အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အခန်း ၈၇၇ - အခုတော့ ပိုက်ဆံပဲ ရှာချင်တော့တယ်
ဝမ်ဒါရာစစ်သင်္ဘောတပ်ဖွဲ့တစ်ရာအပါအဝင် အခြားလက်နက်နှင့် စက်ပစ္စည်းမျိုးစုံအတွက် ကျန်းမုန့်လောင်မှာ စုစုပေါင်းအမှောင်ဒင်္ဂါး ၂၂.၃ထရီလီယံ ကုန်ကျခဲ့သည်။ ဤပမာဏမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူရှာဖွေနိုင်ခဲ့သည့် ဝင်ငွေ၏ တစ်ဝက်မျှသာရှိ၏။
သို့သော် ဤခရီးစဉ်အတွက် သူ့အဓိကရည်ရွယ်ချက်က အောင်မြင်သွားပြီဖြစ်ရာ နောက်ရက်အနည်းငယ်အတွင်း ကျင်းပမည့် လေလံပွဲတွင် တန်ဖိုးကြီးပစ္စည်းများရှိမရှိ သွားကြည့်သည်ကလွဲလျှင် ငွေသုံးစရာနေရာသိပ်မကျန်တော့ပါချေ။
ဤစကြဝဠာမြေအောက်ပြပွဲကို စီစဉ်သူများမှာ အလွန်ဉာဏ်များလှသည်။ ပုံမှန်အားဖြင့် လေလံပွဲများကို ပြပွဲ၏ နောက်ဆုံးအစီအစဉ်အဖြစ် အချောသတ်ကျင်းပလေ့ရှိသည်။ ဤသည်မှာ အသင့်တော်ဆုံးပင်။
သို့သော် ပြန်တွေးကြည့်လျှင်မူ အကယ်၍ နောက်ဆုံးအချိန်ထိသာ ထားလိုက်မည်ဆိုပါက လူတိုင်းက သူတို့၏ အမှောင်ဒင်္ဂါးများကို သုံးပစ်လိုက်ကြပြီဖြစ်ရာ လေလံပွဲတွင် ပါဝင်ရန် ငွေပိုငွေလျှံရှိသူဟူ၍ ရှားသွားလိမ့်မည်။
လူတိုင်း၏အိတ်ကပ်များ ဖောင်းကားနေချိန်မှသာ လေလံပွဲ၏တန်ဖိုးက အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်။
ပြပွဲတွင် ဈေးဆိုင်ခန်းအများကြီးရှိသော်လည်း ပွဲစီစဉ်သူများကတော့ ကော်မရှင်ခလောက်သာ ရကြသည်။ သူတို့ကိုယ်တိုင် ဦးစီးကျင်းပသော လေလံပွဲကသာ သူတို့အတွက် အကျိုးအမြတ်အများဆုံးရနိုင်မည့် အခွင့်အရေးပင်။
"ဒါနဲ့ မင်းက ဒီကိုရောက်တာ တော်တော်ကြာပြီဆိုတော့ ဒီလေလံပွဲနဲ့ပတ်သက်တဲ့ သတင်းလေးဘာလေးများ ကြားထားတာရှိလား"
တီလာက ကျန်းမုန့်လောင်၏ အော်ဒါကို အတည်ပြုရန် ပြပွဲ၏ဗဟိုဧရိယာသို့ သွားနေချိန်မှာ ကလာ့ခ်ကတော့ သူတို့ကိုဧည့်ခံဖို့ ကျန်ခဲ့သည်။
"လူကြီးမင်း... လူရွေးမှန်သွားပြီ"
ကလာ့ခ်က သူ့အသက်အရွယ်ထက် ပိုရင့်ကျက်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် နည်းနည်းပါးပါးသိထားပါတယ်"
ပြပွဲကို ယနေ့မှ စတင်ဖွင့်လှစ်သော်လည်း နေရာထိုင်ခင်းများကိုတော့ လွန်ခဲ့သည့်သုံးနှစ်ကတည်းက ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး ကလာ့ခ်ကလည်း ထိုအချိန်ကတည်းက သူ့အစ်မနှင့်အတူ ပြပွဲလုပ်မည့်နေရာသို့ ရောက်နေခဲ့ခြင်းပင်။
ဤကာလက ပြပွဲနေရာကို တည်ဆောက်ရန်နှင့် ဆိုင်ခန်းများ နေရာချထားရန် အဓိကထားသော်ငြား ကလာ့ခ်က ဝန်ထမ်းတစ်ယောက် မဟုတ်သည့်အတွက် အမြဲတမ်း ဟိုဟိုသည်သည် လျှောက်သွားလေ့ရှိ၏။
ဤနေရာက စကြဝဠာတစ်ခုလုံးရှိ မျိုးနွယ်စုများ စုဝေးရာနေရာဖြစ်သောကြောင့် ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ဖလှယ်ရာ ကာလတိုဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။ ကလာ့ခ်ကလည်း နေ့တိုင်း နေရာအနှံ့ လျှောက်သွားရင်း စည်ကားလှသော ကုန်သွယ်ရေးဈေးကွက်များထဲ ဝင်တိုးကာ အမျိုးစုံလှသော ပတ်ဝန်းကျင်များနှင့် ထိတွေ့ရင်း သတင်းအချက်အလက် အမြောက်အများကို သိလာခဲ့ရသည်။
"ဒီလေလံပွဲက ပြပွဲသမိုင်းတစ်လျှောက် အရွယ်အစားအကြီးမားဆုံး၊ လေလံပစ္စည်း အများဆုံးနဲ့ တန်ဖိုးအကြီးမားဆုံး ပစ္စည်းတွေ ပါမယ်လို့ သိရတာပဲ"
"သြော်"
ဤသတင်းက ကျန်းမုန့်လောင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
"ဘယ်လိုရတနာတွေပါမလဲဆိုတာ တိတိကျကျတော့ သေချာမသိပေမဲ့ လူကြီးမင်း အရမ်းစိတ်ဝင်စားလောက်မယ့် သတင်းတစ်ခုတော့ ရှိတယ်ဗျ"
"ပြောစမ်းပါဦး"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"မင်းဆီကနေ အသုံးဝင်တဲ့ သတင်းရရင် မင်းအတွက် အလန်းစား ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း လက်ဆောင်ပေးမယ်"
"တကယ်လား"
"ဒါက သိပ်တန်ဖိုးကြီးတာမှ မဟုတ်တာ"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။ တန်ဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်နှင့်သာ လဲလှယ်ရမည်ဆိုလျှင် သေချာပေါက် တန်ပေသည်။
"ဒါဆို ကျွန်တော် ပြောပြမယ်"
ကလာ့ခ်က ဆက်ပြောသည်။
"လူကြီးမင်းက ကိုယ့်မျိုးနွယ်စုကို အင်အားဖြည့်တင်းဖို့အတွက် စစ်သင်္ဘောတွေနဲ့ လက်နက်ပစ္စည်းတွေအများကြီး ဝယ်ခဲ့တယ်မလား"
"ဒါပေါ့"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကိုယ့်မျိုးနွယ်စုအနေနဲ့ ဘယ်လိုမျိုးနွယ်စုရဲ့ကျူးကျော်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ကြုံတွေ့လာရရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတဲ့ သန်မာတဲ့ အင်အားစုတစ်ခုကို အရမ်းပိုင်ဆိုင်ချင်မှာပဲလို့ ကျွန်တော်ယူဆမိတယ်"
ကလာ့ခ်က ဆက်ပြောသည်။
