အခန်း (၈၇၄-၈၇၆)
Vol. 59 Ch. 874-876
အခန်း ၈၇၄ - ဒီသူဌေးကြီးက ဘယ်ကရောက်လာတာလဲ
"လူကြီးမင်း ကျွန်တော်တို့ ရောက်ပါပြီ"
ကလာ့ခ်က ဟောင်းနွမ်းနေသော သူ့ပျံသန်းရေးယာဉ်ကို လမ်းဘေးတွင် ရပ်လိုက်သည်။ ဤနေရာမှာ ဂြိုဟ်တစ်ခုလုံး၏ နောက်ကျောဘက်နားတွင် တည်ရှိပြီး ဂြိုဟ်တစ်ခုလုံးတွင် ရုပ်ရွှေ့ပြောင်းရေးတစ်ခုတည်းသာ ရှိသောကြောင့် ရုပ်ရွှေ့ပြောင်းရေးစနစ်တည်ရှိရာ နေရာနှင့် ယှဉ်လျှင် ဤနေရာကား လူသူသိပ်မစည်ကားလှပေ။
ကလာ့ခ်၏ မျက်နှာထက်တွင် စိတ်ပျက်လေဟန် အရိပ်အယောင် အနည်းငယ်ရှိနေသော်လည်း ကျန်းမုန့်လောင်တို့ရှေ့တွင်မူ ထုတ်မပြခဲ့ပေ။ ဧည့်သည်ဆိုသည်မှာ မည်သည့်အဆင့်အတန်း၊ မည်မျှချမ်းသာသည်ဖြစ်စေ အားလုံးကို တန်းတူဆက်ဆံရမည်ဟု သူ့အစ်မက သင်ကြားပေးထားသည်။
"မင်း ငါတို့ကို တော်တော်ဝေးဝေးအထိ ခေါ်လာတာပဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"မင်းက ဒီကုမ္ပဏီက အရောင်းဝန်ထမ်း တစ်ယောက်ယောက်နဲ့ အမျိုးတော်နေတာတော့ မဟုတ်ပါဘူးနော်"
"ဟီးဟီး... ခင်ဗျားသိသွားပြီပဲ"
ကလာ့ခ်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်သည်။
"ကျွန်တော့်အစ်မက ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ"
ဝန်ထမ်းတစ်ဦးချင်းစီတွင် မိသားစုဝင်များကို ပြပွဲထဲသို့ ခေါ်ဆောင်ခွင့် ရှိကြသည်။ ကလာ့ခ်သည် သူ့အစ်မနှင့်အတူ ကြီးပြင်းလာခဲ့ရသည်။ အကြောင်းရင်းတချို့ကြောင့် သူ့အစ်မဖြစ်သူမှာ အဝေးလံဆုံးသော အလုပ်ခွင်နေရာသို့ တာဝန်ကျနေသဖြင့် ကလာ့ခ်ကလည်း အရောင်းအဝယ်အနည်းငယ် ရရှိစေရန် သူ့အစ်မကို ကူညီပေးချင်နေခြင်းပင်။
"ခင်ဗျား ကျွန်တော့်ကို စိတ်မဆိုးဘူးမလား"
"စိတ်မဆိုးပါဘူး။ ငါ့ကို မင်းအစ်မဆီ ခေါ်သွားပေး"
ကျန်းမုန့်လောင်က ကလာ့ခ်ကို ပို၍ပင် သဘောကျသွားသည်။ မည်သိူ့ပင်ဖြစ်စေ သူသည် ဤနေရာနှင့် စိမ်းသက်နေသည်ဖြစ်ရာ မည်သူ့ထံမှ ဝယ်သည်ဖြစ်စေ ကိစ္စမရှိပေ။ ထို့ပြင် ကလာ့ခ်က လမ်းတစ်လျှောက်တွင် တော်တော်များများ ရှင်းပြခဲ့သဖြင့် သူ့အစ်မကလည်း ဖော်ရွေသူတစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။
"အစ်မ"
ကလာ့ခ်က မနီးမဝေးရှိ ဆိုင်ခန်းတစ်ခုမှ မိန်းကလေးတစ်ယောက်ကို လက်လှမ်းပြလိုက်သည်။
ထိုမိန်းကလေးမှာ အလွန်တရာလှပပြီး ကမ္ဘာသားတို့၏ အလှအပစံနှုန်းနှင့်လည်း ကိုက်ညီပေသည်။ ထူးခြားချက်တစ်ခုမှာ သူ(မ)တွင် အစိမ်းနုရောင် ဆံပင်ရှည်များ ရှိနေခြင်းပင်။
သို့သော် သူ(မ)ထံတွင် အားနည်းသည့် အရိပ်အယောင် လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဆဲလ်ဒက်ကုမ္ပဏီ၏ အလုပ်ဝတ်စုံမှာ သူ(မ)ကို စစ်သည်တော်တစ်ဦးအလား ထည်ဝါစေသည်။ သူ(မ)ကို ရဲရင့်ပြတ်သားပြီး သူရဲကောင်းဆန်သော အမျိုးသမီးတစ်ဦးဟု တင်စားလျှင် ပို၍ပင်သင့်တော်ပေလိမ့်မည်။
"ကလာ့ခ်... နင် ဘယ်တွေလျှောက်သွားနေပြန်တာလဲ"
ထိုမိန်းကလေးက ကလာ့ခ်၏နားရွက်ကို ဆွဲလိမ်လိုက်၏။
"ဒီနေရာက တော်တော်ရှုပ်တာနော်။ လူကြီးလူကောင်းတွေနဲ့ မတော်တဆဝင်တိုးရင် ဘယ်လိုလုပ်မလဲ"
"ကြည့်ဦး... အစ်မအတွက် ဖောက်သည်တွေ ခေါ်လာပေးတယ်လေ"
ကလာ့ခ်က ကျန်းမုန့်လောင်နှင့် ဂါနေးတို့ကို အမြန်ညွှန်ပြလိုက်သည်။
ထိုမိန်းကလေးမှာ ခဏမျှမှင်တက်သွားပြီးနောက် မျက်နှာထား ပျော့ပျောင်းသွားသည်။
"ဒီကောင်လေးကတော့လေ"
ကလာ့ခ် ဘာကြောင့် လျှောက်သွားနေကြောင်း သူ(မ)သိ၏။ ယနေ့မှာ ကုန်သွယ်ရေးပြပွဲ၏ ပထမဆုံးနေ့ဖြစ်ပြီး ဧည့်သည်များ စတင်ရောက်ရှိနေချိန် ဖြစ်သော်လည်း သူ(မ)၏ ဆိုင်ခန်းတွင်မူ မေးမြန်းသူ အနည်းငယ်သာ ရှိပြီး အော်ဒါတစ်ခုမှ မရသေးပေ။ ထို့ကြောင့် ကလာ့ခ်က စိုးရိမ်စိတ်ဖြင့် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။
"တောင်းပန်ပါတယ်ရှင့်"
ထိုမိန်းကလေးက ကျန်းမုန့်လောင်ကို ဦးညွှတ်လိုက်၏။
"ကျွန်မနာမည်က တီလာပါ။ ဆဲလ်ဒက်ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်ပါ"
"ဒီလိုမောင်လေးတစ်ယောက်ရှိတာ ကံကောင်းတာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ကဲ... အရောင်းအဝယ်အကြောင်း ပြောရအောင်"
"ဟုတ်ကဲ့ပါရှင့်"
တီလာက ကျန်းမုန့်လောင်ကို ဆိုင်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး တက်ဘလက်နှင့်တူသော ပစ္စည်းတစ်ခုကို ကမ်းပေးလိုက်သည်။
"ကျွန်မတို့ရောင်းချတဲ့ လက်နက်ခဲယမ်းနဲ့ စက်ကိရိယာတွေအားလုံးကို ဒီထဲမှာ ကြည့်လို့ရပါတယ်"
"တကယ်လို့ စမ်းသပ်မောင်းနှင်ချင်တာဖြစ်ဖြစ် လက်နက်တွေရဲ့အစွမ်းကို ကြည့်ချင်တာပဲဖြစ်ဖြစ် ကျွန်မ စီစဉ်ပေးလို့ရပါတယ်။ ကွန်ပျူတာနဲ့ စမ်းသပ်တာကတော့ အခမဲ့ပါ။ တကယ်စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အော်ဒါအရင်တင်ပြီးမှ လျှောက်ထားရမှာပါရှင့်"
