← Chapters

အခန်း (၂၅၆၅-၂၅၆၆)

Vol. 197 Ch. 2565-2566

အခန်း (၂၅၆၅-၂၅၆၆)

Vol. 197 Ch. 2565-2566

အခန်း(၂၅၆၅)

“ဆရာ ဒါက ဘာကိုဆိုလိုတာလဲ”

ရွှယ်ယွင်ထျန်း၏ စကားကို ကြားလျှင် ရွှယ်ချန်ကျဲသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။

အထူးသဖြင့် သွေးနတ်ဆိုးဂိုဏ်း၏ ဌာနချုပ်ကို အထွတ်အထိပ် မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် အလွယ်တကူ သွားရောက်ဝံ့မည် မဟုတ်ပေ။

သူက သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းထားလျှင်ပင် သွေးနတ်ဆိုးဂိုဏ်းသို့ တိုက်ရိုက် သွားရောက်ခြင်းသည် သေတွင်းထဲသို့ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းခြင်းနှင့် မခြားပေ။

“အဲဒီအချိန်ကျရင် မင်းနားလည်ပါလိမ့်မယ်.. တကယ်လို့ ဆရာ့ကို ယုံကြည်သေးတယ် ဆိုရင် သွေးနတ်ဆိုးဂိုဏ်းဆီကို တစ်ခေါက်လောက် လာခဲ့ပါ”

ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲ၏ အနောက်မှ ကျန်းချန်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက်တွင် ရွှယ်ချန်ကျဲ ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ခြံဝန်းအတွင်းကနေ တစ်ခဏ အတွင်း ပျောက်ကွယ်သွားခဲ့၏။

ရွှယ်ယွင်ထျန်း ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း ရွှယ်ချန်ကျဲသည် မှင်တက်ရာကနေ အချိန်အတော်ကြာမှ ပြန်လည် သတိဝင်လာခဲ့သည်။

သူက နောက်သို့ လှည့်လိုက်ပြီး ကျန်းချန်ကို မေးလိုက်သည်။

“သခင်ကြီး.. ကျွန်တော့်ဆရာ ခုနက ပြောသွားတဲ့စကားကို သခင်ကြီး ဘယ်လိုထင်လဲ”

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ မေးလိုက်သည်။

“မင်း.. မင်းရဲ့ဆရာကိုယုံလား”

“ယုံပါတယ်”

ရွှယ်ချန်ကျဲက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ဆရာနဲ့အတူ နှစ်ပေါင်းရာချီ အတူတူ နေထိုင်လာခဲ့တာပါ.. ကျွန်တော်တို့ကြားမှာ သားအဖ သံယောဇဥ်မျိုး ရှိပါတယ်.. ဆရာက ကျွန်တော့်ကို ဘယ်လိုနည်းနဲ့မှ အန္တရာယ်ပြုမှာ မဟုတ်ဘူး”

ကျန်းချန်ကမူ ထိုမျှအထိ အကောင်းမမြင်နိုင်သေးပေ။

ထိုစဥ်က ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲ အတွက်ဖြင့် သွေးနတ်ဆိုးဂိုဏ်းကို တစ်ဦးတည်း ရင်ဆိုင်ခဲ့သည်မှာ မှန်၏။

သူတို့နှစ်ဦးကြားမှ ပတ်သက်မှုက ထူးခြားမှုရှိသည်ကို ကျန်းချန် မမြင်ဘဲမနေပေ။

သို့သော် ဤမျှနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် သွေးနတ်ဆိုးဂိုဏ်းထဲတွင် မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို မည်သူမှ မသိနိုင်ချေ။

အပေါ်ယံကြည့်လျှင် ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲကို ရန်လိုမှုမရှိဟု ထင်ရသော်လည်း တကယ့် အမှန်တရားသည် ထိုမျှလောက် ရိုးရှင်းပါမည်လော။

ထိုခဏတွင် ကျန်းချန်သည် တစ်စုံတစ်ရာကို တွေးမိခဲ့ပြီး ရွှယ်ချန်ကျဲကို မေးလိုက်သည်။

“ချန်ကျဲ.. ခွေးနက်လစားခြင်း ဆိုတာက မင်းတို့ သွေးနတ်ဆိုးဂိုဏ်းမှာ ဘယ်လို ထူးခြားတဲ့ အဓိပ္ပာယ်ရှိလဲ”

