← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း ၅၁:အစွမ်းထက်ဆုံး နတ်ဘုရားမီးတောက်လား...

ချင်းချိုးဘိုးဘေး၏ အနည်းငယ် စိုးရိမ်ပူပန်နေသော အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ လမင်းကို ဝန်းရံနေသော ကြယ်များအလား ကျင့်ကြံသူ အုပ်စုတစ်စုက စူးချန်ကဲကို ဝန်းရံထားသည်ကို သူ၏ နတ်ဘုရားစိတ်အာရုံမှတစ်ဆင့် သူ မြင်တွေ့ခဲ့ပြီးဖြစ်သည်။

ဤအချိန်၌ လီဖိုကျွင်းသည် မျက်မှောင်ကြုတ်ကာ လေးနက်သော အမူအရာဖြင့် အစီအစဉ်တကျဖြစ်အောင် ထိန်းသိမ်းနေပြီး တစ်ခါတစ်ရံ အော်ဟစ်နေလေ၏။

"တန်းစီကြ... တန်းစီကြ... ငါ ပြောတယ်လေ မလောကြနဲ့လို့... မင်းတို့ရဲ့ ရတနာတွေကို ပြသကြ... မဟုတ်ဘူး... မင်းတို့ရဲ့ ရိုးသားမှုကို ပြသကြစမ်း... ဆရာကြီးစူးရဲ့ အချိန်က တန်ဖိုးရှိတယ်..."

"တာအိုရောင်းရင်း... ငါ လောနေတာ မဟုတ်ပါဘူး... အရမ်းမှောင်နေတော့ ဘာမှ မမြင်ရဘူးလေ... ငါတို့က ဆရာကြီးစူးရဲ့ မျက်လုံးတွေ ပတ်လည်မှာပဲ ဝိုင်းနေလို့ ရတာကို..."

"ဟုတ်တယ်... ငါတို့ ဘာမှ လုပ်လို့ မရဘူး... ခုဏကပဲ လူမိုက်တစ်ယောက်က ပရမ်းပတာ ဖြစ်နေတဲ့ကြားထဲမှာ ငါ့ရဲ့ ရတနာကို ခိုးဖို့ ကြိုးစားခဲ့သေးတယ်... ငါက မျက်စိလျှင်ပြီး တစ်ခုခု မှားနေတာကို သတိထားမိလို့ တော်သေးတာပေါ့..."

"ငါတို့က နတ်ဘုရား မှော်စာလုံးတွေကိုတောင် လင်းလက်အောင် လုပ်လို့မရဘူး... ဘာမှ လုပ်လို့ မရဘူး..."

အရပ်မျက်နှာအဘက်ဘက်မှ ရှင်းပြချက်များကို ကြားသောအခါ လီဖိုကျွင်းက ပြဿနာကို နားလည်သွားပြီး ချက်ချင်းဆိုသလိုပင် လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါဆို လူတိုင်း အရူးလုပ်မခံရအောင် သတိထားကြ... အရာအားလုံးက မိန်းကလေးထုနဲ့ ငါ့ရဲ့ အသံတွေအပေါ်မှာပဲ မူတည်တယ်... ပြီးတော့... ရိုးသားမှုကို ထိန်းသိမ်းဖို့အတွက် ငါ့လို ဟန်ဆောင်တဲ့သူ ဘယ်သူမဆို... ငါ မမိပါစေနဲ့လို့ ဆုတောင်းထားစမ်း..."

စူးချန်ကဲ ကိုယ်တိုင်ကမူ သူ့ထံသို့ တစ်ကွင်းပြီးတစ်ကွင်း လက်ကမ်းပေးလာသော သိုလှောင်လက်စွပ်များကို တည်ငြိမ်စွာ လက်ခံနေပြီး ထိုအရာများကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပေါ့ပေါ့ပါးပါး စစ်ဆေးကာ တစ်ခါတစ်ရံ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်နေလေ၏။

ထုယိုယိုက သူ၏နံဘေးတွင် ရှိနေပြီး သူမ၏ စီနီယာအစ်ကိုကို အခကြေးငွေ ကောက်ခံရာတွင် ကူညီပေးနေစဉ် သူမ၏မျက်လုံးများက တောက်ပနေကာ တီးတိုးရေရွတ်နေသည်။

"ဝိုး... ပစ္စည်းကောင်းတွေ အများကြီးပဲ... လျှို့ဝှက်နယ်မြေတွေကို ဒီလိုဝင်လို့ရတာလား... ဒီလောက်နဲ့တင် ပျော်စရာကောင်းတဲ့ ပစ္စည်းတွေ အများကြီးဝယ်ဖို့ လုံလောက်တယ်..."

သူတို့သည် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ပစ္စည်းတစ်ခုက လက်ထဲရောက်လာသည်နှင့် သာမန်ဟုတ်မဟုတ်ကို ပြောနိုင်ဆဲပင်။ တချို့သော ပစ္စည်းများက တိတ်ဆိတ်ပြီး မှောင်မိုက်နေသော ညကို ပိုးစုန်းကြူးများအလား မှေးမှိန်စွာ လင်းလက်စေနိုင်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေလေ၏။

ချင်းချိုးဘိုးဘေးကမူ...

ဒါက ဘယ်လိုလုပ် အန္တရာယ်များပြီး ပြောင်းလဲသွားတဲ့ ထင်ယောင်ထင်မှား နယ်ပယ်တစ်ခု မဟုတ်တော့တာလဲ...

ဒါက ရှင်းရှင်းလင်းလင်းကို စည်ကားနေတဲ့ လမ်းဆုံတစ်ခုမှာ လူတစ်ယောက်က ဆိုင်ခန်းတစ်ခုဖွင့်ပြီး လမ်းပြဖို့ အခကြေးငွေ ကောက်နေတဲ့ မြင်ကွင်းတစ်ခုပဲလေ...