"ကောင်းပါပြီ။ အရင်ကြည့်လိုက်ဦးမယ်"
ကျန်းမုန့်လောင်လည်း ကတ်တလောက်ကို ဖွင့်ကြည့်လိုက်လေရာ တစ်ကိုယ်ရေသုံးလက်နက်များ၊ ဉာဏ်ရည်တုစက်ရုပ်များ၊ ထောက်လှမ်းရေးကိရိယာများ၊ စစ်သင်္ဘောများနှင့် စက်ရုပ်စစ်သည်များ စသည်ဖြင့် ကဏ္ဍစုံလင်စွာ ရှိသည်။ အာကာသဈေးကွက်တွင် ရရှိနိုင်သမျှ အရာအားလုံးနီးပါးကို ဤနေရာတွင် တွေ့နိုင်ပေသည်။
ကျန်းမုန့်လောင်လည်း စစ်သင်္ဘောကဏ္ဍကို ဖွင့်လိုက်ပြီးနောက် အဆင့်ငါးမျိုးနွယ်စုများ၏ ကဏ္ဍအထိ လှန်ကြည့်လိုက်သည်။
ဘေးနားရှိ ကလာ့ခ်က ကျန်းမုန့်လောင်ကို စိုးရိမ်တကြီး ကြည့်နေချေသည်။ အကြောင်းမှာ ဖောက်သည်တစ်ယောက်၏ ဝယ်ယူနိုင်စွမ်းကို သူတို့ကြည့်ရှုနေသော ပစ္စည်းအမျိုးအစားမှတစ်ဆင့် အကြမ်းဖျင်းခန့်မှန်းနိုင်သောကြောင့်ပင်။
ကျန်းမုန့်လောင်က အရှေ့အပိုင်းများကို ကျော်ပြီး အဆင့်ငါးမျိုးနွယ်စုများကဏ္ဍသို့ လှန်လိုက်သည့်အခါ ကလာ့ခ်၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ရုတ်တရက် တောက်ပလာခဲ့သည်။
တကယ်တော့ ကလာ့ခ် ဤမျှ စိုးရိမ်နေရခြင်းကား ဤသည်မှာ သူ့အစ်မအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်နေသောကြောင့်ပင်။
တီလာ၏ရုပ်ရည်နှင့် အရောင်းကျွမ်းကျင်မှုအရဆိုလျှင် သူ(မ)၏စွမ်းဆောင်ရည်မှာ ထူးထူးခြားခြား ကောင်းမွန်လောက်သည်။
အမှန်တကယ်လည်း သူ(မ) အလုပ်စဝင်ချိန်တွင် အော်ဒါအကြီးကြီးများကို ဆက်တိုက်ရရှိခဲ့ပြီး ကော်မရှင်ခများစွာ ရခဲ့ဖူးသည်။
သို့သော် အချို့ဝယ်သူများက နောက်တစ်ဖန် ဝယ်ယူကြသောအခါတွင်မူ သူ(မ)လည်း အလွန်အကျွံ တောင်းဆိုမှုများကို စတင်ရင်ဆိုင်လာရသည်။ အစပိုင်းတွင် ဝယ်သူများနှင့်အတူ ထမင်းစားပေးရန် သို့မဟုတ် စကားပြောပေးရန်သာ ဖြစ်သော်ငြား နောက်ပိုင်းတွင်မူ အချို့ဝယ်သူများမှာ ညစ်ညမ်းသော တောင်းဆိုမှုများကို ပွင့်ပွင့်လင်းလင်းပင် ပြုလုပ်လာကြသည်။
ဤကဲ့သို့သော ကိစ္စရပ်များကိုမူ မည်သည့်မျိုးနွယ်စုတွင်မဆို ရှောင်လွှဲ၍ မရနိုင်ပေ။
သို့သော် တီလာက ကိုယ်ကျင့်တရားခိုင်မာသူဖြစ်လေရာ ဝယ်သူများကို စိတ်ခုအောင်လုပ်မိခဲ့သည်။ ကုမ္ပဏီက သူ(မ)အား ပေးအပ်ထားသော အရင်းအမြစ်များ လျော့နည်းလာပြီး သူ(မ)၏ စွမ်းဆောင်ရည်လည်း ကျဆင်းလာခဲ့သည်။ ယခုလို ရှားပါးလှသော ပြပွဲတွင်ပင် သူ(မ)၏ ဆိုင်ခန်းမှာ အဆိုးဝါးဆုံးနေရာတွင် နေရာချခံခဲ့ရသည်။
ယခုတစ်ကြိမ်တွင် လူတိုင်းမှာ အလွန်မြင့်မားသော တားဂတ်များကို ပြည့်မီရန် လိုအပ်ပေသည်။ အကယ်၍ သူ(မ)သာ မပြည့်မီပါက အလုပ်ပြုတ်တော့မည်သာ။ ထို့ကြောင့် ကလာ့ခ်က သူ့အစ်မအတွက် အရောင်းအဝယ်ရစေရန် အတတ်နိုင်ဆုံး ကူညီပေးနေခြင်းပင်။
ကျန်းမုန့်လောင်မှာ အဆင့်တစ်မျိုးနွယ်စုက ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မျှော်လင့်ချက် သိပ်မရှိခဲ့သော်လည်း ယခုလိုအဆင့်မြင့်ပစ္စည်းများကို ကြည့်နေခြင်းမှာ ကလာ့ခ်၏ မျှော်လင့်ချက်ကို ပြန်လည်နိုးထစေခဲ့သည်။
"ကြည့်ရုံသက်သက်ပဲတော့ မဟုတ်ဘူးမလား"
ခဏအကြာတွင် ကျန်းမုန့်လောင်သည် အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်မျိုးနွယ်စုကဏ္ဍများကို ကျော်ပစ်လိုက်သည်။
ဤလုပ်ရပ်ကြောင့် ကလာ့ခ်ခမျာ စိတ်ပျက်သွားပြန်သည်။ အကယ်၍ ကျန်းမုန့်လောင်အနေနှင့် အခြေခံမျိုးနွယ်စုကဏ္ဍကို ဖွင့်ကြည့်ပါက ဝယ်နိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း အဆင့်ငါးထိပ်တန်းစစ်သင်္ဘောများ၏ အပေါဆုံးဈေးပင်လျှင် အမှောင်ဒင်္ဂါး ၁၀ဘီလီယံနှင့် ညီမျှသော ကြယ်ပွင့်တစ်ပွင့်မှ စပေသည်။
ဤသည်မှာ မည်သည့်လက်နက်မှ မတပ်ဆင်ရသေးသော စစ်သင်္ဘောသက်သက်သာ ဖြစ်ပြီး အကယ်၍ အကောင်းဆုံးစနစ်များ တပ်ဆင်မည်ဆိုပါက ဈေးနှုန်းမှာ အနည်းဆုံး၅၀ရာခိုင်နှုန်းခန့် ထပ်တိုးသွားမည် ဖြစ်၏။
စကြဝဠာကုန်သွယ်ရေးဈေးကွက်တွင် ဤဈေးနှုန်းဖြစ်သော်လည်း ယခုလိုအရောင်းအဝယ်ဈေးကွက်တွင်မူ တိုက်ခိုက်ရေးစွမ်းရည်ရှိသော အဆင့်ငါးထိပ်တန်းစစ်သင်္ဘောတစ်စင်းရရန် အမှောင်ဒင်္ဂါး၂၀ဘီလီယံအောက် လျော့မည်မဟုတ်ပေ။
"ဒါကြီးက ရုပ်ဆိုးလိုက်တာ။ ဘယ်သူက ဝယ်မှာလဲ"
"ဝိုး... ဒါလေးကတော့ တော်တော်မိုက်တယ်"
ကျန်းမုန့်လောင်သည် အွန်လိုင်းမှ ပစ္စည်းမှာယူနေသည့်အလား စစ်သင်္ဘောအမြောက်အမြားကို လျှောက်ကြည့်နေချေသည်။
"သူ အာကာသယာဉ်ဝယ်ဖို့ လာတာဟုတ်ရဲ့လား"
တီလာပင် ကလာ့ခ်ကို မဝံ့မရဲမေးလိုက်သည်။
ယခုအချိန်တွင် ကျန်းမုန့်လောင်သည် အဆင့်ငါးထိပ်တန်းစစ်သင်္ဘောများကို ကျော်လွန်၍ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုများ၏ စစ်သင်္ဘောကဏ္ဍသို့ ရောက်ရှိသွားပြီဖြစ်၏။ ဤနေရာတွင် ကြမ်းခင်းဈေးကပင် အမှောင်ဒင်္ဂါး၁၀၀ဘီလီယံအထိ ရှိနေချေပြီ။
