← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း ၅၉:ဆရာကြီးစူးက အောက်ဘုံစမ်းသပ်မှုကို ခံယူနေတာလား...

မည်သည့်အချိန်ကတည်းကမှန်း မသိရသော်လည်း ချင်းချိုးဘိုးဘေးနှင့် ထုယိုယိုတို့သည် အတူတကွ စုဝေးနေခဲ့ကြလေပြီ။ သူတို့နှစ်ဦးသည် နေရာတွင် မတ်တတ်ရပ်နေကြပြီး ထုယိုယိုက သူမ၏ဘိုးဘေးကို သိချင်စိတ်ဖြင့် အကဲခတ်ရင်း စူးချန်ကဲကို လှမ်းခေါ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်...

စူးချန်ကဲသည် သူတို့၏ရှေ့သို့ ရောက်ရှိသွားသည်။

သူ စကားမပြောနိုင်မီမှာပင် ချင်းချိုးဘိုးဘေးက အရင်မော့ကြည့်လိုက်ပြီးနောက် အချင်းချင်း ဖေးမကူညီကာ ဦးတည်ရာတစ်ခုဆီသို့ စိတ်လှုပ်ရှားစွာ ဝိုင်းအုံသွားနေကြသော အဝေးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေ၏။

"သူတို့တွေက... ဘယ်နေရာကို အပြေးအလွှား သွားနေကြတာလဲ..."

ဤလူအများစုမှာ ဒဏ်ရာရနေဆဲဖြစ်ကြောင်း သိသာထင်ရှားပြီး လူတချို့သည် ပခုံးချင်းယှဉ်ကာ လမ်းလျှောက်နေကြပြီး သွေးများအန်ထုတ်ရင်း တစ်နေရာရာသို့ ပျော်ရွှင်စွာ သွားနေကြသည်။

သူတို့၏ဒဏ်ရာများကို အရင်ကုသသင့်သည် မဟုတ်လော...

"ကျွန်တော် မသိဘူး... ကျွန်တော်က ဒီနေရာနဲ့ မရင်းနှီးဘူးလေ..."

စူးချန်ကဲက ပခုံးတွန့်ပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ဤအချိန်၌ ထုယိုယိုက စူးချန်ကဲကို အံ့အားသင့်စွာကြည့်ပြီး ပြောဆိုလိုက်၏။

"စီနီယာအစ်ကို... အစ်ကိုလည်း ဘိုးဘေးကို မြင်ရတာလား... ကျွန်မတစ်ယောက်တည်းပဲ သူ့ကို မြင်ရတာလို့ ထင်နေခဲ့တာ..."

"ဟဲ ဟဲ... မိတ်ဆွေလေးစူးနဲ့ ငါက အရင်ကတည်းက တွေ့ဖူးတာပါ... မင်းထက်တောင် စောသေးတယ်..."

ချင်းချိုးဘိုးဘေးက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ထုယိုယို၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သို့ရာတွင် သူ၏လက်သည် မမြင်နိုင်သော ဟင်းလင်းပြင် အလွှာတစ်ခုဖြင့် ပိုင်းခြားထားသည့်အလား သူမကို အမှန်တကယ် ထိတွေ့မသွားခဲ့ပေ။

"အဲ့ဒီလိုလား..."

ထုယိုယို၏မျက်လုံးဝိုင်းကြီးများ ကလည်ကလည်ဖြစ်သွားပြီး စဉ်းစားနေလေသည်။

"မိတ်ဆွေလေးစူး..."

ချင်းချိုးဘိုးဘေးသည် ရုတ်တရက် လေးနက်သွားပြီး သူ၏ပေါ့ပေါ့ပါးပါး အမူအရာကို ဖယ်ရှားလိုက်သည်။ စူးချန်ကဲကို မျက်နှာမူကာ သူက တရားဝင်ဟန်ပန်ဖြင့် လက်ပူးဆုပ်ပြီး တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်၏။

"ဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ်..."

"ဒီအပျက်အစီးနယ်မြေထဲက နတ်ဘုရားမျိုးနွယ်စုရဲ့ စွမ်းအားတွေအားလုံးကို သန့်စင်ဖို့ မိတ်ဆွေလေး အသုံးပြုခဲ့တဲ့ အဆောင်လက်ဖွဲ့သာ မရှိခဲ့ဘူးဆိုရင် အခု ဒီနေရာမှာ မင်းနဲ့ ပြန်တွေ့နိုင်ဖို့ဆိုတာ ငါ့အတွက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး... မိတ်ဆွေလေးက ငါတို့ မျိုးနွယ်စုရဲ့ ကြီးမားတဲ့ နာကြည်းမှုကို ကလဲ့စားချေဖို့ ကူညီပေးခဲ့တာပါ... ဒီကျေးဇူးကို ငါတို့ချင်းချိုးမျိုးနွယ်စုက မှတ်သားထားပြီးတော့ ထာဝရ မေ့ပျောက်မှာ မဟုတ်ပါဘူး..."

သူ စကားပြောဆိုနေစဉ် သူ၏ဘေးရှိ ထုယိုယိုကို မျက်စိဖြင့် အချက်ပြရန် မမေ့လျော့ခဲ့ဘဲ အသံပေးပို့ပြီး ပြောဆိုလိုက်၏။

"ယိုယို... မင်းရဲ့ စီနီယာအစ်ကိုကို ဘာလို့ မြန်မြန် ကျေးဇူးမတင်ရတာလဲ..."

