← Chapters

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

အခန်း ၈၈၃ - ဒီမိန်းမက သာမန်မဟုတ်ဘူး

ရက်အနည်းငယ်အတွင်းမှာပင် အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ကျန်းမုန့်လောင်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာများနှင့် ကျောင်းသားများကို ဖိအားပေး၍ ဆေးလုံးများအားလုံးကို အပြီးဖော်စပ်ခိုင်းခဲ့ပြီးနောက် ပစ္စည်းများအားလုံး ပို့ဆောင်ရန်အတွက် မြန်ဆန်သော ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို ရှာလိုက်သည်။

ငွေရှာရန် လိုအပ်သော်လည်း ဂုဏ်သိက္ခာတော့ ကျဆင်း၍ မဖြစ်ပေ။ "ရီထျန်းဂိုဏ်း" ဟူသော အမှတ်တံဆိပ်ကို နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ပြန်သုံးဖြစ်မည်ကို ကျန်းမုန့်လောင် မသိသော်လည်း သူ့အနေနှင့် ယခုကုန်ကျသွားသော ကုန်ကျစရိတ် အနည်းငယ်မှာ သူရနေသည့် ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဘာမှမပြောပလောက်ပေ။

သို့သော် ထိုငွေများမှာ ကျန်းမုန့်လောင်လက်ထဲသို့ ရောက်သွားချိန်တွင် အခြားလူများခမျာ ကြက်သေသေကုန်ကြသည်။ ဤလေလံပွဲအတွက် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လူတိုင်းက ကြွယ်ဝချမ်းသာမှုများကို အပူတပြင်းစုဆောင်း၍ အမှောင်ဒင်္ဂါးများကို ရှာဖွေခဲ့ကြသည်။

သို့သော် စီးပွားရေးလုပ်ရသည်မှာ ပိုခက်ခဲလာကြောင်း သူတို့ သိလိုက်ရသည်။ အမှောင်ဒင်္ဂါးများအားလုံး လေထဲတွင် ပျောက်သွားသလိုဖြစ်နေပြီး သူတို့ ဘယ်လောက်ကြိုးစားကြိုးစား သူတို့၏အမှောင်ဒင်္ဂါးပိုင်ဆိုင်မှုက သိသိသာသာ တိုးမလာခဲ့ပေ။

မကြာခင်မှာပင် လေလံပွဲကျင်းပမည့် အချိန်သို့ ရောက်လာခဲ့သည်။ ဤလေလံပွဲကို စီစဉ်သူမှာ ဤစကြဝဠာမြေအောက်ကုန်စည်ပြပွဲကို စီစဉ်သူပင်။ သူတို့က ဤပွဲအတွက် လေလံပွဲကျင်းပရာနေရာကို ဒီဇိုင်းဆွဲရာတွင် အားစိုက်ထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသည်။

အလယ်ဗဟိုတွင် စက်ဝိုင်းပုံစံ စင်မြင့်တစ်ခုရှိပြီး ထိုစင်မြင့်ကို လက်စွပ်ပုံစံ ဧည့်သည်ထိုင်ခုံများဖြင့် ဝန်းရံထားသည်။ ဤသည်မှာ လေလံဆွဲသူနှင့် ကြည့်ရှုသူဆယ်သန်းကျော် ဝင်ဆံ့နိုင်သည်ဟု နာမည်ကြီးသည်။

လူအရေအတွက် များပြားလွန်းသောကြောင့် လူတိုင်း တက်ရောက်ခွင့် မရှိသည်မှာ သေချာပေါက်ပင်။ အစွန်ဆုံးထိုင်ခုံများပင် စကြဝဠာဒင်္ဂါးတစ်ဘီလီယံအထိ ဈေးပေါက်ပြီး အလယ်ဗဟိုနှင့်အနီးဆုံး ထိုင်ခုံနှစ်ထောင်ကတော့ တစ်ခုံလျှင် ကြယ်ဆယ်ပွင့် ကျသင့်သည်။

ထိုမျှဈေးကြီးသော်လည်း ထိုင်ခုံလက်မှတ်များမှာ လိုအပ်နေဆဲဖြစ်ပြီး အချို့ကမူ မှောင်ခိုရောင်းချ၍ ဈေးနှုန်းကို အဆပေါင်းများစွာ မြှင့်နေကြသည်။

လက်မှတ်မဝယ်နိုင်သူများအနေနှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်ရှုနိုင်သော်လည်း လူကိုယ်တိုင် တက်ရောက်ခွင့်မရသူများမှာ လေလံဆွဲရာတွင် ပါဝင်ခွင့်ရမည် မဟုတ်ပေ။

ကျန်းမုန့်လောင်သည် အစတုန်းက အလယ်ဗဟိုနှင့် အနီးဆုံးနေရာအတွက် လက်မှတ်နှစ်စောင်ဝယ်ရန် စီစဉ်ထားသော်လည်း စကြဝဠာဘဏ်၏ ရှယ်ယာရှင်တစ်ယောက် ဖြစ်သည့်အတွက် သီးသန့်လူပုဂ္ဂိုလ်များအတွက်သာ ဖယ်ချန်ထားသော အထူးထိုင်ခုံနေရာများပါဝင်သည့် အခမဲ့အီလက်ထရောနစ်ဖိတ်စာနှစ်စောင်ကို မမျှော်လင့်ဘဲ ရရှိခဲ့သည်။

ဤမျှကောင်းမွန်သော အခွင့်အရေးမျိုးကို ကျန်းမုန့်လောင်အနေနှင့် ငြင်းပယ်စရာ အကြောင်းမရှိပေ။

"အစ်ကိုကြီး လူတွေအရမ်းများတာပဲ။ သူတို့ရဲ့ အရှိန်အဝါတွေကြောင့် ကျွန်တော် အသက်ရှူတောင် ကျပ်လာပြီ"

ဂါနေးက မောဟိုက်နေဟန်ဖြင့် ပြောလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့သက်ရှိအဆင့်မှာ အဆင့်သုံးသို့ ရောက်လုနီးပါး ဖြစ်လာခဲ့သော်လည်း တိုးတက်မှုမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်ကတော့ အမှန်ပင်။

"ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ဦးလေ"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"ဒီလေလံပွဲမှာ ရှိတဲ့လူတိုင်းက အနည်းဆုံး အဆင့်ငါးသက်ရှိတွေချည်းပဲ။ အဆင့်ခြောက်နဲ့ အဆင့်ခုနစ်သက်ရှိတွေလည်း အများကြီးပဲ။ မင်း သူတို့ရဲ့အရှိန်အဝါကို ဘယ်ခံနိုင်ပါ့မလဲ"

ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ထိုဖိအားကို ခံစားနေရသည်။ ဝင်ပေါက်တွင် လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး မည်သူပင်ဖြစ်စေကာမူ အဆင့်ခုနစ်သက်ရှိဖြစ်နေလျှင်ပင် တန်းစီ၍ စောင့်ဆိုင်းရပေမည်။

"ဒါပေမဲ့ ငါတို့က ဒီမှာ တန်းစီစရာမလိုဘူး"

ကျန်းမုန့်လောင် ပြုံးလိုက်သည်။ သူ့ဖိတ်စာသည် ဗီအိုင်ပီလက်မှတ်နှင့် တူညီပြီး သူ့အတွက် သီးသန့်ဝင်ပေါက်တစ်ခုကို အသုံးပြုခွင့် ပေးထားသည်။

"လူကြီးမင်း... ဒါက သီးသန့်ဗီအိုင်ပီလမ်းကြောင်းပါ။ လူကြီးမင်း ဒီနေရာကနေ ဝင်လို့မရပါဘူး။ လက်မှတ်ပါရင် ဟိုဘက်မှာ တန်းစီပေးပါ"

