← Chapters

အခန်း (၂၅၆၁-၂၅၆၂)

Vol. 197 Ch. 2561-2562

အခန်း (၂၅၆၁-၂၅၆၂)

Vol. 197 Ch. 2561-2562

အခန်း(၂၅၆၁)

“သခင်ကြီးရောက်လာပြီ”

ဟင်းလင်းပြင်တွင် ပေါ်လာသော လူငယ်ကိုမြင်လျှင် ရွှယ်ချန်ကျဲ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့‌နောက် သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့၏။

ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာသည့် လူငယ်လေးသည် ကျန်းချန်မှ လွဲ၍ အခြားမည်သူ ဖြစ်နိုင်ပါမည်နည်း။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကျန်းချန် ပြန်ရောက်လာလိမ့်မည်ဟု ရွှယ်ချန်ကျဲ ထင်မှတ်မထားခဲ့ပေ။

ထို့နေ့က စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ကျန်းချန်သည် လီထျန်းယွမ်နှင့် ရွှယ်ကျိုးမင်တို့နှစ်ဦးအား မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သည်။

ကျန်းချန်၏ခွန်အားသည် သာမန် မဟာယာနအဆင့် ကျင့်ကြံသူများထက် သာလွန်သည်မှာ သေချာသလောက်ပင်။

အကယ်၍ ကျန်းချန်နှင့် ကျန့်ချုံရှန်းသာ ပူးပေါင်းလိုက်လျှင် မဟာယာန နှောင်းပိုင်းအဆင့်ရှိ သွေးနတ်ဘုရားပင်လျှင် အသာစီးရရန် ခက်ခဲသွားလိမ့်မည် ဖြစ်၏။

ကျန်းချန်၏ စကားကိုကြားလျှင် သွေးနတ်ဘုရားသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး ချက်ချင်းဆိုသလို အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်ကို လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“ရွှယ်ချန်ကျဲနဲ့အတူ ငါတို့ သွေးနတ်ဆိုးဂိုဏ်းက ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ ကောင်က မင်း မဟုတ်လား”

ရွှယ်ချန်ကျဲကို အသုံးချ၍ သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များကို လုပ်ကြံခဲ့သော သူသည် အလွန်ဆုံး မဟာယာန အဆင့်သာ ဖြစ်လိမ့်မည်ဟု သွေးနတ်ဘုရား ယူဆထားခဲ့သည်။

သို့သော်လည်း ယခုကဲ့သို့ မဟာယာနအဆင့် ပါရမီရှင် လူငယ် တစ်ယောက် ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ဤမျှအထိ အထိနာခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

“ချီးကျူးပါတယ်.. မင်းခန့်မှန်းတာ မှန်သားပဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါက ပါရမီရှင် သုံးယောက်နဲ့ ရွှယ်ကျိုးမင်ကို သတ်ခဲ့တဲ့သူပဲ”

ထိုစကားကိုကြားလျှင် သွေးနတ်ဘုရားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်သည် သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ ငါးဦးထဲမှ တစ်ဦးဖြစ်သည်။

ရွှယ်ကျိုးမင်သည် မဟာယာန အစောပိုင်းအဆင့်သာ ရှိသော်လည်း ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းများစွာ ရှိသူ ဖြစ်သည်။

မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူများထဲတွင် ရွှယ်ကျိုးမင်ကို အနိုင်ယူနိုင်သူသည် လက်ချိုးရေတွက်၍ပင် ရပြီး သတ်ပစ်ရန်မှာ ပို၍ပင် ခက်ခဲသည်။

ဤအချက်ကို ကြည့်ချင်းအားဖြင့် သူ့ရှေ့မှ လူငယ်သည် အနည်းဆုံး မဟာယာန အလယ်အလတ်အဆင့်နှင့် ယှဥ်နိုင်သော ကြောက်မက်ဖွယ်ခွန်အားမျိုး ပိုင်ဆိုင်ထားနိုင်သည်ဟု သူတွေးမိခဲ့သည်။

