ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်များနှင့် ရင်ဆိုင်ရမည်လား
Vol. 22 Ch. 295
အခန်း (၂၉၅) ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်များနှင့် ရင်ဆိုင်ရမည်လား
ညဘက်တွင်တော့ ရှောင်ယွိက ကျောက်သားစားပွဲလေးထက်တွင်ထိုင်ရင်း ကောင်းကင်ထက်မှကြယ်စင်များကို မော့ကြည့်နေသည်။
အရင်တစ်ခေါက် သူမရောက်ခဲ့စဉ်က မိုးများရွာသွန်းနေခဲ့သည်။ ယခုတော့ ကြယ်စင်များက တောက်ပလျှက် ရှိ၏။
ရှောင်ယွိက နောက်သို့ လှည့်ကြည့်ပြီး ကျန်းလန် ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမက စားပွဲထက်တွင် ခေါင်းမှီရင်း ခြေထောက်များကိုလှုပ်ရမ်းကာ ကြယ်စင်များကို မော့ကြည့်လိုက်သည်။
ကျန်းလန်ကတော့ ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေသည်။
ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်မသွားတော့ပေ။ မနက်ဖန် နဝမတောင်ထွတ်မှပင် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲသို့ တန်းသွားရန် စီစဉ်ထားသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ မနက်ဖန် ရှင် ဘယ်အထပ်ကို သွားရမှာလဲ"
ကျန်းလန်က…
"တတိယထပ်…"
ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ကျွန်မက စတုတ္ထထပ်ကို သွားရမှာ ၊ ကျွန်မ အချိန်အားရင် ရှင့်ဆီလာခဲ့မယ်နော်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
အမှန်တော့ လုန်ယွိအနားတွင် ရှိနေခြင်းက သူ့အတွက် လှုပ်ရှားရ မလွယ်ကူပေ။
သို့သော် အခြားအထပ်များသို့ အကူးအပြေင်းလုပ်ခြင်းက လွယ်ကူသည်မဟုတ်ပေ။ စည်းကမ်းထဲတွင်လည်း အထပ်အကူးအပြောင်းမလုပ်ရန် တားမြစ်ထားသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ဘယ်သူနဲ့ သွားမှာလဲ"
ရှောင်ယွိက ခန္ဓာကိုယ်ကို ခပ်မတ်မတ်ပြန်ထိုင်ရင်း ကျန်းလန်ကို ကြည့်လိုက်သည်။
"ဂိုဏ်းတူညီမလေး လင်စီးယာနဲ့ သွားမှာလေ ၊ သူလည်း မရှိမှုအာကာသအဆင့် အောင်မြင်ခါနီးနေပြီ"
ပြီးမှ သူမက ကျန်းလန်ဆီသို့ ခေါင်းလေးအသာငဲ့ကြည့်ရင်း…
"ဘာလဲ… ဂိုဏ်းတူမောင်လေးနဲ့ အတူသွားမယ့်သူ မရှိလို့လား"
ဟု မေးလိုက်သည်။
ကျန်းလန်ထက်ဆာလျှင် သူမတွင် အတူသွားမည့် အဖော်တစ်ယောက် ရှိနေသောကြောင့် ဂုဏ်ယူနေဟန်ဖြင့် သူမအသံက လှောင်ရယ်သံစွက်လျှက် ရှိသည်။
"ဂိုဏ်းတူမောင်လေးပြီးရင် ကျွန်မက ဂိုဏ်းတူညီမလေး လင်စီးယာနဲ့ အရင်းနှီးဆုံးလေ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မက ဂိုဏ်းတူမောင်လေးထက် အပေါင်းအသင်းများတယ်"
ကျန်းလန် : "……"
အတူတူနဲ့အနူနူကို ပြောနေရသေးဟု ကျန်းလန် တွေးလိုက်၏။
