← Chapters

လုံးဝရှုံးနိမ့်သွားခြင်း

Vol. 22 Ch. 298

လုံးဝရှုံးနိမ့်သွားခြင်း

Vol. 22 Ch. 298

အခန်း (၂၉၈) လုံးဝရှုံးနိမ့်သွားခြင်း

လုန်ချင်းချင်း နဂါးတစ်ဝက်အသွင်ပြောင်းသွားသည်ကို ကြည့်ရင်း လုန်ယွိ လုံး၀ နောက်ပြန်ဆုတ်ရန် မစဉ်းစားတော့ပေ။

လုန်ယွိ၏ မျက်နှာနှင့် လက်များတွင် နဂါးအကြေးခွံများထွက်ပေါ်လာသည်။ နဖူးထက်တွင်လည်း နဂါးဦးချိုများထွက်ပေါ်လာကာ မျက်ဝန်းအိမ်များလည်း ပြောင်းလဲသွား၏။

သူမပတ်ပတ်လည်ရှိ နဂါးအရိပ်က မသိမသာ ထင်ရှားလာသည်။

နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး လုန်ချင်းချင်းထံမှ တန်ခိုးစွမ်းအားများ မြင့်တက်လာ၏။

ထိုခဏမှာပင် လုန်ယွိက စတင်တိုက်ခိုက်လိုက်သည်။

သူမက လုန်ချင်းချင်းရှေ့သို့ ရောက်လာပြီး သူမ၏ နဂါးလက်သည်းများကို ဝှေ့ယမ်းလိုက်သည်။

"ဘုန်း"

နှစ်ယောက်လုံး တန်ခိုးစွမ်းအားများ စုစည်းလိုက်ကြသည်။

"ဘန်း"

ပြင်းထန်လှသည့် စွမ်းအားကြီး ထွက်ပေါ်လာပြီး နှစ်ယောက်လုံး နောက်သို့ လွင့်ထွက်သွားသည်။

လုန်ယွိက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်လိုက်သည်။ တစ်ခုခု လွဲနေသည်ဟု သူမ ခံစားရသည်။

လုန်ချင်းချင်းသည်လည်း ထိုသို့ပင် အာရုံခံမိသည်။

လုန်ယွိကို တုန်လှုပ်စေရန်အတော်လေးခက်ခဲကြောင်း သူမသဘောပေါက်လိုက်သည်။ သို့သော် သူမ အများကြီး မတွေးတော့ပေ။

လုန်ချင်းချင်းက တန်ခိုးစွမ်းအားများကို လက်တွင်စုစည်းလိုက်ပြီး နဂါးပုံရိပ်က သူမ၏ နဂါးလည်သည်းများ ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။

စက္ကန့်ပိုင်းအတွင်း သူမ လုန်ယွိရှေ့သို့ရောက်ရှိလာပြီး နဂါးလက်သည်းများကို ဝှေ့ယမ်းလိုက်သည်။

"ဘုန်း"

လုန်ယွိ၏လက်က သူမ၏တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်သည်။

သူမ၏လက်အတွင်းသို့ ပြင်းထန်သည့် စွမ်းအားတစ်ခု ဖြတ်သန်းသည်ကို လုန်ချင်းချင်း ခံစားလိုက်ရသည်။ ထိုစွမ်းအားက လုန်ယွိ၏ နဂါးစွမ်းအား ဖြစ်၏။

လုန်ချင်းချင်း၏လက်ကို လုန်ယွိ၏ နဂါးစွမ်းအားက ဖုံးအုပ်သွားပြီး လက်အရိုးများ ကျိုးကျေသွားသည်။

"ခရက်"

လုန်ချင်းချင်း ချက်ချင်းပင် လွတ်မြောက်အောင် ကြိုးစားလိုက်သည်။ သို့သော် လုန်ယွိက သူမရှေ့သို့ ချက်ချင်း ရောက်လာသည်။

"ဘန်း"

"ဝေါ့"