ချင်းချိုးဘိုးဘေးသည် ဗဟုသုတ ကြွယ်ဝပြီး ခေတ်အဆက်ဆက် အသက်ရှင်သန်ခဲ့သော်လည်း ဤထူးဆန်းသော မြင်ကွင်းကြောင့် သူ ကြက်သေသေသွားလုနီးပါး ဖြစ်သွားခဲ့သည်။

စူးချန်ကဲက သူ၏ မိစ္ဆာဆန်သော ခွန်အားနှင့် ကျင့်ကြံခြင်းဖြင့် လူအုပ်ကြီးကို အံ့အားသင့်စေပြီး ထင်ပေါ်လာမည်ဟုသာ သူ မျှော်လင့်ထားခဲ့သည်။

"ဆရာကြီး... စိတ်မပူပါနဲ့... တည်ငြိမ်အောင် နေပါ... ကျွန်တော်က အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာပါ...ဒါက မလိုအပ်တဲ့ ယှဉ်ပြိုင်မှုနဲ့ အန္တရာယ်တွေကို ဖယ်ရှားပြီးတော့ နောက်ဆက်တွဲ လုပ်ဆောင်မှုတွေအတွက် အမြင့်ဆုံး စွမ်းဆောင်ရည်ကို သေချာစေတဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုကို လုပ်ဆောင်နေတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေတဲ့အချိန်မှာ ညီညွတ်မှုမရှိတာက အကြီးမားဆုံး ပြောင်းလဲနိုင်တဲ့ အရာတစ်ခုပဲလေ..."

စူးချန်ကဲက ချင်းချိုးဘိုးဘေး၏ နတ်ဘုရားစိတ်အာရုံကို ကြားလိုက်ရသော်လည်း သူ၏ အမူအရာမှာ ပြောင်းလဲမသွားဘဲ သူ၏ နှလုံးခုန်နှုန်းမှာလည်း တည်ငြိမ်နေလေ၏။ ရှားပါးသော စိတ်ဝိညာဉ်ဆေးပင်တချို့ ပါဝင်သည့် နောက်ဆုံးရရှိထားသော လက်စွပ်ကို သူ၏ အင်္ကျီလက်ထဲသို့ ထည့်လိုက်ရင်း သူ၏စိတ်ထဲမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ချင်းချိုးဘိုးဘေး၏ နတ်ဘုရားစိတ်အာရုံသည် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားပေ၏။

အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာလား...

အရင်းအမြစ်တွေကို ပေါင်းစပ်နေတာလား...

ဒါက အခြေအနေကို အခွင့်ကောင်းယူနေတာ မဟုတ်ဘူးလား...

ပြီးတော့ အဲ့ဒါကို ဒီလောက်တောင် အပြောကောင်းနေသေးတယ်...

သို့ရာတွင် သူ သေသေချာချာ စဉ်းစားကြည့်သောအခါ အမှန်တကယ်ကို အဓိပ္ပာယ်ရှိနေသည့်အလားပင်။

စူးချန်ကဲက ကောင်းမွန်သော လုပ်ရပ်တစ်ခုကို အမှန်တကယ် လုပ်ဆောင်နေခြင်းဖြစ်သည်။ အကယ်၍ သူသာ မကူညီပါက ဤကျင့်ကြံသူ ဆယ်ယောက်တွင် ကိုးယောက်က ဤအမှောင်ဟင်းလင်းပြင်မှ ထွက်ခွာနိုင်မည် မဟုတ်ချေ။

"ဟုတ်ပြီ ဆရာကြီး... ခင်ဗျား ဘာလို့ ထပ်ထွက်လာတာလဲ... ခင်ဗျားရဲ့ သင်္ချိုင်းမှာ စကားပြောကြမယ်လို့ ငါတို့ သဘောတူထားတာ မဟုတ်ဘူးလား... တစ်ခုခု ဖြစ်လို့လား..."

အခြေအနေကို သဘောပေါက်ပြီးနောက် စူးချန်ကဲက နတ်ဘုရားစိတ်အာရုံဖြင့် မေးမြန်းလိုက်ရာ သူ၏အမူအရာမှာ သူ ကြိုတင်မျှော်လင့်ထားသည့်အလား တည်ငြိမ်နေသည်။

အပျက်အစီးနယ်မြေထဲတွင် ကံကြမ္မာသမီးတော် တစ်ယောက် ရှိနေသဖြင့် ပြောင်းလဲနိုင်သော အခြေအနေတချို့ မည်သို့ မရှိဘဲ နေမည်နည်း...

"ဒါက အရေးပေါ်ပါ... ငါ ဖိနှိပ်ထားတဲ့ နယ်ခြားနတ်ဘုရားမျိုးနွယ်စု ကျွမ်းကျင်သူရဲ့ အကြွင်းအကျန်စိတ်ဆန္ဒက ဒီလောက်တောင် ခေါင်းမာလိမ့်မယ်လို့ ငါတောင် မမျှော်လင့်ထားခဲ့ဘူး... ငါ မသေခင်တုန်းက သူ့ကို နှစ်တစ်သောင်းကြာ သန့်စင်ဖို့အတွက် နတ်ဘုရား မြေခွေး ကောင်းကင်နက်နဲသိမ်မွေ့ဝင်္ကပါကို ငါ ခင်းကျင်းခဲ့ပေမဲ့ သူ့ကို အမြစ်ပြတ်ဖယ်ရှားပစ်ဖို့ ငါ ကျရှုံးခဲ့တယ်... အဲ့ဒီအကြွင်းအကျန်စိတ်ဆန္ဒက သူ့မျိုးနွယ်စုရဲ့ မျိုးဆက်တွေနဲ့ ဆက်သွယ်ပြီးပြီ... ငါ ခင်းကျင်းခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုက ဒီလောက်ထိ မခက်ခဲဘူး... တကယ်လို့ အဲ့ဒီ အကြွင်းအကျန်စိတ်ဆန္ဒသာ နိုးမလာဘဲနဲ့ ဒီအမှောင်ဟင်းလင်းပြင်ရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ ငါ့ကို အတင်းအကြပ် မလုပ်ခဲ့ဘူးဆိုရင် မင်းတို့ အခုလောက်ဆို ထွက်သွားနိုင်လောက်ပြီ... အခု သူနဲ့ ငါက ဒီအပျက်အစီးနယ်မြေတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်နေကြတယ်... သေချာတာကတော့ လောလောဆယ် အားသာချက်က ငါ့ဆီမှာ ရှိပါတယ်..."

ချင်းချိုးဘိုးဘေးက ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး အလွန်အမင်း တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

ဤအရာကို ကြားသောအခါ စူးချန်ကဲက မျက်မှောင်မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

"ဒါက ခင်ဗျား ဖန်တီးခဲ့တဲ့ ဟင်းလင်းပြင် မဟုတ်ဘူးလား... သူက အဲ့ဒါကို ဘယ်လို ခိုးယူနိုင်မှာလဲ..."

