အခန်း (၁၅၀၁-၁၅၀၃)
Vol. 101 Ch. 1501-1503
အခန်း (၁၅၀၁) သတ်ဖြတ်လိုစိတ် (၂)
“မှန်တယ်။ ခင်ဗျားမှာ မေးစရာ ရှိသေးလား” လုကျိုးက မေးလိုက်သည်။
“မရှိပါဘူး။ ကျုပ်က အတည်ပြုချင်ရုံ သက်သက်ပါ” ချန်ဖူက ပြန်ဖြေလိုက်သည်။
“ကြာပွင့်ကို ဖြတ်တောက်လိုက်တာက စိတ်ဝိညာဉ်သဏ္ဌာန်ကို လွတ်လပ်ခွင့် ပေးလိုက်တာပါပဲ။ ကျုပ်ရဲ့ တပည့် ယွီရှန်းရုန်က သူ့ရဲ့ ကြာပွင့်ကို ပထမဆုံး ဖြတ်တောက်ခဲ့တဲ့သူပဲ။ တကယ်ကို မကြုံစဖူးပါပဲ”
လုကျိုးက ပြောလိုက်သည်။
“...”
ချန်ဖူသည် အခြေအနေကို နောက်ဆုံးတွင် နားလည်သွားပြီး ယွီရှန်းရုန်ကို နှစ်သက်သဘောကျစွာ ကြည့်လိုက်သည်။
“မျိုးဆက်သစ်တွေက အရင်မျိုးဆက်တွေထက် တကယ် ပိုကောင်းလာတာပဲ။ မင်းက သူရဲကောင်းတစ်ယောက်ပဲ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ချန်။ ဒါက လှည့်ကွက်လေးတစ်ခုပါပဲ။ ပြောလောက်တဲ့အရာ မဟုတ်ပါဘူး” ယွီရှန်းရုန်က နှိမ့်ချစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်သည်။ 'ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ဒီနေ့တော့ မင်းကို ဟိတ်ဟန်ထုတ်ခွင့် ပေးလိုက်ပါ့မယ်။'
ချန်ဖူသည် သူ၏ တပည့်များကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဒါက မင်းတို့အားလုံး သင်ယူသင့်တဲ့ စံနမူနာကောင်း တစ်ခုပဲ”
လုကျိုးက ပြောလိုက်သည်။ “ယှဉ်ပြိုင်မှုကို ဆက်ကြရအောင်”
ချန်ဖူ၏ တပည့်များထဲတွင် ဆရာသခင် ငါးဦး ရှိသောကြောင့် ယှဉ်ပြိုင်မှု ငါးပွဲ ရှိပေမည်။
ထိုအချိန်တွင် ကျန်းရှောင်ရော့က ထွက်လာခဲ့သည်။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ထားရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
သူ၏ စွမ်းရည်များကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။ သူသည် သူ၏ ဂိုဏ်းတူညီအစ်ကိုများနှင့် မတူပေ။
ဆောင်းဦးနှင်းစက်တောင်သည် သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားခဲ့ရသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ဆောင်းဦးနှင်းစက်တောင်သည် အနာဂတ်တွင် တာ့ဟန်၌ မည်သို့ ရပ်တည်နိုင်တော့မည်နည်း။ သူတို့ဆရာ၏ အချိန်က ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ ဆရာမရှိတော့ပါက ဆောင်းဦးနှင်းစက်တောင်သည် လောကကြီးကို မည်သို့ ခြိမ်းခြောက်ပြီး အထွတ်အထိပ်တွင် မြဲမြံစွာ ရပ်တည်နိုင်ပါမည်နည်း။ သူ့ရှေ့မှ လူသည် အားနည်းနေရုံဖြင့် လွှတ်ပေးလိုက်ခြင်းမျိုး သူ လုပ်မည် မဟုတ်ပေ။ သူသည် ယွင်ထုန်းရှောင်၏ နည်းလမ်းများကို အတော်လေး အထင်သေးသည်။
ကျန်းရှောင်ရော့က ကျိုးကွမ်းကို ပြောလိုက်သည်။
“ရှစ်ရှိုး... ကျွန်တော့်ကို အရင်သွားခွင့်ပြုပါ”
“သွားလေ” ကျိုးကွမ်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျန်းရှောင်ရော့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လက်သီးဆုပ် အရိုအသေပြုကာ တဲ့တိုးမေးလိုက်သည်။
“ဘယ်သူကများ ထွက်လာပြီး ကျွန်တော်နဲ့ ယှဉ်ပြိုင်ချင်ပါသလဲ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် ယှဉ်ပြိုင်ပြီးဖြစ်၍ သဘာဝကျစွာပင် ပါဝင်တော့မည် မဟုတ်ပေ။
မင်ရှစ်ရင်က ပြုံးပြီး လှောင်ပြောင်သလို ပြောလိုက်သည်။
“ငါ့ကို ပေးလုပ်လိုက်။ ရှုံးနိမ့်မှုရဲ့ အရသာကို မြည်းစမ်းခိုင်းလိုက်မယ်”
မင်ရှစ်ရင်သည် စကားကို လုံးဝ ထိန်းသိမ်းခြင်း မရှိပေ။
ကျန်းရှောင်ရော့က ပြန်ပြောလိုက်သည်။
“ခင်ဗျားကသာ ရှုံးနိမ့်သွားမဲ့သူ ဖြစ်နေမှာကို စိုးရိမ်မိတယ်”
သူတို့နှစ်ဦးသည် ယခင်လူများကဲ့သို့ ယဉ်ကျေးမှု မရှိကြပေ။ သူတို့၏ စကားများသည် တိုက်ပွဲမစမီကပင် ယမ်းငွေ့များဖြင့် ပြည့်နှက်နေသည်။ ဤအချက်ကြောင့် ပရိသတ်၏ စိတ်အားထက်သန်မှုကို ပိုမို နှိုးဆွလိုက်သလို ဖြစ်သွားသည်။
လူတိုင်း ပွဲကောင်းကြည့်ရန် မျှော်လင့်နေကြသည်။
“ငါ အရမ်း ကြောက်သွားပြီ။ ဒါဆို မင်း လျှော့တိုက်နော်။ မဟုတ်ရင် ငါ မင်းကို နိုင်မှာ မဟုတ်ဘူး”
မင်ရှစ်ရင်က ပြောလိုက်သည်။
မင်ရှစ်ရင် ကွင်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ် တွမ့်မူရှန်းက ရုတ်တရက် ပြောလိုက်သည်။
“ခင်ဗျားရဲ့ ကျင့်ကြံမှုက တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ထက် မနိမ့်ပါဘူး။ ခင်ဗျား အားနည်းသူကို အနိုင်မကျင့်တာ ပိုကောင်းမယ်”
ကျန်းရှောင်ရော့က အံ့အားသင့်သွားသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။ “စန်းရှစ်ရှိုး... ကျွန်တော့် ကျင့်ကြံမှုက ဘယ်လိုလုပ် တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကို ယှဉ်နိုင်မှာလဲ။ ကျွန်တော်က သူတို့ထက် အားနည်းပါသေးတယ်”
“ဟန်ဆောင်မနေနဲ့။ ငါ မင်းကို မသိတာမှ မဟုတ်တာ။ ငါ့ကို ယှဉ်ပြိုင်ခွင့်ပြုတာ အကောင်းဆုံးလို့ ထင်တယ်” တွမ့်မူရှန်းက ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ခိုင်မာကြောင်း ပြသလျက် ပြောလိုက်သည်။
“အာ” မင်ရှစ်ရင် ပြန်ပြောချင်သော်လည်း တွမ့်မူရှန်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ဤအခြေအနေကြောင့် ကျန်းရှောင်ရော့က အလျင်စလို ပြောလိုက်သည်။
“ဝါစဉ်အလိုက်ပဲ ဆက်သွားကြတာပေါ့။ ဒီအစ်ကိုကြီးကိုပဲ ယှဉ်ပြိုင်ခွင့်ပြုလိုက်ပါ”
ထိုသို့ ပြောပြီးနောက် ကျန်းရှောင်ရော့ စိတ်ထဲတွင် တွေးလိုက်သည်။ 'ဟိုလူက ကောက်ကျစ်စဉ်းလဲမဲ့ပုံပဲ။ မျက်လုံးတွေကလည်း ယုတ်မာတယ်။ ထင်ထားတဲ့အတိုင်း လူကောင်း မဟုတ်ဘူး။ သူက သူ့ရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးလောက် သန်မာတယ်လို့ တွေးလိုက်မိတာ... ငါ အကြီးအကျယ် နစ်နာလုနီးပါး ဖြစ်သွားပြီ...'
