အခန်း (၂၅၆၇-၂၅၆၈)
Vol. 197 Ch. 2567-2568
အခန်း(၂၅၆၇)
ရွှယ်ယွင်ထျန်း၏ သတိပေးမှုကြောင့် သွေးနတ်ဘုရားသည် ခွေးနက်လစားခြင်းရက်နှင့် နီးကပ်လာပြီ ဖြစ်မှန်း သိရှိသွားခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်း အတွင်း အစီအစဥ်များစွာကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။
သူက သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်ရုံသာမက သွေးနတ်ဆိုးဂိုဏ်းမှ အသန်မာဆုံး ကျင့်ကြံသူ ရှစ်ဆယ် ရာခိုင်နှုန်းကို ပြန်လည် ဆင့်ခေါ်ထားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးသည် အသင့်ပြင်ဆင်မှုအခြေအနေတွင် ရှိနေခဲ့ပြီး နေရာတိုင်းတွင် လေးနက်သော အငွေ့အသက်များ လွှမ်းမိုးနေခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း၏ တားမြစ်နယ်မြေတွင် ရှေးကျပြီး ဟောင်းနွမ်းနေသည့် သွေးရောင်ခန်းမဆောင် တစ်ခု ရှိသည်။
ခန်းမဆောင်၏ ပတ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းများကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော အစီအရင် သင်္ကေတများ အဆက်မပြတ် လည်ပတ်နေခဲ့ပြီး ခန်းမဆောင် တစ်ခုလုံးကို ခိုင်ခန့်စွာ ဝိုင်းရံထားခဲ့သည်။
ခန်းမဆောင်၏ အရှေ့တွင်မူ သွေးနတ်ဘုရား ဦးဆောင်သော သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲ ဆယ်ယောက်ကျော်သည် လေးနက်သော အမူအရာများဖြင့် စောင့်ဆိုင်းနေခဲ့ကြ၏။
ပတ်ဝန်းကျင်၏ အခြေအနေက တိတ်ဆိတ်နေခဲ့ပြီး အပ်ကျသံပင် ကြားနိုင်လောက်သော်လည်း အလွန်အမင်း ဖိအားသက်ရောက်နေသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့ကာ မုန်တိုင်းမထန်မီ လေပြင်းများ တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
“ဂိုဏ်းချုပ်.. ခွေးနက်လစားခြင်းဖြစ်စဥ်က ဒီည တကယ်ပဲ ဖြစ်လာမှာလား”
သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက မည်သို့မှ ထူးခြားမှု မရှိသေးသည့် ကောင်းကင်ယံကို မော့ကြည့်ရင်း လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ အကြီးအကဲများ ဖြစ်၍ ၎င်းတို့သည် သွေးနတ်ဆိုးဂိုဏ်း၏ သမိုင်းကြောင်း တချို့ကို သဘာဝကျစွာပင် သိရှိထားကြသည်။
ခွေးနက်လစားခြင်း ဖြစ်စဥ် ဖြစ်ပေါ်တိုင်းတွင် ခန်းမဆောင်အတွင်းရှိ ကြောက်မက်ဖွယ် တည်ရှိမှုတွင် ထူးခြားသော အပြောင်းအလဲ တချို့ ဖြစ်ပေါ်လာလေ့ ရှိပြီး သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ရလေ့ရှိသည်။
ယခုအခါတွင်မူ သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် အင်အားများစွာ ဆုတ်ယုတ်နေခဲ့သည် ဖြစ်ရာ ခွေးနက်လစားခြင်း ဖြစ်စဥ်သာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့လျှင် ယင်းသည် သူတို့ အတွက် သတင်းကောင်း မဟုတ်ပေ။
“ငါက မင်းတို့ကို နောက်ပြောင်နေတယ်လို့ ထင်လို့လား”
သွေးနတ်ဘုရားက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ ရွှယ်ချန်ကျဲတို့ ရောက်လာခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်ပေးပြီး အတားအဆီးမရှိ ဝင်ခွင့်ပေးလိုက်ပါ”
ထိုစကားကိုကြားလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက အံ့အားသင့်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. ရွှယ်ချန်ကျဲကို တကယ်ပဲ ဝင်ခွင့်ပေးမလို့လား”
