← Chapters

အခန်း (၂၅၆၃-၂၅၆၄)

Vol. 197 Ch. 2563-2564

အခန်း (၂၅၆၃-၂၅၆၄)

Vol. 197 Ch. 2563-2564

အခန်း(၂၅၆၃)

သွေးနတ်ဘုရားက သွေးရောင်ဝတ်စုံဝတ် အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“စီနီယာအကိုရဲ့ တပည့်ရွှယ်ချန်ကျဲ ပြန်ရောက်နေပြီ”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက အံ့အားသင့်သွားခဲ့ပြီး သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

“မင်း သူ့ကို သတ်လိုက်ပြီလား”

“ငါ သူ့ကို သတ်ချင်တာပေါ့”

သွေးနတ်ဘုရားက ခေါင်းခါရမ်းလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။

“သူ ဒီတစ်ခေါက် ပြန်ရောက်လာတာ ဘယ်ကနေ ဒီလောက်ထူးချွန်တဲ့ပါရမီရှင် တစ်ယောက်ကို ရှာလာလဲမသိဘူး.. အဲဒီပါရမီရှင်က ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင် သုံးယောက်ကိုတောင် သတ်ပစ်လိုက်တယ်.. ရွှယ်ကျိုးမင်တောင်မှ ကျဆုံးသွားခဲ့ပြီ”

သွေးနတ်ဘုရား၏ စကားကိုကြားလျှင် သွေးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ယခင်က သူ၏ အကာအကွယ်အောက်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည့် ထိုကောင်လေးသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ မထင်မှတ်ဘဲ ပြန်လည် ရောက်ရှိလာခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို ဤမျှအထိ အထိနာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူက သွေးနတ်ဘုရားကို ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“မင်း ဒီကိုလာတာ ဒီကိစ္စကို ပြောပြဖို့လောက်တော့ မဟုတ်ဘူးထင်တယ်”

သွေးနတ်ဘုရားက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

“အခု ကျွန်တော်လာတာက စီနီယာအစ်ကိုကို ရွှယ်ချန်ကျဲဆီသွားခိုင်းပြီး သွေးနတ်ဆိုးဂိုဏ်းဆီ ပြန်လာခိုင်းဖို့ပါ.. ကျွန်တော် သူ့ကို သွေးနတ်ဆိုးဂိုဏ်းရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ပေးပါ့မယ်”

သွေးနတ်ဆိုးဂိုဏ်း၏ လက်ရှိ အခြေအနေသည် အမှန်တကယ်ပင် ဆိုးရွားနေခဲ့သည်။

ဂိုဏ်း၏ အထွတ်အထိပ်ပါရမီရှင် လေးဦးတွင် သုံးဦးက ကျဆုံးသွားခဲ့ပြီး တစ်ဦးသာလျှင် ကျန်ရှိတော့၏။

မဟာယာနအဆင့် ကျင့်ကြံသူ ငါးဦးတွင်လည်း နှစ်ဦးက ကျဆုံးသွားခဲ့ပြီး တစ်ဦးမှာ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ကာ နောက်တစ်ဦးကမူ နှစ်ပေါင်း တစ်သောင်းတိုင်တိုင် လောကကြီးတွင် ပေါ်ထွက်မလာခဲ့၍ သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရသဖြင့် သွေးနတ်ဘုရားသည် သွေးရောင်ဝတ်စုံဝတ် အဘိုးအိုထံ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ၏ စီနီယာအစ်ကိုသာ ပါဝင်လာမည် ဆိုလျှင် ရွှယ်ချန်ကျဲ၏ စိတ်ကို ပြောင်းလဲနိုင်မည်မှာ သေချာသလောက်ပင်။

သူ၏ စီနီယာအစ်ကို ပါဝင်လာသည်နှင့် ယခုအချိန်တွင် သွေးနတ်ဆိုးဂိုဏ်းအတွက် အလွန်တရာ လိုအပ်နေသည့် မဟာယာနအဆင့် တိုက်ခိုက်ရေးစွမ်းအား တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း အတွက် ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်သည့် ရွှယ်ချန်ကျဲကိုပါ စည်းရုံးနိုင်လိမ့်မည် ဖြစ်သည်။

