အခန်း (၁၅၉၁-၁၅၉၂)
Vol. 160 Ch. 1591-1592
အခန်း (၁၅၉၁) - ငါ အမြဲတမ်း သိနေခဲ့တာပါ
"ဖန့်ဦးလေး... ထားလိုက်ပါတော့၊ သူနဲ့ စကားပြိုင်မပြောပါနဲ့"
ရှောင်ယွီသည် အစေခံလေး ဒေါသထွက်သွားသည်ကို မြင်သောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဖန့်ချန်ကို ဆွဲ၍ အမြန်ခေါ်ထုတ်သွားရန် ကြိုးစားတော့သည်။
အဝတ်ပြာဝတ် အစေခံလေးကမူ ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်
"ငါ့ရဲ့သခင်ကြီးက မြို့နယ်အုပ်ချုပ်ရေးရုံးက ရွှီ မျိုးနွယ်စုဝင် တစ်ယောက်ပဲ။ မင်းကိုကြည့်ရတာ စာပေအနည်းငယ် သင်ဖူးတဲ့သူနဲ့ တူပါတယ်၊ ကိုယ့်ရဲ့ အနာဂတ်လမ်းကြောင်းကို ကိုယ်တိုင် မဖျက်ဆီးမိစေနဲ့"
"မင်း ခန့်မှန်းတာ မှားသွားပြီ၊ ငါက စာပေသမား မဟုတ်ဘူး၊ ငါက ကိုယ်ခံပညာသမား တစ်ယောက်ပဲ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"မင်းရဲ့ ကျင့်ကြံမှုက နှစ်အနည်းငယ် အခြေခံရှိတာကို ငါ မြင်ပါတယ်။ ဒါပေမဲ့ မင်းသာ ငါ့ကို လက်ဦးအောင် လုပ်မယ်ဆိုရင်တော့ ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာရာ ရောက်သွားလိမ့်မယ်"
"ဖန့်ဦးလေးက သိုင်းပညာရှင်လား "
ရှောင်ယွီ အံ့အားသင့်သွားရသည်။ သူမရှေ့တွင် ရှိနေသော ဤဖန့်ဦးလေးမှာ ကိုယ်ခံပညာ ကျင့်ကြံထားသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
"မင်းရဲ့လက်မှာ ဘာအမာရွတ်၊ ဘာအရေထူတာမှ မရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံပညာသမားလို့ ပြောနေတာလား"
အစေခံလေးက လုံးဝမယုံကြည်သော်လည်း အနည်းငယ်တော့ တွန့်ဆုတ်သွားသည်။ အကြောင်းမှာ ဖန့်ချန်၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သာမန်လူတို့ထက် ထူးကဲလွန်းနေသောကြောင့် ဖြစ်၏။ စိတ်ထဲမှ အနည်းငယ် တွေးတောပြီးနောက် သူသည် ဖန့်ချန်နှင့် ထပ်မံ မပတ်သက်လိုတော့ဘဲ လက်အုပ်ချီကာ
"လူကြီးမင်းအနေနဲ့ ကျွန်တော်မျိုးလို ကျွန်တစ်ယောက်ကို အခက်မတွေ့စေပါနဲ့"
"သွားတော့... ပန်းကြည့်လို့ ပြီးရင် ရှောင်ယွီကို ငါကိုယ်တိုင် ပြန်ပို့ပေးလိုက်မယ်"
ဖန့်ချန်က သာသာယာယာပင် လက်ခါပြလိုက်သည်။
"ကြားတယ်မလား၊ အရင်ပြန်နှင့်တော့၊ ငါ ခဏနေမှ ပြန်လာခဲ့မယ်"
ရှောင်ယွီက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
အစေခံလေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်က သူ့ကို ကျောခိုင်းထားသည်ကို မြင်သောအခါ ရုတ်တရက် လျှပ်စီးကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုဖြင့် ဖန့်ချန်၏ ပုခုံးကို လှမ်းဖမ်းလိုက်တော့သည်။
ဖူး
ကြီးမားသော တွန်းကန်အားတစ်ခုကြောင့် အစေခံလေးမှာ နောက်သို့ ခြေလှမ်း တစ်ဆယ်ကျော်ခန့် လွင့်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးစအချို့ စိမ့်ထွက်လာသည်။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ထပ်မံ တိုက်ခိုက်ရန် မဝံ့တော့ဘဲ လှည့်၍ အပြေးအလွှား ထွက်ခွာသွားတော့သည်။
"ဖန့်ဦးလေး... ဦးလေးက တကယ်ပဲ ကိုယ်ခံပညာရှင်ကြီး ဖြစ်ပုံရတယ်နော်"
ရှောင်ယွီသည် တစ်စုံတစ်ခု ထူးခြားသွားသည်ကို ရိပ်မိလိုက်သဖြင့် ဖန့်ချန်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
"ဟုတ်တယ်လေ၊ မင်းရော သင်ချင်သလား"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"သင်ချင်တာပေါ့၊ သင်ချင်တာပေါ့ "
ရှောင်ယွီ၏ မျက်လုံးလေးများ တောက်ပသွားသော်လည်း ချက်ချင်းပင် နှုတ်ခမ်းလေး စူသွားပြန်သည်။
"ခဲအိုတို့ဘက်က လူတွေ ပြောတာတော့...သိုင်းပညာ အမွေအနှစ်တွေက အရမ်း တန်ဖိုးကြီးတယ်တဲ့၊ ဆရာတင်ကြေး အများကြီး မပေးရင် ဘယ်သူမှ မသင်ပေးဘူးတဲ့။ ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံမှ မရှိတာ..."
