← Chapters

အခန်း (၁၅၉၅-၁၅၉၆)

Vol. 160 Ch. 1595-1596

အခန်း (၁၅၉၅-၁၅၉၆)

Vol. 160 Ch. 1595-1596

အခန်း (၁၅၉၅) - မင်းရဲ့ အရိုးတည်ဆောက်ပုံက ထူးခြားတာကို ငါမြင်မိတယ်

​နောက်တစ်နှစ်၏ နွေးထွေးသော နွေဦးရာသီ၊ ပန်းများပွင့်လန်းချိန်သို့ ရောက်ရှိလာပြန်ရာ တစ်တောင်လုံး တစ်ပြင်လုံးရှိ သစ္စာပန်းပင်များမှာ တစ်ဖန်ပြန်၍ ဝေေဝဆာဆာ ပွင့်လန်းနေကြပြန်သည်။ အဝေးမှ လှမ်းကြည့်လျှင် သစ္စာပန်းရွာလေးမှာ ပန်းရောင်သမုဒ္ဒရာကြီးတစ်ခုအလား ထင်မှတ်ရပေသည်။

​ယခုနှစ်၏ သစ္စာပန်းရာသီမှာ ယခင်နှစ်များနှင့်မတူဘဲ ထူးခြားနေသည်။ မြို့နယ်အုပ်ချုပ်ရေးရုံးမှ အကြီးအကဲများနှင့် လူကုံထံကြီးများ ရောက်ရှိလာကြရုံသာမက ဤနေရာ၌ ကဗျာရွတ်ပွဲကြီး တစ်ခုကိုလည်း ကျင်းပရန် စီစဉ်ထားသောကြောင့် ဖြစ်၏။

​အရက်ဆိုင်အတွင်း၌ လီတကျွေ့ သည် ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ ဆိုင်အတွင်း၌ စည်ကားလှသော အရောင်းအဝယ်များကို ကြည့်ရင်း၊ စာပေပညာရှင် သုံးငါးဦးမှာ အရက်သောက်ရင်း ကဗျာစပ်နေကြသည်ကို မြင်သောအခါ လီတကျွေ့မှာ စိတ်ထဲမှ မချိတင်ကဲ ရေရွတ်မိတော့သည်။

​"ဖန့်လူကြီး... နောင်ကျရင်လည်း အခုနှစ်လို စည်ကားတဲ့ မြင်ကွင်းမျိုး ရှိပါဦးမလားဗျာ။ ကျွန်တော် ကြားတာတော့ ဒီတစ်ခေါက်မှာ တစ်နိုင်ငံလုံးက စာပေပညာရှင်တွေ အကုန်ရောက်လာကြတာတဲ့၊ မြို့တော်က နာမည်ကြီး စာဆိုတော်တွေ၊ မိန်းမချောတွေတောင် ဒီကိုလာပြီး ပန်းကြည့်ရင်း ကဗျာစပ်ကြတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ရဲ့ ဒီသစ္စာပန်းရွာလေးက အခုတော့ အပြင်လောကမှာ တကယ်ပဲ နာမည်ကြီးသွားပြီပေါ့"

​"ဒီနေရာက အရမ်းလှတာပဲလေ၊ တကယ်လို့ ဒီတစ်ခေါက် ကဗျာရွတ်ပွဲသာ အောင်မြင်သွားမယ်ဆိုရင် နောင်ကျရင်လည်း... နှစ်စဉ်နှစ်တိုင်း ကဗျာရွတ်ပွဲတွေ ရှိနေမှာပေါ့"

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

​"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ၊ အသက်ကြီးမှ ဒီအဘိုးကြီး လီ တစ်ယောက် စည်းစိမ်တွေ တိုးတော့မှာပဲ။ အဲ... ဧည့်သည်တွေ လာပြန်ပြီ၊ ကျွန်တော် အရင်သွားလုပ်လိုက်ဦးမယ်၊ ဖန့်လူကြီး အေးဆေးသောက်ပါဦး"

​ဆိုင်ရှင် လီ သည် ဆိုင်တံခါးဝသို့ ဧည့်သည်တစ်စု ဝင်လာသည်ကို မြင်သောအခါ အပြေးအလွှား သွားရောက်ဧည့်ခံတော့သည်။ ထိုဧည့်သည်များမှာ ဝတ်စားဆင်ယင်မှု အလွန်ခမ်းနားလှသဖြင့် ကြည့်ရုံနှင့်ပင် သာမန်လူများမဟုတ်ကြောင်း သိသာလှ၏။

​"ဆိုင်ရှင်... မင်းဆီမှာ အရောင်းအဝယ် တော်တော်ကောင်းတာပဲ၊ နေရာတွေ အကုန်ပြည့်နေပြီလား။ ငါတို့အတွက် စားပွဲတစ်လုံးလောက် ဖယ်ပေးလို့ ရမလား"

မျက်နှာတွင် ပါးလွှာသော ပုဝါစဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးက တိုးညှင်းသော အသံဖြင့် ပြုံးလျက် မေးလိုက်သည်။

​သူမ၏ မျက်လုံးနှစ်လုံးသာ အပြင်သို့ ပေါ်နေသော်လည်း ထိုမျက်လုံးအစုံမှာ ကြည်လင်သော ဆောင်းဦးရေပြင်ပမာ လှပလွန်းလှသည်။