လုန်ယွိ၏ လက်သီးချက်က လုန်ချင်းချင်း၏ဝမ်းဗိုက်ကို ထိမှန်သွားပြီး ပါးစပ်ထဲမှ သွေးများအန်ထုတ်လိုက်ကာ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။

သူမ ပြန်လည်မတိုက်ခိုက်နိုင်ခင်မှာပင် သူမမျက်စိထဲတွင် လုန်ယွိ၏ ဖိနပ်ကို တွေ့မြင်လိုက်ရ၏။ လုန်ယွိ၏ ခြေကန်ချက်က သူမမျက်နှာထက်သို့ ပြင်းထန်စွာ ကျရောက်လာခြင်းပင်။

"ဘန်း"

"ဒုန်း"

"ဘန်း ဘန်း"

လုန်ချင်းချင်း လွင့်ထွက်သွားပြီး မြေပြင်ထက်လိမ့်ဆင်းသွားသည်။ လုန်ချင်းချင်းကို ကန်ထုတ်လိုက်ပြီးနောက် လုန်ယွိက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

သူမက လုန်ချင်းချင်းကိုကြည့်လိုက်ပြီး တိုးလျစွာမေးသည်။

"နင် စွမ်းအားအကုန် သုံးထားတာလား"

သူမအသံက ပုံမှန်အတိုင်းပင် တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေလေသည်။ သို့သော် သူမ အမှန်တကယ်သိချင်သောကြောင့် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်၏။

သို့သော်...

လုန်ချင်းချင်းကတော့ လုန်ယွိက သူမကို စော်ကားလှောင်ပြောင်သည်ဟု အထင်ရောက်သွား၏။

လင်စီးယာမှာလည်း အံ့သြမှင်တက်လျှက် ရှိသည်။

ဂိုဏ်းတူအစ်မလုန်ယွိမှာ မရှိမှုအာကာသအဆင့် အောင်မြင်ထားသူဖြစ်လေသည်။ သို့သော် အဘယ့်ကြောင့် ထိုမျှလောက် တန်ခိုးစွမ်းအားမြင့်မား နေရပါသနည်း။

လင်စီးယာထက် အံ့သြထိတ်လန့်နေသူများမှာ ဘေးမှရပ်ကြည့်နေသည့် နဂါးမယ် (၂)ယောက် ဖြစ်သည်။

သူတို့သည်လည်း လင်စီးယာကဲ့သို့ပင် တူညီသည့်မေးခွန်းကို မေးမြန်းချင်နေကြသည်။

လုန်ချင်းချင်းက တန်ခိုးစွမ်းအား အကုန်လုံး ထုတ်သုံးသည့်တိုင် လုန်ယွိကို အနိုင်မရခဲ့ဘူးလား။ သူမတို့ (၂)ယောက်ကြားတွင် တန်ခိုးစွမ်းအား ကွာခြားမှုရှိခဲ့လျှင်တောင်မှ ထိုမျှလောက် မဖြစ်သင့်ပေ။

မျိုးနွယ်တူအချင်းချင်း ယှဉ်ပြိုင်ပွဲတစ်ခု ပြုလုပ်သည်ဟု ဆိုနိုင်သော်လည်း လုန်ချင်းချင်းကတော့ မရှုမလှ ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဤသည်က ပုံမှန်မဟုတ်ပေ။

"ကြည့်မနေကြနဲ့တော့ ၊ သူ့ရဲ့ကျင့်ကြံခြင်းက ထူးခြားတယ် ၊ ဝိုင်းပြီးတိုက်ကြ"

လုန်ချင်းချင်းက ခက်ခက်ခဲခဲပင် မတ်တတ်ရပ်လိုက်ပြီး သူ့နောက်မှ မိန်းမပျို နှစ်ယောက်ကို ပြောလိုက်သည်။

"မင်းရဲ့ စွမ်းအားအပြည့်ကို သုံးစမ်း"

နဂါးမယ်တစ်ယောက်က စကားသံနှင့်အတူ ရှေ့သို့ ထွက်လာပြီး နဂါးတစ်ဝက်အသွင် ပြောင်းလဲသွားသည်။ သူမက လုန်ယွိကို စတင်တိုက်ခိုက်လိုက်သည်။

