← Chapters

မယုံနိုင်လောက်အောင် မာနကြီးသော ကျောက်ရီထျန်း

Vol. 9 Ch. 133

မယုံနိုင်လောက်အောင် မာနကြီးသော ကျောက်ရီထျန်း

Vol. 9 Ch. 133

“ရှောင်ရဲ့ အလယ်နားလောက်ကလူက ငါတို့ တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ကျောင်းအုပ်ရှန့်ပဲ”

ရှန်းက ရဲ့လင်းချန်ကို မိတ်ဆက်ပေးသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“သူ့ဘေးက တစ်ယောက်က ဟွာချင်တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ကျောင်းအုပ်ရှု”

ဒုကျောင်းအုပ်များပင် ပါနေသဖြင့် ပီကင်းတက္ကသိုလ်နှင့် ဟွာချင်တက္ကသိုလ်တို့သည် ဤဘတ်စကတ်ဘော ပြိုင်ပွဲ၌ အတော်လေး အလေးထားပုံရသည်။

“ရှောင်ရဲ့ ဟိုနားကို ကြည့်လိုက်”

သူ့ဘေးမှ အာလူးလေးက ရဲ့လင်းချန်နားကပ်၍ လန့်စရာကောင်းသော အကြည့်ဖြင့် ခပ်တိုးတိုး ပြောလာသည်။

ရဲ့လင်းချန် သူ ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က မရည်ရွယ်ဘဲ ထိုနေရာမှာတင် ကပ်ညိ နေမိသည်။

ထိုနေရာတွင် အနက်ရောင် မျက်မှန်ကိုင်း တပ်ထားပြီး အနီရောင်ဝတ်စုံ ဝတ်ထားသည့် မိန်းကလေး တစ်ယောက် ထိုင်နေသည်။ ဆူညံနေသော အားကစားရုံထဲနှင့် ဆန့်ကျင်စွာပင် သူမက တိတ်ဆိတ်၍ အေးချမ်းလှသည်။ သူမက စာအုပ်တစ်အုပ်ကိုကိုင်ကာ ဖတ်နေသည်။

သူမသည် နှင်းပန်းသဖွယ် နူးညံ့သိမ်မွေ့၍ အေးချမ်းလှသည်။ ထိုမိန်းကလေးသည် ရဲ့လင်းချန် လမ်း၌ ဝင်တိုက်မိသော မိန်းကလေးပင်။

“ဘယ်လိုလဲ လှတယ် မဟုတ်လား”

အာလူးလေးက ရဲ့လင်းချန်ကို မျက်စိတစ်ဖက်မှိတ်ပြသည်။

“သူက ဟွာချင်ကျောင်းရဲ့ အလှလေးလေ ပြီးတော့ အချိန်ပိုင်း ကျူတာပေါ့၊ သူ့နာမည်က ရှုဝမ်ချင်တဲ့”

“ကျူတာလား”

ရဲ့လင်းချန် တအံ့တဩ မေးလိုက်သည်။

“မယုံနိုင်ဘူး မဟုတ်လား၊ ကျူတာတစ်ယောက်က ကျောင်းအလှလေး ဖြစ်နေတာက အရမ်း ရှားတာကွ”

အာလူးလေးက ထပ်ရှင်းပြသည်။

“သူက မနှစ်ကတင် ဟွာချင်တက္ကသိုလ်ကနေ ဘွဲ့ရသွားတာ၊ သူ့ရဲ့ ထူးချွန်လွန်းတဲ့ ပညာကြောင့် သူတို့က သူ့ကို ကျူတာအဖြစ် ပြန်နေခိုင်းတာလေ”

“သူက အဆင့်မြင့်သင်္ချာက ကျူတာလို့ ငါ ကြားဖူးတယ်”

ရှန်း၏ မျက်လုံးများကလည်း တောက်ပနေကာ ဆက်ပြောလေသည်။

“အထူးသင်္ချာက ပြောရရင် ပျင်းစရာအကောင်းဆုံး အတန်းပဲ၊ ပြီးတော့ ကျောင်းပြေးနှုန်းကလည်း ငါးဆယ် ကျော်တယ်၊ သူ့လက်ထဲရောက်တော့ ကျောင်းပြေးနှုန်းက လျော့သွားရုံတင်မကဘဲ လူပြည့်လွန်းတယ် ပြဿနာပါ တက်တာလေ”

