အခန်း (၅၈၁-၅၈၂)
Vol. 59 Ch. 581-582
အခန်း (၅၈၁) - ချင်းချိုးမြေခွေးမျိုးနွယ် ၊ ဒီတာအိုဆရာက ဘယ်တော့မှ အာဃာတမထားဘူး ၊ မိစ္ဆာများ လူသားစားခြင်း ၊ ချန်နိုင်ငံမှ လူသားများလော
“ချင်းချိုးမြေခွေးလား” လီယန်ချူက အံ့အားသင့်စွာ မေးလိုက်သည်။
“ချင်းချိုးဆိုတာ မြေခွေးမျိုးနွယ်တွေရဲ့ သန့်စင်ရာမြေ ပါ။ ချင်းချိုးမြေခွေးတွေရဲ့ ကျင့်ကြံမှုက သာမန်မြေခွေးတွေထက် အများကြီး ပိုမြင့်မားသလို သူတို့ရဲ့ ပုံရိပ်ယောင်အတတ်နဲ့ ညှို့ဓာတ်က လျောင်တုန်းက နတ်မင်းကြီးငါးပါးထဲက ဟူမျိုးနွယ် ထက်တောင် ပိုပြီး နက်နဲပါသေးတယ်”
မင်ဟော်က အေးအေးဆေးဆေးပင် ပြုံးလျက် ရှင်းပြသည်။
လီယန်ချူက ခေါင်းညိတ်လိုက်ပြီး
“ချင်းချိုးမြေခွေးတွေက လူသားတွေကိုလည်း အတတ်ပညာ သင်ပေးတာလား” ဟု ထပ်မေးလိုက်သည်။
မင်ဟော်က ခပ်ဖွဖွရယ်ကာ
“မြေခွေးမိစ္ဆာက လူသားတွေကို ဒုက္ခပေးနေတာကို ကျွန်မ ဖမ်းမိလိုက်တာလေ... အဲဒီတော့ ဒီအတတ်ပညာကို မသင်ပေးဘဲ ဘယ်နေဝံ့ပါ့မလဲ”
လီယန်ချူ စိတ်ထဲမှ တစ်ခုခုကို သတိပြုမိသွားပြီး
“ဒါဆို အဲဒီမြေခွေးမိစ္ဆာကရော”
“မိစ္ဆာတွေ လူသားကို ဒုက္ခပေးရင် သတ်ရမှာပဲ အတတ်ပညာနဲ့ လဲလှယ်ရုံနဲ့ ခွင့်လွှတ်ပေးရမှာလား”
မင်ဟော်က တည်ငြိမ်စွာပင် ဆို၏။
လီယန်ချူ အားရပါးရ ရယ်မောလိုက်မိသည်။ ဤမင်ဟော်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ထို့နောက် သူသည် လက်ချောင်းထိပ်မှ ကျင့်ကြံခြင်းစွမ်းအားများကို လှုပ်ရှားလိုက်ရာ ငွေရောင်အပ်တစ်စင်း ပျံထွက်သွားတော့သည်။ ၎င်းကား ဝိညာဉ်ဖောက်နတ်ဘုရားအပ် ပင် ဖြစ်သည်။
နတ်ဘုရားအပ်သည် လျှပ်စီးကဲ့သို့ ပျံထွက်သွားပြီး မြို့တံခါးဝဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။
မြို့တံခါးဝတွင် ဝက်မိစ္ဆာသည် တဟဲဟဲနှင့် စကားများနေပြီး ဖြတ်သွားဖြတ်လာပြုနေသည့် လူသားအမျိုးသမီးတစ်ဦးကို လောဘဇောတိုက်စွာ စိုက်ကြည့်နေဆဲပင်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့သည်။ ထို့နောက်တွင်မူ တစ်ကိုယ်လုံးမှာ မီးလျှံတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လုံးဝ လောင်ကျွမ်းသွားရတော့၏။
လီယန်ချူသည် ဝိညာဉ်ဖောက်နတ်ဘုရားအပ် ပေါ်တွင် မီးလျှံတစ်ခုကို ပူးကပ်ထည့်သွင်းလိုက်သဖြင့် ဤဝက်မိစ္ဆာကို တိုက်ရိုက်ပင် မီးရှို့လိုက်ခြင်း ဖြစ်သည်။ ဝက်မိစ္ဆာသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ နာကျင်စွာ အော်ဟစ်နေတော့သည်။
ဘေးနားရှိ ခွေးမိစ္ဆာမှာ ကြောင်အသွားပြီး အလန့်တကြား ဖြစ်သွားရသည်။ မူလက သူသည် ကုန်သည်အုပ်စုထဲမှ လူသားအမျိုးသမီးကို ဖမ်းဆီးကာ လူကြီးမင်းဝက်မိစ္ဆာထံ ဆက်သရန် ကြံစည်နေခြင်း ဖြစ်သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဦးနှောက်ထဲမှ စူးရှသော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
သူသည်လည်း မီးလျှံတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေရတော့၏။ နတ်ဘုရားအပ်ပေါ်တွင် ပါရှိသော မီးလျှံများကြောင့် ထိုမိစ္ဆာနှစ်ကောင်မှာ အလွန်တရာ နာကျင်စွာဖြင့် သေဆုံးသွားရရှာသည်။
လီယန်ချူသည် တည်ငြိမ်သော အမူအရာဖြင့် ထိုနတ်လက်နက်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။
“ဝိညာဉ်ဖောက်နတ်ဘုရားအပ် ပဲ တာအိုမိတ်ဆွေရဲ့ လက်နက်က တကယ်ကို ကောင်းလှပါတယ်”
မင်ဟော်၏ မျက်ဝန်းများ တောက်ပသွားသည်။
