← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း။ ၃၉

"ဟားဟား"

ဟွမ်ယီသည် မနည်းအားယူကာ ထရပ်ရန် ကြိုးစားနေသော ဟားဟားကို ကြည့်ရင်း မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာသည်။ အဘယ်ကြောင့်ဆိုသော် ဟားဟားကို ဤနေရာသို့ သူမကိုယ်တိုင် ခေါ်ဆောင်လာခဲ့ခြင်းကြောင့်ပင်။

ထိုခဏ၌ ဝမ်ပင်းသည် ဒေါသအလွန်အမင်းထွက်ကာ ယန်ဟွာကို ပြေးဝင်တိုက်ခိုက်ရန် ပြင်နေသော ယွင်လျောင်ကို လှမ်းဆွဲတားလိုက်သည်။

ယွင်လျောင်မှာ ဝမ်ပင်း ဘာလို့ အခုလိုလုပ်ရတာလဲဆိုသည်ကို လုံးဝနားမလည်နိုင်ဖြစ်နေရ၏။ ဝမ်ပင်းအနေဖြင့် မှီခိုရာဂိုဏ်းနှင့် ထိပ်တိုက်တွေ့ရန် ကြောက်ရွံ့နေတာလားဟုပင် သူ တွေးတောမိသွားသည်။

"ဂိုဏ်းချုပ်"

ယွင်လျောင်သည် ဇဝေဇဝါဖြစ်နေပြီး ဝမ်ပင်း၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ဝမ်ပင်းက သူ့ကို ပြန်မဖြေခဲ့ချေ။ ထို့အစား သူသည် သေလူတစ်ယောက်ကဲ့သို့ အေးစက်ငြိမ်သက်နေသော မျက်နှာပေးဖြင့် အဝေး၌ ရပ်နေသော ယန်ဟွာကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် တည်ငြိမ်စွာပင် စကားဆို၏။ အမှန်တကယ်တွင် စကားပြောသည်ဟူသော အသုံးအနှုန်းထက် သူ၏နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးတိုင်းမှာ မည်သည့် ခံစားချက်မျှ ကိန်းအောင်းမနေတော့ခြင်းပင်။

"ယန်ဟွာ... နင်သာ အစောကြီး ထွက်သွားမယ်ဆိုရင် ငါ နင့်ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ နင် ဒီနေရာကနေ ထာဝရ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"

"မင်းတစ်ယောက်တည်းနဲ့လား"

ယန်ဟွာက အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။

ငါက ဘယ်သူလဲ။

ငါ့လို မှီခိုရာဂိုဏ်းရဲ့ ထိပ်တန်းလူတစ်ယောက်ကို အကြီးအကဲယွင်တင်မကလို့ မသေမျိုးဂိုဏ်းတစ်ခုလုံး ဝိုင်းချရင်တောင် ငါ ထွက်ပြေးချင်ရင် ဘယ်သူမှ လက်ဖျားနဲ့တောင် တို့နိုင်မှာမဟုတ်ဘူး။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိတဲ့ ပညာရှင်တစ်ယောက်ကို အင်အားသုံးရုံနဲ့ သတ်လို့ရတယ်လို့ ထင်နေတာလား။ တစ်ဖက်လူရဲ့ လက်သီးက ဘယ်လောက်ပဲ မာမာပေါ့... ငါ့ဓားထက်တော့ ပိုထက်နိုင်ပါ့မလား။

သို့သော်လည်း သူသည် ဟွမ်ယီကို သင်ခန်းစာပေးရန် ခေါင်းအလှည့်တွင် ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။ သူ၏ရင်ထဲ၌ ပူလောင်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသဖြင့် သူ၏ရင်ဘတ်ကို မသိစိတ်ဖြင့် ဖြေလျှော့လိုက်မိသည်။ ထို့နောက်တွင်မူ သူသည် ဘေးနားရှိ လူများ၏ မျက်နှာပေးကို မြင်တွေ့လိုက်ရတော့သည်။

မှီခိုရာဂိုဏ်းမှ တပည့်တစ်ဆယ့်နှစ်ဦးလုံးသည် တစ်နေရာတည်းသို့ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာများမှာ ပြာနှမ်းနေကြသည်။

အကယ်၍သာ သူတို့သည် တရုတ်အော်ပရာ ကပြရမည်ဆိုပါက မျက်နှာကို အဖြူရောင်မှုန့်များ သုတ်လိမ်းနေရန်ပင် မလိုတော့ချေ။ အကြောင်းမှာ သူတို့၏ မျက်နှာများက အရိုးများကဲ့သို့ ဖြူဖျော့နေကြပြီ ဖြစ်သောကြောင့်ပင့်။

သူတို့၏ မျက်ဝန်းများအတွင်း၌ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများကို မြင်တွေ့နေရပြီး ထိုခံစားချက်မှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာနေသည်။

"သရဲ... သရဲကြီး"

"တောက် နင်တို့တွေ ငါ့ရှေ့က ဖယ်ကြစမ်း"

တပည့်တစ်ဆယ့်နှစ်ဦးစလုံးမှာ ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ အနောက်ဘက်သို့ ပြိုင်တူ ထွက်ပြေးကြတော့သည်။

သို့သော် သူတို့ အဝေးသို့ မပြေးနိုင်မီမှာပင် မီးတောက်အလျဉ်တစ်ခုမှာ သူတို့၏ ဦးခေါင်းထက်မှ ဖြတ်သန်းသွားသည်။ မိစ္ဆာဝိညာဉ်ဓား၏ စွမ်းအားဖြင့် ငရဲအသွင်ပြောင်းထားသော ဟားဟားသည် သူတို့၏အနောက်တွင် ပေါ်လာပြီး လမ်းကို ပိတ်ဆို့ထားလိုက်၏။