ခွေးနက်လစားခြင်းဖြစ်စဥ် ကျရောက်သည်နှင့် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် သူတို့ရှေ့ရှိ ခန်းမဆောင်တွင် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို အာရုံစိုက်၍ ကိုင်တွယ်ရတော့မည်ဖြစ်သည်။
ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်ပြီး မကြာသေးသော ကာလကစပြီး သွေးနတ်ဆိုးဂိုဏ်း၏ အင်အားစုကို အကြီးအကျယ် ထိခိုက်စေခဲ့သော တရားခံလည်းဖြစ်သည်။
အကယ်၍ ရွှယ်ချန်ကျဲသာ ဤအချိန်တွင် သွေးနတ်ဆိုးဂိုဏ်းသို့ အမှန်တကယ် လာရောက်မည် ဆိုလျှင် ယင်းမှာ စိတ်ရင်းဖြင့် လာခြင်းမဟုတ်သည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် ရွှယ်ချန်ကျဲကို သွေးနတ်ဆိုးဂိုဏ်းသို့ အတားအဆီးမရှိ ဝင်ခွင့်ပေးလိုက်ခြင်းသည် ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။
“ငါ့မှာ အစီအစဥ်ရှိပြီးသားပါ.. မင်း လေထက်မရှည်နဲ့.. ငါအမိန့်အတိုင်းသာ ဆောက်ရွက်လိုက်”
သွေးနတ်ဘုရားက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စကားစကို ချက်ချင်းပင် ဖြတ်တောက်လိုက်သည်။
သူက ခန်းမဆောင်နှင့် ဟင်းလင်းပြင်ရှိ အခြေအနေကို အသေအချာ အကဲခတ်နေခဲ့ပြီး ခွေးနက်လစားခြင်းဖြစ်စဥ် ကျရောက်တော့မည့် အချိန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ဤကဲ့သို့ စောင့်စားရင်းဖြင့် တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာခဲ့သည်။
တောက်ပသော လဝန်းကြီးသည် မိုးကုတ်စက်ဝိုင်းကနေ မြင့်တက်လာခဲ့ပြီး ဆိတ်ငြိမ်သော ညဥ့်ဦးကို လှပသော ငွေရောင်အလွှာဖြင့် ဆေးခြယ်ထားသည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရပေ။
ကောင်းကင်ယံရှိ ကြည်လင်သန့်ရှင်းသော လဝန်းကြီး၏ ပတ်ပတ်လည်တွင် ရုတ်တရက် ဆန်းကြယ်သော အပြောင်းအလဲ တချို့ ဖြစ်ပေါ်လာခဲ့ပြီး အနက်ရောင် တိမ်တိုက်များ ပေါ်ပေါက်လာခဲ့သည်။
အနက်ရောင် တိမ်တိုက်များ ပေါ်ပေါက်လာခြင်းနှင့် အတူ မူလက တောက်ပနေသော လရောင်သည် ထိုအခိုက်အတန့်တွင် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့၏။
“နောက်ဆုံးတော့ ခွေးနက်လစားခြင်း ဖြစ်စဥ် ကျရောက်လာခဲ့ပြီ”
ဤအပြောင်းအလဲကို ခံစားမိလျှင် သွေးနတ်ဘုရားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လဝန်းကို ဝန်းရံထားသော အနက်ရောင်တိမ်တိုက်များသည် လျင်မြန်စွာ စုစည်းသွားခဲ့ပြီး အဆုံးသတ်၌ ကြီးမားသော အနက်ရောင်ပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုပုံရိပ်သည် ခွေးနက်တစ်ကောင်နှင့် ဆင်တူပြီး ပါးစပ်ကို ဟကာ ကောင်းကင်ယံမှ လဝန်းကို ဝါးမျိုလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
“အားလုံးပဲ.. ခွေးနက်လစားခြင်းဖြစ်စဥ် ကျရောက်လာခဲ့ပြီ.. ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ မှတ်တမ်းတွေအရတော့ ဒီဖြစ်စဥ်က အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်ကြာမြင့်လိမ့်မယ်.. ဒီအချိန်အတောအတွင်း ငါတို့ ခန်းမဆောင်ကို အသေအချာ စောင့်ကြပ်ထားရမယ်.. ယင်ကောင်တစ်ကောင်တောင် အထဲကနေ အပြင်ကို လွတ်လာလို့ မဖြစ်ဘူး”
သွေးနတ်ဘုရားက အေးစက်စက် အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
“ဝုန်း..”
