← Chapters

မင်းတို့ထဲက ဘယ်သူက ရဲ့လင်းချန်လဲ

Vol. 9 Ch. 135

မင်းတို့ထဲက ဘယ်သူက ရဲ့လင်းချန်လဲ

Vol. 9 Ch. 135

ကျောက်ရီထျန်း၏ အပြုအမူကြောင့် ဟွာချင်တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်တို့၏ ကျောင်းသားများ ရန်ပွဲ ဖြစ်လုနီးပါး ဖြစ်သွားကြသည်။ သူတို့၏ ရင်ဘတ်များက နိမ့်ချည်မြင့်ချည် ဖြစ်နေကြပြီး အချင်းချင်း မလိုလားဟန်ဖြင့် ကြည့်နေကြလေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ဒုတိယပိုင်း ပြန်စသည်။

“ယီးပဲကွာ သူ့ဖင်ကို ပိတ်ကန်ပစ်မယ်”

ပီကင်းတက္ကသိုလ်မှ ကစားသမားများ၏ စိတ်ဓာတ်က မြင့်တက်နေသည်။ သူတို့သည် လက်ထဲမှ ရေပုလင်းကိုပင် ကြမ်းပြင်ပေါ် လွှင့်ပစ်ကာ လက်စားချေရန် ကျိန်ဆိုကြသည်။

ထိုအချိန်တွင် ဟွာချင်တက္ကသိုလ်ဘက်မှ မယုံနိုင်လောက်အောင် တည်ငြိမ်နေပြီး သူတို့ သေချာပေါက် နိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ထားသည့်ပုံပင်။

“ကျောက်ရီထျန်း အတည် ဖြစ်လာတဲ့ပုံပဲ”

တိတ်ဆိတ်နေသော အားကစားရုံတွင်း၌ တီးတိုးပြောသံများ တစ်စထက်တစ်စ ထွက်ပေါ်လာသည်။ အသံများက ဟွာချင်တက္ကသိုလ်၏ ပွဲကြည့်ပရိသတ်ဘက်မှ ထွက်လာခြင်းဖြစ်ကာ လေးစားအားကျမှုကြောင့် အသံပင် တုန်နေလေသည်။

“ငါလည်း ခံစားမိတယ်၊ ဒါပြီးရင် ပီကင်းတက္ကသိုလ်တော့ ပက်ပက်စက်စက် ရှုံးတာနဲ့ ကြုံရလောက်တယ်”

“ခဏနေရင် ကျောက်ရီထျန်းရဲ့ တစ်ကိုယ်တော်ပွဲ လာတော့မယ်၊ ငါ မစောင့်နိုင်တော့ဘူး”

“ရှူး တိုးတိုးနေ … ပွဲစတော့မယ်”

တီးတိုးသံများက ပီကင်းတက္ကသိုလ်မှ ကျောင်းသားများကို ရင်လေးသွားစေသည်။

*မဟုတ်မှလွဲရော ကျောက်ရီထျန်းက လက်စွမ်းကို ထိန်းထားတာလား*

*ဒါ … မဖြစ်နိုင်ဘူးမလား*

ထို့နောက်တွင် စူးရှသော ဝီစီသံ ထွက်လာပြီး ဒုတိယပိုင်း စတင်လာ၏။ ဒိုင်က ဘောလုံးကို စမြှောက်လိုက်သည်။

“မင်းတို့သုံးယောက် ကျောက်ရီထျန်းကို သွားပိတ်ထား”

ပီကင်းတက္ကသိုလ်သည် ကျောက်ရီထျန်းကို အလွန် စိုးရိမ်နေပြီး ကစားသမား သုံးယောက်ကို လွှတ်၍ တားရန် ပြင်နေသည်။

ထိုစဉ် ဟွာချင်တက္ကသိုလ်သည် အလယ်၌ ရှိနေဆဲဖြစ်ကာ ကျောက်ရီထျန်းထံ သွားနေကြသည်။

“ဘောလုံးကို ဖြတ်ယူလိုက်”