ထို့နောက် ဟားဟားသည် ရှေ့သို့ ခုန်အုပ်လိုက်ကာ လူတစ်ယောက်ကို လှဲသိပ်လိုက်သည်။

တစ်ချက်တည်း ကိုက်လိုက်ရုံဖြင့် ထိုသူထံမှ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ချေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှီခိုရာဂိုဏ်းတပည့်များမှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြတော့သည်။

"ကယ်ကြပါဦး"

သူတို့ထဲမှ အချို့မှာ အလန့်တကြား ထွက်ပြေးရင်း ခလုတ်တိုက်လဲကာ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျကုန်ကြသည်။ ဟားဟားက ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သူတို့မှာ အနောက်သို့ တရွတ်တိုက် ဆုတ်ခွာနေကြရ၏။

"ဟဲဟဲဟဲ…"

ယန်ဟွာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏အနောက်မှ နိမ့်ရှိုင်းသော ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုက သူ၏ပါးစပ်ကို ပိတ်ဆို့ထားသလို ခံစားလိုက်ရပြီး သူ၏ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာသည်။

၎င်း၏ လက်ချောင်းထိပ်များမှာ ရဲရဲနီနေသော သံပူများကဲ့သို့ပင် သူ၏အင်္ကျီကို တိုက်ရိုက် အရည်ပျော်စေပြီး အရေပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ယန်ဟွာမှာ အံကြိတ်ထားရလောက်အောင် နာကျင်သွားရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ကို ဆုပ်ကိုင်ထားသည့် အရာ၏ မျက်နှာကို မြင်လိုက်ရပြီး သူ၏ ထိတ်လန့်မှုမှာ တပည့် ၁၂ ဦးထက်ပင် မလျော့ပေ။

၎င်းမှာ မီးတောက်နေသော အရိုးစုကြီးတစ်ခု ဖြစ်သည်။ လက်ချောင်းများတွင် အသားဟူ၍ မရှိဘဲ သူ၏ပခုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်း တဟားဟား ရယ်မောနေခြင်းပင်။

ထိုရယ်သံမှာ ယန်ဟွာ၏ နားစည်ထဲသို့ ထိုးဖောက်၍ ဝင်ရောက်လာသည်။ ဤသည်မှာ လူ့လောကမှ ထွက်ပေါ်လာသော ရယ်သံမျိုးမဟုတ်ဘဲ မြေအောက်နက်နဲရာ အသူရာငရဲမှ လာသော အသံမျိုးဟု သူ ခံစားလိုက်ရသည်။

ဝမ်ပင်း၏ အသံမှာ တည်ငြိမ်စွာပင် ထွက်ပေါ်လာသည်။

"သူတို့အားလုံးကို မင်း သဘောရှိသာ လုပ်တော့"

"ဟားဟားဟားဟား"

မိစ္ဆာဝိညာဉ်ဓားက ထပ်မံရယ်မောလိုက်ပြန်သည်။

၎င်း၏အောက်ရှိ တောင်စောင့်ခွေးကြီးမှာလည်း သူ၏အလိုဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ ယန်ဟွာကို အခုချက်ချင်း သေစေချင်နေသည့်အလား လိုက်ဟောင်နေတော့သည်။

သို့သော် ယန်ဟွာသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ အနောက်မှ ဆုပ်ကိုင်ခံထားရသဖြင့် သေဘေးနီးနေပြီကို သူ ခံစားမိလိုက်သည်။

သူသည် သူ၏ဓားကို မြှောက်ကာ မိစ္ဆာဝိညာဉ်ဓား၏ နှလုံးသားနေရာသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။

ဓားမှာ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားပြီးနောက် ယန်ဟွာမှာ မိစ္ဆာဝိညာဉ်ဓား၏ ကြမ်းတမ်းစွာ တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။ သူသည် ငါးမီတာ၊ ခြောက်မီတာခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွား၏။ ခဏအကြာတွင်မူ သူသည် သွေးအန်ထုတ်လိုက်ရတော့သည်။

"သူ့ကို ဝိုင်းတားကြစမ်း သူ ငါ့ဓားချက်မိသွားပြီ ဒဏ်ရာရနေတာ။ သူ့ကို ဘယ်သူ နှိမ်နှင်းနိုင်မလဲ။ အဲဒီလူကို ငါ့ရဲ့ တပည့်ရင်းအဖြစ် တိုက်ရိုက် လက်ခံမယ်"

ယန်ဟွာသည် စိတ်ပျက်အားငယ်မှု အနားစွန်းသို့ ရောက်ရှိနေပြီဖြစ်ရာ တပည့်ရင်းအဖြစ် လက်ခံမည်ဟူသော မက်လုံးကို ထုတ်သုံးလိုက်ခြင်းပင်။ မှီခိုရာဂိုဏ်းတွင် အကြီးအကဲတစ်ဦး၏ တပည့်ရင်းဖြစ်ခြင်းမှာ နောင်တစ်ချိန်တွင် အကြီးအကဲဖြစ်လာမည့်သူဟု ဆိုလိုခြင်းဖြစ်ပြီး အဆင့်အတန်းမှာလည်း အလွန်မြင့်မားလှသည်။ အခြားအကြီးအကဲများနှင့် ဂိုဏ်းချုပ်တို့ကိုသာ အလေးထားရန်လိုပြီး ကျန်ရှိသည့်သူများကို ဂရုစိုက်ရန်ပင် မလိုတော့ချေ။

