အခန်း (၈၈၀-၈၈၂)
Vol. 59 Ch. 880-882
အခန်း ၈၈၀ - ငါ့တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်ချင်နေတယ်ပေါ့
"ဆရာသခင်ရဲ့ လက်ရာတွေလား"
"တင်ဆက်သူ.. မင်း ငါတို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ဆရာသခင်ရဲ့ ပစ္စည်းတွေက တကယ်ပဲ ဒီလောက်ရောင်းရလွယ်နေလို့လား"
"မင်း သတင်းအမှားတွေ ဖြန့်နေတာဆိုရင် မင်းကို ငါတို့ အခုချက်ချင်း Reportလုပ်မယ်"
ထိုဆရာသခင်ကို သိသူတိုင်းက သူ ဘယ်လောက်အစွမ်းထက်လဲဆိုသည်ကို သိကြသည်မဟုတ်လော။
စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး သူသည် စကြဝဠာနာရီဝက်အတွင်းမှာတင် အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့သည်။
သူဖော်စပ်ထားသော စွမ်းအင်ဆေးလုံးများက အဆင့်ငါးသက်ရှိတစ်ယောက်ကို အဆင့်ခြောက်အထိ တက်လှမ်းနိုင်အောင် ကူညီပေးပြီး အဆင့်ခြောက်သက်ရှိများ၏ ဗီဇပြောင်းလဲမှုနှုန်းကိုလည်း သိသိသာသာမြှင့်တင်ပေးနိုင်သည်။
သူဖန်တီးထားသော နတ်စွမ်းအင်ဆေးလုံးများက သိုင်းပညာရှင်တစ်ယောက်ကို စကြဝဠာနိယာမနှစ်ခုအထိ နားလည်သဘောပေါက်သွားအောင် ကူညီပေးနိုင်သည့်အပြင် အဆင့်ခုနစ်သက်ရှိများ၏ ဗီဇပြောင်းလဲမှုနှုန်းကိုပါ အဆမတန် ခုန်တက်သွားစေနိုင်သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်လှသော ကံစမ်းမဲဘူးကတစ်ဆင့် တစ်စုံတစ်ယောက်က အဆင့်ရှစ်သိုင်းကျမ်းတစ်ခုကိုပင် ရရှိခဲ့ဖူးသည်။ ထိုအရာမှာ ငွေရှိရုံဖြင့် ဝယ်မရနိုင်သည့် တန်ဖိုးဖြတ်မရသော ရတနာတစ်ခုပင်။
စကြဝဠာတစ်ခုလုံးက ဤပစ္စည်းများကို ဝယ်ယူနိုင်မည့် မျှော်လင့်ချက်ဖြင့် ထိုဆရာသခင်ကို လိုက်လံရှာဖွေနေကြသော်ငြား ခဏလေးပေါ်လာပြီးကတည်းက ထိုဆရာသခင်သည် ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။
ယခု တစ်စုံတစ်ယောက်က ဆရာသခင်၏ပစ္စည်းများကို ရောင်းချမည့်အကြောင်း လိုက်ဖ်လွှင့်နေသည်ဖြစ်ရာ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။ သံသယမဖြစ်ဘဲ ဘယ်နေနိုင်မည်နည်း။
"အားလုံးပဲ။ စိတ်အေးအေးထားကြပါ။ ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျွန်တော်တို့ရီထျန်းဂိုဏ်းက သိပ္ပံ၊ အနုပညာ၊ စီးပွားရေးနဲ့ တခြားကဏ္ဍတွေကို အဓိကထားတဲ့ ဘက်စုံအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ စတင်တည်ထောင်ကတည်းက အရုဏ်ဦးအဖွဲ့အစည်းကို ဖြိုခွင်းနိုင်ခဲ့တယ်။ ရွှေရောင်ဗိမာန်တော်ဆယ့်နှစ်ဆူကို သိမ်းပိုက်နိုင်ခဲ့တယ်။ စကြဝဠာဧကရာဇ်ဖရီဇာရဲ့ လျှို့ဝှက်ကြံစည်မှုကို ဟန့်တားနိုင်ခဲ့ပြီး အလင်းနယ်မြေရဲ့ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်"
"အဲဒီအဖွဲ့အစည်းတွေကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ နားထောင်ရတာတော့ အထင်ကြီးလောက်စရာပဲ"
"တင်ဆက်သူ... မင်းနဲ့ ဆရာသခင်က ဘယ်လိုပတ်သက်တာလဲ"
"ဟုတ်တယ်။ မင်းက ဘာလို့ ဆရာသခင်ရဲ့ ပစ္စည်းတွေကို ကူရောင်းပေးနေတာလဲ"
"အဲဒါက အရေးကြီးတဲ့ မေးခွန်းပဲ"
ကျန်းမုန့်လောင်က ပြောသည်။
"ဆရာသခင်က ကိစ္စအဝဝကို ဖြေရှင်းနေရလို့ နေ့တိုင်း အရမ်းအလုပ်ရှုပ်နေတာ။ သူ့ရဲ့ ဖန်တီးမှုလက်ရာတွေအပေါ် လူတိုင်းက သဘောကျနှစ်သက်နေတာကို မြင်တော့ ဆရာက စိတ်ပျက်အောင် မလုပ်ချင်တဲ့အတွက် အားလုံးကို ပိုပြီးအကူအညီပေးချင်နေတယ်လေ"
"ကျွန်တော်ကလေ"
ကျန်းမုန့်လောင်က သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
"ကျွန်တော်က ရီထျန်းဂိုဏ်းရဲ့ ထိပ်တန်းအရောင်းကိုယ်စားလှယ်ပဲ။ ကျွန်တော့်နာမည်က လီကျားချီပါ။ ကျွန်တော်ရောင်းသမျှအရာတိုင်းက ပေးရတဲ့ဈေးနှုန်းနဲ့ အတန်ဆုံးဖြစ်စေရမယ်လို့ ကတိပေးပါတယ်"
ကျန်းမုန့်လောင်က သေတ္တာဘူးအနည်းငယ်ကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်သည်။ ဤအရာများမှာ သူ ဖော်စပ်ထားသော်လည်း မရောင်းရသေးသည့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများ၊ တိုက်ခိုက်ရေးဧကရာဇ်ဆေးလုံးများနှင့် လင်းလုံဆေးလုံးများပင်။
"အမှန်ပဲ။ ဒါတွေက ဆရာကိုယ်တိုင် ဖန်တီးထားတဲ့ စွမ်းအင်ဆေးလုံးတွေနဲ့ နတ်စွမ်းအင်ဆေးလုံးတွေပဲ။ အွန်လိုင်းပေါ်မှာ ငါ မြင်ဖူးတယ်"
"တင်ဆက်သူက တကယ်ပဲ အဲဒါတွေကို ရထားတာလား။ အများကြီးရှိလား။ ဘယ်လောက်လဲ"
"သာမန်လူတွေကတော့ တွေးတောင် မတွေးကြည့်သင့်ဘူး။ စွမ်းအင်ဆေးလုံးတစ်လုံးကို အမှောင်ဒင်္ဂါးတစ်ရာဘီလီယံ၊ နတ်စွမ်းအင်ဆေးလုံးတစ်လုံးကို စကြဝဠာဒင်္ဂါး တစ်ရာထရီလီယံ၊ ပြီးတော့ ကံစမ်းမဲဘူးတစ်ဘူးဆိုရင် စကြဝဠာဒင်္ဂါး၈၈၈ထရီလီယံတောင် ကျတာ။ သာမန်လူတစ်ယောက်က ဒီလောက်ဈေးတွေကို တတ်နိုင်ပါ့မလား"
ထိုမက်ဆေ့ချ်ကို ပို့ပြီးပြီးချင်းမှာပင် ထိုလူသည် "အမှောင်ဒင်္ဂါး"ဟူသော စကားလုံးမှာ တားမြစ်ထားသော စကားလုံးဖြစ်ကြောင်း သတိပေးချက်တစ်ခုကို လိုက်ဖ်လွှင့်သည့် ပလက်ဖောင်းထံမှ လက်ခံရရှိခဲ့သည်။
"စကြဝဠာဒင်္ဂါးပြားနဲ့ တွက်ကြည့်မယ်ဆိုရင် စွမ်းအင်ဆေးလုံးတစ်လုံးက ကြယ်ဆယ်ပွင့်၊ နတ်စွမ်းအင်ဆေးလုံးတစ်လုံးက ကြယ်အပွင့်တစ်သောင်း၊ ကံစမ်းမဲဘူးတစ်ဘူးက ကြယ် ၈၈၈၀၀ပွင့် ဟုတ်လား"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အများစုမှာ သာမန်လူများသာ ဖြစ်ကြလေရာ ဤပမာဏများမှာ သူတို့အတွက် မယုံနိုင်လောက်အောင် များပြားလွန်းလှသည်။ တချို့ဆိုလျှင် သူတို့၏ တစ်သက်တာလုံးတွင် စကြဝဠာဒင်္ဂါးအနည်းငယ်ကိုပင် ရှာဖွေနိုင်မည်မဟုတ်ပေ။