ကျန်းချန်၏ အမြင်အရ ရွှယ်ယွင်ထျန်းသည် ရွှယ်ချန်ကျဲကို သတ်လိုဟန် မရပေ။

သို့သော်လည်း သူ၏ အာရုံခံစားမှုအရ ရွှယ်ယွင်ထျန်းလာတွေ့ခြင်းသည် ရွှယ်ချန်ကျဲကို တွေ့ဆုံရန်သက်သက် မဟုတ်ဘဲ အခြား‌သော လျှို့ဝှက်ချက်တစ်ခုခု ရှိနေမည်မှာ သေချာ၏။

သူ့အထင် ထိုကိစ္စသည် လဝက်အကြာတွင် ဖြစ်ပေါ်မည့် ခွေးနက်လစားခြင်း ဖြစ်စဥ်နှင့် ပတ်သက်နေပေလိမ့်မည်။

ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ခေါင်းငုံ့ကာ စဥ်းစားခန်းဝင်နေခဲ့သည်။

ခဏအကြာတွင် ရွှယ်ချန်ကျဲသည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားခဲ့ပြီး ကျန်းချန်ကို ပြောလိုက်သည်။

“‌သွေးနတ်ဆိုးဂိုဏ်းမှာ ခွေးနက် လစားခြင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတစ်ခု ရှိခဲ့တယ်”

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် လကြတ်ခြင်းသို့မဟုတ် ခွေးနက်လစားခြင်း ကဲ့သို့ ထူးခြားသောဖြစ်ရပ်များသည် အလွန်တရာပင် ရှားပါး၏။

‌နောက်ဆုံးအကြိမ်က ခွေးနက်လစားခြင်း ဖြစ်ပေါ်ခဲ့သောကာလသည် လွန်ခဲ့သော နှစ်ပေါင်းကိုးထောင်ကျော်က ဖြစ်သည်။

ထိုစဥ်က သွေးနတ်ဆိုးဂိုဏ်းတွင် ကမ္ဘပျက်မတတ် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်ခဲ့ဖူးသည်။

ထိုအချိန်က သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ကျဆုံးသွားခဲ့သည်။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် သွေးအရိပ်ဘိုးဘေးသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ယနေ့အထိ ပေါ်ထွက်လာခြင်း မရှိတော့ပေ။

ထိုစဥ်က ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲသည် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အလွန်ပင် ဆုတ်ယုတ်သွားစေခဲ့သည်။

ဆိုရလျှင် ထိုဖြစ်ရပ်သာ မရှိခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့် သတ်မှတ်ချက်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အတွင်း ယခုထက် များစွာ မြင့်မားနေပေလိမ့်မည်။

“ခွေးနက်လစားခြင်းနေ့မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာ မင်းသိလား”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရွှယ်ချန်ကျဲက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ကျွန်တော်က ရှေးဟောင်းကျမ်းစာထဲမှာ ခွေးနက်လစားခြင်းအကြောင်း မှတ်တမ်းတင်ထားတာကို မတော်တဆ တွေ့ခဲ့တာပါ.. ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ ကျွန်တော်အတိအကျ မသိဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အတွေးနက်သွားခဲ့သည်။

ရွှယ်ချန်ကျဲ ထံမှ သိရသည့် အချက်အလက်များအရ ခွေးနက်လစားခြင်းသည် သွေးနတ်ဆိုးဂိုဏ်း အတွက် ကောင်းမွန်သော လက္ခဏာ မဟုတ်သည်မှာ ထင်ရှား၏။

လွန်ခဲ့သော နှစ်ပေါင်းကိုးထောင်ကျော်က ခွေးနက်လစားခြင်းအချိန်တွင် သွေးနတ်ဆိုးဂိုဏ်း၏ခေါင်းဆောင်သည် သေဆုံးသွားခဲ့ပြီး သွေးအရိပ်ဘိုးဘေးလည်း ပျောက်ကွယ်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် ထိပ်တန်းပုဂ္ဂိုလ် နှစ်ဦးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့သဖြင့် အင်အား အလွန်အမင်း ဆုတ်ယုတ်သွားခဲ့ရ၏။

ဤအချိန်တွင် ကျန်းချန်သည် ရွှယ်ယွင်ထျန်းက သူတို့ကို လဝက် အကြာတွင် သွေးနတ်ဆိုးဂိုဏ်းဆီ လာခဲ့ရန် အဘယ်ကြောင့် ပြောဆိုခဲ့သည်ကို အဆုံးသတ်၌ နားလည်သွားခဲ့သည်။

လဝက်အကြာတွင် ဖြစ်ပေါ်မည့် ခွေးနက်လစားခြင်းနေ့၌ သွေးနတ်ဆိုးဂိုဏ်း၌ ကြီးမားသော အပြောင်းအလဲ တစ်ခုခု သေချာပေါက် ဖြစ်ပေါ်ပေလိမ့်မည်။