ကျင့်ကြံသူများ ရှာဖွေနေကြသည့်အရာမှာ မိမိဘဝနှင့် အခြားသူများကို ထိန်းချုပ်နိုင်သည့် အာဏာပင်။ အကြီးအကဲတစ်ဦး၏ တပည့်ရင်းဖြစ်လာသည်နှင့် ထိုအရာနှစ်ခုလုံးကို ချက်ချင်း ရရှိနိုင်မည်ပင်။

ထိုသို့သော အဆင့်အတန်းမျိုးရှိလျှင် ဆန်းဝူမြို့အတွင်း မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုဘဲ ခေါင်းမော့ရင်ကော့ကာ လမ်းလျှောက်နိုင်မည်ပင်။

ထိုအချိန်မှစ၍ သူတို့၏ သာမန်မိသားစုဝင်များပင် ဂုဏ်ယူဝင့်ကြွကြပေလိမ့်မည်။ ချမ်းသာကြွယ်ဝသော မှူးမတ်များနှင့် ကုန်သည်ကြီးများက သူတို့ထံ လာရောက်ဖားယားကြမည်ဖြစ်ပြီး မယားငယ်များကိုပင် အိမ်တိုင်ရာရောက် လာပို့ကြပေလိမ့်မည်။ ငွေကြေးပြတ်လပ်ချိန်တွင်

လည်း လူအများအပြားက လာရောက်ထောက်ပံ့ကြမည်ပင်။

ဤသည်မှာ နောက်ပြောင်နေခြင်းမဟုတ်ဘဲ လက်တွေ့ဘဝပင်။

သို့သော် ယန်ဟွာသည် လူတို့၏ မသိနားမလည်သော အရာများအပေါ် ကြောက်ရွံ့တတ်သည့် စိတ်နှင့် မီးတောက်နေသော အရိုးစုကို မြင်တွေ့ရချိန်တွင် ခံစားရသည့် ထိတ်လန့်မှုကို လျှော့တွက်မိသွားသည်။

"မြန်မြန်ပြေးကြ"

"ငါ့ခြေထောက်တွေ ပျော့ခွေကုန်ပြီ။ ငါ့ကိုပါ ဆွဲခေါ်သွားပါဦး။ ဟေး... မထားခဲ့ပါနဲ့ဦး... ငါ့ကိုပါ ခေါ်သွားကြပါ... နင် ငါ့မိန်းမကို သဘောကျတယ်မဟုတ်လား ငါ နင့်ကို ပေးပါ့မယ်"

သို့သော် ထိုသူ မည်မျှပင် အော်ဟစ်နေပါစေ အားလုံးက သူ့ကို လျစ်လျူရှုထားကြသည်။ အခြားသူများသည် မိစ္ဆာဝိညာဉ်ဓားက ယန်ဟွာထံသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ အလုအယက် ထရပ်ကြပြီး ကျောက်လှေကားထစ်များအတိုင်း အသက်လု၍ ထွက်ပြေးကြတော့သည်။

သို့သော် မည်သူမျှ ဟားဟား၏ လိုက်လံတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။

နာကျင်စွာ အော်ဟစ်သံများမှာ ဆက်တိုက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် အချိန်အတော်ကြာ ဟိန်းထွက်နေပြီးမှ ငြိမ်သက်သွားတော့သည်။

ဤအခိုက်အတန့်တွင် ဟွမ်ယီနှင့် အခြားသူများမှာ မှင်တက်နေသော မျက်နှာပေးများဖြင့် ရှိနေကြသည်။ အကယ်၍သာ မိစ္ဆာဝိညာဉ်ဓားသည် အစကတည်းက သူတို့ကို ဂရုမစိုက်ခဲ့ခြင်းသာမဟုတ်လျှင် သူတို့လည်း မှီခိုရာဂိုဏ်းတပည့်များထက် ပို၍ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ယုံကြည်နေကြသည်။

ယွင်လျောင်သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး မမေးဘဲမနေနိုင်တော့ချေ။

"ဂိုဏ်းချုပ်... အဲဒါ ဘာကြီးလဲ"

"ငါတို့ မသေမျိုးဂိုဏ်းရဲ့ အစောင့်အရှောက်ပဲ"

"ဒါက... သရဲတစ်ကောင်လိုပဲ။ မိစ္ဆာသတ္တဝါတွေထက်တောင် ပိုကြောက်ဖို့ကောင်းနေသေးတယ်"

ယွင်လျောင်က နောက်ထပ် တံတွေးတစ်ချက် မြိုချလိုက်ပြန်သည်။ ထို့နောက် သူသည် မသိစိတ်ဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

"အား"

"အမလေး"

ရှေ့ဘက်မှ နာကျင်စွာ အော်ဟစ်သံများကို ကြားရသောအခါ ယွင်လျောင်၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

ထိုစဉ် ဝမ်ပင်းသည် ဟွမ်ယီထံ လျှောက်သွားပြီး "နင် အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။

"ဂိုဏ်းချုပ်..."

ဟွမ်ယီမှာ ဘာပြောရမှန်း မသိတော့ချေ။ သူမသည် ဝမ်ပင်းကို ဖက်ထားရင်း ကြောက်လန့်တကြား ငိုကြွေးနေတော့သည်။

သို့သော် သူမ ငိုနေသည်မှာ ဟားဟားအကန်ခံလိုက်ရ၍လား သို့မဟုတ် မိစ္ဆာဝိညာဉ်ဓားကို မြင်တွေ့လိုက်ရ၍လား ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

ဝမ်ပင်းက "အခု အားလုံး အဆင်ပြေသွားပါပြီ" ဟု နှစ်သိမ့်လိုက်သည်။

"အင်း... အင်း..."