တစ်ချိန်တည်းမှာပင် အတောမသတ်နိုင်အောင် တုန်ခါမှုတစ်ခုသည် သွေးရောင်ခန်းမဆောင် အတွင်း ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားတစ်ခုသည် ခန်းမဆောင် အတွင်းကနေ ပေါက်ကွဲထွက်လာခဲ့ပြီး ခန်းမဆောင်ကို ဝိုင်းရံထားသည့် အစီအရင်များကို ရိုက်ခတ်သွားခဲ့ရာ အစီအရင် သင်္ကေတများသည် အားနည်းသွားခဲ့သည်။
“အားလုံးပဲ တစ်ပြိုင်နက်တည်း အစီအရင်ကို အားဖြည့်စို့”
ထိုအချင်းအရာကိုမြင်လျှင် သွေးနတ်ဘုရား၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ဤခန်းမဆောင်၏ ပတ်ပတ်လည်တွင် ခင်းကျင်းထားသည့် အစီအရင်အားလုံးသည် ခန်းမဆောင်အတွင်းရှိ ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်ရန်အတွက် သွေးနတ်ဆိုးဂိုဏ်းမှ အထူးတလှယ် ဖန်တီးထားခြင်း ဖြစ်သည်။
အကယ်၍ ခန်းမဆောင်၏ အစီအရင်သာ ပျက်စီးသွားခဲ့လျှင် ထိုကြောက်မက်ဖွယ်ရာ တည်ရှိမှုသည် ချိတ်ပိတ်မှုကနေ အမှန်တကယ် ဖောက်ထွက် လာနိုင်ပေလိမ့်မည်။
သွေးနတ်ဘုရားသည် တုံ့ဆိုင်းမနေဘဲ သူ၏ စစ်မှန်သော အဆီအနှစ် စွမ်းအားများကို ချက်ချင်းဆိုသလို ထုတ်ဖော်ကာ ခန်းမဆောင် ပတ်ပတ်လည်ရှိ အစီအရင်များကို အားဖြည့်လိုက်သည်။
သွေးနတ်ဘုရား၏ အနောက်ဘက်ရှိ သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်သည်လည်း တစ်ချိန်တည်းမှာပင် အစီအရင်များကို အားဖြည့်လိုက်ကြသည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
စစ်မှန်သော အဆီအနှစ် စွမ်းအားများကို အားဖြည့်လိုက်ခြင်းကြောင့် ခန်းမဆောင် ပတ်ပတ်လည်ရှိ အစီအရင်သည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
သို့သော်လည်း ထိုတည်ငြိမ်မှုသည် ကြာရှည်မခံခဲ့ပေ။
ထိုထက်ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် ခန်းမဆောင် အတွင်းကနေ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သွေးနတ်ဘုရားတို့ လူစုသည် ခံနိုင်ရည်မရှိတော့ပေ။
သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူအချို့၏ မျက်နှာသည်ပင် တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။
“ဒီထဲမှာ ဘယ်လို တည်ရှိမှုမျိုးကို ချိတ်ပိတ်ထားတာများလဲ.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”
သွေးနတ်ဘုရားသည် စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည် ဆိုလျှင် သူတို့သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ တောင့်ခံဖို့ မဆိုထားနှင့်၊ တစ်ခဏမျှပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
သွေးနတ်ဘုရားက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူ၏ ကျယ်လောင်သော အော်ဟစ်သံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။
