အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ၅၇:ဒါက... လူသားမျိုးနွယ်စုရဲ့ အဆောင်လက်ဖွဲ့တာအိုလား...
ဤအချိန်၌...
ထိုက်ချင်ဂိုဏ်း၏ အဆောင်လက်ဖွဲ့များကို မြင်တွေ့ဖူးသော ကျင့်ကြံသူ တစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ ဤရွှမ်ချင်အဆောင်လက်ဖွဲ့သည် ထိုက်ချင်နယ်မြေတွင် တစ်ကြိမ်ထက်မက ထွက်ပေါ်လာခဲ့ဖူးသည်။ ထိုအရာမှာ ထိုက်ချင်ဂိုဏ်း၏ဒုတိယတောင်ထိပ်မှ တောင်ထိပ်သခင် ယောင်ရှင်းယဲ့၏ သီးသန့် အဆောင်လက်ဖွဲ့ ပင်။ သို့ရာတွင် ဤအဆောင်လက်ဖွဲ့သည် သန့်စင်ခြင်းကိုသာ အာရုံစိုက်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ်ချေ။
ထိုအရာသည် မည်သည့်အချိန်ကစ၍ ထိုကဲ့သို့စွမ်းအားမျိုး ရှိခဲ့ဖူးသနည်း...
ထို့ပြင် ထိုအရာက မည်သည့်အချိန်တုန်းက မဟာတာအို၏ ရွှေရောင်ဥပဒေသများကို မင်အဖြစ် အသုံးပြုခဲ့ဖူးသနည်း...
"လက်ချောင်းတစ်ချက် လှုပ်ခတ်လိုက်တာနဲ့ အဆောင်လက်ဖွဲ့တွေကို ဖွဲ့စည်းတယ်... အတွေးတစ်ခုတည်းနဲ့ ဥပဒေသတွေကို ပုံဖော်တယ်... အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်ပဲ..."
ရွှီယွီက ထုံကျင်နေသော အမူအရာဖြင့် ကောင်းကင်ကို ကြည့်နေလေ၏။ သူမ၏ ဦးနှောက်တွင် တွေးတောနိုင်စွမ်း ဆုံးရှုံးသွားပုံရသည်။
အင်မော်တယ်ခန်းမဆောင်မှလာသော သူမ၏ ဂိုဏ်းရှိ အဆောင်လက်ဖွဲ့ကျင့်ကြံသူ အများအပြားမှာ အဆောင်လက်ဖွဲ့တာအိုတွင် အနည်းငယ်သော အောင်မြင်မှုများကို ရရှိခဲ့ကြသည်။ သို့ရာတွင် သူမကဲ့သို့ပင် ထိုလူများသည်လည်း ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲပင်။
အထူးသဖြင့် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးတွင် အဆောင်လက်ဖွဲ့ကျင့်ကြံသူများသည် လက်ဖက်ရည်တာအိုကို အထူးပြုသော ကျင့်ကြံသူများထက်ပင် ပို၍ရှားပါးလှသည်။
အကြောင်းအရင်းမှာ ဤတာအိုလမ်းစဉ်သည် အလွန်ခက်ခဲလွန်းသောကြောင့်ပင်။
ပါရမီမရှိပါက လူတစ်ယောက်သည် ထိုပညာရပ်ကို သင်ယူရန် အရည်အချင်းပင် မရှိချေ။
ပုံစံခွက်တစ်ခုမှ အဆောင်လက်ဖွဲ့များကို ရေးဆွဲပြီး စက္ကူပေါ်တွင် တာအိုစည်းချက် ထည့်သွင်းခြင်းကပင်လျှင် မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ သို့ရာတွင် စူးချန်ကဲက ထိုအရာများကို ပေါ့ပေါ့ပါးပါး ဖန်တီးကာ အဆောင်လက်ဖွဲ့များ ဖွဲ့စည်းရန်အတွက် မဟာတာအို၏လမ်းကြောင်းကို ရေးဆွဲခြင်းမှာ တည်ရှိမှုတစ်ခုထဲသို့ ဥပဒေသများကို ပေါင်းထည့်ထားသည့်အလားပင်။ ထိုအရာသည် အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေ၏။
ရွှမ်ချင်အဆောင်လက်ဖွဲ့ ဖွဲ့စည်းသွားသော အချိန်မှာပင်...
မဟာတာအို၏စွမ်းအားက ရေလှိုင်းများအလား ပျံ့လွင့်သွားပြီး လောကကြီးတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။
"ဒါက... လူသားမျိုးနွယ်စုရဲ့ အဆောင်လက်ဖွဲ့တာအိုလား..."
ဟော့ရွှမ်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားပြီး သူ၏ အတွေးများ နှေးကွေးသွားခဲ့သည်။ မဟာတာအို၏ နက်နဲသိမ်မွေ့ကြည်လင်မှုချီက သူ့ကို လွှမ်းခြုံသွားသောအခါ သူ၏မျက်နှာပေါ်ရှိ ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။ ထိုအစား သူ့ထံ၌ အလွန်အမင်းတွေဝေမှုများ ထိတ်လန့်မှုများဖြင့် အစားထိုးခြင်းခံလိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင်...