"ဘုရားရေ.. ဒါက ငါ ကြည့်လို့တောင်ရတဲ့ ထုတ်လွှင့်မှုမျိုး ဟုတ်ရဲ့လား"
"ငါတော့ ဒီနေရာနဲ့ မတန်ဘူးထင်တယ်"
"ဒါတွေကိုဝယ်နိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေများ ရှိလား။ ငါ ဆက်ပြီး မကြိုးစားချင်တော့ဘူး"
မြင့်မားလှသော ထိုဈေးနှုန်းသည် လူပေါင်း၉၉.၉၉ရာခိုင်နှုန်းကို စိတ်ဓာတ်ကျသွားစေသည်။
သို့သော် ကျန်းမုန့်လောင်က အရောင်းမြှင့်တင်ရေး အကျိုးသက်ရောက်မှုကိုသာ ရည်ရွယ်ခဲ့ခြင်းပင်။ တစ်မိနစ်လျှင် စကြဝဠာဒင်္ဂါးလေးထောင်ထရီလီယံ လေလံဆွဲထားသောကြောင့် ဤဆေးလုံးသုံးမျိုး ပေါ်ထွက်လာခြင်းမှာ ကွမ်တမ်ချိတ်ဆက်မှုအလား စကြဝဠာတစ်ခွင်သို့ အလျင်အမြန်ပျံ့နှံ့သွားလေတော့သည်။
"မင်းကြားပြီးပြီလား။ စကြဝဠာအလင်းတန်းပေါ်က တင်ဆက်သူတစ်ယောက်က သူ့ကိုယ်သူ ပထမနေရာရောက်ဖို့ တစ်မိနစ်ကို စကြဝဠာဒင်္ဂါးလေးထောင်ထရီလီယံ သုံးလိုက်တယ်တဲ့။ စကြဝဠာသိုင်းပညာရှင်အသင်းနဲ့ စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းတွေရဲ့ ထုတ်လွှင့်မှုတွေတောင် အောက်ရောက်သွားတာ"
"အဲဒါတင် မဟုတ်သေးဘူးနော်။ ဒီလူက ရီထျန်းဂိုဏ်းကတဲ့။ တလောတုန်းက အဂ္ဂိရတ်ပညာရှင်ကို မှတ်မိသေးလား။ အခု သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ စွမ်းအင်ဆေးလုံးတွေ၊ နတ်စွမ်းအင်ဆေးလုံးတွေနဲ့ ကံစမ်းမဲဘူးတွေကိုပါ ဝယ်လို့ရနေပြီ"
"ဘာ... ငါက ပိုက်ဆံလုံလုံလောက်လောက် စုမိခါစပဲ ရှိသေးတယ်။ ဆရာသခင်ကို အချိန်မီ ရှာမတွေ့ခဲ့ဘူး။ ဒါက ငါ့အခွင့်အရေးပဲ"
"မိုက်တာပေါ့။ အဲဒီရက်တွေတုန်းက ငါ့မှာ အရေးကြီးကိစ္စတွေရှိလို့ မသွားနိုင်ခဲ့ဘူး။ အံ့သြဖို့ကောင်းလိုက်တာ"
...
ထိုသတင်းက တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ တစ်ရာအထိ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ယခင်အခွင့်အရေးကို လက်လွှတ်ခဲ့ရသူများကိုပင် စိတ်လှုပ်ရှားသွားစေသည်။ စိတ်ဝင်စားသူ အရေအတွက်မှာ အစပိုင်းက စကြဝဠာကုန်စည်ပြပွဲ၏ ကုန်သွယ်ရေးဈေးကွက်သို့ လာရောက်ခဲ့သူများထက် များစွာသာလွန်နေချေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များမှာ ဆက်လက်တိုးပွားလာပြီး စကြဝဠာအချိန် တစ်နာရီကြာပြီးနောက် စကြဝဠာသိုင်းပညာရှင်အသင်းနှင့် စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းတို့၏ ကြည့်ရှုသူအရေအတွက်ကို ကျော်လွန်သွားသည်။ ထိုထုတ်လွှင့်မှုများမှ ကြည့်ရှုသူများပင် မိမိတို့သဘောဆန္ဒအလျောက် ကူးပြောင်းလာခဲ့ကြသည်။
လူတွေက စကြဝဠာသိုင်းပညာရှင်အသင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ဘာကြောင့် ကြည့်ကြတာလဲ။
သူတို့၏သက်ရှိအဆင့်များကို အမြန်မြှင့်တင်ချင်သောကြောင့် မဟုတ်လော။ ယခုမူ သူတို့ ထိုအရာကို ငွေကြေးနှင့် ရယူနိုင်လေပြီ။ ပိုက်ဆံကုန်မည့်အတူတူတော့ ဆေးတစ်လုံးတည်းနှင့် အံ့ဖွယ်ဖြစ်ရပ်များကို လုပ်ပြနိုင်သည့်အရာကို ဘာကြောင့်မရွေးချယ်ရမည်နည်း။
လူတိုင်း မတတ်နိုင်သော်ငြား ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူအားလုံးနီးပါးမှာ အဆင့်ခြောက်သို့ တက်လှမ်းရန် နီးစပ်နေသည့် အဆင့်ငါးသက်ရှိများ ဖြစ်ကြသည်။ သူတို့အားလုံးတွင် အမှောင်ဒင်္ဂါးတစ်ရာဘီလီယံ မရှိကြသော်လည်း ၁ရာခိုင်နှုန်းသာ ရှိမည်ဆိုလျှင်ပင် ၎င်းမှာ အထင်ကြီးလောက်စရာ ပမာဏတစ်ခု ဖြစ်နေလေပြီ။
"ဘာ... အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ စွမ်းအင်ဆေးလုံးတွေ ရောင်းနေတာလား"
စကြဝဠာသိုင်းပညာရှင်အသင်းနှင့် စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းတို့ရှိ တင်ဆက်သူနှစ်ဦးမှာ ဆက်သည်းမခံနိုင်တော့ပေ။
စကြဝဠာသိုင်းပညာရှင်အသင်းမှ တင်ဆက်သူသည် အဆင့်ခုနစ်သို့ တက်လှမ်းရာလမ်းကြောင်းကို အချိန်အတော်ကြာအောင် ရှာဖွေနေခဲ့သော်လည်း နည်းလမ်းမတွေ့သေးသော အဆင့်ခြောက်သက်ရှိတစ်ယောက်ပင်။ ယခုမူ အခွင့်အရေးတစ်ခုက သူ့ရှေ့မှောက်တွင် ရောက်နေချေပြီ။ တင်ဆက်သူတစ်ဦးဖြစ်သောကြောင့် သူသည် သာမန်အဆင့်ခုနစ် သက်ရှိများထက် ပိုချမ်းသာကြွယ်ဝသည်။
စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းရှိ အဂ္ဂိရတ်ပညာရှင်ကလည်း ထိုနည်းတူပင် ခံစားမိသည်။ သူ့စွမ်းအားကို မြှင့်တင်ရေးမှာ သူ၏ အဓိကရည်မှန်းချက်မဟုတ်သော်လည်း ဆရာသခင်ကိုယ်တိုင် ဖန်တီးထားသော လက်နက်တစ်ခုကို ဝယ်ယူခြင်းမှာ ရွှေရောင်အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်သည်။ ထိုအရာကို လေ့လာခြင်းမှာ သူ့အဂ္ဂိရတ်ပညာရပ်အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေနိုင်သည်။
"ဟမ်.. တင်ဆက်သူတွေအားလုံး ဘယ်ရောက်သွားကြတာလဲ"
"အမလေး... အဲဒီဆေးတွေက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆိုတာ မင်းမသိဘူးလား။ တင်ဆက်သူတွေလည်း လီကျားချီရဲ့ ထုတ်လွှင့်မှုကို သွားကြည့်နေလောက်ပြီ"
...
