူရဘဲ ပိုက်ဆံလာပေးမည့်လူများ တန်းစီနေပေလိမ့်မည်။ စကြဝဠာထဲတွင် သူ့ထက် ပိုက်ဆံပိုရှာနိုင်သူ ဘယ်သူရှိဦးမည်နည်း။

"ငါ့အတွက် နည်းနည်းလောက်အရင်ပြင်ထားပေး။ ကျန်တာတွေကတော့ ငါ့ညွှန်ကြားချက်ကို စောင့်နေ။ မင်းဆီကို ငါ လိပ်စာပို့ပေးမယ်"

"ဟုတ်ကဲ့ပါ။ ဒီဘက်ကိုကြွပါဗျ။ ကျွန်တော်တို့ အခုပဲ စာချုပ်ချုပ်ဆိုတဲ့အဆင့်ကို ဆက်သွားပါ့မယ်"

...

"လူကြီးမင်း… ဂရုစိုက်သွားပါ။ လူကြီးမင်းနဲ့ နောက်တစ်ကြိမ်ထပ်ပြီး အလုပ်တွဲလုပ်ဖို့ မျှော်လင့်ပါတယ်"

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းမုန့်လောင်သည် ဂါနေးနှင့်အတူ အိုဖာသတ္တုတူးဖော်ရေးလုပ်ငန်းစု၏ ပြခန်းမှ ထွက်ခွာလာခဲ့သည်။ ဤသတ္တုများကို လူသူကင်းမဲ့သည့် ဂြိုဟ်တစ်လုံးပေါ်တွင် သွားသိမ်းထားလိုက်ရုံသာ ရှိသည်။

စကြဝဠာထဲတွင် မျိုးနွယ်စုများမရှိသည့် ဂြိုဟ်များမှာ အခြေခံအားဖြင့် တန်ဖိုးမရှိကြပေ။ စကြာဝဠာဒင်္ဂါးတစ်ပြားတည်းနှင့်ပင် ဂျူပီတာဂြိုဟ်လောက်ကြီးသော ဂြိုဟ်တစ်လုံးကို ဂိုဒေါင်အနေနှင့် အသုံးပြုရန် နှစ်ရာနှင့်ချီ၍ ငှားရမ်းနိုင်သည်။

ဂါနေးသည် အမျိုးမျိုးသော s9အဆင့် သတ္တုများနှင့် ပြည့်နှက်နေသည့် ဖောင်းကားနေသော ကျောပိုးအိတ်တစ်လုံးကို လွယ်ထားသည်။ အညံ့ဆုံးသတ္တုများကိုပင် မစားနိုင်ခဲ့သည့် သူ့အတွက်တော့ ဤသည်မှာ မိုဟာမျိုးနွယ်စုသက်ရှိတစ်ယောက်၏ အိပ်မက်တစ်ခုနှယ်။

ဂါနေးသည် s9သတ္တုအရည်ပျော်အလုံးလေးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

"အစ်ကိုကြီး… အခု ကျွန်တော်တို့ ဘယ်သွားကြမလဲ"

"အလုပ်ကိစ္စရှင်းရမယ့်အချိန် ရောက်ပြီ"

ဂါနေး၏ကိစ္စ ပြေလည်သွားပြီဖြစ်၍ ကျန်းမုန့်လောင် စကြဝဠာပြပွဲသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာမြေအတွက် ထိပ်တန်းတပ်ဖွဲ့များ ဝယ်ယူရန်ဖြစ်ကြောင်း သတိရသွားလေသည်။

****************

အခန်း ၈၇၃ - အကြွေးလား လက်ငင်းလား

"အစ်ကိုကြီး... ဒီနေရာက တော်တော်စည်ကားတာပဲ"

ဂါနေးက စူးစမ်းချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ကုန်သွယ်ရေးဈေးကွက်ကြီးက ဟောင်းနွမ်းနေသော ဆိုင်ခန်းလေးများ စုဝေးနေသည့်နှယ်ပင်။ အစောပိုင်းက သူတို့သွားခဲ့သည့် အိုဖာသတ္တုတူးဖော်ရေးလုပ်ငန်းစု၏ ပြခန်းက အလွန်သပ်ရပ်ကောင်းမွန်သော်ငြား လက်နက်ရောင်းချသည့် ဤနေရာကတော့ ဆိုက်ဘာပန့်ခ်အငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံနေလေသည်။

