← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅) - လျိုထျန်းရွှေအင်မော်တယ် အဆင့် မိစ္ဆာသားရဲ

"နေပါဦး... တစ်ခုခု မှားနေပြီ..."

တောက်ရန် လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်စွန်းသို့ ရောက်ရှိလာချိန်တွင် ဝူရှန်းနီသည် တစ်ခုခုကို အာရုံခံမိသွားခဲ့သည်။ သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ စိတ်မှ မတုံ့ပြန်နိုင်မီ သူ၏ ခန္ဓာကိုယ်က အရင် လှုပ်ရှားသွားခဲ့၏။

ဝူရှန်းနီသည် သူ၏ မူလနေရာမှ ပျောက်ကွယ်သွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်း တိမ်တိုက်များထဲမှ ဧရာမ လက်သီးကြီးတစ်လုံး ကျဆင်းလာကာ အလင်းနှစ် သောင်းချီ ကျယ်ဝန်းသော ဧရိယာကို အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်လေသည်။

ဝူရှန်းနီသည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်မှုမှ ကင်းလွတ်သွားခဲ့၏။

ရပ်တန့်သွားပြီးနောက် ဝူရှန်းနီသည် သူ့ကို တိုက်ခိုက်လာသော အရာကို လှမ်းကြည့်လိုက်သော်လည်း ၎င်းကို မြင်တွေ့ရချိန်တွင် သူ၏ အမူအရာသည် ချက်ချင်း လေးနက်သွားခဲ့သည်။ ထိုသက်ရှိသည် ရွှေရောင်နှင့် အနီရောင် အမွေးများဖြင့် ဖုံးလွှမ်းနေကာ ၎င်း၏ အငွေ့အသက် ကို အနည်းငယ်မျှ မြင်တွေ့ရရုံဖြင့်ပင် စစ်မှန်အင်မော်တယ် အဆင့် ရှိ ကျင့်ကြံသူ တစ်ဦးကို ထိတ်လန့်သွား စေနိုင်သည်။

"ဒါက ရွှေရောင်သွေးဆာမျောက်ဝံ ပဲ... ပြီးတော့ လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်မှာတောင် ရှိနေတာ..."

ဝူရှန်းနီ၏ အမူအရာ သည် ကြည့်ရဆိုးသွားသည်။ လျိုထျန်းရွှေအင်မော်တယ် အဆင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်ဖြစ်ကာ မိစ္ဆာသားရဲ အများစုတွင်ပင် စွမ်းအားကြီးမားသည်ဟု သတ်မှတ်ခံရသော ရွှေရောင်သွေးဆာမျောက်ဝံ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

"ဒါပေမဲ့ ငါ နောက်ဆုတ်လို့ မရဘူး... ထွင်းရှစ်ဧကရာဇ် ကို သတ်နိုင်မှ ဖြစ်မယ် ပြီးတော့ ရွှေရောင်သွေးဆာမျောက်ဝံ က ဒီနေရာကို စောင့်ကြပ်နေတယ်ဆိုကတည်းက ဒါဟာ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် ဒါမှမဟုတ် သော့မော အင်မော်တယ် မဟာဧကရာဇ် တို့ရဲ့ အမွေအနှစ် နေရာတွေထဲက တစ်ခုဖြစ်ကြောင်း ညွှန်ပြနေတယ်..."

"ငါ့ရဲ့ လက်ရှိ ပြင်ဆင်မှုတွေရယ် ငါ့ရဲ့ ခွန်အားနဲ့ တိုက်ပွဲ အတွေ့အကြုံတွေရယ် ပေါင်းလိုက်ရင် ရွှေရောင်သွေးဆာမျောက်ဝံ ကို ငါ မတိုက်ခိုက်နိုင်စရာ အကြောင်းမရှိဘူး..."

ဝူရှန်းနီ သည် ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ရွှေရောင်သွေးဆာမျောက်ဝံ သည် ရှေ့သို့ ခုန်တက်ကာ ဝူရှန်းနီထံသို့ ပြေးဝင်လာလေ၏။

ဘုန်း...

"သောက်ကျိုးနည်း... ဒီမှာ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ဘာလို့ ရှိနေရတာလဲ... ပြီးတော့ လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်တောင် ရှိသေးတယ်..."

