← Chapters

မီးနှင့်ကစားခြင်း

Vol. 22 Ch. 297

မီးနှင့်ကစားခြင်း

Vol. 22 Ch. 297

အခန်း (၂၉၇) မီးနှင့်ကစားခြင်း

နောက်ဆုံးတော့ လုန်ယွိနှင့် အခြားသူများ စတုတ္ထထပ် ၊ ဗဟိုမဏ္ဍိုင်ရှိရာသို့ ရောက်လာကြသည်။

အစပိုင်းတွင် လင်စီးယာက ဗဟိုမဏ္ဍိုင်သို့မသွားရန် လုန်ယွိကို တားဆီးလိုသော်လည်း တကယ်တမ်းတိုက်ခိုက်လျှင် သူမနှင့် လုန်ယွိ (၂)ယောက်ပေါင်းက နဂါးမယ် (၃)ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမက လုန်ယွိ၏ ဆုံးဖြတ်ချက်အတိုင်းသာ လက်ခံခဲ့လေသည်။

လုန်ယွိမျက်နှာက ခံစားချက်ကင်းမဲ့နေသည်။

သူမက စိန်ခေါ်သူများကို စောစီးစွာ အရှုံးပေးလိုစိတ်မရှိပေ။ ထို့ပြင် သူမ မှောင်ဝင်တိမ်တိုက်တောင် ပါဝင်ခြင်းကလည်း တိုက်ပွဲအတွေ့အကြုံလိုချင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ ဗဟိုမဏ္ဍိုင်တွင် တိုက်ခိုက်ရလျှင်လည်း ပြဿနာ မရှိလှပေ။

လုန်ချင်းချင်းက…

"မင်း အရှုံးပေးမယ်ဆိုရင်တော့ ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့ ၊ ဒီတော့ မင်း အရှုံးပေးမလား ၊ သူသေကိုယ်သေ တိုက်ခိုက်ကြမလား"

လုန်ယွိက တိုက်ခိုက်မည်ဆိုသည့်သဘောဖြင့် တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။

သူမက အေးစက်တည်ငြိမ်ပြီး ကျက်သရေရှိစွာ လှပနေဆဲပင်။ သူမ၏ တန်ခိုးစွမ်းအားက လာရောက်စိန်ခေါ်သည့် နဂါးမယ် (၃)ယောက်ထက် နိမ့်ကျခြင်း မရှိပေ။

နဂါးမယ် (၃)ယောက်က လုန်ယွိကို အေးစက်စွာဖြင့် စိုက်ကြည့်နေကြသည်။

သူတို့အားလုံး မည်သည့်စကားမှ မဆိုကြပေ။

စကားဆိုစရာလည်းအကြောင်းမရှိတော့ပေ။ တိုက်ခိုက်ကြရန်သာရှိတော့သည် မဟုတ်ပါလား။

***

မဟူရာမှော်ရုံနယ်မြေအပြင်ဘက်တွင် လူအများစုက စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ လုန်မန်သည်လည်း ထွက်ခွာမသွားသေးဘဲ ဆက်ကြည့်နေဆဲ ဖြစ်၏။

မှော်ရုံနယ်မြေထဲတွင် ဘာဖြစ်မည်ကို သူ အလွန်သိချင်နေမိသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အင်အားစုများစွာ ရောက်လာကြသည့်တိုင် တစ္ဆေတိုင်းပြည်မှ ရောက်လာသည်ကို မတွေ့ရပေ။

ထိုစဉ်…

လုန်ရဲ့က လုန်မန်အနားသို့ ရောက်လာသည်။

"အဋ္ဌမမင်းသားက ဘယ်အထပ်ကို ကြည့်နေတာလဲ"

လုန်ရဲ့၏ လက်ထဲတွင် သေရည်အိုးတစ်လုံးကိုင်ထား၏။

လုန်ရဲ့က စုဝေးပွဲလာကြည့်ရင်းနှင့် သေရည်သောက်နေခြင်းဖြစ်လေရာ လုန်မန် တွန့်သွားသည်။ ဤသည်က အန္တရယ်များသည်ဟု သူ ခံစားရသည်။

ထို့ပြင် လုန်ရဲ့ သေရည်မူးပြီးရမ်းသည်ကို သူ အလွန်ကြောက်သည်။

လုန်မန်က…

"ကျွန်တော်က တတိယထပ်နဲ့ စတုတ္ထထပ်ကို ကြည့်နေတာ"