“ရွှယ်ယွင်ထျန်း.. မင်းဘာတွေစောင့်နေတာလဲ.. မင်းအခု အစီအရင်ကို အားမဖြည့်ပေးဘူး ဆိုရင် အထဲက တည်ရှိမှု ထွက်လာတာနဲ့ ငါတို့ထဲက ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
သွေးနတ်ဘုရား၏ အော်ဟစ်သံ အဆုံးသတ်သည်နှင့် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ်တစ်ခဏတွင် ရွှယ်ယွင်ထျန်း၏ ပုံရိပ်သည် သွေးနတ်ဘုရား၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့၏။
ရွှယ်ယွင်ထျန်းက ခန်းမဆောင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လက်ဟန်များကို ပြုလုပ်ကာ သူ၏ စွမ်းအားများကို ချက်ချင်းဆိုသလိုပင် အစီအရင် အတွင်းသို့ အားဖြည့်လိုက်သည်။
လက်ရှိအချိန်တွင် ရွှယ်ယွင်ထျန်း၏ အရှိန်အဝါသည် လွန်ခဲ့သော လဝက်ကနှင့်ယှဥ်လျှင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေပြီ ဖြစ်ပြီး မဟာယာန နှောင်းပိုင်းအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကာ သွေးနတ်ဘုရားထက်ပင် မနိမ့်ကျတော့ပေ။
ရွှယ်ယွင်ထျန်း ပါဝင်အားဖြည့်ခြင်းနှင့် အတူ အခြေအနေသည် တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့၏။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် သွေးနတ်ဘုရားသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ခွေးနက်လစားခြင်း ဖြစ်စဥ်သည် အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့်သာ အချိန်ကြာမြင့်နိုင်သည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်ကုန်ဆုံးပြီးနောက်တွင် လစွမ်းအားသည် ပြန်လည် ပေါ်ထွက်လာပြီး အတွင်းမှ ကြောက်မက်ဖွယ် တည်ရှိမှုကို ပြန်လည် ဖိနှိပ်နိုင်ပေလိမ့်မည်။
သူက ရွှယ်ယွင်ထျန်းနှင့် ပူးပေါင်းကာ ခန်းမဆောင်ပတ်ပတ်လည်ရှိ အစီအရင်ကို အားပြု၍ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်အထိ တောင့်ခံထားနိုင်လျှင် ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။
သွေးနတ်ဘုရား၏ စိတ်ထဲတွင် မည်ကဲ့သို့ တွေးတောနေသည်ကို သိမြင်နေသကဲ့သို့ ရွှယ်ယွင်ထျန်းက အေးစက်စက် တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
“အရမ်းကြီး မပေါ့ဆလိုက်နဲ့.. တကယ်လို့သာ ဒီတည်ရှိမှုက ဒီလောက်အထိ အလွယ်တကူ နှိမ်နင်းလို့ရမယ် ဆိုရင် ခွေးနက်လစားခြင်း ဖြစ်စဥ်တိုင်းမှာ သွေးနတ်ဆိုးဂိုဏ်းက ဘာလို့ ဒီလောက်အထိ ကြီးမားတဲ့ ပေးဆပ်မှုတွေကို ရင်းနှီးခဲ့ရမှာလဲ”
အခန်း(၂၅၆၇)ပြီး၏။
အခန်း(၂၅၆၈)
သွေးနတ်ဘုရားနှင့် ရွှယ်ယွင်ထျန်းတို့ ပူးပေါင်း၍ ခန်းမအတွင်းရှိ ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်နေသည့် တစ်ချိန်တည်းမှာပင် သွေးနတ်ဆိုးဂိုဏ်း၏ အပြင်ဘက်ရှိ မှောင်မိုက်သော ကောင်းကင်ယံတွင် လူရိပ်နှစ်ခုသည် ကောင်းကင်ကို ဖြတ်ကျော်ကာ သွေးနတ်ဆိုးဂိုဏ်းနှင့် မိုင်တစ်ရာခန့် အကွာရှိ ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခုသည် အခြားသူများ မဟုတ်ပေ။