ဝန်ထမ်းတစ်ယောက်က ကျန်းမုန့်လောင်ကို ချက်ချင်းတားလိုက်သည်။

လက်ရှိအချိန်တွင် ကျန်းမုန့်လောင်သည် အဆင့်လေးသက်ရှိတစ်ယောက်မျှသာ။ သူတို့အမြင်တွင် လက်မှတ်တစ်စောင် ရရှိရန်ပင် အလွန်ခက်ခဲလှသည်ဖြစ်ရာ ဗီအိုင်ပီလမ်းကြောင်းကို အသုံးပြုနိုင်မည့်လူ ဆိုသည်မှာ ဝေလာဝေးပင်။

"ကျွန်တော့်ဖိတ်စာထဲမှာ ဒီကနေ ဝင်ရမယ်လို့ ပါပါတယ်"

ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဝန်ထမ်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

"ဖိတ်စာလေးပြပေးလို့ ရမလားဗျ"

"ရော့ ဒီမှာ"

ကျန်းမုန့်လောင်က သူ့အီလက်ထရောနစ် ဖိတ်စာကို ပုံဖော်ပြလိုက်သည်။

"စစ်ဆေးနေတုန်း ခဏလောက် စောင့်ပေးပါ"

ထိုဝန်ထမ်းက စက်တစ်လုံးကို အသုံးပြု၍ ပုံရိပ်မှ အချက်အလက်များကို လျင်မြန်စွာ စကန်ဖတ်လိုက်ပြီးနောက် သူ့အပြုအမူမှာ အလွန်တရာ တလေးတစားနိုင်သွားသည်။

"ခုနက နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ် လူကြီးမင်း။ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဗီအိုင်ပီလမ်းကြောင်းရှိ ဝန်ထမ်းများသည် ထိုလမ်းကြောင်းကို အသုံးပြုခွင့်ရှိသူများမှာ မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကောင်းကောင်းသိထားကြသည်။

ဤလေလံပွဲတွင် အီလက်ထရောနစ်ဖိတ်စာ စုစုပေါင်းနှစ်ရာသာ ထုတ်ပေးထားသည်။ လက်ခံရရှိသူများမှာ အလွန်အစွမ်းထက်သော သိုင်းပညာရှင်များ သို့မဟုတ် ဩဇာလွှမ်းမိုးမှုရှိသော ကုမ္ပဏီခေါင်းဆောင်များ သို့မဟုတ် အဓိကအဖွဲ့ဝင်များသာ ဖြစ်၏။

အစောက ဗီအိုင်ပီလမ်းကြောင်းမှ ဝင်သွားသူများထဲတွင် စကြဝဠာ၏ အကြီးဆုံးကွန်ရက်နည်းပညာကုမ္ပဏီစီအီးအို၊ စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အသုံးပြုသူ၊ စကြဝဠာ သိုင်းပညာရှင်အသင်း၏ ဒုဥက္ကဋ္ဌနှင့် အဆင့်ရှစ်အထွတ်အထိပ်သက်ရှိတစ်ဦးတို့ ပါဝင်သည်။ ကျန်လူများကလည်း အလားတူ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုမျိုး ရှိကြသူများချည်းသာ။

သို့သော် ယခုမူ အဆင့်လေးသက်ရှိတစ်ယောက်နှင့် အဆင့်နှစ်သက်ရှိတစ်ယောက်က သူတို့ရှေ့တွင် ပေါ်လာပြီး ထိုကဲ့သို့သော ဖိတ်စာမျိုးကို ကိုင်ဆောင်ထားပေသည်။

"ဒီလူငယ်နှစ်ယောက်က သာမန်နောက်ခံမျိုး ဟုတ်မှာမဟုတ်ဘူး"

သူတို့တစ်သိုက်မှာ ကျန်းမုန့်လောင်နှင့် ဂါနေးတို့အပေါ် စိတ်ထဲမှ အလျင်အမြန် အကြမ်းဖျင်းသုံးသပ်ချက် ချလိုက်ကြသည်။

"လူကြီးမင်း ..ထိုင်ခုံနေရာကို လိုက်ပို့ပေးပါ့မယ်"

လမ်းကြောင်းအတွင်းရှိ ဝန်ထမ်းတစ်ယောက်က အနားသို့ ချဉ်းကပ်လာပြီး သူတို့ကို ရှေ့ဆုံးနေရာရှိ ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားသည်။

ဤသည်မှာ ထိုင်ခုံတစ်ခုထက်စာလျှင် လေဟာပြင်ဇိမ်ခံခန်းတစ်ခန်းနှင့် ပိုတူနေချေသည်။

အလွန်သက်သောင့်သက်သာရှိသော ထိုင်ခုံများရှိရုံသာမက သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဝန်ထမ်းများစွာလည်း ရှိ၏။ ရှေ့ဆုံးတန်းရှိ ထိုင်ခုံနှစ်ထောင်တွင် ထိုင်နေသူများပင် မခံစားနိုင်သော ဝန်ဆောင်မှုမျိုးပင်။

"လူကြီးမင်း... လေလံပွဲက စကြဝဠာနေ့တစ်ဝက်ကြာရင် စတင်ဖို့ မှန်းထားပါတယ်။ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါဦးဗျ။ လိုအပ်တာများရှိရင် ကျွန်တော်တို့ဝန်ထမ်းတွေကိုသာ ပြောပါ။ အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်"

"ကောင်းပါပြီ။ ကျေးဇူးပဲ"

ကျန်းမုန့်လောင်နှင့် ဂါနေးတို့ ထိုင်ချလိုက်ချိန်တွင် သူတို့အနောက်ရှိ ရိုးရိုးထိုင်ခုံနေရာများမှာ လျင်မြန်စွာ လူပြည့်ကျပ်လာသည်။ လေလံပွဲနေရာကား အသံလုံစနစ် အလွန်ကောင်းမွန်ဟန်တူသည်။ အကြောင်းမှာ ကျန်းမုန့်လောင်အနေနှင် ဘာဆူညံသံကိုမှ မကြားရသောကြောင့်ပင်။

သူ ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်သောအခါ အတွင်းပိုင်းထိုင်ခုံနှစ်ထောင်ထဲမှ အလုံးခုနစ်ဆယ်ရှစ်ဆယ်ခန့်မှာ လူပြည့်နေပြီး ဗီအိုင်ပီလမ်းကြောင်းကတစ်ဆင့် ဝင်လာသူများမှာ သူတို့လို ဆယ်ဂဏန်းခန့် ရှိသည်။

ထိုအချိန်တွင် ထိုလူများမှာ ကျန်းမုန့်လောင်အား စူးစမ်းချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေကြပြီး ဤမျှအားနည်းသည့် လူနှစ်ယောက်က ဗီအိုင်ပီလမ်းကြောင်းကို ဘယ်လိုဖြတ်ကျော်လာသလဲဟု တွေးတောနေကြသည်။

ထိုဖိတ်စာများကို လွှဲပြောင်းပေးနိုင်သည်ဆိုသော်လည်း ဤမျှအရေးကြီးသော ဂုဏ်ပုဒ်မျိုးကို အကြီးအကဲများ မတက်ရောက်နိုင်ပါက အနည်းဆုံးတော့ အသက်ပိုကြီးပြီး အဆင့်အတန်းခိုင်မာမှုရှိသူ တစ်ဦးဦးထံသာ လွှဲပြောင်းပေးလေ့ရှိကြောင်း သိထားကြသည်။ လူငယ်နှစ်ယောက်ကို တက်ရောက်ခွင့်ပေးလိုက်ခြင်းမှာ စင်စစ်ထူးဆန်းနေပေသည်။

စကြဝဠာနေ့တစ်ဝက်ဟူသော အချိန်မှာ အလွန်ပျင်းစရာကောင်းလှသဖြင့် ကျန်းမုန့်လောင်လည်း "စကြဝဠာအလင်းတန်း"ပေါ်ရှိ ဗီဒီယိုများကို အပျင်းပြေကြည့်ရင်း တစ်ရေးတစ်မော အိပ်ပျော်သွားတော့သည်။

...

