အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း-(၂၅၀)
ရှောင်ချီရဲ့အမေးကို လီချီရွှမ်က ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်တယ် "မင်းသာ အတွင်းအားကို အဲဒီထဲကို ထည့်သွင်းလိုက်မယ်ဆိုရင် စက္ကူနဲ့လုပ်ထားတဲ့ ခေါက်ယပ်တောင်ဆိုရင်တောင်မှ အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်တယ်"
သူ့စကားကြောင့် စိတ်ဝင်စားသွားသော ဝိန့်မိုက "ဒါဆို ငါ မင်းကို သံယပ်တောင် လုပ်ပေးမယ်" ဟု ပြောလိုက်တယ်။
နှစ်မိနစ်အကြာလောက် ဓားသွားကို သံယပ်တောင်အဖြစ် ပြန်လည်ပုံသွင်းခဲ့သည်။ ၎င်းတွင် ချွန်ထက်သောအစွန်းများ မရှိသော်လည်း ၎င်းကို ကိုင်လိုက်သောအခါမှာ လီချီရွှမ်က ပြုံးလိုက်ပြီး "ရဲဘော်၊ ဒီသံယပ်တောင်က အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ်" ဟု ပြောလာတယ်။
"အစ်ကို စမ်းကြည့်လိုက်ပါဦး" ရှောင်ချီက တိုက်တွန်းလိုက်သည်။
"ကောင်းပြီ" လီချီရွှမ် ခေါင်းညိတ်လိုက်တယ်။
သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်တော့ သံ ယပ်တောင်က ချောမွေ့စွာပဲ ဖြန့်ထွက်သွားတယ်။ လီချီရွှမ် က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ သံ ယပ်တောင်ကနေ မီးလျှံမှုတ်စက်လိုမျိူး မီးတောက်တွေ ထွက်လာတယ်။
မီးလျှံက ခြောက်မီတာကျော်အထိတောင် ပျံ့နှံ့သွားပြီး သူရဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှိနေတဲ့အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။ အချိန်ကြာလာတော့ သူတို့ပတ်ဝန်းကျင်ရှိလေထုက သိသိသာသာကိုပူနွေးလာတယ်။
မီးကြောင့်လန့်သွားပြီး ရှောင်ချီက "ဝိုးးး" လို့ အော်လိုက်တယ်။
လီချီရွှမ်ကတော့ သူ့ရဲ့တုံ့ပြန်မှုကိုသဘောကျပြီး ရယ်မောလိုက်တယ်။ ယပ်တောင်ရဲ့ နောက်ထပ်လှုပ်ရှားမှုတစ်ခုကြောင့် မီးလျှံကဦးတည်ရာပြောင်းပြီး လမ်းအတားအဆီးများဆီသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
"ဘွမ်းး"
မီးလျှံက နဂါးတစ်ကောင်ရဲ့ပုံသဏ္ဌာန်ကိုယူ၍ လမ်းတစ်လျှောက်က အတားအဆီးများစွာကို ထိုးဖောက်သွားတယ်။ အတားအဆီးများ ပျက်စီးသွားပြီးနောက်မှာတော့ မီးနဂါးက အပေါ်သို့တက်သွားပြီး မရေမတွက်နိုင်သော မီးလုံးကြီးများအဖြစ် ပေါက်ကွဲကာ မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။
"ဘုန်းး ဘုန်း ဘုန်းးး "
မီးလုံးတစ်လုံးချင်းစီက တစ်ခုခုထိမှန်သွားတာနှင့် ပေါက်ကွဲသွားပြီး နက်ရှိုင်းသောချိုင့်ခွက်များစွာကိုချန်ထားခဲ့ကာ လောင်ကျွမ်းသောအနံ့ကလည်း လေထုထဲမှာ ပြည့်နှက်သွားတယ်။
လီချီရွှမ်က လက်တစ်ဖက်ကို ကျောနောက်တွင်ထားပြီး ယပ်တောင်ကိုခေါက်လိုက်ရာ ရှေးခေတ်က ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ဦးနှင့် တူနေသည်။ သူက လူအုပ်ကို ပြုံးပြပြီး "ရဲဘော်တို့ နောက်ထပ် ပြပေးစေချင်လား" ဟု မေးလိုက်တယ်။