“ဒီတာအိုဆရာက ဘယ်တော့မှ အာဃာတမထားဘူး (ချက်ချင်းလက်စားချေတတ်တယ်)” လီယန်ချူက ပြုံးလျက် ဆိုလိုက်သည်။
သူတို့နှစ်ဦး မြို့ထဲသို့ ဝင်ရောက်လာသောအခါ ဤမြို့၏ ဓလေ့ထုံးတမ်းများမှာ လူသားများနှင့် လုံးဝ ခြားနားနေသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးသားမှာ စနောက်ချင်သော စိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
ဤစီထော်နိုင်ငံအတွင်းတွင် အားလုံးမှာ မိစ္ဆာများသာ ဖြစ်နေကြသည်။ မြေခွေး၊ ဝံပုလွေ၊ ကျား၊ သစ်၊ ဝက်၊ ခွေး၊ နွား၊ မြင်း၊ သိုး! အမျိုးမျိုးသော ထူးဆန်းသည့် မိစ္ဆာများမှာ မြို့ထဲတွင် လူနေမှုဘဝအတိုင်း နေထိုင်နေကြပြီး လူသားများမှာမူ ဤမြို့တွင် အစာအဖြစ် မွေးမြူခြင်းခံရသည့် သတ္တဝါများသာ ဖြစ်နေကြသည်။
လူသားတစ်ဦးချင်းစီ၏ မျက်နှာတွင် ထုံထိုင်းခြင်းနှင့် ကြောက်ရွံ့ခြင်းများ ဖုံးလွှမ်းနေကာ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေသည်။ မြို့ထဲရှိ အသားဆိုင်များတွင် လူသားခြေထောက်များကို ချိတ်ဆွဲထားကြပြီး သွေးစိမ်းရှင်ရှင်များမှာ အဆက်မပြတ် မြေပြင်သို့ စီးကျနေ၏။
ပြူးကျယ်နေသော မျက်လုံးများရှိသည့် လူသားဦးခေါင်းများကို ဆံပင်များ ရိတ်ပစ်ကာ စားပွဲပေါ်တွင် တင်ထားကြသည်။ ထွားကျိုင်းသော ဝံပုလွေမိစ္ဆာတစ်ကောင်မှာ အရိုးဖြတ်ဓားကို ကိုင်ကာ စားပွဲပေါ်ရှိ လူသားအရိုးများကို တဒေါက်ဒေါက်နှင့် ခုတ်ထစ်နေတော့သည်။ ဤစီထော်မြို့တစ်မြို့လုံးသည် ထိုကဲ့သို့သော သွေးစိမ်းရှင်ရှင် မြင်ကွင်းများဖြင့် ပြည့်နှက်နေ၏။
“ဒီမြို့တစ်မြို့လုံးက သွေးစိမ်းငွေ့ တွေ ဒီလောက်အထိ ထူထပ်နေတာ မဆန်းပါဘူး။ ဒီစီထော်မြို့ဟာ တကယ့်ကို လူသားတို့ရဲ့ ငရဲခန်းပါပဲ ”
လီယန်ချူက လေးလံသော အသံဖြင့် ဆိုလိုက်သည်။
မင်ဟော်၏ မျက်နှာမှာလည်း တည်တင်းသွားပြီး နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်နေတော့သည်။ သူမ၏ စကားများအရ သိနိုင်သည်မှာ ဤလှပညှို့ယူဖွယ်ကောင်းသော နတ်မိမယ်လေးမှာ စိတ်နှလုံး နူးညံ့လွန်းသည့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါချေ။ မိစ္ဆာများ လူသားကို ဒုက္ခပေးခြင်းနှင့် ပတ်သက်လျှင် သူမသည် ပြတ်သားသူဖြစ်သည်။
သတ်ရမည်
ပြန်လည်နိုးထလာသော ဤစီထော်မြို့ထဲသို့ ဝင်ရောက်စဉ်က နှစ်ဦးသားမှာ အတတ်နိုင်ဆုံး လူမသိအောင် နေရန် ကြံစည်ခဲ့သော်လည်း ဤမျှလောက် သွေးပျက်ဖွယ် မြင်ကွင်းများက သူတို့၏ တာအိုစိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။ စိတ်ထဲမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများမှာ မအောင့်နိုင်အောင် ထွက်ပေါ်လာတော့၏။
မင်ဟော်သည် စိတ်ကြည်လင်သည့် ဂါထာ ကို တိုးတိုးလေး ရွတ်ဆိုလိုက်မှသာ သူမ၏ ဝိညာဉ်ထဲမှ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်နိုင်တော့သည်။ ကျင့်ကြံသူ မည်သူမဆို ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကြီးစွာသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ခံစားရမည်မှာ အမှန်ပင်။
သို့သော်လည်း ထိုမြို့တစ်မြို့လုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်သဖြင့် ကယ်တင်လိုက်လျှင်ပင် ဘာမှ ထူးခြားလာမည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းမှာ မိမိတို့၏ ကိုယ်ယောင်ဖျောက်မှုကို ပျက်ပြားသွားစေရုံသာ ရှိမည်။ မင်ဟော်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ဒေါသကို ထိန်းချုပ်ကာ ဤမြင်ကွင်းများကို မကြည့်မိရန် အတင်းကြိုးစားလိုက်သည်။
ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ လူငယ်အမျိုးသမီးတစ်ဦး၏ နာကျင်စူးရှသော ငိုကြွေးသံပင် ဖြစ်၏။
“ဖေဖေ ”
ဤစီထော်မြို့ရှိ လူသားများနှင့်မတူဘဲ ကျောက်စိမ်းတန်ဆာ ဆင်မြန်းထားပြီး တန်ဖိုးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးမှာ ငိုကြွေးနေရှာသည်။ ထွားကျိုင်းသော မြေခွေးမိစ္ဆာတစ်ကောင်သည် လှံရှည်တစ်စင်းကို သုံးကာ ချမ်းသာကြွယ်ဝပုံရသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကို မြေပြင်ပေါ်တွင် ထိုးစိုက်သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ထက်မြက်သော လှံဖျားက ဆွဲလိုက်သောအခါ ထိုအမျိုးသားမှာ ဝမ်းဗိုက် ပွင့်ထွက်သွားကာ သွေးများ မြေပြင်ပေါ်သို့ စီးကျလာတော့သည်။
“ဟူလျန်... မင်းကလည်း ဖြုန်းတီးလှချည်လား။ ဒီနယ်စပ်ပြင်ပက လူသားတွေကို ဖမ်းရတာ မလွယ်ဘူးလေ၊ ဒီအတိုင်း သတ်ပစ်လိုက်တာလား”
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများက နှမြောတသဟန်ဖြင့် ပြောကြသည်။
သို့သော် သူတို့၏ မျက်လုံးများထဲတွင်မူ လောဘဇောများ ပြည့်နှက်နေကာ မြေပြင်ပေါ်ရှိ ထိုအမျိုးသားကို စိုက်ကြည့်နေကြ၏။
ဟူလျန်ဟု ခေါ်သော မြေခွေးမိစ္ဆာမှာ အေးစက်စွာ ပြုံးလိုက်ပြီး
“ဒါက အသားတစ်တုံးပဲလေ၊ နယ်စပ်ပြင်ပက လူသားတွေက ငါတို့ မွေးမြူထားတဲ့သူတွေထက် သိပ်ပြီးတော့လည်း ပိုမထူးခြားပါဘူး။ အဲဒီအစား ဒီမိန်းကလေးကမှ အသားအရေ နုနုနယ်နယ်နဲ့ တကယ်ကို စားချင်စရာ ကောင်းတာဗျ”
ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ နားလည်မှုရှိသော အပြုံးများ ပြုံးလိုက်ကြသည်။ သူတို့သည် ကျောက်စိမ်းတန်ဆာများ ဆင်မြန်းထားသည့် ထိုသူဌေးသမီးလေးကို ကြည့်ကာ မသန့်ရှင်းသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
ခုနက စကားပြောလိုက်သော မိစ္ဆာမှာ သစ်မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူက အကျယ်ကြီး အော်ပြောလိုက်၏။
“မင်းတို့ မြေခွေးမျိုးနွယ်က စွမ်းအားစုပ်ယူတဲ့ အတတ် တွေ တတ်တယ်လေ။ ဒီမိန်းကလေးက မင်းလက်ထဲ ရောက်ရင်တော့ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေမှာပဲ။ အဲဒီတော့ ငါ့ကိုသာ ပေးလိုက်စမ်းပါ၊ ငါ ရက်အနည်းငယ်လောက် အဝကစားပေးပါ့မယ်”
ဟူလျန်က မနေနိုင်ဘဲ ဆဲဆိုရယ်မောလိုက်သည်။
“သွားစမ်းပါ မင်းရဲ့ အိမ်မှာလည်း အသားတွေ မွေးထားတာပဲလေ၊ ငါ့ပစ္စည်းကို လာပြီး မျက်စိမကျစမ်းနဲ့”
သစ်မိစ္ဆာက ဆိုသည်။
“မွေးမြူထားတဲ့ လူသားတွေက ဒီလို နယ်စပ်ပြင်ပက လူသားတွေလောက် ဘယ်မှာ စိတ်ဝင်စားစရာ ကောင်းမှာလဲ။ ငါ့ကို ပေးကစားတာ မင်းအတွက် မရှုံးပါဘူး”
ဟူလျန်မှာ ထိုအရိုင်းအစိုင်းများကို ဂရုမစိုက်တော့ဘဲ သူဌေးသမီးလေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ထဲရှိ ကောင်လေးတစ်ဦးကို လက်ညှိုးထိုးကာ အေးစက်စွာ ပြုံးလျက် ဆိုလိုက်သည်။
“မင်းရဲ့ အဖေကိုတော့ ငါသတ်လိုက်ပြီ၊ ဒါပေမဲ့ မင်းရဲ့ မောင်လေးကတော့ အသက်ရှင်နေသေးတယ်။ မင်းက ငါ့ကို ပျော်အောင် ထားနိုင်ရင်တော့ ဒီကောင်လေးကို ငါ အသက်ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ဒီကောင်လေးကို အရေခွံခွာ၊ အကြောတွေ ဆွဲထုတ်ပြီး ဆီအိုးထဲမှာ ဆယ်ခါလောက် ထည့်ကြော်ပစ်မယ် ”