"ပိုက်ဆံ မလိုပါဘူး၊ မင်း သင်ချင်တယ်ဆိုရင် ငါ သင်ပေးမယ်။ နောင်ကျရင် ဓားတစ်လက်နဲ့ လောကအနှံ့ လှည့်လည်တဲ့ သူရဲကောင်းမလေး တစ်ယောက် ဖြစ်လာတာပေါ့"
ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။
"ကျွန်မက သူရဲကောင်းမလေး ဖြစ်ချင်နေတာကို ဦးလေးက ဘယ်လိုလုပ် သိတာလဲ "
ရှောင်ယွီမှာ အံ့သြသွားရသည်။
ဖန့်ချန်က ဝေးလံသော တစ်နေရာကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါ အမြဲတမ်း သိနေခဲ့တာပါ"
လီမေယန့်သည် ယခုအခါ သစ္စာပန်းရွာတွင် ကိုယ်ပိုင်အိမ်လေး တစ်လုံး ရှိနေပြီဖြစ်သည်။ အိမ်မှာ သိပ်မကြီးသော်လည်း ယနေ့တွင်မူ အတော်လေး ပြည့်ကျပ်နေသယောင် ရှိနေ၏။
အကြောင်းမှာ သူမ၏ သမီးကြီးနှင့် သမက်ဖြစ်သူတို့ အိမ်ပြန်လာကြခြင်းကြောင့် ဖြစ်သည်။ သူတို့သည် လက်ဆောင်များစွာ၊ အစေခံများနှင့်အတူ မြင်းလေးကောင်ဆွဲသော ရထားလုံးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်၏။
ဧည့်ခန်းအတွင်း လီမေယန့်၏ ရှေ့တွင် အသက် ၂၀ ကျော်အရွယ် ဇနီးမောင်နှံ တစ်စုံ ထိုင်နေသည်။ အမျိုးသမီးမှာ ဝတ်စားဆင်ယင်မှု သပ်ရပ်ပြီး သူဌေးကတော် အရှိန်အဝါ အနည်းငယ် ရှိနေ၏။ အမျိုးသားမှာမူ အသားအရေ ဖြူစင်သန့်ရှင်းပြီး ရဲရင့်သော ရုပ်ရည်ရှိသည်။
သို့သော် ဧည့်ခန်းအတွင်း၌ပင် နောက်ထပ် လူငယ်တစ်ယောက်လည်း ရှိနေသေးသည်။ ထိုလူငယ်မှာ သမက်ဖြစ်သူနှင့် ရုပ်ချင်းဆင်သော်လည်း အမူအရာမှာမူ အောက်တန်းကျလှသည်။ သူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေသော်လည်း ခြေထောက်တစ်ဖက်ကို လက်တင်ပေါ်တွင် တင်ထားကာ လက်နှစ်ဖက်ကို ဘေးသို့ ပစ်စလက်ခတ် ချထား၏။
"အမေ... ရှောင်ယွီကလည်း အခု အရွယ်ရောက်နေပြီဆိုတော့ ကျွန်မရဲ့ ခဲအိုလေးနဲ့လည်း လူချင်း လိုက်ဖက်ပါတယ်။ ဒီနှစ် ကျွန်မတို့ ပြန်လာတာက သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကိစ္စကို စကားပြောပြီး အတည်ပြုချင်လို့ပါ။ နောက်ကျရင် ရှောင်ယွီသာ ကျွန်မတို့ဆီ ရောက်လာရင် ကျွန်မလည်း အဖော်ရတာပေါ့"
အမျိုးသမီးက လီမေယန့်ကို ကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
လီမေယန့်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း မျက်ဝန်းများတွင်မူ စိုးရိမ်ရိပ်များ ရှိနေသည်။ သူမသည် ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲမှ သက်ပြင်းချမိသည်။ ဤလူငယ်၏ အကျင့်စရိုက်မှာ မကောင်းသတင်း ကျော်ကြားလှသဖြင့် သူမ၏ သမီးငယ်လေးသာ အိမ်ထောင်ကျသွားပါက ဒုက္ခရောက်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်၏။
သမက်ဖြစ်သူ ရွှီထျန်းဟွန့် သည် တစ်စုံတစ်ခုကို ရိပ်မိပုံရကာ သူ၏ ညီဖြစ်သူ ခြောက်ယောက်မြောက်သခင် ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"ခြောက်လေး... မင်း သေချာ ထိုင်လို့ မရဘူးလား"
"အစ်ကိုရာ... အရာရှိကြီးတွေနဲ့ တွေ့နေတာမှ မဟုတ်တာ၊ သေချာထိုင်လို့ ဘာထူးမှာလဲ။ ဒီလိုပဲ နေရတာ လွတ်လပ်ပါတယ်"
လူငယ်က ခနဲ့တဲ့တဲ့ ပြုံးရင်း ဆိုသည်
"လက်ထပ်ပွဲကိစ္စကို မြန်မြန် အဆုံးသတ်လိုက်ရင် ရပြီ။ ကျွန်တော်က ဒီလိုနေရာမျိုးမှာ အကြာကြီး မနေချင်ဘူး၊ ဘာပဲဖြစ်ဖြစ် နောက်ခဏနေရင်..."