"လူကြီးမင်းဝယ်ခဲ့တဲ့ လက်နက်တွေနဲ့ စက်ယန္တရားတွေက တကယ်အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကို ထိပ်တိုက်ရင်ဆိုင်အနိုင်ယူနိုင်တဲ့ အင်အားစုတွေ အများကြီးရှိသေးတယ်။ ဒီလောက်ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဆင်နွှဲဖို့ဆိုရင် တစ်ဖက်ရန်သူအတွက်လည်း ကုန်ကျစရိတ်ကြီးမားမှာဆိုတော့ အဲဒီလိုဖြစ်လာနိုင်ခြေတော့ နည်းပါတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု စစ်သင်္ဘောတပ်ဖွဲ့တစ်ရာဆိုသည်မှာ စင်စစ်များပြားလှသည်။ သို့သော် အော်ဖီးယပ်စ်သတ္တုတူးဖော်ရေးလုပ်ငန်းစု၏ သတ္တုတွင်းတစ်ခုတည်းကိုပင် အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု စစ်သင်္ဘောတပ်ဖွဲ့၁၂၀က စောင့်ကြပ်နေပေသည်။
ပိုကြီးမားကျယ်ပြန့်သော မျိုးနွယ်စုများ၊ အဆင့်ငါးမျိုးနွယ်စုထောင်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် အထူးမျိုးနွယ်စုများဆိုလျှင် တပ်ဖွဲ့ပေါင်းထောင်ချီပြီး အလွယ်တကူ စုဆောင်းနိုင်သည်။ ထို့ကြောင့် သူပိုင်ဆိုင်ထားသည့် အင်အားက လွှမ်းမိုးနိုင်စွမ်းရှိသည့် အဆင့်ကို မရောက်သေးပေ။
ကျန်းမုန့်လောင်ဘက်က သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ဖြစ်ချင်မှ ရင်ဆိုင်ဖြစ်လိမ့်မည်။ အကယ်၍ ပဋိပက္ခဖြစ်လာခဲ့လျှင်ပင် ဖြေရှင်းဖို့ အခြားနည်းလမ်းများကို သူ ရှာတွေ့နိုင်သည်။ သို့သော် သူ့စစ်အင်အားက ထိပ်တန်းအဆင့်သို့ မရောက်သေးဘူးဆိုခြင်းမှာ ငြင်းလို့မရသော အမှန်တရားပင်။
"မင်းဆီမှာ အင်အားပိုတောင့်တင်းတဲ့ တပ်ဖွဲ့တွေရနိုင်မယ့် နည်းလမ်းများ ရှိနေလို့လား"
"ကျွန်တော့်မှာတော့ နည်းလမ်းမရှိပါဘူး။ ဒါပေမဲ့ ဒီလေလံပွဲမှာ အရမ်းထူးခြားတဲ့ တပ်ဖွဲ့တစ်ခုကို ရောင်းချမယ်လို့တော့ ကြားထားတယ်"
"ဘယ်လောက်တောင် ထူးခြားလို့လဲ"
ကလာ့ခ်က အသံခပ်တိုးတိုးဖြင့် ပြောလေသည်။
"ကျွန်တော် အချိန်ပိုင်းအလုပ် လုပ်နေတဲ့ ကုန်သွယ်ရေးဈေးကွက်တစ်ခုမှာ အဆင့်ခုနစ် သက်ရှိနှစ်ယောက် ပြောနေတာကို ကြားခဲ့ရတာ။ သူတို့ကတော့ အဲဒါက စကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံးတပ်ဖွဲ့လို့ ပြောနေကြတယ်"
"စကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံး ဟုတ်လား"
ကျန်းမုန့်လောင် သံသယဝင်သွားသည်။ ထိပ်တန်းအဆင့် မျိုးနွယ်စုပေါင်းများစွာက သူတို့ကိုယ်သူတို့ အားကောင်းလှသည်ဟု ကြွားလုံးထုတ်တတ်ကြသော်ငြား ထိုစကားများက အမြဲယုံကြည်ရသည်တော့ မဟုတ်ပေ။
"ဟုတ်တယ်ဗျ။ လောလောဆယ် စကြဝဠာထဲမှာ ဘယ်မျိုးနွယ်စုက အင်အားအကြီးဆုံးလဲဆိုတာသိလား"
ကလာ့ခ်က မေးလိုက်သည်။
"ငါမှတ်မိသလောက်တော့ ဇူဒါမျိုးနွယ်စုထင်တယ်"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။ သူသည် စကြဝဠာ၏ အခြေခံဗဟုသုတများကို သိရှိထားသည်။ ဤမျိုးနွယ်စုမှာ ရှည်လျားလှသော သမိုင်းကြောင်းရှိပြီး အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု ထောင်ပေါင်းများစွာနှင့် ညီမျှသော အရွယ်အစားမျိုးရှိ၏။ သူတို့က အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စု တပ်ဖွဲ့ပေါင်းတစ်သိန်းကို ပိုင်ဆိုင်ထားပြီး သူတို့၏ အရှင်သခင်ဆိုသည်မှာ စကြဝဠာထဲတွင် လက်ချိုးရေ၍ရသော အဆင့်ကိုး သက်ရှိများထဲက တစ်ယောက်ပင်။
"တကယ်တော့ ဇူဒါမျိုးနွယ်စုမတိုင်ခင်က စကြဝဠာစတင်မွေးဖွားကတည်းက တည်ရှိခဲ့တဲ့ တခြားအင်အားကြီးမျိုးနွယ်စုတချို့ ရှိခဲ့ဖူးတယ်။ သူတို့ရဲ့အရွယ်အစားက ဇူဒါမျိုးနွယ်စုကို မမီနိုင်ပေမဲ့ နည်းပညာအဆင့်အတန်းမှာတော့ သူတို့ထက် ပိုသာပါတယ်"
"မင်းက ပိုမြင့်တဲ့အဆင့်အတန်းကို တက်လှမ်းဖို့ ကြိုးစားပေမဲ့ ကျရှုံးသွားခဲ့တဲ့ မျိုးနွယ်စုတွေကို ပြောနေတာလား"
"ပိုမြင့်တဲ့အဆင့်ကိုတက်လှမ်းဖို့ ကျရှုံးသွားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ သူတို့က စကြဝဠာရဲ့ စွမ်းအားမျှခြေကို ဝင်ရောက်နှောင့်ယှက်ခဲ့လို့ အင်အားကြီးထိပ်တန်းမျိုးနွယ်စုရာပေါင်းများစွာရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတာ"
"မင်းက အဲဒီအကြောင်းကို သိတာလား"
ကျန်းမုန့်လောင် အံ့သြသွားသည်။
"လူကြီးမင်းက အဆင့်တစ်မျိုးနွယ်စုကလာတယ်ဆိုတာ ကျွန်တော် အခုယုံသွားပြီ"
ကလာ့ခ်က ကျန်းမုန့်လောင်ထက် ပိုအံ့သြနေပုံပေါ်သည်။
"ဒါက တကယ်တော့ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ သူတို့ ဘာလို့ တိုက်ခိုက်ခံရတာလဲဆိုတာ လူကြီးမင်းသိလား"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အဲဒီမျိုးနွယ်စုက ပြိုင်ဘက်ကင်းအထူးတပ်ဖွဲ့တစ်ခုကို ဖန်တီးခဲ့လို့"
ကလာ့ခ်က ပြန်ဖြေသည်။
