မထင်ထားလောက်အောင် လေလုံးထွားခြင်း
Vol. 9 Ch. 134
ပြိုင်ပွဲ မစတင်ခင်မှာပင် ကွင်းထဲမှ အခြေအနေက အလွန်အမင်း လေးနက်နေသလို ခံစားရကာ ဖိအား ပြင်းထန်နေသလိုပင်။
“အသင့်ပြင် …”
ဒိုင်လူကြီး၏ စကားကြောင့် ဟဲယွမ်နှင့် ကျောက်ရီထျန်းတို့ နှစ်ယောက်လုံး ကိုယ်ကိုကိုင်း၍ ဘောလုံးကို ပင့်တင်ပြီးသည်နှင့် လုယူရန် အသင့်ပြင်လိုက်ကြသည်။
“စ…”
ဘောလုံးကို လွှတ်လိုက်သည်နှင့် ဟဲယွမ်နှင့် ကျောက်ရီထျန်းတို့က ပြိုင်တူ ခုန်လွှားလေသည်။
သူတို့၏ လှုပ်ရှားမှုက အလွန် လျင်မြန်လွန်းလှပြီး နှစ်ယောက်လုံး လေထဲမှ ဘောလုံးထံ လက်လှမ်းမိကြသည်။ သို့သော် ကျောက်ရီထျန်းက သူ့အရပ်ကို အသာလေး ကျော်၍ ဘောလုံးထံ လက်ဆန့်လိုက်နိုင်သဖြင့် ဟဲယွမ် အတော်လေး အံ့ဩသွားရသည်။
“ဖြောင်း”
ဘောလုံးက ကျောက်ရီထျန်း၏ အသင်းဘက်မှ တစ်ယောက်ထံ လွင့်သွားသည်။
“သူ ခုန်သွားတဲ့ပုံစံက မိုက်လိုက်တာ”
ဘတ်စကက်ဘော ဝါသနာအိုး ရှောင်ကမ်းက တအံ့တဩ ရေရွတ်လေသည်။
ဟဲယွမ်၏ ခုန်လွှားမှုက အတော်လေး မြင့်နေပြီးသား ဖြစ်သည်။ ၎င်းက ခြောက်ဆယ် စင်တီမီတာကျော်မည်မှာ အသေအချာပင်။ သို့သော် သူက ကျောက်ရီထျန်းထက် ခေါင်းတစ်လုံးစာ ပုနေ၏။ ဤသည်က ကျောက်ရီထျန်း၏ ခုန်လွှားမှုက တစ်မီတာနီးပါး မြင့်သည်ကို ပြသနေ၏။
NBA မှာတောင်မှ အချို့သော ကစားသမားများသည် တစ်မီတာမျှသာ ခုန်နိုင်လေသည်။
ဤသို့ အံ့ဩစရာကောင်းသော စွမ်းဆောင်ရည်ကြောင့် ပီကင်းတက္ကသိုလ်ဘက်မှ အခြေအနေက ပိုဆိုးလာပြီး စိတ်အခြေအနေ မကောင်းတော့ချေ။
ထိုသို့သောအချိန်၌ ဟွာချင်တက္ကသိုလ်သည် ထိုးစစ်ဆင်နေပြီး ပီကင်းတက္ကသိုလ်ဘက်က အစွမ်းကုန် ခံစစ် ကစားနေရသည်။
ကျောက်ရီထျန်းသည် လျင်မြန်လှသောနှုန်းဖြင့် ရှေ့သို့ ပြေးတက်လာနေပြီး ပီကင်းတက္ကသိုလ်၏ ဘောလုံးတိုင်ဘက်သို့ ဦးတည်နေ၏။
“သူ့ကိုတား”
ထိုစကားက အချည်းနှီးပင်။ ဟွာချင်တက္ကသိုလ်အသင်းက သူတို့ကို ဖြတ်ကျော်နိုင်ပြီးနေသည်။ ကျောက်ရီထျန်းသည် ဘောလုံး ရသည်နှင့် ခံစစ်အားလုံးကို ကျော်ဖြတ်ကာ three-step layup ပုံစံဖြင့် ခုန်ပစ်လိုက်သည်။