"ပါးစပ်ပိတ်ထားစမ်း"
ရွှီထျန်းဟွန့်၏ မျက်ဝန်းတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ လူငယ်မှာ ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောလိုက်သော်လည်း ဆက်၍တော့ မပြောတော့ပေ။
ရွှီထျန်းဟွန့်က ခေတ္တစဉ်းစားပြီးနောက် လီမေယန့်ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။
"အမေ... ရှောင်ယွီကို ကျွန်တော့်ညီနဲ့ လက်ထပ်ပေးလိုက်ပါ၊ ကျွန်တော်တို့ ရွှီမျိုးနွယ်စုက သူမကို နှိမ်မှာ မဟုတ်ပါဘူး။ ပြီးရင် အမေပါ မြို့ပေါ်ကို လိုက်ခဲ့ပြီး ကျွန်တော်တို့နဲ့ အတူနေပေါ့။ ဒီက ပဲပြားဆိုင်ကိုလည်း ဆက်မလုပ်နဲ့တော့လေ၊ ဘယ်လိုလဲ"
"ကျွန်မကတော့ မလိုက်တော့ပါဘူး၊ ဒီမှာပဲ တစ်သက်လုံး နေလာတာဆိုတော့ ကျင့်သားရနေပါပြီ"
လီမေယန့်က ပြုံးလျက် ခေါင်းခါပြလိုက်သည်
"ရှောင်ယွီ့ ကိစ္စကတော့... သူမကိုယ်တိုင် သဘောတူမှ ဖြစ်မယ်။ ကျွန်မက အမေတစ်ယောက်အနေနဲ့ အကြံဉာဏ်ပဲ ပေးနိုင်တာပါ"
"ရှေးကတည်းက မိဘစကား၊ အောင်သွယ်စကားအတိုင်း လုပ်ကြတာပဲလေ။ မိန်းကလေးငယ်တစ်ယောက်က ဘာကို ကိုယ်တိုင် ဆုံးဖြတ်မှာလဲ"
လူငယ်က မျက်မှောင်ကြုတ်ကာ ဆိုသည်
"ဒါမှမဟုတ် ခင်ဗျားတို့က ကျွန်တော်တို့ ရွှီမျိုးနွယ်စုကို အထင်သေးနေတာလား"
"အမေက ညီမလေးကို အမေ့လိုမျိုး ဘဝတူမဖြစ်စေချင်ရုံတင်ပါ။ ကျွန်မတို့ ညီအစ်မတွေ အိမ်ထောင်ပြုတာ၊ ဘယ်သူနဲ့ လက်ထပ်တာ ဆိုတာတွေက အမြဲတမ်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တာ။ ကျွန်မလည်း အပါအဝင်ပဲ၊ ညီမလေးလည်း ချွင်းချက် မဟုတ်ဘူး"
အမျိုးသမီးက အေးစက်စွာ ပြောလိုက်ပြီးနောက် ရွှီထျန်းဟွန့်ကို တစ်ချက်ကြည့်ကာ
"မောင်... ညီမလေး ပြန်လာရင် မောင့်ညီကိုပဲ တိုက်ရိုက်မေးခိုင်းလိုက်ပါ၊ ကျွန်မတို့ ကြားထဲက ဝင်မပါတော့တာ အကောင်းဆုံးပဲ"
ရွှီထျန်းဟွန့် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
"ဒါလည်း ဟုတ်တာပဲ"
ထိုစဉ် အဝတ်ပြာဝတ် အစေခံလေးသည် အခန်းထဲသို့ အလောတကြီး ဝင်လာပြီးနောက် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပါးစပ်မှ သွေးများကို ဝေါခနဲ အန်ချလိုက်တော့သည်။
ရွှီထျန်းဟွန့်နှင့် လူငယ်မှာ ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ကြသည်။ လီမေယန့်နှင့် သမီးကြီးမှာလည်း ထိတ်လန့်သွားကြ၏။
"ဘာဖြစ်တာလဲ"
လူငယ်က ဒေါသတကြီးဖြင့် အစေခံ၏ ပုခုံးကို လှမ်းဖမ်းလိုက်သည်။
"ခြောက်... ခြောက်ယောက်မြောက်သခင်... ဒီရွာထဲမှာ ကိုယ်ခံပညာ အဆင့်မြင့်တဲ့သူ တစ်ယောက် ရှိနေတယ်။ ကျွန်တော်မျိုး သူ့ကို မယှဉ်နိုင်ဘူး"
အစေခံလေးက ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ သူတို့ ဒီလောက် မြန်မြန် ရောက်လာကြတာလား"
လူငယ်က ရွှီထျန်းဟွန့်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
"ဘာကြောင့် ဘာဖြစ်တယ်ဆိုတာ သေချာပြောစမ်း၊ မင်း ဘာလို့ ဒဏ်ရာရလာတာလဲ"
ရွှီထျန်းဟွန့်က အေးဆေးစွာ မေးလိုက်သည်။
အစေခံလေးက ဖြစ်ကြောင်းကုန်စင်ကို အမြန်ပင် ရှင်းပြလိုက်သည်။
လီမေယန့်၏ သမီးကြီးမှာ အံ့သြသွားရသည်
