← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း။ ၃၇

မသေမျိုးဂိုဏ်းက ဒီလောက်အထိ ဆုတ်ယုတ်ပျက်စီးနေတာတောင် ဝမ်ပင်းကတော့ မာန်တက်နေတုန်းပဲ။ သူက ကိုယ့်ကိုယ်ကိုယ် အဆင့် ၂ ရှိခဲ့တဲ့ ဂိုဏ်းကြီးရဲ့ သခင်လေးလို့ ထင်နေတုန်းလား။

ဤကဲ့သို့သော ငရဲခန်းနှင့်တူသည့် နေရာမျိုးသို့ နောင်တွင် တစ်စုံတစ်ယောက်က ဖိတ်ခေါ်

လျှင်ပင် လီယွီမေ့အနေဖြင့် လုံးဝလာတော့မည်မဟုတ်ပေ။

သူမနှင့် ရှီဟွာတို့ တောင်အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာကြစဉ်မှာပင် တောင်ခြေ၌ အမည်းစက်ကလေးများစွာ ရုတ်တရက် ပေါ်ပေါက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအမည်းစက်ကလေးများသည် စုရုံးလာကြပြီး လှေကားထစ်များအတိုင်း တက်လှမ်းလာကြခြင်းပင်။ အနားသို့ နီးကပ်လာသောအခါတွင်မူ ရှီဟွာ၏ မျက်နှာပေးမှာ တည်ကြည်လေးနက်သွားတော့သည်။

သူမသည် တောင်အောက်မှ လူများကို ကြည့်ရှုရင်း ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်လာကာ တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်နေသကဲ့သို့ အနောက်သို့ ပြန်လည်လှည့်ကြည့်လိုက်မိသည်။

သူမ တွန့်ဆုတ်နေသည့် အချိန်မှာပင် လီယွီမေ့က ရှီဟွာ၏ လက်ကို ရုတ်တရက် ဆွဲကိုင်ကာ တောအုပ်အတွင်းသို့ ဆွဲခေါ်သွားပါတော့သည်။

“နင် ဘာတွေ တွေးနေတာလဲ။ ငါတို့ မသေမျိုးဂိုဏ်းကို တိတ်တဆိတ် လာခဲ့တာကို အကြီးအကဲသာ သိသွားရင် ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”

“သူတို့ ဒီလောက်အမြန် ရောက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး”

ချုံပုတ်ထဲတွင် ပုန်းကွယ်နေသော ရှီဟွာက သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“နင် ဘာပြောလိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူး အကြီးအကဲယန်က အခုလိုအချိန်မှာ လူအများကြီးနဲ့ မသေမျိုးဂိုဏ်းဆီ လာတယ်ဆိုတော့ အရေးကြီးတဲ့ကိစ္စ တစ်ခုခုတော့ ရှိမှာပဲလို့ တွေးမိလို့ပါ”

“ပွဲကောင်းကြည့်ရတော့မှာပဲ”

“ဘာလဲ”

“စဉ်းစားကြည့်လေ အကြီးအကဲယန်က မှီခိုရာဂိုဏ်းအပေါ် အရမ်းသစ္စာရှိတဲ့သူ။ ဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေးကလည်း ရေနဲ့မီးလိုပဲလေ။ အခု သူက လူဆယ်ယောက်ကျော်နဲ့ ဒီကိုလာတယ်ဆိုမှတော့ ပြဿနာရှာဖို့မဟုတ်ရင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဖို့ လာတာများ ဖြစ်နိုင်ပါ့မလား”

လီယွီမေ့သည် မသေမျိုးဂိုဏ်း၏ ကံဆိုးမိုးမှောင်ကျမှုကို ဝမ်းသာအားရ ဖြစ်နေပြီး သူမဘေးရှိ ရှီဟွာကို တံတောင်ဖြင့် တို့လိုက်သည်။

“နင် ဝမ်ပင်းကို တိတ်တဆိတ် သွားပြီး သတင်းပို့ချင်နေတာတော့ မဟုတ်ပါဘူးနော်”

“အို... မဟုတ်ပါဘူး...”

လီယွီမေ့၏ အမေးကြောင့် ရှီဟွာမှာ အမြီးနင်းခံလိုက်ရသည့် ကြောင်ကလေးတစ်ကောင်ကဲ့သို့ တုန်လှုပ်သွားရသည်။

"အဲဒီလို အတွေးမျိုး မရှိတာ အကောင်းဆုံးပဲ။ သူ့လိုလူမျိုးက နည်းနည်းပါးပါး အဆုံးမခံရသင့်ဘူးလား။ သူကိုယ်သူ အမှားအယွင်းမရှိတဲ့သူလို့ အမြဲတွေးနေတာ။ တကယ်ပဲ သူ့ကိုယ်သူ အရမ်းတော်လှပြီလို့ ထင်နေတာလား မသိဘူး"

ထို့နောက်တွင်မူ လီယွီမေ့က ဆက်မပြောတော့ဘဲ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားမှသာ ပုန်းအောင်းရာနေရာမှ ထွက်လာခဲ့သည်။ တစ်စုံတစ်ယောက်က မြင်သွားမည်ကို စိုးရိမ်သဖြင့် သူမသည် မိုးတိမ်မြူတောင်ပေါ်မှ အမြန်ဆုံး ဆင်းရန် ဆုံးဖြတ်လိုက်၏။

အကြီးအကဲယန်က ဝမ်ပင်းကို စကားကျယ်ကျယ်ပင် မပြောရဲအောင် မည်သို့နှိပ်ကွပ်မည်ကို အလွန်ပင် မြင်တွေ့လိုနေသော်လည်း အမြင်ခံရမည်ကို ကြောက်သဖြင့် သူမ အရင်ထွက်ခွာသွားရခြင်းပင်။

ကံကောင်းသည်မှာ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရလဒ်ကတော့ တစ်ခုတည်းသာ ရှိပေလိမ့်မည်။

ညနေခင်း အချိန်ဝန်းကျင်...