"အဲဒီတပ်ဖွဲ့ကို ဒီနေ့ခေတ်မှာတွေ့ရတဲ့ ဘယ်အရာကိုမဆို ကျော်လွန်ပြီး လက်ရှိရှိနေတဲ့ သတ္တုစပ်တွေနဲ့ သတ္တုစစ်စစ်တွေအားလုံးထက် ပိုသာတဲ့ အထူးသတ္တုတွေနဲ့ လုပ်ထားတာ။ ပြီးတော့ သူ့မှာ အသိဉာဏ်ရှိပြီး ကြီးထွားနိုင်စွမ်းလည်း ရှိတယ်"
"အဲဒီလိုတပ်ဖွဲ့မျိုးလား"
စစ်သင်္ဘောတစ်စင်းက ကိုယ်ပိုင်အသိဉာဏ်ရှိပြီး ကြီးထွားလာနိုင်သော သက်ရှိတစ်မျိုးဖြစ်နိုင်သည်ဆိုခြင်းကို စိတ်ကူးကြည့်ရန် ကျန်းမုန့်လောင်အဖို့ ခက်ခဲနေချေသည်။
"အဲဒီတပ်ဖွဲ့မှာ စစ်သင်္ဘော၁၀၀၀၀ပဲ ပါတာ။ အဲဒီမျိုးနွယ်စုကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ရဲ့ အရွယ်အစားကို လူကြီးမင်းသိလား"
ကျန်းမုန့်လောင် ခေါင်းယမ်းလိုက်သည်။ သူ တကယ်မသိပါချေ။
"အဆင့်ငါးအမြင့်ဆုံးမျိုးနွယ်စုအဆင့် စစ်သင်္ဘောတပ်ဖွဲ့ ငါးသန်းကျော်တောင်နော်"
"အမလေး"
ကျန်းမုန့်လောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ တိုက်ပွဲကို ကိုယ်တိုင်မကြုံတွေ့ခဲ့ရသည့်တိုင် ထိုပမာဏကို ကြားလိုက်ရုံဖြင့် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ယောင်မိသည်။
"ရလဒ်ကို ခန့်မှန်းကြည့်ပါ့လား"
ကျန်းမုန့်လောင်က ခေါင်းစောင်း၍ ကလာ့ခ် ဆက်ပြောမည့်စကားကို စောင့်နေလိုက်သည်။
"အဲဒီအထူးမျိုးနွယ်စုက လုံးဝဖျက်ဆီးခံလိုက်ရပြီး သက်ရှိအားလုံး ပျောက်ကွယ်သွားခဲ့ပေမဲ့ စစ်သင်္ဘောတစ်သောင်းပါတဲ့ တစ်ဖက်တပ်ဖွဲ့ထဲက အမြင့်ဆုံးမျိုးနွယ်စုတပ်ဖွဲ့ငါးသန်းရဲ့ သုံးပုံတစ်ပုံကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်"
"မိုက်လိုက်တာ"
ဤစကားလုံးကလွဲ၍ ပိုကောင်းသော နာမဝိသေသနကို ကျန်းမုန့်လောင် စဉ်းစား၍မရတော့ပေ။ စစ်သင်္ဘောတစ်သောင်းဆိုသည်မှာ တပ်ဖွဲ့ ငါးဖွဲ့ပင် မပြည့်ပါချေ။ အခြေခံအားဖြင့် တစ်အချိုးတစ်သန်းဖြစ်နေသည့်တိုင် သူတို့အနေနှင့် အင်အားချင်းမမျှသည့် ဤအခြေအနေမျိုးမှာပင် တစ်ဖက်ရန်သူ၏ သုံးပုံတစ်ပုံကို ဖျက်ဆီးနိုင်ခဲ့သည်။
အကယ်၍ ကမ္ဘာမြေပေါ်မှာသာဆိုလျှင် အဓိကရုဏ်းတစ်ခု ဖြစ်နေလောက်ချေပြီ။ ငါးသန်းက ငါးခုကို တိုက်သည့်တိုင် တစ်သန်းကျော် ဆုံးရှုံးသွားသည်ဆိုလျှင် ဆက်ယှဉ်၍ ရပါဦးမလား။
"နေဦး.. မင်းပြောချင်တာက ဒီတပ်ဖွဲ့က..."
"ဟုတ်တယ်ဗျ။ အဲဒီတပ်ဖွဲ့က ဖျက်ဆီးမခံခဲ့ရဘဲ သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ စကြဝဠာရဲ့ အစွန်းဘက်ကို ထွက်ပြေးသွားခဲ့တာ။ ကျွန်တော်ကြားတာသာ မှန်မယ်ဆိုရင် ဒီတစ်ခေါက် လေလံပွဲရဲ့ အဓိကပစ္စည်းတွေထဲမှာ အဲဒီတပ်ဖွဲ့လည်း ပါတယ်"
"ငါတို့ယောကျ်ားတွေက သဘောကျတဲ့အရာဆိုရင် ရအောင်ယူရမယ်"
ကျန်းမုန့်လောင်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ဤတပ်ဖွဲ့ကို လိုချင်သည်။ ဤသို့သောတပ်ဖွဲ့မျိုးသာ ရှိမည်ဆိုလျှင် အနာဂတ်တွင် ကမ္ဘာ့မျိုးနွယ်စုအနေနှင့် ဘယ်သူ့ကို ကြောက်နေစရာ လိုတော့မည်နည်း။
သို့သော် ဤသည်မှာ သူ့ဆီတွင် ကျန်နေသေးသည့် အမှောင်ဒင်္ဂါး၂၀ထရီလီယံက တစ်နည်းနည်းဖြင့် အကန့်အသတ်ဖြစ်နေပြီဟူသော သဘောပင်။ ထိုအချိန်ကျလျှင် သူ့အတွက် ပိုစိတ်ဝင်စားစရာကောင်းသော အရာများ ရှိလာမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။
"အစ်ကိုကြီး... ပြီးရင် ကျွန်တော်တို့ တခြားနေရာတွေကို သွားကြည့်ကြဦးမလား"
ဂါနေးက ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။
ကျန်းမုန့်လောင်ကမူ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
"အဲဒါတွေ မလိုတော့ဘူး။ အခုလောလောဆယ် ငါ ပိုက်ဆံပဲရှာချင်တယ်"
**********************
အခန်း ၈၇၈ - ငမွဲတစ်သိုက်
"လူကြီးမင်း... လူကြီးမင်းရဲ့ အမှာစာကို အတည်ပြုပြီးပါပြီ"
ခဏအကြာ တီလာက အပြုံးလေးဖြင့် ပြန်ရောက်လာသည်။
အကယ်၍ ဤအမှာစာကိုသာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါက သူ(မ)အနေနှင့် ရာထူးနှစ်ဆင့် တိုက်ရိုက်တိုးမြှင့်ခံရပြီး စကြဝဠာအင်ပါယာခရိုင်တစ်ခု၏ အရောင်းဒါရိုက်တာ ဖြစ်လာမည်ဟု အစောကပင် အထက်က သူ(မ)ထံသို့ အကြောင်းကြားစာပို့ထားသည်။
"ကျေးဇူးပဲ"
ကျန်းမုန့်လောင်က အမှာစာတွင် ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးနောက် ဂါနေးနှင့်အတူ ထွက်ခွာသွားလေသည်။
"ဂါနေး... မင်း ဒီနေရာနဲ့ ရင်းနှီးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"နည်းနည်းပါးပါးတော့ သိပါတယ်။ ကျွန်တော့်ကို ခိုင်းစရာရှိလို့လား"
ဂါနေးက တရိုတသေ ပြန်မေးလိုက်သည်။
"ငါ အကွက်အကြီးကြီးတစ်ခု ရွှေ့ဖို့စီစဉ်နေတာ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီကုန်စည်ပြပွဲမှာ ဆေးဘက်ဝင်အပင်တွေနဲ့ တခြားပစ္စည်းတွေရောင်းတယ်မလား"
"ရှိပါတယ်။ ပြီးတော့ သာမန်နေရာတွေမှာ ရှာမရနိုင်တဲ့ အဖိုးတန်ဆေးဘက်ဝင်အပင်တွေ အများကြီးလည်း ရှိပါတယ်။ ဒီမှာ အစ်ကိုကြီးလိုချင်တာမှန်သမျှ ရှာတွေ့နိုင်ပါတယ်"