"ဂရား"

နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး ပြင်းထန်သည့်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။

လုန်ယွိက နေရာတွင်ပင်ရပ်နေပြီး သူမ၏ အင်္ကျီလက်ထောင့်စွန်းလေးများက လေထဲတွင် လွင့်ပျံသွားသည်။ တန်ခိုးစွမ်းအား ထုတ်ဖော်လိုက်သည့်လက္ခဏာပင် ဖြစ်သည်။

"ဂိုဏ်းတူညီမလေး ၊ နင် ဝင်မတိုက်နဲ့တော့ ၊ ငါတစ်ယောက်တည်းတိုက်နိုင်တယ်"

လုန်ယွိအသံ ထွက်ပေါ်လာသည်။

တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်ရန် ဟန်ပြင်နေသည့် လင်စီးယာကို လုန်ယွိက လှမ်းပြောလိုက်ခြင်းပင်။ လင်စီးယာက ခဏမျှချီတုံချတုံ ဖြစ်နေပြီးမှ နောက်ပြန်ဆုတ်လိုက်သည်။

သူမက ဂိုဏ်းတူအစ်မလုန်ယွိ စိတ်အေးလက်အေး တိုက်ခိုက်နိုင်ရန်အတွက် လုန်ချင်းချင်းကို ထိန်းထားပေးရန် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။

လင်စီးယာက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်သော်လည်း လုန်ချင်းချင်းက ဒဏ်ရာရထားသည့်အတွက် ကောင်းကောင်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

သို့သော် ဂိုဏ်းတူအစ်မက သူမကို မတိုက်ခိုက်စေချင်သောကြောင့် ဘေးနားတွင်သာ ရပ်နေလိုက်တော့သည်။

ဂိုဏ်းတူအစ်မ အန္တရယ်ရှိလျှင်တော့ သူမက ဝင်ရောက်တိုက်ခိုက်မည် ဖြစ်သည်။ သူမတို့ (၂)ယောက်လုံး ရှုံးနိမ့်သွားပါက သူမက လုန်ယွိကို ကယ်ထုတ်သွားပြီး အခြားသူများကို အကူအညီတောင်းရမည် ဖြစ်သည်။

သူမက ဂိုဏ်းတူအစ်ကိုကျင်းထင်နှင့် ဂိုဏ်းတူအစ်မမုရှိုးတို့နှင့် ရင်းနှီးသည်။ သူတို့ (၂)ယောက်သည်လည်း စတုတ္ထထပ်တွင် ရှိနေကြလေသည်။

သူတို့အားလုံး ပူးပေါင်းလိုက်လျှင် နဂါးမျိုးနွယ်များကို သေချာပေါက် အနိုင်ယူနိုင်မည် ဖြစ်၏။

သူမ ထိုသို့တွေးနေစဉ်မှာပင် လုန်ယွိနှင့် နဂါးမယ် (၃)ယောက်၏ တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားကြသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

သူတို့ (၄)ယောက်၏ တန်ခိုးစွမ်းအားများ အဆက်မပြတ် ရိုက်ခတ်လျှက်ရှိသည်။

တိုက်ပွဲက အလွန်လျှင်မြန်လှပြီး လူရိပ်များကို ရိပ်ခနဲ ရိပ်ခနဲသာ တွေ့မြင်ရသည်။ တိုက်ပွဲမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများကြောင့် စတုတ္ထထပ် ဗဟိုမဏ္ဍိုင်ရှိ စြင်္ကံလမ်းတစ်ခုလုံး ပျက်စီးသွားတော့၏။

တန်ခိုးစွမ်းအားများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိပြီး စြင်္ကံလမ်းတစ်ခုလုံးအက်ကွဲကုန်သည့်တိုင် အလျှင်အမြန်ပင် အကောင်းတိုင်း ပြန်ဖြစ်သွားသည်။

"ဘုန်း"