"အို..."

ထုယိုယိုမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ဘိုးဘေးက ပြောလာသဖြင့် သူမက လိမ္မာစွာ လိုက်နာကာ လက်ဟန်အမူအရာကို အတုခိုးပြီး စူးချန်ကဲကို ဦးညွှတ်လိုက်သည်။

"အာ... ဆရာကြီး... ဘာလို့ ဒီလောက် တရားဝင် အခမ်းအနားတွေ လုပ်နေရတာလဲ..."

စူးချန်ကဲက အလျင်အမြန် ရှေ့တိုးလာပြီး ချင်းချိုးဘိုးဘေးကို ချောမွေ့ပြီး သဘာဝကျသော ဟန်ဆောင်ထူမပေးသည့် လှုပ်ရှားမှုဖြင့် ကူညီပေးဟန်ဆောင်လိုက်လေသည်။ ထို့နောက် သူက လေသံကိုနှိမ့်ကာ ပြောဆိုလိုက်၏။

"ငါတို့ကြားမှာ ဘာလို့ ဒီလောက်ထိ ယဉ်ကျေးနေရတာလဲ... ရိုးရှင်းတဲ့ အမူအရာလေး တစ်ခုဆို လုံလောက်ပါပြီ...မဟုတ်ဘူးလား..."

စကားပြောပြီးနောက် သူက ထုယိုယိုကို ကြည့်ကာ ညည်းညူလိုက်သည်။

"မင်းက ဘယ်သူ့ကို ဦးညွှတ်နေတာလဲ..."

ထုယိုယိုက မြေကြီးထိလုမတတ်ငုံ၍ ဦးညွှတ်နေခဲ့သည်။

"ငါ နားလည်ပါတယ်... ရပြီမဟုတ်လား..."

စူးချန်ကဲက ပြောဆိုသည်။

ချင်းချိုးဘိုးဘေး၏ပါးစပ် အနည်းငယ် တွန့်ကွေးသွားပေ၏။ တစ်ဖက်လူသည် ပို၍ယဉ်ကျေးလေလေ သူ ပို၍အနေရခက်လေလေပင်။

"မိတ်ဆွေလေး... စိတ်ချပါ... အရင်က ကတိပေးထားတဲ့ နဂါးအသွင်ပြောင်းခြင်း ရေကန်က တကယ့်ကို ကြီးမားတဲ့ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပါ... တစ်ခုမှ လွတ်သွားမှာ မဟုတ်ပါဘူး... အချိန်ထပ်မဆွဲဘဲ အခုပဲ နဂါးအသွင်ပြောင်းခြင်း ရေကန်ဆီကို သွားကြရင် ဘယ်လိုလဲ..."

"ကောင်းပြီလေ..."

စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။

အပျက်အစီးနယ်မြေ၏ နက်ရှိုင်းသောနေရာရှိ နဂါးအသွင်ပြောင်းခြင်း ရေကန်ဆီသို့ အသွားလမ်းတွင် ထုယိုယိုက သိချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ သူမက တစ်ခုခုကို ဘာလဲ နေရာတစ်ခုက ဘယ်မှာလဲဆိုတာကို ချင်းချိုးဘိုးဘေးအား တစ်ခါတစ်ရံ မေးမြန်းနေလေ၏။ ဘိုးဘေးက အရာအားလုံးကို စိတ်ရှည်လက်ရှည် ရှင်းပြသော်လည်း သူ၏အကြည့်များက နက်ရှိုင်းသော အဓိပ္ပာယ်ဖြင့် စူးချန်ကဲဆီသို့ ဆက်တိုက်လှည့်ကြည့်နေသည်။

"ဆရာကြီး... တစ်ခုခု ဖြစ်လို့လား..."

စူးချန်ကဲက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

ချင်းချိုးဘိုးဘေးက ခေါင်းခါယမ်းလိုက်၏။

တခဏအကြာတွင်...

"ဆရာကြီး... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ..."

တစ်ဖက်လူ၏ စဉ်ဆက်မပြတ် ကြည့်ရှုနေမှုကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော စူးချန်ကဲက ပြောဆိုသည်။

ချင်းချိုးဘိုးဘေးက ပြုံးလိုက်ပြီး အသံပေးပို့ကာ ပြောဆိုလိုက်သည်။

"ဒီအဖိုးကြီးက လူသားမျိုးနွယ်စုရဲ့ကျောရိုးဖြစ်တဲ့ ရှေးဟောင်း စူးမိသားစုရဲ့မျိုးဆက်တစ်ယောက်ကို နောက်ထပ်အကြိမ်အနည်းငယ်လောက် ကြည့်ချင်ရုံပါ..."