"ကောင်းပြီ"
ကျန်းမုန့်လောင်က ဂါနေးအတွက် ယခုလေးတင် သူဝယ်ပေးထားသော အေအိုင်နာရီထဲသို့ စာရွက်စာတမ်းတစ်ခုကို ပေးပို့လိုက်သည်။
"ငါရေးထားတဲ့အတိုင်း ဆေးဘက်ဝင်အပင်တွေကို တတ်နိုင်သလောက် အများကြီးသွားဝယ်ချေ။ ငါတို့ အကြီးကြီးကစားကြမယ်"
"အကြီးကြီးကစားမယ်လား"
ကျန်းမုန့်လောင် ဘာတွေကြံစည်နေမှန်း သေချာမသိသော်လည်း ဂါနေးကမူ ဆေးဘက်ဝင်အပင်များဝယ်ရန် နာခံစွာ ထွက်သွားလေသည်။
"ဘာလုပ်ရမလဲ"
ကျန်းမုန့်လောင် စဉ်းစားခန်းဝင်နေချေသည်။
"ကောထန်... စကြဝဠာမျိုးနွယ်စုက ထုတ်ဝေထားတဲ့ အမှောင်ဒင်္ဂါးပြားတွေရဲ့ပျံ့နှံ့မှုနဲ့ အရေအတွက်ကို စစ်ဆေးပေးလို့ရမလား"
"ရတာပေါ့"
ဤကမ္ဘာ့မျိုးနွယ်စုထက် များစွာသာလွန်သော ထုတ်ကုန်တစ်ခုဖြစ်သည့် ကောထန်အတွက် ဤကိစ္စက သိပ်မခက်ခဲလှပေ။
"ကျောင်းအုပ်ကြီး...လောလောဆယ် စကြဝဠာထဲမှာ ထုတ်ဝေထားတဲ့ အမှောင်ဒင်္ဂါးစုစုပေါင်းက ၃၁၄ထရီလီယံလောက်ရှိပါတယ်။ အဲဒီထဲက ၇၀ထရီလီယံကို ထိပ်တန်းမျိုးနွယ်စုတချို့က သြဇာကြီးပုဂ္ဂိုလ်တွေက ကိုင်ဆောင်ထားပြီး ကျန်တာတွေကိုတော့ တခြားမျိုးနွယ်စုအသီးသီးဆီ အညီအမျှဖြန့်ဝေထားပါတယ်"
"ဒီတော့ အရင်ရက်က ငါရှာခဲ့တဲ့ အမှောင်ဒင်္ဂါးထရီလီယံအများစုက အဲဒီ၇၀ထရီလီယံထဲကပေါ့"
"အဲဒီလိုမှတ်ယူလို့ ရပါတယ်"
ကောထန်က ပြန်ဖြေသည်။
"တကယ်လို့ ကျောင်းအုပ်ကြီးက အမှောင်ဒင်္ဂါးတွေ ပိုရှာချင်တယ်ဆိုရင် အဲဒီထိပ်သီးပုဂ္ဂိုလ်တွေကိုပဲ သီးသန့်ပစ်မှတ်ထားတာက ထိရောက်မှုမြင့်မားပေမဲ့ ပမာဏကတော့ အကန့်အသတ် ရှိနေပါလိမ့်မယ်"
"မှန်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ စီးပွားရေးလုပ်ခြင်းနှင့် အတူတူပင်။ လုပ်ငန်းအချင်းချင်းကုန်သွယ်မှုပုံစံက အထိရောက်ဆုံးဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ တိုက်ရိုက်ဖောက်သည်များ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းကလည်း ကြီးမားလှသော ရတနာသိုက်ကြီးတစ်ခုနှယ်။
ကမ္ဘာမြေပေါ်တွင် ထောင်ပေါင်က ဘာကြောင့်အောင်မြင်ခဲ့လေသလဲ။ ဖောက်သည်တစ်ဦးချင်းစီကို ပစ်မှတ်ထားခဲ့သောကြောင့်ပင်။
လူတစ်ယောက်နှစ်ယောက်၏ ဝယ်ယူနိုင်စွမ်းက အားနည်းသော်ငြား ထောင်သောင်းချီသော လူများကို စုပေါင်းလိုက်လျှင်မူ မယုံနိုင်လောက်အောင် အားကောင်းလှသော ဝယ်ယူနိုင်စွမ်း ဖြစ်လာချေသည်။
ယခုအခါတွင်မူ ကျန်းမုန့်လောင်သည် ကျန်အမှောင်ဒင်္ဂါး၂၀၀ထရီလီယံကျော်ကို ကိုင်ဆောင်ထားသူများထံမှ သိမ်းကျုံးယူငင်ရန် နည်းလမ်းရှာဖွေနေသည်။
ဈေးထဲတွင် ကျန်းမုန့်လောင် ဈေးဆိုင်ခင်းရောင်းစဉ်က လူအများအပြား ရောက်လာခဲ့သော်လည်း တကယ်တမ်းတွင်မူ ထိုလူများမှာ အမှန်တကယ် လိုအပ်နေသူများထဲမှ အစိတ်အပိုင်းငယ်လေး တစ်ခုသာဖြစ်ပြီး အများစုမှာ စောင့်ကြည့်နေဆဲ အခြေအနေတွင်သာ ရှိသေးသည်။
လူတော်တော်များများတွင် အမှောင်ဒင်္ဂါးလုံလုံလောက်လောက် ရှိနေသော်လည်း ခရီးအကွာအဝေး သို့မဟုတ် သတင်းအချက်အလက်မရရှိခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။
"သြော် ငါ လိုက်ဖ်လွှင့်ပြီး ဈေးရောင်းလို့ရတာပဲ"
ကျန်းမုန့်လောင်၏ ခေါင်းထဲသို့ အကြံတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။
ပိရမစ်၏ ထိပ်ဆုံး၌ ရပ်တည်နေသူအများစုတွင် သူတို့၏ ကိုယ်ပိုင်အသိုင်းအဝိုင်းများ ရှိသောကြောင့် ကျန်းမုန့်လောင်အနေနှင့် စျေးကွက်ရှာဖွေရေးကို ထပ်လုပ်နေရန် မလိုအပ်တော့ပေ။ ဤတစ်ကြိမ် သူ့ရည်မှန်းချက်က အားလုံးကို တံမြက်စည်းလှည်းသလို သိမ်းကျုံးယူပစ်ရန်ပင်။ ယနေ့ မည်သူ့ပိုက်ဆံအိတ်မှ အားလပ်ရက်ရလိမ့်မည် မဟုတ်ပေ။
"အိုင်းရင်း... မင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
ကျန်းမုန့်လောင်သည် စကြဝဠာမျိုးနွယ်စုနှင့် ပတ်သက်၍ များများစားစားမသိသေးသလို ကောထန်ကလည်း ကာလအတန်ကြာ အနားယူထားရသဖြင့် သတင်းအချက်အလက်များကို ပြန်လည်လေ့လာနေရဆဲပင်။
"ဘာကိစ္စများလဲ။ ကြိုတော့ပြောထားမယ်နော်။ ကျွန်တော် အစ်ကို့ကို ဖြေပေးနိုင်ချင်မှ ဖြေပေးနိုင်လိမ့်မယ်။ ကျွန်တော်က အဆင့်နှစ်မျိုးနွယ်စုက အငယ်တန်းလေးတစ်ယောက်လေ"
"ငါသိချင်တာက စကြဝဠာတစ်ခွင်လုံး လွှမ်းခြုံမှုမြင့်မားပြီး အဆင့်နိမ့်သက်ရှိတွေရော အဆင့်မြင့်သက်ရှိတွေပါ လူကြီးလူငယ်မရွေး အသုံးပြုကြတဲ့ ထုတ်လွှင့်မှုအက်ပလီကေးရှင်းမျိုး ရှိလားလို့"
"ရှိတာပေါ့"
အိုင်းရင်းက ပြောသည်။
"စကြဝဠာရဲ့ အကြီးဆုံးအင်တာနက်ကုမ္ပဏီက တီထွင်ထားတဲ့ 'စကြဝဠာအလင်းတန်း'လို့ခေါ်တဲ့ အက်ပ်တစ်ခုရှိတယ်။ လူတိုင်းနီးပါး အဲဒါကို သုံးကြတယ်။ အဆင့်နိမ့်မျိုးနွယ်စုတွေရဲ့ အကြောင်းအရာတွေကတော့ အဓိကအားဖြင့် ဖျော်ဖြေရေးတွေပါပဲ။ အဆင့်မြင့်မျိုးနွယ်စုတွေမှာတော့ နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေ၊ သိုင်းပညာလမ်းညွှန်မှုတွေနဲ့ အလားတူအရာတွေ ပါတာပေါ့"