“ဟုတ်တယ် သူက သိပ်လှလွန်းတယ်၊ ပြီးတော့ သူ့အလှက အခြားမိန်းကလေးတွေနဲ့ မတူဘူး၊ သူ့မှာ ထက်မြက်မှုနဲ့ အလှအပ ရောယှက်နေတာ၊ စီးဆင်းနေတဲ့ စမ်းချောင်းလိုပဲ အခြားသူတွေရဲ့ ရင်ကို အေးစေတယ်”

အာလူးလေးက ရှားရှားပါးပါး ကဗျာဆန်ဆန် မှတ်ချက်ပေးသည်။

“သူက ငါ့ဆရာ ဖြစ်မယ်ဆိုရင်  အဆင့်မြင့်သင်္ချာကို ငါ အောင်မယ်လို့ အာမခံရဲတယ်၊ ဘာလို့ ဘဝကြီးက အရမ်း မမျှတာလဲကွာ”

ရှောင်ကမ်းက ကြေကွဲဟန်နှင့် ညည်းတွားလေသည်။

ရဲ့လင်းချန်မှလွဲ၍ အားကစားရုံတွင်းမှ အကြည့်ပေါင်းများစွာက ရှုဝမ်ချင်ထံ ကော်သဖွယ် ကပ်နေကြပြီး ထိုအကြည့်များ၌ မီးတောက်မတတ် တပ်မက်မှုများ ပါဝင်နေသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ရှုဝမ်ချင်၏ အလှနှင့် ကိုယ်ရည်ကိုယ်သွေးအရ သူမ ဤမျှ အာရုံစိုက်ခြင်း ခံရသည်က အံ့ဩစရာ မဟုတ်တော့ပေ။

“သူက တကယ့် စာကြမ်းပိုး ဖြစ်နေတာ ကံဆိုးတာပဲ၊ သူက အခြားအရာတွေကို လုံးဝ စိတ်မဝင်စားဘူး၊ အဲ့ဒါကြောင့် သူ အရင်ကတည်းက တစ်ခါမှ ရည်းစားမရှိတာ”

ရှန်းက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ရှုဝမ်ချင်၏ ပညာကို ရူးသွပ်ပုံကို ရဲ့လင်းချန် ကိုယ်တွေ့ မြင်ခဲ့ပါသည်။

ထိုစဉ် ဆန့်ကျင်ဘက် အရပ်များမှနေ၍ အဖွဲ့နှစ်ဖွဲ့ ဝင်လာသည်ကို မြင်လိုက်သဖြင့် အားကစားရုံတွင်း၌ အော်ဟစ်သံများနှင့် ပြည့်နှက်သွားသည်။

ပြိုင်ပွဲ စတင်လေပြီ။

“ဟွာချင် အတော်ဆုံးပဲ၊ ဟွာချင်က ပြိုင်ပွဲကိုနိုင်မှာ”

“ကျောက်ရီထျန်း ကျွန်မ ရှင့်ကို ချစ်တယ်၊ ကျောက်ရီထျန်း နိုင်မှာ၊ နိုင်မှာ၊ နိုင်မှာ”

ပွဲကြည့်ပရိသတ်ထဲတွင် ဟွာချင်၏ ပန်းပွားအဖွဲ့က အသင့်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူတို့က သူတို့အသင်းကို မြင်သည်နှင့် ချက်ချင်း လက်ထဲမှ ပန်းပွားများကို လှုပ်ခါ၍ ကခုန်လေတော့သည်။

ပြိုင်ပွဲ၏ အားသားချက်မှာ အိမ်ကွင်း၏ အကျိုးကျေးဇူးပင်။ ပီကင်းတက္ကသိုလ်၏ အသင်းသည် ဝင်ခွင့် နောက်ကျသဖြင့် အားပေးရာတွင်လည်း နောက်ကျခဲ့သည်။ ထို့အပြင် သူတို့၏ အားပေးသံက ပီကင်းတက္ကသိုလ်၏ အသံကို မလွှမ်းနိုင်ပေ။ သူတို့ အစကတည်းက ဖိနှိပ်ခံနေရလေပြီ။