သူ၏နံဘေးပတ်လည်ရှိ နတ်ဘုရားစွမ်းအားများနှင့် ချိတ်ဆက်မှုမှာ မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် အတင်းအကြပ် ဖြတ်တောက်ခံလိုက်ရကြောင်း သူ တွေ့ရှိလိုက်သည်။
သူ၏စွမ်းအား ဆုံးရှုံးသွားပြီးနောက် သူသည် သေမျိုးတစ်ဦးအလား ဖြစ်သွားကာ ဓားစိတ်ဆန္ဒတစ်ခု၏ တိုက်ရိုက်ခုတ်ပိုင်းခြင်းကို ခံလိုက်ရလေ၏။
သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားသွေးများ စီးဆင်းမှု ချက်ချင်းရပ်တန့်သွားပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ်မှာ ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။ သူ၏မျက်လုံးသူငယ်အိမ်များ မှေးမှိန်သွားကာ သူ၏ပုံရိပ်သည် မြေပြင်ပေါ်သို့ တည့်မတ်စွာ ကျဆင်းသွားခဲ့လေ၏။ သူ၏ သက်ဝင်လှုပ်ရှားမှုများအားလုံး ဤအချိန်၌ လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူ၏အသက်ကယ် ဝှက်ဖဲကို အသုံးပြုရန်ပင် သူ အချိန်မရလိုက်ချေ။ အနက်ရောင်ဝတ်ရုံဝတ် အကြီးအကဲထက် အားနည်းသော တခြားကျွန်လေးဦးက ဤအထွတ်အထိပ် အဆောင်လက်ဖွဲ့တာအို၏ စွမ်းအားကို ရင်ဆိုင်လိုက်ရသည်။ သူတို့သည် ညည်းတွားလိုက်ကြပြီး သူတို့၏မျက်နှာများ ဖြူရော်သွားကာ သူတို့ကို ဝန်းရံနေသော အစွမ်းထက်သည့် အရှိန်အဝါများ လျင်မြန်စွာ ညှိုးနွမ်းသွားခဲ့သည်။ သူတို့သည် နောက်သို့ ဆုတ်သွားကြပြီး သူတို့၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ဤနက်နဲသိမ်မွေ့ကြည်လင်မှုချီအောက်တွင် သူတို့သည်လည်း မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဓားစိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သူတို့အားလုံး သေဆုံးသွားကြသည်။ ဤအရာအားလုံးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေ၏။
သို့ရာတွင် ဤအဆောင်လက်ဖွဲ့၏ စွမ်းအားသည် ဤမျှနှင့် ကန့်သတ်မထားချေ။
နက်နဲသိမ်မွေ့ကြည်လင်မှုချီက အရပ်မျက်နှာအဘက်ဘက်သို့ အရိုင်းဆန်စွာ ပျံ့နှံ့သွားပြီး ထိုအရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကြည်လင်မှုကို ယူဆောင်လာကာ နောက်ဆုံးတွင် အပျက်အစီး ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားသည်။
ထိုအပျက်အစီးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဥပဒေသများ ရောယှက်နေသော ဟင်းလင်းပြင်နယ်မြေတစ်ခု၌....
ခေတ်အဆက်ဆက်ကို ဖြတ်သန်းသွားသော ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ယောင်နှစ်ခုသည် ပြင်းထန်သောတိုက်ပွဲတွင် လုံးထွေးရစ်ပတ်နေကြသည်။
အားနည်းပြီး မှေးမှိန်နေခဲ့သော အပြာရောင် အမြှီးကိုးချောင်း ကောင်းကင်မြေခွေး ပုံရိပ်ယောင်သည် နက်နဲသိမ်မွေ့ကြည်လင်မှုချီ၏ ကောင်းချီးကို ရုတ်တရက် ရရှိလိုက်သည်။ ထိုပုံရိပ်ယောင်သည် တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာကာ ထိုအရာ၏ တိုက်ခိုက်မှုမှာ ချက်ချင်းပင် ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ထက်ရှလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ယံတစ်ခုလုံးကို မီးရှို့ဖျက်ဆီးနိုင်စွမ်း ရှိပုံရသော မည်းမှောင်နေသည့် နတ်ဘုရားမီးတောက်ပုံရိပ်သည် အရှိန်အဝါတစ်ခုခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အလား ချက်ချင်းညှိုးနွမ်းသွားခဲ့လေ၏။
"သောက်ကျိုးနည်း..."
ချင်းချိုးဘိုးဘေးသည် ကျိန်ဆဲခြင်းကို မအောင့်ထားနိုင်တော့ဘဲ ဟင်းလင်းပြင်အလွှာများကို ဖောက်ထွင်းပြီး လက်ချောင်းတစ်ချက် တောက်လိုက်ရုံဖြင့် အဆောင်လက်ဖွဲ့များကို ဖွဲ့စည်းနေသည့် စူးချန်ကဲကို ကြည့်ရန် သူ၏ခေါင်းကို ရုတ်တရက် လှည့်လိုက်ချိန်တွင် အေးစက်သော သက်ပြင်းတစ်ချက် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
"အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်လား..."
"ဒါက ဘယ်လို မွန်းစတားမျိုးလဲ..."
သူ၏ကျယ်ပြန့်သော အတွေ့အကြုံများဖြင့်ပင် ဤကဲ့သို့ ပါရမီရှင်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မည်းမှောင်သော နတ်ဘုရားမီးတောက် အတွင်း၌ မှုန်ဝါးသော်လည်း ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ခမ်းနားပြီး ရှေးဟောင်းဆန်ပြီး ဂရုမစိုက်သော အရှိန်အဝါများ ပါဝင်သည့် မျက်နှာတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့လေ၏။
ရုတ်တရက် အခြေအနေ ပြောင်းပြန်ဖြစ်သွားသော်လည်း ဟော့ရွှမ်ကျွင်းသည် ထိတ်လန့်မှု အရိပ်အယောင် တစ်စုံတစ်ရာမျှ မပြသခဲ့ချေ။ လောင်ကျွမ်းနေသော မရေမတွက်နိုင်သည့် ကြယ်များပါဝင်ပုံရသည့် သူ၏မျက်လုံးများက အပြင်ဘက်ရှိ စူးချန်ကဲဆီသို့ ဂရုမစိုက်စွာ ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် အထက်စီးမှ ဆက်ဆံသောလေသံ ပါဝင်သည့် သူ၏နက်ရှိုင်းသော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။
"ဟဲ ဟဲ... အားနည်းတဲ့ မင်းတို့မြေခွေးမျိုးနွယ်စုက တကယ့်ကို ကံကောင်းတာပဲ... အတိတ်တုန်းက ငါ သတိလက်လွတ်ဖြစ်သွားလို့ မင်းတို့ မောင်နှမ သုံးယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရပြီးတော့ မင်းတို့သုံးယောက်ရဲ့ အသက်နဲ့ လဲလှယ်ပြီး ငါ့ကို အနိုင်ယူနိုင်ခဲ့ကြတယ်... အခု ဒီလိုမျိုးအရေးကြီးတဲ့အချိန်မှာ လူသားမျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်နဲ့ ကြုံတွေ့ပြီးတော့ မင်းကို ကူညီပေးတယ်ပေါ့..."
