← Chapters

ကြင်နာမှု

Vol. 9 Ch. 126

ကြင်နာမှု

Vol. 9 Ch. 126

လီကျင့်၏ မျက်နှာတွင် စိတ်ပျက်လက်ပျက် ဖြစ်ဟန် ဖြတ်ပြေးသွားသည်။

အနုပညာ နယ်ပယ်လောကသည် ကြီးမားလှပြီး အားလုံးကို သိနိုင်ရန် ခက်ခဲပေသည်။ အဆက်အသွယ်က ပိုက်ကွန်တမျှ ကျယ်ပြန့််လှပြီး အနယ်နယ် အရပ်ရပ်၌ ရှိနေတတ်သည်။

ချန်ဖုန့်က သေးငယ်သော ဒါရိုက်တာ တစ်ယောက်မျှသာ ဖြစ်သော်လည်း သူသည် ဒါရိုက်တာ တစ်ယောက် ဖြစ်နေဆဲပင်။ သူ့၌ အဆက်အသွယ်များနှင့် ရင်းနှီးသူများ ရှိဆဲပင်။ အကယ်၍ သူသာ လီထိုက်ကို တစ်ခွန်းမျှ ပြောလိုက်ပါက လီကျင့် သေချာပေါက် ကံဆိုးနိုင်လောက်သည်။

သူ့၌ လွှမ်းမိုးမှု အနည်းငယ်ရှိကြောင်း လီကျင့် သိပါသည်။ သူနှင့် လီဖုန့်၏ ကြား၌ စကား အရေးပါပုံက အတော်လေး ကွာခြား၏။

“ယန်ယွဲ့ မင်း ဒီလောက် ရိုင်းစိုင်းဖို့ လိုလို့လား’

လီကျင့် ယန်ယွဲ့ကို မယုံနိုင်စွာ ကြည့်နေမိသည်။ ဤမိန်းမက အညှာအတာမဲ့သော မိန်းမမှန်း သူ သိပါသော်လည်း ဤမျှ စာနာမှုမဲ့လိမ့်မည်ဟု သူ ထင်မထားမိပါ။

“ထွက်သွားစမ်းပါ”

ယန်ယွဲ့က ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ခါပြသည်။

“ရှင်က အမြဲ အမှိုက် ဖြစ်နေမှာ၊ ကျွန်မ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တယ်ဆိုတာ ဒါက သက်သေပဲလေ”

လီကျင့် ပါးစပ်ကို တင်းနေအောင် စေ့ထားပြီး သူမကို လျစ်လျူရှု၍ လူရွေးပွဲ အခန်းထဲသို့ တင်လိုက်သည်။

ချန်ဖု့န်က မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူ၏ ဝဖိုင့်နေသော ခန္ဓာကိုယ်ကို ရှေ့တိုး၍ လီကျင့် သွားမည့်လမ်းကို ပိတ်လေသည်။

“သူ ပြောတာကို မင်း မကြားလိုက်ဘူးလား၊ ထွက်သွား”

လီကျင့်က လက်သီးကို တင်းနေအောင် ဆုပ်လိုက်သည်။ သူ့မျက်နှာက အေးစက်နေပြီး ချန်ဖုန့်အား ဓားသွားသမျှ စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ဒါ မင်းနယ်မြေ မဟုတ်ဘူး၊ ငါ့ကို လိုက်အမိန့်ပေးရအောင် မင်းမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ”

ချန်ဖုန့်၏ မျက်နှာတွင် ကြောက်ရွံ့ဟန် တစ်ချက် ဖြတ်ပြေးသွားပြီး မကျေမနပ်ဖြင့် ဘေးသို့ ရွှေ့လိုက်သည်။