သူ့ကို ပို၍ တုန်လှုပ်စေသောအချက်မှာ သူ့ရှေ့ရှိ လူငယ်ထံကနေ အန္တရာယ်ရှိသော အရှိန်အဝါတချို့ကို ခံစားမိနေခြင်းပင်။

ဤကဲ့သို့ ခံစားချက်မျိုးကို ကျန့်ချုံရှန်းထံမှ ပင်လျှင် သူ မခံစားခဲ့ရပေ။

ဤကဲ့သို့ မဟာယာနအဆင့် ပါရမီရှင်သာ ကျန့်ချုံရှန်းနှင့်ပူးပေါင်းလိုက်လျှင် သူ့ကို ကောင်းစွာ ခြိမ်းခြောက်ရန် လုံလောက်နေပြီ မဟုတ်ပါလား။

“မင်းဘယ်သူလဲ.. မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြိုးမှမရှိဘူး.. ဘာလို့ ဒီသစ္စာဖောက်နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်နေရတာလဲ”

သွေးနတ်ဘုရားက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို လေးနက်စွာ မေးလိုက်သည်။

ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာပင် အထွတ်အထိပ် ပါရမီရှင်များသည် မဟာယာန တစ်ပိုင်းအဆင့်သာ ရှိကြပြီး မဟာယာနအဆင့်ပါရမီရှင် ဟူ၍ တစ်ဦးမှ မပေါ်ထွက်သေးပေ။

ထို့ကြောင့် သူ့ရှေ့မှ လူငယ်သည် တစ်ကိုယ်တော် ကျင့်ကြံသူ မွန်းစတားအိုကြီး တစ်ယောက်က ပျိုးထောင်ပေးလိုက်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များ၏။

ဤကဲ့သို့ မဟာယာနအဆင့် ပါရမီရှင်မျိုးသည် ကိုင်တွယ်ရ ခက်ရုံသာမက နောက်ကွယ်တွင်လည်း မဟာယာန အထွတ်အထိပ်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ရှိနေနိုင်၏။

ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို သွေးနတ်ဆိုးဂိုဏ်း ပင်လျှင် အလွယ်တကူ ရန်မစရဲပေ။

“ရန်ငြိုးရန်စမရှိဘူး ဟုတ်လား”

ကျန်းချန်က အေးစက်စက် လှောင်ပြုံး ပြုံးလိုက်သည်။

“ငါနဲ့မင်းတို့ကြားမှာ သူသေကိုယ်သေ တိုက်ခိုက်ရမဲ့ အခြေအနေ ရှိနေမှတော့ ဘယ်လိုလုပ် ရန်ငြိုးမရှိဘဲ နေပါ့မလဲ”

ထိုစကားကိုကြားလျှင် သွေးနတ်ဘုရား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ပါဝင်လာပြီးနောက်တွင် သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ အပြုအမူသည် အလွန်ပင် မောက်မာလာပြီး လူများစွာကို ရန်စမိခဲ့သည်။

သွေးနတ်ဘုရားသည် ဤကဲ့သို့ ပါရမီရှင်မျိုးကို ရန်စခဲ့ဖူးခြင်း ရှိ မရှိ သူ့ကိုယ်သူ ပြန်တွေးနေခဲ့သည်။

သူက အလွန်တရာ မောက်မာသော်လည်း ငတုံး တစ်ယောက်တော့ မဟုတ်ပေ။

သူ့အနေဖြင့် ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို အလွယ်တကူ ရန်စမိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် သူ့ရှေ့မှ လူငယ်ကို လုံးဝ မမှတ်မိ၍ ဤသည်က သူတို့ နှစ်ဦးကြားတွင် ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းသာ ဖြစ်ဖို့များသည်။