"အစ်ကိုကြီး စနေပြီ။ ထတော့"

ပတ်ပတ်လည်ရှိ အားပေးအော်ဟစ်သံများကြောင့် ကျန်းမုန့်လောင်လည်း အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။ ယခုအချိန်တွင် လေလံပွဲခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေပြီး အားလုံးက အလယ်ဗဟိုစင်မြင့်ကို စိတ်အားထက်သန်စွာဖြင့် မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။

ရုတ်ခြည်းပင် အလယ်ဗဟို၌ အနက်ရောင်စပ်ကြောင်းတစ်ခု ပေါ်လာပြီး အရပ်ခပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်က ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ ထွက်ပေါ်လာသည်။

သူ(မ)၏ အသားအရေမှာ ကျောက်စိမ်းအလား ဖြူဖွေးနေပြီး ရွှေရောင်ဆံပင်များက သူ(မ)ကို အလွန်မြင့်မြတ်သော အသွင်အပြင်ကို ပေးစွမ်းနေချေသည်။ အထူးခြားဆုံးမှာ သူ(မ)၏အရှိန်အဝါသည် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာများမှလွဲ၍ ကျန်းမုန့်လောင် မြင်ဖူးသမျှထဲတွင် အားအကောင်းဆုံး ဖြစ်နေချေသည်။

"သူက အဆင့်ကိုးသက်ရှိများလား"

ကျန်းမုန့်လောင် ခန့်မှန်းလိုက်၏။

"ဂါနေး... သူဘယ်သူလဲဆိုတာ မင်းသိလား"

"အစ်ကိုကြီး... သူဘယ်သူလဲဆိုတာတောင် မသိဘူးလား"

ဂါနေးက အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။

"ငါက သူ့ကိုသိရမှာလား"

"သိရမှာပေါ့။ စကြဝဠာထဲက အဆင့်ကိုး သက်ရှိရှစ်ယောက်ထဲမှာ သူက တစ်ဦးတည်းသော အမျိုးသမီးလေ။ ပြီးတော့ ဒီစကြဝဠာ မြေအောက်ကုန်စည်ပြပွဲကို စီစဉ်သူတွေရဲ့ နောက်ကွယ်က အင်အားစုကလည်း သူပဲ"

"စကြဝဠာမြေအောက်ကုန်စည်ပြပွဲရဲ့ လေလံပွဲက ကြိုဆိုပါတယ်။ ကျွန်မကတော့ အာရီယာပါ"

ထိုအမျိုးသမီး စကားစလိုက်သည်နှင့် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားတော့သည်။ မည်သူမှ အသံမထွက်ရဲကြပေ။

"ဒီလေလံပွဲမှာ ရှင်တို့အတွက် အံ့အားသင့်စရာတွေအများကြီး ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျွန်မ မကြိုက်တဲ့ကိစ္စမျိုး ဒီနေရာမှာ ဖြစ်လာတာတော့ မမြင်ချင်ပါဘူး။ မဟုတ်ရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်နော်"

သူ(မ)၏အသံက အားလုံးကို အပေါ်စီးကကြည့်နေသည့် ဧကရီဘုရင်မတစ်ပါး၏ အသံအလား မည်သည့်ဆန့်ကျင်မှုကိုမှ လက်မခံပေ။

"အရမ်းဗိုလ်ကျစိုးမိုးချင်တဲ့ မိန်းမပဲ"

ကျန်းမုန့်လောင်လည်း သူ(မ)ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ စူးစမ်းကြည့်လိုက်မိသည်။

"ဒီမိန်းမက သာမန်မဟုတ်ဘူးကွ"

************************

အခန်း ၈၈၄ - ဒီခွန်းကို စားလို့ရလား

"အစ်ကိုကြီး... ကျွန်တော်တို့က အစေခံမျိုးနွယ်စုဆိုပေမဲ့ သူနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကိုတော့ တော်တော်နားရည်ဝပြီးသားဗျ"

ဂါနေးက ပြောလေသည်။

"သူက စကြဝဠာတစ်ခုလုံးရဲ့ ဘုရင်မတစ်ပါးလိုပဲ။ ကျန်တဲ့ အဆင့်ကိုးသက်ရှိခုနစ်ယောက်တောင်မှ သူ့ကို လေးစားရတယ်"

"သူက အဲဒီလောက်တောင် အစွမ်းထက်တာလား"

ကျန်းမုန့်လောင်သည် ဤစကြဝဠာတွင် အဆင့်ကိုးသက်ရှိများဆိုသည်မှာ သက်ရှိအဆင့်များ၏ အမြင့်ဆုံးအထွတ်အထိပ်ဖြစ်ကြောင်း သိထားသည်။ သို့သော် ယေဘုယျအားဖြင့်ပြောရလျှင် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်ရှိသည်ဆိုခြင်းမှာ မျိုးနွယ်စုအားလုံး လက်ခံထားသော အမှန်တရားတစ်ခု ပင်။

အကယ်၍ ဤအမျိုးသမီးသည် အဆင့်ကိုး သက်ရှိရှစ်ယောက်ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်နေမည်ဆိုလျှင် ကျန်းမုန့်လောင်အနေနှင့် လုံးဝအံ့သြမည်မဟုတ်ပေ။ သို့သော် သူ(မ)သည် အခြားအဆင့်ကိုးသက်ရှိခုနစ်ယောက်ကို ဖိနှိပ်ထားနိုင်သည်ဆိုခြင်းမှာ စင်စစ်ထူးကဲလှပေသည်။

"သူ့မှာ ဘာအောင်မြင်မှုမှတ်တမ်းတွေ ရှိလို့လဲ"

အာရီယာဟုခေါ်သော ထိုအမျိုးသမီးနှင့် ပတ်သက်၍ ကျန်းမုန့်လောင် ရုတ်တရက်သိချင်စိတ်ပြင်းပြလာသဖြင့် မေးလိုက်သည်။

"အများကြီးပဲဗျ"

ဂါနေးကလည်း ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော်ကြားဖူးသမျှထဲမှာ အံ့သြစရာအကောင်းဆုံးဒဏ္ဍာရီကတော့ အဆင့်ကိုးသက်ရှိရှစ်ယောက်ကြားက သိုင်းပြိုင်ပွဲအကြောင်းပဲ"

"သူတို့ အရင်က ယှဉ်ပြိုင်ဖူးတာလား"

ဤမျှအစွမ်းထက်သော သက်ရှိများ တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ကောင်းကင်နှင့်မြေကြီး တုန်ဟည်းသွားစေမည့် မြင်ကွင်းကို ကျန်းမုန့်လောင် ခန့်မှန်းကြည့်၍ ရနိုင်သည်။

"တကယ်တော့ အဲဒါက သိုင်းပြိုင်တာမဟုတ်ဘူးတဲ့"

ဂါနေးက ပြောလိုက်သည်။

"အာရီယာရဲ့ လွှမ်းမိုးမှုတွေက အမြန်ဆုံးနှုန်းနဲ့ ကျယ်ပြန့်လာတာမို့ စကြဝဠာအရင်းအမြစ်ခွဲဝေမှုမှာ မညီမျှမှုလေးတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ကျန်တဲ့ အဆင့်ကိုးသက်ရှိခုနစ်ယောက်က ပူးပေါင်းပြီး သူ့ကို သတိပေးခဲ့ကြတယ်တဲ့"

"ဒါဆို ကျန်တဲ့အဆင့်ကိုးသက်ရှိ ခုနစ်ယောက်က သူ့ကို ပစ်မှတ်ထားပြီး ပူးပေါင်းကြံစည်ခဲ့ကြတာပေါ့လေ"