အမှန်တော့ သူသိသည့် လူအရေအတွက်သည်လည်း နည်းသည် မဆိုသာပေ။
ဂိုဏ်းတူအစ်ကိုကျင်းထင်ကို သူ သိရှိလေသည်။ သူက မရှိမှုအာကာသ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ထို့ပြင် အင်မော်တယ်များဖြစ်ကြသည့် အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှ ကောင်ငယ်လေးနှင့် ဂိုဏ်းတူအစ်ကိုလုကျန်းတို့သည်လည်း သူနှင့် ခင်မင်ကြသည်။
အင်မော်တယ် ဖြစ်ခါနီးပြီဖြစ်သည့် ဂိုဏ်းတူအစ်ကိုပေဖန်းနှင့် ဂိုဏ်းတူအစ်ကို ကျိချိုးတို့နှင့်လည်း အတန်ငယ် သိကျွမ်းလေ၏။
***
နံနက်ခင်းအချိန်။
ကျန်းလန်က လုန်ယွိကို တတိယတောင်ထွတ်သို့ လိုက်ပို့ပေးလေသည်။
နဝမတောင်ထွတ်မှ သူတို့ဆင်းလာသည်နှင့် ရှောင်ယွိက လုန်ယွိပုံစံ ပြေင်းလဲလိုက်သည်။
မျက်နှာအမူအရာအေးစက်သွားပြီး စကားပြောဆိုဟန် ပြောင်းလဲသွားသည်မှလွဲပြီး အခြားသောထူးခြားချက် မရှိပေ။ ထို့ကြောင့် ကျန်းလန်က သူမနှင့် မရင်းနှီးသလို မခံစားခဲ့ရပေ။
လုန်ယွိက ကျန်းလန်ကို ကြည့်လိုက်ပြီး နူးညံ့စွာဆိုသည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မလာရှာတာကို စောင့်နေနော်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် တတိယတောင်ထွတ်တွင် သူတို့ (၂)ယောက် လမ်းခွဲလိုက်ကြပြီး ကျန်းလန်တစ်ယောက်တည်း ဆက်လက်ထွက်ခွာလာခဲ့သည်။
မဟူရာမှော်ရုံနယ်မြေသို့သွားရောက်ပြီး ဝင်ခွင့်ရရန် စောင့်ဆိုင်းရမည် ဖြစ်သည်။
ကျန်းလန် ဓားကိုစီးနှင်ပျံသန်းရင်း မဟူရာမှော်ရုံနယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်။
ကြီးမားသည့် ပိရမစ်ပုံသဏ္ဌန်မှော်ရုံနယ်မြေသည် ကောင်းကင်ယံထက် ပျံသန်းလျှက် ရှိပြီး ပတ်ဝန်းကျင်တွင် လူအများ စုရုံးလျှက် ရှိကြသည်။
ပိရမစ်ကြီး၏ ထိပ်ဖျားပိုင်းက တိမ်တိုက်များအတွင်း ထိုးဖောက်ဝင်ရောက်နေသည်။
တတိယထပ်ဝင်ပေါက်တွင် ကျန်းလန်က ဓားကိုစီးနှင်ရင်း စောင့်ဆိုင်းလျှက် ရှိသည်။ သူ့လိုပင် ဓားကိုစီးနှင်စောင့်ဆိုင်းနေသူ များစွာ ရှိလေသည်။
အချို့က လေထုထဲတွင် ဒီအတိုင်း မတ်တတ်ရပ်နေကြပြီး အချို့ကတော့ ကျန်းလန်ကဲ့သို့ပင် ဓားကိုစီးနှင်ထားကြသည်။
လေပြေက တိုက်ခတ်လာသည့်အခါ အေးစိမ့်မှုကို ခံဏားရလေသည်။ ကျန်းလန်ကတော့ စိတ်ရှည်လက်ရှည်ပင် ထောင့်တစ်နေရာတွင် စောင့်ဆိုင်းလျှက် ရှိတော့၏။
သို့သော် အထဲသို့မဝင်ခင် ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်၏။
များစွာသောအင်အားကြီးအုပ်စုများမှ လူပေါင်းရာနှင့်ချီ၍ စုရုံးရောက်ရှိနေကြသည်။
အားလုံးက သူတို့၏ ဂိုဏ်းဝတ်စုံ ၊ မျိုးနွယ်စုဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