သို့ဆိုလျှင် မည်ကဲ့သို့ ရန်ငြိုးရန်စမျိုး ရှိနေရပါသနည်း။

သွေးနတ်ဘုရား၏ မျက်ဝန်းများက မှေးကျဥ်းသွားခဲ့သည်။

“မင်းက ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ကိစ္စထဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ထားတယ်ပေါ့ ဟုတ်လား”

ကျန်းချန်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ”

“ကောင်းပြီလေ ကောင်လေး.. ငါမင်းကို ကောင်းကောင်းကြီးမှတ်ထားမယ်”

သူ့ရှေ့မှလူငယ်၏ ပါရမီသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ပြိုင်ဘက်ကင်း ဖြစ်ပြီး နောက်ခံသည်လည်း အလွန်တရာပင် နက်ရှိုင်းသည်။

ထိုကောင်လေး၏ နောက်ခံကို အသေအချာ မသိရဘဲ သွေးနတ်ဘုရားသည် အလွယ်တကူ တိုက်ခိုက်ရန် အစီအစဥ် မရှိခဲ့ပေ။

သူက ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းမှ လူများကို ခေါ်ဆောင်ကာ ကျန်းချန် တို့၏ မြင်ကွင်းထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သွေးနတ်ဘုရားတို့ လူစုက သူ့ရှေ့မှာပင် ထွက်ခွာသွားခဲ့သော်လည်း ကျန်းချန်သည် မတားဆီးခဲ့ပေ။

သွေးနတ်ဘုရားသည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူ၏ စွမ်းအားများကို အကုန်အစင် ထုတ်သုံးသည့်တိုင် အနိုင်ရရန် မသေချာပေ။

သူ့အနေဖြင့် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ အကျဥ်းသားစွမ်းအားကို စုစည်းကာ သွေးနတ်ဘုရားကို အင်မော်တယ်ကျောက်တိုင်တွင် ချုပ်နှောင်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထို့အပြင် သွေးနတ်ဘုရား၏ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံမှုဖြင့် ဆိုလျှင် အကျဥ်းသားစွမ်းအားဖြင့် ချုပ်နှောင်ရန် အောင်မြင်ချင်မှ အောင်မြင်ပေလိမ့်မည်။

အကယ်၍ အောင်မြင်ခဲ့လျှင်ပင် သူ့အနေဖြင့် ပြီးခဲ့သည့်အခေါက်ကထက် ဆယ်ဆမျှ ပိုမို ပြင်းထန်သော ပေးဆပ်မှုကို ပြုလုပ်ရပေလိမ့်မည်။

ထိုသို့မဟုတ်ဘဲ အကယ်၍ သွေးနတ်ဘုရားကို လွတ်မြောက်သွားစေခဲ့လျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်ခြေ ရှိ၏။

အခြေအနေအရ ဖိအားပေးမခံရခင် အချိန်အထိ ကျန်းချန်သည် သူမည်ဝါမည်ဝါ ဖြစ်ကြောင်း မထုတ်ဖော်လိုသေးပေ။

ကျန်းချန်က တိုက်ခိုက်ရန် အစီအစဥ်မရှိသည်ကိုမြင်လျှင် ကျန့်ချုံရှန်းသည်လည်း နောက်ထပ် တိုက်ခိုက်ခြင်း မပြုတော့ပေ။

သွေးနတ်ဘုရား၏ ခွန်အားသည် သူထင်ထားသည်ထက်ပင် ပိုမို၍ သန်မာနေခဲ့၏။

သူနှင့် ကျန်းချန်တို့ ပူးပေါင်းလျှင်ပင် သွေးနတ်ဘုရားကို အနိုင်ယူရန်မှာ မသေချာသေးပေ။

ထို့အပြင် သူအသုံးပြုလာသော လျှို့ဝှက်နည်းစနစ်၏ စွမ်းအားသည် အချိန်အကြာကြီး မခံပေ။

ယနေ့တွင် သွေးနတ်ဘုရားကို ဆုတ်ခွာသွားအောင် လုပ်ဆောင်နိုင်ခြင်းကပင် ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်နေခဲ့ချေပြီ။