အစမှအဆုံးတိုင်အောင် ချင်းချိုးဘိုးဘေးကို သူ တစ်ခါမှ အထင်မကြီးခဲ့ဖူးသည့်အလား သူ၏ လေသံတွင် အထင်သေးမှုနှင့်လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
သို့ရာတွင် ချင်းချိုးဘိုးဘေးက လှောင်ပြောင်လိုက်၏။
"ဟော့ရွှမ်ကျွင်း... နှစ်ပေါင်းများစွာ သေဆုံးနေခဲ့ပြီးတာတောင်မှ မင်းက သစ္စာဖောက် တစ်ယောက်လို စကားများနေတုန်းပဲ... ငါ့ကို ပြောစမ်း... ငါ မင်းကို သတ်ခဲ့လား မသတ်ခဲ့ဘူးလား ဆိုတာကို..."
သူ ထိုသို့ပြောလိုက်သော်လည်း တစ်ဖက်လူက သူတို့မောင်နှမသုံးဦးအကြောင်း ပြောလိုက်သောအခါ သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ဒုတိယညီနှင့် တတိယညီမတို့သည် သူ့ကို အသက်တစ်ရှိုက်စာ အချိန်ဆွဲထားပေးရန်အတွက် ချက်ချင်းဖိနှိပ်ခံရပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ ဖျက်ဆီးခံလိုက်ရသည်။ ဟော့ရွှမ်ကျွင်းကမူ ချင်းချိုးဘိုးဘေးကို လုံးဝလျစ်လျူရှုလိုက်ပြီး အဝေးရှိစူးချန်ကဲကို နက်ရှိုင်းစွာကြည့်လိုက်ကာ တီးတိုးရေရွတ်လိုက်၏။
"ကြည့်ရတာ အဲ့ဒီတုန်းက နတ်ဘုရား အရှင် ပြောခဲ့တာ မှန်ပုံရတယ်... နယ်ပယ်အားလုံးကို သန့်စင်ဖို့ အခက်ခဲဆုံး အပိုင်းက အဲ့ဒီ အစွမ်းထက်တဲ့ ဒေသခံတွေ မဟုတ်ဘဲ ပုရွက်ဆိတ်တွေလို ထင်ရတဲ့ လူသားမျိုးနွယ်စု ပဲ... ကြီးမားကျယ်ပြန့်တဲ့ အခြေခံအုတ်မြစ်ကနေ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်က အမြဲတမ်း ထွက်ပေါ်လာတတ်တာပဲ..."
"ထားလိုက်ပါတော့..."
"ငါတို့မျိုးနွယ်စုက အဲ့ဒါကို မြင်ပြီးလောက်ပြီ... ဒီကောင်လေးက ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ အမဲလိုက် စာရင်းထဲကို သေချာပေါက် ဝင်သွားလိမ့်မယ်..."
"အနိုင်ရတဲ့သူက ဘုရင်... ရှုံးတဲ့သူက ဓားပြပဲ... ငါ အရှုံးပေးတယ်..."
ဤအသံ အဆုံးသတ်သွားပြီးနောက် မည်းမှောင်သော နတ်ဘုရားမီးတောက်သည် ငြိမ်သက်မသွားသည့်အပြင် ယခင်က မရှိဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျများ ပေါက်ကွဲထွက်လာခဲ့သည်။
ကြီးမားကျယ်သော နတ်ဘုရား စွမ်းအားများ လျင်မြန်စွာ စုစည်းလာခဲ့၏။
ကြယ်များကို မီးရှို့ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ဤအပျက်အစီးနယ်မြေကိုလည်း မြှုပ်နှံပစ်နိုင်ပုံရကာ သူ၏ စစ်မှန်သော ပစ်မှတ်မှာ စူးချန်ကဲပင်။
"မင်းက ငါ့ကို အလှပြပစ္စည်း တစ်ခုလို့ ထင်နေတာလား..."
ချင်းချိုးဘိုးဘေးက ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီးနောက် နက်နဲသိမ်မွေ့သော မှော်စာလုံးများက သူ၏ မျက်လုံးများတွင် ထွက်ပေါ်လာသည်။ သူ၏ပုံရိပ်သည် လူသားတစ်ယောက် မဟုတ်တော့ဘဲ ကောင်းကင်နှင့်နေကို ဖုံးကွယ်ထားသော အမြှီးခြောက်ချောင်း မြေခွေးပြာတစ်ကောင် ဖြစ်သွားခဲ့လေ၏။
ရှေးဟောင်း နတ်ဆိုးပုံစံများက မြေခွေး၏အပြာရောင် သားမွှေးများပေါ်တွင် သက်ရှိများအလား စီးဆင်းနေပြီး ထိုအရာ၏ မျက်ခုံးနှစ်ခုကြားရှိ အပြာရောင် မှော်စာလုံး တစ်စုက မမြင်နိုင်သော ကြီးမားသည့် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
အချိန်တခဏအကြာတွင်...