ဘောလုံးက တိုင်ထဲသို့ ပစ်ဝင်သွားလေ၏။
“လှလိုက်တာ မိုက်တယ်”
“ပထမဆုံးအမှတ်ကို အသာလေး ရသွားပြီ”
“အဲ့အတိုင်း ဆက်ထိန်းထား၊ အဲ့အရှိန်ကို ထိန်းပြီးတော့ ပီကင်းတက္ကသိုလ်ကို အစွမ်းပြလိုက်စမ်းပါ”
“ကျောက်ရီထျန်း အတော်ဆုံးပဲ၊ ကျောက်ရီထျန်း ဒီပွဲကို နိုင်မှာ”
ထိုစဉ် ပန်းပွားအကအဖွဲ့က ချက်ချင်း အားပေးကခုန်လေသည်။
“ယီးပဲ ဘယ်လိုတောင် စောက်ရူးထတာလဲ၊ ဒါ ပထမဆုံး အမှတ်လေးပဲကို၊ သူတို့ ဒီလောက် ပျော်စရာ ဘာအကြောင်း ရှိလို့လဲ”
“မင်းတို့ အရင်က နိုင်ပွဲအရသာကို မခံစားဖူးဘူးလား”
“ဒါ ကံကောင်းသွားရုံသက်သက်ပဲ၊ ပွဲက အခုမှစတာ”
“ဟဲယွမ် မင်း သောက်ရူးလား၊ ကျောက်ရီထျန်းရဲ့ ကစားပုံကို မင်း သိနေပြီးသားပဲ၊ ဘာလို့ သူ့ကို တားဖို့ တစ်ယောက် မလွှတ်တာလဲ”
ပီကင်းတက္ကသိုလ်ဘက်တွင်လည်း ပွက်လောရိုက်နေပြီး စိုးရိမ်စိတ်တို့ ပျံ့လွင့်နေ၏။
ထို့နောက်တွင် ဟွာချင်တက္ကသိုလ်မှ တိုက်စစ်ထိုးလာပြန်သည်။
ပီကင်းတက္ကသိုလ်မှ ကစားသမားများသည် မိမိတို့ပြိုင်ဘက်များက မည်မျှ သန်မာကြောင်း သတိပြုမိလာသည်။ သူတို့အားလုံး အသက်ပြင်းပြင်း ရှူလိုက်ကြပြီးနောက် အားကုန်ထုတ်သုံး၍ ခုခံလေသည်။
သို့သော် ဟွာချင်တက္ကသိုလ်၏ ကစားသမားများသည် အထင်သေးရမည့်လူများ မဟုတ်ချေ။ ကျောက်ရီထျန်းအပြင် အခြားလူများကလည်း အတော်လေး ထူးချွန်ကြသည်။ ဘောလုံးကို တို့ကာ၊ ပုတ်ကာ သယ်သွားပုံ၊ ဖြတ်ကျော်ပုံ စသည့် လှုပ်ရှားမှုအားလုံးက အသင်းအဖွဲ့လိုက် ပြီးပြည့်စုံလှသည်။
ဘောလုံးသည် ကွင်းထဲ၌ ဟိုဟိုဒီဒီ ရောက်နေပြီးနောက် ကျောက်ရီထျန်း၏ လက်ထဲ ပြန်ရောက်သွားသည်။
ပီကင်းတက္ကသိုလ်ဘက်မှ ကစားသမားနှစ်ယောက်က ချက်ချင်း ခုခံရန် ရှေ့တက်သွားလေသည်။
ကျောက်ရီထျန်းက သူတို့ကို လှောင်ရယ်၍ သုံးမှတ်တန် နေရာ၌ ရပ်၍ ခုန်လိုက်ပြီး လက်နှစ်ဖက်လုံးကို မြှောက်၍ လှမ်းပစ်လိုက်သည်။
အားလုံး၏ အကြည့်အောက်တွင် ဘောလုံးက လေထဲ၌ လှလှပပ ပျံသန်းသွား၏။ ဘောလုံးက ကွင်းထဲဝင်သွားပြီး သုံးမှတ်ရသါားလေသည်။
“ကောင်းလိုက်တဲ့ ပစ်ချက်”
