အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း ၃၄၃ - အရှိန်နှင့် စစ်ကြောမေးမြန်းခြင်း
တောင်တစ်ဝက်ရှိ ခြံဝင်းငယ်လေးထဲတွင် လုချင်းသည် သူ၏ရှေ့ရှိ သက်စောင့်စွမ်းအင်များ အပြည့်အဝ ပါဝင်နေသော စပါးမျိုးစေ့ ဗန်းကို ကြည့်ကာ မျက်နှာတွင် ကျေနပ်သော အမူအရာတစ်ခု ပေါ်လာလေသည်။
ယနေ့နံနက်ပိုင်းတွင် သူသည် စပါးမျိုးစေ့ တစ်သုတ်ကို နှိုးဆွရန် ဝိညာဉ်နှိုးဆွခြင်း နည်းစနစ်ကို အသုံးပြုခဲ့ပါ၏။
အခြေအနေမှာ အလွန်ကောင်းမွန်လေသည်။ တစ်ဝက်သာ ကြာသေးသော်လည်း စပါးမျိုးစေ့များမှာ အညှောက်ပေါက်မည့် လက္ခဏာများ ပြသနေပြီပင်။
မနက်ဖြန်တွင် ၎င်းတို့သည် အညွန့်သစ်များ စတင်ထွက်လာသင့်ပြီဖြစ်၏။
အချိန်တန်လျှင် သူသည် ၎င်းတို့ကို စစ်ဆေးမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဝိညာဉ်မျိုးစေ့များအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားပါက ကျန်ရှိနေသော စပါးမျိုးစေ့များကို နှိုးဆွရန် သူ စတင်ပြင်ဆင်နိုင်ပြီ ဖြစ်၏။
လုချင်းသည် ဂျုံမျိုးစေ့များကိုပါ နှိုးဆွသင့် ၊ မသင့် စဉ်းစားနေစဉ်မှာပင် ဝင်္ကပါအစီအရင်ထံမှ သိမ်မွေ့သော လှုပ်ရှားမှုတစ်ခုက သူ၏ နှလုံးသားကို ဖြတ်သန်းသွားလေသည်။
"ဟင်... ဝေ့ချန်ပေ့က ဘာလို့ ဒီလောက် စိုးရိမ်နေတဲ့ပုံ ပေါက်နေတာလဲ။"
အတွေးတစ်ခုက လုချင်း၏ စိတ်ထဲ ဖြတ်ပြေးသွားပြီး တရားထိုင်ရာ အခန်းထဲမှ ထွက်ရန် လှည့်လိုက်လေသည်။ ခြံဝင်းထဲသို့ သူ ခြေချလိုက်သည်နှင့် အပြင်ဘက်မှ အလျင်စလို ချဉ်းကပ်လာသော ဝေ့ရှန်ဟိုင်ကို တွေ့လိုက်ရ၏။
"သခင်လေးလု"
"ဝေ့ချန်ပေ့၊ ဘာဖြစ်လို့လဲ။" လုချင်းက မေးလိုက်သည်။
"ခုနလေးတင် အိမ်တော်ကနေ သတင်းတစ်ခု ရတယ်။ ဝူကျန့်မျှော်စင်က လူသတ်သမားတွေ ခရိုင်မြို့တော်မှာ ပေါ်လာပြီး ရှင်းဟယ်တို့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်တဲ့။"
"ဝူကျန့်မျှော်စင်က လူသတ်သမားတွေ ဟုတ်လား။" လုချင်း အံ့အားသင့်သွားရ၏။
"ဟုတ်တယ်၊ ကံကောင်းလို့ သမားတော်ကြီးချန်က အိမ်တော်ကို ရောက်နေပြီး ဝူကျန့်မျှော်စင်က လူသတ်သမားတွေကို နှိမ်နင်းလိုက်နိုင်တာ။ သူတို့က လူသတ်သမားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သခင်လေးဆီက ညွှန်ကြားချက် တောင်းဖို့ စာတစ်စောင် ပို့လိုက်တာပါ။"
"ဆရာကလည်း ခရိုင်မြို့တော်မှာ ရှိနေတာလား။"
လုချင်းမှာ ပို၍ပင် အံ့အားသင့်သွားလေသည်။
ဆရာဖြစ်သူက အနီးအနားရွာတစ်ခုမှာ အခမဲ့ ဆေးကုသမှု ပေးနေရမှာ မဟုတ်ဘူးလား။ ခရိုင်မြို့တော်ကို ဘယ်လိုလုပ်ပြီးရောက်သွားတာလဲ။
"ဟုတ်တယ်၊ သမားတော်ကြီးချန် အိမ်တော်ကို လာလည်တာ ကောင်းသွားတယ်၊ မဟုတ်ရင် ရှင်းဟယ်တို့ အသက်ရှင်ချင်မှ ရှင်မှာ။ စာထဲက အချက်အလက်တွေအရ ဝူကျန့်မျှော်စင်က လူသတ်သမားတွေက မယုံနိုင်လောက်အောင် အင်အားကြီးတယ်တဲ့။ ရှင်းဟယ်က တိုက်ကွက်တစ်ကွက်တည်းမှာတင် ရှုံးနိမ့်သွားပြီး ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ဘူးတဲ့။"
ဝေ့ရှန်ဟိုင်၏ အမူအရာတွင် အကြောက်တရားများ ကျန်ရစ်နေလေသည်။
"ချန်ပေ့ပြောတာကို ထောက်ရင် လူသတ်သမားတွေက အသက်ရှင်နေသေးတယ်ပေါ့။"
"ဟုတ်တယ်၊ သမားတော်ကြီးချန်က သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်ပဲ လုပ်ပြီး မသတ်ခဲ့ဘူး၊ ဒါကြောင့် သခင်လေးရဲ့ အမြင်ကို တောင်းဖို့ စာပို့လိုက်တာပါ။"
လုချင်း ခေါင်းညိတ်လိုက်လေသည်။ သူ အံ့အားသင့်မသွားပေ။
ဆရာဖြစ်သူ၏ စိတ်နေသဘောထားအရ အခြေအနေကို အပြည့်အဝ နားမလည်ဘဲ လူတစ်ယောက်၏ အသက်ကို အလွယ်တကူ သတ်မည်မဟုတ်ပေ။
"ကောင်းပြီ၊ ကျွန်တော် ခရိုင်မြို့တော်ကို သွားလိုက်မယ်။ ဝေ့ချန်ပေ့၊ ကျွန်တော်မရှိတုန်း ရှောင်ယန်တို့ကို စောင့်ကြည့်ပေးဖို့ ဒုက္ခပေးရဦးမယ်။"
စကားပြောပြီးနောက် လုချင်းသည် လက်သင်္ကေတ တစ်ခုကို ဖော်လိုက်လေသည်။ ချက်ချင်းပင် ဝေ့ရှန်ဟိုင်သည် တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော မမြင်နိုင်သည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရတော့၏။
စွမ်းအင်မှာ အားကောင်းပုံမရသော်လည်း သူ့ကို ရှင်းပြ၍မရသော စိတ်မသက်မသာဖြစ်မှု တစ်ခုကို ပေးစွမ်းနေလေသည်။
"တောင်ပေါ်က ဝင်္ကပါကို အသက်သွင်းလိုက်ပါပြီ။ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် သတိမပြုမိဘဲ ဝင်ဖို့ ခက်ခဲပါလိမ့်မယ်။ ချန်ပေ့က ခြံဝင်းထဲမှာပဲ နေဖို့ လိုပါတယ်ဗျ။"
"ကောင်းပြီ၊ စိတ်အေးလက်အေးနဲ့သာ သွား။"
ဝေ့ရှန်ဟိုင်က လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။
အိမ်တော်ရှိ အခြေအနေကို သူ စိုးရိမ်နေသော်လည်း လုချင်းက ရှောင်ယန်နှင့် အခြားသူများကို မည်မျှ ဂရုစိုက်ကြောင်း သူ သိလေသည်။ ကျိုးလီရွာတွင် မည်သူမျှ မရှိပါက လုချင်းသည် ခရိုင်မြို့တော်သို့ သွားရန် စိတ်သက်သာရာ ရမည်မဟုတ်ပေ။
"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။"
ရှောင်လီအား သူ၏စိတ်ထဲမှ ညွှန်ကြားချက်အချို့ ပေးပြီးနောက် လုချင်း၏ ခန္ဓာကိုယ်မှ မှိန်ပျပျ အဝါရောင်နှင့် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
နောက်တစ်ခဏတွင်တော့ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်အောက်သို့ ပျံသန်းသွားတော့၏။
အံ့မခန်း အရှိန်ကြောင့် ဝေ့ရှန်ဟိုင်၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။
လုချင်းသည် သူလုပ်နိုင်သည်ထက် ဆယ်ဆကျော် ပိုမိုမြန်ဆန်စွာ ရွေ့လျားနေပြီး ၎င်းမှာ ဝေ့ရှန်ဟိုင်၏ စိတ်ကူးထက်ပင် ကျော်လွန်နေလေသည်။
"သခင်လေး၊ မင်းရဲ့ မန္တန်အတတ်ပညာက တကယ့်ကို အံ့မခန်းပဲ။"
လုချင်းသည် ခရိုင်မြို့တော်ဆီသို့ လျင်မြန်စွာ ချီတက်နေစဉ် ယန်၏ အသံက သူ၏ စိတ်ထဲမှနေ၍ ချီးကျူးလိုက်သည်။
လုချင်း၏ ကျက်သရေရှိပြီး လျင်မြန်သော ပုံစံကို မြင်သောအခါ ယန်သည် အမှန်တကယ် အံ့အားသင့်သွားလေသည်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ် ကျင့်ကြံသူများသည် ဂါထာမန္တန်များကို အသုံးပြုရာတွင် မကျွမ်းကျင်ကြပေ။
သို့သော် ဤစည်းမျဉ်းမှာ လုချင်းနှင့် သက်ဆိုင်ပုံမရ။
ဝိညာဉ်နှိုးဆွခြင်း နည်းစနစ်ဖြစ်စေ၊ ယခု သူအသုံးပြုနေသော မန္တန်အတတ်ပညာဖြစ်စေ၊ လုချင်းသည် ၎င်းတို့ကို အလွန်လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်လေ၏။