မင်ရှစ်ရင်သည် ဘေးသို့ ဆုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။ “မင်း ကံကောင်းတယ်လို့ မှတ်လိုက်ပါ”
ကျန်းရှောင်ရော့က ဟန်ဆောင်အပြုံးဖြင့် ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
တွမ့်မူရှန်းသည် နယ်ရှင်လှံကို သယ်ဆောင်လျက် ကွင်းထဲသို့ ဝင်ရောက်လာသည်။ သူက ကျန်းရှောင်ရော့ကို ချိန်ရွယ်ပြီး ပြောလိုက်သည်။
“ငါ့ရဲ့ စစ်ရှစ်တိ ပြောတာ မှားတယ်”
“မင်း ကံကောင်းတာ မဟုတ်ဘူး” တွမ့်မူရှန်းက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“တကယ်တော့ မင်း ငါနဲ့ တွေ့တာက ပိုပြီးတောင် ကံဆိုးသေးတယ်”
ဝှစ်
တွမ့်မူရှန်းသည် နယ်ရှင်လှံကို ကန့်လန့်ဖြတ် ကိုင်လိုက်ပြီး ၄၅ ဒီဂရီ အထက်သို့ စောင်းလိုက်သည်။ ထို့နောက် သူ လျင်မြန်စွာ ပျံထွက်သွားရာ နောက်ကွယ်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျန်းရှောင်ရော့၏ ရှေ့၌ ပေါ်လာသည်။
“လှိုင်းလုံး ထောင်ချီ”
တွမ့်မူရှန်း ခုန်တက်လိုက်သည်နှင့် သောင်းချီသော စွမ်းအင်လှံတံများသည် ကျန်းရှောင်ရော့ဆီသို့ ပျံသန်းသွားသည်။
ကျန်းရှောင်ရော့က အံ့အားသင့်သွားသည်။ ပြင်းထန်သော စွမ်းအင်လှံတံများကို ခုခံရင်း နောက်ဆုတ်လိုက်ရသည်။ သူ၏ ပြိုင်ဘက်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့်နှစ်ဦးထက် ပိုသန်မာနေသလားဟု တွေးမိလိုက်သည်။ ပြင်းထန်သော တိုက်ခိုက်မှုက သူ့ကို ဆက်လက် နောက်ဆုတ်စေသည်။ ကွင်းအစွန်းသို့ ရောက်သောအခါ သူ ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။
တွမ့်မူရှန်း နောက်မှ ကပ်လျက် လိုက်ပါသွားသည်။ သူ၏ လှံရှည်သည် ရွှေနဂါးတစ်ကောင်နှင့် တူနေသည်။
ကျန်းရှောင်ရော့သည် လေထဲတွင် ဝဲပျံနေရင်း လက်ကို အောက်သို့ ဖိချကာ အော်ဟစ်လိုက်သည်။
“ကျယ်ပြန့်ကောင်းကင်စွမ်းအင်”
ယင်းကို မြင်သောအခါ လုကျိုးက မေးလိုက်သည်။ “ကွန်ဖြူးရှပ် နည်းစနစ်လား”
ချန်ဖူက ပြောလိုက်သည်။
“ကျုပ်က ကျင့်ကြံခြင်း ဂိုဏ်းခွဲသုံးခုလုံး ကျွမ်းကျင်ပါတယ်။ ကျန်းရှောင်ရော့က ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ နည်းစနစ်တွေဖြစ်တဲ့ ကျယ်ပြန့် ကောင်းကင်စွမ်းအင်လိုမျိုး နည်းစနစ်တွေကို အရမ်း ကျွမ်းကျင်တယ်”
“ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ပုံစံက ထိန်းချုပ်မှု ကောင်းပြီး သူတို့ရဲ့ ကျင့်ကြံသူတွေက အေးဆေးတည်ငြိမ်တဲ့ အသက်စွမ်းအင် ရှိကြတယ်။ ဒါပေမဲ့ ဒီကလေးရဲ့ အသက်စွမ်းအင်ကတော့ တော်တော် ပြင်းထန်တာပဲ...”