ပို၍ အရေးကြီးသောအချက်မှာ သူတို့ သွေးနတ်ဆိုးဂိုဏ်းကို ဒုက္ခအကြီးအကျယ် ပေးစွမ်းနေသည့် မဟာယာနအဆင့် ပါရမီရှင်သည် ရွှယ်ချန်ကျဲနှင့် တစ်ဖွဲ့တည်း ဖြစ်နေပုံရ၏။

အကယ်၍ ရွှယ်ချန်ကျဲသာ သွေးနတ်ဆိုးဂိုဏ်း၏ ရန်သူမဟုတ်တော့လျှင် ထိုမဟာယာနအဆင့် ပါရမီရှင်သည်လည်း သွေးနတ်ဆိုးဂိုဏ်းကို အကျပ်ရိုက်အောင် ပြုလုပ်တော့မည် မဟုတ်ပေ။

ထိုအချိန်သို့ ရောက်လျှင် သွေးဓားအင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက ရုတ်တရက် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ဟားဟား သွေးနတ်ဘုရား.. မင်းက ချန်ကျဲကို ပြန်ခေါ်ခိုင်းဖို့ မျက်နှာရှိသေးတယ်လား.. အဲဒီတုန်းက မင်း အဲဒီကောင်လေးကို ဘယ်လိုဆက်ဆံခဲ့လဲ ဆိုတာ ပြန်စဥ်းစားကြည့်ပါဦး.. သူက သွေးနတ်ဆိုးဂိုဏ်းကို ပြန်လာလိမ့်မယ်လို့ မင်းထင်နေလား”

“အစ်ကိုကြီးသာ သွေးနတ်ဆိုးဂိုဏ်း အတွက် စကားပြောပေးမယ်ဆိုရင် သူသေချာပေါက် ပြန်လာမှာပါ”

“ငါ ဒီစကားမျိုးကို ပြောမှာ မဟုတ်သလို သွေးနတ်ဆိုးဂိုဏ်းဆီ ချန်ကျဲ ပြန်လာတာကိုလည်း ငါမမြင်ချင်ဘူး.. မင်းသွားတော့”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက ထိုစကားကို ပြောပြီးနောက်တွင် သူ၏ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

“စီနီယာအစ်ကို.. ကျွန်တော်သွေးနတ်ဆိုးကို နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ စေလွှတ်လိုက်တာ တစ်ဖွဲ့လုံး သုတ်သင်ခံလိုက်ရပြီ.. လက်ယာကိုယ်ရံတော်က အသတ်ခံလိုက်ရပြီး လက်ဝဲကိုယ်ရံတော်က ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ပြီ.. သွေးအရိပ်ဘိုးဘေးကလည်း လူရှေ့သူရှေ့ပေါ်ထွက်မလာတာ ကြာခဲ့ပြီ.. အသက်ရှင်လျက် ရှိသေးရဲ့လားတောင် မသိတော့ဘူး"

"ဒါ့အပြင် အရေးကြီးဆုံးအချက်က သွေးဓားအင်မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့်ဓားသမားတစ်ယောက် ပေါ်ထွက်လာတာပဲ.. အခုသွေးနတ်ဆိုးဂိုဏ်းရဲ့ အခြေအနေက တကယ်ကို ဆိုးရွားနေခဲ့ပြီ.. အဲဒီတုန်းက စီနီယာအစ်ကိုနဲ့ ကျွန်တော်က ဆရာ့ရှေ့မှ သွေးနတ်ဆိုးဂိုဏ်းကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုခဲ့ကြတာ စီနီယာအစ်ကို မေ့နေပြီလား.. သွေးနတ်ဆိုးဂိုဏ်း ပြိုကွဲသွားမှာကိုတော့ စီနီယာအစ်ကို မြင်ချင်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက လျစ်လျူရှုထားသည်ကိုမြင်လျှင် သွေးနတ်ဘုရား၏ မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“နှစ်ပေါင်းရာဂဏန်းလေး အတွင်းမှာပဲ သွေးနတ်ဆိုးဂိုဏ်းက မင်းရဲ့လက်ထဲမှာ ဒီလိုအခြေအနေမျိုး အထိ ကျဆင်းသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်သည်။

သွေးနတ်ဘုရားက အဘယ်ကြောင့် သူ့ကို မျက်နှာငယ်ဖြင့် လာတွေ့နေမှန်း အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။

လက်ရှိအချိန်တွင် သွေးနတ်ဆိုးဂိုဏ်း၏ အခြေအနေသည် ဆိုးရွားနေသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

