အခန်း (၅၈၉-၅၉၀)
Vol. 59 Ch. 589-590
အခန်း (၅၈၉) - ခြင်္သေ့ပြာမင်းသား၏ ဝိညာဉ်ချုပ်ငြိမ်းခြင်း၊ တိမ်ပင်လယ်ထက်မှ သံခြေကျင်းများ၊ ကြီးမားသော လူမျက်နှာကန့်သတ်ချက်
မူလက သာမန်သိုင်းပညာရပ်တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါတွင်မူ နတ်ဘုရားဆန်သော အရှိန်အဝါများ ကိန်းအောင်းနေပြီ ဖြစ်သည်။
“ငါ့ရဲ့ မိစ္ဆာဓားထဲက နာကျည်းမှုတွေကို ဝါးမြိုချင်တာလား... အိမ်မက်မက်နေလိုက် ”
ခြင်္သေ့ပြာမင်းသားသည် ဓားကို ပြန်လုရန် အချိန်မမီတော့သည်ကို မြင်သောအခါ လက်ဖြင့် မုဒြာတစ်ခုပြုလုပ်၍ စိတ်ထဲမှ ဂါထာတစ်ခုကို တိုးတိတ်စွာ ရွတ်ဆိုလိုက်သည်။
ဘုန်း
သွေးဆာသောအငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။ သို့သော် ၎င်းတို့ ပြန့်နှံ့သွားချိန်ပင် မရလိုက်ဘဲ မမြင်နိုင်သော လက်ဝါးကြီးတစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
၎င်းမှာ လီယန်ချူ၏ အကာအကွယ်စွမ်းအားများဖြင့် ဖန်တီးထားသော လက်ဝါးကြီးပင် ဖြစ်သည်။ ထိုလက်ဝါးကြီးသည် သွေးအငွေ့အသက်များကို လက်ဆုပ်ထဲတွင် ဖမ်းချုပ်ထားလိုက်၏။
လီယန်ချူသည် အပြင်ဘက်သို့ အရှိန်ဖြင့် ပျံထွက်သွားသည်။ ခြင်္သေ့ပြာမင်းသား၏ မျက်ဝန်းထဲတွင် အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် နာကျည်းမှုများဖြင့် ပြည့်နှက်နေ၏။ ထိုလူငယ်သည် သူ၏ နတ်ဘုရားအဆင့်အောင်မြင်မှုအတွက် ဂုဏ်ပြုရန် ရောက်ရှိနေသော မိစ္ဆာအပေါင်းကို အကုန်အစင် သတ်ဖြတ်ခဲ့သည်။
ထို့ပြင် သူ အပင်ပန်းခံ သွန်းလုပ်ထားသော မိစ္ဆာဓားကိုလည်း ချိုးနှိမ်ခဲ့သေးသည်။ ယခုမူ သူ၏ ဓားထဲမှ စွမ်းအားများကိုပါ ဝါးမြို၍ ကိုယ်ပိုင်အစွမ်းကို တိုးမြှင့်နေသည် မဟုတ်ပါလား။
“တောက်... လူကို အနိုင်ကျင့်လွန်းလှချည်လား”
ခြင်္သေ့ပြာမင်းသားသည် ဒေါသတကြီး ဟောက်လိုက်ပြီး အစာအဖြစ် မွေးမြူထားသော လူသားများကို ဂရုမစိုက်တော့ဘဲ လီယန်ချူနောက်သို့ တိုက်ရိုက် လိုက်လံတိုက်ခိုက်တော့သည်။ ကောင်းကင်ယံတွင် အလင်းတန်းနှစ်ခုသည် တစ်ခုကိုတစ်ခု လိုက်လံတိုက်ခိုက်နေကြ၏။ သို့သော် နောက်ကလိုက်လာသော အပြာရောင်အလင်းတန်းမှာ ကျန့်ကျောင်းဓား၏ အနှောင့်အယှက်များကြောင့် ခဏခဏ ရပ်တန့်နေရသည်။
ကျန့်ကျောင်းဓားသည် ခုနက နဂါးမိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီးနောက်ပိုင်းတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပိုမိုထူထပ်လာခဲ့သည်။ တိုက်ဆိုင်ချင်တော့ ထိုဓား၏ အမည်မှာ ကျန့်ကျောင်းဓား (နဂါးသတ်ဓား ) ဖြစ်နေပြီး ယခုလည်း နဂါးမျိုးနွယ်များစွာကို သတ်ဖြတ်နေရသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုအခါ ကျန့်ကျောင်းဓား၏ သတ်ဖြတ်ခြင်းအရှိန်အဝါမှာ အရာရာကို အပိုင်းပိုင်းဖြတ်တောက်နိုင်လောက်အောင် ပြင်းထန်နေပြီ ဖြစ်သည်။
ခြင်္သေ့ပြာမင်းသားသည် မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ရှိသူ ဖြစ်သော်လည်း ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိ ရတနာသုံးပါး၏ ဝိုင်းဝန်းနှောင့်ယှက်မှုကို ခဏတာမျှ အံတုရန် ခဲယဉ်းနေ၏။
ဤအတောအတွင်း လီယန်ချူသည် သွေးပင်လယ်ကဲ့သို့ ထူထပ်လှသော နာကျည်းမှုအငွေ့အသက်များကို လျင်မြန်စွာ ဝါးမြိုသန့်စင်ပစ်လိုက်သည်။