ဝူမိုဝူသည် ကောင်းကင်မှ ကျဆင်းလာသော ဆူးချွန်များကို အသည်းအသန် ရှောင်တိမ်းနေရပြီး ဆူးချွန်တစ်ခုစီတွင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် တစ်ဦးကို သတ်ဖြတ်နိုင်သော စွမ်းအားရှိပေသည်။ အကယ်၍ တစ်ချက်သာ အထိခံလိုက်ရပါက သူမ ခံနိုင်ရည်ရှိမည်ဟု အာမမခံနိုင်ချေ။

အခြေအနေမှာ ဝူရှန်းနီနှင့် ဆင်တူပေသည်။ ဝူမိုဝူသည် တောက်ရန် လျှို့ဝှက်နယ်မြေ ၏ တောင်ဘက်စွန်းရှိ တောင်ကြီးတစ်တောင်သို့ ရောက်ရှိလာချိန်တွင် ရုတ်တရက် ပေါ်လာသော အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဝူမိုဝူသည် အတော်လေး စွမ်းအားကြီးမားသောကြောင့် ဤမျှကြာအောင် တောင့်ခံထားနိုင်ခြင်းဖြစ်သည်။

"ဒါပေမဲ့ ဒီအတိုင်း ဆက်သွားနေလို့ မရဘူး... အခု အရေးအကြီးဆုံးက ထွက်သွားမလား၊ ဆက်တိုက်မလား ဆိုတာ ဆုံးဖြတ်ဖို့ပဲ... ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် အစွမ်းကုန် တိုက်ခိုက်ရင် အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ကို သတ်နိုင်ဖို့ ခဲယဉ်းတယ်... ဒါပေမဲ့ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ကို သတ်နိုင်ရင်တောင်မှ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး..."

"ဒါပေမဲ့ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် က ဒီနေရာကို ငါ ရောက်လာတဲ့အချိန်ကျမှ တိုက်ခိုက်တာ... ဒါကများ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် ဒါမှမဟုတ် သော့မော အင်မော်တယ် မဟာဧကရာဇ် ရဲ့ အမွေအနှစ် များ ဖြစ်နေမလား... ထားလိုက်ပါတော့... စွန့်စားကြည့်တာပေါ့... တကယ်လို့ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် ဒါမှမဟုတ် သော့မော အင်မော်တယ် မဟာဧကရာဇ် ရဲ့ အမွေအနှစ် ကို ရနိုင်ရင် ငါ အရှုံးမရှိဘူး..."

ထိုအတွေးဖြင့် ဝူမိုဝူသည် ဆက်လက် တွေဝေမနေတော့ဘဲ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်လေ၏။

ဝူရှန်းနီနှင့် မတူဘဲ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် သည် ဝိညာဉ် ပုံစံဖြင့် တည်ရှိနေပြီး သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဖြင့် ထိခိုက်အောင် လုပ်၍မရနိုင်ချေ ။ ထို့ကြောင့် ဝူမိုဝူသည် အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် ကို ထိခိုက်စေရန် နတ်အသိစိတ် အခြေခံ တိုက်ခိုက်မှုများကို အသုံးပြုရမည်ဖြစ်သည်။

ဘုန်း...

ဝူရှန်းနီသည် သူ၏ ဓားဖြင့် ရွှေရောင်သွေးဆာမျောက်ဝံ ကို ခုတ်ချလိုက်သော်လည်း မှေးမှိန်သော သွေးစွန်းရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဝူရှန်းနီ မတုံ့ပြန်နိုင်မီ ထိုဒဏ်ရကာ ပျောက်ကင်းသွားပြီဖြစ်သည်။

ဝုန်း...

ဝူရှန်းနီ၏ ဓားဖြင့် ခုတ်ချခံရပြီးနောက် ရွှေရောင်သွေးဆာမျောက်ဝံ သည် ပို၍ပင် ဒေါသထွက်လာသော်လည်း ဝူရှန်းနီကို လုံးဝ မထိနိုင်ခဲ့ချေ။

"အခု ငါ့မှာ အရှိန်မြှင့်ဆေးလုံး နဲ့ အရှိန်မြှင့်အဆောင် တို့ရဲ့ အကူအညီ ရှိနေပြီး ငါ့ရဲ့ အရှိန်က လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့် နဲ့ ညီမျှပေမယ့် ရွှေရောင်သွေးဆာမျောက်ဝံ ရဲ့ ကာကွယ်ရေးက ကြောက်စရာကောင်းလွန်းတယ်... ငါ့ရဲ့ ဓားရှည် က သူ့အပေါ် ထိရောက်တဲ့ ဒဏ်ရာ ဘာမှမပေးနိုင်ဘူး..."