နတ်မိစ္ဆာများကတော့ ထိုသို့ဝတ်ဆင်ခြင်း မရှိပေ။ သူတို့က အစကတည်းက သိသာထင်ရှားသည့် သွင်ပြင်များ ရှိကြသည်။
ကျန်းလန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
"နတ်မိစ္ဆာတွေ ၊ နတ်လူသားမျိုးနွယ်တွေ ၊ မြေအောက်နတ်ဆိုးတွေ အများကြီးပဲ ၊ ဒါပေမဲ့ တတိယထပ်မှာ နဂါးမျိုးနွယ်တွေကို သိပ်မတွေ့ရဘူး"
ကျန်းလန် တွေးလိုက်သည်။
ထိုသူများအားလုံးက သူ့ကို တိုက်ခိုက်နိုင်သည့်သူများဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
နဂါးမျိုးနွယ်များက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးခြင်း မရှိကြသောကြောင့် တတိယထပ်တွင် မရှိဘဲ အထပ်မြင့်များတွင်သာ ရှိလေမည်လား မပြောတတ်ပေ။
"ဂိုဏ်းတူအစ်မသွားမယ့် စတုတ္ထထပ်မှာတော့ နဂါးမျိုးနွယ်တွေ ရှိမယ်ထင်တယ် ၊ သူတော့ နဂါးမျိုးနွယ်တွေနဲ့ တွေ့နေရဦးမယ်ထင်တယ်"
အတွေးနှင့်တအတူ စတုတ္ထထပ်ဝင်ပေါက်ဆီသို့ ကျန်းလန် လှမ်းကြည့်လိုက်သည်။လုန်ယွိနှင့် လင်စီးယာတို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လုန်ယွိ၏ ပုံစံက ခါတိုင်းကဲ့သို့ပင် အေးစက်နေပြီး ခံစားချက်ကင်းမဲ့နေဆဲပင်။ သူမက လင်စီးယာနှင့်သာ အနည်းငယ် ရင်းနှီးဟန်ရှိသည်။
လုန်ယွိ၏ အနောက်ဘက်နားတွင်တော့ နဂါးမျိုးနွယ်အချို့ကို တွေ့ရှိလိုက်ရသည်။ နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယများလည်း အသီးသီး ရှိနေကြ၏။
အားလုံးက အန္တရယ်များသူများ ဖြစ်ကြသည်။
ကျန်းလန် အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ မှော်ရုံနယ်မြေထဲသို့ရောက်လျှင် လုန်ယွိရှိရာ စတုတ္ထထပ်သို့ သွားရောက်ကာသူမကို ကာကွယ်ပေးသင့်သလားဟု စဉ်းစားလိုက်သည်။
သို့သော် လုန်ယွိက မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်လေရာ သူမနှင့် ယှဉ်ပြိုင်နိုင်သူ သိပ်ရှိမည် မဟုတ်ပေ။
ထိုစဉ်…
အသံတစ်သံ ထွက်ပေါ်လာသည်။
"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို မဟူရာမှော်ရုံနယ်မြေတွင် ကျင်းပမှာ ဖြစ်ပါတယ် ၊ တာအိုဆွေးနွေးယှဉ်ပြိုင်ရင်း မိမိရဲ့ ကျင့်ကြံခြင်းအဆင့်ကို စီစစ်ကြပါ"
ခဏကြာပြီးနောက် စကားသံက ဆက်ပြောသည်။
"စုဝေးပွဲ စတင်ပါပြီ"
ထိုအသံက ခွန်လွန်တောင်မှ တစ်စုံတစ်ယောက်၏ အသံဖြစ်ကြောင်း ကျန်းလန် မှတ်မိနေသည်။ မကြာခဏ ကြားဖူးနေသည် မဟုတ်ပါလား။
အသေးစိတ်အချက်အလက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပြောပြခြင်းမရှိဘဲ စကားတစ်ခွန်းတည်းဖြင့်ပင် စုဝေးပွဲက စတင်ခဲ့လေသည်။
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။ သူ စည်းမျဉ်းစည်းကမ်းများကို ကြိုတင်လေ့လာထားသည့်အတွက်သာ ကံကောင်းသည်ဟု ဆိုရမည်။