​လီတပ်ကျွေ့သည် ခေတ္တမျှ ကြောင်သွားပြီးနောက် ဆိုင်အတွင်းရှိ အခြေအနေကို တစ်ချက်ကြည့်ကာ ခါးသီးစွာ ပြုံးလျက်

"လူကြီးမင်းတို့ တစ်လှမ်းနောက်ကျသွားပြီဗျာ၊ အခုချိန်မှာ စားပွဲတွေ အကုန်ပြည့်နေတယ်။ စိတ်မရှိဘူးဆိုရင် ခဏလောက် စောင့်ပေးကြပါဦးမလား၊ ချက်ချင်းပဲ စားပွဲအချို့ အားတော့မှာပါ"

​"လီမိန်းကလေး... တခြားအရက်ဆိုင်ကိုပဲ ပြောင်းကြမလား"

"ခုနက ဒီကိုလာတုန်းက လမ်းမှာ တခြားဆိုင်အချို့ကိုလည်း တွေ့ခဲ့သေးတယ်"

အမျိုးသမီး၏ ဘေးမှ ပါလာသော သူငယ်ချင်းဖြစ်သူများက အကြံပေးလိုက်ကြသည်။

​"ငါ သတိထားကြည့်ပြီးပြီ၊ ဒီဆိုင်က မြင်ကွင်းအကောင်းဆုံးပဲ၊ တောင်ပေါ်က သစ္စာပန်းခင်းတွေကို အထင်သား မြင်ရတယ်"

လီမိန်းကလေးက အသာအယာ ပြုံးလိုက်ပြီးနောက် ဆိုင်အတွင်းသို့ တစ်ပတ်လှည့်ကြည့်လိုက်ရာ ထိုနေရာတစ်ခုကို ရုတ်တရက် ညွှန်ပြလိုက်သည်။

"ဆိုင်ရှင်... အဲဒီဘက်က သခင်လေးကို နေရာနည်းနည်း ရွှေ့ခိုင်းလို့ ရမလား။ သူက တစ်ယောက်တည်းကို စားပွဲတစ်လုံးလုံး ယူထားတာက သိပ်တော့ မကောင်းဘူး ထင်တယ်"

​"ဟင်... အဲဒီလူရဲ့ စားပွဲပေါ်မှာ အရက်တစ်အိုးနဲ့ ပဲလှော်တစ်ပွဲတည်းလား။ ဆိုင်ရှင်ကလည်း အရောင်းအဝယ် လုပ်တာ သိပ်မကျွမ်းကျင်ပါလား"

သူမ၏ သူငယ်ချင်းများကလည်း ဖန့်ချန်ဘက်သို့ အကဲခတ်ကြည့်ကာ တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

​"မင်းတို့က ဖန့်လူကြီးကို ပြောတာလား။ အဲဒါတော့ မဖြစ်ဘူးဗျ"

လီတပ်ကျွေ့က အဆက်မပြတ် ခေါင်းခါလျက်

"ဖန့်လူကြီးက အမြဲတမ်း ဒီစားပွဲမှာပဲ ထိုင်နေကျပဲ။ ဒါမှမဟုတ် သူသောက်ပြီးတဲ့အထိ စောင့်မလား၊ ပြီးရင် ကျွန်တော် စားပွဲကို လူကြီးမင်းတို့အတွက် ပြင်ပေးပါ့မယ်"

​"ဒါပေမဲ့ သူက အရက်တစ်အိုးနဲ့ ပဲလှော်တစ်ပွဲတည်း ရှိတာလေ၊ ဒါက ဘယ်လောက်တန်မှာမို့လို့လဲ"

​"အရက်တစ်အိုးလည်း သောက်လို့ရတာပဲ၊ ပဲလှော်တစ်ပွဲလည်း အရက်နဲ့ မြည်းလို့ရတာပဲ၊ အဲဒါဆိုရင် ရပြီမဟုတ်ဘူးလား"

လီတကျွေ့က ဘာမှမသိနားမလည်သော မျက်နှာထားဖြင့် ထိုလူများကို ပြန်ကြည့်လိုက်သည်။

​ထိုလူများမှာ ဆိုင်ရှင်၏ စကားကြောင့် ဆွံ့အသွားကြပြီး ခေတ္တမျှ ကြောင်အသွားကြသည်။ သူတို့ သတိဝင်လာချိန်တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် ဧည့်သည်အချို့ ထသွားသဖြင့် လီတကျွေ့က ချက်ချင်းပင် နေရာရှင်းပေးကာ သူတို့ကို ထိုင်ခိုင်းလိုက်တော့သည်။

​"လီမိန်းကလေး... ငါတို့ ဒီလောက်ဝေးတဲ့နေရာကို ရုတ်တရက်ကြီး ထွက်လာတာ၊ တကယ်လို့ အပြင်က စစ်သူကြီးတွေ သိသွားရင် အရမ်းအန္တရာယ်များလိမ့်မယ်၊ မြန်မြန်ပြန်ကြရင် မကောင်းဘူးလား"

"ဟုတ်တယ်... ဟုတ်တယ်... အရမ်း အန္တရာယ်များလွန်းတယ်လို့ ခံစားနေရတယ်"

​"ဒီတစ်ခေါက် ကဗျာရွတ်ပွဲက အရမ်းတန်ဖိုးရှိတာပဲ၊ မြောက်ဘက်က ကဗျာနှင့် ဓားနတ်သမီး ဝမ်ယိ တောင်မှ ဒီကိုလာမယ်လို့ ကြားတယ်။ တကယ်လို့ မြို့တော် မှာပဲ နေနေမယ်ဆိုရင် ဒီလို အခွင့်အရေးမျိုး ဘယ်ရနိုင်ပါ့မလဲ"

