အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း ၅၃:စီနီယာအစ်ကို သွားပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်လိုက်မယ်...
အစေခံအိုကြီး၏မျက်လုံးများတွင် မှေးမှိန်သော အလင်းရောင်တစ်ခု လင်းလက်သွားပြီး သူက မြှောက်ပင့်သော အပြုံးဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ ဒီအစေခံအိုကြီး ခန့်မှန်းတာ မှန်မယ်ဆိုရင် သခင်လေးက အဲ့ဒီအောက်တန်းစား သတ္တဝါတွေရဲ့ မျက်နှာပေါ်က မယုံကြည်နိုင်မှုနဲ့ အရမ်းထိတ်လန့်နေမှုတွေ ရောနှောနေတဲ့ ရှုပ်ထွေးတဲ့ အမူအရာတွေကို ကြည့်ရတာ သဘောကျတယ် မဟုတ်လား..."
"ငါက အဲ့ဒါကို တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ရုံပါပဲ..."
ဟော့ရွှမ်၏ ရွှေရောင်မျက်လုံးသူငယ်အိမ်များတွင် ငြီးငွေ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
သေချာသည်မှာ ထိုအရာက အကြောင်းအရင်း တစ်ခုတည်းသာ ဖြစ်ပေ၏။
အဓိကအချက်မှာ အောက်ကမ္ဘာသို့ ဆင်းသက်လာခြင်းက သူ့မျိုးနွယ်စုဘိုးဘေး၏ နတ်ဘုရား ခန္ဓာကိုယ်ကို ပြန်လည်ရယူခြင်းအပြင် လေ့ကျင့်ရေး ပုံစံတစ်မျိုးလည်း ဖြစ်သည်။ လက်ရှိတွင် သူတို့၏ မီးစိတ်ဝိညာဉ် မျိုးနွယ်စုအတွင်းမှ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးက သူ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေသည်။ အကယ်၍ သူ မျက်နှာသာပေးခံရပါက တော်ဝင်မျိုးနွယ်စု အတွင်းသို့ ဝင်ရောက်နိုင်ခြေ အလွန်များသည်။
အစေခံအိုကြီးက အလျင်အမြန် မျက်နှာလိုမျက်နှာရ လုပ်လိုက်၏။
"ဟဲဟဲ... သခင်လေး ပြောတာ မှန်ပါတယ်... ဒီအစေခံအိုကြီးက သခင်လေးရဲ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးတော့ ကမ္ဘာပေါင်း ထောင်နဲ့ချီသွားခဲ့ပြီး သက်ရှိသတ္တဝါတွေကို သတ်ဖြတ်ခဲ့တယ်... ရိုးရိုးရှင်းရှင်း သတ်ဖြတ်တာက ပုရွက်ဆိတ်တွေကို တစ်ကောင်ပြီးတစ်ကောင် ချေမှုန်းရသလိုပဲ တကယ့်ကို ငြီးငွေ့စရာ ကောင်းပါတယ်... ဒါပေမဲ့ သခင်လေးရဲ့ နတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းတယ်... သခင်လေးက နတ်ဘုရားမျိုးနွယ်စုရဲ့ မီးစိတ်ဝိညာဉ်မျိုးနွယ်စုက ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ အသက် တစ်ရာတောင် မပြည့်ခင်မှာ မွေးရာပါ နတ်ဘုရားဝင်္ကပါကို နိုးထစေခဲ့ပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ ကဏဦးအဆင့်ကို ခြေချနိုင်ခဲ့တာပါ... တော်ဝင်မျိုးနွယ်စုက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေတောင် သခင်လေးကို မျက်နှာသာပေးကြပါတယ်... ဒါကြောင့် သခင်လေးက ဘာလို့... အရင်ဆုံး အားနည်းဟန်ဆောင်ပြီး စမ်းမကြည့်ရတာလဲ..."
"ဟင်..."
ဟော့ရွှမ်က ဒေါသမထွက်ဘဲ ဩဇာလွှမ်းမိုးသည့်ဟန်ဖြင့် မျက်ခုံးအနည်းငယ် ပင့်လိုက်ရာ 'အားနည်းသူ' ဟူသော စကားလုံးကို သူ အာရုံခံစားလွယ်ပုံ ရလေ၏။
နတ်ဘုရားမျိုးနွယ်စုသည် မွေးရာပါ မောက်မာထောင်လွှားသူများပင်။ သူသည် နတ်ဘုရားမျိုးနွယ်စုအတွင်း၌ သာမန်သွေးမျိုးဆက်ရှိသော မီးစိတ်ဝိညာဉ် မျိုးနွယ်စုမှသာ ဖြစ်သော်လည်း ဤကမ္ဘာအသင်္ချေ၏ ပုရွက်ဆိတ်ကဲ့သို့ သတ္တဝါများနှင့်မူ နှိုင်းယှဉ်၍မရနိုင်လောက်အောင် သာလွန်ကြောင်းကို သူ ခံစားရဆဲပင်။
"သခင်လေး... ဒေါသကို ဖြေဖျောက်လိုက်ပါအုံး... ဒီအစေခံအိုကြီးကို အသေးစိတ် ရှင်းပြခွင့်ပြုပါ... သခင်လေးက သတ်ဖြတ်ရတာကို ငြီးငွေ့တယ်လို့ ခံစားရတာက ဒီပုရွက်ဆိတ်လို သတ္တဝါတွေ သခင်လေးကို မြင်တာနဲ့ ကြောက်လန့်တကြား တုန်ရီနေကြတာကို ငြီးငွေ့လို့ပါ... အဲ့ဒါက သခင်လေး အရမ်းအစွမ်းထက်လွန်းလို့ပါ... တူညီတဲ့ ကျင့်ကြံဆင့်နယ်ပယ်အတွင်းမှာ ဒီပုရွက်ဆိတ်တွေက သခင်လေးရဲ့ ပြိုင်ဘက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူတို့က သခင်လေးကို မြင်တာနဲ့ ထိတ်လန့်မှုကို ခံစားရတာပေါ့... ဒါပေမဲ့ သခင်လေးက အရင်ဆုံး အားနည်းဟန်ဆောင်မယ်ဆိုရင်တော့ ကွဲပြားသွားလိမ့်မယ်..."
