အခန်း (၃၃၃-၃၃၄)
Vol. 34 Ch. 333-334
အခန်း ၃၃၃ - ရွှမ်ခုန်းဘုရားကျောင်း၏ လှုပ်ရှားမှုများနှင့် ရတနာသန္ဓေတည်ခြင်း
ရွှမ်ခုန်းတောင်၏ အမြင့်ဆုံးနေရာတွင် ဘုရားကျောင်းငယ်တစ်ခု ရှိလေသည်။ တောင်တစ်ဝက်တွင်ရှိသော ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီးများနှင့် နှိုင်းယှဉ်လျှင် ဤဘုရားကျောင်းငယ်မှာ အလွန်ရိုးရှင်းလှသည်။ ရွှံ့နံရံများနှင့် သစ်သားတိုင်များမှာ အချိန်ကာလ၏ လက္ခဏာများဖြင့် ပြည့်နှက်ကာ ဟောင်းနွမ်းနေလေပြီ။ ဘုန်းကြီးများ နေထိုင်ရန် အခန်းအနည်းငယ်သာရှိပြီး လူသုံးလေးငါးယောက်ထက် ပို၍နေနိုင်မည် မထင်ရပေ။
အကြီးအကဲချုပ် ဤနေရာသို့ ရောက်လာပြီး သူ၏မျက်နှာမှာ လေးနက်နေလေ၏။ လေးစားမှု အပြည့်ဖြင့် သူက ဆိုလိုက်သည်။
"ဆရာတော်နဲ့ လေးစားရပါသော တိုက်ရှန်အကြီးအကဲများခင်ဗျာ... ရွှမ်ယိမှာ အရေးပေါ်ကိစ္စတစ်ခုရှိလို့ တွေ့ခွင့်တောင်းပါရစေ"
ဘုရားကျောင်းငယ်အတွင်း၌ မည်သည့်အသံမျှ ထွက်မလာပေ။ အကြီးအကဲချုပ်သည် မည်သည့်မကျေနပ်မှုမျှ မပြဘဲ လေးစားစွာဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။ အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကြာပြီးနောက်၌ အတွင်းမှ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဝင်လာခဲ့ပါ"
'ကျွီ' ခနဲ အသံနှင့်အတူ ဘုရားကျောင်းငယ်၏ တံခါးမှာ လေမတိုက်ဘဲ သူ့အလိုလို ပွင့်သွားလေသည်။ အကြီးအကဲချုပ်သည် ဦးစွာ လေးစားစွာ အရိုအသေပေးပြီးမှ အတွင်းသို့ သတိထားကာ လှမ်းဝင်လိုက်၏။ နောက်ဆုံးတွင်တော့ သူသည် အလွတ်ဖြစ်နေသော ခြံဝင်းအတွင်း၌ ရပ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
အတန်ကြာပြီးနောက်၌ ထိုအသံက ထပ်မံထွက်ပေါ်လာသော်လည်း မည်သည့်နေရာမှလာသည်ကို မသိနိုင်ပေ။ တစ်ချိန်တည်းမှာပင် အကြီးအကဲချုပ်သည် မျက်မြင်မရသော အကြည့်များစွာ သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ အချိန်မဆွဲရဲဘဲ သူက အမြန်အရိုအသေပေးကာ ပြောလိုက်၏။
"ဆရာတော်... ပြီးခဲ့တဲ့ရက်တွေတုံးက အစ်ကိုတော် ရွှမ်မင်းနဲ့ တခြားသူတွေကို ထူးခြားတဲ့ အခွင့်အရေးတွေ ရှာဖွေဖို့အတွက် ကျုံးကျိုးကို ကျွန်တော်တို့ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာပဲ ဝိညာဉ်မျှော်စင်ကို သန့်ရှင်းရေးလုပ်တဲ့ ဘုန်းကြီးငယ်တစ်ပါးက အစ်ကိုတော် ရွှမ်မင်းရဲ့ ဝိညာဉ်မီးအိမ်တွေ အကုန်လုံး ငြိမ်းသွားတာကို တွေ့ခဲ့ပါတယ်"
"သူတို့ အပြင်ဘက်မှာ ကျဆုံးသွားပြီလို့ ကျွန်တော် စိုးရိမ်မိပါတယ်။ ဒီကိစ္စက အရမ်းအရေးကြီးပြီး ကျွန်တော့်ဘာသာ ဆုံးဖြတ်ချက်ချဖို့ မဝံ့ရဲပါဘူး။ ဒါကြောင့် ဆရာတော်နဲ့ လေးစားရပါတဲ့ တိုက်ရှန်အကြီးအကဲတွေဆီက လမ်းညွှန်မှု လာရောက်တောင်းခံရတာပါဗျ"
ဤစကားကို ကြားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ သို့သော် သူ့အပေါ် ကျရောက်နေသော အကြည့်များမှာ ပိုမိုပြင်းထန်လာသည်ကို အကြီးအကဲချုပ် ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သူ၏မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း ရင်ထဲရှိဖိအားများကတော့ တဖြည်းဖြည်း မြင့်တက်လာလေသည်။ အတန်ကြာပြီးနောက်၌ တည်ငြိမ်သောအသံက ထပ်မံထွက်ပေါ်လာ၏။
"မှန်တယ်။ ငါ ခုလေးတင် တွက်ချက်ကြည့်ပြီးပြီ။ သူတို့ရဲ့ ကံကြမ္မာကြိုးတွေ ပြတ်တောက်သွားပြီဆိုတော့ သူတို့တကယ်ပဲ ကျဆုံးသွားကြပြီ"
"ဆရာတော်... အစ်ကိုတော် ရွှမ်မင်းနဲ့ တခြားသူတွေကို ဘယ်သူသတ်သွားလဲဆိုတာ တွက်ချက်ကြည့်လို့ရနိုင်မလား"
အကြီးအကဲချုပ်သည် စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်း မေးလိုက်လေသည်။
"မရဘူး။ ပြင်ပလောကရဲ့ စည်းမျဉ်းတွေက မကြာသေးခင်ကမှ နည်းနည်းရှင်းလင်းလာတယ်ဆိုပေမယ့် တွက်ချက်ဖို့ ခက်ခဲနေတုန်းပဲ။ နှလုံးသားကျောင်းဆောင်ရဲ့ စွမ်းအားကို သုံးတာတောင်မှ ရွှမ်မင်းနဲ့ တခြားသူတွေရဲ့ ကံကြမ္မာကြိုးတွေကို တွက်ချက်နိုင်ရုံလေးပဲ တတ်နိုင်ခဲ့တာ။ ဒါ့အပြင် သူတို့ကို သတ်သွားတဲ့သူတွေကလည်း သာမန်မဟုတ်ဘူး၊ ကောင်းကင်လျှို့ဝှက်ချက်တွေကိုတောင် ပိတ်ဆို့နိုင်တဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့အတွက် တွက်ချက်ဖို့ ပိုပြီးတော့တောင် ခက်ခဲနေသေးတယ်လေ"
တည်ငြိမ်သောအသံက ဆက်ပြောလေသည်။ ၎င်း၏လေသံမှာ ရွှမ်မင်းနှင့် အခြားသူများ၏ သေဆုံးမှုကြောင့် မည်သည့်ခံစားချက်မျှ မလှုပ်ရှားသွားသည့်အလား တည်ငြိမ်နေဆဲဖြစ်သည်။
အကြီးအကဲချုပ်မှာ စိတ်ပျက်သွားသော်လည်း ဆက်မေးလိုက်သည်။ "ဆရာတော်... ဆရာတော့်အမြင်အရဆိုရင် ဒါက မြင့်မြတ်သောတောင်တော်က သုံးယောက်ရဲ့ လက်ချက်များလား၊ ဒါမှမဟုတ် တခြားလျှို့ဝှက်နယ်မြေ သုံးခုက လူတွေများလား။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုများ ရှိနေမလားလို့ စိုးရိမ်မိပါတယ်"
"ပြောဖို့တော့ ခက်တယ်" တည်ငြိမ်သောအသံက ပြန်ဖြေသည်။ "ရွှမ်မင်းနဲ့ တခြားသူတွေက ဝရဇိန်နတ်ဆိုးနှိမ်လက်နက်နဲ့ တခြားရတနာတွေကို သယ်ဆောင်သွားကြတာ။ ပုံမှန်အားဖြင့်တော့ ပြင်ပလောကမှာ သူတို့ကို ဒုက္ခပေးနိုင်တဲ့သူဆိုတာ ခပ်ရှားရှားပဲ။ ဒါပေမဲ့ မြင့်မြတ်သောတောင်တော်က သခင်မြတ်သုံးယောက်ကလည်း သူတို့တောင်တော်ရဲ့ ကန့်သတ်ချက်တွေနဲ့ ချည်နှောင်ခံထားရတော့ လွယ်လွယ်နဲ့ လှုပ်ရှားမှာမဟုတ်ဘူး"
"ဒါဆိုရင် တခြားလျှို့ဝှက်နယ်မြေ သုံးခုက လူတွေရဲ့ လက်ချက်ဖြစ်ဖို့ အများဆုံးများလား" အကြီးအကဲချုပ်က ထပ်မေးလိုက်သည်။
"ကောင်းကင်လျှို့ဝှက်ချက်တွေက မရှင်းလင်းသေးတော့ ပြောဖို့ခက်တယ်။ အရင်ဆုံး စုံစမ်းဖို့ လူလွှတ်သင့်တယ်"
"ကျွန်တော် အစ်ကိုတော် ရွှမ်ယိကို ဝူကျန့်မျှော်စင်ဆီ လွှတ်ပြီး လူလွှတ်စုံစမ်းခိုင်းဖို့ စီစဉ်ထားပြီးပါပြီ" အကြီးအကဲချုပ်က ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ရပါတယ်။ ငါတို့ ရွှမ်ခုန်းဘုရားကျောင်းက ဝူကျန့်မျှော်စင်ကို အကာအကွယ်ပေးထားတာ လုံလောက်နေပြီ။ အခုက သူတို့ရဲ့တန်ဖိုးကို သက်သေပြရမယ့် အချိန်ရောက်ပြီပဲ"