လီမိန်းကလေးက တိုးညှင်းစွာ ပြောလိုက်သည်

"ငါတို့ ဘေးကနေ ခဏပဲ ကြည့်မယ်၊ ကြည့်ပြီးရင် မြို့တော်ကို ချက်ချင်းပြန်မှာပါ၊ ဘယ်သူမှ သိမှာမဟုတ်ဘူး"

​"အဲဒါဆိုရင်လည်း... ကောင်းပါပြီ"

သူတို့တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ သက်ပြင်းချလျက် ခေါင်းညိတ်လိုက်ကြသည်။

​သူတို့၏ အသံမှာ အလွန်တိုးလှသဖြင့် ဆူညံနေသော ဤအရက်ဆိုင်အတွင်း၌ ဘေးနားတွင် ရပ်နေလျှင်ပင် သေသေချာချာ ကြားရရန် မလွယ်ကူချေ။

ဖန့်ချန်က ထိုလူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မမျှော်လင့်ထားသော်လည်း ဤအမျိုးသမီးမှာ ရွှီထျန်းမု ပြောခဲ့သော နတ်သမီး ပင် ဖြစ်ပေလိမ့်မည်။

နောင်တစ်ချိန်တွင် တုန်းရှန်းနိုင်ငံ၏ ဧကရာဇ်မင်းမြတ်၏ မိဖုရားခေါင်ကြီး ဖြစ်လာမည့်သူ။

ဟော်ကျန်းဝမ် ၏ ယခုတစ်ခေါက် ပစ်မှတ်မှာလည်း သူမပင် ဖြစ်သည်။

​သစ္စာပန်းရွာ၏ သစ္စာပန်းများ...။

မြောက်ဘက်မှ ကဗျာနှင့် ဓားနတ်သမီး...။

ဤအရာအားလုံးမှာ ထိုအမျိုးသမီး ရောက်လာစေရန် ဆွဲဆောင်ထားသည့် လိုအပ်သော အခြေအနေများပင် ဖြစ်၏။

​"ဖန့်လူကြီး... ကျွန်မ အလုပ်တွေ ပြီးပြီ၊ မြန်မြန်... ကွက်သစ်တွေ သင်ပေးပါဦး"

ရှောင်ယွီက ပဲပြားဆိုင်ဘက်မှ အရက်ဆိုင်ထဲသို့ ပြေးဝင်လာကာ ဖန့်ချန်၏ ရှေ့သို့ ရောက်လာသည်။ သူမ၏ မျက်ဝန်းများတွင် မစောင့်နိုင်တော့သော အရိပ်အယောင်များ ပြည့်နှက်နေ၏။

​လီမိန်းကလေးက ရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး မျက်ဝန်းတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။

"တကယ်ကို ချောမောစိုပြည်တဲ့ မိန်းကလေးပဲ"

​သူမ၏ သူငယ်ချင်းများကလည်း ရှောင်ယွီ၏ ကိုယ်ပေါ်မှ ထူးခြားသော အရှိန်အဝါကို ခံစားမိကြသဖြင့် အံ့သြနေကြသည်။ တစ်ဖက်လူမှာ အလွန်ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပါလျက်၊ ဘာကြောင့် ထိုကဲ့သို့သော လွန်ကဲသည့် အရှိန်အဝါမျိုး ရှိနေရသနည်း။

​"ဒီနေရာက တကယ်ပဲ လူထူးလူဆန်းတွေ ပေါများတာလား၊ သစ္စာပန်းတွေက လှပရုံတင်မကဘဲ မိန်းကလေးတွေတောင် ဒီလောက် ထူးခြားနေရသလား"

သူတို့ထဲမှ တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ထိုအချိန်တွင် ဖန့်ချန်သည် ရှောင်ယွီကို ခေါ်ဆောင်ကာ ထိုလူများ၏ ဘေးမှ ဖြတ်၍ ဆိုင်ပြင်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

​"ဖန့်လူကြီး... အခုတလော မြို့နယ်အုပ်ချုပ်ရေးရုံးဘက်က လူတွေ အများကြီး ရောက်လာပြီး မြစ်ကမ်းဘေးမှာ ကဗျာရွတ်ပွဲအတွက် ပြင်ဆင်နေကြတယ်။ အဲဒီအချိန်ကျရင် အဲဒီမှာ အရမ်းစည်ကားမှာပဲနော်"

​"သေချာပေါက် စည်ကားမှာပေါ့၊ အဲဒီအချိန်ကျရင် မင်းကိုပါ ခေါ်သွားပြီး ကြည့်ရအောင်။ မင်းက စာမတတ်ပေမတတ် ဆိုတော့ ကဗျာတွေ နားထောင်ရင် စိတ်ဓာတ်တွေ မြင့်မြတ်လာတာပေါ့"

​"ဟွန့်"

ရှောင်ယွီက စိတ်ကောက်သလို နှာမှုတ်လိုက်သည်။ သူမသည် အလွန်ကြိုးစား၍ သင်ယူနေပါလျက် ဖန့်လူကြီးက သူမကို စာမတတ်ပေမတတ် ဟု အမြဲပြောနေသဖြင့် သူမ မကျေမနပ် ဖြစ်နေရသည်။