“မိတ်ဆွေလေးကျန်းချန်.. မတွေ့ရတာတောင် ကြာပြီ”

ကျန့်ချုံရှန်းက ထွက်ခွာသွားသော သွေးနတ်ဘုရားတို့ကို ငေးကြည့်ပြီးနောက်တွင် ကျန်းချန် ဘက်သို့ လှည့်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။

ကျန့်ချုံရှန်းသည် ကျန်းချန်ကို ပထမဆုံးအကြိမ် မြင်စဥ်ကတည်းကပင် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိသော်လည်း ကျန်းချန်သည် မဟာယာနအဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျသည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“စီနီယာက ရက်အနည်းငယ် အတွင်းမှာပဲ မဟာယာနအဆင့်ကို ထိုးဖောက်နိုင်ခဲ့မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”

သူ့ရှေမှ ကျန့်ချုံရှန်းကို ကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းမှ ထွက်ပေါ်လာသော မဟာယာနအဆင့် ဓားသမားသည် သူ သွေးဓားအင်မော်တယ်ဂိုဏ်းကို ပထမဆုံးအကြိမ် သွားရောက်စဥ်က တွေ့ဆုံခဲ့သော အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပထမဆုံးအကြိမ် စရောက်စဥ်တွင် ကျန်းချန်သည် ကျန့်ချုံရှန်း၏ ထူးခြားမှုကို ခံစားမိသော်လည်း နတ်ဘုရင် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေး၍ ခွန်အားအစစ်အမှန်ကို ထိုးဖောက်မြင်နိုင်စွမ်း မရှိခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ ယခု ပြန်လည် ဆုံတွေ့ချိန်တွင် ထိုအဘိုးကြီးသည် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့ချေပြီ။

“မိတ်ဆွေလေးကျန်းချန်နဲ့ ယှဥ်ရင် ငါအဘိုးကြီးရဲ့ စွမ်းရည်က ဘာမှ မဟုတ်သေးပါဘူး”

ကျန့်ချုံရှန်းက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. သွေးနတ်ဘုရားက အခုဆုတ်ခွာသွားပေမဲ့ အလွယ်တကူ လက်လျှော့မှာတော့ မဟုတ်ဘူး.. မိတ်ဆွေလေးကျန်းချန်ရဲ့ အမြင်ရော ဘယ်လို ရှိလဲ”

“ခင်ဗျားတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက ဒီတစ်ခေါက်အရမ်းကို စိတ်‌လောလွန်းတယ်”

ကျန်းချန်က ခေါင်းခါရမ်းရင်း ပြောလိုက်သည်။

ထိုအဘိုးကြီးသည် မဟာယာန အဆင့်ကို ထိုးဖောက်ပြီးသည်နှင့် သွေးနတ်ဆိုးဂိုဏ်းကို စတင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အကယ်၍ ထိုအဘိုးကြီးသာ မဟာယာန အဆင့်သို့ တက်လှမ်းခဲ့မှန်း စောစောစီးစီး လူသိမခံခဲ့လျှင် သူတို့ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ပြန်ရောက်သည်နှင့် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် လက်ဝဲကိုယ်ရံတော်ကို လှည့်စားခေါ်ထုတ်ရန် နည်းလမ်းရှာနိုင်ခဲ့လိမ့်မည် ဖြစ်သည်။

သူတို့နှစ်ဦး၏ ခွန်အားဖြင့်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းမှ လက်ဝဲကိုယ်ရံတော်ကို အလွယ်တကူ သတ်ဖြတ်နိုင်မည်မှာ သေချာသလောက်ပင်။

ထိုအချိန်ကျမှ သွေးနတ်ဆိုးဂိုဏ်းကို ကိုင်တွယ်ခြင်းသည် သူတို့အတွက် ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