"ဒါပေမဲ့ ဆရာတော်... ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာကတည်းက ဝူကျန့်မျှော်စင်ရဲ့ လှုပ်ရှားမှုတွေက ထူးဆန်းနေပြီး အပြည့်အဝ နာခံမှုမရှိတော့ဘူးလို့ ထင်ပါတယ်" အကြီးအကဲချုပ်က ဆိုလေသည်။
"ကိစ္စမရှိပါဘူး။ သူတို့က အမှောင်ထဲက အသုံးမကျတဲ့ ကြွက်တစ်သိုက်ထက် ဘာမှမပိုပါဘူး။ အချိန်တန်ရင် သူတို့ အရှိတရားကို နားလည်လာလိမ့်မယ်။ မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ... ကျွန်တော့်ကို ခွင့်ပြုပါဦး"
ကျောင်းထိုင်ဆရာတော်သည် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အကြီးအကဲချုပ်၏ ရင်ထဲတွင် တုန်လှုပ်သွားလေသည်။ ထပ်မံမေးမြန်းရန် မဝံ့ရဲတော့ဘဲ သူက တိုးတိတ်စွာ တုံ့ပြန်လိုက်ပြီး ဘုရားကျောင်းငယ်ထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။
အကြီးအကဲချုပ် ထွက်သွားပြီးနောက် ဘုရားကျောင်းငယ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှု ပြန်လည်စိုးမိုးသွားလေသည်။ အတန်ကြာပြီးနောက် တည်ငြိမ်သောအသံက ထပ်မံထွက်ပေါ်လာ၏။
"အကြီးအကဲတို့... ရွှမ်ယိ ပြောသွားတဲ့စကားတွေကို ဘယ်လိုထင်ကြလဲ"
အသက်ဆယ်ရှူခန့်ကြာပြီးနောက် အက်ကွဲကွဲအသံတစ်သံက ပြန်ဖြေလေသည်။ "ငါတို့ စောင့်ကြည့်သင့်တယ်။ အခုအချိန်မှာ အရေးအကြီးဆုံးက ငါတို့ရဲ့ ကျင့်ကြံခြင်းတွေကို ခိုင်မာအောင်လုပ်ပြီး ကောင်းကင်စည်းမျဉ်းတွေ အပြည့်အဝ တည်ငြိမ်လာမယ့်နေ့ကို စောင့်ဆိုင်းဖို့ပဲ။ အဲဒီအခါကျရင် အတိဒုက္ခကို ကျော်ဖြတ်ပြီး ရွှေအမြုတေတွေကို ဖွဲ့စည်းနိုင်လိမ့်မယ်။ အဲဒီအချိန်ရောက်ရင် လျှို့ဝှက်ကြံစည်မှုပဲဖြစ်ဖြစ်၊ ဗြောင်ကျကျ တိုက်ခိုက်တာပဲဖြစ်ဖြစ် အကုန်လုံးက အသေးအဖွဲလေးတွေ ဖြစ်သွားလိမ့်မယ်"
"ဟုတ်တယ်။ အပြင်ဘက်မှာ ဘယ်လောက်ပဲ ဆူညံနေပါစေ... အဲဒါက သေးငယ်တဲ့ ရန်ပွဲလေးတွေပါပဲ။ ငါတို့ရဲ့ ကျင့်ကြံခြင်းတွေ ပြန်ပြီးပြည့်ဝလာတာနဲ့ သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်လိမ့်မယ်"
"တခြားလျှို့ဝှက်နယ်မြေတွေက မသေမျိုးအဘိုးကြီးတွေထက် ငါတို့ရဲ့ ကျင့်ကြံခြင်းတွေကို အရင်ပြန်လည်ရယူနိုင်သရွေ့တော့ အခွင့်အရေးတွေနဲ့ ကံကောင်းမှုတွေအားလုံးက ရွှမ်ခုန်းဘုရားကျောင်းအတွက်ပဲ ဖြစ်လာမှာပါ"
နောက်ထပ်အသံနှစ်သံကလည်း ထောက်ခံလိုက်ကြလေသည်။
"ကောင်းပြီ။ အကြီးအကဲတို့ရဲ့ စကားတွေက မှန်တယ်။ လောလောဆယ်တော့ ငါတို့ စောင့်ကြည့်ကြတာပေါ့။ ရွှမ်ယိနဲ့ တခြားသူတွေကိုပဲ အရင်ဆုံး ဖြေရှင်းခိုင်းလိုက်ကြစို့"
တည်ငြိမ်သောအသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဘုရားကျောင်းငယ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှု ထပ်မံစိုးမိုးသွားပြီး အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားထပ်မပြောကြတော့ပေ။
အကြီးအကဲချုပ် ဘုရားကျောင်းငယ်ထဲမှ ထွက်ခွာသွားစဉ် ရွှမ်ခုန်းဘုရားကျောင်း၏ တံခါးပေါက်မှ ပုံရိပ်တစ်ခုသည် အောက်ဘက် မြေကြီးဆီသို့ အလင်းတန်းတစ်ခုကို စီးနင်းလျက် ဆင်းသက်သွားလေသည်။
အတန်ကြာပြီးနောက် ထိုပုံရိပ်သည် ရွာငယ်လေးတစ်ရွာရှေ့တွင် ဆင်းသက်လိုက်သည်။ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ၏ခြေအောက်ရှိ အလင်းတန်းမှာ ကျုံ့ဝင်သွားပြီး လက်ထဲသို့ သေးငယ်သောအရာတစ်ခုအဖြစ် ကျရောက်လာသည်။ ယင်းမှာ ဝါးရွက်စိမ်းဖြင့် ပြုလုပ်ထားသော လှေငယ်လေးတစ်စင်းပင် ဖြစ်လေ၏။ ထိုသူကား ဝူကျန့်မျှော်စင်သို့ စေလွှတ်ခံရသော ရွှမ်ယိပင် ဖြစ်လေသည်။
"ဆရာတော် ရွှမ်ယိ... ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့နေရာလေးဆီကို ဘယ်အကြောင်းကများ ဆွဲခေါ်လာပါသလဲ"
ရွှမ်ယိ၏ ထင်ရှားလှသော ရောက်ရှိလာမှုသည် ရွာသားများ၏ အာရုံကို ဖမ်းစားထားသည်မှာ ကြာပြီဖြစ်ပြီး ဝဝဖိုင့်ဖိုင့်လူတစ်ယောက်က ဖားယားသော အပြုံးဖြင့် ထွက်ကြိုလေသည်။
"အပိုစကားတွေ မလိုပါဘူး။ မင်းတို့ ခေါင်းဆောင်ဘယ်မှာလဲ။ ငါ့ကို သူ့ဆီ ခေါ်သွားစမ်း"
ရွှမ်ယိက သူ၏ရှေ့မှ အဆီပြန်နေသော လူကို ရွံရှာစွာကြည့်ရင်း အေးစက်စက် ပြောလိုက်၏။ အမှောင်ထဲတွင် ပုန်းကွယ်နေတတ်သော ဤကြွက်များကို သူ အမြဲတမ်း အထင်သေးခဲ့သည်။
ကျောင်းထိုင်ဆရာတော်သည် ဤကဲ့သို့သောသူများကို အဘယ်ကြောင့် အကာအကွယ်ပေးထားရသည်ကို သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။
"ကျွန်တော်တို့ ခေါင်းဆောင်က အတွင်းထဲမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ" ဝဝဖိုင့်ဖိုင့်လူက ရွှမ်ယိ၏ ရွံရှာမှုကို မသိဟန်ဆောင်ကာ အောက်ကျနောက်ကျ အပြုံးဖြင့် ဆက်ပြောလေသည်။
"ဒါဆိုလည်း လမ်းပြ"
ရွှမ်ယိသည် ထိုလူ၏နောက်မှ ရွာထဲသို့ လိုက်သွားလေသည်။ သို့သော် ခပ်တိုတို လျှောက်သွားပြီးနောက် သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။ ရွာထဲတွင် အရိုးစုများနှင့် တိရစ္ဆာန်အသေကောင်များ ပြန့်ကျဲနေပြီး ခြောက်ခြားဖွယ်ရာနှင့် စိတ်မသက်မသာဖြစ်ဖွယ် အငွေ့အသက်များကို ပေးစွမ်းနေလေ၏။ ပတ်ဝန်းကျင်ရှိ မှောင်မိုက်နေသော အိမ်များထဲမှ အေးစက်ပြီး ဆိုးယုတ်သော မျက်လုံးများက ချောင်းကြည့်နေကြသဖြင့် ရွှမ်ယိကို စိတ်မသက်မသာ ဖြစ်စေလေသည်။
"ဆရာတော် ရွှမ်ယိ... တစ်ခုခု အဆင်မပြေလို့လား" ရွှမ်ယိ ရပ်တန့်သွားသည်ကိုမြင်သောအခါ၌ ဝဝဖိုင့်ဖိုင့်လူက အမြန်မေးလိုက်၏။
"ဟွန့်"
ရွှမ်ယိသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏သင်္ကန်းမှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ နောက်တစ်ခဏတွင် တစ်ဖက်တစ်ချက်စီရှိ မှောင်မိုက်နေသော အိမ်များထဲမှ တိုးတိတ်သော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ဝဝဖိုင့်ဖိုင့်လူ၏ မျက်နှာပြောင်းလဲသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "အရူးကောင်တွေ... ဆရာတော် ရွှမ်ယိကိုများ တိုက်ရိုက် ကြည့်ရဲသေးတယ်ပေါ့လေ။ နေဦး... မင်းတို့ကို နောက်မှ မှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမဦးမယ်"