ခင်ဗျားမှာ အားသာချက် ရှိနေပါလျက်နဲ့ သူက ထိန်းချုပ်မှုကို ခိုးယူနိုင်သေးတယ်ပေါ့...

တစ်ချိန်တည်းမှာပင် နယ်ခြားနတ်ဘုရားမျိုးနွယ်စု နှင့် ပတ်သက်သော မှတ်ဉာဏ်များက သူ၏စိတ် နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာခဲ့သည်။

သူသည် နတ်ဘုရားမျိုးနွယ်စုနှင့် အလွန်ရင်းနှီးပုံရသည်။

ဤနယ်ခြားနတ်ဘုရားမျိုးနွယ်စုဝင်များမှာ နှောင်းပိုင်းကျင့်ကြံသူများမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးမှ ပြုစုပျိုးထောင်ပေးထားသော ဖရိုဖရဲအစပြုချိန်ကတည်းက မွေးဖွားလာသည့် မွေးရာပါ စိတ်ဝိညာဉ်များ ဖြစ်ကြသည်။

ထိုသူတို့၏သွေးမျိုးဆက်များမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး တူညီသော ကျင့်ကြံဆင့်နယ်ပယ်တွင် သူတို့၏တိုက်ခိုက်ရေး ခွန်အားမှာ လူသားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုများထက် များစွာသာလွန်သည်။

နတ်ဘုရားမျိုးနွယ်စုသည် ကမ္ဘာအသင်္ချေရှိ သက်ရှိများအားလုံးကို ပုရွက်ဆိတ်များအဖြစ် ရှုမြင်ကြ၏။ သူတို့သည် ကမ္ဘာများ၏ ပိုးမွှားများကို သန့်စင်ရန်ဟူသော အပေါ်ယံ အကြောင်းပြချက်ဖြင့် ကောင်းကင်တာအို ကိုယ်စား လုပ်ဆောင်သည်ဟု ဆိုကြသော်လည်း လက်တွေ့တွင်မူ သူတို့ သန်မာလာစေရန် မျိုးနွယ်စုအားလုံးရှိ သက်ရှိများကို ဝါးမျိုကြသည်။ ထို့ကြောင့် ကောင်းကင်နှင့်ကမ္ဘာအသင်္ချေအားလုံးတွင် မျိုးနွယ်စုအားလုံးနှင့် နတ်ဘုရားမျိုးနွယ်စုတို့သည် ပြန်လည် သင့်မြတ်၍မရနိုင်လောက်အောင် ဆန့်ကျင်ဘက် ဖြစ်နေကြပြီး အသေအကြေတိုက်ပွဲများတွင်သာ ဆုံတွေ့ကြသည်။

လောကကြီးမှကျင့်ကြံသူများ ပို၍အစွမ်းထက်လေလေ နတ်ဘုရားမျိုးနွယ်စုကို ဆန့်ကျင်သည့် တိုက်ပွဲက ပို၍ပြင်းထန်လေလေပင်။ သူ၏ စူးမိသားစုသည် နတ်ဘုရားမျိုးနွယ်စုနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး တိုက်ပွဲတချို့တွင် အနိုင်ရကာ တချို့တွင် ရှုံးနိမ့်ခဲ့လေသည်။ စူးမိသားစုက အလွန် ဂုဏ်ယူဝင့်ကြွားသည့် ပါရမီရှင်နှင့် သူ့ကို အောက်ဘုံသို့ နှင်ထုတ်ခံရခြင်း၏ အရင်းအမြစ်လည်း ဖြစ်သော သူ၏ မွန်းစတားဆန်သော အစ်ကိုကြီးသည် တစ်ချိန်က နတ်ဘုရားမျိုးနွယ်စု တော်ဝင်မိသားစု နတ်ဘုရားသားတော်တစ်ဦးနှင့် အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးမှသာ ရှုံးနိမ့်ခဲ့သည်။ ထိုအရာကပင်လျှင် စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ခဲ့သည်။

နယ်ခြားနတ်ဘုရားမျိုးနွယ်စုကြားရှိ သာမန်အဆန်ဆုံး သွေးမျိုးဆက်ပင်လျှင် တူညီသော နယ်ပယ်ရှိ လူသားမျိုးနွယ်စုထက် များစွာပို၍ အစွမ်းထက်သည်။ ထို့ပြင် ထိုသူများ၏ အသက်စွမ်းအား ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းအားတို့မှာ တခြားမျိုးနွယ်စုများနှင့် တူညီသော အဆင့်တွင် မရှိကြောင်းကို သိထားရပေမည်။

"မိတ်ဆွေလေး... မင်း ဒါကို မသိလောက်ဘူး... ငါက ငါ့ရဲ့အထွတ်အထိပ်တုန်းက သူတော်စင်နယ်ပယ်မှာ ရှိနေပြီးတော့ ဟင်းလင်းပြင်တစ်ခုကို ဖန်တီးနိုင်ပေမဲ့ အဲ့ဒါကို ကောင်းကင်နဲ့မြေကြီးမှာ ထာဝရ တည်ရှိနေအောင်တော့ မလုပ်နိုင်ဘူး... ဒါကြောင့် ဒီနေရာက ငါ ဖန်တီးခဲ့တာ မဟုတ်ဘဲ ကောင်းကင်နဲ့မြေကြီးက သဘာဝအတိုင်း ဖန်တီးပေးထားတဲ့ ကောင်းကင်လှိုဏ်ဂူတစ်ခုပါ..."

ချင်းချိုးဘိုးဘေးက အလျင်အမြန် ရှင်းပြလိုက်ပြီးနောက် စိုးရိမ်ပူပန်တကြီး ဆက်ပြောလိုက်၏။

"ငါ အပျက်အစီးနယ်မြေကို ဖွင့်လိုက်တဲ့အချိန်မှာ အဲ့ဒီလူယုတ်မာက သူရဲ့မျိုးဆက်တစ်ယောက်ကို အထဲပို့ဖို့ သူ့ရဲ့မျိုးနွယ်စုကတစ်ဆင့် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နတ်ဘုရား နည်းစနစ်တစ်ခုကို အသုံးပြုလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ဒီအမှောင်ဟင်းလင်းပြင်ကို အားကောင်းစေတာက သူ့ကို ဒီထင်ယောင်ထင်မှားထဲမှာ ပိတ်လှောင်ထားဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ အဲ့ဒါက ယာယီပဲ... တကယ်လို့ အဲ့ဒီလူယုတ်မာရဲ့ မျိုးဆက်သာ လွတ်မြောက်သွားရင် အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

"သောက်ကျိုးနည်း..."