"ရှင်တို့ ပြောနေတာ ဖန့်လူကြီးအကြောင်းလား မဖြစ်နိုင်တာ၊ သူ သစ္စာပန်းရွာကနေ ပျောက်သွားတာ ဆယ်နှစ်နီးပါး ရှိနေပြီလေ"
လီမေယန့်က ရှုပ်ထွေးသော အမူအရာဖြင့် ဝင်ပြောလိုက်သည်။
"မောင်လေးဖန့်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပြန်ရောက်လာတာ"
"ဒီဖန့်လူကြီးဆိုတာက ဘယ်သူလဲ"
ရွှီထျန်းဟွန့်က သူ၏ ဇနီးကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ဇနီးဖြစ်သူ စကားမစရသေးခင်မှာပင် လီမေယန့်က ဖြတ်ပြောလိုက်သည်။
"အဲဒီတုန်းက ကျွန်မ ဝမ်အိမ်တော်ကနေ နှင်ထုတ်ခံရစဉ်က မောင်လေးဖန့်က ငွေအချို့ ကူညီပေးခဲ့လို့သာ ဒီပဲပြားဆိုင်ကို ဖွင့်နိုင်ခဲ့တာပါ။ ရှင်တို့ မောင်လေးဖန့်ကို ဒုက္ခမပေးကြပါနဲ့"
"အမေ... ဖန့်လူကြီးက ကျွန်မတို့ကို ကူညီခဲ့တာလား ကျွန်မ ဘာလို့ မသိရတာလဲ"
သမီးကြီးမှာ အံ့အားသင့်သွားရသည်။
"မောင်လေးဖန့်က အပြင်ကို မပြောဖို့ သေချာမှာခဲ့လို့ပါ။ အပြင်ကို ပြောလိုက်ရင် သူ့ရဲ့ နာမည်ဂုဏ်သတင်းအတွက်လည်း မကောင်းဘူးလို့ တွေးမိလို့ ကျွန်မလည်း အခုထိ နှုတ်ပိတ်နေခဲ့တာ"
လီမေယန့်က သက်ပြင်းအသာချလိုက်သည်။
"ကြည့်ရတာ ဒီဖန့်လူကြီးဆိုတဲ့သူက လူထူးလူဆန်းတစ်ယောက်ပဲ"
ရွှီထျန်းဟွန့်က အသာအယာ ပြုံးလိုက်သည်။
"လူထူးလူဆန်း လူထူးလူဆန်းပဲဖြစ်ဖြစ် ကျွန်တော့်လူကို ထိရင်တော့ တန်ဖိုးပြန်ပေးရမှာပဲ"
လူငယ်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
"ခြောက်လေး... အခု ငါကပဲ ဆုံးဖြတ်ရမှာလား၊ ဒါမှမဟုတ် မင်းကပဲ ဆုံးဖြတ်ချင်တာလား"
ရွှီထျန်းဟွန့်၏ အသံမှာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။
လူငယ်မှာ ခေတ္တမျှ ကြောင်သွားပြီး သူ၏ အစ်ကိုဖြစ်သူ အမှန်တကယ် စိတ်ဆိုးနေမှန်း သိသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်ကာ ဘာမှ ထပ်မပြောတော့ပေ။
"အမေ... ကျွန်မ ပြန်လာပြီ။ ဒီနေ့ ဖန့်ဦးလေးကိုပါ ထမင်းအတူစားဖို့ ခေါ်လာတယ်၊ ဖန့်ဦးလေးက ကျွန်မကို ကိုယ်ခံပညာ သင်ပေးမယ်တဲ့ "
အပြင်ဘက်မှ ရှောင်ယွီ၏ ပျော်ရွှင်မြူးတူးနေသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
အခန်း (၁၅၉၂) - ဦးလေး ပြောတာ ပြောင်းပြန်ဖြစ်နေတာလား
ရှောင်ယွီ၏ အသံကို ကြားလိုက်ရချိန်တွင် ဧည့်ခန်းအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။
လီမေယန့်မှာ စိတ်ထဲမှ ခါးသီးစွာ ပြုံးမိတော့သည်။ ဤကောင်မလေးမှာ သူမဘာသာ ပြန်လာလျှင် ရပါလျက်နှင့် ဘာကြောင့် မောင်လေးဖန့်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့ရသနည်း။ သူမသည် မသိစိတ်ဖြင့် ရွှီထျန်းဟွန့်တို့ ညီအစ်ကိုနှစ်ဦးဘက်သို့ လှမ်းကြည့်လိုက်မိသည်။
ရွှီထျန်းဟွန့်မှာ ဘာမှမဖြစ်သော်လည်း သူ၏ညီဖြစ်သူ ရွှီထျန်းမု ကမူ ရက်စက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ လီမေယန့်သည် အခြေအနေ မကောင်းတော့ဟု ခံစားလိုက်ရသဖြင့် သူမ၏ သမီးကြီးကို မျက်ရိပ်ပြလိုက်၏။
"မောင်... ဖန့်လူကြီးက ကျွန်မတို့ မိသားစုအပေါ် ကျေးဇူးရှိခဲ့တာမို့လို့၊ ဖြစ်နိုင်ရင်..."