ကောင်းကင်ယံမှ နီမြန်းသော အလင်းရောင်ခြည်များမှာ တောင်ထိပ်ပေါ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး တောင်စောင်းများနှင့် ရေပြင်ကို နီရဲသော အရောင်အသွေးများဖြင့် ခြယ်သထားသည်။

မှီခိုရာဂိုဏ်းမှ သက်ကြီးအကြီးအကဲတစ်ဦးဖြစ်သူ ယန်ဟွာသည် လူတစ်ဆယ့်သုံးဦးပါဝင်သော အဖွဲ့ကို ဦးဆောင်ကာ မိုးတိမ်မြူတောင်ပေါ်သို့ ပြင်းထန်သော အရှိန်အဝါဖြင့် တက်လှမ်းလာခဲ့သည်။ ထို့နောက် သူတို့သည် လူသူကင်းမဲ့နေသော ပင်မဆောင်ရှေ့တွင် ရပ်ကာ ဝေ့ဝဲကြည့်ရှုလိုက်ကြ၏။ ယန်ဟွာက မူလနေရာတွင်ပင် ရပ်နေသော်လည်း သူ၏နောက်ပါလူများမှာ ပတ်ဝန်းကျင်ကို စစ်ဆေးရန် လူစုခွဲလိုက်ကြသည်။

မကြာမီမှာပင် အားလုံး ပြန်ရောက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဦးလေးဝမ် ကို ဓားစာခံအဖြစ် ဖမ်းဆီးလာပြီး ပင်မဆောင်ရှေ့ရှိ ကျောက်ခြင်္သေ့ရုပ်တုအောက်တွင် မြေပြင်ပေါ်သို့ ဖိနှိပ်ကာ ချုပ်ကိုင်ထားလိုက်၏။

ယန်ဟွာသည် အိုမင်းမစွမ်းဖြစ်နေသော ထိုအဘိုးအိုကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး

"အဘိုးကြီး... မင်းတို့ဂိုဏ်းချုပ် ဘယ်မှာလဲ" ဟု မေးမြန်းလိုက်သည်။

မင်းတို့ဂိုဏ်းချုပ် ဘယ်ရောက်နေလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ

ဦးလေးဝမ်က ထိုသူကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ သူ၏ စိတ်ထဲတွင်မူ ကိုယ့်ဂိုဏ်းချုပ် ပျောက်နေတာကို ငါလို အဘိုးကြီးတစ်ယောက်ကို လာမေးနေရသလားဟု တွေးတောကာ ရယ်ချင်နေမိ၏။

သို့သော်လည်း တစ်ဖက်လူ၏ ကြမ်းတမ်းခက်ထန်သော ပုံစံကို မြင်တွေ့နေရသဖြင့် ဦးလေးဝမ်မှာ စိတ်ထဲရှိသည့်အတိုင်း ထုတ်မပြောရဲဘဲ တိုးတိုးလေးသာ ညည်းညူနေမိတော့သည်။

"ဟွန်း"

အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ယန်ဟွာသည် မှီခိုရာဂိုဏ်း၏ အကြီးအကဲတစ်ဦး၌ ရှိသင့်ရှိထိုက်သော အိန္ဒြေမူရာများကို လျစ်လျူရှုလိုက်ပြီး လူမိုက်တစ်ယောက်ကဲ့သို့ ပြုမူတော့သည်။ သူသည် ဒေါသတကြီးဖြင့် သူ၏ဓားရိုးကို လှမ်းကိုင်လိုက်၏။

ဓားအိမ်အတွင်းမှ ဓားဆွဲထုတ်လိုက်သည့်အသံနှင့်အတူ အဖြူရောင် အလင်းတန်းတစ်ခု ဝင့်ခနဲ ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ဦးလေးဝမ်၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။

ဦးလေးဝမ်သည် မသေမျိုးဂိုဏ်းတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း သူသည် သာမန်တံမြက်စည်းလှည်းသမား၊ သာမန်လူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူ၏လည်ပင်းနားတွင် ဓားတစ်လက် ရောက်ရှိနေသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ သူသည် အလွန်အမင်း ထိတ်လန့်သွားပြီး ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။ မှီခိုရာဂိုဏ်းမှ တပည့်တစ်ဦးက သူ့ကို ထိန်းမပေးထားပါက သူ လဲကျသွားပေလိမ့်မည်။ ဦးလေးဝမ်သည် သူ၏ပခုံးပေါ်ရှိ ထက်မြက်လှသော ဓားသွားကို မကြာခဏ လှမ်းကြည့်နေမိသည်။

