← Chapters

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း (၁၅၁၀) ရန်သူလား မိတ်ဆွေလား

တာအိုသူတော်စင်လီသည် ကိန်းကြီးခမ်းကြီး မနေဘဲ ချန်ဖု၏ ခုံ၌ ဝင်ထိုင်လိုက်၏။ ထို့ကြောင့် ချန်ဖုသည် ရွေးချယ်စရာ မရှိဘဲ မတ်တတ်ရပ်နေရတော့သည်။

ချန်ဖုက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလေ၏။ သူ၏ ကျင့်ကြံစဉ်ကို အားကိုးပြီး လက်ကျန်စွမ်းအားဖြင့် သူ့ကိုယ်သူ ပံ့ပိုးထားရသည်။ သူ့ရှေ့ရှိလူက ရွှမ်းယီနန်းတော်မှ တာအိုသူတော်စင် လီချွင်းဖြစ်သည်။ လီချွင်းသည် မဟာလေဟာနယ်က ရံဖန်ရံခါ ပို့ပေးသည့် တမန်တော်လည်း ဟုတ်သည်။

လီချွင်းက လုကျိုးကို အပြုံးတစ်ပွင့်ဖြင့် စူးစိုက်ကြည့်နေလေ၏။

ရိုကျိုးခြင်း မမည်၊ ဝင်ကြွားခြင်းလည်း မရှိသည့် လုကျိုး၏ သဘောထားကို မြင်တွေ့ချိန်၌ သူ သိချင်စိတ် ပေါ်လာ၏။ သူ့အဖို့တော့ လုကျိုးသည် မဟာလေဟာနယ်မှ လာသည့်သူကို မျက်နှာချိုသွေးရန် ရည်ရွယ်နေတာ သိသာ၏။

သူက ပြောလိုက်သည်။

“မဟာလေဟာနယ်က ပါရမီရှင်တွေကို တန်ဖိုးထားတယ်။ နယ်မြေကိုးခုထဲမှာ သူတော်စင် ဖြစ်လာနိုင်စွမ်း ရှိတဲ့သူက အင်မတန် ရှားပါးတာ။ မင်းဆန္ဒရှိရင် မင်းကို မဟာလေဟာနယ်ထဲ ဝင်ဖို့ အခွင့်အရေး ပေးမယ်”

လုကျိုးက ခေါင်းခါလိုက်၏။

“ကျုပ်က သီးသန့်နေရတာ သဘောကျတယ်။ နှောင်ဖွဲ့ခံရတာ သဘောမကျဘူး။ ခင်ဗျား ကမ်းလှမ်းမှုကို အသိအမှတ်ပြုပါတယ်”

တစ်ဖက်သူသည် ရန်သူလား၊ မိတ်ဆွေလား အသိမပြုရသေးခင် လုကျိုးသည် ဘာမှ မလှုပ်ရှားချင်ပေ။ ရန်သူများစွာ ရှိလွန်းခြင်းက မလိုအပ်ပေ။

လီချွင်းက တည်ငြိမ်စွာ ပြောလိုက်၏။

“မဟာလေဟာနယ်ကို ငြင်းဆန်တဲ့သူတွေက နောင်ကျ ခက်ခဲလာလိမ့်မယ်။ ချန်ဖု မင်း ဘယ်လိုထင်လဲ”

အတိတ်တုန်းက မဟာလေဟာနယ်ကို ငြင်းဆန်ခဲ့သော ချန်ဖုသည် ယခုအချိန်၌ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးဖြစ်သည်။ သူက သာဓကကောင်း တစ်ရပ်ပင် ဖြစ်သည်။

ချန်ဖုက ပြောလိုက်၏။

“ကျုပ်ရဲ့မိတ်ဆွေက လွတ်လွတ်လပ်လပ် နေရတာ ကြိုက်တယ်။ အနှောင်အဖွဲ့ မကြိုက်ဘူး”

“ငှက်တွေက တူရာစုစည်းတယ်။ မင်းတို့ တကယ်ဆင်တူတာပဲ”

လီချွင်းက သက်ပြင်းချလျက် ပြောလိုက်၏။ ထိုအကြောင်းအရာကို သူ ဆက်မပြောတော့ပေ။ ထိုအစား သူက ချန်ဖုကို ပြောလိုက်၏။

“ထိုင်ပြီး ငါနဲ့စကားပြောဦး”

ချန်ဖုက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ကုလားထိုင်တစ်လုံးက လွင့်ပျံလာလျက် သူ့နောက်၌ ငြိမ်သက်စွာ ကျလာ၏။ သူ ထိုင်လိုက်ပြီးနောက် မေးလိုက်တော့သည်။

“ကျုပ်ရဲ့ ဆောင်းဦးနှင်းစက်တောင်ကို သူတော်စင်လီ ဘာကြောင့် ရောက်လာတာလဲ မေးလို့ရမလား”

လီချွင်းက ပြောလိုက်၏။

“ကိစ္စသုံးခုကြောင့် ဒီကိုလာတာ”

သူက ဆက်မပြောဘဲ လုကျိုးကို ကြည့်လိုက်၏။ ချန်ဖုက ပြောလိုက်၏။

“သူက ကျုပ်တို့လူပဲ”

လီချွင်းက ပြောလိုက်၏။

“ပထမဆုံးအချက်က ထုဝေ့ခန်းမဆောင်က တာအိုသူတော်စင်က ဒီရောက်နေတယ်။ မင်းသူ့ကို တွေ့လား”

“ထုဝေ့ခန်းမက တာအိုသူတော်စင်လား”

“ငွေရောင်ချပ်ဝတ် အစောင့်ရှောက်တွေရဲ့ ခေါင်းဆောင်၊ တာအိုသူတော်စင် ကျန့်ဝမ်ရွှီ”

လီချွင်းက ပြောလိုက်သည် ။

ချန်ဖုက ခေါင်းခါလိုက်၏။

“ဒီလိုလူကို မတွေ့မိပါဘူးဓ

ထိုအမည်ကို ကြားသောအခါ တစ်ချိန်တည်းတွင် ချန်ဖုသည် လျိုကျန်း ပိုင်ဆိုင်ထားသော မဟာလေဟာနယ် တံဆိပ်ကို ပြန်တွေးမိသွား၏။ လျိုကျန်းသည် လီချွင်း ပြောသည့်လူနှင့် တွေ့ခဲ့ဖူးသလား။

တစ်ဖက်တွင်မူ လုကျိုးက ထိုအမည်ကို ကြားသောအခါ မေးလိုက်၏။

“ကျန့်ဝမ်ရွှီက ထုဝေ့ခန်းမရဲ့ တာအိုသူတော်စင်လား”

“မင်း သူ့ကို သိလား”

လီချွင်းက အနည်းငယ် အံ့ဩသွားတော့သည်။ လုကျိုးက တမင်တကာ ပြောလိုက်၏။

“အတိတ်တုန်းက ရွှေကြာနယ်မြေမှာ ကျန့်ဝမ်ရွှီလို့ ခေါ်တဲ့ မင်းဆရာတစ်ယောက် ရှိဖူးတယ်။ သူတို့ နာမည်တူတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

လီချွင်းက ရယ်မောလိုက်၏။

“သူ့ကို မင်း မတွေ့ဖူးလောက်ဘူးလို့ ထင်ပါတယ်”

လုကျိုးက ခေါင်းခါလိုက်၏။ စိတ်ထဲတွင်မူ သူ့ဘာသာသူ စဉ်းစားလိုက်၏။ ငါသာ သူ့ကို တွေ့ရင် နောက်ဆက်တွဲကို စဉ်းစားမနေဘဲ တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မှာ။

“ဒုတိယကိစ္စကတော့...”