အခန်း(၂၅၆၁)ပြီး၏။

အခန်း(၂၅၆၂)

“မင်းပြောတာမှန်ပါတယ် ငါနည်းနည်း စိတ်လောသွားမိတယ်”

ထိုစကားကိုကြားလျှင် ကျန့်ချုံရှန်းသည် ခါးသီးစွာ ပြုံးလိုက်မိသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကို အသေအလဲ ခံရခဲ့ပြီး အသက်ရှူပေါက်ပင် မချောင်ခဲ့ပေ။

ယခုတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကျန်းချန် ပေါ်ထွက်လာမှုသည် သွေးနတ်ဆိုးဂိုဏ်းကို ဆက်တိုက် အထိနာစေခဲ့ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းကို အဆုံးသတ်တွင် အသက်ရှူချောင်စေခဲ့သည်။

ဤအခွင့်အရေးကို အရယူကာ ကျန့်ချုံရှန်းသည် မဟာယာနအဆင့်သို့ အလျင်အမြန် ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

မဟာယာန အဆင့်သို့ ထိုးဖောက်ပြီးသည်နှင့် ကျန့်ချုံရှန်းသည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင် ကျဆုံးသွားပြီ ဟူသော သတင်းကို ရရှိခဲ့သည်။

ကျန့်ချုံရှန်းသည် ထိုကိစ္စက သွေးဓားအင်မော်တယ်ဂိုဏ်းအတွက် သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် အခွင့်ကောင်းဖြစ်သည်ဟု ချက်ချင်းဆိုသလို ခံစားမိခဲ့ပြီး တိုက်ခိုက်ရန် ပြတ်သွားစွာ ရွေးချယ်ခဲ့ခြင်းပင်။

တကယ်တမ်းတွင် ဤကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ သွေးဓားအင်မော်တယ်ဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သွေးနတ်ဆိုးဂိုဏ်း၏ နှိပ်စက်မှုကို အလူးအလဲ ခံခဲ့ရသဖြင့် ဤအခြေအနေကို အမြန်ဆုံး ပြန်လည် ကုစားလိုသောကြောင့်လည်း ပါဝင်၏။

သေချာ စဥ်းစားကြည့်လျှင်မူ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် စိတ်လက်မာန်ပါ ဖြစ်သွားခဲ့သည်။

ထိုခဏဝယ် ကျန်းချန်သည် လေးနက်သော အမူအရာဖြင့် ကျန့်ချုံရှန်းကို မေးလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းက သွေးအရိပ်ဘိုးဘေး ဆိုတဲ့ လူက ဒီကမ္ဘာမှာ ရှိနေသေးလား”

“သွေးအရိပ်ဘိုးဘေးက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ပျောက်ကွယ်သွားတာ အ‌တော်ကြာခဲ့ပြီ.. သူ သေသလား ရှင်သလား ဆိုတာ ဘယ်သူမှ အတိအကျ မသိကြဘူး”

ကျန့်ချုံရှန်းက ခေါင်းခါရမ်းလိုက်သည်။

သူ၏ လက်ထဲတွင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်ရန် လုံလောက်သည့် အစွမ်းထက် ဝှက်ဖဲတစ်ခု ရှိသည်။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းတွင် သွေးအရိပ်ဘိုးဘေး မရှိတော့မှန်း သေချာခဲ့လျှင် ဝှက်ဖဲကို စောစောစီးစီး အသုံးပြုခဲ့မည် ဖြစ်သည်။

ထိုဝှက်ဖဲသည် သွေးနတ်ဘုရားကို မသတ်နိုင်လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်နိုင်ပေလိမ့်မည်။

ထိုအတိုင်းသာဆိုလျှင် သွေးနတ်ဘုရားကြောင့် ယခုကဲ့သို့ အကျပ်ရိုက်ရသည့် အခြေအနေမျိုး မည်ကဲ့သို့ ရောက်ရှိပါမည်နည်း။

