အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း။ ၃၅
"တကယ်ပဲလား"
"ဟုတ်ကဲ့ အသေအချာပါပဲ။ နဂါးဒေါသကျင့်စဉ်ကို အခြေခံအဆင့်ရောက်အောင် ကျင့်ကြံဖို့ တစ်နှစ်စာဆိုရင် လုံလောက်မယ်ထင်ပါတယ်။ တကယ်လို့ အဲဒီအဆင့်ကို မရောက်သေးဘူးဆိုရင်လည်း နောက်ထပ်တစ်နှစ်စာ ထပ်တိုးမှာပေါ့"
ဤစကားကို ကြားလိုက်ရသောအခါ ဝမ်ပင်းသည် စိတ်ထဲမှနေ၍ မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
(ငါတော့ သူဌေးကြီးဖြစ်ပီဟေ့)
"တစ်နှစ်စာအတွက် ကျသင့်ငွေက ရွှေဒင်္ဂါး ၁၈,၂၅၀ ဖြစ်မယ်"
ဝမ်ပင်းသည် သူ၏စိတ်ထဲတွင် အမြှောက်ကိန်းများကို အသုံးပြု၍ တွက်ချက်ကာ တိကျသော ကိန်းဂဏန်းကို ပြောပြလိုက်ခြင်းပင်။
ဟွမ်ယီမှာ အံ့အားသင့်သွားပြီး "ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ သင်္ချာတွက်ချက်မှုက တကယ်ကို တော်တာပဲ။ လက်တွက်စက်တောင် သုံးဖို့မလိုဘူးနော်" ဟု ဆိုလိုက်၏။
ဝမ်ပင်းသည် စိတ်ထဲတွင် ဂုဏ်ယူစွာဖြင့် ခိုးပြုံးလိုက်မိသည်။
ဒါကတော့ အမှန်ပဲလေ။ ငါက အမြှောက်ကိန်းတွေကို အသုံးချပြီး တွက်လိုက်တာကိုး။
ဟွမ်ယီ၏ လက်ထဲမှ ငွေစက္ကူအထပ်ကို လက်ခံရရှိပြီးနောက် ဝမ်ပင်းက ရေတွက်ကြည့်
လိုက်သည်။
"အတိအကျပဲ ၁၈,၂၅၀"
ရန်လီလီနှင့် ကျောက်ချင်းတို့ ပေးချေခဲ့သော ငွေများကိုပါ ပေါင်းထည့်လိုက်သောအခါ ၁၉,၂၅၀ ပင်။
နောက်ဆုံးတွင် ယွင်လျောင်၏ ရွှေဒင်္ဂါး ၅,၀၀၀ ကိုပါ ထပ်မံပေါင်းထည့်လိုက်ရာ...
"၂၄,၂၅၀"
"ငွေစာရင်းထဲကို ရွှေဒင်္ဂါး နှစ်သောင်းကျော် ဝင်လာပြီဆိုတော့ အတော်လေးကြာကြာ သုံးလို့ရပြီပဲ"
ဝမ်ပင်းသည် တစ်ခါမျှ ဤမျှများပြားသော ငွေစက္ကူအထပ်လိုက်ကို မကိုင်ဖူးခဲ့သဖြင့် ပျော်
ရွှင်စွာဖြင့် အိပ်ဆောင်နယ်မြေမှ ထွက်ခွာလာခဲ့သည်။ သူသည် လမ်းလျှောက်ရင်း ဒီငွေတွေကို ဘယ်လိုသုံးရမလဲဟု စဉ်းစားနေမိ၏။
မသေမျိုးဂိုဏ်းက ဒီလောက်တောင် ကျယ်နေတာ အခြေခံအလုပ်သမားတချို့ ငှားဖို့ အချိန်တန်နေပြီ မဟုတ်ဘူးလား။
ယခင်က မိုးတိမ်မြူတောင်ပေါ်သို့ တက်ရာလမ်းတစ်လျှောက်တွင် လမ်းဘေးဝဲယာရှိ အပင်များမှာ သေသပ်လှပခဲ့သော်လည်း ယခုမူ စွန့်ပစ်ထားသော ဥယျာဉ်ဟောင်းတစ်ခုအတွင်း လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။
နွယ်ပင်များသည် သွေးအေးသတ္တဝါများကဲ့သို့ပင် အပူရှိန်ကို စုပ်ယူရင်း ကျောက်ကြမ်းပြင်ပေါ်တွင် တွားသွားနေကြသည်။ လမ်းဘေးဝဲယာရှိ သစ်ကိုင်းများမှာလည်း လူ့လက်မောင်းများနှင့် ဆင်တူနေပြီး မြင်ရသူအဖို့ အလွန်ပင် ရုပ်ဆိုးအကျည်းတန်လှသည်။ အတိတ်က ဝမ်ပင်းသည် ဤအရာများကို ထူးထူးခြားခြား မခံစားခဲ့ရသော်လည်း လက်ထဲတွင် သုံးမကုန်သော ငွေများ ရှိလာသောအခါ ထိုခံစားချက်က သူ့ကို ချက်ချင်းပင် ရိုက်ခတ်လာတော့သည်။
အမှန်စင်စစ် သူကိုယ်တိုင်ပင် ဤသည်မှာ မည်သို့သော စိတ်အခြေအနေမျိုး ဖြစ်သည်ကို မသိပေ။ အကယ်၍ ဤလောကတွင် စိတ်ပညာရှင်များသာ ရှိခဲ့လျှင် သူတို့ထံသို့ သွားရောက်ပြသရန် သူ ဝန်လေးမည်မဟုတ်ပေ။
ရုတ်တရက်ဆိုသလို ဤလမ်းမကြီးမှာ ကြည့်ရသည်မှာ အလွန်ပင် မျက်စိစပါးမွှေးစရာ ကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ သူ တကယ်ပင် စိတ်ရောဂါ တစ်ခုခု ရနေပြီလား မသိတော့ချေ။
"စနစ်... ငါသာ အစေခံနားနေဆောင်ကို အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စွမ်းဆောင်ရည်မျိုး ရနိုင်မလား"