ကျန်းမုန့်လောင်သည် ဤနောက်ခံအကြောင်းအရင်းကို အကြမ်းဖျင်း နားလည်နိုင်ပေသည်။ သို့သော် ထိုသတိပေးချက်က အလုပ်ဖြစ်ဟန်မတူပေ။ မဟုတ်လျှင် စကြဝဠာမဟာမိတ်အဖွဲ့၏ မျက်စိအောက်မှာပင် အာရီယာသည် ဤကဲ့သို့သော မြေအောက်ကုန်စည်ပြပွဲမျိုးကို လုပ်ဆောင်နေဦးမည် မဟုတ်ပေ။

"ဟုတ်တယ်"

ဂါနေးက ဆို၏။

"ကျွန်တော်သိရသလောက်တော့ အဲဒီတိုက်ပွဲအပြီးမှာ အဆင့်ကိုးသက်ရှိရှစ်ယောက် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေကြားက အငြင်းပွားမှုတွေလည်း အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားခဲ့တယ်။ ပြီးတော့ အာရီယာရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း အားလုံးက တိတ်တဆိတ်အသိအမှတ်ပြုလိုက်ကြတယ်လေ"

"စိတ်ဝင်စားစရာပဲ။ သူက ကျန်တဲ့အဆင့်ကိုး သက်ရှိခုနစ်ယောက်နဲ့ သရေကျအောင် တိုက်ခိုက်နိုင်ခဲ့တာလား"

ကျန်းမုန့်လောင် ခန့်မှန်းကြည့်မိသည်။ အကယ်၍ ဤသတင်းသာ အမှန်ဆိုလျှင် ဤအမျိုးသမီးမှာ စင်စစ်ကြောက်စရာကောင်းလွန်းလှသည်။

"သြော် နောက်တစ်ခုရှိသေးတယ်"

ဂါနေးကလည်း ဆက်ပြောချေသည်။

"တခြားအဆင့်ကိုးသက်ရှိတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အဆင့်တက်ခဲ့ကြတာ။ ဒါပေမဲ့ အာရီယာက လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်ကမှ အဆင့်တက်ခဲ့တာလို့ ပြောကြတယ်"

"အသစ်စက်စက် အဆင့်ကိုးသက်ရှိတစ်ယောက်က အဘိုးကြီးခုနစ်ယောက်ကို အလျှော့ပေးအောင် လုပ်နိုင်ခဲ့တယ်ပေါ့လေ"

ဤအမျိုးသမီးအပေါ်ထားသော ကျန်းမုန့်လောင်၏ အကဲဖြတ်မှုမှာ သိသိသာသာ မြင့်တက်သွားတော့သည်။

အာရီယာသည် အလယ်ဗဟိုနေရာတွင် ရပ်နေဆဲပင်။

"ဒီနေ့ကြွလာကြတဲ့လူတွေထဲမှာ လေလံဆွဲတဲ့ ကိစ္စတွေကြောင့် အငြိုးအတေးတွေ ထားကြမယ့်လူ အများကြီးရှိမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီလိုမျိုးက လေလံပွဲတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါ"

"ဒါပေမဲ့"

ထိုစကားလုံးမှာ အဆင့်ကိုးသက်ရှိတစ်ဦး၏ ကြီးမားလှစွာသော ဖိအားကို သယ်ဆောင်ထားသည်။

"ရှင်တို့ ဒီကုန်စည်ပြပွဲဧရိယာထဲက ထွက်သွားပြီးတာနဲ့ ရှင်တို့ဘာသာ ဘာပဲလုပ်လုပ် အသေအကျေတိုက်ခိုက်ကြမလား။ ဘာပဲဖြစ်ဖြစ် ကျွန်မဂရုမစိုက်ဘူး။ ကျွန်မနဲ့လည်း ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ဒီကုန်စည်ပြပွဲ ဧရိယာထဲမှာ တစ်ယောက်ယောက်ကများ ပြဿနာအရင်စရှာမယ်ဆိုရင်တော့ ရက်စက်တယ်ဆိုတာဘာမှန်း နားလည်သွားအောင် လုပ်ပေးမယ်။ အဲဒါကတော့ ရှင်တို့အားလုံးကို ကျွန်မပေးတဲ့ အကြံပါပဲ"

"ကောင်းပါပြီ။ ကျွန်မတို့ရဲ့လေလံပွဲကို တရားဝင်စတင်ပါပြီ။ အားလုံးပဲ....ကိုယ်လိုချင်တာတွေ ရနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်"

အာရီယာက လက်ကို တစ်ဖန်ဝှေ့ယမ်းလိုက်လေရာ သူ(မ)ရောက်လာစဉ်က ပေါ်လာခဲ့သော ဟင်းလင်းပြင်အက်ကွဲကြောင်းက ထပ်မံပေါ်ထွက်လာပြီး ရှည်လျားလှသော ခြေတံများဖြင့် ထိုအတွင်းထဲသို့ ဝင်ရောက်သွားလေသည်။

သူ(မ) ပျောက်ကွယ်သွားသည့်အချိန်လေးတွင် သူ(မ)၏အကြည့်များက သူ့အပေါ် ရပ်တန့်သွားသည်ဟု ကျန်းမုန့်လောင် ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ အာရီယာ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွားသည်ကိုပင် မြင်လိုက်ရသည်။

"သူ ငါ့ကိုများ မှတ်မိသွားတာလား"

ကျန်းမုန့်လောင်၏ရင်တေ တဒိန်းဒိန်းခုန်လာသည်။ သူသည် သူ့အရှိန်အဝါကို ဖုံးကွယ်၍ ရုပ်သွင်ကို ပြောင်းလဲထားသော်လည်း စကြဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများတွင် သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်မည့် နည်းလမ်းတချို့ ရှိနေနိုင်ပေသည်။

"ဟွန့်... သူ ပြဿနာမရှာဖို့ပဲ မျှော်လင့်ရတာပဲ"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ယခုအချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်၌ အဆင့်ကိုးသက်ရှိထက် များစွာသာလွန်သော ဆရာများပင် ရှိနေချေပြီ။ သူ့အမှတ်များဖြင့်ဆိုလျှင် မည်သည့်အရာကိုမှ ကြောက်စရာမလိုပေ။ အဆိုးဆုံးအခြေအနေ ရောက်လာလျှင်လည်း အားလုံးအတူတူ ပျက်စီးရုံသာ ရှိသည်။

"ဒီနှစ်ရဲ့ စကြဝဠာမြေအောက်ကုန်စည်ပြပွဲ လေလံပွဲကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်မကတော့ ဒီနှစ်အတွက် တင်ဆက်သူ ရှီလီနာရှီပါ"

"ဝူးဟူး... ကျောင်းအုပ်ကြီး... သူက ဆွဲဆောင်မှုရှိတဲ့ နတ်သူငယ်မျိုးနွယ်စုကပဲ"

"တော်တော်အကွက်ကျတာပဲ"

ကျန်းမုန့်လောင်က ရှီလီနာရှီ၏ မျက်လုံးနီနီလေးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ထိုမျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းနေမည့်အစား ဝိညာဉ်ကို ထိရှစေသည့် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။

"ပြီးတော့ သူက အဆင့်ခြောက်သက်ရှိတစ်ယောက်နော်။ တော်တော်ကြီးကျယ်ခမ်းနားတဲ့ပွဲပဲ"

မြင့်မြတ်လှသော အဆင့်ခြောက်သက်ရှိတစ်ယောက်ကို လေလံမှူးအဖြစ် ခန့်အပ်ထားခြင်းမှာ သာမန်လေလံပွဲတစ်ခုတွင် လုံးဝမဖြစ်နိုင်သော ကိစ္စပင်။

"ဟဲဟဲ ကျောင်းအုပ်ကြီး... နတ်သူငယ်မျိုးနွယ်စုမှာ သဘာဝအတိုင်းပါလာတဲ့ ဒီဆွဲဆောင်မှုစွမ်းရည်က သက်ရှိအဆင့်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ အဆင့်ခြောက် သက်ရှိတစ်ယောက်က အဆင့်ခုနစ်သက်ရှိတွေကိုတောင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်ပါတယ်။ အဲဒီအချိန်ကျရင် ဘယ်ယောက်ျားကများ သူ့ရဲ့အာရုံစိုက်မှုကို ရဖို့အတွက် အစွမ်းကုန်လေလံမဆွဲဘဲ နေမှာလဲ"

