ဆန်းကြယ်သော လူသတ်မှုဆယ်ခု
Vol. 9 Ch. 129
*လူသတ်တာ*
*တစ်စစီဖြစ်တာ*
*စိတ်ဖောက်နေတဲ့သူတွေ*
စစချင်းမှာပင် သတိထားရသော စကားလုံးများစွာ ပေါ်လာ၏။ ယင်းက ကြည့်ရှုသူများအား တစ်စုံတစ်ရာက လုံးဝ ကွဲပြားနေကြောင်း ခံစားမိစေသည်။
အဖွင့်ပုံစံက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက်ပင် ပို၍ ကျောချမ်းစရာ ကောင်းလှသည်။
“ဘုရားသခင်ရဲ့ အမြင်အရဆိုရင် ဒီလူတွေက ငါတို့ရဲ့ ညီအစ်ကိုတွေ၊ အစ်မတွေ၊ မိဘတွေ ပြီးတော့ ကလေးတွေပေါ့၊ သူတို့ကို ငါ့ရင်ထဲကို ထွေးပိုက်ချင်တယ်၊ ပြီးရင် ငါ့လက်ဝါးထဲကနေ အမှောင်ထုကို လောကထဲ ပျံ့လွင့်စေမယ် …”
ရဲ့လင်းချန်၏ အသံတွင် ဆန်းကြယ်သော အငွေ့အသက်တစ်ခု ပါဝင်နေပြီး အဖြစ်အပျက်တစ်ခုကို ပြောနေသည်ဟု တူနေကာ တစ်ချိန်တည်းမှာပင် ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည်ဟု ခံစားရစေသည်။
“အထူးဆန်းဆုံး လူသတ်မှု ဆယ်ခု : မြေအောက်ခန်းထဲက အစေခံ၊ မိုးသည်းညရဲ့ တစ္ဆေ၊ လူ့အရေပြားနဲ့ စာခြောက်ရုပ်၊ တဏှာရူးတစ်ယောက်ရဲ့ မှတ်တမ်း၊ စိတ်ရောဂါကု ဆေးရုံ၊ ခြေတံရှည် နှင်းလူသား … ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ၊ ဘယ်တစ်ခုက ပိုထိတ်လန့်ဖို့ကောင်းလဲ”
“ကဲ အခု မင်းတို့ အဆင်သင့်ပဲလား၊ မင်းတို့ နှလုံးသားကို အသင့်ပြင်ထားဖို့ ဆယ်စက္ကန့် ထပ်အချိန်ပေးမယ်၊ ငါ ပြောပြမယ့် ပုံပြင်က …. ကြောက်စရာကောင်းသော မကောင်းမှုဆယ်ခု”
သမာရိုးကျမဟုတ်သော မိတ်ဆက်မှုက နားထောင်သူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်လာသည်။ မည်းနက်နေသော ဖန်သားပြင်တွင်းမှ ကြီးမားသော တံခါးချပ်တစ်ခု ပွင့်လာသည်ဟု ထင်မှတ်ရပြီး တံခါး နောက်ကွယ်မှ ကြောက်စရာကောင်းသော လူသတ်မှုများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသလိုပင်။ ဆယ်စက္ကန့် ကြာပြီးနောက် နားဆင်သူတိုင်း အာရုံစူးစိုက်လာကြသည်။
စိတ်လှုပ်ရှားခြင်း၊ ရင်ဖိုခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း စသည့် မရေတွက်နိုင်သော ရှုပ်ထွေးသည့် ခံစားချက်များက သူတို့အတွေးထဲ ပျံ့နှံ့နေ၏။ ထိုအခိုက်တွင် အတော်များများက ထွက်ပြေးချင်လာသလို ခံစားနေကြရသည်။ သူတို့ နားမထောင်ရဲသော်လည်း သိချင်စိတ်က သူတို့ကို အနိုင်ယူသွားကာ ဆက်လက်၍ နေနေမိသည်။
“စီအီးအိုဝမ် ဒီတစ်ခေါက် ဝိုင်နတ်ဘုရားပြောမယ့် ပုံပြင်က … ထူးခြားဆန်းကြယ်တဲ့ လူသတ်မှုများလား”