“ဒီလိုဆိုရင်တော့ အခုအချိန်မှာ မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းဆီကနေ နယ်မြေတချို့ကို ပြန်လည် ရယူထားပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ အခြေအနေ အပြောင်းအလဲတွေကို စောင့်ကြည့်ရလိမ့်မယ်”

ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။

သူတို့၏ လက်ရှိ ခွန်အားအရ သွေးအရိပ်ဘိုးဘေး ပေါ်ထွက်မလာသရွေ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြဿနာမရှိပေ။

သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန်မှာမူ လုံးဝ မဖြစ်နိုင်သေးပေ။

ယခုအခါ သွေးနတ်ဆိုးဂိုဏ်းသည် အင်အားများစွာ ဆုံးရှုံးနေပြီ ဖြစ်သော်လည်း မဟယာနအဆင့် ကျင့်ကြံသူနှစ်ဦး ကျန်ရှိနေသေးပြီး ထိုနှစ်ဦးထဲမှ တစ်ဦးမှာ သွေးနတ်ဘုရား ကဲ့သို့ မဟာယာန နှောင်းပိုင်းအဆင့် ဖြစ်သည်။

တကယ်တမ်း တိုက်ပွဲ ဖြစ်လာလျှင် သူနှင့် ကျန့်ချုံရှန်းတို့ ပူးပေါင်းလိုက်လျှင်ပင် မည်သို့မှ အသာစီးရရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန်၏ လက်ချက်ကြောင့် အင်အား အတော်လေး ထိခိုက်သွားသော်လည်း ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း ထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သည်။

သို့ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းကို မည်ကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်ပါအံ့နည်း။

ကျန့်ချုံရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် ပြောတာ သင့်လျော်ပါတယ်”

သွေးဓားအင်မော်တယ်ဂိုဏ်းသည် နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိ၍ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် အခြေခိုင်အောင် အရင်ပြုလုပ်ပြီး အင်အားကို လျင်မြန်စွာ တိုးချဲ့နိုင်စွမ်းရှိသည်။

အကယ်၍ သူတို့ကိုသာ အချိန်အနည်းငယ်ပေးမည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်နိုင်စွမ်း အမှန်တကယ် ရှိလာပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် ကျန့်ချုံရှန်းသည် ပြုံး၍ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကနေ မထွက်ခွာသေးဘူး မဟုတ်လား.. ဒီလိုဆိုမှတော့ ငါတို့နဲ့အတူ သွေးဓားအင်မော်တယ်ဂိုဏ်းဆီ လိုက်ခဲ့ပါလား.. ငါ မင်းကို ဧည့်ဝတ်ပြုပါရစေ”

သူ့ရှေ့မှ လူငယ်သည် သူ့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားနှင့် ပါရမီကို ပိုင်ဆိုင်ထားသည့် ဆန်းကြယ်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း၏ လက်ရှိ အခြေအနေအရ ကျန်းချန်လို အစွမ်းထက် ပုဂ္ဂိုလ်ကို အမှန်တကယ်ပင် လိုအပ်နေခဲ့၏။

ကျန်းချန်နှင့် ပူးပေါင်းနိုင်မှသာလျှင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင် တိုက်ခိုက်ရန် အရင်းအနှီး ရှိလာပေလိမ့်မည်။

“ကောင်းပါပြီ.. ဒါဆိုလည်း အကြီးအကဲကိုပဲ အနှောင့်အယှက်ပေးရတော့မယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီး ကျန့်ချုံရှန်း၏ ကမ်းလှမ်းချက်ကို မငြင်းဆန်ခဲ့ပေ။