စနစ်က ပြန်ဖြေလိုက်သည်။
[ဒီလို အဆောက်အအုံငယ်လေးတွေရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ရိုးရှင်းပါတယ်။ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်ရှိခဲ့ရင်တောင် ဘာထူးမှာမို့လို့လဲ။ ကျွန်
တော့် သိထားတဲ့ပုံစံအအရ ဆန်းဝူမြို့မှာ အစေခံ ၁၀၀ ကို ဝယ်ယူမယ်ဆိုရင် ရွှေဒင်္ဂါး ၁,၀၀၀ ခန့်ပဲ ကုန်မှာပါ။ အိမ်ရှင်အနေနဲ့ စနစ်ရဲ့ အဆင့်မြှင့်တင်မှုတွေကို ဒီလိုမျိုး အဆင်အခြင်မဲ့ မဖြုန်းတီးဖို့ အကြံပြုလိုပါတယ်။]
"အစေခံ ၁၀၀ ကိုမှ ရွှေဒင်္ဂါး ၁,၀၀၀ ပဲလား။ နင်က ဒါကို ဘယ်လိုတောင် သိနေတာလဲ။ ဒါပေမဲ့ တကယ်ကို ဈေးပေါတာပဲ"
[တကယ်တော့ မသေမျိုးဂိုဏ်းက လစာမပေးဘူးဆိုရင်တောင် လူအများအပြားက ဒီမှာလာပြီး အလုပ်လုပ်ချင်ကြမှာပါ။ လူတိုင်းက ကိုယ့်ရဲ့ နောင်ရေးက ဘယ်လိုလူမျိုးတွေနဲ့ ပတ်သက်ဆက်နွှယ်နေသလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်ဆိုတဲ့ အကျိုးအကြောင်းကို နားလည်ကြပါတယ်။ မသေမျိုးဂိုဏ်းမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းအကျဉ်းလောက် သင်ယူခွင့်ရမယ်ဆိုရင်တောင် သူတို့ရဲ့ ဘဝကံကြမ္မာကို ပြောင်းလဲပစ်ဖို့ လုံလောက်နေပါပြီ]
"အဲဒါတော့ ဟုတ်ပါတယ်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်လောက် ရှိတဲ့သူတောင် ဆန်းဝူမြို့မှာ အထမ်းသမားလုပ်ရင် သာမန်လူ သုံးယောက်ကနေ ငါးယောက်စာလောက် အလုပ်လုပ်နိုင်တာပဲ"
"ဝုန်း ဝုန်း"
ဘေးနားရှိ တောင်စောင့်ခွေး ဟားဟားက ရုတ်တရက် ဟောင်လိုက်သည်။
၎င်းမှာ "နင့်ဘာသာ နင် တတွတ်တွတ် ပြောမနေနဲ့တော့။ အခု နင် ချမ်းသာနေပြီဆိုတော့ ငါ့ကို ပိုကောင်းတဲ့ အစားအစာတွေ ကျွေးတော့မှာလား။ ငါ အသားစားချင်တယ်။ အတုံးလိုက် အတစ်လိုက် ပေါင်သားအကြီးကြီးတွေ စားချင်တာ" ဟု ပြောနေသကဲ့သို့ပင်။
"ဟဲဟဲ... မနက်ဖြန်ကျရင် ငါ နင့်အတွက် ခွေးမလေးတစ်ကောင် ဝယ်ပေးမယ်လေ"
ဝမ်ပင်းက နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေသည့် အပြုံးဖြင့် ပြောလိုက်သည်။
...
အချိန်ကာလမှာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။
မိုးတိမ်မြူတောင်ခြေတွင်မူ...
ဓားအထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ အနက်ရောင် ရထားလုံးတစ်စီး ရပ်တန့်သွားပြီး ခရမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မိန်းကလေးတစ်ဦး ထွက်ပေါ်လာသည်။
သူမ၏ အနက်ရောင် ဆံကေသာများမှာ ရေတံခွန်တစ်ခုကဲ့သို့ ကျောပြင်ပေါ်တွင် ဖြာကျနေပြီး မျက်နှာထက်၌မူ ဆီးနှင်းများကဲ့သို့ အေးစက်သော အမူအရာက လွှမ်းမိုးထားသည်။ ဝါးရွက်သဏ္ဌာန် မျက်ခုံးတန်းရှည်များမှာလည်း ခရမ်းနုရောင်ကို ခြယ်သထား၏။
ရှည်လျားသော မျက်တောင်များအောက်မှ အညိုရောင်မျက်ဝန်းအစုံမှာ လူအများကို အကွာအဝေးတစ်ခု၌ ထားရှိတတ်သော အေးစက်မှုတို့ဖြင့် တောက်ပနေသော်လည်း ထိုအမူအရာ၏ နောက်ကွယ်တွင်မူ ဖုံးကွယ်ထားသော ဝမ်းနည်းရိပ်အချို့ ကိန်းအောင်းနေသည်။
နှာတံမှာ မြင့်မား၍ ကျဉ်းမြောင်းလှသဖြင့် သွေးအေးသော ခံစားချက်ကို ပေးစွမ်းနေ၏။ ယခုအခါ သူမသည် သွေးရောင်ကင်းမဲ့နေသော နှုတ်ခမ်းလွှာကို အနည်းငယ် ဖိကိုက်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူစင်သော မျက်နှာပြင်မှာလည်း အနည်းငယ် ဖြူဖျော့နေသည်။