"အဲဒီမှာ လိုက်ဖ်လွှင့်ပြီး ပစ္စည်းရောင်းလို့ရလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ရတာပေါ့။ ဒီလိုထုတ်လွှင့်မှုတွေမှာ ပစ္စည်းတွေရောင်းလို့ရတယ်။ ဒါပေမဲ့ စကြဝဠာဒင်္ဂါးတွေနဲ့ပဲ အရောင်းအဝယ် လုပ်လို့ရတာနော်။ အစ်ကိုက အစ်ကို့စည်းစိမ်တွေနဲ့ အမှောင်ဒင်္ဂါးတွေ ရှာချင်နေသေးတာလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"အဲဒါတော့ အဆင်မပြေဘူး"
အိုင်းရင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အမှောင်ဒင်္ဂါးတွေကို လူသိများပေမဲ့ စကြဝဠာမဟာမိတ်အဖွဲ့က လက်မခံဘဲ ကန့်ကွက်ထားတာကြောင့် အဲဒီဒင်္ဂါးတွေနဲ့ အရောင်းအဝယ် လုပ်လို့မရဘူး။ တကယ်လို့ အပြင်မှာ အရောင်းအဝယ်လုပ်တာလိုမျိုး ထိလွယ်ရှလွယ်တဲ့ ဆက်စပ်အကြောင်းအရာ တစ်ခုခုသာ ထုတ်လွှင့်မှုထဲ ပါလာရင် အဲဒီအကောင့်က အပိတ်ခံရလိမ့်မယ်"
"ကိစ္စမရှိဘူး။ ဒါက ငါဖြေရှင်းနိုင်တဲ့ ပြဿနာ သေးသေးလေးပါ"
ကျန်းမုန့်လောင်အတွက် ပလက်ဖောင်းတစ်ခုသာ လိုအပ်သည်။ ကျန်အရာများမှာ ဖြေရှင်းရမည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများသာ ဖြစ်၏။
"သေစမ်း... ဒီဟာကြီးက တော်တော်ကြီးတာပဲ"
အလွန်လျင်မြန်သည့် ကွမ်တမ်သတင်းပို့ကွန်ရက်ကို အသုံးပြုထားသော်လည်း အက်ပ်ကို ဒေါင်းလုတ်ဆွဲရန် မိနစ်အနည်းငယ် ကြာမြင့်ခဲ့သည်။ သို့သော် အကောင့်ဖွင့်ရသည်မှာတော့ သိပ်မခက်ခဲလှပေ။ ကျန်းမုန့်လောင်ကလည်း "ရီထျန်းဂိုဏ်းချုပ် ကျန်းရီထျန်း"ဟူသော နာမည်ပြောင်ကို ချက်ချင်း ရွေးချယ်လိုက်သည်။
"စကြဝဠာအလင်းတန်း"ကို ဖွင့်လိုက်သည်နှင့် လိုက်ဖ်လွှင့်နေသည့် အခန်းမြောက်မြားစွာ ချက်ချင်းပေါ်လာသည်။ ပထမနေရာ၌ ရပ်တည်နေသည်မှာ စကြဝဠာသိုင်းပညာရှင်အသင်း၏ တရားဝင်အကောင့်မှ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး အဆင့်ခြောက်သက်ရှိတစ်ယောက်က အဆင့်ငါးသက်ရှိများကို အဆင့်ခြောက်သို့ မည်သို့ဖောက်ထွက်ရမည့်အကြောင်း ရှင်းပြပေးနေသည်။
ဤအရာကား အလွန်မြင့်မားသော အဆင့်တစ်ခုနှင့် သက်ဆိုင်နေသည့်အတွက် အပြင်ဘက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာ၏ အစိတ်အပိုင်းသေးသေးလေးကိုသာ ပြသထားသည်။ ထိုတိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ရောက်ရန်အတွက် ဝင်ကြေးအဖြစ် စကြဝဠာဒင်္ဂါး၁၀ဘီလီယံ ပေးဆောင်ရမည်။
စကြဝဠာအလင်းတန်းကို တီထွင်သူများမှာ သိပ်လောဘမကြီးလှပေ။ လက်ဆောင်များနှင့် လိုက်ဖ်လွှင့်သူ၏ ဝင်ငွေကို ၅၀ရာခိုင်နှုန်းစီ ခွဲဝေယူပြီး ဈေးဝယ်ခြင်းနှင့် ဤဝင်ကြေးများအတွက်မူ နည်းပညာဝန်ဆောင်ခအဖြစ် ၁ရာခိုင်နှုန်းသာ ကောက်ခံသည်။
ပင်မစာမျက်နှာတွင် အဂ္ဂိရတ်ပညာရှင်တစ်ဦးက အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို ပုံသွင်းဖန်တီးနေသည့် ထုတ်လွှင့်မှုတစ်ခုလည်း ရှိပြီး ဝင်ကြေးမှာ စကြဝဠာဒင်္ဂါး၁၂ဘီလီယံအထိ မြင့်မားလေသည်။
သို့သော် ထိုမျှမြင့်မားသော ကန့်သတ်ချက်များ ရှိနေသော်ငြား ကြည့်ရှုသူအရေအတွက်မှာ ရေတွက်၍မရနိုင်အောင် များပြားနေဆဲပင်။
"စိတ်ဝင်စားစရာပဲ"
လိုက်ဖ်လွှင့်ရန်အတွက် စပေါ်ငွေ လိုအပ်သည်။ အဆင့်တစ်မျိုးနွယ်စုသုံး ငွေကြေးယူနစ်ငါးရာဖြင့် အဆင့်တစ်မျိုးနွယ်စုများအတွက် ထုတ်လွှင့်ခွင့်နှင့် အရောင်းအဝယ်ပြုလုပ်ခွင့်တို့ကို ဖွင့်နိုင်သော်လည်း ထိုအကြောင်းအရာများမှာ အဆင့်နှစ်မျိုးနွယ်စုများ၏ စာမျက်နှာတွင် ပေါ်လာမည်မဟုတ်ပေ။
အမြင့်ဆုံးထုတ်လွှင့်ခွင့်အတွက်မူ စပေါ်ငွေ စကြဝဠာဒင်္ဂါး၅၀၀ လိုအပ်သည်။ ကျန်းမုန့်လောင် လိုက်ဖ်လွှင့်သောအခါ ပလက်ဖောင်းပေါ်ရှိ အသုံးပြုသူအားလုံး၏ ရှေ့တွင် ပေါ်လာမည်ဖြစ်သော်ငြား ရေပန်းစားမှုအဆင့်သတ်မှတ်ချက်စနစ်ကြောင့် သူ့ထုတ်လွှင့်ခန်းကို မည်သူမှ သတိထားမိမည် မဟုတ်သည်မှာ သေချာသလောက်ပင်။
သို့သော် "ငွေရှိလျှင် မဖြစ်နိုင်တာ ဘာမှမရှိ"ဟု ကျန်းမုန့်လောင် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ထောင်ပေါင်တွင် သူတို့၏ ကုန်ပစ္စည်းပြသမှု အရောင်းမြှင့်တင်ရေး ကိရိယာများရှိသလို သုန်းယင်တွင်လည်း သုန်းပလက်စ်ရှိလေရာ ဤပလက်ဖောင်းတွင် ငွေသုံးရန် နေရာတစ်ခုမှ မရှိဘူးဆိုသည်ကို သူ လုံးဝမယုံကြည်နိုင်ပေ။
ထင်ထားသည့်အတိုင်းပင် ခေတ္တမျှ ရှာဖွေပြီးနောက် ကျန်းမုန့်လောင်လည်း အထူးအကြံပြုလုပ်ဆောင်ချက်တစ်ခုကို ရှာတွေ့လိုက်သည်။
ဤအရာတွင် နည်းလမ်းများစွာ ပါဝင်သည်။ ကြည့်ရှုသူအရေအတွက် သို့မဟုတ် ပြသသည့် နေရာပေါ် မူတည်၍ အခကြေးငွေ ကောက်ခံနိုင်သည်။ သင့်တွင် ငွေသားရှိနေသရွေ့၊ သင့်ကိုယ်သင် ပင်မစာမျက်နှာ၏ အကြံပြုထားသော နေရာသို့ရောက်ရန် လုပ်ဆောင်ခြင်းမှာ လွယ်ကူသည့် ကိစ္စတစ်ခုသာ။