ဤဂြိုဟ်၏ အချင်းက နေအဖွဲ့အစည်းထဲရှိ စနေဂြိုဟ်နီးပါးရှိ၏။ ဤနေရာက ကြည့်လိုက်လျှင် အဆင့်မြင့်မျိုးနွယ်စု တပ်ဖွဲ့တစ်ခု၏ စစ်ရေးပြင်ဆင်မှုစခန်းကြီးတစ်ခုနှင့် တူနေပေသည်။

တိုက်ခိုက်ရေးဉာဏ်ရည်တုစက်ရုပ်များအပြင် အမျိုးအစားစုံလင်ပြီး အဆင့်အမျိုးမျိုးရှိသည့် အာကာသယာဉ်များက ဂြိုဟ်မျက်နှာပြင်တစ်ခုလုံးတွင် ပြည့်နှက်နေပြီး ကျယ်ဝန်းလှသော နေရာတော်တော်များများကို စမ်းသပ်ဇုန်များအဖြစ် သတ်မှတ်ထားသည်။

"ဝုန်း!"

"ဝုန်း!"

အရပ်မျက်နှာအနှံ့မှ ဆူညံသော အသံကြီးများ ဆက်တိုက်ထွက်ပေါ်နေပြီး တစ်ခါတလေ မျက်စိကျိန်းမတတ် လင်းလက်နေသော အလင်းရောင်များ၊ နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးများလည်း ပါလာတတ်သည်။ ခေါင်းပေါ်ရှိ မရေမတွက်နိုင်အောင်များပြားလှသည့် ကြယ်ပွင့်လေးများထဲမှ တချို့ဆိုလျှင် အင်အားပြင်းလက်နက်များ၏ စွမ်းအားကို ပြသရင်း ရံဖန်ရံခါ ပေါက်ကွဲသွားတတ်သေးသည်။

ဤနယ်မြေတစ်ခုလုံးကို ဆဲလ်ဒက်ဟုခေါ်သော ကုမ္ပဏီတစ်ခုက ကန်ထရိုက်ယူထားခြင်းဖြစ်၏။

တကယ်တမ်း တိတိကျကျပြောရလျှင် သူတို့သည် စကြဝဠာမျိုးနွယ်စုတစ်ခုလုံးတွင် အကြီးဆုံးဖြစ်သော လက်နက်ကုမ္ပဏီကြီး၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုပင်။ မိခင်ကုမ္ပဏီကြီးက စကြဝဠာမျိုးနွယ်စုတစ်ခွင်လုံးကို တရားဝင်လမ်းကြောင်းများကတစ်ဆင့် လက်နက်ခဲယမ်းများ ရောင်းချပေးဖို့ တာဝန်ယူထားပြီး ဤဆဲလ်ဒက်ကုမ္ပဏီကမူ ပိုလျှို့ဝှက်သော နည်းလမ်းများကတစ်ဆင့် ကိုင်တွယ်ဖြေရှင်းပေးနေခြင်းပင်။

တချို့အရောင်းအဝယ်များက လျှို့ဝှက်လုပ်ဆောင်ရခြင်းဖြစ်လေရာ ဆဲလ်ဒက်ကို တရားဝင်လမ်းကြောင်းက ရှာဖွေ၍မရနိုင်ပေ။ ထို့ပြင် စွန့်စားမှုများကလည်း မြင့်မားလှသောကြောင့် သူတို့၏ အရောင်းအဝယ်ပမာဏက ကြောက်ခမန်းလိလိ ကြီးမားလှသည်။

ဆဲလ်ဒက်ကုမ္ပဏီ၏ အရွယ်အစားက မိခင်ကုမ္ပဏီ၏ ငါးပုံတစ်ပုံပင် မပြည့်သော်ငြား အမြတ်အစွန်းပမာဏကမူ မိခင်ကုမ္ပဏီနီးပါးရှိပြီး တစ်ခါတလေဆိုလျှင် သာပင် သာနေတတ်သေးသည်။