သူ၏ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်နေမိသည်။ ဤစီထော်မြို့သို့ လာရခြင်းမှာ အရှုံးပေါ်မည့် အရောင်းအဝယ်တစ်ခုဟု ထင်ခဲ့သော်လည်း ခြင်္သေ့ပြာမင်းသားက မိစ္ဆာဓားတစ်လက်ကို လက်ဆောင်လာပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသည် အရှိန်သတ်လိုက်ပြီး အကာအကွယ်စွမ်းအားများကို အထွတ်အထိပ်သို့ ရောက်အောင် စုစည်းလိုက်သည်။ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အကာအကွယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးတစ်လုံးသည် ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။
ခြင်္သေ့ပြာမင်းသား၏ အကြည့်များ အေးစက်သွားသည်။ သူသည် လက်ဖြင့် မုဒြာများကို အဆက်မပြတ် ပြောင်းလဲလိုက်ရာ သူ၏ နောက်ကျောတွင် ဝေဝါးသော ပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။ ၎င်းမှာ လီယန်ချူ၏ သိုင်းပညာနယ်ပယ်ပုံရိပ်နှင့် ခပ်ဆင်ဆင် တူလှသည်။
ထိုပုံရိပ်မှာ တဖြည်းဖြည်း တောက်ပလာပြီး အပြာရောင်ဆံပင်ရှိသော ခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုခြင်္သေ့ကြီးသည် ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ ပါးစပ်မှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော လက်ဝါးကြီးနှင့် ရိုက်ခတ်မိသွားတော့သည်။
သို့သော် ထိုလက်ဝါးကြီးမှာ ကွဲအက်သွားခြင်း မရှိဘဲ အနည်းငယ် တုန်ခါသွားပြီးနောက် ဆက်လက်ကျဆင်းလာကာ ခြင်္သေ့ပြာမင်းသားကို ဖမ်းဆုပ်လိုက်တော့၏။
“..........” ခြင်္သေ့ပြာမင်းသား စွံ့အသွားရသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရာ နောက်ကျောရှိ ခြင်္သေ့ပုံရိပ်မှာ ပိုမိုထင်ရှားလာသည်။ သူသည် ထိုလက်ဝါးကြီးထဲမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေသည်။ လီယန်ချူသည် ကျန့်ကျောင်းဓားကို ကိုင်ဆောင်ကာ ပျံသန်းလာပြီး ဓားဖြင့် ခုတ်ချလိုက်တော့သည်။
ခြင်္သေ့ပြာမင်းသား ထိတ်လန့်တုန်လှုပ်သွားရ၏။ ဤဓားချက်သာ သူ့ကို ထိမှန်သွားပါက ယနေ့ သူ ထိုနေရာတွင် အသက်ပျောက်ပေလိမ့်မည်။ သူသည် အမြင့်ဆုံး တိမ်းရှောင်ခြင်းပညာရပ်ကို သုံးကာ ထိုလက်ဝါးကြီးထဲမှ လွတ်မြောက်အောင် ရှောင်တိမ်းလိုက်သည်။ ထို့နောက် နောက်ကွယ်မှ အပြာရောင်ခြင်္သေ့ကြီးနှင့် တစ်သားတည်း ပေါင်းစည်းလိုက်တော့၏။
ကိုယ်ထည် အတောင်ပေါင်းများစွာ ရှည်လျားသော ခြင်္သေ့ကြီးတစ်ကောင် ပေါ်ထွက်လာသည်။ အလွန်ပင် ကြီးမားလှပြီး ကောင်းကင်ယံတစ်ခုလုံးကို မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားစေ၏။ သူသည် လီယန်ချူကို တိုက်ရိုက် ဝင်တိုက်တော့သည်။ သူ၏ လက်သည်းများသည် တောင်များကို ဖြိုခွဲနိုင်လောက်အောင် ထက်မြက်လှသည်။ ၎င်းမှာ သူ၏ မူလအစစ်အမှန် ခန္ဓာကိုယ်ဖြစ်သော အပြာရောင်လည်ဆံရှိ ခြင်္သေ့ကြီး ပင် ဖြစ်သည်။
ဘုန်း
ခြင်္သေ့ပြာမင်းသားသည် ပြင်းထန်စွာ နောက်သို့ လွင့်စဉ်သွားရပြန်သည်။ လီယန်ချူ၏ ရှေ့တွင် မမြင်နိုင်သော အကာအကွယ်နံရံကြီးတစ်ခု ရှိနေသကဲ့သို့ပင်။ သူ၏ မိစ္ဆာခန္ဓာကိုယ်ကြီးဖြင့်ပင် ထိုနံရံကို ဖောက်ထွက်နိုင်ခြင်း မရှိပါချေ။
လီယန်ချူသည် လက်သီးတစ်ချက်ကို ခပ်သာသာ ဝှေ့ယမ်းလိုက်ရာ ခြင်္သေ့ပြာမင်းသား၏ ရှေ့တွင် လက်သီးရိပ်များစွာ ပေါ်ထွက်လာတော့သည်။
ဗုန်း ဗုန်း ဗုန်း ဗုန်း ဗုန်း
တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်ရသော လက်သီးရိပ်များသည် အလွန်လျင်မြန်လှပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။ ခြင်္သေ့ပြာမင်းသား၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ ထိုလက်သီးရိပ်များကို ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ အကာအကွယ်အလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