ဟွမ်ယီက ခေါင်းညိတ်ပြ၏။

ထိုစဉ် ယွင်လျောင်က "ဂိုဏ်းချုပ်... ကျွန်တော် သွားကူညီပေးဖို့ လိုမလား" ဟု မေးလိုက်သည်။

"မလိုတော့ဘူး။ မှီခိုရာဂိုဏ်းက လူတွေအားလုံး သေကုန်ကြပြီ"

"ဒီလောက်တောင် မြန်တာလား"

ယွင်လျောင်၏ ရင်ထဲတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်သွားရသည်။ ထိုမိစ္ဆာဝိညာဉ်ဓား၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ထပ်မံ၍ ဝဲပျံလာတော့သည်။

ယခုမူ သူကိုယ်တိုင်ပင် ကြောက်ရွံ့နေမိပြီ ဖြစ်၏။

သူ၏ ကြောက်ရွံ့မှုကို အပြင်သို့ ထုတ်မပြခြင်းသာ ဖြစ်သည်။

ခဏလေးအတွင်းမှာတင် အဆင့်တစ်ဆယ်သုံး ပညာရှင်တစ်ယောက် အသတ်ခံလိုက်ရတာပဲ။ အပြင်လူတွေသာ သိရင် ဘယ်သူမှ ယုံမှာတောင် မဟုတ်ဘူး။ နက်နဲတဲ့နယ်ပယ်က လူတစ်ယောက်သာ မဟုတ်ရင် ဒီလိုမျိုး ဘယ်သူက လုပ်နိုင်မှာလဲ။

ယနေ့နံနက်က ဝမ်ပင်းပြောခဲ့သော မသေမျိုးဂိုဏ်းကို သစ္စာဖောက်လျှင် ဟားဟားက အလွတ်ပေးမည်မဟုတ်ဆိုသည့် စကားမှာ မဆန်းတော့ချေ။

ဟားဟားက မသေမျိုးဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အစတုန်းကတော့ ငါက ဟားဟားကို တောင်ပေါ်တက်ပြီး တောဝက်ဖမ်းတတ်တဲ့ သာမန်တောင်စောင့်ခွေးတစ်ကောင်လို့ပဲ ထင်နေခဲ့တာ"

သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ မကြာသေးသော်လည်း ဝမ်ပင်းနှင့် မသေမျိုးဂိုဏ်းကို သူ မှားယွင်းစွာ အကဲဖြတ်မိခဲ့သည်။ သို့သော် ခွေးတစ်ကောင်ကိုပင် မှားယွင်းစွာ အကဲဖြတ်မိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

"ဒါဆို ဦးလေးဝမ်ကရော..."

ယွင်လျောင်သည် အသက်တစ်ရာအရွယ်ရှိပြီဖြစ်သော ဦးလေးဝမ်ကို လှမ်းကြည့်လိုက်မိသည်။ဒီလူက တကယ့်ပညာရှင်တစ်ယောက်က လူရုပ်ဖျက်ထားတာများလားဟု သူ တွေးနေမိ၏။

ဝမ်ပင်းက ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီးကာ "ဟုတ်တယ်... တကယ်ကို မြန်မြန်ဆန်ဆန်ပဲ" ဟု ပြောလိုက်သည်။

ဟွမ်ယီကို နှစ်သိမ့်ပေးပြီးနောက် ဝမ်ပင်းသည် ဦးလေးဝမ်ကို တွဲကူကာ သူနေထိုင်ရာဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ဦးလေးဝမ်... အဆင်ပြေရဲ့လား"

"ငါ့အရိုးတွေက အိုနေပြီဆိုတော့ အရင်လို ဒဏ်မခံနိုင်တော့ဘူး။ ဒါပေမဲ့ ကံကောင်းလို့ တစ်စစီ ပြုတ်မထွက်သွားသေးတာပေါ့။ မင်းအတွက်ကတော့ ငါ့ကြောင့်နဲ့ ပြဿနာတွေ မတက်စေချင်ဘူး။ မှီခိုရာဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အရမ်းခိုင်မာတာ။ အခုလက်ရှိ မသေမျိုးဂိုဏ်းက သူတို့ရဲ့ ရန်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

"ဦးလေးဝမ် စိုးရိမ်မနေပါနဲ့။ မှီခိုရာဂိုဏ်းက သန်မာတယ်ဆိုပေမဲ့ ငါတို့ မသေမျိုးဂိုဏ်းကလည်း အနိုင်ကျင့်ခံရမယ့် အစားအစာမျိုး မဟုတ်ပါဘူး။ ဪ... ဒါနဲ့ ဒီညစာ ဘာစားချင်လဲ။ ဟွမ်ယီကို ချက်ခိုင်းလိုက်မယ်လေ"

"ဒါဆို သိုးခြေထောက်လေးပဲ စားချင်တယ်။ အဲဒါ မစားရတာ အတော်ကြာနေပြီ"

"ရတာပေါ့ ခဏနေရင် ကျွန်တော် သွားဝယ်ပေးမယ်"

"အင်း... ဒါနဲ့ ဂိုဏ်းချုပ်... အရင်က ငါ့အတွက် မိန်းမရှာပေးဖို့ ပြောထားတဲ့ကိစ္စ ဘယ်လိုရှိလဲ"

ဝမ်ပင်း : "..."