"တင်ဆက်သူရေ... ဈေးနှုန်းတွေကို မြန်မြန်ချပြပေးပါတော့။ ငါ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေက အပြင်ထွက်ဖို့ အသင့်ဖြစ်နေပြီ"
"ဟုတ်တယ် တင်ဆက်သူရေ။ ငါတို့ကို ဒီတိုင်းကြီး တန်းလန်းမထားခဲ့ပါနဲ့။ ငါတို့ ဘယ်လိုလျှော့ဈေးမျိုးတွေ ရမှာလဲ"
"ကောင်းပြီလေ။ ဒီနေ့ ကျွန်တော်တို့ထုတ်လွှင့်မှုအတွက် အံ့သြမှင်တက်သွားစေမယ့် ဈေးနှုန်းတွေကို ကြေညာလိုက်ကြရအောင်"
"ဒီနေ့ထုတ်လွှင့်မှုမှာတော့ စွမ်းအင်ဆေးလုံးတွေကို အကန့်အသတ်မရှိ ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကတော့..."
လူတိုင်း အသက်အောင့်ထားရင်း ကျန်းမုန့်လောင် ဈေးနှုန်းများ ထုတ်ဖော်ပြသမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
"အမှောင်ဒင်္ဂါး၈၈၈ဘီလီယံပါ"
"ဝိုး"
သူ ထိုသို့ပြောလိုက်သည်နှင့် စကားဝိုင်းထဲတွင် တီးတိုးရေရွတ်သံများနှင့် သက်ပြင်းချသံများဖြင့် ပြည့်နှက်သွားလေသည်။
မူလဈေးနှုန်းမှာ အမှောင်ဒင်္ဂါးတစ်ထောင်ထရီလီယံပင်။ ယခုမူ အမှောင်ဒင်္ဂါး၈၈၈ဘီလီယံဖြစ်၏။ ဤသည်မှာ သိသာလှသော လျှော့ဈေးတစ်ခု ဖြစ်သော်လည်း စကြဝဠာအလင်းတန်းပလက်ဖောင်းပေါ်ရှိ ထုတ်လွှင့်မှုတစ်ခုအတွင်း "အမှောင်ဒင်္ဂါးပြား"ဟု ရည်ညွှန်းပြောဆိုခြင်းမှာ တားမြစ်ထားသော အရာပင်။ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် အမှောင်ဒင်္ဂါးများဖြင့် အရောင်းအဝယ် ပြုလုပ်ရန်ညွှန်းဆိုသူ မည်သူမဆို ချက်ချင်း အကောင့်ပိတ်သိမ်းခံရမည် ဖြစ်၏။
"ဒုက္ခပါပဲ...တင်ဆက်သူရဲ့ အကောင့်တော့ သွားပါပြီ"
"နောက်မှ တခြားအကောင့်တစ်ခုနဲ့ ပြန်တွေ့ကြတာပေါ့ ရဲဘော်တို့"
"တင်ဆက်သူ... အမှောင်ဒင်္ဂါးအကြောင်း ထုတ်ပြောရဲတဲ့ မင်းသတ္တိကိုတော့ ချီးကျူးပါတယ်။ မင်းကို သတ္တိရှိတဲ့လူတစ်ယောက်အနေနဲ့ ငါ လေးစားပါတယ်"
...
ထိုစဉ် ကျန်းမုန့်လောင်မှာ တရားဝင်အသိပေးစာတစ်ခုကို ချက်ချင်း လက်ခံရရှိခဲ့သည်။
"ချစ်ခင်ရပါသော တင်ဆက်သူ.. သင်သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် အဆင့်တစ်တားမြစ်စကားလုံးကို အသုံးပြုခဲ့သောကြောင့် အကောင့်ပိတ်သိမ်းခြင်းဖြင့် ပြစ်ဒဏ်ချမှတ်ပါမည်။ သင့်ထုတ်လွှင့်မှုမှာ ၁၀စက္ကန့်အတွင်း အလိုအလျောက် ပိတ်သွားပါမည်"
"ကျစ်"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံး၍ ခလုတ်ပေါင်းမြောက်မြားစွာပါဝင်သော ဟိုလိုဂရမ် ထိန်းချုပ်မျက်နှာပြင်တစ်ခုကို အသာလေးပွတ်ဆွဲလိုက်သည်။
"တင်ဆက်သူ ဘာလုပ်နေတာလဲ"
"သေချာတော့မသိဘူး။ စောင့်ကြည့်ကြတာပေါ့။ တစ်ခုခုတော့ ထူးဆန်းနေပြီလို့ ငါ ခံစားနေရတယ်"
ကျန်းမုန့်လောင်သည် စန္ဒရားတီးနေသည့်အလား ကွမ်တမ်ကွန်ရက်ကို ဖြတ်ကျော်၍ စကြဝဠာအလင်းတန်းပလက်ဖောင်း၏ စီမံခန့်ခွဲမှုစနစ်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားလိုက်သည်။ ထို့နောက် ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ဟု ယူဆရသော သူတို့၏ကာကွယ်ရေးစနစ်များကို အလျင်အမြန်ဖောက်ထွင်း၍ တိုက်ရိုက်ထုတ်လွှင့်မှု၏ ခွင့်ပြုချက်များကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ သုံးမိနစ်ခန့်သာ အချိန်ယူခဲ့ရပြီး လေပြေလေးတစ်ချက်တိုက်သလို အလွန်လွယ်ကူချောမွေ့လှသည်။
"ကဲ"
ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်မှုသို့ ယုံကြည်မှုအပြည့်ဖြင့် ပြန်ရောက်လာခဲ့သည်။
"ပါ့မွှားကုမ္ပဏီလေးတစ်ခုက ငါ့တိုက်ရိုက်ထုတ်လွှင့်ခန်းကို ပိတ်ချင်တိုင်း ပိတ်လို့ရမယ်များ ထင်နေတာလား"
**********************
အခန်း ၈၈၁ - လင့်ခ်သာတင်ပေးစမ်းပါ မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ
"ဒါက ဘာသဘောလဲ။ သုံးမိနစ်တောင် ရှိသွားပြီ။ ထုတ်လွှင့်မှုက ဘာလို့အပိတ်မခံရသေးတာလဲ။ တင်ဆက်သူက ကုမ္ပဏီပိုင်ရှင်ရဲ့ အမျိုးများလား"
"ဒီအကွက်ကတော့ မိုက်သွားပြီဟေ့။ တင်ဆက်သူရေ... မင်း တကယ်လန်းတယ်ကွာ"
"@စီမံခန့်ခွဲသူ ဒီလိုက်ဖ်ကို ချက်ချင်းမပိတ်ဘူးလား။ ဒီလိုကြီး ဆက်ရောင်းနေလို့ တကယ်ရလို့လား"
ဖန်သားပြင်တစ်ခုလုံး မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားသည်။ "စကြဝဠာအလင်းတန်း"၏ နည်းပညာအဖွဲ့မှာ စကြဝဠာတစ်ခွင်ရှိ ခေတ်အမီဆုံး နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ထားသည့် အလွန်အစွမ်းထက်ပြီး အတွေ့အကြုံရှိသည့် အဖွဲ့တစ်ဖွဲ့ပင်။ သူတို့၏စနစ်တွင် ချို့ယွင်းချက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
အကျိုးအမြတ်အတွက် သူတို့၏စနစ်ကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးစားခဲ့သူ အများအပြား ရှိခဲ့သော်လည်း ခြွင်းချက်မရှိပါဘဲ အားလုံး တားဆီးပိတ်ပင်ခံခဲ့ရသည်။ ထို့ပြင် သူတို့၏ အချက်အလက်များကို ခြေရာလိုက်ခံရပြီး အဆုံးတွင်မူ တရားဥပဒေ၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။
သို့သော် အခြေအနေမှာ မသက်သာလှပေ။ ယခုအချိန်တွင် "စကြဝဠာအလင်းတန်း"၏ နည်းပညာဌာနချုပ်တစ်ခုလုံးမှာ ဝရုန်းသုန်းကားဖြစ်နေလေပြီ။
"ဘာတွေဖြစ်နေတာလဲ။ ငါတို့ရဲ့အေအိုင်က ဘာလို့ အဲဒီထုတ်လွှင့်မှုကို အခုထိ ပိတ်မချသေးတာလဲ"