အဆင့်ငါးအမြင့်ဆုံးအဆင့်သို့ ရောက်ရှိထားသော မျိုးနွယ်စုများမှာ မများလှသဖြင့် သင်္ဘောအမျိုးအစားလည်း နည်းပါးသည်။ ခေတ်နောက်ကျသွားသော ပုံစံများကို ဖယ်ထုတ်လိုက်ပါက အမျိုးအစားပေါင်း ၂၀၀၀ကျော်သာ ရှိသည်။
"ဒါလေးက တော်တော်ကောင်းသားပဲ"
ကျန်းမုန့်လောင်သည် အင်အားအကောင်းဆုံး စက်မှုမျိုးနွယ်စုက ထုတ်လုပ်ထားသော 'ဝမ်ဒါရာ'ဟု ခေါ်သည့် စစ်သင်္ဘောတစ်စင်းကို ရွေးချယ်လိုက်သည်။ ထိုစစ်သင်္ဘော၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လက်ရှိဈေးကွက်ထဲရှိ အဆင့်ငါးအမြင့်ဆုံးစံချိန်မီသင်္ဘောများထက် ၂၀ရာခိုင်နှုန်းမက ပိုအားကောင်းသည်။
"ဒါ လက်ကျန်ရှိလား"
ကျန်းမုန့်လောင်က ဝမ်ဒါရာကို ညွှန်ပြပြီး မေးလိုက်သည်။
"လူကြီးမင်းက... ဝမ်ဒါရာကို ဝယ်မလို့လား"
တီလာနှင့် မောင်ဖြစ်သူမှာ မယုံကြည်နိုင်လေဟန် မျက်နှာထားများ ဖြစ်သွားကြသည်။ အင်အားအကြီးဆုံးအဆင့်ငါးအမြင့်ဆုံးစစ်သင်္ဘောများထဲမှ တစ်စင်းဖြစ်သည့် ဝမ်ဒါရာ၏ ဈေးနှုန်းမှာ လူကို သက်ပြင်းချမိစေသည်အထိ မြင့်မားလှပေသည်။
အခြေခံလက်နက်များသာ တပ်ဆင်ထားသော ဝမ်ဒါရာ၏ အခြေခံဈေးနှုန်းမှာ အမှောင်ဒင်္ဂါး၄၉၉.၉ဘီလီယံ ဖြစ်ပြီး အဆင့်အမြင့်ဆုံးစနစ်များ တပ်ဆင်ပါက အံ့ဩဖွယ်ကောင်းလောက်အောင် ၁၂၉၉.၉ဘီလီယံအထိ ရှိပေသည်။
"ငါက အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုအဆင့်ရှိတဲ့ တပ်ဖွဲ့တစ်ခုဖွဲ့ဖို့ စီစဉ်ထားတာ"
ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဒါ... ဒါက..."
မောင်နှမနှစ်ယောက်လုံး ဆွံ့အသွားကြသည်။ လမ်းဘေးတွင် ကြုံရာလူတစ်ယောက်ကို ခေါ်လာခဲ့မိရာမှ ဒိတ်ဒိတ်ကြဲသူဌေးကြီးတစ်ယောက်ကို တွေ့လိုက်ရခြင်းလေလော။
စံနှုန်းမီအဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု တပ်ဖွဲ့တစ်ခုတွင် အဆင့်ငါးအမြင့်ဆုံးစစ်သင်္ဘော အစင်း၂၀၀နှင့် အဆင့်ငါးအဆင့်မြင့်စစ်သင်္ဘော အစင်း၂၀၀၀ပါဝင်ရမည်ဖြစ်၏။
ဝမ်ဒါရာကို ပင်မတိုက်ခိုက်ရေးသင်္ဘောအဖြစ် အသုံးပြုထားသော တပ်ဖွဲ့တစ်ခုအတွက် အနိမ့်ဆုံးစနစ်များဖြင့် တပ်ဆင်လျှင်ပင် အမှောင်ဒင်္ဂါး ၂၀ထရီလီယံခန့် လိုအပ်ပေမည်။
***********************
အခန်း ၈၇၅ - ဒီစံနှုန်းနဲ့ပဲ အော်ဒါ၁၀၀တင်ပေးပါ
တီလာမောင်နှမနှင့် ယှဉ်လိုက်လျှင် ဂါနေးကတော့ အလွန်တည်ငြိမ်နေပုံရသည်။ ကျန်းမုန့်လောင် ဤကဲ့သို့သော အရာများကို ဝယ်ယူနေခြင်းမှာ ပုံမှန်ကိစ္စတစ်ခုလိုပင်။ သူက S9အဆင့်ရှိ သတ္တုတုံးတစ်တုံးကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
နောက်နေခြင်းမဟုတ်ပေ။ အဆင့်ခြောက် သက်ရှိပေါင်းသောင်းဂဏန်းက ကျန်းမုန့်လောင်၏ စွမ်းအင်ဆေးလုံးများနှင့် နတ်စွမ်းအင်ဆေးလုံးများကို ရူးမတတ်လုယက်နေခဲ့ကြသည်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သာမန်ဝယ်ယူမှုတစ်ခုမျှဖြင့် အမှောင်ဒင်္ဂါးထရီလီယံရာဂဏန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကတ်တစ်ခုကို အလွယ်တကူ ဖန်တီးလိုက်လျှင်ပင် အမှောင်ဒင်္ဂါးထရီလီယံ သောင်းနှင့်ချီပြီး ကုန်ကျနိုင်သည်။
သူ့ခန့်မှန်းချက်အရ ကျန်းမုန့်လောင် ဆိုင်ဖွင့်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမှောင်ဒင်္ဂါး အနည်းဆုံး ထရီလီယံဆယ်ဂဏန်းခန့် ရရှိခဲ့ပြီး ထရီလီယံသောင်းဂဏန်းအထိပင် ရှိနိုင်ပေသည်။ သတ္တုဝယ်ယူစဉ်က မျက်တောင်တစ်ချက်မခတ်ဘဲ အမှောင်ဒင်္ဂါးထရီလီယံအနည်းငယ်ကို အသာလေး ထုတ်သုံးခဲ့သေးသည်။ တပ်ဖွဲ့တစ်ခု၏ တန်ဖိုးမှာ အမှောင်ဒင်္ဂါးထရီလီယံ၂၀၀သာ ရှိ၏။ ဤပမာဏမှာ ကျန်းမုန့်လောင်အတွက်တော့ ဘာမှမပြောပလောက်ပေ။
တီလာ၏ အကြည့်များက ဂါနေး၏ လက်ထဲရှိ သတ္တုလုံးဆီသို့ ကျရောက်သွားသည်။ အရည်အချင်းပြည့်မီသော လက်နက်အရောင်းဝန်ထမ်းတစ်ဦးအနေနှင့် သူ(မ)သည် စက်ကိရိယာအမျိုးမျိုး၏ စွမ်းဆောင်ရည်နှင့် ပစ္စည်းများအကြောင်း အလွန်ကျွမ်းကျင်ပြီး သူ(မ)သယ်ဆောင်ထားသော ကိရိယာကလည်း သတင်းအချက်အလက်အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိပေသည်။
သူ(မ)၏ ဉာဏ်ရည်တုစနစ်က ယခုလေးတင် သူ(မ)ကို သတင်းပို့လိုက်သည်။ သူ(မ)၏ မောင်ဖြစ်သူနှင့် သက်တူရွယ်တူခန့်ရှိမည့် ဤကောင်လေးက S9အဆင့်ရှိ သတ္တုတုံးကို သရေစာမုန့်တစ်ခုလို စားနေသတဲ့။
ဤသတ္တု၏ နံပါတ်မှာ ZY1101ဖြစ်ပြီး လူပုကြယ်ဖြူတစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်အထိ သိပ်သည်းဆ မြင့်မားသည်။ အတုံးသေးသေးလေး တစ်တုံးကပင် တန်ချိန်လေးခန့်ရှိပြီးဈေးနှုန်းမှာ တစ်ဂရမ်လျှင် အမှောင်ဒင်္ဂါး ၃၂ပြားခန့် ရှိချေသည်။