တကယ်တော့ သူသည် ပုံမှန် မန္တန်ကျင့်ကြံသူများစွာထက် ပိုမိုကျွမ်းကျင်နေပြီး ခန္ဓာကိုယ် ကျင့်ကြံသူများသည် မှော်ပညာတွင် မကျွမ်းကျင်ဟူသော အစဉ်အလာကို လုံးဝ ချေဖျက်ပစ်လိုက်လေသည်။
"ချန်ပေ့က မြှောက်ပြောနေပါပြီ။ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ အမွေအနှစ်တချို့ကို လေ့လာဖြစ်ခဲ့လို့ ဂါထာမန္တန်တွေနဲ့ ပတ်သက်ပြီး နားလည်မှု နည်းနည်းရခဲ့တာပါဗျ" လုချင်းက နှိမ့်ချစွာ ပြန်ဖြေလိုက်လေသည်။
ယခု သူအသုံးပြုနေသော ဂါထာမန္တန်များမှာ မြေကမ္ဘာနှင့် လေဓာတ်များ ဖြစ်ကြ၏။
မြေကမ္ဘာဓာတ် ဂါထာမန္တန်က သူ၏ အလေးချိန်ကို လျှော့ချပေးပြီး လေဓာတ် ဂါထာမန္တန်က သူ့ကို ပိုမို ပေါ့ပါးသွက်လက်စေလေသည်။
၎င်းတို့ ပေါင်းစပ်လိုက်သောအခါ၌ သဘာဝကျကျပင် သူ၏ အရှိန်ကို အလွန်မြန်ဆန်စေပါ၏။
"မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းရဲ့ အမွေအနှစ်က တကယ်ကို အံ့သြစရာပါပဲ" ယန်က ရိုးသားစွာ ချီးကျူးလိုက်လေသည်။
ရှေးဟောင်း ကျင့်ကြံခြင်းခေတ်တွင်ပင် မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသည် အလွန် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါ၏။
သူတို့၏ အမွေအနှစ်က ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦးအား ဂါထာမန္တန်များကို အလွယ်တကူ အသုံးပြုနိုင်စေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားမည် မဟုတ်ပေ။
ဤနည်းအားဖြင့် လုချင်းသည် ချို့ယွင်းချက်မရှိသော ခန္ဓာကိုယ်နှင့် မှော်ပညာ နှစ်မျိုးစလုံးကို ကျင့်ကြံသူတစ်ဦးနှင့် တူနေလေသည်။
ဂါထာမန္တန်များ၏ ပံ့ပိုးမှုဖြင့် လုချင်း၏ အရှိန်မှာ ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပါသည်။
မကြာမီ လရောင်အောက်တွင် ရေချိုးနေသော ခရိုင်မြို့တော်ကို သူ မြင်လိုက်ရပြီပင်။
ယခုအချိန်တွင် မြို့တံခါးများ ပိတ်နေပြီဖြစ်သော်လည်း ဤအရာမှာ လုချင်းအတွက်တာ့ ပြဿနာ မဟုတ်။
မြို့ရိုးသို့ ရောက်သောအခါ၌ သူသည် ခြေထောက်ကို ဖွဖွလေး ထောက်လိုက်ရာ သူ၏ ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်သည် မြို့ရိုးထိပ်သို့ အလွယ်တကူ ပျံတက်သွားတော့လေ၏။
လျင်မြန်စွာ လှန်ချလိုက်ပြီးနောက်၌ မည်သူမျှ သတိမပြုမိဘဲ မြို့ထဲသို့ ဝင်ရောက်သွားလေသည်။
ယခုအချိန်တွင် ခရိုင်မြို့တော်မှာ ထိတ်လန့်တုန်လှုပ်နေလေသည်။
စောစောက သမားတော်ကြီးချန်သည် ဝူကျန့်မျှော်စင်မှ လူသတ်သမားများနှင့် တိုက်ခိုက်ခဲ့စဉ်က တိုက်ပွဲမှာ အချိန်မကြာခဲ့သော်လည်း မွေးရာပါနယ်ပယ် လူသတ်သမားများ၏ အငွေ့အသက်များ ပြန့်နှံ့သွားခဲ့လေသည်။
မွေးရာပါနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအား ၊
အထူးသဖြင့် သူတို့အုပ်စုတစ်စုထံမှပင်။
ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ မြို့တစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေပါ၏။
ဝူကျန့်မျှော်စင် လူသတ်သမားများကို နောက်ပိုင်းတွင် သမားတော်ကြီးချန်က နှိမ်နင်းနိုင်ခဲ့သော်လည်း မြို့သူမြို့သားများမှာ အကြောက်တရားဖြင့် တုန်ယင်နေကြဆဲ ဖြစ်လေသည်။
သေချာသည်မှာ မည်သူမျှ အပြင်ထွက်ကာ ဘာဖြစ်ခဲ့သည်ကို မကြည့်ရဲကြပေ။
မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ပါဝင်သော တိုက်ပွဲများမှာ သာမညကိစ္စ မဟုတ်ပေ။ ကံမကောင်းစွာဖြင့် ကြားညပ်သွားသူ မည်သူမဆို ငိုရန်ပင် အချိန်ရမည် မဟုတ်ပေ။
လုချင်းသည် ဝေ့အိမ်တော်ဆီသို့ အလျင်အမြန် သွားနေစဉ် အနီးနားရှိ အိမ်များမှ ထွက်ပေါ်လာသော အကြောက်တရား လှိုင်းလုံးများကို ခံစားလိုက်ရသဖြင့် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားလေသည်။
သို့သော် သူ ဘာမှမလုပ်ခဲ့ပေ။ သူ၏ ပုံရိပ်မှာ လင်းလက်သွားပြီး ဝေ့အိမ်တော်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားလေ၏။
သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ လုချင်းသည် သမားတော်ကြီးချန် ရှိနေသော ခြံဝင်းဆီသို့ တိုက်ရိုက် သွားလိုက်တော့သည်။
"ဆရာ။"
"အားချင်း။" သမားတော်ကြီးချန် လှည့်ကြည့်လိုက်၏။
"သခင်လေးလု"
ဝေ့ရှင်းဟယ်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
သူသည် သိမ်းငှက်မှတစ်ဆင့် သတင်းပို့လိုက်သည်မှာ မကြာသေးသော်လည်း လုချင်းကတော့ ခရိုင်မြို့တော်သို့ ရောက်ရှိနေပြီလော။
"သခင်ကြီးဝေ့။"
လုချင်းသည် ဝေ့ရှင်းဟယ်အား အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် မြေကြီးပေါ်တွင် လဲကျနေသော အနက်ရောင်ဝတ် လူများဆီသို့ အကြည့်ပြောင်းလိုက်လေသည်။
"ဒီလူတွေက ဝူကျန့်မျှော်စင်က လူသတ်သမားတွေလား။"
"ငါ သေချာတော့ မသိဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အငွေ့အသက်က မြို့တော်မြတ်မှာ ငါတို့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ဝူကျန့်မျှော်စင် လူသတ်သမားတွေနဲ့ အတိအကျ တူတယ်။ ပြီးတော့ အင်အားအကြီးဆုံး လူသတ်သမား တစ်ယောက်ဆီမှာ ထူးဆန်းတဲ့ ရတနာတစ်ခု ရှိနေတဲ့ပုံပဲ။ သူ့ကိုတော့ ငါ မတားနိုင်ခဲ့ဘူး။ သူ မြို့ထဲမှာ ပုန်းနေသေးလားဆိုတာတော့ မသိဘူး။"
"အင်အားကြီးတဲ့သူတစ်ယောက် လွတ်သွားတယ် ဟုတ်လား။"
ဤစကားကို ကြားသောအခါ လုချင်းသည် မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး မြို့တွင်းရှိ အခြေအနေကို စတင်အာရုံခံလိုက်လေသည်။
မြေကြီးပေါ်ရှိ လူသတ်သမားများကလည်း လုချင်းကို စောင့်ကြည့်နေကြလေသည်။
စောစောက သမားတော်ကြီးချန်နှင့် ဝေ့ရှင်းဟယ်တို့၏ စကားဝိုင်းမှတစ်ဆင့် ဤလူငယ်သည် သူတို့၏ အရေးကြီးဆုံး ပစ်မှတ်ဖြစ်ကြောင်း သူတို့ သိရှိထားပြီး ဖြစ်လေသည်။
သူသည် မကြာသေးမီက ကျုံးကျိုး၏ မြို့တော်မြတ်တွင် ကြီးမားသော လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သူ ဖြစ်လေသည်။
လုချင်း၏ မျက်နှာကို သေချာကြည့်လိုက်သောအခါ သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း လူသတ်သမားများသည် သူတို့၏ ရင်ထဲတွင် တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရဆဲပင်။
မတတ်နိုင်ပေ၊ လုချင်းသည် အလွန် ငယ်ရွယ်လွန်းပုံပေါက်နေလေသည်။