"ဒါပေမဲ့ အခု ငါ့မှာ တခြားလက်နက် မရှိဘူး... ရွှေရောင်သွေးဆာမျောက်ဝံ ကို သတ်ချင်ရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ..."

ဝူရှန်းနီက လေးနက်သော အမူအရာဖြင့် သူ့ကိုယ်သူ တွေးတောလိုက်၏။

"ငါ့ရဲ့ ဓားက အဆင့်သုံး အင်မော်တယ်ဓား ဖြစ်ပြီး ရွှေရောင်သွေးဆာမျောက်ဝံ က လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်ပဲ... အဆင့်သုံး အင်မော်တယ်ဓား က ရွှေရောင်သွေးဆာမျောက်ဝံ ကို ထိခိုက်အောင် မလုပ်နိုင်ဘူး..."

သို့သော်ငြားလည်း ဤသည်မှာ ဝူရှန်းနီအတွက် အခြားရွေးချယ်စရာ မရှိတော့သည်ဟု မဆိုလိုပေ။ သက်ရှိသတ္တဝါတိုင်းတွင် ကိုယ်ပိုင်အားနည်းချက်များ ရှိတတ်ကြပြီး ၊ ၎င်းမှာ အဆင့်အတန်း ကွာခြားမှုအပေါ်တွင်သာ မူတည်သည်။

သာမန်လူသားဘဝတွင် အရာရာချို့ယွင်းချက်များ ရှိနေနိုင်သော်လည်း ကျင့်ကြံမှုအဆင့်မြင့်မားလာပြီး ၊ခွန်အားကြီးမားလာသည်နှင့်အမျှ ထိုအားနည်းချက်များမှာ တဖြည်းဖြည်း နည်းပါးလာမည်သာ ဖြစ်သည်။

ရွှေရောင်သွေးဆာမျောက်ဝံ သည် လျိုထျန်းရွှေအင်မော်တယ် အဆင့် တည်ရှိမှုတစ်ခု ဖြစ်သော်လည်း ၎င်းတွင် အားနည်းချက်များ မရှိဟု မဆိုလိုချေ။

ယခင်ဘဝက ရွှေရောင်သွေးဆာမျောက်ဝံ နှင့် ပတ်သက်၍ ဝူရှန်းနီသည် လေ့လာမှုအချို့ ပြုလုပ်ခဲ့ဖူးသဖြင့် အကြောင်းအရာတချို့ကို သူ သိရှိထားသည်။ လျိုထျန်းရွှေအင်မော်တယ် အဆင့်ရှိ ရွှေရောင်သွေးဆာမျောက်ဝံ ၏ အားနည်းချက်များမှာ အဘယ့်နည်း။

ရွှေရောင်သွေးဆာမျောက်ဝံ ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေစဉ် ဝူရှန်းနီသည် ရွှေရောင်သွေးဆာမျောက်ဝံ ၏ ခန္ဓာကိုယ်ကို အကဲခတ်ကာ သူ့ကိုယ်သူ တိတ်တဆိတ် တွေးတောလိုက်၏။

"လျိုထျန်းရွှေအင်မော်တယ် အဆင့်မှာဆိုရင် ရွှေရောင်သွေးဆာမျောက်ဝံ မှာ အားနည်းချက် ငါးခု ရှိတယ်... ခြေဖဝါး၊ ချက်၊ မျက်လုံး၊ နားထင်နဲ့ လက်ဝါး တွေပဲ..."

"ခြေဖဝါးနဲ့ လက်ဝါးတွေက အမြဲတမ်း လှုပ်ရှားနေလို့ အထိခံရဖို့ အခွင့်အလမ်း အနည်းဆုံးပဲ... မျက်လုံးနဲ့ နားထင်တွေကတော့ အန္တရာယ် အရမ်းများတယ်... တကယ်လို့ အနားကပ်သွားရင် ရွှေရောင်သွေးဆာမျောက်ဝံ က ချက်ချင်း တုံ့ပြန်ပြီး ပိတ်ဆို့လောက်တယ်..."