လီချွင်းက ပြောဖူးသည်။

“ဆိုးယုတ်သူတစ်ပါးရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်သဲနာရီကို ရှာဖို့အတွက် ငြိမ်းချမ်းရေးတောင်ကို အသင်းတစ်သင်း လွှတ်ခဲ့တယ်။ ယွဲ့ချီကို အဆက်အသွယ်ပြတ်သွားတော့ ငါတို့ ရှာမတွေ့တော့ဘူး။ ဒါပေမဲ့ အမည်မသိနယ်မြေထဲမှာ သဲနာရီရဲ့ အရိပ်အယောင်ကို တွေ့ရတယ်လို့ ကြားမိတယ်။ ချန်ဖု မင်းက မဟာသူတော်စင်တစ်ပါးပဲ။ အဲဒီအမွေအနှစ်ရဲ့ တည်နေရာကို သိလား”

လီချွင်းက သဲနာရီအကြောင်း ပြောချိန်၌ လုကျိုး၏ အမူအရာသည် ပြောင်းလဲမှုမရှိပေ။ သူက သူ့ဘာသာသူ တွေးလိုက်၏။ နောင်ကျ ဒါကို အသုံးပြုတာ လျှော့ချရင် အကောင်းဆုံးပဲ။ အဲ့ဒီပစ္စည်းကို တပ်မက်တဲ့သူ များလွန်းတယ်။ ပြောရရင် ဒါက တကယ်အသုံးဝင်တာပဲလေ။ ယွဲ့ချီမှာ ဘာအရည်အချင်းရှိလို့လဲ။ သူက အဲဒီပစ္စည်းကို သုံးဖို့ မထိုက်တန်ဘူး။

ချန်ဖုက ပြောလိုက်၏။

“ဆိုးယုတ်သူတစ်ပါးလား။ အရင်တစ်ခေါက်လာတုန်းက သူ့အကြောင်း ပြောတာ မှတ်မိသေးတယ်။ သူ့ရဲ့ပစ္စည်းက ဒီလောက် ကောင်းတယ်လား”

လီချွင်းက ပြုံးပြီး ပြောလိုက်၏။

“ဆိုးယုတ်သူတစ်ပါး အကြောင်း မင်းသိတာ နည်းလွန်းတယ်”

ပြီးနောက် သူက ချီးကျူးမှုများဖြင့် ပြောလိုက်တော့သည်။

“ဧကရာဇ်ငါးပါးတောင် ကြောက်ရွံ့ရတဲ့သူပဲ”

ထိုစဉ် လုကျိုးက ဝင်ပြောလိုက်၏။

“သူ ဒီလောက်အစွမ်းထက်တယ်ဆိုရင် ဘာကြောင့် ရှုံးနိမ့်သွားလဲ”

လီချွင်းက လုကျိုးကို ကြည့်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

“သူက လမ်းမှားရောက်သွားပြီး သွေဖည်သွားတာ။ မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခုက အရာအားလုံး စွန့်ပြီး အထွတ်အထိပ်သက်ရှိလေးယောက်ကို ဆုံးရှုံးခံပြီး သူ့ကို ဖယ်ရှားခဲ့ရတယ်”

လုကျိုးသည် စိတ်ထဲ အံ့ဩသွား၏။ အပြင်ဘက်တွင်မူ သူ၏ အမူအရာက တည်ငြိမ်နေကာ ပြောလိုက်တော့သည်။

“လမ်းမှားရောက်သွားတယ်တဲ့လား”

လီချွင်းက ပြောလိုက်၏။

“မင်းမသိတာ ပိုကောင်းမဲ့ ကိစ္စတချို့ ရှိတယ်”

ချန်ဖုက မေးလိုက်၏။

“တတိယကိစ္စက ဘာများလဲ”

“တတိယအချက်က...”

လီချွင်းသည် စကားပြော ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

“မင်းရဲ့ အချိန်ကုန်ဆုံးသွားပြီးရင် မင်းရဲ့တပည့်တွေကို မဟာလေဟာနယ်ဆီ ခေါ်သွားချင်တယ်။ သူတို့ကို ရွှမ်းယီနန်းတော်ရဲ့ မဟူရာ အစောင့်တပ်ဖွဲ့ထဲ ဝင်စေချင်တယ်”

ချန်ဖုက စကားမပြောပေ။ သူသည် လီချွင်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။ တကယ်တော့ သူသည် လီချွင်းကို တားမည့် နည်းလမ်း မရှိသလို ငြင်းဆန်ပြီး ဆွေးနွေးပိုင်ခွင့် မရှိမှန်းလည်း သိ၏။ ယင်းက မဟာလေဟာနယ်သာ ဖြစ်၏။ သူတို့ ကိစ္စများ ဆောင်ရွက်ပုံက အမြဲတစေ ဤအတိုင်းသာ ဖြစ်သည်။

လီချွင်းကလည်း ချန်ဖုကို အကြောင်းကြားရန်အတွက်သာ ဤနေရာသို့ ရောက်လာတာဖြစ်၏။ သူက ခွင့်ပြုချက် တောင်းနေတာ မဟုတ်ပေ။ ချန်ဖုသည် နှစ်ပေါင်းများစွာ ကြာအောင် တာ့ဟန်၌ မျှခြေကို ထိန်းသိမ်းပေးထားသောကြောင့် ချန်ဖုကို အကြောင်းကြားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်သည်။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချန်ဖုက မေးလိုက်၏။

"တာ့ဟန်က ကျုပ်နဲ့ တစ်ပါတည်း ပျောက်ကွယ်သွားမှာကို မဟာလေဟာနယ်က တကယ် မကြောက်ရွံ့ဘူးလား"

"နှစ်မြွှာကြာနယ်မြေရဲ့ မြေမျက်နှာသွင်ပြင်က ထူးကဲတယ်။ အမည်မသိ ကုန်းမြေနဲ့ ဆက်နွယ်နေပြီး ကျဉ်းမြောင်းပြီး ထိခိုက်လွယ်တဲ့ မြေတစ်ခုပဲ။ ရှေးအစီအရင်တွေနဲ့ မင်းချန်ခဲ့တဲ့ အမှတ်အသားတွေကို မိုးနဲ့မြေရဲ့ စွမ်းအားနဲ့ ပြုပြင်ပြီးပြီ"