"အဲ့ဒီလူယုတ်မာက သူ့ရဲ့ မျိုးဆက် လွတ်မြောက်အောင် ကူညီပေးဖို့ ကြိုးစားနေတယ်..."

"မင်းနဲ့ ဆက်သွယ်ဖို့ ငါ့ရဲ့ အာရုံစူးစိုက်မှုကို ငါ ထပ်ပြီးမပေးနိုင်တော့ဘူး... နတ်ဘုရားမျိုးနွယ်စုရဲ့ စွမ်းအားက အောက်ဘုံက လူသားမျိုးနွယ်စု ယှဉ်ပြိုင်နိုင်တာထက် အများကြီး သာလွန်တယ်... မိတ်ဆွေလေး... ငါ့ရဲ့ မျိုးဆက်ကို မြန်မြန်ခေါ်ပြီး ထွက်သွားပါ... ဒီနေရာရဲ့ ဆုံမှတ်တွေမှာ ဟင်းလင်းပြင်တံခါးတစ်ခုကို ငါ ဖွင့်ထားတယ်... ပြီးတော့ ဆုံမှတ်တွေကို မင်းရဲ့ စိတ်ထဲမှာ ငါ ချန်ထားပေးခဲ့မယ်..."

စူးချန်ကဲကို သူ အထင်ကြီးသော်လည်း အကယ်၍ ထိုလူငယ်လေး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ထားသည်မှာ သတ်ဖြတ်ခြင်းလမ်းစဉ် တစ်ခုခု မဟုတ်ဘဲ လက်ဖက်ရည်တာအို ဖြစ်နေသည်။ ထိုကြောင့် တစ်ဖက်လူသည် ထိုလူယုတ်မာ၏မျိုးဆက်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ချေ။ ချက်ချင်းပင် ချင်းချိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဆန္ဒ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"ဒီဟင်းလင်းပြင်ဆုံမှတ်တွေက..."

စူးချန်ကဲသည် ထိုအရာများကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရပြီး မပြည့်စုံသော ရှေးဟောင်းမြေပုံ အပိုင်းအစလေးခုကို ချက်ချင်းထုတ်ယူကာ ပေါင်းစပ်လိုက်၏။

ဤသည်က ရှေးဟောင်း ဝင်္ကပါပုံစံ တစ်ခုသာမကဘဲ မြေပုံတစ်ခုလည်း ပါဝင်နေပြီး ခရီးပန်းတိုင်သည် ဟင်းလင်းပြင်ဆုံမှတ်များမှ ညွှန်ပြနေသော နေရာအတိအကျဖြစ်နေသည်အား သူ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။

"တကယ်လို့ ငါသာ မရှိရင် ထုယိုယိုက ဒီမပြည့်စုံတဲ့မြေပုံကို ယူပြီး အသက်ရှင်ဖို့ လမ်းကြောင်းကို ရှာတွေ့ပြီးတော့ နောက်ဆုံးမှာ လွတ်မြောက်သွားမှာပဲ... ဇာတ်ကွက်က ဒီလို ဖြစ်သင့်တာ..." စူးချန်ကဲက မြေပုံစာရွက်များကို သိမ်းဆည်းရင်း တွေးတောလိုက်၏။

ထိုအချိန်မှာပင် အနီးအနားရှိ ထုယိုယိုက မပြည့်စုံသော မြေပုံအပိုင်းအစလေးခုကို မြင်တွေ့လိုက်ရပြီး စူးချန်ကဲ၏အနီးသို့ စိတ်လှုပ်ရှားစွာ တိုးကပ်လာကာ မေးလိုက်သည်။

"စီနီယာအစ်ကို... အစ်ကို တစ်ခုခု ရှာတွေ့ခဲ့တာလား... အဲ့ဒါ ရတနာလား..."

စူးချန်ကဲက သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး စနစ်၏အသံက ပဲ့တင်ထပ်သွားသည်။

【ဒင်... နှလုံးသား နွေးထွေးတဲ့ စီနီယာအစ်ကို အရန်တာဝန် ထွက်ပေါ်လာပါပြီ ...မူလ ဇာတ်လမ်းကြောင်းအရဆိုရင် ကံကြမ္မာသမီးတော် ဂျူနီယာညီမလေး ထုယိုယိုက အကြွင်းအကျန်တွေကို ရယူပြီး နတ်ဆိုးမျိုးနွယ်စုဆီ ပြန်ယူသွားဖို့ ရည်ရွယ်ချက်နဲ့ ချင်းချိုး ဒုတိယမျိုးဆက်ဘိုးဘေးရဲ့ အပျက်အစီးထဲကို ဝင်ရောက်ခဲ့ပါတယ်... ဒါပေမဲ့ ကံကြမ္မာသမီးတော်ရဲ့အရှိန်အဝါအောက်မှာ ကောင်းကင်ရဲ့ အလိုဆန္ဒက ထုယိုယိုကို နယ်ခြားနတ်ဘုရားမျိုးနွယ်စု ရဲ့ မျိုးဆက်ဖြစ်တဲ့ ဟော့ရွှမ်နဲ့ သူ့ရဲ့ နောက်လိုက်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပါတယ်...မူလ ဒုတိယမျိုးဆက်ဘိုးဘေးက နတ်ဘုရားမြေခွေး ကောင်းကင်နက်နဲသိမ်မွေ့ဝင်္ကပါ ကို အသုံးပြုပြီး ဟော့ရွှမ်လို့ အမည်ရတဲ့ နတ်ဘုရားမျိုးနွယ်စု ကျွမ်းကျင်သူကို ပိတ်လှောင်ဖိနှိပ်ဖို့အတွက် သူ့ရဲ့အသက်နဲ့ လဲလှယ်ခဲ့တယ်... အပျက်အစီးနယ်မြေတစ်ခုလုံးက ချက်ချင်း ပရမ်းပတာ အခြေအနေထဲကို ကျရောက်သွားပြီး တဖြည်းဖြည်း စမ်းသပ်မှု တစ်ခုကနေ လူသားမျိုးနွယ်စုအပေါ် နတ်ဘုရားမျိုးနွယ်စုရဲ့ အမဲလိုက်မှု တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်... ကံကြမ္မာသမီးတော် ထုယိုယိုက အန္တရာယ်များစွာကနေ လွတ်မြောက်ခဲ့ပေမဲ့ အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်... သူက ဒုတိယမျိုးဆက်ဘိုးဘေးရဲ့ အကြွင်းအကျန်စိတ်ဆန္ဒ အကူအညီနဲ့ ချင်းချိုးမြင့်မြတ်ရတနာကို ရရှိခဲ့ပြီးတော့ မြေပုံတစ်ခုကို အသုံးပြုပြီး အပျက်အစီးထဲက မလွတ်မြောက်ခင် နဂါးအသွင်ပြောင်းခြင်း ရေကန်ရဲ့ တစ်စိတ်တစ်ပိုင်းကို သန့်စင်နိုင်ခဲ့တယ်... ဒါပေမဲ့ ဒုတိယမျိုးဆက်ဘိုးဘေးရဲ့ အကြွင်းအကျန်တွေကတော့ နတ်ဘုရားမျိုးနွယ်စုရဲ့ ဖျက်ဆီးတာကို ခံခဲ့ရတယ်... အပျက်အစီး မပြိုကျခင် နောက်ဆုံးအချိန်လေးမှာ လူအနည်းငယ်လောက်ပဲ လွတ်မြောက်နိုင်ခဲ့တယ်...】