နည်းပညာအဖွဲ့ခေါင်းဆောင်မှာ ဒေါသထွက်နေလေသည်။ ထိုတင်ဆက်သူသည် ကုမ္ပဏီအတွက် ဝင်ငွေအများအပြား ရှာပေးနေသည်ဆိုစေဦးတော့။ တားမြစ်ထားသည့် စည်းမျဉ်းအချို့ကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမည်ဖြစ်၏။
"ကျွန်တော်တို့ရဲ့အေအိုင်က အလုပ်မလုပ်တော့ဘူးဗျ"
နည်းပညာဝန်ထမ်းက ချက်ချင်း အစီရင်ခံတင်ပြလေသည်။
"ဒါဆိုရင် ကိုယ်တိုင်ပိတ်လိုက်လေ"
"ခုနကပဲ လုပ်ကြည့်ပါသေးတယ်။ ဒါပေမဲ့ အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ဘာမှလုပ်လို့မရဘူး။ သူ့ကို နှောင့်ယှက်ဖို့လုပ်တဲ့ ဘယ်လိုအပြုအမူမဆို သူ့အတွက် အကျိုးရှိမယ့်အရာတွေပဲ ပြောင်းသွားပါတယ်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ ဘယ်လိုလုပ်လိုက်တာလဲ။ ငါတို့ဆီမှာ ထိန်းချုပ်ခွင့် မရှိတော့ဘူးလား"
"မဟုတ်ပါဘူး။ ထိန်းချုပ်ခွင့်တွေအားလုံးက ကျွန်တော်တို့လက်ထဲမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့တိုက်ရိုက်ထုတ်လွှင့်မှုက ကျွန်တော်တို့ရဲ့ စနစ်ထဲမှာ တခြားကြားခံတစ်ခုအနေနဲ့ ကပ်ပါသလိုမျိုး ဖြစ်နေတာ။ သူ့ကို မြင်တော့ မြင်နေရပေမဲ့ ဘာမှလုပ်လို့မရဘူး"
"မဖြစ်နိုင်တာ။ ငါ့ကို ပြစမ်း"
"စကြဝဠာအလင်းတန်း"၏ နည်းပညာဒါရိုက်တာမှာ အလွန်တော်သော ပညာရှင်တစ်ဦးပင်။ စနစ်တစ်ခုလုံး၏ အဆောက်အအုံနှင့် ကာကွယ်ရေးစနစ်မှာ သူကိုယ်တိုင်ဦးစီး၍ တည်ဆောက်ထားခြင်း ဖြစ်၏။ စကြဝဠာဘဏ်နှင့် အခြားအဖွဲ့အစည်းများက သူ့ကို လစာအမြောက်အမြားပေး၍ ငှားရမ်းရန် ကြိုးပမ်းခဲ့သော်လည်း သူကတော့ ငြင်းပယ်ခဲ့သည်။
သူသည် ထိန်းချုပ်မှုမျက်နှာပြင်ကို ဖွင့်လိုက်ပြီး ဆယ်မိနစ်ကျော်ကြာအောင် စနစ်ကို ပြုပြင်ရန် ကြိုးစားလိုက်သည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး"
သူ့သူငယ်အိမ်များ ပြူးကျယ်သွားပြီး လက်များမှာလည်း အနည်းငယ် တုန်ယင်နေသည်။
"ဒီနည်းပညာက ငါတို့ခေတ်ထက် အဆင့်တွေအများကြီး ပိုသာနေတယ်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စကြဝဠာကြီးက ကျယ်ဝန်းလှသည်ဆိုသော်ငြား သူတို့က နည်းပညာ၏ အထွတ်အထိပ်တွင် ရှိနေသူများဟု ယူဆခဲ့ကြသည်။ သို့သော် ကျန်းမုန့်လောင်၏ လက်ချက်အောက်တွင် သူတို့၏နည်းပညာမှာ စာရိုက်ရုံသာ လုပ်တတ်သူတစ်ယောက်က ကုတ်အကြောင်းရေ သောင်းချီကို ရင်ဆိုင်နေရသလို ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားပြီး လုံးဝ ဇဝေဇဝါဖြစ်သွားရလေသည်။
"ငါတို့... သူ့ကို တားလို့မရဘူး"
"ဒါမှမဟုတ်... ဆာဗာကိုပဲ ဖြတ်ချလိုက်မလား"
တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ နည်းပညာနှင့် တားမရလျှင် ရုပ်ပိုင်းဆိုင်ရာအရ ဖြတ်တောက်လိုက်ခြင်းက အကောင်းဆုံးပင်။
"အဲဒါလည်း လုပ်လို့မရဘူး။ သူက သူ့ရဲ့လိုက်ဖ်ကို တခြားလိုက်ဖ်တွေအားလုံးထဲအထိ ထိုးဖောက်ဝင်ရောက်အောင် လုပ်ထားပြီးသား။ သူ့လိုက်ဖ်ကို ပိတ်လိုက်တာနဲ့ ငါတို့ပလက်ဖောင်းပေါ်က တခြားလိုက်ဖ်တွေပါ အကုန်ပြုတ်ကျသွားလိမ့်မယ်။ အဲဒီလောက် ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးကို ငါတို့ အဖြစ်မခံနိုင်ဘူး"
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
နည်းပညာဝန်ထမ်းများအားလုံးမှာ ကူကယ်ရာမဲ့နေကြသည်။
"ဌာနချုပ်ကို အစီရင်ခံလိုက်။ သူတို့ပဲ ဆုံးဖြတ်ပါစေတော့"
...
"စကြဝဠာအလင်းတန်း"အဖွဲ့က ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းနေစဉ် ဂါနေးသည် ဆေးဖက်ဝင်ပစ္စည်းအမြောက်အမြားနှင့်အတူ ပြန်ရောက်လာသည်။ ထိုအရာများမှာ ကျန်းမုန့်လောင်အတွက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများ၊ တိုက်ခိုက်ရေးဧကရာဇ်ဆေးလုံးများနှင့် လင်းလုံဆေးလုံးများကို အမြောက်အများဖော်စပ်ရန် လုံလောက်သော ပမာဏပင်။ ထို့ပြင် သူသည် ကံစမ်းမဲဘူးများထဲသို့ ထည့်ရန်အတွက် အခြားဆေးလုံးအသစ်များကိုပါ စမ်းသပ်ဖော်စပ်ရန် စီစဉ်ထားသည်။
"ကဲ... အားလုံး အဆင်ပြေသွားပြီ။ ဆက်ကြရအောင်"
ကျန်းမုန့်လောင်သည် အစောက အကောင့်ပိတ်ခံရတော့မည့်အရေးကို ဘာမှမဖြစ်ခဲ့သလို ရယ်မောရင်း ပြောလိုက်သည်။
"ရီထျန်းဂိုဏ်းရဲ့ နည်းပညာက တော်ရုံမဟုတ်ဘူးနော်။ 'စကြဝဠာအလင်းတန်း'လို အဖွဲ့အစည်းလေးက ငါ့လိုက်ဖ်ကို ပိတ်ချင်တယ် ဟုတ်လား။ လုံးဝမဖြစ်နိုင်ဘူး"
"မိုက်တယ်ဟေ့။ စကြဝဠာအလင်းတန်းကတောင် တင်ဆက်သူကို မနိုင်ဘူး"
"ကြမ်းတယ်။ တကယ်ကြမ်းတာ။ မင်း သူတို့ကို ရန်စရဲတာကို ဒီတစ်ခါတော့ ငါ တကယ် အထင်ကြီးသွားပြီ"
"ဒါဆို တင်ဆက်သူက သူတို့စနစ်ကို ဟက်လိုက်တာပေါ့။ မင်းကို အသန်မာဆုံးလို့ ငါ သတ်မှတ်လိုက်ပြီ"
...
"ခုနက ပြောခဲ့သလိုပဲ။ ငါတို့ရဲ့ စွမ်းအင်ဆေးလုံးတွေကို ဒီနေ့ အကန့်အသတ်မရှိ ရောင်းပေးမှာပါ။ တစ်လုံးကို အမှောင်ဒင်္ဂါး၈၈.၈ဘီလီယံပဲ ကျသင့်ပါမယ်။ ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့ဦး။ အခုချက်ချင်း အော်ဒါတင်လိုက်ကြတော့"
ကျန်းမုန့်လောင်လည်း သူ့အမှောင်ဒင်္ဂါးအကောင့်ကို တင်လိုက်သည်။
"သင့်အမှောင်ဒင်္ဂါးအကောင့်သို့ အမှောင်ဒင်္ဂါး၈၈.၈ဘီလီယံ လွှဲပြောင်းမှုကို လက်ခံရရှိပါသည်"
"သင့်အမှောင်ဒင်္ဂါးအကောင့်သို့ အမှောင်ဒင်္ဂါး၈၈၈ဘီလီယံ လွှဲပြောင်းမှုကို လက်ခံရရှိပါသည်"
...