ထို့နောက် သူက ရွှမ်ယိဘက်သို့ ပြန်လှည့်ကာ ရိုကျိုးစွာ အရိုအသေပေးလိုက်သည်။ "ဆရာတော် ရွှမ်ယိ... ဒီအရူးတွေအတွက်နဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ နောက်မှ သူတို့ကို ကျွန်တော် အပြစ်ပေးလိုက်ပါ့မယ်။ ဆရာတော့်ရဲ့ အရေးကြီးကိစ္စတွေကို အချိန်မနှောင့်နှေးပါစေနဲ့"
ရွှမ်ယိက ဘာမှမပြောဘဲ သူ၏အမူအရာမှာ ခံစားချက်ကင်းမဲ့နေလျက် ဆက်လျှောက်သွားလေသည်။ သူ၏ အဆင့်အတန်းဖြင့်ဆိုလျှင် အနည်းငယ် ဆုံးမလိုက်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။ ကြွက်တစ်သိုက်ကို ကိုင်တွယ်ရန် ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချစရာ မလိုပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ အလုပ်များကို ပြီးမြောက်အောင်လုပ်ရန် ဤကြွက်များကို အသုံးပြုရဦးမည်မဟုတ်ပါလော။
ဝဝဖိုင့်ဖိုင့်လူနောက်သို့ လိုက်လာရင်း ရွှမ်ယိသည် မြင့်မားသော သစ်သားမျှော်စင်တစ်ခုရှေ့သို့ ရောက်ရှိလာလေ၏။
"ဆရာတော် ရွှမ်ယိ... ကျွန်တော်တို့ ခေါင်းဆောင်က အထဲမှာ စောင့်နေပါတယ်"
ထိုလူက အထဲသို့ဝင်ရန် ဖိတ်ခေါ်ဟန်ပြလိုက်သော်လည်း သူကိုယ်တိုင်ကတော့ မဝင်ခဲ့ပေ။
ရွှမ်ယိသည် မကြောက်မရွံ့ဘဲ မျှော်စင်ထဲသို့ လှမ်းဝင်လိုက်သည်။ သို့သော် သူ အနည်းငယ်တော့ မကျေမနပ် ဖြစ်နေပြီပင်။ ရွှမ်ခုန်းဘုရားကျောင်း၏ အကာအကွယ်အောက်တွင်သာ အသက်ရှင်သန်နေရသော အောက်တန်းစား ကြွက်ခေါင်းဆောင်တစ်ယောက်က သူ၏ရှေ့တွင် အထက်စီးမှ ဆက်ဆံရဲသည်ကို သည်းမခံနိုင်စရာပင်။ ဤတာဝန်အတွက် သူတို့ကို လိုအပ်နေသေးသည်ဟူသော အချက်သာမရှိပါက သူ၏ မကျေနပ်မှုကို ပြသပြီးလောက်ပြီဖြစ်သည်။
မျှော်စင်အတွင်းသို့ ဝင်လိုက်သည်နှင့် ရွှမ်ယိသည် ကျောခိုင်းရပ်နေကာ လက်ကိုနောက်ပစ်ထားသော အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုပုံရိပ်၏ အငွေ့အသက်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ဖမ်းဆုပ်ရခက်သဖြင့် သူ၏ရှေ့မှလူမှာ အစစ်အမှန်လား သို့မဟုတ် စိတ်အာရုံချောက်ချားမှုလား ဆိုသည်ကို ခွဲခြားသိမြင်ရန်ပင် ခက်ခဲနေလေသည်။ သူ၏ရင်ထဲတွင် တင်းကျပ်သွားသည်။ ထိုပုံရိပ်၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် ပိုမိုမြင့်မားနေကြောင်း သူ သဘောပေါက်လိုက်၏။
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် နံရံပေါ်ရှိ ပန်းချီကားတစ်ချပ်ကို စိုက်ကြည့်နေလေ၏။ ပန်းချီကားတွင် ကြီးမားသော အနက်ရောင် ဘီလူးတစ်ကောင်က ခက်ရင်းခွနှစ်လက်ကို ကိုင်ဆောင်ထားကာ မရဏလောက၏ အရှင်သခင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်ကို ရေးဆွဲထားလေသည်။
"ကောင်းကင်ဘုံက ထင်ရှားတဲ့ ဧည့်သည်တော်တစ်ယောက် ရောက်လာတာ ရှားပါးလှပါလား။ စောစော မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ် ဆရာတော် ရွှမ်ယိ" အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က တောက်ပသော အပြုံးဖြင့် လှည့်လာကာ ပြောလိုက်သည်။
"ဝူရှင်း... အပိုစကားတွေ တော်လိုက်တော့။ မင်းကို တာဝန်တစ်ခုပေးဖို့ ငါ လာခဲ့တာ" အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်၏ ကျင့်ကြံခြင်းမှာ ပိုမိုမြင့်မားကြောင်း ခံစားမိသော်လည်း ရွှမ်ယိသည် မည်သည့် ယဉ်ကျေးမှုမျိုးမှ မပြဘဲ အေးစက်စက် ပြောလိုက်လေ၏။
"တောင်တော်က ကျွန်တော်တို့လို အောက်တန်းစားတွေအတွက် ဘယ်လိုတာဝန်မျိုးများ ပေးချင်လို့ပါလဲ" အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ရွှမ်ယိ၏ သဘောထားကို ဂရုမစိုက်ဘဲ ပြုံးလျက် မေးလိုက်သည်။
"လွန်ခဲ့တဲ့ရက်တွေတုံးက ငါ့ရဲ့ ဆရာတူအစ်ကိုတွေ ရွှမ်မင်းနဲ့ ရွှမ်နူတို့၊ ပြီးတော့ တပည့်တချို့အပြင် မင်းတို့ ဝူကျန့်မျှော်စင်က လူတွေနဲ့အတူ ပြင်ပလောကက အခွင့်အရေးတွေကို ရယူဖို့ ထွက်သွားခဲ့ကြတယ်။ အခု သူတို့ ပျောက်နေကြတယ်"
"ဆရာတူအစ်ကို ရွှမ်မင်းနဲ့ တခြားသူတွေ ဘယ်ရောက်နေလဲဆိုတာကို စုံစမ်းဖို့ မင်း လူတွေလွှတ်ပေးရမယ်။ ပြီးတော့ မကြာသေးခင်က ပြင်ပလောကမှာ ဘာအရေးကြီးကိစ္စတွေ ဖြစ်ခဲ့လဲဆိုတာကိုလည်း စုံစမ်းပေးရမယ်"
"ဆရာတော် ရွှမ်မင်း ပျောက်နေတယ် ဟုတ်လား"
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်မှာ သိသိသာသာ အံ့အားသင့်သွားပြီး ရွှမ်ယိသည် ဤကဲ့သို့သော အကြောင်းပြချက်ဖြင့် လာလိမ့်မည်ဟု သူ မထင်ထားခဲ့သည့်ပုံပင်။ လောကကြီးတွင် မည်သူကများ ရွှမ်ခုန်းဘုရားကျောင်းကို စိန်ခေါ်ရဲမည်နည်း။
"ဟုတ်တယ်။ ဆရာတူအစ်ကို ရွှမ်မင်းတင် မဟုတ်ဘူး၊ သူတို့နဲ့ လိုက်သွားတဲ့ မင်းတို့ ဝူကျန့်မျှော်စင်က တပည့်တွေပါ သတင်းအစအန ပျောက်နေတာ။ အဲ့ဒါကြောင့် မင်း လုပ်ရမှာက ဆရာတူအစ်ကို ရွှမ်မင်း ဘယ်ရောက်နေလဲဆိုတာကို ရှာဖွေဖို့ပဲ။ တခြားဘာမှ မလုပ်နဲ့"
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်၏ ရင်ထဲတွင် လေးလံသွားလေသည်။ ရွှမ်ယိ၏ လေသံအရဆိုလျှင် ရွှမ်မင်းနှင့် အခြားသူများမှာ သေဆုံးသွားပြီဖြစ်ပုံရသည်။ အခြေအနေ၏ ကြီးလေးမှုကို သူ ချက်ချင်း ခံစားမိလိုက်ပါ၏။
"စိတ်ချပါ ဆရာတော် ရွှမ်ယိ။ ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
ရွှမ်ယိ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "လူတွေရွေးပြီးတာနဲ့ သူတို့ကို နယ်စပ်တံခါးဝမှာ စောင့်ခိုင်းထားလိုက်။