လီချီရွှမ်ရဲ့စွမ်းရည်ကြောင့် လူတိုင်းက အံ့အားသင့်သွားကြတယ်။ ကျိူးလီဇီတောင်မှ အံ့အားသင့်သွားတယ်။
"ကျွန်မရဲ့ဒုခေါင်းဆောင်က ဒီလောက်ထိအစွမ်းထက်လိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ထားခဲ့ဘူး" ဟု သူမက တိုးတိုးလေးပြောတယ်။
သူမရဲ့စကားတွေကိုကြားတော့ ကျင်းရွှီယန်းက သူမရဲ့ပါးတွေကို လက်နဲ့ညှစ်လိုက်တယ်။ သွားတွေကို တင်းတင်းကြိတ်ပြီး "ကောင်မလေး၊ သူက မင်းရဲ့ဒုခေါင်းဆောင် မဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။
ပါးပြင်က်ုညှစ်ထားတော့ ဖောင်းကားနေသော မျက်နှာကြောင့် ကျိူးလီဇီရဲ့ပါးစပ်က လေရှူနေတဲ့ငါးတစ်ကောင်လိုဖြစ်နေပြီး "ကျွန်မချစ်သူရယ် ရှင့်ရဲ့ ချဉ်တဲ့အရသာက အံ့မခန်းပဲ" လို့ ပြောလိုက်တယ်။
စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ကျင်းရွှီယန်က ကိုယ်ကိုကိုင်းပြီး သူမရဲ့နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ကာ "ကိုယ် မနာလိုဖြစ်မိတယ်။ ဒါကြောင့် ကိုယ့်ကို ပိုအာရုံစိုက်ပေးပါ" လို့ ပြောလိုက်တယ်။
"အိုကေ၊ အိုကေ၊ ကျွန်မသူ့ကို သိပ်ဂရုမစိုက်တော့ဘူး" ဟု သူမက အကူအညီမဲ့စွာ ပြန်ဖြေတယ်။
"ကောင်းတယ်"
သူ့ကောင်မလေးကို နောက်တစ်ကြိမ်နမ်းပြီးတဲ့နောက်မှ ကျင်းရွှီယန်းက သူ့နာရီကိုကြည့်ပြီး "သွားကြရအောင်" လို့ပြောလိုက်တယ်။
သူတို့ထွက်ခွာမသွားခင်မှာပဲ ဖုန်းယွင်က သံချပ်ကာယာဉ်တွေကို သူ့နေရာလွတ်မှာ သိမ်းဆည်းထားလိုက်တယ်။ ချင်လူဇီ ဦးဆောင်တဲ့အဖွဲ့က ဂိုဒေါင်ဆီကို ဦးတည်သွားကြသည်။
လမ်းတစ်လျှောက်မှာတော့ လီချီရွှမ်က နတ်ဆိုးအဖွဲ့ရဲ့ ဇွန်ဘီရှင်းလင်းရေးနည်းဗျူဟာတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ သူတို့က လေသေနတ်တွေကို အလွယ်တကူကိုင်တွယ်နိုင်ခဲ့ပြီး ချောမွေ့စွာရွေ့လျားနိုင်ခဲ့သလို တိကျစွာလည်း သတ်ဖြတ်နိုင်ခဲ့ပါတယ်။
သူတို့ရဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုက အကောင်းဆုံးပါပဲ။ သူတို့ရဲ့ လုပ်ဆောင်ပုံအရဆို ဒီလူတွေက သာမန်အရပ်သားတွေ မဟုတ်ဘူးဆိုတာ သူ သေချာတယ်။ သူတို့က လေ့ကျင့်ထားတဲ့ စစ်သားတွေနဲ့ ပိုတူတယ်။
သူတို့မှလွဲ၍ အဖွဲ့ထဲက လေးယောက်ကသာ တကယ့်အရပ်သားတွေလို ထင်ရတယ်။ သူ့ကို ဒုခေါင်းဆောင် ဟု ခေါ်သော မိန်းကလေးကတောင် သာမန်လူတစ်ယောက်လို မထင်ရပေ။
သူမရဲ့လှုပ်ရှားမှုတွေက ထက်မြက်ပြီး တွက်ချက်မှုအားကောင်းကာ သတ်ဖြတ်လိုစိတ်အပြည့်ရှိတယ်။ သူမက ပတ်ဝန်းကျင်ကို ထက်မြက်တဲ့မျက်လုံးတွေနဲ့ စူးစမ်းကြည့်ရှုပြီး ခြိမ်းခြောက်မှုတိုင်းကို လျင်မြန်စွာတုံ့ပြန်တယ်။ စစ်သားတစ်ယောက်ထက်စာရင် သူမက သွေးအေးတဲ့ကြေးစားစစ်သားတစ်ယောက်နဲ့ ပိုတူတယ်။
နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့နောက်တော့ ဂိုဒေါင်ဝင်ပေါက်ကို သူတို့ ရောက်လာကြတယ်။ အချိန်မဖြုန်းတော့ဘဲ ဝိန့်မိုက လက်ကိုဝှေ့ယမ်းပြီး တံခါးကို ဖွင့်လိုက်တယ်။ သော့ခလောက်ကြီးက မြေပြင်ပေါ် ပြုတ်ကျသွားပြီးတာနဲ့ တံခါးကို တွန်းဖွင့်လိုက်တယ်။