​"ကျွန်မလည်း ကဗျာတစ်ပုဒ်လောက် စပ်ဦးမယ်၊ ကဗျာရွတ်ပွဲကျရင် ရွတ်ပြပြီး လူတိုင်းကို အံ့သြသွားအောင် လုပ်ပစ်မယ် "

ထိုသို့တွေးရင်း ရှောင်ယွီက ရုတ်တရက် တခိခိ ရယ်မောလိုက်ပြီးမှ ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်သည်။ ဖန့်ချန် သတိမထားမိသည်ကို မြင်သောအခါ သူမ၏ စိတ်ထဲတွင် ကျေနပ်စွာ တွေးနေမိသည်။

"အဲဒီအချိန်ကျရင် ဖန့်လူကြီး သေချာပေါက် မျက်လုံးပြူးသွားမှာပဲ၊ နောက်ဆို ကျွန်မကို စာမတတ်ဘူးလို့ ဘယ်တော့မှ ပြောတော့မှာ မဟုတ်ဘူး"

​ဤသို့ တွေးနေစဉ်မှာပင် ဆန့်ကျင်ဘက်မှ လာသော လူတစ်ဦးက ရှောင်ယွီကို ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။

ကံကောင်းသည်မှာ ရှောင်ယွီသည် ကိုယ်ဟန်ပြောင်းလဲမှု လျင်မြန်သဖြင့် အသာအယာ တိမ်းရှောင်လိုက်နိုင်သည်။

​"ရှင် မျက်လုံးမပါဘူးလား"

ရှောင်ယွီက ဒေါသတကြီး အော်လိုက်သည်။

​လာသူမှာ အင်္ကျီပြာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ နှုတ်ခမ်းမွှေး ပါးပါးလေးနှင့် မျက်နှာပေါက် တည်ကြည်ပြီး ရုပ်ရည်သန့်ပြန့်သူ ဖြစ်သည်။

သူ ငယ်ရွယ်စဉ်က အလွန်ပင် ချောမောခဲ့လိမ့်မည်ဟု ခန့်မှန်းရပေသည်။

​သူသည် ရှောင်ယွီ၏ ဆဲဆိုမှုကို စိတ်မဆိုးသည့်အပြင် သူမကို စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်လိုက်သည်။

"မိန်းကလေး... မင်းရဲ့ အရိုးတည်ဆောက်ပုံက ထူးခြားတာ ကို ငါမြင်မိတယ်၊ ငါနဲ့အတူ ဓားပညာ သင်ချင်တဲ့စိတ် ရှိလား"

​"ဖန့်လူကြီး... ဒါက လူလိမ်ပဲ၊ မြန်မြန်သွားကြရအောင်"

ရှောင်ယွီက ချက်ချင်းပင် သတိထားလိုက်ပြီး ဖန့်ချန်ကို ဆွဲကာ ထွက်သွားရန် ပြင်တော့သည်။

​မမျှော်လင့်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူက သူတို့ရှေ့တွင် ထပ်မံပေါ်လာပြန်ကာ ပြုံးလျက်ပင်

"မိန်းကလေး... မင်းမှာ သိုင်းပညာ အခြေခံအချို့ ရှိတာကို ငါတွေ့ပါတယ်။ ဒါပေမဲ့ ကံကောင်းတာက သိပ်မနက်ရှိုင်းသေးဘူး။ လမ်းမှားထဲကို မရောက်သွားဖို့ သတိထားရမယ်နော်၊ အချို့လူတွေ သင်ပေးတဲ့အရာတွေကို အကုန်လုံး လိုက်မသင်သင့်ဘူးကွ"

​ပြောပြီးသည်နှင့် သူသည် ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်ကာ ပြုံးလျက် ကျောခိုင်းထွက်ခွာသွားတော့သည်။

သူ လမ်းမထိပ်သို့ ရောက်သောအခါ နောက်ကွယ်မှ လူရိပ်အချို့က သူ့ထံသို့ ဖြည်းဖြည်းချင်း စုရုံးလာကြသည်။

​"ဆရာ... အဲဒီ တောသူမလေးက တကယ်ပဲ သိုင်းပညာ ပါရမီ ရှိလို့လား"

တပည့်ဖြစ်သူတစ်ဦးက စပ်စုလိုက်သည်။

​လူလတ်ပိုင်း အမျိုးသားက အသာအယာ ခေါင်းညိတ်၍ ပြုံးလိုက်သည်။

"ငါ့မျက်လုံးက မမှားနိုင်ဘူး၊ ရွှေရောင်ကြွက်သားနဲ့ ကျောက်စိမ်းရောင်အရိုး ပဲ၊ သိုင်းပညာအတွက် ထူးကဲတဲ့ ပါရမီရှင်ပဲ။ သူမဆီမှာ ရှိနေတဲ့ စုတ်ချာချာ သိုင်းပညာဆိုတာ ဘေးကလူက သင်ပေးထားတာ ဖြစ်ရမယ်၊ ကံကောင်းတာက သိပ်အနက်ကြီး မရောက်သေးတာပဲ။ ငါ့ရဲ့ လက်အောက်ကို ရောက်လာရင်တော့ ဒီကျောက်ရိုင်းတုံးလေးက အဖိုးတန်ရတနာ ဖြစ်လာမှာ သေချာတယ်"

​သူတို့၏ ဆရာက ထိုမိန်းကလေးကို ဤမျှအထိ ချီးကျူးသည်ကို မြင်သောအခါ တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့သြသွားကြသည်။

​"ကြောင်မနေကြနဲ့၊ အဲဒီ နတ်သမီး ကို မြန်မြန်ရှာကြစမ်း၊ သူမ ဒီမှာ ရှိမရှိ ကြည့်ရအောင်"

"မရှိလည်း ကိစ္စမရှိပါဘူး၊ ဒီတစ်ခေါက် ခရီးကတော့ အလဟဿ မဖြစ်တော့ဘူးပေါ့... ဟဲဟဲ..."