တစ်ယောက်ယောက်က သူတို့ကို အပြင်ကို လိုက်ပို့ပေးလိမ့်မယ်။ မှတ်ထားပါ... အဓိကလုပ်ရမှာက ဆရာတူအစ်ကို ရွှမ်မင်းကို ရှာဖွေဖို့ပဲ။ တခြားကိစ္စတွေကို ဝင်မစွက်ဖက်နဲ့။ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မင်း ခံရလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရွှမ်ယိသည် လှည့်ကာ မျှော်စင်ထဲမှ ထွက်ခွာသွားပြီး ထိုနေရာတွင် နောက်ထပ် တစ်ခဏမျှ ဆက်နေပါက သူ့ကို ညစ်ညမ်းသွားစေမည့်အလား ဝဝဖိုင့်ဖိုင့်လူနောက်သို့ လိုက်၍ ရွာထဲမှ ထွက်သွားလေတော့သည်။
မျှော်စင်ရှေ့တွင် ရပ်ကာ ရွှမ်ယိ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်၏ မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သော အမူအရာတစ်ခုဖြင့် တောက်ပနေလေသည်။ ရုတ်တရက် ထူးဆန်းသော ပုံရိပ်တစ်ခုက သူ၏ဘေးတွင် ပေါ်လာလေသည်။
"မျှော်စင်သခင်... ရွှမ်ခုန်းဘုရားကျောင်းက ကျွန်တော်တို့ကို ပိုပိုပြီး မလေးမစား လုပ်လာပုံရတယ်။ သာမန် ကျင့်ကြံသူလေး တစ်ယောက်ကများ ကျွန်တော်တို့ရဲ့ ဝူကျန့်မျှော်စင်မှာ ဒီလောက် မောက်မာရဲပြီး သခင့်ကိုလည်း ရိုသေမှုမရှိဘူး"
"တခြားသူတစ်ယောက်ရဲ့ အရိပ်အောက်မှာ နေရတဲ့အချိန် ဘာများ တတ်နိုင်မှာလဲ" အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က သက်ပြင်းချလိုက်၏။ "သူက ရွှမ်ခုန်းဘုရားကျောင်းက တပည့်လေ။ အထက်က အဘိုးကြီးတွေက ငါတို့ကို လက်တစ်ချောင်းတည်းနဲ့တောင် ချေမှုန်းပစ်နိုင်တယ်။ ဒီနယ်မြေကို ဝင်ထွက်နိုင်တဲ့ နည်းလမ်းကိုလည်း သူတို့က ထိန်းချုပ်ထားသေးတယ်။ မင်းသာ သူ့နေရာမှာဆိုရင်လည်း ဒီလောက် မောက်မာနေမှာပဲ"
ထူးဆန်းသော ပုံရိပ်မှာ တိတ်ဆိတ်သွားလေသည်။ မျှော်စင်သခင် အမှန်တရားကို ပြောနေကြောင်း သူ သိပါ၏။ အတန်ကြာပြီးနောက် သူက မေးလိုက်သည်။
"မျှော်စင်သခင်... ရွှမ်ယိပြောသွားတာကို ဘယ်လိုထင်လဲ။ ဒီလောကမှာ ရွှမ်ခုန်းဘုရားကျောင်းကို ဆန့်ကျင်တိုက်ခိုက်ရဲတဲ့သူ ရှိနေနိုင်သလား။ တခြားလျှို့ဝှက်နယ်မြေ သုံးခုထဲက တစ်ခုများ ဖြစ်နေမလား"
"ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ပြင်ပလောကရဲ့ အပြောင်းအလဲတွေက ငါတို့ ထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားနေတယ်ဆိုတာတော့ ထင်ရှားတယ်။ ရွှမ်ခုန်းဘုရားကျောင်းတောင်မှ အခြေအနေကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပဲ"
ထူးဆန်းသော ပုံရိပ်၏ စိတ်ဓာတ်များ တက်ကြွသွားလေသည်။ "မျှော်စင်သခင်... ခင်ဗျားဆိုလိုတာက..."
"ဒီတစ်ကြိမ်တော့ မင်းက အဖွဲ့ကို ဦးဆောင်သွားရမယ်။ မှတ်ထား... ပြန်လာဖို့ အလျင်စလို မလုပ်နဲ့။ ဒါက ပြင်ပလောကရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ရှားပါးတဲ့ အခွင့်အရေးပဲ။ ဒါကို သေချာပေါက် အရယူခဲ့"
"နားလည်ပါပြီ" ထူးဆန်းသော ပုံရိပ်က လေးစားစွာ ပြောလိုက်သည်။
"သွားတော့။ မင်းရဲ့လူတွေကို ဂရုတစိုက် ရွေးချယ်ပါ။ အထက်မြက်ဆုံး သူတွေကို ရွေးချယ်။ ဒါက ရွှမ်ခုန်းဘုရားကျောင်းရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်"
...
ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိရှိဘဲ လုချင်းသည် မီးခိုးရောင်ဘူးသီးခြောက်အတွင်း၌ သူ၏ကိုယ်ပိုင်တံဆိပ်ကို သန့်စင်ရန် လီဟော်ဒယ်အိုး၏ စွမ်းအားကို အသုံးပြုခြင်းအပေါ် အပြည့်အဝ အာရုံစိုက်နေလေသည်။
သူသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
နောက်ဆုံးတံဆိပ်ခတ်နှိပ်မှုနှင့်အတူ ဘူးသီးခြောက်မှ မှိန်ပျပျ မီးခိုးရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ဤမီးခိုးရောင်အလင်းသည် ကပ်ရောဂါအဘိုးကြီး၏ ကူးစက်ရောဂါများနှင့် ပြည့်နှက်နေသော မီးခိုးရောင်အလင်းနှင့် မတူပေ။ ၎င်းသည် ခပ်နက်နက် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေပြီး အရာခပ်သိမ်းနှင့် ၎င်းတို့၏ ပြောင်းလဲခြင်း အနှစ်သာရကို ဖော်ကျူးနေလေသည်။
မီးခိုးရောင်အလင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ လီဟော်ဒယ်အိုးသည် ဘူးသီးခြောက်ကို ပြန်အန်ထုတ်လိုက်ပြီး လုချင်း၏ လက်ထဲသို့ ကျရောက်လာလေသည်။
"ဒီလူက လီဟော်ဂိုဏ်းရဲ့ လျှို့ဝှက်လက်နက်သန့်စင်ခြင်း နည်းစနစ်တွေကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်နေတာပါလား"
အစမှအဆုံးအထိ ယန်သည် လုချင်းက မီးခိုးရောင်ဘူးသီးခြောက်ကို သန့်စင်နေသည်ကို စောင့်ကြည့်နေခဲ့ပြီး လုချင်းသည် ဂိုဏ်း၏ လက်နက်သန့်စင်ခြင်း နည်းစနစ်များကို အမှန်တကယ် အမွေရရှိထားကြောင်း သူ ယခုအခါ ယုံကြည်သွားလေပြီ။
အမွေရရှိထားရုံတင်မကဘဲ လုချင်းသည် အံ့မခန်း ကျွမ်းကျင်မှုအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ လက်နက်သန့်စင်ခြင်း နည်းစနစ်များကိုသာ ကြည့်မည်ဆိုလျှင် သူသည် အတိတ်က လီဟော်ဂိုဏ်း၏ စစ်မှန်သော တပည့်အချို့ထက်ပင် နိမ့်ကျမနေပေ။
"ရတနာကို အောင်အောင်မြင်မြင်နဲ့ သန့်စင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေး"
ဘူးသီးခြောက် လုချင်း၏ လက်ထဲသို့ ကျရောက်သွားသည်ကို မြင်သောအခါ ယန်က ချက်ချင်း ဂုဏ်ပြုလိုက်လေသည်။
" ကျွန်တော်က သန့်စင်တာကို အခုမှ စတင်ရုံပဲ ရှိသေးတာ။ ပြီးပြည့်စုံဖို့က အဝေးကြီး လိုပါသေးတယ်" လုချင်းသည် မာနထောင်လွှားသည့် အရိပ်အယောင်မျှ မပြဘဲ ခေါင်းခါလျက် ပြန်ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အားနည်းနေဆဲဖြစ်သည်။ လီဟော်ဒယ်အိုး၏ စွမ်းအားနှင့်ပင် သူသည် ဘူးသီးခြောက်အတွင်း၌ တံဆိပ်အလွှာ အနည်းငယ်ကိုသာ သန့်စင်နိုင်ခဲ့၏။
လောလောဆယ်တွင် ဘူးသီးခြောက်မှာ သန္ဓေတည်ခါစအဆင့်တွင်သာ ရှိသေးသည်။ ရတနာကို အပြည့်အဝ သန့်စင်ပြီး ပြီးပြည့်စုံစေရန်အတွက် အချိန်များစွာ လိုအပ်မည်ဖြစ်သလို သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ထပ်မံမြှင့်တင်ရန် လိုအပ်မည်ဖြစ်သည်။
သို့သော် သန္ဓေတည်ခါစ အဆင့်လေးတွင်ပင် လုချင်းသည် သူ၏လက်ထဲရှိ ဘူးသီးခြောက်၏ ထူးခြားသော သဘာဝကို ခံစားနေရပြီပင်။
သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ဘူးသီးခြောက်ထဲသို့ စိုက်ကြည့်လိုက်လေ၏။
...