တစ်စုံတစ်ယောက်က အော်ဟစ်သည်။ ပီကင်းတက္ကသိုလ်မှ ပွဲကြည့်ပရိသတ်များအားလုံး မျက်နှာ တည်သွားပြီး အသက်အောင့်ထားမိကြသည်။

“ငါ ရပြီကွ”

ဟဲယွမ်၏ မျက်လုံးက အ‌ရောင်တောက်နေကာ သူ တောက်ပချိန် ရောက်ပြီဟု သိလိုက်သည်။ သူသာ ကျောက်ရီထျန်း၏ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ပါက တက္ကသိုလ်အတွက် ဂုဏ်ဆောင်နိုင်မည် ဖြစ်သလို ကျောင်းမှ အရေးပါသူများကလည်း သူ့ကို အလေးပေးလာနိုင်သည်။

သူ တက်တက်ကြွကြွဖြင့် ဘောလုံးကို ဖမ်းရန် ပြင်လိုက်သည်။ သို့သော် သူ ဘောလုံးကို ထိမိရန် လက်မတင်လေးသာ လိုတော့သည့် အချိန်၌ လက်တစ်ဖက်က ဘောလုံးကို လုယူသွားသည်။

*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“မင်း အရမ်း နှေးလွန်းတယ်”

ကျောက်ရီထျန်း သရော်လေသည်။ သူသည် ရပ်နားခြင်းမရှိဘဲ ဘောလုံးကိုပုတ်၍ ဘောလုံးတိုင်နားသို့ ဆက်သွားသည်။

“ကောင်း … ကောင်းလိုက်တဲ့ မြန်နှုန်း”

ပီကင်းတက္ကသိုလ်ဘက်မှ ပရိတ်သတ်များက သတိလက်လွတ် ရေရွတ်လိုက်မိသည်။ ကျောက်ရီထျန်းသည် ဟဲယွမ်ထက်စာလျင် အလွန် မြန်လွန်းနေ၏။

“သတိထား ကျောက်ရီထျန်းကို ထိန်းထားကြ”

ကျန်လူများက အပိုလူများသဖွယ် ဖြစ်နေ၏။ ကစားသမားအားလုံးက ကျောက်ရီထျန်းတွင်သာ အာရုံစိုက် နေကြသည်။ လူတိုင်းက ခံစစ်အသွင် ယူနေကြပြီး ခံစစ်ကို တောင့်အောင် ပြုလုပ်နေ၏။

ထိုသို့သောအချိန်၌ ကျောက်ရီထျန်းက အေးအေးလူလူ ပြုံးနေပြီး ဘောလုံးကို ပုတ်နေသည့် လက်များက ပိုမြန်ဆန်လာသည်။

ဘောလုံးသည် သူနှင့် တစ်သားတည်း ဖြစ်နေသည်ဟု ထင်ရပြီး သူ့ခြေထောက်ကြားနှင့် ရှေ့နောက် ခုန်ပေါက်နေပြီး အလွန် မြန်ဆန်သောနှုန်းဖြင့် ကြမ်းပြင်နှင့် ရိုက်ခတ်နေကာ သူ့အား ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်နှင့် တူနေစေသည်။

“ကျောက်ရီထျန်း ဘာလုပ်နေတာလဲ၊ ဒီလိုအခြေအနေကို သူ ဘာလို့ မကျော်သေးတာလဲ”

“သောက်ချီး … ဒါ ရူးချင်စရာ ကောင်းလွန်းတယ်၊ ပီကင်းတက္ကသိုလ်က ကစားသမား အားလုံးက သူ့ကို ပစ်မှတ် ထားနေတာကို သူက ဘောလုံးကိုပဲ ပုတ်နေတယ်”

“သူတို့ သူ့ကို ဒီလိုလုပ်ပြီးတော့ မတားနိုင်ရင် ပီကင်းတက္ကသိုလ်အတွက် တော်တော်လေး ရှက်စရာ ကောင်းမှာပဲ”