ဦးလေးဝမ်သည် ခုနကတင် ဓားနှင့် ခြိမ်းခြောက်ခံရသည့် ဖြစ်ရပ်ကို မေ့သွားပြီလားဟု ဝမ်ပင်း တွေးနေမိသည်။ သို့သော်လည်း ဦးလေးဝမ်မှာ သူ၏ သေခြင်း၊ ရှင်ခြင်းကို အစကတည်းက ဂရုမစိုက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

အခန်း။ ၄၀

မှီခိုရာဂိုဏ်း…

မှီခိုရာဂိုဏ်းသည် ဆန်းဝူမြို့ပြင်ပရှိ ဖေးချီတောင်ပေါ်တွင် တည်ရှိသည်။ မိုးတိမ်မြူတောင်နှင့် မတူညီသည်မှာ ဤနေရာ၏ မြေမျက်နှာသွင်ပြင်က ပိုမိုပြန့်ပြူးခြင်းပင်။

မသေမျိုးဂိုဏ်း ဆုတ်ယုတ်လာသည့်အချိန်မှစ၍ ဆန်းဝူမြို့၏ စီးပွားရေးအချက်အချာနေရာမှာ မှီခိုရာဂိုဏ်း အနီးအနားသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဆန်းဝူမြို့၏ အကြီးဆုံး ကုန်သည်အသင်းကြီး သုံးခုမှာလည်း ဤနေရာ၌ အခြေစိုက်လာကြပြီး မြို့၏ ထုတ်ကုန်စွမ်းအား ထက်ဝက်ကျော်ကို ထိန်းချုပ်ထားကြသည်။

အကယ်၍ မသေမျိုးဂိုဏ်းမှာ တိမ်ပင်လယ်ထက်က မြင့်မြတ်သောဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်ဆိုလျှင် မှီခိုရာဂိုဏ်းမှာတော့ ဆန်းဝူမြို့ပြင်ပက နောက်ထပ်မြို့တော်တစ်ခုနှင့် တူသော ဂိုဏ်းတစ်ခုဟု ဆိုနိုင်သည်။

ရှီဟွာနှင့် လီယွီမေ့တို့ နေအိမ်သို့ ပြန်ရောက်ရုံရှိသေးစဉ်မှာပင် ခေါင်းလောင်းထိုးသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြရသည်။

ဒုန်း….

ဒုန်း….

ဒုန်း….

ခေါင်းလောင်း သုံးချက်တီးခြင်းမှာ နာရေးခေါင်းလောင်းပင်။

မှီခိုရာဂိုဏ်း၏ အကြီးအကဲအဆင့်ရှိ ပုဂ္ဂိုလ်များ ကွယ်လွန်သည့်အခါမှသာ ဤခေါင်းလောင်းကို တီးခတ်ခြင်းပင်။ ထို့နောက်တွင် ဂိုဏ်းတစ်ခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလသို့ ဝင်ရောက်ရမည်ပင်။ စည်းကမ်းချက်များအရ လူတိုင်းမှာ မိမိတို့နေအိမ်သို့ ပြန်ကြရမည်ဖြစ်ပြီး ကွယ်လွန်သူအတွက် ဆုတောင်းပေးကြရမည်ပင်။

"ဒါက..."

လီယွီမေ့က ပင်မဆောင်ရှိရာဘက်ကို သံသယဖြစ်စွာဖြင့် ညွှန်ပြလိုက်သည်။

"နာရေးခေါင်းလောင်းတီးတယ်ဆိုတာ အသက်ကျောက်စိမ်းတစ်ခု ကွဲအက်သွားလို့ပဲ။ မှီခိုရာဂိုဏ်းရဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိတဲ့ အကြီးအကဲတစ်ယောက် တကယ်ကြီး သေသွားတာလား။ ဒါက ဆုံးရှုံးမှုကြီးလွန်းတယ် မဟုတ်ဘူးလား"

အဆင့်တစ်ဆယ်သုံးရှိသော ကျင့်ကြံသူတစ်ယောက် ပေါ်ထွန်းလာရန်မှာ အချိန်၊ အခွင့်အရေးနှင့် ပါရမီဟူသော အချက်သုံးချက် စုံညီရမည်ပင်။ ထို့ကြောင့် ဆန်းဝူမြို့အတွင်းရှိ အဆင့်တစ်ဆယ်သုံး ကျင့်ကြံသူအရေအတွက်မှာ လက်နှစ်ဖက်ဖြင့် ရေတွက်၍ရနိုင်သော ပမာဏသာ ရှိသည်။

မှီခိုရာဂိုဏ်းအတွင်းမှာပင် ထိုသို့သော အဆင့်ရှိ ကျင့်ကြံသူအရေအတွက်မှာ လက်တစ်ဖက်စာမျှသာ ရှိပေလိမ့်မည်။

အကယ်၍ မျိုးနွယ်စုတစ်ခုမှာ ဤအဆင့်ရှိ ပညာရှင်တစ်ဦးကို ဆုံးရှုံးရပါက ဆုတ်ယုတ်ပျက်စီးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ မှီခိုရာဂိုဏ်းမှာတော့ ဤအချက်တစ်ခုတည်းနှင့် ပြိုလဲသွားမည်မဟုတ်သော်လည်း သူတို့၏ စုစုပေါင်းအင်အားမှာ များစွာလျော့ပါးသွားမည်မှာ အသေအချာပင်။

ရှီဟွာက ခေါင်းညိတ်လိုက်သည်။ သူမလည်း ဘာပြောရမှန်းမသိတော့သဖြင့် လီယွီမေ့နှင့်အတူ နေအိမ်အတွင်းသို့ ဝင်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို စတင်စောင့်ထိန်းကြတော့သည်။