ဤကလေး ဘာကြောင့် သတ္တုကို စားနေရသလဲဆိုသည်ကို သူ(မ) နားမလည်သော်ငြား တစ်လုတ်စားလိုက်ရုံဖြင့် အမှောင်ဒင်္ဂါးဘီလီယံတစ်ထောင်ကျော် ကုန်သွားပြီဖြစ်၏။
သူတို့ ဤနေရာသို့ ရောက်လာချိန်ကစပြီး ယခုအချိန်အထိ သူသည် သတ္တုတုံးငါးတုံး ခြောက်တုံးခန့်ကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်ပြီးနေလေပြီ။
အကယ်၍ ယခင်စားခဲ့သည့် အရာများကလည်း ZY1101အမျိုးအစား သတ္တုများသာ ဖြစ်နေမည်ဆိုပါက သူသည် အမှောင်ဒင်္ဂါးဘီလီယံပေါင်းများစွာကို စားပစ်လိုက်ခြင်းပင် ဖြစ်ရပေမည်။
"ဒီလူနှစ်ယောက်က ဘယ်သူတွေများလဲ"
ကျန်းမုန့်လောင်က အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဟု လေလုံးထွားခဲ့သော်ငြား လူတိုင်း ကြွားလုံးထုတ်နိုင်ကြသည်သာ။ တကယ်တမ်း စမ်းသပ်ရမည်မှာ အော်ဒါတင်သောအခါ တကယ်ပိုက်ဆံရှင်းနိုင်မလားဆိုခြင်းပင်။
သို့သော် ယခုအခါတွင်မူ သူတို့သည် ဤလူရွယ်မှာ ထူးခြားသူဖြစ်ကြောင်း အနည်းငယ် ယုံကြည်လာကြဟန်တူသည်။ သတ္တုကို စားပြီး တစ်လုတ်ကို အမှောင်ဒင်္ဂါး ဘီလီယံချီပြီး အကုန်အကျခံနိုင်သည့် လူစားမျိုးကို ဘယ်သူများ မြင်ဖူးလေသလဲ။ ဤလူစားမျိုးက ဘယ်လောက်တောင် ချမ်းသာနေလေမလဲ။
"လူကြီးမင်း... ဝမ်ဒါရာစစ်ယာဉ်တန်းကို ဝယ်ချင်တာ သေချာလားရှင့်"
တီလာက နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်သည်။
"ဈေးနှုန်းက နည်းနည်းမြင့်နေလို့။ ပြန်တွက်ချက်ကြည့်ဖို့ မလိုဘူးလား"
"အင်း... ငါ ပြန်တွက်သင့်တယ်"
ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီအပြင်အဆင်က အဆင့်အရမ်းနိမ့်နေတယ်။ ငါ့စတိုင်နဲ့ မကိုက်ဘူး။ မင်းတို့ဆီမှာ တခြားအပြင်အဆင်တွေ ရှိသေးလား"
တီလာ အံ့အားသင့်သွားချေသည်။
သူ ဘာကိုဆိုလိုတာလဲ။ ဒီတပ်ဖွဲ့ရဲ့အပြင်အဆင်က ဈေးအရမ်းပေါလွန်းတယ်လို့ ထင်နေတာလား။
"လူကြီးမင်း... ဒါက အခြေခံလက်နက်အပြင်အဆင်တစ်ခုပါ။ ကျွန်မတို့ဆီမှာ တပ်ဖွဲ့အပြင်အဆင်၁၂မျိုးရှိပြီး တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံးကို ရွေးချယ်မယ်ဆိုရင်တော့ ဈေးနှုန်းက နည်းနည်းပိုများသွားပါလိမ့်မယ်"
"ငါ တစ်ချက်လောက် ကြည့်လို့ရမလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဒီမှာကြည့်လိုက်ပါ... ဝမ်ဒါရာစစ်သင်္ဘော အစင်း၂၀၀အပြင် အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုစစ်သင်္ဘော အစင်း၂၀၀၀နဲ့လည်း တွဲဖက်ပေးထားပါတယ်။ ဒါတွေကတော့ ကျွန်မတို့ရောင်းချနေတဲ့ တပ်ဖွဲ့အမျိုးအစား ၁၂မျိုးရဲ့ စွမ်းဆောင်ရည် အပြင်အဆင်တွေပါ။ လူကြီးမင်းရထားတဲ့ ဈေးနှုန်းက အခြေခံဈေးနှုန်းပါ။ ကြမ်းခင်းဈေးက အမှောင်ဒင်္ဂါး ၅၀ဘီလီယံ ဖြစ်ပါတယ်"
"စစ်သင်္ဘောအစင်း၂၀၀၀လုံးကို ဝမ်ဒါရာ သင်္ဘောတွေအဖြစ် ပြင်လို့ရမလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။ တပ်ဖွဲ့တစ်ခုလုံးက ဤကဲ့သို့ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုသင်္ဘောချည်းသာဆိုလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ပို၍ပင် အထင်ကြီးစရာ ကောင်းလာမည် မဟုတ်လောဟု သူ တွေးလိုက်မိသည်။ သူကလည်း ပိုက်ဆံပြတ်လပ်နေသူ မဟုတ်ချေ။
"အကုန်လုံးကို ဝမ်ဒါရာသင်္ဘောတွေချည်းပဲ လုပ်မယ် ဟုတ်လား"
တီလာ၏ အသံမှာ အနည်းငယ် တုန်ယင်နေချေသည်။ ဤသည်မှာ ငွေကြေးဖြုန်းတီးခြင်းပင်။ ငွေကြေးဖြုန်းတီးပစ်ခြင်းပင်။
ထိုကဲ့သို့သော အပြင်အဆင်မျိုးဆိုလျှင် အခြေခံဈေးနှုန်းကတင် အမှောင်ဒင်္ဂါး ၂.၂ထရီလီယံ ရှိမည်ဖြစ်ရာ ထိုပမာဏမှာ အဆင့်နိမ့် အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ဝယ်ယူရန်ပင် လုံလောက်နေလေပြီ။
သူတို့ ဤမျှအထိ ချမ်းသာနေမှတော့ အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ဝယ်ပစ်လိုက်ပြီး ပုံမှန်လမ်းကြောင်းများကတစ်ဆင့် တပ်ဖွဲ့များကို ဝယ်လိုက်ရုံပင်။ တီလာခမျာ ဘာပြောရမှန်းပင် မသိတော့ချေ။
"လူကြီးမင်း.. ဒီလိုအပြင်အဆင်မျိုးက အသင့်တော်ဆုံးတော့ မဟုတ်ပါဘူး"
တီလာက ရှင်းပြသည်။
"ကျွန်မတို့ရဲ့ ပက်ကေ့ချ်အပြင်အဆင်တွေမှာ လုပ်ဆောင်ချက်အမျိုးမျိုးရှိတဲ့ စစ်သင်္ဘောတွေ ပါဝင်ပါတယ်။ အကောင်းဆုံးတိုက်ခိုက်ရေးစွမ်းရည်ကို ရရှိဖို့အတွက် တပ်ဖွဲ့တစ်ခုမှာ လုပ်ဆောင်ချက်အမျိုးမျိုးရှိတဲ့ စစ်သင်္ဘော အပြင်အဆင်တွေ လိုအပ်ပါတယ်"
"ဒါလည်း ဟုတ်တာပဲ"
League of Legendsဂိမ်းနှင့်တူသည်ဟု တွေးကာ ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ ထောက်ပံ့ရေးဇာတ်ကောင်များက AD carries သိုမဟုတ် အထက်လမ်းများလောက် မသန်မာသည်မှာ သိသာလှသည်။ သို့သော် ထိုကြေးစားအသင်းများက ထောက်ပံ့ရေးဇာတ်ကောင်များနေရာမှာ တိုက်ခိုက်ရေး အမျိုးအစား ဇာတ်ကောင်များနှင့် ဘာကြောင့် အစားမထိုးကြသလဲ။