သွေးနတ်ဆိုးဂိုဏ်းသို့ ရောက်လာကြသည့် ကျန်းချန်တို့ နှစ်ဦးပင် ဖြစ်သည်။
“တကယ်ကိုကြောက်ဖို့ကောင်းတဲ့ စွမ်းအင်လှိုင်းတွေပါလား”
သွေးနတ်ဆိုးဂိုဏ်း၏ နက်ရှိုင်းသောနေရာကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း၏ နက်ရှိုင်းသော နေရာတွင် ထွက်ပေါ်နေသည့် အားကောင်းသော အရှိန်အဝါ ဆယ်ခုကျော်ကို သဘာဝကျစွာပင် ခံစားမိခဲ့သည်။
ထိုအထဲမှ မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး၏ အရှိန်အဝါသည် ကျန်းချန်နှင့် မစိမ်းပေ။
၎င်းတို့မှာ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် သွေးနတ်ဘုရားနှင့် ရွှယ်ချန်ကျဲ၏ ဆရာဖြစ်သည့် ရွှယ်ယွင်ထျန်းတို့ပင် ဖြစ်၏။
သွေးနတ်ဘုရားနှင့်ရွှယ်ယွင်ထျန်း တို့သည် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့နှင့် အတူ သွေးနတ်ဆိုးဂိုဏ်း၏ နက်ရှိုင်းသောနေရာတွင် စုရုံးနေကြပြီး ကြောက်မက်ဖွယ် တည်ရှိမှု တစ်ခုကို ပူးပေါင်း၍ နှိမ်နင်းနေကြပုံ ရသည်။
“သခင်ကြီး.. အဲဒီနေရာက သွေးနတ်ဆိုးဂိုဏ်းရဲ့တားမြစ်နယ်မြေပဲ.. အဲဒီမှာ ဂိုဏ်းရဲ့ အထွတ်အမြတ်ပစ္စည်းကို ပူဇော်ထားတယ်”
ကျန်းချန်၏ နံဘေးရှိ ရွှယ်ချန်ကျဲက စွမ်းအင်လှိုင်းမှ ထွက်ပေါ်လာသည့် နေရာကို စိုက်ကြည့်ရင်း ကျန်းချန်ကို ပြောလိုက်သည်။
ရွှယ်ချန်ကျဲသည် တစ်ချိန်က သွေးနတ်ဆိုးဂိုဏ်း၏ ထူးချွန်သောပါရမီရှင် တစ်ဦး ဖြစ်ခဲ့ဖူးပြီး သွေးနတ်ဆိုးဂိုဏ်းတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ရာ သွေးနတ်ဆိုးဂိုဏ်း အကြောင်းကို ကောင်းစွာ နားလည်ထားခဲ့သည်။
ထို့ကြောင့် စွမ်းအင်လှိုင်းများသည် မည်သည့်နေရာက ထွက်ပေါ်လာသည်ကို သူချက်ချင်းပင် ခန့်မှန်းမိခဲ့၏။
ကျန်းချန်က စူးစမ်းသော အမူအရာဖြင့် ရုတ်တရက် မေးလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းက ပူဇော်ထားတဲ့ ဂိုဏ်းရဲ့ အထွတ်အမြတ် ပစ္စည်းက ဘာပစ္စည်းလဲ”
“ကျွန်တော် သိသလောက်တော့ သွေးနတ်ဆိုးဂိုဏ်းက ပူဇော်ထားတဲ့ အထွတ်အမြတ်ပစ္စည်းက ရှေးဟောင်းနတ်ပစ္စည်း တစ်ခုပဲ.. ဂိုဏ်းချုပ်တွေက လွဲရင် အဲဒါက ဘာပစ္စည်းလဲဆိုတာကို သိတဲ့သူက လက်ချိုးရေတွက်လို့တောင်ရတယ်”
သွေးနတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ် နတ်ပစ္စည်း အကြောင်း ပြောနေစဥ် ရွှယ်ချန်ကျဲ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ် နတ်ပစ္စည်းသည် တားမြစ်နယ်မြေအတွင်း ပူဇော်ထားသော ရတနာတစ်ပါး ဖြစ်သည်။
ထိုရှေးဟောင်းနတ်ပစ္စည်းက မည်သည့်အရာမှန်း ဆိုသည်ကို သိရှိသူ အလွန်တရာ နည်းပါး၏။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ တပည့်အားလုံး သိထားသည့် အချက်မှာ တားမြစ်နယ်မြေအတွင်းရှိ ပူဇော်ထားသော နတ်ပစ္စည်းသည် အလွန်တရာ အစွမ်းထက်သည် ဟူ၍ပင်။