ဟုတ်ပေ၏။

ယောက်ဖက တတိယထပ်တွင် ရှိနေပြီး အစ်မဖြစ်သူကတော့ စတုတ္ထထပ်တွင် ရှိနေသည် မဟုတ်ပါလား။

သို့သော် သူ ကြည့်နေသည့်အချိန်အတွင်း တတိယထပ်မှ လူများကတော့ လျှင်မြန်စွာ အပြင်သို့ ပြန်ရောက်လာကြသည်။

ယခုပင် လူ (၃)ယောက် အပြင်သို့ ရောက်လာကြပြီး သေလောက်သည့်ဒဏ်ရများလည်း ရရှိထားကြသည်။ ကြည့်ရသည်မှာ အထဲတွင် အလွန်အန္တရယ်များဟန် ရှိသည်။

ထို့ပြင် မှော်ရုံနယ်မြေအတွင်းမှ လူများမှာ ပြင်ပမှ မကောင်းဆိုးဝါးများနှင့် သားရဲများ ဝင်ရောက်သွားကြသည်ကို သိရှိကြဟန် မတူသေးပေ။

လုန်မန်က…

"ဦးလေးလုန်ရဲ့ ၊ အခြားအင်အားကြီးအုပ်စုတွေကရော ဘာလို့ ဒီ သားရဲကြီးတွေ ၊ ဝိညာဉ်ဆိုးတွေ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲထဲ ဝင်သွားတာကို ခွင့်ပြုပေးရတာလဲ"

လုန်ရဲ့က...

"ဘာလို့ဆို လူတွေက ယုတ်မာကြလို့ပေါ့ကွာ ၊ တကယ်တော့ တစ္ဆေတိုင်းပြည်ကလူတွေက တကယ်ဉာဏ်ကောင်းတယ် ၊ သူတို့က လူသားတွေ ဘယ်လောက် စိတ်ထားယုတ်မာလဲဆိုတာသိလို့ ဒီစုဝေးပွဲကို မလာကြတာ ၊ မင်းကြည့်လေ… သူတို့အကုန်လုံး စုဝေးပွဲမှာ သေကုန်ရင် ဘယ်လိုလုပ်မလဲ"

လုန်မန် : "......"

ခွန်လွန်တောင်ကတော့ စုဝေးပွဲကို အကောင်းဆုံး စီစဉ်ပေးထားသည်ပဲ။

ထို့ပြင် ခွန်လွန်တောင်က အတော်လေး ဉာဏ်များပြီး လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှသည်။

သူတို့က နဂါးမင်းသားဖြစ်သည့် သူ့ကိုလည်း အကျယ်ချုပ်ဖမ်းဆီးထားသလို အစ်မဖြစ်သူကိုလည်း အပိုင်သိမ်းထားခဲ့သည်။ သို့သော် သူ့ဘဝသည်လည်း သက်သောင့်သက်သာရှိနေသလို အစ်မဖြစ်သူသည်လည်း ပျော်ရွှင်နေသည်ပဲ ဖြစ်၏။

ခွန်လွန်တောင်က အမှန်တကယ်ပင် ရက်စက်ကြမ်းတမ်းပြီး မျှတမှုမရှိသည့် နေရာတစ်ခု ဖြစ်သည်။

သို့သော် ခွန်လွန်တောင်မှ မဟုတ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အင်အားကြီးအုပ်စုများအားလုံး ထိုအတိုင်းသာ ဖြစ်သည်။

လုန်မန်က မေးခွန်းထပ်မေးရန် ဟန်ပြင်လိုက်စဉ် ၊ လုန်ရဲ့ထံမှ "ထွီ" ကနဲ အသံက ထွက်ပေါ်လာ၏။

"ထွီ… ဒီ သေရည်က မြင်းသေးတွေကျနေတာပဲ ၊ သေရည်ဆိုင်ပိုင်ရှင်ကို ဒီကိစ္စ သွားပြောရမယ်… ထွီ"

ပြောရင်း လုန်ရဲ့၏ မျက်နှာက ဒေါသဖြင့် ပြည့်နက်လျှက်ရှိသည်။

လုန်မန် : "......"