သူ စကားပြောဆိုနေစဉ် လေသံကို ပြောင်းလိုက်ပြီး ထပ်မံ၍ အသံပေးပို့လိုက်သည်။

"အရင်က အမြင်ကျဉ်းခဲ့တာ ဒီအဖိုးကြီးပါပဲ... မိတ်ဆွေလေးရဲ့ မျိုးရိုးနာမည် စူးဆိုတာက စိတ်ဝိညာဉ်နယ်မြေမှာ ကောင်းကင်တစ်ခြမ်းကို ကိုင်စွဲထားတဲ့ စူးမိသားစု ဖြစ်နေတာကိုး... သခင်လေးစူးက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

စိတ်ဝိညာဉ်နယ်မြေရှိ ရှေးဟောင်းစူးမိသားစု၏ အစွမ်းအာဏာမှာ ပြောနေရန်ပင် မလိုတော့ချေ။ သူ၏ အထွတ်အထိပ် ခေတ်ကာလတွင်ပင် ဤကဲ့သို့ ဧရာမ တည်ရှိမှုမျိုးကို သူ မော့ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက စူးချန်ကဲ ပြသခဲ့သော ပါရမီအရ သူသည် သာမန်မျိုးနွယ်စုဝင်တစ်ဦး လုံးဝမဟုတ်သည်မှာ သေချာသည်။

အကယ်၍ သူတို့သာ စိတ်ဝိညာဉ်နယ်မြေတွင် ဆုံတွေ့ခဲ့ပါက တစ်ဖက်လူကို သခင်လေးစူး ဟု သူ အမှန်တကယ်ကို ရိုသေလေးစားစွာ ခေါ်ဆိုရပေမည်။

သူ၏စိတ်ထဲတွင် ချင်းချိုးဘိုးဘေး၏ အသံကို ကြားပြီးနောက် စူးချန်ကဲက တခဏမျှ တိတ်ဆိတ်နေခဲ့သော်လည်း မငြင်းဆိုခဲ့ချေ။

ထိုအရာမှာ အစောပိုင်းက ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို သူ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း သူ သိထားသည်။ ဤနတ်ဘုရားစွမ်းရည်မှာ စူးမိသားစု၏ ထူးခြားသော ကျွမ်းကျင်မှုများထဲမှ တစ်ခု အဖြစ် အမြဲတစေ တည်ရှိနေပြီး စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးတွင် နာမည်ကြီးသည်။ ချင်းချိုးဘိုးဘေးသည် သူ၏အထွတ်အထိပ် ကာလတွင် သူတော်စင်နယ်ပယ် ကျင့်ကြံခြင်း ရှိခဲ့သဖြင့် စိတ်ဝိညာဉ်နယ်မြေတွင် အချိန်ကုန်ဆုံးခဲ့လေရာ သူ့ကို မှတ်မိသွားခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

"ဆရာကြီးစူးက အောက်ဘုံစမ်းသပ်မှုကို ခံယူနေတာလား..."

ချင်းချိုးဘိုးဘေးက အသံပေးပို့ကာ ထပ်မံ၍ မေးမြန်းလိုက်၏။

"အဲ့ဒီလိုမျိုးပေါ့..."

စူးချန်ကဲက သူ၏စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ရာ ဤကိစ္စကို ဆွေးနွေးရန် ဆန္ဒမရှိပုံရသည်။

စူးချန်ကဲ၏ ကိုယ်တိုင်တည်ပြုချက်ကို ရရှိပြီးနောက် ချင်းချိုးဘိုးဘေးသည် စိတ်သက်သာရာရသွားပြီး သူ၏အပြုံးကို မထိန်းချုပ်နိုင်တော့ချေ။ သူက ထုယိုယိုကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားကာ တွေးတောလိုက်သည်။

"ဒီကောင်မလေးမှာ တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိတာပဲ... သူက သွေးမျိုးဆက် ဘိုးဘေးဗီဇပြန်ပေါ်လာခြင်းကို ရရှိခဲ့ပြီးတော့ စူးမိသားစုဝင်တစ်ယောက်ရဲ့ ဂျူနီယာညီမလေးတောင် ဖြစ်လာခဲ့တယ်... သူ့ကြောင့် ချင်းချိုးမျိုးနွယ်က တက်လမ်းတွေ ရလာနိုင်တယ်..."

သူတို့အဖွဲ့ စကားပြောဆိုနေစဉ်မှာပင် သူတို့သည် အပျက်အစီးများ၏ အဓိကဧရိယာထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့ကြသည်။

ဤနေရာရှိ ဟင်းလင်းပြင်သည် အနည်းငယ်ပို၍ လေးလံထိုင်းမှိုင်းနေပုံရသည်။

စိတ်ဝိညာဉ်စွမ်းအားများမှ စုစည်းထားသော ခုနစ်ရောင်ခြယ် မြူခိုးတစ်လွှာကို ဖြတ်သန်းပြီးနောက် သူတို့၏ရှေ့ရှိမြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

မလှမ်းမကမ်းတွင် ရေကန်တစ်ခုရှိနေပြီး ဆယ်ကျန်းခန့်သာ ကျယ်ဝန်းသည်။ ရေကန်ရေများသည် ကြည်လင်မနေဘဲ ရွှံ့ရည်များအလား ထူထပ်ပြီး သိပ်သည်းသောရွှေရောင်ကို ပြသနေသည်။ ရှေးဟောင်းနတ်ဘုရားအလင်းတန်းများသည် ရေကန်၏မျက်နှာပြင်ပေါ်တွင် လွင့်မျောနေပြီး မီတာဆယ်ပေါင်းများစွာအကွာမှပင် နတ်ဘုရားနဂါးများ၏ တိုးညှင်းသောဟိန်းသံများကို သူတို့ ရှင်းလင်းစွာ ကြားနိုင်သည်။

သူတို့၏ရှေ့ရှိ အရာမှာ ရေကန်တစ်ခု မဟုတ်ဘဲ ထိုနေရာတွင် နှစ်တစ်သောင်းကြာ ရစ်ခွေနေသော နတ်ဘုရားနဂါးတစ်ကောင်နှင့် တူညီနေသည်။