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ရွှယ်ချန်ကျဲကို ကြည့်ကာ ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ လဝက်အကြာမှာ သွေးနတ်ဆိုးဂိုဏ်းဆီ သွားကြတာပေါ့”

ရွှယ်ယွင်ထျန်းသည် သွေးနတ်ဆိုးဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်း၏ ခန်းမထဲမှ သွေးနတ်ဘုရား ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

ရွှယ်ယွင်ထျန်း ပြန်ရောက်လာသည်ကိုမြင်လျှင် သွေးနတ်ဘုရားသည် ပြုံး၍ ပြောလိုက်သည်။

“စီနီယာအစ်ကို ပြန်လာပြီပေါ့.. ရွှယ်ချန်ကျဲကိုရော တွေ့ခဲ့ရဲ့လား”

ရွှယ်ယွင်ထျန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။

“တွေ့ခဲ့တယ်.. ဒါပေမဲ့ သူသွေးနတ်ဆိုးဂိုဏ်းကို ပြန်လာဖို့တော့ သဘောမတူခဲ့ဘူး.. ငါသူ့ကို လဝက်အကြာမှာ သွေးနတ်ဆိုးဂိုဏ်းဆီ လာခဲ့ဖို့တော့ မှာထားခဲ့တယ်”

ထိုစကားကို ကြားလျှင် သွေးနတ်ဘုရားသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်းကို ပြန်လာဖို့ သဘောမတူဘဲနဲ့ စီနီယာအစ်ကိုက သူ့ကို လဝက်အကြာမှာ လာခိုင်းလိုက်တာ ဆိုတော့ ကျွန်တော် သူ့ကို သတ်ပစ်လိုက်မှာ စီနီယာအစ်ကို မကြောက်ဖူးလား”

“ဂိုဏ်းတူညီလေး.. အခုအချိန်မှာ သွေးနတ်ဆိုးဂိုဏ်းက အတော်လေး အထိနာနေခဲ့ပြီ.. မင်းအနေနဲ့ အခုအချိန်မှာ အတွေးမများဘဲ နောင်လာမဲ့ ကပ်ဘေးကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတာကိုပဲ ပိုပြီး စဥ်းစားသင့်တယ်”

ရွှယ်ယွင်ထျန်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“မင်းမြေအောက် အကျဥ်းထောင်ထဲမှာ ငါ့ကို လာရှာတုန်းက အဲဒီ ကိစ္စအတွက်လို့ ငါထင်နေခဲ့တာ”

ထိုစကားကို ကြားလျှင် သွေးနတ်ဘုရား မျက်မှောင်ကြုတ်သွားခဲ့သည်။

“စီနီယာအစ်ကိုက ဘယ်ကိစ္စကို ပြောချင်တာလဲ”

“လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်ကျော်က ခွေးနက်လစားခြင်း ဖြစ်စဥ်ကို မှတ်မိသေးရဲ့လား”

ရွှယ်ယွင်ထျန်းက လေးနက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့တွက်ချက်မှုအရဆိုရင် ခွေးနက်လစားခြင်းက လဝက်အကြာမှာ ဖြစ်လာလိမ့်မယ်”

ရွှယ်ယွင်ထျန်း၏ စကားကိုကြားလျှင် သွေးနတ်ဘုရားသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် သွေးနတ်ဘုရားသည် ခွေးနက်လစားခြင်းက မည်သည့်အရာကို ဆိုလိုမှန်း ကောင်းစွာ သိထားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင် တစ်ဦးသည် အမွေအနှစ် နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရင်း အလွန်တရာ ဆန်းကြယ်သည့် ရှေးဟောင်း နတ်ပစ္စည်း တစ်ခုကို ရရှိခဲ့ဖူးသည်။

သွေးနတ်ဆိုးဂိုဏ်းသည် ထိုရှေးဟောင်းနတ်ပစ္စည်း အကူအညီဖြင့် တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖိနှိပ်ကာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ အရှင်သခင် ဖြစ်လာခဲ့ခြင်း ဆိုလည်းမမှားပေ။

သို့ရာတွင် ထိုရှေးဟောင်းနတ်ပစ္စည်းသည် အလွန်တရာ အစွမ်းထက်သော်လည်း အတွင်း၌ အလွန် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှု တစ်ခုကို ချိတ်ပိတ်ထားခဲ့သည်။