“ဒါကြီးက များလွန်းတယ်၊ သူ တော်တော် မဆင်မခြင် နိုင်တာပဲ၊ ဘတ်စကတ်ဘောဆိုတာ အသင်းလိုက် အားကစားပဲလေ”

အားကစားရုံတွင်း၌ အလန့်တကြား အော်သံများ ပြည့်နေသည်။ လူတိုင်းက ကျောက်ရီထျန်းကို တအံ့တဩ စိုက်ကြည့်နေကြသည်။

သူသည် ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး လက်နှစ်ဘက်လုံးဖြင့် ဘောလုံးကို ဟန်ချက်မပြတ် ပုတ်နေသည်။

“ထွီ … မင်းက တော်တော် မာန်တက်နေတာပဲ”

ပီကင်းတက္ကသိုလ်မှ လူတိုင်းက ဒေါသထွက်နေသော မျက်နှာများ ဖြစ်နေသည်။ တစ်ယောက်ချင်းစီက သူ့ကို သည်းကြီးမည်းကြီး တားချင်နေ၏။

သို့သော် သူက ခံစစ်ကို ချိုးဖောက်သွားခဲ့သည်။ ထပ်မံ၍ ချိုးဖောက်သွားနိုင်လေပြီ။

ပီကင်း တက္ကသိုလ်၏ ခံစစ်နှင့် ရင်ဆိုင်ရသော်လည်း ကျောက်ရီထျန်းက တစ်ယောက်ချင်းစီကို ဖြတ်ကျော် သွားသည်။ နောက်ဆုံးတွင် သူက ကွင်းတိုင်အောက်သို့ ‌ရောက်သွားလေသည်။

ကွင်းတိုင်အောက်၌ လူတစ်ယောက်တည်းသာ ရှိသည်။ ထိုလူသည် အံကြိတ်၍ ကျောက်ရီထျန်းအား စူးစူးစိုက်စိုက် ကြည့်နေ၏။

သူ စိတ်ပိုင်းဖြတ်ထားသည်။ သူ မတရားအကွက်များ လုပ်ရမည်ဆိုလျင်တောင်မှ သူ ကျောက်ရီထျန်းကို မရအရ တားပေမည်။

တစ်ခဏကြာသော် ကျောက်ရီထျန်းက ဘောလုံးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ ခုန်လွှားလေသည်။

သူ၏ အံ့ဩစရာကောင်းသော အခုန်စွမ်းရည်က သူ့အား ပျံနေသည်ဟုပင် ထင်မှတ်မှားရစေသည်။ လူတိုင်း မှင်တက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြောစရာစကားပင် မရှိလောက်အောင် ဖြစ်သွားကြသည်။

ဘောလုံးက ကွင်းထဲသို့ တန်းနေအောင် ဝင်သွားပြီး အားပါသော ထိမှန်သံပင် ထွက်လာ၏။

ကျောက်ရီထျန်းသည် ဘောလုံးနှင့် တစ်ပြိုင်တည်း မြေကြီးပေါ် သာသာယာဘာ ပြန်ကျလာသည်။ အားလုံး တိတ်ဆိတ်သွားလေသည်။ ထို့နောက်တွင်မူ အားပေးသံ ညံနေအောင် ထွက်ပေါ်လာတော့သည်။

“ငါ … ငါ့မျက်လုံး အလှည့်စားခံလိုက်ရတာလား၊ သူက ခံစစ်အားလုံးကို ဖြတ်ပြီးတော့ ခဏလေးနဲ့ အမှတ်ယူ သွားတာလား”

“ရိုက်ချက်၊ မြတ်စွာဘုရား ငါ အဲ့ရိုက်ချက်ကို ကိုယ်တိုင် ကြည့်လိုက်ရတာပဲ”

“ဒါ အိပ်မက်လိုပဲ၊ ကျောက်ရီထျန်းမှာ ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းတွေ ပြည့်ဝနေတာပဲ”