ဥက္ကဋ္ဌကျန်းသည် တောက်ပနေသော မျက်လုံးများဖြင့် စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိသည်။
“ကျောက်ဟောင်က ဘောလုံးသယ်သွားပုံကို ကောင်းကောင်းကြီး လေ့ကျင့်ထားတာပဲ၊ သူက သန်မာပြီးတော့ တွက်ဆနိုင်တယ်၊ အားလုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲ၊ ပြီးတော့ သူ့ရဲ့ three-step layup နဲ့ လှမ်းပစ်တဲ့ပုံက အတော်လေး တိကျပြီး ပြည့်စုံတယ်၊ သူ တော်တယ်၊ သူ့ကို လေ့ကျင့်ပျိုးထောင်ပေးဖို့ လုံးဝ ထိုက်တန်တယ်”
ကျန်းဟဲက အပြုံးနှင့်အတူ ရက်ရက်ရောရော ချီးကျူးနေ၏။
“ဥက္ကဋ္ဌကျန်း ဒီပွဲကို ဘယ်လိုထင်လဲ”
ကျောင်းအုပ်ရှုက ကျောင်းအုပ်ရှန့်ကို မာန်တက်နေသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လျက် မေးလိုက်သည်။
“ပီကင်းတက္ကသိုလ်က ကျောင်းသားတွေ ကစားတာလည်း ကောင်းပါတယ်၊ ဒါပေမဲ့ အဲ့ဒါက သာမန်လောက်ပဲ သူတို့နဲ့ ကျောက်ဟောင်တို့ကြားမှာ အတော်လေး ကွာခြားနေတာ”
ဥက္ကဋ္ဌကျန်းက အမှန်အတိုင်း မှတ်ချက်ပြုသည်။
“ဒီပွဲက သိသာနေပြီ၊ သာမန်ထက်ထူးတာ ဖြစ်မလာခဲ့ရင် ဟွာချင်ဘက်က နိုင်နိုင်ချေရှိတယ်”
“အိုက်ယား အဘိုးကြီးရှန့်ရေ ကြည့်ရတာ ဒီတစ်ခေါက်တော့ ကံကောင်းပြီး နိုင်မယ့်သူက ငါ ဖြစ်မယ်ထင်တယ်၊ ငါတို့ စားသောက်စရိတ်ကို မင်း ထုတ်ပေးရတော့မယ့်ပုံပဲ၊ ငါက တော်ဝင် ပင်လယ်စာ စားသောက်ဆိုင်မှာ အမြဲ စားချင်ပင်မယ့် ပိုက်ဆံမဖြုန်းရက်ခဲ့ဘူးလေ၊ မင်း အဲ့မှာ ငါ့ကို ဒကာခံပါလား”
ကျောင်းအုပ်ရှုက ရယ်နေသည်။
“မင်းရဲ့ ငွေကို ခြစ်ထုတ်ယူမိလို့ စိတ်မကောင်းပါဘူးကွာ”
တော်ဝင်ပင်လယ်စာ စားသောက်ဆိုင်သည် မြို့တော်၏ ထိပ်တန်းအဆင့် ပင်လယ်စာ စားသောက်ဆိုင်များထဲမှ တစ်ခု ဖြစ်သည်။ ပင်လယ်စာအားလုံးကို နိုင်ငံများစွာမှ လေကြောင်းဖြင့် သယ်ယူတင်ပို့ကာ လတ်ဆက်မှုကို အာမခံနိုင်၏။ ထို့အပြင် သူတို့၏ ချက်ပြုတ်နည်းကလည်း ထူးခြားသည်။ မကောင်းသည့်အချက်ဟူ၍ တစ်ချက်သာ ရှိသည်။ ယင်းမှာ မတန်တဆ ဈေးပင်။
ကျောင်းအုပ်ရှန့်က နှာမှုတ်သံပြုကာ မျက်လုံးမှိတ်လိုက်သည်။ မသိလျင် တရားထိုင်နေသလိုပင်။ တကယ်တမ်းတွင် သူသည် ထိုးနှက်ချက်ကြောင့် ခံပြင်းမှုကို သည်းခံနေခြင်း ဖြစ်သည်။