"အိုက်ယာ... ဦးလေးလုန်ရဲ့ကတော့ ဘယ်တော့များမှ သင်ခန်းစာ ရလေမလဲ"

ဟု သူ တွေးလိုက်သည်။

ခဏကြာပြီးနောက်…

"ခွမ်း..."

သေရည်အိုးကို လုန်ရဲ့က ပေါက်ခွဲပစ်လိုက်သည်။

"ထွီ… ဒီသေရည်ဆိုင်က မြင်းသေးတွေပဲ ရောင်းနေတာဖြစ်ရမယ် ၊ အကောင်းစားသေရည် ဘယ်မှာလဲကွ"

"ဝုန်း..."

"ဂရား..."

နဂါးဟိန်းသံကြီးထွက်ပေါ်လာပြီး လုန်ရဲ့ ထွက်ခွာသွားလေသည်။ အဋ္ဌမမင်းသားက လုန်ရဲ့ကို လှည့်ပင်မကြည့်တော့ပေ။

အမှန်တော့ ဆိုင်ရှင်အဘိုးရှေ့တွင်ဆိုလျှင် ဦးလေးလုန်ရဲ့ ထိုသို့ မရမ်းရဲပေ။

ဆိုင်ရှင်သူဌေးသာရှိလျှင် ဦးလေးလုန်ရဲ့က သေရည်အိုးကို ပေါက်ခွဲပစ်ဖို့အနေသာသာ ကြမ်းပြင်ထက် ပြုတ်မကျစေရန်ပင် သတိထားကာ ကိုင်တွယ်တတ်သည်။

သို့သော် သေရည်မူးနေသည့်အတွက် သူ့လုပ်ရပ်များကို သူကိုယ်တိုင် မှတ်မိဟန် မတူပေ။

ထိုအချိန်…

စတုတ္ထထပ်တွင် လူတစ်ယောက်ပုံရိပ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်က အလွန်တရာ ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်လေ၏။

လုန်မန် အံ့အားသင့်သွားသည်။

"အစ်မပါလား..."

အစ်မဖြစ်သူက အဘယ့်ကြောင့် စတုတ္ထထပ်ဗဟိုမဏ္ဍိုင်သို့ ရောက်ရှိလာရပါသနည်း။

ထို့ထက်ပိုပြီး အံ့အားသင့်စရာမှာ လုန်ယွိနောက်မှ သူတို့မျိုးနွယ် နဂါးမယ် (၃)ယောက် လိုက်ပါလာခြင်း ဖြစ်သည်။

နဂါးမယ် (၃)ယောက်တွင် တစ်ယောက်က ရှေ့သို့ထွက်လာပြီး ကျန် (၂)ယောက်က ဘေးဘက်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

သူတို့ တိုက်ခိုက်ကြတော့မည်လား။

"ဘုရားရေ... သူတို့ ရူးနေကြပြီလား ၊ သူတို့က ငါ့အစ်မကို အနိုင်ကျင့်ကြမလို့လား"

အဋ္ဌမမင်းသားက တီးတိုးရေရွတ်လိုက်ရင်း ထိုနေရာသို့ သွားရောက်ကာ အစ်မဖြစ်သူကို အနိုင်ကျင့်သည့် နဂါးမယ် (၃)ယောက်ကို ပညာပေးချင်စိတ်များ တဖွားဖွားထွက်ပေါ်လာတော့သည်။

အမှန်တော့ သူတို့က အစ်မဖြစ်သူကို အနိုင်ကျင့်ခြင်းမှာ တကယ်တမ်းတွင် မီးနှင့်သွားပြီး ကစားမိကြခြင်းပင် ဖြစ်သည်။

ယောက်ဖက အစ်မဖြစ်သူကို အလွန်ချစ်လေသည်။

ထို့ပြင် ယောက်ဖက မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူဖြစ်သော်လည်း တစ်ချက်တစ်ချက်တွင် ကျန်းလန်၏ အကြည့်များက သူ့ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ စက္ကန့်ပိုင်းအတွင်း သူ့ကို အသေသတ်ပစ်တော့မည့်အလား ခံစားရသည်။

ထိုသို့ခံစားရခြင်းမှာ မွေးရာပါအင်မော်တယ် ခံစားချက်ဖြစ်သည်။ ထိုသို့သော အာရုံခံနိုင်စွမ်းမျိုးကို သူ့လို မွေးရာပါ အင်မော်တယ်များသာလျှင် ပိုင်ဆိုင်လေ့ရှိသည်။

