← Chapters

အခန်း (၂၅၆၉-၂၅၇၀)

Vol. 197 Ch. 2569-2570

အခန်း (၂၅၆၉-၂၅၇၀)

Vol. 197 Ch. 2569-2570

အခန်း(၂၅၆၉)

"ဒီမိတ်ဆွေလေး.. မင်းနဲ့ ငါ့ရဲ့ သွေးနတ်ဆိုးဂိုဏ်းကြားမှာ ဘယ်လို အာဃာတတွေ ရှိနေလဲ ငါမသိပေမဲ့ ချိတ်ပိတ်ခံထားရတဲ့ တည်ရှိမှုက တကယ်ကို ကြောက်စရာကောင်းတယ်.. ဒီကိစ္စ ပြေလည်သွားတာနဲ့ ငါအဖိုးကြီးက မင်း ကျေနပ်လောက်တဲ့ ဖြေရှင်းချက် တစ်ခု ပေးပါ့မယ်"

ရွှယ်ယွင်ထျန်း၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။

ကျန်းချန်က ရွှယ်ယွင်ထျန်းကို ခပ်အေးအေး တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ကျုပ် နည်းနည်းတော့ သိချင်မိတယ်.. ဒီချိတ်ပိတ်ခံထားရတဲ့ တည်ရှိမှုက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ခြိမ်းခြောက်နိုင်တယ် ဆိုရင် ခင်ဗျားတို့ ဘာလို့ တခြား ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ အင်အားစုတွေဆီက အကူအညီ မတောင်းတာလဲ"

ရွှယ်ယွင်ထျန်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

သွေးရောင်ခန်းမထဲ၌ ​ကြောက်မက်ဖွယ် တည်ရှိမှုကို ချိတ်ပိတ်ထားသော ထိုရှေးဟောင်းနတ်ပစ္စည်းသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်သည်။

ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖိနှိပ်နိုင်ခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်လာခဲ့ခြင်းမှာ ဤရှေးဟောင်းနတ်ပစ္စည်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်း ထံမှ အကူအညီ တောင်းလိုက်မည် ဆိုလျှင် ထိုဂိုဏ်းများသည် ဤရှေးဟောင်းနတ်ပစ္စည်းကို သေချာပေါက် မျက်စိကျလာနိုင်ပြီး သွေးနတ်ဆိုးဂိုဏ်းအနေဖြင့် ဤပစ္စည်းကို ဆက်လက် ပိုင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထံမှ အလွယ်တကူ အကူအညီ မတောင်းခဲ့ခြင်း ဖြစ်သည်။

"ဝုန်း"

ကျန်းချန်နှင့် ရွှယ်ယွင်ထျန်းတို့ စကားပြောနေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် တစ်ခုသည် ခန်းမ ပတ်ပတ်လည်ရှိ အစီအရင် အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားရာ ရွှယ်ယွင်ထျန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

အထူးသဖြင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ချက်ချင်းပင် မျက်နှာ ဖြူဖျော့သွားကြသည်။

ရွှယ်ယွင်ထျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ရှန်းချန်ကျဲကို ကြည့်ကာ ပြောလိုက်သည်။

"ချန်ကျဲ.. မင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ဆရာ သိပါတယ်.. သွေးနတ်ဆိုးဂိုဏ်းက မင်းကို စိတ်ပျက်အောင် လုပ်ခဲ့ပေမဲ့ ဒီနေ့တော့ ဆရာ့ မျက်နှာကို ထောက်ပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ အကျပ်အတည်းကို အရင် ကူညီဖြေရှင်းပေးပါဦး"

ရွှယ်ချန်ကျဲက အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး ကျန်းချန်ကို ကြည့်လိုက်သည်။

ရွှယ်ယွင်ထျန်းက သွေးနတ်ဘုရားကို ကူညီချင်၍ မဟုတ်ဘဲ သွေးနတ်ဆိုးဂိုဏ်း အပေါ် သံယောဇဉ် ကြီးမားပြီး ဂိုဏ်းပျက်စီးသွားမည်ကို မကြည့်ရက်၍သာ ဖြစ်ကြောင်း သူသိသော်လည်း သူကိုယ်တိုင်ကမူ မဟာယာန တစ်ပိုင်း အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်။