"ရားးးး"
တံခါးပွင့်သွားတဲ့အချိန်မှာပဲ ပိတ်မိနေတဲ့ ဇွန်ဘီအုပ်စုတစ်စုက သူတို့ဆီကို အပြေးအလွှားရောက်လာကြတယ်။
တွန့်ဆုတ်ခြင်းမရှိဘဲ ဝိန့်မိုက သူ့လက်ကို မြှောက်ကာ နှစ်မီတာအမြင့်ရှိသော နံရံတစ်ခုဖန်တီးလိုက်ကာ ဇွန်ဘီများကို ချက်ချင်းပိတ်ဆို့လိုက်သည်။ ထို့နောက်တွင်တော့ လူတိုင်းက ခုန်တက်ကာ သတ္တုနံရံရဲ့ထိပ်တွင် နေရာယူလိုက်ကြတယ်။
"ပေါက် ပေါက် ပေါက်"
" ခရစ် ခရက် ခရစ် "
လေသေနတ်တွေကို ခလုပ်နှိပ်လိုက်ပြီးတဲ့နောက် သတ္တုကျည်ဆန်များက ဦးခေါင်းခွံများကို ထိုးဖောက်သွားတဲ့အသံက လေထုထဲပဲ့တင်ထပ်နေသည်။
စပ်စုချင်စိတ်နဲ့အတူ လီချီရွှမ်က သူတို့နဲ့ ပူးပေါင်းဖို့အတွက် ခုန်တက်လိုက်တယ်။ သူ့ရဲ့ ရှုထောင့်ကနေကြည့်တော့ ဂိုဒေါင်အတွင်းပိုင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ အခြေအနေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့မျက်နှာက မည်းမှောင်သွားတယ်။
ဇွန်ဘီတွေက သူထင်ထားတာထက် အထဲမှာ အများကြီးပိုများနေတယ်။ သူ မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်သွားတယ်။
ဆူပူအုံကြွမှုစတင်ချိန်တုန်းကတည်းက သူဟာ ဂိုဒေါင်ထဲက အလုပ်သမားတွေကို ထွက်ခွာခွင့်ပေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ သူ့လက်အောက်ငယ်သားတွေကို ကိုယ်တိုင်အမိန့်ပေးခဲ့ပါတယ်။ သူတို့ ဘေးကင်းစွာ အိမ်ပြန်နိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် အခု သူမြင်တွေ့နေရတာတွေအရဆိုရင် သူ့ရဲ့အမိန့်တွေကို လျစ်လျူရှုထားတာက ထင်ရှားပါတယ်။
ဒီမှာက အလုပ်သမားအရေအတွက် များလွန်းတာမျိုး မဟုတ်ပေမယ့် နည်းတဲ့အရေအတွက်လည်း မဟုတ်ပါဘူး။ ခြေလက်တွေ ပျောက်ဆုံးနေကာ ပုပ်ပွနေတဲ့ ဒဏ်ရာတွေနဲ့ ယူနီဖောင်းအစုတ်အပြဲတွေနဲ့ ဇွန်ဘီတွေကို ကြည့်ရင် ဒီလူတွေကို ဘယ်တုန်းကမှ အပြင်ကို လွှတ်ပေးခဲ့တာ မဟုတ်ဘဲ သူတို့ကို အထဲမှာ ပိတ်လှောင်ထားခဲ့တယ်ဆိုတာကို သူသိလိုက်တယ်။
လီချီရွှမ်က အတွေးထဲမှာ နစ်မြုပ်နေပြီးရပ်နေချိန်မှာ ချင်လူဇီကတော့ ဇွန်ဘီတွေကို သတ်ရင်း သူ့ကို စိုက်ကြည့်နေခဲ့တယ်။
ဒါကို သတိထားမိတော့ ရှောင်ချီက ဖုန်းယွင်ဆီ ပိုတိုးကပ်ပြီး "အစ်ကိုဖုန်းယွင် အစ်ကိုချင်က ဒီလူသစ်ကို အာရုံစိုက်လွန်း နေတယ်လို့ မထင်ဘူးလား" လို့ တိုးတိုးလေးပြောလိုက်တယ်။
သေနတ်ကို ဆွဲပြီး ဇွန်ဘီတစ်ကောင်ကို သတ်နေရင်း ဖုန်းယွင်ကပြန်မေးလိုက်တယ် " ဘာလို့ ဒီလိုပြောတာလဲ"
"သူ့ကိုပဲကြည့်။ သူက ဇွန်ဘီတွေကိုသတ်နေတာတောင် အဲဒီလူဆီက မျက်လုံးမခွာဘူးသွားဘူး။ ကျွန်တော်အစောကြီးကတည်းက သတိထားမိနေတယ်။ သူ သူ့ကိုကြည့်တဲ့ပုံစံက ကျွန်တေည်တို့ရဲ့ကပ္ပတိန်က မရီးကိုကြည့်တဲ့ပုံစံကို သတိရသွားစေတယ်မဟုတ်ဘူးလား" ရှောင်ချီက အလေးအနက်ပြောလိုက်တယ်။