ထို့နောက် တိုက်ခိုက်မှုများက အရှိန်အဟုန် မြင့်လာပြန်သည်။

လုန်ယွိက နဂါးမယ်တစ်ယောက်ဘေးတွင် ရိပ်ခနဲပေါ်လာပြီး သူမ၏ပါးပြင်ကို နဂါးလက်သည်းဖြင့် ကုတ်ချလိုက်သည်။

"ဘန်း"

ကျယ်လောင်သော အသံကြီးနှင့်အတူ ထိုနဂါးမယ်သည် စြင်္ကံလမ်းနှင့် ရိုက်မိသွားသည်။

မကြာခင်မှာ လုန်ယွိက အခြားနဂါးမယ်များထံ ချဉ်းကပ်သွားသည်။

ထို့နောက် နဂါးမယ်တစ်ယောက်၏ ဝမ်းဗိုက်ကို လုန်ယွိက လက်သီးဖြင့်ထိုးချလိုက်သည်။

လက်သီးချက်မှ ပြင်းထန်သည့်စွမ်းအားတစ်ခုထွက်ပေါ်လာပြီး တစ်ဖက်လူမှာ စြင်္ကံလမ်းပေါ်သို့ လွင့်စင်ကျသွားသည်။

"ဘန်း"

"ဝေါ့"

လွင့်ထွက်သွားသည့် နဂါးမယ်မှာ သွေးတစ်ပွက်အန်ချလိုက်ပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

လုန်ယွိက လုန်ချင်းချင်း အနားသို့ရောက်လာပြီး ခြေထောက်ဖြင့် နောက်တစ်ချက် ကန်ထုတ်လိုက်သည်။

"ဘန်း"

လုန်ချင်းချင်း လွင့်ထွက်သွားပြီး အဝေးတစ်နေရာရှိ မြေပြင်ထက်သို့ လိမ့်ဆင်းသွားသည်။

နဂါးမယ် (၃) ယောက်ကို နှိမ်နင်းပြီးနောက် လုန်ယွိ ဖြည်းညင်းစွာပင် မြေပြင်ထက်သို့ ဆင်းသက်လာသည်။

သူမ၏အဝတ်အစားများက လေထဲတွင် လွင့်ပျံလျှက် ရှိလေသည်။

နဂါးမယ် (၃) ယောက်က တန်ခိုးစွမ်းအားအပြည့်သုံးကာ တိုက်ခိုက်ခဲ့သော်လည်း လုန်ယွိက သူမတို့အားလုံးထက် အနည်းငယ် သာလွန်နေဟန်ရှိသည်။

ဤသည်က သူမကိုယ်တိုင် မျှော်လင့်မထားသည့်ကိစ္စ ဖြစ်သည်။

ထိုစဉ်မှာပင် လဲကျနေသည့် နဂါးမယ်များ လူးလဲ ထလိုက်ပြီး နောက်သို့ ဆုတ်ခွာသွားကြသည်။

ထို့နောက် တုန်လှုပ်သည့်အကြဘ့်များဖြင့် လုန်ယွိကို ကြည့်လိုက်ကြသည်။

သူတို့အားလုံးက မရှိမှုအာကာသအဆင့်အောင်မြင်ထားသူများဖြစ်ကြသည်။

လုန်ယွိသည်လည်း မရှိမှုအာကာသအဆင့် အောင်မြင်ထားသူပင် ဖြစ်သည်။

အဘယ့်ကြောင့် သူတို့၏တန်ခိုးစွမ်းအားက ဤမျှကွာခြားနေရပါသနည်း။

သူတို့ (၃) ယောက် လုန်ယွိကို ထပ်မံတိုက်ခိုက်ရန် မစဉ်းစားရဲတော့ပေ။

သူတို့သာ မဟုတ်ပေ။ အပြင်မှ လူများအားလုံးသည်လည်း အံ့သြတုန်လှုပ်လျှက် ရှိကြသည်။

စတုတ္ထထပ်ဗဟိုမဏ္ဍိုင်သို့ကြည့်နေသည့် အဋ္ဌမမင်းသားမှာ နဖူးထက် ချွေးစေးများပင် ပျံလျှက် ရှိသည်။

