အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အခန်း ၃၄၇ - မြင့်မြတ်သောသစ်ပင်
"အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်တစ်ကောင် တကယ် ရှိနေတာကိုး။"
ဤစကားကို ကြားလိုက်ရသောအခါ အကြီးအကဲယိုမှာ လုံးဝကိုအံ့အားသင့်သွားလေ၏။ သူ၏ နှလုံးသား အောက်ခြေမှနေ၍ ခေါင်းထိပ်အထိ အေးစက်မှုတစ်ခု ရုတ်တရက် တက်လာသည်ကို ခံစားလိုက်ရပါ၏။
ဘာမှမစဉ်းစားတော့ဘဲ သူ၏ ကိုယ်ဖော့ပညာကို အမြင့်ဆုံးအထိ ချက်ချင်း တွန်းတင်လိုက်ပြီး ရှေ့သို့ အသည်းအသန် ရှောင်တိမ်းသွားစဉ် အလွှာလိုက် အာရုံချောက်ချားဖွယ် ပုံရိပ်များကို ဖန်တီးလိုက်လေသည်။
ထိုပုံရိပ်များ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လက်တစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး အာရုံချောက်ချားဖွယ် ပုံရိပ်များကို ဆွဲဖြဲကာ လေစီးကြောင်းကို ချိုးဖျက်ပစ်လိုက်၏။
အကယ်၍ အကြီးအကဲယိုသာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါက ထိုလက်သည် သူ၏ ကျောကို ဖောက်ထွင်းသွားမည်ဖြစ်ပြီး သူ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ မသေချာတော့ပေ။
"ဟင်... ကြွက်တစ်ကောင်အတွက်တော့ မဆိုးပါဘူး။"
ဖရိုဖရဲ ပုံရိပ်၏ အသံမှာ အနည်းငယ် အံ့အားသင့်သွားပုံ ရလေသည်။
သို့သော် သူ ရပ်တန့်မသွားပေ။ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အကြီးအကဲယို၏ ကျောကို ကပ်လျက် နောက်ထပ် လက်သည်းချက် တစ်ချက်ကို ထုတ်လွှတ်လိုက်ပါ၏။
၎င်းကို ခံစားမိသောအခါ အကြီးအကဲယိုမှာ ထိတ်လန့်သွားလေသည်။
သူ၏ အာရုံချောက်ချားဖွယ် ကိုယ်ပွားသည် အလွယ်တကူ မြင်သာသွားခဲ့ပါ၏။
ပြိုင်ဘက်၏ သိုင်းပညာအဆင့်သည် သူ့ထက် များစွာ သာလွန်နေကြောင်း ရှင်းလင်းလှပေသည်။
စောစောက ပြိုင်ဘက် အသုံးပြုခဲ့သော ထူးဆန်းသည့် မိစ္ဆာနည်းစနစ်ကို ပြန်လည်အမှတ်ရကာ အကြီးအကဲယိုသည် နေပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူသည် သူ့ထံတွင်ရှိသော ထူးခြားသည့် ရတနာကို ချက်ချင်း အသက်သွင်းလိုက်တော့၏။
နောက်တစ်ခဏတွင် အကြီးအကဲယို၏ ရင်ဘတ်မှ အနက်ရောင် အလင်းကွင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။
အနက်ရောင် အလင်းကွင်းသည် ဖရိုဖရဲ ပုံရိပ်၏ လက်ကို တွန်းလှန်လိုက်ရုံသာမက အကြီးအကဲယိုကိုပါ ရစ်ပတ်ထားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်အောက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။
"မိစ္ဆာရတနာ တစ်ခုလား။"
ဖရိုဖရဲ ပုံရိပ်မှာ အံ့အားသင့်သွားလေသည်။ ဘေးတွင် ပုန်းအောင်းနေသော ကြွက်သည် ထိုသို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကံမကောင်းစွာဖြင့် သူ တားဆီးချင်သည့်အချိန်တွင် နောက်ကျသွားခဲ့ပြီပင်။
ရတနာ၏ စွမ်းအားသည် သူ၏ လက်ရှိအဆင့်ဖြင့် တားဆီးနိုင်စွမ်းထက် ကျော်လွန်နေပါ၏။
အကြီးအကဲယိုသည် အနက်ရောင် အလင်းတန်းဖြင့် သယ်ဆောင်သွားခံရပြီး ညအမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ ရှိလေသည်။
"သူ တကယ်ပဲ လွတ်သွားတာလား။"
ဖရိုဖရဲ ပုံရိပ်မှာ နောင်တရမှုများဖြင့် ပြည့်နှက်နေလေသည်။
ထိုကြွက် မိစ္ဆာရတနာတစ်ခုကို သယ်ဆောင်ထားကြောင်း သူသာ သိခဲ့လျှင် အစကတည်းက သူ၏ အစွမ်းအစ အားလုံးကို အသုံးပြုခဲ့မည်ပင်။
အကယ်၍ ထိုရတနာကိုသာ သူ ရယူနိုင်ခဲ့ပါက သူ၏ လက်ရှိ အားနည်းနေသော အခြေအနေအတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်လာလိမ့်မည်။
" ငါ့ရဲ့ ကံတရားက ပိုပိုပြီး ဆိုးလာနေပါလားနော်။ ဒီလောကရဲ့ ကောင်းကင်စည်းမျဉ်းက ငါ့ကိုပဲ ပစ်မှတ်ထားလာတာများလား။"
နှစ်ကြိမ်ဆက်တိုက် သူ အလှည့်စားခံခဲ့ရလေသည်။
ဖရိုဖရဲ ပုံရိပ်မှာ သတိထားလာ၏။
ကျုံးကျိုးမှ ပြန်လာကတည်းက သူ၏ ကံတရားမှာ တော်တော်လေး ဆိုးရွားနေခဲ့လေသည်။
သူ၏ ဒဏ်ရာများ အပြည့်အဝ ပြန်မကောင်းလာရုံသာမက ယနေ့ညတွင်လည်း နှစ်ကြိမ်တိုင်တိုင် အရှက်ခွဲခံခဲ့ရသည်။
ကျင့်ကြံသူတစ်ဦး၏ အမြင်အရ ၎င်းသည် သေချာပေါက် ကောင်းသော နိမိတ်လက္ခဏာ မဟုတ်ပေ။
ဤလောက၏ ကောင်းကင်စည်းမျဉ်းသည် သူ့ကို စောင့်ကြည့်နေပြီဖြစ်ရန် အလွန် ဖြစ်နိုင်ချေ ရှိလေသည်။
"ကျစ်... အားလုံးက အဲဒီကောင်လေးကြောင့်ပဲ။ သူက ငါ့ကို ကောင်းကင်မိစ္ဆာ ခန္ဓာကိုယ်ခွဲခြားခြင်း သိုင်း သုံးဖို့ အတင်းအကျပ် ခိုင်းပြီး ငါ့ရဲ့ အနှစ်သာရတွေကို ယိုစိမ့်သွားအောင် မလုပ်ခဲ့ဘူးဆိုရင် ငါကလည်း ဘယ်လိုလုပ် ဒီလောကရဲ့ ကောင်းကင်စည်းမျဉ်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိမှာလဲ။"
သူ၏ လက်ရှိ အခက်အခဲ နောက်ကွယ်မှ အစစ်အမှန် တရားခံကို ပြန်လည်အမှတ်ရသွားသောအခါ ဖရိုဖရဲ ပုံရိပ်၏ မျက်လုံးများတွင် အဆိပ်ပြင်းများ ပြည့်နှက်လာလေ၏။
လုချင်း၏ တိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာနှင့် ထို့နောက် သူ၏ အနှစ်သာရများ ဆုံးရှုံးသွားမှုကြောင့် ကောင်းကင်မိစ္ဆာ ခန္ဓာကိုယ်ခွဲခြားခြင်း သိုင်းကို အသုံးပြုရန် အတင်းအကျပ် ဖြစ်စေခဲ့ခြင်းသာ မရှိခဲ့ပါက သူ ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
ဤအကြောင်းကို တွေးမိတိုင်း သူ၏ အမုန်းတရားများမှာ ရေကန်ကြီးငါးခုနှင့် သမုဒ္ဒရာလေးခု၏ ရေများဖြင့်ပင် ဆေးကြော၍ မရနိုင်လောက်အောင် တက်လာတော့၏။
"စောင့်နေလိုက်... တစ်နေ့ကျရင်တော့ ငါ မင်းကို ရှာတွေ့မှာပဲ။ အဲ့ကျရင် မင်း ပိုင်ဆိုင်သမျှ အရာအားလုံးကို ငါ ဖျက်ဆီးပစ်မယ်။
မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး နှစ်တစ်သောင်းတိတိ မီးရှို့ပစ်မယ်။
အဲဒီအခါကျမှ ငါ့ရင်ထဲက အမုန်းတရားတွေကို ငြိမ်းသတ်နိုင်လိမ့်မယ်"
ဖရိုဖရဲ ပုံရိပ်၏ ပုံသဏ္ဍာန်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ အမုန်းတရားများ ပြည့်နှက်နေသော အသံသာ တောတောင်များအတွင်း ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့လေတော့၏။