ဟူလျန်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ တဟားဟား အော်ရယ်ကြပြီး ဝိုင်းဝန်း အားပေးကြတော့သည်။ သူတို့သည် ထိုကဲ့သို့သော ပြကွက်မျိုးကို အလွန်နှစ်သက်ကြ၏။ သူဌေးသမီးလေး၏ မျက်နှာမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သူမ၏ မောင်ငယ်လေးကို ကြည့်ကာ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေရှာသည်။
မြေခွေးမိစ္ဆာများသည် ပုံရိပ်ယောင်အတတ်နှင့် ညှို့ဓာတ်ကို ကျွမ်းကျင်သဖြင့် လူ့စိတ်ကို အလွန်တိကျစွာ သိမြင်နိုင်သည်။ ယခုအချိန်တွင် ဟူလျန်သည် ညှို့ဓာတ်ကို မသုံးသေးပါချေ။ သူသည် လူသားကို ကစားရသည့် ခံစားချက်ကို နှစ်သက်နေခြင်း ဖြစ်သည်။
“ဘယ်လိုလဲ တစ်လလောက် ငါ့အနားမှာ ကောင်းကောင်း နေပေးမယ်ဆိုရင် မင်းတို့ မောင်နှမနှစ်ယောက်လုံးကို နယ်စပ်ပြင်ပကို ပြန်ပို့ပေးမယ်... ဘယ်လိုလဲ ”
ဟူလျန်က ဆက်လက် မြှူဆွယ်လိုက်သည်။
ထိုသူဌေးသမီးလေးက တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
“နင်... နင် တကယ်ပဲ ငါတို့ကို ချန်နိုင်ငံ ကို ပြန်ပို့ပေးမှာလား”
“အဲဒါကတော့ မင်းရဲ့ အပြုအမူပေါ်မှာ မူတည်တာပေါ့”
ဟူလျန်က လူယုတ်မာ အပြုံးဖြင့် ဆိုသည်။
“မိန်းကလေး... သူ့ကို မယုံနဲ့၊ ဒီကောင်က နင့်ကို လိမ်နေတာ ပါးစပ်ထဲ ရောက်နေတဲ့ အသားကို ပြန်လွှတ်ပေးတယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ ”
ထွားကျိုင်းသော နွားမိစ္ဆာတစ်ကောင်က ဝိုင်း၍ အားပေးလိုက်ပြန်သည်။
“သူတို့ ပြောတာတွေကို နားမယောင်ပါနဲ့။ ဒါပေမဲ့ ငါ လိမ်နေတာလည်း ဖြစ်နိုင်တာပဲ... မင်း လောင်းကြေးထပ်မလား ”
ဟူလျန်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ ဟူလျန်မှာ တကယ်ကို မကောင်းဆိုးဝါးဖြစ်သည်ဟု တွေးလိုက်မိကြသည်။ သူသည် လူ့သဘာဝကို တကယ်ပင် အပိုင်ကိုင်ထားနိုင်၏။ သူဌေးသမီးလေး၏ မျက်ဝန်းများထဲတွင် ဝေခွဲမရဖြစ်နေသော အမူအရာများ ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် သူမ၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးသွားရသည်။ မိစ္ဆာများ ဝိုင်းရံနေသည့် ကြားတွင် သူမသည် အလွန်တရာ အားကိုးရာမဲ့မှုကို ခံစားနေရ၏။ ထိုမိစ္ဆာသည် သူမကို လိမ်ညာနေမှန်း သူမ သိပါသည်။ သို့သော် သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကလေး တစ်ခုတော့ ရှိနေမိသည်။
တစ်ချိန်တည်းမှာပင် သူမ၏ ဖခင် သေဆုံးသွားခြင်းက သူမကို ကြီးစွာသော စိတ်ထိခိုက်မှု ဖြစ်စေပြီး ကလဲ့စားချေလိုသော စိတ်များလည်း ပေါ်ပေါက်လာသည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ လက်နက်မဲ့သော ထိုသူဌေးသမီးလေးမှာ ကြီးစွာသော ထိတ်လန့်မှုအတွင်း နစ်မွန်းနေရှာသည်။
မျှော်လင့်ချက်မဲ့ခြင်းများက သူမကို ဖုံးလွှမ်းနေသည်။
ဤနေရာမှာ ချန်နိုင်ငံ မဟုတ်တော့ပါ၊ ထိုနေရာကား ငရဲခန်းပင် ဖြစ်တော့သည်။ သူဌေးသမီးလေးသည် ဟူလျန်၏ အေးစက်သော မျက်ဝန်းများကို ကြည့်ကာ အလွန်တရာ ထိတ်လန့်နေတော့သည်။
အခန်း (၅၈၂) - လူ့စိတ်ကို ကစားခြင်း ၊ မင်းက ငါ့ကို အထင်သေးတာလား ၊ ဆူညံလိုက်တာ ၊ မိစ္ဆာဆိုး
ဟူလျန်က ဆက်ပြောလိုက်သည်။
“ဘယ်လိုလဲ... မင်းသာ မြန်မြန်မဆုံးဖြတ်ရင် မင်းမောင်လေးကို ငါ အရှင်လတ်လတ် ပြုတ်စားပစ်မှာနော် ”
သူသည် နယ်စပ်ပြင်ပမှ ရောက်လာသော ဤလှပသည့် လူသားမိန်းကလေးကို ပိုမိုဖိအားပေးရန် ကြံစည်နေခြင်း ဖြစ်သည်။
“ကျွန်မ... ကျွန်မ...”