ထို့နောက် တတိယထပ်တံခါး ပွင့်လာပြီး စောင့်ဆိုင်းနေသူများအားလုံး အတွင်းသို့ ဝင်ရောက်ကြသည်။ ကျန်းလန်က လူအုပ်ကြီးနှင့်ရောနှောကာ မှော်ရုံနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန် သူ့နံဘေးသို့ နတ်လူသများမျိုးနွယ်တစ်ယောက် ရောက်လာ၏။
"မင်းက ခွန်လွန်တောင်က တပည့်လား ၊ ကျုပ်တို့ အထဲမှာ ဆုံဖြစ်ကြရင် နည်းနည်းပါးပါး သင်ပြပေးဖို့ မျှော်လင့်ပါတယ်"
ကျန်းလန်က နတ်လူသားမျိုးနွယ်လူငယ်ကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ကျုပ်ကို တွေ့ချင်တယ်ဆိုရင် သိပ်အဝေးကြီးလျှောက်မသွားနဲ့ပေါ့"
သူသာ ဤနတ်လူသားမျိုးနွယ်ကို သတ်ဖြတ်ပစ်လိုက်လျှင် ထိခိုက်မှုတစ်စုံတစ်ရာ ရှိမည်လားဟု သိချင်မိသည်။ အခြေအနေစောင့်ကြည့်ပြီး အဆင်ပြေလျှင် ဒီကောင့်ကို သေလမ်းပို့ပစ်ရန် စဉ်းစားလိုက်သည်။
လူအုပ်ကြီးနှင့် တိုးဝှေ့ရမင်း တတိယထပ်တံခါးဝသို့ ကျန်းလန် ရောက်ရှိလာသည်။ တံခါးဝက ပုံသဏ္ဌန်များစွာ မကြာခဏပြောင်းလဲလျှက် ရှိသည်။
လူတစ်သုတ်ဝင်ပြီးတိုင်း တံခါးဝက တစ်ကြိမ် ပြောင်းလဲသွားသည်။ တစ်ခါဝင်လျှင် လူ (၂)ယောက် ၊ (၃)ယောက်ခန့် ဝင်ခွင့်ပြုသည်။ ကြည့်ရသည်မှ အုပ်စုလိုက် ဝင်ခွင့်ပြုထားခြင်း ဖြစ်နိုင်သည်။
တံခါးရှေ့ရောက်သည်နှင့် ကျန်းလန်လည်း အတွင်းသို့ ဝင်ရောက်လိုက်သည်။ အထဲသို့ ရောက်သည်နှင့် ဘာမှမရှိသည့် အခန်းလွတ်တစ်ခုထဲ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
သူက ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်၏။
အခန်းတစ်ခုလုံးက အလင်းရောင်များ လင်းထိန်နေပြီး မြေကြီးလည်း ရှိမနေသလို သစ်ပင်များ ပေါက်ရောက်နေခြင်းလည်း မရှိပေ။
ဤမှော်ရုံနယ်မြေက ခွန်လွန်တောင် ၊ တောင်ထွတ်များတွင် တည်ရှိသည့် မှော်ရုံနယ်မြေများနှင့်တော့ နှိုင်းယှဉ်မရပေ။ သို့သော် အလွန်တရာကြီးမားကျယ်ပြန့်ပြီး အစီအရင်များဖြင့် ပြည့်နက်နေသည်ကတော့ သေချာလေသည်။
ကျန်းလန် သူ့လက်တစ်ဖက်ကို အသာဆန့်ထုတ်လိုက်သည်။
လက်ခံထက်တွင် အင်းသင်္ကေတတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။ အသက်အန္တရယ်ရင်ဆိုင်ရလျှင် မှော်ရုံနယ်မြေအတွင်းမှ ချက်ချင်းထွက်ခွာနိုင်မည့် အသက်ကယ်အင်းသင်္ကေတ ဖြစ်လေသည်။
"အားလုံးတော့ အဆင်ပြေသားပဲ ၊ တခြားသူတွေ ဘယ်လို တာအိုဆွေးနွေးကြမလဲဆိုတာ လေ့လာကြည့်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
သို့သော် အခြားကိစ္စများ မလေ့လာမီ စနစ်တွင် အရင်ဆုံးမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။