မြင့်မြတ်သောတောင်တော်ကိုပင် သတိထားစေခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မှာ ဤလူငယ်လေးဖြစ်သည်ဆိုသည်ကို ယုံကြည်ရန် ခက်ခဲလှပေ၏။
"သူ့ရဲ့ အရိပ်အယောင် ဘာမှ မတွေ့ဘူး။"
ခေတ္တအကြာတွင် လုချင်း မျက်လုံးများကို ဖွင့်ကာ ပြောလိုက်လေသည်။
ယခုအခါ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော သူ၏ ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအဖို့ သူ၏ အာရုံခံမှုမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူတို့သည် ဆရာဖြစ်သူကဲ့သို့ ပိုင်နက်ကို နက်ရှိုင်းစွာ နားလည်ထားခြင်း သို့မဟုတ် သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ရန် ရည်ရွယ်ထားသော ရတနာတစ်ခုကို သယ်ဆောင်ထားခြင်း မရှိလျှင်ပေါ့။
ဆရာဖြစ်သူက လူသတ်သမားတွင် ထူးဆန်းသော ရတနာတစ်ခု ရှိနေကြောင်း ပြောခဲ့သဖြင့် ထိုသူ မြို့ထဲတွင် ရှိနေသေးသလားဆိုသည်ကို လုချင်း သေချာမသိပေ။
သို့သော် အဲဒါက အရေးမကြီး။ လူသတ်သမားသည် သူ၏ အဖော်များကို စွန့်ခွာကာ ထွက်ပြေးသွားသဖြင့် သူ၏ ခွန်အားမှာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းမည်မဟုတ်ပေ။
လုချင်း၏ အကြည့်သည် မြေကြီးပေါ်ရှိ လူသတ်သမားများထံသို့ ပြန်လည်ရောက်ရှိသွားလေသည်။
မကြာမီ သတင်းအချက်အလက်များက သူ၏ မျက်လုံးရှေ့တွင် လင်းလက်သွားပြီး သူ၏ မျက်နှာတွင် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာတော့၏။
တစ်ချိန်တည်းမှာပင် လူသတ်သမားများသည် သူတို့အပေါ် ကြောက်ရွံ့မှုလှိုင်းတစ်ခု လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရလေသည်။
အကြောင်းပြချက် တစ်ခုခုကြောင့် လုချင်း၏ မျက်လုံးများတွင် စွမ်းအားတစ်ခုခု ပါဝင်နေပြီး သူတို့၏ လျှို့ဝှက်ချက်များအားလုံးကို သူ၏ အကြည့်ရှေ့တွင် ဗလာကျင်းပြထားရသကဲ့သို့ ခံစားလိုက်ရလေသည်။
"ဆရာ၊ ဒီလူတွေက တကယ်ကို ဝူကျန့်မျှော်စင်က လူသတ်သမားတွေပဲ။"
သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်လေသည်။ လုချင်းသည် လျှို့ဝှက်ဆန်းကြယ်သော တွက်ချက်မှု နည်းစနစ်တစ်ခုကို ကျွမ်းကျင်ပြီး သူမြင်တွေ့ရသော အရာများ၏ ဇာစ်မြစ်ကို အလွယ်တကူ သိမြင်နိုင်ကြောင်း သူ သိထားသည်။
လုချင်းက အတည်ပြုလိုက်ပြီဆိုမှတော့ အမှားအယွင်း မရှိနိုင်တော့ပေ။
"သူတို့ကို ဘယ်လိုလုပ်ရမလဲလို့ မင်း ထင်လဲ၊ အားချင်း။"
"မလောပါနဲ့။ သူတို့ကို မေးခွန်းတချို့ အရင်မေးပါရစေ။"
လုချင်းသည် မြေကြီးပေါ်ရှိ လူသတ်သမားများဘက်သို့ လှည့်လိုက်လေသည်။ "မင်းတို့ အသက်ရှင်ချင်သလား၊ သေချင်သလား။"
လူသတ်သမားများမှာ ဆွံ့အသွားကြလေသည်။
သူတို့ မဖြေနိုင်မီမှာပင် လုချင်းက ဆက်ပြောသည်။ "အကယ်၍ မင်းတို့ သေချင်တယ်ဆိုရင်တော့ အခုချက်ချင်း လွှတ်ပေးမယ်။ အသက်ရှင်ချင်တယ်ဆိုရင်တော့ ငါ့မေးခွန်းတွေကို ရိုးရိုးသားသား ဖြေပါ။ မင်းတို့ရဲ့ အဖြေတွေက ငါ့ကို ကျေနပ်စေရင်တော့ မင်းတို့ အသက်ကို ချမ်းသာပေးမယ်။"
လူသတ်သမားများ အချင်းချင်း ကြည့်လိုက်ကြလေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ "ပုရွက်ဆိတ်တွေတောင် အသက်ရှင်ဖို့ ကြိုးစားကြသေးတာပဲ။ ငါတို့ အသက်ရှင်ချင်တာပေါ့။ သခင်လေး ဘာများ သိချင်လို့လဲ။"
"ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝက ဘယ်မှာလဲ။"
ဤမေးခွန်းကို ကြားသောအခါ လူသတ်သမားများ အားလုံး တောင့်တင်းသွားကြတော့၏။
လုချင်းသည် သူတို့၏ ဇာစ်မြစ် သို့မဟုတ် ဤလုပ်ကြံမှု၏ ရည်ရွယ်ချက်ကို မေးလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြလေသည်။ ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေ အဝင်ဝ၏ တည်နေရာကို သူ တိုက်ရိုက် မေးလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် သူတို့ မတွေးမိခဲ့ကြပေ။
စကားပြောခဲ့သော လူသတ်သမားသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် အတင်းအကျပ် ပြုံးလိုက်လေသည်။ "သခင်လေး နောက်နေတာ ဖြစ်ရမယ်။ ကျွန်တော်တို့က သာမန် လူသတ်သမားတွေပါ။ ရွှမ်ခုန်းဘုရားကျောင်းလို အဖွဲ့အစည်းမျိုးနဲ့ ဘယ်လိုလုပ် ဆက်သွယ်မှု ရှိနိုင်မှာလဲ၊ သူတို့ရဲ့ လျှို့ဝှက်နယ်မြေ တည်နေရာကို သိဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်။"
"ဘယ်လူသတ်သမား အဖွဲ့အစည်းကများ မွေးရာပါနယ်ပယ် လူသတ်သမား ငါးယောက်ကို တစ်ပြိုင်နက်တည်း လှုပ်ရှားခိုင်းနိုင်မှာလဲ" လုချင်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ငါ့ရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး။ မင်းတို့ရဲ့ ဇာစ်မြစ်ကို ငါ ရှင်းရှင်းလင်းလင်း သိတယ်။ ဟိုးအရင်နှစ်တွေတုံးက ဝူကျန့်မျှော်စင်က အဓိက ဂိုဏ်းကြီးတွေအားလုံးရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်။ မင်းတို့ကို ကယ်တင်ပြီး သူတို့ရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းခွင့်ပေးခဲ့တာ ရွှမ်ခုန်းဘုရားကျောင်းပဲ။ အဲဒီလိုနဲ့ မင်းတို့ ကြွက်တွေ အသက်ရှင်ကျန်ရစ်ပြီး အမှောင်ထဲမှာ ပြန်လည်တည်ဆောက်နိုင်ခဲ့တာလေ။ အခု ပြောစမ်း ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝက ဘယ်မှာလဲ။"
လူသတ်သမားများမှာ လုချင်းကို ကြောင်အမ်းအမ်း ကြည့်နေကြလေ၏။
သူတို့၏ အစစ်အမှန် ကိုယ်ရေးအချက်အလက်များကို သူ သိနေရုံသာမက လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က လျှို့ဝှက်ချက်ကိုပါ သူ အပြည့်အဝ သိရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ထိုအချိန်က အဖြစ်အပျက်များကို မြင့်မြတ်သောတောင်တော် အပါအဝင် အဓိက ဂိုဏ်းကြီးများနှင့် မွန်မြတ်သော နေရာများပင်လျှင် မသိရှိကြသော်လည်း လုချင်းကမူ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသကဲ့သို့ တိကျမှန်ကန်စွာ ပြောဆိုနိုင်သည်။
လူသတ်သမားများ ကိုယ်တိုင်ပင်လျှင် ဤအဖြစ်အပျက်များကို သူတို့ အဖွဲ့အတွင်း လက်ဆင့်ကမ်းလာခဲ့သော ပုံပြင်များမှတစ်ဆင့်သာ သိရှိခဲ့ကြခြင်းပင်။
"ငါ့စကားတွေကို အလေးအနက်ထားဖို့ မင်းတို့ကို သင်ခန်းစာပေးဖို့ လိုနေတဲ့ပုံပဲ" လုချင်းက သူတို့၏ ဆွံ့အမှင်သက်နေသော အမူအရာများကို ကြည့်ကာ ခေါင်းခါလျက် ပြောလိုက်သည်။
လက်ကောက်ဝတ် တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပါးလွှာသော ချီစွမ်းအင်အမျှင်လေး တစ်ခု ပစ်လွှတ်လိုက်လေသည်။