သူဌေးသမီးလေးမှာ အသံများတုန်ရီကာ မျက်နှာတစ်ခုလုံး ဖြူလျော်နေတော့၏။ ဟူလျန်က နောက်ထပ် စကားအချို့ ပြောရန် ပြင်လိုက်စဉ်မှာပင်
“အုဂ့်...”
ဟူလျန်၏ လည်ပင်းမှာ ရုတ်တရက် တစ်စုံတစ်ယောက်၏ ညှစ်ခြင်းကို ခံလိုက်ရပြီး မျက်နှာမှာ ချက်ချင်းပင် နီမြန်းကာ စကားပင် မပြောနိုင်တော့ပါချေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခဏချင်း ငြိမ်သက်သွားတော့သည်။
တာအိုဆရာ လူငယ်တစ်ဦး ပေါ်ထွက်လာပြီး အေးစက်သော အမူအရာဖြင့် ဟူလျန်၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ညှစ်ထားခြင်း ဖြစ်သည်။ ဟူလျန်သည် ကျင့်ကြံမှု မနိမ့်လှဘဲ နှစ်ပေါင်းရာချီသော ကျင့်ကြံခြင်းသက်တမ်း ရှိသည့် မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း ဤတာအိုဆရာလေး၏ လက်ထဲတွင်မူ လုံးဝပင် မလှုပ်သာတော့ပေ။
စီထော်မြို့ထဲတွင် လူသားတာအိုဆရာ အသွင်အပြင်နှင့် နေထိုင်သူမှာ ရှားပါးသော်လည်း ဤကဲ့သို့ ဝတ်ဆင်ထားသော မိစ္ဆာများစွာလည်း ရှိပေသည်။
မြို့ထဲတွင်ပင် သီးသန့် တာအိုကျောင်းဆောင်တစ်ခု ရှိသေး၏။ ထိုကျောင်းဆောင်၏ ကျောင်းထိုင်မှာ ၁၂ ပေခန့် မြင့်မားကာ တာအိုဝတ်ရုံကို ဆင်မြန်းထားသည့် ကျားမိစ္ဆာကြီး ဖြစ်ပြီး သူ၏ တပည့်များမှာလည်း တောင်တောထဲမှ မိစ္ဆာများဖြစ်ကြကာ တာအိုဆရာများကဲ့သို့ ဝတ်ဆင်ထားကြသည်။
ထို့အပြင် လီယန်ချူတွင် အသွင်ပြောင်းတာအိုအတတ် ရှိနေသဖြင့် ထိုမိစ္ဆာများသည် သူ့ကို လူသားတစ်ဦးဟု မသိရှိကြဘဲ တာအိုဆရာအသွင် ဆင်မြန်းထားသည့် မိစ္ဆာတစ်ကောင်ဟုသာ သဘာဝကျကျ ထင်မှတ်နေကြသည်။ သို့သော် ထိုသူဌေးသမီးလေးကမူ လီယန်ချူကို ကယ်တင်ရှင်တစ်ဦးကဲ့သို့ မျှော်လင့်တကြီး စိုက်ကြည့်နေတော့သည်။
မင်ဟော်မှာ ဘာမှမပြောဘဲ တိတ်ဆိတ်နေ၏။ မူလက လူမသိအောင် နေထိုင်ရန် ကြံစည်ခဲ့သော်လည်း ဤမြင်ကွင်းမှာ တကယ်ပင် မခံမရပ်နိုင်စရာ ကောင်းလှသည်။ လီယန်ချူ၏ ရုတ်တရက် တိုက်ခိုက်မှုအပေါ် သူမမှာ ကန့်ကွက်လိုစိတ် မရှိသည့်အပြင် စိတ်ထဲတွင်ပင် အားရကျေနပ်နေမိသည်။
လီယန်ချူက ဟူလျန်၏ လည်ပင်းကို ညှစ်ထားရင်း
“ဒီမိန်းမက မဆိုးဘူးပဲ... ငါ ယူလိုက်ပြီ” ဟု ဆိုလိုက်သည်။
သူ၏ လက်ဖဝါးမှာ တန်ချိန်သောင်းချီသော အလေးချိန် ရှိနေသကဲ့သို့ တဖြည်းဖြည်း ပို၍ တင်းကျပ်လာရာ ဟူလျန်၏ လည်ပင်းရိုးများမှာ တကျွတ်ကျွတ်နှင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ဟူလျန်မှာ သတိလစ်ချင်သလိုပင် ဖြစ်လာ၏။
