← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅:ရှေးဟောင်း သူတော်စင်တွေရဲ့ အရိုအသေပေးမှု... မွေးရာပါ ပြိုင်ဘက်ကင်းသူ...

မိုးကုတ်စက်ဝိုင်းဆီမှ စူးရှသော အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာပြီး အဝေးမှနေ၍ လျင်မြန်စွာ ချဉ်းကပ်လာခဲ့လေ၏။

လူအများစုက ရှင်းရှင်းလင်းလင်း မကြားလိုက်ရသော်လည်း ထိုအသံက လူတိုင်းကို အလိုအလျောက် မော့ကြည့်သွားစေခဲ့သည်။

မှေးမှိန်သော ရွှေရောင် အလင်းတန်းဖြင့် ဖုံးလွှမ်းထားသည့် ပုံရိပ်တစ်ခုက သူတို့ဆီသို့ ကြယ်တံခွန်တစ်ခုအလား အရူးအမူး ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ် ရောက်မလာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါက ကောင်းကင်တစ်ခြမ်းကို ဖုံးလွှမ်းသွားခဲ့သည်။

ဤအရှိန်အဝါအောက်တွင် လူများအားလုံး ချက်ချင်းတုန်ရီလာကြ၏။

"ပြီးသွားပြီ... အားလုံး ပြီးသွားပြီ..."

"ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး... ဒါက ငါတို့ ယှဉ်ပြိုင်နိုင်တဲ့ တည်ရှိမှုမျိုး လုံးဝမဟုတ်ဘူး..."

"ငါတို့ ဘာလုပ်ရမလဲ..."

"နတ်ဘုရားမျိုးနွယ်စု..."

ရွှီယွီ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူမ၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။ ထို့နောက် သူမ၏ ခြေဖဝါးမှစ၍ တစ်ကိုယ်လုံးသို့ အေးစက်မှုတစ်ခု စီးဆင်းသွားခဲ့သည်။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

ဒဏ္ဍာရီလာ နတ်ဘုရားမျိုးနွယ်စုက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်မှာလဲ...

သူမပင်လျှင် အင်မော်တယ်ခန်းမဆောင်ရှိ ဘိုးဘေးဆရာကြီး ချန်ထားခဲ့သော နတ်ဘုရားမျိုးနွယ်စု၏ မှတ်တမ်းများကိုသာ မြင်တွေ့ဖူးခဲ့လေ၏။ ထိုအထဲတွင် စာကြောင်းတိုလေး အနည်းငယ်သာ ရှိသည်။

မျိုးနွယ်စုအားလုံး၏ဘုံရန်သူများ...မွေးရာပါ စွမ်းရည်များနှင့် မွေးဖွားလာကြသူများ... တွေ့ဆုံပါက သူတို့ကို ရှောင်ရှားပါ... လူသားမျိုးနွယ်စု ကြားတွင် ပြိုင်ဘက်ကင်းသူ တစ်ဦး မဟုတ်လျှင် သူတို့ကို အနိုင်မယူနိုင်ပါ...

ထို့ပြင် နတ်ဘုရားမျိုးနွယ်စု အရှိန်အဝါ အစအနလေးကိုပင် နောင်လာနောက်သားများ ခွဲခြားသိရှိနိုင်ရန် ထိုမှတ်တမ်းတင်ထားသော ရှေးဟောင်းစာလိပ်များတွင် ချန်ထားခဲ့သည်။ ထိုအရှိန်အဝါသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။ အဆုံးမရှိသော နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် သူမ ပထမဆုံးအကြိမ် ထိတွေ့ခဲ့ရချိန်၌ ထိုအရှိန်အဝါက သူမကို အချိန်ကြာမြင့်စွာ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းခေါင်းဆောင်က နတ်ဘုရားမျိုးနွယ်စုသည် အောက်ဘုံသို့ ဆင်းသက်လာမည် မဟုတ်ဘဲ သူတို့၏ပုံရိပ်များကို စိတ်ဝိညာဉ်နယ်မြေတွင်သာ မြင်တွေ့နိုင်သည်ဟု ပြောခဲ့ဖူးလေ၏။

ယခုအချိန်၌...

အရှိန်အဝါ ထပ်မံ၍ ထွက်ပေါ်လာသောအခါ ရွှီယွီက ကြောင်အမ်းသွားခဲ့သည်။

ဤအချိန်၌ ရုတ်တရက် ထွက်ပေါ်လာသော ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများမှာ မည်သူမည်ဝါများဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့လေ၏။ ဤှသည်က အတိတ်တွင် နတ်ဘုရားမျိုးနွယ်စုထံသို့ ဘက်ပြောင်းပြီး သူတို့၏ အစေခံများ ဖြစ်လာခဲ့သော လူသားများပင်။

သို့ရာတွင် သူမ သေချာပေါက် သေရတော့မည်ဟု တွေးထင်နေချိန်မှာပင် သူမကို ချိတ်ပိတ်ထားသော အဖိုးအို၏အရှိန်အဝါ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"သခင်လေး..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုသည် အချိန်တခဏကြာမျှ ကြောင်အမ်းသွားခဲ့လေ၏။

ငါ ကြားလိုက်တာ မှန်ရဲ့လား... သခင်လေးက အကူအညီ တောင်းလိုက်တာလား...

နောက်တစ်စက္ကန့်တွင်...