သူမသည် တုံ့ဆိုင်းနေသော အသံဖြင့် "ငါတို့ တကယ်ပဲ တောင်ပေါ်ကို တက်ကြမှာလား" ဟု မေးလိုက်၏။
ထိုခဏ၌ ရှီဟွာသည်လည်း ရထားလုံးပေါ်မှ ဆင်းလာပြီး "ဒါပေါ့... မဟုတ်ရင် ငါက နင့်ကို ဘာလို့ ဒီအထိ ခေါ်လာမှာလဲ" ဟု ပြန်ဖြေလိုက်သည်။
"ငါ တစ်ခု ပြောပြမယ်။ နင့်ကြောင့်သာမဟုတ်ရင် မသေမျိုးဂိုဏ်းကလူတွေ ငါ့ကို လာတောင်းပန်ရင်တောင် ငါ ဒီနေရာကို ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး။ လူဆိုတာ ကိုယ့်ရဲ့ အတိတ်ကို နှုတ်ဆက်တတ်ဖို့ မလိုဘူးလား။ နင့်ကိုကြည့်ရတာ အတိတ်နဲ့ လက်ရှိအခြေအနေကို ခွာမရအောင် တွယ်ကပ်ချင်နေတုန်းပဲ"
သူမ စကားပြောနေစဉ် သူမ၏ အကြည့်မှာ မသိစိတ်ဖြင့် ဓားအထိမ်းအမှတ် ကျောက်တိုင်ထံသို့ ရောက်ရှိသွားသည်။
မသေမျိုးဂိုဏ်းဟူသော စကားလုံးမှာ သူမ၏နှလုံးသားအတွင်း၌ အမှန်တကယ်ပင် လေးလံသော အလေးချိန်တစ်ခု ရှိခဲ့ဖူးသည်။ သို့သော် ၎င်းမှာ အတိတ်ကသာ ဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင်မူ မှီခိုရာဂိုဏ်းသည်သာ သူမ၏ အိမ်ပင်။
ရှီဟွာက ခပ်ဖွဖွလေး ပြုံးလိုက်သည်။ ထို့နောက် သူမသည် ထိုမိန်းကလေး၏ လက်ကို ဆွဲကိုင်ကာ "ဒါက အကြီးအကဲကျန်း တောင်းဆိုထားတဲ့ ကိစ္စပဲဟာကို မဟုတ်ဘူးလား" ဟု ဆိုလိုက်၏။
"ဒီလိုနည်းလမ်းတွေနဲ့ လာမသုံးနဲ့။ နင် အမြဲတမ်း ဝမ်ပင်းဆိုတဲ့ လူအကြောင်း တွေးနေတာကို ငါမသိဘူးလို့ မမှတ်နဲ့။ မဟုတ်ရင် ဒီလိုကိစ္စမျိုးကို ဘယ်သူ့ကိုမဆို လွှဲပေးလို့ရပါရက်နဲ့ နင်ကိုယ်တိုင် မိုးတိမ်မြူတောင်ကို လာဖို့ ဇွတ်အတင်း လုပ်ခဲ့တာပဲ။ ဒါကိုသာ လူတွေသိသွားရင် နင် သူတို့ကို ဘယ်လိုရှင်းပြမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
"လီယွီမေ့"
ရှီဟွာက ထိုမိန်းကလေး၏ အမည်ကို ရုတ်တရက် ကျယ်လောင်စွာ ခေါ်လိုက်သည်။ သို့သော် သူတို့၏ အကြည့်ချင်း ဆုံမိသောအခါတွင်မူ ရှီဟွာ၏ အမူအရာမှာ ချက်ချင်းပင် ပျော့ပြောင်းသွားကာ "ညီမလေးရယ်... ဒါကို သူတို့ မသိအောင် ဖုံးကွယ်ပေးပါဦး။ နင်သာ ကူညီရင် သူတို့ သိမှာမဟုတ်ပါဘူး"
"ငါ့ကံပဲလို့ပဲ သဘောထားလိုက်ပါတော့မယ်။ နင့်အတွက် ဒီလိုလျှို့ဝှက်ချက်ကို အလကားနေရင်း သိမ်းပေးထားရတာပေါ့။ ကဲ... ရှေ့ကသွား ငါ အနောက်က လိုက်ခဲ့မယ်။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်နော်။ ငါ လှေကားထစ်တွေနားမှာပဲ စောင့်နေမယ်။ ပင်မဆောင်ဘက်ကိုတော့ လုံးဝ လိုက်မှာမဟုတ်ဘူး"
လီယွီမေ့က ပြတ်ပြတ်သားသား ပြောလိုက်၏။
"ကောင်းပါပြီ"
စကားပြောပြီးနောက် ရှီဟွာသည် မိုးတိမ်မြူတောင်ပေါ်သို့ စတင်တက်လှမ်းခဲ့သည်။ လမ်းတစ်လျှောက် ဖြတ်ကျော်လာပြီးနောက် သူတို့သည် အဆင့်တစ်ထောင် လှေကားထစ်များ၏ အစသို့ ရောက်ရှိလာကြသည်။
လီယွီမေ့သည် ခေတ္တရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် "အဲဒီတုန်းက ငါတို့ မသေမျိုးဂိုဏ်းကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ" ဟု ပြောလိုက်သည်။
"ဟင်"
ရှီဟွာက ခေါင်းလှည့်ကြည့်သည်။
"ဒီကျောက်လှေကားတွေကို ကြည့်ပါဦး။ နေရာအနှံ့မှာ သစ်ရွက်ခြောက်တွေနဲ့။ လမ်းဘေးဝဲယာကို သန့်ရှင်းရေးလုပ်မယ့်သူလည်း တစ်ယောက်မှမရှိဘူး။ ကျောက်လှေကားတွေပေါ်မှာ ပေါက်နေတဲ့ မှော်တွေကိုတောင် ခြစ်ထုတ်မယ့်သူ မရှိတော့ဘူး။ တစ်စုံတစ်ယောက်ကသာ ဒီမှာရပ်ပြီး ဒီနေရာဟာ တစ်ချိန်က အဆင့် ၂ ရှိတဲ့ ဂိုဏ်းကြီးဖြစ်ခဲ့ဖူးတယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ဝမ်ပင်း ဂိုဏ်းချုပ်ဖြစ်လာကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိသားပဲ။ တွေ့လား... ငါပြောတာ တကယ်မှန်တယ်"