ရှေးဟောင်းနတ်ပစ္စည်း၏ ချိတ်ပိတ် စည်းတံဆိပ်သည် လ၏ အဆီအနှစ်ဖြင့် ပေါင်းစပ်ထားသော စည်းတံဆိပ် ဖြစ်သည်။

ခွေးနက်လစားခြင်း ဖြစ်စဥ် ပေါ်ပေါက်လာသည်နှင့် စည်းတံဆိပ်သည် အလွန်တရာ အားနည်းသွားပေလိမ့်မည်။

ထို့ကြောင့်ပင် ခွေးနက်လစားခြင်း ဖြစ်စဥ်တိုင်းတွင် သွေးနတ်ဆိုးဂိုဏ်းသည် ထိုရှေးဟောင်းနတ်ပစ္စည်း အတွင်းရှိ တည်ရှိမှုကို ဖိနှိပ်ရန် အတွက် ပေးဆပ်မှု အချို့ကို ပြုလုပ်ရလေ့ ရှိ၏။

လွန်ခဲ့သော နှစ်ပေါင်းကိုးထောင်ကျော်က အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် ခွေးနက်လစားခြင်း ဖြစ်စဥ် တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။

ထိုအချိန်က ခွေးနက်လစားခြင်း ဖြစ်စဥ်တွင် ရှေးဟောင်းနတ်ပစ္စည်းထဲမှ တည်ရှိမှုသည် ရုန်းထွက်ရန် ကြိုးပမ်းခဲ့သဖြင့် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးသည် အလွန် ပြင်းထန်သော ပေးဆပ်မှုကို ပြုလုပ်ခဲ့ရသည်။

သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သွေးအရိပ်ဘိုးဘေးတို့သည် ထိုတည်ရှိမှုကိုပူးပေါင်း၍ နှိမ်နင်းခဲ့ကြရ၏။

ထိုတည်ရှိမှုကို နှိမ်နင်းပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျဆုံးသွားခဲ့ပြီး သွေးအရိပ်ဘိုးဘေးကမူ ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ ခွေးနက်လစားခြင်း ဖြစ်စဥ်သာ ထပ်မံ ပေါ်ပေါက်လာမည်ဆိုလျှင် ရှေးဟောင်းနတ်ပစ္စည်းကို ချိတ်ပိတ်ထားသော စည်းတံဆိပ် အားနည်းသွားသည်နှင့် အကျိုးဆက်မှာ မှန်းဆ၍ မရနိုင်လောက်အောင်ပင် ဖြစ်လာပေလိမ့်မည်။

သွေးနတ်ဘုရားက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန်းမဆောင်၏ ပြတင်းပေါက်မှ တစ်ဆင့် လမင်းကို မော့ကြည့်လိုက်သည်။

ခဏအကြာတွင် သူက တစ်စုံတစ်ရာကို ခံစားမိသွားခဲ့ပြီး သူ၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

ခွေးနက်လစားခြင်း ဖြစ်စဥ်သည် အမှန်တကယ်ပင် ရောက်ရှိလာတော့မည် ဖြစ်သည်။

သူ၏ ခွန်အားဖြင့် ဆိုလျှင် ခွေးနက်လစားခြင်း ဖြစ်စဥ် မကျရောက်မီ လအနည်းငယ် လိုကတည်းကပင် ကြိုတင်၍ အာရုံခံနိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤအတောအတွင်း သွေးနတ်ဆိုးဂိုဏ်းသည် ဆုံးရှုံးမှုများကို ဆက်တိုက်ဆိုသလို ကြုံတွေ့နေရပြီး သူက ရွှယ်ချန်ကျဲတို့ နှစ်ဦးအပေါ်တွင် အာရုံစိုက်နေခဲ့ရာ ခွေးနက်လစားခြင်း ဖြစ်စဥ် နီးကပ်လာသည်ကိုပင် သတိမမူမိခဲ့ခြင်း ဖြစ်သည်။

အခန်း(၂၅၆၅)ပြီး၏။

အခန်း(၂၅၆၆)

အကယ်၍ ခွေးနက်လစားခြင်း ဖြစ်စဥ်သာ ဖြစ်ပေါ်ခဲ့လျှင် စည်းတံဆိပ်ပေါ်ရှိ ချိတ်ပိတ်မှုသည် အစွမ်းကုန် အားနည်းသွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် စည်းတံဆိပ် အတွင်းရှိ ကြောက်မက်ဖွယ်တည်ရှိမှုသည် ချိတ်ပိတ်ထားမှုကို ဖျက်ဆီးကာ လူ့လောကထဲသို့ ပြန်လည် ရောက်ရှိရန် အခွင့်အရေးကို သေချာပေါက် စောင့်ဆိုင်းနေပေလိမ့်မည်။

ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် အင်အားများစွာ ဆုံးရှုံးထားပြီး မည်သည့် ပြင်ဆင်မှုမျှ မရှိသေးသဖြင့် ထိုရှေးဟောင်းတည်ရှိမှုက ချိတ်ပိတ်မှုကနေ ဖောက်ထွက်လာခြင်းအား မတားဆီးနိုင်မည်ကို သူစိုးရိမ်နေမိသည်။

အကယ်၍ ချိတ်ပိတ်ခံထားရသော ကြောက်မက်ဖွယ်ရာတည်ရှိမှုသာ လူ့လောကတွင် ရောက်ရှိလာခဲ့လျှင် ယင်းသည် သူတို့ သွေးနတ်ဆိုးဂိုဏ်း အတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“စီနီယာအစ်ကိုက ရွှယ်ချန်ကျဲကို လဝက်အကြာမှာ လာခိုင်းတာက သွေးနတ်ဆိုးဂိုဏ်းရဲ့ ကပ်ဘေးကို ကယ်တင်ခိုင်းမလို့လား”

သွေးနတ်ဘုရားက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရွှယ်ယွင်ထျန်းကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်းရဲ့ ကပ်ဘေးကို ကယ်တင်နိုင်မယ် ဟုတ်လား.. မင်း သူ့ကို အထင်ကြီးလွန်းနေပြီ”

ရွှယ်ချန်ကျဲ၏ လက်ရှိခွန်အားသည် မဟာယာန အဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်ဟု သူ ခန့်မှန်းထားခဲ့သည်။

ချိတ်ပိတ်မှုကို ဖောက်ထွက်တော့မည့် ကြောက်မက်ဖွယ်တည်ရှိမှုကို ရင်ဆိုင်ရန်အတွက် သူကဲ့သို့ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် မတတ်နိုင်ရာ ရွှယ်ချန်ကျဲ ကဲ့သို့ ကျင့်ကြံသူသည် မည်ကဲ့သို့ တတ်နိုင်ပါမည်နည်း။

ရွှယ်ယွင်ထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါရွှယ်ချန်ကျဲရဲ့ နံဘေးက ကောင်လေးကို တွေ့ခဲ့တယ်.. သူက ငါတို့ သွေးနတ်ဆိုးဂိုဏ်းကို အကူအညီ ပေးနိုင်လိမ့်မယ်လို့ ထင်တယ်”

ထိုစကားကိုကြားလျှင် သွေးနတ်ဘုရားသည် မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

ရွှယ်ချန်ကျဲနှင့် အတူ ရှိနေသော လူငယ်ကို သွေးနတ်ဘုရားသည် ရွှယ်ယန်မြို့တွင် တစ်ခဏမျှ ဆုံတွေ့ဖူးခဲ့၏။

ထိုလူငယ်သည် သူ့ကိုပင် ခြိမ်းခြောက်မှု ပေးနိုင်စွမ်း ရှိသည့် မဟာယာနအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

အကယ်၍ ရွှယ်ချန်ကျဲသာ ထိုလူငယ်ကို သွေးနတ်ဆိုးဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့လျှင် ခွေးနက်လစားခြင်း အခြေအနေကို ကိုင်တွယ်ရန် သွေးနတ်ဆိုးဂိုဏ်း အတွက် အမှန်တကယ်ပင် အထောက်အကူ ဖြစ်လာပေလိမ့်မည်။

“ရွှယ်ချန်ကျဲနဲ့အတူ အဲဒီကောင်ပါ ရောက်လာနိုင်တယ်ဆိုတော့ စီနီယာရဲ့ ရည်ရွယ်ချက်က ကြောက်မက်ဖွယ် တည်ရှိမှုကို နှိမ်နင်းဖို့တင် မဟုတ်ဘဲ ရွှယ်ချန်ကျဲကို ကျွန်တော့်နေရာမှာ အစားထိုးပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် တင်မြှောက်ဖို့ ရည်ရွယ်ချက်လည်း ပါတယ် မဟုတ်လား”

သွေးနတ်ဘုရားက ရွှယ်ယွင်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။

ရွှယ်ယွင်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“သွေးနတ်ဆိုးဂိုဏ်းကို ကာကွယ်ဖို့က အရေးအကြီးဆုံးပဲလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား.. တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းမရှိတော့ဘူးဆိုရင် မင်းရဲ့ ဂိုဏ်းချုပ်နေရာက ဘာအဓိပ္ပါယ် ရှိဦးမှာလဲ”