တိုးတိတ်သော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုချီစွမ်းအင်က လူသတ်သမား တစ်ဦး၏ နဖူးကို ဖောက်ထွင်းသွားလေ၏။
သူ၏ မွေးရာပါနယ်ပယ် ခန္ဓာကိုယ်မှာ မာကျောသော်လည်း လုချင်း၏ တိုက်ခိုက်မှုရှေ့တွင်တော့ ပဲပြားတစ်တုံးကဲ့သို့ပင်။ သူ၏ မျက်ခုံးအလယ်ရှိ အပ်စိုက်မှတ်မှာ ပျက်စီးသွားပြီး ခုခံရန် အခွင့်အရေးပင် မရလိုက်ဘဲ လူသတ်သမား၏ သက်စောင့်စွမ်းအင်နှင့် ဝိညာဉ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့လေ၏ယ
"လန်ရှင်း" ကျန်ရှိနေသော လူသတ်သမားများက နာကျင်စွာ အော်ဟစ်လိုက်ကြလေသည်။
"ငါ သုံးအထိ ရေတွက်မယ်။ ဘယ်သူမှ ငါ့မေးခွန်းကို မဖြေဘူးဆိုရင် မင်းတို့ထဲက နောက်တစ်ယောက်လည်း သူသွားတဲ့လမ်းကို လိုက်ရမယ်။"
လုချင်း၏ အသံမှာ အေးစက်နေပါ၏။
"ကျွန်တော်တို့ တကယ် မသိဘူး ကျွန်တော်တို့ကို သတ်ရင်တောင်မှ အဲဒါက ပြောင်းလဲသွားမှာ မဟုတ်ဘူး" လူသတ်သမား တစ်ဦးက အသည်းအသန် အော်ဟစ်လိုက်လေသည်။
"တစ်" လုချင်းက တိုးတိတ်စွာ ပြောလိုက်လေသည်။
"မင်း ငါတို့အားလုံးကို တကယ်သတ်တော့မလို့လား။"
"နှစ်။"
"အဲဒီလိုနေရာမျိုး မရှိဘူး။ ဘယ်မှာရှိလဲဆိုတာ ငါတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။"
"သုံး။"
စကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် လုချင်းသည် လက်ကောက်ဝတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ချီစွမ်းအင်အမျှင်လေး တစ်ခုက ဒုတိယမြောက် လူသတ်သမား၏ နဖူးကို ဖောက်ထွင်းသွားကာ ချက်ချင်း သေဆုံးသွားစေတော့သည်။
"လန်ယီ" ကျန်ရှိနေသော လူသတ်သမား နှစ်ဦးမှာ ဒေါသထွက်သွားပြီး လုချင်းကို မုန်းတီးမှုများ တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြ၏။
"ကောင်လေး၊ ဒီလောက် ငယ်ရွယ်တဲ့သူက ဒီလောက် ရက်စက်တဲ့ နှလုံးသား ရှိလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ မင်းက ငါတို့ထက်တောင် လူသတ်သမား လုပ်ဖို့ ပိုသင့်တော်နေသေးတယ်။"
"မင်း ငါတို့ကို ချမ်းသာပေးဖို့ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး မဟုတ်လား။ ငါတို့ကို သတ်ဖို့ ဆင်ခြေတစ်ခု လိုချင်ရုံသက်သက်ပဲမလား။"
"ငါ့ရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး။" လုချင်းသည် သူတို့၏ စွပ်စွဲမှုများကြောင့် မတုန်မလှုပ် ရှိနေလေသည်။
"မင်းတို့ ဒီကို မလာခင်က အပြစ်မဲ့တဲ့ လူအများကြီးကို သတ်ခဲ့တယ် မဟုတ်လား။ ငြင်းနေလည်း အလကားပဲ။ မင်းတို့ကို ဝိုင်းရံနေတဲ့ ဆိုးယုတ်တဲ့ အငွေ့အသက်တွေက ငါသိဖို့ လိုအပ်တဲ့ အရာအားလုံးကို ပြောပြနေတယ်။"
လူသတ်သမားများ၏ အမူအရာမှာ ပျက်ယွင်းသွားလေသည်။
လုချင်းက ဆက်ပြောလေသည်၊ "ဝူကျန့်မျှော်စင် လူသတ်သမားတွေက အေးစက်ရက်စက်ပြီး ကိုယ်ကျင့်တရား လုံးဝ ကင်းမဲ့တယ်လို့ နာမည်ကြီးတယ်။ မင်းတို့ အားလုံးကို သတ်ပစ်တာက လူတွေရဲ့ အမြင်မှာ ကုသိုလ်တစ်ခုပဲ ဖြစ်လိမ့်မယ်လေ။ ငါက သနားစိတ် သက်သက်နဲ့ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးနေတာ။ ဒါပေမဲ့ မင်းတို့ အဲဒါကို ဖြုန်းတီးပစ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးပေါ့။"
သူ ခေတ္တရပ်နားလိုက်ပြီးနောက် ဖြည့်စွက်ပြောလိုက်လေသည်၊ "ငါ စိတ်ပြောင်းသွားပြီ။ အခု မင်းတို့ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်။ ငါ သုံးအထိ ရေတွက်လို့ မပြီးခင် အမှန်တရားကို ပြောတဲ့သူက အသက်ရှင်ဖို့ အခွင့်အရေး ရလိမ့်မယ်။ နောက်တစ်ယောက်ကတော့ မင်းတို့ရဲ့ သေသွားတဲ့ အဖော်တွေဆီ သွားရမယ်။"
လုချင်း ထပ်မံ ရေတွက်လာသောအခါ လူသတ်သမား နှစ်ဦးသည် ရှုပ်ထွေးစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က တွန့်ဆုတ်နေသော်လည်း နောက်တစ်ယောက်ကတော့ ချက်ချင်း အော်ဟစ်လိုက်လေသည်၊ "ငါပြောမယ် ငါပြောမယ်"
တွန့်ဆုတ်နေသော လူသတ်သမား၏ မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားလေသည်။
သူ စကားပြောရန် ပြင်လိုက်ချိန်တွင် နောက်ကျသွားပြီပင်။ လုချင်းသည် လက်ကောက်ဝတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်အမျှင်လေးက သူ၏ မျက်ခုံးအလယ်ကို ထိမှန်သွားကာ ချက်ချင်း သေဆုံးသွားစေတော့၏။
ကျန်ရှိနေသော လူသတ်သမားမှာ သူ၏ အဖော် မြေကြီးပေါ်သို့ လဲကျသွားသည်ကို ကြည့်ရင်း အကြောက်တရားဖြင့် တောင့်တင်းနေလေသည်။
"ငါ မင်းကို ရွေးချယ်ခွင့် ပေးခဲ့တယ်။ အခု စပြောတော့" လုချင်းက အေးစက်စက် ပြောလိုက်၏။
လူသတ်သမားမှာ အကြောက်တရားကြောင့် သူ၏ ယခင် ခေါင်းမာမှုများ ပျောက်ကွယ်သွားကာ ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။ "အဝင်ဝက... ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝက တောင်ရဲ့ အရှေ့ဘက်ခြမ်းက ရေတံခွန်အောက်မှာ ပုန်းနေတယ်။ အဲဒီကို သွားတဲ့ ဂူတစ်ခု ရှိတယ်... အဲဒါ ကျွန်တော် သိသမျှ အားလုံးပါပဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ"
လုချင်းက သူ့ကို ခေတ္တမျှ လေ့လာကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ။ ငါ ကတိတည်ပါ့မယ်။"
သူက သမားတော်ကြီးချန်ကို ကြည့်လိုက်လေသည်။ "ဆရာ၊ ဒီလူကို ဘယ်လို ကိုင်တွယ်ချင်လဲ။"
သမားတော်ကြီးချန်က သက်ပြင်းတိုလေးတစ်ချက် ချလိုက်လေသည်။ "အားချင်း၊ သူ့ကို ဂိုဏ်းရဲ့ ဥပဒေတွေအတိုင်း ကိုင်တွယ်ကြတာပေါ့။"
လုချင်းက ထပ်မံ ခေါင်းညိတ်လိုက်လေသည်။ "နားလည်ပါပြီ။"
ကိစ္စပြီးပြတ်သွားသဖြင့် လုချင်း၏ အေးစက်သော အမူအရာမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ "အချိန်လည်း လင့်နေပြီ။ ကျန်တာကို ဆရာ့ဆီပဲ အပ်ခဲ့တော့မယ်နော်"
သမားတော်ကြီးချန်က မှိန်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "သွားတော့ အားချင်း။ ဒီကိစ္စ အားလုံးကို ငါ ကိုင်တွယ်လိုက်ပါ့မယ်။"
လုချင်းသည် လှည့်ကာ ခြံဝင်းထဲမှ ထွက်ခွာသွားပြီး သူလာခဲ့စဉ်ကကဲ့သို့ လျင်မြန်စွာပင် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့လေသည်။
အကြောက်တရားဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သော မြို့ကလေးမှာတော့ အန္တရာယ် ကင်းရှင်းသွားပြီဖြစ်ကြောင်း သိပင်မသိဘဲ တိတ်ဆိတ်လျက်သားဖြင့်ပင်။
....