အသုံးပြုသူအများအပြားက ပင်မစာမျက်နှာပေါ်သို့ တစ်ပြိုင်တည်း တက်ချင်နေချိန်မျိုးတွင် ထိုစနစ်က လေလံဆွဲသည့် စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဈေးပိုပေးနိုင်သူက အနိုင်ရရှိမည်သာ။
ယခုအချိန်တွင် ထိပ်ဆုံးတိုက်ရိုက်ထုတ်လွှင့်ခန်းနှစ်ခုမှာ လေလံဆွဲနေသည့် အခြေအနေတွင် ရှိပြီး ဈေးနှုန်းမှာ တစ်မိနစ်လျှင် စကြဝဠာဒင်္ဂါး၈၂ဘီလီယံအထိ ထိုးတက်နေလေရာ ငွေများကို မီးရှို့ပစ်နေသည်နှင့်ပင် တူနေတော့သည်။
ကျန်းမုန့်လောင်လည်း လေလံဆွဲသည့် စာမျက်နှာကို ဖွင့်ပြီး သူ့စကြဝဠာဘဏ်အကောင့်ကို ချိတ်ဆက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်း နှစ်ခုစလုံးအတွက် လေလံဆွဲခြင်းကို ဆက်လက်လုပ်ဆောင်နေကြပြီး မိနစ်အနည်းငယ်ကြာတိုင်း ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်ကာ တစ်ကြိမ်လျှင် စကြဝဠာဒင်္ဂါးဘီလီယံပေါင်းများစွာ ထပ်တိုးလာသဖြင့် သူတို့၏ အဆင့်သတ်မှတ်ချက်ကလည်း အဆက်မပြတ် ပြောင်းလဲနေလေသည်။
"ငမွဲကောင်တွေ"
ကျန်းမုန့်လောင်က ကျိန်ဆဲလိုက်ပြီး သူ့လေလံဈေးကို ဆောင့်ကြွားကြွားဖြင့် ချက်ချင်း ထည့်သွင်းလိုက်သည်။
"ဘာတွေ အချိန်ဆွဲနေတာလဲ။ လေလံဆွဲတယ်ဆိုတာ ဘာမှန်း ပြရသေးတာပေါ့"
"စကြဝဠာဒင်္ဂါးတစ်ထရီလီယံ... မင်းတို့ ထပ်တိုးလာရင်လည်း ငါအမီလိုက်နိုင်တယ်"
********************
အခန်း ၈၇၉ - အင်တာနက်တစ်ခွင် အသက်သာဆုံးဈေးနှုန်း
ရှင်းပြ၍မရနိုင်သော တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုက "စကြဝဠာအလင်းတန်း"ပလက်ဖောင်း၏ ပင်မစာမျက်နှာသို့ ရုတ်တရက် ရောက်လာသည်။ ဤပလက်ဖောင်းပေါ်သို့ အချိန်တိုင်း ရေတွက်မရနိုင်အောင်များပြားသော လူများ ဝင်ရောက်နေကြလေရာ ကျန်းမုန့်လောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူတို့၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
"ရီထျန်းဂိုဏ်း၏ အမုန်းဝယ်အရောင်းမြှင့်တင်ရေးတဲ့လား။ ထူးဆန်းတဲ့ ထုတ်လွှင့်ခန်းနာမည်ပဲ"
"ရီထျန်းဂိုဏ်းလား။ အဖွဲ့အစည်းတစ်ခုနာမည်နဲ့ တူပေမဲ့ ငါ တစ်ခါမှ မကြားဖူးပါဘူး"
"ဒီထုတ်လွှင့်မှုက ဘာအကြောင်းလဲ"
"ဒီထုတ်လွှင့်ခန်းက တရားဝင်အသိအမှတ်ပြုထားတာတောင် မရှိဘူး။ သီးသန့်ထုတ်လွှင့်တဲ့လူလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သီးသန့်ထုတ်လွှင့်တာက ပင်မစာမျက်နှာကို ရောက်လာတယ်ပေါ့။ ပင်မစာမျက်နှာအတွက် ယှဉ်ပြိုင်ရတာက နတ်ဘုရားတွေ စစ်ခင်းနေသလိုပဲလေ။ ပုံမှန်ဆိုရင် အဖွဲ့အစည်းကြီးတွေ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေလောက်ပဲ လေလံဆွဲနိုင်တာ"
"စိတ်ဝင်စားစရာပဲ။ ဒီထုတ်လွှင့်မှုက ဘယ်လိုနေလဲလို့ ကြည့်ရအောင်"
လူအများအပြားက စပ်စုချင်စိတ်ဖြင့် ကျန်းမုန့်လောင်၏ ထုတ်လွှင့်ခန်းထဲသို့ ဝင်ကြည့်ကြသည်။ ပုံမှန်ဆိုလျှင် ပင်မစာမျက်နှာပေါ်ရှိ ထုတ်လွှင့်မှုများမှာ ပစ်မှတ်ထားသည့် ဖောက်သည်များကို တိတိကျကျ စစ်ထုတ်ရန်နှင့် ပင်မစာမျက်နှာ၏ လေလံဆွဲမှု ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် ဝင်ကြေးတစ်ခု ကောက်ခံလေ့ရှိသည်။
သို့သော် ဤထုတ်လွှင့်မှုတွင် မည်သည့်ကန့်သတ်ချက်မှမရှိဘဲ မည်သူမဆို ဝင်ရောက်နိုင်ခြင်းက လူအများကို ပို၍ပင် စပ်စုချင်စိတ်ဖြစ်စေသည်။
ပင်မစာမျက်နှာ အထူးအကြံပြုချက်အတွက် ပျမ်းမျှဈေးနှုန်းမှာ တစ်မိနစ်လျှင် စကြဝဠာဒင်္ဂါးပြား ငါးဆယ်ဘီလီယံခန့်ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ထုတ်လွှင့်မှုက အဆင့်တစ်တွင် ရှိနေပါက တစ်မိနစ်လျှင် အနည်းဆုံး စကြဝဠာဒင်္ဂါးဘီလီယံရာပေါင်းများစွာ ပေးချေထားရမည် ဖြစ်သော်လည်း ယခုမှာမူ အခမဲ့ကြည့်ရှုခွင့် ပေးထားသည်။ ဤထုတ်လွှင့်မှုက ထိုမျှအထိ အထင်ကြီးစရာကောင်းနေလေသလား။
ထုတ်လွှင့်ခန်းထဲသို့ လူများ ပိုမိုဝင်ရောက်လာကြသော်လည်း အကြောင်းအရာမှာမူ စိတ်ပျက်စရာပင်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော စစ်မြေပြင် သို့မဟုတ် ပညာပေးအစီအစဉ်များ မဟုတ်ပါဘဲ အလွန်ငယ်ရွယ်သော လူငယ်တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အေးဆေးတည်ငြိမ်စွာ ရပ်နေခြင်းသာ။
"အစီအစဉ်တင်ဆက်သူက ဘာလုပ်နေတာလဲ။ စကားပြောလေ"
"ငါအရင်ရောက်တာနော်။ ဒါက ထိလွယ်ရှလွယ်တဲ့ အသားအရေအတွက်ရော သင့်တော်လား"
"အစီအစဉ်တင်ဆက်သူက အရမ်းချောတာပဲ။ ဘယ်ကလဲ"
"ပထမနေရာကို ရောက်နေတာဆိုတော့ ဒီတင်ဆက်သူက ချမ်းသာလို့ပဲဖြစ်ရမယ်။ သူ့နောက်ကွယ်မှာ တောင့်တင်းတဲ့ ကျောထောက်နောက်ခံ ရှိရမယ်"