လီယန်ချူသည် အစီရင်ဝတ်စုံ ကို ဝတ်ဆင်လိုက်ရာ သူ၏ သွေးချီအင်အားမှာ တစ်ဖန် တိုးမြှင့်သွားပြန်သည်။ သူ၏ ယခုလက်ရှိ သွေးချီအဆင့်မှာ တတိယအဆင့်ဖြစ်သော ယန်ဝိညာဉ်အဆင့် နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော ဝတ်စုံ၏ အထောက်အပံ့မှာ အလွန်ပင် တန်ဖိုးရှိလှ၏။
ရှစ်ခွင်မှန်သည် ကောင်းကင်ယံတွင် ဝဲပျံနေပြီး နတ်ဘုရားအလင်းတန်းတစ်ခုဖြင့် ခြင်္သေ့ပြာမင်းသား ရှိရာအရပ်ကို ထိုးလိုက်ရာ သူ၏ လှုပ်ရှားမှုများကို ချုပ်နှောင်ထားလိုက်သကဲ့သို့ ဖြစ်သွားသည်။ လီယန်ချူသည် ကျန့်ကျောင်းဓားကို ကိုင်ဆောင်ကာ ပျံသန်းဝင်ရောက်သွား၏။
ရွှမ်း
ဓားအလင်း လင်းလက်သွားပြီးနောက် ခြင်္သေ့ပြာမင်းသား၏ ခြေထောက်တစ်ဖက်မှာ ဒူးဆစ်မှ ပြတ်တောက်သွားကာ သွေးများ ပန်းထွက်လာတော့သည်။
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်မှာ သန်မာလှသော်လည်း သူသည် ပြန်လည်ကုသသည့် ပညာရပ်တွင် ကျွမ်းကျင်သူ မဟုတ်ပါချေ။ သူသည် နာကျင်မှုကြောင့် ပါးစပ်ကြီးကို ဟလျက် လီယန်ချူကို ဝါးမြိုရန် ကြိုးစားတော့သည်။ ဤသည်မှာ သူ၏ မူလအစွမ်းဖြစ်ပြီး သူ၏ ဘိုးဘေးများသည် ကောင်းကင်စစ်သည် တစ်သိန်းကိုပင် တစ်လုတ်တည်းဖြင့် ဝါးမြိုနိုင်သည်ဟု ဆိုစမှတ်ရှိ၏။
လီယန်ချူ၏ အကြည့်များမှာ အေးစက်နေပြီး သူ၏ နောက်ကျောတွင် ခန့်ညားလှသော သိုင်းပညာနယ်ပယ်ပုံရိပ်ကြီး ပေါ်လာကာ သူနှင့် တစ်ထပ်တည်း လှုပ်ရှားလိုက်သည်။
ဘုန်း
တောက်ပလှသော ဓားအလင်း လင်းလက်သွားပြီးနောက် ခြင်္သေ့ပြာမင်းသား၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားတော့သည်။ အစွမ်းထက်လှသော မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ်ဖြစ်သဖြင့် ကျန့်ကျောင်းဓား၏ ဆန်းကြယ်သော တုန်ခါမှုအောက်တွင်ပင် ပြာအဖြစ် မပြောင်းလဲသွားဘဲ ကြံ့ကြံ့ခံနေနိုင်သေးသည်။
ခြင်္သေ့ပြာမင်းသားသည် နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ကြီးမားလှသော မိစ္ဆာခန္ဓာကိုယ်ကြီးထဲမှ အပြာရောင်အလင်းတန်းတစ်ခု ပျံထွက်လာ၏။ ၎င်းမှာ သူ၏ ဝိညာဉ် ပင် ဖြစ်သည်။ သူသည် လီယန်ချူ၏ ဓားချက်အောက်တွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ တစ်ပါတည်း အသတ်မခံလိုက်ရဘဲ နောက်ဆုံးအချိန်တွင် ဝိညာဉ်ကို ထုတ်ယူကာ လွတ်မြောက်အောင် ကြိုးစားခြင်း ဖြစ်သည်။
ဝိညာဉ်၏ အလျင်မှာ အလွန်ပင် လျင်မြန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လီယန်ချူ၏ ရှေ့သို့ ရောက်ရှိလာ၏။ လီယန်ချူ၏ အကာအကွယ်စွမ်းအားများသည် ဝိညာဉ်၏ အလျင်ကို မတားဆီးနိုင်ပါချေ။
အစီရင်ဝတ်စုံ သည်ပင်လျှင် ထိုဝိညာဉ်တိုက်ခိုက်မှုကို တားဆီးရန် ခဲယဉ်းလှသည်။ သို့သော် လီယန်ချူ၏ ကိုယ်ပေါ်တွင် ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော စိတ်ကြည်လင်ကျောက်စိမ်းပြား ရှိနေ၏။
အပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ဒိုင်း
ခြင်္သေ့ပြာမင်းသား၏ ဝိညာဉ်မှာ အကာအကွယ်နှင့် တိုက်ရိုက်တိုးမိကာ ခေါင်းနားပန်းကြီးသွားတော့သည်။
“မိုးကြိုးသန့်စင်ခြင်း၊ ကောင်းကင်မြေပြင်၏ တရားဓမ္မ... သတ်စမ်း ”
လီယန်ချူက အေးစက်စွာ အော်ဟစ်လိုက်သည်။
ဂျုန်း
မိုးကြိုးများ ပစ်ချလိုက်တော့သည်။