"စနစ်... ဒီနေရာမှာ မှတ်ပုံတင်မယ်"
စနစ်အသံက သူ့စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
[ ဒင်! ]
[ စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်တဲ့လက်ဆောင်ကိုရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ အင်မော်တယ်ကျင့်စဉ်တစ်ခုဖြစ်တဲ့ 'ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကျင့်စဉ်' ကို ရရှိပါတယ်]
[ ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကျင့်စဉ် : ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကို ပေါင်းစည်းထားတယ် ၊ ဒီကျင့်စဉ်ကို ကျင့်ကြံထားလျှင် သွားလေရာနေရာတိုင်းက ငရဲပြည်အလား ပြောင်းလဲသွားမှာဖြစ်တယ်]
"အင်မော်တယ် ကျင့်စဉ်တဲ့လား…"
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
အင်မော်တယ်ကျင့်စဉ်ဆိုသည်က ရှားပါးကျင့်စဉ်များ ဖြစ်သော်လည်း ကျန်းလန်အတွက်တော့ အသုံးမဝင်လှပေ။
နွားရိုင်းကိုးကောင်စွမ်းအားက မည်သည့်တန်ခိုးစွမ်းအားထက်မဆို သာလွန်လေသည်။ အန္တရယ်ကိုးသွယ်စွမ်းအားဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
"ဒီ အင်မော်တယ်ကျင့်စဉ်က ငါ့ရဲ့ နွားရိုင်းကိုးကောင်စွမ်းအားလောက် အစွမ်းမထက်ပေမယ့် အင်မော်တယ်တွေအများကြီးကို တစ်ပြိုင်တည်းတိုက်ခိုက်မယ်ဆိုရင်တော့ ထိရောက်မှု ရှိနိုင်မယ်"
ကျန်းလန် ချက်ချင်းပင် ထိုကျင့်စဉ်ကို စတင်လေ့လာလိုက်သည်။
သူ့စိတ်အာရုံထဲမှ ကျင့်စဉ်စာအုပ်ကို ဖွင့်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမရှိသည့် ငရဲဒုက္ခများဖြင့် ပြည့်နက်သွားသည်။
ထိုကျင့်စဉ်က သူ့စိတ်များကို ပျံ့လွင့်သွားစေသည့်အလား ခံစားလိုက်ရ၏။
***
မဟူရာမှော်ရုံနယ်မြေအပြင်ဘက်။
အဋ္ဌမမင်းသားက မှော်ရုံနယ်မြေအတွင်း ဝင်ရောက်သွားသူများကို ကြည့်ရင်း အနည်းငယ်နောင်တရသလို ခံစားလိုက်ရသည်။
သူက စုဝေးပွဲတွင် ပါဝင်ခြင်း မရှိခဲ့ပေ။ ယောက်ဖ ၊ အစ်မတို့နှင့်အတူ အထဲသို့ မဝင်ရသည်မှာ စိတ်မကောင်းစရာပင်။
ထိုစဉ်…
များစွာသော ကြောက်မက်ဖွယ်ရာသားရဲကြီးများ ၊ ဖုတ်ကောင်များ ၊ ဝိညာဉ်ဆိုးများ မဟူရာမှော်ရုံနယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသည်ကို အဋ္ဌမမင်းသား တွေ့မြင်နေရသည်။ ထိုသူများထဲတွင် အင်မော်တယ်အဆင့်များပင် ပါဝင်သည်။
အဋ္ဌမမင်းသားကတော့ သူတို့ကို အဝေးမှပင် လှမ်းမြင်နေရသည်။
ထိုသတ္တဝါများကိုကြည့်ရသည်မှာ အလွန်ပင် တည်ငြိမ်လွန်းလှသည်။ မှော်ရုံနယ်မြေထဲသို့ ဝင်ရောက်သွားကြသည့် ကျင့်ကြံသူများကို အန္တရယ်ပြုတိုက်ခိုက်ရန် တမင်တကာစီစဉ်ထားသည့် သတ္တဝါများ ဖြစ်ဟန်တူသည်။