ဤဟင်းလင်းပြင်နယ်မြေသည် တိတ်ဆိတ်မှုသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
အချိန်မရွေး လေနှင့်အတူ လွင့်စင်သွားတော့မည့်အလားဖြစ်သော တဖြည်းဖြည်း ထွင်းဖောက်မြင်နိုင်လုနီးပါး ဖြစ်နေသည့် ချင်းချိုးဘိုးဘေး၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် လူသားပုံစံအဖြစ်သို့ ဖြည်းညှင်းစွာ ပြန်လည် ဖွဲ့စည်းသွားခဲ့လေ၏။
သူ တိတ်ဆိတ်စွာ ရပ်နေပြီး ဟော့ရွှမ်ကျွင်း၏ အရှိန်အဝါ လုံးဝပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ သူ၏ မျက်လုံးများတွင် ဝမ်းသာမှု မရှိဘဲ စိတ်သက်သာရာရမှု ပင်ပန်းနွမ်းနယ်မှုနှင့် အဆုံးမဲ့ ဝမ်းနည်းမှုတို့ ရှုပ်ထွေးစွာ ရောနှောနေသည်။
တစ်ချိန်တည်းမှာပင်...
မရေမတွက်နိုင်သော ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်၍ မသိနိုင်သော နေရာတစ်ခုတွင်...
နတ်ဘုရားနယ်မြေ...ကောင်းကင်များအလွန်...
မီးစိတ်ဝိညာဉ်မျိုးနွယ်စု...
နတ်ဘုရားခန်းမ၏ နက်ရှိုင်းသော အတွင်းပိုင်းတွင်...
ထူးဆန်းသော အခြေအနေတစ်ခု လွှမ်းမိုးနေပေသည်။
နတ်ဘုရား အလင်းရောင်များဖြင့် ဖုံးကွယ်ထားသော မှုန်ဝါးသည့် ပုံရိပ်အချို့က ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်နေကြသည်။ ဤပုံရိပ်များသည် သူတို့၏စစ်မှန်သော ခန္ဓာကိုယ်များ မဟုတ်ဘဲ ကိုယ်ပွားများသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော မဟာတာအိုလမ်းကြောင်းများက သူတို့၏ နံဘေးပတ်လည်တွင် စီးဆင်းနေသည်။ ထိုအရာများသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းကြားတွင် အဆက်မပြတ် လည်ပတ်နေစေကာ သူတို့ ကိုယ်တိုင်က ဥပဒေသများ၏ပြယုဂ်များအဖြစ် ရှိနေသည့်အလားပင်။
ထိုလူများ၏အကြည့်များသည် ရှေးဟောင်းဆန်ပြီး မပြောင်းလဲသော ရေခဲများအလား အေးစက်နေကာ နတ်ဘုရားခန်းမ၏ အလယ်ဗဟိုရှိ ကြယ်များဖြင့် ဖွဲ့စည်းထားသော ကြေးမုံမှန်တစ်ချပ်ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
ထိုကြေးမုံမှန်ထဲတွင် ပြသနေသော မြင်ကွင်းမှာ ချင်းချိုးအပျက်အစီးနယ်မြေ အတိအကျပင်။ စူးချန်ကဲက ဟော့ရွှမ်ကို ချက်ချင်းသတ်ပစ်လိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ်အကြီးအကဲကို ဖိနှိပ်ကာ အဆောင်လက်ဖွဲ့ တစ်ခုတည်းဖြင့် အခြေအနေကို ပြောင်းပြန်လှန်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရလေ၏။
အချိန်မည်မျှထိ ကြာအောင် တိတ်ဆိတ်နေခဲ့သည်ကို မသိရပြီးနောက်...
"ဟော့ရွှမ်မျိုးဆက်က တကယ်ကို အရည်အချင်း မပြည့်မီတာပဲ..."
ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ပြောလိုက်ရာ သူ၏လေသံတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ သူ၏နံဘေးပတ်လည်တွင် ရစ်ဝဲနေသော နတ်ဘုရားမီးတောက်များသည် ဟော့ရွှမ်ကျွင်းထက် အဆများစွာ ပို၍အစွမ်းထက်နေပြီး အတွေးတစ်ချက်တည်းဖြင့်ပင် ကမ္ဘာအသင်္ချေကို မီးရှို့ဖျက်ဆီးနိုင်စွမ်း ရှိပုံရလေ၏။
ထို့နောက် နတ်ဘုရား အမိန့်တော် တစ်ခုကို ထုတ်ပြန်လိုက်သည့်အလား သူ၏ကျယ်လောင်သော အသံသည် မိုးခြိမ်းသံသန်းရာပေါင်းများစွာ တပြိုင်နက်တည်း မြည်ဟီးသွားခဲ့သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
"သွား... ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း... ဟော့ရွှမ်မျိုးဆက်ရဲ့ ယှဉ်ပြိုင်ခွင့် အရည်အချင်းကို ရုပ်သိမ်းလိုက်တော့..."
အခန်း ၅၈: စူးမိသားစုက ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာလား...
ယနေ့ အရေးကြီးသော ပုဂ္ဂိုလ်များစွာရှေ့တွင် သူ့ကို ဤမျှထိ မျက်နှာပျက်စေခဲ့ခြင်းအတွက် ဟော့ရွှမ်မျိုးဆက်ကို မဖျက်ဆီးပစ်ခြင်းမှာ သန့်စင်သော သွေးမျိုးဆက်ရှိသည့် နတ်ဘုရားမျိုးနွယ်စု အတွက် မျိုးပွားခြင်း၏ အခက်အခဲများကို သူ ထည့်သွင်းစဉ်းစားခဲ့သောကြောင့်ပင်။
"မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်တော်ကို ကျွန်တော်တို့ နာခံပါတယ်..."
ခန်းမအပြင်ဘက်မှ ရိုသေလေးစားသော အသံတစ်သံက ပြန်ဖြေလိုက်၏။
ခန်းမကြီးထဲတွင် ဖရိုဖရဲ နတ်ဘုရားများနှင့် နတ်ဆိုးများအလားဖြစ်သော ပုံရိပ်တချို့သည်လည်း သူတို့၏ အမျိုးမျိုးသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားမျက်လုံးများကို ဖွင့်လိုက်ကြသည်။
မီးစိတ်ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်က ဗဟိုတွင် နေရာယူထားသော ဖရိုဖရဲ ပုံရိပ်များထဲမှ တစ်ခုဆီသို့ကြည့်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"ဟင်းလင်းပြင် နတ်ဘုရားအရှင်ကို ဒီနေ့ ရယ်စရာပြက်လုံးတစ်ခုကို မြင်တွေ့စေခဲ့မိပြီ..."