မိုင်ပေါင်းများစွာအကွာတွင် အနက်ရောင် အလင်းတန်းတစ်ခုက လရောင်အောက်ရှိ လေထဲ၌ လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။
မကြာမီ ၎င်းသည် ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ဆင်းသက်သွားလေသည်။ အနက်ရောင် အလင်းတန်း ပျောက်ကွယ်သွားသောအခါ၌ အကြီးအကဲယို၏ ဖြူရော်နေသော မျက်နှာကို တွေ့လိုက်ရလေသည်။
အကြီးအကဲယိုသည် သူ၏ ရင်ခွင်ထဲမှ အနက်ရောင် လွန်းပုံသဏ္ဍာန် ကျောက်စိမ်းပြားတစ်ခုကို သတိထား၍ ထုတ်ယူလိုက်လေ၏။
ကျောက်စိမ်းပြားပေါ်ရှိ အက်ကွဲကြောင်းများကို မြင်သောအခါ အကြီးအကဲယိုသည် ဝမ်းနည်းမှုတစ်ချက်ကို ခံစားလိုက်ရပါ၏။
မျှော်စင်သခင်က သူ့ကို ဤရတနာ ပေးသနားခဲ့ပြီး ၎င်းကို အများဆုံး သုံးကြိမ်သာ အသုံးပြုနိုင်လေသည်။
သူ အပြင်ထွက်လာသည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း သူ ၎င်းကို နှစ်ကြိမ်တိတိ အသုံးပြုခဲ့ပြီးပြီပင်။
နောက်ထပ် တစ်ကြိမ်ဆိုလျှင် ရတနာသည် လုံးဝ ကွဲအက်သွားမည်ဖြစ်ပြီး လုံးဝ အသုံးဝင်တော့မည်မဟုတ်။
"ပြင်ပလောကက ဒီလောက် အန္တရာယ်များလာလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။
ရက်အနည်းငယ်အတွင်းမှာတင် အသက်အန္တရာယ် ကြုံရတဲ့ အကျပ်အတည်း နှစ်ခုနဲ့တောင် ငါ ရင်ဆိုင်ခဲ့ရတယ်။"
အကြီးအကဲယိုသည် ချင်းယွိဂိုဏ်း ရှိရာဘက်သို့ ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲဖြင့် ပြန်ကြည့်လိုက်လေ၏။
အချိန်မဖြုန်းတော့ဘဲ သူသည် ကိုယ်ဖော့ပညာကို အသက်သွင်းကာ သူ၏ ခရီးကို ဆက်လက် ထွက်ခွာသွားတော့သည်။
ထိုထူးဆန်းသော ပုံရိပ် ဖြစ်ပေါ်စေသော အန္တရာယ်မှာ ဝေ့အိမ်တော်တွင် သူ ကြုံတွေ့ခဲ့ရသော အဘိုးအိုထက်ပင် ပိုမို ကြီးမားလေသည်။
ထိုလူ၏ ကျင့်ကြံခြင်းက ပိုမို အားကောင်းနေခြင်းကြောင့် မဟုတ်ဘဲ သူ၏ နည်းစနစ်က အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေခြင်းကြောင့်သာ။
စစ်မှန်သော မိစ္ဆာအငွေ့အသက်သည် ဝူကျန့်မျှော်စင်၏ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်သော အကြီးအကဲယိုကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ပါ၏။
သူ မိုင်ပေါင်းများစွာ ထွက်ပြေးခဲ့ပြီးဖြစ်သော်လည်း လုံခြုံသည်ဟု မခံစားရသေးပေ။
"ကြည့်ရတာ ပြန်ရမယ့် အချိန်ရောက်ပြီ ထင်တယ်။ ငါသာ အပြင်မှာ သေသွားမယ်ဆိုရင် ပြင်ပလောကက သတင်းအချက်အလက်တွေကို ပြန်သယ်သွားပေးမယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။"
သူ၏ ဆုံးဖြတ်ချက်ကို ချပြီးနောက် အကြီးအကဲယိုသည် သူ၏ အရှိန်ကို မြှင့်တင်လိုက်ပြီး အမှောင်ထုထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့လေ၏။
ပြင်ပလောကတွင် ကမောက်ကမ ဖြစ်နေပြီး အခြေအနေများ ပိုမို အန္တရာယ်များလာချိန်တွင် ကျိုးလီရွာ၏ ငြိမ်းချမ်းမှုကိုတော့ မည်သည့်အရာကမျှ အနှောင့်အယှက် မပေးနိုင်ပေ။
လုချင်း ဝင်္ကပါကို တည်ဆောက်ပြီးကတည်းက ကျိုးလီရွာ၏ ပတ်ဝန်းကျင်မှာ ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာခဲ့ပါ၏။
သစ်ပင်များကလည်း ပိုမို စိမ်းလန်းစိုပြည်လာပြီး အပူချိန်မှာလည်း သာယာလာလေသည်။
ပူပြင်းသော ရာသီဥတုတွင်ပင် ရွာထဲတွင် နေရသည်မှာ အေးမြပြီး သက်တောင့်သက်သာ ရှိသော ခံစားမှုကို ပေးစွမ်းနေလေ၏။
ထို့အပြင် ဝိညာဉ်စွမ်းအင်များ ဧရိယာကို ဖုံးလွှမ်းထားသဖြင့် နတ်ဘုံဗိမ္မာန်တစ်ခုနှင့်ပင် တူနေလေသည်။
ရွာသားများသည် သူတို့၏ ခန္ဓာကိုယ်များ နေ့စဉ်နှင့်အမျှ ပိုမို ကျန်းမာလာပြီး တက်ကြွလာသည်ကိုပင် သတိပြုမိကြလာပါ၏။
ဤအပြောင်းအလဲများမှာ လုချင်း၏ မန္တန်အတတ်ပညာကြောင့် ဖြစ်ကြောင်း နားလည်ထားကြသဖြင့် ရွာသားများ၏ သူအပေါ် ကျေးဇူးတင်မှုမှာ နေ့စဉ်နှင့်အမျှ တိုးလာလေသည်။
"အဘိုးကျန်း၊ ကျွန်တော်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်ဆိုတာ ဘာများလဲဗျ။"
တစ်နေ့တွင် လုချင်းသည် ဝိညာဉ်လယ်ကွက်များပေါ်သို့ မိုးခေါ်မန္တန် အသုံးပြုနေစဉ် အဘိုးကျန်းနှင့် ရွာသူကြီးအချို့က သူ့ကို ရှာရန် တောင်ပေါ်သို့ တက်လာသည်ကို မြင်လိုက်ရသည်။
"ရွာအဝင်ဝက မြင့်မြတ်သောသစ်ပင်အကြောင်းပါ။"
သက်ကြီးရွယ်အိုများသည် လုချင်း၏ တိမ်နှင့် မိုး မန္တန်ကို အံ့သြစွာ ကြည့်ရင်း လျှာသပ်ကာ အံ့မခန်း ဖြစ်နေကြပါ၏။
စပါးခင်းများကို မန္တန်ဖြင့် ရေလောင်းခြင်း။
ထိုသို့သောအရာကို သူတို့ ယခင်က မြင်လည်းမမြင်ဖူး၊ ကြားလည်းမကြားဖူးခဲ့ကြပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ လယ်ကွက်ထဲရှိ စပါးပင်လေးများပင် ဖြစ်၏။
၎င်းတို့သည် အလွန်အမင်း သန်စွမ်းစွာ ကြီးထွားနေရုံသာမက အရွက်ဖျားများမှ မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသဖြင့် အတော်လေး ထူးဆန်းပုံ ပေါက်နေလေသည်။
"အားချင်း၊ ဒီစပါးပင်လေးတွေက ဘာလို့ ရွှေရောင် တောက်ပနေတာလဲ။"
ရွာသူကြီး တစ်ဦးက မနေနိုင်ဘဲ မေးလိုက်လေ၏။
"ဒါက မန္တန်ကနေတစ်ဆင့် ကျွန်တော် စမ်းသပ်စိုက်ပျိုးနေတဲ့ ဝိညာဉ်စပါး မျိုးသစ်တစ်ခုပါ။ ဒါကြောင့် စပါးပင်လေးတွေက နည်းနည်း ကွာခြားနေတာပါဗျ"
လုချင်းက ပြုံးလျက် ရှင်းပြလိုက်၏။
သူ မန္တန် အသုံးပြုတတ်ကြောင်းကို ရွာသားများ သိရှိထားပြီးဖြစ်သဖြင့် သူလည်း ဖုံးကွယ်မနေတော့ပေ။
"မန္တန် သုံးပြီး စိုက်တဲ့ စပါးက ဘယ်လိုမျိုး ထွက်လာမှာလဲ။"
နောက်ထပ် သူကြီးတစ်ဦးက သိချင်စိတ်ဖြင့် မျက်လုံးများ ပြူးကျယ်သွားလေ၏။
"နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး၊ ဒါပေမဲ့ ရိတ်သိမ်းချိန်ရောက်ရင်တော့ အားလုံး လာကြည့်လို့ ရပါတယ်ဗျ။"
"ကောင်းတာပေါ့။"
လယ်ကွက်များထဲတွင် တစ်သက်လုံး အချိန်ကုန်ခဲ့သော လယ်သမားအိုကြီးများသည် မန္တန်အသုံးပြု၍ စိုက်ပျိုးထားသော စပါးနှင့် ပတ်သက်၍ သဘာဝကျကျပင် အလွန် သိချင်နေကြပါ၏။ သူတို့ အားလုံး စိတ်အားထက်သန်စွာ သဘောတူလိုက်ကြလေသည်။
"ဒါနဲ့ အဘိုးကျန်း၊ မြင့်မြတ်သောသစ်ပင်မှာ တစ်ခုခု ဖြစ်လို့ဆိုတာ ဘာလဲ" လုချင်းက မေးလိုက်၏။