သူက မျက်လုံးများကို ဖွင့်လိုက်ပြီး သွေးနတ်ဘုရားကို ကြည့်လိုက်သည်။

“မင်း အရင်က ချန်ကျဲကို လုပ်ကြံခဲ့တာက ငါ့ကို ကိုင်တွယ်ဖို့အတွက် မဟုတ်လား.. ငါက ရွှယ်ချန်ကျဲကို ကာကွယ်ဖို့ အင်အားအကုန်အစင် သုံးမှာကို မင်းသိနေလို့ပဲ.. အခု မင်း င့ါကို လွှတ်ပေးလိုက်ရင် ငါက မင်းရဲ့ ဂိုဏ်းချုပ်နေရာကို ခြိမ်းခြောက်လာမှာ မစိုးရိမ်ဘူးလား”

“စီနီယာအစ်ကို အဲဒီတုန်းက ကျွန်တော် တကယ် မှားခဲ့မိပါတယ်”

သွေးနတ်ဘုရားက နာကျင်စွာ ပြုံး၍ ပြောလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းက အခုအချိန်မှာ သေရေးရှင်ရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ.. တကယ်လို့ ဂိုဏ်းသာ ပျက်စီးသွားရင် ကျွန်တော့်ရဲ့ ဂိုဏ်းချုပ်နေရာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ ချန်ကျဲနဲ့သွားတွေ့ပြီး စည်းရုံးပေးမယ်.. ဒါပေမဲ့ သူ သွေးနတ်ဆိုးဂိုဏ်းကို သေချာပေါက် ပြန်လာလိမ့်မယ်လို့တော့ ငါ အာမ မခံနိုင်ဘူး”

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုသည် သွေးနတ်ဆိုးဂိုဏ်းအပေါ် သံယောဇဥ် ကျန်ရှိနေဆဲဖြစ်၍ သွေးနတ်ဆိုးဂိုဏ်းပျက်စီးသွားသည်ကို သဘာဝကျစွာပင် မမြင်လိုခဲ့ပေ။

သို့သော်လည်း သူသည် ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်းဆီ ပြန်လာရန် အတင်းအကျပ် တိုက်တွန်းလိမ့်မည် မဟုတ်ပေ။

သူ့အနေဖြင့် သွေးနတ်ဘုရား၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ရသည့် အဓိကရည်ရွယ်ချက်မှာ ထိုကောင်လေးကို တွေ့ရန်သာ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

သွေးနတ်ဘုရားက အလွန်အမင်း ဝမ်းသာသွားပြီး သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အဘိုးအို၏ ခြေ၊လက်များကို တုပ်နှောင်ထားသော သံကြိုးများ ပြေသွားခဲ့သည်။

ထို့နောက်တွင် သွေးရောင်ဝတ်စုံဝတ် အဘိုးအိုသည် သွေးနတ်ဘုရားကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ မြေအောက်အကျဥ်းထောင်၏ အပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

ထွက်ခွာသွားသော အဘိုးအို၏ ကျောပြင်ကိုကြည့်ကာ သွေးနတ်ဘုရား၏ မျက်ဝန်းတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူသည်လည်း ဟင်းလင်းပြင်ကို ဆွဲဖြဲကာ သွေးရောင်အလင်းတန်း အဖြစ် ပြောင်းလဲ၍ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

------------------------

သွေးဓားအင်မော်တယ်ဂိုဏ်း၏ သီးသန့်ခြံဝန်း တစ်ခုထဲရှိ အခန်းတစ်ခန်းထဲတွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်လာကတည်းကပင် ကျန်းချန်သည် အစည်းအဝေး တချို့ကို ရံဖန်ရံခါ တက်ရောက်ခြင်းမှလွဲ၍ သူ၏ အချိန်အတော်များများကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်၍ ကုန်လွန်စေခဲ့သည်။

သူက အင်မော်တယ်ခရစ္စတယ် အပိုင်းအစမှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူရင်း အဆ ၁၀၀ စနစ်၏ အတွေ့အကြုံနှင့် ကောင်းချီးပေးမှုများကို ရရှိနေခဲ့သည်။

ကျန်းချန်၏ ခွန်အားသည် သဘာဝကျစွာပင် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့၏။