နောက်တစ်စက္ကန့်တွင်...
ခန်းမကြီး၏ဗဟိုတွင် အနက်ရှိုင်းဆုံး ဖရိုဖရဲ ချီများဖြင့် အမြဲတမ်း ဖုံးကွယ်ထားသော ပုံရိပ်သည် အနည်းငယ် လှုပ်ရှားသွားခဲ့လေ၏။
ဤသေးငယ်လှသော လှုပ်ရှားမှုလေးကပင် ခမ်းနားသော နတ်ဘုရား ခန်းမကြီး တစ်ခုလုံးကို အနည်းငယ် ရပ်တန့်သွားစေခဲ့သည်။
ထာဝရကြယ်များကိုပင် ချေမှုန်းနိုင်စွမ်းရှိသော ထိုကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရား အရှင်များ၏နံဘေးပတ်လည်မှ သဘာဝအတိုင်း ထွက်ပေါ်လာသည့် မရည်ရွယ်သော ဖိအားမှာ လက်အောက်ငယ်သားများက သူတို့၏ ဧကရာဇ်နှင့် ကြုံတွေ့ရသည့်အလား ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း အလွန်ကြီးမားသည်။
ဟင်းလင်းပြင် နတ်ဘုရားအရှင်...
သူသည် နတ်ဘုရားမျိုးနွယ်စု၏ ကြီးမြတ်သော တော်ဝင်မျိုးနွယ်စုငါးခုအနက် တစ်ခုဖြစ်သည့် ထိုက်ရွှီ စိတ်ဝိညာဉ်မျိုးနွယ်စုဝင်တစ်ဦးပင်။
ထို့နောက် တာအို တစ်သောင်း၏ အရင်းအမြစ်မှ ထွက်ပေါ်လာသည့်အလား တည်ငြိမ်ပြီး ဂရုမစိုက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟော့ရွှမ်မျိုးဆက်ကို အပြစ်တင်လို့ မရပါဘူး... ရှေးဟောင်းစူးမိသားစုက ဒီညစ်ပတ်နေတဲ့ အောက်ဘုံမှာ အစီအစဉ်တွေ ချမှတ်နေတာဆိုတော့ သူ ရှုံးတာက မတရားတာတော့ မဟုတ်ပါဘူး..."
"ဒီနေ့က အလဟဿ ခရီးစဉ်တစ်ခု မဟုတ်ခဲ့ပါဘူး... အဲ့ဒီလိုမှ မဟုတ်ရင် ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ တစ်ကိုယ်လုံး အထွတ်အထိပ်အရိုး တွေ မွေးရာပါ နတ်ဘုရားမျက်လုံးတွေ ပိုင်ဆိုင်ထားပြီး အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ဒီစူးမိသားစုရဲ့ပါရမီရှင်ကို ငါ မြင်တွေ့ခွင့် ရခဲ့မှာ မဟုတ်ဘူး..."
"စူးမိသားစုက ဒီလောက် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ဒါက စူးမိသားစုရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူ ဖြစ်နိုင်တယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနတ်ဘုရားနှင့် နတ်ဆိုးများကဲ့သို့သော အရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုလိုက်ကြ၏။
"သူက စူးမိသားစုဝင် တစ်ယောက် ဖြစ်နေမှတော့ နတ်ဘုရားအရှင်ဆီကို သတင်းပို့ပြီး စုံစမ်းစစ်ဆေးသင့်တယ်..."
မီးစိတ်ဝိညာဉ်မျိုးနွယ်စုခေါင်းဆောင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါက တောင်ပို့လေးကို တောင်ကြီး ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား... သူက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်က ပုရွက်ဆိတ်လေးတစ်ကောင် ဖြစ်ပြီးတော့ ပါရမီနည်းနည်းလေး ပိုင်ဆိုင်ထားရုံပါပဲ... အဆုံးမရှိတဲ့ နှစ်တွေတလျှောက်လုံးမှာ ငါတို့ နတ်ဘုရားမျိုးနွယ်စု က ဖျက်ဆီးပစ်ခဲ့တဲ့ ပါရမီရှင်တွေ နည်းလို့လား..."
တခြားအသံတစ်သံက ဝင်ရောက်ပြောဆိုလိုက်ရာ ထိုအသံသည် အေးစက်ပြီး အဆုံးမဲ့ အထင်သေးမှုများကို သယ်ဆောင်ထားလေ၏။
"တခြားပါရမီတွေကိုတော့ ပြောဖို့လွယ်ပါတယ်... ဒါပေမဲ့ ငါတို့ နတ်ဘုရားမျိုးနွယ်စုရဲ့ နတ်ဘုရားပုံစံကို ဖိနှိပ်နိုင်တဲ့ မှော်စာလုံးတွေရဲ့ စွမ်းအားကတော့ အရမ်းထူးဆန်းလွန်းတယ်... အရင်က ကမ္ဘာအားလုံးမှာ ဒါမျိုး ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး... ဒါကြောင့် နတ်ဘုရား အရှင် ဆီကို သတင်းပို့သင့်တယ်လို့ ငါလည်း ထင်တယ်..."
တခြား ပုံရိပ်တစ်ခုက ပြောလိုက်ရာ သူ၏ အသံမှာ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ဩဇာအာဏာလွှမ်းမိုးနိုင်သည်။
မီးစိတ်ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်က အလယ်ဗဟိုဆီသို့ ရိုသေလေးစားစွာ ကြည့်လိုက်၏။
"ဟင်းလင်းပြင် နတ်ဘုရားအရှင်ရဲ့ သဘောထားက ဘာများလဲ..."