ယခုတစ်ကြိမ်တွင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ပြန်လာရသည့် ရည်ရွယ်ချက်မှာ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းကာ သွေးနတ်ဆိုးဂိုဏ်းကို ရှင်းပစ်ရန် ဖြစ်၍ အလွယ်တကူ ထွက်ခွာသွားမည် မဟုတ်ပေ။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်းကို အနိုင်ရပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ဂိုဏ်းကို အုပ်ချုပ်စေလိုသေး၏။

သို့သော်လည်း အချိန်တိုအတွင်း သွေးနတ်ဆိုးဂိုဏ်းကို အနိုင်ယူရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

ဤအချိန်အတောအတွင်း သူက သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ကျင့်ကြံရင်း သူ၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ခရစ္စတယ် အပိုင်းအစများကို စုပ်ယူခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။

သူ၏ ကိုယ်ထဲရှိ အင်မော်တယ်ခရစ္စတယ် အပိုင်းအစကို စုပ်ယူပြီးသွားလျှင် သူ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်ပြီး အနည်းဆုံး အုပ်စိုးသူအဆင့် အလယ်အလတ် သို့မဟုတ် နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။

ထိုအချိန်သို့ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးတွင် သူ့ကို အနိုင်ယူနိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။

သွေးနတ်ဆိုးဂိုဏ်း၏ ပင်မခန်းမထဲတွင် သွေးနတ်ဘုရားသည် ခန်းမအလယ်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။

သူ၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

သူ၏ သွေးနတ်ဆိုးဂိုဏ်းသည် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့နေရသည့်အချိန်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျန့်ချန်ရှန်း ကဲ့သို့ မဟာယာနအဆင့် ဓားသမား ပေါ်ထွက်လာခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို စတင် တိုက်ခိုက်ခဲ့ခြင်းကြောင့် သွေးနတ်ဆိုးဂိုဏ်း၏ အခြေအနေသည် ပို၍ ဆိုးရွားသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူကိုယ်တိုင် ဦးဆောင်၍ ရွှယ်ယန်မြို့သို့ သွားရောက်ခဲ့ပြီး ကျန့်ချုံရှန်းကို ရှင်းပစ်ရန် နီးစပ်နေပြီ ဖြစ်သော်လည်း ရုတ်တရက် မဟာယာနအဆင့် ပါရမီရှင် တစ်ဦး ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ကြောင့် အဆုံးသတ်တွင် သွေးနတ်ဘုရားသည် အသေအချာ စဥ်းစားပြီးနောက် ဆုတ်ခွာရန်သာ ရွေးချယ်ခဲ့သည်။

“မထင်မှတ်ဘဲ ကျန့်ချုံရှန်းက အသက်ရှင်နေသေးရုံမကဘူး မဟာယာနအဆင့်ကိုတောင် ထိုးဖောက်နိုင်ခဲ့တာပဲ.. ဒ့ါအပြင် အဲဒီကောင်လေးက ဘယ်ကလဲ.. အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ ဒီလို ထူးခြားတဲ့ ပါရမီရှင်မျိုး ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ”

သွေးနတ်ဘုရား၏ မျက်နှာက အလွန်ပင် သုန်မှုန်နေခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်း မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း သွေးနတ်ဘုရားသည် ကောင်းစွာသိရှိထား၏။

ယခုအခါ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့်ဓားသမား ပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ ၎င်းတို့ကို အချိန်အနည်းငယ် ပေးလိုက်သည်နှင့် သွေးဓားအင်‌မော်တယ်ဂိုဏ်း၏ အင်အားသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ပြန်လည်နိုးထလာမည် ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း အတွက် ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်လာနိုင်၏။

“သွေးဓားအင်‌မော်တယ်ဂိုဏ်းကို အင်အားကြီးမားလာတဲ့အထိ လုံးဝအခွင့်အရေးပေးလို့ မဖြစ်ဘူး”

သွေးနတ်ဘုရား၏ မျက်ဝန်းထဲတွင် ပြတ်သားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း သူက သွေးဓားအင်မော်တယ်ဂိုဏ်းကို တားဆီးလိုသည့်တိုင် ယခုအခါတွင် ကူကယ်ရာမဲ့သလို ခံစားနေရသည်။