စုန့်ချမ် အသာမေးလိုက်ပြီး လည်ချောင်းထဲ ခြောက်ကပ်လာ၏။ သူ လောင်းကြေးထပ်ခဲ့ခြင်းက ထပ်မှန်သွားပြီဟု သူ အခိုင်အမာ ခံစားမိနေသည်။
စီအီးအိုဝမ်က ခေါင်းခါပြသည်။ စုန့်ချမ် ငြိမ်ငြိမ်လေးသာနေရန် ရွေးချယ်လိုက်သည်။ သူ့အကြည့်များက အရှေ့တည့်တည့်မှ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေပြီး ပါးစပ်ကို တင်းနေအောင်စိ၍ အသက်အောင့်ထားမိသည်။
သူ ဖမ်းစားခံလိုက်ရလေပြီ။
ရဲ့လင်းချန် ပြောပြနေသော ဇာတ်ကြောင်းက ထူးဆန်းသော လူသတ်မှု ဖြစ်သည်။ သို့သော် ၎င်းက ပုံမှန် ထူးဆန်းသော လူသတ်မှုများနှင့် ခြားနားနေ၏။ သူသည် အလွန် တစ်မူထူးခြားသော အမှုများကို ကောက်နုတ် ထားသည်။ ထိုအမှုများက ခြားနားပြီး ရက်စက်မှု၊ ဉာဏ်ထက်မှု၊ ထူးဆန်းသောလူများနှင့် ကြောက်စရာ ကောင်းမှုတို့ ရောထွေးနေသည်။ အထူးသဖြင့် ၎င်းတို့က လူ့စိတ်ထဲမှ အမှောင်ထုကို အပြည့်အဝ ဖော်ပြနေ လေသည်။
ဆန်းကြယ်သော ပုံပြင်များ၏ ဆွဲဆောင်မှု ထိတ်လန့်သည်းဖို ပုံပြင်များနှင့် တန်းတူပင်။ အဘယ်ကြောင့်ဆိုသော် နှစ်ခုလုံးက စာဖတ်သူများ၏ စိတ်နှလုံးကို ဖမ်းစားနိုင်သောကြောင့်ပင်တည်း။
ထုတ်လွှင့်မှုအတွင်း၌ ဆယ်စက္ကန့်တိတိ တိတ်ဆိတ်နေသည်။
အချိန်တိုလေးမျှသာ ဖြစ်သော်လည်း ဆယ်စုနှစ်တစ်ခုစာ ကုန်လွန်သွားသည်ဟု ခံစားရသည်။
ထိုစက္ကန့်အတွင်း၌ မရေတွက်နိုင်သော ကြည့်ရှုသူများသည် သူတို့စိတ်ထဲ၌ ဗျာများနေပြီး အတွေးများက ကမ်းစပ်သို့ အဆက်မပြတ် ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ တရစပ် ဖြစ်ပေါ်နေ၏။
အံ့ဩစရာကောင်းသည်မှာ ဖန်သားပြင်ပေါ်၌ မှတ်ချက်တစ်ချို့ ရှိနေခြင်းပင်။
“အခန်းတစ် မြေအောက်ခန်းထဲက အစေခံ။
“အခန်းတစ် မြေအောက်ခန်းထဲက အစေခံ။ အထဲဝင်သွားတာနဲ့ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းရမယ် --- Dante”
နှစ်ထောင်ခုနှစ်၌ ဟွေ့ဟွားမီပန်းများသည် ပေကျင်း၏ ဆင်ခြေဖုံးဒေသ၌ ဖူးပွင့်ခဲ့သည်။ ပန်းအခိုင်များက အောက်သို့ တွဲကျနေပြီး ၎င်းတို့၏ စူးရှသော ရနံ့က လူအများအား ငိုက်မျဉ်းစေသည်။ ရွှေ့ပြောင်းလုပ်သား နှစ်ဘောက်သည် မြစ်ကမ်းနံဘေး၌ လဲလျောင်းရင်း ဖိနပ်များကို ခေါင်းခု၍ အိပ်ပျော်သွားကြသည်။ တစ်ရေးတမော အိပ်ပျော်သွားပြီးနောက် ကောင်းကင်ထက်၌ တိမ်စိုင်တိမ်မည်းများ ပျံ့လွင့်လာပြီး အရိုးကွဲမတတ် အေးစိမ့်သော အအေးဓာတ်ပါ ရောက်ရှိလာ၏။ထို့နောက် ရုတ်တရက် နှင်းများ ကျလာလေသည်။ ဆီးနှင်းပွင့်များနှင့် ဟွေ့စွားမီ ပန်းများက လေနှင့်အတူ မျောလွင့်လာသည်။