လီကျင့်၏ ကွန်ဖူးက အစစ်အမှန် ဖြစ်သည်။ ချန်ဖုန့် သူ့ကို ရင်မဆိုင်ရဲပါ။

လီကျင့် အခန်းထဲ ဝင်သွားသည်ကိုကြည့်ပြီး ချန်ဖုန့်နှင့် ယန်ယွဲ့၏ အမူအရာက အေးစက်သွားပြီး အချင်းချင်း ပြောလေသည်။

“လာ တစ်ချက်လောက် သွားကြည့်ရအောင်”

ထိုအချိန်တွင် လီထိုက်သည် အဓိက အင်တာဗျူးသူ နေရာ၌ ထိုင်နေပြီး လေးနက်သော မျက်နှာအမူအရာနှင့် လူရွေးပွဲ လာပြိုင်သူများကို ကြည့်နေသည်။

နောက်ဆုံးတွင် လီကျင့် စင်ပေါ်တက်ရမည့် အလှည့်သို့ ရောက်လာသည်။

“မင်း ဘယ်ဇာတ်ကောင်အတွက် ပြိုင်မှာလဲ”

လီထိုက် မေးလိုက်သည်။

လီကျင့်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ရဲ့လင်းချန်ကို မတွေ့ရသဖြင့် သူ့ရင်ထဲ၌ လေးလံလာ၏။

သို့သော် မနေ့ညက ရဲ့လင်းချန် သူ့ကိုပြောသော စကားကို ပြန်စဉ်းစားမိပြီးနောက် သူ စိတ်ကို ပြန်တင်းလိုက်သည်။ ထို့နောက် သူ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“ကျွန်တော် ဟော်ရန်ကျား ဇာတ်ကောင်အတွက် ပြိုင်ချင်ပါတယ်”

ချက်ချင်းဆိုသလိုပင် အားလုံးက လီကျင့်ကို အလန့်တကြား ကြည့်လာသည်။

များသောအားဖြင့် အဓိကဇာတ်ကောင်များအတွက် နောက်ကွယ်တွင် သတ်မှတ်ထားပြီးသား ဖြစ်သည်။ လူရွေးပွဲက အရန်ဇာတ်ကောင်အချို့ကို ရွေးချယ်ရန်သာ ဖြစ်ပေသည်။

လီကျင့်က ဟော်ရန်ကျား ဇာတ်ကောင်အတွက် လူရွေးပွဲ လာပြိုင်သည်ဟူသည့် သူ့ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်ခြင်းက ရူးသွပ်သော လုပ်ရပ်ဟုပင် သတ်မှတ်နိုင်သည်။

“ခွီး”

ဘေးဘက်မှ ကြည့်နေသော ယန်ယွဲ့သည် မထိန်းနိုင်တော့ဘဲ ထရယ်လာသည်။ သူမက လီကျင့်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။

“နင် ခေါင်းထိလို့ ရူးသွားတာလား၊ နင့်မှာ ဘာအခွင့်ရှိလို့ အဓိကဇာတ်ကောင်အတွက် လူရွေးပွဲ ပြိုင်မှာလဲ၊ ကျော်ကြားမှုလား၊ ရုပ်ရည်လား၊ နင့်အဆင့်အတန်းလား”

ယန်ယွဲ့က လီကျင့်ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်နေ၏။

“နင်က ဘာမှ မဟုတ်ဘူး၊ နင် ရူးနေပြီလား”

“ငါ့မှာ ကွန်ဖူးပညာ ရှိတယ်”

လီကျင့် အံကြိတ်၍ သွားကြားထဲမှ တိုးထွက်လာသည့် လေသံဖြင့် ပြောလိုက်သည်။

“ဟားဟားဟား အရူးပဲကွာ”

ချန်ဖုန့်က ဟားတိုက် ရယ်မောလေသည်။ သူက လီထိုက်ထံ လျှောက်သွားပြီး လီကျင့်အား အထင်သေးသလို တစ်ချက် ကြည့်လိုက်သည်။