ရှင်းနေပေသည်။ တိုက်ပွဲတစ်ခုတွင် တိုက်ခိုက်ရေးဟီးရိုး နောက်တစ်ကောင်ကို ထပ်ထည့်ခြင်းထက် ထောက်ပံ့ရေးသမားတစ်ကောင်၏အသုံးဝင်မှုက ပိုအားကောင်းသောကြောင့်ပင်။
စစ်ပွဲများတွင်လည်း ဤသဘောတရားအတိုင်းပင်။
"ဒါဆိုရင်လည်း မင်းရဲ့အစီအစဉ်ကိုပဲ သဘောတူပါတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"အကောင်းဆုံးအပြင်အဆင်ကိုသာ ပြပေးပါ။ အမြင့်ဆုံးအဆင့်မှမဟုတ်ရင် ငါ စိတ်မအေးလို့"
"ဟုတ်ကဲ့ပါ လူကြီးမင်း"
တီလာသည် အချက်အလက်စာမျက်နှာတစ်ခုကို ပွတ်ဆွဲလိုက်သည်။
"ဒါတွေကတော့ ဝမ်ဒါရာအတွက် အထူးထုတ်လုပ်ထားတဲ့ အထောက်အကူပြုစစ်သင်္ဘောနဲ့ ဒုတိယတိုက်ခိုက်ရေး စစ်သင်္ဘောတွေပါ။ ဝမ်ဒါရာကို ဒီဇိုင်းဆွဲခဲ့တဲ့ မျိုးနွယ်စုကပဲ အသေးစိတ် တွက်ချက်မှုတွေ ပြုလုပ်ပြီး စီစဉ်ပေးထားတာပါ။ သင်္ဘောအစင်း၂၀၀၀ အတွက် စုစုပေါင်းဈေးနှုန်းက အမှောင်ဒင်္ဂါး ၂၄၀ထရီလီယံ ဖြစ်ပါတယ်"
"လူကြီးမင်းလိုချင်တဲ့ ဝမ်ဒါရာသင်္ဘော အစင်း၂၀၀ကိုပါ ပေါင်းထည့်လိုက်ရင် စုစုပေါင်းဈေးနှုန်းက ၃၄၀ထရီလီယံနီးပါး ဖြစ်သွားပါ့မယ်"
"အဲဒါက အခြေခံဆောက်လုပ်ခအတွက် ဈေးနှုန်းလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေခံဆောက်လုပ်ခဈေးနှုန်းဆိုရင်တောင် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အလားတူအပြင်အဆင်မျိုးရှိတဲ့ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုတပ်ဖွဲ့တစ်ခုထက် ၁.၂ ဆမက ပိုများပါတယ်"
"ငါက အကောင်းဆုံးစက်ပစ္စည်းတွေကို လိုချင်တာ။ ဈေးနှုန်းအတွက်တော့ မင်း စိတ်ပူစရာမလိုပါဘူး"
"ဟုတ်ကဲ့ပါ လူကြီးမင်း"
တီလာသည် စနစ်အပြင်အဆင်ကို လျင်မြန်စွာ အဆင့်မြှင့်တင်လိုက်သည်။
"စွမ်းအင်ကိရိယာတွေနဲ့ လက်နက်စနစ်အပြင်အဆင်တွေကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ထားပါတယ်။ အာကာသဖြတ်လမ်းကိရိယာ လိုအပ်သေးလားရှင့်။ အဲဒါက လူကြီးမင်းရဲ့တပ်ဖွဲ့ကို အလင်းနှစ် ၅၀ဘီလီယံအတွင်းမှာရှိတဲ့ ဘယ်တိုက်ပွဲနယ်မြေကိုမဆို ချက်ချင်းရောက်သွားစေနိုင်ပါတယ်။ အာကာသဖြတ်လမ်းကို အသက်သွင်းဖို့အတွက် စွမ်းအင်ကိရိယာဆယ်ခုကို ကျွန်မတို့ဘက်က အခမဲ့ပေးမှာပါ။ ကုန်ကျစရိတ်ကတော့ အမှောင်ဒင်္ဂါး ၅၀ထရီလီယံ ထပ်တိုးပါ့မယ်"
"တပ်လိုက်။ အဲဒါ တပ်လိုက်"
"ငါ့ကို မမေးနဲ့တော့။ အကုန်လုံးသာ တပ်ဆင်လိုက်။ ငွေရေးကြေးရေက ပြဿနာမဟုတ်ဘူး"
နာရီဝက်ခန့် တွက်ချက်ပြီးနောက် နောက်ဆုံးတွင်မူ တီလာသည် နောက်ဆုံးဈေးနှုန်းစာရင်းကို အပြီးသတ်နိုင်သွားသည်။
"လူကြီးမင်း... ကျွန်မ တပ်ဖွဲ့ကို အမြင့်ဆုံးစံသတ်မှတ်ချက်တွေနဲ့ အပြင်အဆင်လုပ်ပေးထားပြီး အာမခံနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေကိုလည်း အမြင့်ဆုံးစံနှုန်းနဲ့ ဝယ်ယူပေးထားပါတယ်။ ကြိုတင်အော်ဒါဈေးနှုန်းစုစုပေါင်းက အမှောင်ဒင်္ဂါး၇၃၁ထရီလီယံပါ။ လက်ငင်းဈေးနှုန်း စုစုပေါင်းကတော့ အမှောင်ဒင်္ဂါး၁၀၂၃ထရီလီယံ ဖြစ်ပါတယ်"
"ငါက အလျင်လိုနေတာ။ အဲဒီတော့ လက်ငင်းဈေးကိုပဲ လိုချင်တယ်"
ကျန်းမုန့်လောင်က စဉ်းစားမနေဘဲ ပြောချလိုက်သည်။
"ကျွန်မ လျှော့ဈေးနည်းနည်း ပေးလို့ရပါတယ်။ အမှောင်ဒင်္ဂါး ၁၀၀၀ထရီလီယံလောက်ဆိုရင် အဆင်ပြေနိုင်ပါတယ်"
တီလာ၏ရင်ခုန်သံများ တဒိန်းဒိန်းခုန်နေချေသည်။
အကယ်၍ ဤအရောင်းအဝယ်သာ အောင်မြင်သွားခဲ့လျှင် သူ(မ)အနေနှင့် အခြေခံအရောင်းတားဂတ်ကို ပြည့်မီရုံသာမက အလုပ်ပြုတ်မည့်အရေးကလည်း လွတ်ကင်းမည်ဖြစ်ပြီး အရောင်းချန်ပီယံနေရာအတွက်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ယခုနှစ် အရောင်းချန်ပီယံဆုအတွက် ကုမ္ပဏီ၏ဆုကြေးမှာ အရောင်းမန်နေဂျာရာထူးသို့ ရာထူးတိုးမြှင့်ပေးခြင်းပင်။ ထိုအဆင့်သို့ရောက်လျှင် ရွံရှာဖွယ်ကောင်းသော ထိုဖောက်သည်များနှင့် ပြန်လည်ရင်ဆိုင်ရသည့်တိုင် သူ(မ)အနေနှင့် ယုံကြည်မှုရှိရှိ ငြင်းဆန်နိုင်လေပြီ။
"ကောင်းပြီ။ ဒီစံနှုန်းနဲ့ပဲ သွားကြတာပေါ့"
ကျန်းမုန့်လောင် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော တပ်ဖွဲ့အပြင်အဆင်မျိုးက စကြဝဠာမျိုးနွယ်စုတစ်ခုလုံးမှာပင် အထင်ကြီးလောက်စရာဟု သတ်မှတ်နိုင်သည်မဟုတ်လော။
"လူကြီးမင်း... ဒါဆို ကျွန်မ လူကြီးမင်းအတွက် အော်ဒါတင်လိုက်ရတော့မလား"
တီလာက သတိထား၍ မေးလိုက်သည်။
"ကျွန်မတို့ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေအရ လူကြီးမင်းအနေနဲ့ ၃၀ရာခိုင်နှုန်းကို ကြိုတင်ပေးချေရပါမယ်..."