သူ စောင့်ဆိုင်းနေသည်မှာ ခြင်္သေ့ပြာမင်းသား သူ၏ ဝိညာဉ်ကို ထုတ်သုံးမည့်အချိန်ပင် ဖြစ်သည်။
မိုးကြိုးပညာရပ်သည် ခန္ဓာကိုယ်ထက် ဝိညာဉ်ကို ပို၍ ပြင်းထန်စွာ ထိခိုက်စေနိုင်သည် မဟုတ်ပါလား။
ကျင့်ကြံသူများ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာချိန်တွင် မိုးကြိုးပစ်မည်ကို အကြောက်ဆုံး ဖြစ်သည်။ နွေဦးမိုးကြိုးတစ်ချက် မြည်ရုံဖြင့် ဝိညာဉ်မှာ ချုပ်ငြိမ်းသွားနိုင်သည်။
လီယန်ချူသည် သေချာစွာ အာရုံခံကြည့်လိုက်ရာ ခြင်္သေ့ပြာမင်းသား၏ ဝိညာဉ်မှာ အမှန်တကယ်ပင် အပိုင်းပိုင်းကွဲကြေကာ ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
ခြောက်ကြိမ်တိုင်တိုင် ကုသိုလ်မှတ်အဆင့်မြှင့်ခံထားရသော မိုးကြိုးအဆောင်၏ စွမ်းအားမှာ ထိုဝိညာဉ်ကို အစအနမကျန် သုတ်သင်ရန် လုံလောက်လှသည်။ ခြင်္သေ့ပြာမင်းသား၏ မိစ္ဆာခန္ဓာကိုယ်ကြီးမှာလည်း တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့၏။ မူလကတည်းက မရှိခဲ့ဖူးသည့်အလားပင်။
လီယန်ချူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“ဒီမြို့ထဲက မိစ္ဆာတွေကို ငါ အကုန်သတ်ပစ်မယ်၊ မင်း နောက်ထပ် ဘာတွေကစားဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့ ”
သူ၏ အသံမှာ မကျယ်လှသော်လည်း ကောင်းကင်ယံသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။ တိမ်ပင်လယ်များကြားတွင် ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းသွားတော့၏။
ကောင်းကင်ယံတွင် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များ လိပ်တက်လာသည်။
ထိုစီထော်မြို့အတွင်းရှိ မိစ္ဆာအငွေ့အသက်များအားလုံးသည် ကောင်းကင်ယံသို့ စုစည်းသွားကြပြီး တဖြည်းဖြည်းနှင့် ကြီးမားလှသော လူမျက်နှာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
ထိုလူမျက်နှာကြီးမှာ အလွန်ပင် ထူးဆန်းလှပြီး မြင်လိုက်ရသူတိုင်းအတွက် ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ခံစားရစေသည်။
လူပေါင်းများစွာ၏ မျက်နှာသွင်ပြင်များကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် တစ်နေရာရာတွင် မြင်ဖူးသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
စီထော်မြို့အတွင်းရှိ ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါ အံ့ဩမှင်တက်ကုန်ကြသည်။
သူတို့သည် နည်းမျိုးစုံသုံး၍ ဤမြို့အတွင်းသို့ ခိုးဝင်ခဲ့ကြပြီး သဲလွန်စများကို ဂရုတစိုက် ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူတို့နှင့်အတူ ဝင်လာသော ကျင့်ကြံသူတစ်ဦးမှာမူ ဤမျှအထိ ပြင်းပြင်းထန်ထန် လှုပ်ရှားပြီး ခြင်္သေ့ပြာမင်းသား၏ စားပွဲတော်ရှိ မိစ္ဆာအားလုံးကို သတ်ဖြတ်ကာ ခြင်္သေ့ပြာမင်းသားကိုပါ သုတ်သင်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဤသည်မှာ တည်ရှိနေသော ဟန်ချက်တစ်ခုကို ချိုးဖျက်လိုက်ခြင်းဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော ဖြစ်စဉ်များကို ဖိတ်ခေါ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ထိုလူမျက်နှာကြီးမှာ အလွန်ပင် ကြီးမားလှပြီး စီထော်မြို့တစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေကာ ပြင်းထန်သော ဖိအားများကို ပေးစွမ်းနေသည်။
မင်ဟော်သည် တစ်နေရာမှနေ၍ ကောင်းကင်ယံရှိ ကြီးမားလှသော လူမျက်နှာကြီးကို ကြည့်ကာ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