"သခင်လေးက မဖြစ်မနေ ဖြတ်သန်းသွားရမယ့် လမ်းကြောင်းတစ်ခုကို ရှာပြီးတော့ ဒုက္ခရောက်နေတဲ့ လက္ခဏာတချို့ကို ဖန်တီးရမယ်...သခင်လေးရဲ့ အရှိန်အဝါကို ဖုံးကွယ်ပြီး ဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့သူ တစ်ယောက်အဖြစ် ဟန်ဆောင်လို့ ရတယ်... ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်နေတဲ့ ဒါမှမဟုတ် အကျိုးအမြတ်ကို လောဘတကြီး လိုချင်နေတဲ့ အရူးတစ်ယောက်ယောက်က အစာကို ဟပ်မိသွားတဲ့အချိန်မှာ သူ ကံကောင်းသွားပြီလို့ ထင်နေတဲ့အချိန် သူ့မှာ လောဘ ဒါမှမဟုတ် သနားကရုဏာစိတ်တွေ ဝင်လာတဲ့အချိန်မှာ....သခင်လေးက သခင်လေးရဲ့ စစ်မှန်တဲ့ပုံစံကို ထုတ်ဖော်ဖို့ မှန်ကန်တဲ့ အချိန်ကို ရွေးချယ်ပြီး သူ့ကို မိုးကြိုးလို ပြင်းထန်တဲ့စွမ်းအားနဲ့ ချေမှုန်းပစ်လိုက်လို့ ရတယ်... အဲ့ဒီအချိန်ကျရင် သူ့ရဲ့မျက်နှာပေါ်က အမူအရာက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းနေမှာပဲ... ဒါက သူတို့ လူသားမျိုးနွယ်စု အကြိုက်ဆုံးဖြစ်တဲ့ 'ကျားကို ခြုံခိုတိုက်ခိုက်ဖို့ အားနည်းဟန်ဆောင်တာ' ဆိုတဲ့ ဇာတ်ကွက်ပဲလေ... အဲ့ဒါက အံ့အားသင့်စရာကောင်းမှာ မဟုတ်ဘူးလား..."
ထိုစကားကိုပြောဆိုပြီးနောက် အစေခံအိုကြီးသည် ဟော့ရွှမ်၏နံဘေးတွင် ရိုသေလေးစားစွာ ခေါင်းငုံ့လိုက်ကာ သူ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"'ကျားကို ခြုံခိုတိုက်ခိုက်ဖို့ အားနည်းဟန်ဆောင်တာ' တဲ့လား..."
ဟော့ရွှမ်၏ ရွှေရောင်မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ၏ နှုတ်ခမ်းထောင့်များက လှောင်ပြောင်ချင်စိတ်နှင့် ရက်စက်မှုတို့ ရောနှောနေသော အပြုံးတစ်ခုအဖြစ် တဖြည်းဖြည်း ကွေးတက်သွားခဲ့၏။
"အားနည်းဟန်ဆောင်တာပေါ့... ဟား ဟား... အဲ့ဒါက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်... သားကောင်က သနားကရုဏာနဲ့ လောဘကနေ မျှော်လင့်ချက်ကင်းမဲ့မှုဆီကို ကူးပြောင်းသွားတာကို ကြည့်ရတာက သူတို့ကို တိုက်ရိုက်ချေမှုန်းပစ်ရတာထက် သေချာပေါက် အများကြီး ပိုပျော်စရာကောင်းမှာပဲ... ကောင်းပြီ... မင်းရဲ့အစီအစဉ်အတိုင်း ငါ လုပ်မယ်... မင်းတို့ အားလုံးက အစီအစဉ်အတိုင်း လူသားမျိုးနွယ်စုရဲ့ တခြားအဖွဲ့ဝင်တွေကို အမဲလိုက်တာကို ဆက်လုပ်ကြစမ်း... ငါ့ရဲ့ အချက်ပြမှု မပါဘဲ ငါ ရွေးချယ်ထားတဲ့ နေရာကို မင်းတို့ ချဉ်းကပ်ခွင့် မရှိဘူး..."
"ဟုတ်ကဲ့ပါ သခင်လေး..."
အစေခံအိုကြီးက ဦးညွှတ်ကာ အမိန့်ကို လက်ခံလိုက်ပြီးနောက် အနက်ရောင်ပုံရိပ်တချို့ကို သစ်တောထဲသို့ တိတ်ဆိတ်စွာ ဦးဆောင်သွားခဲ့လေ၏။
အစေခံအိုကြီး ထွက်သွားပြီးနောက် ဟော့ရွှမ်က သူ၏စိတ်နှလုံးသားထဲ၌ တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီ အရေးကြီးတဲ့ ပုဂ္ဂိုလ်က ဒီနည်းလမ်းကို သဘောကျမလား မသိဘူး..."
"အင်း... အဲ့ဒါက ဖြစ်သလို သတ်ဖြတ်နေတာထက်တော့ သေချာပေါက် ပိုကောင်းပါတယ်..."
သိပ်မကြာခင်မှာပင် လူသူကင်းမဲ့ပုံရသော်လည်း အမှန်အားဖြင့် ရှေးဟောင်း သစ်တောလမ်းနှင့် နီးကပ်စွာရှိနေသော လှိုဏ်ဂူတစ်ခု၏နံဘေးတွင်...