လက်တစ်လုံးစာမျှသာ ပိုနီးကပ်သွားပါက သူ အသက်ပျောက်သွားနိုင်သည်။

သို့သော်လည်း ယန်ဟွာသည် ဤမြင်ကွင်းကို မြင်သော်လည်း အေးစက်မြဲ အေးစက်နေဆဲပင်။ သူ၏စိတ်ထဲတွင်မူ တစ်ဖက်လူသည် သာမန်လူတစ်ဦးဖြစ်စေကာမူ မသေမျိုးဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်နေသူ ဖြစ်ပါက သူသည် လုံးဝ ကရုဏာထားမည်မဟုတ်ပေ။ ထို့ပြင် သူ ဤနေရာသို့ လာရခြင်းမှာလည်း ပြဿနာရှာရန်အတွက်သာ ဖြစ်သည်။ အကယ်၍ သူသာ မသေမျိုးဂိုဏ်းမှ လူများကို အရှိန်အဝါဖြင့် မနှိမ်ကွပ်ထားပါက သူတို့ ကြောက်ရွံ့ကြမည်မဟုတ်ပေ။

မသေမျိုးဂိုဏ်းသည်ကျန်းယွီယဲ့၏ အကူအညီကို ဘယ်လိုလုပ် ရုတ်တရက် ရသွားတာလဲဆိုသည်ကို သူ မသိသော်လည်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အကူအညီမပါလျှင်ပင် မသေမျိုးဂိုဏ်းသည် မှီခိုရာဂိုဏ်း၏ အိတ်ကပ်ထဲမှ ငွေအိတ်ကဲ့သို့သာ ဖြစ်နေပြီကို သူ သိထားသည်။ ဤသည်မှာ မည်သူမျှ ပြောင်းလဲ၍မရသော လက်တွေ့ဘဝပင်။

သူက အေးစက်စက်ဖြင့် ထပ်မံမေးမြန်းလိုက်သည်။

"ပြောစမ်း... အဲဒီ ဝမ်ပင်းဆိုတဲ့ ကောင်စုတ် ဘယ်မှာလဲ။ နင် မပြောဘူးဆိုရင် ငါ နင့်ကို သတ်ပစ်မယ်"

ဓားသွားမှာ ပိုမိုနီးကပ်လာပြီး ဦးလေးဝမ်၏ လည်ပင်းကို တိုက်ရိုက် ထိတွေ့နေပြီ ဖြစ်သည်။

ယန်ဟွာသာ အနည်းငယ်မျှ ဖိချလိုက်မည်ဆိုပါက ဒဏ်ရာတစ်ခု ပွင့်ထွက်လာပြီး ဓားသွားမှာ သွေးရောင်ဖြင့် နီရဲသွားပေလိမ့်မည်။

"ရပ်လိုက်စမ်း"

မိုးသံကြားဆောင်မှ အနည်းငယ် နောက်ကျ၍ ရောက်လာသော ဝမ်ပင်းသည် ပင်မဆောင်နှင့် ကပ်လျက်ရှိသော တောအုပ်အတွင်းမှ ထွက်ပေါ်လာသည်။ သူသည် ဦးလေးဝမ် ဘေးကင်းသည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် ယုံကြည်မှုအပြည့်ဖြင့် ပင်မဆောင်ဆီသို့ လျှောက်လှမ်းလာပြီး ယန်ဟွာနှင့် ကျန်ရှိနေသောသူများကို အေးစက်စွာ ကြည့်ကာ "နင်တို့ မှီခိုရာဂိုဏ်းက လူတွေရဲ့ အမူအရာက ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ။ သာမန် အဘိုးအိုတစ်ယောက်ကိုတောင် လာပြီး အနိုင်ကျင့်နေကြတယ်ပေါ့" ဟု ပြောလိုက်သည်။

အကယ်၍သာ ဝမ်ပင်း၌ စွမ်းအားရှိမည်ဆိုပါက ယန်ဟွာရှိရာသို့ လျှောက်သွားပြီး အားရပါးရ ကန်ပစ်လိုက်ချင်စိတ် ပေါက်နေမိသည်။

လူတစ်ယောက်ဟာ ဘယ်လိုလုပ် ဒီလောက်အထိ အောက်တန်းကျပြီး စက်ဆုပ်ရွံရှာဖို့ ကောင်းနေရတာလဲ။

မှီခိုရာဂိုဏ်းက မသေမျိုးဂိုဏ်း၏ ကျောပြင်ကို ဓားဖြင့် ထိုးနှက်ခဲ့သည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ဝမ်ပင်းအနေဖြင့် အားကြီးသူက အားနည်းသူကို အနိုင်ယူစတမ်းဆိုသည့် လောကနိယာမကို နားလည်သကဲ့သို့ မသေမျိုးဂိုဏ်းက သူတို့ကြောင့် ပြိုကွဲပျက်စီးခဲ့ရသည်ဆိုသည့် အမှန်တရားကိုလည်း လက်ခံနိုင်သည်။ နောင်တစ်ချိန်တွင် သူသည် မှီခိုရာဂိုဏ်းကို ပြန်လည်ရင်ဆိုင်ရသည့်အခါ၌လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကိုပင် အသုံးပြုမည်ပင်။

သို့သော် အဆင့် ၁၃ ၌ ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးက အသက် ၁၀၀ နီးပါး ရှိနေပြီဖြစ်သည့် ခုခံနိုင်စွမ်းမရှိသော အဘိုးအိုတစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်နေခြင်းမှာမူ အင်မတန်မှ အရှက်သိက္ခာကင်းမဲ့သော လုပ်ရပ်ပင်။

ဝမ်ပင်း၏ လှောင်ပြောင်မှုကို ကြားရသည့်အခါ ယန်ဟွာက ဒေါသမထွက်သည့်အပြင် ရယ်မောလျက် “မင်းက အရင်နဲ့တော့ တကယ်ကို မတူတော့ဘူးပဲ။ မသေမျိုးဂိုဏ်းရဲ့ သခင်လေးက လူလားမြောက်လာပြီပေါ့လေ” ဟု ပြောလိုက်သည်။