လီချွင်းက ပြောလိုက်၏။ ချန်ဖုက သဘောပေါက်သွားတော့သည်။ ဤကုန်းမြေကို ဖြတ်တောက်လိုက်သရွေ့ နှစ်မြွှာကြာနယ်မြေသည် အမည်မသိ ကုန်းမြေနှင့် ဆက်နွယ်မှုကို အပြည့်အဝ ဖြတ်တောက်ခံလိုက်ရမည်ဟု သူထင်ခဲ့သည်။ ကုန်းမြေက မြေကြီးထဲ နစ်ဝင်သွားပြီး ထာဝရဆုံးရှုံးသွားခြင်း၊ သို့မဟုတ် အဆုံးမဲ့ သမုဒ္ဒရာထဲ ကူးပြောင်းသွားပြီး ငြိမ်းချမ်းရေး တောင်ကဲ့သို့ ပျောက်ဆုံးသွားသော မြေဖြစ်လာလိမ့်မည်ဟု သူယူဆခဲ့ဖူးသည်။ ကုန်းမြေကို ပြုပြင်ပြီးဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

ကုန်လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်၌ ချန်ဖုသည် ထိုနေရာသို့ သွားရောက်လေ့လာခဲ့၏။ ထူးဆန်းမှု တချို့ကို ရှာတွေ့ခဲ့ပြီးတာ ကြာပြီ ဖြစ်သည်။ ကုန်းမြေ၌ အက်ကွဲမှုကို ပြင်နိုင်သည့် စွမ်းအားတစ်မျိုးကို ခံစားခဲ့မိသည်။ ၎င်းက ဖျက်ဆီးခြင်း တိုင်လုံးများကို ပြုပြင်သည့် အင်အားနှင့် ဆင်တူ၏။ ထိုအင်အား မည်သည့်နေရာမှ လာကြောင်းနှင့် မည်သည့်အရာဆိုတာ သူ မသိခဲ့တာပဲ ဖြစ်သည်။

ဖျက်ဆီးခြင်း တိုင်လုံးပေါ်၌ အက်ကွဲကြောင်းများ ပိုပေါ်လာချိန်တွင် မြေပြင်ပေါ်ရှိ အက်ကွဲများက တဖြည်းဖြည်းချင်း လျော့သွား၏။

ချန်ဖုသည် ထိုအင်အားသည် မိုးနှင့်မြေ၏ အတားအဆီးနှင့် သက်ဆိုင်နေသည်ဟု ယူဆခဲ့ဖူးသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းလမ်းအရ လူသားများသည် အတားအဆီးမှ မလွတ်မြောက်နိုင်သလို ထာဝရရှင်သန်နိုင်ခြင်း မရှိပေ။ သေဆုံးသွားသော ကျင့်ကြံသူတို့၏ စွမ်းအားသည် မိုးနှင့်မြေဆီ ပြန်လည်ရောက်ရှိသွား၏။

လီချွင်းက သက်ပြင်းချလိုက်၏။

"ဧကရာဇ်ကိုယ်တိုင် မင်းကို အပြစ်ပေးပြီးပြီဆိုတော့ မင်းကို ကူညီနိုင်တာ ဘာမှမရှိဘူး။ မင်းရဲ့ တပည့်တွေကို ဂရုစိုက်ဖို့ပေးပဲ တတ်နိုင်တယ်"

ချန်ဖုက တိတ်ဆိတ်နေလေ၏။ လုကျိုးသည် နောက်ဆုံး၌ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။

"သူတို့ ခင်ဗျားနဲ့ သွားချင်တာ မဟုတ်ဘူး"

"လူတိုင်းက မဟာလေဟာနယ်ကို သွားဖို့ တောင့်တနေကြတာ။ သူတို့ ဆန္ဒမရှိဘူးလို့ ဘာလို့ ထင်နေတာလဲ"

လီချွင်းက ပြောလိုက်၏။

"ခင်ဗျား သူတို့ကို မေးတာနဲ့ သိရမှာပဲ"

လုကျိုးက ပြောလိုက်၏။

"ရွှမ်းယီနန်းတော်ရဲ့ အနက်ရောင် အစောင့်တပ်ဖွဲ့ထဲ ဝင်ပြီးရင် အနည်းဆုံးတော့ သူတို့မှာ အိမ်တစ်လုံး ရှိလာမယ်။ သူတို့ ဆောင်းဦးနှင်းစက်တောင်ကို စောင့်ကြပ်စရာ မလိုတော့ဘူး။ ထုဝေ့ခန်းမ ဆိုရင်တော့ သူတို့ကို ရွေးချယ်စရာ ပေးမှာ မဟုတ်ဘူး"

လုကျိုးက ထရပ်လျက် ပြောလိုက်သည်။

"ကျုပ် သဘောမတူဘူး"

လူကျိုးသည် မဟာလေဟာနယ် အကြောင်း သိရချိန်မှစပြီး ၎င်းအပေါ် သူ၏ အထင်အမြင်က လျော့ကျနေပြီး ဖြစ်သည်။ လက်ရှိ၌ သူက အမုန်းတရား ရှိနေ၏။ လီချွင်းက ပြုံးပြီး ပြောလိုက်၏။

“ခင်ဗျား ဘာတွေတွေးနေတာလဲ။ ကျုပ်ကို ဖျောင်းဖျနိုင်ရင် ကျုပ်ချက်ချင်း ထွက်သွားလိုက်မယ်”

လီချွင်း ဒေါသထွက်လာတာကို ခံစားမိသော ချန်ဖုက ပြောလိုက်သည်။

“ဒေါသမထွက်ပါနဲ့ တာအိုသူတော်စင်လီ၊ ကျုပ်တို့ ဒီကိစ္စကို ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရပါတယ်”

လီချွင်းက ပြောလိုက်သည်။

“မဟာလေဟာနယ်ကို ဝင်ချင်တဲ့သူ အများအပြား ရှိပေမဲ့ သူတို့မှာ အခွင့်အရေး မရှိကြဘူးဆိုတာ ခင်ဗျား သိလား။ လက်ရှိမှာ မဟာလေဟာနယ်က လူအင်အား ပြတ်လပ်နေတယ်။ ထုဝေ့ခန်းမက နေရာအနှံ့မှာ ပါရမီရှင်တွေကို စုဆောင်းဖို့ ကြိုးစားနေတာ။ ဒီတော့ ငါ ဘယ်လိုလုပ် နောက်ကောက်ကျခံနိုင်မှာလဲ။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးတော့ မဟာလေဟာနယ်ရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့သူတချို့လဲ ရှိတယ်။ ကျုပ်သာ သူတို့ကို ရှာနိုင်ရင် သူတို့ကို ခေါ်သွားမှာ။ သူတို့ ဘယ်သူပဲ ဖြစ်ဖြစ် ညှိနှိုင်းစရာ ကဏ္ဍမရှိဘူး”

“အဲလိုလား” လုကျိုးက လှည့်လာပြီး ချွင်းလီကို ကြည့်ကာ ပြောလိုက်သည်။

“ဒါက ခင်ဗျားကို ဖျောင်းဖျနိုင်လား”

ဝှစ်

လုကျိုးက သူ၏ လက်ကို တွန်းထုတ်လိုက်၏။ လီချွင်း၏ မျက်နှာရှေ့၌ ကျောက်စိမ်းတံဆိပ်တစ်ခု ပေါ်လာသည်။ ကျောက်စိမ်းတံဆိပ်၏ အလယ်တွင် အဖြူရောင် ဟူသော စကားလုံး ပါရှိနေ၏။

"အဖြူရောင် ဧကရာဇ်လား..."