ဟင်းလင်းပြင် နတ်ဘုရားအရှင်က တခဏမျှ စဉ်းစားပြီးနောက် ရယ်မောလိုက်သည်။
"နတ်ဘုရားအရှင်က မကြာသေးခင်က ကမ္ဘာသုံးထောင်ကို သန့်စင်ဖို့ အလုပ်များနေတယ်... ဒီကောင်လေးက မွန်းစတားတစ်ကောင် ဖြစ်နေပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကအရမ်း အားနည်းလွန်းနေသေးတော့ နတ်ဘုရားအရှင်ကို အသိပေးစရာ မလိုပါဘူး... ဒီကိစ္စကို ငါ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလို့ ရပါတယ်..."
ဤအရာကို ကြားသောအခါ မီးစိတ်ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင် အံ့အားသင့်သွားခဲ့သည်။
"ဟင်းလင်းပြင် နတ်ဘုရားအရှင် ကိုယ်တိုင် ကိုယ်ကျ လုပ်ဆောင်မယ်ဆိုတာက ဒီပုရွက်ဆိတ်ကို အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား..."
သူ့ကို ပို၍စိတ်ရှုပ်ထွေးစေသောအရာမှာ အောက်ဘုံသည် အားနည်းပြီး ဤကဲ့သို့ နတ်ဘုရားအရှင်တစ်ပါး ဝင်ရောက်လာမှုကို တောင့်မခံနိုင်ခြင်းပင်။ ထို့ပြင် ကမ္ဘာအသင်္ချေရှိ ကျွမ်းကျင်သူများ၏ သတိထားမိခြင်းကို မခံရဘဲ သူ အောက်ဘုံသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ချေ။ အကယ်၍ ကမ္ဘာအသင်္ချေမှ ကျွမ်းကျင်သူများသည် ဤအရာကိုပင် မလုပ်နိုင်ပါက သူတို့သည် နတ်ဘုရားမျိုးနွယ်စုနှင့် ဤမျှထိ အချိန်ကြာမြင့်စွာ မည်သို့ ယှဉ်ပြိုင်နိုင်ခဲ့မည်နည်း...
"လုပ်ဆောင်ရမယ်... ဟား ဟား..."
ဟင်းလင်းပြင် နတ်ဘုရားအရှင်က လှောင်ပြောင်လိုက်ပြီး ဘာမျှထပ်မပြောတော့ဘဲ သူ၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
တခြားပုံရိပ်များသည်လည်း ဤသည်ကို မြင်သောအခါ ပြယ်လွင့်သွားကြသည်။
ဟင်းလင်းပြင် နတ်ဘုရားအရှင် ၏ အသံက သူ၏နားထဲတွင် ပဲ့တင်ထပ်လာချိန်အထိ မီးစိတ်ဝိညာဉ်မျိုးနွယ်စုခေါင်းဆောင် တစ်ဦးတည်းသာ အနည်းငယ် အနေရခက်စွာ မတ်တတ်ရပ်၍ ကျန်နေခဲ့လေ၏။
"မင်းကို အခွင့်အရေးတစ်ခု ငါ ပေးမယ်..."
"သူတို့ရဲ့ ဧကရီက မသေသေးဘူး... အခု အောက်ဘုံမှာ ကောင်းကောင်းနေထိုင်နေတယ် ဆိုတာကို အဲ့ဒီအင်အားစုကို အသိပေးလိုက်စမ်း..."
တစ်ချိန်တည်းမှာပင်... အပျက်အစီးနယ်မြေတွင်...
ကောင်းကင်ယံတွင် အစိမ်းရောင်ဝတ်ရုံဝတ် စူးချန်ကဲ တစ်ဦးတည်းသာ ကျန်ရှိနေပြီး သူ၏နံဘေးတွင် ကောင်းကင်ကို ပြည့်နှက်နေသော ရွှေရောင်အလင်းတန်းများအဖြစ် ပြိုကွဲသွားသည့် ရွှမ်ချင်အဆောင်လက်ဖွဲ့ မှော်စာလုံးများ ရှိနေသည်။
"ငါ့ရဲ့အထွတ်အထိပ် အဆောင်လက်ဖွဲ့တာအို စွမ်းအားနဲ့ စုစည်းထားတဲ့ ရွှမ်ချင်အဆောင်လက်ဖွဲ့ကို ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်မှာ ဘယ်သူကမှ မခုခံနိုင်သလောက်ပဲ... ပြီးတော့ လွှမ်းခြုံတဲ့ ဧရိယာကလည်း အရမ်းကြီးမားတယ်... မြင့်မြတ်အရှင်နယ်ပယ် ဒါမှမဟုတ် နတ်ဘုရားမီးတောက်နယ်ပယ်ကိုတောင် ဘယ်လို အကျိုးသက်ရောက်မှုမျိုး ရှိမလဲဆိုတာကို ငါ မသိဘူး... အဆောင်လက်ဖွဲ့တာအိုက တကယ့်ကို အသုံးဝင်တာပဲ... ပိုပြီးအစွမ်းထက်တဲ့ အဆောင်လက်ဖွဲ့တွေကို သင်ယူဖို့ အခွင့်အရေး တစ်ခုကို ငါ ရှာရမယ်..."
စူးချန်ကဲက သူ၏လက်ကို ဖမ်းဆုပ်ရင်း တွေးတောလိုက်၏။
ချက်ချင်းပင် ဟော့ရွှမ်၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင် နတ်ဘုရားလက်စွပ်တစ်ကွင်းကို သူ ယူလိုက်သည်။ ဤသည်မှာ နတ်ဘုရားမျိုးနွယ်စု၏ သီးသန့် သိုလှောင်ရေးမှော်ရတနာတစ်ခုပင်။
ကျန်ရှိနေသော ကျွန်များကိုလည်း သူ အလွတ်မပေးခဲ့ချေ။
သူက ဤအချိန်၌ သူ၏ရရှိမှုများကို စတင် ရှင်းလင်းနေပြီး တခြားတစ်ဖက်ရှိ လူအုပ်ကြီးမှာ လုံးဝထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်ကြောင်းကို သူ သတိမထားမိခဲ့ချေ။
"အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်..."