“ဒါရိုက်တာလီ အဲ့လူက လီကျင့်လေ၊ သူက ဝူဟန်နဲ့ တိုက်ခိုက်ခန်း သရုပ်ဆောင်ဖို့ ငြင်းလိုက်လို့ အခုလို အမှိုက်ကောင် ဖြစ်သွားတာပေါ့”

“သူက လီကျင့်လား”

လီထိုက်က လီကျင့်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာသည်။

လီထိုက်သည် မကြာသေးခင်ကမှ နာမည်ရလာသော ဒါရိုက်တာ အသစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက လီထိုက်ကို သိကျွမ်းခြင်း မရှိသလို သူ့ကို မှတ်မိနိုင်စွမ်းလည်း မရှိချေ။

“ဟုတ်တယ် သူက လီကျင့်”

လီထိုက်က သူ့ကဲ့သို့ လီကျင့်ကို အထင်သေးသည်ဟု ချန်ဖုန့်က ထင်သွားသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“အခု သူက အနုပညာလောကမှာ အမှိုက် ဖြစ်နေပြီ၊ ဘယ်သူမှ သူနဲ့ အလုပ်တွဲမလုပ်ရဲဘူး၊ ဟော်ရန်ကျားရဲ့ အဓိက ဇာတ်လိုက်အတွက် လူရွေးပွဲ ပြိုင်ရဲလောက်အောင် သတ္တိ ရှိနေတာပဲ၊ ရယ်ချင်စရာ ကောင်းလိုက်တာ၊ ခင်ဗျား သူ့ကို နှင်ထုတ်ပြီး ဒါမှ ကြည့်ရမဆိုးမှာ”

“သူက လီကျင့်ကိုး၊ အခုလောက်ဆို သူ ဖိနှိပ်ခံထားရတာ လေး၊ ငါးနှစ်လောက် ရှိပြီ မဟုတ်လား”

“ငါ သူ့ကို နောက်ဆုံးတစ်ခေါက် မြင်ခဲ့တုန်းက ဟမ်တန်း စတူဒီယိုမှာ အမှိုက်ကောက်နေခဲ့တာ၊ သနားစရာပဲ”

“ဟူး … နှမြောစရာကွာ၊ သူ ဘာလို့ ဝူဟန်ကိုမှ စိတ်တိုအောင် လုပ်ရတာလဲ”

“တစ်ယောက်ယောက်က သူ့ကို ခက်ခဲတဲ့ ရိုက်ကွင်းအတွက် စတန့်သမားအဖြစ်တောင် ငှားတယ်လို့ ငါ ကြားဖူးတယ်”

…

ချက်ချင်းဆိုသလိုပင် တီးတိုပြောဆိုသံများ ထွက်ပေါ်လာသည်။ အားလုံးက သူ ဒုက္ခခံခဲ့ရသမျှကို သဘောခွေ့နေသော အကြည့်များဖြင့် ကြည့်နေ၏။

အနုပညာလောကသည် ထိုသို့ ကိုယ်ချင်းစာစိတ်ကင်းမဲ့ပြီး ရက်စက်၍ ကောက်ကျစ်လေသည်။

လီကျင့်သည် ဤသို့သော အခြေအနေများနှင့် ကျင့်သားရပြီးသား ဖြစ်သည်။ သူ့မျက်နှာ ပြာနှမ်းနေကာ ခေါင်းကို ငုံ့ထားပြီး အငြင်းခံရရန်အတွက် စိတ်ကို အသင့်ပြင်ထားမိသည်။

ယန်ယွဲ့က စိတ်ဓာတ်ကျနေသော လီကျင့်ကိုကြည့်ပြီး ကျေနပ်အားရသော မျက်နှာထား ပေါ်လာ၏။

“သိပ်ကောင်းတယ်၊ မင်း‌ အောင်တယ်”

ရုတ်တရက် ထွက်ပေါ်လာသော စကားသံက တစ်ခန်းလုံးကို တိတ်ဆိတ်သွားစေသည်။ အားလုံးက လီထိုက်ကို ဝိုင်းကြည့်လာသည်။