သို့သော် သူမသည် လက်အုပ်ချီဆုတောင်းခြင်းမျိုးတော့ မလုပ်ခဲ့ပေ။ သူမ မသိသောသူတစ်ယောက်အတွက် စိတ်ရင်းဖြင့် ဆုတောင်းပေးရန်မှာ သူမအတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။

ညဉ့်နက်ပိုင်းတွင်မူ သူမ၏အခန်းတံခါးကို လာရောက်ခေါက်သည့်အသံ ထွက်ပေါ်လာသည်။ အပြင်ဘက်တွင် အသက် ၅၀ ကျော်အရွယ် အဘိုးအိုတစ်ဦး ရပ်နေ၏။ သူ၏ ဦးထုပ်အမည်းရောင်က မျက်နှာကို ဖုံးကွယ်ထားပြီး ဝတ်ရုံနက်ကြီးမှာလည်း မှောင်မိုက်သော ညယံနှင့် တစ်သားတည်းဖြစ်နေသဖြင့် ဆန်းကြယ်သောအရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။

ဤသူမှာ အမည်မသိလူတစ်ယောက် မဟုတ်ပေ။

ဤသူသည် အခြားသူမဟုတ်ဘဲ ရှီဟွာနှင့် လီယွီမေ့တို့၏ ဆရာ၊ မှီခိုရာဂိုဏ်း၏ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိသော အကြီးအကဲများထဲမှ တစ်ဦးပင်။ သူ၏ ကျော်ကြားမှုမှာ ဓားသိုင်းပညာတွင် ယန်ဟွာကို မမီသော်လည်း ဆန်းဝူမြို့တွင်တော့ အလွန်ဩဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

သူသည် ယခင်က မြို့ရိုးကိုပင် သူ၏သံလက်သီးတစ်စုံဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ဖူးသူ ဖြစ်သည်။ မသေမျိုးဂိုဏ်း ပျက်စီးသွားပြီးနောက် မြို့စားမင်းက မှီခိုရာဂိုဏ်းကို ပေါ့ပေါ့တန်တန် ရန်မစရဲခြင်း၏ အဓိကအကြောင်းရင်းမှာလည်း ဤလူကြောင့်ပင်။ မြို့ရိုးကိုပင် လက်သီးတစ်ချက်ဖြင့် ဖြိုချနိုင်သောကြောင့် စစ်သည်တော်များအနေဖြင့် ဆန်းဝူမြို့ကို မည်သို့မျှ ကာကွယ်နိုင်မည်မဟုတ်ပေ။

"ရှီဟွာ၊ ယွီမေ့... မင်းတို့ရဲ့ ဦးလေးယန် ငါတို့ကို ထားသွားပြီ။ ဒီည မင်းတို့နှစ်ယောက် ငါနဲ့အတူ သူရှိရာကိုလိုက်ခဲ့ပြီး အသုဘထိုင်ရမယ်"

အဘိုးအိုက ပြောပြီးသည်နှင့် ရှေ့သို့ လျှောက်လှမ်းသွားသည်။

လီယွီမေ့မှာ မှင်တက်သွားရသည်။ သူမက အနားသို့ကပ်ကာ "ဆရာ... ဦးလေးယန်က ဒီလောက်တောင် သန်မာတာကို ဘာဖြစ်လို့ ရုတ်တရက်ကြီး သေဆုံးသွားရတာလဲ" ဟု မေးမြန်းလိုက်၏။

အဘိုးအိုက "ငါတို့လည်း အခုထိ သေချာမသိသေးဘူး။ အမှန်တရားကို သိနိုင်ဖို့ မနက်ဖြန် အသေးစိတ် စုံစမ်းစစ်ဆေးမှုကို စောင့်ရလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ကတော့ ဒီကိစ္စတွေကို ဂရုစိုက်မနေပါနဲ့။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြစမ်း။ မှီခိုရာဂိုဏ်းက လူတစ်ယောက်ကို သတ်ရဲမှတော့ တစ်ဖက်လူအနေနဲ့လည်း ထိုက်တန်တဲ့ တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မယ်" ဟု ပြန်ဖြေသည်။

လီယွီမေ့သည် ရှီဟွာဘက်သို့ လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် တွန့်ဆုတ်နေမိသည်။

အဘယ်ကြောင့်ဆိုသော် သူမမြင်တွေ့ခဲ့သော ဦးလေးယန်မှာ အခြားသူမဟုတ်ဘဲ လွန်ခဲ့သော နှစ်နာရီခန့်ကမှ မသေမျိုးဂိုဏ်းသို့ ရောက်ရှိလာခဲ့သော ယန်ဟွာပင်။

လွန်ခဲ့တဲ့ နှစ်နာရီတုန်းကမှ အကောင်းကြီးရှိသေးတဲ့သူက အခုကျမှ ရုတ်တရက်ကြီး သေသွားတာလား။ သူ မသေမျိုးဂိုဏ်းထဲမှာတင် အသတ်ခံလိုက်ရတာများလား။

ရှီဟွာက လီယွီမေ့၏ ပခုံးကို ပုတ်ကာ အချက်ပြလိုက်ပြီးနောက် "ဘာမှ ဆက်မပြောနဲ့တော့ သွားကြစို့" ဟု ပြောလိုက်သည်။