သူ ဝင်ကူလိုက်ရုံဖြင့်လည်း အခြေအနေမှာ ထူးခြားလာမည် မဟုတ်ပေ။

ရွယ်ယွင်ထျန်း၏ အဓိက ရည်ရွယ်ချက်မှာ ကျန်းချန်ကို ကူညီစေချင်ခြင်းသာ ဖြစ်သည်။

သို့သော် ယခုအခါတွင် သူက ကျန်းချန်၏ အစေခံ တစ်ဦးမျှသာ ဖြစ်ရာ ကျန်းချန်ကို မည်ကဲ့သို့ တောင်းဆိုနိုင်ပါမည်နည်း။

ထို့အပြင် ကျန်းချန်၏ အထောက်အထား အစစ်ကို သူ သိထားပြီးပြီ ဖြစ်သည်။

ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံး ဘေးဒုက္ခ ကြုံတွေ့ရခြင်းသည် ကျန်းချန် မြင်ချင်သည့် အရာသာ ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းချန်က သွေးနတ်ဆိုးဂိုဏ်း အတွက် အဘယ်ကြောင့် ခန်းမထဲမှ တည်ရှိမှုကို နှိမ်နင်းပေးပါမည်နည်း။

ကျန်းချန်က ဝင်ရောက်ကူညီရန် အစီအစဉ် မရှိပုံဖြင့် အေးစက်စက် မျက်နှာထားဖြင့်သာ ရှိနေခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ရှေးဟောင်းနတ်ပစ္စည်း အတွင်းမှ ချိတ်ပိတ်ထားသော ​ကြောက်မက်ဖွယ် တည်ရှိမှု မွေးဖွားလာခြင်းသည် သူနှင့် နတ်ဘုရားနယ်မြေ အတွက် ကောင်းမွန်သောကိစ္စ ဖြစ်သည်။

သူက ရွှယ်ယွင်ထျန်း တို့ကို မတိုက်ခိုက်ဘဲ နံဘေးက ထိုင်ကြည့်နေသည်ကပင် အလွန် မျက်နှာသာပေးထားသည်ဟု ဆို၍ ရနေပြီ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းကို ကူညီနှိမ်နင်းပေးဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

"ကောင်လေး... သွေးနတ်ဆိုးဂိုဏ်းက ရှေးဟောင်းနတ်ပစ္စည်းထဲ ချိတ်ပိတ်ထားတဲ့ အဲဒီ တည်ရှိမှုကို မင်း ကူညီနှိမ်နင်းမှ ဖြစ်မယ်.. အပြင်ကို ထွက်လာခွင့်ပေးလို့ မဖြစ်ဘူး"

ထိုအခိုက်အတန့်မှာပင် အင်မော်တယ် ကျောက်တိုင် ထံမှ လေးနက်သော စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

"စီနီယာ... သွေးနတ်ဆိုးဂိုဏ်းရဲ့ ရှေးဟောင်းနတ်ပစ္စည်းထဲမှာ ချိတ်ပိတ်ထားတဲ့ တည်ရှိမှုက ဘာလဲဆိုတာ စီနီယာ သိလို့လား"

"သိပ်ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှု တစ်ခုပဲ.. စကြဝဠာရဲ့ မူလအစ ဖြစ်တဲ့ အင်မော်တယ်လောကမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်.. သူ့ရဲ့ အထွက်အထိပ် အချိန်က ဆိုရင် မင်းအရင်က တွေ့ဖူးတဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ် ဘုရင်ထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်"

"သွေးနတ်ဆိုးဂိုဏ်းရဲ့ နတ်ပစ္စည်းက အဲဒီလူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကိုပဲ ဖိနှိပ်ထားတာ ဆိုပေမဲ့ သူသာ ပြန်လည် မွေးဖွားလာခဲ့ရင် အင်မော်တယ်လောကမှာ ရှိတဲ့ အနှိုင်းမဲ့ အင်အားကြီးပုဂ္ဂိုလ် တချို့ လွဲလို့ ဒီစကြဝဠာထဲမှာ ဘယ်သူမှ သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"