ဟော့ရွှမ်သည် အနည်းငယ် ပြဲစုတ်နေသော ရိုးရိုးသာမာန်အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားပြီး ဖြစ်လေ၏။ သူ၏နံဘေးပတ်လည်ရှိ အသက်ရှူမွန်းကြပ်စေလောက်သော နတ်ဘုရားမျိုးနွယ်စု အရှိန်အဝါကို လုံးဝဖိနှိပ်ထားသည်။ သူသည် မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် ကဏဦးအဆင့်နှင့် အကြမ်းဖျင်း ညီမျှသော မှေးမှိန်သည့် စွမ်းအားအတက်အကျတစ်ခုကိုသာ ထုတ်ဖော်ပြသထားသည်။
လှိုဏ်ဂူအဝင်ဝတွင် တိုက်ခိုက်မှုလက္ခဏာတချို့ကို သူ တမင်သက်သက် ဖန်တီးခဲ့ပြီး သွေးအနည်းငယ်ကိုပင် ညှစ်ထုတ်ကာ သူ၏ နှုတ်ခမ်းထောင့်နှင့်အင်္ကျီတို့တွင် သုတ်လိမ်းထားလိုက်၏။ ထို့နောက် သူက လှိုဏ်ဂူနံရံကို မှီကာ ခေါင်းငုံ့၍ ထိုင်နေပြီး အပြင်းအထန် ဒဏ်ရာရကာ မောပန်းနွမ်းနယ်နေပြီး သေလုမျောပါး ဖြစ်နေသည့်အသွင် ဖန်တီးထားသည်။
သူက သရော်တော်တော်အပြုံးတစ်ခုကို ပြသလိုက်ပြီး ပထမဆုံး အစာလာဟပ်မည့် ကံကြမ္မာပါသူကို မျှော်လင့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်....
မလှမ်းမကမ်းတွင်...
သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ဂရုမစိုက်သော အမူအရာ ရှိနေသည့် လီဖိုကျွင်းနှင့် စူးချန်ကဲတို့ကို ထုယိုယိုက ဖြည်းညှင်းသော ခြေလှမ်းများဖြင့် ဦးဆောင်ပြီး ရှေ့သို့ဆက်သွားနေလေ၏။
"အချိန်ကို တွက်ကြည့်မယ်ဆိုရင် အဲ့ဒီ နတ်ဘုရားမျိုးနွယ်စုမျိုးဆက်က မကြာခင် ပေါ်လာတော့မှာပဲ... ကံကြမ္မာသမီးတော်ရဲ့ ကံကောင်းမှုက ကောင်းပေမဲ့ သူ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်..."
စူးချန်ကဲက သူ့ဘာသာ တွေးလိုက်ပြီး သူ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံးကို အသက်မသွင်းဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးဆင်းမှုများနှင့် ဖုံးကွယ်ထားသော အရှိန်အဝါများ အားလုံး ပေါ်လွင်လာခဲ့သည်။
အဝေးမှနေ၍ လှိုဏ်ဂူနံဘေးရှိ ပုံရိပ်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုလူငယ်၏ စွမ်းအားအမြုတေသည် နေငယ်လေး တစ်စင်းအလား ပူလောင်နေသော်လည်း လေထဲတွင် လင်းလက်နေသော ဖယောင်းတိုင်လေး တစ်တိုင်အလား တမင်သက်သက် ဖုံးကွယ်ထားသည်။
"ဟင်..."
"သူ ရောက်နေပြီလား..."
စူးချန်ကဲက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
သူက ကျားကို ခြုံခိုတိုက်ခိုက်ဖို့ အားနည်းဟန်ဆောင်တဲ့ ကစားပွဲကိုတောင် ကစားနေတာလား...
ဒီအရှိန်အဝါကို ကြည့်ရတာ တော်တော်လေး အစွမ်းထက်ပုံရတယ်... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင် ယူဆောင်လာတဲ့ ဖိနှိပ်မှု ခံစားချက်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်...
ကျွတ်... ကျွတ်... ကျွတ်... ဒါတောင်မှ ကောင်းကင်လှိုဏ်ဂူနယ်ပယ်မှာ ရှိတဲ့ ထုယိုယိုက လွတ်မြောက်နိုင်ခဲ့တယ်ပေါ့... ကောင်းကင်တာအိုရဲ့ ကာကွယ်မှုကို ခံရတာက တကယ့်ကို ထိုက်တန်ပါတယ်လေ...
"အိုး... စီနီယာအစ်ကို... ဟိုဘက်လှိုဏ်ဂူထဲမှာ လူတစ်ယောက် ဒဏ်ရာရနေပုံပဲ..."
မျက်စိလျှင်သော ထုယိုယိုက လှိုဏ်ဂူအနီးရှိ အခြေအနေကို ချက်ချင်းမြင်တွေ့သွားပေ၏။
"မလန့်ပါနဲ့... မင်းတို့ နှစ်ယောက် ဒီနေရာမှာ ခဏလောက် အရင်နားနေကြအုံး... စီနီယာအစ်ကို သွားပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်လိုက်မယ်..."
စူးချန်ကဲက ညင်သာစွာ ပြောဆိုသည်။
ထုယိုယိုက အချိန်ကောင်းတစ်ခု ရရှိခဲ့ပြီး ရတနာများစွာကို ရှာတွေ့ခဲ့သဖြင့် သူမ အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းနေသောကြောင့် ခေါင်းညိတ်လိုက်၏။
လီဖိုကျွင်းက အခွင့်အရေးကို ယူကာ ထိုင်ချလိုက်ပြီး သူ၏ဒဏ်ရာများကို ကုသရန် မြေပြင်ပေါ်တွင် ချက်ချင်းပလ္လင်ခွေထိုင်လိုက်သည်။ သူသည် သူ၏သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ် သစ်သီးများကို တစ်ခါတစ်ရံ ကြည့်ရင်း သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲက လှိုဏ်ဂူကို ဖြတ်သွားရုံသက်သက်အလား တည်ငြိမ်စွာဖြင့် ရှေ့သို့တိုးသွားခဲ့သည်။
လှိုဏ်ဂူအပြင်ဘက်ရှိ ဟော့ရွှမ်က သူတို့ကို မြင်တွေ့ခဲ့ပြီးသည်။
"အောက်ဘုံရဲ့ လူသားမျိုးနွယ်စုကြားမှာ ဒီလို အလှတရားမျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ရတာက တကယ်ကို စိတ်ကျေနပ်စရာကောင်းမှာပဲ.."