သို့သော် ဝမ်ပင်းက သူ့ကို ကြည့်မနေသကဲ့သို့ ယန်ဟွာ ပြောဆိုနေသည်များကိုလည်း ဂရုမစိုက်ပေ။ သူ အာရုံစိုက်နေသည်မှာ ဦးလေးဝမ်၏ လည်ပင်းနားတွင် ရှိနေသည့် ဓားသွားဆီသို့သာ ဖြစ်သည်။ သူက “အကြီးအကဲယန်... ငါ ဒီကို ရောက်နေပြီပဲ။ နင့်လက်ထဲက ဓားကို ချဖို့ အချိန်မတန်သေးဘူးလား” ဟု ပြောကြားလိုက်သည်။

ယန်ဟွာက ရယ်မောလိုက်သော်လည်း ဓားကိုမူ ဖယ်ရှားပေးခြင်း မရှိပေ။ သူက ကျေနပ်အားရသော လေသံဖြင့် “မြို့စားမင်းဆီက ဘယ်သူမှ လာမကူညီနိုင်တာကို သိလိုက်ရတော့ အရမ်း စိတ်ပျက်သွားလား” ဟု မေးမြန်းသည်။

“နင်က ဒီကိုလာပြီး အာဏာပြချင်တာဆိုရင်တော့ နင် အောင်မြင်သွားပါပြီ”

“ကောင်းပြီလေ။ တကယ်လို့ မင်း ဒီအဘိုးကြီးကို ကယ်တင်ချင်တယ်ဆိုရင် ငါတို့နဲ့ အရောင်းအဝယ်တစ်ခု လုပ်မလား”

“ဘာအရောင်းအဝယ်လဲ”

အမှန်စင်စစ် ဝမ်ပင်း မမေးမြန်းလျှင်ပင် ယန်ဟွာက ပြောပြလာမည်ကို သူ သိရှိနေသည်။ ယန်ဟွာက သူ၏ဘေးနားရှိ ဝတ်စုံနက်ဝတ် တပည့်များကို တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့ထဲမှ တစ်ဦးက ရွှေဒင်္ဂါး ၅,၀၀၀ တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးသည်။

“ရွှေဒင်္ဂါး ၅,၀၀၀ နဲ့ ငါ့ကို ဆေးတောင်နဲ့ ဖေးကျားတောင်ကို ရောင်းလိုက်ပါ”

“ငါက မရောင်းဘူးလို့ ပြောရင်ကော”

“ငါ ဒီအဘိုးကြီးကို အရင်သတ်မယ် ပြီးရင် မသေမျိုးဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ မြို့စားမင်းက မင်းကို သေချာပေါက် ကူညီလိမ့်မယ်လို့ မင်း ထင်နေတာလား။ ဒါပေမဲ့ မသေမျိုးဂိုဏ်းသာ လုံးဝ ပျောက်ကွယ်သွားပြီဆိုရင် ပျောက်ကွယ်သွားတဲ့ အင်အားစုတစ်ခုအတွက်နဲ့ မြို့စားမင်းက ငါတို့ မှီခိုရာဂိုဏ်းကို ရန်မူလိမ့်မယ်လို့ မင်း ထင်နေလား”

အမှန်အတိုင်း ပြောရလျှင် ဝမ်ပင်းက သူ့ကို တောင်များ မရောင်းချမည်ကို သူ မစိုးရိမ်ပေ။ ယခုအချိန်တွင် ဝမ်ပင်းကို နှိမ်ကွပ်ရန် သူ၏ဦးနှောက်အတွင်း၌ နည်းလမ်းပေါင်း ၁၀၀ မက ရှိနေသည်။ မသေမျိုးဂိုဏ်းမှ လူများကို ဓားစာခံအဖြစ် အသုံးပြုခြင်းမှာ နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။

တကယ်လို့ ဝမ်ပင်းက ဤအဘိုးကြီး၏ အသက်ကို ဂရုမစိုက်ဘူးဟုဆိုလျှင်လည်း ကိစ္စမရှိပေ။ သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ၌ ရှိသော ပညာရှင်တစ်ဦးပင်။ သူ၏ လက်ချောင်းလေးတစ်ချောင်းကို ခတ်လိုက်ရုံမျှဖြင့် ဤဂိုဏ်းချုပ်ငယ်လေးကို လောကကြီးမှ ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်သည်။ အမှန်ဆိုလျှင် ထိုသို့ပြုလုပ်ခြင်းက ပို၍ပင် စင်ကြယ်ဦးမည်ဖြစ်ပြီး ရွှေဒင်္ဂါး ၅,၀၀၀ ပင် ပေးနေရန် မလိုတော့ပေ။

အကြီးအကဲ အစည်းအဝေးမှ လူများက သိပ်ကို ဂရုစိုက်လွန်းနေကြခြင်းပင်။ မသေမျိုးဂိုဏ်းတွင် လျှို့ဝှက်လက်နက်များ ရှိနေဦးမလားဟု စိုးရိမ်ကာ ငတ်ပြတ်နေသော ကုလားအုတ်မှာ မြင်းထက်တော့ ကြီးနေဆဲပင်ဟု သူတို့က ယူဆနေကြခြင်းပင်။