"အဲဒီအချိန်ကျရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုတည်း ပျက်စီးမှာ မဟုတ်ဘူး.. မင်းရဲ့ နတ်ဘုရားနယ်မြေ အပါအဝင် ပတ်ဝန်းကျင်မှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ စကြဝဠာတွေပါ ပျက်စီးသွားလိမ့်မယ်"

အင်မော်တယ်ကျောက်တိုင်၏ စကားကို ကြားလျှင် ကျန်းချန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ရှေးဟောင်းနတ်ပစ္စည်းထဲ ချိတ်ပိတ်ထားသော အရာက သာမန် မဟုတ်ကြောင်း သူ ခန့်မှန်းထားသော်လည်း ၎င်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ထိုအရာ မွေးဖွားလာပြီးနောက် နတ်ဘုရားနယ်မြေကိုပါ ခြိမ်းခြောက်နိုင်သည် ဆိုလျှင် ကျန်းချန် အနေဖြင့် လျစ်လျူရှု၍ မထားနိုင်ပေ။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ထက် ပို၍ ကြောက်စရာကောင်းသော တည်ရှိမှု တစ်ခုက နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်လာနိုင်သည် ဆိုလျှင် ယင်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ခြိမ်းခြောက်မှုထက် များစွာ ပို၍ ကြောက်စရာ ကောင်းပေလိမ့်မည် မဟုတ်ပါလား။

"ချန်ကျဲ.. အထဲက တည်ရှိမှုကို အရင်ဆုံး နှိမ်နင်းကြရအောင်"

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားပြီး ရွှယ်ချန်ကျဲကို အေးအေးဆေးဆေး ပြောလိုက်ကာ ချက်ချင်းပင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို ခန်းမဆောင် ပတ်ပတ်လည်ရှိ အစီအရင် အတွင်းသို့ ထည့်သွင်းလိုက်သည်။

ကျန်းချန် ကူညီရန် ဆုံးဖြတ်လိုက်သည်ကို မြင်လျှင် ရွှယ်ချန်ကျဲ အံ့အားသင့်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ကျန်းချန်နှင့် ရွှယ်ချန်ကျဲတို့ ပူးပေါင်းလိုက်ခြင်းကြောင့် သွေးရောင်ခန်းမ ပတ်ပတ်လည်ရှိ အစီအရင်သည် ဤအခိုက်အတန့်တွင် များစွာ ပို၍ တည်ငြိမ်သွားခဲ့သည်။

သို့သော်လည်း အားလုံး စိတ်သက်သာရာ မရသေးမီမှာပင် သွေးရောင်ခန်းမ အတွင်းမှ နောက်ထပ် ကြောက်မက်ဖွယ် မိစ္ဆာ အငွေ့အသက်များက ရှေးဟောင်း နတ်ဆိုးနတ်ဘုရား တစ်ပါး ပြန်လည်နိုးထလာသကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး သွေးရောင်ခန်းမ ပတ်ပတ်လည်ရှိ အစီအရင် အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

"ဝုန်း.. ဝုန်း..."

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည့် ကျယ်လောင်သော အသံကြီးသည် ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများသည် သွေးရောင်ခန်းမ ပတ်ပတ်လည်ရှိ အစီအရင်မှ တစ်ဆင့် လွင့်စင် ထွက်လာခဲ့ပြီး ကျန်းချန်နှင့် အခြားသူများ ဆီသို့ ရိုက်ခတ်သွားခဲ့သည်။

"ဖူး.."