"ဒါဆို ချက် ပဲ ကျန်တော့တယ်... ရွှေရောင်သွေးဆာမျောက်ဝံ ရဲ့ လက်တံအရှည်အရ ငါသာ အလုံအလောက် မြန်မယ်ဆိုရင် သူ မတုံ့ပြန်နိုင်ခင် သူ့ရဲ့ ချက်ကို ထိုးဖောက်ပြီး သတ်နိုင်တယ်..."

"ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကို ဖောက်ထွက်ဖို့ဆိုရင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် စွမ်းအား လိုအပ်လိမ့်မယ်..."

"ရပြီ..."

တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းကို စဉ်းစားနေစဉ် ဝူရှန်းနီသည် အလျင်အမြန်ပင် အကြံတစ်ခု ရလာခဲ့သည်။ သူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး နောက်တစ်စက္ကန့်တွင် ရှောင်တိမ်းနေခြင်းကို ရပ်တန့်ကာ ရွှေရောင်သွေးဆာမျောက်ဝံ ထံသို့ ပြေးဝင်သွားလေ၏။

သူ၏ရှေ့ရှိ လူသား ပုရွက်ဆိတ် က ထွက်ပြေးမည့်အစား သူ့ကို တိုက်ခိုက်ရဲသည်ကို မြင်လိုက်ရချိန်တွင် ရွှေရောင်သွေးဆာမျောက်ဝံ သည် ဒေါသထွက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်ကာ ဝူရှန်းနီထံသို့ ပြေးဝင်လာလေ၏။

မကြာမီမှာပင် ဝူရှန်းနီသည် ရွှေရောင်သွေးဆာမျောက်ဝံ၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထိုအရာကို မြင်လိုက်ရသည်နှင့် ရွှေရောင်သွေးဆာမျောက်ဝံက သူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးကြီးဖြင့် ဝူရှန်းနီကို အရှိန်ပြင်းပြင်း လွှဲရိုက်လိုက်လေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဝူရှန်းနီက ကိုယ်ကို အသာအယာ တိမ်းစောင်းကာ ထိုတိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။

ရွှေရောင်သွေးဆာမျောက်ဝံသည် အခြေအနေကို သိလိုက်ချိန်မှာပင် အပြာရောင်ရှိသည့် မှော်အဆောင်တစ်ခုသည် ဝူရှန်းနီ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

"မိုးကြိုးစွမ်းအား... ငါ့အမိန့်ကို နာခံ... ဖျက်ဆီးစမ်း..."

ဝူရှန်းနီ၏ အော်ဟစ်သံနှင့်အတူ သူ၏လက်ထဲရှိ အဆောင်သည် အပြာရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ရွှေရောင်သွေးဆာမျောက်ဝံ ၏ ချက်ဆီသို့ ပစ်လွှတ်လိုက်လေ၏။

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းသည် ရွှေရောင်သွေးဆာမျောက်ဝံ ၏ ချက်ကို တိုက်ရိုက် ထိမှန်သွားသည်။ သူ၏ အားနည်းချက် ထိမှန်သွားပြီး ရွှေရောင်သွေးဆာမျောက်ဝံ ၏ အရှိန်အဝါသည် ချက်ချင်း အားနည်းသွားသော်လည်း သေဆုံးမသွားခဲ့ပေ။ ယင်းအစား သူသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့၏။

ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူရှန်းနီသည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ရွှေရောင်သွေးဆာမျောက်ဝံ ကို ထပ်မံ တိုက်ခိုက်လိုက်ပြီး ရွှေရောင်သွေးဆာမျောက်ဝံ ၏ ချက်ကို သူ၏ ဓားဖြင့် တိုက်ရိုက် ထိုးစိုက်လိုက်ရာ ဓားသွားသည် ရွှေရောင်သွေးဆာမျောက်ဝံ ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။

ချက်ချင်းပင် ရွှေရောင်သွေးဆာမျောက်ဝံ သည်လည်း ဤဓားချီ အငွေ့အသက် ကြောင့် အားနည်းလာပြီး ၊ နာကြည်းမှုများနှင့်အတူ ခါးသီးသော အကြည့်ဖြင့် နောက်ဆုံးတွငိ လဲကျသွားလေ၏။

ရွှေရောင်သွေးဆာမျောက်ဝံ သည် နောက်ဆုံး၌ သေဆုံးသွားပြီ ဖြစ်သဖြင့် ဝူရှန်းနီ သည် သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ဤတိုက်ပွဲက သူ့ကို လုံးလုံးလျားလျား အားအင်ကုန်ခမ်းသွားစေလုနီးပါး ဖြစ်စေခဲ့ပြီး ပြန်လည်မွေးဖွားခြင်း ပြီးကတည်းက အခက်ခဲဆုံး တိုက်ပွဲဟု ဆိုနိုင်ပေသည်။

အခန်း (၂၃၆)- ရှေးဟောင်းလျှို့ဝှက်ချက်များ

“တိုက်စမ်း!”

အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်၏ တိုက်ခိုက်မှုများကို အသည်းအသန် ရှောင်တိမ်းရင်း ဝူမိုဝူသည် မိမိပတ်ဝန်းကျင်တွင် အစီအရင်ကြီးတစ်ခုကို တည်ဆောက်လိုက်သည်။ အစီအရင်ကို အချောသတ်ပြီးသည်နှင့် ဝူမိုဝူသည် ရုတ်တရက် ရပ်တန့်လိုက်၏။

ဟိန်းဟောက်သံနှင့်အတူ သူမ၏ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော နက်မှောင်သော မီးခိုးရောင် အလင်းတိုင်များသည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်ကို လှောင်အိမ်တစ်ခုအဖြစ် ပိတ်လှောင်ထားခဲ့သည်။

“ဝေါင်း! သေသင့်တဲ့လူသား”

အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်သည်လည်း တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားမိလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ မြှားနက်များကို အစီအရင်ဆီသို့ ပစ်လွှတ်လိုက်သည်။ သို့သော် မြှားနက်များမှာ အစီအရင်၏ အခြေစိုက်စခန်းသို့ပင် မရောက်ရှိမီ ချို့ယွင်းသွားပုံရကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျကုန်သည်။

“အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်ရဲ့ အကြောက်စရာအကောင်းဆုံးအရာက သူ့ရဲ့ စိတ်ဝိညာဉ် အင်အားနဲ့ ခန္ဓာကိုယ်ထဲက အမှောင်အမှတ်အသားတွေပဲ... လျိုထျန်းရွှေအင်မော်တယ် အဆင့်ရှိတဲ့ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အမှောင်အမှတ်အသားပေါင်း သောင်းနဲ့ချီရှိပြီး တစ်ခုချင်းစီက ရွှေအင်မော်တယ် အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိတယ်”

“ငါတည်ဆောက်ထားတဲ့ ‘အရပ်ဆယ်မျက်နှာ ဝိညာဉ်နှိမ်နင်းခြင်း အစီအရင်’ က စိတ်ဝိညာဉ်အင်အားကို နှိမ်နင်းနိုင်စွမ်းရှိတယ်.. အလွန်ဆုံးအနေနဲ့ လျိုထျန်းရွှေအင်မော်တယ်အဆင့်ရှိတဲ့ စိတ်ဝိညာဉ်အင်အားကို ရွှေအင်မော်တယ်အဆင့်အထိ လျှော့ချပစ်နိုင်တယ်...ဒီနည်းနဲ့ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်ရဲ့ စိတ်ဝိညာဉ်အင်အားက အရင်ကထက် အများကြီး အားနည်းသွားလိမ့်မယ်..ခုချိန်ကငါတိုက်ခိုက်ရမယ့် အချိန်ပဲ“

“နတ်မိစ္ဆာကို မျိုးတုံးစေမယ့် အင်မော်တယ်လက်နက်”

ဝူမိုဝူသည် သူမ၏လက်ထဲရှိ လှံရှည်အတွင်းသို့ စွမ်းအားအားလုံးကို လောင်းထည့်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် လှံရှည်ကို ပစ်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် မှော်စွမ်းအားများဖြင့် ပြည့်နှကိနေသော လှံရှည်သည် အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်ဆီသို့ အရှိန်အဟုန်ဖြင့်ပြေးဝင်သွားတော့သည်။

အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်သည် ထိုတိုက်ခိုက်မှု၏ အစွမ်းကို ခံစားမိသဖြင့် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ မြှားနက်အားလုံးကို ရှေ့တွင် ကာကွယ်ရန် စုစည်းလိုက်သည်။

သို့သော် ဝူမိုဝူ၏ ယခင်တိုက်ခိုက်မှုများသည် အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပေ။

