← Chapters

အခန်း (၁၅၉၃-၁၅၉၄)

Vol. 160 Ch. 1593-1594

အခန်း (၁၅၉၃-၁၅၉၄)

Vol. 160 Ch. 1593-1594

အခန်း (၁၅၉၃) - မင်း အသက်မရှင်ချင်တော့ဘူးလား

​"မင်း အရင်က ရွှီထျန်းမုကို အရမ်းမုန်းခဲ့တယ်ဆိုတာ ဘာကြောင့်လဲ"

​ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​ရှောင်ယွီက ခေတ္တမျှ စဉ်းစားကာ အတိတ်ကို ပြန်ပြောင်းသတိရလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်က အစ်မကြီးတို့ မိသားစု အလည်ပြန်လာတုန်းက ရွှီထျန်းမုလည်း ပါလာတာ ကျွန်မ မှတ်မိတယ်။ အဲဒီတုန်းက အစ်မကြီးက ကျွန်မကို နောင်ကျရင် ရွှီထျန်းမုရဲ့ ဇနီးအဖြစ် ရွှီအိမ်ကို လိုက်ခဲ့မလားလို့ မေးခဲ့တယ်။ ကျွန်မ စိတ်ထဲက လုံးဝသဘောမတူခဲ့ဘူး၊ အဲဒီအချိန်ကစပြီး သူ့ကိုကြည့်ရင် ဘယ်လိုမှ အမြင်မကြည်တော့တာပဲ"

​"တကယ်တမ်း သူ ကျွန်မမုန်းအောင် ဘာလုပ်ခဲ့လဲဆိုရင်... ဒီလူက တစ်နေ့ကုန် ပေါ့ပျက်ပျက်နဲ့ စကားပြောရင်လည်း ရိုင်းစိုင်းတယ်။ သစ္စာပန်းရွာက စုတ်ပြတ်သတ်နေတဲ့ နေရာတစ်ခုပဲ ဆိုပြီး ကျွန်မအမေကို ဒီကနေ ပြောင်းသွားဖို့ပဲ အမြဲပြောနေတာ။ သူက ကျွန်မတို့ မိသားစုကို စိတ်ထဲကနေ အထင်သေးနေတာလို့ ကျွန်မ ခံစားရတယ်"

​"မင်းရဲ့ ဒီခဲအိုကြီးက သိုင်းပညာ အဆင့်အတန်း မနိမ့်ဘူး။ ဒီလို နေရာသေးသေးလေးကနေ အဲဒီလို သိုင်းသမားမျိုး ထွက်မလာနိုင်ဘူး၊ အဲဒါက သူ့နောက်ကွယ်မှာ နောက်ခံ အင်အားစုတစ်ခု ရှိနေတယ်ဆိုတာကို ပြနေတာပဲ"

​ဖန့်ချန်က ပြုံးလျက် ဆက်ပြောသည်

"ရွှီထျန်းမုက မင်းအမေကို သစ္စာပန်းရွာကနေ ပြောင်းခိုင်းတာက သူ တစ်စုံတစ်ခုကို သိထားလို့ ဖြစ်ရမယ်။ ဖြစ်နိုင်တာက မကြာခင်မှာ ဒီနေရာက စစ်ဘေးစစ်ဒဏ် နဲ့ ကြုံရတော့မှာမို့လို့ပဲ"

​"စစ်ဘေး ကြုံရတော့မယ် ဟုတ်လား "

​ရှောင်ယွီ အနည်းငယ် ထိတ်လန့်သွားရသည်။ သူမ အသက်မကြီးသေးသော်လည်း ပဲပြားဆိုင်တွင် အမြဲရှိနေတတ်သူဖြစ်ရာ သစ္စာပန်းရွာသို့ ပန်းလာကြည့်သော လူကုံထံများထံမှ တုန်းရှန်းနိုင်ငံ၏ အခြေအနေများကို ရံဖန်ရံခါ ကြားဖူးနားဝ ရှိသည်။

ယခုအခါ တုန်းရှန်းနိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီး နယ်ပယ်အသီးသီးမှ စစ်သူကြီးများက နယ်မြေဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ကာ မြို့တော်ကို သိမ်းပိုက်၍ ဧကရာဇ်အဖြစ် နန်းတက်ရန် ကြိုးပမ်းနေကြသည်။

​ထို့ကြောင့် အချက်အချာကျသော နေရာများတွင် စစ်မက်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ မည်သည့်ဘက်က ရှုံးနိမ့်သည်ဖြစ်စေ အချို့သော ဒေသများသည် စစ်ဘေးစစ်ဒဏ်နှင့် ကြုံတွေ့ရပြီး မြို့ဖျက်၊ ရွာဖျက်ခံရကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများမှာ ရေတွက်၍ပင် မရနိုင်ချေ။ ထိုကဲ့သို့သော ထိတ်လန့်ဖွယ် မြင်ကွင်းများကို တွေးကြည့်ရုံနှင့်ပင် ရှောင်ယွီ တုန်လှုပ်နေမိသည်။

​"ဖန့်လူကြီး... ဒါဆိုရင် စောစောက ထမင်းဝိုင်းမှာ ရွှီထျန်းမုက ကျွန်မတို့ကို သတိပေးချင်နေတာလား။ ဒါပေမဲ့... ခဲအိုကြီးက သူ့ကို ပြောခွင့်မပေးတာလား"