"ဒါ... ဒါ... ဒါက... ဒါက လူ ဟုတ်သေးရဲ့လား..."
"ဘုရားရေ... ဒဏ္ဍာရီ တစ်ခု ထွက်ပေါ်လာတာကို ငါ ကြည့်နေရသလိုပဲ..."
"ဒီအပျက်အစီးနယ်မြေထဲက စစ်မှန်တဲ့ အခွင့်အရေးဆိုတာ ဘယ်ရတနာ ဆေးလုံး၊ ဒါမှမဟုတ် ဘယ်နတ်ဘုရားစွမ်းရည်မှ မဟုတ်ဘဲနဲ့ အရင်က မရှိဖူးလောက်အောင် အစွမ်းထက်တဲ့ ခြေထောက်တစ်ချောင်းကို ဖက်တွယ်ဖို့ ငါတို့ အခွင့်အရေး ရသွားတာကို မင်းတို့ သတိထားမိကြရဲ့လား... လူတစ်ယောက်က တာအိုကို ရရှိသွားတဲ့အချိန်မှာ သူတို့ရဲ့ ကြက်တွေ၊ ခွေးတွေတောင် ကောင်းကင်ဘုံကို တက်လှမ်းခွင့်ရတယ် ဆိုတာလေ..."
အဖိုးအိုတစ်ဦးက သူ၏နှလုံးသားထဲမှ ခံစားချက်တစ်ခုဖြင့် ရုတ်တရက် တီးတိုးပြောဆိုလိုက်သည်။
တခြားသူများ မသိနိုင်သော်လည်း သူ၏ အခြေအနေကို သူ မည်သို့ ရှင်းရှင်းလင်းလင်း မသိဘဲ နေမည်နည်း....
သူကို အခွင့်အရေးတစ်ခု ဆေးလုံးတစ်လုံး သို့မဟုတ် နတ်ဘုရားစွမ်းရည်တစ်ခု ပေးရင်တောင်မှ သူ ထိုအရာကို စုပ်ယူနိုင်ခြင်းရှိမရှိ ဘေးဖယ်ထားလျှင်ပင်...
အကယ်၍ သူ စုပ်ယူနိုင်ရင်လျှင်ပင် နယ်ပယ် မည်မျှထိများများကို သူ ချိုးဖျက်နိုင်မည်နည်း...
ဒါပေမဲ့ အစွမ်းထက်တဲ့ ခြေထောက်တစ်ချောင်းကို ဖက်တွယ်တာကတော့ ကွဲပြားတယ်လေ...
လောလောဆယ်တွင် ခိုင်မာသော အကူအညီ မရှိသော်လည်း ထိုခြေထောက်က လုံလောက်အောင် ကြီးမားလာသောအခါ ဤရေကဲ့သို့ မှေးမှိန်သော ခင်မင်မှုလေးကပင်လျှင် အနာဂတ်တွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် ကောင်းကင်ကိုဆန့်ကျင်သော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ စူးချန်ကဲသည် သာမန်ပါရမီရှင်တစ်ဦးဆိုလျှင် သူတို့ လျစ်လျှုရှုထား၍ရသည်။ သို့ရာတွင် သူ၏ပါရမီသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေလေပြီ။
သူတို့ နားမလည်ကြဘူးလား...
တကယ်လို့ သူတို့ အခု မဖက်တွယ်ထားရင် နောက်ကျရင် သူတို့ လုပ်နိုင်တော့မှာ မဟုတ်ဘူး...
အနာဂတ်တွင် သူတော်စင်နယ်ပယ်ထက်ပင် ကျော်လွန်သွားနိုင်သည့် တည်ရှိမှုတစ်ခုကို ခြေထောက်တစ်ချောင်းအဖြစ် ရရှိခြင်းက ဆေးလုံးများ သို့မဟုတ် နတ်ဘုရားစွမ်းရည်များထက် ပိုကောင်းသည် မဟုတ်လော...
အဖိုးအို၏စကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူနံ၏ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာကြီး... ငါ သဘောပေါက်သွားပြီ..."
နောက်တစ်စက္ကန့်တွင်...
သူ၏ပုံရိပ်က ရှေ့သို့ ပြေးထွက်သွားပြီး ဝုန်းခနဲ ဒူးထောက်ချလိုက်ကာ စူးချန်ကဲကို ရိုသေလေးစားစွာ မော့ကြည့်လိုက်သည်။
"ငါ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဆရာကြီးစူးကို ကျေးဇူးတင်ပါတယ်... ငါက အရင်က အဲ့ဒီပိုင်ဆိုင်မှု နည်းနည်းလေးအတွက် စိတ်မကျမနပ် ဖြစ်နေခဲ့တာပါ... ငါက အရမ်းမိုက်မဲခဲ့ပါတယ်...ငါ အခု ထုတ်ပြောလိုက်တာက စိတ်အေးချမ်းမှုကို ရှာဖွေဖို့ သက်သက်ပါပဲ..."
"တကယ်လို့ ဆရာကြီးစူးက စိတ်မရှိဘူးဆိုရင် ငါ ခုဏက ထွက်ပြေးလာတုန်းက စိတ်ဝိညာဉ် ဆေးပင်စိုက်ခင်းတစ်ခုကို မြင်ခဲ့တယ်...ဆရာကြီးစူးက ဆန္ဒရှိမယ်ဆိုရင် ငါက ဆရာကြီးအတွက် အခုချက်ချင်း သွားတူးပေးရမလား..."