စကားပြောဝိုင်းထဲတွင် မသက်ဆိုင်သော သတင်းအချက်အလက် အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ကျန်းမုန့်လောင်က အခြားမျက်နှာတစ်ခုကို အသုံးပြုထားခြင်းဖြစ်ပြီး ဖန်သားပြင်ကတစ်ဆင့် ရုပ်သွင်ကိုသာကြည့်၍ လူတစ်ယောက်ကို ခွဲခြားနိုင်သောကြောင့် မည်သူကမှ သူ့ကို မမှတ်မိကြချေ။
"ဘာတွေဖြစ်နေတာလဲ"
အခြားထုတ်လွှင့်မှုနှစ်ခု၏ ထိန်းချုပ်ခန်းများက ပင်မစာမျက်နှာပေါ်သို့ ရုတ်တရက် ခုန်တက်လာသည့် သူ့ထုတ်လွှင့်ခန်းကို သတိပြုမိသွားကြပြီး မကျေမနပ် ဖြစ်ကုန်ကြသည်။ သူတို့၏ အဆင့်သတ်မှတ်ချက်များမှာ ဒုတိယနှင့် တတိယနေရာများသို့ ကျဆင်းသွားသောကြောင့် သူတို့၏ ကြည့်ရှုသူ အရေအတွက်ကို ထိခိုက်စေသည်မှာ အမှန်ပင်။
"ဒါက အသစ်ဖွင့်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပါ။ သူတို့ရဲ့လေလံဈေးက တစ်မိနစ်ကို စကြဝဠာဒင်္ဂါး တစ်ထောင်ဘီလီယံတောင်ပေးထားတာ"
တိုက်ရိုက်ထုတ်လွှင့်မှုများကို တာဝန်ယူထားသည့် ဝန်ထမ်းတစ်ယောက်က အလျင်အမြန် သတင်းပို့လိုက်သည်။
"ဈေးကို ချက်ချင်းမြှင့်လိုက်။ ငါတို့ဆီမှာ ဘတ်ဂျက်အလုံအလောက်ရှိတယ်"
"ဟုတ်ကဲ့ပါ"
တိုင်ပင်ထားသည့်အလား တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုစလုံးက သူတို့၏လေလံဈေးနှုန်းများကို စကြဝဠာဒင်္ဂါးတစ်ထောင်ဘီလီယံအထက်သို့ တစ်ပြိုင်တည်း မြှင့်လိုက်ကြပြီး ကျန်းမုန့်လောင်ကို တတိယနေရာသို့ တွန်းချလိုက်ကြသည်။
"တင်ဆက်သူရေ .. မင်း တတိယနေရာကို ကျသွားပြီ။ ပြန်မချတော့ဘူးလား"
ပွဲကြည့်ပရိသတ်လုပ်နေသည့် ကြည့်ရှုသူ အများအပြားက ပြောလာကြသည်။
တစ်မိနစ်လျှင် ဘီလီယံရာနှင့်ချီသော သုံးစွဲမှုမှာ ကြည့်ရှုသူအများစုအတွက် မယုံနိုင်လောက်အောင် များပြားလှသော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လေလေ သူတို့ ပိုစိတ်လှုပ်ရှားလေလေပင်။
"တင်ဆက်သူရေ.. ပိုက်ဆံထပ်ထည့်လိုက်။ ငါ မင်းကို မသိပေမဲ့ မင်းသာ အဲဒီထုတ်လွှင့်မှုနှစ်ခုကို ဖြုတ်ချနိုင်ရင် ငါ မင်းကို ဖောလိုးလုပ်မယ်"
"ငါရောပဲ"
"လုပ်ထား တင်ဆက်သူရေ"
"တတိယနေရာလား"
ကျန်းမုန့်လောင် ခပ်ဟဟ ပြုံးလိုက်သည်။ ထိုအဖွဲ့အစည်းများမှာ ငွေကြေးချမ်းသာသည့် ကြီးမားသော စကြဝဠာအဖွဲ့အစည်းများ ဖြစ်သော်လည်း စကြဝဠာဒင်္ဂါးတစ်ထောင်ဘီလီယံဖြင့် အချိန်ကြာကြာ တောင့်ခံနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်းတို့ ဆန္ဒရှိတဲ့အတိုင်းပဲလေ"
ကျန်းမုန့်လောင်လည်း ရယ်မောလိုက်ပြီးနောက် ထုတ်လွှင့်နေရင်း လေလံဆွဲသည့် စာမျက်နှာကို အေးအေးဆေးဆေးဖွင့်လိုက်၏။ ထို့နောက် "တစ်မိနစ်လျှင် စကြဝဠာဒင်္ဂါးနှစ်ထောင်ဘီလီယံ"ဟု ထည့်သွင်းလိုက်သည်။
"နှစ်ဆတောင် တိုးလိုက်တာလား။ ဒီတင်ဆက်သူက တော်တော် ရက်ရောတာပဲ"
"ဝိုး.. ပိုက်ဆံတွေအများကြီးပဲ။ ငါ ဒီလိုလေလံဆွဲတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ တင်ဆက်သူက စကြဝဠာဘဏ်ရဲ့ရှယ်ယာရှင်များလား။ ဟားဟားဟား"
"ဒီနေ့လည်း ခပ်ကြမ်းကြမ်းတိုက်ပွဲတစ်ခု ဖြစ်လာဦးမယ်လို့ ငါ ခံစားနေရတယ်။ ပြီးတော့ အနိုင်ရသူအစစ်က ပလက်ဖောင်းဖြစ်သွားနိုင်တယ်"
...
"အဖွဲ့ခေါင်းဆောင်... သူ... သူက ဈေးနှုန်းကို စကြဝဠာဒင်္ဂါးနှစ်ထောင်ဘီလီယံအထိ မြှင့်ပစ်လိုက်တယ်"
အခြားထုတ်လွှင့်မှုနှစ်ခု၏ ထိန်းချုပ်ခန်းများမှာ ဆွံ့အသွားကြသည်။
လေလံဆွဲခြင်းများမှာ နေ့စဉ် ဖြစ်ပေါ်နေသော်လည်း မည်သူ့ငွေကမှ အလွယ်တကူ ရှာဖွေရရှိထားခြင်း မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်သည့် ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဘတ်ဂျက်အတိုင်းအတာတစ်ခု ရှိသောကြောင့် လူတိုင်းက တတ်နိုင်သလောက် ချွေတာပြီး ပုံမှန်အားဖြင့် အများဆုံး တစ်ဆယ်ဘီလီယံခန့်သာ တိုးလေ့ရှိသည်။
ယခုလို စကြဝဠာဒင်္ဂါးတစ်ထောင်ဘီလီယံတိတိ ထပ်တိုးလိုက်ခြင်းမှာ ထုံးတမ်းအစဉ်အလာကို လုံးဝ ဆန့်ကျင်နေခြင်းပင်။
"အဖွဲ့ခေါင်းဆောင်... ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ရော ထပ်မြှင့်မလား"
"မြှင့်လိုက်။ ငါတို့တတ်နိုင်တဲ့ ဘတ်ဂျက်ထဲမှာ ရှိနေတုန်းပဲ"
ဤထုတ်လွှင့်မှုအတွက် စကြဝဠာသိုင်းပညာရှင်အသင်း၏ အများဆုံးဘတ်ဂျက်မှာ စကြဝဠာဒင်္ဂါး၂၅၀၀ဘီလီယံဖြစ်လေရာ သူတို့၏ နောက်ဆုံးကန့်သတ်ချက်သို့ မရောက်သေးပေ။
စကြဝဠာသိုင်းပညာရှင်အသင်းနှင့် စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းတို့က သူတို့၏ လေလံဈေးကို ၂၁၀၀ဘီလီယံနှင့် ၂၁၂၀ဘီလီယံသို့ အသီးသီးမြှင့်တင်လိုက်ကြသည်။
"တင်ဆက်သူ... ထပ်မြှင့်လိုက်ပါဦး"
"တင်ဆက်သူရေ.. သူတို့ ဈေးထပ်မြှင့်လိုက်ပြန်ပြီ"
"တင်ဆက်သူ.. ငါ မင်းကို ဖောလိုးလုပ်လိုက်ပြီ။ မင်း သင့်တော်သလိုသာ လုပ်တော့"