ရှောင်ယွီက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

​"ဒါကို သတိထားမိတာက မင်းရဲ့ ပါရမီက အရင်အတိုင်းပဲ ဆိုတာကို သက်သေပြနေတာပဲ"

​ဖန့်ချန်က ခေါင်းညိတ်၍ အသာအယာ ပြုံးလိုက်သည်။

"သိုင်းပညာ သင်ယူနေစဉ်မှာပဲ ငါ မင်းကို တခြားသော အသိပညာတွေကိုပါ သင်ပေးဦးမယ်။ သိုင်းပညာရှိရုံနဲ့တော့ လောကကြီးမှာ ခြေကုပ်မြဲဖို့ မလွယ်ဘူး၊ ဒါပေမဲ့ ဦးနှောက်ရှိရင်တော့ အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် ရှိမနေအောင် ရှောင်ရှားနိုင်လိမ့်မယ်"

​"ဒါပေမဲ့ ဖန့်လူကြီး... ကျွန်မတို့ သစ္စာပန်းရွာက တကယ်ပဲ စစ်ဘေး ကြုံရတော့မယ်ဆိုရင် အခု သူတို့ကို ပြောပြပြီး ဒီကနေ ပြောင်းသွားကြရင် မကောင်းဘူးလား"

ရှောင်ယွီ၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေသည်။

​"ရွှီထျန်းဟွန့်က ရွှီထျန်းမုကို ဒီသတင်း မပြောခိုင်းတာက သူတို့က သတင်းကို ခေတ္တဖုံးကွယ်ထားချင်လို့ပဲ၊ သတင်းပေါက်ကြားသွားမှာကို သူတို့ အခွင့်မပြုဘူး။ တကယ်လို့ သစ္စာပန်းရွာက တခြားလူတွေသာ သိသွားပြီး သတင်းတွေ ပျံ့နှံ့သွားမယ်ဆိုရင် ရွှီထျန်းဟွန့်က ဘာလုပ်မလဲလို့ မင်းထင်သလဲ"

ဖန့်ချန်က ပြန်မေးလိုက်သည်။

​"သတ်ဖြတ်ပြီး နှုတ်ပိတ် လိမ့်မှာလား "

​ရှောင်ယွီ ထိတ်လန့်သွားရသည်။ နုနယ်ချောမောသော သူမ၏ ခဲအိုကြီးက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်သလောက် ဖြစ်နေရသည်။

​ဖန့်ချန်က သစ္စာပန်းရွာ၏ မြောက်ဘက်သို့ လှမ်းကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

"အဲဒီဘက်မှာ အင်အားသောင်းချီတဲ့ စစ်တပ်ကြီး စုရုံးနေပြီ။ ဘယ်အချိန်မှာ ချီတက်လာမလဲဆိုတာကတော့ သူတို့လည်း အခွင့်အရေးကို စောင့်နေကြတာပဲ ဖြစ်မယ်"

​ဖန့်ချန်က ဆက်လက်၍ အေးဆေးစွာပင်

"နောက်ပိုင်းရက်တွေမှာ မင်း ငါ့အနားမှာပဲ နေပြီး သိုင်းကျင့်၊ စိတ်ကို တည်ငြိမ်အောင် ထားပါ။ ကျန်တဲ့ကိစ္စတွေကိုတော့ စိတ်မပူနဲ့တော့"

​"စိတ်မပူနဲ့တော့..."

ရှောင်ယွီက သဘောပေါက်သွားကာ ဝမ်းသာအားရဖြင့်

"ဖန့်လူကြီး... ဦးလေးက သစ္စာပန်းရွာကို စစ်ဘေးဒဏ် မသင့်အောင် လုပ်ပေးနိုင်တာလား"

​ဖန့်ချန်က ဘာမှမပြောဘဲ အသာအယာသာ ခေါင်းညိတ်ပြလိုက်သည်။

​ရှောင်ယွီသည် ဘာကိုမှ နားမလည်သော်လည်း ဤဖန့်လူကြီး ခေါင်းညိတ်လိုက်သည်ကို မြင်ရုံနှင့် သူမ၏ ရင်ထဲတွင် လုံခြုံမှုများဖြင့် ပြည့်နှက်သွားကာ အကြွင်းမဲ့ ယုံကြည်သွားတော့သည်။ ဖန့်ချန်နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ စိတ်ခံစားချက်မှာ ထူးခြားသော အင်အားတစ်ခု၏ လွှမ်းမိုးခြင်းကို ခံနေရသည်ကို သူမ ကိုယ်တိုင်ပင် သတိမထားမိပေ။

​သန်းခေါင်ယံအချိန်တွင် လီမေယန့်တို့မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ ဖြစ်သည်။

​ရွှီထျန်းဟွန့်သည် လီမေယန့်၏ အိမ်တွင် မနေဘဲ သစ္စာပန်းရွာ၏ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေခြင်း ဖြစ်၏။

​ခြံဝင်းအတွင်းသို့ လရောင်များ ဖြာကျနေသည်။ ရွှီထျန်းမုသည် သတိရကတည်းက ခြံဝင်းအတွင်း၌ ဒူးထောက်နေခဲ့ခြင်း ဖြစ်ကာ ခေါင်းကိုငုံ့၍ ဘာအသံမှ ထွက်မလာပေ။