လီမေယန့်၏ သမီးကြီးက ရွှီထျန်းဟွန့်၏ လက်ကို အသာအယာ ဆွဲကိုင်ကာ တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ရွှီထျန်းဟွန့်က သူမကို ချစ်မြတ်နိုးစွာ ပြုံးပြလိုက်ပြီး
"မင်းတို့ မိသားစုအပေါ် ကျေးဇူးရှိတာဟာ ငါ့အပေါ် ကျေးဇူးရှိတာနဲ့ အတူတူပါပဲ၊ ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
ထိုသို့ပြောပြီးနောက် သူက ရွှီထျန်းမုကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ခဏနေ ထမင်းစားတဲ့အခါ မင်း ပါးစပ်ပိတ်ထားစမ်း၊ လူအ တစ်ယောက်လိုပဲ နေပါ"
ရွှီထျန်းမုမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် အလန့်တကြား ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်မှာလဲ "
ရွှီထျန်းဟွန့်က ဘာမှပြန်မပြောဘဲ သူ့ကို အေးစက်စက် အကြည့်ဖြင့်သာ ကြည့်နေသည်။ ထိုအခါမှသာ ရွှီထျန်းမုသည် မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ပါးစပ်ပိတ်သွားတော့သည်။
အနည်းငယ် နွမ်းပါးလှသော ရှေ့ခန်းထဲတွင် လီမေယန့်က ရှောင်ယွီ သယ်လာသော ငါးများကို ကိုယ်တိုင်ကိုယ်ကျ စတင်ချက်ပြုတ်တော့သည်။ ရွှီထျန်းဟွန့် ယူလာသော စားဖိုဆောင်အမျိုးသမီး အချို့ကလည်း ဘေးမှ ကူညီပေးကြ၏။
ဖန့်ချန် ထိုင်လိုက်သည့်အခါ ရှောင်ယွီက သူ၏နောက်တွင် အမြဲရပ်နေပြီး ရွှီထျန်းမုနှင့် အတတ်နိုင်ဆုံး အကွာအဝေးတစ်ခု ခွာထားသည်။
"ဒီကောင်မလေးက ပိုပြီးတော့တောင် လှလာသလိုပဲ"
ရွှီထျန်းမုက မျက်လုံးကို မှေးစူးကာ ရှောင်ယွီကို အကဲခတ်နေပြီးနောက် သူ၏ အကြည့်များက ဖန့်ချန်ပေါ်သို့ ရောက်ရှိသွားကာ အကဲခတ်စူးစမ်းနေ၏။ သို့သော် ရွှီထျန်းဟွန့်၏ သတိပေးချက်ကြောင့် သူသည် အောင့်သက်သက်နှင့်ပင် ပါးစပ်ပိတ်ထားရသည်။
အစောပိုင်းက အဝတ်ပြာဝတ် အစေခံလေးမှာမူ ယခုအခါ ခေါင်းကို ငုံ့လျက် သူ၏သခင်နောက်တွင် ရပ်နေသည်။
ရွှီထျန်းဟွန့်သည်လည်း ဖန့်ချန်ကို အကဲခတ်နေ၏။ စတွေ့ချိန်မှစ၍ ဖန့်ချန်၏ အတိမ်အနက်ကို သူ လုံးဝ ခန့်မှန်း၍ မရကြောင်း သတိပြုမိလိုက်ကတည်းက ထိုသူသည် သိုင်းလောက လူထူးလူဆန်းတစ်ဦး ဖြစ်နိုင်သည်ဟု ရွှီထျန်းဟွန့်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
လီမေယန့်၏ သမီးကြီးမှာမူ ဖန့်ချန်နှင့် စကားပြောဆိုဖူးခြင်း များများစားစား မရှိပေ။ အဓိကမှာ ထိုစဉ်က သူမမှာလည်း အရွယ်ရောက်နေပြီဖြစ်သဖြင့် ဤဖန့်လူကြီးကို မြင်လျှင်ပင် သေသေချာချာ ကြည့်ရန် သို့မဟုတ် စကားပြောရန် အားနာနေခဲ့သောကြောင့် ဖြစ်၏။
ယနေ့တွင်မူ သူမသည် ရွှီမျိုးနွယ်စု၏ ချွေးမတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သလို အတွေ့အကြုံများစွာလည်း ရှိခဲ့ပြီဖြစ်ရာ ယခင်ကကဲ့သို့ ဘာမှမသိနားမလည်သော မိန်းကလေး မဟုတ်တော့ပေ။ ထို့ကြောင့် သူမသည် ဖန့်ချန်ကို သေသေချာချာ အကဲခတ်မိတော့သည်။
ဤသို့ အကဲခတ်မိသည့်အခါတွင်မှ ဤဖန့်လူကြီး၏ အရှိန်အဝါမှာ အလွန်ပင် မြင့်မြတ်လွန်းလှကြောင်း သူမ ဝန်ခံလိုက်ရသည်။ မြို့နယ်အုပ်ချုပ်ရေးရုံးရှိ လူကုံထံကြီးများ၌ပင် ဤကဲ့သို့သော အရှိန်အဝါမျိုး မရှိနိုင်ချေ။
"ဖန့်လူကြီး... အစောပိုင်းက ကျွန်တော့်အိမ်က အစေခံက ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီးပါပြီ။ သူက လူကြီးမင်းကို စော်ကားမိသွားတဲ့အတွက် စိတ်ထဲမထားဖို့ တောင်းပန်ချင်ပါတယ်"
ရွှီထျန်းဟွန့်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ရပါတယ်... နည်းနည်းပါးပါး အထင်မှားသွားတာပဲဥစ္စာ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
ရွှီထျန်းဟွန့်သည် ထိုအချက်ကို အခွင့်ကောင်းယူကာ ဖန့်ချန်နှင့် စကားစမြည် ပြောဆိုတော့သည်။ သူသည် ဖန့်ချန်ကို စမ်းသပ်ရန်အတွက် မေးခွန်းများကို ရွေးချယ်၍ မေးမြန်းခဲ့၏။
နောက်ဆုံးတွင် သူ ရရှိလိုက်သော အဖြေမှာ ရှေ့မှလူသည် တုန်းရှန်းနိုင်ငံအကြောင်းကို သေသေချာချာ မသိရှိသယောင် ရှိနေခြင်းပင်။ သို့သော် တစ်ဖက်လူက တမင်တကာ အရူးလုပ်နေသလား ဆိုသည်ကိုမူ သူ အတပ်မပြောနိုင်ပေ။
"ဖန့်လူကြီး... ကျွန်တော်ကိုယ်တိုင်လည်း သိုင်းပညာကို နှစ်အနည်းငယ် ကျင့်ကြံခဲ့ဖူးပါတယ်။ ဒီအစေခံက ပါရမီ သိပ်မရှိဘူးဆိုပေမဲ့ တစ်ယောက်တည်း ဓားပြ ဒါဇင်ဝက်လောက်ကို သတ်ဖူးတဲ့သူပါ"
ရွှီထျန်းဟွန့်က အစေခံလေးကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်များကို ဖန့်ချန်ပေါ်သို့ ပြန်လည်ပို့ဆောင်ကာ
"ဒါပေမဲ့ သူက ဖန့်လူကြီးရဲ့ လက်ထဲမှာ တစ်ကွက်တောင် မခံနိုင်ဘူးဆိုတော့ ဖန့်လူကြီးရဲ့ သိုင်းပညာအမွေအနှစ်က မရိုးရှင်းဘူးဆိုတာ သိသာနေပါတယ်။ ဖန့်လူကြီးက ဘယ်ဂိုဏ်းကများ ဆင်းသက်လာတာလဲဗျ၊ ကျွန်တော်တို့ကြားမှာလည်း ရေစက်အနည်းငယ် ရှိနိုင်တာမို့လို့ပါ"
အစေခံလေးက တစ်ကိုယ်တည်း ဓားပြ ဒါဇင်ဝက်လောက်ကို သတ်ဖူးသည်ဟူသော စကားကြောင့် ရှောင်ယွီမှာ အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် တခိခိ ရယ်မောလိုက်တော့သည်။
"ခဲအိုကြီးကတော့ ကြွားပြန်ပြီ။ သူက ဖန့်ဦးလေးကို တစ်ချက်ထိလိုက်တာနဲ့တင် သွေးအန်တော့မလို ဖြစ်သွားတာကို၊ တကယ်ပဲ ဓားပြ ဒါဇင်ဝက်လောက်ကို နိုင်ပါ့မလား"
အစေခံလေး၏ ခေါင်းမှာ ပို၍ပင် ငုံ့သွားတော့သည်။
ရွှီထျန်းဟွန့်က စိတ်ရှည်စွာဖြင့် ရှင်းပြသည်။
"ရှောင်ယွီ... မင်းက သိုင်းမသင်ဖူးတော့ ဒါတွေကို နားမလည်တာပါ။ ငါ့အိမ်က ဒီအစေခံက တကယ်ပဲ ဓားပြအများအပြားကို တစ်ယောက်တည်း သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်"
"ဖန့်ဦးလေး... အဲဒါ တကယ်လား"
ရှောင်ယွီက မသိစိတ်ဖြင့် ဖန့်ချန်ကို လှည့်မေးလိုက်သည်။
သူမက သူမ၏ ခဲအိုစကားကိုပင် မယုံကြည်ဘဲ ဤဖန့်လူကြီးကိုသာ ယုံကြည်နေသည်ကို မြင်သောအခါ လီမေယန့်၏ သမီးကြီးမှာ ခါးသီးစွာ ပြုံးမိတော့သည်။
"သိုင်းမသင်ဖူးတဲ့ ဓားပြ ဒါဇင်ဝက်လောက်ကိုတော့ သူ နိုင်နိုင်ပါတယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်သည်။