စကားဝိုင်းထဲတွင် သွေးထိုးလှုံ့ဆော်သည့် မှတ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ပေ။ ဂါနေးက ဆေးဘက်ဝင်အပင်များကို ဝယ်ယူနေဆဲဖြစ်လေရာ ထုတ်လွှင့်မှု၏ အခြေအနေကို အရှိန်တင်ပေးနေခြင်းကား အလွန်ကောင်းမွန်လှသည်။
"လူတိုင်းက ဒီလောက်တောင် စိတ်အားထက်သန်နေကြမှတော့ ငါလည်း နောက်ဆုတ်နေမှာ မဟုတ်ဘူး"
ကျန်းမုန့်လောင်က လေလံစာမျက်နှာကို ဖွင့်ပြီးနောက် လေလံဈေးကို အေးအေးဆေးဆေးပင် နှစ်ဆထပ်မြှင့်လိုက်ပြန်သည်။
"စကြဝဠာဒင်္ဂါးလေးထောင်ဘီလီယံတဲ့လား။ ရူးနေပြီလား"
"ဝိုး... အခုအချိန်အထိ ငါမြင်ဖူးသမျှ အမြင့်ဆုံးလေလံဈေးက စကြဝဠာဒင်္ဂါး၂၈၀၀ဘီလီယံပဲရှိတာ။ တင်ဆက်သူက စံချိန်သစ်တင်နေတာလား"
"ဒီတင်ဆက်သူဆီမှာ ပိုက်ဆံဘယ်လောက်တောင် ရှိနေလို့လဲ။ ပိုက်ဆံမရှာရသေးခင် ဒီလိုတွေသုံးနေတာ။ ခဏနေရင် ပြန်ပြုတ်ကျသွားမှာ မဟုတ်ဘူးလား"
"တင်ဆက်သူရေ... မင်းသာ နောက်ဆုံးအထိ တောင့်ခံနိုင်ရင် မင်း ဘာပဲရောင်းရောင်း ငါတို့ အားပေးမယ်"
ဤသို့ထပ်မံမြှင့်တင်လိုက်ခြင်းကြောင့် ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတစ်သိုက်လုံး ရူးသွပ်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရည်ရွယ်ချက် သို့မဟုတ် တင်ဆက်သူက မည်သူဖြစ်ကြောင်း ဂရုမစိုက်တော့ဘဲ ထိုကဲ့သို့သော ငွေကြေးဖြုန်းတီးမှုမျိုးအတွက်ဖြင့် ဖောလိုးလုပ်ရကျိုးနပ်သည်။
"ရူးနေတာပဲ"
"ပထမနေရာမှာ နေချင်ရင်လည်း နေလေ။ ဒါပေမဲ့ အရည်အသွေးရှိတဲ့ အကြောင်းအရာမျိုးမရှိရင် ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး။ မင်း အကုန်ဆုံးရှုံးသွားလိမ့်မယ်"
စကြဝဠာဒင်္ဂါးလေးထောင်ဘီလီယံသည် စကြဝဠာသိုင်းပညာရှင်အသင်းနှင့် စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းတို့၏ ဘတ်ဂျက်များထက် များစွာကျော်လွန်နေသည်။ သူတို့ခမျာ မကျေမနပ်ဖြစ်နေသည့်တိုင်အောင် လေလံကို လက်လျှော့လိုက်ရုံမှလွဲ၍ အခြားမတတ်နိုင်တော့ပေ။
"တင်ဆက်သူ... မင်းရဲ့ရီထျန်းဂိုဏ်းက ဘယ်လိုဟာမျိုးလဲ။ အသင်းအဖွဲ့လား။ ဒါမှမဟုတ် အဖွဲ့အစည်းလား။ မင်း ကြည့်ရတာ ချမ်းသာပုံရတယ်"
ကျန်းမုန့်လောင် ခပ်ဖွဖွပြုံးလိုက်သည်။
"မကြာခင် မင်းတို့ သိရမှာပါ။ တချို့ကတော့ ငါတို့ ရီထျန်းဂိုဏ်းဆိုတဲ့ နာမည်ကို ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူးလား"
"နေဦး။ ရီထျန်းဂိုဏ်းတဲ့။ ငါ အရင်က ကြားဖူးသလို ခံစားရတယ်"
"ငါရောပဲ။ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
ထိုစကားနှင့်အတူ လူတချို့က ဆက်စပ်သတင်းအချက်အလက်များကို ရှာဖွေရန် အွန်လိုင်းပေါ်သို့ ချက်ချင်းတက်သွားကြသည်။
မကြာခင်မှာပင် သူတို့ ရှာဖွေတွေ့ရှိခဲ့သည့် အရာများကြောင့် အံ့သြမှင်တက်သွားကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က စကြဝဠာမြေအောက်ကုန်စည်ပြပွဲ၏ ကုန်သွယ်ရေးဈေးကွက်တွင် ဆရာတစ်ဆူ ပေါ်လာခဲ့သည်။ သူသည် စွမ်းအင်ဆေးလုံး၊ နတ်စွမ်းအင်ဆေးလုံးနှင့် ကံစမ်းပဲဘူးတို့ဖြင့် ရေတွက်၍မရနိုင်သော အဆင့်ခြောက်သက်ရှိများ၊ အဆင့်ခုနစ်သက်ရှိများနှင့် အဆင့်ရှစ်သက်ရှိများကိုပင် လွှမ်းမိုးသိမ်းပိုက်နိုင်ခဲ့သည်။
လူအများအပြားက သူ့ပစ္စည်းများကို ဝယ်ယူနိုင်ရန် ဆရာသခင်ဆီက အသင်းဝင်ကတ်ကို ဝယ်ယူရန် ရွေးချယ်ခဲ့ကြသည်။ ထိုကတ်၏ နာမည်အပြည့်အစုံမှာ "ရီထျန်းဂိုဏ်း ပလက်တီနမ်အသင်းဝင်ဗီအိုင်ပီကတ်"နှင့် "ရီထျန်းဂိုဏ်း စိန်အသင်းဝင်ဗီအိုင်ပီကတ်"တို့ပင်။
ထိုအချိန်က ရီထျန်းဂိုဏ်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း မည်သူကမှ သတိမထားမိခဲ့ကြပေ။ ယခု ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုလာချိန်တွင်မူ ထိုနာမည်၏ လျှို့ဝှက်နက်နဲမှုက ထိုဆရာသခင်ထက်ပင် သာလွန်နေတော့သည်။
"တင်ဆက်သူ.. အဲဒီဆရာနဲ့ မင်းက ဘယ်လိုပတ်သက်တာလဲ"
"တင်ဆက်သူ... မင်းက အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်လား"
"တင်ဆက်သူ... ဆရာသခင်က ဘယ်မှာလဲ။ သူ့ကို တိုက်ရိုက်ထုတ်လွှင့်မှုဆီ ခေါ်လာပေးလို့ ရမလား။ ငါတို့ သူ့ကိုတွေ့ချင်လို့"
သူလိုချင်သော အကျိုးသက်ရောက်မှုမျိုး ရရှိသွားကြောင်း မြင်သောအခါ ကျန်းမုန့်လောင်လည်း မတ်တတ်ရပ်၍ ပြောလိုက်သည်။
"အားလုံးပဲ... စိတ်လှုပ်ရှားဖို့သာ ပြင်ထားကြတော့။ ဒီနေ့ ခင်ဗျားတို့အတွက် သတင်းကောင်းတစ်ခု ကျွန်တော် ယူလာတယ်။ ကျွန်တော့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ စွမ်းအင်ဆေးလုံးတွေ နတ်စွမ်းအင်ဆေးလုံးတွေ၊ ကံစမ်းမဲဘူးတွေနဲ့ တခြားပစ္စည်းတွေ အပါအဝင် အဲဒီဆရာသခင်ရဲ့ ဖန်တီးမှုလက်ရာတွေကို အင်တာနက်ပေါ်မှာ အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ"