ရဲ့လင်းချန်၏ ရည်မှန်းချက်များ
Vol. 9 Ch. 131
*ကြက်ပေါင်နဲ့ ဝက်ခြေထောက် ဟုတ်လား*
*ဟဲဟဲ ငါ စိတ်မကောင်းပါဘူး၊ မင်းတို့က စိတ်ကူးယဉ်နေတာပဲ၊ အဲ့ဒါမျိုး ဒီတစ်လလုံး မဖြစ်လာစေရဘူး*
*ပြီးတော့ မနက်ဖြန် လေ့ကျင့်ခန်းက နှစ်ဆ ဖြစ်လာလိမ့်မယ်*
ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေကို စိုက်ကြည့်၍ တွေးတောနေပြီးနောက် နောက်လှည့်၍ ထွက်လာ လိုက်သည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့ ကျောရိုးထဲအထိ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူတို့ တုန်ယင်လျက်ဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ ထို့နောက်တွင်မူ သူတို့သည် သမ်းဝေ၍ ပြန်အိပ်သွားသည်။
*ဒီဉာဏ်များတဲ့ ဝံပုလွေနှစ်ကောင်ကတော့ကွာ … သူတို့ကပဲ ငါ့ကို ကြည့်ဖို့ အချက်ပြပြီးတော့ ဒါတောင် သူတို့က ငါ့ကို နှာဘူးလို့ ခေါ်လိုက်သေးတယ်၊ ဆိုဆုံးမရခက်တဲ့ကောင်တွေ*
*ပြီးတော့ ဒါကို ချောင်းကြည့်တယ်လို့ သတ်မှတ်လို့ရလို့လား၊ ငါက တရားမျှတမှုအတွက် လုပ်နေတာပဲကို*
ရဲ့လင်းချန်သည် သူ၏ ချောင်းကြည့်မှုအတွက် ဘက်လိုက်၍ တွေးတောနေသည်။ သူ အပေါ်ထပ်သို့ သတိနှင့် တက်လာသည်။ သို့သော် ထိုသို့သောအချိန်၌ …
“ကလစ်”
မီးဖွင့်လိုက်သံနှင့်အတူ တစ်ခန်းလုံး လင်းထိန်သွားသည်။
ရဲ့လင်းချန် တောင့်ခနဲ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ရေချိုးခန်းထဲမှ ရေချိုးပြီး ထွက်လာသော ကျန်းယွင်ရှီသည်လည်း ကြက်သေ သေသွားလေသည်။
သူမသည် ရဲ့လင်းချန် ဧည့်ခန်းသို့ ခိုးကြောင်ခိုးဝှက် ပြန်တက်လာမည်ဟု ထင်မထားသဖြင့် ကြောင်တောင်တောင် ဖြစ်နေ၏။
လက်ရှိတွင် သူမသည် ငေးငိုင်နေကာ ဆံပင်များက စိုလျက်ရှိနေပြီး ခန္ဓာကိုယ်တွင် ခပ်ပါးပါး ရေချိုးခန်းဝတ်စုံကိုသာ ဝတ်ထားပြီး ရေချိုးခန်းတံခါးဝ၌ မျက်လုံးအပြူးသားဖြင့် ရဲ့လင်းချန်ကို အလန့်တကြား ကြည့်နေသည်။
ရေချိုးခန်းဝတ်စုံသည် သိပ်မကြီးသဖြင့် သူမခန္ဓာကိုယ်တစ်ဝက်မျှကိုသာ ဖုံးအုပ်ထားသည်။ သူမ၏ အသားအရေ တစ်ဝက်နီးပါးကို မြင်နေရသည်။ လက်ရှိတွင် သူမသည် စိုးရိမ်တုန်လှုပ်နေသောကြောင့် ခါး၌ ချည်ထားသည့်ကြိုးကို ကိုင်ထားသည့်လက်က အမှတ်တမဲ့ လျော့ရဲသွားသည်။
*မြတ်စွာဘုရား*
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသလို မျက်နှာတစ်ပြင်လုံး နီရဲလာသည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး အသက်ရှူသံ မြန်လာလေသည်။
ဝတ်စုံအတွင်းဘက်၌ ဘာမှဝတ်ဆင်ထားခြင်း မရှိပေ။ သူ အကြည့်လွှဲလိုက်သော်လည်း မမြင်သင့်သော အရာများကို မြင်လိုက်ရသည်။
“အောမိသောဖော၊ ရုပ်ဆိုတာ မတည်မြဲဘူး၊ မတည်မြဲတာက ရုပ်ခန္ဓာပဲ”
“စည်းစိမ်ဥစ္စာ၊ ဒီမိုကရေစီ၊ ယဉ်ကျေးမှု၊ သဟဇာတဖြစ်မှု၊ သာတူညီမျှဖြစ်ရေး၊ စိတ်ထားဖြူစင်မှု …”
“ငါက အောင်မြင်သူတစ်ယောက်၊ စည်းစိမ်မရှိရင် မျက်လုံးနဲ့နားကိုဖွင့်ပြီး လေ့လာသင်ယူရမယ် …”
ရဲ့လင်းချန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေပြီး စည်းကမ်းများကို တစ်ကိုယ်တည်း ရွတ်ဆိုနေသည်။
“အား….”
ကျန်းယွင်ရှီသည်လည်း သူ့နည်းတူ မျက်နှာနီရဲနေပြီး ရောင်နီဝင်စ ရဲရဲတောက်နေသည့် တိမ်တိုက်နှင့် သဏ္ဌာန်တူနေ၏။ သူမက ချက်ချင်း ရေချိုးခန်းထဲသို့ ပြန်ဝင်သွားသည်။
“ငါ ဘာမှမမြင်လိုက်ဘူး”
ရဲ့လင်းချန် ခပ်သွက်သွက်ပြောပြီး နှာခေါင်းကိုပွတ်၍ အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားသည်။
ကျန်းယွင်ရှီက အောက်ထပ်မှာ နေသည်။ အချိန်က ညဆယ်နာရီနီးပါး ရှိနေပြီဖြစ်သဖြင့် သူမ ယခုမှ ရေချိုးလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။
ထို့အပြင် အချိန်ကလည်း အံကိုက်ဖြစ်နေ၏။ တိုက်ဆိုင်မှုကြီးက ကြီးမားလှပါတကား။
*ဒါ ပါရမီရှင်ဆိုတဲ့ ငါ့နာမည်ကို ဖျက်သလို ဖြစ်နေမလား၊ ဟူး … ငါ့နာမည်ကတော့ ဒီမတော်တဆမှုတစ်ခုနဲ့တင် ပျက်ပါပြီကွာ*
*သေစမ်း*
*ဒါဆို ငါ အခုတလော ချောင်းကြည့်မိနေတာကရော*
ခုတင်ပေါ်၌ ရဲ့လင်းချိန် လူးလိမ့်နေသည်။ သူ့အတွေးထဲ၌ အစောပိုင်းက မြင်လိုက်ရသည့် အရာကိုသာ မြင်ယောင်နေသည်။ ထို့နောက်တွင်မူ လီမူရွှယ်၏ အခန်းထဲမှ အဖြစ်အပျက်များနှင့် တူညီသော မြင်ကွင်းများက သူ့အတွေးထဲသို့ ဆက်တိုက် ဝင်ရောက်လာ၏။
သူ အိပ်စက်ရန် လက်လျော့လိုက်ပြီး အတွေးများကို မရပ်တန့်နိုင်သဖြင့် စိတ်ထဲ၌ မိန်းကလေး သုံးယောက်ကို နှိုင်းယှဉ်နေမိသည်။
*ငါ့အတွေးတွေကို ငါတောင် ကြောက်မိတယ်*
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ပန်ဒါမျက်လုံးများနှင့် အိပ်ရာထလာသည်။
ကျန်းယွင်ရှီသည်လည်း မောပန်းနေပုံပေါ်နေပြီး လုံလုံလောက်လောက် မနားခဲ့ရသည့်ပုံပင်။ သူမသည် မနက်စာ ပြင်ဆင်နေစဉ်တွင် ရဲ့လင်းချန်၏ အကြည့်ကို ရှောင်တိမ်းနေ၏။
“ဟို … ငါ အလှကုန်ပစ္စည်းဆိုင်အတွက် ပြင်ဆင်စရာလေးတွေ ရှိလို့ အိပ်ရာဝင်တာ နောက်ကျသွားတယ်”
ကျန်းယွင်ရှီသည် ခေါင်းငုံ့ထားလျက်ဖြင့် ခပ်တိုးတိုး ပြောလာသည်။
“ငါ ရှောင်ချင်နဲ့ ရှောင်ဟွေတို့အသံကို ကြားလိုက်လို့လေ၊ သူတို့က ဆူလွန်းတယ်၊ အဲ့ဒါကြောင့် ငါ အောက်ဆင်း လာတာ”
ရဲ့လင်းချန်က တုံ့ဆိုင်းမနေဘဲ ရှောင်ချင်နဲ့ ရှောင်ဟွေအပေါ် အပြစ်ပုံချလိုက်သည်။
“အင်း”
ကျန်းယွင်ရှီက ခပ်တိုးတိုး ပြန်ပြောလေသည်။ နှစ်ယောက်လုံး ငြိမ်ကျသွားပြီး မနက်စာကို ထိုင်စားနေကြကာ အတော်လေး နေရခက်နေ၏။
ကျန်းယွင်ရှီက အရင် စား၍ ပြီးသွားသည်။ ထို့နောက် သူမက အသက်ပြင်းပြင်းရှူ၍ ပြောလာသည်။
“လင်းချန် ငါတို့ အလှကုန်ပစ္စည်းဆိုင်ရဲ့ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ငါ တွေးမိတာလေး ရှိတယ်”
“လတ်တလော အလှကုန်ပစ္စည်းဆိုင်ချင်း ပြိုင်ဆိုင်နေတာ အရမ်း ကြမ်းတယ်၊ ဈေးဝယ်သူတွေက ဝယ်ပြီဆိုရင် အမှတ်တံဆိပ်ကို အလေးထားကြတာ၊ ဈေးကွက်ထဲမှာ LaMer, La Prairie နဲ့ အခြား နာမည်ရပြီးသား အမှတ်တံဆိပ်တွေ အများကြီး ရှီတယ်၊ ဒါပေမဲ့ အဲ့ဒါတွေက အရမ်း ဈေးကြီးတယ်၊ သာမန် တစ်စုံလောက်ကိုတောင် ထောင်ချီတယ်၊ အဲ့လိုမျိုးက အကုန်အကျ အရမ်းများတယ်၊ ပြီးတော့ ငါတို့ဆိုင်က အသစ်ဆိုတော့ ငါတို့ Estee Lauder နဲ့ Lancome လိုမျိုး အဆင့်နိမ့် ထုတ်ကုန်မျိုး ထုတ်မလားလို့ ငါ စဉ်းစားနေတာ”
“အဆင့်နိမ့်လား”
ရဲ့လင်းချန် ခေါင်းခါ၍ ပြတ်ပြတ်သားသား ဆုံးဖြတ်လေသည်။
“မဖြစ်နိုင်ဘူး၊ မင်း ဈေးကြီးတာမျိုးကိုပဲ ရွေးလိုက်၊ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး”
ပိုက်ဆံက ပြဿနာ မဟုတ်ဘူးဟု ပြောလိုက်ပြီးနောက် ရဲ့လင်းချန် တစ်ခဏမျှ ငြိမ်သွားသည်။ သူ စဉ်းစားကြည့်လိုက်မှ သူ့တွင် ပိုက်ဆံ နည်းနေသည်ဟု တွေးမိသွားသည်။
သူသည် ဟော်ရန်ကျားတွင် တစ်သန်း မြှုပ်နှံလုက်သဖြင့် ယွမ်တစ်သိန်းစွန်းစွန်းမျှသာ ကျန်တော့သည်။
အလှကုန်ပစ္စည်း တစ်စုံက တစ်သောင်းကုန်သည်။ ယင်းက အတော်လေး ဈေးကြီးလှသည်။
သူ့တွင် တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်မှနေ၍ မထုတ်ရသေးသော ပိုက်ဆံများ ရှိသေးသည်။ ၎င်းမှနေ၍ သုံးလေးသိမ်းမျှ အသာလေး ရနိုင်လောက်သည်။
*ဘာလို့ ငါ့ပိုက်ဆံတွေက ဒီလောက် မြန်မြန် ပျောက်သွားတာလဲ*
“လင်းချန် နင် ငါ့ကို ယွမ် ၄.၅သန်း ပေးထားပြီးပြီလေ၊ အဲ့ဒါက လုံလောက်ပါတယ်”
ကျန်းယွင်ရှီ စိတ်ပျက်လက်ပျက် အကြည့်လွှဲလိုက်မိသည်။
*ဒီလူက စီမံခန့်ခွဲဖို့ လုံးဝ အရေးမစိုက်ဘဲ ငါ့ကိုပဲ အားလုံး လွှဲထားတယ်၊ သူ့လုပ်ပုံက အခြားသူတွေ သူ့ကို လှည့်စားဖို့ လွယ်လွယ်လေးပဲ*
“ဪ လုံလောက်တယ်ဆိုရင် ပြဿနာကို မဟုတ်တော့တာပဲ”
ရဲ့လင်းခန်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
“ငါတို့ အကောင်းဆုံးလုပ်ရမယ်၊ ဈေးကြီးတာကိုသာ ရွေးလိုက်၊ စိတ်ထင့်မနေနဲ့”
“ဒါ … ပြီးတာပဲ”
ကျန်းယွင်ရှီ မသိမသာ မျက်မှောင်ကြုတ်နေသည်။
ၑဪ ဟုတ်သား အလှကုန် အမှတ်တံဆိပ်တစ်ခုစီရဲ့ ပစ္စည်းတစ်စုံစာစီကို ငါ့ကို ပေးဦး”
သူ ရုတ်တရက် အကြံရလာသည်။ အလှကုန်ပစ္စည်းက ဈေးကြီးပြီး ဝယ်လိုအားလည်း များသည်။ ထိုသို့ဆိုလျင် သူ့ဘာသာသူ ထုတ်ကြည့်လျင် ဖြစ်နိုင်သည် မဟုတ်ပါလော။
“အလှကုန်ပစ္စည်းအပြင် ငါ့ကို skincare ပစ္စည်းတစ်စုံစာပါ ဝယ်ထားပေး”
ရဲ့လင်းချန်က ငါးနံ့ရသော ကြောင်တစ်ကောင်သဖွယ် ဖြစ်နေသည်။
*ငါ အနာဂတ်မှာရော ပိုက်ဆံအတွက် စိုးရိမ်ရမှာလား၊ မဖြစ်စေရဘူး*
ထိုနေ့ အတန်းတွင်း၌ ရဲ့လင်းချန်သည် ဖုန်းကိုထုတ်၍ အလှကုန်ပစ္စည်း ထုတ်လုပ်သည့် အဆင့်များကို လေ့လာနေ၏။
အဆင့်များက ရိုးစင်းသော်လည်း ရှုပ်ထွေးလှသည်။ အထူးသဖြင့် အဆင့်များမှာ …
အဆင့်တစ် ဖော်မြူလာ
အဆင့်နှစ် နမူနာ
အဆင့်သုံး ထုတ်လုပ်ခြင်း
အဆင့်လေး စမ်းသပ်အသုံးပြုခြင်း
အဆင့်ငါး တိုးတက်အောင် ပြုလုပ်ခြင်း
အဆင့်ခြောက် ထုတ်လုပ်ဖြန့်ချီခြင်း။
ထိုအဆင့်များထဲ အရေးအကြီးဆုံး အဆင့်များမှာ ဖော်မြူလာနှင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ အထူးသဖြင့် ထုတ်လုပ်ခြင်း အပိုင်းပင်။ ၎င်းသည် ပါဝင်ပစ္စည်း၏ အရည်အသွေးကို ကောင်းကောင်း ထိန်းချုပ်ရန် လိုအပ်ရုံသာမက အပူချိန်၊ နည်းပညာ၊ အစီအစဉ်တကျ ဖစ်မှု၊ အောက်စီဂျင် ပါဝင်မှု စသည်တို့ကိုလည်း အထူးဂရုပြုရန် လိုအပ်ပေသည်။
အများအပြား ထုတ်လုပ်ရန် ယင်းအတွက် သီးသန့် ထုတ်လုပ်ထားသော စက်ပစ္စည်းများလည်း လိုအပ်သည်။
သို့သော် ၎င်းစိန်ခေါ်မှုများက ပါရမီရှင်အတွက် ပြဿနာ မဟုတ်ချေ။
ရဲ့လင်းချန် အချက်အလက်များကို ဖြည်းဖြည်းချင်း လေ့လာနေသည်။ ထိုသို့လေ့လာနေစဉ်မှာပင် သူ့မျက်လုံးများ အရောင်တောက်လာသည်။
*ဒါ ဓာတုဗေဒပဲ မဟုတ်လား*
*ဓာတုဗေဒရဲ့ စွမ်းရည် တက်ဖို့ အရမ်းခက်နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ အဲ့ဒါက နေ့စဉ်ဘဝမှာ အတော်လေး အရေးပါတာကိုး*