အခြားသူများအနေဖြင့် လုံးဝအာရုံခံနိုင်မည် မဟုတ်ပေ။

အတိုချုပ်ဆိုရလျှင် ယောက်ဖဖြစ်သူက အလွန်အန္တရယ်များသည့်အပြင် သူ၏နောက်ခံကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်၏ ချစ်သူကို သွားထိခြင်းက ထိုနဂါးမယ် (၃)ယောက ်ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ မဟုတ်ပါလား။

"ဒါ အမေ့လက်ချက်ပဲ ဖြစ်ရမယ် ၊ အမေက အစ်မကို အမျက်ရှလို့ တမင်သက်သက် ဒီလိုလုပ်တာနေမှာ"

လုန်မန် သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်သည်။

အမှန်တော့ အစ်မဖြစ်သူက အလွန်စိတ်ထားကောင်းသူပင်။

သူမက အပြင်ပန်း အေးစက်ပြီး စကားနည်းသယောင် ထင်ရသော်လည်း စိတ်ထားနူးညံ့လွန်းသည်။ ထို့ပြင် သိမ်မွေ့ပြီး ဖြောင့်မတ်သူလည်း ဖြစ်၏။

အထူးသဖြင့် ယောက်ဖအနားတွင်ဆိုလျှင် သူမက ပိုပြီး သိမ်မွေ့နေတတ်သည်။

အား…

ယောက်ဖကြောင့်သာ မဟုတ်လျှင် ချစ်စရာကောင်းပြီး ဖော်ရွေတတ်သည့် အစ်မဖြစ်သူ၏ ငယ်ရွယ်သည့်ပုံစံလေးကို သူ တွေ့မြင်ခွင့်ရမည် မဟုတ်ပေ။

"အင်း… လောကကြီးက အတော်လေး ရှုတ်ထွေးတာပဲ"

အဋ္ဌမမင်းသား ခေါင်းခါယမ်းရင်း တွေးလိုက်သည်။

ထို့နောက် စတုတ္ထထပ် ဗဟိုမဏ္ဍိုင်နေရာသို့ လုန်မန် မော့ကြည့်လိုက်သည်။ တိုက်ပွဲက ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပြီး လုန်ယွိ ဒဏ်ရာရထားပြီလား သေသေချာချာ မသိရှိရပေ။

သူ နောက်ထပ်နားလည်လိုက်ရသည်မှာ နဂါးမျိုးနွယ်ဖြစ်ရခြင်းက အလွန်အန္တရယ်များသည်ဆိုသည့် အချက်ဖြစ်သည်။

***

"သူတို့ လုန်ယွိကို တွေ့အောင်ရှာနိုင်ကြသားပဲ"

လုန်စီးစီးက စတုတ္ထထပ် ဗဟိုမဏ္ဍိုင်နေရာသို့ လှမ်းကြည့်ရင်း စိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်။

ထို့နောက် လုန်စီးစီးက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…

"မြောင်ယွဲ့ ၊ ရှင်တို့ ခွန်လွန်တောင်ရဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမ အနိုင်ရမယ်လို့ ထင်လား"

ဟု မေးလိုက်၏။

ခွန်လွန်တောင်မှ တောင်သခင်မများထဲတွင် ကျူးချင်က ထူးခြားသည့် စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။ သူမက ပြိုင်ဘက်ကင်းအလှတရားကို ပိုင်ဆိုင်ထားပြီး နူးညံ့သိမ်မွေ့သူ ဖြစ်သည်။

သူမက စိတ်မပျော်မရွှင်ဖြစ်နေသည့် အချိန်မျိုးတွင်ပင် အခြားသူများကို ဓားသွားကဲ့သို့ နာကျင်စေသည့် စကားများကို မပြောဆိုတတ်ပေ။

မြောင်ယွဲ့သည်လည်း ပြိုင်ဘက်ကင်းအလှတရားကို ပိုင်ဆိုင်သူ ဖြစ်သည်။ သူမ၏အလှတရားက သန့်စင်အေးချမ်းလွန်းသည်။