အခန်း ၃၄၄ - ယန်ချန်းဟိုင်၏ အံ့အားသင့်မှုနှင့် မြို့မှ ထွက်ခွာခြင်း
လုချင်းသည် တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ လူသတ်သမားကို မည်မျှ ပြတ်သားစွာ သတ်ဖြတ်လိုက်သည်ကို ကြည့်ရင်း ကျန်ရှိနေသော လူသတ်သမားမှာ တံတွေးကို အတင်းမျိုချလိုက်ရလေသည်။
သူ အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ကံကောင်းစွာပင် သူ စောစောက စကားပြောလိုက်မိသည်။ ထိုသို့မဟုတ်ပါက မြေကြီးပေါ်တွင် လဲကျသေဆုံးနေသူမှာ သူ ဖြစ်နေပေမည်။
တစ်ချိန်တည်းမှာပင် လုချင်းအပေါ် ကြီးမားသော ကြောက်ရွံ့မှုတစ်ခုက သူ၏ ရင်ထဲတွင် ပြည့်နှက်သွားလေ၏။
ငယ်ရွယ်ပုံပေါက်နေသော ဤလူငယ်သည် တကယ့်ကို ရက်စက်သော နှလုံးသားတစ်ခု ရှိသည်။
သူသည် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ အများအပြားကို မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်ခဲ့လေ၏။
တကယ်တမ်းတွင် သူသည် သူတို့ထက်ပင် ပိုမို ရက်စက်ပြီး ခန့်မှန်းရခက်ပုံ ပေါက်နေလေသည်။
မြို့တော်မြတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် သူ လုပ်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ကောင်းပြီ၊ မင်း အခု စကားပြောလို့ ရပြီ။"
အခြားလူသတ်သမားကို သတ်ဖြတ်ပြီးနောက် လုချင်းက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်လေသည်။
"ကျွန်တော် ခင်ဗျားကို ပြောပြလို့ ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ပြောပြတဲ့သူဆိုတာကို ထုတ်မပြောဘူးလို့ ခင်ဗျား ကတိပေးရမယ်။"
နောက်ဆုံး လူသတ်သမားက သတိထား၍ ပြောလိုက်၏။
"ကောင်းပြီလေ။" လုချင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူသတ်သမားသည် လုချင်းအား တည်နေရာကို ပြောပြရန် အသံပို့လွှတ်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်လေသည်။
စကားကို နားထောင်ပြီးနောက်၌ လုချင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။ "မင်း ငါ့ကို လိမ်မပြောဘူးဆိုတာ သေချာရဲ့လား"
"ဒါက အလွယ်တကူ စစ်ဆေးလို့ရတဲ့ ကိစ္စပဲလေ။ သခင်လေးကို ကျွန်တော်က ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ" လူသတ်သမားက ခါးသီးစွာ ပြုံးလိုက်၏။ "ဒါပေမဲ့ လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝ ဘယ်မှာရှိလဲဆိုတာ ခင်ဗျား သိသွားရင်တောင် ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ လျှို့ဝှက်နယ်မြေကို ကာကွယ်ထားတဲ့ ဝင်္ကပါအစီအရင်ကို ရွှမ်ခုန်းဘုရားကျောင်းကပဲ ထိန်းချုပ်ထားတာပါ။ သူတို့ပဲ ဖွင့်နိုင်တာလေ"
"ကျွန်တော်တို့တောင် သတ်မှတ်ထားတဲ့ အချိန်ကို စောင့်ပြီး သူတို့ဆီက ခွင့်ပြုချက်ရမှ လျှို့ဝှက်နယ်မြေထဲ ဝင်တာ၊ ထွက်တာ လုပ်လို့ရတာပါ"
"အဲဒီအတွက် မင်း ပူစရာမလိုပါဘူး"
လုချင်း၏ ဝိညာဉ်အသိသည် လူသတ်သမား၏ စိတ်ခံစားမှု အတက်အကျများကို အစဉ်မပြတ် စောင့်ကြည့်နေခဲ့လေ၏။ ထိုလူ လိမ်ပြောနေခြင်း မရှိလောက်ဟု သိလိုက်ရသဖြင့် လုချင်းက လှည့်ထွက်သွားခဲ့တော့၏။
"ဝေ့မိသားစု ခေါင်းဆောင်၊ ဒီတစ်ယောက်ကိုတော့ ခင်ဗျားဆီပဲ အပ်ခဲ့တော့မယ်"
"နားလည်ပါပြီ" ဝေ့ရှင်းဟယ်သည် ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး လူသတ်သမားဆီသို့ တိုးကပ်သွားလေသည်။
လူသတ်သမား၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားပြီး အော်ဟစ်လိုက်၏။"မင်း ကျွန်တော့်ကို လိမ်တယ် လွှတ်ပေးမယ်လို့ ပြောခဲ့တယ်လေ"
သို့သော် ဝေ့ရှင်းဟယ်ကတော့ သူ့ကို ဆက်အော်ခွင့်မပေးတော့ချေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဓားအငွေ့အသက်တစ်ခု လင်းလက်သွားပြီး လူသတ်သမား၏ အသက်ကို ချက်ချင်း အဆုံးသတ်လိုက်တော့သည်။
လုချင်းသည် လှည့်၍ပင် မကြည့်ခဲ့ပေ။
ဤလူများကို သတင်းအချက်အလက်အတွက် စစ်ကြောမေးမြန်းခဲ့စဉ်ကတည်းက သူတို့၏ အသက်ကို ချမ်းသာပေးရန် သူ တစ်ခါမှ မရည်ရွယ်ခဲ့ပေ။
သူ ဖော်ထုတ်သိရှိခဲ့ရသော အချက်အလက်များအရ ဤလူများသည် ချန်းခရိုင်သို့ မလာမီကပင် အပြစ်မဲ့ပြည်သူများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရလေသည်။
ဝူကျန့်မျှော်စင်မှ ဤလူသတ်သမားများသည် အောက်ခြေစည်း လုံးဝမရှိသော အမှိုက်သရိုက်များသာ။ သူတို့ထဲမှ တစ်ယောက်ကို လွှတ်ပေးလိုက်ခြင်းကပင် အမှန်တကယ် ပြစ်မှုကျူးလွန်ရာ ရောက်ပေလိမ့်မည်။
"အားချင်း၊ မင်း ရှေ့ဆက် ဘာလုပ်ဖို့ စီစဉ်ထားလဲ"
သမားတော်ကြီးချန်သည် လုချင်း၏ လုပ်ရပ်အပေါ် ထူးခြားသော တုံ့ပြန်မှုတစ်စုံတစ်ရာ မပြခဲ့ပေ။ သူသည် လူသတ်ရခြင်းကို သဘောမကျသော်လည်း လုချင်း လုပ်ခဲ့သည့်အရာမှာ မှားယွင်းသည်ဟုလည်း မထင်မိချေ။
"ဘာမှ လုပ်စရာမရှိပါဘူး ဆရာ။ ရွှမ်ခုန်းဘုရားကျောင်းရဲ့ အခြေခံအုတ်မြစ်က ကျွန်တော်တို့ လက်လှမ်းမမီနိုင်သေးပါဘူး။ အခြေအနေအရပ်ရပ်ကို ကြိုတင်ပြင်ဆင်ထားနိုင်အောင် လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို မေးထားလိုက်တာပါ။ အခုလောလောဆယ် သူတို့ကို သွားရန်စဖို့တော့ မရည်ရွယ်ထားပါဘူး"
လုချင်းက ခေါင်းခါလိုက်လေသည်။
"အဲဒါ အကောင်းဆုံးပါပဲလေ"
ဤစကားကို ကြားသောအခါ သမားတော်ကြီးချန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ လုချင်း စိတ်လိုက်မာပါ လုပ်ပြီး ရွှမ်ခုန်းဘုရားကျောင်းနှင့် သွားရောက် ပြဿနာရှာမည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့မိခြင်း ဖြစ်၏။
"ဆရာ၊ အခမဲ့ဆေးကုသပေးတဲ့ အစီအစဉ် ပြီးသွားပြီလား"