အကောင့်နံပါတ် တင်လိုက်သည့် အချိန်မှစ၍ ကျန်းမုန့်လောင်၏ နားထဲတွင် ငွေလွှဲဝင်လာသည့် အသံများ ဆက်တိုက်ဆိုသလို ကြားနေရတော့သည်။ ထိုအချိန်ကျမှသာ ဤစကြဝဠာထဲတွင် ချမ်းသာကြွယ်ဝသူ မည်မျှအထိ ရှိနေကြောင်း သူ သိလိုက်ရသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ စုဆောင်းခဲ့သည့် လူအုပ်ကြီးမှာ ယခုတစ်ခေါက်နှင့်ယှဉ်လျှင် ဘာမှမပြောပလောက်ချေ။
"ကဲ... အချစ်တို့ရေ အော်ဒါတွေဆက်တင်လို့ ရပါတယ်။ အမြန်ဆုံး ပို့ဆောင်ပေးနိုင်အောင် ကျွန်တော် စီစဉ်ပေးပါ့မယ်"
ကျန်းမုန့်လောင်က ကင်မရာကို ဘေးဘက်သို့ လှည့်လိုက်လေရာ ဟိုလိုဂရမ်ရုပ်ကြွတစ်ခုထဲတွင် ဆေးလုံးများ ဖော်စပ်နေသည့် ပုံရိပ်နှင့် ဆေးဖက်ဝင်ပစ္စည်း အပုံလိုက်ကြီးကို တွေ့လိုက်ရသည်။
"တစ်လအတွင်း ပစ္စည်းရောက်စေရမယ်လို့ ကတိပေးပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကောထန်.. ပစ္စည်းပို့ရမယ့် လိပ်စာတွေကို ချရေးထားလိုက်"
"ကျောင်းအုပ်ကြီး... ဒီလောက်များတဲ့ ဆေးလုံးတွေ နောက်ကျသွားရင် ဘယ်လိုလုပ်မလဲ"
"ငါကိုယ်တိုင် ဖော်စပ်မယ်လို့ ဘယ်သူပြောလဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ဆရာတွေနဲ့ ကျောင်းသားတွေမှ အများကြီးပဲ။ သူတို့ ဒီဆေးလုံးတွေကို မဖော်စပ်နိုင်ဘူးလား"
ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှ အရာဝတ္ထုများကို အပြင်သို့ ယူဆောင်သွား၍ မရသော်လည်း အပြင်မှယူလာသည့် ပစ္စည်းများကို ကျောင်းတော်ထဲတွင် အချောကိုင်ပြီးနောက် ပြန်လည်ယူဆောင်သွား၍ ရပေသည်။
"ကျောင်းအုပ်ကြီးရယ်... အရင်းရှင်တွေတောင် ဒီစကားကိုကြားရင် ငိုမိမှာပဲ"
"လူချောတွေရဲ့ကိစ္စကို ဝင်မရှုပ်စမ်းပါနဲ့"
မျက်စိတစ်မှိတ်အတွင်းမှာပင် အကောင့်ထဲသို့ အမှောင်ဒင်္ဂါးထရီလီယံပေါင်းများစွာ ဝင်လာသည်။ ကြည့်ရှုသူအရေအတွက်လည်း ဆက်တိုက်မြင့်တက်နေလေရာ ငွေပေးချေမှုအကြိမ်ရေမှာလည်း ပိုမိုမြန်ဆန်လာသည်။
"ကျွန်တော်တို့ရဲ့ နတ်စွမ်းအင်ဆေးလုံးကို ထုတ်ပြပါတော့မယ်"
ကျန်းမုန့်လောင်က လင်းလုံဆေးလုံးတစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်၏။
"ဆရာသခင်... ဒါက ဘယ်လောက်လဲ"
"အမှောင်ဒင်္ဂါး၁ထရီလီယံ"
ဟိုလိုဂရမ်နှင့် ကျန်းမုန့်လောင်တို့မှာ အတိုင်အဖောက်ညီနေကြသည်။
"ဆရာသခင်ကလည်း... ဈေးကြီးလိုက်တာ။ ပြီးခဲ့တဲ့တစ်ခေါက် ရောင်းတုန်းကနဲ့ ဘာထူးတော့မှာလဲ။ ဈေးလေး နည်းနည်းလျှော့ပါဦး"
"မရဘူး။ နတ်စွမ်းအင်ဆေးလုံး ရောင်းဖို့အတွက် ပလက်တီနမ်အသင်းဝင်ကတ်တွေ ထုတ်ပေးဖို့ လိုတယ်။ အမှောင်ဒင်္ဂါး၁ထရီလီယံ သက်သာအောင် လုပ်ပေးထားတာတောင် ဈေးထပ်လျှော့ခိုင်းနေသေးတာလား"
"ဆရာသခင်... ကျွန်တော်တို့ စေတနာထားရမယ်လေ။ ဒီနေ့ ကျွန်တော်တို့လိုက်ဖ်ကို ကြည့်နေတဲ့ မိသားစုဝင်တွေကို ကြည့်ပါဦး။ ဒီလျှော့ဈေးလောက်နဲ့တော့ မလုံလောက်သေးဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျွန်တော် ဈေးတစ်ခုပြောမယ်။ အမှောင်ဒင်္ဂါး၆၀၀ထရီလီယံနဲ့ အလုံးရေတစ်သောင်းဆိုရင်ရော"
"မဖြစ်နိုင်တာ... ငါ အများကြီး ရှုံးသွားမှာပေါ့။ ၉၅၀ထရီလီယံကို အလုံးရေတစ်ထောင်ပဲ"
"ဒါဆို နှစ်ယောက်စလုံး အလျှော့အတင်းလုပ်ကြရအောင်။ အမှောင်ဒင်္ဂါး၇၀၀ထရီလီယံနဲ့ အလုံးရေကိုးထောင်"
"၉၂၀ထရီလီယံနဲ့ အလုံးရေနှစ်ထောင်"
...
"ကဲ... ဒါဆိုရင် အမှောင်ဒင်္ဂါး၈၈၀ထရီလီယံနဲ့ အလုံးရေ၈၈၈၈လုံးပဲ"
"မိသားစုဝင်တို့ရေ... ကြားတယ်မလား။ ကတ်လုပ်စရာ မလိုဘူး။ တိုက်ရိုက်ဝယ်လို့ ရတယ်။ တစ်လုံးကို အမှောင်ဒင်္ဂါး၈၈၀ထရီလီယံပဲ။ အရမ်းလှတဲ့ လက်ဆောင်ဘူးလေးလည်း ပါတယ်နော်။ အလုံးရေ၈၈၈၈လုံးပဲ ရှိတာနော်။ ဒီလိုက်ဖ်မှာပဲ ဒီလောက်ဈေးသက်သက်သာသာနဲ့ ရမှာ။ ဘာစောင့်နေကြတာလဲ။ ဝယ်လိုက်ကြတော့လေ"
ကျန်းမုန့်လောင်က ကြေးမောင်းတစ်ခုကို ဘယ်က ဘယ်လိုရလာသလဲမသိဘဲ အပြင်းအထန် တီးခတ်လိုက်သည်။
"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ... မအိပ်ကြပါနဲ့ဦး။ အားလုံး နိုးနိုးကြားကြားရှိကြပါ။ ဒီနေ့သာ လက်လွတ်သွားရင် တစ်သက်လုံး နောင်တရနေရလိမ့်မယ်"
"ငါ... ငါ ဝယ်မထားရင် ရှုံးမယ်လို့ ခံစားနေရတယ်"
"မဝယ်ချင်ပါဘူးဆိုမှ။ သူက ငါ့ကို ချောတယ်လို့ ပြောနေပြန်ပြီ"
"ဝယ်ပြီကွာ"
...