ဤရုတ်တရက် အပြောင်းအလဲက ရွှီယွီကို သတ်တော့မည့် ခြေလှမ်းတစ်ဝက်နတ်ဘုရားနယ်ပယ်အစေခံအိုကြီးကို အေးခဲသွားစေခဲ့သည်။ သူက အသံထွက်ပေါ်လာရာဆီသို့ ထိတ်လန့်တကြား ကြည့်လိုက်ပြီးနောက် သူ၏အမူအရာ ချက်ချင်းတောင့်တင်းသွားခဲ့လေ၏။

ဤအချိန်၌ ဟော့ရွှမ်၏ မူလက ခမ်းနားသော သံချပ်ကာမှာ ကြေမွှပျက်စီးနေလေပြီ။ သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်ဖျော့ဖျော့ နတ်ဘုရားသွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ အရှိန်အဝါ အလွန်အမင်း ညှိုးနွမ်းနေသည်။ သူ၏မျက်နှာပေါ်၌ ပြိုလဲမှု မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်မှုနှင့် တည်ငြိမ်မှုတို့က မည်သည့်နေရာသို့ ရောက်သွားသနည်း...

ထို့ပြင် သူ၏နောက်တွင် အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ဝိုးတဝါး ထွက်ပေါ်လာခဲ့သည်။

"ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကဏဦးအဆင့်..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက တစ်ဖက်လူ၏နယ်ပယ်ကို ချက်ချင်းခွဲခြားသိရှိလိုက်ပြီး သူ၏နှလုံးသားထဲတွင် သံသယများ မဖြစ်ပေါ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်က လူသား တစ်ယောက်တည်းလား... တူညီတဲ့ နယ်ပယ်မှာ တိုက်ခိုက်တာက သခင်လေးကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေမျိုးကို ရောက်သွားစေရတာလဲ...

လှည့်ကွက် တစ်ခုခု များလား...

သို့ရာတွင် သူ့ထံ၌ ထပ်မံတွေးတောနေရန် အချိန်မရှိတော့ချေ။

ချက်ချင်းပင် သူ၏ ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားပြီး ငရဲကမ္ဘာမှ သရဲတစ္ဆေ တစ်ကောင်အလား သူ၏နံပတ်လည်တွင် မည်းမှောင်သော မှော်စာလုံးများ ​ပျံ့နှံ့သွားခဲ့သည်။

"သခင်လေး... ဒီအစေခံအိုကြီးက မင်းကို ကယ်ဖို့ လာနေပြီ..."

ဤသည်မှာ သစ္စာရှိမှုကို ပြသရန်နှင့် မျက်နှာသာရရန် ကြီးမားသော အခွင့်အရေး တစ်ခုဖြစ်ကြောင်းအနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက နားလည်ထားလေ၏။ နတ်ဘုရားမျိုးနွယ်စုမှ အရေးကြီးသော ပုဂ္ဂိုလ်များစွာက ဤအရာအားလုံးကို ယခုချိန်၌ စောင့်ကြည့်နေကြောင်း သိထားရပေမည်။

ထို့ပြင် အကယ်၍ သူသာ ဘာမျှမလုပ်ပါက သူ အပြင်ထွက်သွားသည်နှင့် သေချာပေါက် သေဆုံးရပေမည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအို၏ပုံရိပ်သည် သရဲတစ္ဆေ တစ်ကောင်အလား တိုက်ခိုက်ပြီးဖြစ်ကာ စူးချန်ကဲ၏အနီးသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ပိန်လှီလှီလက်ဝါးများသည် မည်းနက်နေပြီး ထူးဆန်းသော မှော်စာလုံးများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းနေသည်။ သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်သည်နှင့် ဆိုးယုတ်သော အရှိန်အဝါကို သယ်ဆောင်ထားသည့် ခမ်းနားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် လေထုထဲတွင် နေရောင်ကိုပင် ဖုံးကွယ်ထားနိုင်သော ကျန်းတစ်ထောင်ခန့်ရှိသည့် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

ဤလက်ဝါးပုံရိပ်ယောင်ကြီးသည် ကောင်းကင်ယံကို ပိတ်ဖုံးထားပြီး ထိုအရာပေါ်မှ မှော်စာလုံးများ အမှန်တကယ် အသက်ဝင်လာပေ၏။ ထိုအရာများသည် စူးရှသော အော်ဟစ်သံများကို ထုတ်လွှတ်နေသည့် အငြိုးကြီးစိတ်ဝိညာဉ်များ၏ ရှုံမဲ့နေသော မျက်နှာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအရာများမှ ဖြာထွက်နေသော အေးစက်သည့်အရှိန်အဝါက ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းများကိုပင် ထွက်ပေါ်လာစေခဲ့သည်။

"သတိထား..."

ရွှီယွီက အံ့ကြိတ်ပြီး အော်ဟစ်လိုက်၏။ သူမ၏ စိတ်နှလုံးသားထဲ၌ စူးချန်ကဲကို မုန်းတီးနေသော်လည်း ယခုအချိန်၌ သူမတို့သည် ဘုံရန်သူ တစ်ဦးကို ရင်ဆိုင်နေကြရလေပြီ။

"အိုး ဘုရားရေ... ဒီအနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူ မဟုတ်ဘူး..."