ဤမျှ ရိုးရှင်းသော အကျိုးအကြောင်းကို ဝမ်ပင်း နားလည်လိမ့်မည်ဟု သူ ယုံကြည်နေမိသည်။

အခန်း။ ၃၈

ဝမ်ပင်းသည် မှီခိုရာဂိုဏ်းတပည့်၏ လက်ထဲမှ ရွှေဒင်္ဂါး ၅,၀၀၀ တန် ငွေစက္ကူနှင့် ယန်ဟွာ၏ ဓားစာခံဖြစ်နေသော ဦးလေးဝမ်တို့ကို စိုက်ကြည့်နေမိသည်။ ယခုအချိန်တွင် သူ၏နှလုံးသားအတွင်း၌ ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်နေ၏။ သူသည် ရွေးချယ်စရာ နှစ်ခုအနက်မှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး ဤသည်မှာ PUBG ကစားရာတွင် အသင်းဖော်ကို အရင်ကယ်မလား သို့မဟုတ် ရန်သူ့ကျောပိုးအိတ်ထဲမှ သေနတ်ကို အရင်ယူမလား ရွေးချယ်ရသကဲ့သို့ ခက်ခဲလှသည်။

ဆေးတောင်နှင့် ဖေးကျားတောင်တို့သည် မသေမျိုးဂိုဏ်း၏ အဓိကတောင်ထိပ်ကြီး လေးခုအနက် နှစ်ခုဖြစ်သည်။ ထိုတောင်များမှ ရရှိသော သယံဇာတများကြောင့် မသေမျိုးဂိုဏ်းသည် ဆန်းဝူမြို့၏ ထိပ်သီးတွင် နှစ်ပေါင်းတစ်ရာတိုင်တိုင် ရပ်တည်နိုင်ခဲ့ခြင်းပင်။

ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ပထမဆုံးဂိုဏ်းချုပ်ကြီးမှာ မသေမျိုးဂိုဏ်းအတွက် မိခင်တစ်ဦးကဲ့သို့ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ဂိုဏ်းချုပ်အဆက်ဆက်မှာလည်း ပုခက်တွင်းမှ ကလေးငယ်နှင့်တူသော ဂိုဏ်းတော်ကြီးကို စောင့်ရှောက်ခဲ့ကြသည့် အုပ်ထိန်းသူများ ဖြစ်ခဲ့ကြသည်။

တောင်တန်းကြီးသည် သူတို့အတွက် မှီခိုရာ အိမ်ဂေဟာ တစ်ခု ဖြစ်ခဲ့ကာ တောင်တန်းကြီးသည် မသေမျိုးဂိုဏ်းအတွက် နှစ်ပေါင်း ၁၀၀ တိုင်တိုင် မပြတ်တောက်သော သယံဇာတ များကို ပေးစွမ်းခဲ့သည်။

တောင်တန်းကြီးသည် ဝမ်ပင်း၏ မိသားစုအားလုံး ဆုံးရှုံးသွားချိန်တွင် သူ့အတွက် ခိုလှုံရာဆိပ်ကမ်း တစ်ခု ဖြစ်ခဲ့သည်။

ထိုရွေးချယ်စရာနှစ်ခုလုံးကို လျစ်လျူရှုကာ ဝမ်ပင်းသည် အလျှော့မပေးရန် ဆုံးဖြတ်လိုက်သည်။

မှီခိုရာဂိုဏ်းမှ လူများသည် ဆာလောင်နေသော တောခွေးများနှင့် တူလှသည်။ အလျှော့ပေးလိုက်ခြင်းက မသေမျိုးဂိုဏ်းကို ပေပေါင်းတစ်သောင်းနက်သော အသူရာချောက်ထဲသို့ တွန်းပို့လိုက်ခြင်းနှင့် အတူတူပင်။

နောက်ပြီးတော့... မကြာခင် ညမှောင်တော့မှာပဲဟာ…

ဝမ်ပင်းသည် ယန်ဟွာ၏ ခြိမ်းခြောက်မှုကို အမှုမထားသကဲ့သို့ တည်ငြိမ်အေးဆေးစွာပင် ပြန်လည်တုံ့ပြန်လိုက်၏။

"ယန်ဟွာ... ငါ ကျိန်ဆိုရဲတယ်။ နင်သာ ဦးလေးဝမ်ကို သတ်လိုက်မယ်ဆိုရင် ဒီနေ့ နင်ခေါ်လာတဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ရှစ်မှာရှိတဲ့ တပည့် ၁၂ ယောက်နဲ့အတူ နင်ပါ ဦးလေးဝမ်ရဲ့ အလောင်းနဲ့အတူ မြေမြှုပ်ခံရစေရမယ်"

"မင်း တစ်ယောက်တည်းနဲ့လား"

ယန်ဟွာ၏ စကားသံဆုံးသည်နှင့် ဓားမှာ လှုပ်ရှားသွားတော့သည်။ ဓားသွားမှာ ဦးလေးဝမ်၏ ပင်မသွေးကြောနှင့် အလွန်ပင် နီးကပ်သွားပြီ ဖြစ်၏။ သူ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ယနေ့ ပင်မဆောင်ရှေ့တွင် သွေးမြေကျရပေတော့မည်။

"အကြီးအကဲယွင်"

ဝမ်ပင်းက တိုးညင်းစွာ လှမ်းခေါ်လိုက်လေတော့သတည်း။

ယန်ဟွာသည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။

လေငြိမ်နေပြီး သစ်ပင်များပေါ်ရှိ သစ်ရွက်များမှာလည်း လှုပ်ခတ်ခြင်း မရှိတော့ချေ။ အရာအားလုံးမှာ ယခင်အတိုင်းပင် တိတ်ဆိတ်နေဆဲပင်။

ဒေါက်…

ဒေါက်….