ထိုသို့တွေးတောရင်း ရက်စက်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာခဲ့သည်။
"ဟဲ ဟဲ... သူတို့ရဲ့မျက်နှာပေါ်က အမူအရာတွေကို ငါ မြင်ယောင်ကြည့်လို့ ရနေပြီ..မယုံကြည်နိုင်မှု... ပြီးတော့ ဒူးထောက်ပြီး သနားဖို့ တောင်းပန်တာတွေ..."
ချက်ချင်းပင် ဟော့ရွှမ်က စူးချန်ကဲဆီသို့ တိုးညှင်းသော ညည်းတွားသံလေးတစ်သံကို ပေးပို့လိုက်၏။
"တာအိုရောင်းရင်း... ကူညီပါ... တာအိုရောင်းရင်း... ငါ့ကို ကယ်ပါ..."
"အို..."
စူးချန်ကဲက အံ့အားသင့်သည့်ပုံစံ ဟန်ဆောင်လိုက်ပြီး သူ၏ပုံရိပ်က လင်းလက်သွားကာ ဟော့ရွှမ်၏ရှေ့တွင် ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။
"တာအိုရောင်းရင်း... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အပြင်းအထန် ဒဏ်ရာရသွားတာလဲ..."
"ငါ... ငါ နတ်ဘုရားမျိုးနွယ်စုနဲ့ ကြုံတွေ့ခဲ့ရတယ်... သူတို့က ဒီနေရာမှာရှိတဲ့ ငါတို့ လူသားမျိုးနွယ်စုဝင်တွေကို နေရာအနှံ့ အမဲလိုက်ဖို့ စတင်နေပြီ... ငါက ကံကောင်းလို့ လွတ်လာခဲ့တာ... ဒါပေမဲ့ အဲ့ဒီနတ်ဘုရားမျိုးနွယ်စုဝင်က တကယ့်ကို အစွမ်းထက်လွန်းတယ်... သူတို့ရဲ့ အရှိန်အဝါ တစွန်းတစကတင် ငါ့ကို ဒီလောက်တောင် အပြင်းအထန် ဒဏ်ရာရသွားစေတာပဲ..."
ဟော့ရွှမ်က သူ၏နောက်ဆုံးထွက်သက်တွင် ရှိနေသည့် ဟန်ဆောင်ကာ ပြောဆိုလိုက်၏။
စူးချန်ကဲက ထိတ်လန့်တကြားဖြင့် ပြောဆိူလိုက်သည်။
"နတ်ဘုရားမျိုးနွယ်စု လား... ဒီနေရာမှာ နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက် တကယ်ကြီး ရှိနေတာလား..."
ထိုကောင်စုတ်က သရုပ်ဆောင်နေစဉ်ပင် သူ့ကိုယ်သူ ချီးကျူးရန် မမေ့လျော့ပေ။
စူးချန်ကဲ၏ အမူအရာကို မြင်သောအခါ ဟော့ရွှမ်က သူ၏စိတ်ထဲ၌ လှောင်ပြောင်လိုက်သည်။
'ပုရွက်ဆိတ်တွေက ပုရွက်ဆိတ်တွေပါပဲ... ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့နာမည်ကို ကြားရုံနဲ့တင် ဒီလို ကြောက်လန့်သွားကြတာကိုး... '
သို့ရာတွင် အပေါ်ယံတွင်မူ သူက အားအင်ချည့်နဲ့သောအသံဖြင့် တောင်းပန်လိုက်၏။
"တာအိုရောင်းရင်း... ငါ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘူး... ကျေးဇူးပြုပြီး မင်း အသက်လုပြေးတဲ့အချိန်မှာ ငါ့ကိုပါ ခေါ်သွားပေးပါ..."
'ဟဲဟဲ... မင်းရဲ့ ယုံကြည်မှုကို ငါ ရသွားပြီးတော့ ငါ့ရဲ့ စစ်မှန်တဲ့ ပုံစံကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ ဒီပုရွက်ဆိတ်တွေရဲ့ မျက်နှာပေါ်က အမူအရာတွေက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းနေမှာပဲ... အဲ့ဒီ အရေးကြီးတဲ့ ပုဂ္ဂိုလ်တောင် သဘောကျလောက်တယ်...'
"အိုး... တာအိုရောင်းရင်း... ဒီလို အခြေအနေမျိုးနဲ့ မင်း ဘယ်လိုလုပ်ပြီးတော့ အသက်လုပြေးနိုင်မှာလဲ... လာပါ... လာပါ... မင်းကို ငါ အရင် ကုသပေးပါ့မယ်..."
စူးချန်ကဲက ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး အောက်သို့ငုံ့ကာ ဟော့ရွှမ်ကို မတ်မတ်ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။
ဟော့ရွှမ်က စိတ်မရှည်စွာဖြင့် ပြောဆိုသည်။
"တာအိုရောင်းရင်း... ဒီလောက်ထိ ဒုက္ခခံနေစရာ မလိုပါဘူး... နတ်ဘုရားမျိုးနွယ်စုက ငါ့ကို လိုက်ရှာနေတုန်းပဲ... အရင်ထွက်ပြေးကြရအောင်..."