လုကျိုးက မှတ်ချက်ချလိုက်သည်။
“ခင်ဗျားက အကဲခတ်တော်တာပဲ” ချန်ဖူက ပြောလိုက်သည်။ “ကျန်းရှောင်ရော့က ငယ်ငယ်တုန်းက အနိုင်ကျင့်ခံရလွန်းလို့ မကောင်းမှုကို သည်းမခံနိုင်ဘူး။ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ နည်းစနစ်တွေက တကယ်ပဲ ပိုပြီး ထိန်းချုပ်မှုကောင်းသလို သဟဇာတ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျယ်ပြန့် ကောင်းကင်စွမ်းအင်ကတော့ မတူဘူး။ လူတစ်ယောက်က ပိုပြီး ပြင်းထန်လေလေ စွမ်းအား ပိုထုတ်လွှတ်နိုင်လေလေပဲ”
“ခင်ဗျား ပြောတာ ဟုတ်တယ်” လုကျိုး ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ယံ၌ တွမ့်မူရှန်း၏ စွမ်းအင်လှံတံများသည် ပိုမို ပြင်းထန်လာသည်။ သူ၏ တိုက်ခိုက်မှု ကြိမ်နှုန်းသည် မကြုံစဖူး မြင့်မားနေသည်။ ဖြစ်နိုင်သည်မှာ သူသည် အမည်မသိကုန်းမြေတွင် ကြာမြင့်စွာ ဖိနှိပ်ခံထားရပြီး လေ့ကျင့်ရန် သင့်တော်သော ပြိုင်ဘက် မရှိခဲ့သောကြောင့် ယခု မျက်စိစပါးမွေးစူးစရာ ပြိုင်ဘက်နှင့် တွေ့သောအခါ အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်နိုင်သည်။
ကျန်းရှောင်ရော့သည် ကျယ်ပြန့် ကောင်းကင်စွမ်းအင်က စွမ်းအင်လှံတံများကို ချေမှုန်းနိုင်မည်ဟု ယုံကြည်မှု ရှိခဲ့သည်။ သို့သော် သူ စိတ်ပျက်ရဖို့ ကံပါလာသည်။
“မပြည့်စုံသော နတ်ဒေဝါ ဖျန်ဖြေခြင်း ”
စွမ်းအင်လှံတံများသည် ထောပတ်ကို ဓားပူဖြင့် လှီးဖြတ်လိုက်သကဲ့သို့ ကျယ်ပြန့် ကောင်းကင်စွမ်းအင်ကို ဖြတ်သန်းသွားသည်။
ဘန်း
၎င်းတို့သည် အထက်သို့ ဆက်လက် ရွေ့လျားသွားကြသည်။
ကျန်းရှောင်ရော့သည်လည်း တာအိုစွမ်းအားကို အသုံးပြု၍ ရွေ့လျားလိုက်သည်။ သူ ရုတ်တရက် ပျောက်ကွယ်သွားပြီး စွမ်းအင်လှံတံများသည် ပစ်မှတ်လွဲချော်သွားသည်။
သို့သော် တွမ့်မူရှန်း မရပ်တန့်ပေ။ သူသည် စည်းချက်ကို ထိန်းသိမ်းထားပြီး ပိုမို မြင့်မားသော နေရာသို့ ရွေ့လျားသွားသည်။
လူတိုင်း မော့ကြည့်လိုက်ကြပြီး အံ့အားသင့်နေကြသည်။
တွမ့်မူရှန်း ဇွဲနပဲကြီးစွာ တိုက်ခိုက်နေသည်ကို မြင်သောအခါ ကျန်းရှောင်ရော့က အေးစက်စွာ ပြောလိုက်ပြီး လက်ကို အောက်သို့ ဖိချလိုက်သည်။
“မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတယ်။ ငါ့ရဲ့ ကြယ်ငါးပွင့် စည်းတံဆိပ်ကို မြည်းစမ်းကြည့်လိုက်စမ်း”
အစိမ်းရောင် လက်ဝါးစည်းတံဆိပ်တစ်ခုသည် ကျန်းရှောင်ရော့၏ လက်ဝါးမှ ထွက်ပေါ်လာပြီး ကောင်းကင်မှ ဆင်းသက်လာသည်။
တွမ့်မူရှန်း လုံးဝ နောက်မဆုတ်ပေ။ သူသည် တိုက်ခိုက်မှုကို တန်ပြန်ရန် မပြည့်စုံသော နတ်ဒေဝါ ဖျန်ဖြေခြင်းကို အသုံးပြုလိုက်သည်။
…
အခန်း (၁၅၀၂) သတ်ဖြတ်လိုစိတ် (၃)
စွမ်းအင်လှံများနှင့် လက်ဝါးစည်းတံဆိပ်တို့ ထိပ်တိုက်တွေ့ဆုံတော့မည့်ဆဲဆဲတွင် လက်ဝါးစည်းတံဆိပ်သည် ရုတ်ခြည်း ငါးခုကွဲထွက်သွားသည်။ ၎င်းတို့သည် တစ်ခုပေါ်တစ်ခု ထပ်လျက် လေဟာနယ်ကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်း စွမ်းအင်လှံများ၏ အထက်သို့ ရောက်ရှိလာသည်။
ဘန်း
လက်ဝါးစည်းတံဆိပ်ငါးခုတွင် တာအိုစွမ်းအားများ ကိန်းဝပ်နေသဖြင့် စွမ်းအင်လှံများကို အသာစီးဖြင့် ဖိနှိပ်ပစ်လိုက်ပြီး တွမ့်မူရှန်းဆီသို့ တဟုန်ထိုး ကျရောက်လာတော့သည်။
တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြှောက်၍ ကာကွယ်ထားသည်။ သူ၏လက်မောင်းများ ထုံကျဉ်လာသော်လည်း နယ်ရှင်လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင်။ သို့သော်လည်း သူသည် လျင်မြန်စွာပင် အောက်သို့ ဖိနှိပ်ခံလိုက်ရလေသည်။
ဘုန်း
အသက်တစ်ရှိုက်စာအတွင်းမှာပင် တွမ့်မူရှန်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ သူသည် လက်ဝါးစည်းတံဆိပ်များကို အစွမ်းကုန် အံတုတွန်းကန်ထား၏။ အပြာရောင်ကျောက်ပြားခင်းထားသော ကွင်းပြင်သည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ လုကျိုးက လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စအစအနများ လွင့်စဉ်သွားလေသည်။ အခြားသူများလည်း ပျံဝဲလာသော အပိုင်းအစများကို ကာကွယ်ရန် အကာအကွယ်စွမ်းအင်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ဤမျှဆိုလျှင် တိုက်ပွဲက ပြီးဆုံးသင့်ပြီ ဖြစ်သည်။ သို့သော် အသာစီးရလာသော ကျန်းရှောင်ရော့သည် တိုက်ပွဲကို ဤမျှမြန်မြန် ပြီးဆုံးစေလိုစိတ် မရှိပေ။ ဤအဆင့်လောက် အောင်နိုင်မှုဖြင့် သူ မတင်းတိမ်နိုင်သေး။ သူသည် လက်လျှော့မည့်အရိပ်အယောင် လုံးဝမပြသော တွမ့်မူရှန်းကို စူးစိုက်ကြည့်နေသည်။
ဂျွတ်
နယ်ရှင်လှံ၏ ကိုယ်ထည်သည် ပြင်းထန်သောဖိအားကြောင့် ကွေးညွှတ်သွားသည်။
“လောင်စန်း” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် အော်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် လေ့ကျင့်ရေးခန်းမအပြင်ဘက်ရှိ ဆောင်းဦးနှင်းစက်တောင်မှ တပည့်များကလည်း ဟစ်အော်လိုက်ကြသည်။
“ပဉ္စမသခင်လေး” လူတိုင်းက လုကျိုးနှင့် ချန်ဖူကို လှည့်ကြည့်လိုက်ကြ၏။ အကြီးအကဲနှစ်ဦးစလုံး၏ တည်ငြိမ်လှသော မျက်နှာထားများမှာ ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း ထင်ရှားနေသဖြင့် အခြားသူများမှာ ဆက်လက်ကြည့်ရှုနေရုံသာ ရှိတော့သည်။