“တာအိုဆရာလီ ရဲ့ လုပ်ရပ်တွေက ကန့်သတ်ချက်တစ်ခုခု တွေကိုများ ဖိတ်ခေါ်လိုက်တာလား မသိဘူး ”
မင်ဟော်သည် စိတ်ထဲမှ မှန်းဆနေမိသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော သရဲမြို့များ သို့မဟုတ် နိုးထလာသော မိစ္ဆာနိုင်ငံများအတွင်းသို့ ဝင်ရောက်ချိန်တွင် မူလဖြစ်တည်နေသော အခြေအနေကို အကြီးအကျယ် ပြောင်းလဲ၍ မရပါချေ။
မူလလမ်းစဉ်အတိုင်း လိုက်နာမှသာ လွတ်မြောက်မည့် အခွင့်အရေးကို ရှာဖွေနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီးများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် ထိုတာအိုဆရာလီမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ စီထော်မြို့၏ စတုတ္ထမြောက် အင်အားအကြီးဆုံးဖြစ်သော ခြင်္သေ့ပြာမင်းသားကို သတ်ဖြတ်ခဲ့သည့်အပြင် မြို့အတွင်းရှိ မိစ္ဆာအပေါင်းကိုလည်း အကုန်အစင် သုတ်သင်ပစ်ခဲ့သည် မဟုတ်ပါလား။
အခန်း (၅၉၀) - ရွှေရောင်ဝတ်စုံနတ်ဘုရား၊ အတောင်တစ်ရာမြင့်သော ခန္ဓာကိုယ်၊ ငါ့ဆီ ဆင်းလာစမ်း၊ အချုပ်အနှောင်များကို ချိုးဖျက်ခြင်း
မင်ဟော် တွေးတောနေသည်မှာ အခြေခံအားဖြင့် မှန်ကန်လှပေသည်။
ထိုကဲ့သို့သော ဆန်းကြယ်သည့်နေရာ သို့မဟုတ် သရဲမြို့များတွင် ကိုယ်ပိုင်ဇာတ်ညွှန်းတစ်ခု ရှိသည်ဆိုလျှင် ယခု လီယန်ချူ လုပ်ဆောင်နေသည်မှာ ထိုဇာတ်ညွှန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နေခြင်းပင်။
ဇာတ်ညွှန်း ပျက်စီးသွားသောအခါ ကျင့်ကြံသူများကို ပြသလိုသည့် အရာများမှာ ပုံမှန်အတိုင်း မပြသနိုင်တော့ဘဲ မတည်ငြိမ်သော အချက်အလက်များကို အတင်းအဓမ္မ ပြန်လည်ပြင်ဆင်ရန် ပြင်ပမှ အင်အားကြီးတစ်ခုကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်သွားတော့သည်။
ယခုအခါ ကောင်းကင်ယံရှိ ကြီးမားလှသော လူမျက်နှာကြီးမှာ ထိုပြုပြင်ပေးသူ၏ အခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်သည်။
“တကယ်ပဲ တစ်ယောက်ယောက်က ဒါတွေအားလုံးကို နောက်ကွယ်က ကြိုးကိုင်နေတာကိုး”
လီယန်ချူ၏ လေသံမှာ အေးစက်လှသည်။
ချွင်
သူသည် ဓားတစ်ချက် ခုတ်ချလိုက်၏။
တောက်ပလှသော ဓားအလင်းသည် ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ပိုင်းခွဲပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုလူမျက်နှာကြီးသည် ပါးစပ်မှ နတ်ဘုရားအလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်ရာ ကျန့်ကျောင်းဓား၏ ဓားအလင်းနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့သွားတော့သည်။
ဘုန်း
နေမင်းကြီး တစ်စင်း ပေါ်ထွက်လာသကဲ့သို့ပင်။
အလင်းတန်းတစ်ခုသည် တစ်ခဏအတွင်း စီထော်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအလင်းတန်းထဲတွင် ကြီးမားလှသော ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေပြီး လူတို့၏စိတ်ကို တုံ့ပြန်လိုစိတ် မရှိတော့လောက်အောင် ဖိနှိပ်ထားသည်။
စီထော်မြို့အတွင်းရှိ ကျင့်ကြံသူများသည် အသက်ရှူပင် မှားသွားကြရသည်။ ဤမြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
“ရွှေနှင်တံကို ကိုင်စွဲ လောကကို လှည့်လည်သည်၊ ရွှေရောင်ဝတ်စုံကို ဆင်မြန်းကာ နတ်ဘုရားတန်ခိုးကို ပြသသည်၊ အမိန့်တော်အတိုင်း အမြန်ဆုံး ဖြစ်စေသတည်း ”
လီယန်ချူသည် လင်ကွမ်းဖိတ်ခေါ်အဆောင် ကို လှုံ့ဆော်လိုက်ပြီး ဝိညာဉ်ဖန်တီးခြင်း ပညာရပ်ကို ထုတ်ဖော်လိုက်သည်။ အရပ် ခြောက်တောင်မြင့်သော ရွှေရောင်ဝတ်စုံဝတ် နတ်ဘုရားတစ်ပါး ပေါ်ထွက်လာသည်။