မြင့်မြတ်သောသစ်ပင်ဆိုသည်မှာ ရွာသားများ ရွာမှ ထွက်ခွာသည့်အခါ အနီရောင် ကြိုးများ ချည်နှောင်လေ့ရှိသည့် ရွာအဝင်ဝရှိ သစ်ပင်ကြီး ဖြစ်လေသည်။
ကျိုးလီရွာမှ ရွာသားများအတွက် ၎င်းသည် အထူးအဓိပ္ပာယ် ရှိပြီး လုချင်းကိုယ်တိုင်လည်း ၎င်းနှင့် ပတ်သက်၍ တော်တော်လေး စိတ်ဝင်စားလေ၏။
"ငါတို့လည်း ဘာဖြစ်နေလဲ သေချာမသိဘူး။ မင်းကိုယ်တိုင် လာကြည့်ပါလား" အဘိုးကျန်းက အကြံပြုလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် လိုက်ခဲ့ပါ့မယ်။"
လုချင်းသည် ဝိညာဉ်လယ်ကွက် နှစ်ဧကကို ရေလောင်းပြီးပြီဖြစ်သဖြင့် လက်သင်္ကေတတစ်ခုဖြင့် တိမ်များကို လူစုခွဲလိုက်ပြီး အဘိုးကျန်းနှင့် သူကြီးများ နောက်မှလိုက်ကာ ရွာအဝင်ဝဆီသို့ ဦးတည်ရင်း တောင်အောက်ကို ဆင်းလာခဲ့လိုက်တော့၏။
ယခုအချိန်တွင် မြင့်မြတ်သောသစ်ပင် ပတ်လည်တွင် ရွာသားများစွာ စုရုံးနေကြလေသည်။
သူတို့သည် ၎င်းကို အံ့သြတကြီး ကြည့်နေကြပြီး အံ့မခန်း ဖြစ်နေသော တီးတိုးရေရွတ်သံများကို အခါအားလျော်စွာ ကြားနေရပါ၏။
လုချင်းသည် လူအုပ်ထဲတွင် ဟူလောင်စန်းကိုပင် တွေ့လိုက်ရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဟူမိသားစု သားအဖသည် ရွာ၏ ဘဝထဲသို့ တဖြည်းဖြည်း ဝင်ဆံ့လာခဲ့လေသည်။
အထူးသဖြင့် သဘာဝအရ ဖော်ရွေတတ်သော ဟူလောင်စန်းသည် ရွာသားများ၏ သဘောကျမှုကို အလွယ်တကူ ရရှိခဲ့ပါ၏။
ရလဒ်အနေဖြင့် ရွာသားများသည် သူ့ကို တဖြည်းဖြည်း လက်ခံလာကြတော့၏။
"အားလုံးပဲ၊ လမ်းဖယ်ပေးကြ အားချင်း ရောက်လာပြီ"
လုချင်းနှင့် အဘိုးကျန်း ရောက်လာသည်ကို မြင်သောအခါ၌ ရွာသားတစ်ဦးက လှမ်းအော်လိုက်လေသည်။
လူအုပ်ကြီးကလည်း ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ပြီး လုချင်းနှင့် အခြားသူများကို သစ်ပင်အနီးသို့ ချဉ်းကပ်ခွင့် ပြုလိုက်လေ၏။
လုချင်းသည် မြင့်မြတ်သောသစ်ပင်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပါ၏။
အဘယ်ကြောင့်ဆိုသော် သစ်ပင်သည် သူ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ပြီးကတည်းက သိသိသာသာ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသောကြောင့်ပင်။
အရွက်များ ပိုမို စိမ်းလန်းလာသည်မှာ မထူးဆန်းပေ။
သို့သော် သစ်ပင်တစ်ခုလုံးမှာလည်း များစွာ ပိုမို မြင့်မားလာခဲ့သည်ပင်။
အထူးခြားဆုံးမှာ ယခုအခါ အလွန် ရှုပ်ယှက်ခတ်နေသော အမြစ်များဖြစ်ပြီး ၎င်းတို့သည် တဲအိမ်ငယ်လေး တစ်လုံး၏ ပုံသဏ္ဍာန်မျိုး ဖြစ်ပေါ်နေပါ၏။
အရေးအကြီးဆုံးမှာ လုချင်းသည် သစ်ပင်ထံမှ မှိန်ဖျော့ပြီး ထူးခြားသော စွမ်းအားတစ်ခု ထွက်ပေါ်နေသည်ကို အာရုံခံနိုင်ခြင်းပင် ဖြစ်၏။
"ဟင်... အမွှေးတိုင် စွမ်းအားလား။"
ထိုအချိန်တွင် ယန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ချန်ပေ့၊ အမွှေးတိုင် စွမ်းအားဆိုတာ ဘာလဲ" လုချင်းက မေးလိုက်လေသည်။
လီဟော်ဂိုဏ်း ချန်ထားခဲ့သော အမွေအနှစ်များတွင် အမွှေးတိုင် စွမ်းအားနှင့် ပတ်သက်၍ ဘာမှ မဖော်ပြထားပေ။
"မင်း မသိဘူးလား။ မသိတာလည်း ဖြစ်နိုင်ပါတယ်လေ။ လီဟော်ဂိုဏ်းက အမွှေးတိုင် လမ်းစဉ်ကို တစ်ခါမှ မလေ့လာခဲ့ဘူးဆိုတော့ မင်း မသိတာ ပုံမှန်ပါပဲ။"
"အမွှေးတိုင် စွမ်းအားဆိုတာ စစ်မှန်တဲ့ ယုံကြည်မှုနဲ့ ဆုတောင်းမှုတွေကနေ စုစည်းလာတဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခုပေါ့။ ရိုးရာ ကျင့်ကြံခြင်း ဂိုဏ်းအများစုက ဒါကို မလေ့လာကြပေမဲ့ မင်းရဲ့ ရန်သူဖြစ်တဲ့ ရွှမ်ခုန်းဘုရားကျောင်းကတော့ ရှေးဟောင်း မသေမျိုးခေတ်တုန်းက အဲဒီအပိုင်းမှာ တော်တော်လေးကို ကျွမ်းကျင်ခဲ့တယ်လေ။
ဒီရွာလေးက သစ်ပင်တောင်မှ အမွှေးတိုင် စွမ်းအားကို စုစည်းနိုင်တယ်ဆိုတာ တော်တော်လေး အံ့သြစရာ ကောင်းသား"
ယန်၏ အသံက လုချင်း၏ စိတ်ထဲတွင် ဆက်လက် ရှင်းပြနေလေသည်။
လုချင်း မသိသောအရာ တစ်ခု ရှိနေခြင်းမှာ ရှားပါးသဖြင့် ယန်ကို ရှင်းပြချင်စိတ် ဖြစ်ပေါ်စေပါ၏။
"ဪ၊ အမွှေးတိုင် စွမ်းအားရဲ့ အသုံးဝင်ပုံက ဘာလဲ" လုချင်းက ဆက်မေးလိုက်သည်။
"အဲဒါကိုတော့ ကျုပ်လည်း သေချာ မသိဘူး။" ယန်က ခေါင်းခါလိုက်သည်။ "အမွှေးတိုင် စွမ်းအားက အလွန် ထူးဆန်းပြီး ရှေးဟောင်း မသေမျိုးခေတ်တုန်းကတောင် ဂိုဏ်းနည်းနည်းလောက်ကပဲ အဲဒါကို တကယ် ကျွမ်းကျင်ခဲ့ကြတာ။
ဒါပေမဲ့ အမွှေးတိုင် စွမ်းအားဟာ ကိုးကွယ်သူတွေရဲ့ ဆုတောင်းမှုတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်တယ် ပြီးတော့လည်း မတူညီတဲ့ စွမ်းအင်တွေကို ဖန်တီးနိုင်တယ်လို့ လီဟော်ဂိုဏ်းရဲ့ အကြီးအကဲတွေ ပြောတာကိုတော့ ကျုပ် ကြားဖူးတယ်။ အဲဒါက ခန့်မှန်းရခက်ပြီး ကာကွယ်ဖို့ ခက်ခဲတယ်လေ။
ဒီ မြင့်မြတ်သောသစ်ပင်က ဘယ်လို အမွှေးတိုင် စွမ်းအားမျိုးကို စုဆောင်းထားလဲဆိုတာ ကျုပ် သိချင်မိသား"
ဤသည်ကို ကြားသောအခါ၌ လုချင်း၏ စိတ်ဝင်စားမှုတို့ မြင့်တက်လာတော့၏။
သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ သစ်ပင်ကို ကြည့်လိုက်လေသည်။
အသက်အနည်းငယ် ရှူပြီးနောက် သစ်ပင်ပေါ်တွင် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး အချက်အလက် စာကြောင်းအနည်းငယ် ထွက်ပေါ်လာ၏။
[မြင့်မြတ်သောသစ်ပင် - ဝိညာဉ်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ထားသော သစ်ပင်တစ်ပင်ဖြစ်ပြီး ရွာသားများ၏ ဆုတောင်းမှုများမှတစ်ဆင့် ဝိညာဉ်အသိ အနည်းငယ် ဖွံ့ဖြိုးလာခဲ့သည်။]
[ရွာသားများ၏ ဘေးကင်းရေးအတွက် ရေရှည်နှင့် စစ်မှန်သော ဆုတောင်းမှုများကြောင့် သစ်ပင်သည် အမွှေးတိုင် စွမ်းအား တစ်မျှင်ကို စုစည်းနိုင်ခဲ့သည်။]
[ဤသစ်ပင်၏ အမွှေးတိုင် စွမ်းအားသည် ရွာနှင့် ချိတ်ဆက်နေပြီး ဤမြေကို အကာအကွယ် ပေးထားသည်။]
[ရွာသားများ၏ ကိုယ်ပိုင် အမှတ်အသားဖြစ်သော အနီရောင် ကြိုးတစ်ချောင်းကို သစ်ပင်တွင် ချည်နှောင်ခြင်းဖြင့် အကာအကွယ်ပေးသော ကံတရား တစ်မျှင်ကို ရရှိနိုင်သည်။]
...