"မဟုတ်ဘူး... မဟုတ်ဘူး... တကယ်လို့ မင်း ဒီလိုပုံစံနဲ့ ဆက်နေရင် မကြာခင် အနှေးနဲ့အမြန် အဖမ်းခံရမှာပဲ..."
စူးချန်ကဲက ခေါင်းခါယမ်းလိုက်ပြီးနောက် သူ၏ လက်ဝါးဆီသို့ တစ်ခုခုကို တီးတိုးရေရွတ်ကာ ချက်ချင်းပြောဆိုလိုက်၏။
"တာအိုရောင်းရင်း... သည်းခံလိုက်ပါအုံး..."
တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏တစ်ကိုယ်လုံးရှိ အထွတ်အထိပ်အရိုးက အဆုံးမရှိသော အလင်းရောင်ကို ဖြာထွက်လာခဲ့သည်။ ထူထပ်သိပ်သည်းသော ရွှေရောင်ကဏဦး မှော်စာလုံးများက ပျံသန်းထွက်လာပြီး သူ၏လက်ဝါးတွင် စုစည်းသွားသည်။ သူ ဖန်တီးခဲ့သော နတ်ဘုရား အက္ခရာများက ကျယ်ပြန့်သည့် ကြယ်မြစ်ကြီး တစ်စင်းအလား စီးဆင်းလာပြီး သူ၏ လက်ဝါးထဲတွင် ထွက်ပေါ်လာသည်။ ထိုအရာများသည် ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲလာကာ ကောင်းကင်နှင့်မြေပြင်ကို ဖန်တီးခြင်းနှင့် တူသော သဘာဝလွန်ဖြစ်စဉ်များကို ပုံဖော်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ..."
ဟော့ရွှမ်က ရုတ်တရက် ထိတ်လန့်မှု အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်၏။
---
အခန်း ၅၄: တာအိုရောင်းရင်း... အဲ့ဒီလောက်ကြီး မလောပါနဲ့အုံး...
နောက်တစ်စက္ကန့်တွင်...
ဟော့ရွှမ် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် စူးချန်ကဲ၏ပုံရိပ် ရုတ်တရက် ဝေဝါးသွားခဲ့သည်။
လက်ဝါးရိုက်ချက်...
ထိုတိုက်ခိုက်မှုမှာ အလွန်အမင်း ရိုးရှင်းပြီး အလှဆင်ထားခြင်း မရှိကာ မျက်စိကျိန်းလောက်သော အမြင်အာရုံ အကျိုးသက်ရောက်မှုများ မရှိချေ။ ဤသည်မှာ အသန့်စင်ဆုံးနှင့် အခမ်းနားဆုံး သွေးမျိုးဆက်စွမ်းအားက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၏ ကဏဦးနတ်ဘုရားပုံစံနှင့် ရောယှက်ကာ အလွန်သေးငယ်သော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ဖိသိပ်ထားပေ၏။ ထိုတိုက်ခိုက်မှုသည် အတွေးထက်ပင် မြန်ဆန်စွာဖြင့် ဟော့ရွှမ်၏မျက်နှာကို တန်းတန်းမတ်မတ် ရိုက်ခတ်သွားခဲ့သည်။
ဟော့ရွှမ်၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းတောက်ပသွားပေ၏။ တစ်ဖက်လူက နှုတ်ခွန်းဆက်ခြင်းပင် မရှိဘဲ တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သူသည် အလျင်စလိုအခြေအနေတွင် ကာကွယ်ရန် သူ၏လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်နိုင်ခဲ့သည်။
ဘန်း...
စူးချန်ကဲ၏လက်သီးနှင့် တစ်ဖက်လူ၏လက်ဝါး ရိုက်ခတ်သွားသောအခါ ထိုအရာက အသားနှင့် အသား ထိခိုက်မိသော ခပ်အုပ်အုပ်အသံမျိုး ထွက်ပေါ်မလာခဲ့ချေ။ ထိုအစားနတ်ဘုရား သံမဏိတောင်ကြီး နှစ်လုံး အချင်းချင်း တိုက်မိသော တုန်ခါသံမျိုး ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားမျိုးနွယ်စု၏ ရုပ်ခန္ဓာကိုယ် ခွန်အားမှာ မွေးရာပါ ဖြစ်လေ၏။ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်တွင်သာ ရှိနေသော ဟော့ရွှမ်ပင်လျှင် သာမန်ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများထက် များစွာသာလွန်သော ကာကွယ်ရေးစွမ်းအားရှိသည်။
သို့ရာတွင်...
ဤလက်သီးချက်အောက်တွင် ဟော့ရွှမ်သည် သူ၏လက်မှ အာရုံခံစားမှုများအားလုံး ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးစိတ်ဝိညာဉ်နတ်ဘုရား အလင်းတန်းက သူ၏နံဘေးပတ်လည်တွင် အလိုအလျောက် ထွက်ပေါ်လာခဲ့ပေ၏။ ထိုအရာမှာ သေရေးရှင်ရေးအကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် အလိုအလျောက် ပေါ်လာသော သူ၏သွေးမျိုးဆက်စွမ်းအားပင်။
"မင်းလို ပုရွက်ဆိတ်က... တကယ်ကို..."
ဟော့ရွှမ်က ရွှေရောင်သွေးများကို အကြိမ်ကြိမ် အန်ထုတ်လိုက်ပြီး သူ၏ ကြည်လင်သော မျက်လုံးများက ယခင်က မရှိဖူးသော မယုံကြည်နိုင်မှုများကို ဖော်ပြနေသည်။ ထိုလက်သီးတစ်ချက်အောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအရိုးများ ကွဲကြေသွားခဲ့သည်။ အကယ်၍ နတ်ဘုရားအလင်းတန်း၏ အလိုအလျောက် ကာကွယ်မှုသာ မရှိပါက ထိုလက်သီးတစ်ချက်တည်းဖြင့် သူ အသတ်ခံလိုက်ရနိုင်ပေသည်။
သို့ရာတွင် သူ၏စကား မဆုံးသေးမီမှာပင်...
ဤမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေသော လီဖိုကျွင်းသည် ကြောင်အမ်းသွားပြီး မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
"ဒါကလည်း အခွင့်အရေး တစ်ခုများလား..."
"စီနီယာအစ်ကိုက..."
ထုယိုယိုလည်း ဆွံ့အသွားခဲ့သည်။
သို့ရာတွင် ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသား တုန်ရီသွားခဲ့သည်။ ဤသည်မှာ တခြားအရာများနှင့် ကွဲပြားခြားနားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားမိသောကြောင့်ပင်။ ဤသည်က ပူပြင်းလောင်ကျွမ်းပြီး မြင့်မြတ်သော ဖိနှိပ်မှုခံစားချက်ကို သယ်ဆောင်ထားကာ အိပ်ပျော်နေသော ရိုင်းစိုင်းသည့် သားရဲကြီးတစ်ကောင် ရုတ်တရက် နိုးထလာသည့်အလား အရှေ့ဘက်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသောကြောင့်ဖြစ်သည်။
"ဒီအရှိန်အဝါက..."
"အဲ့ဒါက စိတ်ဝိညာဉ်ချီလည်း မဟုတ်ဘူး... နတ်ဆိုးစွမ်းအားလည်း မဟုတ်ဘူး..."
"ဒါက ဘာလဲ..."
"အရမ်း ကြောက်စရာကောင်းတာပဲ..."
လီဖိုကျွင်းက အံ့အားသင့်နေသော မျက်လုံးများဖြင့် ရှေ့ကို စိုက်ကြည့်နေလေ၏။ ဤအရှိန်အဝါ၏ အတက်အကျကပင်လျှင် သူ၏ ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။
ထုယိုယိုသည် အစပထမတွင် ထိတ်လန့်သွားပြီးနောက် စူးချန်ကဲအတွက် အလွန်အမင်း စိုးရိမ်ပူပန်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်ရှုလိုက်သည်။
သို့ရာတွင် နောက်တစ်စက္ကန့်၌ ပူပြင်းသော နေမင်းအလား တောက်ပပြီး သက်ရှိအားလုံးကို ဖိနှိပ်ထားသော ထိုကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါမှာ ရုတ်တရက် ရပ်တန့်သွားပြီး ပျက်ပြယ်သွားခဲ့လေ၏။
ထိုအရာ၏နေရာတွင် အံ့အားသင့်မှု၊ ဒေါသ၊ နာကျင်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများနှင့် ညည်းတွားသံများက အရှေ့ရှိ ဖုန်မှုန့်များထဲမှ ရှင်းလင်းစွာ အစီအရီထွက်ပေါ်လာခဲ့သည်။
"မင်း..."
"အောက်ဘုံမှာ... မင်းလို လူသားမျိုးနွယ်စုမျိုး ရှိမနေသင့်ဘူး..."
"ငါ ဟန်ဆောင်တာ ရပ်လိုက်ပြီ... ငါ့ရဲ့ဝှက်ဖဲတွေကို ငါ ထုတ်ပြမယ်... ငါက နတ်ဘုရားတစ်ပါးပဲ... ဖူး..."
"အား..."
ထိုအသံမှာ ဟော့ရွှမ်၏အသံပင်။
သူတို့၏နံဘေးပတ်လည်ရှိ မီးခိုးများနှင့် ဖုန်မှုန့်များ အနည်းငယ် ပြယ်လွင့်သွားသောအခါ ဟော့ရွှမ်သည် အလွန်အမင်း သနားစရာကောင်းအောင် ဖြစ်နေသည်။
သူ၏လက်များသည် ထူးဆန်းသောထောင့်ချိုးဖြင့် လိမ်ကောက်နေပြီး သူ၏ ခမ်းနားသော တိုက်ပွဲဝင်သံချပ်ကာမှာ ကွဲကြေနေကာ ရွှေရောင်ဖျော့ဖျော့ နတ်ဘုရား သွေးများဖြင့် ရွှဲနစ်နေလေ၏။ အထူးသဖြင့် သူ၏ မျက်ခုံးနှစ်ခုကြားရှိ တိမ်သောသွေးစို့ရာအပေါက်တစ်ခုမှ ကျယ်ပြန့်သော စွမ်းအားများ ပါဝင်သည့် ရွှေရောင်သွေးများ ယိုစီးကျနေခြင်းပင်။
"သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်နေတာလဲ..."
"သူက ဘယ်လိုမှော်စာလုံးမျိုးကို ထွင်းထုခဲ့တာလဲ... ငါတို့နတ်ဘုရားမျိုးနွယ်စုရဲ့ မွေးရာပါ နတ်ဘုရားပုံစံတွေကို အဲ့ဒါက ဘာလို့ ဖိနှိပ်နိုင်ရတာလဲ..."
"သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားကလည်း ငါ့ထက် အများကြီး သာလွန်နေတယ်..."
"ဒီမွန်းစတားက ဘယ်က ရောက်လာတာလဲ..."
စူးချန်ကဲကို ကြည့်နေသော ဟော့ရွှမ်၏ မျက်လုံးများတွင် အလွန်အမင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူကိုယ်တိုင်ပင် ဝန်မခံလိုသော အကြောက်တရား အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
ထွက်ပြေး...
ငါ ချက်ချင်း ထွက်ပြေးရမယ်...
အဲ့ဒီလိုမှ မဟုတ်ရင် ငါ တကယ်ပဲ ဒီနေရာမှာ သေသွားနိုင်တယ်...