"ဒီနေရာက တော်တော်မိုက်တာပဲ"

ကျန်းမုန့်လောင်နှင့် ဂါနေးတို့နှစ်ယောက်သား ဧရာမစစ်သင်္ဘောကြီးများ ဝန်းရံထားပြီး သတ္တုများဖြင့် ခင်းကျင်းထားသော လမ်းမကြီးတစ်လျှောက် လျှောက်လာခဲ့ကြသည်။

"ဟုတ်သား... အရင်က ဒီလိုမြင်ကွင်းမျိုးကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာ။ အဲဒါတောင် ညံ့ဖျင်းတဲ့ အထူးပြုလုပ်ချက်တွေနဲ့ချည်းပဲ"

ကျန်းမုန့်လောင်က ပတ်ဝန်းကျင်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

ကျန်းမုန့်လောင်အနေနှင့် ဤအဆင့်ရှိသော စစ်သင်္ဘောကြီးများကို အနီးကပ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရိုသေကြောက်ရွံ့စိတ်များ ကိန်းအောင်းသွားစေမည့် စစ်ယန္တရားစက်ရုပ်ကြီးများနှင့် တူပြီး အသေးဆုံးတစ်စင်းကပင် ကမ္ဘာမြေပေါ်ရှိ အကြီးဆုံးလေယာဉ်တင်သင်္ဘောကြီးကို ချက်ချင်းဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

"အစ်ကိုကြီး... ဒီနေရာက သွေးနံ့တွေ နံနေတယ်လို့ ကျွန်တော် ဘာလို ခံစားနေရတာလဲ"

ဂါနေးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ဘေးနားတွင် အသွားအလာလုပ်နေကြသူများကြောင့် လူသတ်စခန်းတစ်ခုထဲသို့ ရောက်နေသလို ခံစားရသည်။

"လက်နက်လာဝယ်တဲ့လူတွေထဲမှာ သဘောကောင်းတဲ့လူ ဘယ်နှယောက်များ ရှိမှာမို့လို့လဲ"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"သူတို့မျိုးနွယ်စုတွေကို ကာကွယ်ဖို့ ဝယ်တဲ့လူတွေတောင် လက်မှာ သွေးစွန်းခဲ့ကြဖူးတာပဲ။ ဒါကြောင့် သူတို့ဆီက ပြင်းထန်တဲ့သွေးနံ့တွေ ထွက်နေတာ သဘာဝပါပဲ"

"သွားရအောင်။ အရင်ဆုံး ဈေးကွက်အခြေအနေကို လေ့လာကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်မှာ လမ်းမတစ်လျှောက် လျှောက်လာခဲ့သော်လည်း ဆဲလ်ဒက်၏ အရောင်းအဝယ်က အလွန်ကောင်းနေသောကြောင့် အားယားနေသော ဝန်ထမ်းယူ၍ တစ်ယောက်မှ ရှာမတွေ့ခဲ့ပါချေ။

"အစ်ကိုကြီး... လက်နက်လာဝယ်တာလား"

ကျန်းမုန့်လောင် နောက်ထပ်လမ်းတစ်လမ်းကို ဝင်ကြည့်ရန် ပြင်နေခိုက် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ခန့်ရှိမည့် ကောင်လေးတစ်ယောက်က သူ့လမ်းကို ရုတ်တရက်ပိတ်ရပ်လိုက်သည်။

သူသည် အသားနည်းနည်းညိုပြီး လူကို သဘောကျသွားစေနိုင်သော ရိုးသားလှသည့် အပြုံးလေးကလွဲလျှင် ကျန်အရာများက ကမ္ဘာလူသားတစ်ယောက်နှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီနေပေသည်။

"အင်း... မင်းလည်း ဒီက အရောင်းဝန်ထမ်းပဲလား"

ကျန်းမုန့်လောင် ခါးကိုင်း၍ ပြုံးပြလိုက်သည်။

"မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်ကိုကြီး ဒီကိုရောက်တာ ပထမဆုံးအကြိမ်ဆိုရင်တော့ လမ်းပြတစ်ယောက် လိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အစ်ကိုကြီးကို ကူညီပေးနိုင်ပါတယ်"

"သြော်..."