မြင့်မြတ်သောသစ်ပင်မှ ထွက်ပေါ်လာသော အချက်အလက်များကို ဖတ်ပြီးသောအခါ လုချင်း၏ မျက်လုံးများ ဝမ်းသာမှုကြောင့် လင်းလက်သွားလေသည်။
တစ်ချိန်တည်းမှာပင် သစ်ပင်၏ အမွှေးတိုင် စွမ်းအား မည်သို့ ဖြစ်ပေါ်လာသည်ကို သူ နားလည်သွားတော့၏။
စောစောက ယန် ရှင်းပြခဲ့သည်မှာ အမွှေးတိုင် စွမ်းအားသည် စစ်မှန်သော ယုံကြည်မှုနှင့် ဆုတောင်းမှုများမှသာ စုစည်းလာခြင်း ဖြစ်လေသည်။
မြင့်မြတ်သောသစ်ပင်သည် ကျိုးလီရွာမှ ရွာသားများ ဘေးကင်းရေးအတွက် ဆုတောင်းလေ့ရှိသော သစ်ပင်ဖြစ်၏။
ရွာသားတစ်ဦး ရွာမှ ထွက်ခွာတိုင်း ၎င်း၏ အကိုင်းအခက်များတွင် အနီရောင် ကြိုးတစ်ချောင်းကို ချည်နှောင်လေ့ရှိပြီး ပြန်ရောက်သောအခါ ကြိုးကို ဖယ်ရှားလေ့ရှိကြသည်။
ဆယ်စုနှစ်များစွာ တိုင်အောင် ဤအစဉ်အလာကို မည်သည့်အခါမျှ မဖောက်ဖျက်ခဲ့ကြပေ။
တစ်နည်းအားဖြင့် သစ်ပင်သည် ရွာသားများ၏ အစစ်မှန်ဆုံးနှင့် အဖြူစင်ဆုံး မျှော်လင့်ချက်များ၊ သူတို့၏ ချစ်ရသူများအတွက် ဘေးကင်းရေးနှင့် အကာအကွယ်ပေးရေး ဆန္ဒများကို စုပ်ယူထားခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် သစ်ပင်သည် ယခုအခါ အကာအကွယ်ပေးသော ဂုဏ်သတ္တိများရှိသည့် အမွှေးတိုင် စွမ်းအား တစ်မျိုးကို စုစည်းနိုင်ခဲ့ခြင်းပင်။
ယခုမှစ၍ ရွာသားများ ရွာမှ ထွက်ခွာပြီး သစ်ပင်တွင် အနီရောင် ကြိုးတစ်ချောင်း ချည်နှောင်တိုင်း သူတို့သည် ဘေးကင်းရေးအတွက် ပုံဆောင် ဆုတောင်းရုံသက်သက် မဟုတ်တော့ပေ။
သူတို့သည် သစ်ပင်၏ ကောင်းချီး၊ အကာအကွယ်ပေးသော စစ်မှန်သည့် ကံတရား တစ်မျှင်ကို အမှန်တကယ် ရရှိကြလိမ့်မည်ပင်။
ဤကံတရားသည် သူတို့ကို အန္တရာယ်များမှ ကာကွယ်ပေးမည်ဖြစ်ပြီး သူတို့၏ ခရီးစဉ်များတွင် ကောင်းသော ကံတရားများနှင့် ကြုံတွေ့စေရန် သေချာစေမည်သာ။
"အားချင်း၊ သစ်ပင်မှာ တစ်ခုခု မှားနေလို့လား။"
လုချင်းက သစ်ပင်ကို စိုက်ကြည့်နေသည်ကို သတိထားမိသောအခါ အဘိုးကျန်းက စိုးရိမ်တကြီး မေးလိုက်၏။
အခြားရွာသားများသည်လည်း လုချင်းကို စိုးရိမ်တကြီး ကြည့်နေကြပြီး ကလေးများပင် အနီးကပ် စောင့်ကြည့်နေကြလေသည်။
မြင့်မြတ်သောသစ်ပင်သည် ရွာသားများ၏ နှလုံးသားထဲတွင် အထူးနေရာ တစ်ခုရှိလေသည်။ လူတိုင်းနီးပါး ၎င်းနှင့် နက်ရှိုင်းသော စိတ်ခံစားမှု ဆက်သွယ်မှုများ ရှိကြပါ၏။
လူငယ် ရွာသားများစွာသည် သူတို့၏ ကလေးဘဝကို ၎င်း၏ အကိုင်းအခက်များအောက်တွင် ကစားရင်း အချိန်ကုန်ဆုံးခဲ့ကြလေသည်။
သစ်ပင်ကို မတက်ရန် သို့မဟုတ် မဖျက်ဆီးရန် တင်းကျပ်သော သတိပေးချက်များကို ကြားနာရင်း ကြီးပြင်းလာခဲ့ကြပါ၏။
ဤအကြောင်းကြောင့် သစ်ပင်နှင့် ပတ်သက်၍ မည်သည့် အပြောင်းအလဲမဆို သဘာဝကျကျပင် သူတို့ကို စိုးရိမ်ပူပန်စေသည်သာ။
ရွာသားများ၏ စိုးရိမ်နေသော မျက်နှာများကို မြင်သောအခါ လုချင်း ပြုံးလိုက်လေ၏။
"အားလုံးပဲ၊ စိတ်မပူပါနဲ့။ သစ်ပင်မှာ ဘာပြဿနာမှ မရှိပါဘူး။ တကယ်တော့ အခုဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက ကောင်းတဲ့အရာပါဗျ။"
"ကောင်းတဲ့အရာ ဟုတ်လား။ ဘယ်လို ကောင်းတဲ့အရာမျိုးလဲ" သက်ကြီးရွယ်အို ရွာသားတစ်ဦးက ချက်ချင်း မေးလိုက်၏။
"လောကကြီးက အပြောင်းအလဲတချို့ ကြုံနေရတာကြောင့် ဒီနေရာမှာ နှစ်ပေါင်းများစွာ ပေါက်ရောက်နေတဲ့ ဒီသစ်ပင်ကြီးက ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေကိုရော ရွာသားတွေရဲ့ ဆုတောင်းမှုတွေကိုပါ စုပ်ယူထားခဲ့တယ်။
အခု သူက ဝိညာဉ်အသိ နည်းနည်း ဖွံ့ဖြိုးလာပြီး စစ်မှန်တဲ့ ဝိညာဉ်သစ်ပင် တစ်ပင် ဖြစ်လာပြီ။
ကျွန်တော်တို့သာ သူ့ကို ကောင်းကောင်း ဂရုစိုက်ရင် နောင်မှာ ကျွန်တော်တို့ရွာကို ပိုပြီး ကောင်းကောင်း ကာကွယ်ပေးနိုင်လိမ့်မယ်။"
လုချင်းသည် အခြေအနေကို ရွာသားများ နားလည်နိုင်မည့် နည်းလမ်းဖြင့် ရှင်းပြရန် ကြိုးစားလိုက်လေ၏။
မျှော်လင့်ထားသည့်အတိုင်း မြင့်မြတ်သောသစ်ပင်သည် ဝိညာဉ်အသိ ဖွံ့ဖြိုးလာပြီဟု ကြားသောအခါ ရွာသားများ အံ့အားသင့်သွားကြလေသည်။
"သစ်ပင်က အသိဉာဏ် ရှိလာပြီ ဟုတ်လား။"
"ဝိညာဉ်အသိ ရှိလာပြီ ဟုတ်လား။ ဆိုလိုတာက သူ ငါတို့ကို ကြားနိုင်ပြီပေါ့။"
"ဒါ သတင်းကောင်းပဲ"
ကနဦး အံ့အားသင့်မှုအပြီးတွင် စိတ်လှုပ်ရှားမှုများ လျင်မြန်စွာ လိုက်ပါလာလေသည်။
သူတို့သည် ဝိညာဉ်အသိဆိုသည့် သဘောတရားကို အပြည့်အဝ နားမလည်ကြသော်လည်း သစ်ပင်က ရွာကို ပိုမို ထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဆိုသည်ကိုတော့ နားလည်ကြပြီး ၎င်းက သူတို့အတွက် လုံလောက်ပါ၏။
ရုတ်တရက် ရွာသားတစ်ဦးသည် သူ၏ သားငယ်လေး၏ နားရွက်ကို ဆွဲလိမ်လိုက်လေသည်။
"မင်း ကောင်လေး၊ အားချင်း ပြောတာ ကြားတယ်မဟုတ်လား။ အခုကစပြီး မင်း သစ်ပင်ကို မရိုမသေ မလုပ်ရဘူးနော်။ ဒီမနက်ကလို မင်း သစ်ပင်ပေါ် တက်နေတာကို ငါဖမ်းမိရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ် ကြားလား"
"ဟုတ်တယ်၊ ပြီးတော့ မင်းလည်း သတိထား။ ပြီးခဲ့တဲ့ရက်က မင်း သစ်ပင်ကိုင်း တစ်ကိုင်းကို ချိုးပစ်တာကို ငါ မြင်တယ်။ နောက်တစ်ခါ အဲဒီလို ထပ်လုပ်ရင် မင်းကို ရိုက်ပစ်မယ် ကြားလား" အခြား ရွာသားတစ်ဦးကလည်း သူ၏ သားဖြစ်သူကို ဆူပူလိုက်လေ၏။
ဤသည်ကို ကြားသောအခါ အခြားရွာသားများသည်လည်း သူတို့၏ ကလေးများကို စတင်ဆူပူကြလေတော့သည်။
မျက်စိတစ်မှိတ်အတွင်း ရွာထဲတွင် ကလေးများ၏ ကရုဏာသက်ရန် တောင်းပန်သံများဖြင့် ပြည့်နှက်သွားတော့လေ၏။
....