​ခြေသံသဲ့သဲ့ ထွက်ပေါ်လာသောအခါ ရွှီထျန်းမု၏ မျက်ဝန်းတွင် မိမိကိုယ်ကိုယ် လှောင်ပြောင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"အစ်ကို... ကျွန်တော် ဘယ်အချိန်အထိ ဒူးထောက်နေရဦးမှာလဲ၊ မနက်မိုးလင်းတဲ့အထိလား"

​ရွှီထျန်းဟွန့်က ရွှီထျန်းမု၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ့ကို ငုံ့ကြည့်ကာ

"ထျန်းမု... မင်းက သူတို့ကို အကြိမ်ကြိမ် သတိပေးဖို့ ကြိုးစားနေတာပဲ။ ဒီသတင်းသာ ကြိုတင်ပေါက်ကြားသွားရင် ဝမ်ယဲ ရဲ့ အကြံအစည်တွေကို ပျက်စီးစေလိမ့်မယ်ဆိုတာ မင်း မသိဘူးလား"

​"ဝမ်ယဲ... အဲဒါက ဧကရာဇ်က ပေးထားတဲ့ ဘွဲ့လား"

ရွှီထျန်းမုက တိုးတိုးလေး ခနဲ့လိုက်သည်။

​ရွှီထျန်းဟွန့်၏ မျက်ဝန်းတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ မြောက်ဘက်သို့ လက်အုပ်ချီလျက် ပြောလိုက်သည်။

"တုန်းရှန်းနိုင်ငံရဲ့ အုပ်ချုပ်ရေးက အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နေပြီ၊ အဲဒါကြောင့်လည်း ဒီနေ့လို စစ်သူကြီးတွေ အာဏာလုတဲ့ အခြေအနေ ဖြစ်လာတာပဲ။

ဟော်ကျန်းဝမ် က ငယ်စဉ်ကတည်းက ထူးကဲတဲ့ ပါရမီရှိသလို သူ့ရဲ့ ပြည်သူတွေအပေါ်မှာလည်း အရမ်းကောင်းတယ်၊ စိတ်ထားလည်း နူးညံ့တယ်။ သူသာ နန်းတက်မှ တုန်းရှန်းနိုင်ငံက ကယ်တင်နိုင်မှာ။

မင်းပြောတဲ့ ဧကရာဇ်ဆိုတာ အသုံးမကျတဲ့ မင်းဆိုးမင်းညစ် တစ်ယောက်ပဲ၊ မဟုတ်ရင် ဘာလို့ နေရာအနှံ့မှာ စစ်ဘေးတွေ ဖြစ်နေပါ့မလဲ။ အခု အခြေအနေမှာ ဟော်ကျန်းဝမ် တစ်ယောက်ပဲ ဒီရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ လောကကြီးကို အဆုံးသတ်ပေးနိုင်မှာ"

​"ကျွန်တော် ကြားတာကတော့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟော်ကျန်းဝမ်ရဲ့ လက်အောက်က ထိပ်တန်း မဟာသိုင်းပညာရှင် ချီပေရှန့် တောင်မှ ဧကရာဇ်ရဲ့ လက်ချက်နဲ့ ရန်ကျူရှန်း မှာ အသတ်ခံလိုက်ရပြီတဲ့။ အဲဒါတင်မကသေးဘူး၊ တခြားသော စစ်သူကြီးတွေရဲ့ လက်အောက်က မဟာသိုင်းပညာရှင် သုံးယောက်လည်း သေကုန်ပြီတဲ့"

​ရွှီထျန်းမုက တိုးညှင်းစွာ ပြောလိုက်သည်

"အစ်ကို... ဟော်ကျန်းဝမ်က တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးကို လက်ဖဝါးထဲ ထည့်နိုင်ပြီး ရန်ကျူရှန်းရဲ့ အသိအမှတ်ပြုမှုကို ရယူပြီး တုန်းရှန်းဧကရာဇ် ဖြစ်လာနိုင်မယ်လို့ မင်း တကယ် ယုံကြည်နေတာလား"

​"သက်သေမရှိတဲ့ ကောလာဟလတွေကိုကျတော့ မင်းက ယုံချင်တယ်၊ ရှေ့မှာ ရှိနေတဲ့ အမှန်တရားကိုကျတော့ မယုံဘူး"

ရွှီထျန်းဟွန့်က အေးစက်စွာ ပြောလိုက်သည်

"မင်းသာ ငါ့ရဲ့ ညီအရင်း မဟုတ်ရင် မင်းကို ထာဝရ ပါးစပ်ပိတ်သွားအောင် ငါ လုပ်မိမှာပဲ"

​"အစ်ကို... အစ်ကို စဉ်းစားကြည့်ဖူးလား၊ ဟော်ကျန်းဝမ်သာ စစ်တိုက်ပြီး ဝင်လာရင် အဲဒီအချိန်ကျရင်..."