သူမ၏ မျက်နှာကို ပုဝါဖြင့် ဖုံးကာထားသည့်တိုင် တစ်ချက်ကြည့်ရုံဖြင့် အလှဧကရီတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်သည်။

ထို့ပြင် သူမက ကျူးချင်ထက် လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်ပြီး စကားများက ဓားသွားအလား ထက်ရှနေတတ်သည်။ သူမ စကားများထဲတွင် ညှိနှိုင်းဆွေးနွေးရန် လမ်းဖွင့်ပေးမထားတတ်ဘဲ ပြိုင်ဘက်ကို အမြဲတမ်း စကားလုံးဖြင့် အနိုင်ယူတတ်သူ ဖြစ်လေ၏။

ယခုတော့ လုန်စီးစီး၏ မေးခွန်းကို မြောင်ယွဲ့က ပြန်မဖြေခဲ့ပေ။ တိုက်ပွဲရလဒ်မည်သို့ရှိမည်ကို အတိအကျ မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။

ဒုတိယတောင်ထွတ်၏ တောင်သခင် လျိုကျင်းကတော့ ဘယ်ဆီထွက်သွားပြီလဲ မသိရပေ။

ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များသည်လည်း စတုတ္ထထပ်ဗဟိုမဏ္ဍိုင်နေရာသို့ ကြည့်နေကြသည်။

နဂါးမျိုးနွယ်အချင်းချင်းတိုက်ခိုက်ကြသည့်တိုက်ပွဲထက် နဂါးမျိုးနွယ်နှင့် ခွန်လွန်တောင်အကြား ယှဉ်ပြိုင်မှုကို ပိုပြီး စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တတိယထပ်မှလူများ အပြင်သို့ ပြန်ရောက်လာသည်ကလည်း အလွန်များပြားနေသည်ဟု ခံစားနေကြရသည်။

သို့သော် မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူများ အပြင်သို့ ရောက်လာကြခြင်းကို မည်သူမှ စိတ်မဝင်စားကြပေ။

သူတို့အားလုံးက စတုတ္ထထပ်မှ မျိုးနွယ်တူချင်း တိုက်ပွဲကိုသာ ကြည့်နေကြလေ၏။

***

မဟူရာမှော်ရုံနယ်မြေ ၊ စတုတ္ထထပ်။

လုန်ယွိက လုန်ချင်းချင်းကို စူးစိုက်ကြည့်နေသည်။

သူမက မကြာသေးမီကမှ မရှိမှုအာကာသအဆင့်ကို အောင်မြင်ထားသူဖြစ်သည်။ သို့သော် လုန်ချင်းချင်းကတော့ မရှိမှုအာကာသအဆင့် အောင်မြင်ထားသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ တိုက်ပွဲတွင် သူမ အနိုင်ရမည်လားဟု ပြောရန်ခက်လှသည်။ သို့ပေသိ သူမ အကောင်းဆုံး ကြိုးစားမည် ဖြစ်၏။

လုန်ယွိက…

"ငါတို့ တိုက်ကြတော့မလား"

လုန်ချင်းချင်းက သူမထက် အသက်ငယ်သည်။

နဂါးမျိုးနွယ်အများစုက မွေးကတည်းက ကျင့်ကြံခြင်းအဆင့်တစ်ခု ပါလာတတ်ကြသည်။

သူမ…

သူမကတော့ ထိုသို့ဖြစ်မလာခဲ့ပေ။

မွေးရာပါအင်မော်တယ် နဂါးများက အလွန်ရှားပါးသည့်တိုင် မရှိမှုအာကာသအဆင့်ဖြင့် မွေးဖွားလာသည့် နဂါးများကတော့ အလွန်များပြားသည်။

သာမန်နဂါးများပင်လျှင် မူလဝိညာဉ်အဆင့်ဖြင့် မွေးဖွားလာတတ်ကြသည်။

သို့သော် သူမကတော့ ချီစွမ်းအားသန့်စင်ခြင်းအဆင့်ဖြင့်သာ မွေးဖွားလာခဲ့ရသည်။

လုန်ချင်းချင်းက…

"သေချာတာပေါ့"

ထို့နောက် လုန်ချင်းချင်း၏ တစ်ကိုယ်လုး တိုက်ခိုက်လိုသည့် အငွေ့အသက်များနှင့် ပြည့်နက်လာသည်။