“ဒီပြိုင်ပွဲမှာ … ငါတို့ အရှုံးက အလကားသက်သက် မဟုတ်ဘူး”

ဟွာချင်တက္ကသိုလ်ဘက်တွင်မူ လူတိုင်းနီးပါး စိတ်လှုပ်ရှားကာ အော်ဟစ်အားပေးနေကြသည်။

ထိုအချိန်တွင် ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ၌ ဘာမှပြောစရာမရှိ ဖြစ်နေ၏။ သူတို့အားလုံး၏ မျက်နှာတွင် မှုန်မှိုင်းသော အမူအရာများ ပေါ်လွင်နေကြသည်။

ပွဲကို ဆက်ကစားနေကြလေသည်။

ကျောက်ရီထျန်း၏ ထူးချွန်သော စွမ်းရည်ကြောင့် ပြိုင်ပွဲက တစ်ဖက်စောင်းနင်း ဖြစ်နေသည်။

တဖြည်းဖြည်းနှင့် ကစားချိန် မိနစ်နှစ်ဆယ်မျှသာ ကျန်ရှိတော့ပြီး အမှတ်က ၂၀၅ : ၁၀၂ ဖြစ်နေ၏။

ဒုတိယပိုင်းအစတွင် ပီကင်းတက္ကသိုလ်က ခြောက်မှတ်သာ အရယူထားနိုင်ခဲ့သည်။ ဤသတင်းကိုသာ အပြင်က သိသွားပါက တစ်ဖွဲ့လုံး လူရယ်စရာ ဖြစ်ပေတော့မည်။

ပီကင်းတက္ကသိုလ် ကျောင်းသားများသည် ဖုတ်ကောင်နှင့်တူသော အမူအရာများ ဖြစ်နေကြပြီး လူသေအလား ငြိမ်နေကြသည်။ မိနစ်နှစ်ဆယ်သာ ကျန်တော့ပြီး အမှတ်က တစ်ရာ့သုံးမှတ် ကွာနေသဖြင့် မျှော်လင့်ချက်မဲ့သော အခြေအနေပင်။

ဤသို့သောအချိန်၌ အားလုံး ခေါင်းငုံ့ထားကြသည်။ သူတို့၏ စိတ်ထဲတွင် ပွဲကို မြန်မြန် ပြီးသွားစေချင်ပြီး ဟွာချင်တက္ကသိုလ်၏ လှောင်ခြင်း မခံရစေရန် အရှက်ရမည့် အဖြစ်မှ ရှောင်ချင်နေကြသည်။

အသင်း၏ စိတ်ဓာတ်ကလည်း အောက်ခြေအထိ ထိုးကျနေ၏။ သူတို့ စိတ်အားတက်ကြွမှု မရှိတော့ဘဲ ကျောက်ရီထျန်းအား ခုခံချင်စိတ်လည်း မရှိတော့ပေ။

ဤသို့သော အခြေအနေတွင် ကျောက်ရီထျန်းက သူတို့ကို ပို၍ ရန်စလာပြီး ဘောလုံးကိုကိုင်၍ ပီကင်းတက္ကသိုလ် ဘက်အား လက်ခလယ် ထောင်ပြနေသည်။

ကျောင်းသားများသာမက ကျောင်းအုပ်ရှန့်ပါ ချက်ချင်း မျက်နှာမည်းမှောင်သွားသည်။ ပီကင်းတက္ကသိုလ်သည် အတိတ်အခါက ဤသို့ ပြင်းထန်သည့် အရှက်ကွဲမှုမျိုး မကြုံတွေ့ဖူးပါ။

“ကျောက်ဟောင် မင်း ဘာလုပ်တာလဲ၊ ဒါ ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား၊ အဲ့လက်ကို ချထားစမ်း”

ကျောင်းအုပ်ရှုက မျက်မှောင်ကြုတ်၍ ချက်ချင်း ငေါက်ငမ်းတော့သည်။ ပီကင်းတက္ကသိုလ်နှင့် ဟွာချင်တက္ကသိုလ်က ပြိုင်ဘက်များ ဖြစ်သော်လည်း ဘယ်သောအခါမှ အချင်းချင်း တမင်သက်သက် အရှက်မခွဲကြပါ။