အခန်း (၁၅၉၆) - ကဗျာရွတ်ပွဲ

​ရှောင်ယွီ၏ ခဲအိုဖြစ်သူ ရွှီထျန်းဟွန့်သည် ကဗျာရွတ်ပွဲ မစတင်မီကပင် ရွှီထျန်းမုကို ခေါ်ဆောင်၍ သစ္စာပန်းရွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူသည် ရှောင်ယွီ၏ အစ်မကြီးကို ခေါ်မလာခဲ့ပေ။

​"အစ်ကို... ကျွန်တော်တို့ တကယ်ပဲ ဒီလိုလုပ်ကြတော့မှာလား။ ဒါက နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ လမ်းနော်"

ရွှီထျန်းမုသည် ရွှီထျန်းဟွန့်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း အလွန်စည်ကားနေသော သစ္စာပန်းရွာကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

​"ဒီအချိန်အထိရောက်မှ မင်း ဘာတွေ စိုးရိမ်နေတာလဲ။ ငါ သတင်းရပြီးပြီ၊ နတ်သမီး က ဒီကို စောစောစီးစီး ရောက်နေပြီတဲ့။ ဒီတစ်ခေါက်တော့ ဟော်ကျန်းဝမ် သေချာပေါက် နိုင်မှာပဲ"

ရွှီထျန်းဟွန့်က မျက်မှောင်ကြုတ်လျက် ရွှီထျန်းမုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတိပေးရိပ်များ ပြည့်နှက်နေ၏။

"ငါ မင်းကို ဘာမှလုပ်ခိုင်းမှာ မဟုတ်ဘူး၊ ပြဿနာရှာပြီး ဒီအကြံအစည်ကို မဖျက်ဆီးမိဖို့ပဲ လိုတယ်။ ကိစ္စတွေ အောင်မြင်သွားတဲ့အခါမှ ငါ ရွှီမျိုးနွယ်စုအတွက် ဘယ်လောက် ကောင်းမွန်တဲ့ လမ်းကို ရှာဖွေပေးခဲ့လဲဆိုတာ မင်း သိလာလိမ့်မယ်"

​စကားပြောနေရင်းပင် သူတို့နှစ်ဦးမှာ ကဗျာရွတ်ပွဲ ကျင်းပရာ နေရာသို့ ရောက်ရှိလာကြသည်။ ဤပွဲကြီးအတွက် မြို့နယ်အုပ်ချုပ်ရေးရုံးမှ ကျွမ်းကျင်သော လက်သမားပညာရှင်များကို စေလွှတ်၍ ကိုးထပ်မြင့်သော လေသာဆောင်ကြီးတစ်ခုကိုပင် တည်ဆောက်ထားခြင်း ဖြစ်၏။

​"ထျန်းဟွန့်... မြန်မြန်တက်လာခဲ့လေ၊ ငါ မင်းကို နယ်ပယ်အသီးသီးက နာမည်ကြီး စာဆိုတော် လူငယ်ပညာရှင်တွေနဲ့ မိတ်ဆက်ပေးမယ် "

လေသာဆောင် အပေါ်ထပ်မှ တစ်စုံတစ်ဦးက ရွှီထျန်းဟွန့်ကို မြင်သောအခါ လက်လှမ်းပြ၍ ခေါ်လိုက်သည်။

​"လာပြီ..."

ရွှီထျန်းဟွန့်က ပြုံးလျက် ပြန်ထူးလိုက်သည်။

​"အစ်ကို... ကျွန်တော် ဒီလို လူမှုရေးကိစ္စတွေကို မကြိုက်ဘူး၊ တခြားနေရာမှာပဲ လျှောက်သွားလိုက်ဦးမယ်"

ရွှီထျန်းမုက ရုတ်တရက် ပြောလိုက်သည်။

​"သိပ်ဝေးဝေးတော့ မသွားနဲ့"

ရွှီထျန်းဟွန့်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြကာ လေသာဆောင် အပေါ်ထပ်သို့ တက်သွားတော့သည်။

​ရွှီထျန်းမု သိသည်မှာ သူ၏အစ်ကိုကြီးသည် ယခုအခါ သတင်းပေါက်ကြားမည်ကို မကြောက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဟော်ကျန်းဝမ်၏ လူများသည် မည်သူမျှ သတိမထားမိနိုင်သည့် အရှိန်အဝါဖြင့် ဤပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းကို ရေလုံအောင် ပိတ်ဆို့ထားပြီးဖြစ်သောကြောင့်တည်း။ မည်သူတစ်ဦးတစ်ယောက်မျှ... ဤနေရာမှ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

​ထို့အပြင် ကဗျာနှင့် ဓားနတ်သမီး ဝမ်ယိသည်လည်း သစ္စာပန်းရွာသို့ ရောက်ရှိနေပြီဟု ကြားသိရသည်။