အခန်း ၃၄၈ - ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်နှင့် ဝိညာဉ်စပါး ရိတ်သိမ်းခြင်း
တောင်တန်းတစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာ၊ ယွီဟွာဂူ အတွင်း၌။
လုချင်းသည် သူ ပုံမှန် ကျင့်ကြံလေ့ရှိသော အခန်းအတွင်းတွင် တရားထိုင်နေလေသည်။
ဝိညာဉ်စွမ်းအင်များသည် သူ၏ ပတ်လည်တွင် စုစည်းလာပြီး သူက ၎င်းတို့ကို လျင်မြန်စွာ စုပ်ယူနေ၏။
ကံကောင်းစွာဖြင့် သူသည် ရှေးဟောင်း ဝင်္ကပါအစီအရင် တစ်ခုက ဝိညာဉ်စွမ်းအင်များကို စုစည်းပေးသော ယွီဟွာဂူ အတွင်းတွင် ရှိနေခြင်းပင်။
အကယ်၍ သူသာ ကျိုးလီရွာသို့ ပြန်ရောက်နေမည်ဆိုပါက ထိုနေရာတွင် သူ တည်ဆောက်ထားသော ရိုးရှင်းသည့် ဝင်္ကပါလေးသည် သူ၏ လက်ရှိ ကျင့်ကြံခြင်းအတွက် လိုအပ်သော စွမ်းအင်များကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။
ကြီးမားလှသော ဝိညာဉ်စွမ်းအင် ပမာဏကို လုချင်းက အစဉ်မပြတ် စုပ်ယူနေပြီး သဘာဝဓာတ်ငါးပါး ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲနေပါ၏။
ထို့နောက် စွမ်းအင်များကို သူ၏ ဒျန်ထျန်ရှိ သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်က အလွန်အမင်း သန့်စင်သည့် အဆင့်အထိ ထပ်မံ သန့်စင်ပေးလေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိလိုက်သော်လည်း ရုတ်တရက် သူ၏ ဒျန်ထျန်အတွင်းရှိ စုပ်ယူမှု စွမ်းအားမှာ မြင့်တက်လာပြီး ယွီဟွာဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူသွားလေသည်။
ဝင်္ကပါအစီအရင်ပင်လျှင် စွမ်းအင်များကို အချိန်မီ ပြန်လည် မဖြည့်တင်းပေးနိုင်တော့ပေ။
ထိုအချိန်တွင် လုချင်း၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ရတနာကဲ့သို့သော အလင်းရောင်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။
လွှမ်းမိုးနိုင်လောက်အောင် အင်အားကြီးမားသော အငွေ့အသက်တစ်ခုက သူထံမှ ထွက်ပေါ်လာပါ၏။
ရုတ်တရက် လုချင်း၏ လည်ပင်းတွင် ဆွဲထားသော ဒယ်အိုးငယ်လေးမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေလေသည်။
ယန် သည် လုချင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော သိပ်သည်းသည့် အဖြူရောင် အလင်းတန်းကို ကြည့်ရင်း သူ၏ အမူအရာမှာ ရှုပ်ထွေးနေလေ၏။
"နောက်ထပ် အဆင့်တက်သွားပြန်ပြီ။ လအနည်းငယ်အတွင်းမှာပဲ သူက ချီသန့်စင်ခြင်း အစောပိုင်းအဆင့်ကနေ အလယ်ပိုင်းအဆင့်၊ အခု ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်ကိုတောင် ရောက်သွားပြီ။"
"သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက တကယ်ကို ကြောက်စရာကောင်းတာပဲ" ယန်က အံ့အားသင့်မှုနှင့် လေးစားမှုတို့ ရောနှောလျက် တွေးလိုက်သည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း ယန်သည် လုချင်း ကျင့်ကြံနေသည်ကို စောင့်ကြည့်နေခဲ့ပါ၏။
ရိုးရိုးသားသား ပြောရလျှင် လုချင်း၏ ကျင့်ကြံခြင်းမှာ ယန်၏ အမြင်တွင် အထူးတလည် တင်းကျပ်မှု မရှိလှပေ။
နေ့စဉ်နေ့တိုင်း ဂရုစိုက်ရမည့် သာမည ကိစ္စအမျိုးမျိုး ရှိနေလေသည်။
အကယ်၍ သူ ဝိညာဉ်လယ်ကွက်များနှင့် ဆေးမြစ်ခင်းများကို မပြုစုပါက ရှောင်ယန်နှင့် ရှောင်လီတို့၏ စာသင်ကြားမှုကို ကြီးကြပ်နေတတ်လေ၏။
ထိုသို့မဟုတ်ပါက သူသည် မီးဖိုချောင်ထဲတွင် အားလုံးအတွက် ထမင်းဟင်း ချက်ပြုတ်နေတတ်ပါ၏။
ဆေးကုသမှု ခံယူရန် လာရောက်သော အနီးအနားမှ ရွာသားများကို သမားတော်ကြီး ကုသရာတွင်လည်း သူ မကြာခဏ ကူညီလေ့ရှိပြီး ဆေးဖော်စပ်ပေးကာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်လေ့ရှိသေးသည်။
တစ်ခါတရံတွင် ရှောင်လီကို ရွာအပြင်ဘက်သို့ ငါးဖမ်းရန်ပင် ခေါ်သွားတတ်ပြီး နေ့တစ်ဝက်ခန့် ငါးဖမ်းနေလေ့ရှိသည်မှာလည်း မထူးဆန်းပေ။
နေ့စဉ် သူ ကျင့်ကြံရန် အသုံးပြုသည့်အချိန်မှာ တကယ်ကို အလွန်နည်းပါးလှပေသည်။
သူ ကြိုးစားသည်ဟု ပြောမည်ဆိုလျှင် ပုံကြီးချဲ့ရာ ကျမည်ဖြစ်ပြီး ပျင်းရိသည်ဟု ပြောခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။
အကယ်၍ လုချင်းသာ အတိတ်ကာလက လီဟော်ဂိုဏ်းတွင် ရှိနေခဲ့ပါက ဤကဲ့သို့ ပျင်းရိသော တပည့်မျိုးသည် သေချာပေါက် အဆူခံရမည်ပင်။
ပိုမို ဆိုးရွားသော အခြေအနေများတွင် ဂိုဏ်းမှပင် ထုတ်ပယ်ခံရနိုင်ပါ၏။
သို့တိုင် လုချင်း၏ ကျင့်ကြံခြင်းအပေါ် ပေါ့ပေါ့ပါးပါးနှင့် အလွန် ပေါ့ပျက်ပျက်နိုင်သော သဘောထား ရှိနေသော်လည်း တစ်လကျော်အတွင်းမှာပင် လုချင်းသည် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့ မည်သို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို ယန် ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရလေ၏။
ယခု နောက်ထပ် နှစ်လ ကုန်လွန်သွားပြီး သူသည် ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိနေပြီပင်။
အံ့သြစရာ အကောင်းဆုံးမှာ သူ ကျင့်သုံးသော ကျင့်စဉ်နည်းလမ်းမှာ ရှေးဟောင်း မသေမျိုးကျင့်ကြံခြင်းခေတ်မှ သဘာဝဓာတ်ငါးပါး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ဖြစ်နေပြီး ၎င်း၏ တိုးတက်မှု နှေးကွေးခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ခြင်းပင်။
လူအများစုအတွက်မူ ဤမျှ တိုတောင်းသောအချိန်အတွင်း ဤကျင့်စဉ်ကို စတင်ရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။
ပြီးခဲ့သည့် နှစ်လ၊ သုံးလ တစ်လျှောက်လုံး ယန်သည် လုချင်း သူ၏ ကျင့်ကြံခြင်းတွင် ရုန်းကန်နေရသည်ကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။
သူ၏ တိုးတက်မှုမှာ မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့ချေ။
နေ့စဉ် ကျင့်ကြံရန် အချိန်များစွာ မယူသော်လည်း လုချင်းသည် အချိန်တိုင်း ပို၍ သန်စွမ်းလာနေကြောင်း ယန် ရှင်းရှင်းလင်းလင်း ခံစားနိုင်လေ၏။
လုချင်းနှင့် အချိန်ပိုဖြုန်းလေလေ၊ ယန်သည် ၎င်းကို ပိုမို ခံစားရလေလေပင်။
လုချင်း၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံး နေရာတွင် သမုဒ္ဒရာကဲ့သို့ အဆုံးအစမရှိသော၊ နားလည်ရခက်သည့် ကြီးမားလှသော အလားအလာတစ်ခု ရှိနေလေ၏။