"ဟက်... သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှ မရှိတာကိုး"

ကျန်းမုန့်လောင်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး... ခင်ဗျားမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိရင် ခင်ဗျားဘောင်းဘီထဲမှာ ဓားမြှောင်တစ်လက် ထောင်နေမှာ မဟုတ်ဘူးလေ"

"အဟွတ် အဟွတ် အဟွတ်... မင်းစကားက အရမ်းဗြောင်ကျလွန်းတယ်"

ကျန်းမုန့်လောင်က သူ့စိတ်ခံစားမှုများကို တည်ငြိမ်စေရန်အတွက် စိတ်ထဲတွင် ဗုဒ္ဓတရားစာများကို အကြိမ်အနည်းငယ် ရွတ်ဆိုလိုက်သည်။

"အချိန်မဆွဲတော့ဘဲ ကျွန်မတို့ရဲ့ ပထမဆုံး လေလံပစ္စည်းနဲ့ စတင်လိုက်ကြရအောင်"

ရှီလီနာရှီက ဟင်းလင်းပြင်ကို ညင်သာစွာ ထိတွေ့လိုက်လေရာ ကြီးမားလှသော ဟိုလိုဂရမ် ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုအရာမှာ မီးတောင်များနှင့် ပြည့်နှက်နေသော ဧရာမဂြိုဟ်ကြီးတစ်လုံးဖြစ်ပြီး မီးဖိုကြီးတစ်ခုအလား မီးတောက်များကို အဆက်မပြတ် မှုတ်ထုတ်နေလေရာ ဘယ်သက်ရှိမှ ရှင်သန်ရန် မဖြစ်နိုင်သလောက်ပင်။

"ဘာတွေဖြစ်နေတာလဲ။ ဒီဂြိုဟ်ပျက်ကြီးက ပထမဆုံးလေလံပစ္စည်းလား"

"ဒါကြီးကိုရောင်းပြီး ဘာလုပ်ရမှာလဲ။ စကြဝဠာထဲမှာ ဒီလိုမျိုးတွေအများကြီး ရှာလို့ရတာပဲ။ ဒါကိုများ လေလံပွဲအထိ တင်ရသလား"

"မဟုတ်ဘူးနော်။ ဟိုမှာကြည့်လိုက်ဦး။ ကောင်းကင်မှာ ပေါလောပေါ်နေတဲ့ အရာတစ်ခု ရှိတယ်"

"တင်ဆက်သူရေ နည်းနည်းလောက် ချဲ့ပြပေးပါဦး"

ရှီလီနာရှီက တစ်ချက်ပြုံးလိုက်ပြီး ပုံရိပ်ကို ချက်ချင်းပင် ထပ်ချဲ့ပေးလိုက်သည်။

"ဝိုး"

ထိုအရိပ်ကြီးမှာ ကောင်းကင်ယံတွင် ပေါလောပေါ်နေသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်နေကြောင်း မြင်လိုက်ရသောအခါ လူအုပ်ကြီးထံမှ အံ့သြတုန်လှုပ်သွားသော အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။

အပြင်ပန်းကြည့်လျှင် ထိုအရာမှာ ကမ္ဘာမြေရှိ ဝေလငါးတစ်ကောင်နှင့် တူသော်လည်း အရေခွံမှာ မီးခိုးရောင်ဖြစ်ပြီး ခန္ဓာကိုယ်အရှည်မှာမူ မီတာနှစ်သောင်းကျော် ရှိ၏။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကား အရိုးထဲအထိ စိမ့်ဝင်သွားစေလောက်အောင် အေးစက်လှပေသည်။

"ကျွန်မတို့ရဲ့ ပထမဆုံးလေလံပစ္စည်းကတော့ ဒီစကြဝဠာသားရဲကြီးရဲ့ သားပေါက်လေးပဲ ဖြစ်ပါတယ်။ ဒါ ဘာလဲဆိုတာ ရှင်တို့ ခန့်မှန်းကြည့်ချင်ကြမယ်ထင်ပါတယ်"

"ဒီကောင်ကြီးက"

ကျန်းမုန့်လောင် တွေးလိုက်မိသည်။

"ခွန်းတစ်ကောင်နဲ့ နည်းနည်းတူနေသလိုပဲ"

အပေါ်အောက်တွဲလျက် ဘောင်းဘီရှည်ဝတ်ထားသည့် ပုံရိပ်တစ်ခုက နောက်ခံတေးဂီတသံနှင့်အတူ ကျန်းမုန့်လောင်၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။

"မှားတယ်။ မှားတယ်။ ဒီခွန်းကို ပြောတာမဟုတ်ဘူး။ တခြား ခွန်းတစ်ကောင်ကို ပြောတာ"

ထိုအရာမှာ တောင်နှင့်ပင်လယ်ဂန္တဝင်ထဲမှ သတ္တဝါတစ်ကောင်ဖြစ်ပြီး 'မြောက်ပိုင်းပင်လယ်မှာ ငါးတစ်ကောင်ရှိတယ်။ သူ့နာမည်က ခွန်းတဲ့။ ခွန်းက အရမ်းကြီးမားလွန်းတော့ မိုင်ပေါင်းဘယ်နှထောင်လောက် ကျယ်ဝန်းလဲဆိုတာ ဘယ်သူမှမသိကြဘူး...'ဟု ဆိုကြသည်။

"အစ်ကိုကြီး... အဲဒါ ခွန်းပဲ။ စကြဝဠာသားရဲတွေထဲမှာ အဆင့်လေးချိတ်တဲ့ အထူးသတ္တဝါကြီး။ တခြားထိပ်တန်းစကြဝဠာသားရဲ အမဲလိုက်ကောင်တွေကိုတောင် ပြန်စားတဲ့ကောင်နော်။ သူတို့ ဒီကောင့်ကို အရှင်ဖမ်းမိထားတာ မယုံနိုင်စရာပဲ"

"ကောထန်... ဒီသတ္တဝါရဲ့ အချက်အလက်တွေကို စစ်ဆေးပေးစမ်း"

ကမ္ဘာမြေပေါ်တွင် နာမည်ကြီးအင်တာနက်ဟာသတစ်ခုဖြစ်ခဲ့ဖူးသော အရာသည် ယခု သူ့ရှေ့မှောက်တွင် တကယ်ရောက်နေကြောင်း ကျန်းမုန့်လောင် မယုံနိုင်အောင် ဖြစ်နေမိသည်။

စကြဝဠာထဲတွင် စကြဝဠာသားရဲ စွယ်စုံကျမ်းတစ်ခုရှိ၏။ ထိုကျမ်းထဲတွင် လူသားများထက် မနိမ့်ကျသော ကြီးထွားနှုန်းရှိပြီး စကြဝဠာမျိုးနွယ်စုများကိုပင် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်စေသည့် ကြောက်မက်ဖွယ်သတ္တဝါအမျိုးမျိုးကို မှတ်တမ်းတင်ထားသည်။

ခွန်းဆိုသည်မှာ ထိုအဆင့်သတ်မှတ်ချက်ထဲမှ အထူးသားရဲတစ်ကောင်ပင်။

အရွယ်ရောက်ပြီးသော ခွန်းတစ်ကောင်သည် အနည်းဆုံး ကီလိုမီတာ ငါးသောင်းခန့် ရှည်လျားပြီး သူ့ရှေ့တွင် ကမ္ဘာမြေကြီးမှာ ကစားစရာအရုပ်တစ်ရုပ်နှယ် ဖြစ်နေချေမည်။ အရွယ်ရောက်ပြီးသော ခွန်းတစ်ကောင်မှာ လူသားများ လုံးဝကျော်လွှားနိုင်မည်မဟုတ်သော ပါရမီကန့်သတ်ချက်ဖြစ်သည့် အဆင့်ခြောက်သက်ရှိအဆင့်ကိုပင် တက်လှမ်းနိုင်သည်။

သို့သော် သူတို့၏ အရေအတွက်မှာ အလွန်တရာ ရှားပါးပြီး များသောအားဖြင့် လူသူအရောက်အပေါက်နည်းသော နေရာများတွင်သာ နေထိုင်တတ်ကြလေရာ ဘယ်လူပုဂ္ဂိုလ် သို့မဟုတ် ဘယ်အဖွဲ့အစည်းကမှ အသက်ရှင်နေသော ခွန်းတစ်ကောင်ကို ယခင်က ဖမ်းဆီးရမိခဲ့ဖူးခြင်း မရှိပေ။

"ခွန်းက အရမ်းကြီးလွန်းတော့ ဒယ်အိုးတစ်လုံးတည်းနဲ့တောင် ဆံ့မှာမဟုတ်ဘူး..."