ဤစကားတွင် အဓိပ္ပာယ်နှစ်မျိုး ပါဝင်နေသည်။ ပထမမှာ အပေါ်ယံအဓိပ္ပာယ်ဖြစ်ပြီး ဒုတိယမှာမူ ယန်ဟွာကို တွေ့ခဲ့သည့်ကိစ္စအား လီယွီမေ့ကို နှုတ်ပိတ်လိုက်ခြင်းပင်။

လီယွီမေ့သည် အတွေးပေါင်းစုံဖြင့် သူမ၏ခြေလှမ်းများကို တမင်တကာ နှေးကွေးအောင် လုပ်ထားမိသည်။

သူမ တွေးတောနေစဉ်မှာပင် ဆရာဖြစ်သူ၏ စကားသံက သူမ၏အတွေးကို ဖြတ်တောက်

ပစ်လိုက်သည်။

"မင်းတို့နှစ်ယောက် မြင်တယ်မလား။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးမှာရှိတဲ့ ပညာရှင်တစ်ယောက်က ဆန်းဝူမြို့ရဲ့ ထိပ်တန်းမှာ ရပ်တည်နေနိုင်ပေမဲ့ အဲဒါက ဘာဖြစ်လဲ။ သေခြင်းတရားဆိုတာ အမြဲတမ်း ခန့်မှန်းရခက်တယ်။ မင်းတို့ ငါတို့ဆီကိုလည်း အချိန်မရွေး ရောက်လာနိုင်တာပဲ။ ဒါက နက်နဲသောနယ်ပယ်က ပညာရှင်တွေအတွက်လည်း အတူတူပဲ"

လီယွီမေ့က ပြန်ဖြေသည်မှာ "နားလည်ပါပြီ။ ဒါက ဦးလေးယန်ကို သတ်လိုက်တဲ့သူဟာ သူ့ထက်တောင် ပိုပြီး သန်မာတယ်ဆိုတာကို သက်သေပြနေတာပဲ။ တကယ်တော့ အဲဒီလူဟာ နက်နဲသောနယ်ပယ်က ပညာရှင်တစ်ယောက်တောင် ဖြစ်နိုင်တယ်"

"ဒါက ငါပြောချင်တဲ့ အဓိပ္ပာယ်လား"

အဘိုးအိုက ခေါင်းလှည့်၍ လီယွီမေ့ကို တစ်ချက်ကြည့်လိုက်သည်။

လီယွီမေ့သည် လျှာလေးထုတ်ကာ သွားဖြဲပြလိုက်ပြီး ခုနက သူမ၏ ဦးလေးယန်နှင့် ဆုံခဲ့သည့် မြင်ကွင်းများကို ပြန်လည် မြင်ယောင်နေမိသည်။

သူမသည် ဤဖြစ်နိုင်ခြေကို မတွေးရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်နိုင်ခြေမှာ အလွန်ပင် ရူးသွပ်လွန်းလှသောကြောင့်ပင်။

မသေမျိုးဂိုဏ်းမှာ ဦးလေးယန်ကို သတ်နိုင်တဲ့နည်းလမ်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အဲဒီမှာ လူကလည်း နည်းနည်းလေးရှိတာ မဟုတ်ဘူးလား။

ထိုသို့တွေးတောနေရင်း လီယွီမေ့သည် စိတ်ထဲမှ အကျိုးအပြစ်ကို ချိန်ဆနေမိသည်။

ငါတို့ ဦးလေးယန်ကို တွေ့ခဲ့တယ်ဆိုတဲ့အချက်ကို ထုတ်ပြောလိုက်ရမလား။

အကယ်၍ သူမတို့ အခုထုတ်ပြောလိုက်မည်ဆိုလျှင် အလွန်ဆုံး အပြစ်ပေးခံရရုံသာ ရှိမည်။

သို့သော် ဘာမှမပြောဘဲ နေမည်ဆိုပါက ဦးလေးယန်သည် မသေမျိုးဂိုဏ်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သဖြင့် စုံစမ်းစစ်ဆေးမှုမှာ အလွန်ကြာမြင့်သွားပေလိမ့်မည်။

"နင် ဘာတွေ တွေးနေတာလဲ"

ထိုစဉ် ရှီဟွာက သူမကို တို့လိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ထားလိုက်ပါတော့ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်တာ အကောင်းဆုံးပါပဲ။ ဒါနဲ့ ရှီဟွာ... နင် အဲဒီအကြောင်းကို တွေးဖူးလား"

"ဘာအကြောင်းလဲ"

"မသေမျိုးဂိုဏ်းနဲ့ ပတ်သက်တဲ့... ကိစ္စလေ"

လီယွီမေ့သည် ပုရွက်ဆိတ်များ စကားပြောသံထက်ပင် တိုးညင်းသော လေသံဖြင့် မေးလိုက်

သည်။ ရှီဟွာ ကြားနိုင်မကြားနိုင်ကိုမူ သူမ မသေချာပေ။

"မသေမျိုးဂိုဏ်းမှာ ဘာကိစ္စတွေ ရှိနိုင်ဦးမှာလဲ"

ရှီဟွာက ပြောပြောဆိုဆိုနှင့် ခြေလှမ်းများကို မြှင့်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ တိုးတိုးလေး ရေရွတ်နေမိသည်။

ဒါဆို မသေမျိုးဂိုဏ်းမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိတဲ့ အကြီးအကဲတစ်ယောက် တကယ်ရှိနေတာပေါ့။ အဲဒီတုန်းက ဝမ်ပင်း ပြောခဲ့တာတွေက လိမ်ညာနေတာ မဟုတ်ဘူးပဲ