ကျင့်ကြံသူတချို့က ထိတ်လန့်ကြောက်ရွံစွာဖြင့် အော်ဟစ်လိုက်ကြသည်။

"တာအိုရောင်းရင်းစူး... သတိထား..."

အနောက်မှ အပြေးအလွှား လာနေသော လီဖိုကျွင်းက ဤဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးကို မြင်သောအခါ သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေ၏။ ထိုအရာမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၌ ရှိသင့်သော မှော်စာလုံး စွမ်းအား လုံးဝမဟုတ်ချေ။ တစ်ဖက်လူသည် ဤအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် သူ၏နယ်ပယ်ကို ဖိနှိပ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းတချို့ကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းလှသည်။

ထုယိုယိုသည် ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် သူမ၏မီးခိုးပြာရောင် မျက်လုံးများတွင်စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမက အော်ဟစ်လိုက်၏။

"စီနီယာအစ်ကို..."

သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်အဖိုးအို၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲ၏မျက်လုံးများမှ တိုက်ပွဲလိုခြင်း စိတ်ဆန္ဒများ ဖြာထွက်နေသည်။

သူ့ထံ၌ ဝှက်ဖဲများစွာ ရှိနေသဖြင့် နယ်ပယ်များကို မည်မျှအထိ သူ ကျော်ဖြတ်၍ တိုက်ခိုက်နိုင်မည်ကို သူ ကြည့်ချင်နေခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးသူငယ်အိမ်များ၌ နတ်ဘုရားဖျက်ဆီးခြင်း မှော်စာလုံးများ စုစည်းသွားပေ၏။ ထို့နောက် မှော်စာလုံးလက်ဝါးပုံရိပ်ယောင်ကြီး၏ နက်နဲသိမ်မွေ့သော အမှန်တရားကို သူ တစ်ချက်တည်းဖြင့် ထွင်းဖောက်မြင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆင့်မြင့် အထွတ်အထိပ်အရိုး၏စွမ်းအားက ဤအချိန်၌ ပေါက်ကွဲထွက်လာခဲ့သည်။

ရှေးဦးခေတ်မှ အစပြုလာပြီး သက်ရှိအားလုံး၏ အထက်တွင် ရပ်တည်နေသည့်အလား ဖြစ်နေသော အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်တွင်းမှ ချက်ချင်းပျံ့နှံ့လာခဲ့လေ၏။

လောကကြီးတစ်ခုလုံးက ရှေးဟောင်းတာအို အသံများနှင့် ပဲ့တင်ထပ်နေပုံရသည်။

"ဒါက..."

အနက်ရောင်ဝတ်ရုံဝတ်အဖိုးအို၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားပြီး မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူ၏စိတ်နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင်...

အနက်ရောင်ဝတ်ရုံဝတ်အဖိုးအို ကြောင်အမ်းသွားခဲ့သည်။ သူ၏အိုမင်းနေသော မျက်လုံးများက ရှေးဟောင်းသူတော်စင် တစ်ပါးပြီး တစ်ပါး၏ ရွှေရောင်ပုံရိပ်ယောင်များ နိုးထလာမှုကို ရောင်ပြန်ဟပ်နေလေ၏။

သူ မြင်လိုက်ရသည်မှာ...

ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများ ပါဝင်သည့် ထူထပ်သိပ်သည်းသော မူလအစ အထွတ်အထိပ် မှော်စာလုံးများက စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

သူ၏နောက်ရှိ သဘာဝလွန်ဖြစ်စဉ်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ မျက်နှာများကို မမြင်နိုင်ဘဲ ဖရိုဖရဲ နတ်ဘုရား အလင်းရောင်များဖြင့် ဖုံးကွယ်ထားသော ဧရာမ ပုံရိပ်များက ကောင်းကင်နှင့်မြေပြင်ကြားတွင် မတ်တတ်ရပ်နေကြလေ၏။ ထိုပုံရိပ်များသည် ပုံစံအမျိုးမျိုး ရှိသော်လည်း သူတို့ အားလုံးက အရိုအသေပေးခြင်းဆိုသော တူညီသည့် လုပ်ရပ်ကို လုပ်ဆောင်နေကြသည်။ ထို့ပြင် သူတို့ အရိုအသေပေးနေသူမှာ စူးချန်ကဲပင်။

"ရှေးဟောင်း သူတော်စင်တွေရဲ့ အရိုအသေပေးမှု... မွေးရာပါ ပြိုင်ဘက်ကင်းသူ..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက ရုတ်တရက် ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

နောက်တစ်စက္ကန့်တွင်...

စူးချန်ကဲသည် လှုပ်ရှားလိုက်၏။ သူ၏ ခန္ဓာကိုယ်ရှိ အထွတ်အထိပ်အရိုးပေါ်မှ မှော်စာလုံးများက အဆုံးမရှိသော စကြဝဠာများ ပါဝင်ပြီး ကောင်းကင်ယံ၏ မဟာတာအိုများ အားလုံးကို ဖိနှိပ်ထားသည့် ရွှေရောင် နတ်ဘုရား နေမင်းများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော ရွှေရောင် သွေးများက သူ့ကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအား ပေးစွမ်းနေသည်။

သူ့အပေါ်သို့ ကျရောက်လာသော ကျန်းတစ်ထောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲက အထက်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏တစ်ကိုယ်လုံးရှိ အထွတ်အထိပ်အရိုးများမှ တောက်ပသော နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ရွှေရောင်ရှေးဟောင်းသူတော်စင် ပုံရိပ်ယောင်များက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ဖျက်ဆီးစမ်း..."