【ကျေးဇူးပြုပြီး လက်ခံသူက အစက မဖြစ်နိုင်တဲ့ ကာလကြာရှည်စွာ တောင့်တခဲ့တဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးရင်း ဒုတိယမျိုးဆက်ဘိုးဘေးရဲ့ အကြွင်းအကျန်တွေကို ရယူတဲ့နေရာမှာ မင်းရဲ့ ဂျူနီယာညီမလေးကို ကူညီပေးပါ... ဆုလာဘ် - ဖရိုဖရဲ နတ်ဘုရားမီးတောက် (နတ်ဘုရားမီးတောက်နယ်ပယ်မှာ အစွမ်းအထက်ဆုံး နတ်ဘုရားမီးတောက်...)】

ဆုလာဘ်ကို ကြားသောအခါ စူးချန်ကဲ၏ မျက်လုံးများ တောက်ပသွားသည်။

အစွမ်းအထက်ဆုံး နတ်ဘုရားမီးတောက်လား...

ကောင်းတဲ့အရာပဲ...

အခန်း ၅၂ - ငါက မြန်တာနဲ့ နာမည်ကြီးတယ်လေ..

"နတ်ဘုရားမျိုးနွယ်စုဝင် ဟော့ရွှမ်လား..."

"သူက သာမန်နတ်ဘုရားမျိုးနွယ်စုဝင် တစ်ယောက်လား ဒါမှမဟုတ် တော်ဝင်မိသားစုဝင်လား ပြီးတော့ သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲဆိုတာ ငါ သိချင်တယ်..."

စူးချန်ကဲက သူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။ ရိုးရိုးသားသား ပြောရလျှင် ယခုအချိန်၌ အစွမ်းကုန် အသုံးပြုပါက သူ တိတိကျကျ မည်မျှထိ အစွမ်းထက်မည် သို့မဟုတ် သူ၏ အဆောင်လက်ဖွဲ့တာအို အထွတ်အထိပ်အဆင့်က မည်သည့်အဆင့်ကို သတ်ဖြတ်နိုင်မည်အား သူ မသေချာချေ။

ဤနတ်ဘုရားမျိုးနွယ်စုမျိုးဆက်ကို လေ့ကျင့်ရေး ပွဲစဉ်တစ်ခုအတွက် သူ အသုံးပြုချင်နေသဖြင့် အနည်းငယ် စိတ်ဂဏာမငြိမ် ဖြစ်နေလေ၏။

"စီနီယာအစ်ကို..."

စူးချန်ကဲ ပြန်မဖြေသောအခါ ထုယိုယိုက နှုတ်ခမ်းဆူလျက် ခေါ်လိုက်သည်။

စူးချန်ကဲက ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။

"အဟမ်း... တောင်းပန်ပါတယ်... ငါ စိတ်လွင့်သွားလို့..."

"အဲ့ဒါက ဘာလဲ..."

ထုယိုယို ထိတ်လန့်သွားခဲ့သည်။

"ဒါက..."

စူးချန်ကဲက ရှင်းပြရန် ဟန်ပြင်လိုက်၏။

ရုတ်တရက် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသော အမှောင်ထုက ပျစ်နှစ်နေသော မှင်ကို အရည်ကျဲသွားအောင် လုပ်လိုက်သည့်အလား တိတ်ဆိတ်စွာ နောက်ဆုတ်သွားခဲ့သည်။

အရာအားလုံးကို ဝါးမျိုထားသော သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုမှာ ကျိုးပျက်သွားခဲ့သည်။ အမြင်အာရုံမှာ ဝေဝါးနေဆဲ ဖြစ်သော်လည်း အနီးအနားရှိ ပုံရိပ်များ၏ ကောက်ကြောင်းများကို သူတို့ ခက်ခက်ခဲခဲ မြင်နိုင်ပြီး သူတို့၏ ဖိနှိပ်ခံထားရသော နတ်ဘုရားအာရုံသည်ပင် ကိုက်အနည်းငယ်အထိ ထုတ်လွှတ်နိုင်ရန် နောက်ဆုံးတွင် ရုန်းကန်နိုင်ခဲ့လေ၏။

"ငါ မြင်ရပြီ... ငါ မြင်ရပြီ..."

"နတ်ဘုရားစိတ်အာရုံ... နတ်ဘုရားစိတ်အာရုံကို အခု သုံးလို့ရပြီ..."

"ထင်ယောင်ထင်မှားဝင်္ကပါက အားနည်းလာပြီ... ငါတို့ ကယ်တင်ခံရပြီ..."

"ဟား ဟား ဟား... ကောင်းကင်ဘုံက ထွက်ပေါက်အားလုံးကို ဘယ်တော့မှ မပိတ်ထားပါဘူး..."

ဤရုတ်တရက် အပြောင်းအလဲက ထိုမြေခွေးအိုကြီး ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း စူးချန်ကဲကို သဘောပေါက်သွားစေခဲ့သည်။

အားသာချက်က ခင်ဗျားဆီမှာ ရှိတယ်ဆိုတာ ဘာဖြစ်သွားတာလဲ...

အဲ့ဒါပဲလား...