အခန်း ၃၃၄ - သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်နှင့် ရှေးဟောင်းခေတ်၏ လျှို့ဝှက်ချက်များ
【 မှော်ရတနာ ဘူးသီးခြောက်။ အဆုံးအစမဲ့ အလားအလာရှိသော အဆင့်မြင့်ရတနာတစ်ခု၏ မူလသန္ဓေသားလောင်း။ 】
【 မူလက သန္ဓေသားဝိညာဉ် ကျင့်ကြံသူ ကပ်ရောဂါအဘိုးကြီးမှ မိစ္ဆာလမ်းစဉ် မှော်ရတနာတစ်ခုအဖြစ် ဖန်တီးခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ကန့်သတ်ချက်များကို သန့်စင်ဖယ်ရှားကာ ရတနာသန္ဓေသားလောင်းတစ်ခုအဖြစ် ပြန်လည်သန့်စင်ထားသည်။ 】
【 ဤမှော်ရတနာတွင် အရာခပ်သိမ်းကို လက်ခံနိုင်စွမ်းရှိပြီး မည်သည့်စွမ်းအားအမျိုးအစားကိုမဆို စုပ်ယူနိုင်သော ကမောက်ကမ နတ်ဘုရားသံမဏိ ပါဝင်သည်။ 】
【 သဘာဝဓာတ် အမျိုးမျိုးပါဝင်သော ကန့်သတ်ချက်များစွာကို ဤရတနာအတွင်း၌ သန့်စင်ထည့်သွင်းထားပြီး ပြည့်စုံသော သဘာဝဓာတ်ငါးပါး စက်ဝန်းကို ဖွဲ့စည်းထားကာ ပြိုင်ဘက်ကင်းလောက်အောင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။ 】
...
ထွက်ပေါ်လာသော ခရမ်းရောင်အလင်းတန်းများနှင့် အသေးစိတ် အချက်အလက်များ ပြသထားသည့် ဘူးသီးခြောက်ကို လုချင်း ကြည့်ရှုလေ့လာနေစဉ် သူ၏မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။
၎င်းသည် မှော်လက်နက်တစ်ခုကို သန့်စင်ရန် သူ၏ ပထမဆုံး တရားဝင် ကြိုးပမ်းမှုပင်ဖြစ်သည်။ သူ၏စွမ်းရည်များကို အသုံးပြု၍ အကြိမ်ပေါင်းများစွာ စိတ်ကူးပုံဖော်ကာ စဉ်းစားခဲ့သော်လည်း ပထမအကြိမ်မှာပင် အမှားအယွင်းမရှိသလောက်ဖြင့် အောင်မြင်သွားခြင်းမှာ ဝမ်းသာစရာပင် ဖြစ်လေသည်။
"အခုကစပြီး မင်းကို သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်လို့ ခေါ်မယ်"
လုချင်းသည် သူ၏လက်ထဲရှိ ရတနာကို အမည်ပေးလိုက်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ဘူးသီးခြောက်ကို အထက်သို့ ပင့်မြှောက်လိုက်ရာ သူ၏ရှေ့တွင် လွင့်မျောနေလေ၏။ သူသည် ဘူးသီးခြောက်ပေါ်သို့ သူ၏ အသက်သွေးကြော အနှစ်သာရ တစ်ကျိုက်ကို မှုတ်ထုတ်လိုက်သည်။
ရတနာ၏ ကန့်သတ်ချက်များကို ဖန်တီးပြီးနောက် နောက်ထပ်အရေးကြီးသော အဆင့်မှာ သခင်ကို အသိအမှတ်ပြုစေခြင်းပင်။ အသက်သွေးကြော မှော်ရတနာတစ်ခုအတွက် အသိအမှတ်ပြုစေခြင်း လုပ်ငန်းစဉ်မှာ သာမန်ရတနာများထက် များစွာ ပိုမိုရှုပ်ထွေးလေသည်။ ရတနာနှင့် ကျင့်ကြံသူ၏ စိတ်တို့ အပြည့်အဝ သဟဇာတဖြစ်ကာ တစ်သားတည်းဖြစ်လာပြီး ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ရသကဲ့သို့ လွယ်ကူလာသည်အထိ ကျင့်ကြံသူသည် မိမိ၏ အသက်သွေးကြော အနှစ်သာရနှင့် ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ၎င်းကို စဉ်ဆက်မပြတ် သန့်စင်ရမည်ဖြစ်သည်။
နောက်အဆင့်တွင်တော့ ၎င်း၏ကိုယ်ပိုင် အသိစိတ်တစ်ခု ဖွံ့ဖြိုးလာစေရန်နှင့် ဝိညာဉ်လက်နက် အဆင့်သို့ တက်လှမ်းလာစေရန်အတွက် ရတနာကို ကျင့်ကြံသူ၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတို့ဖြင့် ပြုစုပျိုးထောင်ရမည်ပင်။
ကပ်ရောဂါအဘိုးကြီးသည် ဘူးသီးခြောက်နှင့် မူလဇစ်မြစ်တူညီသောကြောင့် သူ၏ခန္ဓာကိုယ်ကို အလွယ်တကူ စွန့်လွှတ်ကာ ဘူးသီးခြောက်ကို သိမ်းပိုက်၍ လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်၏။ ထိုသို့မဟုတ်ပါက လူသားတစ်ဦးမှ လက်နက်ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲရာတွင် မိမိ၏ အစစ်အမှန်ဝိညာဉ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်မှာ ဤမျှလွယ်ကူမည်မဟုတ်ပေ။
"သခင်လေးရဲ့ ကျင့်စဉ်က [သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] ဖြစ်နေတာပဲ။ ပြီးတော့ သူ့ခန္ဓာကိုယ်က တောက်ပတဲ့ အလင်းရောင်တွေတောင် ထွက်နေတဲ့ အဆင့်ကို ရောက်နေပြီလား"
လုချင်း မှုတ်ထုတ်လိုက်သော အသက်သွေးကြော အနှစ်သာရများနှင့် ထိုလုပ်ငန်းစဉ်အတွင်း သူ အမိန့်ပေးထိန်းချုပ်နေသည့် သဘာဝဓာတ်ငါးပါးကို မြင်သောအခါ၌ လုချင်း၏ ခန္ဓာကိုယ်မှ ခပ်ဖျော့ဖျော့ အလင်းရောင်များ တောက်ပလာသည်ကို တွေ့လိုက်ရသဖြင့် ယန်မှာ အလွန်အံ့အားသင့်သွားလေသည်။
လုချင်းသည် လီဟော်ဒယ်အိုးကို သန့်စင်ပြီးကတည်းက ကန့်သတ်ချက်များကို ပိတ်ဆို့ထားခဲ့သဖြင့် ယန်သည် လုချင်း၏ ကျင့်စဉ်အပါအဝင် သူ့အကြောင်းကို များများစားစား မသိနိုင်ခဲ့ပေ။ ယခင်က ကပ်ရောဂါအဘိုးကြီးကို ဖျက်ဆီးရာတွင် လုချင်း ကူညီခဲ့စဉ်ကလည်း သူသည် ဂူအတွင်းရှိ အစီအရင်၏ စွမ်းအားကိုသာ အသုံးပြုခဲ့ပြီး သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ရှေးဟောင်းမသေမျိုးခေတ်မှ လူအနည်းငယ်သာ စိတ်ဝင်စားသော ကျင့်စဉ်ဖြစ်သည့် [သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] ကို လုချင်း ကျင့်ကြံနေကြောင်းကို ယန် အခုမှသာ သဘောပေါက်သွားခြင်းဖြစ်သည်။
"ဒီလိုကျင့်စဉ်မျိုးကို ကျင့်ကြံဖို့ သခင်လေး ဘာတွေများ တွေးနေပါလိမ့်။ သူ လီဟော်ဂိုဏ်းဆီက ရခဲ့တဲ့ အမွေအနှစ်ဆိုလို့ ဒီကျင့်စဉ်တစ်ခုတည်းများပဲ ရှိနေလို့လား။ ဒါမှမဟုတ် ဒီကျင့်စဉ်ရဲ့ ချို့ယွင်းချက်တွေကို သူ မသိလို့များလား" ယန်မှာ တွေဝေသွားလေသည်။
[သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] ကို အဆင့်မြင့်ကျင့်စဉ်တစ်ခုအဖြစ် မသတ်မှတ်ထားပေ။ ၎င်း၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ အလွန်နှေးကွေးလွန်းလှပြီး အမြင့်ဆုံးရောက်ရှိနိုင်သည့် အဆင့်မှာလည်း နိမ့်ကျလေသည်။ ဤကျင့်စဉ်ကို ဖန်တီးခဲ့သော ကျင့်ကြံသူကိုယ်တိုင်ပင်လျှင် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့သာ ရောက်ရှိနိုင်ခဲ့၏။
လုချင်းသည် ဤကျင့်စဉ်ကို ရွေးချယ်ခဲ့ခြင်းမှာ ယန် မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ သို့သော် ဤအချိန်သည် မေးခွန်းထုတ်ရမည့် အချိန်မဟုတ်ကြောင်း ယန် သိထားသဖြင့် သူသည် တိတ်ဆိတ်စွာနေကာ လုချင်း ရတနာကို သန့်စင်နေသည်ကိုသာ ဆက်လက်စောင့်ကြည့်နေလိုက်၏။
လုချင်း မှုတ်ထုတ်လိုက်သော အသက်သွေးကြော အနှစ်သာရ တစ်ကျိုက်တိုင်းနှင့်အတူ သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်တွင် သူ၏ အနှစ်သာရအမှတ်အသားများ တဖြည်းဖြည်း စွဲထင်လာကာ သူ၏ အသက်သွေးကြော မှော်ရတနာ ဖြစ်လာ၏။
အမှတ်အသား ရိုက်နှိပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဘူးသီးခြောက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါင်းစပ်သွားကာ ဒျန်ထျန်အတွင်း၌ အခြေချသွားလေသည်။