ဒီစကားကိုကြားတော့ ဖုန်းယွင်က အသက်ရှုကြပ်လုနီးပါးဖြစ်သွားပြီး ရှောင်ချီကို မယုံနိုင်စွာကြည့်လိုက်တယ်။
"ဒီရက်ပိုင်းမှာ အချစ်ဝတ္ထုတွေ အရမ်းဖတ်နေတာလား။ ဒါမှမဟုတ် ရေချိုးနေတုန်းမှာရေနစ်ပြီး ဦးနှောက်ထဲ ရေတွေအပြည့်ဝင်သွားတာလား" လို့ သူက ခြောက်ကပ်ကပ်မေးလိုက်တယ်။
"ကျွန်တော်တကယ်ပြောတာ" ရှောင်ချီက အခိုင်အမာပြောလိုက်တယ် "မင်းက အစ်ကိုချင်အကြောင်းကို ကျွန်တော့်လိုသိပ်မသိဘူး။ သူက ကျွန်တော်တို့ရဲ့ကပ္ပတိန်ကလွဲလို့ ဘယ်သူ့ကိုမှ အာရုံမစိုက်ခဲ့ဘူး။ အခုဆို ကပ္ပတိန်က ခယ်မကို အာရုံစိုက်နေပြီဆိုတော့ အစ်ကိုချင်ကလည်း အထီးကျန်နေမှာပေါ့"
သူက လီချီရွှမ်ကို တိတ်ဆိတ်စွာလက်ညှိုးထိုးပြပြီးထပ်ပြောလိုက်တယ် "အဲဒီလူကကော သူကအရမ်းချောတယ်၊ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်နဲ့ အလွယ်တကူယှဉ်နိုင်တယ်။ အစ်ကိုချင်ကသာ သူ့ကို စိတ်ဝင်စားနေတယ်ဆိုရင် ဒါက လုံးဝပုံမှန်ပဲလို့ ထင်တယ်"
ဖုန်းယွင်က သူ့စကားကြောင့် မျက်စိလှန်ပြီး "မင်းက အဲဒီအချစ်ဝတ္ထုတွေကြောင့် တကယ်ကို ပျက်စီးသွားတာပဲ" လို့ ပြောလိုက်တယ်။
"ပျက်စီးတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ အချစ်ဆိုတာက တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တယ် ကျားမ လူမျိုးခွဲခြားမှုတွေနဲ့ ဘယ်တော့မှ ကန့်သတ်ထားလို့မရဘူး" ရှောင်ချီက စိတ်အားထက်သန်စွာနဲ့ ငြင်းခုံလိုက်တယ်။
အခန်း-(၂၅၁)
ရှောင်ချီနှင့်ငြင်းခုံနေဖို့ကို ပျင်းလွန်းတာကြောင့် ဖုန်းယွင်က ဂရုမစိုက်ဘဲ "အိုကေ အိုကေ။ ဘာပဲပြောပြော" လို့ ပြန်ဖြေလိုက်တယ်။
သူ့ကို လျစ်လျူရှုထားတာမြင်တော့ ရှောင်ချီက သက်ပြင်းချပြီး "လူငယ်လေး မင်းက ရင့်ကျက်တဲ့ယောက်ျားတွေရဲ့ကမ္ဘာကို နားမလည်နိုင်လောက်အောင် စိမ်းလွန်းသေးတယ်" လို့ ပြောလိုက်တယ်။
"ငါ မင်းထက် နှစ်နှစ်ကြီးတယ်" ဟု ဖုန်းယွင်က သူ့ကို ခပ်ပြတ်ပြတ် သတိပေးလိုက်သည်။
ဒါကိုကြားတော့ ရှောင်ချီက စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့သည်။ အဲဒီအချက်ကိုငြင်းဆိုဖို့ စကားလုံးတွေ သူရှာမတွေ့ခဲ့ပါဘူး။
သူတို့နှစ်ယောက်က ကောလာဟလတွေ ပြောနေတုန်းမှာ ချင်လူဇီက ရုတ်တရက်ကြီး ထူးဆန်းတဲ့အရာတစ်ခုကို သတိထားမိလိုက်တယ်။ သူ့ရဲ့စိတ်မြေပုံပေါ်က လီချီရွှမ်ကို ကိုယ်စားပြုတဲ့ အပြာရောင်အစက်ကလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတယ်။ အရောင်က ခဏတာ ပိုရင့်လာပြီးနောက်မှ ပုံမှန်ပြန်ဖြစ်သွားတယ်။
ဒါကြောင့်မို့ စိုးရိမ်ပူပန်နေတဲ့ချင်လူဇီကို မျက်လုံးတွေ ကျဉ်းမြောင်းသွားစေတယ်။ လီချီရွှမ်ကသာ သူ့အဖွဲ့ဝင်တွေကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ သူက အရင်တိုက်ခိုက်ဖို့ကို တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ အန္တရာယ်ကိုခံစားမိတာနဲ့ ပြန်လုပ်ဖို့အတွက် တိတ်တဆိတ်နဲ့ အပြည့်အဝ အသင့်လုပ်ပြီး လီချီရွှမ်ဆီ ပိုနီးလာခဲ့တယ်။