​"ဝမ်ယိက မဟာသိုင်းပညာရှင် ပဲ... ငါ့ရဲ့ ကျင့်ကြံမှုက သူ့ကို အဝေးကြီး မမီဘူး။ ဒါကို ဖန့်လူကြီးက ဘာလို့ ဒီလောက်အထိ အေးဆေးနေနိုင်ရတာလဲ"

ရွှီထျန်းမုသည် ဤသို့တွေးတောရင်း ဖန့်ချန်နှင့် ရှောင်ယွီတို့ ပန်းကြည့်နေကျ နေရာ၌ သူတို့နှစ်ဦးကို တွေ့ရှိသွားသည်။

​"ရွှီထျန်းမု... ခဲအိုကြီးက ဘာပြောလဲ"

ရှောင်ယွီက သူ့ကို မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။

​"ငါ့အစ်ကို ပြောတာကတော့... မင်းအမေတို့ မိသားစုကို သူ သေချာပေါက် ကာကွယ်ပေးပါ့မယ်တဲ့။ သစ္စာပန်းရွာက ကျန်တဲ့လူတွေကတော့ ကံတရားအတိုင်းပဲပေါ့၊ ဟော်ကျန်းဝမ်ရဲ့ လက်အောက်ငယ်သားတွေက သူတို့ကို သတ်ဖို့လောက်အထိ အဆင့်မနိမ့်လောက်ဘူးလို့ မျှော်လင့်ရတာပဲ"

ရွှီထျန်းမုက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

​တစ်နှစ်ခန့် ကာလအတွင်း ဤကဲ့သို့ တွေ့ဆုံမှုမျိုးမှာ တစ်ကြိမ်မက ရှိခဲ့ပြီဖြစ်ရာ ဤမိန်းကလေး၏ ဦးနှောက်မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ထက်မြက်လာသည်ကို သူလည်း ကျင့်သားရနေပြီ ဖြစ်သည်။ အချို့သော အငြင်းပွားမှုများတွင် ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသော သူကိုယ်တိုင်ပင် ရှောင်ယွီ၏ မေးခွန်းများရှေ့၌ ဆွံ့အကာ ရှုံးနိမ့်သွားရသည်မှာ အကြိမ်ကြိမ်ပင်။

​"ခဲအိုကြီးမှာ လူစိတ်လေး နည်းနည်း ကျန်သေးတာပဲ... ဟွန့်"

ရှောင်ယွီက နှာမှုတ်၍ ပြောလိုက်သည်။

​ရွှီထျန်းမုသည် ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားကာ ရိုသေသေဖြင့် ဂါရဝပြုလိုက်သည်။

"ဖန့်လူကြီး..."

​"မနက်ဖြန်ဆို ကဗျာရွတ်ပွဲ စတော့မယ်၊ မင်းအစ်ကိုတို့ဘက်က နိုင်မလား ဒါမှမဟုတ် တုန်းရှန်းဧကရာဇ်ကပဲ နိုင်မလား မင်း ခန့်မှန်းကြည့်ဦးမလား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​"ကျွန်တော် တိတ်တိတ်လေး စုံစမ်းကြည့်ပြီးပါပြီ၊ ဟော်ကျန်းဝမ်ရဲ့ အစီအစဉ်ကို မြို့တော်ဘက်က ဘာမှ သတိမထားမိသေးဘူး။ ဘယ်စစ်စခန်းကမှ စစ်တပ်လှုပ်ရှားမှု မရှိဘူး"

ရွှီထျန်းမုက ဖြည်းဖြည်းချင်း ဆိုသည်

"ဒီတစ်ခေါက် အစီအစဉ်မှာ ငါ့အစ်ကိုတို့ရဲ့ အောင်နိုင်ခြေက အနည်းဆုံး ရှစ်ပုံတစ်ပုံ လောက် ရှိတယ်"

ပြောရင်းနှင့် သူ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာကာာ

"ဖန့်လူကြီး... မနက်ဖြန် တကယ် ဖြစ်လာရင်တော့ အခြေအနေတွေက လှည့်ဖျားလို့ မရတော့ဘူး၊ ကျွန်တော်တို့ တစ်ခုခု မလုပ်သင့်ဘူးလား"

​"အခု မင်း ဘာပဲလုပ်လုပ်၊ မင်းအစ်ကိုကို လမ်းမှန်ပြန်ရောက်အောင် လုပ်နိုင်မှာမို့လို့လား"

ဖန့်ချန်က ပြုံး၍ မေးသည်။

​ရွှီထျန်းမု အကြာကြီး တိတ်ဆိတ်သွားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"သူ့ကို အခုချိန်မှာ နွားကိုးကောင်နဲ့ ဆွဲရင်တောင် ပြန်လှည့်လာမှာ မဟုတ်တော့ဘူး"

​"ဒါဆိုရင်လည်း ဂရုစိုက်မနေနဲ့တော့။ မနက်ဖြန် မင်းအစ်ကိုတို့ နိုင်သွားရင် မင်းလည်း လိုက်ပြီး ပုန်ကန်လိုက်ပေါ့၊ တကယ်လို့ သူတို့ ရှုံးသွားရင်တော့မှ တခြားကိစ္စတွေကို ဆက်ပြောကြတာပေါ့"

ဖန့်ချန်က အေးဆေးစွာပင် ပြောလိုက်သည်။

​"..."