ဤသည်မှာ ပွဲအစပင် ရှိသေးသော်လည်း ကျောက်ရီထျန်းက ငါးမှတ် ရထားပြီးနေလေသည်။ သူ ပြသသည့် အရည်အချင်းများက ဩချစရာပင်။
“ဒီလူငယ်လေး … သူ ဒီလောက် တော်နေမယ်လို့ ငါ ထင်မထားဘူး”
ပီကင်းတက္ကသိုလ်ဘက်မှ ပွဲကြည့်ပရိသတ်များက သုန်မှုန်နေသော မျက်နှာတို့ဖြင့် တိတ်နေသည်။
“ဟွာချင်တက္ကသိုလ်က တော်တော်လေး ကံကောင်းတာပဲ၊ ဒီလောက်တော်တဲ့သူကို ရှာတွေ့တယ်ဆိုတော့”
“ငါတို့ရှုံးရင်တောင်မှ ငါတို့ ဂုဏ်ရှိရှိ ရှုံးရမယ်၊ သူတို့ ငါတို့ကို ပိုးကောင်တွေလို နင်းချေတာမျိုး အဖြစ်မခံနိုင်ဘူး”
ပြိုင်ပွဲက စခါစသာ ရှိသေးသော်လည်း ရလဒ်က ကျောက်တုံးပေါ်၌ ရေးထွင်းသကဲ့သို့ သိသာနေ၏။
သူတို့ ဘတ်စကတ်ဘောအကြောင်း တစ်ခုမှ နားမလည်သော်လည်း ကျောက်ရီထျန်းက ပြိုင်ပွဲကို လွှမ်းမိုး ထားကြောင်း အလွယ်တကူ မြင်နိုင်ပါသည်။ သူ့လှုပ်ရှားပုံက ချောမွေ့သေသပ်ပြီး လှပသည်ဟု ဆိုရပေမည်။
ပြိုင်ပွဲက ဆက်လက် ကစားနေပြီး ပွဲတစ်ဝက်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ကြမ်းပြင်ပေါ်၌ ဘောလုံး ခုန်ပေါက်နေသည့်အသံကို ကြားနေရပြီး ထိုအသံနှင့်အတူ တကျွိကျွိ မြည်နေသော ခြေသံများကို ကြားနေရသည်။ ကစားသမားများ ချွေးတလုံးလုံး ဖြစ်နေကာ မျက်နှာထားများက လေးနက်နေ၏။
ပွဲကြည့်ပရိသတ်များသည်လည်း အပြည့်အဝ အာရုံစိုက်ထားပြီး ပွဲကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
လက်ရှိအမှတ်မှာ ၁၃၅ : ၉၆ ဖြစ်နေပြီး ပီကင်းတက္ကသိုလ်က အမှတ်နည်းနေ၏။
ဒိုင်ထံမှ ဝီစီထံ ထွက်လာပြီးနောက် ပထမပိုင်း ပြီးသွားကာ ဆယ့်ငါးမိနစ် နားချိန် ရလေသည်။
ချက်ချင်းဆိုသလိုပင် အဖွဲ့ဝင်များက ရေနှင့် သဘက်များ ယူလာပြီး ကစားသမားများ နားနားနေနေ အနားယူနိုင်အောင် ကူညီကြသည်။
“ငါတို့ သုံးဆယ့်ကိုးမှတ်ပဲ လိုနေတာ၊ ဒုတိယပိုင်းက မျှော်လင့်ချက် မမဲ့သေးပါဘူး”
ပီကင်းတက္ကသိုလ်ဘက်မှ လူအုပ်ကြီးက စိတ်အေးသလို သက်ပြင်းချလေသည်။ ရလဒ်က သူတို့ ထင်ထားသည်ထက် ပိုကောင်းနေ၏။