နောက်တစ်စက္ကန့်တွင် ဝူမိုဝူ၏အင်မော်တယ်လက်နက် သည် အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်၏ ဒိုင်းကို ထိမှန်သွားသည်။ ငါးမိနစ်ခန့် အကြိတ်အနယ်ဖြစ်ပြီးနောက် ဒိုင်းကို ရိုက်ခွဲကာ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။

အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ်၏ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ခံရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားမှသာ ဝူမိုဝူတစ်ယောက် နောက်ဆုံး၌ သက်ပြင်းချနိုင်တော့သည်။

“ဟူး... ရွှေရောင်သွေးဆာ မျောက်ဝံ က ဘာကိုစောင့်ကြပ်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့”

မိမိကိုယ်ကိုယ် ပြန်လည်ပြင်ဆင်ပြီးနောက် ဝူရှန်းနီ သည် ထရပ်ကာ တောင်တန်းများ၏ အနက်ရှိုင်းဆုံးဆီသို့ လျှောက်လှမ်းသွားသည်။ မကြာမီ သူသည် ဂူတစ်ခုကို တွေ့ရှိခဲ့ပြီး သူအလိုရှိသောအရာမှာ ထိုဂူထဲ၌ရှိကြောင်း စိတ်ထဲမှ အသံတစ်ခုက ပြောကြားနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဝူရှန်းနီသည် သတိလက်လွတ် မပြုမှုဝံ့ပေ။လိုအပ်သည့် ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက် ဂူထဲသို့ ဝင်ရောက်သွားသည်။ဝူရှန်းနီ သည် ဂူထဲသို့ ခြေချလိုက်သည်နှင့် သူ့နောက်မှ ဂူဝင်ပေါက်မှာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဝူရှန်းနီမှာ ထိုအရာကို သတိမထားမိဘဲ ရှေ့မှ ဂူ၏မြင်ကွင်းကိုသာ စိတ်ဝင်တစား ကြည့်နေမိပြီး သူ၏မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒါက ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် ဒါမှမဟုတ် သော့မော အင်မော်တယ် မဟာဧကရာဇ် ရဲ့ အမွေအနှစ် ဖြစ်ရမယ် မလား”

မကြာမီ ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုကို မြင်လိုက်ရသည့်အခါ ဝူရှန်းနီသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

ဝူရှန်းနီ၏ အတွေးကို အတည်ပြုပေးသကဲ့သို့ပင် နောက်တစ်စက္ကန့်၌ စင်ကြယ်ဖြူဖွေးသော အလင်းတန်းတစ်ခုုသည် ဝူရှန်းနီ၏ ရှေ့တွင် ပေါ်ထွက်လာပြီး သူ့ကိုကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“လူငယ်လေး... မင်းရဲ့ အရည်အချင်းက ထူးကဲပြီး အစွမ်းကလည်း ကြောက်ခမန်းလိလိပဲ။ မင်း ငါ့ရဲ့စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ၊ ငါက ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ပဲ ..ငါ့ရဲ့အမွေအနှစ်ကို မင်းလက်ခံရယူလိုသလား”

“စီနီယာ... စီနီယာက တကယ်ပဲ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်လား”

မိမိရှေ့ရှိ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ကို မြင်လိုက်ရသဖြင့် ဝူရှန်းနီလည်း အံ့အားသင့်သွားသည်။ အမှန်စင်စစ် ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ဆိုသည်မှာ ရှေးဟောင်းခေတ်၏ အင်မော်တယ် မဟာဧကရာဇ်မင်း တစ်ပါးဖြစ်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်သည် သက်ပြင်းချကာ ဆိုပြန်သည်။

“မှန်တယ်... ငါက ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ပဲ၊ အခု မင်း တောက်ရန် လျို့ဝှက်နယ်မြေ ထဲ ရောက်လာပြီဆိုတော့ ငါနဲ့ သော့မော အင်မော်တယ် မဟာဧကရာဇ် ကြားက ရန်ငြိုးကို သိပြီးသားဖြစ်မှာပေါ့”