သွေးနတ်ဆိုးဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင်များသည် ထိုအထွတ်အထိပ် နတ်ပစ္စည်းထားရှိရာ ခန်းမအတွင်း ကျင့်ကြံခွင့် ရရှိကြသည်။
ခန်းမဆောင်အတွင်း ဝင်ရောက် ကျင့်ကြံဖူးသော သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များ၏ ခွန်အားသည် အဆမတန် တိုးတက်လာမည် ဖြစ်၏။
တစ်ခါက သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် တစ်ဦးသည် ခန်းမထဲသို့ မဝင်မီတွင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သာ ရှိသေးသော်လည်း ခန်းမအတွင်းသို့ ဝင်ရောက်ပြီး တစ်နှစ်ခန့်အကြာတွင်မူ ကပ်ဘေးအထွတ်အထိပ် အဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
ရွှယ်ချန်ကျဲ ကိုယ်တိုင်လည်း လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ကနေ ကပ်ဘေးအဆင့်ကို ထိုးဖောက်စဥ်က ထိုအထွတ်အမြတ် နတ်ပစ္စည်း၏ စွမ်းအားကို အသုံးပြုခဲ့ရ၏။
ထိုရှေးဟောင်းနတ်ပစ္စည်း ရှိနေခြင်းကြောင့်သာ သွေးနတ်ဆိုးဂိုဏ်းသည် အနှိုင်းမဲ့ သန်မာသော ပုဂ္ဂိုလ်များကို ဆက်တိုက်ဆိုသလို မွေးထုတ်ပေးနိုင်ခဲ့ခြင်းပင်။
ရှင်းလင်းစွာဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ခွဲထွက်လာပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာနိုင်ခဲ့ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖိနှိပ်ကာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လာနိုင်ခြင်းသည် တားမြစ်နယ်မြေ အတွင်းရှိ ပူဇော်ထားသော ရှေးဟောင်းနတ်ပစ္စည်းနှင့် ခွဲခြား၍ မရလောက်အောင် ပတ်သက်နေခဲ့သည်။
“သွေးနတ်ဆိုးဂိုဏ်းမှာ ဒီလို နတ်ပစ္စည်း ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး”
ရွှယ်ချန်ကျဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူ များစွာသည် အထွတ်အမြတ်နတ်ပစ္စည်း ပူဇော်ထားသော နေရာတွင် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြပုံ ထောက်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ ရှေးဟောင်းနတ်ပစ္စည်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်း ဖြစ်နိုင်ပါသလော။
“သွားစို့.. ငါတို့ အထဲဝင်ပြီး ကြည့်ရအောင်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်း၏ ဂိတ်တံခါး ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ရွှယ်ချန်ကျဲသည် ကျန်းချန်ကို အလျင်အမြန်ပင် ဟန့်တားလိုက်သည်။
“မဖြစ်ဘူး သခင်ကြီး...သွေးနတ်ဆိုးဂိုဏ်းမှာ အရမ်းကို အစွမ်းထက်တဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ရှိတယ်.. မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် အတင်းအကျပ် ဝင်ရောက်ဖို့ ကြိုးစားရင် ကြီးမားတဲ့ ပေးဆပ်မှုတွေကို ပြုလုပ်ရလိမ့်မယ်.. ကျွန်တော် ဆရာ့ဆီ အရင် ဆက်သွယ်ပါရစေ”