ထိုကြောက်စရာကောင်းသော စွမ်းအင်လှိုင်း ရိုက်ခတ်မှုအောက်တွင် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ များစွာသည် သွေးများကို အန်ထုတ်လိုက်ရသည်။

သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ အကြီးအကျယ် ထိခိုက်နေချိန်မှာပင် ချိတ်ပိတ်ခံထားရသော တည်ရှိမှုသည် သွေးရောင်ခန်းမ၏ အစီအရင်က တောင့်မခံနိုင်တော့ကြောင်း အာရုံခံမိသွားပုံရသည်။

၎င်း၏ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များသည် ဧရာမ လက်ဖဝါး တစ်ခု အဖြစ် ပြောင်းလဲသွားကာ နတ်ဆိုး နတ်ဘုရား တစ်ပါး၏ လက်ဖဝါး ကဲ့သို့ သွေးရောင်ခန်းမ အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ခန်းမဆောင် ပတ်ပတ်လည်ရှိ အစီအရင်အကာအကွယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ် ဧရာမ နတ်ဆိုးလက်ဝါးကြီး၏ ထိုးနှက်မှုအောက်တွင် သွေးရောင်ခန်းမ ပတ်ပတ်လည်ရှိ အစီအရင်အကာအကွယ်သည် အဆုံးသတ်တွင် တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့သည်။

အစီအရင် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်စင် ထွက်သွားကြ၏။

ကျန်းချန်တို့ ပင်လျှင် ဟင်းလင်းပြင်ထဲ၌ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။

ကျန်းချန်က သူ၏ ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်၏။

သွေးရောင်ခန်းမကို ကြည့်နေသည့် သူ၏ အကြည့်သည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

"သွားပြီ.. ကြောက်မက်ဖွယ် တည်ရှိမှုက ချိတ်ပိတ်မှုကနေ ဖောက်ထွက်တော့မယ်"

ထိုအခိုက်အတန့်တွင် ရွှယ်ယွင်ထျန်းတို့ လူစု၏ မျက်နှာများက ဖြူဖျော့သွားကြသည်။

ရွှယ်ယွင်ထျန်းသည်ပင် ရှေးဟောင်းနတ်ပစ္စည်း အတွင်း ချိတ်ပိတ်ထားသော အရာက ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါ ခန်းမ၏ အစီအရင်က ပျက်စီးသွားပြီ ဖြစ်ပြီး ခွေးနက်လစားချိန်ကလည်း မကုန်ဆုံးသေးပေ။

ထို့ကြောင့် အားနည်းနေသော ရှေးဟောင်းနတ်ပစ္စည်း၏ ချိတ်ပိတ်မှုသည် ​ကြောက်မက်ဖွယ် တည်ရှိမှု ဖောက်ထွက်လာမည်ကို တားဆီးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ကောင်လေး... ရှေးဟောင်းနတ်ပစ္စည်း ပေါ်လာတာနဲ့ ရောင်စုံကျောက်တုံးကို ချက်ချင်း ထုတ်သုံးလိုက်.. အဲဒါက အထဲက ကြောက်မက်ဖွယ် တည်ရှိမှုကို တခဏလောက်တော့ ဖိနှိပ်ထားနိုင်လိမ့်မယ်"

ကျန်းချန် စဉ်းစားနေစဉ်မှာပင် အင်မော်တယ် ကျောက်တိုင်ထံမှ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၅၆၉) ပြီး၏

အခန်း(၂၅၇၀)

ကျန်းချန် ခဏမျှ မှင်တက်သွားပြီးနောက် ထျန်းယွိ အမွေအနှစ် နယ်မြေမှ သူရရှိခဲ့သည့် ရောင်စုံကျောက်တုံးကို ချက်ချင်း သတိရလိုက်သည်။

သူက လက်ဝါးကို လှုပ်ရှားလိုက်ရာ ထိုရောင်စုံကျောက်တုံးသည် သူ၏ လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာခဲ့၏။

သွေးနတ်ဆိုးဂိုဏ်း၏ ရှေးဟောင်းနတ်ပစ္စည်းထဲမှ ကြောက်မက်ဖွယ် တည်ရှိမှုသည် ကျန်းချန် စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။