လီကျင့်၏ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားလေသည်။ သူ နေရာမှာတင် ကြက်သေ သေကော မလှုပ်နိုင်သလို ခံစားလိုက်ရသည်။

ချန်ဖုန့်၏ အပြုံးက ပျောက်ကွယ်သွားပြီး လီထိုက်အား မယုံနိုင်သလို ကြည့်လိုက်သည်။

“ဒ … ဒါရိုက်တာလီ ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ”

“ဟော်ရန်ကျားရဲ့ အဓိကဇာတ်လိုက်က လီကျင့်ပဲ”

လီထိုက်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလေသည်။

*ဒါက …*

ထပ်မံ အတည်ပြုလိုက်သော စကားကြောင့် လူတိုင်း မှင်တက်သွားသည်။ လီထိုက်က အဘယ်ကြောင့် လီကျင့်ကို ရွေးလိုက်သလဲ သူတို့ စဉ်းစား၍ မရချေ။

“ဒါရိုက်တာလီ သေချာ မကြားလိုက်ဘူးထင်တယ်၊ ဒီလီကျင့်က ဝူဟန်နဲ့ ပြဿနာ တက်ထားတာနော်”

ချန်ဖုန့်က ကသိကအောက်ဖြစ်စွာ ရှင်းပြသည်။

“မင်းက ငါ့ဆုံးဖြတ်ချက်ကို သံသယ ဝင်တာလား”

လီထိုက်က ပြတ်သားသော ပြန်ပြောလိုက်သည်။ ထို့နောက် သူက ချန်ဖုန့်ကို စိုက်ကြည့်၍ ဆက်ပြော၏။

“မင်း ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်နေရာအတွက် ငါ့ကို တောင်းဆိုမလို့ လာတာ မဟုတ်လား”

“ဟုတ်တယ်”

ချန်ဖုန့်က တင်စီးသော အပြုံးမျိုး ပြုံးလိုက်သည်။

“ငါ့ဘေးက ဒီအမျိုးသမီးက ယန်ယွဲ့ပဲ၊ သူက မျက်မမြင် အမျိုးသမီး ယွဲ့စီဇာတ်ကောင်ကို စိတ်ဝင်စားနေတာ၊ ခင်ဗျား နည်းနည်းလောက် စဉ်းစားပေးလို့ရမလား”

သူတို့ အစောပိုင်းက လူရွေးပွဲ အခန်းသို့ လာရသည့် အကြောင်းရင်းမှာ လီထိုက်နှင့် စကားပြောရန် ဖြစ်သည်။

“ဘာမှစဉ်းစားစရာ မလိုဘူး၊ မင်း ထွက်သွားလို့ရပြီ”

လီထိုက်က ခေါင်းခါ၍ ယတိပြတ် ပြန်ပြောလိုက်သည်။

“ဒါရိုက်တာလီ ဒါ ဘာသဘောလဲ၊ ငါတို့အားလုံးက အနုပညာ လောကထဲကပဲလေ၊ ကျုပ်ကို မျက်နှာသာ နည်းနည်း ပေးပါဦးလား”

ချန်ဖုန့်က မျက်နှာရှစ်ခေါက်ချိုးဖြင့် ပြောလေသည်။

“ဟော်ရန်ကျားရဲ့ သရုပ်ဆောင်တွေအားလုံး ရွေးပြီးသွားပြီ၊ ငါတို့ ဆက်ရွေးဖို့ မလိုတော့ဘူး”

လီထိုက်က အေးစက်စွာ ပြောသည်။

“လီထိုက် မင်း လွန်နေပြီ”