သို့သော်လည်း ရွှယ်ချန်ကျဲ၏ စကားမဆုံးမီမှာပင် သွေးနတ်ဆိုးဂိုဏ်းကို လွှမ်းခြုံထားသော ဂိုဏ်းကာကွယ်ရေး အစီအရင်တွင် အပေါက် တစ်ပေါက် ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ဂိုဏ်းအတွင်းကနေ စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ရွှယ်ချန်ကျဲ.. မင်းက အတားအဆီးမရှိ ဂိုဏ်းထဲ ဝင်ရောက်နိုင်တယ်လို့ ဂိုဏ်းချုပ်အမိန့် ရှိတယ်”
ရွှယ်ချန်ကျဲက ခဏမျှ မှင်တက်သွားပြီးမှ ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
“သခင်ကြီး.. ကျွန်တော်တို့ အထဲဝင်ကြမလား”
“သွားကြတာပေါ့”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့ပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သွေးနတ်ဆိုးဂိုဏ်းအတွင်းသို့ တိုက်ရိုက်ပင် လှမ်းဝင်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း အတွင်းသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် မည်သည့် အတားအဆီးမှ မကြုံတွေ့ရဘဲ သွေးနတ်ဘုရားတို့ ရှိနေသည့် နေရာသို့ မကြာမီမှာပင် ရောက်ရှိသွားခဲ့သည်။
ရှေးကျသော သွေးရောင်ခန်းမဆောင်ကြီး ရှေ့တွင် မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည့် သွေးနတ်ဘုရားနှင့် ရွှယ်ယွင်ထျန်းတို့ အပြင် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် ခန်းမပတ်ပတ်လည်ရှိ အစီအရင်များ၏ အထောက်အပံ့ဖြင့် ခန်းမတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုကို အစွမ်းကုန် ဖိနှိပ်နေကြသည်အား သူတို့ မြင်လိုက်ရသည်။
သို့သော်လည်း ထိုသို့ ပြုလုပ်နေသည့်တိုင် ခန်းမထဲမှ ကြောက်မက်ဖွယ်ရာ ကောင်းသော မိစ္ဆာစွမ်းအင်များသည် ခန်းမဆောင် အတွင်းကနေ ဖောက်ထွက်လာတော့မည့်အလား ခံစားနေရ၏။
မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် အပြင် အစီအရင်၏ အကူအညီ အထောက်အပံ့ကို ရရှိထားသည့်တိုင် ခန်းမဆောင် အတွင်းမှ မိစ္ဆာ အငွေ့အသက်ကို မနှိမ်နင်းနိုင်၍ ကျန်းချန် စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။
ဤခန်းမဆောင် အတွင်းတွင် မည်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုမျိုး ရှိနေပါသနည်း။
မဟာယာန အထွတ်အထိပ် အဆင့်ရှိ တည်ရှိမှုမျိုး ဖြစ်နေလျှင်ပင် ဤမျှအထိ ကြောက်မက်ဖွယ် ခွန်အားမျိုး ရှိနိုင်ပါမည်လော။
“ဆရာ.. ဒီခန်းမက သွေးနတ်ဆိုးဂိုဏ်းရဲ့ နတ်ပစ္စည်းကို ပူဇော်ထားတဲ့ခန်းမ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာတဲ့ တည်ရှိမှုမျိုး ရှိနေရတာလဲ”