"ဒါက တစ်လက်မပတ်လည် ရေကန်လား..." အရှေ့ရှိ နဂါးအသွင်ပြောင်းခြင်းရေကန်ကို ကြည့်ရင်း စူးချန်ကဲက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

ချင်းချိုးဘိုးဘေးက ရှင်းပြသည်။

"အဲ့ဒီတုန်းက တကယ်ပဲ တစ်လက်မပတ်လည်လောက်ပဲ ရှိခဲ့တာပါ... ဒါပေမဲ့ အဲ့ဒါက နဂါးအသွင်ပြောင်းခြင်း ရေကန်ဗဟိုချက်လေ... အခု နှစ်တစ်သောင်းကြာသွားပြီဆိုတော့ အဲ့ဒါက သဘာဝကျကျပဲ ဒီလို ဖြစ်လာတာပေါ့..."

ထိုစကားကို ပြောဆိုနေစဉ် သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝံ့ကြွားသောသော အပြုံး အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

နောက်တစ်စက္ကန့်တွင်...

"မိတ်ဆွေလေး...ခဏနေအုံး..."

စူးချန်ကဲသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်ကို မြင်သောအခါ အခြေအနေ မကောင်းတော့ကြောင်း သဘောပေါက်ပြီး ချင်းချိုးဘိုးဘေးက ချက်ချင်းအော်ဟစ်လိုက်၏။

ဝေါင်း...

ပြိုင်ဘက်ကင်းလောက်အောင် သန့်စင်သော နဂါးချီလှိုင်းတံပိုးများက နဂါးအသွင်ပြောင်းခြင်းရေကန်၏အထက်တွင် ချက်ချင်းစုစည်းသွားသည်။ မီတာဝက်ခန့် ရှည်လျားကာ အကြေးခွံအပြည့်ရှိသော ရွှေရောင်နတ်ဘုရားနဂါး ပုံရိပ်ယောင်အမြောက်အများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤနဂါးပုံရိပ်ယောင်များသည် ရုပ်ခန္ဓာကိုယ်အစစ်များ မဟုတ်သော်လည်း စစ်မှန်သော နဂါးအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူတို့သည် လှည့်ပတ်ကာ ဟိန်းဟောက်နေကြပြီး သူတို့၏ အေးစက်သော နဂါးမျက်လုံးများက မွေးရာပါ မောက်မာမှုနှင့် ရိုင်းစိုင်းမှုတို့ကို သယ်ဆောင်ထားကာ မဆင်မခြင် ချဉ်းကပ်လာသော စူးချန်ကဲကို အထက်စီးမှ ငုံ့ကြည့်နေကြလေ၏။

ဤရွှေရောင်နဂါးငယ်လေးများ ထွက်ပေါ်လာချိန်၌...

အဆင့်မြင့် နတ်ဆိုးမျိုးနွယ်စုထံမှ အစပြုသော ကြီးမားသည့်ဖိအားက ပျံ့လွင့်လာပြီး မြေခွေးမျိုးနွယ်စုမှ ဖြစ်သော ထုယိုယိုကို နက်ရှိုင်းသော သွေးမျိုးဆက် တုန်လှုပ်မှုတစ်ခုအား ခံစားရစေခဲ့သည်။ သူမ၏မျက်နှာလေး အနည်းငယ် ဖြူရော်သွားပြီး အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်သွားကာ သူမ၏မီးခိုးပြာရောင် မျက်လုံးများတွင် အဆင်မပြေမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။

သို့ရာတွင် ဤအသက်ရှူမွန်းကြပ်လောက်သော ဖိအားမှာ တခဏမျှသာ ကြာမြင့်ခဲ့လေသည်။

ရုတ်ချည်းဆိုသလိုပင် ထိုဖိနှိပ်မှုခံစားချက်မှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဘိုးဘေးနှင့်မြေးမ နှစ်ဦးစလုံး၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင်...

လွန်ခဲ့သော တစ်စက္ကန့်က ရိုင်းစိုင်းပြီး မောက်မာနေခဲ့သော ရွှေရောင် နဂါးပုံရိပ်ယောင်များသည် သူတို့၏စိတ်ဝိညာဉ်များကို တုန်လှုပ်စေသော တည်ရှိမှုတစ်ခုကို အာရုံခံလိုက်ရသည့်အလား ဖြစ်သွားသည်။ သူတို့၏ ရိုင်းစိုင်းသော အရှိန်အဝါမှာ ချက်ချင်းဆိုသလိုပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့လေ၏။

ထိုနဂါးပုံရိပ်ယောင်များက ညင်သာပြီး ပျော်ရွှင်သော အော်သံများကို ထုတ်လွှတ်လိုက်ပြီး ပထမဆုံးရောက်ရှိရန် အလုအယက်ဖြင့် စူးချန်ကဲဆီသို့ ချက်ချင်းပြေးသွားကြသည်။

အခန်း ၆၀:ကြိုတင်မမြင်နိုင်ခဲ့တာ ငါ့အမှားပါ...