ဤအချိန်၌ အနေရခက်နေဆုံး လူများမှာ လီဖိုကျွင်းနှင့်သူ့ထံသို့ သိုလှောင်လက်စွပ်များကို ယခုလေးတင် ပေးအပ်ခဲ့သော လူတချို့ပင်။

နှစ်ဖက်လုံးက အေးခဲတောင့်တင်းသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ ထိုသူတို့၏မျက်လုံးများထဲရှိ နောင်တရခြင်း၏ ရှုပ်ထွေးသော စိတ်ခံစားမှုများကို လီဖိုကျွင်းက ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

လီဖိုကျွင်းသည် အလွန်လိမ္မာပါးနပ်သူတစ်ယောက်ပင်။ သူက သူ ရရှိထားသော 'ရိုးသားမှု လက်ဆောင်များ' ကို အလျင်အမြန် ရေတွက်လိုက်ပြီး စူးချန်ကဲထံသို့ ရိုသေလေးစားစွာ ပေးအပ်လိုက်၏။

"တာအိုရောင်းရင်းစူး... ကြည့်ပါဦး... ဒါက ငါတို့အပေါင်းအဖော်တွေအားလုံးရဲ့ ရိုးသားတဲ့ စိတ်နှလုံးသားပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ..."

စူးချန်ကဲကမူ တည်ငြိမ်နေပုံရသည်။ သူ၏ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ခြင်းဖြင့် လူတိုင်း၏ စုဆောင်းငွေများ ပါဝင်သော သိုလှောင်လက်စွပ် ဆယ်ပေါင်းများစွာကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ချောမွေ့စွာ သိမ်းဆည်းလိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ ဘဝတစ်သက်တာ စုဆောင်းငွေများကို ယခုလေးတင် အန်ထုတ်ပေးခဲ့ရသော ကျင့်ကြံသူများသည် သူတို့၏နှလုံးသားများ သွေးထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူတို့၏ အံသွားများ ကျိုးကြေလုနီးပါး ဖြစ်သွားခဲ့သည်။

သို့ရာတွင် စူးချန်ကဲက ရွှီယွီကို ရိုက်နှက်စဉ်က သူ ပြသခဲ့သော ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သူတို့ ပြန်လည်အမှတ်ရမိသည်။ ထိုကြောင့် သူတို့၏ မလိုလားမှုနှင့် ဒေါသများအားလုံးမှာ နက်ရှိုင်းသော စွမ်းအားမဲ့မှု ခံစားချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဉာဏ်ကောင်းသူတချို့က သူတို့၏ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေခဲ့သည်။ သူတို့သည် ရင်းနှီးမြှုပ်နှံပြီးပြီဖြစ်ရာ လမ်းတစ်ဝက်တွင် အရှုံးမပေးနိုင်တော့ချေ။ သူတို့က စူးချန်ကဲဆီသို့ ပြတ်သားစွာ ဦးညွှတ်လိုက်ပြီး သူတို့၏ အသံများတွင် လေးစားမှု အရိပ်အယောင်တစ်ခု ပါဝင်နေကာ ပြောဆိုလိုက်၏။

"ဆရာကြီးစူး... ကျေးဇူးပြုပြီး... အနာဂတ်မှာ ငါတို့ကို စောင့်ရှောက်ပေးပါ..."

မလှမ်းမကမ်းတွင် သတိလစ်နေသော ရွှီယွီ ဦးဆောင်သည့် အဖွဲ့ငယ်လေးက ဤအခြေအနေကို မြင်သောအခါ ဖုံးကွယ်မထားနိုင်ဘဲ တခြားသူများ ဒုက္ခရောက်သည်ကို ဝမ်းသာမှုအား ပြသလိုက်ကြသည်။

"ဟား ဟား ဟား... ဒီအဖိုးကြီးက စိတ်အေးအေးထားနိုင်ခဲ့လို့ တော်သေးတာပေါ့..."

"သူတို့က ကြက်ကို ခိုးဖို့ ကြိုးစားခဲ့ပေမဲ့ ဆန်တွေ ဆုံးရှုံးသွားတယ်... ဘယ်လို ဟာသမျိုးလဲ..."

"သူတို့ကို စောင့်ရှောက်ပေးမယ်... လျှို့ဝှက်နယ်မြေထဲမှာ လူတိုင်းက ကိုယ့်စွမ်းရည်ကိုပဲ ကိုယ်အားကိုးရတာလေ... စူးချန်ကဲက သူရလာတဲ့ ကောင်းကင်နဲ့မြေကြီးရတနာတွေကို သူတို့နဲ့ ဝေမျှမယ်လို့ ထင်နေတာလား..."

"ကြည့်မနေကြနဲ့တော့... သွားကြစို့... ငါတို့ တတ်နိုင်တုန်း တာအိုသီလရှင်ကို ဒီပြဿနာများတဲ့ နေရာကနေ ခေါ်သွားကြမယ်...လက်ဦးမှုကို ရယူဖို့က အရေးကြီးဆုံးပဲ..."

ထိုလူများသည် ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ သတိလစ်နေသော ရွှီယွီကို ကူညီ၍ မလိုက်ကြကာ တဖြည်းဖြည်း ရှင်းလင်းလာသော ကျောက်တံတား၏နက်ရှိုင်းသော နေရာဆီသို့ ပထမဆုံး အပြေးအလွှား သွားကြလေ၏။

ထိုလူတို့၏ လုပ်ရပ်များက တခြားသူများထံမှ တုံ့ပြန်မှုတစ်ခုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။ သူတို့၏ ဆုံးရှုံးမှုများအတွက် ဝမ်းနည်းပူဆွေးနေဆဲဖြစ်သော ကျင့်ကြံသူအများအပြားမှာ ရုတ်တရက် နိုးကြားလာကြပြီး သူတို့သည် အများကြီး ဆုံးရှုံးခဲ့ပြီးပြီဖြစ်ရာ နောက်ကောက်ကျန်ခဲ့၍ မရနိုင်တော့ကြောင်း နားလည်သဘောပေါက်သွားကြသည်။

"တာအိုရောင်းရင်း... ငါတို့ကရော..."

လီဖိုကျွင်း၏မျက်လုံးများတွင် လေးစားမှုများဖြင့် ပြည့်နှက်နေကာ စူးချန်ကဲကို ကြည့်လိုက်၏။

"သွားကြရအောင်..."

စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ပတ်ကြည့်ရှုနေသော ထုယိုယိုကို ကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်း လိုက်မလာဘူးလား... မင်းက ရတနာတွေကို လိုချင်တယ်ဆို..."

"လာပြီ... လာပြီ..."