ပီကင်းတက္ကသိုလ်အား ဟဲယွမ်က ဦးဆောင်သည်။ သူသည် ဘတ်စကတ်ဘော ဂျာစီကို ဝတ်ဆင်ထားပြီး အလွန် အလေးအနက် ထားပုံ ပေါ်နေသည်။

ဟွာချင်၏ အသင်းမှာမူ အနီရောင်ဂျာစီ ဝတ်ထားသော ပိန်ရှည်ရှည် ကျောင်းသားတစ်ယောက်က ဦးဆောင်နေ၏။ သူ့မျက်လုံးများက စူးရှပြီး အထင်သေးသော အပြုံးအား ချိတ်ဆွဲထားသည်ကို မြင်နေရသည်။

ပုံမှန်အားဖြင့် အသင်းနှစ်သင်းသည် လက်ဆွဲနှုတ်ဆက်ပြီး ရင်းနှီးသော အသွင်ဖြင့် ပြိုင်ပွဲကို စတင်ရမည် ဖြစ်သည်။

သို့သော် သူသည် ဟဲယွမ်ကို လျစ်လျူရှု၍ ဟွာချင်တက္ကသိုလ်ဘက်မှ ပွဲကြည့်ပရိသတ်များကို လှည့်ကြည့်၍ လက်သီးကိုဆုပ်ကာ မြှောက်ပြသည်။

“ဝါး … ကျောက်ရီထျန်းက တအားချောတာပဲ”

“သူက တအားမိုက်တာပဲ၊ ကျောက်ရီထျန်းက ကျောက်ရီထျန်းပါပဲ”

“ကျောက်ရီထျန်း ကျွန်မ ရှင်က လွဲရင် အခြား ဘယ်သူနဲ့မှ လက်မထပ်ဘူး အား …”

“ငါတို့ ဒီပွဲကို နိုင်မှာ၊ ဟွာချင် နိုင်ရမယ်၊ ဟွာချင်က အကောင်းဆုံးပဲ”

ချက်ချင်းဆိုသလိုပင် ဟွာချင်တက္ကသိုလ်၏ ကျောင်းသားကျောင်းသူများ အော်ဟစ်လာသည်။ အော်ဟစ်သံများ ညံနေပြီး အချို့ဆိုလျင် မတ်တပ်ရပ်၍ အားပါးတရ အော်ဟစ်နေကြသည်။

ပီကင်းတက္ကသိုလ်ဘက်မှ ပွဲကြည့်ပရိသတ်များမှာမူ မျက်နှာသုန်မှုန်ကာ ဟွာချင်တက္ကသိုလ်အား စူးစိုက်ကြည့် နေကြသည်။ သူတို့ ဒေါသကိုသာ ဖော်ပြခွင့်ရမည်ဆိုလျင် မီးကုန်ယမ်းကုန် ထုတ်ပြမိလောက်သည်။

“ယီးပဲ ဟွာချင်တက္ကသိုလ်က တော်တော် ရိုင်းပျတာပဲ၊ အဲ့ကျောက်ရီထျန်းက ဘာဖြစ်လဲ၊ ဘာဖြစ်လို့လဲ”

“ဟုတ်တယ်၊ သူက တကယ် အစွမ်းအစ ရှိတယ်ဆိုရင် နေလုံးကို တက်လုပ်ပြလေ၊ ဒါဆို ငါ ချီးကျူးပေးမယ်”

“လေလုံးထွားတဲ့ကောင်တွေက များသောအားဖြင့် အဆုံးသတ် မကောင်းဘူး၊ ကျောက်ရီထျန်း သေချာပေါက် ဒီနေ့ အချခံရမှာ”

ရှောင်ကမ်း၊ အာလူးလေးနှင့် ရှန်းတို့က လှောင်ရယ်နေသည်။ ဘယ်အချိန်ကတည်းက ပီကင်းတက္ကသိုလ်သည် ပေါ်ပေါ်တင်တင် အနှိမ်ခံနေရသနည်း။

ပွဲကြည့်ပရိသတ်၏ ရှေ့ဆုံးမှ ပီကင်းတက္ကသိုလ်၏ ဒုကျောင်းအုပ်ရှန့်လည်း ပျော်ပုံမပေါ်ချေ။ သူ တီးတိုးပြောလိုက်သည်။