ပင်မဆောင်အတွင်းမှ ကျောက်စိမ်းရုပ်တုတစ်ခုကဲ့သို့ ခန့်ညားလှသော ယွင်လျောင်သည် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ခြေလှမ်းများမှာ မလောသော်လည်း အလွန်ပင် လေးလံလှ၏။

ခြေလှမ်း ခြောက်လှမ်းအကြာတွင် သူသည် ကျောက်ခြင်္သေ့ရုပ်တုဘေး၌ ရပ်လိုက်သည်။

မည်သည့်အချိန်က ပြောင်းလဲလိုက်သည်မသိသော်လည်း သူ အမြဲဝတ်ဆင်လေ့ရှိသည့် ဝတ်ရုံရှည်အစား အင်္ကျီအနက်ရောင်ကို လဲလှယ်ဝတ်ဆင်ထားသည်။ သူ၏မျက်နှာပေါ်ရှိ သက်သောင့်သက်သာရှိသော အမူအရာများ ပျောက်ကွယ်သွားပြီး လူသတ်လိုသော အငွေ့အသက်များကြောင့် ဖြစ်ပေါ်လာသည့် တင်းမာသော အမူအရာက အစားထိုးဝင်ရောက်လာသည်။

"ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံး ကျင့်ကြံသူတစ်ယောက်ပဲ"

ယန်ဟွာ၏ မျက်သူငယ်အိမ်မှာ တစ်စုံတစ်ခုကို ထိတ်လန့်သွားသကဲ့သို့ ကျုံ့ဝင်သွားတော့သည်။ ယွင်လျောင်၏ ငယ်ရွယ်သော ရုပ်သွင်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်သွားရသည်။

ဤမျှ ငယ်ရွယ်သော အဆင့်တစ်ဆယ်သုံး ကျင့်ကြံသူမျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

သို့သော်လည်း သူ မကြောက်ပေ။ သူသည် စိတ်တိုတတ်သော အကျင့်ရှိသော်လည်း ခြေလှမ်းတိုင်းတွင် အန္တရာယ်များလှသော ဤလောက၌ အရာရာကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ခဲ့သည်။ အကြောင်းမှာ သူ၏ ဓားသိုင်းပညာသည် ဆန်းဝူမြို့တွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။

သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှိနေခဲ့ပြီး နက်နဲသောနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။

အကယ်၍ သူ၏ပြိုင်ဘက်သည်လည်း ဓားသမားတစ်ဦးသာ ဖြစ်ပါက ဆန်းဝူမြို့တွင် မည်သူမျှ သူ့ကို ဆယ်ကွက်ထက်ပို၍ ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု သူ ယုံကြည်ချက်ရှိနေသည်။

ယန်ဟွာက အေးစက်စွာ ပြောလိုက်သည်။

"လူငယ်လေး... မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား"

ယွင်လျောင်က ပြန်ဖြေလိုက်သည်။

"နင်သာ ဦးလေးဝမ်ကို သတ်လိုက်မယ်ဆိုရင် ငါ့ဂိုဏ်းချုပ် ပြောတဲ့အတိုင်း နင်တို့အားလုံးကို ဒီမှာပဲ မြေမြှုပ်ပစ်မယ်။ ဒါကြောင့် အခုချက်ချင်း နင့်ဓားကို ဖယ်လိုက်စမ်း"

ယွင်လျောင်၏ နောက်ဆုံးစကားလုံးမှာ မိုးခြိမ်းသံကဲ့သို့ပင် ဟိန်းထွက်သွားတော့သည်။

စကားသံဆုံးသည်နှင့် ယွင်လျောင်သည် လက်ချောင်းကို တစ်ချက် ခတ်လိုက်၏။

အပြာရောင် ချီစီးကြောင်းတစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ထွက်ပေါ်လာပြီး ဦးလေးဝမ်၏ လည်ပင်းနားရှိ ဓားသွားကို ရိုက်ထုတ်ရန် ဦးတည်သွားသည်။

ဒုန်း….

လက်ချောင်းမှ ထွက်ပေါ်လာသော ချီအရှိန်ကြောင့် ဓားမှာ လွင့်ထွက်သွားတော့သည်။

ထိုခဏ၌ ဝမ်ပင်းသည် ချက်ချင်းလှုပ်ရှားကာ ဦးလေးဝမ်၏ ရှေ့သို့ ပြေးဝင်သွားပြီး သူ့ကို ဆွဲကာ အနောက်သို့ ဆုတ်ခွာလိုက်၏။

သို့သော်လည်း ယန်ဟွာသည် သူ၏ဓားကို အမြန်ပြန်ထိန်းလိုက်ပြီး ဝမ်ပင်း၏ ကျောပြင်ဆီသို့ လက်ဝါးရိုက်ချက်တစ်ခု ချက်ချင်း ပစ်လွှတ်လိုက်သည်။

"ငါ့လက်ထဲကနေ လူလုချင်တာလား"

ဘုန်း…

ယွင်လျောင်၏ လက်ဝါးနှင့် ယန်ဟွာ၏ လက်ဝါးတို့ လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

အင်း...