ဒီလိုလည်း ရသေးတာလား

ရွှီထျန်းမု တစ်ယောက် ဆွံ့အကာ ငြိမ်သက်သွားရသည်။

​နောင်တစ်နေ့တွင်

​ကိုးထပ် လေသာဆောင်ကြီးမှာ အလွန်စည်ကားနေပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပင် လူကုံထံများကို ခေါ်ဆောင်၍ ဤကဗျာရွတ်ပွဲကို ကြီးမှူးကျင်းပရန် ရောက်ရှိလာသည်။ ကဗျာရွတ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် လူငယ်စာဆိုတော်များမှာ လေသာဆောင်အတွင်း၌ စုဝေးနေကြပြီး၊ ပွဲကြည့်ပရိသတ်များမှာမူ အပြင်ဘက်တွင် တိုးဝှေ့နေကြသည်။

​ရှောင်ယွီသည် ထိုင်ခုံအချို့ကို သယ်လာကာ အရှေ့ဆုံးတန်းမှ နေရာကောင်းကို ဦးအောင် လုယူထားသည်။

သူမအမေအတွက် တစ်ခုံ၊ သူမအတွက် တစ်ခုံ၊ ဖန့်ချန်အတွက် တစ်ခုံ။

​"အမေ... ဒါ ဆိုင်ရှင်လီဆီက ဝယ်လာတဲ့ ပဲလှော်တွေ၊ တစ်ဆုပ်လောက် ယူစားဦး"

ရှောင်ယွီက သူမ၏ အိတ်ကပ်ထဲမှ ပဲလှော်များကို ထုတ်ပြသည်။ အိတ်ကပ်ထဲတွင် ပဲလှော်များ ပြည့်နှက်နေ၏။

​လီမေယန့်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကာ ပဲတစ်ဆုပ်ကို ယူလိုက်ရင်း

"ဒီကဗျာရွတ်ပွဲကို အမေလည်း နားလည်တာ မဟုတ်ဘူး၊ ပဲပြားပြန်ရောင်းနေတာကမှ ပိုကောင်းဦးမယ်"

​"အမေကလည်း... ဒီနေ့ လူတွေအကုန်လုံး ဒီကိုလာပြီး ပွဲကြည့်နေကြတာ၊ ဘယ်သူက ပဲပြားလာဝယ်မှာလဲ။ ဒီနေ့တစ်ရက်တော့ အနားယူလိုက်ပါ"

ရှောင်ယွီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လူပင်လယ်ကြီးအလားပင်။ သစ္စာပန်းရွာသားများသာမက မြို့ပေါ်မှ လာသူများပါ ပေါင်းလိုက်လျှင် အနည်းဆုံး ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှိပေလိမ့်မည်။

​လီမေယန့်မှာ စိတ်ထဲမှ မချိတင်ကဲ ဖြစ်နေပြီးနောက် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အားနာစွာ ပြုံးလျက်

"မောင်လေးဖန့်... ဒီရက်ပိုင်းတွေမှာ ရှောင်ယွီကို အလုပ်ရှုပ်အောင် လုပ်မိတာ အားနာစရာကြီးကွယ်"

​"ရပါတယ်"

ဖန့်ချန်က အသာအယာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

​ထိုစဉ် လူရိပ်အချို့က အရှေ့ဘက်သို့ တိုးဝှေ့ဝင်လာကြရာ ဆဲဆိုသံအချို့ပင် ထွက်ပေါ်လာသည်။

ဖန့်ချန် လှမ်းကြည့်လိုက်သောအခါ လွန်ခဲ့သော ရက်အနည်းငယ်က အရက်ဆိုင်၌ တွေ့ခဲ့သော လီမိန်းကလေးတို့တစ်စု ဖြစ်နေသည်။

​လီမိန်းကလေးသည် ဖန့်ချန်၏ အကြည့်ကို သတိပြုမိသွားပုံရသည်။ သူမက ဖန့်ချန်ကို တစ်ချက်ကြည့်၊ ဘေးရှိ ရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကဗျာရွတ်ပွဲဘက်သို့ ပြန်လည်အာရုံစိုက်လိုက်သည်။

​ယနေ့ ကဗျာရွတ်ပွဲတွင် ပါဝင်သည့် စာဆိုတော် တစ်ရာကျော်မှာ တုန်းရှန်းနိုင်ငံတွင် အတော်အသင့် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ နာမည်မရှိသူများမှာမူ ဖန့်ချန်တို့ကဲ့သို့ အပြင်ဘက်မှသာ စိတ်ဝင်တစား ကြည့်ရှုခွင့် ရကြပေသည်။

​မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ကာ၊ ပြုံးရွှင်သော မျက်နှာထားဖြင့် လူအများရှေ့သို့ ထွက်လာပြီး အဖွင့်အမှာစကား ပြောကြားပြီးနောက် ကဗျာရွတ်ပွဲ စတင်ကြောင်း ကြေညာလိုက်တော့သည်။

​မြင်ကွင်းမှာ ချက်ချင်းပင် ဆူညံအုန်းကျက်သွားပြီး တစ်ခါတစ်ရံတွင် ကဗျာစာသားများကို ကျယ်လောင်စွာ ရွတ်ဆိုသံများ ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ လူအများက လက်ခုပ်တီး၍ ဝိုင်းဝန်းအားပေးကြသည်။ သူတို့မှာ ကဗျာကောင်း၊ မကောင်းကို မသိသော်လည်း ဝိုင်းဝန်းအားပေးခြင်းဖြင့် ပွဲစည်အောင် လုပ်နေကြခြင်း ဖြစ်၏။

​ရှောင်ယွီသည် ဖန့်ချန်၏ ဘေးတွင် ထိုင်ကာ ထိုကဗျာများကို သေသေချာချာ နားထောင်နေရင်း မျက်နှာတွင် ခိုးပြုံးနေသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမ ထင်သည်မှာ... ဤကဗျာအားလုံးမှာ သူမစပ်ထားသော ကဗျာကို မမီကြချေ။

​"လီမိန်းကလေး... ကြည့်စမ်းပါဦး၊ ဒီနေ့ ကဗျာရွတ်ပွဲမှာ တကယ်ပဲ စာဆိုတော် ပညာရှင်တွေ စုံနေတာပဲ။ ဒါပေမဲ့ ကဗျာနှင့် ဓားနတ်သမီး ဘယ်တော့များမှ ထွက်လာမလဲ မသိဘူးနော်"

​"ကောလာဟလတွေက အမှားလည်း ဖြစ်နိုင်တာပဲ၊ သူ လာချင်မှ လာမှာပါ"

​"ဒီလို ပွဲကြီးပွဲကောင်းမျိုးကိုတော့ ကဗျာနှင့် ဓားနတ်သမီး လွဲချော်ခံမှာ မဟုတ်ပါဘူး"

လီမိန်းကလေးက အသာအယာ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ယုံကြည်ချက်များ ပြည့်နှက်နေ၏။

​တစ်ချိန်တည်းမှာပင်

​ရွှီထျန်းဟွန့်နှင့် ရွှီထျန်းမုတို့သည် မြို့တော်မှ လာသော စာဆိုတော်တစ်စုနှင့်အတူ ရှိနေကြသည်။

ထိုစာဆိုတော်များမှာ မိမိတို့ကိုယ်မိမိ အရည်အချင်း မပြည့်ဝမှန်း သိသဖြင့် ပွဲထဲသို့ ဝင်မပြိုင်ကြဘဲ ဘေးမှနေ၍ ဘယ်သူက ဘယ်သူ့သား၊ ဘယ်သူက ဘယ်သူ့တူ ဆိုသည်ကို ရွှီထျန်းဟွန့်အား လိုက်လံမိတ်ဆက်ပေးရင်း စကားပြောနေကြသည်။

​"ထျန်းဟွန့်... မင်းရဲ့ မျိုးရိုးနောက်ခံနဲ့ဆိုရင် နောင်ကျရင် ဒီလူတွေနဲ့ အဆက်အသွယ်ရှိထားတာက မင်းအတွက် အကျိုးရှိလိမ့်မယ်။ အစ်ကိုကြီးက မင်းကို သတိမပေးဘူးလို့ မထင်နဲ့နော်"

အသက် ၃၀ ကျော်ခန့်ရှိပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော လူငယ်တစ်ဦးက ရွှီထျန်းဟွန့်၏ ပုခုံးကို အသာအယာ ပုတ်လျက် ပြောသည်။

​ရွှီထျန်းဟွန့်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်

"ဟန်အစ်ကိုကြီးရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်"

​ထိုစဉ် ကဗျာရွတ်ပွဲ အတွင်းမှ ဟေးခနဲ သြဘာပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အသက် ၁၃၊ ၁၄ နှစ်ခန့်သာ ရှိသေးသော လူငယ်လေးတစ်ဦးက အလွန်ကောင်းမွန်သော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ခြင်း ဖြစ်၏။

​"ဟင်... ဒီလူငယ်လေးက ဘယ်သူလဲ"

"အရင်က တစ်ခါမှ မမြင်ဖူးပါလား"

"သူ့ရဲ့ နောက်ခံကို သိတဲ့လူ ရှိလား"

​လူအများမှာ သြဘာပေးပြီးနောက် ထိုလူငယ်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိသဖြင့် အံ့သြနေကြသည်။

မမျှော်လင့်ဘဲ ထိုလူငယ်လေးသည် လီမိန်းကလေးတို့ရှိရာ ဘက်သို့ ပြုံးလျက် ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း လျှောက်လာကာ

​"နတ်သမီး... ကျွန်တော် အခုလေးတင် ရွတ်လိုက်တဲ့ ကဗျာကို ဘယ်လို ထင်သလဲ"

​နတ်သမီး

လူအများမှာ ခေတ္တမျှ ကြောင်သွားပြီးမှ ချက်ချင်းပင် အသိဝင်လာကြကာ ရင်ထဲတွင် ထိတ်လန့်သွားကြတော့သည်။

​ဒါ... မြို့တော်က အဲဒီ နတ်သမီး လား

နောင်တစ်ချိန်မှာ တုန်းရှန်းနိုင်ငံရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာမယ့် နတ်သမီး လား။

သူမက ဒီနေ့ ဒီကို တကယ် ရောက်လာတာလား

​မရေမတွက်နိုင်သော အကြည့်များမှာ ထိုနေရာသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။

​လူအုပ်ကြီးထဲရှိ ဆိုင်ရှင်လီတို့တစ်စုမှာလည်း ဖန့်ချန်တို့က သူမ၏ ဘေးနားတွင် ရှိနေသည်ကို မြင်သောအခါ အလွန်ပင် မနာလို ဖြစ်သွားကြတော့သည်။

"ဖန့်လူကြီးတို့ ဒီတစ်ခါတော့ ကံကောင်းတာပဲဟေ့"

All Chapters