"နေဦး"
ကျန်းမုန့်လောင်က ဆိုလေသည်။
"အော်ဒါတင်မယ်လို့ ငါ တစ်ခွန်းမှမပြောရသေးဘူးလေ"
"ရှင်"
တီလာ မဲ့ပြုံးပြုံးလိုက်သည်။
ဒီဖောက်သည်က တကယ်ဝယ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးထင်ပါရဲ့။
သူ(မ)၏စိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားသော်လည်း အပြင်သို့ ထုတ်မပြရဲပေ။
တကယ်တမ်းတွင် ဤကိစ္စမျိုးက ခဏခဏ ဖြစ်တတ်သော်ငြား ဤတစ်ကြိမ်မှာမူ မျှော်လင့်ချက်က အလွန်ကြီးမားလွန်းခဲ့သောကြောင့် စိတ်ပျက်မှုကလည်း ထပ်တူကြီးမားလှသည်။
"လူကြီးမင်းက တခြားနေရာတွေကို သွားကြည့်ဦးမလို့လား"
တီလာက ကျန်းမုန့်လောင်ကို ထွက်ပေါက်ပေးသည့်အနေနှင့် မေးလိုက်သည်။ ယေဘုယျအားဖြင့် ဝယ်ယူရန် ရည်ရွယ်ချက်မရှိသော ဖောက်သည်များမှာ ထိုကဲ့သို့သော အကြောင်းပြချက်မျိုးကို အသုံးပြုလေ့ရှိရာ အခြေအနေလည်း သိပ်နေရခက်တော့မည် မဟုတ်ပေ။
လက်နက်အရောင်းအဝယ်ကို သူတို့တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားခြင်းမျိုး မဟုတ်ပေ။ ကုမ္ပဏီပေါင်းစုံကလာသည့် လက်နက်ပြခန်းအများကြီး ရှိသေးသည်။ သူတို့ကုမ္ပဏီက အသစ်စက်စက် စက်ပစ္စည်းများကို အဓိကထား၍ ရောင်းချပြီး တချို့ကုမ္ပဏီများကတော့ တိုက်ပွဲတွင် ပျက်စီးသွားသော တစ်ပတ်ရစ်များကို ပြန်လည်ရောင်းချကြသည်ဖြစ်ရာ တစ်ဖက်လူများအနေနှင့် ဈေးနှုန်းအရ အသာစီးရထားကြသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါပြောချင်တာက အဲဒီလိုမဟုတ်ဘူး"
ကျန်းမုန့်လောင် ခေါင်းယမ်းလိုက်သည်။
"အဲဒီစံနှုန်းမီတပ်ဖွဲ့ကို အဖွဲ့ပေါင်း၁၀၀လောက် အော်ဒါတင်ပေးခိုင်းမလို့"
*********************
အခန်း ၈၇၆ - သူ လန့်သေသွားလောက်တယ်
"ရှင်... ရှင် ဘာပြောလိုက်တာလဲ။ တပ်ဖွဲ့၁၀၀ ဟုတ်လား။ ဒီအရွယ်အစားရှိတဲ့ တပ်ဖွဲ့၁၀၀ကို လိုချင်တာလား"
တီလာက မျှော်လင့်ချက်ကို လက်လွှတ်လိုက်ပြီဖြစ်ရာ ကျန်းမုန့်လောင်က သူ(မ)တို့မောင်နှမကို လာနောက်နေသလားဟုပင် သံသယဝင်သွားသည်။
သို့သော် အခြေအနေ ရုတ်ခြည်းပြောင်းလဲသွားခြင်းကြောင့် သူ(မ) အံ့အားသင့်သွားရသည်။ ဤအဆင့်အတန်းမျိုးရှိသည့် တပ်ဖွဲ့၁၀၀သာ လိုအပ်မည်ဆိုလျှင် ကုန်ကျစရိတ်ကလည်း အမှောင်ဒင်္ဂါးတစ်ဆယ်ထရီလီယံထက်ပင် ကျော်လွန်သွားလိမ့်မည်။
ဘယ်လိုမျိုးနွယ်စုကများ ဤအဆင့်ရှိသည့် တပ်ဖွဲ့ကို ပိုင်ဆိုင်ထားလေသလဲ။ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုတစ်ခုအတွက်ပင် ဤတပ်ဖွဲ့မျိုးကို ဖွဲ့စည်းရန် အလွန်ခက်ခဲပေလိမ့်မည်။ ဤဖွဲ့စည်းပုံမျိုးကို တစ်ဒါဇင်နှစ်ဒါဇင်ခန့် တည်ဆောက်နိုင်သည့် အထူးချမ်းသာကြွယ်ဝလှသော မျိုးနွယ်စုများကတော့ ခြွင်းချက်ပင်။
ထိပ်တန်းအဆင့် ဝမ်ဒါရာတပ်ဖွဲ့၁၀၀ကို ပိုင်ဆိုင်ထားသော မျိုးနွယ်စုများဆိုလျှင် စကြဝဠာထဲရှိ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုများထဲမှာပင် အထက်တန်းလွှာများ ဖြစ်ကြသည်။ သူတို့နာမည်အောက်တွင် ထောင်ချီသော အဆင့်ငါးမျိုးနွယ်စုများ ရှိရပေမည်။ သို့မဟုတ်လျှင် ထိုတပ်ဖွဲ့ကြီး၏ နေ့စဉ်အသုံးစရိတ်များကိုပင် ထိန်းသိမ်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။
"လူကြီးမင်း တကယ်ပြောနေတာလား"
ရိုးရိုးသားသားပြောရလျှင် သူတို့၏ ရုံးချုပ်ပင် ဤမျှကြီးမားသော အော်ဒါမျိုးကို တစ်ကြိမ်တစ်ခါမှ လက်ခံခဲ့ဖူးခြင်း မရှိပေ။
ပုံမှန်အားဖြင့် မျိုးနွယ်စုတစ်ခုအနေနှင့် ဤမျှကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုကို ဖွဲ့စည်းလိုလျှင်ပင် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်အနည်းငယ်ကြာတိုင်း အော်ဒါများ ဆက်တိုက်မှာယူခြင်းကဲ့သို့သော ဖြည်းဖြည်းချင်း လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ရှိပေသည်။
ဤအဆင့်အတန်းရှိသော သင်္ဘောများအတွက် လုပ်ငန်းစဉ်များမှာ အလွန်ရှုပ်ထွေးပြီး ဝမ်ဒါရာတစ်စင်းတည်းကို တည်ဆောက်ရန်ပင် ပုံမှန်အားဖြင့် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်အထိ အချိန်ယူရသည်။ အကယ်၍ အပိုထပ်ဆောင်းအပြင်အဆင်များ လိုအပ်ပါက အချိန်ပိုကြာမြင့်မည်ဖြစ်၏။ စက်ရုံများရှိ ကုန်ထုတ်လုပ်မှုလိုင်းများကလည်း များပြားလှသည်မဟုတ်။ တစ်ကြိမ်တည်းနှင့် ရာဂဏန်းမျှ ထုတ်လုပ်ရခြင်းကပင် အလွန်ကျပ်တည်းလှချေပြီ။
တီလာသည် ကုမ္ပဏီ၏ လက်ရှိကုန်ပစ္စည်းလက်ကျန်ဖြင့် ဤမျှများပြားသော တပ်ဖွဲ့အစုအဝေးကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဟုပင် မသေချာတော့ပေ။
"စကြဝဠာတစ်ခုလုံးမှာ ထုတ်ဝေထားတဲ့ အမှောင်ဒင်္ဂါးတွေက အဲဒီလောက်မများလို့သာပေါ့။ မဟုတ်ရင် ငါက ထောင်နဲ့ချီပြီးတောင် လိုချင်တာ"
ကျန်းမုန့်လောင်က ဤတပ်ဖွဲ့မျိုးကို တစ်ရာတည်းသာ လိုချင်နေခြင်း မဟုတ်ပေ။ စကြဝဠာတစ်ခုလုံးတွင် ထုတ်ဝေထားသော အမှောင်ဒင်္ဂါးစုစုပေါင်းမှာ ထရီလီယံရာဂဏန်းမျှသာ ရှိသည်။ အကယ်၍ သူသာ ဤသို့သောတပ်ဖွဲ့တစ်ထောင်ကို လိုချင်ပါက အမှောင်ဒင်္ဂါး တစ်ရာထရီလီယံ လိုအပ်ပေလိမ့်မည်။ ဤသည်မှာ ထုတ်ဝေထားသော အမှောင်ဒင်္ဂါး စုစုပေါင်း၏ သုံးပုံတစ်ပုံ သို့မဟုတ် ထက်ဝက်ခန့်ပင် ကျသင့်သွားပေလိမ့်မည်။