ဆယ်ရက်အတွင်းမှာပင် ကျန်းချန်သည် သူ၏ ခွန်အားက သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရပြီး အုပ်စိုးသူ အလယ်အလတ်အဆင့်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

“ဒီအတိုင်းဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် သိပ်မကြာခင်မှာ အုပ်စိုးသူ အလယ်အလတ် အဆင့်ကို ထိုးဖောက်နိုင်တော့မယ်”

သူ၏ ကိုယ်ထဲရှိ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် သူ၏ မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အပြုံးရိပ်များ ဖြစ်ပေါ်နေခဲ့၏။

အင်မော်တယ် ခရစ္စတယ် အပိုင်းအစကြောင့် ကျန်းချန်၏ လက်ရှိ ကျင့်ကြံမှုသည် အဆ ၂၀၀ ကောင်းချီးပေးမှုကို ရရှိနေသကဲ့သို့ ဖြစ်နေခဲ့ရာ အဆင့်တက်နှုန်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

[သွေးနတ်ဆိုးဂိုဏ်းက အခု ဘာတွေလုပ်နေလဲမသိဘူး.. ဆယ်ရက်ကျော်သွားတာတောင် သွေးနတ်ဆိုးဂိုဏ်းက ဘာမှ မလှုပ်ရှားသေးသေးတာ ထူးတော့ထူးဆန်းနေတယ်]

ကျန်းချန်က မတ်တတ်ထရပ်လိုက်ပြီး နှုတ်ကနေ ခပ်တိုးတိုးရေရွတ်လိုက်သည်။

သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ၎င်းတို့၏ အင်အားများအား ဝါးမျိုခွင့်ပေးထားမည် မဟုတ်ဘဲ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကို သူတို့ကို ပြန်လည်တိုက်ခိုက်ရန် သိပ်မကြာမီ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။

သို့သော်လည်း ဆယ်ရက်ကျော် ကြာသွားသည့်တိုင် သွေးနတ်ဆိုးဂိုဏ်းဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။

သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းသည် သူ့အတွက် မကောင်းသည့် အချက်တော့ မဟုတ်ပေ။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ သုံးလ သို့မဟုတ် ငါးလခန့် မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့လျှင် သူ့အတွက် အချိန်များစွာ ရရှိမည် ဖြစ်ပြီး အင်မော်တယ် ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်မည် ဖြစ်သည်။

ထိုသို့ စုပ်ယူပြီးသည်နှင့် သူက အုပ်စိုးသူအဆင့်၏ အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်သို့ပင် ထိုးဖောက်သွားနိုင်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်းသည် တစ်စုံတစ်ရာ အစီအစဥ်များ ပြုလုပ်နေမည်ကို သူစိုးရိမ်နေမိသည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ လှုပ်ရှားမှုများကို သိရှိရန်အတွက် ကျန့်ဝူရွှယ်ဆီ သွားရှာရန် ပြင်လိုက်သည်။

“သခင်ကြီး”

ကျန်းချန်က တံခါးဖွင့်ကာ အခန်းအပြင်သို့ ထွက်လာသည်နှင့် ထိုနေရာတွင် စောင့်ကြပ်နေသော ရွှယ်ချန်ကျဲသည် အလျင်အမြန်ပင် ကျန်းချန်ကို လာရောက်နှုတ်ဆက်ခဲ့သည်။

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

“မင်း ငါ့ကို ဒီနေရာမှာ စောင့်နေတာလား”

ရွှယ်ချန်ကျဲက အလျင်အမြန်ပင် ပြောလိုက်သည်။

“သခင်ကြီး.. သိပ်မကြာခင်ကပဲ ကျွန်တော့်ဆရာက ကျွန်တော့်ဆီ ရုတ်တရက် သတင်းပို့လာခဲ့တယ်”

“မင်းရဲ့ ဆရာလား”

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

ရွှယ်ချန်ကျဲ၏ ဆရာသည် တစ်ချိန်က သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ထိုပုဂ္ဂိုလ်က ဤကဲ့သို့သော အချိန်တွင် ရွှယ်ချန်ကျဲထံ သတင်းပို့လာခြင်းသည် အမှန်တကယ်ပင် ထူးဆန်းနေခဲ့၏။

ကြည့်ရသည်မှာ သွေးနတ်ဆိုးဂိုဏ်း၏ အစီအစဥ်သည် စတင်နေပြီ ဖြစ်ပုံရသည်။

အခန်း(၂၅၆၃)ပြီး၏။

အခန်း(၂၅၆၄)