သူမတွင် လုံး၀ ကြောက်စိတ်မရှိပေ။

သူမက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူမ ခန္ဓာကိုယ်တွင် နဂါးအကြေးခွံများ ထွက်ပေါ်လာသည်။ လုန်ယွိကဲ့သို့ အားနည်းသည့် နဂါးတစ်ကောင်ကို တိုက်ခိုက်ရန်အတွက် လက်သီးတစ်ချက်သာလျှင် လိုအပ်သည်။

ထို့နောက် လုန်ချင်းချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

လုန်ယွိသည်လည်း သူမ၏ ပြိုင်ဘက်ကိုကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

သူမ လုန်ချင်းချင်းကို လုံး၀ လျှော့မတွက်ပေ။ သူမ ခန္ဓာကိုယ်မှလည်း နဂါးအကြေးခွံများ ထွက်ပေါ်လာသည်။

လုန်ချင်းက သူမကို လက်သီးအသုံးပြုတိုက်ခိုက်မည်ဆိုလျှင် သူမကလည်း လက်သီးပင် အသုံးပြုမည် ဖြစ်သည်။ နဂါးများက အစကတည်းက သန်မာသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ လက်သီးတစ်ချက်ဖြင့် တိုက်ခိုက်ရန် လုံလောက်သည်။

"ဘုန်း"

လက်သီး (၂)ချက် ထိပ်တိုက်ရင်ဆိုင်မိသွားပြီး တန်ခိုးစွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာသည်။

"ခရက်"

အရိုးကျိုးသံသဲ့သဲ့ ထွက်ပေါ်လာ၏။

တိုက်ခိုက်လိုသည့်အငွေ့အသက်များပြည့်နေသည့် လုန်ချင်းချင်းမှာ ခဏမျှ အံ့သြမှင်တက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမလက်မှ နာကျင်သည့်ဝေဒနာကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သူမလက်မှ အရိုးများ ကျိုးကျေသွားခဲ့သည်လား။

သို့သော် သူမတွေးနေစဉ်မှာပင် လုန်ယွိက သူမကို ကန်ထုတ်လိုက်လေရာ ရှောင်တိမ်းရန် နောက်ကျသွားခဲ့သည်။

"ဘန်း"

လုန်ချင်းချင်း လွင့်ထွက်သွား၏။

လုန်ယွိက နေရာတွင်ပင်မတ်တတ်ရပ်နေရင်း လုန်ချင်းချင်းကို မျက်မှာင်ကြုတ်ကာ ကြည့်နေသည်။

"မင်း ငါ့ကို အရှုံးပေးစရာ မလိုသေးဘူးနော်"

သူမက အလေးအနက်ဆိုသည်။

သူမက တကယ်တမ်း အားနည်းသည့်အတွက် ရှုံးနိမ့်ရသည်ဆိုလျှင် အရှုံးကို လက်ခံမည် ဖြစ်သည်။ သို့သော် သူမကို ကွဲပြားစွာ ဆက်ဆံသည်ကိုတော့ မလိုလားပေ။

လုန်ချင်းချင်း မတ်တတ်ထရပ်လိုက်သည်။ သူမနှုတ်ခမ်းထောင့်မှ သွေးများစီးကျနေ၏။

လုန်ယွိက သူမမျက်နှာကို ခြေထောက်ဖြင့်ကန်လိုက်သည် မဟုတ်ပါလား။

သူမ ရှုံးနိမ့်သွားခြင်း မရှိသေးသော်လည်း အဘယ့်ကြောင့် သူမလက်မှ အရိုးများ ကျိုးသွားရပါသနည်း။

လုန်ယွိက သူမကို အရှက်ခွဲသည်ဟု သူမ ခံစားလိုက်ရသည်။

ချက်ချင်းပင် လုန်ချင်းချင်းက တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး နဂါးခန္ဓာတစ်ဝက် အသွင်ပြောင်းလိုက်သည်။

နဂါးပုံရိပ်က သူမပတ်လည်တွင် ထွက်ပေါ်လာ၏။

ယခုတစ်ကြိမ်တော့ သူမက ရှိသမျှတန်ခိုးစွမ်းအားများအားလုံးကို ထုတ်ဖော်အသုံးပြုပြီး လုန်ယွိကို တိုက်ခိုက်လေသည်။

"သေစမ်း…"

All Chapters