၎င်းသည် လုချင်း၏ ဒျန်ထျန်အတွင်းရှိ သဘာဝဓာတ်ငါးပါး ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီး ၎င်း၏အတွင်း၌ လှည့်ပတ်ကာ ပြန်လည်ထုတ်လွှတ်ပေးလေသည်။ ဤလုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပြီး အကြိမ်တိုင်းတွင် သူ၏ ဒျန်ထျန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပိုမိုသန့်စင်သွားစေလေသည်။
လုချင်းမှာ ဝမ်းသာအားရ အံ့အားသင့်သွားသည်။ သူ၏ ကျင့်စဉ်ဖြစ်သော [သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] သည် သူ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် သွေးဆူစေရန် လိုအပ်ကြောင်းကို သူသိလေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ သူ၏ ဝိညာဉ်စွမ်းအင် သန့်စင်မှုသည်လည်း မြင့်တက်လာရန် လိုအပ်ပါ၏။
ယခုအခါ သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်က သူ၏ ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးနိုင်ပြီဖြစ်ရာ ၎င်းသည် အချိန်တိုင်းတွင် သူ၏ ကျင့်ကြံခြင်းကို ထိရောက်စွာ အထောက်အကူပြုနေပြီး သူ၏ တိုးတက်မှုကို သိသိသာသာ အရှိန်မြှင့်တင်ပေးနေလေသည်။
"သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်ကို ငါ့ရဲ့ အသက်သွေးကြောရတနာအဖြစ် သန့်စင်လိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ ကနဦးအဆင့်လေးမှာတောင် သူ့ရဲ့ အကျိုးသက်ရောက်မှုတွေက အရမ်းကို နက်နဲနေပြီ။ သူ အပြည့်အဝ ရင့်ကျက်လာပြီး ဝိညာဉ်လက်နက်တစ်ခု ဖြစ်လာတဲ့အခါကျ ငါ ရရှိမယ့် အကျိုးကျေးဇူးတွေက စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်ဘူး"
လောလောဆယ်တွင် လုချင်းသည် ဘူးသီးခြောက်အတွင်း၌ ကန့်သတ်ချက် တစ်လွှာကိုသာ သန့်စင်နိုင်ခဲ့ပြီး ၎င်းက သဘာဝဓာတ်ငါးပါး အစီအရင်တစ်ခုကို ဖွဲ့စည်းထားလေသည်။
မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်များနှင့် လီဟော်ဂိုဏ်း၏ လက်နက်သန့်စင်ခြင်း နည်းစနစ်များကို ပေါင်းစပ်ကာ ထိုအရာကို သူ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကန့်သတ်ချက် တစ်လွှာတည်းက အနိမ့်ဆုံးအဆင့်ရှိ အခြေခံရတနာတစ်ခုကိုသာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ သို့သော် သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်၏ အခြေခံအုတ်မြစ်မှာ အလွန်ထူးခြားနေလေ၏။ ကပ်ရောဂါအဘိုးကြီးသည် ဤအသက်သွေးကြောရတနာကို သန့်စင်ရန်အတွက် သူ၏ တစ်သက်တာ စုဆောင်းထားမှုများအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒဏ္ဍာရီလာ ကမောက်ကမ နတ်ဘုရားသံမဏိ အပိုင်းအစကိုပင် အမှတ်မထင် ထည့်သွင်းမိခဲ့သည်။
ဤအကြောင်းကြောင့် မည်သည့်ကန့်သတ်ချက်မျှ မရှိလျှင်ပင် သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်သည် ၎င်း၏ ပါဝင်ပစ္စည်းများအပေါ်မှာပင် အခြေခံ၍ အဆင့်မြင့်ရတနာတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်လေ၏။ အချိန်ကြာလာသည်နှင့်အမျှ လုချင်းက ၎င်းကို ဆက်လက်သန့်စင်ကာ ကန့်သတ်ချက်များ ထပ်မံထည့်သွင်းသွားပါက ၎င်းသည် ဝိညာဉ်လက်နက်တစ်ခုအဖြစ် သေချာပေါက် ပြောင်းလဲသွားမည်ပင်။ ထိုအချိန်သို့ရောက်လျှင် ၎င်း၏သခင်အနေဖြင့် လုချင်းသည် ကြီးမားသော အကျိုးကျေးဇူးများကို သေချာပေါက် ရရှိမည်ဖြစ်၏။
"သခင်လေးရဲ့ အသက်သွေးကြောရတနာကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ဘူးသီးခြောက်သည် သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူပေါင်းစပ်သွားပြီးနောက် ယန်က ဂုဏ်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် လုချင်း၏ အံ့မခန်း ကံကောင်းမှုအတွက် ယန် အံ့သြချီးကျူးမိလေသည်။
လုချင်းသည် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူသည် ဝိညာဉ်လက်နက် တစ်ခုတည်းမဟုတ်ဘဲ နှစ်ခုကိုပင် ပိုင်ဆိုင်ထားပြီး ယခုအခါ ဝိညာဉ်လက်နက်တစ်ခုဖြစ်လာရန် အလားအလာရှိသော အသက်သွေးကြောရတနာတစ်ခုကိုပါ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။ ဤကဲ့သို့သော ကံကောင်းမှုမျိုးကို ရှေးဟောင်း မသေမျိုးခေတ်တွင်ပင် ကြားဖူးခဲ့ရန် ခဲယဉ်းလှသည်။ ယန်သည် နှစ်ပေါင်း သောင်းနှင့်ချီ၍ အသက်ရှင်ခဲ့သော်လည်း ဤမျှ ထူးခြားအံ့သြဖွယ်ကောင်းသောအရာမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
"လောလောဆယ်တော့ ကန့်သတ်ချက် တစ်လွှာတည်း ရှိပါသေးတယ်။ အဝေးကြီး သွားရပါဦးမယ်"
လုချင်းက ခေါင်းခါလျက် ပြန်ဖြေလိုက်၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် ကန့်သတ်ချက် တစ်လွှာတည်း သန့်စင်ခြင်းက သူ၏ အမြင့်ဆုံးစွမ်းရည်ပင် ဖြစ်သည်။ ၎င်းကို ဆက်လက်သန့်စင်ရန်အတွက် သူ၏ ကျင့်ကြံခြင်းတွင် အဆင့်တက်ရန် လိုအပ်မည်ဖြစ်သည်။
"သခင်လေးရဲ့ ပါရမီနဲ့ဆိုရင် ဒုတိယအလွှာ ကန့်သတ်ချက်တွေကို သန့်စင်ဖို့ လိုအပ်တဲ့အဆင့်ကို ရောက်ဖို့ သိပ်မကြာတော့ပါဘူး" ယန်က ချီးကျူးလိုက်သည်။
"ဒါပေမဲ့ ကျုပ် ကောင်းကောင်းနားမလည်တာလေး တစ်ခုရှိလို့ပါ။ သခင်လေးကို မေးခွင့်ပြုပါဦး"
"ဘာများလဲ ယန်ချန်ပေ့" ယန်၏ သဘောထား ပြောင်းလဲသွားသည်ကို သိရှိသော်လည်း လုချင်းက တိုက်ရိုက် မပြောဘဲ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"စောစောက သခင်လေး ကျင့်ကြံနေတဲ့ ကျင့်စဉ်က [သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] ဖြစ်နေတာကို သတိထားမိလိုက်တယ်။ ဘာကြောင့်များ ဒီကျင့်စဉ်ကို ရွေးချယ်ခဲ့တာလဲလို့ မေးလို့ရမလား။ သခင်လေး ဒီကျင့်စဉ်ရဲ့ ချို့ယွင်းချက်တွေကို မသိတာများလား"
"ဘယ်ချို့ယွင်းချက်တွေကို ပြောတာလဲ ချန်ပေ့"
"[သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] က သဘာဝဓာတ်ငါးပါးလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံဖို့ လိုအပ်တယ်။ ဒီကျင့်စဉ်နဲ့ ဝိညာဉ်စွမ်းအင် တစ်ယူနစ်ရဖို့ တခြားနည်းလမ်းတွေထက် ငါးဆမက ပိုပြီး အားထုတ်ရတယ်။ အဲ့ဒါကြောင့်ပဲ သူက တော်တော်လေး နှေးကွေးလွန်းတာလေ။ ဒါ့အပြင် သူ့ရဲ့ အမြင့်ဆုံးရောက်နိုင်တဲ့ အဆင့်ကလည်း နိမ့်တယ်။ ဒီကျင့်စဉ်ကို ဖန်တီးခဲ့တဲ့ ကျင့်ကြံသူတောင်မှ သူရဲ့ သက်တမ်းကုန်ဆုံးပြီး မသေဆုံးခင်အထိ ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်ခဲ့တာလေ။ သခင်လေး ဒါကို မသိဘူးလား"