"ဝမ်ပင်းက အခု အရင်နဲ့မတူတော့ပါဘူး သူ ပြောင်းလဲသွားပြီ။ သူ ဂိုဏ်းရဲ့ ဝတ်စုံကိုတောင် စပြီး ဝတ်နေပြီလေ။ နင် မှတ်မိသေးလား အရင်တုန်းက သူက ဂိုဏ်းဝတ်စုံ မဝတ်ချင်လို့ဆိုပြီး ဂိုဏ်းချုပ်ကြီးက သူ့ကို လေ့ကျင့်ရေးကွင်းထဲမှာ တစ်လပတ်လုံး ပစ်ထားခဲ့တာလေ။ အဲဒီတုန်းက သူ အပြင်းအထန် အရိုက်ခံရလွန်းလို့ ကုတင်ပေါ်ကနေ တစ်လလုံး ဆင်းလို့တောင် မရခဲ့ဘူး မဟုတ်လား"
"အဲဒါ ဘာဖြစ်လဲ ဝတ်စုံဝတ်တာပဲဟာကို။ အရင်တုန်းက သူ ဝတ်နိုင်ပါရက်နဲ့ မဝတ်ချင်ခဲ့တာ။ အခုတော့ သူက ဝတ်ချင်လို့ မဟုတ်ဘဲ မဝတ်လို့မရလို့ ဝတ်နေရတာလေ"
"တော်ပြီ... ဆက်မပြောပါနဲ့တော့။ ဝမ်ပင်းသာ ဒါတွေကို ကြားသွားရင် ငါတို့နှစ်ယောက် သူ့ကို ဘယ်လိုမျက်နှာပြရတော့မလဲ။ ဒါ့အပြင် ငါတို့က တစ်ချိန်က သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပဲ"
"နင်ပဲ သူငယ်ချင်းဖြစ်ခဲ့တာပါ ငါကတော့ မဟုတ်ပါဘူး။ အရင်တုန်းက သူ့ရဲ့ အဆင့်အတန်းက အရမ်းမြင့်တာလေ။ ငါက သာမန်တပည့်တစ်ယောက်ဆိုတော့ သူ့ကို စကားပြောခွင့်တောင် မရှိခဲ့ပါဘူး။ ယန်မျိုးနွယ်စုက ရန်လီလီက မသေမျိုးဂိုဏ်းကိုဝင်ပြီး ကျင့်ကြံနေတယ်ဆိုတာကို ယုံရအောင် နင်ကပဲ အူကြောင်ကြောင်နိုင်တာ။ ဆောင်းတွင်းမှာ ယပ်တောင်ရောင်းတဲ့ ကုန်သည်မျိုးကို နင် တွေ့ဖူးလို့လား"
လီယွီမေ့သည် ရှီဟွာကို ဝမ်ပင်းနှင့် ဝေးရာသို့ အမှန်တကယ်ပင် ဆွဲထုတ်လိုနေခြင်းပင်။
လူတစ်ယောက်သည် သူ၏ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများအပေါ် မူတည်၍ ပြောင်းလဲသွားတတ်သည်ကို လူတိုင်း သိကြသည်။
ဟင်္သာပြဒါးနားနီး ဟင်္သာပြဒါး၊ မင်နားနီး မင်ဆိုသည့် စကားပုံကဲ့သို့ပင်။
ရှီဟွာအနေနဲ့ ဘာမှမသိနားမလည်တဲ့ ဒီဒုတိယမျိုးဆက် ဂိုဏ်းချုပ်လေးအတွက်နဲ့ အကြိမ်ကြိမ်အခါခါ ပတ်သက်နေရတာက တကယ်ပဲ ထိုက်တန်လို့လား။
"ငါ တက်သွားတော့မယ်"
"သွားလေ ငါ ဒီမှာပဲ စောင့်နေမယ်"
စကားပြောပြီးနောက် လီယွီမေ့သည် ထိုင်စရာနေရာတစ်ခုကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ စိတ်ပျက်စရာကောင်းသည်မှာ သူမ မြင်သမျှ နေရာတိုင်းတွင် သစ်ရွက်များ၊ ပေါင်းပင်များ သို့မဟုတ် သစ်ကိုင်းကျိုးများဖြင့်သာ ပြည့်နှက်နေသည်။ ထို့ကြောင့် ထိုင်စရာဟူ၍ မည်သူမျှ သန့်ရှင်းရေးမလုပ်သည်မှာ မည်မျှကြာနေပြီဖြစ်သော အပြာရောင် ကျောက်လှေကားထစ်များသာ ရှိတော့သည်။
အခန်း။ ၃၆
"ဒါ ဘယ်လို ငရဲခန်းလို နေရာမျိုးလဲ။ ထိုင်ဖို့ နေရာလေးတောင် မရှိဘူး"
လီယွီမေ့က တတွတ်တွတ် ညည်းညူနေတော့သည်။ ထို့နောက် သူမသည် ဂါဝန်အနားသတ်ကို မလိုက်ပြီး အနည်းငယ် ပိုမိုသန့်ရှင်းမည့် နေရာတစ်ခုကို ရှာကာ ခဏနားရန် ပြင်လိုက်၏။ အဆင့်တစ်ထောင်ရှိသော ကျောက်လှေကားထစ်များမှာ သူမကို အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ဤကဲ့သို့ ရှုခင်းကြည့်ရင်း ထိုင်နေရခြင်းက ပို၍ သက်သောင့်သက်သာ ရှိလှသည်။
ရှီဟွာက သူမ၏ ပခုံးများကို အနောက်မှနေ၍ ဆုပ်နယ်ပေးရင်း သူမ၏ မကျေနပ်မှုများကို လျော့ပါးအောင် ကြိုးစားပေးနေသည်။