စီထော်မြို့တွင် ဤကဲ့သို့ အစာလုသည့် ကိစ္စမျိုးမှာ ရံဖန်ရံခါ ဖြစ်တတ်ပေသည်။ မိစ္ဆာများ စုဝေးရာနေရာတွင် မည်သည့်ဥပဒေမျှ မရှိဘဲ အားကြီးသူကသာ အရာရာကို ဆုံးဖြတ်ခြင်း ဖြစ်သည်။
သို့သော် ဟူလျန်မှာ အံ့အားသင့်နေမိသည်။ သူ၏ ကျင့်ကြံမှုမှာ နှစ်ပေါင်းတစ်ရာ ရှိသည့်အပြင် စရိုက်မှာလည်း ကြမ်းကြုတ်လှသူ ဖြစ်သည်။ ထို့အပြင် သူ၏ ယောက်ဖမှာ မြို့စောင့်စစ်ကဲ တစ်ဦးဖြစ်ပြီး နှစ်ပေါင်းသုံးရာ ကျင့်ကြံသက်ရှိသည့် ဝက်မိစ္ဆာကြီး ဖြစ်သည်။ ထို့ကြောင့် စီထော်မြို့၏ အောက်ခြေမိစ္ဆာများကြားတွင် သူ့ကို ရန်စဝံ့သူ မရှိသလောက်ပင်။
သူ့ရှေ့က မြေခွေးမိစ္ဆာ (လီယန်ချူ) မှာ ဘယ်က သတ္တိတွေ ရှိနေလို့ သူ့ကို ရန်စဝံ့သလဲ၊ ဒါမှမဟုတ် တကယ့်ကို နောက်ခံအင်အား ကြီးမားသူလားဆိုသည်ကို သူ မဝေခွဲနိုင်တော့ပေ။ ဟူလျန် စကားအချို့ ပြောရန် ကြိုးစားသော်လည်း လည်ပင်းမှာ ပို၍ တင်းကျပ်လာကာ ပြတ်ထွက်တော့မည့်အတိုင်း ဖြစ်နေ၏။
သူ့ကို စကားပြောခွင့် မပေးဘဲ အသေသတ်တော့မည်ဟု ထင်နေစဉ်မှာပင် လည်ပင်းပေါ်မှ ကြီးမားသော ဖိအားမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဟူလျန်မှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကာ သူ့ကို လက်တစ်ဖက်တည်းဖြင့် ထိန်းချုပ်ထားနိုင်သည့် ဤလူငယ်ကို သံသယများစွာဖြင့် စိုက်ကြည့်နေတော့သည်။
ဒါ... နဂါးပျံကျောင်းဆောင် က တာအိုဆရာများလား
နဂါးပျံကျောင်းဆောင်ဆိုသည်မှာ မြို့ထဲတွင် ရှိသမျှအထဲ တစ်ခုတည်းသော တာအိုကျောင်းဆောင်ဖြစ်ပြီး ကျောင်းထိုင်မှာ နှစ်ပေါင်း ၆၀၀ ကျော် ကျင့်ကြံသက် ရှိသည်။ ဤသို့ တွေးလိုက်မိသောအခါ ဟူလျန်၏ မာန်မာနမှာ အနည်းငယ် လျော့ကျသွားတော့၏။
သူက ထိုအရှက်ရမှုကို သည်းခံပါမည်ဟု ပြောရန် ပြင်လိုက်စဉ်မှာပင်
ဂျွတ်
သူ၏ ညာဘက်ခြေထောက်မှာ လီယန်ချူ၏ နင်းခြေခြင်းကို ခံလိုက်ရပြီး ကျိုးထွက်သွားတော့သည်။ လီယန်ချူသည် ခြေထောက်ကို ကျိုးအောင်နင်းရုံသာမက မြေပြင်ပေါ်တွင်ပါ ဖိကြိတ်လိုက်သေး၏။
“မင်းဆီက လူကို လုတယ်ဆိုတာ မင်းကို မျက်နှာပေးလိုက်တာပဲ... မင်းက ဘာလို့ သဘောမတူရတာလဲ”
လီယန်ချူက အေးစက်စွာ ဆိုလိုက်သည်။
ရှူး...