လက်ထဲတွင် ရွှေရောင်တုတ်ချောင်းကို ကိုင်ဆောင်ကာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြွက်သားအမြောင်းမြောင်းနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်နေသည်။
သူသည် ဝမ်လင်ကွမ်း ၏ နတ်ဘုရားစွမ်းအားများကို ငှားရမ်းလိုက်ခြင်းပင်။ ဟင်းလင်းပြင်ထဲမှ နတ်ဘုရားစွမ်းအားများသည် အဆက်မပြတ် ကျဆင်းလာတော့၏။ နတ်ဘုရားတို့၏ လမ်းစဉ်မှာ လေးလံလှပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးသူများသာ ပိုမိုများပြားသော စွမ်းအားကို ငှားရမ်းနိုင်ပေသည်။
“မင်း ငါ့ဆီ ဆင်းလာစမ်း”
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ပင်။
သူသည် ကောင်းကင်မြေပြင် အထူးစွမ်းအားကို ထုတ်ဖော်လိုက်ရာ အတောင်တစ်ရာမြင့်သော ရွှေရောင်ဝတ်စုံဝတ် နတ်ဘုရားကြီးတစ်ပါး ပေါ်ထွက်လာတော့သည်။
ထိုလူမျက်နှာကြီးမှာ သူ၏ ခြေသလုံးလောက်ပင် မရှိတော့ဘဲ ကြီးမားသော အရှိန်အဝါများလည်း ပျောက်ကွယ်သွားရသည်။
လီယန်ချူ၏ လက်ထဲရှိ ရွှေရောင်တုတ်ချောင်းမှာ တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာပြီးနောက် တစ်ချက်တည်း ရိုက်ချလိုက်တော့သည်။
ရွှမ်း
လူမျက်နှာကြီးက ပါးစပ်မှ နတ်ဘုရားအလင်းတစ်ခု ထပ်မံ မှုတ်ထုတ်သော်လည်း ဤတစ်ကြိမ်တွင်မူ လီယန်ချူ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
ဂျုန်း
ကောင်းကင်နှင့် မြေကြီး ပြိုကျသွားသကဲ့သို့ပင်။
စီထော်မြို့တစ်ခုလုံး နှစ်ချက်ခန့် တုန်ခါသွားရသည်။ မြေငလျင်လှုပ်သကဲ့သို့လည်းကောင်း၊ ကြယ်တံခွန်ကျလာသကဲ့သို့လည်းကောင်း ပြင်းထန်လှ၏။ လီယန်ချူသည် ထိုလူမျက်နှာကြီးကို တုတ်ချောင်းဖြင့် ရိုက်ခွဲပစ်လိုက်ပြီး သူ၏ မျက်နှာထားမှာ အေးစက်နေဆဲပင်။
ထိုလူမျက်နှာကြီးမှာ မသေမျိုးကဲ့သို့ တစ်ဖန် ပြန်လည် စုစည်းလာပြန်သည်။ လီယန်ချူက နောက်ထပ် တစ်ချက် ထပ်မံရိုက်ချလိုက်ပြန်သည်။
ဘုန်း
လူမျက်နှာကြီး နောက်တစ်ကြိမ် ကွဲအက်သွားပြန်သည်။ လီယန်ချူသည် မျက်နှာအမူအရာ မပျက်ဘဲ နောက်ထပ် တစ်ချက်ကို အားကုန် သုံး၍ ထပ်မံရိုက်ချလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လူမျက်နှာကြီးသည် ပါးစပ်မှ အလင်းတန်းတောင် မထုတ်နိုင်လိုက်ဘဲ ခေါင်းကို ရိုက်ခွဲခံလိုက်ရတော့၏။
ယခုကဲ့သို့သော သူ၏ ဝိညာဉ်ဖန်တီးခြင်း အခြေအနေမှာ တိုက်ခိုက်နိုင်စွမ်း အဆမတန် ကြီးမားလှသည်။ အထူးသဖြင့် ဟင်းလင်းပြင်ထဲမှ ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားများ အဆက်မပြတ် ကျဆင်းလာနေခြင်းမှာ လီယန်ချူအား တစ်ယောက်တည်းနှင့် ဆယ်ယောက်ကို ယှဉ်တိုက်နိုင်သကဲ့သို့ ခံစားရစေသည်။
ဤအရာသည် အမှန်တကယ် မသေမျိုး ဖြစ်နေလျှင်တောင် ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်များ ခမ်းခြောက်သွားချိန်တွင် ငြိမ်သက်သွားမည် သို့မဟုတ် ပျောက်ကွယ်သွားမည်ဟု သူ ယုံကြည်သည်။
ထို့ကြောင့် သူသည် နောက်ထပ် တစ်ချက် ထပ်မံ ရိုက်ချလိုက်ပြန်၏။ အသစ်ပြန်လည် စုစည်းရန် ပြင်နေသော လူမျက်နှာကြီးမှာ လုံးဝကို ကြေမွသွားတော့သည်။
ဝမ်လင်ကွမ်းသည် ကောင်းကင်ဘုံရှိ လင်ကွမ်းငါးရာ၏ အကြီးအကဲဖြစ်ပြီး တာအိုဘာသာ၏ အကြီးမြတ်ဆုံးသော စောင့်ရှောက်သူ နတ်ဘုရား ဖြစ်သည်။