သူ၏ သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူငါးဦး ရှိသည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင် သူတစ်ဦးတည်းသာ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

အကယ်၍ ကျန့်ချုံရှန်းနှင့် ထိုလူငယ်ပါရမီရှင် တို့သာ ပူးပေါင်းသွားခဲ့လျှင် ထိုနှစ်ဦးကို အနိုင်ယူရန်မှာ သူ့အတွက် အမှန်တကယ် ခက်ခဲပေလိမ့်မည်။

သွေးနတ်ဆိုးဂိုဏ်းသည် တစ်နေ့နေ့တွင် ဤကဲ့သို့ အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သွေးနတ်ဘုရား လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ဒီပုံအတိုင်းဆို ဟိုအဘိုးကြီးနဲ့ သွားတွေ့မှပဲ ဖြစ်တော့မယ်”

ထိုသို့ တွေးမိသည်နှင့် သွေးနတ်ဘုရားသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာမှာပင် သွေးနတ်ဘုရား၏ ပုံရိပ်သည် သွေးနတ်ဆိုးဂိုဏ်း၏ မြေအောက်အကျဥ်းထောင် ထဲတွင် ပေါ်လာခဲ့သည်။

ထောင်ထဲတွင် သွေးရောင် အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် သူ၏ ခြေလှမ်းများကို ထူထဲသော သွေးရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်ကနေ မည်သည့် အရှိန်အဝါမှ ထွက်ပေါ်မနေခဲ့ဘဲ သာမန် အဘိုးကြီးတစ်ဦး ကဲ့သို့ ငြိမ်သက်စွာ တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။

သွေးနတ်ဘုရားက အဘိုးအိုကို တစ်ချက် အကဲခတ်ပြီးနောက်တွင် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“စီနီယာအစ်ကို.. ကျွန်တော်တို့ မတွေ့တာ အတော်ကြာပြီပဲ”

“ထူးထူးဆန်းဆန်း မင်းက ငါ့ဆီ အလည်ရောက်လို့ပါလား.. မင်း ငါ့ဆီလာလည်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

သွေးရောင် အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးအိုသည် သူ၏ မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ရှေ့ရှိ သွေးနတ်ဘုရားကို ကြည့်လိုက်သည်။

သူ၏ တိုးညင်းသော စကားသံက ထောင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

သွေးနတ်ဘုရားက သွေးရောင် အဝတ်အစားကို ဝင်ဆင်ထားသော အဘိုးအို ရှေ့တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ ပြောလိုက်သည်။

“တကယ်တော့ ကျွန်တော် စီနီယာအစ်ကိုနဲ့ စကားပြောချင်နေတာ ကြာပါပြီ.. ဂိုဏ်းထဲမှာ ကိုင်တွယ်ရမဲ့ကိစ္စတွေ များလွန်းနေလို့ အခွင့်အရေး မရခဲ့တာပါ”

“မင်းအပိုစကားတွေ ပြောမနေပါနဲ့”

သွေးရောင်အဝတ်အစားဝတ် အဘိုးအိုက အေးစက်စက်အမူအရာဖြင့် ပြောလိုက်သည်။

“မင်းက အရေးမကြီးဘဲနဲ့ ငါ့ဆီကို ရောက်လာမှာတော့ မဟုတ်ဘူး.. အတင်းအကျပ် ဖိအားပေးခံရတဲ့ အကြောင်းအရင်းတစ်ခုခု မရှိဘဲ မင်းဒီရောက်လာမှာ မဟုတ်တာ ငါကောင်းကောင်းသိတယ်.. ဘာကိစ္စအတွက် ငါ့ဆီရောက်လာတာလဲ ဆိုတာကိုသာ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”

အခန်း(၂၅၆၂)ပြီး၏။

All Chapters