ကျန်းချန်က ရွှယ်ချန်ကျဲကို ကြည့်ကာ မေးလိုက်သည်။

“မင်းဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ”

“ကျွန်တော် ဆရာ့ကို သွားတွေ့ဖို့ စဥ်းစားထားတယ် သခင်ကြီး”

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ပြီး ပြောလိုက်သည်။

“ဆရာက ဒီလောကမှာ မရှိတော့ဘူးလို့ ကျွန်တော် အမြဲထင်ထားခဲ့ပေမဲ့ ဆရာက အခုအထိ အသက်ရှင်နေသေးတယ်.. ဆရာ့ရဲ့ အကူအညီသာ မပါခဲ့ရင် ကျွန်တော် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့မှာမဟုတ်ဘူး.. ဆရာက ကျွန်တော့်ကို အန္တရာယ်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီလိုဆိုရင်လည်း ငါမင်းနဲ့အတူ လိုက်ခဲ့ပေးမယ်”

ရွှယ်ချန်ကျဲကို လွတ်မြောက်ရန် ကူညီပေးခဲ့ပြီးကတည်းပင် ရွှယ်ချန်ကျဲ၏ ဆရာနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားတော့ပေ။

ရွှယ်ချန်ကျဲ ကိုယ်တိုင်ပင် သူ့ဆရာ ကျဆုံးသွားပြီဟု ထင်မှတ်ခဲ့သည် အထိပင်။

ယခု ရွှယ်ချန်ကျဲ၏ ဆရာ ရုတ်တရက် ပေါ်ထွက်လာခြင်းသည် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိ၏။

တစ်ခုမှာ ရွှယ်ချန်ကျဲ၏ ဆရာက အမှန်တကယ် ကျဆုံးသွားခဲ့ပြီဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ချန်ကျဲ ဆရာ၏ နာမည်ကို အသုံးချကာ ရွှယ်ချန်ကျဲကို အကွက်ဆင် ဖမ်းဆီးလိုခြင်း ဖြစ်သည်။

နောက်တစ်ချက်မှာ ရွှယ်ချန်ကျဲ၏ ဆရာသည် သွေးနတ်ဆိုးဂိုဏ်း၏ ထိန်းချုပ်မှုကို ခံနေရသည်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်လောက်သည်။

ထို့ကြောင့် ယခုလို ရုတ်တရက် ရွှယ်ချန်ကျဲနှင့် တွေ့ဆုံခွင့်ပေးခြင်းသည် မရိုးသားသည့် ရည်ရွယ်ချက် တစ်ခု ရှိနေလောက်၏။

မည်သည့်ဖြစ်နိုင်ခြေမျိုး ရှိနေပါစေ၊ ယင်းသည် သွေးနတ်ဆိုးဂိုဏ်း၏ အကြံအစည် တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းက နောက်ထပ် မည်သည့်ခြေလှမ်းလှမ်းမည်ကို ကျန်းချန်သည် အမှန်တကယ် သိချင်နေမိသည်။

ရွှယ်ယန်မြို့သည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ ရှည်လျားသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်သည်။

ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ စတင် ပေါ်ပေါက်လာစဥ်ကတည်းပင် ရွှယ်ယန်မြို့သည် သွေးဓားအင်မော်တယ်ဂိုဏ်းပိုင်ဆိုင်သောမြို့ ဖြစ်ခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းက ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကို ကြီးစိုးခဲ့သော ကာလတွင် ရွှယ်ယန်မြို့သည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ၏ အစည်ကားဆုံး ဗဟိုမြို့တော်ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အတွင်းပိုင်း ပြိုကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်း ပေါ်ထွက်လာခဲ့သည်။

ဤသို့ဖြင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး ရွှယ်ယန်မြို့သည်လည်း တဖြည်းဖြည်းမှေးမိန်လာခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်း အင်အား ယုတ်လျော့လာသည်နှင့်အမျှ ရွှယ်ယန်မြို့သည် အချိန်အတော်ကြာသည်အထိ သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သိပ်မကြာမီကမှ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲကနေ ရွှယ်ယန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။

ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့သည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက်တွင် ရွှယ်ချန်ကျဲ၏ ဆရာ ပေးထားသော လိပ်စာအတိုင်း မြို့၏ အနောက်ဘက်ရှိ ဟောင်းနွမ်းနေသော ခြံဝန်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ခြံဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ကျန်းချန်သည် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးက ကျောပေး၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ.. တကယ်ပဲဆရာလား”

သူ့ရှေ့ရှိ သွေးရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ့ကို ကျောပေး၍ ရပ်နေသော်လည်း သူ့ကို နှစ်ပေါင်းရာချီ အသေအချာ သင်ကြားပြသပေးခဲ့သော ဆရာဖြစ်၍ ဆရာ ဖြစ်သည်ဟု ကိုယ်နေဟန်ထားကို ရွှယ်ချန်ကျဲသည် အလွန်တရာ ရင်းနှီးနေခဲ့သည်။

ထို့ကြောင့်ပင် သူ့ရှေ့ရှိ အဘိုးအိုသည် တစ်ချိန်က သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သော သူ၏ ဆရာ ရွှယ်ယွင်ထျန်းဖြစ်သည်ဟု တစ်ချက် ကြည့်ရုံဖြင့်ပင် အတပ်သိလိုက်၏။

သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက တစ်ဖက်သို့ လှည့်လာခဲ့ပြီး သူ့ရှေ့ရှိ ရွှယ်ချန်ကျဲကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

“ချန်ကျဲ.. ငါတို့ဆရာတပည့်တွေ ပြန်ဆုံတွေ့မယ်လို့ ငါမထင်ထားခဲ့ဘူး”

ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် ဤအခိုက်အတန့်တွင် အနည်းငယ် နီရဲလာခဲ့သည်။

“ဆရာက အခုထိ အသက်ရှင်နေသေးတာပဲ”

“မင်းရဲ့ ဂိုဏ်းတူဦးလေးက င့ါအသက်ကို ချမ်းသာပေးလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး”

ထိုစကားကို ပြောဆိုပြီးနောက်တွင် ရွှယ်ယွင်ထျန်း၏ အကြည့်သည် ရွှယ်ချန်ကျဲ၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရွှယ်ယွင်ထျန်း၏ မျက်နှာထက်တွင် ကျေနပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“ချန်ကျဲ မင်းက မဟာယာန တစ်ပိုင်းအဆင့်ကိုတောင် ရောက်နေပြီပဲ.. မင်းက သွေးနတ်ဆိုးဂိုဏ်းကနေ ထွက်သွားခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ မင်းရဲ့ ကျင့်ကြံမှုကို လုံးဝ ပစ်မထားခဲ့ဘူးဆိုတာ သိသာနေတယ်”

ကျန်းချန်က သူ့ရှေ့တွင် ရွှယ်ချန်ကျဲနှင့် စကားပြောဆိုနေသော ရွှယ်ယွင်ထျန်းကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ရွှယ်ယန်မြို့သို့ လာရာလမ်းတွင် ကျန်းချန်သည် ရွှယ်ချန်ကျဲထံကနေ ရွှယ်ယွင်ထျန်းနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ကြားသိရခဲ့သည်။

ရွှယ်ယွင်ထျန်းသည် တစ်ချိန်က သွေးနတ်ဘုရားနှင့် အပြိုင် ကျော်ကြားခဲ့သူ ဖြစ်ပြီး သူ၏ ပါရမီနှင့် ခွန်အားသည် သွေးနတ်ဘုရားထက်ပင် ပိုမိုမြင့်မားခဲ့သည်။

မူလက သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် နေရာမှာ ရွှယ်ယွင်ထျန်း ဆက်ခံရမည့်နေရာ ဖြစ်သော်လည်း ယခင်ဂိုဏ်းချုပ် ကျဆုံးချိန်တွင် ရွှယ်ယွင်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ အတွေ့အကြုံယူရန် လှည့်လည်နေသဖြင့် ပြန်ရောက်မလာနိုင်ခဲ့ပေ။

ထို့ကြောင့် ဂိုဏ်းချုပ်နေရာကို သွေးနတ်ဘုရားကသာ ဆက်ခံခဲ့သည်။

ရွှယ်ယွင်ထျန်း ပြင်ပတွင် လှည့်လည်ရာမှ ပြန်ရောက်လာသောအခါတွင် သွေးနတ်ဘုရားသည် ရွှယ်ယွင်ထျန်းကို အမြဲတစေ စိုးရိမ်နေခဲ့၏။