တိုက်ခိုက်ရေးဧကရာဇ်ဆေးလုံးများနှင့် လင်းလုံဆေးလုံး ၈၈၈၈လုံးမှာ အမြန်ကုန်သွားသည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများလောက် မြန်မြန်မကုန်သော်လည်း နာရီဝက်ခန့်အကြာတွင် အားလုံး ရောင်းထွက်သွားသည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်သည် သူတို့ထံမှ အမှောင်ဒင်္ဂါးတစ်ရာထရီလီယံနီးပါး ရှာနိုင်ခဲ့ပြီဖြစ်၏။
ဂါနေးခမျာ နံဘေးမှ အံ့သြမှင်တက်စွာ ကြည့်နေလေသည်။
ဒါက ထိပ်တန်းတင်ဆက်သူတစ်ယောက်ရဲ့ နာမည်ကျော် အရောင်းစွမ်းအားလား။ ဒါက ဦးနှောက်ဆေးတဲ့ ပိရမစ်စီမံကိန်းတွေနဲ့တောင် တူနေပြီ။
"နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ကံစမ်းမဲဘူးလေးတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ ကံစမ်းမဲဘူးတွေက အရမ်းထူးခြားတယ်နော်။ ဆရာကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးလုံးတွေကလွဲလို့ တခြားဘာမှမပါဘူး။ ကံအညံ့ဆုံး လူတောင်မှ အနည်းဆုံးတော့ နတ်စွမ်းအင်ဆေးလုံးတစ်လုံး ရမှာပါ"
"ဆရာသခင်... အထဲမှာ တခြားဘာတွေရှိသေးလဲ"
"စွမ်းအင်မြင့်ဆေးလုံးတွေ၊ အန္တိမစွမ်းအင်ဆေးလုံးတွေနဲ့ ဒစ်ဂျီမွန်မြွေဆေးလုံးတွေလည်း ပါသေးတယ်"
အမှန်စင်စစ်တွင် ထိုအရာများမှာ အဆင့်ရှစ် ဆေးလုံးများသာ ဖြစ်ပြီး အာနိသင်ကိုတော့ ကျန်းမုန့်လောင်ကိုယ်တိုင်လည်း တကယ်မသိပေ။
"ဒီဆေးလုံးတွေက ဘာလုပ်ပေးနိုင်သလဲဆိုတာ ကျွန်တော် အတိအကျမသိပေမဲ့ နတ်စွမ်းအင်ဆေးလုံးထက် အဆင့်တစ်ဆင့်ပိုမြင့်တယ်ဆိုတာကိုတော့ အာမခံပါတယ်။ အလုံးရေ၈၈၈လုံးပဲ ရောင်းမှာပါ။ ဈေးနှုန်းကတော့ စကြဝဠာဒင်္ဂါး၈၈၈ထရီလီယံပါ"
"တင်ဆက်သူ... လင့်ခ်ကို မြန်မြန်တင်ပေးစမ်းပါ။ မင်းက ဘယ်သူ့ကို လာအထင်သေးနေတာလဲ"
"တင်ဆက်သူရေ... ဆရာသခင့်ကိုရော ရောင်းပေးလား။ ဆရာသခင့်ကိုပါ လင့်ခ်တင်ပေးပါဦး"
************************
အခန်း ၈၈၂ - အဖွဲ့လိုက်ဝယ်ရင် ပိုသက်သာပါတယ်
"အမှောင်ဒင်္ဂါး၈၈၈ထရီလီယံဆိုတာ သက်သာတဲ့ဈေးတော့ မဟုတ်ဘူး"
"ဟုတ်တယ်။ ဒါပေမဲ့ အရင်က ဒီကံစမ်းမဲဘူးကို ဝယ်ချင်ရင် အမြင့်ဆုံးဗီအိုင်ပီအဆင့်ဖြစ်အောင် အမှောင်ဒင်္ဂါး၈၈၈၀၀ထရီလီယံ အရင်သုံးရတယ်လို့ ကြားဖူးတယ်။ အခု အဲဒီကန့်သတ်ချက်ကို ဖြုတ်ပေးလိုက်ပြီဆိုတော့ ဒီဈေးနှုန်းက တကယ်တန်တာ"
"ဟုတ်တယ်။ ကံစမ်းမဲဘူးကို ပထမဆုံးဖွင့်ဖူးတဲ့လူက အဆင့်ရှစ်သိုင်းကျမ်းတစ်ခု ရသွားတယ်တဲ့။ ဝိုး.. ဒါက အမြတ်ကြီးမြတ်တာ မဟုတ်ဘူးလား"
"အရင်ကံစမ်းမဲဘူးတုန်းကတော့ ဘာမှမရနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပေမဲ့ ဒီတစ်ခါတော့ အဆိုးဆုံးဖြစ်မယ်ဆိုရင်တောင် နတ်စွမ်းအင်ဆေးလုံးတစ်လုံးကတော့ ရမှာပဲလေ။ ဒါဆို ငါတို့က ဘာကို စိတ်ပူနေရဦးမှာလဲ"
"ဝယ်မယ်ကွာ"
"တင်! သင့်အမှောင်ဒင်္ဂါးအကောင့်သို့ အမှောင်ဒင်္ဂါး၈၈၈ထရီလီယံ လွှဲပြောင်းမှုကို လက်ခံရရှိပါသည်"
"တင်! သင့်အမှောင်ဒင်္ဂါးအကောင့်သို့ အမှောင်ဒင်္ဂါး၈၈၈ထရီလီယံ လွှဲပြောင်းမှုကို လက်ခံရရှိပါသည်"
...
"ဟားဟားဟား.. ငါ အန္တိမစွမ်းအင်ဆေးလုံး ရတယ်ကွ။ ဒါက နတ်စွမ်းအင်ဆေးလုံးထက် ပိုကောင်းတယ် မဟုတ်ဘူးလား"
"ဘာ! အန္တိမစွမ်းအင်ဆေးလုံး ဟုတ်လား။ နတ်စွမ်းအင်ဆေးလုံးက အဆင့်ခုနစ်သက်ရှိတွေရဲ့ ဗီဇအဆင့်တွေကို မြှင့်တင်ဖို့ ကူညီပေးနိုင်တယ်ဆိုတော့ ဒီဆေးလုံးက အနည်းဆုံးတော့ အဆင့်ရှစ်သက်ရှိတွေအတွက် အကျိုးရှိစေမှာပေါ့။ ဟုတ်တယ်မလား"
"သေစမ်း... ငါက နတ်စွမ်းအင်ဆေးလုံးပဲ ရတယ်။ ဒီအလှည့်တော့ ရှုံးပြီကွာ။ ငါ့ကို နောက်တစ်ခုထပ်ပေး"
"သေစမ်း... နတ်စွမ်းအင်ဆေးလုံးပဲ ထပ်ရပြန်ပြီကွာ"
"ဟားဟားဟား... အန္တိမစွမ်းအင်ဆေးလုံးတဲ့။ ဒါက နတ်စွမ်းအင်ဆေးလုံးထက်တော့ ပိုမကောင်းဘူးလား"
"ဒစ်ဂျစ်တယ်မိစ္ဆာမြွေဆေးလုံးတဲ့... နာမည်က ဘာလို့ ထူးဆန်းနေတာလဲ။ ဒါက တကယ်ရောကောင်းရဲ့လား"
အဆင့်ရှစ် သက်ရှိတစ်ယောက်က ကံစမ်းမဲဘူးဆယ်ခုကို တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်လေရာ ကျန်းမုန့်လောင်ခမျာ တအံ့တသြရေရွတ်မိသည်။
ဒီလူတွေရဲ့လက်ထဲမှာ ဘယ်လိုလုပ်ပြီး ငွေတွေ ဒီလောက်အများကြီး ရှိနေကြတာလဲ...
ကျန်းမုန့်လောင်၏ ရင်ထဲတွင် ဝမ်းသာကျေနပ်နေသော်လည်း အပြင်တွင်မူ အော်ဟစ်လိုက်သည်။
"လိုက်ဖ်ကြည့်နေတဲ့ အချစ်ကလေးတို့ရေ.. အားလုံးပဲ သေချာစဉ်းစားချင့်ချိန်ပြီးမှ ဝယ်ကြပါနော်။ သေချာလေး စဉ်းစားချင့်ချိန်ကြပါ"
"စဉ်းစားချင့်ချိန်ရမယ် ဟုတ်လား။ သေလိုက်လေ... ဒါက တစ်သက်မှာ တစ်ခါပဲရမယ့် အခွင့်အရေးလေ "
"တင်ဆက်သူရေ... ဖယ်နေစမ်းပါ။ ငါ ကံစမ်းမဲဘူးဖွင့်မယ့်ကိစ္စကို လာမတားနဲ့"
"တင်ဆက်သူ.. မင်းကိုယ်မင်းသာ ဂရုစိုက်ဖို့ ငါ အကြံပေးချင်တယ်။ ငါသာ ပစ္စည်းကောင်းတစ်ခုမှမရရင် အဲဒါ မင်းအပြစ်ပဲ"
"ငါ့ကို နောက်ထပ်သုံးဘူး ထပ်ပေးစမ်းပါ"
...