…

အခန်း (၁၅၁၁) နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ရန် နည်းလမ်း ၁

ကျောက်စိမ်းတံဆိပ်ပြားကို မြင်သောအခါ လီချွင်းသည် မျက်မှောင်ကြုတ်မိသွားကာ သူ့၏မျက်လုံးထဲ၌ အံ့ဩမို့အရိပ်အယောင် ပေါ်လာလေ၏။ သို့သော် အမြန်သတိကပ်သွားပြီးနောက် မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်တော့သည်။

"ဒီတော့ ခင်ဗျားက အဖြူရောင်ဧကရာဇ်ဆီကကိုး။ နှစ်မြွှာကြာနယ်မြေထဲမှာ နောက်ထပ်သူတော်စင်တစ်ပါး ရှိနေတာ အံ့ဩစရာမရှိဘူးပဲ”

လုကျိုးက အဖြူရောင်ကျောက်စိမ်းတံဆိပ်ကို ထုတ်လာလိမ့်မည်ဟု မထင်မှတ်ထားသော ချန်ဖုက အံ့ဩပြီး စဉ်းစားလိုက်တော့သည်။ ကျောက်စိမ်းတံဆိပ်ကို သိမ်းပြီးနောက် လုကျိုးက သူ့၏နေရာသို့ ပြန်ထိုင်လိုက်၏။

လီချွင်းသည် သူ့၏ မောက်မာထောင်လွှားမှုများကို ဘေးချိတ်ထားလျက် လုကျိုးရှေ့ လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။

"ခင်ဗျားက အဖြူရောင်ဧကရာဇ်ဆီကမှန်း မသိခဲ့ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

လုကျိုးသည် အဖြူရောင်ဧကရာဇ်က မဟာအသူရာမြေအား သူတို့ကို ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်ခွင့် ချီးမြှင့်ပေးနိုင်ခဲ့သောကြောင့် အဖြူရောင်ဧကရာဇ်၏ ဂုဏ်သတင်းနှင့် အထောက်အထားကို အံ့ဩခြင်းမရှိခဲ့ပေ။ ဤမတိုင်မီက လီချွင်းသည် လုကျိုးအကြောင်း များများစားစား မစဉ်းစားခဲ့ပေ။ သို့သော် လုကျိုးနောက်၌ အဖြူရောင်ဧကရာဇ် ရှိနေလေရာ သူသည် လုကျိုးကို အလေးအနက် ထားရတော့မည်။

လုကျိုးက မေးလိုက်၏။

"ခင်ဗျားက ဆောင်းဦးနှင်းစက်တောင်ရဲ့ တပည့်တွေကို ခေါ်သွားဖို့ အစီအစဉ်ရှိသေးတာလား”

လီချွင်းက တောင်းပန်စကား ဆိုလိုက်သည်။

"အဖြူရောင်ဧကရာဇ်က ဒီနေရာကို လူလွှတ်လိုက်ပြီဆိုတော့ ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။ အဖြူရောင်ဧကရာဇ်ဆီ သတင်းပါးပေးပါဦး။ အချိန်ရှိတဲ့အခါ ရွှမ်းယီနန်းတော်ကို လာလည်ဖို့ မျှော်လင့်ကြောင်း ပြောပေးပါ။ ကျုပ်တို့ ခန်းမသခင်က သူ့ကို အချိန်မရွေး ကြိုဆိုနေပါတယ်”

"သတင်းပါးပေးပါမယ်”

လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ သူ့၏မျက်နှာထားက ပြောင်းလဲမှုမရှိသလို နှလုံးခုန်နှုန်းက ပိုမြန်လာခြင်းလည်း မရှိပေ။

လီချွင်းက ပြုံးပြီး ပြောလိုက်၏။

"ကျုပ်က ဆောင်းဦးနှင်းစက်တောင်က တပည့်တွေကို ခေါ်မသွားဘူးဆိုပေမဲ့ တခြားသူတွေ ရောက်လာလိမ့်မယ်။ သူတို့ကို တစ်သက်လုံး မဖွက်ထားနိုင်မှာစိုးတယ်”

"ဘယ်သူလဲ”

"ထုဝေ့ခန်းမရဲ့ ကျန့်ဝမ်ရွှီ”

လီချွင်းက ဆက်ပြောလိုက်၏။

"ထုဝေ့ခန်းမက အမည်မသိကုန်းမြေထဲမှာ ငွေရောင်ချပ်ဝတ်အစောင့် သုံးထောင်ကျော် ဆုံးရှုံးခဲ့တယ်။ ငွေရောင်ချပ်ဝတ်အစောင့်တွေက ထုဝေ့နန်းတော်ရဲ့ ပင်မခွန်အားပဲ။ နှစ်ပေါင်းများစွာကြာအောင် သူတို့တွေက မဟာလေဟာနယ်ကို အထောက်အပံ့ ပေးခဲ့တာ။ အမည်မသိကုန်းမြေထဲမှာ သူတို့ရှင်းထုတ်ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ သူတို့ရဲ့ လူအင်အား အရေးတကြီး လိုနေမှုကြောင့် ထုဝေ့ခန်းမက အဖြူရောင်ဧကရာဇ်ကို လှစ်လျူရှုထားမှာ စိုးတယ်”

လုကျိုးသည် အနက်ရောင်ချပ်ဝတ်အစောင့်များနှင့် ငွေရောင်ချပ်ဝတ်အစောင့်များ အမည်မသိကုန်းမြေ၌ ပဋိပက္ခဖြစ်ပွားခဲ့တာကို ပြန်တွေးမိပြီး မေးလိုက်တော့သည်။

"နှစ်ဖက်လုံးက မဟာလေဟာနယ်ကပဲလေ။ ခင်ဗျားတို့က ဘက်မတူဘူးလား”

လီချွင်းက ရယ်မောလိုက်၏။

"ယေဘုယျအားဖြင့်တော့ ကျုပ်တို့က အရေးပါတဲ့ စည်းမျဉ်းတွေကို လိုက်နာတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အတွေးအခေါ်နဲ့ ဆောင်ရွက်ပုံတွေက မတူညီကြဘူး။ ဥပမာအနေနဲ့ ရွှမ်းယီနန်းတော်က ထုဝေ့ခန်းမရဲ့ ငွေရောင်ချပ်ဝတ်အစောင့်တွေရဲ့ လုပ်ရပ်ကို မထောက်ခံဘူး”

"မဟာလေဟာနယ်ဧကရာဇ်က ဂရုမစိုက်ဘူးလား”