ထို့အပြင် အလှကုန်ပစ္စည်းများအပြင် ဓာတုဗေဒက သူ့ကို ဆေးထုတ်လုပ်နည်း၊ လိုရှင်း၊ ဆေးဝါးဖော်စပ်မှုနှင့် skincare ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် အထောက်အကူပြုသည်။ ထုတ်ကုန်တစ်ခု ထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများနှင့် ဓာတုတုံ့ပြန်ပုံများကို သူ လေ့လာသင်ယူရန်သာ လိုအပ်ပေသည်။
နောင်တွင် သူ၏ ဝိုင်အလှကုန်ပစ္စည်းက ဝယ်သူများ၏ မိတ်ကပ် လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရုံသာမက ကမ္ဘာပေါ်၌ အကောင်းဆုံး အလှကုန်ပစ္စည်းနှင့် အသားအရေနှင့် ပတ်သက်သော ထုတ်ကုန်များကိုပါ သူ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး သူ၏ ကိုယ်ပိုင် အင်ပါယာကို တည်ထောင်နိုင်ပေမည်။
ထိုညတွင် ရဲ့လင်းချန်က test tubeများ၊ နှုတ်သီးပါဖန်ခွက်များ၊ အယ်လ်ကိုဟောနှင့် အခြားပစ္စည်းကိရိယာများ ဝယ်ယူလိုက်သည်။ ထို့နောက်တွင်မူ စမ်းသပ်ရန်အတွက် ကျန်းယွင်ရှီ အမျိုးမျိုးသော အလှကုန်ပစ္စည်းများနှင့် ပြန်လာသည်ကိုသာ သူ ထိုင်စောင့်နေလိုက်သည်။
ကံဆိုးစွာပင် လက်တွေ့က ခက်ခဲကြမ်းတမ်းလှသည်။ ညသန်းခေါင်အထိ လုပ်ပါသော်လည်း ရဲ့လင်းချန် ပစ္စည်းတစ်ခုကိုသာ ဖန်တီးနိုင်ခဲ့သည်။ ၎င်းအား သာမန် အရည်အသွေးဟုသာ သတ်မှတ်နိုင်ပြီး နာမည်ကျော် အလှကုန် ပစ္စည်းများနှင့် အဝေးကြီး လိုသေးသည်။
ထိုအခိုက်တွင် သူ့အခန်းက ရှုပ်ပွနေ၏။ တစ်ခါတရံတွင် အသေးစား ပေါက်ကွဲသံအချို့ကိုပင် ကြားရသဖြင့် အောက်ထပ်၌ နေသော ကျန်းယွင်ရှီ စိုးရိမ်ကာ ဘာဖြစ်နေသလဲ မသေမချာ ဖြစ်နေ၏။
ရဲ့လင်းချန် မျက်မှောင်ကြုတ်လျက်ဖြင့် သူ့လက်ထဲမှ မပြီးပြည့်စုံသော ပစ္စည်းကို ကြည့်နေမိသည်။
သူ၏ ဓာတုဗေဒ စွမ်းရည်က အတော်လေး နိမ့်နေသဖြင့် ဗဟုသုတများစွာ သူ လိုအပ်နေပုံရသည်။
ထို့ကြောင့်ပင် သူ လိုအပ်သော ပါဝင်ပစ္စည်းများနှင့် ဓာတုတုံ့ပြန်မှုများကို မသိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ပီကင်း တက္ကသိုလ်မှ ဓာတုဗေဒနှင့် သက်ဆိုင်သော စာအုပ်အများစုကို ဖတ်ပြီးသား ဖြစ်၏။ သူ နိုင်ငံအတွင်း၌ နေချိန်တွင် စွမ်းရည် ထပ်တက်ရန် ခက်ခဲမည့်ပုံပင်။