ကံစမ်းမဲဘူးများမှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများနှင့် လင်းလုံဆေးလုံးများထက်ပင် ပိုမိုမြန်ဆန်စွာ ရောင်းထွက်သွားပြီး အမှောင်ဒင်္ဂါး ၈၀ထရီလီယံနီးပါးကို ထပ်မံရရှိခဲ့သည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်၏လက်ထဲရှိ အမှောင်ဒင်္ဂါးများမှာ ၂၀၀ထရီလီယံကျော်သွားပြီဖြစ်၏။
"တင်ဆက်သူ... ဘာလို့ ဘာမှမကျန်တော့တာလဲ။ ပစ္စည်းထပ်ဖြည့်ပေးပါဦး။ ငါ့မှာ ပိုက်ဆံရှိသေးတယ်။ ငါ ထပ်ဝယ်နိုင်သေးတယ်"
"ဘာ.. ပိုက်ဆံမရှိတော့ဘူး ဟုတ်လား။ ငါ အမှောင်ဒင်္ဂါးတွေကို နှစ်သောင်းချီကြာအောင် စုဆောင်းထားခဲ့တာ မဟုတ်ဘူးလား။ အကုန်ကုန်သွားပြီလား။ နောက်ထပ်ရအောင် နည်းလမ်းရှာပေးစမ်းပါ"
"တင်ဆက်သူရေ... နောက်ထပ်နည်းနည်းလောက် ထပ်တိုးပေးဖို့ ဆရာသခင်နဲ့ ညှိနှိုင်းပေးပါဦး"
"သေစမ်း... ဒီလူတွေတော့ ရူးကုန်ပြီပဲ"
ကျန်းမုန့်လောင်က စုတ်သပ်လိုက်သည်။ ကံစမ်းမဲဘူးများ၏ ကြိုတင်ခန့်မှန်း၍မရသည့် အခြေအနေနှင့် စိတ်လှုပ်ရှားဖွယ်ရာများကို အဆင့်ခုနစ်နှင့် အဆင့်ရှစ်သက်ရှိများပင် မတွန်းလှန်နိုင်ကြပေ။
"ခုနတုန်းက ဆရာသခင်က နောက်ထပ်၈၈ခု ထပ်တိုးပေးမယ်လို့ ပြောလိုက်ပါတယ်"
ကျန်းမုန့်လောင်က ထပ်မရောင်းချင်တော့သော်လည်း ငွေကိုတော့ မည်သူက ငြင်းပယ်နိုင်မည်နည်း။
သို့သော် ယခုမူ ဤလူများ၏ ဝယ်ယူနိုင်စွမ်းမှာ နောက်ဆုံးကန့်သတ်ချက်သို့ ရောက်လုနီးပါးဖြစ်နေချေပြီ။ နောက်ဆုံး၈၈ခုအနက် ထက်ဝက်ခန့်သာ ရောင်းချပြီးနောက် ကျန်းမုန့်လောင်မှာ အချမ်းသာဆုံးလူများထံမှ အမှောင်ဒင်္ဂါးများကို အကုန်အစင် ရယူလိုက်ပြီဖြစ်၏။
သို့သော် ကျန်းမုန့်လောင်၏ ပစ်မှတ်မှာ ဤမျှသာ မဟုတ်ပေ။ အမှောင်ဒင်္ဂါးတစ်ရာထရီလီယံခန့် ကျန်နေသေးသည်ဖြစ်ရာ "အကုန်ယူမည်"ဟူသော မူဝါဒကို စွဲကိုင်ထားသည့်အတွက် သူသည် ဤငွေများကို အလွတ်ပေးမည်မဟုတ်ပေ။
"အဲဒီလူလတ်တန်းစားတွေလက်ထဲက အမှောင်ဒင်္ဂါးတွေကို ယူဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး"
ကျန်းမုန့်လောင်က တွေးလိုက်မိသည်။
ငွေလုံးဝမရှိသူများက တစ်ပြားတစ်ချပ်မျှပင် မပေးနိုင်ကြပေ။ အမှောင်ဒင်္ဂါးအနည်းငယ် စုဆောင်းနိုင်သူများမှာ အနည်းဆုံးတော့ အဆင့်အတန်းနှင့် ဂုဏ်သတင်းကြီးမားသော စတုတ္ထအဆင့်မျိုးနွယ်စုမှ လူများသာ ဖြစ်ကြသည်။
သို့သော် သူတို့လက်ထဲတွင် အမှောင်ဒင်္ဂါးများစွာ ရှိလိမ့်မည်မဟုတ်ပေ။ အချို့တွင် အမှောင်ဒင်္ဂါး သန်းအနည်းငယ်မှ သန်းဆယ်ဂဏန်းအထိသာ ရှိနိုင်ပြီး အချို့တွင်မူ ဘီလီယံအနည်းငယ် ရှိနိုင်သော်လည်း သူတို့က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးတစ်လုံးကိုပင် တတ်နိုင်ကြမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကျန်းမုန့်လောင်ကတော့ ဤလူများအတွက် ဈေးနှုန်းကို အလွန်အမင်း လျှော့ချပေး၍ မရနိုင်ပေ။
"သိပြီ"
ကျန်းမုန့်လောင် သူ့နဖူးသူ ရိုက်လိုက်မိသည်။
"တင်ဆက်သူရေ... တခြားဘာကျန်သေးလဲ"
"ဟုတ်တယ်။ တင်ဆက်သူရေ... ဈေးသက်သာတာလေးတွေလည်း ထုတ်ပေးပါဦး"
"တင်ဆက်သူ... ကျွန်တော်တို့မှာ အမှောင်ဒင်္ဂါး ဘီလီယံနည်းနည်းပဲ ရှိတာဆိုတော့ တင်ဆက်သူနဲ့ ဆရာသခင်က ကျွန်တော်တို့ တတ်နိုင်မယ့် ဈေးနှုန်းအတိုင်းအတာထဲက တစ်ခုခုများ ဖန်တီးပေးလို့ မရနိုင်ဘူးလား"
"ကောင်းပြီလေ... အားလုံးက တောင်းဆိုနေကြပြီဆိုတော့ ဆရာသခင်နဲ့ ကျွန်တော်က အားလုံးအတွက် အကျိုးခံစားခွင့်တစ်ခု ပေးလိုက်ပါမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့ ကျွန်တော်တို့ ကံစမ်းမဲဘူးသုံးမျိုးကို မိတ်ဆက်ပေးပါ့မယ်"
"ပထမတစ်ခုကတော့ ကံကောင်းခြင်းကံစမ်းမဲဘူးပါ။ စွမ်းအင်ဆေးလုံးရနိုင်ဖို့ ဆယ်ပုံတစ်ပုံ အခွင့်အရေးရှိပါတယ်။ နတ်စွမ်းအင်ဆေးလုံးရနိုင်ဖို့ တစ်သောင်းပုံတစ်ပုံ အခွင့်အရေး ရှိပါတယ်။ ဈေးနှုန်းကတော့ အမှောင်ဒင်္ဂါး၁.၈ဘီလီယံပါ။ အရေအတွက် အကန့်အသတ်မရှိပါဘူး"
"ဒုတိယတစ်ခုကတော့ အံ့ဖွယ်ကံစမ်းမဲဘူးပါ။ စွမ်းအင်ဆေးလုံးရနိုင်ဖို့ တစ်ရာခိုင်နှုန်း အခွင့်အရေးရှိပြီး နတ်စွမ်းအင်ဆေးလုံးရဖို့ တစ်သိန်းပုံတစ်ပုံ အခွင့်အရေးရှိပါတယ်။ ဈေးနှုန်းကတော့ အမှောင်ဒင်္ဂါးသန်း၁၈၀ပါ"
"တတိယတစ်ခုကတော့ နတ်သမီးကောင်းချီးကံစမ်းမဲဘူးပါ။ စွမ်းအင်ဆေးလုံးရနိုင်ဖို့ တစ်ထောင်ပုံတစ်ပုံ အခွင့်အရေးရှိပြီး နတ်စွမ်းအင်ဆေးလုံးရနိုင်ဖို့ တစ်သန်းပုံတစ်ပုံ အခွင့်အရေး ရှိပါတယ်။ ဈေးနှုန်းကတော့ အမှောင်ဒင်္ဂါး၁၈သန်းပါ"
ဤဈေးနှုန်းဖြင့် ကျန်းမုန့်လောင်သည် ထုတ်လွှင့်မှုအတွင်းရှိ အလွှာအသီးသီးကို ပစ်မှတ်ထားလိုက်သည်။ ဘီလီယံချီ၍ မထုတ်နိုင်လျှင်ပင် အနည်းဆုံး သန်းဂဏန်းလောက်တော့ ရှိကြသည်မဟုတ်လော။
အမှောင်ဒင်္ဂါး သန်းဆယ်ဂဏန်းမျှသာ ရှိသူများသည် အမှောင်ဒင်္ဂါးတစ်ရာဘီလီယံ တန် စွမ်းအင်ဆေးလုံးကို သွားရည်ယိုရုံသာ တတ်နိုင်ကြသည်။ သို့သော် ယခုအခါတွင်မူ အခွင့်အရေးတစ်ခု ရလာပြီဖြစ်၏။ တစ်ထောင်ပုံတစ်ပုံမျှသာ ဖြစ်စေကာမူ အကယ်၍ မဲပေါက်ခဲ့လျှင် အကျိုးအမြတ်ကြီးမားမည်ဖြစ်ရာ မည်သူကများ ဤအခွင့်အရေးကို မစမ်းသပ်ချင်ဘဲ နေမည်နည်း။
"လျှော့ဈေးအကြီးစားလည်း ရှိသေးတယ်နော်။ သူငယ်ချင်းတွေကို ခေါ်လာရင် အဖွဲ့လိုက်ဝယ်ယူတာက ပိုသက်သာပါတယ်။ လူ ဆယ်ယောက်ဆိုရင် ၂%လျှော့ပေးမယ်၊ အယောက်တစ်ရာဆိုရင် ၅%၊ အယောက်တစ်ထောင်ဆိုရင် ၁၀%၊ အမြင့်ဆုံး အယောက်တစ်သောင်းကျော်ရင် ၂၀%အထိ လျှော့ပေးမှာပါ"
"ဝိုး... အဲဒီလိုလျှော့ဈေးမျိုးလည်း ရှိတာလား။ ငါ့သူငယ်ချင်းတွေကို သွားခေါ်လိုက်ဦးမယ်"
"ဟေ့ကောင်တွေ... ကံစမ်းမဲဘူးတွေ ဝယ်ချင်ကြလား။ အေး... ဟိုဆရာသခင့်ဆီကဟာတွေလေ။ အခု တင်ဆက်သူတစ်ယောက် ရောင်းနေတယ်။ ငါတို့သာ ကံကောင်းရင် အမှောင်ဒင်္ဂါး သန်းနှစ်တောင်မပြည့်ဘဲနဲ့ စွမ်းအင်ဆေးလုံး ဒါမှမဟုတ် နတ်စွမ်းအင်ဆေးလုံးတောင် ရနိုင်တယ်ကွ"
"လူတွေခေါ်ပေးဦး။ လူများလေ လျှော့ဈေးပိုများလေပဲနော်"
"ငါတော့ အကုန်ပုံအောလိုက်ပြီ။ ဒီအမှောင်ဒင်္ဂါးနည်းနည်းလေးနဲ့ ဘာမှလည်းသိပ်ဝယ်လို့မရတဲ့အတူတူ လောင်းသာကြည့်လိုက်တော့မယ်။ တကယ်လို့ ပေါက်သွားရင်ရော"
"တင်ဆက်သူ... ငါ့ကို လင့်ခ်ချပေးစမ်းပါ"
"ဒီနေ့ ငါ့ကံတရားကို မင်းတို့ မြင်ရလိမ့်မယ်"
...