သွေးနတ်ဘုရားက ရွှယ်ယွင်ထျန်းကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“စီနီယာအစ်ကို ပြောတာမှန်ပါတယ်.. အခုအချိန်မှာ သွေးနတ်ဆိုးဂိုဏ်းကို ကာကွယ်ဖို့က အရေးကြီးဆုံးပါပဲ”

“ငါ မြေအောက်အကျဥ်းထောင်ကို အရင်ပြန်တော့မယ်.. လဝက်ကြာရင် ငါပြန်ထွက်လာခဲ့မယ်”

ထိုစကားကိုပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်းသည် သွေးနတ်ဘုရားထံမှ စကားကို စောင့်ဆိုင်းမနေတော့ဘဲ သွေးနတ်ဘုရား၏‌ရှေ့မှာပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

“စီနီယာအစ်ကို မင်းဘာတွေလုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

ရွှယ်ယွင်ထျန်း ပျောက်ကွယ်သွား‌သော နေရာကို ငေးကြည့်ရင်း သွေးနတ်ဘုရား၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ရွှယ်ယွင်ထျန်း ပြင်ပတွင် လှည့်လာရာမှ ပြန်ရောက်လာချိန်တွင် သူ၏ ဂိုဏ်းချုပ်နေရာကို ခြိမ်းခြောက်မှု မဖြစ်စေရန်အတွက် သူက ရွှယ်ချန်ကျဲကို အသုံးချကာ ရွှယ်ယွင်ထျန်းကို ထောင်ချောက်ဆင်၍ မြေအောက် အကျဥ်းထောင်ထဲတွင် ချုပ်နှောင်ခဲ့သည်။

သူ့အနေဖြင့် ရွှယ်ယွင်ထျန်းကို မသတ်ဖြတ်ခဲ့ခြင်းမှာ ရွှယ်ယွင်ထျန်း အပေါ်တွင် သံယောဇဥ်ရှိ၍ မဟုတ်ဘဲ ယခင်ဂိုဏ်းချုပ်က သွေးနတ်ဆိုးဂိုဏ်း၏ ရတနာတစ်ပါးကို ရွှယ်ယွင်ထျန်း ထံတွင် လွှဲအပ်ပေးခဲ့သောကြောင့် ဖြစ်၏။

ထိုအမွေအနှစ်ရတနာကို ရရှိရန်အတွက် သွေးနတ်ဘုရားသည် ရွှယ်ယွင်ထျန်းကို မြေအောက် အကျဥ်းထောင်ထဲတွင် ချုပ်နှောင်ထားခဲ့ခြင်း ဆိုလည်းမမှားပေ။

ယခုတစ်ကြိမ်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ကြီးမားသော ကပ်ဘေးနှင့် မကြုံစဖူး ရင်ဆိုင်နေရ၍ သွေးနတ်ဘုရားသည် ရွှယ်ယွင်ထျန်း၏ ခွန်အားကို အသုံးပြုရန်စဥ်းစားခဲ့ခြင်းဖြစ်သည်။

သူ့အနေဖြင့် ရွှယ်ယွင်ထျန်းကို လွှတ်ပေးဝံ့သည်ဖြစ်ရာ ရွှယ်ယွင်ထျန်းကို ပြန်လည် ထိန်းချုပ်နိုင်သည့် နည်းလမ်း ရှိထားပြီးသား ဖြစ်သည်။

ယခုအခါတွင် ခွေးနက်လစားခြင်း ဖြစ်စဥ်က နီးကပ်နေပြီ ဖြစ်ရာ ရွှယ်ယွင်ထျန်းက ရွှယ်ချန်ကျဲနှင့် မဟာယာနအဆင့် လူငယ် ပါရမီရှင်ကို ဖိတ်ခေါ်လိုက်ခြင်းသည် ကြောက်မက်ဖွယ် တည်ရှိမှုကို နှိမ်နင်းရန် သွေးနတ်ဆိုးဂိုဏ်း အတွက် အမှန်တကယ်ပင် အကျိုးရှိသောကိစ္စ ဖြစ်သည်။

သို့ဖြစ်ရာ သွေးနတ်ဘုရားသည် အဘယ်ကြောင့် ငြင်းဆန်ရပါမည်နည်း။

သူ၏ ထိန်းချုပ်မှုအောက်တွင် ရွှယ်ယွင်ထျန်း ရှိနေသ၍ ကြောက်မက်ဖွယ် တည်ရှိမှုကို နှိမ်နင်းပြီးနောက်တွင် ရွှယ်ချန်ကျဲနှင့် ထိုမဟာယာနအဆင့် ပါရမီရှင်တို့ကို သွေးနတ်ဆိုးဂိုဏ်းအတွင်း အဆုံးသတ်လိုက်ရန်မှာ သူ့အတွက် အလွန်တရာ လွယ်ကူသော ကိစ္စပင် မဟုတ်ပါလော။