သို့ရာတွင် ထိုအရာမှာ တိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ချေ။

ရွှေရောင်နဂါးငယ်လေးများသည် အလွန်ယဉ်ပါးသွားပြီး အနည်းငယ်မျက်နှာချိုသွေးကာ စူးချန်ကဲကို ရင်းနှီးစွာ ရစ်ပတ်ပြီး သူတို့၏ အမြှီးများကို ခါယမ်းနေကြ၏။ ထိုကိုယ်ဟန်အနေအထားတွင် နဂါးမျိုးနွယ်စု၏ မောက်မာမှု အရိပ်အယောင်လေးပင် မရှိတော့ချေ။ ထိုအရာမှာ သနားကရုဏာသက်ရန် အသည်းအသန် အမြှီးခါယမ်းနေသော သစ္စာရှိခွေးများနှင့်သာ တူညီနေတော့သည်။

"ဒါက..."

ချင်းချိုးဘိုးဘေး အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

နဂါးမျိုးနွယ်စု၏ဂုဏ်ယူဝင့်ကြွားမှုမှာ သူတို့၏ အရိုးများထဲအထိ ထွင်းထုထားပြီးဖြစ်သည်။ စိတ်ဝိညာဉ်နယ်မြေ၏ အုပ်စိုးသူများဖြစ်သော ရှေးဟောင်းစူးမိသားစုကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့အတွက် ဤမျှထိ နှိမ့်ချပြီး ကျိုးနွံရန်မှာ လုံးဝမဖြစ်နိုင်ချေ။

သို့ရာတွင် ယခုအချိန်၌ ဤအသိဉာဏ်မဲ့သော နဂါးအသွင်ပြောင်းခြင်းချီများက စူးချန်ကဲထံတွင် အညံ့ခံခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ရှိနေနိုင်သလော...

သူ ခန့်မှန်းထားသည့်အတိုင်းပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီဖြစ်သော စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်လှိုဏ်ဂူ ကမ္ဘာ၏ နက်ရှိုင်းသော နေရာတွင် ရှေးဦးကဏဦး ဖရိုဖရဲအခြေအနေမှ ထွင်းထုထားသည့်အလား ငြိမ်သက်နေခဲ့သော ဘိုးဘေးနဂါးပုံရိပ်ယောင်သည် မည်သူမျှ သတိမထားမိဘဲ နဂါးမျက်လုံးများကို အနည်းငယ် ဖွင့်လိုက်၏။

ဤနဂါးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လောကကြီးကို အုပ်စိုးနိုင်သည်။

"စူးမိသားစုဝင် တစ်ယောက်လို့ မပြောရဘူး...သူတို့ရဲ့အခြေခံအုတ်မြစ်က တကယ့်ကို နက်ရှိုင်းတာပဲ... သူက စစ်မှန်တဲ့ နဂါးသွေးကို သောက်ပြီး ကြီးပြင်းလာတာပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား..."

ချင်းချိုးဘိုးဘေးက စိတ်ခံစားမှုဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူ၏နံဘေးရှိ ထုယိုယိုကို မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်​။

"မိန်းကလေး... စိတ်ဓာတ်မကျပါနဲ့... မင်းရဲ့ သွေးမျိုးဆက် အပြည့်အဝ နိုးထလာတဲ့အချိန်မှာ စစ်မှန်တဲ့ နဂါးမျိုးဆက်တစ်ယောက်နဲ့ ကြုံတွေ့ရရင်တောင် မင်းက သူတို့ကို ယှဉ်ပြိုင်နိုင်မှာပါ..."

သို့ရာတွင် ထုယိုယိုသည် ထိုအကြောင်းကို လုံးဝစဉ်းစားမနေခဲ့ချေ။ ထိုအစား သူမက မျက်လုံးများကို မှေးစင်းကာ နဂါးအသွင်ပြောင်းခြင်း ရေကန်နံဘေးရှိ အဖြူရောင်အရိုးစုတစ်ခုကို တိတ်ဆိတ်စွာ အကဲခတ်ရင်း ပြောဆိုလိုက်၏။ "ဘိုးဘေး... အဲ့ဒါက ဘိုးဘေး မဟုတ်ဘူးလား... စီနီယာအစ်ကိုက ဘိုးဘေးရဲ့ဦးခေါင်းခွံကို တက်နင်းထားတယ်..."

ဤစကားကို ကြားသောအခါ ချင်းချိုးဘိုးဘေးကြောင်အမ်းသွားခဲ့သည်။ သူ လှည့်ကြည့်လိုက်ရာ သူ၏ဦးရေပြား ချက်ချင်းထုံကျင်သွားပြီး မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားခဲ့သည်။

ဤအချိန်၌ စူးချန်ကဲက တိုက်တိုက်ဆိုင်ဆိုင်ဖြင့် လှည့်ကြည့်လာပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဆရာကြီး... ဒီနဂါးဝိညာဉ်တွေက ကျွန်တော့်ကို ပြောတယ်... ဒီအသေးအဖွဲငမိုက်သားက နဂါးအသွင်ပြောင်းခြင်းရေကန်ထဲက ရေတွေကို ခိုးဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းတစ်ဝက်မှာ သေသွားတယ်တဲ့... ဒီပြာတွေကို လွှင့်ပစ်ဖို့ ကျွန်တော် ကူညီပေးရမလား..."

"မလုပ်နဲ့... မလုပ်နဲ့... မလုပ်ပါနဲ့..."

ချင်းချိုးဘိုးဘေးက စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီးနောက် ရှင်းပြချက်တစ်ခု ပေးလိုက်၏။

စူးချန်ကဲ ထိတ်လန့်သွားခဲ့သည်။ သူက ညာဘက်ခြေထောက်ကို အလျင်အမြန် ရုတ်လိုက်ပြီး ချင်းချိုးဘိုးဘေးကို တောင်းပန်သော အမူအရာဖြင့်ကြည့်ကာ ပြောဆိုသည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒါက ဆရာကြီးရဲ့ အစစ်အမှန်ပုံစံဆိုတာ ကျွန်တော် တကယ်ကို မသိခဲ့ဘူး..."