"ခန်းမဆယ်ခုက စည်းမျဉ်းမဖောက်ဖျက်သရွေ့၊ မိုးနဲ့မြေရဲ့ မျှခြေကို မဖျက်ဆီးသရွေ့ နေရာအတွက် တိုက်ခိုက်ခွင့် ရှိကြောင်း မဟာလေဟာနယ်ဧကရာဇ်က ခွင့်ပြုချက် ပေးထားတာ”

လီချွင်းက ပြောလိုက်သည်။

ထို့နောက် ချန်ဖုသည် စိုးရိမ်ပူပန်သွားပုံပေါ်ကာ အကြိမ်အနည်းငယ် လျှောက်သွားလိုက်၏။ ပြီးနောက် သူက သက်ပြင်းချလျက် ပြောလိုက်လေ၏။

"ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒဖြစ်နေမလား”

လီချွင်းက ပြောလိုက်သည်။

"စဉ်းစားထားကြည့်လိုက်။ မင်းရဲ့တပည့်တွေကို ရွှမ်းယီနန်းတော်ဆီ အချိန်မရွေး လာဖို့ ပြောလို့ရတယ်။ အဖြူရောင်ဧကရာဇ်ကြောင့် မင်းကို ဖိအားမပေးတော့ဘူး။ ပြီးတော့ မင်းရဲ့ဆန္ဒကို လေးစားပေးမယ်”

လီချွင်းသည် ထရပ်ပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။ သူရောက်ချိန်၌ မှောင်နေပြီဖြစ်သည်။ သူ ဤနေရာ၌ တစ်ညနေရန် စီစဉ်ထားခဲ့သည်။ သို့သော် ဤနေရာ၌ အဖြူရောင်ဧကရာဇ်၏ လူရှိနေသောကြောင့် ထွက်သွားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ သူက ဝင်းပေါက်ဆီ လျှောက်သွားပြီးနောက် ပြန်လှည့်လာကာ မေးလိုက်သည်။

"ချန်ဖု... မင်းမှာ အချိန်ဘယ်လောက်ရှိသေးလဲ”

"ဘယ်သူသိမှာလဲ။ ဒီညထိပဲ ဖြစ်ရင်ဖြစ်မယ်။ မနက်ဖြန်ထိပဲ ဖြစ်နိုင်တာပဲ”

"မင်းက မဟာလေဟာနယ်ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကနေ ရှင်သန်နိုင်ခဲ့တာပဲ။ ထုဝေ့ခန်းမနဲ့ ကျန့်ဝမ်ရွှီက လူကောင်းတွေ မဟုတ်ကြောင်း သတိပေးဖို့ ရက်အနည်းငယ်အတွင်း ပြန်လာခဲ့မယ်”

ထိုသို့ပြောပြီးနောက် လီချွင်းက လေထုထဲ ပျောက်ကွယ်သွားတော့သည်။ ခန်းမက တိတ်ဆိတ်သွားလေ၏။ ချန်ဖု မည်သည်ကို တွေးနေမှန်း မည်သူမှ မသိပေ။

"ဆောင်းဦးနှင်းစက်တောင်က ဒီကပ်ဘေးကနေ လွတ်မြောက်မှာ မဟုတ်ဘူး”

"တာ့ဟန်ကတောင် ဒီကပ်ဘေးကနေ လွတ်မြောက်မှာ မဟုတ်ဘူး”

ချန်ဖုက သက်ပြင်းချလိုက်၏။ သူသည် အစက လုကျိုး၏ စွမ်းအားကို ငှားယူပြီး သူ့၏တပည့်များကြား ပဋိပက္ခကို ဖြေရှင်းကာ ပြင်ပလောကကို ရင်ဆိုင်ချိန်တွင် သူတို့ကို စည်းလုံးညီညွတ်အောင် လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် အခြေအနေများက သူမှန်းဆနိုင်သည်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ခဏအကြာ၌ ချန်ဖုက မေးလိုက်သည်။

"အမည်မသိကုန်းမြေထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ”

"ငါထင်တာမမှားရင် ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ အခြေအနေက ပိုဆိုးလာပြီ”

လုကျိုးက ပြောလိုက်၏။

ချန်ဖုက မျက်မှောင်ကြုတ်မိသွားသည်။ သူသည် လုကျိုးကို ဖျက်ဆီးခြင်းတိုင်လုံးအချို့ဆီသို့ နောက်ဆုံးအခေါက် ခေါ်သွားစဉ်က ၎င်းတို့သည် ပုံမှန်အတိုင်း ဖြစ်နေ၏။ သူ အချိန်တော်ကြာ မှင်တက်နေပြီးနောက် အမည်မသိကုန်းမြေရှိရာဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုလု... တိုင်လုံးတွေ ပြိုလဲတော့မယ်လို့ ဆိုလိုတာလား”

"ခန့်မှန်းထားရုံပါပဲ”

ချန်ဖုက ထရပ်လျက် လက်နောက်ပစ်ကာ ရှေ့လျှောက်နောက်လျှောက် လျှောက်လိုက်၏။ သူသည် ဒယ်အိုးပူပူပေါ်၌ ရပ်နေသော ပုရွက်ဆိတ်တစ်ကောင်ပမာ စိုးရိမ်ပူပန်နေပြီး သောကမအေး ဖြစ်နေသည်။

"ဘာလို့ ဒီလောက် စိုးရိမ်ပူပန်နေတာလဲ”

"မိုးပြိုရင် ကမ္ဘာမြေကြီးရဲ့ အုတ်မြစ် လှုပ်ခါသွားနိုင်တယ်။ မြေကြီးထပ်ပြီး အက်ကွဲသွားပြီး... ၁၀ ခုမြောက်... ၁၁ ခုမြောက် နယ်မြေ... စသဖြင့် နယ်မြေတွေ ထပ်ပြီး ပေါ်လာနိုင်တယ်။ သွေးတွေက မြစ်လိုစီးသွားပြီး အသက်တွေက အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်”

ချန်ဖုက မှင်တက်စွာ ပြောလိုက်မိ၏။ သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က မြင်ကွင်းကို ပြန်တွေးမိနေသည်။ အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့သောကြောင့် သူ၏စိတ်ထဲ၌ ပုံရိပ်များက ကွက်ကွက်ကွင်းကွင်း ရှိနေသေး၏။

"မဟာလေဟာနယ်က ကောင်းကင်ပေါ် ဘယ်လိုလုပ် တက်သွားတာလဲ”