"ဪ... အဲ့ဒီချို့ယွင်းချက်တွေကို ပြောတာလား" လုချင်း ပြုံးလိုက်သည်။ "ဒါပေါ့... ကျွန်တော် အဲ့ဒါတွေကို သိပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ [သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်] က ကျွန်တော့်ရဲ့ လိုအပ်ချက်တွေနဲ့ အပြည့်အဝ ကိုက်ညီပြီး အများကြီး စဉ်းစားပြီးမှ ဂရုတစိုက် ရွေးချယ်ခဲ့တာပါ။ စိတ်ပူစရာ မလိုပါဘူး ချန်ပေ့"
ဤကျင့်စဉ်က သူ့အတွက် ဘာကြောင့် သင့်တော်သည်ကို လုချင်း အသေးစိတ် ရှင်းမပြခဲ့ပေ။
"နားလည်ပါပြီ။ အများကြီး မေးမိတဲ့အတွက် တောင်းပန်ပါတယ်" လုချင်း ထပ်မပြောချင်တော့သည်ကို သဘောပေါက်သွားသဖြင့် ယန်က ပြန်ဖြေလိုက်၏။ သူ သိချင်နေသော်လည်း ယန်သည် ထိုကိစ္စကို ဆက်မမေးတော့ဘဲ နေလိုက်သည်။
ယခုအချိန်တွင် ယန်သည် လုချင်း၏ စရိုက်ကို အနည်းငယ် နားလည်နေပြီဖြစ်သည်။ လူငယ်တစ်ယောက်ဖြစ်သော်လည်း လုချင်းသည် အလွန်တိကျသေချာပြီး ရက်စက်ကာ သူ့ကိုယ်သူ ထိခိုက်စေမည့် မည်သည့်အရာကိုမျှ မလုပ်တတ်ပေ။ ဤကျင့်စဉ်ကို ကျင့်ကြံရန် သူ ရွေးချယ်ခဲ့သည်ဆိုမှတော့ သူ၏ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိနေရမည်ဖြစ်သည်။
"ဒါနဲ့ ယန်ချန်ပေ့... ခင်ဗျား ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီး အကြောင်းကို ခဏခဏ ပြောနေတာ ကြားဖူးတယ်။ အဲ့ဒီကပ်ဘေးကြီးက ဘာလဲဆိုတာကို အသေးစိတ် ရှင်းပြလို့ရမလား"
ယန်၏ အမူအရာ ချက်ချင်းပင် လေးနက်သွားလေသည်။ အစောပိုင်းက လုချင်း ဤကိစ္စကို မေးမြန်းခဲ့သော်လည်း ယန်သည် ၎င်းကို သူတို့၏ အလျှော့အတင်းလုပ်ရာတွင် အကျိုးအမြတ်တစ်ခုအဖြစ် အသုံးပြုခဲ့ပါ၏။ ယခု လုချင်း ထပ်မေးလာသောအခါ ယန်သည် မည်သည့်လှည့်ကွက်ကိုမျှ မသုံးရဲတော့ပေ။
"ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးဆိုတာက အရင်မသေမျိုးခေတ် နှောင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ကပ်ဘေးဆိုးကြီးကို ခေါ်တာပါ။ ဝိညာဉ်စွမ်းအင် စည်းမျဉ်းတွေ ပြိုလဲသွားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေ ပြောင်းလဲသွားရာကနေ ဒီမဟာကပ်ဘေးကြီးကို ဖြစ်ပေါ်စေခဲ့တာပဲ"
"ဒီကပ်ဘေးကြီးက အဓိကအားဖြင့် အခြေတည်အဆင့် အထက်က ကျင့်ကြံသူတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အောက်ခြေအဆင့်က လူတွေကိုတော့ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလေ။ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီလောကကြီးက အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို ဆက်ပြီး မပံ့ပိုးပေးနိုင်တော့ဘူး။ အထူးသဖြင့် ရွှေအမြုတေအဆင့်နဲ့ အဲ့ဒီအထက်က သူတွေကိုပေါ့"
"ဘာမှမလုပ်ဘဲ နေရင်တောင် ကောင်းကင်နဲ့ မြေကြီးရဲ့ ပြောင်းလဲနေတဲ့ စည်းမျဉ်းတွေရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့ရဲ့ ကျင့်ကြံခြင်းနဲ့ ဝိညာဉ်တွေက တဖြည်းဖြည်း ယိုယွင်းလာလိမ့်မယ်။ အဲ့ဒီ အင်အားကြီး ကျင့်ကြံသူတွေအတွက်တော့ သူတို့ရဲ့ အဆင့်တွေနဲ့ သက်တမ်းတွေဟာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေကနေ ရရှိခဲ့တာလေ။ သူတို့ရဲ့ အသက်ရှင်သန်မှုက သူတို့ရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ မူတည်နေတာ"
"သူတို့ရဲ့ ကျင့်ကြံခြင်းနဲ့ ဝိညာဉ်တွေက အတိုင်းအတာတစ်ခုအထိ အားနည်းသွားတာနဲ့ သူတို့ဆီမှာ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ယိုယွင်းပျက်စီးခြင်း လက္ခဏာတွေ ပေါ်လာလိမ့်မယ်။ အဲ့ဒီအဆင့်ကို ရောက်ပြီဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းတွေ ပျောက်ကွယ်သွားရုံတင်မကဘူး သူတို့ရဲ့ အစစ်အမှန်ဝိညာဉ်ပါ ပြိုကွဲသွားလိမ့်မယ်။ ဒါက ကောင်းကင်နဲ့လူသား ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီး လို့ခေါ်တာပါပဲ။ ဒါက မသေမျိုးခေတ် နှောင်းပိုင်းမှာ အင်အားကြီးကျင့်ကြံသူအားလုံး ရင်ဆိုင်ခဲ့ရတဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်ကြီးပေါ့"
ကပ်ရောဂါအဘိုးကြီး၏ အစစ်အမှန်ဝိညာဉ် အသက်ရှင်ကျန်ရစ်နေသေးကြောင်း သိလိုက်ရချိန်တွင် ယန် အဘယ်ကြောင့် ဤမျှတုန်လှုပ်သွားရသည်ကို လုချင်း ယခုတော့ နားလည်သွားလေပြီ။ ဤကပ်ဘေးကြီးသည် အင်အားကြီးကျင့်ကြံသူ အားလုံးကို အကျိုးသက်ရောက်ခဲ့သည် မဟုတ်ပါလား။
"ဒါဆိုရင် ယန်ချန်ပေ့တို့လို လက်နက်ဝိညာဉ်တွေကျတော့ကော။ ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ မလိုဘူးလား"
"ဟုတ်တယ်။ ကျုပ်တို့ လက်နက်ဝိညာဉ်တွေမှာလည်း အစစ်အမှန်ဝိညာဉ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျုပ်တို့က မှော်ရတနာတွေနဲ့ ချည်နှောင်ထားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိတဲ့အတွက် ကျုပ်တို့က မပျက်စီးနိုင်ဘူးလေ။ ဒါကြောင့် ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးရဲ့ အကျိုးသက်ရောက်မှုကို မခံရဘူးပေါ့။ ဒါပေမဲ့ ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်သွားတာကတော့ ကျုပ်တို့ရဲ့ အစစ်အမှန်ဝိညာဉ်တွေကို အားနည်းသွားစေပြီး အိပ်စက်တဲ့ အခြေအနေထဲ ဝင်သွားဖို့ ဖိအားပေးနေတုန်းပဲ။ ကပ်ရောဂါအဘိုးကြီးက ဒီကံကြမ္မာကနေ ရှောင်လွှဲဖို့အတွက် သူ့ရဲ့ အသက်သွေးကြောရတနာကို သိမ်းပိုက်ပြီး လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲဖို့ ရွေးချယ်ခဲ့တာပေါ့"
"ဒီမဟာကပ်ဘေးကြီးကို ခုခံဖို့ တကယ်ပဲ နည်းလမ်းမရှိဘူးလား။ ရှေးဟောင်းမသေမျိုးခေတ်မှာ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတာလေ... သူတို့က သေရမယ့်ရက်ကို ငုတ်တုတ်ထိုင်ပြီး စောင့်နေကြမှာတော့ မဟုတ်ပါဘူးနော်" လုချင်းက မေးလိုက်သည်။
"ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ" ယန်က လှောင်ပြုံးပြုံးလိုက်၏။ "ကျင့်ကြံသူတွေက သူတို့ရဲ့အသက်ကို ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးထားကြတယ်လေ။ အထူးသဖြင့် အကြာကြီး အသက်ရှင်ခဲ့ကြတဲ့ အဘိုးကြီးတွေဆို ပိုဆိုးတယ်။ သူတို့က သေရမှာကို အကြောက်ဆုံးပဲ။ မသေမျိုးခေတ်က စတင်ဆုတ်ယုတ်လာပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေ စတင်ပြောင်းလဲလာတဲ့အချိန်မှာ အဲ့ဒီအဘိုးကြီးတွေက ဒီကပ်ဘေးကြီးကို ကြိုတင်ခန့်မှန်းမိပြီး စောစောစီးစီး ပြင်ဆင်နေကြပြီ"