ချန်ဖုန့် ဒေါသထွက်သွားသည်။

“မင်းရဲ့ ရုပ်ရှင်က ရှစ်လေ့နဲ့ ပြိုင်ရမှာ၊ ဒီလို အဆောတလျင် ပြင်ဆင်တဲ့အပြင် နာမည်ကြီး သရုပ်ဆောင်တွေပါ မပါဘူး၊ မင်း ဘာနဲ့ ပွဲထုတ်မှာလဲ၊ ကျုပ်လိုလူက ခင်ဗျားကို လာရှာတာနဲ့တင် ဂုဏ်ယူသင့်နေပြီ၊ ငါက သူရဲကောင်းက ရိုက်ကူးရေးသမားတွေကို ငါ သွားတွေ့လိုက်ရမလား”

“မင်းသဘောပဲ”

လီထိုက် အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ကောင်းတာပေါ့၊ ခင်ဗျား စောင့်နေလိုက်”

ချန်ဖုန့်က အသက်ပြင်းပြင်း ရှူလိုက်သည်။

“ငါက သူရဲကောင်း ရုပ်ရှင်က အလားအလာ ကောင်းနေပြီးသား၊ ငါ အပို အားစိုက်ထည့်ပေးလိုက်မယ်၊ မင်းရုပ်ရှင် ပိုးစိုးပက်စက် မအောင်မြင်တာကို ငါ ကြည့်ချင်သား”

ယန်ယွဲ့ကလည်း အေးစက်စက် မျက်နှာထား ဖြစ်နေ၏။ သူမက လီကျင့်ကို အထင်သေးစွာ ကြည့်သည်။

“လီကျင့် လီထိုက်နဲ့ ပေါင်းနိုင်တယ်ဆိုတော့ နင် အစွမ်းအစတော့ ရှိသားပဲ၊ ဒါပေမဲ့ ဒါတွေအားလုံးက ခဏပဲ၊ ငါက သူရဲကောင်းနဲ့ ယှဉ်လိုက်ရင် ဟော်ရန်ကျားက အမှိုက်တကာ့ အမှိုက်ထိပ်ခေါင်ပဲ၊ နင့်နာမည်က သေချာပေါက် ပျက်စီးဦးမှာ”

သူတို့ ပြောချင်သလို ပြောပြီးနောက် အတူတူ ထွက်သွားကြသည်။

“ဒါရိုက်တာလီ ခင်ဗျား …”

လီကျင့် ငေးငိုင်နေရာမှ သတိဝင်လာသည်။ သူက လီထိုက်ကို မယုံနိုင်သလို ကြည့်နေပြီး အိပ်မက် မက်နေသည်ဟု ခံစားမိနေ၏။

“တော်လောက်ပြီ၊ ဘာမှမပြောနဲ့တော့၊ တစ်စုံတစ်ယောက်က မင်းကို အာမခံပြီး ထောက်ခံနေမှတော့ မင်း အကောင်းဆုံးသာ လုပ်တော့၊ ငါတို့ကို စိတ်မပျက်စေနဲ့”

လီထိုက်က ရယ်၍ ပြောလိုက်သည်။

လီကျင့် နှုတ်ခမ်း တဆတ်ဆတ် တုန်လာပြီး မျက်လုံး၌ မျက်ရည် ဝေ့လာသည်။ သူ့အတွေးထဲ၌ စကားလုံး များစွာ ရှိနေသော်လည်း ဟုတ်ကဲ့ဟု တစ်ခွန်းသာ ပြောနိုင်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေမိသည်။

လီထိုက်က ဘယ်သူ့ကို ရည်ရွယ်၍ ပြောသလဲ သူ သိပါသည်။ သူ့အတွက်နှင့် လီထိုက်က အခြားသူနှင့် ရန်လုပ်နိုင်သဖြင့် ထိုလူက အတော်လေး ပေးဆပ်ထား၍ ဖြစ်ရပေမည်။

သူ လက်သီးကို တင်းနေအောင် ဆုပ်လိုက်မိသည်။ ဤကြင်နာမှုကို သူ ဘယ်သောအခါမှ မေ့မည် မဟုတ်ပါ။

All Chapters