ဝမ်ပင်းဘက်သို့ ပြန်ကြည့်ရလျှင် သူ မိုးသံကြားဆောင်သို့ ပြန်ရောက်သည်နှင့် စနစ်၏ အသံထွက်ပေါ်လာသည်။

ဝမ်ပင်း၏ သုံးသပ်ချက်အရ စနစ်ပေါ်လာလျှင် အခြေအနေ နှစ်မျိုးသာ ရှိတတ်သည်။ ပထမမှာ တာဝန်သစ်များ ပေးအပ်ရန်ဖြစ်ပြီး ဒုတိယမှာမူ သူ၏ ရွှေဒင်္ဂါးများကို လိမ်လည်လှည့်ဖြား၍ ယူရန်ဖြစ်သည်။

အကယ်၍ တာဝန်ပေးအပ်ခြင်းမဟုတ်ပါက ပေါ်လာရသည့် အကြောင်းရင်းမှာ သေချာပေါက် သူ၏ရွှေများကို နှိုက်ရန်သာ ဖြစ်ပေလိမ့်မည်။

"ဂုဏ်ယူပါတယ် သခင်... အောင်မြင်မှုအဆင့် (၁) ကို ရရှိသွားပါပြီ။ အဆောက်အဦးဆိုင်ရာ လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသက်သွင်းလိုက်ပါပြီ။ သခင့်အနေနဲ့ ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်"

စနစ်၏ အသံဆုံးသည်နှင့် ဝမ်ပင်း၏ မြင်ကွင်းထဲတွင် မြေပုံတစ်ခု ပေါ်လာသည်။ ၎င်းမှာ မသေမျိုးဂိုဏ်း၏ မြေပုံတစ်ခုလုံး ဖြစ်သည်။

တောင်ထိပ်ကြီး လေးခုနှင့် ဝေးလံသီခေါင်သော ထောင့်စွန်းနေရာများအပြင်၊ အဆင့်မြှင့်တင်ထားသော ပင်မဆောင်နှင့် အိပ်ဆောင်နယ်မြေများကိုလည်း ရှင်းလင်းစွာ ပြသထားသည်။ ဝမ်ပင်းက စိတ်ထဲမှနေ၍ ထိုအဆောက်အဦး သင်္ကေတနှစ်ခုကို ထိတွေ့လိုက်သောအခါ အရောင်းဆိုင်မျက်နှာပြင် ပေါ်လာတော့သည်။

ပထမဆုံး အိပ်ဆောင်နယ်မြေဆိုင်တွင် အဝါရောင်အဆင့် နိမ့်ပါးသောသွေးကြောပညာရပ်တစ်ခုဖြစ်သည့် သန့်စင်သော ဓားဖြူသိုင်းကို ရောင်းချရန် တင်ထားသည်။ ဈေးနှုန်းမှာ ရွှေဒင်္ဂါး ၁၀,၀၀၀ ဖြစ်သည်။

သူသည် ဆက်၍ပင် မဖတ်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။

"စနစ်... ဈေးနှုန်းက ဘာလို့ ၁၀ ဆတောင် တက်သွားရတာလဲ"

"သခင်... အံ့ဩနေစရာ မလိုပါဘူး။ ပထမအကြိမ် ပြသတုန်းက အထူးလျှော့ဈေးနဲ့ ပြသခဲ့တာပါ။ သခင်အနေနဲ့ ဆက်ပြီး ကြည့်လိုက်ပါဦး"

ဝမ်ပင်းမှာ ဆက်လက်ကြည့်ရှုရန် စိတ်မပါတော့ချေ။ အိပ်ဆောင်ဆိုင်တွင် အဝါရောင်အဆင့် နိမ့်ပါးသော သွေးကြောပညာရပ် နောက်ထပ် နှစ်မျိုး ရှိသေးသော်လည်း တစ်ခုချင်းစီကို ရွှေဒင်္ဂါး ၁၀,၀၀၀ သတ်မှတ်ထားသည်။

ထိုပညာရပ် နှစ်မျိုးလုံးမှာ အစစ်အမှန် စွမ်းရည်ကို ထုတ်ဖော်နိုင်ရန် အသုံးပြုသူသည် နက်နဲသောနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေရန် လိုအပ်သည်။

၎င်းတို့မှာ သွေးကြောချီကို အသုံးမပြုဘဲ အသံကိုသာ အသုံးပြုသည့် နဂါးဟိန်းသံနှင့် ကွဲပြားသည်။

ဝမ်ပင်းသည် နဂါးဟိန်းသံကိုပင် အဆင့်နိမ့်အဆင့်သို့ မရောက်သေးသဖြင့် အခြားသွေးကြောပညာရပ်တစ်ခုအတွက် ငွေဖြုန်းရန် အစီအစဉ် မရှိသေးပေ။

ထို့နောက် ပင်မဆောင်ဆိုင်ကို ဖွင့်ကြည့်လိုက်သောအခါ ဝမ်ပင်းမှာ မှင်တက်သွားရသည်။

အကြောင်းမှာ ဆိုင်အတွင်းရှိ ပစ္စည်းတစ်ခုက သူ့ကို လက်တွေ့ဘဝဟုပင် လက်ခံနိုင်ရန် ခက်ခဲသွားစေသောကြောင့်ပင်။

စီးကရက်တစ်လိပ်လား။

ထိုနေရာတွင် မှတ်ချက်တစ်ခုလည်း ပါရှိသည်။

"သက်စောင့်သစ်ရွက်နဲ့ လုပ်ထားတဲ့ စီးကရက်။ သက်တမ်းတိုးစေတဲ့ အာနိသင်ရှိတယ်"

All Chapters