ဘုံသုံးဘုံရှိ မိစ္ဆာအပေါင်းမှာ သူ၏ ရှေ့တွင် ခေါင်းညွှတ်ကြရ၏။ ဝမ်လင်ကွမ်း၏ စွမ်းအားများကို ငှားရမ်းထားခြင်းက လီယန်ချူ၏ ရင်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များကို ပြည့်လျှံစေသည်။
လူမျက်နှာကြီးကို ရိုက်ခွဲပြီးနောက် ဒီတစ်ကြိမ်တွင်မူ ၎င်းသည် ပြန်လည် စုစည်းခြင်း မရှိတော့ပေ။ လီယန်ချူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“ဒီလို အတုအယောင် ကမ္ဘာကြီးက တကယ်ကို အဓိပ္ပာယ် မရှိလှပါဘူး... ငါ အခုပဲ မင်းကို ရိုက်ခွဲပစ်မယ်”
လီယန်ချူ၏ အရှိန်အဝါများမှာ တရိပ်ရိပ် တိုးတက်လာပြီး မျက်ဝန်းထဲရှိ ရွှေရောင်အလင်းတန်းများမှာ ပိုမိုထူထပ်လာသည်။ သူ၏ ပြင်းထန်လှသော သွေးချီများကြောင့် စီထော်မြို့အတွင်းရှိ လူအားလုံးမှာ ပူပြင်းလှသော အငွေ့အသက်များကို ခံစားနေကြရသည်။
ဒုန်း ဒုန်း ဒုန်း
၎င်းမှာ သူ၏ နှလုံးခုန်သံ ဖြစ်ပြီး စစ်ဗုံတီးသကဲ့သို့ပင် ပြင်းထန်လှသည်။ နှာခေါင်းမှဖြူဖွေးသော အခိုးအငွေ့နှစ်ခုကို ရှူသွင်းလိုက်ပြီးနောက် ပြန်လည် မှုတ်ထုတ်လိုက်၏။ သူ၏ သွေးချီမှာ အဆုံးစွန်ထိ အားကောင်းလာပြီ ဖြစ်သည်။
ဂျုန်း ဂျုန်း ဂျုန်း ဂျုန်း
မြေပြင်တစ်ခုလုံး မရပ်မနား တုန်ခါနေတော့သည်။
အတောင်တစ်ရာမြင့်သော ရွှေရောင်ဝတ်စုံနတ်ဘုရားကြီးသည် သူ၏ အရှိန်အဝါအားလုံးကို ထုတ်ဖော်လိုက်ရာ စီထော်မြို့တစ်ခုလုံး မတည်မငြိမ် ဖြစ်လာရ၏။
မင်ဟော်သည် ကောင်းကင်ယံရှိ ရွှေရောင်နတ်ဘုရားကြီးကို တည်ငြိမ်စွာ ကြည့်နေမိသည်။ မိမိနှင့်အတူ ရယ်မောနောက်ပြောင်နေတတ်သော ထိုတာအိုဆရာလေးသည် ဤမျှအထိ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော စွမ်းအားများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အကြောင်းပြချက်မရှိဘဲ လူကို ပါးရိုက်တတ်သည့် လီယန်ချူနှင့် ဤမျှ ရှေးကျလှသော နတ်ဘုရားစွမ်းအားများရှိသည့် ရွှေရောင်နတ်ဘုရားကြီးကို သူမ ဆက်စပ်ကြည့်၍ မရနိုင်တော့ပါချေ။
သို့သော် မင်ဟော်တွင်လည်း သူမ၏ ကိုယ်ပိုင်အမြင် ရှိပါသည်။ သူမသည် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် သူမ၏ မိသားစုနောက်ခံမှာလည်း အလွန်ပင် ခိုင်မာလှသည် မဟုတ်ပါလား။
“ဒီလိုပုံစံကလည်း အတော်လေး ကြည့်ကောင်းသားပဲ”
ဟု မင်ဟော်က စိတ်ထဲမှ တွေးနေမိသည်။
လီယန်ချူသာ မင်ဟော်၏ အတွေးကို သိလျှင် သူ၏ ဓားခုတ်ချက် အလျင်ကို ထိခိုက်စေမည်မှာ သေချာလှသည်။ သို့သော် ယခုအခါ သူ၏ မျက်ဝန်းထဲတွင် ထိုကောင်းကင်ပြင်သာ ရှိတော့၏။
သူသည် အချုပ်အနှောင်များကို ဖြတ်တောက်တော့မည်။
ပြင်းထန်လှသော သွေးချီများသည် သူ၏ နောက်ကျောတွင် အတောင်တစ်ရာမြင့်သော ကြီးမားလှသည့် သိုင်းပညာနယ်ပယ်ပုံရိပ်ကြီးအဖြစ် စုစည်းသွားသည်။
၎င်းမှာ သူ၏ ကိုယ်ပိုင်ပုံရိပ်ပင် ဖြစ်သည်။ နတ်ဘုရားပုံရိပ် နှစ်ခုစလုံးက တစ်ပြိုင်နက်တည်း ဝှေ့ယမ်းလိုက်ကြသည်။
တောက်ပလှသော အလင်းတန်းတစ်ခု လင်းလက်သွားသည်။ လီယန်ချူ၏ လက်ထဲရှိ ရွှေရောင်တုတ်ချောင်းမှာ မာကျောသော အရာတစ်ခုကို ရိုက်မိသကဲ့သို့ ဖြစ်သွားသည်။
ဂျုန်း ဂျုန်း
မြေတောင်တုန်ဟိန်းသွားသော်လည်း လီယန်ချူကမူ ရင်ထဲတွင် ဝမ်းသာသွားသည်။ ခုနက တိုက်ခိုက်မှုသည် ဤဟင်းလင်းပြင်၏ အကာအကွယ်အတားအဆီးကို ထိမှန်သွားခြင်းပင်။
“ဒါက ဟင်းလင်းပြင်လမ်းစဉ် မဟုတ်ဘူး၊ ထူးခြားတဲ့ ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ရတနာတစ်ခုခု ဖြစ်ရမယ်”
ဟု လီယန်ချူက တွေးလိုက်သည်။