ထိုစဉ် သူတို့နှစ်ဦး၏ အနောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ရှီဟွာ လီယွီမေ့"
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ဦး စကားမပြောရသေးမီမှာပင် ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေသော ဝမ်ပင်းက "နင်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ" ဟု လှမ်းမေးလိုက်သည်။
"နင့်ကို ပြောစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"
ရှီဟွာက ပြန်ဖြေ၏။
"အရမ်းကြီးတော့ အထင်မကြီးနဲ့ဦး။ ငါက ရှီဟွာကို လိုက်ပို့ပေးရုံတင် နင့်ကို အထူးတလည် လာရှာတာ မဟုတ်ဘူး"
လီယွီမေ့က ဝင်ရှင်းသည်။
အမှန်စင်စစ် ထိုစကားကို ပြောပြီးနောက် သူမကိုယ်တိုင်ပင် ပိုလျှံနေသည်ဟု ခံစားလိုက်ရသည်။
သူ့ကို လျစ်လျူရှုထားလိုက်တာက ပိုမကောင်းပေဘူးလား။ ဘာဖြစ်လို့များ အပိုအလုပ်တွေလုပ်ပြီး ရှင်းပြနေမိပါလိမ့်။
ဝမ်ပင်းသည် တည်တင်းသော မျက်နှာပေးရှိသည့် လီယွီမေ့ကို တစ်ချက်ကြည့်လိုက်သည်။ လီယွီမေ့အနေဖြင့် စိတ်ပါလက်ပါ လာခဲ့ခြင်း မဟုတ်ကြောင်း သူ ယုံကြည်၏။ အကြောင်းမှာ ကုမ္ပဏီမှ အလုပ်ထွက်သွားသော ဝန်ထမ်းတစ်ဦးသည် သူဌေးဟောင်းနှင့် အတိတ်ဟောင်းများအကြောင်း ပြောဆိုရန် ထိုနေရာသို့ ပြန်လာတတ်သည့် အလေ့အထမျိုး သူ တစ်ခါမျှ မတွေ့ဖူးသောကြောင့်ပင်။
ထိုသို့ဖြစ်နိုင်ခြေမှာ သူသည် ယခုပင် အဆင့်တစ်ထောင်ရှိသော လှေကားထစ်များပေါ်မှ မိုးတိမ်မြူတောင်ခြေအထိ ဒလိမ့်ခေါက်ကွေး လိမ့်ဆင်းသွားသော်လည်း မည်သည့် ဒဏ်ရာမှ မရရှိခြင်းနှင့် အတူတူပင်။
သို့သော်လည်း သူသည် စိတ်ကျဉ်းမြောင်းသော လူတစ်ယောက် မဟုတ်ပေ။
အနည်းဆုံးတော့ သူသည် ရှီဟွာအပေါ် ထိုကဲ့သို့သော သဘောထားမျိုး ထားရှိမည်မဟုတ်ဘဲ အလွန်ပင် သဘောထားကြီးစွာ ဆက်ဆံလိုက်သည်။
"တောင်ပေါ်တက်လာပြီး ထိုင်ကြဦးလေ။ ကူညီစရာကိစ္စရှိတယ်ဆိုရင်လည်း ထိုင်ရင်းသောက်
ရင်း စကားပြောကြတာပေါ့"
ဝမ်ပင်းက ပြောပြောဆိုဆိုနှင့်ပင် လှည့်ထွက်သွားပြီး ကျောက်လှေကားထစ်များပေါ်မှ ပျောက်ကွယ်သွားသည်။
"အေး... ဒါမှ ဟုတ်မှာပေါ့"
လီယွီမေ့က နှာခေါင်းတစ်ချက် ရှုံ့ရင်း ထရပ်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ နင်က ဖိတ်ခေါ်နေမှတော့ ငါလည်း မျက်နှာသာပေးတဲ့အနေနဲ့ လိုက်ခဲ့ပေးပါ့မယ်ဟု ရေရွတ်လိုက်၏။
သို့သော် ရှေ့သို့ နှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် ဝမ်ပင်းက လက်နှစ်ဖက်ကို ဆန့်တန်းကာ လီယွီမေ့ကို တားဆီးလိုက်ပြီး အေးစက်စက် လေသံဖြင့် "စိတ်မရှိပါနဲ့ မသေမျိုးဂိုဏ်းက ပြင်ပလူတွေကို အဝင်မခံပါဘူး" ဟု ပြောလိုက်သည်။
"နင်"
လီယွီမေ့က ဝမ်ပင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် နောက်သို့လှည့်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော်လည်း ခဏအကြာတွင်မူ အေးစက်စွာ ရယ်မောလိုက်၏။
သူမသည် သူမ၏ ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ဒေါသများကို လှောင်ပြောင်သရော်မှုအဖြစ် ပြောင်းလဲလိုက်သည်။
"မသေမျိုးဂိုဏ်းက ဒီလောက်တောင် ပျက်စီးယိုယွင်းနေတာကို နင်က တကယ်ပဲ ငါ တက်ချင်နေတယ်လို့ ထင်နေတာလား"
"အဲဒါဆိုရင်တော့ အကောင်းဆုံးပေါ့"
ပြောပြီးသည်နှင့် ဝမ်ပင်းသည် လှည့်ထွက်သွားတော့သည်။