ဤစကားကို ကြားသောအခါ ထုယိုယို၏မီးခိုးပြာရောင် မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့ပြီး အထူးသဖြင့် ရတနာများအကြောင်း ပြောလိုက်ချိန်တွင်ဖြစ်သည်။

အမှောင်ထုကြီး လုံးလုံးလျားလျား နောက်ဆုတ်သွားသောအခါ...

ရှေးဟောင်းဆန်ပြီး ကျယ်ပြန့်သော သစ်တောကြီးတစ်ခုက လူတိုင်း၏မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

မိုးထိအောင် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများက မြေကြီးထဲမှ ပေါက်ရောက်နေပြီး ထိုအပင်များ၏ အကိုင်းအခက်များနှင့် အရွက်များက ကောင်းကင်နှင့်နေရောင်ကို ဖုံးကွယ်ထားသည်။

"ဝိုး... ဒီလောက်တောင် ပေါကြွယ်ဝတဲ့ ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်ချီတွေ..."

"အစ်ကိုကြီး... ဒါက ဘယ်နေရာမှာ ပေါကြွယ်ဝနေလို့လဲ... အပြင်ကမ္ဘာနဲ့ အတူတူပဲလေ... ဘာလို့ အော်နေတာလဲ..."

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... အခွင့်အရေးတွေကို ရှာ... မြန်မြန်... မြန်မြန်..."

စူးချန်ကဲနှင့် သူ၏အဖွဲ့သည် ရှေးဟောင်း သစ်တောကြီးထဲသို့ ဝင်ရောက်ပြီးနောက် သူက သူ၏နံဘေးရှိ ထုယိုယိုကို ပြောဆိုလိုက်၏။

"အခုကစပြီး မင်းက လမ်းပြ... မင်း သွားဆိုတဲ့ နေရာကို ငါတို့ သွားမယ်..."

"..."

လီဖိုကျွင်း ဆွံ့အသွားသည်။

'ဆရာကြီးစူး... ကောင်းကင်လှိုဏ်ဂူနယ်ပယ် ကျင့်ကြံသူတစ်ယောက်က လမ်းပြမယ်ဆိုတာ... သေချာရဲ့လား...'

"ကျွန်မလား..."

ထုယိုယိုကလည်း နားမလည်နိုင်စွာဖြင့် သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်၏။

"ဟုတ်တယ်..."

စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။

ထုယိုယိုက ချက်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလေသည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည် သူမ၏ကိုယ်ပိုင်ဗီဇများကို လိုက်နာချင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

အချိန်တခဏအကြာတွင်...

သူတို့အဖွဲ့သည် သေဆုံးသွားသည့် ကျင့်ကြံသူ တစ်ဦး၏ အတော်အသင့် တန်ဖိုးရှိသော အကြွင်းအကျန်များကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ကြ၏။ ထုယိုယိုက ကောင်းကင်လှိုဏ်ဂူနယ်ပယ်ကို ခိုင်မာစေနိုင်သော ဆေးလုံး တစ်လုံးကို မတော်တဆ ရရှိခဲ့ပြီး စူးချန်ကဲကမူ ကောင်းကင်အဆင့် ဝင်္ကပါဖွဲ့စည်းခြင်း လက်စွဲစာအုပ်တစ်အုပ်ကို ရရှိခဲ့သဖြင့် အလွန် စိတ်ကျေနပ်သွားခဲ့သည်။

"ဒီလောက်ထိ ကံကောင်းတာလား..."

လီဖိုကျွင်း အနည်းငယ် အံ့အားသင့်သွားပြီး ထိုလူနှစ်ဦး၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကာ စိတ်ဝိညာဉ်ကျောက်တုံးတချို့ကိုသာ ကောက်ယူခဲ့သည်။

နောက်ထပ်တခဏအကြာတွင်...

သူတို့သည် ဘဏ္ဍာတိုက်ငယ်လေး တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ထုယိုယိုက မြေကမ္ဘာအဆင့်မြင့် မှော်ဝတ်ရုံတစ်ထည်ကို ရရှိခဲ့ပြီး စူးချန်ကဲက နောက်ထပ် ရှေးဟောင်းဝင်္ကပါဖွဲ့စည်းခြင်း လက်စွဲစာအုပ်နှစ်အုပ်ကို ရှာတွေ့ခဲ့သည်။

"သောက်ကျိုးနည်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲ့ဒါက ကြိုတင် စီစဉ်ထားတာလား..."

လီဖိုကျွင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားခဲ့၏။ ဤတစ်ကြိမ်တွင် သူ ဘာမျှမရခဲ့ချေ။

နောက်ထပ် တခဏအကြာတွင်...

ထုယိုယို၏ လမ်းညွှန်မှုအောက်၌ ရတနာများစွာကို စတုတ္ထအကြိမ်မြောက် ရယူပြီးချိန်တွင် လီဖိုကျွင်းက အသက်ရှူမှားသွားပြီး သူမကို အလွန်အမင်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။

သူ ကြောင်အမ်းသွားခဲ့သည်။

ဘယ်အချိန်ကတည်းက အခွင့်အရေးတွေက ရှာရတာ ဒီလောက် လွယ်ကူသွားတာလဲ...

အဲ့ဒါက ဂေါ်ဖီထုပ်တွေ ကောက်နေရသလိုပဲ...

သူက ကောင်းကင်လှိုဏ်ဂူနယ်ပယ် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး... သူက ရှင်းရှင်းလင်းလင်းကို ရတနာရှာ ကြွက်တစ်ကောင်ပဲ...

တာအိုရောင်းရင်းစူးက သူ့ကို လမ်းပြခိုင်းတာ အံ့အားသင့်စရာ မရှိဘူး...

မဟုတ်ဘူး... မဟုတ်ဘူး... ငါက ဘာမှမလုပ်ဘဲ ဒီတိုင်း ရပ်နေလို့ မရဘူး... ငါ့ရဲ့ တန်ဖိုးကို ငါ သက်သေပြရမယ်... ပြီးတော့ တစ်ခုခုလုပ်တာက ငါ့အတွက် အကျိုးကျေးဇူးတချို့ ရလာနိုင်တယ်...

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက်...