ထို့ကြောင့်ပင် သွေးနတ်ဘုရားသည် အစီအစဥ် တစ်ခုကို ရေးဆွဲခဲ့သည်။

ထိုအစီအစဥ်အရ သွေးနတ်ဆိုးဂိုဏ်းမှ လူများသည် ရွှယ်ချန်ကျဲကို လျှို့ဝှက်လုပ်ကြံရန် ကြိုးပမ်းစဥ်တွင် ရွှယ်ယွင်ထျန်းသည် သူ၏ တပည့်ကို ဝင်ရောက် ကယ်တင်ခဲ့သည်။

ဤသည်ကပင် သွေးနတ်ဘုရား၏ အကြံအစည်ကို အထမြောက်စေခဲ့ပြီး ရွှယ်ချန်ကျဲကို ကူညီခဲ့သဖြင့် ရွှယ်ယွင်ထျန်းကို သွေးနတ်ဆိုးဂိုဏ်း၏ မြေအောက် အကျဥ်းထောင်ထဲတွင် ချုပ်နှောင်ခဲ့သည်။

သို့ရာတွင် သူ့ရှေ့မှ ရွှယ်ယွင်ထျန်း၏ အရှိန်အဝါသည် အနည်းငယ် ထူးဆန်းနေသော်လည်း မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့်သာ တူညီနေခဲ့၏။

သွေးနတ်ဘုရားသည် ရွှယ်ယွင်ထျန်းကို မသတ်ဖြတ်ခဲ့သော်လည်း သူ၏ နေရာကို ခြိမ်းခြောက်မှု မဖြစ်စေရန်အတွက် ရွှယ်ယွင်ထျန်း၏ အင်အားများကို တဖြည်းဖြည်းကုန်ဆုံးအောင် ပြုလုပ်ခဲ့သဖြင့် ရွှယ်ယွင်ထျန်း၏ ခွန်အားသည် အဆပေါင်းများစွာ ကျဆင်းသွားခဲ့သည်မှာ ထင်ရှားနေခဲ့၏။

“ဒီအဘိုးကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျန်းချန်က မျက်မှောင်ကြုတ်ကာ ရွှယ်ယွင်ထျန်းကို ကြည့်လိုက်သည်။

အကယ်၍ ရွှယ်ယွင်ထျန်းသာ ဤနှစ်များအတွင်း သွေးနတ်ဆိုးဂိုဏ်း၏ အကျဥ်းသား ဖြစ်နေခဲ့လျှင် ယခု ဤနေရာသို့ ရောက်လာနိုင်ခြင်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ခွင့်ပြုချက်ကို ရရှိထားခြင်းကြောင့်သာ ဖြစ်ရပေမည်။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းတွင် အစီအစဥ် တစ်ခု သေချာပေါက် ရှိနေလောက်၏။

သို့သော်လည်း ကျန်းချန်သည် ရွှယ်ယွင်ထျန်း ထံမှ ရွှယ်ချန်ကျဲထံတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ဟု မခံစားခဲ့ရပေ။

ထို့အပြင် ရွှယ်ယွင်ထျန်းသည် လက်ရှိ အခြေအနေတွင် မဟာယာန အစောပိုင်းအဆင့် ခွန်အားများသာ ရှိသည်။

ဤမျှလောက်သော ခွန်အားဖြင့် သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမှ ဖြစ်စေနိုင်မည် မဟုတ်ပေ။

ကျန်းချန်သည် ရွှယ်ယွင်ထျန်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းရ ခက်နေခဲ့သည်။

“ဆရာ.. သွေးနတ်ဘုရားက ဆရာ့ကို သွေးနတ်ဆိုးဂိုဏ်းထဲမှာ ချုပ်နှောင်ထားတာဆိုတော့ ဒီလိုမျိုး အလွယ်တကူ လွှတ်ပေးမှာ မဟုတ်လောက်ဘူး.. ဆရာရောက်လာရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ”

ရွှယ်ချန်ကျဲက ကွေ့ဝိုက်မနေဘဲ တဲ့တိုးပင် မေးလိုက်သည်။

ရွှယ်ယွင်ထျန်းက သူ့ကို မည်သို့မျှ အန္တရာယ်ပြုမည် မဟုတ်ဟု ယုံကြည်သော်လည်း ရွှယ်ချန်ကျဲသည် သူ့ဆရာရောက်လာရသည့် ရည်ရွယ်ချက်ကို အလွန်ပင် သိချင်နေခဲ့သည်။

“သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူထဲမှာ သေသူသေ ဒဏ်ရာရတဲ့သူရနဲ့ အမှန်တကယ် တိုက်ခိုက်နိုင်စွမ်းရှိတာ ဆိုလို့ သွေးနတ်ဘုရားတစ်ယောက်ပဲ ကျန်တော့တယ်”

ရွှယ်ယွင်ထျန်းက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ပြုံး၍ ပြောလိုက်သည်။

“အခု သွေးဓားအင်မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာပြီ ဆိုတော့ သွေးနတ်ဘုရားက သွေးနတ်ဆိုးဂိုဏ်းရဲ့ အနာဂတ်အတွက် စိုးရိမ်နေခဲ့တယ်.. ဒါကြောင့် သူက မင်းကို ဖျောင်းဖြဖို့အတွက် ငါ့ကို အကျဥ်းထောင်ကနေ လွှတ်ပေးလိုက်တာပဲ.. မင်းသာ သွေးနတ်ဆိုးဂိုဏ်းကို ပြန်လာမယ်ဆိုရင် ဆက်ခံသူ အဖြစ် သတ်မှတ်ပေးမယ်လို့ ကတိပေးလိုက်တယ်”

ရွှယ်ချန်ကျဲက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမျှ ပြောလိုက်သည်။

“ဆရာ.. ကျွန်တော် သွေးနတ်ဆိုးဂိုဏ်းဆီ ပြန်မလာဘူးဆိုတာ ဆရာလည်း သိမှာပါ.. တကယ်လို့ ဆရာက သွေးနတ်ဆိုးဂိုဏ်းကို အုပ်ချုပ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့”

“ငါသိပါတယ်.. ဒါကြောင့် ငါဒီကို လာတဲ့အခါ မင်းကို ဖျောင်းဖျဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး”

ရွှယ်ယွင်ထျန်းက ပြုံး၍ ပြောလိုက်သည်။

“ငါဒီကို ရောက်လာတာက မင်းကို တွေ့ချင်လို့ သက်သက်ပါပဲ”

ရွှယ်ယွင်ထျန်း၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ဆရာ.. ဆရာက သွေးနတ်ဆိုးဂိုဏ်းကို ပြန်သွားဦးမှာလား”

သူ့ဆရာသည် သွေးနတ်ဆိုးဂိုဏ်းမှ ထွက်လာနိုင်မည် ဖြစ်ရာ သူတို့နှင့်အတူ ပူးပေါင်း၍ သွေးနတ်ဘုရားကို တိုက်ခိုက်ပြီး သွေးနတ်ဆိုးဂိုဏ်းကို သိမ်းပိုက်နိုင်သည် မဟုတ်ပါလော။

အဘယ်ကြောင့် တခြားသူ၏ ထိန်းချုပ်မှုအောက်သို့ ပြန်သွားရန် ကြိုးစားနေရပါသနည်း။

“ငါ့ရဲ့ ဂိုဏ်းတူညီလေးက အရမ်းပါးနပ်တဲ့သူပဲ.. သူ ငါ့ကို သွေးနတ်ဆိုးဂိုဏ်းကနေ ထွက်ခွာခွင့် ပေးလိုက်ကတည်းက သူ့မှာ ဘယ်လိုလုပ် အစီအစဥ်မရှိဘဲ နေပါ့မလဲ...ဒါ့အပြင် သွေးနတ်ဆိုးဂိုဏ်းမှာ ငါ လုပ်စရာ ကိစ္စတချို့ ကျန်နေသေးတယ်”

ထိုစကားကို ပြောနေစဥ် ရွှယ်ယွင်ထျန်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက် သူက ရွှယ်ချန်ကျဲကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ချန်ကျဲ.. တကယ်လို့ မင်းပိုင်ဆိုင်တဲ့ အရာအားလုံးကို ပြန်ရချင်တယ် ဆိုရင် နောက်ထပ် လဝက်အကြာမှာ ကျရောက်မဲ့ ခွေးနက်လစားခြင်း ဖြစ်စဥ်ကျရင် သွေးနတ်ဆိုးဂိုဏ်းဆီ လာခဲ့ပါ”

အခန်း(၂၅၆၄)ပြီး၏။

All Chapters