သို့သော် ထိုသို့သောအချိန်၌ ကျောက်ရီထျန်းက သူ့ဘက်မှ ထလာပြီး ပီကင်းတက္ကသိုလ်၏ အသင်းဘက်သို့ လျှောက်လာသည်။
သူ့မျက်နှာတွင် ရန်စသော အပြုံးမျိုး ရှိနေပြီး ချက်ချင်း အားလုံး၏ အာရုံက သူ့ထံ ရောက်လာလေ၏။
“မင်းတို့ လုပ်နိုင်တာ ဒါ အကုန်ပဲလား”
သူ့အသံက မကျယ်သော်လည်း အားလုံးက သူ့စကားကို အာရုံစိုက်နေကြသဖြင့် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
“ဒါ ဘာသဘောလဲ”
ဟဲယွမ်၏ မျက်ခုံးများက တွန့်ချိုးကာ မှုန်ကုတ်နေ၏။
“တော်တော် စိတ်ပျက်ဖို့ကောင်းတယ်”
ကျောက်ရီထျန်းက အထင်သေးသော လေသံဖြင့် ပြန်ပြောကာ ခေါင်းယမ်းလေသည်။
“ပထမပိုင်းက ငါ့အတွက် သွေးပူရုံလောက်ပဲ ရှိတယ်၊ မင်းတို့ တတ်နိုင်တာ ဒါအကုန်ပဲ ဆိုရင်တော့ မင်းတို့ သဘက်ကို လွှတ်ပစ်ပြီး အရှုံးခံလိုက်တော့”
“ခွေးကောင် မင်းကိုယ်မင်း ဘာထင်နေလဲ၊ မင်းကိုယ်မင်း တော်လှပြီ မှတ်နေလား”
“ကြွားချင်နေတာလား၊ မင်းအမေတောင် မင်းကို မမှတ်မိနိုင်လောက်တဲ့အထိ အရိုက်ခံချင်နေတာများလား”
ပီကင်းတက္ကသိုလ်မှ ကစားသမားများ ချက်ချင်း ဒေါကန်ကာ ဒေါသကြောင့် မျက်လုံးများ နီလာသည်။
“ဒုတိယပိုင်းမှာ တွေ့ကြတာပေါ့”
ကျောက်ရီထျန်းက ခနဲ့သံဖြင့်ပြောကာ ရယ်ကျဲကျဲဖြင့် ထွက်သွားသည်။
ဤသို့ ပြင်းထန်သော အခြေအနေက အားကစားရုံတစ်ခုလုံးကို တစ်ခဏမျှ ငြိမ်သက်သွားစေပြီးနောက် အုတ်အော်သောင်းနင်း ပြန်ဖြစ်သွားစေသည်။
“ကျောက်ရီထျန်းက တော်တော်လေး အထက်စီးဆန်တာပဲ၊ ဟွာချင်တက္ကသိုလ် မျက်နှာသာရအောင် သူ ကူညီပေးနေတာ၊ ပီကင်းတက္ကသိုလ်တော့ ဆိုးတာပဲ”
“ကျောက်ရီထျန်း သူတို့ကို သင်ခန်းစာပေးလိုက်စမ်းပါ”
“ပီကင်းတက္ကသိုလ် မင်းတို့ ရှုံးရတဲ့ ဝေဒနာကို ခံစားကြည့်လိုက် ဝါးဟားဟားဟား …”
“ငါတို့ ပီကင်းတက္ကသိုလ်က မင်းတို့ကို ကြောက်မယ်ထင်နေလား၊ ဒုတိယပိုင်းက စတောင်မစသေးဘူးကွ”
“နည်းနည်းလေး အသာစီးရနေရုံလေးကို ဘာတွေ ဂုဏ်ယူစရာ ရှိလို့လဲ”
“ယီးပဲ မင်းတို့ကိုယ်မင်းတို့ ကောင်းကင်ဘုံကို တက်နိုင်ပြီ ထင်နေလား၊ မင်းတို့ရဲ့ မသတီစရာ မျက်နှာကို မြင်ရုံနဲ့တင် ငါ တစ်ချက်၊ နှစ်ချက်လောက် ပိတ်ရိုက်လိုက်ချင်တယ်”
…