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ တအံ့တဩနှင့် အသက်ရှူပင် မှားသွားကြသည်။ ဤကောင်က ဘယ်ကနေ ရောက်လာတာလဲ၊ တကယ်ကို ရက်စက်လွန်းလှချေလား။
ဟူလျန်မှာ နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်ကာ စကားပင် မထွက်နိုင်တော့ပေ။ ဤတာအိုဆရာလေးက ခြေတစ်ချက်တည်းနှင့် သူ၏ ခြေထောက်ရိုးကို နင်းချိုးလိုက်ခြင်း ဖြစ်သည်။ သူသည် ပြင်းထန်သော နာကျင်မှုကို အံကြိတ်သည်းခံကာ ကျွန်တော် သဘောတူပါတယ် ဟု ပြောရန် ပြင်လိုက်ပြန်သည်။
လီယန်ချူက နောက်ထပ် ခြေတစ်ချက် ထပ်နင်းလိုက်ပြန်ရာ ကျန်ခြေထောက်တစ်ဖက်မှာလည်း ကျိုးသွားပြန်သည်။
“မင်းက နားမကြားတာလား... ဘာလို့ စကားမပြောတာလဲ"
အားးးးးး
ဟူလျန်၏ စူးရှသော အော်ဟစ်သံမှာ တစ်ချက်ထက်တစ်ချက် ပိုမိုကျယ်လောင်လာကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤတာအိုဆရာလေးမှာ နင်းရုံသာမက မြေပြင်ပေါ်တွင်ပါ ဟိုဘက်ဒီဘက် ဖိကြိတ်နေခြင်း ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
ဒီမိစ္ဆာဆိုးက ဘယ်ကနေ ရောက်လာတာလဲ
ဟူလျန်၏ နဖူးပေါ်မှ ချွေးများမှာ မိုးရေစက်များကဲ့သို့ စီးကျလာတော့သည်။ သူသည် ပြင်းထန်သော စိတ်ဓာတ်ကို စုစည်းကာ အော်ဟစ်လိုက်၏။
“သဘောတူပါတယ် ကျွန်တော် သဘောတူပါတယ်”
သူသာ စကားပြော နောက်ကျသွားလျှင် ဤတာအိုဆရာက သူ၏ လက်မောင်းများကိုပါ နင်းချိုးပစ်မည်ကို သူ အလွန်စိုးရိမ်နေမိသည်။
“မင်းက ဘာလို့ ဒီလောက် အသံကျယ်နေရတာလဲ ငါ့ကို လန့်အောင် လုပ်နေတာလား ”
လီယန်ချူ မျက်မှောင်ကြုတ်လိုက်ကာ ခါရှိ ကျန်ကျောင်းဓား ကို ဆွဲထုတ်လိုက်တော့သည်။ ဓားအလင်းတန်း တစ်ချက် လက်သွားသည်နှင့်အတူ ဟူလျန်၏ ခန္ဓာကိုယ်ပေါ်မှ အသားစတစ်ခု လွင့်ထွက်သွားတော့၏။
ရှပ် ရှပ် ရှပ်
ဟူလျန်မှာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခြမ်းမှာ အသားများ အလှီးခံလိုက်ရကာ အရိုးစုအတိုင်း ပေါ်ထွက်လာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ အလန့်တကြား နောက်ဆုတ်သွားကြပြီး လှိုင်းလုံးများကဲ့သို့ လူအုပ်ကြီး ကွဲထွက်သွားတော့၏။ ဟူလျန်သည် နှစ်ပေါင်းတစ်ရာ ကျင့်ကြံသက်ရှိသော မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း ဤတာအိုဆရာလေး၏ လက်ထဲတွင်မူ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိပါချေ။ ထို့အပြင် ဤတာအိုဆရာ၏ အပြုအမူမှာလည်း တကယ်ပင် ရက်စက်လွန်းကာ မိုက်မဲလွန်းလှသည်။
“မင်းက ဘာကို ကြည့်နေတာလဲ”
လီယန်ချူသည် ခုနက အကျယ်ဆုံး အော်ဟစ်အားပေးနေသည့် သစ်မိစ္ဆာ ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုသစ်မိစ္ဆာ၏ မျက်နှာမှာ ပျက်သွားပြီး ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင်
ရှပ်
လီယန်ချူ၏ ဓားတစ်ချက်ကြောင့် သူ၏ ခြေထောက်နှစ်ဖက်လုံးမှာ ဒူးဆစ်မှ ပြတ်ထွက်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
သစ်မိစ္ဆာမှာ တောတောင်ထဲမှ ရက်စက်သော သားရဲဖြစ်ပြီး ကိုယ်ယောင်ဖျောက်အတတ်ကို ကျွမ်းကျင်ကာ လေကဲ့သို့ မြန်ဆန်သူ ဖြစ်သော်လည်း ဤလူငယ်၏ လက်အောက်တွင်မူ တုံ့ပြန်ချိန်ပင် မရဘဲ ခြေထောက်နှစ်ဖက် အဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
“အားးးး"
သစ်မိစ္ဆာက နာကျင်စွာ အော်ဟစ်လိုက်ရာ မင်ဟော်ကမူ မနေနိုင်ဘဲ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ ဒီတာအိုမိတ်ဆွေ လီကတော့ တကယ်ကို ထူးခြားတဲ့သူပဲ
လီယန်ချူသည် ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။ လုံးဝ အကျိုးအကြောင်း မရှိဘဲ မိုက်မဲနေခြင်းပင်