"တကယ်ကြီး အဲလောက် တော်တာလား ဒါဆိုရင် ဖန့်ဦးလေးက ပိုပြီးတော့တောင် တော်မှာပေါ့"
ရှောင်ယွီက လျှာလေးထုတ်ကာ ပြောလိုက်သည်။
ရှောင်ယွီ၏ ကြားဖြတ်စကားကြောင့် ရွှီထျန်းဟွန့်သည် ဖန့်ချန်က သူ၏မေးခွန်းကို ပြန်မဖြေသည်ကို သတိပြုမိလိုက်သော်လည်း ဆက်၍ မေးရန် မသင့်တော်တော့ပေ။
မကြာမီတွင် လီမေယန့် ရောက်လာကာ အားလုံးကို ထမင်းစားရန် လာခေါ်သည်။ ထမင်းစားနေစဉ်တွင် ရှောင်ယွီက ဖန့်ချန်ကိုသာ ဟင်းများ အမြဲထည့်ပေးနေ၏။ လီမေယန့်နှင့် သူမ၏ သမီးကြီးမှာ အမျိုးသမီးများ ဖြစ်ကြသည့်အတိုင်း အလွန်အကဲခတ်စူးစမ်းတတ်ကြရာ တစ်စုံတစ်ခုကို ရိပ်မိသလို ခံစားလိုက်ရသည်။
ရွှီထျန်းမုသည် ရွှီထျန်းဟွန့်၏ မှာကြားချက်ကို အမြဲလိုက်နာကာ ပါးစပ်ပိတ်နေခဲ့သော်လည်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စားပွဲကို ဒေါသတကြီး ရိုက်လိုက်တော့သည်။
"ကျွန်တော် မခံနိုင်တော့ဘူး အစ်ကို... ကျွန်တော်တို့ ဒီကိုလာတာ ကျွန်တော့်အတွက် လာစေ့စပ်တာလေ။ အခုတော့ ဝမ်ယွီက တခြားလူကိုပဲ ဟင်းတွေ ထည့်ပေးနေတယ်၊ ဒါက ဘာသဘောလဲ"
ရွှီထျန်းဟွန့်၏ မျက်နှာမှာ တည်သွားသည်။ လီမေယန့်နှင့် သမီးကြီးမှာလည်း မျက်နှာပျက်သွားကြ၏။
"ငါက နင့်ကို ဘယ်တော့မှ လက်မထပ်ဘူး ငါက နောက်ကျရင် ဖန့်ဦးလေးဆီမှာ သိုင်းသင်ပြီး ဓားတစ်လက်နဲ့ လောကအနှံ့ လှည့်လည်တဲ့ သူရဲကောင်းမလေး လုပ်မှာ "
ရှောင်ယွီက အလျှော့မပေးဘဲ မျက်နှာပြောင်ပြကာ ရွှီထျန်းမု၏ မျက်နှာကို အားနာခြင်း အလျဉ်းမရှိဘဲ တုံ့ပြန်လိုက်သည်။
"သူရဲကောင်းမလေး လုပ်မလို့လား မင်းအတွက်ကတော့ သေဖို့ပဲ ရှိတယ်၊ သူရဲကောင်းမလေး လုပ်ချင်သေးတယ်လား"
ရွှီထျန်းမုက အေးစက်စွာ ရယ်မောလိုက်သည်။
ဖြောင်း
ရွှီထျန်းဟွန့်က ချက်ချင်းပင် ရွှီထျန်းမုကို ပါးရိုက်လိုက်ရာ သူသည် ထိုင်နေသော ကုလားထိုင်မှ လွင့်ထွက်ကာ တံခါးအပြင်ဘက်သို့ လှိမ့်ထွက်သွားတော့သည်။ ပေအနည်းငယ်ခန့်အထိ လှိမ့်သွားပြီးနောက် ဘာအသံမှ ထွက်မလာတော့ပေ။ ပါးတစ်ချက်တည်းနှင့်ပင် သူသည် သတိလစ်မေ့မြောသွားခဲ့ရသည်။
ရွှီထျန်းဟွန့်က အစေခံလေးကို တစ်ချက်ကြည့်ကာ
"မင်းရဲ့သခင်ကို သွားခေါ်ပြီး အနားယူခိုင်းလိုက်တော့"
"ဟုတ်... ဟုတ်ကဲ့ပါ"
အစေခံလေး၏ မျက်ဝန်းတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားကာ အလောတကြီး ထွက်သွားပြီး ရွှီထျန်းမုကို ပွေ့ချီကာ ထွက်သွားတော့သည်။
ဧည့်ခန်းအတွင်း တိတ်ဆိတ်သွားသည်။ လီမေယန့်နှင့် သမီးကြီးမှာ ရွှီထျန်းဟွန့်တွင် ဤကဲ့သို့သော စွမ်းအားရှိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပြီး ဇနီးအပေါ် ရိုရိုသေသေ ဆက်ဆံတတ်သော ဤလူမှာ ပါးတစ်ချက်တည်းနှင့် လူကြီးတစ်ယောက်ကို ပေအတော်များများအထိ လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြချေ။ ထိုသူမှာ သူ၏ ညီအရင်းခေါက်ခေါက်ပင် မဟုတ်ပါလား...