ဝုန်း...

ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းတစ်ထောင် လက်ဝါးပုံရိပ်ယောင်ကြီးသည် သဘာဝရန်သူနှင့် တွေ့ဆုံလိုက်ရသည့်အလား ချက်ချင်းကြေမွှပျက်စီးသွားသည်။

"ဟင်..."

"မှော်စာလုံး ဖိနှိပ်မှုလား..."

"ဒီကောင်လေးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှာ ဘယ်လိုမှော်စာလုံးမျိုးကို ထွင်းထုခဲ့တာလဲ... ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါ... ဒီကောင်လေးမှာ အရမ်းအစွမ်းထက်တဲ့ အထွတ်အထိပ်အရိုးတွေ အရမ်းများနေတာများလား..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအို၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေလေ၏။ ခန္ဓာကိုယ်တစ်ခုလုံး၌ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေသော စူးချန်ကဲကို ကြည့်ရင်း သူ အနည်းငယ် ဆွံ့အသွားခဲ့သည်။

သူ ဤမျှထိကြာကြာ အသက်ရှင်သန်ခဲ့ပြီးနောက် မွေးရာပါ အထွတ်အထိပ်အရိုးများရှိသော ပါရမီရှင်များအကြောင်းကိူ သူ မကြားဖူးသည်တော့ မဟုတ်ချေ။ သို့ရာတွင် အများဆုံးအနေဖြင့် တာအိုအရိုးတစ်ချောင်း သို့မဟုတ် နှစ်ချောင်းရှိသောလူကို ကောင်းကင်တာအို၏ မျက်နှာသာပေးခြင်းခံရသူဟု ခေါ်ကြလေ၏။

ဒါက သောက်ကျိုးနည်း.. ဘာကြီးလဲ...

သို့ရာတွင် သူ အံ့အားသင့်ရန် အချိန်မရလိုက်မီမှာပင် စူးချန်ကဲ၏ပုံရိပ်က ကူးပြောင်းမှုလုပ်လိုက်သည့်အလား အဖိုးအို၏ရှေ့တွင် ထွက်ပေါ်လာပြီး ဒုတိယလက်သီးတစ်ချက် ထွက်ပေါ်လာကာ သူကို တည့်မတ်စွာ ရိုက်ခတ်သွားခဲ့သည်။

စူးချန်ကဲ၏အနောက်ရှိ ရှေးဟောင်းသူတော်စင် ပုံရိပ်ယောင်များက သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ပုံရပြီး ရွှေရောင် အလင်းတန်းများ တောက်ပစွာ လင်းလက်လာကာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

"ချည်နှောင်စမ်း..."

ဤတစ်ကြိမ်တွင် လက်သီးချက်သည် လျှင်မြန်ပုံမပေါ်သော်လည်း ထိုအရာက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချိတ်ပိတ်လိုက်ပုံရသည်။ အနက်ရောင်ဝတ်ရုံဝတ် အဖိုးအို၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက သူ၏ ခန္ဓာကိုယ်တွင်းရှိ မှော်စာလုံးများကို အသည်းအသန် စုစည်းကာ သူ့ရှေ့တွင် မည်းမှောင်သော အကာအကွယ်အလွှာများကို တစ်လွှာပြီးတစ်လွှာ ချထားလိုက်သည်။

ဘန်း...

ခရက်...

ထိုအကာအကွယ်အလွှာများသည် စက္ကူပြတင်းပေါက်များအလား တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။

ဤလက်သီးချက်သည် မည်သည့် လှည့်ကွက်မှ မပါဘဲ အဖိုးအို၏ ရင်ဘတ်ပေါ်သို့ တည့်မတ်စွာ ကျရောက်သွားခဲ့လေ၏။

"ဖူး..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုက သွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်သည်။ သူ၏ရင်ညွန့်ရိုးနှင့်နံရိုးများ ချက်ချင်းကြေမွှပျက်စီးသွားခဲ့သည်။ သို့ရာတွင် သူသည် မူလက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်တွင် ရှိနေခြင်း မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် သူ၏ကျင့်ကြံခြင်းကို ဖိနှိပ်ထားခြင်းသာ ဖြစ်သဖြင့် သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားသည် အစွမ်းထက်နေဆဲပင်။

အခန်း ၅၆:အဆောင်လက်ဖွဲ့ ဖြစ်တည်သွားပြီ... လောကကြီး ရှင်းလင်းသွားပြီ...

သူ၏ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကို ချက်ချင်း ဖိနှိပ်ပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်အဖိုးအိုက စူးချန်ကဲကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းရှိ အနက်ရောင်မှော်စာလုံးများ လည်ပတ်နေပြီး သူ၏စိတ်နှလုံးသားထဲတွင် ကြီးမားသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေ၏။

အဟွတ်... အဟွတ်... အဟွတ်...

"တကယ့်ကို မယုံနိုင်စရာပဲ..."

"သခင်လေးတောင် နယ်ပယ်တူမှာ မင်းရဲ့ ပြိုင်ဘက် မဖြစ်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး... အထွတ်အထိပ်အရိုးတွေ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်စာလုံးတွေနဲ့ မွေးရာပါ နတ်ဘုရားမျက်လုံးတွေ ရှိနေတဲ့ ခန္ဓာကိုယ်တစ်ခု..."