နတ်ဘုရားပုံစံများကို ဖိနှိပ်နိုင်သော ဤလူငယ်၏ ခန္ဓာကိုယ်အတွင်း ပါဝင်သည့် မှော်စာလုံးများကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။ ထိုလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားခန္ဓာကိုယ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး သွေးစွမ်းအားမှာလည်း သူ၏ကိုယ်ပိုင်စွမ်းအားထက်ပင် ပို၍အားကောင်းနေသည်။ သူတို့ မည်သို့ပင် တိုက်ခိုက်ပါစေ သူ သေချာပေါက် ရှုံးနိမ့်ပေမည်။
တစ်ဖက်လူက လက်သီးသုံးချက် ထိုးနှက်ခဲ့ပြီးနောက် သူသည် အသိဉာဏ်ကင်းမဲ့စွာ အရိုက်ခံခဲ့ရပြီးဖြစ်သည်။
ထိုထွက်ပြေးလိုသောအတွေး ထွက်ပေါ်လာသည်နှင့် သူသည် ထိုအရာကို ထပ်မံ၍ ဖိနှိပ်မထားနိုင်တော့ချေ။
သူ မည်မျှပင် မောက်မာပါစေ သေခြင်းတရားရှေ့တွင် သူ များစွာဂရုမစိုက်နိုင်တော့ပေ။
ဟော့ရွှမ်က အံ့တင်းတင်းကြိတ်လိုက်ပြီး သူ့ထံတွင် ကျန်ရှိနေသော နတ်ဘုရား သွေးအနှစ်သာရ အနည်းငယ်ကို လောင်ကျွမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသော နတ်ဘုရားစွမ်းအားများကို သူ၏ခြေထောက်များနှင့် အသက်ကယ် ဟင်းလင်းပြင် နတ်ဘုရား အဆောင်လက်ဖွဲ့တစ်ခုထဲသို့ အသည်းအသန် ထည့်သွင်းလိုက်၏။
"ဝီ..."
မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဟော့ရွှမ်၏ပုံရိပ် ချက်ချင်းဝေဝါးသွားကာ ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားတော့မည့်အလားပင်။ နောက်တခဏတွင် သူသည် မိုင်တစ်ထောင်အကွာသို့ ထွက်ပြေးရန် အသင့်ဖြစ်နေလေပြီ။
ဤသည်ကို မြင်သောအခါ စူးချန်ကဲက ခြေတစ်လှမ်းရှေ့တိုးပြီး သူ၏နောက်သို့ပြေးလိုက်ရင်း မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်၏။
"တာအိုရောင်းရင်း... အဲ့ဒီလောက်ကြီး မလောပါနဲ့အုံး..."
ငါက ပြင်းထန်မှုကိုတောင် မမြှင့်ရသေးဘူးလေ...
ငါက ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် ဒါမှမဟုတ် အဆောင်လက်ဖွဲ့တာအိုကိုတောင် မသုံးရသေးဘူး...
ဒီလို အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးနဲ့ ကြုံတွေ့ရဖို့ ခဲယဉ်းတယ်လေ...ငါရဲ့လက်ရှိ အထွတ်အထိပ် တိုက်ခိုက်ရေး ခွန်အားကို ဘယ်လောက်အထိ ထုတ်လွှတ်နိုင်မလဲဆိုတာကို ငါ စမ်းသပ်ရမယ်....
"သောက်ကျိုးနည်း... ငါက အဲ့ဒီလောက်တောင် ကြမ်းတမ်းတာလား... ငါ အကြည့်မမှားဘူးဆိုရင် အဲ့ဒါက ဒဏ္ဍာရီလာ အစွမ်းထက်ဆုံး မျိုးနွယ်စုဖြစ်တဲ့ နတ်ဘုရားမျိုးနွယ်စု မဟုတ်ဘူးလား..."
မလှမ်းမကမ်းမှ ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သော လီဖိုကျွင်းသည် သတိပြန်ဝင်လာပြီး သူ၏ ဒဏ်ရာများကို လျစ်လျူရှုကာ ချက်ချင်းလိုက်ပါသွားခဲ့လေ၏။
နံဘေးတွင် ရှိနေသော ထုယိုယိုက တခဏကြာမျှ အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဦးလေး... ကျွန်မကိုလည်း ခေါ်သွားပါ... ကျွန်မလည်း ကြည့်ချင်တယ်..."
တခြားတစ်ဖက်၌...
ရွှီယွီသည် ဤနေရာတွင် အချိန်ကောင်း မရခဲ့ချေ။
စူးချန်ကဲ၏ပါးရိုက်ခံရမှုကြောင့် အရှက်ကွဲခြင်းနှင့် နောက်ဆက်တွဲ သတိလစ်သွားခြင်းမှ ယခုလေးတင် နိုးလာပြီးနောက် သူမနှင့်သူမ၏နောက်လိုက်များသည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။
သူတို့၏ ခန္ဓာကိုယ်များကို ဝန်းရံနေသော မှေးမှိန်သည့် နတ်ဘုရားအရှိန်အဝါများနှင့်အတူ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းထက် ကျွမ်းကျင်သူ လေးငါးဦးက ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး ရွှီယွီတို့လူစုကို ရက်ရက်စက်စက် အမဲလိုက်နေကြ၏။
ဤလူများသည် ထူးဆန်းသော နည်းလမ်းများကို အသုံးပြုကြပြီး လူသားမျိုးနွယ်စုများ မဟုတ်ကြချေ။ သူတို့ထံ၌ အံ့အားသင့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားရှိကာ ရက်စက်ကြမ်းကြုတ်ကြသည်။ ထိုကြောင့် ရွှီယွီတို့လူစုသည် ထိတ်လန့်တကြား ထွက်ပြေးနေရကာ သနားစရာကောင်းသော အခြေအနေသို့ ရောက်သည်အထိ သတ်ဖြတ်ခြင်း ခံနေရတော့သည်။
"ပြေး..."