“ကျွန်တော် အနည်းအကျဉ်းတော့ သိပါတယ် ၊ ရှေးဟောင်းခေတ်တုန်းက စီနီယာက ထျန်းရှန်ဂိုဏ်း ကို ဦးဆောင်ပြီး သော့မော အင်မော်တယ် မဟာဧကရာဇ်ရဲ့ သော့မောတောင်ကြား နဲ့ တိုက်ခိုက်ခဲ့ကြလို့ နှစ်ဖက်စလုံး အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ် ၊ စီနီယာတို့ နှစ်ယောက်လုံးဟာ တောက်ရန် လျို့ဝှက်နယ်မြေထဲမှာ အမွေအနှစ်တွေ ချန်ထားခဲ့တယ် ဆိုတာလည်း သိပါတယ်”

ဝူရှန်းနီက ဖြေကြားလိုက်သည်။

ဝူရှန်းနီသည် သူသိထားသော သမိုင်းမှာ မှန်ကန်လုနီးပါးဟု ယုံကြည်နေသော်လည်း အံ့ဩစရာကောင်းသည်မှာ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်က တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်ခြင်းပင်။

“မဟုတ်ဘူး... အဲ့ဒါ မဟုတ်ဘူး ၊ တကယ်တော့ ငါတို့ အင်အားစုကြီး နှစ်ဖက်လုံးက စစ်ကို စတင်ခဲ့တာမဟုတ်ဘူး၊ ငါတို့တွေဟာ စစ်ထဲကို အတင်းအကျပ် ဆွဲသွင်းခံခဲ့ရတာ”

“စစ်ထဲကို အတင်းအကျပ် ဆွဲသွင်းခံရတာလား”

အခြားတစ်ဖက်တွင်လည်း ဝူမိုဝူသည် သော့မော အင်မော်တယ် မဟာဧကရာဇ်၏ ရှေ့သို့ ရောက်ရှိနေပြီး ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် ပြောခဲ့သလိုပင် ကြားသိခဲ့ရသည်။

ထိုစကားကို ကြားသောအခါ သော့မော အင်မော်တယ် မဟာဧကရာဇ်သည် တည်ငြိမ်စွာ ခေါင်းညိတ်ပြီး ဆိုလိုက်သည်။

“မှန်တယ်... အဲ့ဒါက အတင်းအကျပ် ဖြစ်ခဲ့ရတာ ၊ မင်းလည်း သိမှာပါ သွေးဝိညာဉ်ဂိုဏ်းကို”

“ကျွန်မ ရှေးဟောင်းခေတ်အကြောင်း အနည်းငယ် သိပါတယ် မဟာမြင့်မြတ်နယ်မြေ ငါးခု ဟာ အထက်ဘုံရဲ့ အစွမ်းအထက်ဆုံး သူရဲကောင်းတွေကို ဦးဆောင်ပြီး သွေးဝိညာဉ်ဂိုဏ်းနဲ့ စစ်ဖြစ်ခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ သွေးဝိညာဉ်ဂိုဏ်းကို အထက်ဘုံကနေ မောင်းထုတ်နိုင်ခဲ့တယ်”

ဝူမိုဝူက တည်ငြိမ်စွာ ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်မူ အံ့အားသင့်သွားခဲ့သူမှာ သော့မော အင်မော်တယ် မဟာဧကရာဇ် ဖြစ်သည်။ ခဏအကြာတွင် သူသည် သက်ပြင်းချကာ ဆိုလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းက ဒီလောက်ထိ အင်အားကြီးတဲ့အဆင့်ကို ရောက်သွားခဲ့ပြီလား၊ ငါတို့ အဖိုးကြီးနှစ်ယောက် ဟိုးအရင်က တွေးခဲ့တာ မှန်နေတာပဲ”

“စီနီယာ... ရှေးဟောင်းခေတ်တုန်းက သော့မောတောင်ကြားနဲ့ ထျန်းရှန်ဂိုဏ်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ဝူမိုဝူက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဝူမိုဝူ၏ စကားကို ကြားသောအခါ သော့မော အင်မော်တယ် မဟာဧကရာဇ်သည် ဦးစွာ သက်ပြင်းချကာ ခဏမျှ တိတ်ဆိတ်နေပြီးမှ စတင်ပြောကြားသည်။

“တကယ်တော့ ငါနဲ့ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ဟာ တစ်ချိန်က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ၊ ငါတို့ထဲက တစ်ယောက်က ဖြောင့်မတ်လမ်းစဉ် ကျင့်ကြံသူဖြစ်ပြီး နောက်တစ်ယောက်က မိစ္ဆာလမ်းကျင့်ကြံသူ ဖြစ်ပေမဲ့ ...”