သို့သော်လည်း ခွေးနက်လစားခြင်း ဖြစ်စဥ်ကြောင့် ချိတ်ပိတ်မှုက အားနည်းသွားပြီး ကြောက်မက်ဖွယ်တည်ရှိမှု ဖောက်ထွက်လာတော့မည့် ကိစ္စမှာ အမှန်တကယ်ပင် ကိုင်တွယ်ရခက်ခဲသော ကိစ္စ ဖြစ်သည်။

အနည်းငယ် ပေါ့ဆမိရုံဖြင့်ပင် သွေးနတ်ဆိုးဂိုဏ်းသည် ပျက်စီးသွားပေလိမ့်မည်။

ယခုအခါတွင် ခွေးနတ်လစားခြင်း ဖြစ်စဥ်သည် လဝက်မျှသာ လိုတော့၍ သူ့အနေဖြင့်လည်း ပြင်ဆင်မှုတချို့ကို ပြုလုပ်ရပေဦးမည်။

ထိုသို့ တွေးမိပြီးနောက်တွင် သွေးနတ်ဘုရား၏ ပုံရိပ်သည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့ လှမ်းဝင်သွားခဲ့ပြီး ခန်းမထဲကနေ တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားခဲ့သည်။

----------------

လဝက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်း၏ အစည်းအဝေးခန်းမတွင် ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့ကို ကြည့်ကာ ကျန့်ချုံရှန်း၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. မင်းတကယ်ပဲ သွေးနတ်ဆိုးဂိုဏ်းကို သွားဖို့ စီစဥ်နေတာလား”

ကျန်းချန်တို့ နံဘေးရှိ ကျန့်ဝူရွှယ်က မနေနိုင်ဘဲ ဖျောင်းဖျလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. သွေးနတ်ဆိုးဂိုဏ်းရဲ့ ဌာနချုပ်က အရမ်းကို အန္တရာယ်များတယ်.. မင်းသေသေချာချာ ထပ်စဥ်းစားပါဦး”

ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် အင်အားများစွာ ဆုံးရှုံးထားသော်လည်း ၎င်းတို့၏ ခွန်အားကို အထင်သေး၍ မရပေ။

ရွှယ်ချန်ကျဲ၏ ဆရာဖြစ်သူ ရွှယ်ယွင်ထျန်းသည် အသက်ရှင်နေသေးသည်ဆိုသော်လည်း ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရွှယ်ယွင်ထျန်း၏ စိတ်ရင်းသည် ရွှယ်ချန်ကျဲအပေါ်တွင် ယခင်လို ရှိနေမည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။

အကယ်၍ ဤကိစ္စသာ သွေးနတ်ဆိုးဂိုဏ်း၏ ထောင်ချောက်ဖြစ်နေခဲ့လျှင် ကျန်းချန်တို့ နှစ်ယောက်က သွေးနတ်ဆိုးဂိုဏ်းသို့ သွားခြင်းသည် သေတွင်းထဲသို့ ခုန်ဆင်းလိုက်သည်နှင့် အတူတူပင် ဖြစ်နေပေလိမ့်မည်။

လက်ရှိအချိန်တွင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခြင်းမှာ အစွမ်းထက် မဟာမိတ် ဖြစ်သည့် ကျန်းချန် ရှိနေခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ကျန်းချန်တို့သာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲတွင် ကျဆုံးသွားခဲ့လျှင် ယင်းသည် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် အလွန် ဆိုးရွားသောကိစ္စ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျန့်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်.. သွေးနတ်ဆိုးဂိုဏ်းကို သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ”

ကျန်းချန်သည် ဤခရီးစဥ်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းကိုပါ သွေးနတ်ဆိုးဂိုဏ်း ဆီသို့ အတူ လိုက်ပါစေလိုခဲ့သည်။

သို့သော်လည်း ကျန့်ချုံရှန်းနှင့် ကျန့်ဝူရွှယ်တို့၏ အမူအရာကို ကြည့်၍ ၎င်းတို့တွင် လိုက်ပါရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားနေ၍ ကျန်းချန်သည် အပိုစကားများ ပြောမနေတော့ပေ။