သူ အမှန်တကယ်ကို တောင်းပန်ခဲ့ခြင်း ဖြစ်ပေ၏။ ချင်းချိုးဘိုးဘေး၏ အကြွင်းအကျန်အလောင်းကို ဤနေရာတွင် ဤမျှ ပေါ့ပေါ့ပါးပါး ထားရှိမည်ဟု စူးချန်ကဲ မျှော်လင့်မထားခဲ့ချေ။

"အဟွတ်... အဟွတ်... အဟွတ်..."

ချင်းချိုးဘိုးဘေး ချက်ချင်းဆိုသလိုပင် အနည်းငယ် နေရခက်သွားခဲ့သည်။ ထိုကလဲ့စားချေလိုသော နဂါးဝိညာဉ်များကို သူ၏ နှလုံးသားထဲ၌ အကြိမ်ပေါင်း သောင်းနှင့်ချီ၍ ကျိန်ဆဲပြီးနောက် သူက သူ၏နံဘေးရှိ ထုယိုယိုကို ပြောဆိုလိုက်သည်။

"ကောင်မလေး... ငါ့ရဲ့အရိုးတွေကို ချင်းချိုးကို ပြန်ယူသွားပေးပါ..."

ကြွေကျသွားသည့် သစ်ရွက်များသည် မူလသစ်ပင်အမြှစ်ဆီ ပြန်သွားသည်ဟု လူများက မကြာခဏ ပြောလေ့ရှိပြီး နတ်ဆိုးမျိုးနွယ်စုသည်လည်း ထပ်တူထပ်မျှပင်။

"ဟုတ်ကဲ့ပါ..."

ထုယိုယိုက ချက်ချင်းသဘောတူလိုက်ပြီး အလွန်ပျော်ရွှင်နေခဲ့သည်။ သူမအပေါ် အကြင်နာဆုံးဖြစ်ခဲ့သော လက်ရှိချင်းချိုးဘိုးဘေးအတွက် သူမ နောက်ဆုံးတွင် တစ်စုံတစ်ခု လုပ်ပေးနိုင်လေပြီ။

ချင်းချိုးဘိုးဘေး၏ အကြွင်းအကျန်များကို သူမ ဂရုတစိုက် ကောက်ယူနေစဉ် သူမ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

"အာ... စီနီယာအစ်ကို... အစ်ကိုက ငါ့ဘိုးဘေးရဲ့ ဦးခေါင်းခွံကို တက်နင်းလိုက်တာ ကြေမွှသွားပြီ..."

"ငါ လုပ်လိုက်တာလား..."

စူးချန်ကဲ၏မျက်နှာ နီမြန်းသွားသည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ချကာ ဦးခေါင်းခွံ အပိုင်းအစ အနည်းငယ်ကို ဂရုတစိုက် ပြန်ဆက်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် အဆင်ပြေလောက်ပါပြီ..."

"စီနီယာအစ်ကိုက အရမ်းတော်တာပဲ..."

ထုယိုယိုက ရယ်မောလိုက်၏။

အဝေးမှ ချင်းချိုးဘိုးဘေး၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူ တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် မပြောဖြစ်ခဲ့ချေ။ သူသည် တခြားနေရာသို့ အကြည့်လွှဲကာ သူ၏ရင်ဘတ်ထဲရှိ ဆို့နင့်လာသောလေကိုသာ မျိုချရုံသာ တတ်နိုင်တော့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."

ထုယိုယိုက သူ့ကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီးနောက် အရိုးများအားလုံးကို သူမ၏သိုလှောင်လက်စွပ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"တကယ်လို့ အစ်ကိုသာ မရှိရင် ကျွန်မက အသက်ရှင်ရက် ထွက်လာနိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ အကြွင်းအကျန်တွေကို ပြန်ယူလာနိုင်ဖို့ဆိုတာ အဝေးကြီးပဲလို့ ဘိုးဘေးက ကျွန်မကို ပြောတယ်..."

"ဘာမှမဟုတ်ပါဘူး..."

စူးချန်ကဲက ညင်သာစွာ ပြုံးလိုက်ပြီး စနစ်၏ ဆုလာဘ်အသံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

【ဒင်... လက်ခံသူက ဂျူနီယာညီမလေး ထုယိုယိုကို ဒုတိယမျိုးဆက်ဘိုးဘေးရဲ့ အကြွင်းအကျန်တွေကို ရယူနိုင်ဖို့နဲ့ သူ့ရဲ့ ကာလကြာရှည်စွာ တောင့်တခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ အောင်မြင်စွာ ကူညီပေးနိုင်ခဲ့ပါတယ်... ဆုလာဘ်...ဖရိုဖရဲ နတ်ဘုရားမီးတောက် (နတ်ဘုရားမီးတောက်နယ်ပယ်မှာ အစွမ်းအထက်ဆုံး နတ်ဘုရားမီးတောက်...)】

【အခု ရယူမလား...】

"မယူသေးဘူး..."