ရလဒ်အနေဖြင့် ယန်ဟွာမှာ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပြီး အနောက်သို့ သုံးလေးလှမ်းခန့် ဆုတ်ခွာသွားရသည်။ သူ၏ဘေးနားရှိ မှီခိုရာဂိုဏ်းတပည့်များက သူ့ကို လာရောက်တွဲကူရန် ကြိုးစားကြသော်လည်း ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံး ပညာရှင်တစ်ဦး၏ မာန်မာနကြောင့် ထိုအကူအညီများကို သူက တွန်းဖယ်ပစ်လိုက်၏။

သူသည် ယွင်လျောင်ကို ပြန်ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများအတွင်းရှိ သတိထားမှုမှာ တစ်ခါမျှမရှိဖူးလောက်အောင် ပြင်းထန်လာခဲ့သည်။

လူတစ်ယောက်ကို အလေးအနက်ထားပြီး ကြည့်ခဲ့ရသည်မှာ သုံးနှစ်ပင် ရှိခဲ့ပြီဖြစ်သည်။ ထိုစဉ်က သူ ရင်ဆိုင်ခဲ့ရသူမှာ မသေမျိုးဂိုဏ်း၏ ဓားဌာနခွဲမှ ဓားနတ်ဘုရား တုရှင်းဖြစ်ပြီး တုရှင်း၏ ဓားမှာ သူ့ထက် ပိုမိုမြန်ဆန်ခဲ့သည်။ ထိုစဉ်ကလည်း တုရှင်း၏ ဓားချက်တစ်ချက်ကို ခံယူပြီးနောက် သူသည် အနောက်သို့ လေးလှမ်းခန့် ဆုတ်ခွာခဲ့ရဖူးသည်။

ယခု ဤချောမောသော လူငယ်လေး၏ လက်ဝါးရိုက်ချက်မှာ သူ့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းကို ပြန်လည်သတိရသွားစေသည်။ ၎င်းမှာ ထိုဓားနတ်ဘုရား တုရှင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

အကြောက်စရာအကောင်းဆုံးမှာ သူ၏ရှေ့တွင်ရှိနေသော ဤလူမှာ အလွန်အမင်း ငယ်ရွယ်လွန်းနေခြင်းပင်။

ယန်ဟွာက "မင်း... ဘယ်သူလဲ" ဟု မေးမြန်းလိုက်သည်။

ယွင်လျောင်က "နင် သိဖို့မလိုပါဘူး။ သာမန်လူတွေကို လာပြီး အနိုင်ကျင့်နေတဲ့ အဆင့်တစ်ဆယ်သုံး ကျင့်ကြံသူဆိုတဲ့ အမှိုက်တစ်ယောက်က ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး" ဟု ပြန်လည်တုံ့ပြန်လိုက်၏။

ဤစကားကို ကြားသောအခါ ယန်ဟွာသည် ယွင်လျောင်၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဟန်

ဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီး တည်ငြိမ်စွာပင် "မင်းသာ ငါ့နေရာမှာဆိုရင်၊

ပြီးတော့ မင်းက မှီခိုရာဂိုဏ်းကနေ ဒီနေရာကို ပြဿနာရှာဖို့ ရောက်လာတာဆိုရင်ကော... အားနည်းတဲ့ အစေခံတစ်ယောက်ကို အလွတ်ပေးပါ့မလား" ဟု ပြောလိုက်သည်။

"ငါတို့ဆိုရင်တော့ ပေးတယ်"

ယွင်လျောင် မဖြေရသေးမီမှာပင် ဝမ်ပင်းက ဖြတ်ပြောလိုက်သည်။

"ငါတို့သာ နင်တို့လို စိတ်ဓာတ်မျိုး ရှိခဲ့မယ်ဆိုရင် အရင်တုန်းက နင်တို့ မှီခိုရာဂိုဏ်း စတင်ကြီးထွားလာချိန်မှာတင် ငါ့ရဲ့ မသေမျိုးဂိုဏ်းက နင်တို့အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်လို့ ရတာပဲ"

"နင်တို့က စိတ်ပျော့ကြတာကိုး ငါတို့ကတော့ အဲဒီလိုမဟုတ်ဘူး"

"ဒါကြောင့်လည်း လူနဲ့ တိရစ္ဆာန်ကြားမှာ ကွာခြားချက် ရှိနေတာပေါ့"

"ဟမ့် စကားတတ်လိုက်တာ။ မင်းမှာ ဒီလောက်အထိ ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သတ္တိရှိနေတာ မဆန်းပါဘူး။ ဒီလို ပညာရှင်တစ်ယောက်က မသေမျိုးဂိုဏ်းဆီ ရောက်နေတာကိုး။ ဒါပေမဲ့ အရမ်းကြီးတော့ ဝမ်းမသာလိုက်နဲ့ဦး။ အခု အခြေအနေက ရှင်းနေတာပဲ။ ငါသာ ဆေးတောင်နဲ့ ဖေးကျားတောင်ကို ရွှေဒင်္ဂါး ၅,၀၀၀ နဲ့ ဝယ်လို့မရဘူးဆိုရင် နောက်တစ်ခါ ငါပြန်လာတဲ့အချိန်ဟာ မသေမျိုးဂိုဏ်းရဲ့ လမ်းဆုံးပဲ ဖြစ်လိမ့်မယ်။ ဝမ်ပင်း... မင်း မဖြေခင် သေသေချာချာ စဉ်းစားနော်"

ထိုခဏ၌ပင် သာယာနာပျော်ဖွယ်ကောင်းသော မိန်းကလေးတစ်ဦး၏ အသံမှာ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