ရွှီထျန်းမုက လှောင်ရယ်လိုက်သည်

"ကျွန်တော် မြင်သမျှ နေရာတွေမှာ ဘယ်နေရာကများ အကောင်းပကတိ ကျန်ပါဦးမလဲ"

​"စိတ်ချပါ... အနည်းဆုံးတော့ မြို့နယ်အုပ်ချုပ်ရေးရုံးဘက်ကတော့ မဆူပူစေရဘူးလို့ ငါ ယုံကြည်မှုရှိတယ်။ စောင့်ကြည့်နေလိုက်၊ ကဗျာရွတ်ပွဲ နေ့ဟာ ဟော်ကျန်းဝမ် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်မယ့် နေ့ပဲ"

​ရွှီထျန်းဟွန့်က အေးဆေးစွာပင် -ာ

"သိပ်မကြာတော့ပါဘူး၊ မင်းအနေနဲ့ စိတ်ရှည်ဖို့ ငါ မျှော်လင့်တယ်။ ဒီအတောအတွင်းမှာတော့ ငါ့ကို ပြဿနာ လာမရှာနဲ့တော့"

​"ဒါဆို သစ္စာပန်းရွာကရော"

ရွှီထျန်းမုက ထရပ်လိုက်သည်

"သစ္စာပန်းရွာက ရွာသားတွေကို အစ်ကို ကာကွယ်ပေးနိုင်မှာလား။ ကျွန်တော် ကြားတာကတော့ ဟော်ကျန်းဝမ်ရဲ့ စစ်သည်တွေက တစ်ယောက်ထက်တစ်ယောက် ရက်စက်ကြတယ်တဲ့၊ သူတို့ ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ ယောက်ျားတွေကို အတင်းအဓမ္မ စစ်ထဲဆွဲသွင်းတယ်၊ ဒါမှမဟုတ် အလုပ်သမားအဖြစ် ခိုင်းစေတယ်။ မိန်းမတွေနဲ့ ကလေးတွေကတော့ အသက်ရှင်မရှင် ဆိုတာ ကံတရားအပေါ်မှာပဲ မူတည်တယ် မဟုတ်လား"

​"အလုပ်ကြီး အောင်မြင်ဖို့အတွက် အသေးအဖွဲတွေကို ဂရုစိုက်လို့ မရဘူး။ လောကကြီး ငြိမ်းချမ်းသွားရင် ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေ ရှိတော့မှာ မဟုတ်ဘူး"

ရွှီထျန်းဟွန့်က ပြောပြီးသည်နှင့် အခန်းထဲသို့ ဝင်သွားကာ ရွှီထျန်းမုကို ဆက်၍ အရေးမစိုက်တော့ပေ။

​တိတ်ဆိတ်နေသော ခြံဝင်းအတွင်း၌ ရွှီထျန်းမု တစ်ယောက်တည်း လရောင်အောက်တွင် ရပ်နေမိသည်။ ဤအချိန်တွင် သူ၏မျက်နှာတွင် ယခင်ကကဲ့သို့ ပေါ့ပျက်ပျက် အမူအရာများ မရှိတော့ဘဲ စိတ်ပျက်အားလျော့နေသော အရိပ်အယောင်များသာ ရှိတော့သည်။

​"ကဗျာရွတ်ပွဲနေ့မှာ ဘယ်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဒီကို လာမှာလဲ"

​ဖန့်ချန်သည် အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာပြီး ရွှီထျန်းမု၏ ရှေ့သို့ ရောက်လာသည်။

​ရွှီထျန်းမုမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် မျက်နှာပျက်သွားတော့သည်။

"မင်း... မင်း အသက်မရှင်ချင်တော့ဘူးလား"

​သူ့ရင်ထဲတွင် ထိတ်လန့်သွားရသည်။ စောစောက သူတို့ပြောခဲ့သော စကားအားလုံးကို ဤသူက ကြားသွားခဲ့ပြီလား။ ခဏချင်းမှာပင် ရွှီထျန်းမုသည် ရွှီထျန်းဟွန့်၏ အခန်းဘက်သို့ လှည့်၍ အော်ဟစ်လိုက်တော့သည်။

"အစ်ကို"

​သူသည် ရွှီထျန်းဟွန့်၏ လုပ်ရပ်များကို သဘောမတူသော်လည်း ရွှီမျိုးနွယ်စု တစ်စုလုံး အသတ်ခံရမည့် အဖြစ်မျိုးကိုမူ ပို၍ပင် မလိုလားပေ။

​အော်ပြီးနောက်တွင်မှ ရွှီထျန်းမုသည် အခန်းအတွင်း၌ မည်သည့် လှုပ်ရှားမှုမှ မရှိသည်ကို သတိပြုမိလိုက်သည်။

ရွှီထျန်းဟွန့်သည် မီးမငြိမ်းသေးဘဲ အခန်းထဲတွင် လမ်းလျှောက်နေသည်မှာ ထင်ရှားပါလျက်... ဘာကြောင့် သူ၏ အော်သံကို မကြားရသနည်း။

အခန်း (၁၅၉၄) - ကံကြမ္မာအလှည့်အပြောင်းကို စောင့်ဆိုင်းခြင်း

​"အော်မနေနဲ့တော့၊ အခုချိန်မှာ သူက ဘာမှလည်း မကြားနိုင်သလို ဘာကိုမှလည်း မမြင်နိုင်တော့ဘူး"

ဖန့်ချန်က သာသာယာယာ ပြုံးလျက် ဆိုသည်။

​"မင်းမှာ ဒီလို အရည်အချင်းမျိုး ရှိလို့လား"

ရွှီထျန်းမုက မယုံကြည်သဖြင့် အကြိမ်အနည်းငယ် ထပ်မံအော်ဟစ်ကြည့်သော်လည်း ရွှီထျန်းဟွန့်မှာ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့လိုက်ရသည်။