ထုယိုယို၏ လမ်းညွှန်မှုအောက်တွင် စိတ်ဝိညာဉ် သစ်သီးများ ပြည့်နှက်နေသော ရှေးဟောင်း သစ်ပင်တစ်ပင်နှင့် သူတို့ ကြုံတွေ့ခဲ့ရသည်။ ဤစိတ်ဝိညာဉ်သစ်သီးများမှာ မြင့်မြတ်အရှင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက် အသုံးဝင်ပြီး ဆေးဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် အန္တရာယ်များ ပါဝင်နေပေ၏။ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ဂရုမစိုက်ပါက ထိခိုက်ဒဏ်ရာ ရနိုင်သည်။

"မင်း ဒီမှာစောင့်နေ... စီနီယာအစ်ကို သွားခူးလိုက်မယ်..."

စူးချန်ကဲက ညင်သာစွာ ပြောဆိုလိုက်သည်။

ထုယိုယိုက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။

နောက်တစ်စက္ကန့်တွင်...

"ခဏလောက် စောင့်ပါအုံး..."

"တာအိုရောင်းရင်းစူး... ငါ့ကို သွားခွင့်ပြုပါ..."

"ငါက မြန်တာနဲ့ နာမည်ကြီးတယ်လေ..."

လီဖိုကျွင်းက ရှေ့သို့တိုးလာပြီး သူ၏လက်ကို ပူးဆုပ်ကာ ပြောဆိုသည်။

စူးချန်ကဲက အဆုံးမရှိသော သစ်သီးတောကြီးကို တစ်ချက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ဒါဆို တာအိုရောင်းရင်းလီ သွားလိုက်..."

လီဖိုကျွင်းက လေးနက်စွာ ခေါင်းညိတ်လိုက်၏။ သူ၏ပုံရိပ် တောက်ပသွားပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် စူးချန်ကဲ၏ရှေ့သို့ ပြန်ရောက်လာခဲ့သည်။

"တရှဲရှဲ မြည်နေတဲ့ အသံက ဘာလဲ..."

ထုယိုယိုက သူမ၏ နားကို လှုပ်ရှားကာ လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းကြောင်အမ်းသွားပေ၏။

"တာအိုရောင်းရင်းစူး... ရပြီ... စိတ်ဝိညာဉ် အသီးသုံးလုံး... ငါတို့ တစ်ယောက်ကို တစ်လုံးစီရမယ်..."

လီဖိုကျွင်းက အတင်းအကျပ် အားယူပြုံးလိုက်ပြီး သူ၏မျက်နှာ အနည်းငယ် ဖြူရော်နေသည်။

စူးချန်ကဲသည် စိတ်ဝိညာဉ်သစ်သီးများကို သိပ်ဂရုမစိုက်ခဲ့ချေ။ ထိုအစား သူက လီဖိုကျွင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာပေါင်းများစွာကို လေးနက်စွာကြည့်ကာ ပြောဆိုလိုက်၏။

"တာအိုရောင်းရင်း... ခင်ဗျား သွေးထွက်နေတယ်..."

"ကြီးကြီးမားမား မဟုတ်ပါဘူး... ဒဏ်ရာ အသေးစားလေးတွေပါ..."

"ခင်ဗျားက မြန်တာနဲ့ နာမည်ကြီးတယ် မဟုတ်ဘူးလား...ဒဏ်ရာရတာလည်း မြန်မြန်ပဲလား...ဘာလို့ မရှောင်တာလဲ..."

"တကယ်လို့ ငါ ရှောင်လိုက်ရင် ငါ မြန်တော့မှာ မဟုတ်ဘူးလေ..."

"ဒါဆို ခင်ဗျားက အတင်းအကြပ် ဆွဲခူးလိုက်တာပေါ့..."

"အင်း..."

တစ်ချိန်တည်းမှာပင်...

စိမ်းလန်းသော တောင်ထိပ်တစ်ခုပေါ်တွင်...

"သခင်လေး... မြေခွေးအိုကြီးရဲ့ ထင်ယောင်ထင်မှားဝင်္ကပါက ကျရှုံးသွားပြီ... အဲ့ဒီပုရွက်ဆိတ်တွေကို ဘယ်လို သတ်ချင်လဲ..."

ဆိုးယုတ်သော အရှိန်အဝါရှိသည့် အစေခံအိုကြီး တစ်ဦးက ရိုသေလေးစားစွာ ခေါင်းငုံ့ပြီး မေးလိုက်သည်။

သူ၏ရှေ့တွင် မတ်တတ်ရပ်နေသူမှာ ခမ်းနားသော ရွှေရောင်တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးပင်။ သူ၏ မျက်နှာသည် နတ်ဆိုးဆန်လုနီးပါး ချောမောနေပေ၏။ သူ၏မျက်လုံးသူငယ်အိမ်များမှာ စစ်မှန်သော ရွှေရောင်ဖြစ်ပြီး စိတ်ခံစားမှုကင်းမဲ့နေသည်။ သူ၏တစ်ကိုယ်လုံးမှ ပူပြင်းလောင်ကျွမ်းမှုနှင့် နတ်ဘုရားစွမ်းအားတို့၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ ဤသည်က ပူပြင်းသော နေမင်းကြီးအလား တောက်ပနေသော်လည်း သက်ရှိအားလုံးကို မြက်ခင်းများအဖြစ် ရှုမြင်သော အကြွင်းမဲ့ အေးစက်မှုတစ်ခုကို သယ်ဆောင်ထားသည်။ ဤအရှိန်အဝါသည် ချင်းချိုးဘိုးဘေး၏ ကျယ်ပြန့်သော နတ်ဆိုး စွမ်းအားနှင့် လူသားမျိုးနွယ်စု ကျင့်ကြံသူများအားလုံး၏ စိတ်ဝိညာဉ်စွမ်းအား အတက်အကျများနှင့် လုံးဝကွဲပြားခြားနားနေသည်။

သူသည် တိတ်ဆိတ်နေပြီး သူ၏အမူအရာမှာ အေးစက်တင်းမာနေဆဲပင်။

"တကယ်လို့ သခင်လေးက သတ်ဖြတ်ရတာကို စိတ်မဝင်စားဘူးဆိုရင် ဒီအစေခံအိုကြီးမှာ အစီအစဉ်တစ်ခု ရှိပါတယ်..."

အစေခံအိုကြီးက သူ၏ခေါင်းကို ပို၍ငုံ့ချလိုက်ပြီး ပါးလွှာသော ရေခဲပေါ်တွင် လမ်းလျှောက်နေရသည့်အလား သူ၏သခင် စိတ်မကျေနပ်ပါက သူ့ကို သတ်ပစ်မည်အား ကြောက်ရွံ့နေသည်။

"ပြော..."

လူငယ်က အေးစက်စက်တုံ့ပြန်သည်။

All Chapters