ကျန်းမုန့်လောင်လည်း ထိုကောင်လေးကို အနည်းငယ် စိတ်ဝင်စားသွားသည်။

"ဒီနေရာအကြောင်း မင်း ကောင်းကောင်းသိလို့လား"

"သိတာပေါ့။ ဒီက ဝန်ထမ်းတွေကလွဲရင် ကျွန်တော့်ထက် ဒီနေရာအကြောင်း ပိုသိတဲ့လူ မရှိဘူးလို့ ကျွန်တော် ရဲရဲကြီးပြောရဲတယ်"

ကောင်လေးက ပြောလာချေသည်။

"ကျွန်တော့်နာမည်က ကလာ့ခ်ပါ။ အစ်ကိုကြီးသာ ကျွန်တော့်ကို အမှောင်ဒင်္ဂါးဆယ်ပြား ပေးမယ်ဆိုရင် ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် ပစ္စည်းတွေဆီကို ကျွန်တော် လမ်းပြပေးနိုင်ပါတယ်"

"ရတာပေါ့"

ကျန်းမုန့်လောင်က အမှောင်ဒင်္ဂါးဆယ်ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည်။ ဤသည်မှာ အဆင့်တစ်မျိုးနွယ်စုတစ်ခု၏တန်ဖိုးနဲ့ ညီမျှသော်ငြား ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ပေ။ ကလေးက မုန့်ဖိုးရှာနေခြင်းဖြစ်မည်ဟု သူ တွေးလိုက်သည်။ သူ့တွင်လည်း ပိုက်ဆံပြတ်လပ်နေခြင်းမရှိသလို ဤကလေးကလည်း ကိစ္စတော်တော်များများကို သိနေနိုင်သည်။

"ကဲ... မင်း ငါ့ကို ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးပစ္စည်းတွေကို ပြပေးလို့ရပြီမလား"

"ကျွန်တော့်နောက်လိုက်ခဲ့"

ကလာ့ခ်က လက်ယပ်ခေါ်ပြီးနောက် ညစ်ပတ်ပေရေနေသော အဝေးထိန်းခလုတ်တစ်ခုကို ထုတ်လိုက်သည်။ ခဏအကြာတွင်မူ ကားနှင့်ဆင်တူသော ပျံသန်းရေးယာဉ်တစ်စင်း ကောင်းကင်ပေါ်က ဆင်းသက်လာသည်။

"တက်လေ... ကျွန်တော် လိုက်ပို့ပေးမယ်"

ကလာ့ခ်၏ယာဉ်က ဤသို့သောနေရာမျိုးအတွက်တော့ ခေတ်နောက်ကျလွန်းနေသော်လည်း ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ဘဲ စူးစမ်းချင်စိတ်အပြည့်ဖြင့် ဂါနေးနှင့်အတူ စုတ်ပြတ်နေသော ထိုယာဉ်ပေါ်သို့ တက်လာခဲ့လိုက်သည်။

"လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ"

ကလာ့ခ်က ယာဉ်ကို တက်တက်ကြွကြွမောင်းနှင်ရင်း မေးလိုက်သည်။

"ဝမ်စီခုန်းလို့ခေါ်တယ်။ မစ္စတာဝမ်လို့ပဲ ခေါ်ပါ"

"မစ္စတာဝမ်... ခင်ဗျားက ကြိုတင်ဝယ်မှာလား။ ဒါမှမဟုတ် လက်ငင်းဝယ်မှာလား"

"ကြိုတင်ဝယ်ယူမှုနဲ့ လက်ငင်း ဟုတ်လား"

ယခင်က ကြိုတင်ဝယ်ယူရသည့်တိုက်ခန်းများနှင့် အသင့်နေတိုက်ခန်းများအကြောင်းကိုသာ ကြားဖူးသော ကျန်းမုန့်လောင်အဖို့ ဤစကား​မှာ ရွှင်မြူးဖွယ်ကောင်းလှသည်။

"ဒါပေါ့"