"ဂိုဏ်းအသီးသီးကြားက ပဋိပက္ခတွေနဲ့ နောက်ပိုင်းဖြစ်လာတဲ့ အရင်းအမြစ် လုယူပွဲတွေ အားလုံးက သူတို့ နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ထားတာချည်းပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးကနေ ရှောင်လွှဲဖို့ သူတို့ရဲ့ အစီအစဉ်အတွက် ကျင့်ကြံခြင်းလောက တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို စုစည်းဖို့ပဲ"
"သူတို့ရဲ့ အစီအစဉ်က ဘာလဲ" လုချင်းက မေးလိုက်သည်။
"အဲ့ဒီအချိန်တုန်းကတော့ ကောလာဟလတွေ အများကြီး ထွက်ခဲ့တာပဲ။ တချို့က ပြောကြတာကတော့ သူတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေကနေ ပုန်းအောင်းနေနိုင်ပြီး နောက်ထပ် မသေမျိုးခေတ် ပြန်လည်နိုးထလာမယ့် အချိန်ကို စောင့်ဆိုင်းနိုင်မယ့် လျှို့ဝှက်နယ်မြေတစ်ခု ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုကြတယ်။ တချို့ကကျတော့ ဒီလောကကြီးရဲ့ နယ်နိမိတ်တွေကို ဖောက်ထွက်နိုင်စွမ်းရှိတဲ့၊ အရင်က တစ်ခါမှမရှိခဲ့ဖူးတဲ့ မှော်ရတနာကြီးတစ်ခုကို ဖန်တီးဖို့ ကျင့်ကြံခြင်းလောကရဲ့ အရင်းအမြစ်တွေ အားလုံးကို စုဆောင်းနေတယ်လို့ ပြောကြတယ်။ တချို့ကလည်း သူတို့ရဲ့ ကျင့်ကြံခြင်းကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်ပေးနိုင်ပြီးတော့ ကပ်ဘေးကို ကျော်ဖြတ်ပြီး တက်လှမ်းသွားနိုင်စေမယ့် အဆင့်မြင့်ဆုံး ဆေးလုံးတွေ ဖော်စပ်ဖို့ ဝိညာဉ်ဆေးမြစ်တွေကို စုဆောင်းနေကြတယ်လို့ ယုံကြည်ကြတယ်လေ"
"ဘယ်လိုပဲဖြစ်ဖြစ် သေချာတော့ ဘယ်သူမှ မသိကြပါဘူး။ မဟာကပ်ဘေးကြီး မရောက်လာခင်မှာပဲ ကျုပ်ရဲ့ လီဟော်ဂိုဏ်းက ရန်သူတွေနဲ့ တိုက်ပွဲမှာ ပြုတ်ဖြုတ်ချေမှုန်းခံလိုက်ရပြီလေ"
"ဘေးအန္တရာယ်ကနေ ရှောင်လွှဲဖို့ လျှို့ဝှက်နယ်မြေ ဖန်တီးတယ် ဟုတ်လား" လုချင်း စဉ်းစားခန်း ဝင်သွားလေသည်။ "ချန်ပေ့... အခုခေတ်မှာ နှစ်သောင်းနဲ့ချီပြီး တည်ရှိနေတယ်လို့ ပြောကြတဲ့ လျှို့ဝှက်နယ်မြေ အများအပြား ရှိနေတယ်။ အဲ့ဒါတွေက ချန်ပေ့ပြောတဲ့ဟာတွေနဲ့များ ဆက်စပ်နေမလား"
ထို့နောက် လုချင်းသည် လျှို့ဝှက်နယ်မြေကြီးလေးခုနှင့်ပတ်သက်၍ သူသိထားသည်များကို ယန်အား မျှဝေပြောပြလိုက်လေသည်။
"ရွှမ်ခုန်းဘုရားကျောင်း၊ ယွင်ရွှေ လျှို့ဝှက်နယ်မြေ၊ ချင်းယန်ဘုရားကျောင်းနဲ့ ရေအေးနန်းတော် ဟုတ်လား"
ယန်၏ မျက်နှာတွင် တွေဝေသွားလေသည်။ "ဒီဂိုဏ်းတွေက ရှေးဟောင်းမသေမျိုးခေတ်တုန်းက တကယ်ကို ထင်ရှားခဲ့ကြတာ မှန်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေနဲ့ဆိုရင် ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးကို ရှောင်လွှဲနိုင်တဲ့ လျှို့ဝှက်နယ်မြေတွေကို ဖန်တီးနိုင်စွမ်း မရှိသင့်ဘူး။ ကျုပ် အိပ်ပျော်သွားပြီးနောက်ပိုင်း ကျင့်ကြံခြင်းလောကမှာ တစ်ခုခုများ ဖြစ်ခဲ့လို့များလား"
"ရွှမ်ခုန်းဘုရားကျောင်းလို ဂိုဏ်းတွေက နှစ်သောင်းနဲ့ချီပြီး ခံနိုင်တဲ့ လျှို့ဝှက်နယ်မြေတွေကို ဖန်တီးနိုင်တဲ့ အခြေခံအုတ်မြစ် မရှိဘူးလို့ ခင်ဗျားက ဆိုလိုတာလား" လုချင်းက မေးလိုက်သည်။
"အတိအကျကြီးတော့ မဟုတ်ပါဘူး။ ရှေးဟောင်းမသေမျိုးခေတ်တုန်းက ဒီလောကကြီးရဲ့ နေရာလွတ်စည်းမျဉ်းတွေအပေါ်မှာ မှီခိုပြီး တည်ရှိနေတဲ့ လျှို့ဝှက်နယ်မြေတွေ အများကြီးရှိခဲ့တယ်။
အကယ်၍ ဂိုဏ်းတစ်ခုက တန်ဖိုးတစ်ခုကို ပေးဆပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် နေရာလွတ်ကို တည်ငြိမ်စေဖို့အတွက် အားကောင်းတဲ့ ဝိညာဉ်လက်နက်တစ်ခုကို လျှို့ဝှက်နယ်မြေထဲမှာ ပေါင်းစပ်ထည့်သွင်းလိုက်လို့ရတယ်။ အဲ့ဒီလိုလုပ်လိုက်ရင် နယ်မြေက မပိတ်သွားဘဲ အချိန်အကြာကြီး တည်ရှိနေနိုင်တယ်လေ"
"အဲ့ဒီအချိန်တုန်းက အင်အားအကြီးဆုံး ဂိုဏ်းတွေအားလုံးမှာ နောက်ခံအဖြစ် လျှို့ဝှက်နယ်မြေ တစ်ခု၊နှစ်ခုလောက်တော့ ရှိကြတာချည်းပဲ။ ဒါပေမဲ့ ကျုပ် ပြောခဲ့သလိုပဲ... လျှို့ဝှက်နယ်မြေတွေက ဒီလောကကြီးရဲ့ နေရာလွတ်စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတဲ့အတွက် ယိုယွင်းပျက်စီးခြင်းငါးပါး မဟာကပ်ဘေးကြီးရဲ့ အကျိုးသက်ရောက်မှုကိုတော့ ခံရဦးမှာပဲ။ ဒါကို ရှောင်လွှဲဖို့ တစ်ခုတည်းသောနည်းလမ်းက လျှို့ဝှက်နယ်မြေကို ပြင်ပလောကရဲ့ စည်းမျဉ်းတွေကနေ လုံးဝ သီးခြားခွဲထုတ်ပစ်ဖို့ပဲ။ အဲ့ဒီလိုလုပ်ဖို့ဆိုတာ စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်တဲ့ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်လေ။ ဂိုဏ်းတစ်ခုတည်းရဲ့ လုပ်နိုင်စွမ်းထက် အများကြီး သာလွန်လွန်းတယ်"
"ဒါကြောင့် ဒီလျှို့ဝှက်နယ်မြေလေးခုက နှစ်သောင်းနဲ့ချီပြီး တကယ်တည်ရှိနေခဲ့မယ်ဆိုရင်တောင်... ပြီးတော့ ရှေးဟောင်းမသေမျိုးခေတ်ကတည်းက မြစ်ဖျားခံလာခဲ့တယ်ဆိုရင်တောင်... အတွင်းက တပည့်တွေကတော့ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ပြောင်းလဲသွားမှာ သေချာတယ်။ အဲ့ဒီခေတ်က ဘယ်အဘိုးကြီးကမှ အသက်ရှင်ကျန်ရစ်နိုင်စရာ အကြောင်းမရှိဘူး"
"ကပ်ရောဂါအဘိုးကြီးလိုမျိုး လက်နက်ဝိညာဉ်ကို သိမ်းပိုက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေ တချို့များ ရှိနေရင်ကော" လုချင်းက မေးလိုက်သည်။
"ဒါလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှားတယ်။ ဝိညာဉ်လက်နက်တွေက ရှားပါးတယ်လေ၊ ပြီးတော့ အသက်သွေးကြောရတနာ မဟုတ်ဘူးဆိုရင် ဒီလုပ်ငန်းစဉ်မှာ ကြီးမားတဲ့ အန္တရာယ်တွေ ပါဝင်နေတယ်။ အောင်မြင်ခဲ့ရင်တောင် သူတို့ဖန်တီးထားတဲ့ အကျဉ်းထောင်ထဲမှာ သူတို့ကိုယ်တိုင် ပိတ်မိနေလိမ့်မယ်။ အဲ့ဒီလိုလုပ်ဖို့ လူတိုင်းမှာ ဆုံးဖြတ်ချက် ခိုင်မာမှုမရှိကြဘူး။ ဒါကြောင့် အဲ့ဒီလို ရှေးဟောင်းအဘိုးကြီးတွေ အသက်ရှင်ကျန်ရစ်နေသေးတယ်ဆိုရင်တောင် အရမ်းကို ရှားပါးမှာပါ... များသောအားဖြင့် နှစ်ယောက်၊ သုံးယောက်ထက် ပိုမှာမဟုတ်ဘူး"
ဤစကားကို ကြားပြီးနောက် လုချင်း အနည်းငယ် စိတ်သက်သာရာရသွားလေ၏။
လုချင်း၏ အမူအရာ သိမ်မွေ့စွာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သော ယန်က မနေနိုင်ဘဲ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ သခင်လေး... ဒီလျှို့ဝှက်နယ်မြေတွေနဲ့ အငြိုးတစ်ခုခုများ ရှိနေလို့လား"
...