ရွှယ်ချန်ကျဲက သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ မယုံကြည်နိုင်သော အမူအရာဖြင့် ရွှယ်ယွင်ထျန်းကို မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အမြတ် နတ်ပစ္စည်းထဲမှာ သိပ်ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုကို ချိတ်ပိတ်ထားလို့ပဲ.. ခွေးနက်လစားခြင်း နေ့ရက်တိုင်းမှာ အထွတ်အမြတ် နတ်ပစ္စည်းပေါ်က စည်းတံဆိပ်က အကြီးအကျယ် အားနည်းသွားတဲ့အတွက် အထဲက တည်ရှိမှုက ဖောက်ထွက်ဖို့ ကြိုးစားလေ့ရှိတယ်.. ဒါကြောင့်လည်း ခွေးနက်လစားခြင်း ဖြစ်ရပ်တွေမှာ ချိတ်ပိတ်ခံထားရတဲ့ တည်ရှိမှုကို ဖိနှိပ်ဖို့ အတွက် သွေးနတ်ဆိုးဂိုဏ်းက ကြီးမားတဲ့ ပေးဆပ်မှုတွေကို ပြုလုပ်ခဲ့ရတာပဲ”
ရွှယ်ယွင်ထျန်းက ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်တို့ကို သွေးနတ်ဆိုးဂိုဏ်းဆီ လာခိုင်းတာ ဘာမှ မထူးဆန်းတော့ဘူး.. လက်စသတ်တော့ ကျုပ်တို့ကို အသုံးချပြီး ခန်းမထဲက တည်ရှိမှုကို ဖိနှိပ်ခိုင်းချင်နေတာကိုး”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ရွှယ်ယွင်ထျန်းကို အေးစက်စက် ကြည့်လိုက်သည်။
“ငါက သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ပါရမီရှင် သုံးယောက်ကို သတ်ဖြတ်ခဲ့တဲ့သူပဲ.. ငါနဲ့ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက မပြေလည်နိုင်တဲ့ ရန်သူတွေ ဖြစ်နေခဲ့ပြီ.. ငါက ဘာလို့ မင်းတို့ကို အကူအညီ ပေးရမှာလဲ”
ကျန်းချန်၏ စကားကို ကြားလျှင် ရွှယ်ယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ခန်းမဆောင်ထဲမှာ ရှိတဲ့ ရှေးဟောင်းနတ်ပစ္စည်း ထဲမှာ ချိတ်ပိတ်ထားတဲ့ တည်ရှိမှုက သာမန် မဟုတ်ဘူး.. တကယ်လို့ အဲဒီတည်ရှိမှုသာ ဖောက်ထွက်လာမယ်ဆိုရင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို အန္တရာယ် ကျရောက်စေလိမ့်မယ်”
“အဲဒီတော့ ဘာဖြစ်လဲ”
ကျန်းချန်က မထီမဲ့မြင် ခနဲ့လိုက်သည်။
သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူတစ်ယောက် မဟုတ်ပေ။
သူ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အပြင်းအထန် ထိုးနှက်ပြီး နတ်ဘုရားနယ်မြေကို ကျူးကျော်ခြင်းမှာ တားဆီးရန် ဖြစ်သည်။
အကယ်၍ ခန်းမထဲတွင် ချိတ်ပိတ်ခံထားရသည့် တည်ရှိမှုက ချိတ်ပိတ်မှုကနေ ဖောက်ထွက်လာပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပျက်စီးအောင်လုပ်နိုင်မည် ဆိုလျှင် ယင်းမှာ သူလိုလားသော အရာပင် ဖြစ်ရာ အဘယ်ကြောင့် သူက တားဆီးရပါမည်နည်း။
ကျန်းချန်၏ အကြည့်က ခန်းမဆောင်၏ ပတ်ပတ်လည်တွင် ပြိုကွဲလုနီးပါး ဖြစ်နေသော တားမြစ် အစီအရင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ရန်သူ၏ ရန်သူက မိတ်ဆွေပင် ဖြစ်သည်။
အကယ်၍ သူသာ ခန်းမထဲတွင် ချိတ်ပိတ်ခံထားရသည့် တည်ရှိမှုကို လွှတ်ပေးလိုက်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အကြီးအကျယ် ပျက်စီးစေမည် ဆိုလျှင် နတ်ဘုရားနယ်မြေ၏ အကျပ်အတည်းကို လုံးဝ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
အခန်း(၂၅၆၈)ပြီး၏။