ကျန်းမုန့်လောင်၏ ခေါင်းထဲတွင် ဘာကြောင့်မှန်းမသိဘဲ ဤစကားစုက ဟာသတစ်ခုအနေနှင့် ပေါ်လာခဲ့သည်။

"ဂါနေး... ခွန်းကို စားလို့ရနိုင်လောက်လား"

**********************

အခန်း ၈၈၅ - ကျွန်တော့်ကို ဒယ်အိုးတစ်လုံးလောက် ပေးလို့ရမလား

"ဗျာ"

ဂါနေးခမျာ ထိုနေရာမှာတင် အံ့သြမှင်တက်သွားတော့သည်။

ခွန်းဟူသည့် သတ္တဝါမျိုးက သမိုင်းတစ်လျှောက်တွင် စကြဝဠာမျိုးနွယ်စုများကို အလွန်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ အထွတ်အထိပ်စကြဝဠာမျိုးနွယ်စုတစ်ခုရှိ စစ်သင်္ဘောအုပ်စုကြီးပင် အရွယ်ရောက်ပြီးသား ခွန်းတစ်ကောင်ကို သတ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။ အလွန်ဆုံးရှိလှ သူ့ကို မောင်းထုတ်ရုံလောက်သာ လုပ်နိုင်သည်။

သိုင်းပညာရှင်များနှင့် ပတ်သက်၍ပြောရလျှင် အဆင့်ရှစ်သက်ရှိများပင် ခွန်း၏ ပါးစပ်ထဲတွင် အသက်ပျောက်ခဲ့ရသည့် သာဓကများ ရှိဖူးသည်။ ပုံမှန်အားဖြင့် ခွန်းကသာ လူသားများကို စားလေ့ရှိသည်။ မည်သူကများ ခွန်းကို သွားစားရဲမည်နည်း။

ရူးနေတာပဲဖြစ်ရမယ်...

"ငါတို့မျိုးနွယ်စုမှာ ဘဲယားဂရစ်လို့ခေါ်တဲ့ ကောင်တစ်ကောင်ရှိတယ်။ သူ့ရဲ့အဘိဓာန်မှာ 'စားလို့မရဘူး'ဆိုတဲ့ စကားလုံးမျိုးမရှိဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခေါင်းနဲ့ အမြီးကို ဖြတ်လိုက်ရင် စားလို့ရမယ်လို့ထင်တာပဲ။ ပြီးတော့ ဒီလောက်တောင် အစွမ်းထက်တဲ့ကောင်ဆိုတော့ အသားကလည်း တော်တော်အရသာရှိမှာ သေချာတယ်"

အိုင်းရင်း၏ မျိုးနွယ်စုတွင် လှည့်လည်သွားလာခဲ့စဉ်က ကျန်းမုန့်လောင်မှာ ဤအချက်နှင့်ပတ်သက်၍ အတွေ့အကြုံကောင်းကောင်းရခဲ့သည်။ ယေဘုယျအားဖြင့် သက်ရှိအဆင့် ပိုမြင့်လေလေ အရသာက ပိုကောင်းလေလေပင်။

တစ်ခါတုန်းက အဆင့်ငါးသက်ရှိတစ်ကောင်၏ အသားဖြင့် ချက်ထားသော ဟင်းရည်ကို ကျန်းမုန့်လောင် မြည်းစမ်းကြည့်ဖူးသည်။ ထိုအရသာ၊ ထိုအသား၏ အနေအထားက နူးညံ့ပြီး ဝါးလို့ကောင်းလှသည်။

"အားလုံးမြင်တဲ့အတိုင်း ဒါကတော့ ခွန်းတစ်ကောင်ပါ။ အသက် နှစ်၂၀၀အောက်ပဲ ရှိသေးတဲ့ ခွန်းသားပေါက်လေးပါ"

ရှီလီနာရှီက ပြောလေသည်။

"အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်က မတော်တဆတွေ့ခဲ့လို့ နည်းလမ်းတစ်ခုခုနဲ့ ဖမ်းဆီးလာခဲ့တာပါ။ ငွေကြေးနည်းနည်း ရင်းနှီးလိုက်ရုံနဲ့ ဒီလိုစကြဝဠာသားရဲ သားပေါက်လေးကို ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလို့ရတယ်ဆိုတာ ရှင်တို့အားလုံး သိကြမှာပါ"

ခွန်းများ မျိုးနွယ်စုများကို တိုက်ခိုက်ဖူးသည့် ဖြစ်ရပ်များကို အားလုံး ရင်းနှီးပြီးသား ဖြစ်ကြမည်မှာ သေချာပေသည်။ ဤစကြဝဠာသားရဲသည် အဆင့်လေးတွင် ချိတ်ပြီး အဆင့်ခြောက်သက်ရှိအဖြစ်သို့ အလွယ်တကူ တက်လှမ်းလာနိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀၀တုန်းက ဘယ်လီယာစကြဝဠာအင်ပါယာကြီးမှာ အဆင့်ရှစ်အထိ ရောက်နေသော ခွန်းတစ်ကောင်၏ ဖျက်ဆီးမှုကြောင့် ပျက်သုဉ်းသွားခဲ့ရသည်။

"အဲဒီအကြောင်း ငါကြားဖူးတယ်။ ဘယ်လီယာစကြဝဠာအင်ပါယာဆိုတာ စစ်သည်တော် အင်ပါယာကြီးလေ။ သူတို့ရဲ့ အရှင်သခင်ကတောင် အဆင့်ရှစ်သက်ရှိတဲ့"

"တကယ်ကြီးလား။ အဆင့်ရှစ်သက်ရှိတစ်ယောက်ကတောင် အဲဒီခွန်းကို မတားနိုင်ခဲ့ဘူးလား"

"ငတုံး... သူတို့ကို ဘာလို့ စကြဝဠာသားရဲလို့ ခေါ်တယ်ထင်လဲ။ သူတို့ရဲ့ မျိုးရိုးဗီဇမှာတင် သူတို့နဲ့ကိုက်ညီတဲ့ အစွမ်းထက်တိုက်ခိုက်ရေးနည်းလမ်းတွေ ပါလာပြီးသား။ ပြီးတော့ သူတို့ရဲ့ ဧရာမခန္ဓာကိုယ်အရွယ်အစားကြောင့် အဆင့်ရှစ်လူသား ဆယ်ယောက်လောက် ပေါင်းရင်တောင် အဆင့်ရှစ်စကြဝဠာသားရဲ တစ်ကောင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ငါကြားတာတော့ ဘယ်လီယာစကြဝဠာအင်ပါယာရဲ့ အရှင်သခင်ဟာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာတင် အဲဒီခွန်းဆီမှာ တစ်လုတ်တည်းမျိုချခံလိုက်ရတယ်တဲ့။ လူပေါင်း ဘီလီယံဆယ်နဲ့ချီပြီး ခွန်းရဲ့ ဗိုက်ထဲမှာ သေဆုံးသွားခဲ့ကြတယ်တဲ့