တွမ့်မူရှန်းမှာမူ ထုံကျဉ်လွန်းသဖြင့် နာကျင်မှုကိုပင် မခံစားရတော့ပေ။
“ဘာလို့ ဒုက္ခခံနေဦးမှာလဲ၊ မင်းမှာ အင်အားမရှိတော့ပါဘူး” ကျန်းရှောင်ရော့က ဆိုသည်။
ထိုစဉ် တွမ့်မူရှန်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူသည် နယ်ရှင်လှံ၏ ကိုယ်ထည်ကို အားဖြင့် ပြန်လည်ဖြောင့်တန်းစေလိုက်သည်။ ယင်းကို မြင်သောအခါ ကျန်းရှောင်ရော့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်သည်။
“ရှစ်လွှာစည်းတံဆိပ်” ပြီးနောက် လက်ဝါးစည်းတံဆိပ် သုံးခုကို ထပ်မံထုတ်လွှတ်လိုက်ရာ အခြားငါးခုနှင့် ပေါင်းစပ်သွားတော့သည်။
ဘုန်း… ဘုန်း… ဘုန်း
နယ်ရှင်လှံ ထပ်မံကွေးညွှတ်သွားပြီး တွမ့်မူရှန်း၏ ခြေထောက်များသည် မြေကြီးထဲသို့ နစ်ဝင်သွားသည်။ လက်မောင်းပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ဝင်းလက်နေ၏။ သူသည် အရှုံးပေးရန် လုံးဝဆန္ဒမရှိပေ။ သူသည် အံကိုကြိတ်ကာ အော်ဟစ်လိုက်ပြီး နယ်ရှင်လှံကို အားဖြင့် ထပ်မံဖြောင့်တန်းလိုက်ပြန်သည်။
“မင်းက ဒီလိုဖြစ်နေမှတော့ ငါလည်း ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး။ ရှစ်လွှာစည်းတံဆိပ် နှစ်ခု”
ကျန်းရှောင်ရော့သည် လေပေါ်တွင် ဝဲပျံနေရင်း လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ ယင်းကို မြင်သောအခါ ချန်ဖူ မျက်မှောင်ကျုံ့သွားပြီး လက်မြှောက်ရန် ပြင်လိုက်စဉ် လုကျိုးက သူ၏လက်ကို ပြန်ဖိချလိုက်သည်။
လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“ကြည့်နေလိုက်”
ရှစ်လွှာစည်းတံဆိပ်နှစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ထိုတိုက်ကွက်၏ ပြင်းအားကို အာရုံခံမိကြသည်။ အကယ်၍ တွမ့်မူရှန်းသာ လက်မလျှော့ပါက သေချာပေါက် အကြီးအကျယ် ဒဏ်ရာရသွားပေလိမ့်မည်။ သူတို့ ဝင်ရောက်ကူညီချင်သော်လည်း လုကျိုး၏ တည်ငြိမ်လှသော မျက်နှာထားကြောင့် လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဘုန်း
လက်ဝါးစည်းတံဆိပ်များ ကျရောက်လာချိန်တွင် တွမ့်မူရှန်း ညည်းတွားလိုက်ရပြီး သူ၏ခြေထောက်များမှာ မြေကြီးထဲသို့ ပေဝက်ခန့် နစ်ဝင်သွားသည်။ နယ်ရှင်လှံမှာ ထပ်မံကွေးညွှတ်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် လှံကိုယ်ထည်ပေါ်ရှိ နဂါးရစ်ပတ်ပုံသဏ္ဌာန်မှာ ပြင်းထန်စွာ ဝင်းလက်လာပြီး လှံကျိုးတော့မည့် အရိပ်အယောင် ပြလာသည်။
“ဖယ်စမ်း” တွမ့်မူရှန်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏လက်မောင်းပေါ်ရှိ ခရမ်းရောင်နဂါးများမှာ ပေါက်ကွဲထွက်လာတော့သည်။ ၎င်းတို့သည် နယ်ရှင်လှံကို ချက်ချင်းပြန်ဖြောင့်တန်းစေပြီး ရှစ်လွှာစည်းတံဆိပ်များကို ဖယ်ရှားပစ်လိုက်သည်။
အလစ်အငိုက်မိသွားသော ကျန်းရှောင်ရော့သည် ခရမ်းရောင်နဂါးနှစ်ကောင်၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စဉ်သွားရသည်။ “မိစ္ဆာကျင့်ကြံသူလား”
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များကလည်း တညီတညွတ်တည်း အာမေဋိတ်ပြုလိုက်ကြသည်။
“သူက မိစ္ဆာကျင့်ကြံသူလား”
တွမ့်မူရှန်းသည် မြေပြင်ကို ဆောင့်နင်းလိုက်ရာ စွမ်းအင်လှံများ လေထဲတွင် ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်နဂါးနှစ်ကောင်သည် အဆတစ်ထောင်မက ကြီးထွားလာပြီး လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခြေအနေဖြင့် တွမ့်မူရှန်းသည် ကျန်းရှောင်ရော့ကို ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်လေတော့သည်။
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များမှာ ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ တစ်ယောက်က ပြောလိုက်သည်။
“ဆရာ... သူက မိစ္ဆာကျင့်ကြံသူပါ”
ချန်ဖူလည်း အံ့အားသင့်သွားသော်လည်း လုကျိုး၏ တည်ငြိမ်သော မျက်နှာထားကို မြင်သောအခါ လုကျိုးက ဤအချက်ကို သိထားပြီးဖြစ်မည်ဟု နားလည်လိုက်သည်။ ထို့ကြောင့် သူက အမိန့်ပေးလိုက်သည်။
“မလှုပ်နဲ့”
၎င်းကြောင့် ချန်ဖူ၏ တပည့်များမှာ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေရုံသာ တတ်နိုင်တော့သည်။ သူတို့နှစ်ဦး တိုက်ခိုက်နေစဉ် ကျန်းရှောင်ရော့က မေးလိုက်သည်။
“မင်းက တကယ်ပဲ မိစ္ဆာကျင့်ကြံသူ ဖြစ်နေတာလား”
“မိစ္ဆာကျင့်ကြံသူဆိုတာ ဘာလဲ” တွမ့်မူရှန်းက ပြန်မေးလိုက်သည်။
ကျန်းရှောင်ရော့သည် တွမ့်မူရှန်း၏ ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သော ပုံရိပ်ပွားများ ကျန်ရစ်ခဲ့သည်။
ဝှစ် ဝှစ် ဝှစ်
တွမ့်မူရှန်း၏ စွမ်းအင်လှံများသည် အရပ်မျက်နှာအနှံ့ ပျံထွက်သွားသည်။ သူ လှံကို ထိုးသွင်းလိုက်လေ ပိုမိုများပြားသော စွမ်းအင်လှံများ ပေါ်လာလေဖြစ်သည်။ နောက်ဆုံးတွင် သူသည် စွမ်းအင်လှံများဖြင့် စက်ဝိုင်းပုံ နယ်ပယ်ငယ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏လက်မောင်းများသည် မရပ်မနား လှုပ်ရှားနေပြီး ခရမ်းရောင်နဂါးများမှာ သူ့ပတ်လည်တွင် ပျံသန်းနေကြသည်။
“ဆရာသခင်လား” ချန်ဖူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “သူက တာအိုစွမ်းအားနဲ့ လေဟာနယ်နိယာမကို လှံနဲ့ ပေါင်းစပ်လှုံ့ဆော်လိုက်တာလား။ ထူးခြားလိုက်တဲ့ ဆရာသခင်ပါလား”
ချန်ဖူ၏ အသံဆုံးသည်နှင့်...