အလုပ်သမား နှစ်ယောက် ခိုက်ခိုက်တုန်သွားကြသည်။ သူတို့က ပြီးခဲ့သောနှစ်က ဆောင်းရာသီအကြောင်း ပြောလာကြသည်။
“မနှစ်ကဆောင်းက အေးလိုက်တာကွာ၊ စောက်ရမ်းအေးတယ်၊ ငါ့လက်တွေ၊ ခြေတွေနဲ့ နားတွေပါ အေးခဲကုန်တာ၊ ဟုတ်သား … ငါ့ခြေတွေလက်တွေကပဲ အေးခဲကုန်တာ၊ ငါ့နားက မခဲဘူး၊ မင်းမှာ ဦးထုပ်ရှိလား၊ ငါ့မှာ နားမရှိလို့ကွ”
ထုတ်လွှင့်မှုတွင် မည်းနက်နေသော ဖန်သားပြင်တစ်ခုသာ ရှိသော်လည်း တစ်သန်းသော ကြည့်ရှုသူများကို ဆွဲဆောင်ထားနိုင်၏။ သို့သော် သုသာန်လေအလား တိတ်ဆိတ်နေသည်။
လူတိုင်း ပုံပြင်ထဲ နစ်မျောနေကြသည်။
စကားလုံးအချို့နှင့် ရဲ့လင်းချန်၏ တမင်သက်သက် နှိမ့်ပြောထားသော လေသံတို့ကို ပေါင်းစပ်လိုက်သောအခါ လူတိုင်း မိမိတို့ အရှေ့မှ ဖန်သားပြင်မှနေ၍ ရှင်းမပြတတ်လောက်အောင် ချမ်းအေးမှုက သူတို့၏ စိတ်ဝိညာဉ် အထိပါ တိုက်ခတ်လာသယောင် ခံစားလာရသည်။
ထူးထူးဆန်းဆန်း သွေးဆာစိတ်က ရုတ်တရက် ပေါ်ထွက်လာသည်။
ဤပုံပြင်က ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု အားလုံး ခံစားမိနေသည်။
ထိုသို့သောအချိန်၌ သူတို့အားလုံး အခင်းနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်သွားသလို ခံစားနေရသည်။ သူတို့သည် ရဲ့လင်းချန်၏ ဇာတ်ကြောင်းအတိုင်း လိုက်ပါစီးမျောလျက် သဲလွန်စ တစ်ခုပြီး တစ်ခုကို ရှာတွေ့လာကာ အမှန်တရားနှင့် တဖြည်းဖြည်း နီးစပ်လာ၏။
တစ်ချိန်တည်းမှာပင် လေ့လာသုံးသပ်ချက်များနှင့်အတူ သူတို့ ရာဇဝတ်ကောင်၏ စိတ်ကို တစထက်တစ်စ ပိုသိလာရသည်။ ရူးချင်စရာကောင်းသော ချဉ်းကပ်မှုဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ ယင်းတို့က ကြည့်ရှုသူတို့အား ကျောစိမ့်မထွက် ချမ်းအေးလာစေသည်။
“ခပ်မှိန်မှိန် အလင်းကြောင့် မြင်ကွင်းက တော်တော်လေး ဝါးနေတယ်၊ မိန်းကလေး အန်းချီကို ချီထားတဲ့“ခပ်မှိန်မှိန် အလင်းကြောင့် ပုံက တော်တော်လေး ဝါးနေတယ်၊ မိန်းကလေး အန်းချီကို ကျောပိုးထားတဲ့သူရဲ့ ခေါင်းကို တစ်ဝက်ပဲ မြင်ရပြီးတော့ မိန်းကလေး အန်းချီရဲ့ ဆံပင်က ဖုံးအုပ်နေတယ်၊ ဆံပင်ပုံစံနဲ့ ခန္ဓာကိုယ် အသွင်အပြင်ကို ပြောရခက်တယ်၊ ဆုမေ့ ဖန်သားပြင်ကို အဆတစ်ရာ နီးပါး ဆွဲကြည့်လိုက်တယ်၊ ကွန်ပျူတာရဲ့ ပုံရိပ်စနစ်ကို သုံးလိုက်တော့ အဲ့လူက ဦးထုပ်ဆောင်းထားတာကို တွေ့လိုက်ရတယ်”
နောက်ဆုံးတွင် အမှန်တရားက ပေါ်လာစပြုလာပြီး လူသတ်သမားနှင့် ခံရသူရဲ့ အစအနကို တွေ့လာရလေပြီ။