"သွားရမယ့် ရွာလေးတချို့ ကျန်နေသေးတယ်။ ဒီတစ်ခေါက် မြို့ထဲဝင်လာတာက ဆေးကုန်သွားလို့ ဝေ့မိသားစု ခေါင်းဆောင်ဆီကနေ ထပ်တောင်းမလို့လေ။ ဒီလူသတ်သမားတွေနဲ့ လာဆုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"အခမဲ့ဆေးကုသတဲ့ ခရီးစဉ်က ဘယ်လိုနေလဲ ဆရာ။ ထူးထူးခြားခြား တွေ့ခဲ့တာမျိုးများ ရှိလား"
ဆရာဖြစ်သူသည် ဤတစ်ကြိမ် အပြင်ထွက်ခြင်းမှာ အခမဲ့ဆေးကုသပေးရုံသက်သက်သာမက ကမ္ဘာကြီး၏ အပြောင်းအလဲများက သာမန်လူများအပေါ် မည်သို့ အကျိုးသက်ရောက်နေသည်ကို နားလည်စေရန်အတွက်ပါဖြစ်ကြောင်း လုချင်း သိထားလေသည်။
"တကယ်ကို ရှိခဲ့တယ်" သမားတော်ကြီးချန်၏ မျက်နှာထားမှာ လေးနက်သွား၏။ "ဒါပေမဲ့ နောက်ဆုံးကျန်နေတဲ့ ရွာလေးတွေကို သွားကြည့်ပြီး ပြန်လာမှပဲ အဲဒီအကြောင်းကို အသေအချာ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့ပါဆရာ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ရွာထဲမှာ ဝင်္ကပါအစီအရင် တည်ဆောက်တာ ပြီးသွားပါပြီဗျ၊ ပြီးတော့ ဝိညာဉ်လယ်ကွက်တစ်ခုကိုလည်း လုပ်ထားပါသေးတယ်ဗျ။ ဆရာ ပြန်လာတဲ့အခါ ပိုကောင်းတဲ့ ဆေးဖက်ဝင်အပင်တွေကို စတင်စိုက်ပျိုးလို့ ရပါပြီ"
"အရမ်းကောင်းတာပေါ့" သမားတော်ကြီးချန်၏ မျက်နှာသည် ဝမ်းသာမှုကြောင့် လင်းလက်သွားလေသည်။
အတန်ငယ် စကားစမြည် ပြောဆိုပြီးနောက် လုချင်းသည် ဝေ့ရှင်းဟယ်ဘက်သို့ လှည့်လိုက်၏။
"သခင်ကြီးဝေ့၊ ဝူကျန့်မျှော်စင်က လူသတ်သမားတွေ ချန်းခရိုင်ကို ရောက်လာပြီဆိုမှတော့ မြို့ထဲမှာက လုံခြုံမှု မရှိတော့ဘူး။ ခင်ဗျားနဲ့ သခင်မဝေ့တို့ ကျိုးလီရွာက စံအိမ်မှာ ယာယီသွားနေလိုက်ရင် မကောင်းဘူးလား။ အဲဒီမှာဆိုရင် အချင်းချင်း စောင့်ရှောက်ရတာ ပိုလွယ်တာပေါ့"
ဝေ့ရှင်းဟယ်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး စောစောက ထွက်ပြေးလွတ်မြောက်သွားသော လူသတ်သမားအကြောင်းကို တွေးလိုက်မိသည်။ အိမ်တော်သည် အမှန်တကယ်ပင် လုံခြုံမှုမရှိတော့ကြောင်း သဘောပေါက်သွားသဖြင့် သူက ခေါင်းညိတ်လိုက်၏။
"အဲဒါ အကောင်းဆုံးပါပဲ။ ကျေးဇူးတင်ပါတယ် သခင်လေးလု"
လုချင်း၏ စကားများက ယဉ်ကျေးနေသော်လည်း ဝေ့ရှင်းဟယ်မှာ သူ၏ ကန့်သတ်ချက်များကို သူကိုယ်တိုင် အပြည့်အဝ သိရှိထားလေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် မည်သူ့ကိုမျှ ကာကွယ်ပေးနိုင်စွမ်း မရှိပေ။ တကယ်တမ်းတွင် လုချင်းက သူတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေခြင်းဖြစ်ပြီး သူ၏ စကားများမှာ ယဉ်ကျေးမှုအရ ပြောဆိုခြင်းသာ ဖြစ်ကြောင်း သူသိပါ၏။
ချက်ချင်းပင် ဝေ့ရှင်းဟယ်သည် အိမ်တော်ရှိ အစေခံများကို ဝူကျန့်မျှော်စင် လူသတ်သမားများ၏ အလောင်းများကို ရှင်းလင်းရန် အမိန့်ပေးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် လုချင်းနှင့်အတူ ကျိုးလီရွာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်သည့်အနေဖြင့် သူတို့၏ ပစ္စည်းများကို စတင်သိမ်းဆည်းကြတော့သည်။
ဝေ့အိမ်တော်အတွင်း အလုပ်များနေစဉ် တံခါးဝမှ အစေခံတစ်ယောက် ရုတ်တရက် ပြေးဝင်လာလေသည်။
"သခင်ကြီး၊ မြို့စားမင်း ရောက်နေပါတယ်"
"မြို့စားမင်း ဟုတ်လား"
ဝေ့ရှင်းဟယ်သည် အံ့အားသင့်သွားပြီး အလိုအလျောက်ပင် လုချင်းကို လှမ်းကြည့်လိုက်မိသည်။
လုချင်းက ခေတ္တမျှ တွေးတောလိုက်ပြီး စောစောက မြို့ထဲဝင်လာစဉ် သူ အာရုံခံမိခဲ့သော ကြောက်ရွံ့မှုလှိုင်းများကို ပြန်အမှတ်ရသွားလေသည်။
သူက ခေါင်းညိတ်လိုက်ပြီး "မြို့စားမင်းက လာလည်တယ်ဆိုမှတော့ တွေ့လိုက်တာပေါ့"
ဝေ့ရှင်းဟယ်က အမြန်အမိန့်ပေးလိုက်လေသည်။ "မြို့စားမင်းကို အထဲ ပင့်ခဲ့လိုက်"
အစေခံက ကမန်းကတန်း ထွက်သွားသည်။ သိပ်မကြာမီမှာပင် မြို့စားမင်း ယန်ချန်းဟိုင်သည် အစောင့်အချို့နှင့်အတူ တံခါးမှူး၏ လမ်းပြမှုဖြင့် ဝင်ရောက်လာလေသည်။
ယန်ချန်းဟိုင်သည် ခန်းမထဲသို့ ခြေချလိုက်သည်နှင့် ထိုင်နေသော လုချင်းကို မြင်လိုက်ရပြီး ချက်ချင်း အံ့အားသင့်သွားလေ၏။
ဤသခင်လေးက မြို့ထဲကို ဘယ်အချိန်က ဝင်လာခဲ့သနည်း။ သူ့ဆီကို ဘာသတင်းမှ မရောက်ခဲ့ပေ။
စောစောက ထွက်ပေါ်ခဲ့သော ကြောက်မက်ဖွယ် တိုက်ပွဲအငွေ့အသက်များသည် သူ့ကြောင့်များလော။
"သခင်လေးလု၊ သခင်လေးကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ ဂါရဝပြုပါတယ် သခင်လေးလု"
ယန်ချန်းဟိုင်က လုချင်းအား ရိုသေစွာ ဦးညွှတ်လိုက်လေသည်။
သူ၏အနောက်တွင် ရပ်နေသော အစောင့်များမှာ အံ့အားသင့်သွားကြပြီး လုချင်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ကြ၏။
သူတို့၏ အရှင်သခင်က ဤလူငယ်လေးအပေါ် အဘယ်ကြောင့် ဤမျှ ရိုသေလေးစားမှု ပြသနေရသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြပါ၏။
"ဪ၊ မြို့စားမင်းပါလား။ စောစောက အိမ်တော်မှာ ပေါက်ကွဲထွက်လာခဲ့တဲ့ တိုက်ပွဲအငွေ့အသက်တွေကြောင့် ရောက်လာတာ မဟုတ်လား"
လုချင်းက အနည်းငယ် ခေါင်းညိတ်ပြကာ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေသည်။
"ဟုတ်ပါတယ်" ယန်ချန်းဟိုင်က ရိုသေလျက်ပင် ရှိနေလေ၏။ "ဝေ့အိမ်တော်မှာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ ပါဝင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်နေတယ်လို့ အာရုံခံမိလို့ ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်တာပါ"
လုချင်းက ပြုံးလိုက်သည်။ "အဆင့်နိမ့် လူသတ်သမားတချို့ ပြဿနာလာရှာတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရှင်းလင်းလိုက်ပါပြီ။ ခင်ဗျား စိတ်ပူစရာမလိုပါဘူး။ အန္တရာယ်ကင်းသွားပြီဖြစ်လို့ ပြည်သူတွေ စိတ်အေးအေးထားနိုင်အောင် သတင်းစကားပါးလိုက်လို့ရပါတယ်"
ယန်ချန်းဟိုင် ။ "..."