သူ၏အစ်မဖြစ်သူက ထိုမျှလောက် တန်ခိုးစွမ်းအားမြင့်မားလေသလား။ သူ အစ်မဖြစ်သူကို ရိုရိုသေသေ ဆက်ဆံခဲ့မိသည့်အတွက် တော်သေးသည်ဟု ဆိုရမည်။

အစ်မဖြစ်သူကို မထီမဲ့မြင်ပြုမိပါက သူ၏ကျင့်ကြံခြင်းအဆင့်က မြင့်မားသည့်တိုင် အစ်မဖြစ်သူနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ သို့သော် အစ်မဖြစ်သူက စိတ်ထားနူးညံ့သူဖြစ်နေသောကြောင့် သူ့အတွက် ကံကောင်းလေသည်။

ကောင်းကင်ထက်တွင်ပျံသန်းနေသည့် စက်ဝိုင်းပုံသဏ္ဌန်မှော်ဝင်ယဉ်ပျံကြီးထက်တွင်တော့ လုန်စီးစီးက တိုက်ပွဲမြင်ကွင်းကို တအံ့တသြဖြင့် စိုက်ကြည့်နေသည်။ သို့သော် သူမက တည်ငြိမ်မှု ပျက်ပြားသွားခြင်းတော့ မရှိပေ။

ထို့နောက် သူမက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

မြောင်ယွဲ့ကအပြုံးဟု သတ်မှတ်၍မရသည့် အပြုံးတစ်ချက်ဖြင့် သူမကို တုံ့ပြန်လိုက်သည်။ သို့သော် မြောင်ယွဲ့သည်လည်း မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လုန်စီးစီး : "………"

သို့သော် လုန်ယွိ တိုက်ပွဲတွင် မည်သို့အနိုင်ရသွားသည်ကို သူမ မဟေဠိ ဖြစ်နေဆဲပင်။

လုန်စီးစီးမှ မဟုတ်ပေ။ ကျူးချင်နှင့် မြောင်ယွဲ့သည်လည်း အံ့အားသင့်နေကြလေသည်။

လုန်ယွိ၏ တိုက်ခိုက်မှုစွမ်းရည်က ပုံမှန်မဟုတ်ပေ။ သူမနှင့် ကျင့်ကြံခြင်းအဆင့်တူညီသည့် နဂါးမယ် (၃)ယောက်ကို သူမက တစ်ယောက်တည်းဖြင့် အနိုင်ယူတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲက မရှိမှုအာကာသအဆင့် ကျင့်ကြံသူ (၃)ယောက်ကို လူသားအင်မော်တယ်တစ်ပါးက တိုက်ခိုက်နေသည့်အလား ဖြစ်သည်။

ကျူးချင်က မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

ထိုအကြည့်၏ အဓိပ္ပါယ်က "သူမ၏တပည့်လေး ရှောင်ယွိ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားရန် မြောင်ယွဲ့များ သင်ကြားပေးထားသလား" ဟု မေးမြန်းနေသယောင်ပင်။

မြောင်ယွဲ့ : "……"

***

ကျိုးကျုန်းထျန်းသည်လည်း စတုတ္ထထပ်ဗဟိုမဏ္ဍိုင်သို့ လှမ်းကြည့်နေ၏။

ထို့နောက် သူက သေရည်တစ်ငုံ မော့သောက်လိုက်ရင်း…

"ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ တန်ခိုးစွမ်းအားက တစ်ခုခု လွဲနေသလိုပဲ"

သူက နံဘေးတွင်ရှိနေသည့် မော့ကျန်းသုန့်ကို ပြောလိုက်ခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…

"အမှန်ပဲ ၊ နဂါးမျိုးနွယ်တွေက ဒီလောက်အားမနည်းသင့်ဘူး ၊ အကြောင်းတစ်ခုခု ရှိရမယ်"

ဘာဖြစ်သူကို ခန့်မှန်းနိုင်သည့်တိုင် အကြောင်းအရာအတိအကျကိုတော့ လောလောဆယ် မသိနိုင်သေးပေ။ ဤနေရာမှ တိုက်ပွဲပုံရိပ်များကိုသာ တွေ့မြင်ရပြီး မည်သို့မှ အဖြစ်အပျက်များကို အာရုံခံနိုင်ခြင်း မရှိပေ။