ဘုန်း
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။ စွမ်းအင်လှံများသည် တစ်စုံတစ်ရာနှင့် တိုက်မိသွားပုံရသည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်ပွားများအားလုံး ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံမှ ထိုးကျလာသည်ကို မြင်လိုက်ရသည်။
ဘုန်း
ကျန်းရှောင်ရော့ သွေးအန်လျက် မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။ လူတိုင်း တံတွေးမျိုချလိုက်မိကြ၏။ တိုက်ပွဲက ပြီးဆုံးသွားပုံရသည်။
တွမ့်မူရှန်းသည် ကျန်းရှောင်ရော့နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်။ သူသည် နယ်ရှင်လှံကို အောက်သို့စိုက်ကိုင်ထားပြီး လဲကျနေသော ကျန်းရှောင်ရော့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်နဂါးများသည် သူ၏လက်မောင်းများဆီသို့ ပြန်လည်ဝင်ရောက်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ယိုယွင်းတိုက်စားခြင်း စွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူက ခေါင်းခါလျက် ပြောလိုက်သည်။
“ထပ်လုပ်ဦးမယ်”
ဘန်း
တွမ့်မူရှန်းသည် နယ်ရှင်လှံကို မြေပြင်ပေါ် စိုက်ချလိုက်သည်။ တိုက်ပွဲက အရမ်းကျေနပ်စရာကောင်းနေသဖြင့် သူ မဝသေးပေ။ ဆောင်းဦးနှင်းစက်တောင်၏ တပည့်များမှာမူ တွေးတောကာ စိုးရိမ်နေကြသည်။
“ဒီလူက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး”
တွမ့်မူရှန်းသည် ကျန်းရှောင်ရော့၏ ခေတ္တပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် ဒေါသထွက်နေသဖြင့် ပြောလိုက်သည်။
“သူရဲဘောကြောင်တဲ့ကောင်... ထစမ်း၊ ငါနဲ့ ဆက်တိုက်စမ်း”
ကျန်းရှောင်ရော့မှာမူ မထနိုင်တော့ပေ။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစများ မြင်တွေ့နေရပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
ထိုအချိန်တွင် လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“တော်လောက်ပြီ”
ထိုစကားကြောင့် တွမ့်မူရှန်း၏ ဒေါသများ ချက်ချင်းပြေပျောက်သွားပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
“ဆုတ်တော့” လုကျိုးက လက်ဝေ့ယမ်းလျက် ထပ်ပြောလိုက်သည်။
“ဟုတ်ကဲ့” တွမ့်မူရှန်းသည် နယ်ရှင်လှံကို သိမ်းဆည်းလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။
တွမ့်မူရှန်း နောက်လှည့်လိုက်သည်နှင့် ကျန်းရှောင်ရော့သည် ရုတ်တရက် ခုန်ထလာသည်။ လေဟာနယ်မှာ အေးခဲသွား၏။ အေးစက်သော စွမ်းအင်တစ်ခုသည် ကျန်းရှောင်ရော့၏လက်မှ ပျံထွက်လာပြီး သူက အော်ဟစ်လိုက်သည်။
“ငါ မရှုံးသေးဘူး”
ဝှစ်
တွမ့်မူရှန်းသည် ကျောပြင်တစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသော်လည်း တုံ့ပြန်ရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ စိတ်ထဲတွင် တွေးလိုက်မိသည်။
“ပြီးသွားပြီ...”
ထိုအချိန်တွင် လုကျိုး၏ လျစ်လျူရှုသော အသံ ထွက်ပေါ်လာသည်။ “မင်းကများ ရာရာစစ”
ကျန်းရှောင်ရော့ထက် အဆပေါင်းများစွာ ပိုမြန်သော ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ခု ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရှောင်ရော့ကို လွင့်စဉ်သွားစေတော့သည်။
ဘန်း
ကျန်းရှောင်ရော့ မြေပြင်ပေါ်သို့ ချက်ချင်း ပြန်လည်ကျရောက်သွားသည်။
“၀ူရှစ်တိ”
“လောင်ဝူ” ချန်ဖူ၏ တပည့်အချို့က ကျန်းရှောင်ရော့ကို ဖမ်းရန် ပြေးထွက်လာကြသည်။
“ငါတို့ ဒါကို သည်းခံနိုင်ပေမဲ့ သည်းမခံဘူးကွာ။ မင်းတို့က ယှဉ်ပြိုင်ချင်တယ်ဆိုတော့ ယှဉ်ပြိုင်ကြတာပေါ့။ အားနည်းတဲ့သူကို အနိုင်ကျင့်ရတာ ဘာများ ဂုဏ်ယူစရာ ကောင်းလို့လဲ”
ဝှစ် ဝှစ် ဝှစ်
ချန်ဖူ၏ တပည့်ဆယ်ဦးမှာ ယခုအချိန်တွင် အလွန် စည်းလုံးနေကြသည်။ ဟွားယင်၊ လျန်ယွီဖုန်းနှင့် ယွင်ထုန်းရှောင်တို့သည် မူလက ဂရုမစိုက်ခဲ့ကြသော်လည်း ယခု သူတို့၏ ၀ူရှစ်တိ ဒဏ်ရာရသွားသဖြင့် လက်ပိုက်ကြည့်နေတော့မည် မဟုတ်ပေ။ ထို့အပြင် အခြားသူများကလည်း မိစ္ဆာကျင့်ကြံသူဆီသို့ ပြေးဝင်သွားကြသဖြင့် သူတို့လည်း လိုက်ပါသွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ချန်ဖူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“တော်ကြတော့” ပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။ ကံဆိုးစွာဖြင့် ချန်ဖူ၏အသံမှာ ဆူညံသံများအောက်တွင် ပျောက်ကွယ်သွားလေ၏။
ဝူး
ထိုအချိန်တွင် လုကျိုးသည် တွမ့်မူရှန်း၏ နောက်၌ ပေါ်လာပြီး လက်ဝါးကို အပြင်ဘက်သို့ လှည့်ထားလိုက်သည်။ ထို့နောက် သူက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတယ်”