တစ်နာရီကျော်ကြာပြီးနောက်မှာတော့ ထိုနေရာကို ရှင်းလင်းလို့ပြီးသွားတယ်။ ကျင်းရွှီယန်းက လက်ကိုဝှေ့ယမ်းလိုက်ကာ အနက်ရောင်မီးလုံးတစ်လုံးကိုပစ်လွှတ်ပြီး အလောင်းအားလုံးကို မီးရှို့လိုက်တယ်။ ရှောင်ချီကတော့ ကျန်ရှိနေသော အမြုတေများကို လျင်မြန်စွာစုဆောင်းလိုက်သည်။
နံရံပေါ်ကနေ ခုန်ဆင်းပြီးနောက်တွင် လီချီရွှမ်ကလျှောက်သွားပြီးမေးလိုက်တယ် "ရဲဘော်၊ ဒီကျောက်တွေက ဘာတွေလဲ"
"အစ်ကို မသိဘူးလား" ရှောင်ချီက အံ့သြသွားပုံရတယ်။
"ဒါတွေက ဇွန်ဘီတွေရဲ့ဦးခေါင်းထဲမှာ တွေ့ရတဲ့ အမြုတေတွေပါ။ သူတို့မှာက စွမ်းအင်တွေ ပါတယ်။ ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ သက်လုံကိုပြန်လည်ရရှိဖို့ အဲဒါကို စုပ်ယူနိုင်တယ်။ ပြီးတော့ ဒါတွေ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လဲလှယ်နိုင်တယ်" ဟု သူက ရှင်းပြသည်။
"ဒီကျောက်တွေက အတော်လေး အသုံးဝင်ပုံရတယ်" ဟု လီချီရွှမ်က ပြောသည်။
ရှောင်ချီက ခေါင်းညိတ်ပြီး "နောင်ဆို မင်းရှာတွေ့ထားတာတွေကို သိမ်းထားသင့်တယ်။ အရေးပေါ်အခြေအနေဖြစ်လာပြီး ဘယ်အချိန်မှာလိုအပ်လာမယ်ဆိုတာ မင်းဘယ်တော့မှ မသိနိုင်ဘူး" လို့ ပြန်ဖြေလိုက်တယ်။
ရှင်းပြပြီးနောက်တွင် သူက ကျိူးလီဇီဆီသို့ လျှောက်သွားပြီး အမြုတေများ ပြည့်နေသောအိတ်ကို ပေးလိုက်တယ်။ သူမက အမြုတေများကို ကျောပိုးအိတ်ထဲသို့လောင်းထည့်ကာ ဇစ်ပိတ်လို့ ကျောပိုးအိတ်ကိုပုခုံးပေါ်ပြန်တင်ပြီးနောက်တွင် အဖွဲ့နှင့် ပြန်လည်ပူးပေါင်းကာ ဂိုဒေါင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
သူမရဲ့ကျောပိုးအိတ်ကို လွယ်လိုက်စဉ်တွင် လီချီရွှမ်ရဲ့ မျက်လုံးတွေက အံ့အားသင့်မှုတွေနဲ့ တောက်ပသွားတယ်။ သူ့ရဲ့အကြည့်တွေက သူမရဲ့ကျောပေါ်မှာပဲ စိုက်ကြည့်နေတယ်။ ပြီးတော့ သူက တိုးတိုးလေးရယ်လိုက်ပြီး "စိတ်ဝင်စားစရာပဲ။ ဒါကြောင့် ဒါက ဒီလိုပဲ" လို့ ရေရွတ်လိုက်တယ်။
ရှောင်ချီနှင့် ဖုန်းယွင်တို့က သူတို့ရဲ့ အာကာသအမျိုးအစားစွမ်းရည်ကို ဘယ်လိုအသုံးပြုခဲ့လဲဆိုတာကို မြင်တွေ့ပြီးနောက်တွင် ကျိူးလီဇီရဲ့ ကျောပိုးအိတ်က တခြားသူတွေနှင့် မတူဘူးဆိုတာကို သူသဘောပေါက်လိုက်တယ်။ အရင်ကလည်း သူ့အတွက်ဆိုပြီး သူမက အစားအစာတွေ အများကြီးပေးပေမယ့် သူမရဲ့ကျောပိုးအိတ်ကတော့ အရွယ်အစား ဘာမှမပြောင်းလဲပါဘူး။
အခုပဲကြည့် သူမရဲ့ကျောပိုးအိတ်ထဲကို အမြုတေတွေ အများကြီး လောင်းထည့်လိုက်တော့လည်း ဖောင်းမလာဘူး။ ဒီတစ်ခုတည်းနဲ့တင် သူမက အာကာသစွမ်းရည်အသုံးပြုသူဆိုတာကို သူ ကောက်ချက်ချနိုင်တယ်။
ဒါပေမယ့် ဒီလူတွေရဲ့အပြုအမူတွေအရဆို အဲဒီမိန်းကလေးရဲ့နေရာလွန်အကြောင်း သူ့ကို မသိစေချင်ဘူးဆိုတာကိုတော့ သူ သေချာတယ်။ အကြောင်းရင်းကိုတော့ သူ မသိသေးပါဘူး။