လုကျိုးက မေးလိုက်၏။

ချန်ဖုက ခေါင်းခါလိုက်သည်။

"ဒီအကြောင်းကို လူအနည်းစုပဲ သိတယ်။ တချို့က ပြောတာတော့ ဖျက်ဆီးခြင်းတိုင်လုံးတွေနဲ့ သက်ဆိုင်နေတယ်တဲ့။ သူတို့ပြောတာ မြေကြီးထဲကနေ တိုင်လုံးတွေ ပေါ်ထွက်လာပြီး ကုန်းမြေကို ဝေဟင်ထိ ပင့်မြှောက်ပေးထားတာတဲ့။ လူတချို့ပြောတာကလည်း အထွတ်အထိပ်သက်ရှိတွေရဲ့ ပူးပေါင်းအားစိုက်ထုတ်မှုနဲ့ အဲ့ဒီတုန်းက ကုန်းမြေအက်ကွဲမှုကနေ ထွက်ပြေးခဲ့တာလို့လည်း ဆိုတယ်။ သူတို့ပြောတာ အထွတ်အထိပ်သက်ရှိတွေက မဟာလေဟာနယ်ကို ဝေဟင်ထဲ မြှောက်ကိုင်ထားတာတဲ့။ မဟာလေဟာနယ်ရဲ့ ခန်းမဆယ်ခုက ပူပေါင်းပြီး တိုင်လုံးတွေကို ဖန်တီးခဲ့တာလို့လည်း သတင်းတွေ ရှိတယ်”

"ပထမဆုံး ကောလာဟလက ယုံနိုင်စရာ ရှိသေးတယ်။ ဒါပေမဲ့ နောက်ဟာတွေက အမှန်လို့ မထင်ဘူး။ ဖျက်ဆီးခြင်းတိုင်လုံးက လူသားတွေ ဖန်တီးနိုင်တာမျိုး မဟုတ်ဘူးလေ”

"ဒါမဟုတ်လောက်ဘူး”

ချန်ဖုက ခေါင်းခါပြီး ပြောလိုက်သည်။

"ကျင့်ကြံခြင်းလမ်းစဉ်က ရှည်တယ်။ အထွတ်အထိပ်သက်ရှိရဲ့ အဆင့်ရောက်အောင် ကျင့်ကြံမယ်ဆိုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ကောင်းကင်က ကြယ်ကို ယူနိုင်လောက်တဲ့အထိ မြင့်မားလာလိမ့်မယ်။ ကောင်းကင်က ကြယ်၊ လေနဲ့ မိုးကို ဆင့်ခေါ်ပြီး မိုးကြိုးကို ဖျက်ဆီး၊ နေနဲ့ လကို တိုက်ရိုက် မျှော်ကြည့်နိုင်တဲ့ အနေအထားထိ မြင့်မားလာလိမ့်မယ်”

လုကျိုးသည် ပြောရန်ပြင်လိုက်သော်ငြား ဖြစ်နိုင်ချေရှိတာကို တွေ့မိသွားစဉ်၌ ဆိတ်ဆိတ်သာ နေလိုက်၏။ သို့သော်ငြား သူသည် ချန်ဖုဖော်ပြသည့် မြင်ကွင်းကို တွေ့မိသောအခါ ချဲ့ကားရာ ရောက်လွန်းသည်ဟု ခံစားမိသေးသည်။ နောက်ဆုံး၌ သူက မေးလိုက်၏။

"ခင်ဗျား အရင်က တွေ့ဖူးလား”

"မတွေ့ဖူးဘူး”

မတွေ့ဖူးဘဲနဲ့ ဘာကြောင့် ဒီလောက်အများကြီး ပြောနေတာလဲ။

လုကျိုးသည် အဓိကအကြောင်းအရာဆီ ပြန်ရောက်လာကာ ပြောလိုက်၏။

"တကယ်တော့ ဆောင်းဦးနှင်းစက်တောင်အဖို့ ကပ်ဘေးကို ရှောင်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး”

ချန်ဖု၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"အစ်ကိုလု... ခင်ဗျားမှာ နည်းလမ်းတစ်ခုရှိလား”

"သင်းပျံ့တောင်ကြားမှာ တူတူပုန်းကြရအောင်။ တာအိုသူတော်စင်တွေတောင် သင်းပျံ့တောင်ကြားကို မရှာနိုင်သလို ဖောက်မဝင်နိုင်ဘူးလို့ ခင်ဗျားပြောခဲ့တာမလား”

လုကျိုးက ပြောလိုက်တော့သည်။

…

အခန်း (၁၅၁၂) နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ရန် နည်းလမ်း ၂

ချန်ဖုက ခေါင်းညိတ်လိုက်၏။

"ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ တာ့ဟန်က အဲ့ဒီအခါကျရင် ဖရိုဖရဲ မဖြစ်ကုန်ဘူးလား”

အဟန့်အတား အနေဖြင့် ဆောင်ရွက်ပေးသော သူတော်စင်တစ်ပါး မရှိဘဲ နှစ်ပေါင်းတစ်သောင်းကျော် ဖွဲ့တည်လာခဲ့သည့် တည်ဆောက်မှုသည် သေချာပေါက် ပြောင်းလဲသွားလိမ့်မည်။

လုကျိုးက ပြောလိုက်၏။

"ဒီကိစ္စက ဖြေရှင်းဖို့လွယ်တယ်။ ခင်ဗျားလောကကြီးထဲ ခြေဆန့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ရုံပဲ။ ပြီးရင် အချိန်တစ်ခုကြာတိုင်း လူလွှတ်ကြည့်ခိုင်းမယ်”

ချန်ဖုက ခေါင်းညိတ်လိုက်၏။ ထိုအကြံက မဆိုးပေ။

လုကျိုးက ပြောလိုက်၏။

"ကျုပ်တပည့်အများစုက ဆရာသခင်အဆင့်ကို ရောက်နေကြပြီ။ အခုသူတို့တွေက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရထားပြီးပြီဆိုတော့ သူတို့ သူတော်စင်ဖြစ်လာဖို့ ပြဿနာမရှိဘူး။ သင်းပျံ့တောင်ကြားထဲမှာ နေတာက သူတို့ရဲ့ ကျင့်ကြံမှုကို အဆပေါင်းများစွာ တိုးတက်စေလိမ့်မယ်”

ချန်ဖုက သက်ပြင်းချလိုက်၏။

"အဲဒါက သူတော်စင် ဖြစ်လာနိုင်တာထက် ပိုတယ်။ မဟာတာအိုသူတော်စင်နဲ့ အထွတ်အထိပ်သက်ရှိတောင် ဖြစ်လာနိုင်တာ”

သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မေးလိုက်၏။

"ခင်ဗျား ဘယ်တုန်းက သူတော်စင် ဖြစ်လာတာလဲ”

"မိုးပြာနဂါး မုန့်ကျန်းနဲ့ တိုက်ခိုက်တုန်းက ကံကောင်းပြီး သူတော်စင် ဖြစ်လာတာ”

လုကျိုးက သာမန်ကာလျှံကာ ပြောလိုက်တော့သည်။

"ခင်ဗျား မုန့်ကျန်းနဲ့ တိုက်ခိုက်ခဲ့တာလား”

"ခင်ဗျား ကျုပ်ကို မယုံဘူးလား”

"မုန့်ကျန်းက ကောင်းကင်ရဲ့ ဒေဝါလေးပါးထဲက တစ်ပါးလေ။ သူက နည်းနည်းလေး အားနည်းရင်တောင် အထွတ်အထိပ်သက်ရှိ တစ်ယောက် ဖြစ်နေသေးတုန်းပဲ”