သူနှင့် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၊ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် အစီအရင်၏ အကူအညီကို ရယူထားသည့်တိုင် ချိတ်ပိတ်မှု အတွင်းမှ တည်ရှိမှုကို မဖိနှိပ်နိုင်ခဲ့ပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ချိတ်ပိတ်မှုအတွင်းမှ တည်ရှိမှုသာ ပြန်လည် မွေးဖွားလာခဲ့လျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်လာနိုင်မှန်း ခန့်မှန်းနိုင်ပေသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို ကြည့်မည်ဆိုလျှင်ပင် ထိုတည်ရှိမှုကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ဟု သူ စိုးရိမ်မိသည်။

"ဂိုဏ်းတူညီလေး.. ရှေးဟောင်းနတ်ပစ္စည်းထဲမှာ ချိတ်ပိတ်ခံထားရတဲ့ တည်ရှိမှုက ပြန်လည် မွေးဖွားလာတော့မှာ သေချာတယ်.. သွေးနတ်ဆိုးဂိုဏ်းက ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး.. သွေးနတ်ဆိုးဂိုဏ်းဝင် တပည့်တွေကို ဂိုဏ်းထဲကနေ အမြန်ဆုံး ထွက်ခွာခိုင်းလိုက်ပါ"

ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ယွင်ထျန်းက ခေါင်းကို ခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။

ရှေးဟောင်းနတ်ပစ္စည်း အတွင်း ချိတ်ပိတ်ထားသော တည်ရှိမှုသည် သွေးနတ်ဆိုးဂိုဏ်း၏ နှလုံးသားထဲသို့ ထိုးစိုက်ထားသော ထက်မြက်သည့် ဓားတစ်စင်းကဲ့သို့ ဖြစ်နေခဲ့ပြီး အချိန်မရွေး သွေးနတ်ဆိုးဂိုဏ်း အတွက် အန္တရာယ် ဖြစ်စေနိုင်သည်။

သို့သော် ရှေးဟောင်းနတ်ပစ္စည်း၏ အကျိုးသက်ရောက်မှုမှာ အလွန် ကြီးမားလွန်းသည်။

အထဲတွင် ကြောက်မက်ဖွယ် တည်ရှိမှု ချိတ်ပိတ်ခံထားရသည်ကို သိထားသည့်တိုင် သွေးနတ်ဆိုးဂိုဏ်းသည် ရှေးဟောင်းနတ်ပစ္စည်း၏ မက်မောလောက်စရာ အကျိုးကျေးဇူးများကို မတွန်းလှန်နိုင်ခဲ့ကြပေ။

ဤနှစ်များအတွင်း ခွေးနက်လစားခြင်း ဖြစ်ပေါ်တိုင်းတွင် သွေးနတ်ဆိုးဂိုဏ်းသည် ရှေးဟောင်းနတ်ပစ္စည်း အတွင်းမှ ချိတ်ပိတ်ထားသော တည်ရှိမှုကို ဖိနှိပ်ရန် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။

သို့သော်လည်း ခွေးနက်လစားခြင်း ဖြစ်စဥ်က နှစ်ပေါင်းထောင်ချီမှ တစ်ကြိမ်သာ ပေါ်လာလေ့ ရှိသည်။

ထို့အပြင် ရှေးဟောင်းနတ်ပစ္စည်း ထံမှ သွေးနတ်ဆိုးဂိုဏ်း ရရှိခဲ့သည့် အကျိုးကျေးဇူးများသည် ကြောက်မက်ဖွယ် တည်ရှိမှုကို ဖိနှိပ်ရန်အတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးထက် များစွာ သာလွန်ခဲ့၏။

ယင်းကြောင့်လည်း သွေးနတ်ဆိုးဂိုဏ်းသည် ရှေးဟောင်း နတ်ပစ္စည်း ချိတ်ပိတ်မှုအတွင်းရှိ ကြောက်မက်ဖွယ် တည်ရှိမှု အကြောင်း သိရှိထားသည့်တိုင် ယင်းကို ဂိုဏ်း၏ အထွတ်အမြတ် နတ်ပစ္စည်း အဖြစ် သတ်မှတ်ကာ သွေးနတ်ဆိုးဂိုဏ်း၏ တားမြစ်နယ်မြေ အတွင်း ပူဇော်ထားခဲ့ခြင်း ဖြစ်သည်။