ပထမဆုံးဂိုဒေါင်ကိုရောက်တဲ့အခါမှာတော့ ကျန်းယွမ်က သူ့ကို အပြင်မှာရပ်ခိုင်းပြီး "ရဲဘော် ဒီမှာအနားယူလို့ရတယ်။ ပစ္စည်းတွေကိစ္စကို ကျွန်တော်တို့စီစဉ်ပေးပါမယ်" လို့ ပြောလ်ုပ်တယ်။
လီချီရွှမ်ကလည်း မျက်ခုံးပင့်ကာ ပြောလိုက်တယ် "ရဲဘော် ဒီနေရာက ကျွန်တော့်မိသားစုပိုင်တာ။ ခင်ဗျားက ကျွန်တော့်ကိုဝင်ခွင့်မပေးဘဲ ပစ္စည်းအားလုံးကို ယူသွားဖို့ စီစဉ်နေတာပဲ။ ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား"
ကျန်းယွမ်က ခဏလောက် တွန့်ဆုတ်နေပြီးနောက် "မင်းရဲ့အမြင်ကို ကျွန်တော်နားလည်ပါတယ်။ ဒီကိစ္စကို ကျွန်တော်ရဲ့ကပ္ပတိန်နဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ဒါပေမယ့် မင်းကတော့ ဂိုဒေါင်ထဲကို ဝင်လို့မရဘူး" ဟု ပြောလိုက်သည်။
လီချီရွှမ်က သူ့ကို ခဏလောက် စိုက်ကြည့်ပြီးမှ "ကောင်းပြီ" လို့ ပြောလိုက်တယ်။
သူမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကိုမြင်တဲ့အခါ ကျန်းယွမ်ရဲ့ သူ့အပေါ်ထားတဲ့ အထင်အမြင်က တိုးတက်ကောင်းမွန်လာပြီး "နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
လီချီရွှမ်က ဘာမှမပြောဘဲ ပန်းခင်းဆီသို့ လျှောက်သွားလိုက်သည်။ ပန်းများနှင့် ချုံပုတ်များက ခြောက်သွေ့သွားပြီး အကိုင်းအခက်ခြောက်များနှင့် အရွက်ပုပ်များသာ ကျန်တော့တယ်။ သူက ပန်းခင်းအစွန်းတွင် ထိုင်ကာ စိတ်ဝင်စားစွာ ကြည့်နေသည်။
တစ်ချိန်တည်းမှာပဲ ကျိူးလီဇီ ၊ ရှောင်ချီ နှင့် ဖုန်းယွမ်တို့က ဂိုဒေါင်ထဲသို့ဝင်သွားကြပြီး ကျင်းရွှီယန်းနှင့် ကျန်သူများက အပြင်တွင် စောင့်ကြပ်နေကြသည်။ ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားသော ပစ္စည်းများကိုမြင်သည်နှင့် သူတို့က အကြည့်ချင်းဖလှယ်ကာ အလုပ်ကို မြန်မြန်စလိုက်ကြတယ်။
ရှောင်ချီရဲ့ နေရာလွတ်က အသေးငယ်ဆုံးဖြစ်တာကြောင့် ဂိုဒေါင်ထဲကပစ္စည်းတွေရဲ့ ဆယ်ပုံတစ်ပုံပဲ ယူခဲ့တယ်။ ဖုန်းယွင်မှာက နေရာပိုကြီးတာကြောင့် သူက ပစ္စည်းတွေရဲ့ ဆယ်ပုံသုံးပုံကို ယူခဲ့ပြီး ကျန်တာတွေကိုတော့ ကျိူးလီဇီက ယူသွားလိုက်တယ်။
ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းနေစဉ်တွင် ဤဂိုဒေါင်ထဲ၌အဖြစ်များသော ရောဂါများအတွက် ဆေးဝါးအမျိုးမျိုးကို သိုလှောင်ထားကြောင်း သူမ သဘောပေါက်လိုက်သည်။
ဆေးပစ္စည်းတွေက စက်ရုံခရိုင်မှာတွေ့ရှိခဲ့တဲ့ ဆေးဝါးတွေလောက် တန်ဖိုးမရှိပေမယ့် ဒီအသုံးများတဲ့ ဆေးဝါးတွေက စွမ်းရည်နိုးထမှုဖြစ်စဉ်မှာ အထူးသဖြင့် အဖျားကျဆေးနဲ့ ပဋိဇီဝဆေးတွေက အရေးပါခဲ့ပါတယ်။
ဆယ်မိနစ်အကြာမှာတော့ သူတို့သုံးယောက်ကထွက်လာပြီး နောက်ဂိုဒေါင်ကို သွားကြတယ်။ ပစ္စည်းတွေအားလုံးကို စုဆောင်းပြီးတဲ့အခါ နေဝင်စပြုနေပါပြီ။
ကျင်းရွှီယန်းက သူ့နာရီကိုကြည့်ပြီး "ဒီမှာ တစ်ညအိပ်ကြမယ်" လို့ပြောတယ်။