"မယုံနိုင်စရာပဲ။ ခွန်းတစ်ကောင်ကို မွေးထားနိုင်ရင် စကြဝဠာထဲမှာ ပြိုင်ဘက်ကင်းဖြစ်သွားမှာ မဟုတ်ဘူးလား"

"သေချာတာပေါ့။ ဒါပေမဲ့ ပြောသလောက်တော့ မလွယ်ဘူးလေ။ အရမ်းကြီးလည်း စိတ်ကူးမယဉ်ကြပါနဲ့ဦး။ စကြဝဠာသားရဲတစ်ကောင်ကို မွေးမြူရတာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ အားထုတ်မှုတွေ လိုအပ်တယ်။ ခွန်းတစ်ကောင်ကို အဆင့်ရှစ်အထိ ရောက်အောင် မွေးချင်ရင် လူသား အဆင့်ရှစ် ဆယ်ယောက်စာလောက်ကို ပုံအောရလိမ့်မယ်"

"ဟုတ်တယ်။ ရူးလောက်အောင် ချမ်းသာတဲ့လူတွေပဲ ဒီလိုအကောင်မျိုးကို မွေးနိုင်မှာ။ ငါတို့ကတော့ စောင့်ကြည့်ကြတာပေါ့"

"တကယ်တော့ ရောင်းချသူက အစတုန်းက သူ့ဘာသာသူ မွေးမြူဖို့ ရည်ရွယ်ထားတာပါ"

ရှီလီနာရှီက ဆက်ပြောသည်။

"ဒါပေမဲ့ တလောတုန်းက သူ သိုင်းလက်နက်တစ်ခု သွန်းလုပ်ချင်လာတဲ့အတွက် ငွေအများကြီးလိုအပ်လာလို့ ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်မတို့ရဲ့ အကဲဖြတ်မှုတွေအရ ကနဦးလေလံကြမ်းခင်းဈေးကို အမှောင်ဒင်္ဂါး၁၅၀၀ဘီလီယံ သတ်မှတ်ထားပါတယ်"

"ဝိုး"

အစကတည်းက အကြမ်းစားပင်။ အမှောင်ဒင်္ဂါး၁၅၀၀ဘီလီယံဆိုသည်မှာ ကြယ်ပွင့်

၁၅၀နှင့် ညီမျှပြီး ထိပ်တန်းအဆင့်ခြောက် သိုင်းလက်နက်တစ်ခု၏ တန်ကြေးနီးနီးပင်။ ဤရောင်းချသူမှာ အနည်းဆုံးတော့ အဆင့်ခုနစ် သက်ရှိတစ်ဦး ဖြစ်ဖို့များသည်။

"လေလံဆွဲတဲ့ ဈေးနှုန်းဟာ အမှောင်ဒင်္ဂါးတစ်ရာဘီလီယံထက် မနည်းရပါဘူး။ လေလံပွဲကို စတင်လိုက်ပါပြီ"

"၁၅၁၀ဘီလီယံ"

"၁၅၂၀ဘီလီယံ"

...

မကြာခင်မှာပင် ဗဟိုဖန်သားပြင်ပေါ်တွင် ဂဏန်းတစ်ခုပြီးတစ်ခု လက်ကနဲ ပေါ်လာပြီး အဟောင်းများကို ကျော်လွန်ကာ အသစ်များက အဆက်မပြတ် နေရာယူလာတော့သည်။

ခွန်းသားပေါက်လေးတစ်ကောင်၏ တန်ဖိုးက ထိုထက်မက အများကြီး ပိုတန်သည်။

"အမှောင်ဒင်္ဂါး၃ထရီလီယံ"

ချမ်းသာကြွယ်ဝလှသော အဆင့်ခုနစ်သက်ရှိတစ်ယောက်က ဈေးနှုန်းကို သိသိသာသာ မြှင့်တင်ရင်း ပြောလိုက်သည်။

"စကြဝဠာသားရဲသားပေါက်တစ်ကောင် ဖမ်းဆီးခိုင်းတဲ့ မစ်ရှင်တစ်ခုကို လုပ်မယ်ဆိုရင်တောင် အနည်းဆုံး ကြယ်ပွင့်၅၀၀ကနေ စတယ်ဆိုတာ ငါတို့အားလုံး သိကြတာပဲ။ ဒီဈေးလေးနဲ့တော့ ရှက်စရာကောင်းလိုက်တာ"

အဆင့်ခုနစ်သက်ရှိတစ်ယောက်က ခပ်ဖွဖွပြုံးရင်း ပြောလိုက်သည်။

"အမှောင်ဒင်္ဂါး ၅ထရီလီယံ"

"အမှောင်ဒင်္ဂါး ၁၀ထရီလီယံ"

"သေစမ်း... ဘယ်သူက နှစ်ဆတောင် တိုးလိုက်တာလဲ"

"နယ်မြေဘီ ခုံအမှတ်၁၈၈၂၇ ဟိုဘက်မှာ"

"အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်လား။ ဒီလောက်ငွေသုံးနိုင်တာ မဆန်းပါဘူးလေ"

"အားလုံးပဲ... ကျွန်တော်တို့ သားရဲမျိုးနွယ်စုကို မျက်နှာသာနည်းနည်းလောက် ပေးမယ်လို့ မျှော်လင့်ပါတယ်"

၁၀ထရီလီယံ လေလံဆွဲသူက သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

"သားရဲမျိုးနွယ်စုက လူတစ်ယောက်ပဲ"

"ဒီကောင်ကြီးကို သူတို့ စိတ်ဝင်စားနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး"

"အစ်ကိုကြီး... သားရဲမျိုးနွယ်စုတောင် မနေနိုင်တော့ဘူးဗျ။ အစ်ကိုရော လေလံဆွဲကြည့်ချင်စိတ် မရှိဘူးလား။ ကျွန်တော့်အထင် ဒီခွန်းက သေချာပေါက်ကောင်းတဲ့အရာပဲ"

ဂါနေးက ပြောလိုက်သည်။

"သားရဲမျိုးနွယ်စုတဲ့လား"

"ဪ... သူတို့က သားရဲတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ မွေးရာပါအစွမ်းရှိတဲ့ မျိုးနွယ်စုလေ။ သူတို့ဆီက သိုင်းပညာရှင်အားလုံးနီးပါးက အစွမ်းထက်တဲ့ သားရဲတစ်ကောင် ဒါမှမဟုတ် စကြဝဠာသားရဲတစ်ကောင်ကို မွေးမြူထားတတ်ကြတယ်။ သမိုင်းမှာ ပထမဆုံးမှတ်တမ်းတင်ခံရတဲ့ စကြဝဠာသားရဲယဉ်ပါးအောင် ဆင့်ခေါ်နိုင်သူက သူတို့မျိုးနွယ်စုကပဲ။ သူက အဆင့်၂၇ ချိတ်တဲ့ ဂိုမိုရာကြယ်သားရဲကြီးကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာ။ သူတို့ချင်းပူးပေါင်းပြီး သာမန် အဆင့်ရှစ်သက်ရှိငါးယောက်ခြောက်ယောက်လောက်တောင် မနိုင်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ကြတာ"

"မင်းက တော်တော်သိတာပဲ"

ကျန်းမုန့်လောင်သည် ဂါနေးကို စကြဝဠာ စွယ်စုံကျမ်းတစ်အုပ်လို ရုတ်တရက် ခံစားလိုက်ရသည်။ ကောထန်ကို မေးနေစရာပင် မလိုတော့ဘဲ သူကသာ အရာအားလုံးကို ဖြေရှင်းပေးနိုင်ပေသည်။