ဤနှစ်များအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး အင်အား ကုန်ခမ်းလုနီးပါး အခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယခုမှသာ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ခက်ခက်ခဲခဲပေါ်ထွက်လာခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အချိန်တွင် သွေးနတ်ဆိုးဂိုဏ်း၏ ဌာနချုပ်သို့ သွားရောက်ပြီး မစွန့်စားလိုကြသည်မှာ သဘာဝကျပင်။

ထိုအတွက်ကြောင့် ကျန်းချန် အတင်းအကျပ် တိုက်တွန်းလိုစိတ် မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုတစ်ကြိမ် သွေးနတ်ဆိုးဂိုဏ်းသို့ သွားရောက်မည့် ခရီးစဥ်တွင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ယနေ့ခေတ် သွေးနတ်ဆိုးဂိုဏ်းတွင် အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိသည့် မဟာယာနအဆင့် ကျင့်ကြံသူ ဟူ၍ သွေးနတ်ဘုရား တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

သွေးနတ်ဘုရားကို သတ်ဖြတ်နိုင်သရွေ့ ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သစ်အဖြစ် အပြည့်အဝ ထောက်ခံပေးနိုင်ပြီး ဂိုဏ်းကို အုပ်ချုပ်စေနိုင်မည် ဖြစ်၏။

သိထားရမည့်အချက်မှာ သွေးနတ်ဆိုးဂိုဏ်းသည် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွင်းရှိ သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်အတန်းသည် မနိမ့်လှပေ။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လျှို့ဝှက်ချက် များစွာကိုလည်း သိရှိထားနိုင်၏။

အကယ်၍ သူသာ သွေးနတ်ဆိုးဂိုဏ်းကို ထိန်းချုပ်နိုင်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေ အပေါ် ကျူးကျော်ခြင်းမှ တားဆီးရန် အတွက် သူ့ကို များစွာ အထောက်အကူ ဖြစ်လာပေလိမ့်မည်။

ထို့နောက်တွင်မူ ကျန်းချန်သည် တုံံ့ဆိုင်းမနေတော့ဘဲ ရွှယ်ချန်ကျဲကို ခေါ်ကာ ကျန့်ချုံရှန်းတို့ နှစ်ဦးကို နှုတ်ဆက်၍ သွေးဓားအင်မော်တယ်ဂိုဏ်းကနေ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

“စီနီယာ.. ကျွန်တော်တို့ ကျန်းချန်တို့နဲ့ အတူ သွေးနတ်ဆိုးဂိုဏ်းကို တကယ်ပဲ လိုက်မသွားဘူးလား”

ကျန့်ဝူရွှယ်က ထွက်ခွာသွားသော ကျန်းချန်တို့၏ ကျောပြင်ကို ကြည့်ကာ တစ်ခဏမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။

“အခုအချိန်မှာ အခြေအနေတွေက မရှင်းလင်းသေးဘူး.. အကယ်၍ ဒါသာ သွေးနတ်ဆိုးဂိုဏ်းရဲ့ ထောင်ချောက် ဖြစ်နေမယ်ဆိုရင် ငါတို့ လိုက်သွားတာက သေတွင်းထဲ ကိုယ့်ဘာသာကိုယ် ခုန်ဆင်းတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်.. ဒါ့အပြင် ကျန်းချန်ရဲ့ ခွန်အားက မှန်းဆလို့ မရလောက်အောင် အစွမ်းထက်တယ်.. တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းက ထောင်ချောက်ဆင်ထားတယ် ဆိုရင်တောင် ကျန်းချန်ကို ကိုင်တွယ်ဖို့အတွက် သွေးနတ်ဆိုးဂိုဏ်း အနေနဲ့ အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်.. အခြေအနေကို အရင်စောင့်ကြည့်ကြတာပေါ့.. ကျန်းချန်နဲ့ သွေးနတ်ဆိုးဂိုဏ်းတို့ နှစ်ဖက် အထိနာတဲ့ အချိန်ကျမှ ငါတို့ ဝင်တိုက်ဖို့ အခွင့်အရေးရှာကြစို့”

ထိုစကားကို ပြောနေစဥ် ကျန့်ချုံရှန်း၏ အိုမင်းသော မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် ယခင်က ဆုံးရှုံးခဲ့ရသမျှကို သွေးနတ်ဆိုးဂိုဏ်းဆီကနေ ပြန်လည်ရရှိရန် အခွင့်အရေး အမှန်တကယ် ရှိလာနိုင်ပေသည်။

အခန်း(၂၅၆၆)ပြီး၏။

All Chapters