ကျန်းမုန့်လောင်မှာ စွမ်းဆောင်ရည်ရှိလျှင်ပင် ဤကိစ္စမှာ အချိန်တိုအတွင်း အောင်မြင်နိုင်မည့်အရာ မဟုတ်ပေ။ မည်မျှဆွဲဆောင်မှုရှိစေကာမူ အခြားလူများက အမှောင်ဒင်္ဂါးအားလုံးကို လွယ်လွယ်ထုတ်ပေးကြမည်မဟုတ်။
"ငါ အသာမေးကြည့်မယ်။ စကြဝဠာဒင်္ဂါးတွေနဲ့ အရောင်းအဝယ် လုပ်လို့ရမလား။ တကယ်လို့ ရမယ်ဆိုရင်တော့ တပ်ဖွဲ့တစ်ထောင်လောက် အော်ဒါတင်ချင်လို့"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်စွာ မေးလိုက်သည်။
"လူကြီးမင်း...အဲဒါကတော့ တကယ်အဆင်မပြေပါဘူး"
တီလာခမျာ အံ့အားသင့်နေဆဲပင်။ ကျန်းမုန့်လောင်၏ မေးခွန်းကိုပင် ဖြေရန် မေ့တော့မတတ်ဖြစ်သွားသည်။
"ငွေကြေးစည်းမျဉ်းတွေကို ပွဲစီစဉ်သူတွေက သတ်မှတ်ထားတာပါ။ ကျွန်မတို့က တင်းတင်းကျပ်ကျပ် လိုက်နာရပါတယ်။ မဟုတ်ရင် ပြပွဲကနေ နှင်ထုတ်ခံရမှာပါ။ ကျေးဇူးပြုပြီး နားလည်ပေးပါရှင့်"
"ကောင်းပါပြီ။ ငါက ဒီအတိုင်း မေးကြည့်တာပါ"
ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်သည်။ အကယ်၍ သူသာ တပ်ဖွဲ့တစ်ထောင်ကို ရနိုင်ခဲ့လျှင် ဤစကြဝဠာထဲရှိ ဘယ်မျိုးနွယ်စုကများ ကမ္ဘာမြေကို အလွယ်တကူ ကျူးကျော်ရဲမည်နည်း။ ဤသည်မှာ ရွှေအဆင့်ကစားသမားတစ်ယောက်၏ ခွန်အားပင်။
"ပိုက်ဆံရှင်းမယ်"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"လူကြီးမင်း... ကျေးဇူးပြုပြီး ဒီဘက်ကို လိုက်ခဲ့ပေးပါရှင့်"
တီလာ၏ အသက်ရှူနှုန်းမှာ ပိုမိုမြန်ဆန်လာသည်။ ငွေပေးချေမှု ပြီးစီးသွားမှသာလျှင် အရောင်းအဝယ်တစ်ခုက အမှန်တကယ် အောင်မြင်ပြီးမြောက်မည်သာ။
ဝမ်ဒါရာတပ်ဖွဲ့တစ်ရာအတွက် အော်ဒါတစ်ခုပင်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော အော်ဒါမျိုးမှာ အနှစ်တစ်ထောင်အတွင်းမှာပင် ပေါ်လာချင်မှ ပေါ်လာမည်ဖြစ်၏။ အကယ်၍ ဤအော်ဒါသာ အောင်မြင်သွားပါက အရောင်းကြီးကြပ်ရေးမှူးရာထူးလေးသာမက အရောင်းဒါရိုက်တာရာထူးကိုပင် လက်လှမ်းမီနိုင်လောက်သည်။
သိထားသင့်သည်မှာ ဤအဆင့်သို့ရောက်လျှင် ပစ္စည်းများကို မည်မျှကောင်းမွန်စွာ ဝယ်ယူနိုင်သလဲဆိုသည့်အပေါ် မမူတည်တော့ဘဲ သင့်အချိတ်အဆက်စွမ်းရည်များကိုသာ ကြည့်ရှုရပေမည်။
ဤကဲ့သို့သော လုပ်ငန်းမျိုးမှာ ခိုင်မာသော အဆက်အသွယ်ကွန်ရက်တစ်ခု တည်ဆောက်ရန် လုံလောက်ပြီး အနာဂတ်တွင် ဖောက်သည်များ၏ ထပ်မံဝယ်ယူမှုများက ကုမ္ပဏီအတွက် ကြီးမားလှသော အကျိုးအမြတ်များကို ယူဆောင်လာမည်ဖြစ်ရာ ဤသည်မှာ ရေရှည်ရည်မှန်းချက်တစ်ခုပင်။
"မင်းတို့ကုမ္ပဏီရဲ့ အကောင့်နံပါတ်ပေးပါ"
"လူကြီးမင်း... ကျွန်မ အမြင့်ဆုံးလျှော့ဈေးအနေနဲ့ အမှောင်ဒင်္ဂါး ၉.၈ထရီလီယံအထိ ညှိနှိုင်းပေးနိုင်ပါတယ်။ ပြီးတော့ စပေါ်ငွေသုံးဆယ်ရာခိုင်နှုန်း ပေးသွင်းတာကို အခြေခံပြီး နှစ်တစ်ရာစာအခမဲ့အမှုထမ်းပက်ကေ့ချ်ကိုလည်း ပေးနိုင်ပါတယ်..."
"မလိုဘူး"
ကျန်းမုန့်လောင်က တီလာကို ဖြတ်ပြောလိုက်သည်။
"ငါက သူများဆီမှာ အကြွေးတင်တာ မကြိုက်ဘူး။ အဲဒါကြောင့် ဒီလိုစပေါ်ငွေတွေပေးဖို့ မလိုဘူး။ တစ်ခါတည်း အပြည့်ရှင်းလိုက်ရုံပဲ"
အမှောင်ဒင်္ဂါး၉.၈ထရီလီယံကို ကျန်းမုန့်လောင်က တီလာ၏ ကုမ္ပဏီအကောင့်သို့ တစ်ခါတည်းလွှဲပေးလိုက်သည်။
"ဝန်ထမ်းနံပါတ် MHY2555 သင့်ကုမ္ပဏီနှင့် ချိတ်ဆက်ထားသော အမှောင်ဒင်္ဂါးအကောင့်သို့ အမှောင်ဒင်္ဂါး၉.၈ထရီလီယံ ဝင်ရောက်လာပါပြီ"
တီလာ၏ မျက်ဝန်းလှလှများမှာ ချက်ချင်း တောက်ပလာသည်။ ကျန်းမုန့်လောင်၏စကားမှာ အမှန်ပင်တည်း။ အမှောင်ဒင်္ဂါး ၉.၈ထရီလီယံမှာ သူ(မ)၏အကောင့်ထဲသို့ တကယ်ရောက်လာခဲ့ချေပြီ။
ကလာ့ခ်ခမျာ လုံးဝဆွံ့အသွားသည်။ အဆင့်တစ်မျိုးနွယ်စုမှ ဖြစ်သည်ဟု ဆိုထားသော လူတစ်ယောက်က ဤမျှအထိ ကြွယ်ဝချမ်းသာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဒါ တကယ်ပဲ အဆင့်တစ်မျိုးနွယ်စု ဟုတ်ရဲ့လား။
သူက ပညာတတ်မဟုတ်သော်ငြား လာမလှည့်စားလေနှင့်။
"လူကြီးမင်း... ခင်ဗျားက အဆင့်တစ်မျိုးနွယ်စုက ဟုတ်လို့လား"
ကလာ့ခ်လည်း မနေနိုင်တော့သဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ ငါက စာပေဗဟုသုတ ကြွယ်ဝတဲ့လူပါ။ မင်းကို မညာပါဘူး"
"လူကြီးမင်း.. ကျွန်မ အခုချက်ချင်း အော်ဒါကို အတည်ပြုဖို့ လုပ်လိုက်ပါ့မယ်"
"နေဦး"
ကျန်းမုန့်လောင်က တီလာကို ပြန်ခေါ်လိုက်သည်။
"ငါ တခြားပစ္စည်းတွေကိုပါ ကြည့်ချင်သေးတယ်။ ဒီစစ်သင်္ဘောတွေအပြင် တခြားခပ်မိုက်မိုက်စစ်လက်နက်တွေရော မင်းတို့ဆီမှာ ရှိသေးလား"
"အတင့်ရဲပြီးမေးပါရစေ။ စစ်တိုက်ဖို့အတွက်လား။ ဒါမှမဟုတ် ကာကွယ်ရေးအတွက်လားရှင့်"
"ငါ့မျိုးနွယ်စုကို ကာကွယ်ဖို့ပါ။ ငါပြောခဲ့သလိုပဲ။ ငါ့မျိုးနွယ်စုက အဆင့်တစ်မျိုးနွယ်စုဆိုတော့ အရမ်းအားနည်းတယ်။ အဲဒါကြောင့် ခွန်အားသုံးပြီး ကာကွယ်ပေးဖို့လိုတယ်လေ"
တီလာလည်း ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။