သတိမထားမိဘဲ ယန်သည် သူသာ လုချင်းနောက်သို့ ဆက်လက် လိုက်ပါသွားမည်ဆိုပါက တစ်နေ့တွင် သူ၏ ကိုယ်ပိုင် ကန့်သတ်ချက်များမှ အမှန်တကယ် လွတ်မြောက်နိုင်မည့် နေ့တစ်နေ့ ရောက်လာနိုင်သည်ဟု တွေးတောလာမိလေသည်။
အတန်ကြာပြီးနောက်၌ လုချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရတနာကဲ့သို့သော အလင်းရောင်မှာ ပြန်လည် ရုတ်သိမ်းသွားပြီး သူ၏ အငွေ့အသက်မှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားကာ သူ မျက်လုံးများကို ဖွင့်လိုက်တော့၏။
သူ၏ အကြည့်မှာ ကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ တည်ငြိမ်ပြီး နက်ရှိုင်းနေလေသည်။
"ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်ကို အောင်အောင်မြင်မြင်နဲ့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေး။"
ယန်က ချက်ချင်း ဂုဏ်ပြုစကား ပြောကြားလိုက်လေသည်။
"ဒီအဆင့်တက်တာက သေးသေးလေးပါ၊ ပြောပလောက်စရာ မရှိပါဘူး" လုချင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။
သဘာဝဓာတ်ငါးပါး ဘူးသီးခြောက်ကို သူ၏ အသက်သွေးကြော ရတနာအဖြစ် ထားရှိပြီး ဝိညာဉ်စွမ်းအင်များကို အစဉ်မပြတ် သန့်စင်ပေးနေသဖြင့် သူသည် ကျင့်ကြံရန် အချိန်များစွာ မယူသကဲ့သို့ ထင်ရပေမည်။
အမှန်တကယ်တွင် သူ၏ ကျင့်ကြံခြင်းမှာ နေ့ရောညပါ အနားမရဘဲ တိုးတက်နေခဲ့ခြင်း ဖြစ်ပါ၏။
ယခင်က သူ ဖြတ်သန်းခဲ့ရသော ကောင်းကင်အတိဒုက္ခအပြင် ချီစွမ်းအင်ကိုးပါးက ချပေးခဲ့သော အခြေခံအုတ်မြစ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ၌ လအနည်းငယ်အတွင်း အဆင့်ငယ်နှစ်ဆင့် ထိုးဖောက်ဝင်ရောက်ခြင်းမှာ လုချင်းအတွက် လုံးဝ ပုံမှန်သာ ဖြစ်နေပုံရလေသည်။
"ဒီအဆင့်တက်တာက သေးသေးလေး ဆိုပေမဲ့ သခင်လေးရဲ့ ခန္ဓာကိုယ် မွေးရာပါ ပါရမီက ထူးခြားပြီး အခြေခံအုတ်မြစ်ကလည်း ခိုင်မာတယ်လေ။ သခင်လေးက ချီသန့်စင်ခြင်း ပြီးပြည့်စုံမှုအဆင့်ကိုပဲ ရောက်သေးတယ်ဆိုပေမဲ့ သခင်လေးရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ ရတနာလိုမျိုး အလင်းရောင်ကြောင့် သာမန် အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် သခင်လေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"
ယန်၏ စကားများမှာ မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ပေ။
လုချင်းသည် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဖြူရောင် ရတနာအလင်းတန်းမှာ အလွန် သိပ်သည်းနေပါ၏။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ပြီးပြည့်စုံမှုအဆင့်ရှိ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်နှင့် တန်းတူ ရှိနေလေသည်။
အမှန်တကယ် တိုက်ပွဲတွင် မှော်လက်နက်များ သို့မဟုတ် အခြားနည်းစနစ်များကို အသုံးမပြုဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တစ်ခုတည်းကိုသာ အားကိုးမည်ဆိုလျှင်ပင် လုချင်းသည် အခြေတည်အဆင့် ကျင့်ကြံသူ အများစုကို အနိုင်ယူနိုင်လောက်လေသည်။
လုချင်းက ခေါင်းခါလိုက်ပြီး ဘာမှမပြောပေ။
အခြေတည်အဆင့် ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို အနည်းငယ် နားလည်ထားကြပါ၏။
သူတို့ အသုံးပြုနိုင်သော နည်းစနစ်များသည် ချီသန့်စင်ခြင်းအဆင့်ရှိ သူများထက် များစွာ သာလွန်ပါသည်။
သူ၏ ခွန်အားမှာ ကြီးမားသော်လည်း ထိုကျင့်ကြံခြင်း အဆင့်သို့ မရောက်သေးပေ။
အကယ်၍ သူသာ ထိုအဆင့်ရှိ ပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ရပါက ရုပ်ပိုင်းဆိုင်ရာ ခွန်အား တစ်ခုတည်းဖြင့် အနိုင်ရနိုင် ၊ မရနိုင် ဆိုသည်မှာ ပြောရန် ခက်ခဲသေးပါ၏။
"ယန်ချန်ပေ့၊ ဒီတစ်ခေါက် ကျွန်တော် တရားထိုင်နေတာ ဘယ်လောက်ကြာသွားလဲ။"
"သိပ်မကြာပါဘူး၊ သုံးရက်ပဲ ရှိပါသေးတယ်။"
"သုံးရက် ဟုတ်လား။" လုချင်းက ခေါင်းညိတ်လိုက်လေသည်။ "ဒီလိုဆိုရင် ကျွန်တော် တောင်ပေါ် မလာခင်က လယ်ထဲက ဝိညာဉ်စပါးတွေ အပြည့်အဝ မှည့်လုနီးပါး ဖြစ်နေလောက်ပြီပဲ။
အခုဆို ရိတ်သိမ်းလို့ ရလောက်ပြီပေါ့"
အမှန်တကယ်ပင် လွန်ခဲ့သည့် လအနည်းငယ်က လုချင်း စိုက်ပျိုးပြီး ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော ဝိညာဉ်စပါး တစ်သုတ်သည် နောက်ဆုံးတွင် အပြည့်အဝ ရင့်မှည့်လာခဲ့ပြီပင်။
သုံးရက်အလိုက လုချင်းသည် ၎င်းကို ရိတ်သိမ်းရန် စီစဉ်ထားခဲ့သော်လည်း ရုတ်တရက် အဆင့်တက်ရန် အခွင့်အရေးကို သူ ခံစားလိုက်ရ၏။
ထို့ကြောင့် ရိတ်သိမ်းခြင်းကို အနည်းငယ် ရွှေ့ဆိုင်းကာ သီးသန့် တရားထိုင်ရန် တောင်ပေါ်သို့ တက်လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ဤအကြောင်းကို တွေးမိသောအခါ လုချင်းသည် စိတ်လှုပ်ရှားမှု လှိုင်းတစ်ခုကို ခံစားလိုက်ရလေသည်။
သူသည် ယွီဟွာဂူအတွင်းမှ ချက်ချင်း ထွက်ခွာလာပြီး ချိုင့်ဝှမ်းမှ ထွက်ကာ ရွာဆီသို့ အလျင်အမြန် သွားလိုက်တော့၏။
ခရီးသွားနေစဉ် လုချင်းသည် သူ၏ ပတ်ဝန်းကျင်ရှိ တောအုပ်၏ အခြေအနေကို အာရုံခံကြည့်လိုက်သည်။
လအနည်းငယ် အကြာတွင် တောင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များမှာ များစွာ ပိုမို သိပ်သည်းလာကြောင်း သူ သတိပြုမိလိုက်၏။
သစ်ပင်ပန်းမန်များမှာလည်း ပို၍ပင် စိမ်းလန်းစိုပြည်လာပြီး ယခင်ကတည်းက ကြီးမားသော သစ်ပင်များစွာမှာ ပို၍ပင် ကြီးမားလာကြလေ၏။
အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများနှင့် ပတ်သက်၍မူ ပြောစရာပင် မလိုတော့ပေ။
သူတို့၏ အဆိပ်များ ပိုမို ပြင်းထန်လာရုံသာမက သူတို့၏ ခန္ဓာကိုယ်များမှာလည်း စတင် ပြောင်းလဲလာကြလေသည်။
ခရီးစဉ်တစ်လျှောက်တွင် လုချင်းသည် တောက်ပသော အရောင်အသွေးရှိသည့် မျက်နှာအရွယ်အစားခန့်ရှိ အဆိပ်ရှိ ပင့်ကူများကို မကြာခဏ တွေ့မြင်ရလေသည်။
အကယ်၍ သူ၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်နှင့် ဤအဆိပ်ရှိ သတ္တဝါများကို ဝေးဝေးတွင် နေစေသော သူ ထုတ်လွှတ်သည့် အငွေ့အသက်သာ မရှိခဲ့ပါက တောင်ပေါ်သို့ ဝင်ရောက်လာသော ပိုမို အားနည်းသည့် သိုင်းပညာရှင်တစ်ဦးမှာ သူတို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည်မှာ သေချာလှပေသည်။