"နင် စိတ်ရောဂါများ ရနေတာလား"

ထိုအသံ ပေါ်ထွက်လာသောအခါ ယန်ဟွာသည် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။ စကားပြောသူမှာ မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ သူက စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်၏။ နွားငယ်လေးက ကျားကို မကြောက်ဘူးဆိုသည့် စကားမှာ အမှန်ပင်။

သာမန်ပါရမီနှင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်သုံးသာ ရှိသော သူမသည် မှီခိုရာဂိုဏ်းတွင်ဆိုလျှင် သာမန်တပည့်လေးတစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။

ယန်ဟွာက "မိန်းကလေး... ထမင်းကိုတော့ ကြိုက်သလို စားလို့ရပေမဲ့ စကားကိုတော့ အဲဒီလို မပြောသင့်ဘူးနော်။ နင့်ရဲ့ အသက်လေးကို မကာကွယ်နိုင်ဘဲ ဖြစ်သွားမှာ စိုးရတယ်" ဟု ပြောလိုက်သည်။

"ဟွန်း... ငါက ပြောလိုက်ပြီလေ ဘာဖြစ်လဲ"

ဟွမ်ယီသည် အစက ဂိုဏ်းချုပ်အနေဖြင့် ဤကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် ထွက်မလာရန် ဆုံးဖြတ်ထားခြင်းပင်။ သို့သော် အခြေအနေကို အဝေးမှ အကဲခတ်နေသည်မှာ ကြာလာသောအခါ မှီခိုရာဂိုဏ်းမှ လူများသည် အလွန်ပင် လွန်လွန်းလှသည်ဟု ခံစားလိုက်ရသည်။

မသေမျိုးဂိုဏ်းရဲ့ တောင်ထိပ်ကြီးတွေကို ရွှေဒင်္ဂါး ၅,၀၀၀ တည်းနဲ့ ဝယ်ချင်နေကြတာလား။ တကယ်လို့ အဲဒီတောင်တွေကိုသာ ရောင်းလိုက်ရင် ငါ့ရဲ့ မိစ္ဆာအရှိန်အဝါကို ထိန်းပေးထားတဲ့ အိပ်ဆောင်နယ်မြေနဲ့ ဆွဲငင်အားနယ်မြေတွေကိုပါ ဆုံးရှုံးရမှာပေါ့။

သူမသည် ဤနေရာတွင် နေထိုင်ရန်အတွက်ပင် တစ်နှစ်စာ ရွှေဒင်္ဂါး တစ်သောင်းကျော် အကုန်အကျခံထားသူ ဖြစ်သည်။ ထို့ပြင် သူမသည် မသေမျိုးဂိုဏ်းတွင် ကျင့်ကြံရန်လည်း ရည်ရွယ်ထားသည်။ ယခု တစ်ဖက်လူက ရုတ်တရက် လာရောက်နှောင့်ယှက်နေခြင်းမှာ သူမ မနေ့ညကမှ ချမှတ်ခဲ့သော သုံးနှစ်တာ ကျင့်ကြံရေး အစီအစဉ်ကို ဖျက်ဆီးနေသကဲ့သို့ပင်။

ယန်ဟွာက ဤစကားကို ကြားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "သည်းခံနိုင်စရာ မကောင်းတဲ့ ကောင်မလေးပဲ" ဟု ဆဲရေးလိုက်၏။

ထို့နောက် သူသည် ဟွမ်ယီကို လျစ်လျူရှုကာ ဝမ်ပင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် ဝမ်ပင်းဘက်သို့ ပြန်လှည့်လိုက်သည်။

သို့သော် ဟွမ်ယီ၏ မလျှော့သော အသံမှာ သူ၏အနောက်မှ ထပ်မံထွက်ပေါ်လာပြန်သည်။ "အခုချက်ချင်း ထွက်သွားလိုက်စမ်း။ မဟုတ်ရင် ငါ့အဖေကို တိုင်ပြောပြီး နင် လမ်းမလျှောက်

နိုင်ဘဲ ထမင်းမစားနိုင်တဲ့ထိ လုပ်ပစ်မယ်။ နင်က အကြီးအကဲ တစ်ယောက်ဆိုရုံနဲ့ ကိုယ့်ကိုယ်

ကိုယ် အရမ်းတော်လှပြီလို့ မထင်နဲ့။ အရှေ့ပိုင်းအိုင်ဒေသက အရမ်းကျယ်တာ။ နင့်ထက် တော်တဲ့သူတွေ အများကြီး ရှိတယ်"

"သေချင်နေတာပဲ"

ဟွမ်ယီ၏ စကားကြောင့် ယန်ဟွာသည် သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။

သူ၏ဓားကို ဝှေ့ယမ်းကာ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် တောင်စောင့်ခွေး ဟားဟားသည် ရုတ်တရက် ခုန်ထွက်လာပြီး ယန်ဟွာကို ပြေးဝင်ကာ တိုက်ခိုက်တော့သည်။

ဟွမ်ယီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဟားဟား... ပြန်လာခဲ့"

"နုံအတဲ့ ခွေးစုတ်"

ယန်ဟွာသည် ၎င်းကို သူ၏ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

ဟားဟားသည် နာကျင်စွာ အော်ဟစ်ရင်း ငါးမီတာ၊ ခြောက်မီတာခန့် အကွာအဝေးသို့ လွင့်ထွက်သွားပြီး ဟွမ်ယီ၏ ဘေးနားရှိ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်သွားတော့သည်။

All Chapters