ချန်ဖုက ပြောလိုက်၏။ သူ လုကျိုးပြောတာ မယုံတာ သေချာသည်။ လုကျိုးသည် ချန်ဖု၏ အတွေးကို မြင်နိုင်သော်ငြား ဤသို့သာ ပြောလိုက်၏။

"ယုံမယုံ ခင်ဗျားသဘောပဲ”

လုကျိုး၏ ခန္ဓာကိုယ်သည် အလင်းဖြင့် ပေါင်းစည်းသွားပြီး တောက်ပသည်ထက် ပိုတောက်ပလာ၏။ ၎င်းက သူတော်စင်အလင်း ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ ချန်ဖုက သက်ပြင်းချလိုက်၏။

"ခင်ဗျားက ကျုပ်ကို အမြင်သစ်တစ်ခုနဲ့ ကြည့်မိအောင် တကယ်လုပ်နေတာပဲ။ နောက်ဆုံးအခေါက် ကျုပ်တို့ တွေ့ခဲ့တုန်းက ခင်ဗျားက မဟာဆရာသခင်အဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ သူတော်စင်တစ်ပါး ဖြစ်လာပြီ”

"နှစ်ပေါင်းတစ်ရာ လွန်သွားပြီ။ မဖြစ်နိုင်တာ မရှိဘူး”

လုကျိုးက ပြောလိုက်၏။

"ခင်ဗျား နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ပြီးပြီလား”

ချန်ဖုက မေးလိုက်၏။

လုကျိုးသည် ခေါင်းခါပြီး ပြောလိုက်တော့သည်။

"ကျုပ် နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့အတွက် အမြဲတစေ စဉ်းစားနေခဲ့တာ။ ယွီကျုံးကို စောင့်ကြပ်နေတဲ့ ထျန်းဝူနဲ့ အရှင်ကျန်းနန်တို့နှစ်ယောက်ထဲမှာ ထျန်းဝူက နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ခဲ့တယ်။ မွေးဖွားဇယားချပ်တွေက သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကိုတောင် တွန်းလှန်နိုင်တာ။ ခင်ဗျားရဲ့ မွေးဖွားဇယားချပ်တွေကို နတ်ဝိညာဉ်ပုလဲအဖြစ် ပေါင်းစည်းလိုက်ရင် အဲဒါက ကိုယ့်ကိုကိုယ် ဖျက်ဆီးတဲ့ အကွက် မဟုတ်ဘူးလား”

ချန်ဖုက ပြောလိုက်၏။

"မဟုတ်ဘူး... မဟုတ်ဘူးပေါ့။ ပထမအချက်က နတ်ဝိညာဉ်ပုလဲ ဖွဲ့စည်းပြီးရင် အဲ့ဒါက ခင်ဗျားရဲ့ ကျင့်ကြံမှုအတွက် အတော်လေး အထောက်အကူ ဖြစ်စေတယ်။ ဒုတိယအချက်က နတ်ဝိညာဉ်ပုလဲရဲ့ ယေဘုယျခွန်အားနဲ့ ခုခံမှုက မွေးဖွားဇယားချပ်အားလုံး ပေါင်းစည်းထားတာထက် ပိုမြင့်မားတယ်။ တကယ်တော့ မွေးဖွားဇယားချပ်တွေက သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်ပေးနိုင်ပေမဲ့ ခင်ဗျားရဲ့ မွေးဖွားဇယားချပ် ဖျက်ဆီးခံရတဲ့အခါ ခင်ဗျားဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီလို့ ဆိုလိုတာပဲ။ နောက်ဆုံးအနေနဲ့ နတ်ဝိညာဉ်ပုလဲက ခင်ဗျားရဲ့ မွေးဖွားဇယားချပ်အားလုံးကို ထိန်းထားပေးလိမ့်မယ်။ ဆိုလိုတာက ခင်ဗျား နည်းစနစ်တစ်ခုကနေ သူတို့စွမ်းအားကို ရနိုင်သေးတယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ခြင်းကြောင့် အကျိုးအမြတ်များစွာ ရရှိမည်မှန်း သူ မသိခဲ့ပေ။ ပြီးနောက် သူက မေးလိုက်၏။

"နတ်ဝိညာဉ်ပုလဲကရော ကြယ်တာရာဒိုင်ခွက်အဖြစ် ပြောင်းလဲသွားနိုင်လား”

"ပြောင်းလဲနိုင်တယ်”

ချန်ဖုက ပြုံးလျက် ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက ကျင့်ကြံသူဆီ ကျွမ်းကျင်မှု ပိုလိုအပ်ပြီး မရှိမဖြစ် မဟုတ်ဘူး”

ကျင့်ကြံသူအများစုက သူတို့ကိုယ်သူတို့ ကာကွယ်ရန် ကြယ်တာရာဒိုင်ခွက်များ အသုံးပြုရတာ သဘောကျသည်။ သို့သော် ယင်းသည် သေနတ်ရှိရာနေရာဆီသို့ ကိုယ့်ကိုကိုယ် တွန်းပို့ခြင်းနှင့် မခြားပေ။

ချန်ဖုက ရှင်းပြလိုက်၏။

"မွေးဖွားဇယားချပ်တွေရဲ့ ခုခံမှုက အံ့ဩဖို့ကောင်းပေမဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့မယ်ဆိုရင် အသက်ကို ထိန်းထားနိုင်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ နတ်ဝိညာဉ်ပုလဲတွေကတော့ မတူဘူး။ သူတို့က ဖြိုခွဲဖို့ ပိုခက်ခဲရုံတင် မကဘူး။ မွေးဖွားဇယားချပ်တွေလိုမျိုးပဲ မင်းကို ရင်ဆိုင်ဖို့လည်း အလွယ်တကူ မသုံးနိုင်ဘူး။ တစ်နည်းအားဖြင့် မင်းထက်ပိုသန်မာတဲ့ ရန်သူကို တွေ့ခဲ့မယ်ဆိုရင် နတ်ဝိညာဉ်ပုလဲရှိတာက အားသာချက် ပိုရှိတယ်”

"နတ်ဝိညာဉ်ပုလဲကို ကျုပ်ဘယ်လို ဖွဲ့တည်ရမလဲ”

လုကျိုးက မေးလိုက်၏။

ချန်ဖုသည် ထိုမေးခွန်းကြောင့် မှင်တက်သွားသည်။ ဆိုရလျှင် နယ်မြေကိုးခု၏ သမိုင်းကြောင်းထဲ၌ သူတော်စင်ဖြစ်လာသည့် လူအနည်းအကျဉ်းသာ ရှိသည်။ ကျင့်ကြံသူအများစုက ထိုအကြောင်း မည်သည့်နည်းနှင့်မဆို သိဖို့မလိုအပ်ခဲ့ပေ။

ချန်ဖုက ပြောလိုက်၏။

"နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့က မရှုပ်ထွေးဘူး။ မင်းရဲ့ ကနဦးချီကို ထိန်းချုပ်ပြီး စွမ်းအားဗဟိုချက် ချီပင်လယ်ကို စောင့်ကြပ်ဖို့ပဲ။ ပြီးရင် မွေးဖွားနန်းဆောင်ထဲမှာ မွေးဖွားဇယားချပ်ကို ပေါင်းစည်းရမှာ”