လီယွီမေ့သည် သူမ၏ ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း စိတ်ထဲမှ ဒေါသတောက်လောင်မှုကို မအောင့်နိုင်ဘဲ ခြေဆောင့်လိုက်မိသည်။
ရှီဟွာက လီယွီမေ့ကို အတူတူတက်ရန် ဖိတ်ခေါ်ပြီး ဝမ်ပင်းမှာ နောက်ပြောင်နေခြင်းသာ ဖြစ်သည်ဟု ပြောသော်လည်း လီယွီမေ့ကမူ ခေါင်းကို အပြင်းအထန် ခါယမ်းနေတော့သည်။ ထို့ကြောင့် ရှီဟွာမှာ မတတ်သာတော့ဘဲ ဝမ်ပင်းနှင့်အတူ နှစ်ယောက်တည်း ထွက်ခွာလာခဲ့ရသည်။
သူတို့နှစ်ဦး ဇရပ်တစ်ခုအတွင်းသို့ ဝင်ရောက်လာသောအခါ ကျောက်စားပွဲတစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး လက်ဖက်ရည်ခွက်များကို မြှောက်ကာ စကားစမြည် ပြောဆိုကြသည်။ လီယွီမေ့ကို အကြာကြီး စောင့်ခိုင်းမိမည်ကို စိုးရိမ်သဖြင့် ရှီဟွာသည် အပိုစကားများစွာ မပြောတော့ဘဲ မနေ့ကကိစ္စများကိုလည်း အထူးတလည် မမေးမြန်းတော့ချေ။
အမှန်စင်စစ် ဝမ်ပင်း၏ စကားများမှာ အမှန်တကယ် ဟုတ်မဟုတ်ကို သူမ အလွန်ပင် သိချင်နေမိသည်။
ထို့ပြင် သူမ၏ ဌာနခွဲရှိ ဒိုင်လူကြီးဆယ်ဦး၏ ကန့်ကွက်မှုများ ကြားမှပင် ကျန်းယွီယဲ့က ဘာလို့ မသေမျိုးဂိုဏ်းကို အစွမ်းကုန် ကူညီဖို့ ရွေးချယ်ခဲ့တာလဲဆိုသည်ကိုလည်း သူမ သိချင်နေသည်။
ရှီဟွာက "ဝမ်ပင်း... ဒုဥက္ကဋ္ဌကျန်းက အစွမ်းကုန် ကြိုးစားပေးခဲ့ပေမဲ့ ဂိုဏ်းရဲ့ အဆင့်သတ်မှတ်ချက် မြှင့်တင်ရေး လုပ်ငန်းစဉ်ကတော့ ကျရှုံးသွားခဲ့ပြီ" ဟု ပြောလိုက်သည်။
"ဟင် ဘာဖြစ်လို့လဲ"
မနေ့ကတင် ကျန်းယွီယဲ့က အရာအားလုံးကို အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ပြောခဲ့သည်ကို သူ သတိရလိုက်သည်။
တစ်ညတည်းနဲ့တင် အခြေအနေတွေက ဒီလောက်အထိ ပြောင်းလဲသွားရတာလား
"မနေ့က သူမ အစည်းအဝေးတစ်ခုကို ဦးစီးကျင်းပခဲ့ပေမဲ့ ဌာနခွဲက ဒိုင်လူကြီးဆယ်ဦးက တစ်ယောက်နဲ့တစ်ယောက် ကြိုတင်ပူးပေါင်းပြီး မသေမျိုးဂိုဏ်းရဲ့ လျှောက်ထားမှုကို ကန့်ကွက်ခဲ့ကြတယ်။ ဒါက ငါတို့ဂိုဏ်းချုပ်ရဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်လို့ ငါ ခံစားရတယ်။ မဟုတ်ရင် ဆန်းဝူမြို့မှာ ဒုဥက္ကဋ္ဌကျန်းကို တမင်တကာ အခက်တွေ့အောင် လုပ်မယ့်သူ မရှိနိုင်ဘူး"
"ဒါကို ငါ့ကို အခုလို လာပြောပြတာက နင် မှီခိုရာဂိုဏ်းကို သစ္စာဖောက်ရာ မရောက်ဘူးလား။ နင် မကြောက်ဘူးလား"
"ဒါက တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုချက်အရ ငါလာပြောပြတာပါ။ ဒါ့အပြင် ငါတို့ဂိုဏ်းအချင်းချင်းကြားက ပဋိပက္ခတွေကို ခဏဖယ်ထားရင် ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်လား"
"ကျေးဇူးပဲ။ အမှန်တော့ ဒီကိစ္စက ဒီလောက်အေးအေးဆေးဆေး ပြီးသွားမှာမဟုတ်ဘူးဆိုတာ ငါ ကြိုတင်မှန်းဆထားပြီးသားပါ။ နင်တို့ဂိုဏ်းချုပ်က ငါ့ရဲ့ မသေမျိုးဂိုဏ်းကို အကျပ်ကိုင်ဖို့ ဆုံးဖြတ်ထားမှတော့ ငါတို့ဘက်က ဒီလောက်ခြေလှမ်းလေးနဲ့တင် အရာအားလုံးက ပြေလည်သွားပါ့မလား။ ဒါပေမဲ့ တကယ်တော့ ဘာမှမဖြစ်ပါဘူး"
အကယ်၍ အတိတ်ကသာဆိုလျှင် အခြေအနေများ ဤမျှအထိ ဆိုးရွားသွားမည်ကို သူ အမှန်တကယ် စိုးရိမ်မိပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအတားအဆီးမှာ မသေမျိုးဂိုဏ်းကို လုံးဝပျက်သုဉ်းသွားစေနိုင်သောကြောင့်ပင်။
သို့သော် ယခုမူ အခြေအနေများမှာ ကွာခြားသွားပြီဖြစ်သည်။ နေ့ဘက်တွင် ယွင်လျောင်က ဂိုဏ်းကို စောင့်ကြပ်နေသကဲ့သို့ ညဘက်တွင်လည်း မိစ္ဆာဝိညာဉ်ဓားက မသေမျိုးဂိုဏ်း၏ မြေလက်မတိုင်းကို စောင့်ကြပ်နေသည်။