စူးချန်ကဲက နဂါးအသွင်ပြောင်းခြင်းရေကန်ကို ကြည့်လိုက်ပြီး ထိုအရာကို သန့်စင်သည့်အချိန်၌ ထိုမီးတောက်နှင့် ပေါင်းစပ်ကာ ပို၍ကြီးမားသော အကျိုးကျေးဇူးများကို ရယူရန် ရည်ရွယ်ထားသည်။

"အချိန်က တိုတောင်းတယ်... ဒီအဖိုးကြီးမှာ အကြွင်းအကျန်စွမ်းအားနည်းနည်း ကျန်ရှိနေတုန်းမှာ မင်းနဲ့ ငါ့ရဲ့ မျိုးဆက်ကို ငါ ကာကွယ်ပေးမယ်..."

ချင်းချိုးဘိုးဘေးက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

ထုယိုယိုက ချင်းချိုးဘိုးဘေးကို နားမလည်နိုင်သော အမူအရာဖြင့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဘိုးဘေး... ဘာကာကွယ်မှုအကြောင်း ပြောနေတာလဲ..."

"ဒါက နဂါးအသွင်ပြောင်းခြင်း ရေကန်ပဲ... အဲ့ဒါက မင်းနဲ့ မင်းရဲ့စီနီယာအစ်ကိုအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်... နဂါးအသွင်ပြောင်းခြင်းစွမ်းအားကို သန့်စင်တဲ့အချိန်မှာ အပြင်ဘက်က အင်အားစုတွေရဲ့ အနှောင့်အယှက်ကို ခံလို့မရဘူး..."

ချင်းချိုးဘိုးဘေးက ရှင်းပြလိုက်ပြီးနောက် လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်၏။

"နဂါးအသွင်ပြောင်းခြင်း ရေကန်လား..."

ထုယိုယိုက နားမလည်စွာဖြင့် မေးမြန်းသည်။ ဤသည်မှာ ထိုကဲ့သို့အရာမျိုးကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

စူးချန်ကဲက သူ၏လက်မှ ကျန်ရှိနေသော ပြာများကို ခါချပြီး ရှေ့ရှိ ရှေးဟောင်းရေကန်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"ဒါပဲ... မင်းက ရတနာကို ရှာနေတာ မဟုတ်ဘူးလား... ရတနာက ဒီမှာပဲလေ..."

"ရတနာလား..."

ထုယိုယိုက ချက်ချင်း တက်ကြွသွားပြီး သူမ၏မျက်လုံးများ တောက်ပလာခဲ့သည်။

နောက်တစ်စက္ကန့်တွင်...

ပိုးဟပ်တောင်ပံအလား ပါးလွှာသော အဖြူရောင် ဝတ်ရုံရှည် တစ်ထည်က လေထုအလယ်တွင် ထွက်ပေါ်လာပေ၏။

"ယိုယို... မင်းရဲ့ ကျင့်ကြံဆင့်နယ်ပယ်က အရမ်း နိမ့်လွန်းတယ်... ဒါက ဒီဘိုးဘေး အစောပိုင်းနှစ်တွေတုန်းက ရခဲ့တဲ့ ကောင်းကင်ပုစဥ်းနက်နဲသိမ်မွေ့ ဝတ်ရုံပဲ... ရေကန်ထဲမဝင်ခင် အဲ့ဒါကို ဝတ်လိုက်ပါ... ဒါဆို စစ်မှန်တဲ့နဂါးရဲ့ စွမ်းအားတွေကြောင့် မင်း ထိခိုက်မှာ မဟုတ်ဘူး... ပြီးတော့ အဲ့ဒါက မင်းကို ပိုပြီးကောင်းကောင်းမွန်မွန် သန့်စင်နိုင်စေလိမ့်မယ်... မင်း ဘယ်လောက်အထိ သန့်စင်နိုင်မလဲ ဆိုတာကတော့ မင်းရဲ့ စွမ်းရည်ပေါ်မှာပဲ မူတည်တယ်..."

ချင်းချိုးဘိုးဘေး၏ နက်ရှိုင်းသော မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ထင်ဟပ်နေပြီး ထုယိုယိုကို ကြည့်လိုက်သည်။

စူးချန်ကဲက အဖြူရောင် ဝတ်ရုံရှည်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအရာသည် တာအိုမှော်စာလုံးများအလား နတ်ဘုရားအလင်းရောင်များဖြင့် လင်းလက်နေပုံရသည်။ ထိုဝတ်ရုံရှည်သည် မှေးမှိန်သည့် ကောက်ကြောင်းများနှင့်အတူ အမှန်တကယ်ပင် ထူးကဲလှသည်။

"ဒါပေမဲ့..."

"ဒီဝတ်စုံက အရမ်းပေါ်လွန်းနေတာ မဟုတ်ဘူးလား..."

"အဲ့ဒါက ဆွဲဆောင်မှုရှိတဲ့ အိပ်ရာဝင်ဝတ်စုံနဲ့ အတိအကျ တူနေတယ်..."

"ဒီပစ္စည်းကို ဘယ်သူက ဖန်တီးခဲ့တာလဲ..."

အမြဲတစေ ဂရုမစိုက်တတ်သော ထုယိုယိုက ကောင်းကင်ပုစဥ်းနက်နဲသိမ်မွေ့ ဝတ်ရုံကို ကောက်ယူပြီး သူမ၏အဝတ်အစားများကို ချွတ်ရန် ဟန်ပြင်လိုက်ရာ သူမ၏နူးညံ့ချော​မွတ်သောပခုံးပေါ်မှ လျှောကျသွားခဲ့သည်။

"နေဦး..."