ကလာ့ခ်က ပြန်ဖြေသည်။

"စကြဝဠာမဟာမိတ်အဖွဲ့က စစ်သင်္ဘောတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်ဆိုတာ ခင်ဗျားသိမှာပါ။ မျိုးနွယ်စုတိုင်းမှာ သတ်မှတ်ထားတဲ့ စက်ပစ္စည်းစံနှုန်းတွေရှိတယ်။ အဆင့်ငါးမျိုးနွယ်စုတွေကပဲ စစ်သင်္ဘောတွေကို ကန့်သတ်ချက်မရှိ ဝယ်ယူခွင့်ရှိတာ။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ဒီလုပ်ငန်းက ပေါ်ထွက်လာတာပေါ့"

"သိပြီ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့က အဆင့်ငါးမျိုးနွယ်စုတွေကတစ်ဆင့် စစ်သင်္ဘောတွေကို ဝယ်ယူပြီး တိုက်ရိုက်မဝယ်နိုင်တဲ့လူတွေကို ပြန်ရောင်းရင်း ကြားပွဲစားခ အမြတ်ထုတ်ကြတာမလား"

"ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေအနေနှစ်မျိုးရှိတယ်။ တစ်မျိုးက လက်ရှိရှိနေတဲ့ လက်ကျန် စစ်သင်္ဘောတွေပဲ။ ခင်ဗျား အော်ဒါတင်လိုက်တာနဲ့ ချက်ချင်းလွှဲ​ပေးလို့ရတယ်။ ဒီစစ်သင်္ဘောတွေက မူလမျိုးနွယ်စုရဲ့နာမည်နဲ့ပဲ မှတ်ပုံတင်ထားတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ ခင်ဗျားအပိုင် ဖြစ်သွားမှာပါ"

"ဒုတိယတစ်မျိုးကတော့ တရားဝင်လမ်းကြောင်းတွေကတစ်ဆင့် အော်ဒါတင်ပေးဖို့ ကျွန်တော်တို့ကို အပ်ရတာပါ။ အော်ဒါတင်တာ၊ ထုတ်လုပ်တာ၊ လွှဲပြောင်းပေးတာတို့လို အဆင့်တွေကို ဖြတ်သန်းရမှာမို့ အချိန်တော့ ယူရလိမ့်မယ်"

"သဘောပေါက်ပြီ"

ကျန်းမုန့်လောင်မှာ ကလာ့ခ်ဆိုလိုသည့် သဘောတရားကို နားလည်သွားသည်။ ကြားထဲတွင် ပွဲစားတစ်ယောက်ပါဝင်နေသည့် ကြိုတင်ဝယ်ယူသည့်တိုက်ခန်းနှင့် အဆင်သင့်ဆောက်ပြီးသား တိုက်ခန်း သဘောတရားမျိုးနှင့် ဆင်တူလှသည်။

"ငါကတော့ လက်ငင်းပစ္စည်းတွေကိုပဲ ဝယ်ချင်တယ်"

"လူကြီးမင်း.. ကျွန်တော် ကြိုပြောထားချင်ပါတယ်။ ကြိုတင်ဝယ်ယူတဲ့ ပစ္စည်းတွေက ပုံမှန်ဈေးရဲ့ ၁.၃ဆကနေ ၁.၅ဆလောက်ပဲရှိပေမဲ့ လက်ငင်းပစ္စည်းတွေကတော့ ၁.၈ ဆကနေ ၂ ဆလောက်အထိ ပိုများနိုင်တယ်နော်"

"ကိစ္စမရှိဘူး။ ပိုက်ဆံက ပြဿနာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းတို့ဆီမှာ ပစ္စည်းရှိဖို့ပဲလိုတယ်။ ငါ့ဆီမှာ ငွေသားရှိတယ်။ ခုနတုန်းက ပစ္စည်းအလုံအလောက်မရှိဘဲ သက်သက်လေလုံးထွားနေတဲ့ ကုမ္ပဏီစုတ်တစ်ခုလို ဖြစ်နေမှာပဲစိုးတာ"