ဘုန်း
ဆောင်းဦးနှင်းစက်တောင်မှ လူတိုင်းသည် ရွှေရောင်စွမ်းအင်စည်းတံဆိပ်ကြောင့် လွင့်ထွက်သွားကြပြီး ကျယ်လောင်သောအသံနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ တိုက်ကွက် တစ်ကွက်တည်းဖြင့် လုကျိုးက ကွင်းပြင်တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်လေသည်။
…
အခန်း (၁၅၀၃) အပြစ်ပေးခြင်း
ကွင်းထဲ အပြေးအလွှားဝင်သွားကြသည့် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် လုကျိုးကြောင့် လွင့်ထွက်သွားကြသည်။ သူ၏တိကျသောထိန်းချုပ်မှုသည် သူတို့၏သွေးနှင့်ချီကို ဆန်တက်လာစေသည်။ သူတို့၏လက်မောင်းကို ထုံကျဉ်သွားစေ၏။ ချန်ဖုကို ထောက်ထား၍သာ သူ သူတို့ကို မသတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုင် ထိုတိုက်ကွက်တစ်ခုတည်းဖြင့် သူတို့၏စိတ်နှလုံးထဲ အကြောက်တရားဆောင်ယူလာစေဖို့ လုံလောက်သည်။
လုကျိုးသည် လက်နောက်ပစ်ထားလျက် မြေပြင်ပေါ်တွင် နာကျင်စွာ လှဲနေသော လူများကို ကြည့်ပြီးပြောလိုက်၏။
“ချန်ဖုရဲ့တပည့်အနေနဲ့ မင်းက တကယ်ကြီးအလစ်တိုက်ခိုက်ရဲတယ်ပေါ့။ အရယ်ခံရမှာ မကြောက်ဘူးလား”
“သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ” ကျန်းရှောင်ရော့သည် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားလျက် ကျန်လက်တစ်ဖက်ဖြင့် တွမ့်မူရှန်းကို ညွှန်ပြကာ စောဒကတက်လိုက်၏။ သူ စကားပြောရန်အတွက် သတ္တိအားလုံး ထည့်ထားရသည်။
“ပါးစပ်ပိတ်ထား” ထိုစဉ် ချန်ဖုက ထရပ်လိုက်၏။ အစောတည်းက စိတ်အခြေအနေမကောင်းဖြစ်နေပြီး သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။
ယင်းကိုမြင်သောအခါ ဆောင်းဦးနှင်းစက်တောင်၏တပည့်များသည် တုန်လှုပ်သွားကြလေ၏။ ချန်ဖုသည် အားနည်းဖျော့တော့နေပုံပေါ်သော်ငြား သူ၏မြင့်မြတ်သောနေရာနှင့် လူတိုင်း၏ရင်ထဲရှိ အခွင့်အာဏာသည် ပြောင်းလဲသွားခြင်းမရှိပေ။
ချန်ဖုသည် ကျန်းရှောင်ရော့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လျက် သူ၏အမူအရာများက မည်းမှောင်နေကာ သူ့ကိုပြောလိုက်၏။
“ကောက်ကျစ်လိုက်တဲ့တပည့် မင်း ဘာတွေစဉ်းစားနေတာလဲ”
“ဆ... ဆရာ” ကျန်းရှောင်ရော့သည် ရေအေးဖြင့်လောင်းခံလိုက်ရသလိုပင် သူ၏ဆရာက အပြင်လူအတွက် ရပ်တည်ပေးရသည့်အကြောင်းအရင်းကို သူ နားမလည်ပေ။ အပြင်လူများကို ဤနေရာ၌ သူတို့စိတ်တိုင်းကျ ပြုမူနေထိုင်ခွင့်ပေးထားနိုင်မည်နည်း။
ကျန်းရှောင်ရှော့သည် သူ၏ဆရာကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိ၏။ သူ၏အကြည့်က မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများဆီရောက်သွားချိန်၌ ဒေါသထပ်ထွက်လာပြန်သည်။ သူ၏ဆရာသည် မဟာသူတော်စင်တစ်ပါးဖြစ်၏။ သူက ဤလူများကို အဘယ်ကြောင့် ကြောက်ရွံ့နေသင့်သနည်း။
ချန်ဖုက ဒေါသတကြီးဆက်ပြောလိုက်၏။
“တပည့်မိုက် ငါ သင်ပေးထားတာတွေ မေ့သွားပြီလား”
“ဆရာ ကျွန်တော် ကျွန်တော် ဘာအမှားလုပ်ခဲ့မိလို့လဲ” ကျန်းရှောင်ရော့က မေးလိုက်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည် ခေါင်းခါလိုက်ကြသည်။
ဤတစ်ခုတည်းဖြင့် ဆောင်းဦးနှင်းစက်တောင်၏တပည့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များကြား မည်မျှကွာဟချက်ရှိကြောင်း သိသာသွားပြီဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များသည် ရှုတ်ချခံရလျှင် သူတို့က အကြောင်းအရင်းကို မေးမည်မဟုတ်။ သူတို့ရှစ်စွင်းက သူတို့ကိုရှုံ့ချလျှင်ဖြစ်စေ အပြစ်ပေးလျှင်ဖြစ်စေ သူတို့က ဘာမှမသိပင်လျှင် သူတို့အမှားကို ဦးစွာဝန်ခံ၏။ ဆိုရလျှင် ပြင်းထန်သည့် အမှားမဟုတ်သရွေ့ သူတို့သည် သူတို့၏ဆရာကို ဦးစွာလေးစားမှုပြသလိမ့်မည်။
ကျန်းရှောင်ရော့သည် ဘာအမှားလုပ်မိသည်ကို မသိသည်ကို မြင်လိုက်ရချိန်၌ ချန်ဖုက ဒေါသပိုတောင်ထွက်လာ၏။ သူက ပြောလိုက်သည်။
“ဒူးထောက်”
ကျန်းရှောင်ရော့က မည်မျှရဲတင်းစေကာမူ မည်မျှဒေါသထွက်စေကာမူ သူ၏ဆရာတူတပည့်များနှင့် ဆောင်းဦးနှင်းစက်တောင်၏ ကျန်သည့်ဂိုဏ်းသားများရှေ့၌ သူ့ဆရာ၏အမိန့်ကို မနာခံဘဲမနေရဲချေ။ သူက ချက်ချင်းဒူးထောက်လိုက်သည်။
ထောက်
ချန်ဖုက တင်းမာခက်ထန်စွာ မေးလိုက်၏။ “သူတို့က ငါ ဖိတ်ထားတဲ့ ဂုဏ်သရေရှိဧည့်သည်တွေပဲ။ မင်းကို လက်ရည်ယှဉ်ဖို့ ပြောခဲ့တာ ဒါပေမဲ့ မင်း အစောတုန်းက ဘာလုပ်ခဲ့လဲ”