ကျောက်ဟောင်က မကျေမနပ် တောက်ခေါက်လိုက်ပြီး တစ်ဖက်သားအား အထင်သေးစိတ်များ ပြည့်နေသေးကာ လက်ကို ပြန်ချလိုက်သည်။

“ယီးပဲ ကျောက်ဟောင်၊ ငါ မင်းကို စိန်ခေါ်တယ်”

“ခွေးသား ဒါ နိုင်ပွဲလေး တစ်ခုပဲကွ၊ မင်း သတ္တိရှိရင် ပြိုင်ပွဲပြီးရင် နေခဲ့စမ်း”

“ဟေ့ကောင် မင်း လက်ကျန်သက်တမ်းတစ်လျှောက်လုံး ဘတ်စကတ်ဘောကို လုံးဝ မထိနိုင်အောင် ငါ လုပ်ပစ်မယ်”

ကျောင်းအုပ်ရှု၏ ဟန့်တားမှုနောက်တွင် ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ ဆူညံလာသည်။ သူတို့သည် မာနကြီးဆဲ ဖြစ်ကာ ဤမျှ မာန်တက်နေသော လူမျိုးနှင့် တစ်ခဏမှ မတွေ့ဖူးချေ။ ကျောင်းသားများသည် ရှုံးနိမ့်မှုနှင့် ဒေါသကို တစ်ပြိုင်တည်း ခံစားနေကြရသည်။

“မင်းတို့နိုင်ပွဲက ဘာမှဂုဏ်ယူစရာ မရှိဘူး၊ ပီကင်းတက္ကသိုလ်ရဲ့ အတော်ဆုံးက ကွင်းထဲမှာ မရှိဘူး၊ မင်းတို့ ကြွားနေလဲ အပိုပဲ”

လူအုပ်ထဲမှ အချို့သောလူများက အော်ဟစ်ပြောဆိုကြသည်။

အများစုသည် ဟဲယွမ် အရှက်ရခဲ့သောအဖြစ်ကို မရည်ရွယ်ဘဲ ပြန်အမှတ်ရသွားသည်။ စိတ်ဓာတ်ကျနေရာမှ သူတို့ မျှော်လင့်ချက် ရောင်ခြည်ကို ပြန်မြင်လိုက်ရသလို ဖြစ်သွားပြီး သူတို့ စိတ်လှုပ်ရှားကြသည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့အတော်ဆုံးက ထွက်မလာသေးဘူး”

“သူ ထွက်လာရင် မင်းက ဘာမှမဟုတ်ဘူး”

*အတော်ဆုံးက ကွင်းထဲမှာ မရှိဘူးလား*

“အဘိုးကြီးရှန့် မင်း တစ်ခုခုကို ဖုံးထားသေးတာလား”

ကျောင်းအုပ်ရှန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ မသိဘူး၊ ကစားသမားတွေကို ကျောင်းသားသမဂ္ဂနဲ့ အားကစား အဖွဲ့အစည်းက စီစဉ်တာ”

ကျောင်းအုပ်ရှန့်လည်း တွေဝေနေသည်။

ကျောက်ရီထျန်းက ခနဲ့သံပေး၍ လှောင်ရယ်လေသည်။

“မင်းတို့ အရှုံးကို လက်မခံနိုင်ဘူးလား၊ အဲ့လိုဆိုရင် မင်းတို့ရဲ့ အတော်ဆုံးက ဘယ်သူလဲ၊ ငါ့ကို နာမည်ပြော”

“သူ့နာမည်က ရဲ့လင်းချန်”

လူအုပ်ထဲမှ အသံတစ်ချို့က ပြိုင်တူ ထွက်လာသည်။ ကျောက်ရီထျန်းက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့ထဲက … ဘယ်သူက ရဲ့လင်းချန်လဲ”

All Chapters