"မင်းလို ပါရမီရှင် တစ်ယောက်က ဒီအောက်ဘုံမှာ ဘယ်လိုလုပ်ပြီး မွေးဖွားလာနိုင်မှာလဲ..."

"ဒါပေမဲ့ မင်းမှာ ဒါပဲ ရှိတယ်ဆိုရင်တော့..."

ဤအတွေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်တစ်စက္ကန့်တွင် သေမင်း၏အရှိန်အဝါက သူ့ကို ချက်ချင်းလွှမ်းခြုံသွားခဲ့လေ၏။ ထိုအရာမှာ သူ ရင်းနှီးနေပုံရသော ဓားစိတ်ဆန္ဒတစ်ခုလည်း ဖြစ်သည်။ ထိုအချိန်တခဏတွင် အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲသည် သူ တပည့်တစ်ဦးအဖြစ် ရှိနေဆဲဖြစ်သော နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။ ဓားတစ်လက်ကို သယ်ဆောင်လာသော ပုံရိပ်တစ်ခုက ချဉ်းကပ်လာကာ သူ၏နတ်ဆိုးလမ်းစဉ် ဂိုဏ်း တစ်ခုလုံးကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပြားချပ်သွားစေသည်ကို သူ အဝေးမှ ကြည့်နေခဲ့ရလေ၏။

"သောက်ကျိုးနည်း..."

"ကောင်းကင်ကွပ်မျက် ဓားစိတ်ဆန္ဒ..."

"ရှေးဟောင်း စူးမိသားစုဝင် တစ်ယောက်လား..."

အနက်ရောင်ဝတ်ရုံဝတ်အဖိုးအို၏ စိတ်ဝိညာဉ်လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ ဤအသက်အရွယ်နှင့် ဤနယ်ပယ်တွင် ရှိနေသူ တစ်ယောက်သည် စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံး၌ နာမည်ကြီးသော ရှေးဟောင်းစူးမိသားစု၏ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို ဘာလို့ အသုံးပြုနိုင်တာလဲဆိုသည်ကို တွေးတောရန် ဒါမှမဟုတ် ခန့်မှန်းဖို့တောင် သူ့မှာ အချိန်မရှိတော့ချေ။

သူ၏ရုပ်ခန္ဓာကိုယ်နှင့် ဝင်္ကပါပုံစံများကို အသုံးပြု၍မရသော အခြေအနေမျိုးတွင် အကယ်၍ သူသာ ထိုဓားဆီမှ တိုက်ခိုက်မှု တစ်ချက်ကို ခံလိုက်ရပါက...

ထိုအရာ၏ ဓားစိတ်ဆန္ဒ တစွန်းတစဆိုလျှင်ပင် သူ ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်လွင့်စင်ပြီး စိတ်ဆန္ဒ ပြယ်လွင့်သွားမည့် အခြေအနေကို ခံစားရမည်ဖြစ်ကြောင်း သူ သိထားလေ၏။

"ခဏလေး... စူးမိသားစုရဲ့သခင်လေး... ငါက လူသားမျိုးနွယ်စုကပါ... ငါက ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ ဒီအထဲကို အတင်းအကြပ် တွန်းပို့ခံခဲ့ရတာပါ..."

အနက်ရောင်ဝတ်ရုံဝတ်အဖိုးအိုက ချက်ချင်း လေသံပြောင်းကာ သနားရန် တောင်းပန်လိုက်ပြီး နတ်ဘုရားမျိုးနွယ်စုသခင်နှင့် ပတ်သက်သော မည်သည့်အတွေးများကိုမဆို သူ၏ စိတ်ထဲမှ လုံးဝလွှင့်ပစ်လိုက်သည်။ သူ၏စိတ်နှလုံးသားထဲ၌ မယုံနိုင်လောက်အောင် အံ့အားသင့်နေဆဲပင်။

စူးမိသားစုက ပါရမီရှင်တစ်ယောက်က အောက်ဘုံကို ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မည်နည်း...

သူက စူးမိသားစုရဲ့ ဘယ်မျိုးဆက်ကလဲ...

ဒီစွမ်းအားက နတ်ဘုရားနယ်မြေ တော်ဝင်မျိုးနွယ်စုဖြင့်ပင် ယှဉ်ပြိုင်နိုင်သော အလားအလာ ရှိနေလေပြီ။

သို့ရာတွင် စူးချန်ကဲသည် မည်သည့်စကားမျှမကြားလိုက်ရသည့်အလား ပြုမူကာ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် ၏ ဓားစိတ်ဆန္ဒထဲတွင် နစ်မြုပ်နေဆဲပင်။

【ဒင်... ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် နားလည်သဘောပေါက်နိုင်စွမ်း +1 +1 +1 +1 +1 +1】

【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အစပျိုးလိုက်ပါပြီ... လက်ခံသူက သူတော်စင်အဆင့် ဓားတာအို နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တယ်... ဓားတာအိုရဲ့ စစ်မှန်တဲ့ အနှစ်သာရ အစိတ်အပိုင်းလေးတစ်ခုကို လက်ခံသူက မြင်တွေ့ခဲ့ရပါတယ်... ဓားတာအိုထဲကို ဝင်ရောက်မှု အောင်မြင်သွားပါပြီ...】

နောက်တစ်စက္ကန့်တွင်...