“ဟွာလုံ ရှေ့တက်ပြီး တစ်ပတ်လှည့်ကန်လိုက်တယ်၊ သံတံခါးက ခတ်မထားတာကြောင့် ဘန်းခနဲ ယိမ်းထိုးပြီးမှ အနောက်ကို ပြန်ကန်သွားတယ်၊ တံခါးပွင့်သွားတာနဲ့ မြေကြီးပေါ်မှာ လူတစ်ယောက် လဲနေတာကို အားလုံး တွေ့လိုက်ရတယ်၊ ဧရာမလူကြီးပေါ့၊ အတိအကျဆိုရင် ဧရာမ အလောင်းကောင်ကြီး …”
သို့သော် ဆက်လက်၍ စုံစမ်းသော်လည်း သူတို့ မျက်မြင်သက်သေ၏ အလောင်းကိုသာ တွေ့လိုက်ရသည်။ အမှုက ပိုပို၍ ရှုပ်ထွေးလာသည်။
ပုံပြင်က လူတိုင်းကို ရင်တဒိတ်ဒိတ် ခုန်စေသည်။ သူတို့ ဘာဖြစ်ခဲ့သလဲ အသည်းအသန် သိချင်နေ၏။ မိန်းကလေး အန်းချီကို ပြန်ပေးဆွဲပြီး မတရားကျင့်ခဲ့တဲ့ နေရာက ဘယ်နေရာလဲ၊ သူမအခြေအနေကရော ဘာဖြစ်နေပြီလဲ။
“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာတင် အဆုံးသတ်ပါပြီ။ မနက်ဖြန် ဒီလိုအချိန်မှာ ပြန်တွေ့ပါမယ်၊ နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ရဲ့လင်းချန်၏ အဆုံးသတ်စကားက ပုံပြင်ထဲ မျောပါနေသော ကြည့်ရှုသူများကို အတွေးထဲမှ ရုန်းထွက် လာစေသည်။
[သွားပါပြီကွာ၊ မလုပ်ပါနဲ့၊ အဲ့လိုမလုပ်ပါနဲ့၊ အနည်းဆုံးတော့ ပထမတစ်မှုကို ပြီးအောင် ပြောသွားပါဦး]
[ချီးပဲ ဝိုင်နတ်ဘုရား မင်း ပြောင်းလဲသွားပြီ၊ ငါ ဒီည ဘယ်လိုလုပ် အိပ်လို့ရတော့မှာလဲ]
[ဟုတ်တယ် ငါ မင်းကို ဆုကြေးပေးပါ့မယ်၊ မင်း ဆက်ပြောပေးနိုင်မလား၊ တစ်ခုက မလောက်ဘူးဆိုရင် ငါတို့ မင်းအတွက် ငါတို့ ပိုက်ဆံတွေ ပုံပေးပါ့မယ်ကွာ]
[ဒါ အရမ်း ကြောက်ဖို့ကောင်းတယ်၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထဲက သရဲတွေက လူသားတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တာကို ငါ ရုတ်တရက် သတိပြုမိသွားသလိုပဲ]
[ဟုတ်တယ်၊ ငါလည်း အဲ့လိုထင်တယ်၊ တကယ်တမ်းတော့ တကယ့် နတ်ဆိုးက ငါတို့ လူသားတွေကြားမှာပဲ ရောထွေးနေတာ]
….
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး၌ ပွက်လောရိုက်နေ၏။ အမှုက ပြီးခါနေနေသော်လည်း ထိုနေရာမှာတင် ရပ်လိုက်သောကြောင့် မချင့်မရဲ ဖြစ်နေကြသည်။
လူအုပ်ကြီး၏ ဝမ်းနည်းပက်လက် တောင်းဆိုသံများကို ရင်ဆိုင်ရသော်လည်း ရဲ့လင်းချန်က အညှာအတာမဲ့စွာ ထုတ်လွှင့်မှုကို ပိတ်ပစ်လိုက်သည်။
ဟူယွီဌာနချုပ်၌။
“ဒီဝိုင်နတ်ဘုရားကတော့ကွာ … နည်းနည်းလေး အချိန်ကြာကြာ ပြောပေးဖို့ အဲ့လောက် ခက်ရသလား၊ အနည်းဆုံးတော့ ငါတို့ကို ဘာဖြစ်ခဲ့လဲ သိခွင့်ပေးဦးမှပေါ့”
ဝန်ထမ်းတစ်ယောက်က ရေရွတ်လာသည်။ ထိုအခါ စုန့်ချမ်က ခေါင်းညိတ်လျက် စဉ်းစားနေ၏။
“ဒါ အရမ်း ရက်စက်လွန်းတယ်၊ သူ တမင်လုပ်နေတာ”