“အဘိုးကြီးရှု၊ ကျုပ်တို့ တရုတ်လူမျိုးတွေက မြင့်မားတဲ့ စိတ်ဓာတ်အဆင့်အတန်းပေါ် အခြေခံပြီး အဖွဲ့အစည်းကို အမြဲ တည်ဆောက်ခဲ့တာ၊ မင်းကျောင်းသားတွေမှာတော့ အဲ့အမွေ ပါလာပုံ မရဘူး”

“ဟားဟားဟား သူတို့တွေက လူငယ်တွေလေ၊ သူတို့က စိတ်အားထက်သန်နေမှာတော့၊ ခင်ဗျားရှေ့မှာ သူတို့ အရှက်ရအောင် လုပ်မိရင် တောင်းပန်ပါတယ်၊ အဘိုးကြီးရှန့်”

ဒုကျောင်းအုပ်ရှုက ရယ်၍ ပြောလိုက်သည်။

“အဘိုးကြီးရှု မင်းကြည့်ရတာ တော်တော်လေး ယုံကြည်မှုရှိနေတယ် ထင်တယ်”

ဒုကျောင်းအုပ်ရှန့်က မျက်နှာပုပ်နေသည်။

“အရင်တုန်းကလိုဆိုရင်တော့ ကျုပ် မလုပ်ရဲပါဘူး၊ ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ ပီကင်းတက္ကသိုလ်က ကျုပ်တို့ ဟွာချင် တက္ကသိုလ်ကို လုံးဝ မယှဉ်နိုင်ဘူး”

ဒုကျောင်းအုပ်ရှုက မငြင်းဆန်ဘဲ ပေါ်တင် ဖြေလေသည်။

“ကျောက်ရီထျန်းကြောင့်လား”

ကျောင်းအုပ်ရှန့်၏ အမူအရာက ပိုဆိုးရွားလာသည်။

“ဟုတ်တယ်”

ကျောင်းအုပ်ရှု ခေါင်းညိတ်ပြသည်။

“ခင်ဗျားဘေးနားက လူကို မေးကြည့်လိုက်၊ ဒါဆို ဘာလို့လဲဆိုတာ သိလိမ့်မယ်”

ကျောင်းအုပ်ရှန့်က သူ့ဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။

“ဟဲဟဲ ကျောင်းအုပ်ရှန့်၊ ကျွန်တော်က မြို့တော် ဘတ်စကတ်ဘော လေ့ကျင့်ရေး အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ကျန်းဟဲပါ”

ကျန်းဟဲက အပြုံးနှင့် သူ့ကိုယ်သူ မိတ်ဆက်လေသည်။

“ဥက္ကဋ္ဌကျန်း”

ကျောင်းအုပ်ရှန့်၏ အမူအရာက လေးနက်လာသည်။ ဤလူသည် ဟွာချင်တက္ကသိုလ်၏ စီမံခန့်ခွဲရေး အသင်းမှလူဟု သူ ထင်ခဲ့မိသည်။ ပီကင်းမြို့ ဘတ်စကတ်ဘော လေ့ကျင့်ရေး အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

၎င်းသည် နိုင်ငံ၏ တရားဝင် အဖွဲ့အစည်းဖြစ်ပြီး မျိုးဆက်သစ် ကစားသမားများအား အထူးလေ့ကျင့်ပေး၍ နိုင်ငံကိုယ်စားပြု ဘတ်စကတ်ဘော ပြိုင်ပွဲများ၌ ယှဉ်ပြိုင်စေသော အဖွဲ့အစည်း ဖြစ်၏။

“ဥက္ကဋ္ဌကျန်း ခင်ဗျား ဆိုလိုချင်တာက …”

ကျောင်းအုပ်ရှန့်၏ စိတ်ထဲ၌ မကောင်းသော အငွေ့အသက်များ ရနေသည်။

“ကျောက်ဟောင်က အားကစားမှာ အတော်လေး ပါရမီပါတယ်၊ အထူးသဖြင့် ဘတ်စကတ်ဘောပဲ၊ အဲ့ဒါကြောင့် ကျုပ်တို့ သူ့ကို လေ့ကျင့်ရေး အဖွဲ့အစည်းထဲ ဝင်ဖို့အတွက် လာဖိတ်တာ”