စူးချန်ကဲ၏ညာဘက်လက်က ဓားလက်ချောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင် ဝတ်ရုံဝတ်အဖိုးအိုဆီသို့ ညင်သာစွာ ခုတ်ပိုင်းလိုက်၏။

ကောင်းကင်နှင့်မြေပြင်တခွင်လုံး တိတ်ဆိတ်သွားခဲ့သည်။

ဝှစ်....

"..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအို၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။ သူ၏ခန္ဓာကိုယ်သည် ပါးလွှာသော စက္ကူတစ်ရွက်တစ်ခုအလား နှစ်ခြမ်းကွဲသွားပြီးနောက် လုံးဝပျက်စီးသွားကာ ဗလာနတ္တိသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ မသေ​ဆုံးမီ နောက်ထပ် အသနားခံ တောင်းပန်သော စကားတစ်ခွန်းကိုပင် သူ အသံမထွက်နိုင်တော့ချေ။

"ဟူး..."

စူးချန်ကဲက နောက်ကျိနေသော လေများကို ရှူထုတ်လိုက်လေ၏။ အစောပိုင်းက ဟော့ရွှမ်ကို ထိပ်တိုက်ချေမှုန်းခြင်းမှသည် ဤအနက်ရောင် ဝတ်ရုံဝတ်အဖိုးအိုကို သတ်ဖြတ်ခြင်းနှင့် ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို လုပ်ဆောင်ခြင်းအထိ သူ၏ ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

"ငါ့ရဲ့ ကျင့်ကြံနည်းစနစ်က နည်းနည်းတော့ လိုအပ်နေသေးတယ်... ဧကရာဇ်ဥပဒေသတစ်ခုကို ကျင့်ကြံဖို့အတွက် ငါက နတ်ဘုရားမီးတောက်နယ်ပယ်ကို အမြန်ဆုံး ခြေချရမယ်..."

"ဒါပေမဲ့ ငါ့ရဲ့စွမ်းအားက ငါ ထင်ထားတာထက် နည်းနည်းပိုပြီးကြီးမားနေတယ်... ငါ ကိုယ်တိုင် ဖန်တီးထားတဲ့ မှော်စာလုံးတွေက တကယ်တော့ ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိတာပဲ... သာမန် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ငါ တိုက်ခိုက်နိုင်တယ်... တကယ်လို့ သာမန်မဟုတ်တဲ့ ဒီအနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုလိုလူမျိုးနဲ့ ကြုံတွေ့ရရင် သူတို့ကို ချက်ချင်း သတ်ပစ်ဖို့က နည်းနည်း ဒုက္ခများလောက်တယ်..."

"ဒီလောက်ပါပဲ..."

သူသည် အစွမ်းကုန်အသုံးပြုခဲ့သော လက်သီး နှစ်ချက်ဖြင့်ပင် အဖိုးအိုကို မသတ်နိုင်ခဲ့သဖြင့် အချိန်ပိုဖြုန်းနေလျှင် အဓိပ္ပာယ်မရှိကြောင်း သူ နားလည်သဘောပေါက်ခဲ့လေ၏။

အကယ်၍ တခြားသူများက စူးချန်ကဲ၏ စစ်မှန်သော အတွေးများကို သိရှိပါက ထိုလူများသည် သူ့ကို မကျိန်ဆဲဘဲ နေနိုင်မည် မဟုတ်ချေ။

ဒီလောက်ပါပဲဟု ဆိုသလော...

သူက လူတိုင်းကို လက်သီးတစ်ချက်တည်းနဲ့ တကယ်ကြီး သတ်ပစ်ချင်တာလား...

ထို့ပြင် ဤအချိန်၌....

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအို သေဆုံးသွားခြင်းနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့လေပြီ။

ထွက်ပြေးနေသော ရွှီယွီတို့အဖွဲ့ဖြစ်စေ ဆက်လက်၍တိုက်ခိုက်ရန် ဟန်ပြင်နေကြသော နတ်ဘုရားမျိုးနွယ်စုမှ ကျွန်လေးဦးဖြစ်စေ သူတို့အားလုံးသည် လှုပ်ရှားမှုရပ်တန့်စေသော မန္တန်တစ်ခု၏ထိမှန်မှုကို ခံလိုက်ရသည့်အလား နေရာမှာပင် အေးခဲတောင့်တင်းနေကြသည်။ သူတို့၏မျက်နှာများပေါ်တွင် အကန့်အသတ်မရှိသော အံ့အားသင့်မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

လက်သီးသုံးချက်နှင့် ဓားတစ်ချက်တည်းဖြင့်ပင်...

သူ၏ သက်တူရွယ်တူများထက် များစွာသာလွန်သော စွမ်းအားရှိသည့် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦး၏ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားပြီး နတ်ဘုရားစိတ်ဝိညာဉ် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။

ဒါက ဘယ်လို မွန်းစတားမျိုးလဲ...

အကယ်၍ သူတို့ အထင်မမှားလျှင် သူသည် အခု ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကဏဦးအဆင့်တွင်သာ ရှိနေသည် မဟုတ်လော...

ဟင်...