ချင်းချိုးဘိုးဘေးနှင့် စူးချန်ကဲတို့က တစ်ချိန်တည်းမှာပင် ပြိုင်တူအော်ဟစ်လိုက်ကြသည်။

"အထဲသွားပြီး လဲလိုက်..."

ချင်းချိုးဘိုးဘေးက မည်းမှောင်နေသော မျက်နှာဖြင့် နဂါးအသွင်ပြောင်းခြင်းရေကန် အနောက်ဘက်ရှိ မမြင်ရသော နက်ရှိုင်းသည့် နေရာကို လက်ညှိုးထိုးပြကာ ပြောဆိုသည်။

"အင်း..."

ထုယိုယိုက တုံ့ပြန်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး လျှောက်လှမ်းဝင်သွားခဲ့သည်။

သူမ ထွက်သွားပြီးနောက်...

"သူက အမြဲတမ်း ဒီလိုမျိုး မဆင်မခြင် ဖြစ်နေတာလား..."

ချင်းချိုးဘိုးဘေးသည် မမေးမြန်းဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

စူးချန်ကဲက တခဏမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"အမြဲတမ်းတော့ မဟုတ်ပါဘူး... တစ်ခါတစ်ရံတော့ သူက တော်တော်လေး လိမ္မာပါတယ်..."

"ဘယ်အချိန်တွေလဲ..."

ချင်းချိုးဘိုးဘေးက ထပ်မံ၍ မေးလိုက်သည်။

"သူ အိပ်နေတဲ့ အချိန်လေ..."

စူးချန်ကဲက ပြောဆိုသည်။

"..."

ချင်းချိုးဘိုးဘေး...

"ဆရာကြီး... အဲ့ဒီဝတ်စုံက နည်းနည်းပေါ်လွန်းနေတယ်... သွေးက ရေထက် ပိုပျစ်တယ်ဆိုပေမဲ့ လူတွေက အသက်ကြီးလာတဲ့အချိန်မှာ သံသယကို ရှောင်ရှားသင့်သေးတယ်... ဘာလို့ ဆရာကြီးက..."

စူးချန်ကဲက တခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြံပြုလိုက်၏။

"ဆရာကြီးက ခဏလောက် ဘေးဖယ်နေပေးရင် ဘယ်လိုလဲ..."

ချင်းချိုးဘိုးဘေးသည် ကြောင်အမ်းသွားပြီးနောက် စူးချန်ကဲကို ပြုံးပြလိုက်ရာ သူ၏ မျက်လုံးများတွင် ရုတ်တရက် ဝမ်းသာမှုများ ထွက်ပေါ်လာပြီးနောက် သူက ပြောဆိုလိုက်သည်။

"မိတ်ဆွေလေး... စိတ်ပူစရာ မလိုပါဘူး... ငါက ယောကျာ်းတစ်ယောက်ပါလို့ ဘယ်တုန်းက ပြောဖူးလို့လဲ..."

ဤစကားကို ကြားသောအခါ စူးချန်ကဲသည် လုံးလုံးလျားလျား လမ်းပျောက်သွားခဲ့လေ၏။

"ဆရာကြီးက..."

စူးချန်ကဲက ချင်းချိုးဘိုးဘေးကို သေသေချာချာ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ချင်းချိုးဘိုးဘေး၏ နူးညံ့သေးသွယ်သောကျောပြင်နှင့် ချောမွေ့သောလည်ပင်းတို့ကို မြင်တွေ့ချိန်တွင် သူက လက်ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."

"ကြိုတင်မမြင်နိုင်ခဲ့တာ ငါ့အမှားပါ... ပြိုင်ဘက်ကင်းတဲ့ အလှတရားတွေနဲ့ နာမည်ကြီးတဲ့ မြေခွေးမျိုးနွယ်စုက ဆရာကြီးလို ပုံရိပ်မျိုး မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး..."

"သခင်လေးစူးက ငါ့ကို ချီးကျူးနေတာလား..."

ချင်းချိုးဘိုးဘေးက ခပ်ဖျော့ဖျော့ရယ်မောလိုက်ပြီး လုံးဝဒေါသမထွက်ခဲ့ချေ။

သူမသည် မိန်းမဆန်သော မျက်နှာဖြင့် မွေးဖွားလာသော်လည်း ယောကျာ်းဆန်သော အသွင်အပြင်ရှိပြီး ငယ်စဉ်ကတည်းက ထူးဆန်းသော အကြည့်များနှင့် အသားကျနေခဲ့သည်။ ထိုအရာနှင့် ကျင့်သားရသွားပြီးနောက် သူမသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။

"ဆရာကြီးက အဲ့ဒီလို ပြောတယ်ဆိုရင်လည်း အဲ့ဒီအတိုင်းပေါ့..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ချင်းချိုးဘိုးဘေးက ပြုံးလိုက်ပြီးနောက် တခဏမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။

"သခင်လေးစူး..."

"..."

စူးချန်ကဲ...

"ယိုယိုကို မင်းရဲ့ဇနီးအဖြစ် ဘာလို့ မယူတာလဲ... မင်းက စူးမိသားစုက ဖြစ်နေရင်တောင် မင်း အရှုံးမပေါ်စေရဘူးလို့ ငါ အာမခံတယ်..."

"..."

စူးချန်ကဲ....

Book 6 end.

All Chapters