ရှင်တို့ရဲ့ အဆင့်တစ်မျိုးနွယ်စုထဲမှာ ဘယ်လို ရတနာတွေများ မြှုပ်နှံထားလို့လဲ။ စိတ်မှန်တဲ့ ဘယ်သူကများ ဒီလိုတပ်ဖွဲ့မျိုးကို မြင်ပြီးတာတောင် ရှင်တို့ကို ကျူးကျော်ရဲမှာလဲ။ ဒီလောက်အဆင့်ရှိတဲ့ တပ်ဖွဲ့၁၀၀ကို စုဆောင်းနိုင်တဲ့ အဆင့်ငါးမျိုးနွယ်စုတွေဆိုရင် စကြဝဠာတစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရတယ်။ ဒါကိုတောင် ရှင်က မလုံလောက်သေးဘူးလို့ ထင်နေတုန်းလား။
"တကယ်လို့ ရှင်က ရှင့်မျိုးနွယ်စုကို ကာကွယ်ချင်တာဆိုရင် ပြင်ပကနေ ကျူးကျော်လာသမျှ အရာအားလုံးကို ကြိုတင်သတိပေးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုံလောက်တဲ့ အချိန်ရနိုင်စေတဲ့ ကာကွယ်ရေးစနစ်တစ်ခုကို ဝယ်ယူဖို့လည်း ကျွန်မတို့ အကြံပြုချင်ပါတယ်"
"ကောင်းပြီ။ အဲဒီစနစ်တစ်စုံ ပေးပါ။ အကောင်းဆုံးပဲလုပ်ပေး"
"လူကြီးမင်း... ဈေးနှုန်းကို မမေးတော့ဘူးလား"
ဤကဲ့သို့သော ဝယ်သူမျိုးကို တစ်ခါမှမကြုံဖူးသဖြင့် တီလာက မေးခွန်းထုတ်လိုက်သည်။
"ငါက ပစ္စည်းဝယ်ရင် ဘယ်တော့မှ ဈေးမမေးဘူး။ ဘာလို့လဲဆိုတော့ ငါ တကယ်ဝယ်နိုင်လို့ပဲ"
"ဒီစနစ်ရဲ့ဈေးနှုန်းက အမြင့်ဆုံးအပြင်အဆင်ကို အသုံးပြုပြီး လူကြီးမင်းရဲ့တပ်ဖွဲ့နဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ ခန့်မှန်းခြေ အမှောင်ဒင်္ဂါး ၈ကွာဒရီလီယံလောက် ကုန်ကျနိုင်ပါတယ်"
"ဒါဆို နှစ်စုံပေး"
"ဟင် နှစ်စုံလား"
"ရုတ်တရက် တစ်ခုခုချို့ယွင်းသွားရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ခုကို အရန်အဖြစ် သုံးလို့ရတာပေါ့"
မမျှော်လင့်ပါဘဲ ကျန်းမုန့်လောင်၏စကားကလည်း အကြောင်းပြချက် ခိုင်လုံနေသည်ဟု တီလာ ခံစားလိုက်ရသည်။ သူ(မ)အနေနှင့်လည်း ငြင်းစရာမရှိကြောင်း သိလိုက်ရသည်။
"ပြီးတော့ စစ်သင်္ဘောတွေက အရွယ်အစား ကြီးမားတာကြောင့် သူတို့ရဲ့လှုပ်ရှားနိုင်စွမ်းက နည်းနည်းတော့အားနည်းနိုင်ပါတယ်။ ကျွန်မတို့ဆီမှာ မော်ဒယ်အမျိုးမျိုးရှိတဲ့ စက်ရုပ်စစ်သည်တွေကိုလည်း ရောင်းချပေးပါတယ်။ ကြည့်ချင်သေးလားရှင့်"
"သောက်ကျိုးနည်း ကြည့်ရမှာပေါ့"
ဂန်ဒမ်ဝါသနာရှင်တစ်ယောက်အနေနှင့် ကျန်းမုန့်လောင်မှာ ဤကဲ့သို့သောအရာများကို ငြင်းပယ်နိုင်မည်မဟုတ်ပေ။ ယောက်ျားတိုင်း ငြင်းနိုင်မည်မဟုတ်။
စက်ရုပ်စစ်သည်များ၏ ဈေးနှုန်းမှာ စစ်သင်္ဘောများနှင့်ယှဉ်လျှင် အလွန်သက်သာသည်။ တီလာ၏အကြံပြုချက်အတိုင်း ကျန်းမုန့်လောင်သည် တပ်ဖွဲ့တစ်ခုစီအတွက် အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုမှ ထုတ်လုပ်သော စက်ရုပ်စစ်သည်၁၀၀၀စီကို ပြင်ဆင်လိုက်သည်။
ဤမျှအဆင့်မြင့်သော တပ်ဖွဲ့သည် စကြဝဠာတစ်ခုလုံးရှိ အဆင့်ငါးမျိုးနွယ်စုများ၏ ၉၉ရာခိုင်နှုန်းကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်နေပေပြီ။
"လူကြီးမင်း... လူကြီးမင်းရဲ့အော်ဒါကို အခုလေးတင် ကျွန်မ အတည်ပြုလိုက်ပါပြီ။ လောလောဆယ် ကျွန်မတို့ဆီမှာရှိတဲ့ ကုန်ပစ္စည်းလက်ကျန်က လူကြီးမင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါတယ်"
ကုန်ပစ္စည်းလက်ကျန်ကို စစ်ဆေးပြီးနောက် နောက်ဆုံးတွင်မူ တီလာ သက်ပြင်းချနိုင်သွားသည်။
"မင်းတို့ကုမ္ပဏီက တကယ်စွမ်းဆောင်ရည် ရှိသားပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။ ဤသည်မှာ အော်ဖီးယပ်စ်သတ္တုတူးဖော်ရေးအုပ်စုနှင့် ယှဉ်လျှင် အများကြီး ပိုယုံကြည်စိတ်ချရသည်။
"ငါတို့ အဆက်အသွယ်လိပ်စာတွေ ဖလှယ်ထားရအောင်။ နောက်ပိုင်း လိုအပ်တာတွေရှိရင် ငါ ထပ်ဆက်သွယ်လိုက်မယ်"
"အရမ်းကောင်းတာပေါ့"
တီလာလည်း အနာဂတ်တွင် ဤသို့သော အရောင်းအဝယ်ကြီးများ ထပ်ရှိလာနိုင်သဖြင့် ဤမျှချမ်းသာသော ဝယ်သူထံတွင် အဆက်အသွယ် မည်သို့ချန်ထားခဲ့ရမည်ကို တွေးတောနေခဲ့ခြင်းပင်။ မမျှော်လင့်ထားပါဘဲ ကျန်းမုန့်လောင်က စတင်ကမ်းလှမ်းလာသည်။
"လူကြီးမင်း... ဒီအသုတ်ကို စကြဝဠာရက်သုံးဆယ်အတွင်း လူကြီးမင်းအတွက် တပ်ဆင်ပေးနိုင်အောင် ကျွန်မတို့ စီစဉ်ပေးပါ့မယ်။ ဘယ်နေရာကို ပို့ပေးရမလဲရှင့်"
"နဂါးငွေ့တန်းဂလက်ဆီထဲက လာနီယာကီရား မျိုးနွယ်စုရဲ့ အမြွှာဝေလငါးစကြာဝဠာအင်ပါယာအောက်မှာရှိတဲ့ ကမ္ဘာမြေလို့ခေါ်တဲ့ အဆင့်တစ်မျိုးနွယ်စုဆီကို ပို့ပေးပါ။ အရင်ဆုံး အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ကုန်သွယ်ရေးဆိပ်ကမ်းကို ပို့ပေးလိုက်ပါ"
"ခဏစောင့်ပေးပါရှင့်"
တီလာသည် ကမ္ဘာမြေဟုခေါ်သော ဂြိုဟ်ကို ချက်ချင်း ရှာဖွေကြည့်လိုက်လေရာ အမှန်စင်စစ် အဆင့်တစ်မျိုးနွယ်စုပိုင် ဂြိုဟ်တစ်လုံးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထို့ပြင် သူတို့၏ အထက်တန်းအဆင့် အမြွှာဝေလငါးစကြာဝဠာအင်ပါယာကလည်း အခြေခံအဆင့်ငါးမျိုးနွယ်စုအဆင့်တွင်သာ ရှိပေသည်။ အကယ်၍ ကျန်းမုန့်လောင်သာ ထိုမျိုးနွယ်စုကို သိမ်းပိုက်လိုပါက တပ်ဖွဲ့တစ်ဖွဲ့လွှတ်လိုက်ရုံဖြင့် ရက်အနည်းငယ်အတွင်း မျိုးနွယ်စုတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ပေလိမ့်မည်။
ဤစကြာဝဠာအင်ပါယာ၏ အုပ်စိုးရှင်အနေနှင့် အခြေအနေကို သိထားပါစေဟုသာ မျှော်လင့်ရသည်။ သို့မဟုတ်ပါက ကုန်ပစ္စည်းပို့ဆောင်ချိန်တွင် သူ လန့်ပြီး သတိလစ်သွားလောက်ပေသည်။