"ဘုရားရေ... ဒါက ဆရာကြီးစူးရဲ့ ခွန်အားလား... သူက အရမ်းကို မွန်းစတားဆန်လွန်းတယ်..."

ကျင့်ကြံသူတစ်ဦးက ကောင်းကင်ကို ကြောင်အမ်းအမ်းဖြင့်ကြည့်ရင်း ပြောဆိုလိုက်၏။

"ဒါက ထိုက်ချင်ဂိုဏ်းရဲ့ ခေါင်းဆောင်တပည့်တစ်ယောက်လား..."

"အရမ်းကြောက်စရာကောင်းတာပဲ... ထိုက်ချင်ဂိုဏ်းက သူ့ကို အရမ်းနက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာပဲ... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေက လူငယ်မျိုးဆက်တွေထဲမှာ ဆရာကြီးစူးရဲ့ ပြိုင်ဘက်က ဘယ်သူ ဖြစ်နိုင်မှာလဲ... သူတို့ အားလုံး ပူးပေါင်းလိုက်ရင်တောင် သူ့ရဲ့လက်သီးတစ်ချက်ကို တောင့်ခံနိုင်ပါ့မလား..."

ရွှီယွီသည် မိုးကောင်းကင်ယံရှိ စူးချန်ကဲကို ကြည့်ရင်း ကြက်သေသေသွားခဲ့လေ၏။ ယဲ့ရွှမ်က သူ့ကို အနိုင်ယူနိုင်မည်ဟု သူမ ယခင်က တွေးတောခဲ့မိကြောင်းကို ပြန်လည်၍ အမှတ်ရသွားသည်။

သူမသည် သူမကိုယ်သူမ အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိလေ၏။

ယဲ့ရွှမ်သည် လက်ရှိတွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် သတ္တမအဆင့်တွင်သာ ရှိနေသည်။ သို့ရာတွင် စူးချန်ကဲကမူ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး ထိုအရာမှာလည်း နယ်ပယ်များကို ကျော်ဖြတ်၍ တိုက်ခိုက်နေခြင်းပင်။

ထိုလူနှစ်ဦးကြားရှိ ကွာဟချက်မှာ ဧရာမ ချောက်ကမ်းပါးကြီးတစ်ခုအလား ဖြစ်နေသည်။

ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာချိန်အထိ သူမ သတိပြန်ဝင်မလာခဲ့ချေ။

"မြန်မြန်..."

"မင်းတို့အားလုံး ဒီကို လာခဲ့..."

"သူ မောပန်းနေပြီ... သူ့ရဲ့ ခွန်အားတွေ ကုန်ခမ်းနေတာကြောင့် သူ ငါတို့အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး... ငါတို့ အတူပူးပေါင်းပြီး သူ့ကို သတ်ကြစို့..."

အနက်ရောင်ဝတ်ရုံဝတ် အဖိုးအိုနှင့် စူးချန်ကဲတို့ကြား တိုက်ပွဲအချိန်အတွင်း၌ သူ၏ နတ်ဘုရား စွမ်းအားများကို ပြန်လည်ရရှိခဲ့သော ဟော့ရွှမ်က စူးချန်ကဲကို စိုက်ကြည့်ရင်း အေးစက်စက် အော်ဟစ်လိုက်၏။ အထူးသဖြင့် စူးချန်ကဲသည် သူ၏အစွမ်းထက်ဆုံးကျွန်ကို ပုရွက်ဆိတ် တစ်ကောင်မား ခြေမွှပစ်သည့်အလား ဖြေရှင်းလိုက်သည်ကို မြင်ပြီးနောက် သူ၏နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏အရိုးများထဲတွင် နက်ရှိုင်းစွာ ရှိနေသော ထိုထိန်းချုပ်၍မရနိုင်သည့် အကြောက်တရားက သူ့ကို မယုံနိုင်လောက်အောင် ရှက်ရွံသွားစေခဲ့သည်။

ငါက လူသားတစ်ယောက်ကို တကယ်ကြီး ကြောက်ရွံ့နေတာလား...

ခွင့်မလွှတ်နိုင်ဘူး...

နောက်တစ်ခဏတွင်...

မှောင်ရိပ်များထဲတွင် ပုန်းအောင်းနေသော ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွန်လေးဦးသည် ချက်ချင်းထွက်ပေါ်လာပြီး စူးချန်ကဲကို တင်းကြပ်စွာ ဝန်းရံလိုက်ကြသည်။ ဟော့ရွှမ်သည် သူ၏ နတ်ဘုရားမျိုးနွယ်စု သံချပ်ကာကို စုစည်းပြီး သတိကြီးစွာထား၍ ချဉ်းကပ်လာခဲ့လေ၏။ စူးချန်ကဲ၏ ယခင်ဓားချက်က သူ့ကို ထိတ်လန့်သွားစေခဲ့ကြောင်း ရှင်းလင်းလှသည်။

"မကောင်းတော့ဘူး..."

ရွှီယွီ၏အမူအရာ အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

"ငါတို့ ဘာလုပ်ရမလဲ..."

"သူတို့က ဆရာကြီးစူးကို တိုက်ခိုက်တော့မယ်...."