ဤမျှ နှစ်ပေါင်းများစွာအတွင်း သွေးနတ်ဆိုးဂိုဏ်းသည် ခွေးနက်လစားခြင်း ဘေးဒုက္ခကို တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ရသော်လည်း ပေးဆပ်မှုတချို့ ပြုလုပ်ပြီးတိုင်းတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူတို့တွင် ထိုကဲ့သို့ ကံကောင်းခြင်းမျိုး မရှိတော့မည်ကို သူ စိုးရိမ်နေမိသည်။

"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ.. အဲဒီ တည်ရှိမှုက ရှေးဟောင်းနတ်ပစ္စည်းရဲ့ ချိတ်ပိတ်မှုကနေ ဖောက်ထွက်ဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ရမှာ သေချာတယ်.. ငါတို့ သွေးနတ်ဆိုးဂိုဏ်းက ဘာလို့ သူ့ကို မဖိနှိပ်နိုင်ရမှာလဲ"

သွေးနတ်ဘုရားက လက်မခံနိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

သွေးနတ်ဘုရားသည် ဆုတ်ခွာရန် အစီအစဉ် မရှိသည်မှာ ထင်ရှားနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် သွေးနတ်ဆိုးဂိုဏ်းသာ ယနေ့ ဆုတ်ခွာခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်းသည် သေချာပေါက် ကျဆင်း သွားတော့မည် ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းကနေ ဖယ်ရှားခံရသည်အထိပင် ဖြစ်သွားနိုင်ကြောင်း သူ ကောင်းစွာ နားလည်ထားသောကြောင့်ပင်။

သွေးနတ်ဘုရားက နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ရွှယ်ယွင်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှေးဟောင်းနတ်ပစ္စည်း အတွင်း ချိတ်ပိတ်ထားသော တည်ရှိမှုသည် မှန်းဆ၍မရနိုင်လောက်အောင် ဆန်းကြယ်ပြီး ယခု ထုတ်ဖော်ပြသနေသော စွမ်းအားသည် မဟာယာနအဆင့် ကျင့်ကြံသူများ၏ စွမ်းအား အဆင့်ကို သိသိသာသာ ကျော်လွန်နေသည် ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။

သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် ဤနေရာမှ ဆုတ်ခွာပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း ထံမှ အကူအညီ တောင်းခံလိုက်လျှင် ထိုတည်ရှိမှုကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။

အကယ်၍ ထိုတည်ရှိမှု နှင့် ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ်ခဲ့လျှင်မူ သွေးနတ်ဆိုးဂိုဏ်းမှာ လုံးဝ ပျောက်ကွယ်သွားရန်သာ ရှိတော့သည်။

ရွှယ်ယွင်ထျန်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ရှေ့မှ သွေးရောင်ခန်းမဆောင်သည် ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရပြီး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။

မကြာမီမှာပင် သုံးပေခန့် မြင့်သည့် အနက်ရောင်ရဲတိုက် တစ်ခုသည် ပေါက်ကွဲသွားသော သွေးရောင်ခန်းမ အတွင်းမှ ပျံထွက်လာခဲ့သည်။

ထိုဆန်းကြယ်သော ရဲတိုက်ကို ကြောက်မက်ဖွယ်ရာ ကောင်းသော မိစ္ဆာ အငွေ့အသက်များက ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ် ဖိအားများသည် ရဲတိုက်ကို ဗဟိုပြု၍ ပတ်ဝန်းကျင် တစ်ခုလုံးကို တစ်ခဏအတွင်း ပြန့်နှံ့သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် မိုင်ပေါင်းသောင်းချီ ဧရိယာအတွင်းရှိ သက်ရှိအားလုံးက တုန်လှုပ်သွားကြသည်။