“ဒါက ကျွန်တော်” ကျန်းရှောင်ရော့သည် ခဏတာတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဆောင်းဦးနှင်းစက်တောင်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆောင်ယူခဲ့ချင်ရုံပဲ။ မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်တော်တို့မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုက နက်နဲတယ်ဆိုတော့ အားကုန်ထုတ်သုံးလိုက်တာ။ လက်ရည်ယှဉ်တဲ့အချိန်မှာ ထိန်ချန်ထားသင့်တာမှန်ပေမယ့် ဓားမှာမျက်စိမရှိဘူးလေ။ လက်ရည်ယှဉ်နေတုန်း သူတို့ဘာမှမထိခိုက်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ ဆရာ”
ချန်ဖုသည် ဒေါသထွက်လွန်းသဖြင့် အပြင်းအထန် ချောင်းဆိုးတော့ပြန်သည်။ “မင်း ကျေးဇူးမသိတတ်တဲ့တပည့်။ မင်းက တကယ်ကျေးဇူးကန်းတာပဲ”
ကျန်းရှောင်ရော့၏စကားများသည် ချန်ဖု၏စိတ်အခြေအနေကို ကသောင်းကနင်းဖြစ်သွားစေ၏။ နှစ်ပေါင်းများစွာကြာအောင် သူသည် သူ၏တပည့်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားချိန်ကို မြင်တွေ့ရချိန် သို့မဟုတ် သူ၏တပည့်များစိတ်လိုက်မာန်ပါ ပြုမူသည်ကို မြင်တွေ့ရချိန်တောင် သူ၏ဒေါသကို မထိန်းချုပ်နိုင်တာမျိုး မရှိခဲ့ပေ။ သို့သော် ယနေ့ကျန်းရှောင်ရော့၏စကားများသည် သူ၏စိတ်အခြေအနေကို အနှောင့်အယှက်ပေးခဲ့သည်။
“ဆရာ” ကျန်းရှောင်ရော့က ထရပ်ပြီးအလွန်စိုးရိမ်နေပုံပေါ်၏။
“တော်လောက်ပြီ” လုကျိုးက ရုတ်တရက်ပြောလိုက်၏။ သူ၏အသံ၌ ကနဦးချီဖျော့ဖျော့ပါနေလေရာ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ယခုအချိန်၌ မည်သူမှစကားမပြောရဲတော့ချေ။
“ချန်ဖု မင်းရဲ့တပည့်တစ်ယောက်ကို သင်ပြပေးနေတဲ့အချိန် ငါက ဝင်မနှောင့်ယှက်သင့်ဘူး။ ဒါပေမဲ့ အခု ခင်ဗျားရဲ့ခန္ဓာကိုယ်က အားနည်းနေတာ။ ဒါ့အပြင် ခင်ဗျားရဲ့တပည့်တွေက ပုန်ကန်ဖို့စောင့်နေရုံပဲ” လုကျိုးက ပြောလိုက်၏။
ထိုစကားများသည် ချန်ဖုနှင့် သူ၏တပည့်၁၀ယောက်လုံးကို ရည်ညွှန်းနေသည်။ ချန်ဖု၏ တပည့်၁၀ယောက်သည် ထိုစကားများကို ကြားသောအခါ သူတို့စောဒကမတက်ရဲချေ။ ထိုအစား သူတို့တပြိုင်နက်တည်း ဒူးထောက်လိုက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက်စပြောလိုက်သည်။
“ဒီလိုအရာမျိုး မလုပ်ရဲပါဘူး ဆရာ”
“ဆရာ့ကို သစ္စာရှိပါတယ်။ နေနဲ့လက ကျွန်တော့ကို သက်သေခံပါတယ်” တစ်ယောက်ပြီးတစ်ယောက် သူတို့သစ္စာရှိကြောင်း ထုတ်ပြောတော့သည်။
ယင်းကိုမြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက အနေခက်လျက် ခေါင်းကုတ်နေကြ၏။ သူတို့သည် ထိုကဲ့သို့မြင်ကွင်းမျိုးကို ကြုံတွေ့ခဲ့ဖူးသလို ခံစားမိသည်။ ချန်ဖု စကားပြောတော့မည့်အချိန်တွင် လုကျိုးက စကားဖြတ်ပြောလိုက်၏။
“ခင်ဗျားက အိမ်ရှင် ကျုပ်က ဧည့်သည်တစ်ယောက်ပဲ။ ပုံမှန်အခြေအနေမှာဆို ဧည့်သည်က အိမ်ရှင်ရဲ့ဆန္ဒကို လိုက်လျောပေးသင့်တယ်။ ဒါပေမဲ့ အခု ခင်ဗျားအခြေအနေက မကောင်းဘူး။ သင့်တော်မယ်ထင်ရင် ခင်ဗျားကို ကျုပ် ဖြေရှင်းပေးမယ်။ ဘယ်လိုထင်လဲ”
ချန်ဖုသည် လုကျိုးပြောတာကို စိတ်အားထက်သန်စွာ သဘောတူလေ၏။ ကျန်းရှောင်ရော့၏ သတ်ဖြတ်လိုစိတ်သည် အစောတုန်းက သူ၏သတိပြုမှုမှ မလွတ်မြောက်ခဲ့ပေ။ ထို့အပြင် သူသည် လုကျိုးကို ဤနေရာသို့ဖိတ်ကြားခဲ့ခြင်းက လုကျိုးသည် လောကကြီးကို တာဝန်ယူဖို့ မျှော်လင့်ခဲ့သောကြောင့်ဖြစ်သည်။ သို့မှသာ ငြိမ်းချမ်းမှုဆက်လက်တည်တံ့နိုင်မည်။ ထို့အပြင် သူ၏တပည့်က လုကျိုး၏တပည့်ကို ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းကလည်း အမှန်ပဲဖြစ်သည်။ ဤကိစ္စကို လုကျိုးအားဖြေရှင်းခွင့်ပေးမှသာ မှန်လိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များသည် သူ၏မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာရှိနေ၏။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ သူတို့ဆရာဆီကနေ ကျော်ကြားမှုကို ခိုးယူလိုက်တာ မဟုတ်ဘူးလား။
ချန်ဖုက ပြောလိုက်၏။
“အကြံကောင်းပဲ”
ဆောင်းဦးနှင်းစက်တောင်၏ တပည့်များ ဆွံ့အသွားတော့သည်။
လုကျိုးသည် ဆောင်းဦးနှင်းစက်တောင်၏ တပည့်များကို ကြည့်လိုက်သည်။ ဤလောကထဲတွင် ယခုအခိုက်အတန့်၌ သူ့လောက်မည်သူမှ ချန်ဖုနှင့်ထပ်တူခံစားပေးနိုင်မှာမဟုတ်ပေ။ ပြီးနောက် သူက စိတ်အားထက်သန်စွာပြောလိုက်၏။
“မင်းတို့ရဲ့ဆရာ မဟာသူတောင်စင်ချန်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းပြီးချိန်ကစပြီး အပြန်အလှန်နားလည်သဘောပေါက်မှုရှိနေပြီ” ပြီးနောက် သူက ချန်ဖုဖက်လှည့်ပြီးပြောလိုက်၏။