"မဟုတ်ဘူး... ငါတို့ သေဖို့ထိုင်စောင့်နေလို့ လုံးဝ မရဘူး... တကယ်လို့ ဆရာကြီးစူး သေသွားရင် ငါတို့ အဆုံးသတ်သွားပြီပဲ... သူ ပြန်လည်ကောင်းမွန်လာနိုင်ဖို့ ဆရာကြီးစူးကို ငါတို့ ကာကွယ်ရမယ်..."

ကျင့်ကြံသူတစ်ဦးက ပြတ်သားစွာ ပြောဆိုလိုက်သည်။

"ကာကွယ်မယ်... သူ့ကို ဘာနဲ့ ကာကွယ်မှာလဲ..."

အနီးအနားရှိ လူငယ် ကျင့်ကြံသူ တစ်ဦးက ရှိုက်ငိုသံဖြင့် အော်ဟစ်လိုက်သည်။

"ငါတို့က သူတို့ဆီက တိုက်ခိုက်မှုတစ်ခုကိုတောင် တောင့်မခံနိုင်ဘူးလေ..."

အသက်ကြီးသော အမျိုးသားက ရုတ်တရက် ခေါင်းလှည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုက သူ၏တိမ်စွဲနေသော မျက်လုံးများမှ ပေါက်ကွဲထွက်လာသည်။ သူသည် သူ၏သွားများကြားမှ စကားလုံးတချို့ကို ညှစ်ထုတ်လိုက်၏။

"ငါတို့ရဲ့ အသက်တွေနဲ့..."

"သူ ပြောတာ မှန်တယ်... အသက်ပေးရရင်တောင်မှ သူ့ကို ငါတို့ ကာကွယ်ရမယ်..."

ရွှီယွီက ဤအချိန်၌ ပြောဆိုလိုက်ကာ သူမ၏ မျက်လုံးများတွင် မယုံနိုင်လောက်အောင် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ထိုအချိန်မှာပင်...

"အဲ့ဒါက ဘာလဲ..."

တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

ကောင်းကင်ယံတွင် စူးချန်ကဲသည် ထိုအကြောင်းကို စဉ်းစားခဲ့ပြီး တစ်လစာ ကျင့်ကြံခြင်းကို အသုံးပြုရန် မလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့လေ၏။ ထိုအရာက သူ၏ ခွန်အားကို ချက်ချင်းပြန်လည်ရရှိစေနိုင်သော်လည်း အနည်းငယ် အလဟဿ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူက လက်ချောင်းတစ်ချောင်းကို ညွှန်ပြလိုက်သည်။

နောက်တစ်စက္ကန့်တွင်...

ကောင်းကင်နှင့်မြေကြီး၏ အမြင့်ဆုံးဥပဒေသများကို အစပျိုးလိုက်သည့်အလား ဖော်ပြ၍မရနိုင်သော နက်နဲသိမ်မွေ့သည့် တာအိုစည်းချက်တစ်ခုက စူးချန်ကဲ၏လက်ချောင်းထိပ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအချိန်၌ စူးချန်ကဲ၏နံဘေးပတ်လည်ရှိ အရှိန်အဝါသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေ၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ တစိုးတစိမျှပင် ဖြာထွက်မနေသော သာမန်သေမျိုးတစ်ယောက်နှင့် တူညီနေသည်။

သို့ရာတွင် သူ၏ရှေ့ရှိ ဟင်းလင်းပြင်တွင် သူ၏ လက်ချောင်းမှ အလင်းစက်လေး ထွက်ပေါ်လာပြီးနောက် ရွှေရောင်တာအိုဥပဒေသများမှ သီးသန့်စုစည်းထားသော မျဉ်းကြောင်းတစ်ခုက လေထဲတွင် ထင်ဟပ်လာခဲ့သည်။

"ဒါက ဘာလဲ..."

ဟော့ရွှမ်က စူးချန်ကဲ၏ရှေ့ရှိ ရွှေရောင် မျဉ်းကြောင်းကို ကြည်လင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။

ရှေးဟောင်း ရွှေရောင် အဆောင်လက်ဖွဲ့တစ်ခုက ရုတ်တရက် ပုံပေါ်လာခဲ့သည်။ ထိုအရာသည် လက်ဝါးတစ်ဖက်စာ အရွယ်အစားသာ ရှိပြီး စူးချန်ကဲ၏ရှေ့တွင် လွင့်မျောနေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

လောကကြီး ရှင်းလင်းသွားခဲ့သည်။ နားကွဲလုမတတ် ဆူညံသံ မရှိသလို တုန်ခါမှုများလည်း မရှိခဲ့ချေ။

သို့ရာတွင် ထိုရွှေရောင်အဆောင်လက်ဖွဲ့ကို ဗဟိုပြု၍ မမြင်နိုင်သော်လည်း ခုခံ၍မရနိုင်သော မဟာတာအို၏ စွမ်းအားတစ်ခုက ချက်ချင်းပျံ့လွင့်သွားခဲ့သည်။

"အဲ့ဒါက... ထိုက်ချင်ဂိုဏ်းရဲ့ ဒုတိယတောင်ထိပ်က ရွှမ်ချင်အဆောင်လက်ဖွဲ့ လား..."

"လက်ချောင်းတစ်ချောင်းနဲ့ အဆောင်လက်ဖွဲ့တစ်ခုကို ဖွဲ့စည်းတာ... ဒါက အဆောင်လက်ဖွဲ့တာအိုရဲ့ ဘယ်အဆင့်လဲ..."

All Chapters