အကယ်၍ သူတို့သာ အချိန်ယူပြီး တဖြည်းဖြည်း တိုးတက်လာနိုင်မည်ဆိုပါက မှီခိုရာဂိုဏ်းကို အကြီးအကျယ် တုန်လှုပ်သွားစေနိုင်မည်မှာ အသေအချာပင်။
ရှီဟွာသည် ဝမ်ပင်းထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ယနေ့ ဤသတင်းကို ကြားသိရစဉ်က သူမကိုယ်တိုင်ပင် ချွေးစေးများ ထွက်ခဲ့ရသည်။
"ဘာမှမဖြစ်ဘူး ဟုတ်လား"
"အခြေအနေတွေက ဒီအဆင့်အထိ ရောက်နေမှတော့ ဘာမှမဖြစ်ပါဘူးလို့ ပြောတာကလွဲရင် ငါ ဘာပြောလို့ရဦးမှာလဲ"
ရှီဟွာက ခေါင်းညိတ်လိုက်ပြီး "ဪ... နင်က ဒီလိုဆိုလိုတာကိုး။ ဒါပေမဲ့ နင် စိတ်ပျက်မနေပါနဲ့ဦး။ စီနီယာ ကျန်းယွီယဲ့က လူအများရဲ့ ကန့်ကွက်မှုတွေကြားကနေ နင်တို့ အသက်ရှူချောင်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးထားပါတယ်။ နောက်တစ်လကြာရင် ဌာနခွဲဥက္ကဋ္ဌ ပြန်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီကိစ္စကို ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်အစည်းအဝေးတစ်ခု လုပ်ကြလိမ့်မယ်။ အဲဒီကာလအတွင်းမှာတော့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က မှီခိုရာဂိုဏ်းဘက်ကနေ ဘာကိုမှ ကူညီပေးမှာမဟုတ်ဘူး"
"ဒါဆိုရင် ငါက နောက်ထပ်တစ်လလောက် အေးအေးဆေးဆေး နေလို့ရသေးတာပေါ့"
"မရဘူး"
"အခြေအနေက ပိုဆိုးသွားလို့လား"
"ဟုတ်တယ်။ မနေ့ညက အဖေပြောတာ ကြားလိုက်ရတာတော့ ဂိုဏ်းက အခု မသေမျိုးဂိုဏ်းကို တစ်ခုခုလုပ်ဖို့ စီစဉ်နေကြတယ်တဲ့။ ဒါ့အပြင် ဒီနှစ်ရက်အတွင်းမှာ ဂိုဏ်းကလူတွေကို မသေမျိုးဂိုဏ်းဆီ လွှတ်ဖို့ရှိတယ်လို့လည်း ကြားတယ်။ သူတို့ရဲ့ အစီအစဉ်က ဘာလဲ။ ဘာလုပ်မှာလဲဆိုတာတော့ ငါလည်း သေချာမသိဘူး"
"သူတို့က အရှက်ရလို့ ဒေါသထွက်နေကြတာလား"
"အဲဒီလိုပဲ ဖြစ်မှာပေါ့။ ဒါကြောင့် ဝမ်ပင်း... နင် သတိထားရမယ်နော်။ သူတို့က နင့်ကို စကားနဲ့လာပြီး လှောင်ပြောင်ရင်တောင် စိတ်လိုက်မာန်ပါ မလုပ်မိဖို့ သတိရပါ။ အရာရာကို သည်းခံရမယ်။ မဟုတ်ရင် သူတို့က အခွင့်ကောင်းယူပြီး မသေမျိုးဂိုဏ်းကို အရေးယူဖို့ အကွက်ဆိုက်သွားလိမ့်မယ်"
"ငါ နားလည်ပါတယ်။ သူတို့ဘက်က အရင်မစသရွေ့ ငါလည်း ဘာမှလုပ်မှာမဟုတ်ဘူး"
"အဲဒါ အကောင်းဆုံးပေါ့"
ရှီဟွာက ပြုံးလိုက်၏။ ထို့နောက် သူမသည် လက်ဖက်ရည်ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ကောင်းကင်ယံကို ကြည့်နေသည်။ သူမ ဤနေရာတွင် ကြာမြင့်စွာ နေမိပြီဟု ခံစားနေရသကဲ့သို့ပင်။
အမှန်စင်စစ် သူတို့ စကားပြောနေသည်မှာ ငါးမိနစ်၊ ခြောက်မိနစ်ခန့်သာ ရှိသေးပြီး စကားလုံး အနည်းငယ်သာ ဖလှယ်ခဲ့ကြခြင်းပင်။
ရှီဟွာသည် မတ်တပ်ရပ်ကာ ဝမ်ပင်းကို နှုတ်ဆက်လိုက်တော့သည်။
"ငါ ပြောစရာရှိတာတွေတော့ ပြောပြီးပြီ။ ဝမ်ပင်း... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဒါက ငါ နင့်ကိုလာတွေ့တဲ့ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်ထင်တယ်"
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်သည်။
ရှီဟွာ လှည့်ထွက်သွားပြီးနောက် ဝမ်ပင်း၏ စိတ်ထဲတွင် သတိထားရမည့် အသိစိတ်များ ပိုမိုမြင့်တက်လာခဲ့သည်။ အချိန်ခြောက်လ ကြာပြီးနောက်တွင် မှီခိုရာဂိုဏ်းသည် နောက်တစ်ကြိမ် ဗိုက်ဆာလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် အမဲလိုက်ရန် ပြင်ဆင်နေသည့် ဆာလောင်မွတ်သိပ်နေသော တောခွေးတစ်အုပ်ကဲ့သို့ပင် မသေမျိုးဂိုဏ်းဆီသို့ ခုန်အုပ်ရန် ပြင်နေကြပြီး အတိတ်က သူတို့ မစားခဲ့ရသေးသည့် အသားစများကို အကုန်အစင် ဝါးမြိုပစ်ရန် ကြံစည်နေကြခြင်းပင်။