သေချာပေါက် သူ တစ်ခွန်းမှ မယုံကြည်ပေ။
ဘယ်လို အသေးအဖွဲ လူသတ်သမားမျိုးကများ ဒီလို လွှမ်းမိုးနိုင်တဲ့ မွေးရာပါနယ်ပယ် အငွေ့အသက်ကို ထုတ်လွှတ်နိုင်မှာလဲ။
ပြီးတော့ တစ်ယောက်တည်းလည်း မဟုတ်ဘူးလေ။
ဒီလို ကြောက်မက်ဖွယ် စွမ်းအားမျိုးဆိုတာ ဝေ့မိသားစုကို မဆိုထားနှင့်၊ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် ကိုင်တွယ်ဖို့ ခက်ခဲလှသည်။
သို့သော် လုချင်းက ဤသို့ပြောလာပြီဖြစ်ရာ ဤကိစ္စကို ဆက်လက်မစုံစမ်းစေချင်သည့် လက္ခဏာဖြစ်ကြောင်း ယန်ချန်းဟိုင် သိလိုက်လေသည်။
ယန်ချန်းဟိုင်မှာ ရိုသေစွာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ "အဲဒီလိုဆိုရင်လည်း ကျုပ်ကပဲ အလွန်အကျွံ စိုးရိမ်လွန်သွားတာပါ"
"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မြို့စားမင်းရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ဝေ့ရှင်းဟယ်က ယဉ်ကျေးစွာ တုံ့ပြန်လိုက်လေသည်။
မြို့စားမင်းသည် မွေးရာပါနယ်ပယ် တိုက်ပွဲကို စုံစမ်းရန် လာခဲ့ခြင်းဖြစ်ပြီး အန္တရာယ်ရှိနေသည့်တိုင် လာရောက်ရန် ရွေးချယ်ခဲ့သည်ကို သိထားသဖြင့် ဝေ့ရှင်းဟယ် ကျေးဇူးတင်မိလေသည်။ ယန်ချန်းဟိုင်၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ဤလုပ်ရပ်အတွက် ကျေးဇူးတင်ထိုက်ပေ၏။
"မြို့စားမင်း၊ ခဏနေရင် ကျွန်တော်က သခင်ကြီးဝေ့တို့ မိသားစုနဲ့အတူ မြို့ပြင်ကို ထွက်မလို့ပါ။ ကျွန်တော်တို့အတွက် မြို့တံခါးတွေ ဖွင့်ပေးဖို့ ဒုက္ခပေးလို့ရမလား" လုချင်းက မေးလိုက်လေသည်။
"ဒီလောက် ညဉ့်နက်နေမှ မြို့ပြင်ထွက်ကြမလို့လား" ယန်ချန်းဟိုင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။
"ဟုတ်ပါတယ်။ စောစောကလာတဲ့ လူသတ်သမားတွေက ဝေ့မိသားစုကို ပစ်မှတ်ထားနေတာပါ။ ကျွန်တော်တို့ မြို့ထဲမှာ ဆက်နေရင် နောက်ထပ် လာနိုင်သေးတယ်။ ချန်းခရိုင်က ပြည်သူတွေကို မထိခိုက်စေချင်လို့ ကျွန်တော်တို့ ခဏလောက် ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
ယန်ချန်းဟိုင် ။ "..."
ဤမျှ များပြားသော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်လောက်အောင် ဝေ့မိသားစုက ဘာတွေများ လုပ်ထားသနည်းဟု သူ မေးချင်မိပါ၏။ ထို့အပြင် လုချင်း၏ စကားများကို ထောက်ရှုလျှင် နောင်တွင်လည်း နောက်ထပ် လာနိုင်ခြေရှိပုံရ၏။
ဝေ့မိသားစုက ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုခုကိုများ သွားရန်စမိခဲ့လေသလား။
သို့သော် နောက်ဆုံးတွင် ယန်ချန်းဟိုင်သည် မမေးဘဲ နေလိုက်လေသည်။ တချို့ကိစ္စများကို မသိကျိုးကျွန်ပြုထားခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူ၏ အတွေ့အကြုံအရ သိထားပါသည်။ အများကြီး သိသွားပါက ရှုပ်ထွေးမှုများထဲမှ ရုန်းထွက်ရန် မဖြစ်နိုင်တော့ပေ။
ဤသည်မှာ သူ၏ ခါးသီးသော အတွေ့အကြုံများမှတစ်ဆင့် သင်ယူခဲ့ရသော သင်ခန်းစာတစ်ခု ဖြစ်လေသည်။
ထို့ကြောင့် သူက ခေါင်းသာ ညိတ်လိုက်ပြီး "ဒါက ပြဿနာ မရှိပါဘူး။ ကျုပ် ကိုယ်တိုင် မြို့ပြင်အထိ လိုက်ပို့ပေးပါ့မယ်"
"မြို့စားမင်းကို အလုပ်ရှုပ်စေမိပြီ။ ကျေးဇူးတင်ပါတယ်"
ဝေ့မိသားစုမှ အစေခံများသည် အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြလေသည်။ အချိန်တိုအတွင်းမှာပင် မြင်းလှည်းနှစ်စီး ပြင်ဆင်ပြီးစီးသွား၏။ တစ်စီးက လူစီးရန်ဖြစ်ပြီး နောက်တစ်စီးက ပစ္စည်းများ တင်ရန်ဖြစ်သည်။ သူတို့ကို ကာကွယ်ရန်အတွက် ငွေရောင်လမင်း အစောင့်တပ် တစ်ဖွဲ့ကိုလည်း စီစဉ်ထားလေသည်။
သမားတော်ကြီးချန်ကမူ သူတို့နှင့် လိုက်မလာခဲ့ပေ။ သူ၏ အခမဲ့ဆေးကုသရေး ခရီးစဉ်အတွက် ရွာအနည်းငယ် ကျန်နေသေးသဖြင့် အားလုံးပြီးစီးမှ ပြန်လာရန် စီစဉ်ထားလေသည်။
ယန်ချန်းဟိုင်သည် အစောင့်တစ်စုကို ဦးဆောင်ကာ သူတို့ကို မြို့တံခါးဝအထိ လိုက်ပါပို့ဆောင်ပေးလေ၏။ မြို့စားမင်း ကိုယ်တိုင် ပါလာသဖြင့် မြို့စောင့်တပ်သားများမှာ တံခါးဖွင့်ရန် မနှောင့်နှေးရဲကြပေ။
ဤသို့ဖြင့် လုချင်းနှင့် အခြားသူများသည် မြို့ထဲမှ ချောမွေ့စွာ ထွက်ခွာလာခဲ့ကြပြီး ကျိုးလီရွာဆီသို့ ခရီးစတင်ခဲ့ကြလေသည်။
မြို့တံခါးဝတွင် ရပ်လျက် အမှောင်ထုထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ယာဉ်တန်းကို ကြည့်ရင်း ယန်ချန်းဟိုင်၏ မျက်နှာထားမှာ လေးနက်သွားလေသည်။
ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူ့ကို မုန်တိုင်းတစ်ခု တိုက်ခတ်တော့မည့်အလား စိတ်မသက်မသာ ဖြစ်စေလေ၏။ ဝေ့မိသားစုကဲ့သို့သော မိသားစုငယ်လေးက မွေးရာပါနယ်ပယ် လူသတ်သမား အမြောက်အမြားကို မည်သို့များ ဆွဲဆောင်နိုင်ခဲ့သနည်း။
သူ့ကို ပို၍ အနှောင့်အယှက်ဖြစ်စေသည်မှာ လူသတ်သမားများသည် ကြောက်မက်ဖွယ် မွေးရာပါနယ်ပယ် အငွေ့အသက်ကို အချိန်တိုလေးအတွင်းသာ ထုတ်လွှတ်ခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
သူ ဝေ့အိမ်တော်သို့ ရောက်သွားချိန်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရပေ။
ထိုမွေးရာပါနယ်ပယ် လူသတ်သမားများ ဘာဖြစ်သွားသနည်း။ သူတို့ အသတ်ခံလိုက်ရသလား သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားသလား။
အကယ်၍ သူတို့သာ အသတ်ခံလိုက်ရသည်ဆိုလျှင် ဤသခင်လေးလု၏ ခွန်အားမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
အချိန်အတော်ကြာကတည်းက သူ တွေးတောနေခဲ့သော ဆုံးဖြတ်ချက်တစ်ခုကို ချရန် အချိန်တန်ပြီ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
လုချင်းကမူ ယန်ချန်းဟိုင်၏ အတွေးများကို မသိရှိခဲ့ပေ။
အပြန်လမ်းတစ်လျှောက်လုံးတွင် လွတ်မြောက်သွားသော ဝူကျန့်မျှော်စင်မှ လူသတ်သမား ရုတ်တရက် ပေါ်လာပြီး သူတို့ကို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် သတိဝီရိယ ရှိနေခဲ့လေသည်။