ချန်ဖုသည် သူ၏လက်ကို ဖြန့်ချလိုက်သောအခါ သူ၏ သူတော်စင်ကြာပွင့်က လုကျိုးရှေ့၌ ပေါ်လာ၏။ လုကျိုးက လှည့်ကြည့်ချိန်တွင် အစိမ်းရောင်ကြာပလ္လင်ပေါ်၌ အက်ကြောင်းတစ်ခု တွေ့လိုက်ရသည်။ မွေးဖွားနန်းဆောင်ပေါ်၌ မွေးဖွားဇယားချပ်ဇုံ မရှိဘဲ အဝိုင်းဧရိယာတစ်ခုသာ ရှိသည်။

ထိုစဉ် အဝိုင်းဧရိယာသည် လှိုင်းဂယက် ထလာပြီး မွေးဖွားဇယားချပ်ဇုံ ၂၆ ခု ပေါ်လာ၏။

"မွေးဖွားဇယားချပ် ၂၆ ခုနဲ့ မဟာသူတော်စင်လား”

လုကျိုးက အံ့ဩသွားလေ၏။

"ပုံမှန်ဆို မွေးဖွားဇယားချပ် ၂၄ ခုနဲ့ သူတော်စင်တစ်ပါး ဖြစ်နိုင်တယ်။ မွေးဖွားဇယားချပ် ၂၇ ခုနဲ့ဆို မဟာသူတော်စင်တစ်ပါးပဲ။ ငါက ကံကောင်းထောက်မပြီး တာအိုရဲ့ စွမ်းအားက ပိုသန်မာတဲ့ နည်းလမ်းကို နားလည်သဘောပေါက်ပြီး မွေးဖွားဇယားချပ် ၂၆ ခုနဲ့ မဟာသူတော်စင် ဖြစ်လာတာ”

ချန်ဖုက ရှင်းပြလိုက်သည်။

ထိုစဉ် ချန်ဖု၏ မွေးဖွားနန်းဆောင်က လှိုင်းဂယက် ထလာပြီးနောက် စက်ဝိုင်းဧရိယာအဖြစ် ပြောင်းလဲသွားတော့သည်။ ချန်ဖုက လက်ဝှေ့ယမ်းပြီး သူ၏ကြာပွင့်ကို သိမ်းလိုက်သည်။ ပြီးနောက် နောက်ထပ် လက်ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာဒိုင်ခွက် ပေါ်လာ၏။ သူ၏လက်ကို တွန်းထုတ်လိုက်ချိန်၌ အလင်းတန်း ၃၆ ခု တစ်ခုပြီးတစ်ခု ပေါ်လာကာ ကျုံ့သွားပြီးနောက် ပုလဲအသွင် ပြောင်းလဲသွားတော့သည်။

လုကျိုးက ပြောလိုက်၏။

"အစတုန်းက နတ်ဝိညာဉ်ပုလဲက ကြမ်းတမ်းခက်ထန်သားရဲတွေပဲ ရတာလို့ ထင်ခဲ့တာ”

"ရှေးယခင်တုန်းက လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကြား ကွဲပြားခြားနားချက် မရှိဘူး။ ရှေးစာအုပ်တွေ ဖတ်မယ်ဆိုရင် သားရဲနဲ့ လူသား သွေးနှောတွေကို တွေ့ရမှာပဲ”

လုကျိုးသည် ချန်ဖု၏ နတ်ဝိညာဉ်ပုလဲကို ကြည့်လိုက်သည်။ ယခုအချိန်၌ ၎င်း၏အလင်းက မှိန်နေပြီဖြစ်ကာ မီးခိုးရောင် ဖြစ်နေသည်။ နတ်ဝိညာဉ်ပုလဲ၌ စွမ်းအား လုံလုံလောက်လောက် ကျန်တော့သည့်ပုံ မပေါ်။

"ဒီတော့ ခင်ဗျားက နတ်ဝိညာဉ်ပုလဲကို မသုံးနိုင်တော့ မဟုတ်ဘဲ သုံးဖို့ ခက်နေတာကိုး”

လုကျိုးက ပြောလိုက်၏။

"ဟုတ်တယ်”

ချန်ဖုက ခေါင်းညိတ်ပြီး နောက်ထပ် ပြောလိုက်၏။

"သုံးဖို့ခက်တယ်ဆိုတာက ကျင့်ကြံသူတချို့က သူတို့ မွေးဖွားဇယားချပ်ကနေ စွမ်းအင်ကို ထပ်တလဲလဲ ဆွဲယူနေတာကြောင့်ပဲ။ ရလဒ်အနေနဲ့ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်တဲ့အချိန်မှာ နတ်ဝိညာဉ်ပုလဲကို စွမ်းအားပေးဖို့ စွမ်းအင်မလုံလောက်ဘူး။ ဒါ့အပြင် သူတို့ရဲ့ နတ်ဝိညာဉ်ပုလဲက စွမ်းအင်ကို အလွန်အကျွံ ထုတ်ယူမိတာ။ ကျင့်ကြံသူတချို့အတွက်က အဲလိုမဟုတ်ဘူး။ သူတို့ရဲ့ နတ်ဝိညာဉ်ပုလဲက အားကောင်းတယ်။ ဒါကြောင့် ရှေးယခင်တုန်းက လူသားတွေက အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေကို သူတို့ရဲ့ နတ်ဝိညာဉ်ပုလဲတွေအတွက် အမဲလိုက်ခဲ့ကြတာပဲ”

လုကျိုးက ခေါင်းညိတ်လိုက်၏။ နတ်ဝိညာဉ်ပုလဲနှင့် ပတ်သက်သည့် အချက်အလက်များစွာ ရှိလိမ့်မည်ဟု သူ မထင်ထားပေ။

ထိုစဉ် ချန်ဖုက ချောင်းအပြင်းအထန် ဆိုးတော့သည်။

လုကျိုးသည် ဖြည်းဖြည်းချင်း မှိန်သွားသော နတ်ဝိညာဉ်ပုလဲကို ကြည့်ကာ ပြောလိုက်၏။

"မဟာလေဟာနယ်ဧကရာဇ်က တကယ်ရက်စက်တာပဲ”

ချန်ဖုသည် သူ့၏ နတ်ဝိညာဉ်ပုလဲကို သိမ်းပြီးနောက် ထိုင်ချလိုက်သည်။ သူတည်ငြိမ်သွားပြီးနောက် ပြောလိုက်၏။

"သူက မြင့်မြတ်ဘုရားကျောင်းရဲ့ ခန်းမသခင်ပဲလေ။ ကျုပ်အသက်ရှင်တာတောင် ကံကောင်းလှပြီ”

"သင်းပျံ့တောင်ကြား ရောက်ပြီးရင် ခင်ဗျားကို ကုသပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားလိုက်မယ်”

လုကျိုးက ပြောလိုက်လေ၏။

All Chapters