“ငါ့ကိုပြောကြပါဦး၊ လူသတ်သမားက ဘယ်လိုလုပ် ထွက်ပြေးသွားနိုင်တာလဲ”
ဝမ်ယွမ်ကလည်း မေးခွန်းထုတ်လာသည်။
သူတို့သည် ပုံပြင်ထဲ နစ်မျောနေဆဲဖြစ်ကာ ဇာတ်ကြောင်းကို ချက်ချင်း ဆွေးနွေးမိနေကြသည်။
ဆယ်မိနစ်ကြာသော် ဝမ်ယွမ် သတိဝင်လာ၏။
*ငါလခွမ်း ငါ ဘာလို့ အဲ့ကိစ္စကို ဆွေးနွေးမိတာလဲ၊ ငါ ကိန်းဂဏန်းတွေ ကြည့်ဖို့ လိုတယ်*
သူ ချက်ချင်း အော်ပြောလိုက်သည်။
“ကိန်းဂဏန်းတွေ၊ ဝိုင်နတ်ဘုရားရဲ့ ကိန်းဂဏန်း အချက်အလက်တွေ မြန်မြန် ယူလာခဲ့စမ်း’
ဆန်းကြယ်သော လူသတ်မှုဆယ်ခုက လက်ဖျားခါလောက်သော်လည်း သူ ဒေတာကို အတည်ပြုပြီးမှ အပြည့်အဝ စိတ်အေးနိုင်ပေမည်။
“စီအီးအိုဝမ် ဒီမှာ အချက်အလက်တွေပါ”
ရှောင်ကျန်းက စာရင်းဇယားတစ်ခုနှင့်အတူ အပြေးဝင်လာသည်။
“မနေ့က အများဆုံး အွန်လိုင်းအသုံးပြုသူက ၁,၂၁၀,၀၀၀ ပါ၊ ဒီနေ့ အများဆုံး အွန်လိုင်းအသုံးပြုသူက ၁,၂၅၀,၀၀၀ ပါ၊ ဒီအတောအတွင်း အသုံးပြုသူ ၅၅,၀၀၀ ကို ဆုံးရှုံးခဲ့ပါတယ်”
“ဟားဟားဟား ဝိုင်နတ်ဘုရားက ထင်ထားတဲ့အတိုင်းပဲ”
စီအီးအိုဝမ်၏ မျက်နှာက နီရဲနေသည်။ ဝိုင်နတ်ဘုရား၏ အများဆုံး ကြည့်ရှုသူ အရေအတွက်က ကျမသွားဘဲ တိုးလာနေသည်။
ဤသည်ကို ဆန်းကြယ်မှုဟုပင် သတ်မှတ်၍ ရနိုင်ပေသည်။
“ဆုံးရှုံးမှုနှုန်းက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် နည်းနည်းလေး ပိုမြင့်နေတယ်”
စုန့်ချမ်က မသိမသာ မျက်မှောင်ကြုတ်၍ ပြောလာသည်။
“ဒါ နားလည်လို့ရတယ်၊ ဒီပုံပြင်က ကြောက်စရာကောင်းတဲ့ ပြစ်မှုကိစ္စတွေနဲ့ ပြည့်နေတာလေ၊ တော်တော် များများက ဆက်နားထောင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီလို ပုံပြင်မျိုးက ကလေးတွေအတွက် မသင့်တော်ဘူး၊ ကြည့်ရှုသူ ဆုံးရှုံးမှုက ငါးသောင်းလောက်ပဲ ရှိတာကိုက အံ့ဩစရာကောင်းတဲ့ ရလဒ် ဖြစ်နေပြီ”
စီအီးအိုဝမ် စိတ်လှုပ်ရှားနေသည်။ သူ လက်ဝှေ့ယမ်း၍ ဆက်ပြောလိုက်သည်။
“ဝိုင်နတ်ဘုရားက ပါရမီရှင်ပဲ၊ သူ ငါတို့ ဇာတ်ညွှန်းကို ကြည့်တောင်မကြည့်တာ အံ့ဩစရာ မဟုတ်တော့ဘူး၊ ဒါ နောက်ထပ် လက်ရာကောင်းတစ်ခုပဲ၊ ဆန်းကြယ်သော လူသတ်မှုဆယ်ခုရဲ့ အလားအလာက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် နိမ့်မှာ မဟုတ်ဘူး၊ ငါတို့ ဒါကို ဆက်ပြီး ကြော်ငြာသင့်တယ်”
“ပြီးတော့ စုန့်ချမ် မင်း ဝိုင်နတ်ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းထား၊ သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် အကောင်းဆုံး ကြိုးစား၊ သူ ဒီပလက်ဖောင်းရဲ့ သက်ရှိဆွဲဆောင်မှုပဲ”