“ခင်ဗျားရဲ့ ယုံကြည်မှုနဲ့ ဧည့်သည်အဖြစ်ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆောင်းဦးနှင်းစက်တောင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့မိတ်ဆွေပါပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းက ဆောင်းဦးနှင်းစက်တောင်ရဲ့မိတ်ဆွေပဲ” ချန်ဖုက ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်ပြီးနောက် လှမ်းခေါ်လိုက်သည်။ “ကျန်းရှောင်ရော့”
ကျန်းရှောင်ရော့သည် မှင်သက်သွားသည်။ “ချန်း ချန်းပေ့”
“ငါရဲ့တပည့်နဲ့လက်ရည်ယှဉ်တုန်းက အောင်ပွဲက မင်းရဲ့ဖမ်းဆုပ်မှုထဲမှာပဲ။ မင်း မှန်မှန်လေး တိုက်ခိုက်သွားနိုင်မယ်ဆိုရင် မင်း အနိုင်ရနိုင်မယ်။ မင်းက အနိုင်ရဖို့စိတ်စောပြီး စိတ်လိုက်မာန်ပါ ဖြစ်နေတာ။ သတ်ဖြတ်လိုစိတ်တောင် ပေါ်လာသေးတယ်။ မင်း ဝန်ခံလား” လုကျိုးက မေးလိုက်၏။
ကျန်းရှောင်ရော့က စောဒကတက်ပြန်၏။ “သတ်ဖြတ်လိုစိတ်လား။ ချန်းပေ့ ကျုပ်ကို မစွပ်စွဲပါနဲ့။ ကျုပ် ဘယ်လိုလုပ်သတ်ဖြတ်လိုစိတ်ပေါ်ပါ့မလဲ။ ကျုပ်တို့လက်ရည်ယှဉ်နေရုံပဲ။ လက်ရည်ယှဉ်တုန်း ဒဏ်ရာရမှု ရှောင်နိုင်တာမှမဟုတ်တာ”
ကျန်းရှောင်ရော့က ငြင်းရန်ကြိုးစားနေတာကို မြင်ပြီး လုကျိုးက ခေါင်းခါလျက် သက်ပြင်းချပြီးပြောလိုက်သည်။ “မင်းကိုနောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်”
ကျန်းရှောင်ရော့သည် ထိုခြိမ်းခြောက်သော စကားများကြောင့် အနည်းငယ်ထိတ်လန့်သွားတော့သည်။ မျက်နှာသေဖြစ်နေသော သူ၏ဆရာဖက်ကိုကြည့်လိုက်ပြန်၏။ ပြီးနောက် သူ သဘောပေါက်သွားတော့သည်။ လက်ရည်ယှဉ်ခြင်းသည် ဆင်ခြေတစ်ခုသာဖြစ်၏။ သူ၏ဆရာသည် ကူညီပေးမည့်သူရှာတွေ့သွားပြီးဖြစ်သည်။ ဤအသိအမြင်ဖြင့် သူက ခေါင်းခါစွာပြောလိုက်တော့သည်။
“ကျုပ်တကယ် ဘာအမှားမှမလုပ်ခဲ့ဘူး”
လုကျိုးသည် သက်ပြင်းထပ်ချလျက် ချန်ဖုကို မေးလိုက်တော့သည်။ “သူတော်စင်ချန်း ဒါက ခင်ဗျားရဲ့တပည့်ပဲ။ သူ့ကို ဘယ်လိုဖြေရှင်းချင်လဲ”
အတိတ်တုန်းကသာဆိုလျှင် ချန်ဖုသည် ထရပ်ပြီး ကျန်းရှောင်ရော့ကို သွန်သင်ပေးဦးမှာဖြစ်သည်။ ကံဆိုးသည်မှာ ယခုသူကအားနည်းပြီး သေခါနီးပြီဖြစ်၏။ သူ သေရမှာကို မကြောက်ရွံ့ပေ။ သို့သော် လောကကြီးကို လက်မလွှတ်နိုင်။ မဟုတ်လျှင် အစောတည်းက လောကကြီးနှင့် စည်းခြားထားမည်ဖြစ်သည်။
နောက်ဆုံး၌ ချန်ဖုက ပြောလာ၏။ “အစ်ကိုလု ဆန္ဒရှိသလိုလုပ်ပါ”
ချန်ဖု၏တပည့်များက ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ယင်းသည် တဖက်လူ၏လက်ထဲ သူတို့အသက်ကို ထည့်ပေးလိုက်ခြင်းနှင့်တူ၏။ သူတို့ရင်ထဲအေးစိမ့်သွားတော့သည်။
ထိုစဉ် လုကျိုးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ “သိပ်ကောင်းတယ်” ပြီးနောက် သူသည် ကျန်းရှောင်ရော့ကို ထပ်ကြည့်ပြီးပြောလိုက်၏။ “မင်းဆရာရဲ့ကိုယ်စား မင်းကို အပြစ်ပေးမယ်။ နောင်ကျ မင်း ပြောင်းလဲသွားဖို့ မျှော်လင့်တယ်”
ကျန်းရှောင်ရော့သည် ပိုတောင်ဒေါသထွက်လာပြီး မလိုမလားဖြစ်လာ၏။
“နေဦး” ချန်ဖုက ရုတ်တရက်ပြောလိုက်၏။ လုကျိုးသည် သူ၏ကိုယ်စားအလွန်သက်ညှာပြီးဖြစ်တာကို သိသည်။
“ခင်ဗျား သူ့ကို ကာကွယ်ချင်တာလား”
ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။ “ကျန်းရှောင်ရော့ မင်း အရှေ့ဖက်မြို့တော်က သံတမန်နဲ့ ပူးပေါင်းတုန်းက ငါ တကြိမ်သတိပေးခဲ့ပြီးပြီ။ အခု မင်းနောက်တစ်ခေါက် ထပ်ကျူးလွန်တာဆိုတော့ မင်း အပြစ်ပေးခံရမယ်။ အပြစ်အနေနဲ့မင်းရဲ့မွေးဖွားဇယားချပ် သုံးခုကို ဖျက်ဆီးပစ်မယ်။ ဒီအပြစ်ဒဏ်ကို လက်ခံလား”
“မွေးဖွားဇယားချပ် သုံး သုံးခုလား”
ချန်ဖု၏တတိယတပည့် ကျိုးကွမ်း၊ ချန်ဖု၏စတုတ္ထတပည့် ယွင်ထုံးရှောင်နှင့် ဆရာသခင်မဟုတ်သည့် ကျန်သည့်သူများက ချက်ချင်းဒူးထောက်လိုက်သည်။
“ဆရာ လောင်ဝူက မှားပေမယ့် သူ့ရဲ့မွေးဖွားဇယားချပ်သုံးခုကိုဖျက်ဆီးတာက မမှန်ပါဘူး။ ဒီပြစ်ဒဏ်က ပြင်းထန်လွန်းတယ်မဟုတ်ပါလား” ကျိုးကွမ်းက ပြောလိုက်၏။
“ဟုတ်တယ် ဆရာ။ လောင်ဝူက ဆရာသခင်ဖြစ်တာ မကြာသေးဘူး။ ဆရာသခင်တွေက သုံးရက်အတွင်း သူတို့မွေးဖွားဇယားချပ်တွေကို ပြန်ဖွဲ့တည်နိုင်တယ်ဆိုပေမယ့် အချိန်တိုအတွင်း သင့်တော်တဲ့အသက်ဓာတ်နှလုံးသားကို ဘယ်လိုရှာရမလဲ” ယွင်ထုံးရှောင်က ပြောလိုက်၏။
“ဝူရှစ်တိကို သက်ညှာပေးဖို့ တောင်းပန်ပါတယ်”
“ဆရာသက်ညှာပေးဖို့ တောင်းပန်ပါတယ်”
ချန်ဖုသည် သူ့တပည့်များ၏တောင်းပန်မှုကို လျစ်လျူရှုထားလျက် ဆက်ပြောလိုက်သည်။ “မင်းရဲ့ဇယားသုံးခုကို ဖျက်ဆီးတာအပြင် မင်း ဒီသုံးရက်အတွင်းပြန်လည်ဖွဲ့တည်ခွင့်မရှိဘူး”
ချန်ဖု၏တပည့်များက တညီတညွတ်တည်းလှမ်းအော်လိုက်၏။ “ဆရာ”