​ထို့ကြောင့် သူသည် အခန်းထဲသို့ တိုက်ရိုက်ဝင်ရန် ကြံရွယ်လိုက်သော်လည်း သူ၏ခြေထောက်နှစ်ဖက်မှာ မြေကြီးထဲတွင် အမြစ်တွယ်နေသကဲ့သို့ တစ်လှမ်းမျှ ရွှေ့၍မရကြောင်း သတိပြုမိသွားသည်။

​"ဒါက ဘာမှော်အတတ်လဲ"

ရွှီထျန်းမု အနည်းငယ် ထိတ်လန့်သွားရသည်။

​"ရွှီထျန်းဟွန့်က ဟော်ကျန်းဝမ် ဘက်ကို ကူးပြောင်းသွားတဲ့အပေါ် မင်းက သဘောမတူဘူးပေါ့လေ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​ရွှီထျန်းမုက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပြီးမှ ခဏအကြာတွင်

"ဘယ်က ဟော်ကျန်းဝမ်လဲ။ ကျွန်တော့်အစ်ကိုက ဘယ်သူ့ဘက်မှ မကူးပြောင်းပါဘူး။ မင်း လျှောက်မပြောနဲ့"

​"စောစောက အကုန်ကြားပြီးသားပါ၊ စိတ်ချပါ... ငါက ဧကရာဇ်ဆီသွားပြီး မင်းတို့ကို တိုင်တန်းမှာ မဟုတ်ဘူး။ ဒီကိစ္စက ငါနဲ့လည်း ဘာမှမဆိုင်ဘူး"

ဖန့်ချန်က ရယ်မောရင်း

"ငါက မင်းရဲ့ အတွေးအမြင်ကို သိချင်ရုံတင်ပါ။ မင်းက ဟော်ကျန်းဝမ် မနိုင်ဘူးလို့ ထင်နေတာလား။ တကယ်လို့ ဟော်ကျန်းဝမ်သာ ရှုံးနိမ့်သွားရင် မင်းတို့ ရွှီမျိုးနွယ်စုလည်း အနှေးနဲ့အမြန် အရှင်းလင်းခံရမှာပဲ။ အဲဒီအချိန်ကျရင်မှ... တကယ်ပဲ မျိုးဆက်ပြတ်အောင် အသတ်ခံရမှာ "

​ရွှီထျန်းမု တိတ်ဆိတ်သွားသည်။

သူသည် ထိုအချက်ကို စောစောစီးစီးကပင် ထည့်သွင်းစဉ်းစားခဲ့ပုံရပြီး ဤကဲ့သို့သော မြင်ကွင်းမျိုးကိုလည်း တွေးတောဖူးဟန်ရှိသည်။ ယခု ဖန့်ချန်က ထပ်မံထုတ်ဖော်ပြောဆိုလိုက်သောအခါ သူ၏မျက်နှာထားမှာ တဖြည်းဖြည်းနှင့် ကြည့်ရဆိုးလာတော့သည်။

​ဆယ်စက္ကန့်ကျော်ခန့် တိတ်ဆိတ်နေပြီးနောက်မှ သူက ပြန်လည်စကားပြောလာသည်။ ဖန့်ချန်ကို ကြည့်သော သူ၏မျက်ဝန်းများမှာ အစောပိုင်းက ထိတ်လန့်ဒေါသထွက်မှုများမှသည် သံသယနှင့် စူးစမ်းလိုစိတ်များအဖြစ် ပြောင်းလဲသွားသည်။

​"လူကြီးမင်းက တကယ်တော့ ဘယ်သူလဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အစ်ကို့ကို မမီဘူးဆိုပေမဲ့ လူသားအဆင့် စတုတ္ထအဆင့် ရှိပါတယ်။ ကျွန်တော့်ကို တစ်လှမ်းမျှ မရွှေ့နိုင်အောင် ဒီလောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိန်းချုပ်နိုင်တယ်ဆိုတာ...။ ကျွန်တော့်အစ်ကိုဆိုရင် မြေကမ္ဘာအဆင့် စတုတ္ထအဆင့် တောင်ရှိတာ၊ မဟာသိုင်းပညာရှင် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ သူတောင်မှ လူကြီးမင်း ရောက်နေတာကို သတိမထားမိဘူးလား"

​"လူကြီးမင်းက... ဘယ်စစ်သူကြီး လက်အောက်က ထိပ်တန်း မဟာသိုင်းပညာရှင် များလား"

ပြောပြီးသည်နှင့် ရွှီထျန်းမုသည် ဖန့်ချန်၏ မျက်နှာပေါ်မှ အရိပ်အယောင်အချို့ကို မြင်တွေ့ရလိုသဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

​"မင်း... ရွှီမျိုးနွယ်စုအတွက် မျိုးဆက် ကျန်ရစ်အောင် လုပ်ချင်တဲ့ စိတ်ဆန္ဒရှိလား။ ဒါမှမဟုတ် မင်းရဲ့အစ်ကိုကို ကယ်ချင်သလား"

ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်။

​"လူကြီးမင်းက ဘာကို ဆိုလိုတာလဲ"

ရွှီထျန်းမု၏ မျက်လုံးများ လှုပ်ရှားသွားသည်။

​"ငါက မင်းကို ကျင့်စဉ်တစ်ခု သင်ပေးနိုင်သလို၊ မင်းကို မဟာသိုင်းပညာရှင် အဆင့်အထိ ရောက်အောင်လည်း ကူညီပေးနိုင်တယ်။ တကယ်လို့ ဟော်ကျန်းဝမ်ကသာ အောင်မြင်သွားမယ်ဆိုရင် မင်းက မင်းအစ်ကိုနဲ့အတူ နန်းသိမ်းပွဲမှာ ပါဝင်လိုက်ပေါ့။ ဒါပေမဲ့ ဟော်ကျန်းဝမ်သာ လုံးဝဥဿုံ ရှုံးနိမ့်သွားရင်တော့ မင်းက နောက်ကွယ်ကနေ ထွက်လာပြီး ရွှီမျိုးနွယ်စုရဲ့ ဘေးဒုက္ခကို ကယ်တင်ပေးရမယ်"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​ရွှီထျန်းမုမှာ နားထောင်ရင်း ရင်တထိတ်ထိတ် ဖြစ်လာရသည်။ သူ့ကို မဟာသိုင်းပညာရှင် အဆင့်ရောက်အောင် ကူညီပေးမယ် ဟုတ်လား။

ဤကဲ့သို့သော စကားမျိုးကို ပြောနိုင်သူမှာ ယခုခေတ်၏ အထူးချွန်ဆုံး ထိပ်တန်း မဟာသိုင်းပညာရှင်များသာ ဖြစ်ပေလိမ့်မည်။ သာမန် မဟာသိုင်းပညာရှင်များပင် ဤကဲ့သို့ မပြောဝံ့ချေ။

​"ဘာဖြစ်လို့လဲ။ ကျွန်တော်နဲ့ လူကြီးမင်းကလည်း မသိကျွမ်းဘူး။ ကျွန်တော့်အစေခံကတောင် လူကြီးမင်းကို စော်ကားခဲ့သေးတာ၊ ဘာလို့ ကျွန်တော့်ကို ကူညီရတာလဲ"

ရွှီထျန်းမု၏ မျက်ဝန်းများမှာ သံသယများနှင့် ပြည့်နှက်နေသည်။

​"ဘာလို့လဲဆိုတော့... မင်းတို့က ရှောင်ယွီရဲ့ ဒီဘဝက ဆွေမျိုးတွေ ဖြစ်နေလို့ပေါ့။ ရွှီမျိုးနွယ်စုသာ အသတ်ခံရမယ်ဆိုရင် ရှောင်ယွီရဲ့ အစ်မဖြစ်သူကော ဘယ်လိုလုပ် ဘေးကင်းနိုင်ပါ့မလဲ"

ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။

​"ရှောင်ယွီ ဒီဘဝ "

ရွှီထျန်းမုမှာ နားမလည်နိုင်တော့ချေ။ ရှေ့မှလူ ပြောနေသည်မှာ နက်နဲလွန်းလှသဖြင့် လောကဓာတ်ဆရာတစ်ဦးနှင့်ပင် တူနေတော့သည်။ သို့သော် တစ်ဖက်လူ၏ စွမ်းအားမှာ အလွန်မြင့်မားနေသဖြင့် သူ့ကို တမင်သက်သက် နောက်ပြောင်နေသည်ဟုလည်း မထင်ရပေ။

​"ကျွန်တော့်ရဲ့ ပါရမီက အစ်ကို့ကို အဝေးကြီး မမီပါဘူး။ သူက ငယ်ငယ်ကတည်းက ဆရာကောင်းတွေဆီမှာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့လို့ အခုလို အောင်မြင်နေတာ။ လူကြီးမင်းက ကျွန်တော့်ကို ဘယ်လိုနည်းနဲ့ မဟာသိုင်းပညာရှင် အဆင့်ရောက်အောင် လုပ်ပေးမှာလဲ"

ရွှီထျန်းမုက လေးနက်စွာ မေးလိုက်သည်။

​ဖန့်ချန်က ဘာမှပြန်မပြောဘဲ ပြုံးလျက် ရှေ့သို့တိုးကာ ရွှီထျန်းမု၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်သည်။

ခန္ဓာကိုယ်အတွင်းမှ မသေမျိုးစွမ်းအင် များ လှုပ်ရှားသွားကာ ခဏချင်းအတွင်းမှာပင် ရွှီထျန်းမု၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြောင်းလဲပေးလိုက်တော့သည်။

​ရွှီထျန်းမုသည် မိမိ၏ ခန္ဓာကိုယ်မှာ စုတ်ပြဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုနာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။ သူ လုံးဝ မခံစားနိုင်တော့သည့် အချိန်တွင် အေးမြသော အရှိန်အဝါတစ်ခုက ထိုနာကျင်မှုများကို သက်သာစေခဲ့သည်။

ထို့နောက် သူ၏ ကျင့်ကြံမှု အဆင့်အတန်းမှာ တရိပ်ရိပ် တက်လှမ်းသွားသည်ကို ခံစားလိုက်ရသည်။ လူသားအဆင့်ကို ကျော်ဖြတ်ကာ၊ မြေကမ္ဘာအဆင့်ကို ကျော်ဖြတ်သွားပုံရသည်။ သူသည် ထိုထူးဆန်းသော ခံစားချက်ထဲတွင် နစ်မြုပ်နေမိပြီး အချိန်မည်မျှ ကြာသွားသည်မသိ... သူ မျက်လုံးဖွင့်လိုက်ချိန်တွင် မိုးလင်းနေပြီ ဖြစ်ကာ ဖန့်လူကြီးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​"အိပ်မက်လား..."

ရွှီထျန်းမုသည် မနေ့ညက အဖြစ်အပျက်ကို သံသယဝင်နေမိသော်လည်း ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

​"ဒီလို စွမ်းအားမျိုးက..."

သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

ခန္ဓာကိုယ်အတွင်းမှ ဟုန်ဟုန်ပွက်ပွက် လှုပ်ရှားနေသော အရှိန်အဝါများက မနေ့ညက အရာအားလုံးမှာ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေသည်။

သူ အလိုရှိပါက စိတ်ကူးလိုက်ရုံဖြင့် ထိုသစ္စာပန်းရွာ တစ်ရွာလုံးကို ပြာဖြစ်အောင် လုပ်နိုင်စွမ်း ရှိနေသကဲ့သို့ ခံစားရသည်။ ဤကဲ့သို့သော စွမ်းရည်မျိုး ရှိသူမှာ မဟာသိုင်းပညာရှင် သာ ရှိပေသည်။

​"အဲဒီ ဖန့်လူကြီးရဲ့ စွမ်းရည်က... သူက တကယ်တော့ ဘယ်သူလဲ"

ရွှီထျန်းမု၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထန်နေတော့သည်။ ထိုအရာမှာ ကြောက်စရာ ကောင်းလွန်းလှသည်။ တစ်ညတည်းနှင့် ကောင်းကင်အဆင့် သို့ ရောက်ရှိသွားခြင်း သူ အသက်ရှင်လာသမျှ ကာလပတ်လုံး ဤကဲ့သို့သော ထူးဆန်းအံ့သြဖွယ် ကိစ္စမျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။

​"ဒါ... ဒါ မြို့တော်က အဲဒီ ကုန်းကုန်း ကြီး လား။ သူ အခုထိ အသက်ရှင်နေသေးတာလား"

ရွှီထျန်းမု စိတ်ထဲမှ တွေးတောနေမိသည်။

​ကျွီ

​အခန်းတံခါး ပွင့်လာပြီး ရွှီထျန်းဟွန့်နှင့် လီမေယန့်၏ သမီးကြီးတို့ ထွက်လာကြသည်။ ရွှီထျန်းမု တစ်ယောက်တည်း ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ရွှီထျန်းဟွန့်က ပြုံးလျက်

"ဒီမှာ တစ်ညလုံး ရပ်နေတာလား။ ကဲ... မြို့ပေါ်ကို ပြန်ကြရအောင်။ ငါ မင်းအစ်မနဲ့ တိုင်ပင်ပြီးပြီ၊ ရှောင်ယွီက မင်းနဲ့ လက်မထပ်ချင်ဘူးဆိုရင်လည်း ငါတို့ အတင်းအကျပ် မလုပ်တော့ဘူး။ အားတဲ့အခါကျရင်တော့ အဲဒီ ဖန့်လူကြီးနဲ့ စကားစမြည် ပြောကြည့်ချင်သေးတယ်"

​"ဪ... ကောင်းပါပြီ၊ ဒါဆို မြို့ကို ပြန်ကြတာပေါ့"

ရွှီထျန်းမု သတိဝင်လာကာ ခေါင်းညိတ်လိုက်သည်။

​သူသည် ရွှီထျန်းဟွန့်၏ နောက်မှ လိုက်သွားရင်း ယခင်က သူ လုံးဝ ခန့်မှန်း၍ မရခဲ့သော ဤအစ်ကိုကြီးကို ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ အရာအားလုံးကို သူ အထင်သား မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

​"ငါ တကယ်ပဲ မဟာသိုင်းပညာရှင် ဖြစ်သွားတာလား။ ရွှီမျိုးနွယ်စုရဲ့ သမိုင်းမှာ... ပထမဆုံး မဟာသိုင်းပညာရှင်လား"

ရွှီထျန်းမု၏ မျက်ဝန်းတွင် ခါးသီးသော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ ထိုသစ္စာပန်းရွာ ခရီးစဉ်တွင် ဤကဲ့သို့သော ကံထူးမှုမျိုး ကြုံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့သဖြင့် ထိုဖန့်လူကြီး၏ တကယ့်မည်သူမည်ဝါ ဖြစ်ကြောင်းကို ပို၍ပင် သိချင်မိလာတော့သည်။

​"ခဏကြာရင် ငါ ထပ်လာဦးမယ်၊ သေသေချာချာ မေးကြည့်ရမယ်၊ သူ ငါ့ကို ပြောပြမှာပါ..."

"ဒါနဲ့... သူ မနေ့ညက ကဗျာရွတ်ပွဲအကြောင်း မေးသေးတယ်၊ ငါ ဘာမှမပြောရသေးဘူး..."

​"ဖန့်လူကြီး... တကယ်ပဲ ဒီလို ဒူးတုန် ထိုင်ရမှာလား၊ ခြေထောက်တွေ ညောင်းလှပြီ"

​"ဖန့်လူကြီး... ကျွန်မ ဒီလက်သီးကွက် ထိုးတာ မှန်ရဲ့လား ကြည့်ပေးဦး"

​"ဖန့်လူကြီး... ဦးလေး ပြောပြတဲ့ ဒီပုံပြင်ထဲမှာ ကျွန်မ နားမလည်တာ တစ်ခုရှိတယ်။ ဘာလို့ ဒီလူက ကြက်ကလေးတစ်ကောင်ကိုတောင် ဖမ်းနိုင်တဲ့ ခွန်အားမရှိဘဲနဲ့ စစ်တပ်နှစ်ခုကို သူ့အတွက် တိုက်ခိုက်အောင် လုပ်နိုင်တာလဲ။ ပြီးတော့ အဲဒီစစ်တပ်တွေကလည်း သူ့ရဲ့ တည်ရှိမှုကို တစ်ယောက်မှ မသိကြဘူးနော်"

​"လူဆိုတာ အလုပ်ရဲ့ အခြေခံပဲ၊ အလုပ်ဆိုတာကတော့ လူရဲ့ အကြံအစည်ပဲ။ လုပ်ငန်းတစ်ခုကို ရွေးချယ်ပြီး အသက်မွေးဝမ်းကျောင်း ပြုပါ၊ ပြီးရင်တော့ ကံကြမ္မာ အလှည့်အပြောင်း ကို စောင့်ပြီး ကောင်းကင်နဲ့ မြေကြီးကို ပြောင်းလဲပစ်လိုက်ပါ။ အဲဒီလူမှာ လုံလောက်တဲ့ စိတ်ရှည်မှုနဲ့ ယုံကြည်မှု ရှိလို့ပဲ။ သူက ဘယ်တော့မှ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် မလိမ်ညာဘူး"

​"ဖန့်လူကြီး..."

​အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။

ဖန့်ချန်၏ သွန်သင်မှုအောက်တွင် ရှောင်ယွီ၏ သိုင်းပညာမှာ အခြေခံ အုတ်မြစ်ခိုင်မာလာပြီး အောင်မြင်မှုအချို့ ရရှိလာခဲ့သည်။

သူမ၏ ဦးနှောက်မှာလည်း ရေမြှုပ်တစ်ခုကဲ့သို့ ထူးဆန်းသော အသိပညာ ဗဟုသုတမျိုးစုံကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ သူမသည် ကမ္ဘာသစ်တစ်ခု၏ သမုဒ္ဒရာထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသကဲ့သို့ ဖြစ်နေ၏။

​"ဖန့်လူကြီး... နောင်ကျရင် ကျွန်မတို့ အတူတူ သိုင်းလောကထဲကို လှည့်လည်သွားလာကြရင် နာမည်ကြီးတဲ့ ဘွဲ့နာမည်တစ်ခု ရှိဖို့ မလိုဘူးလား။ မြို့ပေါ်က လာတဲ့ လူကုံထံတွေ ပြောတာ ကြားဖူးတယ်၊ သိုင်းလောကက ထိပ်တန်း ပညာရှင်တွေ၊ မဟာသိုင်းပညာရှင်တွေမှာ ဘွဲ့အမည် တွေ ရှိကြတယ်တဲ့ "

​"မင်းက ဘယ်လို ဘွဲ့နာမည်မျိုး ရချင်လို့လဲ"

​"မသိဘူးလေ၊ ကျွန်မက စာတောင် အများကြီး မသင်ဖူးဘူး၊ စာလုံးတွေတောင် အကုန် မသိသေးတာ"

​"နောက်ထပ် တစ်နှစ်လောက်ဆိုရင်တော့ မင်း စာလုံးတွေ အကုန် သိသွားမှာပါ"

​"ဖန့်လူကြီး... ကျွန်မအတွက် ဘွဲ့နာမည်တစ်ခု ပေးပါဦး၊ ဟိတ်ဟန်ကြီးတဲ့ နာမည်မျိုးနော် "

​"ဒါဆိုရင်... ယွီရှန်းဇီ ( ယွီနတ်သမီး) လို့ ခေါ်ရင် ဘယ်လိုလဲ"

​"ယွီရှန်းဇီ နတ်သမီးတဲ့... ငါက နတ်သမီးလေးပေါ့၊ ဟားဟားဟား "

​ဘေးနားတွင် ပျော်ရွှင်စွာ ရယ်မောနေသော ရှောင်ယွီကို ကြည့်ရင်း၊ နောင်တစ်ချိန်တွင် ဓားတစ်လက်နှင့် လောကအနှံ့ လှည့်လည်ကာ လူတိုင်းက သူမကို ယွီရှန်းဇီ ဟု ခေါ်ဆိုနေမည့် မြင်ကွင်းကို သူမ စိတ်ကူးယဉ်နေပုံရသည်။

​ဖန့်ချန်၏ အတွေးများမှာ လွန်ခဲ့သော နှစ်ပေါင်းရာချီဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ရှောင်ယွီကို ဘွဲ့နာမည် ပေးခဲ့သော ထိုနေ့ကလည်း သူမသည် ယခုကဲ့သို့ပင် ပျော်ရွှင်နေခဲ့ဖူးသည်။

​"တစ်ဘဝတည်း ဖြစ်ဖြစ်၊ ဘဝပေါင်း ရာချီပဲ ဖြစ်ဖြစ်... ငါ မင်းကို စောင့်နေမယ်။ မင်း ပြန်လာမယ့်အချိန်ကို စောင့်နေမယ်"

ဖန့်ချန်က တိုးညှင်းစွာ ရေရွတ်လိုက်လေတော့သည်။

All Chapters