"ဟားဟားဟား.. ငါ ပေါက်ပြီကွ။ သန်းနှစ်ရာပဲ သုံးလိုက်ရတယ်။ အခုတော့ ပေါက်သွားပြီ"
"သေစမ်း... ဘယ်လိုကံမျိုးလဲကွာ။ ငါ ဘီလီယံနဲ့ချီပြီး သုံးထားတာကို။ တင်ဆက်သူရေ ငါ့ကို နောက်ထပ်ဆယ်ဘူး ထပ်ပေးစမ်းပါ"
...
လောင်းကစားသမားများ၏ စိတ်ပညာအရ လောင်းကြေးတစ်ခုက ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပါက မည်မျှပင် အန္တရာယ်များစေကာမူ စမ်းသပ်ချင်ကြမြဲသာ။
ဤသည်မှာ လူ့သဘာဝပင်။
ထို့ပြင် အဖွဲ့လိုက်ဝယ်ယူမှုစနစ်အောက်တွင် ဝယ်ယူနိုင်စွမ်းရှိသော လူပေါင်းများစွာကို တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ခေါ်ယူနိုင်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူဦးရေလည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။
စကြဝဠာအလင်းတန်း ပလက်ဖောင်းခမျာ ကျန်းမုန့်လောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သူလုပ်ချင်ရာလုပ်နေသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။
ငွေကြေးပမာဏ အမြောက်အမြားမှာ ကျန်းမုန့်လောင်ထံသို့ ဆက်လက်စီးဝင်လာသည်။ အရောင်းအဝယ်တစ်ခုချင်းစီမှာ မကြီးမားသော်လည်း ပမာဏမှာမူ ကြီးမားလှပေသည်။ ထို့ပြင် ကောထန်ရှိနေသောကြောင့် အော်ဒါပမာဏ မည်မျှပင်များပြားစေကာမူ အမှားအယွင်းများ ရှိလာမည် မဟုတ်ပေ။
ရိုးရိုးသားသားပြောရလျှင် ကံစမ်းမဲဘူးအမြောက်အမြား ရောင်းချခဲ့ရသော်လည်း ကျန်းမုန့်လောင်အနေနှင့် ဆေးလုံးများများစားစား ပြင်ဆင်ရန် မလိုအပ်ပေ။ အလွန်ဆုံးရှိလှ ထုပ်ပိုးသည့် ဘူးများကိုသာ ပိုယူလာရန် လိုအပ်ပေမည်။
"ဂါနေး... ငါ့ကို တစ်သုတ်လောက် ကူပို့ပေးပါဦး။ ဆုကြေးကတော့ အမိုက်စားနော်"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
ကျန်းမုန့်လောင်၏အမိန့်ကို ရသည်နှင့်တစ်ပြိုင်နက် ဂါနေးလည်း အွန်လိုင်းပေါ်၌ မက်ဆေ့ချ်ပြန်ရာတွင် အမြန်ကူညီပေးတော့သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုမှာ ညနေပိုင်းအထိ ကြာမြင့်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ငွေညှစ်ထုတ်၍ မရတော့ပေ။ ကျန်းမုန့်လောင်၏ အမှောင်ဒင်္ဂါးများမှာ ၂၇၃ထရီလီယံအထိ ရောက်သွားပြီဖြစ်၏။ ကျန်ရှိနေသေးသော ထရီလီယံဆယ်ဂဏန်းမှာမူ ရရှိရန် ခက်ခဲပေလိမ့်မည်။ အကြောင်းမှာ အကယ်၍ ငွေလုံးဝမကျန်တော့ပါက ကုန်စည်ပြပွဲလည်း အနှစ်သာရ ပျောက်ဆုံးသွားမည် ဖြစ်သောကြောင့်ပင်။
"ကဲ... ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ"
ကျန်းမုန့်လောင်က ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
"အားလုံးပဲ ဖောလိုးနှိပ်ထားကြဦးနော်။ နောက်ဆိုရင် တင်ဆက်သူက ပိုကောင်းတဲ့ ပစ္စည်းတွေ ယူလာပေးနိုင်မလား
ဆိုတာ ဘယ်သိမလဲ။ တာ့တာ"
"အစ်ကိုကြီး အစ်ကိုကြီးက အရမ်းမိုက်တာပဲ"
သူ့ဘေးရှိ ဂါနေး၏ မျက်ဝန်းများမှာ ကြယ်ပွင့်လေးများနှယ် တလက်လက် တောက်ပနေတော့သည်။
ဒါက သူ့အစ်ကိုကြီးလေ။ စကြဝဠာထဲမှာ အမိုက်ဆုံးလူသား။
"ဟဲဟဲ"
ကျန်းမုန့်လောင်က သူ့အိတ်ကပ်များကို ပုတ်လိုက်သည်။
"နောက်ရက်နည်းနည်းနေရင်လုပ်မယ့် လေလံပွဲမှာ မင်းလိုချင်တာကိုသာ ပြောလိုက်။ ပိုက်ဆံအတွက်တော့ လုံးဝမပူနဲ့။ ဘယ်လိုစစ်ယာဉ်တန်းပဲဖြစ်ဖြစ် ဘယ်လို ရတနာပဲဖြစ်ဖြစ် ငါလိုချင်တဲ့အရာဖြစ်နေသရွေ့ သူတို့ ငါ့ထက် အမှောင်ဒင်္ဂါးပိုထုတ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"
စကြဝဠာအရပ်ရပ်မှ စုဆောင်းမည့် အမှောင်ဒင်္ဂါးများမှာ ယခုမူ ကျန်းမုန့်လောင်၏ ဂဏန်းဆယ်လုံးစာ ပမာဏလောက်ပင် မများပြားတော့ပေ။ ထို့ကြောင့် ဂါနေးမှာ နောက်ရက်အနည်းငယ်အကြာတွင် ကျင်းပမည့် လေလံပွဲအတွက် မျှော်လင့်ချက်များ ပြည့်ဝနေတော့သည်။
ထိုနေရာကား ကျန်းမုန့်လောင်၏ သတ်ကွင်းတစ်ခု ဖြစ်လာပေတော့မည်။