ယခင်က ရွှေတောင်ပံငှက်ကြီး ၏ ပုံရိပ်ပေါ်လာပြီး သူ၏ အတောင်ပံမှ အမွေးတစ်ပင်သည် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားချိန်တွင် စီထော်မြို့ကြီးမှာ နိုးထလာခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုမြို့အတွင်း၌ အင်အားကြီးသော အငွေ့အသက်တစ်ခုခုကို အမြဲတမ်း ခံစားနေခဲ့ရသော်လည်း ထိုမိစ္ဆာများမှလွဲ၍ အခြားအရာကို မတွေ့ခဲ့ရပေ။
ယခုကြည့်ရသည်မှာ သူသည် စီထော်မြို့ထဲသို့ ဝင်လာကတည်းက အကွက်ဆင်ခြင်း ခံထားရခြင်းပင်။
အကွက်အတွင်း ရောက်နေသူတစ်ဦးက အပြင်ဘက်က အငွေ့အသက်ကို မည်သို့ ခံစားနိုင်ပါမည်နည်း။ သူ၏ ရည်မှန်းချက်မှာ ဤမိစ္ဆာများ မဟုတ်ဘဲ စီထော်မြို့တစ်ခုလုံး ဖြစ်နေသည်။
“ငါ့အတွက် ပွင့်စမ်း”
လီယန်ချူက အေးစက်စွာ အော်ဟစ်လိုက်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။
ဤစီထော်မြို့အတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေ၏။ ထိုစွမ်းအားက သင်၏ စိတ်ကို ဤစီထော်မြို့မှာ ပုံမှန်မိစ္ဆာနိုင်ငံတစ်ခုဖြစ်သည်ဟု အလိုအလျောက် ထင်မှတ်သွားစေသည်။ အမှန်စင်စစ် စီထော်မြို့မှာ ကြာမြင့်စွာကတည်းက ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး ယခုနေရာမှာ အပျက်အစီးတစ်ခုသာ ဖြစ်သည်။
သို့သော် မြို့အတွင်းရှိ ဆန်းကြယ်သော စွမ်းအားက ထိုအချက်ကို သင့်အား မေ့လျော့သွားစေခြင်း ဖြစ်သည်။ ၎င်းမှာ ထိုရွှေရောင်အမွေးက ပြုလုပ်ထားခြင်းဖြစ်မည်ဟု လီယန်ချူ ယူဆသည်။ သူ၏ ဝိညာဉ်ထဲတွင် အကာကွယ်များစွာ ရှိနေသောကြောင့် ထိုစွမ်းအား၏ လွှမ်းမိုးမှုမှာ သူ့အပေါ်တွင် အလွန်နည်းပါးလှသည်။
ယခုအခါ သူသည် သူ၏ အရှိန်အဝါအားလုံးကို လက်ထဲမှ ရွှေရောင်တုတ်ချောင်းအတွင်းသို့ ထည့်သွင်းကာ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ထိုအတုအယောင် ကမ္ဘာကြီးကို ရိုက်ခွဲပစ်ရန် သူ ဆုံးဖြတ်ထားသည်။
ခလွမ်
ဤတစ်ကြိမ်တွင်မူ ကမ္ဘာကြီး၏ အကာအကွယ် အတားအဆီးတစ်ခုခုမှာ အမှန်တကယ်ပင် ပွင့်ထွက်သွားတော့သည်။
“ဒါတောင် ဖြစ်နိုင်တာလား”
မင်ဟော် မှင်တက်သွားသည်။
မြို့အတွင်းရှိ ကျင့်ကြံသူများမှာလည်း တစ်ပြိုင်နက်တည်း အံ့ဩသွားကြပြီး သူတို့၏ ဦးနှောက်မှာ တစ်ခဏအတွင်း ကြည်လင်သွားကြသည်။ အားလုံးက ရင်ထဲတွင် တုန်လှုပ်နေကြ၏။ ခုနကအထိ သူတို့သည် ထိုစီထော်မြို့မှာ အစစ်လား၊ အတုလား ဆိုသည်ကို ဝေဝါးနေခဲ့ကြသည် မဟုတ်ပါလား။
သူတို့ မြို့ထဲကို စဝင်လာတည်းက နတ်ဘုရားဆုလာဘ်များကို ရှာဖွေရန် လာခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ထိုအချက်ကို မေ့လျော့သွားခဲ့ကြသည်။ အစစ်နှင့် အတုကြားတွင် သူတို့ စိတ်များမှာ ရှုပ်ထွေးနေခဲ့ကြခြင်းပင်။
အတောင်တစ်ရာမြင့်သော ရွှေရောင်ဝတ်စုံနတ်ဘုရားကြီး၏ သွေးချီများမှာ သက်တံကဲ့သို့ပင်။ နတ်ဘုရားစွမ်းအားများကို ရွှေရောင်တုတ်ချောင်းအတွင်း စုစည်းကာ နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ခလွမ်
လီယန်ချူသည် ဤတစ်ကြိမ်တွင် ရပ်မနေတော့ဘဲ တုတ်ချောင်းကို မရပ်မနား ဝှေ့ယမ်းတော့သည်။
ခလွမ် ခလွမ် ခလွမ်
မှန်တစ်ချပ် အပိုင်းပိုင်းကွဲကြေသွားသကဲ့သို့ပင် ပုံရိပ်များစွာ ကွဲအက်သွားပြီး စီထော်မြို့၏ သွေးစွန်းသော မြင်ကွင်းများမှာလည်း တဖြည်းဖြည်းနှင့် ပြိုကွဲပျက်စီးသွားတော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
သေဆုံးသွားခဲ့သော လူသားများရော၊ မိစ္ဆာများပါ ယခုအခါတွင် တစ်ဖန် ပြန်လည် ပေါ်ထွက်လာကြပြန်တော့သည်။