သူသည် ဟူလျန်၏ လက်ထဲမှ လှံရှည်ကို ယူကာ သစ်မိစ္ဆာ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်လိုက်ပြီး သစ်မိစ္ဆာကို ဟူလျန်၏ ရှေ့တွင် မြှောက်တင်ထားလိုက်သည်။ သနားစရာကောင်းလှသော မိစ္ဆာနှစ်ကောင်မှာ ယခုအခါ နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေကြရတော့၏။
“ပါးစပ်ပိတ်ထားစမ်း”
လီယန်ချူက အေးစက်စွာ ဆိုသည်။
ထိုစကားတစ်ခွန်းတည်းနှင့်ပင် မိစ္ဆာနှစ်ကောင်မှာ ပြင်းထန်သော နာကျင်မှုကို အံကြိတ်သည်းခံကာ အသံကို ထိန်းချုပ်လိုက်ကြသည်။
နာကျင်လွန်းသဖြင့် လူးလှိမ့်ချင်နေသော်လည်း မည်သည့်အသံမျှ ထွက်မလာအောင် အတင်းကြိုးစားနေကြရရှာသည်။ သူတို့သည် ထိုမိစ္ဆာလူငယ်ကို အလွန်အမင်း ကြောက်လန့်သွားကြပြီ ဖြစ်သည်။
“မင်းရဲ့ ဒီအစာတွေ (လူသားတွေ) အားလုံးကို ငါယူမယ်... ဘာကန့်ကွက်စရာ ရှိသေးလဲ”
လီယန်ချူက ဟူလျန်ကို ကြည့်ကာ မေးလိုက်သည်။
“မရှိပါဘူး... မရှိပါဘူး... လူကြီးမင်း စိတ်ကြိုက် ယူသွားပါ ”
ဟု ဟူလျန်က ကတုန်ကရင်ဖြင့် ဖြေရှာသည်။
မိစ္ဆာမျိုးနွယ်များမှာ အသက်ဓာတ် ပြင်းထန်သဖြင့် ဤကဲ့သို့ ဒဏ်ရာပြင်းထန်သော်လည်း ချက်ချင်း အသက်မထွက်ကြသေးပေ။ ထို့ကြောင့်ပင် သူတို့မှာ ကြီးစွာသော နာကျင်မှုကို ကြာရှည်စွာ ခံစားနေကြရခြင်း ဖြစ်သည်။
“ကျွန်တော့်အိမ်မှာလည်း အစာအချို့ ရှိပါသေးတယ်၊ လူကြီးမင်း လိုချင်ရင် အားလုံးကို တစ်ခါတည်း ဆက်သပါ့မယ်”
ဟု ဟူလျန်က ဖားယားသော လေသံဖြင့် ဆိုလိုက်သည်။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်ကာ
“ငါက မင်းရဲ့ ဒီအစာတွေကို မက်မောနေတယ်လို့ ထင်နေတာလား မင်း ဒီလိုပြောတာက ငါ့ကို အထင်သေးတာပဲ ”
သူသည် ကျန့်ကျောင်းဓား ကို မြှောက်လိုက်ကာ ခုတ်ချလိုက်တော့သည်။ ဟူလျန်ကို ဓားချက်ပေါင်းများစွာဖြင့် မညှာမတာ ခုတ်သတ်ပစ်လိုက်ခြင်း ဖြစ်၏။ ဟူလျန်မှာ အသက်ချမ်းသာရာ ရပြီဟု ထင်နေစဉ်မှာပင် ဤတာအိုဆရာက မျက်နှာပြောင်းကာ သူ့ကို အပြတ်ရှင်းလိုက်ခြင်း ဖြစ်သည်။
ဘေးနားရှိ သစ်မိစ္ဆာမှာလည်း အလန့်တကြား ကြောက်လန့်သွားရသည်။ ဒီလူက ဟူလျန်နဲ့ ရန်ငြိုးရှိလို့ တကူးတက လာပြီး ကလဲ့စားချေနေတာများလား။ ဘာလို့ ဟူလျန် ဘာပြောပြော ခုတ်သတ်နေရတာလဲ။
လီယန်ချူက သစ်မိစ္ဆာကို လှမ်းကြည့်လိုက်ရာ သစ်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ တုန်ရီနေတော့သည်။ ဓားအလင်းတစ်ချက် လက်သွားပြီးနောက် သစ်မိစ္ဆာ၏ ဦးခေါင်းမှာလည်း ပြတ်ထွက်သွားတော့၏။
ရှူး...
ဘတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ အသက်ရှူပင် မဝကြတော့ပေ။ ထို့နောက်တွင်မူ တစ်လောကလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
လက်ကိုင်တုတ်ကို ကိုင်ကာ ကိုယ်ကိုကိုင်းထားသည့် သမင်ချိုနှင့် အဖိုးအိုတစ်ဦးမှာ လူအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။ သူ၏ မိစ္ဆာအရှိန်အဝါမှာ ပတ်ဝန်းကျင်ရှိ မိစ္ဆာများထက် ပိုမိုထူထပ်လှရာ သူသည် အင်အားကြီးသော မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း သိသာလှသည်။
“လူငယ်... မင်းက တကယ်ကို မောက်မာရိုင်းစိုင်းလွန်းလှတာပဲ၊ မင်းက ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ...”
ထိုလက်ကိုင်တုတ်နှင့် အဖိုးအိုမိစ္ဆာက အေးစက်စွာ ပြောလိုက်သည်။ သို့သော် သူ၏ စကားပင် မဆုံးသေးမီ
ဓားအလင်းတစ်ချက် လက်သွားပြန်ကာ ခေါင်းနှင့် ကိုယ်မှာ ချက်ချင်းပင် တခြားစီ ဖြစ်သွားတော့သည်။
ဗုန်း
ထို့နောက် လီယန်ချူက ထိုဦးခေါင်းကို ခြေတစ်ချက်တည်းနှင့် နင်းခြေဖျက်ဆီးလိုက်သည်။
“ဆူညံလိုက်တာ”
လီယန်ချူသည် ပတ်ဝန်းကျင်ရှိ မိစ္ဆာများကို အေးစက်သော အမူအရာဖြင့် ဝေ့ကြည့်လိုက်ရာ မိစ္ဆာများအားလုံး၏ စိတ်ထဲတွင် ရေခဲတမျှ အေးစက်သော အအေးဓာတ်များ ပျံ့နှံ့သွားတော့သည်။