"ဒီတောင်တန်းတစ်သိန်းက လူသူကင်းမဲ့တဲ့ နေရာ၊ လူသားတွေအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာနေပြီပဲ။
အခုဆို အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေသာ ဒီထဲကို ဝင်လာနိုင်တော့မယ်။ သာမန် သိုင်းပညာရှင်တွေအတွက်တော့ သူတို့ အသက်ရှင်နိုင်မယ့် နည်းလမ်း မရှိတော့ဘူး။"
တောင်ပေါ်ရှိ အပြောင်းအလဲများကို ခံစားမိသောအခါ၌ လုချင်းသည် ရွာသို့ ပြန်ရောက်ပါက တောင်ပေါ်သို့ အလွယ်တကူ မဝင်ရောက်ကြရန် ရွာသားများကို ထပ်မံ သတိပေးရန် စိတ်ထဲတွင် မှတ်သားထားလိုက်လေ၏။
သူ၏ လက်ရှိ အရှိန်ဖြင့် ယွီဟွာဂူ မှ ကျိုးလီရွာသို့ ပြန်ရန် အချိန်သိပ်မကြာလိုက်ပေ။
ဝင်္ကပါအစီအရင်ကို စစ်ဆေးပြီး ထူးခြားမှု ဘာမှမရှိကြောင်း တွေ့ရှိပြီးနောက်မှပဲ လုချင်းသည် သမားတော်ကြီး၏အိမ်ဆီသို့ တိုက်ရိုက် သွားလိုက်တော့၏။
ထိုနေရာတွင် သူ၏ ဆရာဖြစ်သူနှင့် အဘိုးကျန်းတို့အပြင် ရွာသူကြီးအချို့သည် ဝိညာဉ်လယ်ကွက်များဘေးတွင် ရပ်ကာ ဝိညာဉ်စပါးများကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို သူ တွေ့လိုက်ရလေသည်။
"ဆရာ၊ အဘိုးကျန်း၊ အဘိုးချန်..." လုချင်းက အနီးသို့ ချဉ်းကပ်သွားရင်း နှုတ်ဆက်လိုက်သည်။
"အားချင်း၊ မင်း တရားထိုင်ရာကနေ ထွက်လာပြီလား။" သမားတော်ကြီးချန်သည် အံ့သြတကြီး လှည့်ကြည့်လိုက်ပြီး သူ၏ မျက်နှာ လင်းလက်သွားလေ၏။ "ငါတို့က ဝိညာဉ်စပါးတွေကို စပြီး ရိတ်သင့်၊ မရိတ်သင့် စိုးရိမ်နေတာ။ မင်း အချိန်ကိုက် ပြန်ရောက်လာတာပဲ"
"ဝိညာဉ်စပါးတွေ အပြည့်အဝ မှည့်နေပြီလား။" လုချင်းက မေးလိုက်လေသည်။
"အပြည့်အဝ မှည့်နေပြီ။ ငါ ခုလေးတင် အဘိုးကျန်းတို့ကို မေးကြည့်တာ၊ သူတို့က မြန်မြန် မရိတ်ရင် ကြွေကျကုန်လိမ့်မယ်လို့ ပြောနေကြတာလေ" သမားတော်ကြီးချန်က ပြန်ဖြေလိုက်လေသည်။
ဤသည်မှာ စောစောက သူတို့ စိုးရိမ်နေခဲ့သည့် အကြောင်းရင်းပင်ဖြစ်၏။ေ
လုချင်းသည် ဝိညာဉ်စပါးကို စိုက်ပျိုးခဲ့ပြီး ယခု ရိတ်သိမ်းရန် အချိန်ရောက်နေပြီ ဖြစ်သော်လည်း သူက သီးသန့် တရားထိုင်နေခဲ့လေသည်။
အကယ်၍ သူတို့ အချိန်မီ မရိတ်သိမ်းနိုင်ဘဲ မှည့်နေသော စပါးများ မြေကြီးပေါ်သို့ ကြွေကျသွားပါက အလွန် နှမြောစရာ ကောင်းမည်ပင်။
ဘာပဲဖြစ်ဖြစ် ၎င်းသည် ဝိညာဉ် ကောက်ပဲသီးနှံ တစ်ခုဖြစ်ပြီး စပါးစေ့တိုင်းသည် အလွန် တန်ဖိုးရှိလှပေ၏။
ကံကောင်းစွာပင် လုချင်း အချိန်ကိုက် ပြန်ရောက်လာပြီး သူတို့၏ စိုးရိမ်မှုများကို ဖြေဖျောက်ပေးလိုက်ပါသည်။
"ဟုတ်တယ် အားချင်း၊ မင်း ဒီဝိညာဉ်စပါးကို အမြန် မရိတ်ရင် အများကြီး အလဟဿ ဖြစ်သွားလိမ့်မယ်။"
အဘိုးကျန်းနှင့် အခြား သူကြီးများကလည်း ဝင်ပြောကြလေ၏။
လုချင်းသည် ဝိညာဉ်လယ်ကွက်အစပ်နားသို့ လျှောက်သွားပြီး ဝိညာဉ်စပါးများကို ကြည့်လိုက်သည်။
စပါးနှံတိုင်းသည် ရွှေရောင် တောက်ပနေသော စပါးစေ့များဖြင့် လေးလံနေပြီးပပြည့်ဖြိုးနေလေပြီပင်။
အမှန်တကယ်ပင် ရိတ်သိမ်းရန် အကောင်းဆုံး အချိန်ဖြစ်ပါ၏။
သူ ခေါင်းညိတ်လိုက်သည်။ "အဘိုးကျန်း ပြောတာ မှန်တယ်၊ ရိတ်သိမ်းဖို့ အချိန်ရောက်ပြီပဲ။"
"ဒါဆို အချိန်မဖြုန်းတော့ဘူး။ ငါ တံစဉ် သွားယူလိုက်ဦးမယ်" သမားတော်ကြီးချန်က အမြန်ပြောလိုက်၏။
"အချိန်ကိုက်ပဲ ငါတို့လည်း အားနေတာဆိုတော့ မင်းကို ရိတ်သိမ်းရာမှာ ကူညီပေးလို့ ရတယ်။"
အဘိုးကျန်းနှင့် အခြား သူကြီးများသည် ကူညီရန် အသင့်ပြင်လျက် သူတို့၏ အင်္ကျီလက်များကို စတင် ခေါက်တင်ကြတော့၏။
သို့သော် လုချင်းက ဤသက်ကြီးရွယ်အိုများကို လယ်ထဲတွင် မည်သို့ အလုပ်လုပ်ခိုင်းနိုင်မည်နည်း။ သူ အမြန် တားလိုက်ရပါသည်။
"ဆရာ၊ အဘိုးကျန်း၊ ဒုက္ခခံစရာ မလိုပါဘူးဗျာ။ ဝိညာဉ်စပါး ရိတ်ဖို့ ကျွန်တော့်မှာ ပိုကောင်းတဲ့ နည်းလမ်း ရှိပါတယ်။ တံစဉ် မလိုပါဘူးဗျ။"
"ပိုကောင်းတဲ့ နည်းလမ်း ဟုတ်လား။" သမားတော်ကြီးချန်မှာ တွေဝေသွားလေသည်။
"တံစဉ် မပါဘဲ စပါးကို ဘယ်လိုလုပ် ရိတ်မှာလဲ။"
အဘိုးကျန်းနှင့် အခြားသူများသည်လည်း အလားတူပင် နားမလည်နိုင် ဖြစ်နေကြလေ၏။
"ဒီဟာနဲ့လေ။"
လုချင်းက ပြုံးလိုက်ပြီး သူ၏ ခါးမှ ကောင်းကင်နှင့် မြေကြီး ချီအိတ်ကို ယူကာ လေထဲသို့ ပစ်တင်လိုက်တော့၏။
စိတ်အာရုံ တစ်ချက်ဖြင့် ကောင်းကင်နှင့် မြေကြီး ချီအိတ်သည် လေထဲတွင် လျင်မြန်စွာ ကြီးမားလာပြီး အိမ်တစ်ဝက်ခန့် အရွယ်အစားသို့ ရောက်ရှိသွားတော့၏။
ထို့နောက် အိတ်၏ အဝသည် အောက်ဘက်သို့ မျက်နှာမူသွားပြီး ၎င်း၏ အပေါက်မှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဝိညာဉ်လယ်ကွက်များပေါ်သို့ ထိုးကျလာလေသည်။
အစိမ်းရောင် အလင်းတန်း ထိတွေ့ရာ နေရာတိုင်းတွင် ဝိညာဉ်စပါးများသည် စပါးရိုးတံများမှ လွင့်တက်လာပြီး ကောင်းကင်နှင့် မြေကြီး ချီအိတ်ထဲသို့ စုပ်ယူသွားတော့သည်။
အလင်းတန်းသည် လယ်ကွက်များပေါ်တွင် ရွေ့လျားသွားပြီး ဝိညာဉ်စပါးများကို စုဆောင်းသွားပါ၏။
အချိန်တိုအတွင်းမှာပင် ဝိညာဉ်လယ်ကွက် နှစ်ဧကကို ရိတ်သိမ်းပြီးစီးသွားပြီး ဝိညာဉ်စပါးများ အားလုံး ကောင်းကင်နှင့် မြေကြီး ချီအိတ်ထဲသို့ စုဆောင်းမိသွားပြီပင်။
ရိတ်သိမ်းခြင်း ပြီးဆုံးသွားပြီးနောက်တွင်တော့ လုချင်းသည် သူ၏ လက်ချောင်းများဖြင့် လက်သင်္ကေတတစ်ခု ဖော်လိုက်ရာ ကောင်းကင်နှင့် မြေကြီး ချီအိတ်ထဲမှ ထက်မြက်သော အစိမ်းရောင် လေဓားသွားများ ထွက်ပေါ်လာပြီး ဝိညာဉ်လယ်ကွက်များကို ဖြတ်သန်း တိုက်ခတ်သွားလေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
မျက်စိတစ်မှိတ်အတွင်း လယ်ကွက်ထဲတွင် မတ်မတ်ရပ်နေသော စပါးရိုးတံများသည် အမြစ်များမှ သပ်ရပ်စွာ ဖြတ်တောက်ခံလိုက်ရပြီး အစီအရီ လဲကျသွားကြ၏။
အရာအားလုံး ပြီးစီးသွားသောအခါ လုချင်းသည် ကောင်းကင်နှင့် မြေကြီး ချီအိတ်ကို သူ၏ လက်ထဲသို့ ပြန်၍ ခေါ်ယူလိုက်တော့၏။
ထိုလုပ်ငန်းစဉ်တစ်ခုလုံးသည် အသက်ရှူကြိမ် အနည်းငယ်သာ ကြာမြင့်ခဲ့ပါ၏။