"အားလုံးကို အားနာပါတယ်ဗျာ။ အစောပိုင်းက ကျွန်တော့်ညီ ပြောတဲ့စကားတွေက အရမ်းကို ယုတ်မာလွန်းလို့ အစ်ကိုတစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် ဆုံးမလိုက်ရတာပါ"
ရွှီထျန်းဟွန့်က ခါးသီးစွာ ပြုံးလျက် ဆိုသည်။
"အိမ်ကလူတွေ သိသွားရင် မောင့်ကို အပြစ်မတင်ဘူးလား"
သူ့ဇနီးက စိုးရိမ်တကြီး မေးသည်။
"စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး"
ရွှီထျန်းဟွန့်က အသာအယာ ပြုံးပြပြီးနောက်
"ငါ နည်းနည်း ပင်ပန်းနေပြီ၊ အဲဒါကြောင့်..."
"ဒါဆို ကျွန်မ အရင်ဆုံး သွားပို့ပေးမယ်"
သူ့ဇနီးက ချက်ချင်း ထရပ်လိုက်ပြီး လီမေယန့်ကို နှုတ်ဆက်ကာ ဖန့်ချန်ကိုလည်း အသာအယာ ခေါင်းညိတ်ပြပြီးနောက် ရွှီထျန်းဟွန့်နှင့်အတူ ထွက်ခွာသွားတော့သည်။
"မောင်လေးဖန့်... ရွှီမျိုးနွယ်စုက မြို့ပေါ်မှာ မျိုးနွယ်ကြီးဆိုတော့ အချို့လူငယ်တွေရဲ့ အကျင့်စရိုက်က သိပ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်မရဲ့ သမက်ကြီးကတော့ တကယ်ကို ရိုးသားဖြောင့်မတ်တဲ့သူပါ"
လီမေယန့်က အားနာစွာဖြင့်
"ဒီနေ့ ထမင်းဝိုင်းကတော့ မောင်လေးကို ကောင်းကောင်း မဧည့်ခံနိုင်သလို ဖြစ်သွားရပြီ..."
"ရပါတယ်... ကျွန်တော် မလာခင်ကလည်း အရက်လေးသောက်ထားတော့ ဗိုက်ဝနေပါပြီ"
ဖန့်ချန်က ပြုံးလျက် လက်ခါပြပြီးနောက် ရှောင်ယွီကို လှည့်ပြောလိုက်သည်။
"ဗိုက်ဝပြီဆိုရင် အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်"
"ကောင်းပြီ... ကောင်းပြီ"
ရှောင်ယွီက ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် ဖန့်ချန်နှင့်အတူ ထွက်ခွာသွားတော့သည်။ လီမေယန့်က ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲသာ နေလိုက်တော့သည်။
နေဝင်ရီတရော သစွာပန်းရွာ၏ မြင်ကွင်းမှာ အလွန်လှပသည်။ နေရောင်ခြည်က တောင်ပေါ်ရှိ သစွာပန်းခင်းကြီးပေါ်သို့ ဖြာကျနေသဖြင့် တစ်မူထူးခြားသော အလှတရားတစ်ခုကို ဖန်တီးထား၏။
"ရှောင်ယွီ... အဲဒီ ရွှီထျန်းဟွန့်ဆိုတဲ့လူက လူကောင်းမဟုတ်ဘူး၊ ရွှီထျန်းမုကမှ လူရိုးလူဖြောင့်ဖြစ်တာ"
ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။
ရှောင်ယွီမှာ ကြောင်အသွားပြီး ဖန့်ချန်ကို မှင်တက်ကာ ကြည့်နေမိတော့သည်။
"ဖန့်ဦးလေး... ဦးလေး ပြောတာ ပြောင်းပြန် ဖြစ်နေတာလားဟင်"