ကျန်းချန်နှင့် အခြားသူများပင်လျှင် ထိုမိစ္ဆာ အငွေ့အသက်၏ ဖိအားအောက်တွင် အသက်ရှူရ ကျပ်လာသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် လှောင်ရယ်သံ တစ်သံသည် ထိုရဲတိုက် အတွင်းကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား.. နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါ့ရဲ့ လက်တစ်ဖက်က နောက်ဆုံးတော့ ဒီရဲတိုက်ရဲ့ ချိတ်ပိတ်မှုကနေ ဖောက်ထွက်နိုင်တော့မယ်"

"ငါ့ရဲ့ ခန္ဓာကိုယ်က မင်းတို့လို အဆင့်နိမ့် စကြဝဠာက ပုရွက်ဆိတ်တွေကို ဝါးမြိုပြီး ခွန်အားအချို့ ပြန်ရလာတဲ့အခါကျရင် ဒီရဲတိုက်စုတ်ရဲ့ အနှောင်အဖွဲ့တွေကနေ လုံးဝ လွတ်မြောက်နိုင်ပြီ"

"အချိန်ကျလို့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်တာနဲ့ ငါ့ကို ဒုက္ခပေးခဲ့တဲ့ကောင်တွေကို ဆယ်ဆ.. အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်"

ရဲတိုက်အတွင်းမှ လှောင်ရယ်သံ အဆုံးသတ်သွားသည်နှင့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များသည် ဧရာမ ပါးစပ်ကြီးအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရထားသော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆွဲစုပ်လိုက်သည်။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ၎င်းတို့၏ ဝိညာဥ်နှင့် ခန္ဓာကိုယ် အပါအဝင် တစ်ကိုယ်လုံးကို ဧရာမ ပါးစပ်ကြီးက ဝါးမြိုသွားခဲ့၏။

"ကောင်လေး... အမြန်ဆုံး အခွင့်အရေးရှာပြီး တိုက်ခိုက်တော့.. ဒီကောင်က လူတွေကို ဝါးမျိုလေလေ ခွန်အား ပိုပြီး အားကောင်းလာလေလေပဲ.. အထဲကကောင်သာ အပြင်ကို တကယ် ထွက်လာရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်"

ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်က ကျန်းချန်ကို သတိပေးလိုက်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရွှယ်ယွင်ထျန်း နှင့် သွေးနတ်ဘုရား တို့ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"ခင်ဗျားတို့ အဲဒီ ရဲတိုက်ကို ခဏလောက် ထိန်းချုပ်ထားနိုင်မလား"

ရွှယ်ယွင်ထျန်းက ခဏမျှ မှင်တက်သွားသော်လည်း အလျင်မြန် ပြန်ဖြေလိုက်သည်။

"ငါတို့ သွေးနတ်ဆိုးဂိုဏ်းမှာ တားမြစ် ပညာရပ် တစ်ခု ရှိတယ်.. ငါနဲ့ သွေးနတ်ဘုရား ပူးပေါင်းပြီး အဲဒီပညာရပ်ကို အသုံးပြုမယ်ဆိုရင် ရဲတိုက်ကို အသက်နှစ်ရှိုက်စာ သုံးရှိုက်စာလောက်တော့ ထိန်းချုပ်နိုင်လိမ့်မယ် ထင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။

"ခင်ဗျားတို့သာ ရဲတိုက်ကို အသက်နှစ်ရှိုက်စာ သုံးရှိုက်စာလောက် ထိန်းထားနိုင်မယ် ဆိုရင် ခွေးနက်လစားချိန် ကုန်ဆုံးတဲ့အထိ တောင့်ခံထားနိုင်မယ့် နည်းလမ်း ကျုပ်မှာ ရှိတယ်"

"ကောင်းပြီလေ.. ငါတို့ အသက်သုံးရှိူက်စာလောက် အချိန်ရအောင် ရဲတိုက်ကို ထိန်းထားပေးမယ်.. ကျန်တာကိုတော့ မင်းကိုပဲ ပုံအပ်လိုက်မယ်"

ရွှယ်ယွင်ထျန်းက တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

ထိုအချိန်တွင် သွေးနတ်ဘုရားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ရွှယ်ယွင်ထျန်း.. အဲဒီ တားမြစ်ပညာရပ်ကို အသုံးပြုရင် မင်းနဲ့ ငါ ဘယ်လောက်အထိ ပေးဆပ်ရမလဲ ဆိုတာ မင်းကောင်းကောင်း သိမယ် ထင်တယ်"