ယခုအချိန်တွင် ဝမ်ပင်း၌ မှီခိုရာဂိုဏ်းကို ယှဉ်ပြိုင်တိုက်ခိုက်ရန် အင်အား အတိအကျ မရှိသေးသကဲ့သို့ ထိုဂိုဏ်း၏ ဝါးမြိုမှုမှ ရုန်းထွက်နိုင်ရန်လည်း နည်းလမ်းမရှိသေးချေ။ ထို့ပြင် မှီခိုရာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်စွမ်းလည်း မရှိသေးသည်မှာ အမှန်ပင်။
သို့သော်ငြားလည်း ဝမ်ပင်းက စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်မှာ မှီခိုရာဂိုဏ်းမှလူများ လာရဲသည်ဆိုလျှင် သူသည်လည်း နေဝင်ချိန်အောက်တွင် သူတို့၏ သွေးများဖြင့် ရေသပ္ပာယ်ပေးရန် ဝန်လေးမည်မဟုတ်ပေ။
သူ့တွင် ထုတ်သုံးစရာ လျှို့ဝှက်လက်နက်များစွာ ရှိနေသဖြင့် သူ မကြောက်ပေ။ ထို့ပြင် သူ့တွင် စနစ်ရှိနေသောကြောင့် အချိန်မရွေး ပြန်လည် နာလန်ထူလာနိုင်သေးသည်။ သို့သော် မှီခိုရာဂိုဏ်းအတွက်မူ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိသော သူတို့၏ အကြီးအကဲတစ်ဦး သေဆုံးသွားရခြင်းမှာ နှစ်ပေါင်းများစွာ စိတ်မကောင်းဖြစ်ရမည့် ကိစ္စမျိုး ဖြစ်နေပေလိမ့်မည်။
ရှီဟွာ တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လီယွီမေ့သည် ဝမ်းသာအားရ ပြေးသွားသည်။ သို့သော် ရှီဟွာ၏ အနောက်တွင် လိုက်ပါလာသော ဝမ်ပင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေးမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ သူမသည် အသံကိုနှိမ့်ကာ ရှီဟွာကို တစ်စုံတစ်ခု ကပ်ပြောလိုက်၏။ ဝမ်ပင်း ကြားလိမ့်မည်မဟုတ်ဟု သူမ ထင်မှတ်နေသော်လည်း ဝမ်ပင်းကမူ သူမပြောသမျှကို အတိုင်းသား ကြားနေရသည်။
"ဒီမှာ လူတစ်ယောက်မှ မရှိပါလား။ နင်ပြောတဲ့ ရန်လီလီက ဘယ်မှာလဲ။ ပြီးတော့ အဆင့်တစ်ဆယ်သုံးရှိတဲ့ အကြီးအကဲကရော ဘယ်မှာလဲ"
"သွားကြစို့"
ရှီဟွာက ပြန်မဖြေဘဲ လီယွီမေ့ကို ဆွဲကာ ထွက်ခွာသွားတော့သည်။
လီယွီမေ့သည် မထွက်ခွာမီ ဝမ်ပင်းကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ ၎င်းမှာ နှမြောတသဖြစ်၍ ကြည့်ခြင်းမျိုးမဟုတ်ဘဲ ဝမ်ပင်း၏ သနားစဖွယ် အခြေအနေကို ကြည့်ခြင်းသာ။
တစ်ချိန်က အဆင့် ၂ ရှိသော ဂိုဏ်းကြီး၏ သခင်လေးမှာ ယခုမူ တောင်တန်းကြီးကို အဖော်ပြု၍ ငှက်ကလေးများကို သူငယ်ချင်းဖွဲ့ကာ တစ်ဦးတည်း ကျန်ရစ်နေခဲ့ရသည်။
ဒါက ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်မလဲ။ ကံတရားရဲ့ အလှည့်အပြောင်းက တကယ်ကို ဆန်းကြယ်တာပဲ။ အတိတ်မှာ အဆင့်အတန်း မြင့်ခဲ့ရင်ရော ဘာဖြစ်လဲ။ အခုလို ပြုတ်ကျသွားတဲ့အချိန်မှာတော့ ငါနဲ့ ယှဉ်ရင်တောင် နိမ့်ကျနေပြီ မဟုတ်ဘူးလား။
ဝမ်ပင်း၏ အဆင့်အတန်းအရ အတိတ်ကသာ သူ အနည်းငယ်မျှ ပိုပြီး ကြိုးစားခဲ့မည်ဆိုပါက မှီခိုရာဂိုဏ်းနှင့် သူ၏ ဆက်ဆံရေးမှာ ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
အဆုံးတွင်မူ ဤအရာအားလုံးမှာ သူကိုယ်တိုင်ကြောင့် ဖြစ်ပေါ်လာရခြင်းသာ။
ဤကိစ္စအတွက် မှီခိုရာဂိုဏ်းကိုလည်း အပြစ်တင်၍မရသကဲ့သို့ မသေမျိုးဂိုဏ်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သူများကိုလည်း အပြစ်ဆို၍ မရနိုင်ပေ။