ကျိုးကျုန်းထျန်းက…

"တတိယထပ်ကတော့ အတော်လေး ထူးဆန်းနေတယ် ၊ ဘာလို့ လူတွေအများကြီး အပြင်ပြန်ရောက်လာကြလည်း မသိဘူး ၊ အထဲဝင်သွားတဲ့ သားရဲတွေ ၊ ဝိညာဉ်ဆိုးတွေကလည်း မလှုပ်ရှားကြသေးဘူး"

တတိယထပ်သည်လည်း တစ်ခုခုလွဲနေသလို သူ ခံစားနေရသည်။ ထိုအထပ်မှ တိုက်ပွဲများက အလွန်ပြင်းထန်ပုံရ၏။

သာမန်ဆိုလျှင် သူတို့က တတိယထပ်အခြေအနေကို အရေးစိုက်မည် မဟုတ်သော်လည်း ယခု တတိယထပ်တွင် ကျန်းလန် ရှိနေလေသည်။ ထို့ကြောင့် အရေးစိုက်နေရခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က တတိယထပ်သို့ လှမ်းကြည့်လိုက်ရင်း…

"တတိယထပ်မှာ စုစုပေါင်း (၃၃၆) ယောက် ရှိတယ် ၊ အခု (၂၆)ယောက် အပြင်ကို ရောက်လာကြတယ် ၊ (၂၆)ယောက်မှာ (၆)ယောက်က အသက်ပျောက်နေပြီ ၊ (၁၀)ယောက်က အပြင်းအထန်ဒဏ်ရာရပြီး ခန္ဓာကိုယ်တွေ ပျက်စီးနေပြီ ၊ ဆိုတော့ ဒီလူရဲ့ တိုက်ခိုက်မှုက အတော်လေး ထိရောက်မှုရှိတယ်ပြောရမယ် ၊ ပြီးတော့ ဒီလူက တိုက်ခိုက်ပြီဆိုတာနဲ့ သတ်ဖြတ်ဖို့ရည်ရွယ်ပြီး တိုက်ခိုက်နေတာပဲ"

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောသည်။

"ဒါပေမဲ့ သူ့ရဲ့ တန်ခိုးစွမ်းအားထိန်းချုပ်နိုင်စွမ်းက အသေးစိတ်မကျဘူး ၊ ကြည့်ရတာ နတ်မိစ္ဆာတစ်ယောက် ဖြစ်မယ်ထင်တယ် ၊ သူက အဆင့်တူတွေထဲမှာ စွမ်းအားအမြင့်မားဆုံး ဖြစ်နိုင်တယ်"

ကျိုးကျန်းထျန်းက သေရည်တစ်ငုံသောက်ရင်း ခေါင်းခါယမ်းလိုက်သည်။သူ့ဆံပင်များက ရှုတ်ပွနေပြီး ဆံပင်ဖြူတစ်မျှင်က လေထဲတွင် လွင့်ဝဲလို့နေ၏။

သူက…

"ဒါနဲ့… ကျုပ်သတင်းကြားတာ အခု ကျန်းလန်က နဝမတောင်ထွတ်မှာ အစီအရင်တွေ အတော်များများ လုပ်ထားတယ်ဆို"

မော့ကျန်းသုန့်က ခေါင်းညိတ်ရင်း...

"ဟုတ်တယ်လေ"

ကျိုးကျုန်းထျန်းက...

"ဒါဖြင့် မင်း လမ်းလျှောက်ထွက်ရင်တောင် အစီအရင်တွေကြားထဲ ပိတ်မိမနေဘူးလား"

မော့ကျန်းသုန့် : "......"

မော့ကျန်းသုန့် တိတ်ဆိတ်သွား၏။

သူ၏ အစီအရင်ပညာညံ့ဖျင်းမှုကို ကျိုးကျုန်းထျန်းက လှောင်ပြောင်နေသည် မဟုတ်ပါလား။

All Chapters