"အခုချိန်မှာ ပေးဆပ်ရမယ့် တန်ဖိုးက ဘာအရေးကြီးလို့လဲ"

ရွှယ်ယွင်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"တကယ်လို့ ဒီတည်ရှိမှုကိုသာ မဖိနှိပ်နိုင်ခဲ့ရင် ဒီနေ့ သွေးနတ်ဆိုးဂိုဏ်းက ဘယ်လို ဇာတ်သိမ်းသွားမလဲ ဆိုတာကိုပဲ မင်းစဥ်းစားပါ"

ထိုစကားကို ကြားလျှင် သွေးနတ်ဘုရားက ရွေးချယ်စရာ မရှိတော့မှန်း သဘောပေါက်သွားပြီး သက်ပြင်းချကာ ခန္ဓာကိုယ်အတွင်းမှ မဟာယာန နှောင်းပိုင်းအဆင့် အဆီအနှစ် စွမ်းအားများကို ကောင်းကင်ယံအနှံ့ ဖြန့်ကျက်လိုက်သည်။

ရွှယ်ယွင်ထျန်းသည်လည်း သူ၏ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ အဆီအနှစ် စွမ်းအားများသည် သူ၏ လက်ဖဝါးနှစ်ဖက်ကြားမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် ရွှယ်ယွင်ထျန်းသည် လက်ဟန်များကို အဆက်မပြတ် ပြုလုပ်လိုက်ရာ သွေးရောင် အဆီအနှစ် စွမ်းအားများသည် စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် သွေးရောင် သံကြိုး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သွေးနတ်ဘုရားကလည်း ရွှယ်ယွင်ထျန်း နည်းတူ သွေးရောင် သံကြိုး တစ်ခုကို ဖန်တီးလိုက်ပြီး ယင်းသံကြိုးသည် ရွှယ်ယွင်ထျန်း၏ သံကြိုးနှင့် အလျင်အမြန် ပေါင်းစပ်သွားခဲ့သည်။

"သွေးယဇ်ပူဇော်၍ ကောင်းကင် ပိတ်ဆို့ခြင်း"

သွေးရောင် သံကြိုးနှစ်ခု ပေါင်းစပ်သွားသည်နှင့် ရွှယ်ယွင်ထျန်းက အေးစက်စက် အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလို သွေးရောင် သံကြိုးပေါ်ကနေ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တားမြစ်နတ်သံကြိုး အဖြစ် တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ကာ ရဲတိုက်နှင့် ပတ်ဝန်းကျင် မီတာ ထောင်ချီ အတွင်းရှိ နေရာလွတ်ကို ပိတ်ဆို့လိုက်သည်။

"မိတ်ဆွေလေး.. ကျန်တာတော့ မင်းကိုပဲ အားကိုးရတော့မယ်"

ရွှယ်ယွင်ထျန်းသည် ဖြူဖျော့နေသော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ အားအင် ကုန်ခန်းနေသော လေသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

ကျန်းချန်က ရွှယ်ယွင်ထျန်းကို ပြန်မဖြေခဲ့ပေ။

သူက ခြေဖဝါးဖြင့် ဟင်းလင်းပြင်ကို နင်းလိုက်ရာ သူ၏ ပုံရိပ်သည် နေရာမှာပင် တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ရဲတိုက်၏ အပေါ်တည့်တည့်တွင် တိုက်ရိုက် ပေါ်လာခဲ့၏။

ယင်းနောက်တွင် သူက လက်ဖဝါးထဲတွင် အချိန်အတော်ကြာ ကိုင်ထားခဲ့သည့် ရောင်စုံကျောက်တုံးကို အောက်ဘက်ရှိ ရဲတိုက် ဆီသို့ တုံ့ဆိုင်းမနေဘဲ ဖိချလိုက်သည်။

အခန်း(၂၅၇၀) ပြီး၏

All Chapters