"အားလပ်ချိန်တွေမှာ စာဖတ်ရတာ ဝါသနာပါလို့ပါဗျာ။ အရှင်သခင်တွေက သိုင်းပညာလေ့ကျင့်မှုကိုပဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာ။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ တချို့ကိစ္စတွေကိုတော့ လုံးဝလျစ်လျူရှုထားကြတယ်"

"ကောင်းပြီလေ။ ဒါဆို ငါ ဟင်းချက်စားဖို့ တစ်ကောင်လောက် ဝယ်လိုက်မယ်"

ကျန်းမုန့်လောင်က လေလံဆွဲသည့် ဖန်သားပြင်ကို ခေါ်လိုက်ပြီး အမှောင်ဒင်္ဂါး ၁၂ထရီလီယံဟု ရိုက်ထည့်လိုက်သည်။

"သြော်... သုညတစ်လုံး ပိုနှိပ်မိသွားတယ်"

ဤမျှအဆင့်မြင့်သော စနစ်ကြီးကို ပထမဆုံးအကြိမ် သုံးရသည်ဖြစ်ရာ ကျန်းမုန့်လောင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

"ထားလိုက်ပါတော့။ ပြန်ဖျက်မနေချင်တော့ဘူး။ ဒီအတိုင်းပဲ ထားလိုက်တော့မယ်"

ဂါနေး၏ မျက်လုံးများ တွန့်သွားသည်။ အမှောင်ဒင်္ဂါး ၁၀ထရီလီယံဆိုသည်မှာ သူ့အတွက် လက်ဖျားလေးတစ်ချက် ခါလောက်သည့် တန်ဖိုးပင် မရှိလေဘူးလား။ ချမ်းသာသည်ဆိုသော်ငြား ဤမျှအထိ မဆင်မခြင်မလုပ်သင့်ချေ။

ယခင်လေလံဈေးထက် ဆယ်ဆပိုများသော ပမာဏတစ်ခုက ဖန်သားပြင်ပေါ်တွင် ပေါ်လာလေသည်။

"ဝိုး"

တအံ့တသြရေရွတ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။

"အမှောင်ဒင်္ဂါး ၁၂ထရီလီယံလား။ ဆယ်ဆတောင် ပိုများသွားတာပါလား"

"ဘယ်သူလဲကွ။ အသည်းအသန်ကို လိုချင်နေတာလား"

"ရိုးရိုးသားသားပြောရရင် ဒီဈေးက နည်းနည်းတော့ များလွန်းတယ်"

"နယ်မြေA1 ဒီနံပါတ်က ဗီအိုင်ပီလမ်းကြောင်းက လာတဲ့လူပဲဖြစ်ရမယ်"

"တကယ်လား။ ဒါဆိုလည်း ဖြစ်နိုင်ပါတယ်။ သူတို့က အနည်းဆုံးတော့ အဆင့်ရှစ်သက်ရှိတွေပဲ။ တော်တော်လေးလည်း ချမ်းသာကြမှာ သေချာတယ်"

"ရူးနေပြီပဲ"

သားရဲမျိုးနွယ်စုရှိ ထိုလူက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ ခွန်းသားပေါက်လေး တစ်ကောင်ကို ဝယ်ယူရန် ၁၂ထရီလီယံ အသုံးပြုရခြင်းမှာ နည်းနည်းလွန်ကဲနေသည်ဟု ခံစားရသည်။ သူ မဝယ်နိုင်၍တော့ မဟုတ်ပါချေ။ သည်လောက်အများကြီး ငွေမသုံးချင်ရုံလေးသာ။

ထိုကဲ့သို့သော ဈေးနှုန်းဖြင့်တော့ အခြား မည်သူကမျှ ဆက်၍ လေလံမဆွဲကြတော့ချေ။

"သုံး နှစ် တစ် ကောင်းပါပြီ။ လေလံဆက်ဆွဲမယ့်လူ မရှိတော့တဲ့အတွက် နယ်မြေA1က ဧည့်သည်တော်ကပဲ ဒီခွန်းကို ဝယ်ယူသွားပါပြီ။ အချိန်တန်တဲ့အခါ သူတို့အတွက် အစွမ်းထက်တဲ့ လက်တွဲဖော်တစ်ကောင်ကို မွေးမြူနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

"ခဏလေးနေပါဦး တင်ဆက်သူရေ"

လေလံပစ္စည်းတစ်ခုကို အောင်မြင်စွာ ရရှိပြီးသည်နှင့် ဝယ်ယူသူက စကားပြောရန် အခွင့်အရေးတစ်ကြိမ် ရရှိသည်။ များသောအားဖြင့် ပစ္စည်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သို့မဟုတ် ဂရုစိုက်မွေးမြူရမည့် လမ်းညွှန်ချက်များကို မေးမြန်းရန်အတွက်ပင်။

"မေးစရာများ ရှိလို့ပါလားရှင့်"

"ကျွန်တော်မေးချင်တာက ခင်ဗျားတို့ ကျွန်တော့်အတွက် ဒယ်အိုးတစ်လုံးလောက် အလကားထည့်ပေးနိုင်မလား"

"ရှင် ဒယ်အိုးလား"

"အဲဒါ ဘာသဘောလဲ"

ထူးဆန်းပြီး ရယ်စရာကောင်းလှသော ဤမေးခွန်းကြောင့် လူများမှာ အဆင့်ရှစ်သက်ရှိတစ်ဦးနှင့် လုံးဝမအပ်စပ်လှသော ကျန်းမုန့်လောင်၏ အလွန်ငယ်ရွယ်နေသည့် အသံကိုပင် မေ့သွားကြတော့သည်။

"တောင်းပန်ပါတယ်။ ရှင့်ရဲ့တောင်းဆိုချက်ကို ကျွန်မ နားမလည်လို့ပါ။ ရှင်က ဒယ်အိုးတစ်လုံး လိုချင်တာလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင်က အတည်ပေါက်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒီခွန်းက အရမ်းကြီးလွန်းနေတယ်။ ကျွန်တော့်အိမ်မှာ အဲဒီလောက်ကြီးတဲ့ ဒယ်အိုး မရှိဘူးလေ။ အိုးတစ်လုံးတည်းကို အသာထားလိုက်ဦး။ အိုးအလုံးတစ်ရာနဲ့တောင် ဆန့်မှာမဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော် မေးချင်တာက သူ့လောက်ကြီးတဲ့ အိုးတစ်လုံးလောက် ခင်ဗျားတို့ ရှာပေးနိုင်မလားလို့ပါ"

"ချက်စားမလို့လား"

"သူက ခွန်းကို ချက်စားချင်တာလား။ သူက ခွန်းကိုဝယ်တာ မွေးဖို့မဟုတ်ဘဲ စားဖို့ပေါ့"

"ဘုရားရေ ဒီကောင်က ဘယ်သူလဲ။ ဘယ်လို နတ်ဆိုးဂိုဏ်းဝင်ကောင်ကြီးလဲကွ"

"ဒါက စကြဝဠာသားရဲကွ။ မွေးမြူရေးခြံက အကောင်မဟုတ်ဘူး။ ခွန်းတစ်ကောင်ကို စားဖို့အတွက် အမှောင်ဒင်္ဂါး ၁၂ထရီလီယံတောင် သုံးရအောင် သူ ရူးများရူးနေလား"

စကြဝဠာတစ်ခုလုံး အံ့သြမှင်တက်သွားကြတော့သည်။

"လူကြီးမင်း... လူကြီးမင်းက အဲဒါကို ဟင်းချက်ပြီး စားမလို့လား"

ရှီလီနာရှီခမျာ သူ(မ)၏ အလုပ်အကိုင်သက်မွေးဝမ်းကျောင်းလမ်းကြောင်းတွင် အမှောင်ကျသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

"ဟုတ်တာပေါ့။ အဲဒီလိုမှမဟုတ်ရင် ငါက ဘာလုပ်ရမှာလဲ။ အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ ရေကူးခိုင်းထားရမှာလား"

All Chapters