ဤမြင်ကွင်းကို သူ၏နောက်ရှိ အဖိုးအိုက မြင်တွေ့လိုက်ရပြီးနောက် သူသည် ဒေါသတကြီး ခုန်ပေါက်သွားကာ တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့အပြေးအလွှား သွားလေသည်။
"ဆရာကြီးစူး... ငါလည်း ဒါကို လုပ်နိုင်ပါတယ်..."
"ဆရာကြီးစူး... အခွင့်အရေးတစ်ခု ရှိနိုင်တဲ့ နေရာတစ်ခုကို ငါ အရင်က မြင်ခဲ့ဖူးပါတယ်... ဆရာကြီးစူးအတွက် ငါ့ရဲ့အသက်ကို စွန့်ပြီး အပျက်အစီးနယ်မြေကို ငါ စူးစမ်းပေးနိုင်ပါတယ်..."
"ဆရာကြီးစူး... တော်တော်လေး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ပုံစံတွေရှိတဲ့ အမျိုးသမီး ရုပ်သေးရုပ်တချို့ကို ငါ ခုဏက မြင်လိုက်တယ်... ဟဲဟဲဟဲ..."
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ပုံရိပ် အရေအတွက်မှာ ပို၍များလာပြီး အခြေအနေ၏ ပုံစံမှာ ထူးဆန်းလာခဲ့သည်။
ထို့ပြင် ယခင်က ရွှီယွီကို ဝန်းရံထားခဲ့သော အဖွဲ့အနက် လူနှစ်ဦးသာ ကျန်ရှိတော့ပေသည်။ ထိုလူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးများထဲရှိ နောင်တရခြင်းကို ကျန်တစ်ယောက်က မြင်တွေ့လိုက်ကြရသည်။
ဤအချိန်၌ ရွှီယွီက စူးချန်ကဲကို ထုံကျင်နေသော အမူအရာဖြင့် ကြည့်လိုက်ပြီး အချိန်အတော်ကြာပြီးမှသာ သူမကိုယ်သူမ လှောင်ပြောင်သော ခါးသီးသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။
သူမ အမှန်တကယ် မြင်တွေ့လိုက်ရပြီးနောက်မှသာ သူမ၏ ယခင် အတွေးများက မည်မျှထိ ရယ်စရာကောင်းခဲ့ကြောင်းကို သူမ သဘောပေါက်သွားခဲ့သည်။
သူမထံ၌ တွေးချင်စိတ် မရှိသည့်တိုင် အမှန်တရားမှာ ယဲ့ရွှမ်သည် စူးချန်ကဲ၏ရန်သူဖြစ်ရန် အမှန်တကယ်ကို မထိုက်တန်ခြင်းပင်။
ဤစူးချန်ကဲက အလွန်ပါရမီမြင့်မားလွန်းပြီး ဤကမ္ဘာရှိ တူညီသောမျိုးဆက်မှ လူများအားလုံးထက် များစွာသာလွန်နေသည်။ သူ့ကို ယဲ့ရွှမ်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
"ဒီတစ်ကြိမ် ငါ ပြန်ရောက်သွားတဲ့အချိန်မှာ သူ့ကို သေလမ်းမရှာဖို့ ငါ အကြံပေးရမယ်..."
ရွှီယွီက သုန်မှုန်သော အမူအရာဖြင့် ဒဏ်ရာများကို ကုသရန် နေရာမှာပင် ပလ္လင်ခွေထိုင်ရင်း သူမက တွေးတောလိုက်၏။
မိုးကောင်းကင်ယံတွင်...
စူးချန်ကဲသည် အနည်းငယ် ကြောင်အမ်းသွားပြီး ရုတ်တရက် ထွက်ပေါ်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ငုံ့ကြည့်လိုက်ရာ သူ့ထံ၌ မှတ်မိမှုတချို့ ရှိနေသည်။ ထင်ယောင်ထင်မှားဝင်္ကပါ၏ အမှောင်ဟင်းလင်းပြင်ထဲတွင် တစ်ဖက်လူထံမှ လက်ဆောင်များကို သူ ရရှိခဲ့ဖူးသည်။
ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလား... သူ တကယ်ပဲ တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းအလုပ်များနေခဲ့တာ...
"မင်း..."
စူးချန်ကဲက ပါးစပ်ဖွင့်လိုက်ရုံ ရှိသေးချိန်တွင် လီဖိုကျွင်း၏ ပုံရိပ်က လေအလား သူ၏နောက်တွင် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
လီဖိုကျွင်းက သူ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"ဆရာကြီးစူး... ငါ့ကို စီစဉ်ခွင့်ပြုပါ... ငါ ဒီနေရာမှာ ရှိနေသရွေ့ ဒီအပျက်အစီးနယ်မြေထဲမှာ မြက်ပင်တစ်ပင်တောင် ကျန်မှာမဟုတ်ဘူးလို့ ငါ အာမခံတယ်..."
သောက်ကျိုးနည်း....
နံပါတ်တစ်နောက်လိုက်အဖြစ် သူ၏နေရာက ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။ ဤလူများသည် အမှန်တကယ်ကို အလွန်ဆိုးယုတ်သည်။
လီဖိုကျွင်း၏ပြတ်သားပြီး အံ့ကြိတ်ထားသော အသွင်အပြင်ကို မြင်သောအခါ စူးချန်ကဲက တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"ဒါပေမဲ့ ငါတို့ ပန်းတွေအပင်တွေ ဒါမှမဟုတ် တစ်ခုခုတော့ ချန်ထားခဲ့ရမယ်... ငါက ဓားပြ မဟုတ်ဘူးလေ..."
"ဆရာကြီး... စိတ်ချပါ... ငါ နားလည်ပါတယ်..."
လီဖိုကျွင်းက သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ထုယိုယို၏အသံ ထွက်ပေါ်လာသည်။
"စီနီယာအစ်ကို... ဘိုးဘေးက အစ်ကို့ကို ခေါ်နေတယ်..."