ကျန်းဟဲက ပြန်ဖြေသည်။ ကျောင်းအုပ်ရှန့်က အောင့်သက်သက်ဖြင့် ခေါင်းယမ်းလေသည်။

“အဘိုးကြီးရှု ခင်ဗျားက အခုတစ်ခေါက်မှာ ဝှက်ဖဲကို တော်တော်လေး ဖွက်ထားနိုင်တာပဲ၊ ပြိုင်ပွဲနေ့ကို ရှေ့တိုးနိုင်တဲ့အထိ တက်ကြွနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ခင်ဗျား ကျုပ်ကို အနိုင်ပိုင်းသွားတာပဲ”

မြို့တော် လေ့ကျင့်ရေး အဖွဲ့အစည်း၏ ကင်းထောက်ခြင်း ခံရရန် ကျောက်ဟောင်တွင် သူမထူသော အရည်အချင်းနှင့် သာလွန်သော ဘတ်စကတ်ဘော စွမ်းရည်များ ရှိရန် လိုအပ်ပေမည်။ ယင်းက သူသည် ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ယောက် ဖြစ်လာရန် အလွန် နီးကပ်နေပြီဟု ဆိုလိုနေ၏။ ပရော်ဖက်ရှင် ကစားသမားတောင်မှ သူ့ကို မယှဉ်နိုင်လျင် ဤကျောင်းသားများက ဘာများ တတ်နိုင်ဦးမည်နည်း။

“ဟားဟားဟား ငါတို့ အချင်းချင်း ပြိုင်လာတာ နှစ်တွေ ဒီလောက်ကြာနေပြီ၊ ဒီလို သေချာတဲ့ နိုင်ပွဲရဖို့ဆိုတာ ငါ့အတွက် ရှားတယ်ကွ၊ ဒီအခွင့်အရေးကိုမှ ငါ အမိဖမ်းမထားရင် ငါ ညံ့ရာကျမှာပေါ့”

ကျောင်းအုပ်ရှုက ဝမ်းသာအားရရယ်၍ မုတ်ဆိပ်မွေးကို ပွတ်သပ်နေသည်။

“ဟဲဟဲ သိပ်လည်း ဘဝင်မြင့်မနေနဲ့၊ ရလဒ်တွေ မထွက်သေးပါဘူး”

ကျောင်းအုပ်ရှန့်က ပြန်ချေပလိုက်သည်။

“အဘိုးကြီးရှန့် မင်း ခေါင်းမာနေတာပဲ”

ကျောင်းအုပ်ရှုက ယုံကြည်မှုရှိစွာ ပြောလေသည်။

“ပြိုင်ပွဲဝင်များ ကွင်းလယ်မှစုမှာ”

ဟဲယွမ်နှင့် ကျောက်ရီထျန်းတို့က အလယ်သို့ လျှောက်လာနေချိန်တွင် ကျန်ကစားသမားများက သူတို့ နေရာအသီးသီး၌ နေရာယူ၍ ပွဲစတင်ရန် အသင့်ပြင်ထားကြသည်။

ဆူညံနေသော အားကစားရုံက ချက်ချင်း ငြိမ်ကျသွားသည်။ အားလုံး အသေအချာ အာရုံစိုက်၍ ကြည့်နေကြပြီး စိုးရိမ်တုန်လှုပ်နေကြသည်။

“ဟေ့ကောင်လေး မင်းက တော်တော် လေကျယ်တဲ့ကောင်ပဲ”

ဟဲယွမ်က ကျောက်ရီထျန်းနှင့် မျက်နှာချင်းဆိုင်ရသောအခါ အေးစက်စက်ကြည့်၍ ခပ်တိုးတိုး ပြောသည်။

“ခင်ဗျားက ကျုပ်ပြိုင်ဘက် မဟုတ်ဘူးလို့ ကျုပ် ပြောရဲတယ်၊ ဒီပွဲက ပီကင်းတက္ကသိုလ်ရဲ့ ဟွာချင်တက္ကသိုလ်ဆီမှာ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ကြုံရတဲ့ပွဲလို့ သမိုင်းတွင်စေရမယ်”

ကျောက်ရီထျန်းက ဟဲယွမ်၏ အကြည်နည်းတူ ပြန်ကြည့်လာပြီး မယုံနိုင်လောင်အောင် မာနကြီး၍ မာန်တက် နေ၏။

All Chapters