“အဲ့ဒါက ငါတို့ သူငယ်ချင်းကောင်း ဖြစ်ဖို့ကို မတားဆီးနိုင်ခဲ့ဘူး၊ ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ပေါ်လာကတည်းက အထက်ဘုံရဲ့ မိစ္ဆာလမ်း အင်အားစုအားလုံးကို သွေးဝိညာဉ်ဂိုဏ်းချုပ်က ထိန်းချုပ်လိုက်တယ်.. သွေးဧကရာဇ် ဟာ ငါ့ကို သွေးဝိညာဉ်ဂိုဏ်းထဲ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့တယ်”

“ဒါပေမဲ့ ငါက လက်မခံဘဲ သွေးဧကရာဇ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ ငါက သွေးဧကရာဇ်ကို မယှဉ်နိုင်ခဲ့ဘူး၊ တစ်ကြိမ်ပဲ ရင်ဆိုင်လိုက်ရချိန်မှာ သွေးဧကရာဇ်က ငါ့ခန္ဓာကိုယ်ထဲကို သွေးမိစ္ဆာမျိုးစေ့ ထည့်သွင်းလိုက်တယ်.. သွေးမိစ္ဆာမျိုးစေ့ ထည့်သွင်းခံရပြီးနောက်မှာ ငါဟာ သွေးဧကရာဇ်ရဲ့ အမိန့်ကို နာခံရတော့တယ်”

“သွေးမိစ္ဆာမျိုးစေ့ ငါ့ဆီ ရောက်လာပြီးနောက်မှာ ငါ့ရဲ့ ကိုယ်ပိုင်အသိစိတ်လည်း ထိခိုက်ကုန်ပြီး အချိန်အတော်များများမှာ သတိမကပ်နိုင်တော့ဘူး ၊ ဒီလိုအခြေအနေမှာ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ကို ငါ့ကို အပြတ်ရှင်းခိုင်းဖို့ပဲ ရှိတော့တယ်၊ ဒါပေမဲ့ ထျန်းရှန်းက ငါ့ကို သတ်ဖို့လုပ်တဲ့အချိန်မှာ သွေးမိစ္ဆာမျိုးစေ့ရဲ့ စွမ်းအားက ပေါက်ကွဲလာပြီး ငါဟာ အသိစိတ် လုံးဝပျောက်ဆုံးကာ ထျန်းရှန်းနဲ့ တိုက်ခိုက်ခဲ့ရတယ်”

“အဲ့ဒီတိုက်ပွဲက ထျန်းရှန်ဂိုဏ်းနဲ့ သော့မောတောင်ကြား အင်အားကြီး နှစ်ခုကြားမှာ အလုံးစုံစစ်ပွဲကြီး ဖြစ်သွားစေခဲ့တယ် ငါ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ စစ်ပွဲက ပြီးဆုံးသွားခဲ့ပြီ၊ ငါနဲ့ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် နှစ်ယောက်လုံးဟာ သေအံ့ဆဲဆဲ ဖြစ်နေကြပြီ..တခြားရွေးချယ်စရာ မရှိတော့တာကြောင့် ငါနဲ့ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်ဟာ အင်အားချင်း ပေါင်းစပ်ပြီး ထျန်းရှန်ဂိုဏ်းနဲ့ သော့မောတောင်ကြားရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ တောက်ရန် လျို့ဝှက်နယ်မြေကို ဖန်တီးခဲ့ကြတာပဲ”

“အခု မင်းတို့ မြင်နေရတာက ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန် သက်သက်ပါပဲ”

မိမိတို့ရှေ့ရှိ ဝူရှန်းနီနှင့် ဝူမိုဝူကို ကြည့်ကာ ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ်နှင့် သော့မော အင်မော်တယ် မဟာဧကရာဇ်တို့၏ မျက်နှာထားမှာ လေးနက်နေကြပြီး ဖြစ်စဉ်အားလုံးကိုရှင်းပြခဲ့သည်။

ထိုစကားကို ကြားသောအခါ ဝူရှန်းနီနှင့် ဝူမိုဝူတို့ မှာ ဆွံ့အသွားကြသည်။ သူတို့ မည်သို့ပင် ကြိုးစားတွေးတောပါစေ၊ ထျန်းရှန်ဂိုဏ်းနှင့် သော့မောတောင်ကြား ပျက်စီးသွားရသည့် တကယ့်အကြောင်းရင်းမှာ ဤအချက်ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။

All Chapters