သဘာဝကျကျပင် အဘိုးကျန်းနှင့် အခြားသူများမှာ သူတို့ ယခုလေးတင် မျက်မြင်တွေ့ရှိခဲ့ရသည့် အရာများကြောင့် ဆွံ့အမှင်သက်သွားကြလေခဲ့သည်ပင်။
လုချင်းသည် စပါးရိတ်သိမ်းရန် ဤကဲ့သို့သော မှော်ဆန်သည့် နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးမိခဲ့ကြပေ။
ပြီးတော့ သူလုပ်ဆောင်သွားသည့် အရှိန်မှာ သူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေလေ၏။
ပုံမှန်အားဖြင့် စပါးရိတ်သိမ်းသည့်အခါ မိသားစု တစ်စုလုံး ပါဝင်လုပ်ဆောင်ရပြီး လယ်နှစ်ဧကကို ရိတ်သိမ်းရန် ရက်အတော်ကြာ အချိန်ယူရပါသည်။
စပါးရိတ်သိမ်းခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
ရိတ်သိမ်းခြင်းအပြင် စပါးလှေ့ခြင်း၊ သယ်ယူခြင်း၊ နေလှန်းခြင်းနှင့် လေပြေသွေးခြင်းတို့ ပါဝင်သည်။
အဆင့်တိုင်းမှာ ပင်ပန်းနွမ်းနယ်စရာပင် ဖြစ်ပါ၏။
ရိတ်သိမ်းရန် ဤမျှ အဆင်ပြေပြီး လျင်မြန်သော နည်းလမ်းရှိသည်ဟု ဘယ်သူက စိတ်ကူးယဉ်နိုင်မည်နည်း။
ရုတ်တရက် သက်ကြီးရွယ်အိုများ အားလုံးသည် လုချင်း၏ ကောင်းကင်နှင့် မြေကြီး ချီအိတ်ကို တောက်ပပြီး စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
"အားချင်း၊ အဲဒါက ဘယ်လို ရတနာမျိုးလဲ။ အလိုအလျောက် စပါးရိတ်သိမ်းနိုင်လောက်အောင်အထိ ဘယ်လိုလုပ် ဒီလောက် မှော်ဆန်နေရတာလဲ။"
သူတို့၏ မျက်လုံးများထဲမှ စိတ်အားထက်သန်သော အကြည့်များကို မြင်သောအခါ လုချင်းသည် သူတို့ ဘာတွေးနေသည်ကို နားလည်သွားပြီး ပြုံးလိုက်လေသည်။
"အဘိုးကျန်း၊ ဒီရတနာကို ကောင်းကင်နဲ့ မြေကြီး ချီအိတ်လို့ ခေါ်တယ်ဗျ။ ကျွန်တော် အမှတ်မထင် ရခဲ့တာပါ။ သူ့ထဲမှာ နေရာလွတ် တစ်ခုပါပြီး ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းထားနိုင်ပါတယ်ဗျ။"
"အံ့သြစရာပဲ၊ တကယ်ကို အံ့သြစရာပဲ"
ဤသည်ကို ကြားသောအခါ၌ သက်ကြီးရွယ်အိုများမှာ ပို၍ပင် အံ့အားသင့်သွားကြလေတော့၏။
"ဪ၊ ဒါနဲ့ အဘိုးကျန်း။ ပြီးခဲ့တဲ့ အကြိမ် ခရီးက ပြန်ရောက်တုန်းက ရွာက လူတိုင်းကို ထမင်းတစ်နပ် ကျွေးချင်တယ်လို့ ကျွန်တော် ပြောခဲ့တယ်လေ။"
"ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သင့်တော်တဲ့ အချိန်ကို မရှာတွေ့ခဲ့ဘူး။"
"အခု ဝိညာဉ်စပါးတွေ အဆင်သင့်ဖြစ်ပြီဆိုတော့ မနက်ဖြန်ကျရင် အားလုံးအတွက် ဝိညာဉ်စပါး ထမင်းတစ်နပ် ချက်ကျွေးရင် ဘယ်လိုလဲ" လုချင်းက ပြုံးလျက် ပြောလိုက်လေ၏။
"ဒီဝိညာဉ်စပါးကို သုံးပြီး ရွာက လူတိုင်းကို ကျွေးမလို့လား။" အဘိုးကျန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
လုချင်း စိုက်ပျိုးထားသော ဝိညာဉ်စပါး၏ တိကျသော အကျိုးသက်ရောက်မှုများကို သူ မသိသော်လည်း နေ့စဉ် မနက်တိုင်း ဝိညာဉ်လယ်ကွက်များကို ရေလောင်းရန် လုချင်း မန္တန်အသုံးပြုနေသည်ကို သူ မကြာခဏ မြင်တွေ့ခဲ့ရပါ၏။
မန္တန်ဖြင့် စိုက်ပျိုးထားသော စပါးမှာ အလွန် တန်ဖိုးကြီးမည်မှာ ရှင်းလင်းလှပေသည်။
"ဟုတ်တယ်ဗျ။ ဒီဝိညာဉ်စပါးအတွက် မျိုးစေ့တွေကို ရွာသားတွေက ထောက်ပံ့ပေးခဲ့တာလေ။"
"အခု သူတို့ ရင့်မှည့်လာပြီဆိုတော့ အားလုံး မြည်းစမ်းခွင့် ရသင့်တာပေါ့" လုချင်းက ခေါင်းညိတ်လိုက်လေ၏။
"အဲဒီလိုဆိုရင်လည်း ငါ ပြန်ရောက်ရင် အားလုံးကို အကြောင်းကြားလိုက်မယ်" ခေတ္တမျှ စဉ်းစားပြီးနောက် အဘိုးကျန်းက သဘောတူလိုက်သည်။
အဘိုးကျန်းက သဘောတူလိုက်ပြီဖြစ်ရာ အခြား သူကြီးများလည်း သဘာဝကျကျပင် ကန့်ကွက်စရာ မရှိတော့ပေ။
သူတို့သည် ဝိညာဉ်စပါး၏ အရသာကို အလွန် သိချင်နေကြပါ၏။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်စပါးကို သူတို့ အနီးကပ် တွေ့မြင်ခဲ့ရပြီးပြီပင်။
တစ်သက်လုံး လယ်သမားများအဖြစ် နေထိုင်လာခဲ့ရာ ဤမျှ ပြီးပြည့်စုံပြီး တောက်ပနေသော စပါးစေ့မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
ပြည့်ဖြိုးပြီး ရွှေရောင် တောက်ပနေသော စပါးစေ့များသည် မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေလေ၏။
ချက်လိုက်သောအခါ မည်သို့ အရသာရှိမည်ကို သူတို့ သိချင်စိတ် ပြင်းပြနေကြလေသည်ပင်။
"ဪ၊ ဒါနဲ့ အားချင်း၊ မင်း စပါးရိုးတံတွေကိုပါ ဖြတ်လိုက်တယ်နော်။ ထင်းအဖြစ် သုံးမလို့ စီစဉ်ထားတာလား။"
ထိုအချိန်တွင် သူကြီးတစ်ဦးက မေးလိုက်၏။
"မဟုတ်ပါဘူးဗျာ" လုချင်းက ခပ်ဟဟ ရယ်မောလိုက်လေသည်။ "ဒီစပါးရိုးတံတွေက အများကြီး အသုံးဝင်သေးတယ်လေ။ မီးရှို့ပစ်လိုက်ရင် အရမ်း နှမြောစရာ ကောင်းသွားမှာပေါ့။"
"အဘိုးမူ၊ ခင်ဗျား ဒါတွေကို သဘောကျလို့လား။"
သူကြီးက ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ပြန်ဖြေလိုက်၏၊ "ဒီလောက်ကောင်းတဲ့ ရိုးတံတွေကို မီးရှို့ပစ်ရင် နှမြောစရာ ကောင်းတယ်လို့ ထင်လို့ပါ။"
"အဘိုးမူက ယက်လုပ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ခင်ဗျားကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ။"
အဘိုးမူမှာ အံ့အားသင့်သွားလေ၏။ "ဘာများလဲ။"
"ဒီစပါးရိုးတံတွေကို ကျွန်တော့်အတွက် ဖျာတွေ၊ ခေါင်းအုံးတွေအဖြစ် ယက်လုပ်ပေးစေချင်လို့ပါ။"
"ဒါလွယ်လွယ်လေးပါ၊ ငါ့တာဝန်သာ ထားလိုက်"
အဘိုးမူက သူ၏ ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်တော့သည်။
သူ၏ ယက်လုပ်ခြင်းစွမ်းရည်အတွက် သူ အလွန် ဂုဏ်ယူပါ၏။ တစ်နယ်လုံးတွင် သူ့ထက် ယက်လုပ်ရာ၌ ပိုကောင်းသူ မရှိပေ။
"ကျေးဇူးတင်ပါတယ် အဘိုးမူ။"
လုချင်းက ပြုံးလိုက်လေသည်။
ဤစပါးရိုးတံများသည် ကြီးထွားလာစဉ်တွင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူထားခဲ့ကြပြီး သဘာဝအလျောက် ဝိညာဉ်အနှစ်သာရများ ပါဝင်နေသဖြင့် ဝိညာဉ်ပစ္စည်း တစ်မျိုး ဖြစ်လာကြလေသည်။
အကယ်၍ ဖျာများ သို့မဟုတ် ခေါင်းအုံးများအဖြစ် ယက်လုပ်လိုက်ပါက ၎င်းတို့တွင် ပါဝင်သော ဝိညာဉ်အနှစ်သာရသည် အိပ်စက်နေစဉ်အတွင်း ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး စိတ်ကိုလည်း တည်ငြိမ်စေနိုင်ပါသည်။
၎င်းတို့သည် အမှန်တကယ်ပင် ကောင်းမွန်သော ရတနာတစ်ခု ဖြစ်သဖြင့် လုချင်းသည် ၎င်းတို့ကို အလဟဿ မဖြစ်စေချင်ပေ။