"လူကြီးမင်းက ဘာတွေဝယ်ဖို့ စီစဉ်ထားတာလဲ"

"စစ်သင်္ဘောတစ်သုတ်လောက် ဝယ်မလို့ စီစဉ်ထားတယ်"

ကျန်းမုန့်လောင်က ပြောပြလိုက်သည်။

"ငါ့မျိုးနွယ်စုရဲ့အဆင့်က နိမ့်ပေမဲ့ ပြဿနာနည်းနည်း ကြုံနေရလို့ တခြားနည်းလမ်းနဲ့ စစ်သင်္ဘောတွေကို ဝယ်ရတော့တာပေါ့။ တခြားပိုကောင်းတဲ့ လက်နက်ခဲယမ်းတွေရှိရင်လည်း ကြည့်ချင်သေးတယ်"

"လူကြီးမင်းရဲ့မျိုးနွယ်စုက ဘယ်အဆင့်လဲ"

ကလာ့ခ်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"ရိုးရိုးသာမန် အဆင့်တစ်မျိုးနွယ်စုလေးပါ"

အစောပိုင်းက စိတ်လှုပ်ရှားနေသည့် ကလာ့ခ်၏မျက်နှာထားမှာ ရုတ်တရက် အေးခဲသွားသည်။

ဤနေရာက စည်ကားသော်လည်း တကယ်တမ်းတွင်မူ ပျမ်းမျှအော်ဒါတန်ဖိုးက သိပ်မမြင့်ကြပါချေ။

စဉ်းစားကြည့်မည်ဆိုလျှင် အကယ်၍သာ အဆင့်ငါးမျိုးနွယ်စုဆိုပါက ဤစက်ပစ္စည်းများကို တရားဝင်လမ်းကြောင်းများတစ်ဆင့် ဈေးပိုသက်သာပြီး စွန့်စားမှုမရှိဘဲ ဝယ်ယူနိုင်လိမ့်မည်။

ယေဘုယျအားဖြင့် ဤသို့သော စစ်သင်္ဘောများကို လိုအပ်နေသူများမှာ စက်ယန္တရားပစ္စည်း ကန့်သတ်ချက်ရှိနေသော အဆင့်သုံး သို့မဟုတ် အဆင့်လေးမျိုးနွယ်စုများသာ ဖြစ်ကြသည်။

သို့သော် အဆင့်သုံး သို့မဟုတ် အဆင့်လေး မျိုးနွယ်စုတစ်ခုတွင် ပိုက်ဆံဘယ်လောက်များများ ရှိနိုင်မည်နည်း။

အလွန်ဆုံးဝယ်နိုင်လျှင် အဆင့်သုံးအဆင့်လေးမျိုးနွယ်စုရှိ တပ်ဖွဲ့များကိုသာ ဝယ်နိုင်ပေမည်။ အကယ်၍ ပိုချမ်းသာလျှင်ပင် အဆင့်ငါးမျိုးနွယ်စုမှ စစ်သင်္ဘောအနည်းငယ်လောက်သာ ဝယ်နိုင်ကြသည်။

အဆင့်လေးမျိုးနွယ်စုရှိ ဖောက်သည်များကို အရေးကြီးဖောက်သည်ကြီးများအဖြစ် သတ်မှတ်ထားကြသည်။ အဆင့်ငါးမျိုးနွယ်စုအထက်ရှိ စစ်သင်္ဘောများကို ပိုက်ဆံအကုန်ခံပြီး ဝယ်လေ့ရှိသူများမှာ များသောအားဖြင့် သူတို့သာ ဖြစ်၏။

အဆင့်တစ်မျိုးနွယ်စုဆိုလျှင်မူ ပိုက်ဆံက ဘယ်ကများ ရလာမည်နည်း။ သူတို့သည် အဆင့်နှစ်မျိုးနွယ်စုရှိ တပ်ဖွဲ့နည်းနည်းလောက်ကိုသာ ဝယ်ဖို့များသည် မဟုတ်လော။ ဤသို့တွေးမိလိုက်သည်နှင့် ကလာ့ခ်တစ်ယောက် အနည်းငယ် စိတ်ဓာတ်ကျသွားပေသည်။

All Chapters