"ဘယ်လောက်တောင် ဆိုးညစ်လိုက်သလဲ"
လုန်မန် ရေရွတ်လိုက်သည်။
မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲက မည်မျှ ရက်စက်ကြမ်းတမ်းကြောင်း သူ နားလည်လိုက်ပြီ ဖြစ်၏။
မဟူရာမှော်ရုံနယ်မြေထဲ ဝင်ရောက်သွားသူများမှာ အချင်းချင်းတိုက်ခိုက်ကြရုံသာမက မရေမတွက်နိုင်သည့် သတ္တဝါဆိုးများ ၊ ဝိညာဉ်ဆိုးများနှင့်လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။
အထဲတွင် မည်မျှ အန္တရယ်များကြောင်း နဂါးမင်းသားငယ် သိချင်စိတ် ဖြစ်နေမိသည်။
***
ကောင်းကင်ထက်တွင် စက်ဝိုင်းပုံသဏ္ဌန် မှော်ဝင်ယဉ်ပျံကြီးတစ်စီး ပျံသန်းနေလေသည်။
ထိုယဉ်ပျံကြီးထက်တွင် နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်မှ တောင်သခင်အချို့ ရှိနေကြသည်။ သူတို့အားလုံးက မဟူရာမှော်ရုံနယ်မြေရှိရာသို့ လှမ်းကြည့်နေကြ၏။
လုန်စီးစီးက စတုတ္ထထပ်သို့ လှမ်းကြည့်လိုက်ပြီး…
"ကျောက်စိမ်းရေကန်နတ်ဘုရားမကို စိန်ခေါ်ချင်တဲ့ နဂါးမျိုးနွယ်တွေ ရှိတယ်လေ ၊ တကယ်တမ်းတိုက်ခိုက်ကြရင် သူတို့အခြေအနေ ဘယ်လိုရှိမလဲ သိချင်မိတယ်"
သူမက ဒုတိယတောင်ထွတ်၏ တောင်သခင်နှင့် တတိယတောင်ထွတ်၏ တောင်သခင်ကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
သူတို့နှင့်အတူ နဂါးဧကရီ 'ရန်ကျင်း' လည်း ရှိနေလေသည်။
ရန်ကျင်းက ခေါင်းခါယမ်းရင်း…
"ခွန်လွန်တောင်က ကျောက်စိမ်းရေကန် နတ်ဘုရားမကို အများကြီး ကာကွယ်ပေးထားတော့ လုန်ယွိက ဘာအတွေ့အကြုံမှ ရှိဟန် မတူဘူး ၊ သူ့ကို အနိုင်ယူဖို့ မခက်လှပါဘူးလေ"
ကျူးချင်က သူတို့ (၂)ယောက်ကို ကြည့်လိုက်ပြီး အေးစက်စွာဖြင့်…
"နဂါးမျိုးနွယ်တွေက ကျောက်စိမ်းရေကန် နတ်ဘုရားမကို အထင်သေးနေတာပဲ ၊ ဟွန်း… နောက်ဆုံးကျ နဂါးမျိုးနွယ်တွေပဲ တစ်ယောက်ပြီးတစ်ယောက် အရှက်ကွဲမှာ မြင်ယောင်ပါသေးတယ်"
ထိုစဉ်…
"နဂါးမျိုးနွယ်တွေက တန်ခိုးစွမ်းအားမြင့်မားကြတာ မှန်ပါတယ် ၊ အဋ္ဌမမင်းသား နဝမတောင်ထွတ်ကို စိန်ခေါ်တုန်းက သေချာပေါက် အနိုင်ရမယ်လို့ နဂါးမျိုးနွယ်တွေအားလုံး ထင်ခဲ့ကြတာပဲလေ ၊ ကြည့်ရတာ အခုတစ်ခေါက်လည်း သေချာပေါက် အနိုင်ရပြီး အောင်ပွဲခံနိုင်မယ် ထင်ပါ့နော်"
ကောင်းကင်ထက်မှ အဖြူရောင်ပုံရိပ်တစ်ခုက စက်ဝိုင်းပုံသဏ္ဌန်ယဉ်ပျံထက်သို့ ဆင်းသက်လာရင်း ပြောလိုက်လေသည်။
သူမက ပဉ္စမတောင်ထွတ်၏ တောင်သခင်မ 'မြောင်ယွဲ့' ဖြစ်ပြီး သူမပုံစံက အလွန်တရာ ကျက်သရေနှင့်ပြည့်စုံကာ လှပကျော့ရှင်းလွန်းလှသည်။
နဂါးမျိုးနွယ်များက မြောင်ယွဲ့ကို ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည့်တိုင် သူမစကားကို ချေပနိုင်ခြင်း မရှိခဲ့ကြပေ။