"ငါတို့ ပြေးလို့ မရဘူး... သူတို့က အရမ်း မြန်တယ်..."
"အား...."
နောက်ထပ် ကျင့်ကြံသူတစ်ဦးသည် နတ်ဘုရား အလင်းတန်းတစ်ခု၏ ထိမှန်မှုကို ခံလိုက်ရပြီး သူ၏ ကာကွယ်ရေးမှော်ရတနာ ချက်ချင်းကြေမွှပျက်စီးသွားခဲ့လေ၏။
ဤကျင့်ကြံသူမှာ ရွှီယွီ၏ နောက်သို့ လိုက်ပါလာသူများထဲမှ တစ်ဦးပင်။ သူ့တွင် အမှန်တကယ်ပင် စိတ်ဓာတ်ခိုင်မာမှုတချို့ ရှိနေခဲ့သည်။ သူ မလွတ်မြောက်နိုင်ကြောင်း သိသဖြင့် သူက ရိုင်းစိုင်းသော အကြည့်ဖြင့် နောက်သို့ လှည့်ကာ ရန်သူ၏အမြန်နှုန်းကို နှောင့်နှေးစေရန်အတွက် သူ၏ခန္ဓာကိုယ်ကို သူကိုယ်တိုင် ဖောက်ခွဲရန် ရွေးချယ်လိုက်သည်။
ဝုန်း...
မိုးကောင်းကင်ယံကို တုန်ခါစေသော ကျယ်လောင်သည့် အသံကြီးတစ်သံအောက်တွင်....
ဟင်းလင်းပြင် တုန်လှုပ်သွားပြီး ဟင်းလင်းပြင်၏ ငိုကြွေးသံကဲ့သို့ ဖျက်ဆီးတတ်သောအသံက ပတ်ဝန်းကျင်သို့ ချက်ချင်း စိမ့်ဝင်သွားခဲ့လေ၏။
သူမ၏နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော အကြီးအကဲတစ်ဦး ကျဆုံးသွားသည်ကို ကြည့်ရင်း ရွှီယွီ၏ မျက်နှာပေါ်တွင် ကရုဏာသက်သော အမူအယာတစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။ သူမက လက်ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"အားလုံးပဲ... အရမ်းကြီး ဝမ်းနည်းမနေကြပါနဲ့... တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း... ဒီကျဆုံးမှုက တာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို မြင်တွေ့ဖို့ အခွင့်အရေး တစ်ခုပဲ... သူ မသေသေးပါဘူး... ငါတို့ရဲ့ နှလုံးသားထဲမှာ ထာဝရ အသက်ရှင်နေမှာပါ..."
သူမက ဤစကားများကို အသုံးပြု၍ သူမ၏နောက်မှ နောက်လိုက်များ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် ကြိုးစားခဲ့လေ၏။
သို့ရာတွင် သူမ၏စကားမဆုံးမီနှင့် လူတိုင်းက စိတ်အားတက်ကြွလာမှုအတွက် ဤကြက်စွပ်ပြုတ်ကို မမျိုချနိုင်မီမှာပင်....
နောက်တစ်စက္ကန့်တွင်...
လူတိုင်းက သူတို့၏ ဝမ်းနည်းပူဆွေးမှုမှ ထွက်မလာနိုင်သေးမီမှာပင် အနက်ရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက အောက်သို့ ကျဆင်းလာကာ ရွှီယွီကို ချက်ချင်းချိတ်ပိတ်လိုက်၏။ ယခုတိုက်ခိုက်သူမှာ ဟော့ရွှမ်ကို အကြံပေးခဲ့သော အစေခံအိုကြီးပင်။
"မကောင်းတော့ဘူး..."
ရွှီယွီ၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။ သူမသည် မူလကတည်းက တိုက်ခိုက်ရေးတွင် မထူးချွန်သဖြင့် တူညီသောနယ်ပယ်တွင် ရှိသူများကိုပင် အနိုင်မယူနိုင်ခဲ့ချေ။ ပြိုင်ဘက်က ခြေလှမ်းတစ်ဝက်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ ဖြစ်နေချိန်တွင်မူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ရွှီယွီ ပိတ်မိနေသည်ကို မြင်သောအခါ တခြားသူများ ချက်ချင်းစိုးရိမ်ပူပန်သွားကြသည်။ အကြီးအကဲတစ်ဦးက ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
"အားလုံးပဲ... မလန့်ကြနဲ့... တာအိုသီလရှင်က နက်ရှိုင်းတဲ့ အရှိန်အဝါနဲ့ ထူးကဲတဲ့ ကျင့်ကြံဆင့်နယ်ပယ်ကို ပိုင်ဆိုင်ထားတယ်... သူက ငါတို့ရဲ့ နှလုံးသားထဲမှာ နေထိုင်တော့မှာ... ဒါက ကံတရား ပြီးပြည့်စုံခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်ပြီး ကြီးမားတဲ့ ကောင်းကျိုး တစ်ခုပါပဲ... တာအိုသီလရှင်ရဲ့ စတေးမှုကို အလဟဿ မဖြစ်စေကြနဲ့... ပြေးကြတော့..."
ရွှီယွီ "...
သူမ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး သူမ အသက်ရှူမဝလုနီးပါး ဖြစ်သွားကာ သူမ၏ ရင်ဘတ်ထဲတွင် ဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်တခဏကြာမျှ သူမ စကားမပြောနိုင်ဖြစ်သွားပြီး အကူအညီတောင်းရန်ပင် အရမ်းရှက်ရွံနေခဲ့လေ၏။
ဤအလွန်အရေးကြီးသော အကျပ်အတည်း အချိန်လေးမှာပင်.....
"ငါ့ကို ကယ်ပါအုံး..."
မိုးကုတ်စက်ဝိုင်းဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။