ကံကောင်းစွာဖြင့် သူ၏ စိုးရိမ်မှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရဘဲ ကျိုးလီရွာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြတော့၏။
"အဖေ၊ အမေ၊ ဒီကို ဘာလာလုပ်တာလဲ"
စံအိမ်သို့ ရောက်သောအခါ ဝေ့ကျိအန်းသည် သူ၏ မိဘများကို မြင်သဖြင့် စိတ်လှုပ်ရှားစွာ ပြေးထွက်လာလေ၏။
"သားအမေက သားကို လွမ်းလို့ လာကြည့်တာပါ" သားဖြစ်သူကို စိတ်မပူစေလိုသဖြင့် သခင်မဝေ့က ပြန်ဖြေလိုက်သည်။
သို့သော် ယခင်ကလို အဖြူထည် သခင်လေး မဟုတ်တော့သော ဝေ့ကျိအန်းက ထိုအကြောင်းပြချက်မှာ မသင်္ကာစရာကောင်းနေကြောင်း ခံစားလိုက်ရသည်။
"အမေက လွမ်းလို့ဆိုရင် ညသန်းခေါင်ကြီး ဒီအထိ ရောက်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ သား လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အိမ်ပြန်လာခဲ့သေးတယ် မဟုတ်လား"
လုချင်း ပါလာသည်ကိုလည်း သူ နားမလည်နိုင်ဖြစ်နေလေသည်။ ဘာပဲဖြစ်ဖြစ် လုချင်းသည် သမားတော်ကြီး၏အိမ်မှာ နေနေတာဖြစ်ပြီး ယနေ့ မနက်ပိုင်းကပင် ဝေ့ကျိအန်း သူ့ကို မြင်ခဲ့သေးသည်မဟုတ်ပါလော။
သခင်မဝေ့ ခေတ္တမျှ စကားဆွံ့အသွားလေ၏။
"အမေ၊ အိမ်မှာ တစ်ခုခု ဖြစ်လို့လား" ဝေ့ကျိအန်းကအအတင်းမေးတော့သည်။
ဘေးမှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း လုချင်းမှာ ပြုံးလိုက်မိလေသည်။
သူက ရှေ့သို့တိုးလာပြီး ရှင်းပြလိုက်၏။ "ကျိအန်း၊ ဒီလိုပါ။ ဒီနေ့ အစောပိုင်းက ဝူကျန့်မျှော်စင်က လူသတ်သမားတချို့ မင်းတို့အိမ်ကို လာပြီး မင်းရဲ့မိဘတွေကို ဖမ်းဖို့ ကြိုးစားခဲ့ကြတယ်လေ"
"ဝူကျန့်မျှော်စင်က လူသတ်သမားတွေ ဟုတ်လား"
ဝေ့ကျိအန်း အံ့အားသင့်သွားပြီး မြို့တော်မြတ်တွင် သူတို့ ကြုံတွေ့ခဲ့ရသော အန္တရာယ်ကို ချက်ချင်း ပြန်သတိရသွားလေသည်။ ဝူကျန့်မျှော်စင်မှ လူသတ်သမားများသည် သာမန် လူသတ်သမားများ မဟုတ်ကြပေ။ သူတို့သည် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားကြသည်။
ဒီလို လူသတ်သမားမျိုးတွေက သူ့မိဘတွေကို ပစ်မှတ်ထားတယ် ဟုတ်လား။
ဤစကားကို ကြားသောအခါ အနောက်မှ လိုက်ပါလာသော မာကူးသည်လည်း အလားတူပင် အံ့အားသင့်သွားရ၏။
"ကံကောင်းလို့ မင်းရဲ့ဆရာက မင်းတို့အိမ်ကို အလည်ရောက်နေလို့သာပေါ့။ မဟုတ်ရင် ဘာတွေဖြစ်သွားမလဲဆိုတာ ပြောဖို့ခက်တယ်" လုချင်းက ဆက်ပြောလေသည်။
"ဟုတ်တယ်။ သမားတော်ကြီးချန်ရဲ့ အကူအညီကြောင့်သာ မင်းအမေနဲ့ အဖေ သီသီလေး လွတ်လာခဲ့တာပါ" ဝေ့ရှင်းဟယ်က ဖြည့်စွက်ပြောလိုက်၏။ "လူသတ်သမားတွေ ပြန်လာရင် အန္တရာယ်ကင်းအောင်ဆိုပြီး သခင်လေးလုက ဒီစံအိမ်ကို လာနေဖို့ အကြံပြုတာနဲ့ လာခဲ့တာ"
"အစ်ကိုလုချင်း၊ ဒီ ဝူကျန့်မျှော်စင် လူသတ်သမားတွေက မြို့တော်မြတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ကျွန်တော့်မိဘတွေကို လာရှာတာ မဟုတ်လား" ဝေ့ကျိအန်းက မေးလိုက်လေသည်။
"အဲဒီလို ဖြစ်ဖို့များတယ်" လုချင်းက အတည်ပြုပေးလိုက်၏။ "ငါ လူသတ်သမားတွေကို စစ်ကြောမေးမြန်းကြည့်တော့ သူတို့ကို ရွှမ်ခုန်းဘုရားကျောင်းက လွှတ်လိုက်တာလို့ သိရတယ်"
"အဲဒီ ကတုံးလင်းတအိုကြီးတွေပဲ" ဝေ့ကျိအန်းက ကျိန်ဆဲလိုက်လေသည်။ "ရွှမ်ခုန်းဘုရားကျောင်းက အရှက်မရှိတဲ့ ကောင်တွေက ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးရလောက်အောင် တကယ့်ကို အောက်တန်းကျတာပဲ။ အမေ၊ စိတ်မပူပါနဲ့။ ဒီစံအိမ်က အရမ်းလုံခြုံပါတယ်။ သမားတော်လေးလု ရှိနေသရွေ့တော့ အဲဒီလူယုတ်မာတွေ အရိပ်တောင် ပြရဲမှာ မဟုတ်ဘူး။ ပြီးတော့ သားလည်း အမေတို့ကို ကာကွယ်ပေးမှာပါ သူတို့ အမေတို့ကို ဒုက္ခပေးတာမျိုး အဖြစ်မခံနိုင်ဘူး"
"ကောင်းပါပြီ၊ သားလေးကိုပဲ အားကိုးရတော့မှာပေါ့" သခင်မဝေ့က သားဖြစ်သူ၏ ယုံကြည်မှုကြောင့် ဝမ်းသာကျေနပ်စွာ ပြုံးလျက် ပြောလိုက်၏။
မိသားစု လုံခြုံစွာ နေရာတကျ ဖြစ်သွားပြီဖြစ်ရာ လုချင်းသည် ဆက်နေရန် မလိုအပ်တော့ဟု ယူဆလိုက်လေသည်။
စံအိမ်သည် သူ တည်ဆောက်ထားသော အကာအကွယ် ဝင်္ကပါအတွင်း၌ ကောင်းစွာ ရှိနေပြီး ဝေ့ရှင်းဟယ်၏ မိသားစုမှာ လုံခြုံမည်ပင်။
သခင်မဝေ့အား မလိုအပ်ဘဲ ရွာအပြင် မထွက်ရန် အကြံပေးပြီးနောက် လုချင်းသည် ဟူလောင်စန်းနှင့် ၎င်း၏သမီး ကျိကျစ်တို့ ကောင်းစွာ နေသားကျမှု ရှိ ၊ မရှိ ခေတ္တဝင်ကြည့်လိုက်လေသည်။ ထို့နောက် သူ၏ တောင်ပေါ်ရှိ အိမ်တော်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့၏။
သူ ပြန်ရောက်သောအခါ ခြံဝင်းအတွင်း၌ ထိုင်ကာ သူ့ကို စောင့်နေသော ဝေ့ရှန်ဟိုင်ကို တွေ့လိုက်ရလေသည်။
"သခင်လေးလု၊ ရှင်းဟယ်တို့ မိသားစု ဘယ်လိုနေလဲ။ သူတို့ ထိခိုက်ဒဏ်ရာရတာ ရှိလား" ဝေ့ရှန်ဟိုင်က ချက်ချင်း မေးလိုက်၏။
"သူတို့ အဆင်ပြေပါတယ်။ ဘယ်သူမှ ဒဏ်ရာမရပါဘူး။ သူတို့ကို ရွာထဲက စံအိမ်ကို လိုက်ပို့ပေးခဲ့ပါပြီ" လုချင်းက ပြန်ဖြေလိုက်လေသည်။
"ဒါဆိုရင်လည်း တော်ပါသေးရဲ့" ဝေ့ရှန်ဟိုင်သည် စိတ်သက်သာရာရသွားလေသည်။
သူ၏အမြင်တွင် ကျိုးလီရွာသည် ခရိုင်မြို့တော်ထက် များစွာ ပိုမိုလုံခြုံသည်။ အထူးသဖြင့် လုချင်း၏ ဝင်္ကပါ တည်ဆောက်မှုကို မျက်မြင်တွေ့ရှိပြီးနောက်ဤ ရွာပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း သိပ်သည်းလာသည်ကို ခံစားရပြီးနောက်ပိုင်းတွင် ပို၍ပင် ယုံကြည်လာခဲ့သည်။
အနာဂတ်တွင် ရွာသည် စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲလာမည်ဟု သူ ယုံကြည်ထားလေ၏။
ဝေ့ရှင်းဟယ်၏ မိသားစု ဤနေရာတွင် ရှိနေခြင်းဖြင့် သူတို့ လုံခြုံမည်သာမက သူတို့၏ ကျင့်ကြံခြင်းများလည်း ပိုမိုချောမွေ့စွာ တိုးတက်လာမည်ပင်။