သူ့ရဲ့အမိန့်ကိုကြားတော့ အဖွဲ့ဝင်တွေက ဂိုဒေါင်တစ်ခုဆီသွားပြီး အချို့က မီးပုံနှစ်ခုပုံကြကာ ကျန်တဲ့သူတွေကတော့ တဲတွေဆောက်ကြတယ်။
ဒါကိုမြင်တော့ လီချီရွှမ်က လျှောက်လာပြီး "ရဲဘော် မင်းက ငါ့မိသားစုရဲ့ပစ္စည်းတွေကိုယူသွားပြီး ငါ့မိသားစုရဲ့ဂိုဒေါင်မှာ နေနေတာနော်။ ငါ့ကို ပြောစရာမရှိဘူးလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက သူ့ဘက်လှည့်ပြီး "ဘာလျော်ကြေးလိုချင်လဲ" လို့ ပြန်မေးလိုက်တယ်။
လီချီရွှမ် ခဏစဉ်းစားပြီး "မင်းရဲ့အဖွဲ့ထဲကို ကျွန်တော်ကို ဝင်ခွင့်ပြုလ်ုက်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်ကတစ်ယောက်တည်းဆိုတော့ အားနည်းနေတာကို မင်းမြင်ပါတယ်။ ဘယ်သူ့အကူအညီမှမပါဘဲ ကြာကြာရှင်သန်နိုင်မှာမဟုတ်ဘူး။ မင်းရဲ့အဖွဲ့ထဲကိုသာဝင်လိုက်ရင် ကျွန်တော်ရဲ့ရှင်သန်နိုင်ခြေက ပိုများလိမ့်မယ်" လို့ ပြောလိုက်တယ်။
သူ ဒီစကားတွေကို ပြောလိုက်တာနဲ့ ကျိူးလီဇီဟာ ရေတွေနင်ပြီး ချောင်းဆိုးသွားတယ်။ စိတ်ငြိမ်သွားပြီးနောက်တော့မှ သူမက လိမ်လည်သူတစ်ယောက်ကို ကြည့်နေသလိုမျိူး သူ့ကို ကြည့်လိုက်တယ်။ သူ့မှာက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အချိုးအစားရှိပေမယ့် သူက အားနည်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး။
သူမရဲ့အရင်ဘဝတုန်းကဆို သူ့ခါးက ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုတောင် ကြွားလုံးထုတ်ပြီး သူ့မိသားစုရတနာရဲ့ အရွယ်အစားကို အသင်းဖော်တွေနဲ့ နှိုင်းယှဉ်ကာ ဓားပြခေါင်းဆောင်လိုပြုမူခဲ့တယ်။
အခုတော့လည်း သူက အားနည်းတဲ့လူကြီးလူကောင်းတစ်ယောက်လို့ ပြောနေတာ။ ဘယ်သူကယုံမှာလဲ။
သူမ ၊ ကျင်းရွှီယန်း နှင့် ချင်လူဇီတို့က သူ့ကို မယုံသော်လည်း ကျန်အဖွဲ့ဝင်များကတော့ သူ့ကိုယုံကြည်ကြသည် ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်တော့မှ ချန်ကျိရိက "ကပ္ပတိန် သူ့ကို ကျွန်တော်တို့နဲ့ ပူးပေါင်းခွင့်ပေးလိုက်ရင် ဘယ်လိုလဲ။ သူ့စွမ်းရည်က မဆိုးပါဘူး။ ပိုပြီး လေ့ကျင့်ရင် ကျွန်တော်တို့အသင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
အခန်း-(၂၅၂)
"ကပ္ပတိန် ကျွန်တော်တို့မှာက အဖွဲ့ဝင်အများကြီးမရှိဘူး။ အနာဂတ်မှာဆိုလည်း ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တချို့က သုတေသနလုပ်ဖို့ ဓာတ်ခွဲခန်းထဲမှာ နေရမှာ။ ဒါကြောင့် အဖွဲ့ဝင်တွေထပ်စုဆောင်းတာက ဆိုးတဲ့အရာတော့မဟုတ်ပါဘူး" ဟု ရှန်ကျင်းဇီက ဝင်ပြောသည်။
ဒီလူကို သူ့အသင်းမှာ ဆက်ထားဖို့ ကျင်းရွှီယန်းမှာ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် သူ့အဖွဲ့ဝင်တွေပြောတာကလည်း ကျိုးကြောင်းဆီလျော်တယ်။ အနာဂတ်မှာဆို အခြေအနေက ပိုအန္တရာယ်များလာပြီး သူတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် မလုံလောက်နိုင်ပါဘူး။
အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားပြီးတဲ့နောက်တော့ သူ့ရည်းစားဘက်လှည့်ပြီး "အာဇီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျိုးလီဇီက တွန့်ဆုတ်ခြင်းမရှိဘဲ "အစ်ကိုယန်းရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။
သူမရဲ့အဖြေကိုကြားတော့ ကျင်းရွှီယန်းက ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရည်းစားက ဒီလူကို သိပ်ဂရုမစိုက်တဲ့အတွက် သူ့အဖွဲ့ထဲကို ဝင်ခွင့်ပြုလိုက်တာက အဆင်ပြေပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလူက အနာဂတ်မှာဆို ထိပ်တန်းလူတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ့ကို သူ့အဖွဲ့ထဲ ထည့်လိုက်တာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။
ခဏလောက် ငြိမ်သွားပြီးနောက် သူက လီချီရွှမ်ဆီ လျှောက်သွားပြီး "မင်း ငါ့အဖွဲ့ထဲ ဝင်လို့ရတယ်၊ ဒါပေမယ့် ငါ့ရည်းစားနဲ့ ဝေးဝေးနေရမယ်။ သူက ငါ့အပိုင်ပဲ" လို့ ပြောလိုက်တယ်။
"ကပ္ပတိန် ကျွန်တော်က မင်းရဲ့ရည်းစားကိုစိတ်ဝင်စားနေတယ်လို့ မင်းဘာကြောင့် ထင်ရလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် မင်းစိတ်ချနိုင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ တတိယလူတစ်ယောက်ဖြစ်ဖို့ကို ကျွန်တော် စိတ်မဝင်စားဘူး" ဟု လီချီရွှမ်က အပြုံးဖြင့် ပြန်ဖြေသည်။
ကျင်းရွှီယန်းက သူ့ကို ခဏလောက် ကြည့်နေလိုက်ပြီးမှ "အဘိုးကြီးချင်၊ ငါ သူ့ကို မင်းရဲ့ ကြီးကြပ်မှုအောက်မှာ ထားခဲ့မယ်။ ဖုန်းယွင် မင်းကတော့ လီစီခိုင်ရဲ့အောက်မှာ သင်ယူရလိမ့်မယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
အဖွဲ့ဝင်အသစ်တစ်ယောက်ရလာတော့ အားလုံးက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး သူ့ကို အဖွဲ့ထဲကြိုဆိုဖို့ ဟော့ပေါ့ချက်ရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျိူးလီဇီက ဒါကိုကြားတော့ ရှောင်ချီကို ထောင့်တစ်နေရာဆီဆွဲခေါ်သွားပြီး သူမအရင်က ချက်ထားတဲ့ ဟင်းချိုအိုးတစ်လုံးကို ထုတ်ပေးလိုက်တယ်။
"ခယ်မ ဒါကို ဘယ်တုန်းက ပြင်ဆင်ခဲ့တာလဲ" ဟု ရှောင်ချီက မေးလိုက်သည်။
"ဘာမှလုပ်စရာမရှိတဲ့အခါမှာ ဟင်းချိုချက်တယ်" ဟု ကျိူးလီဇီက ပေါ့ပေါ့ပါးပါး ပြန်ဖြေတယ်။
ထို့နောက် သူမက ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော လတ်ဆတ်သောပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်တယ်။ သူမက ခေါက်ဆွဲအချို့ကိုလည်း ထုတ်ယူပြီး "သိမ်းထားလိုက် အဖွဲ့ဝင်အသစ်က ငါ့ရဲ့နေရာလွတ်ကို မသိသလို မင်းရဲ့အသင်းခေါင်းဆောင်ကလည်း သူ့ကိုသိစေချင်တာမဟုတ်ဘူး။ ဒါကြောင့် မင်းက ငါ့ရဲ့အကာအကွယ်အဖြစ် လုပ်ရမယ်" ဟု ပြောလိုက်တယ်။
ရှောင်ချီက ခေါင်းညိတ်ပြီး လေးနက်စွာပြန်ဖြေတယ်"မရီး ကျွန်တော်နဲ့ထားခဲ့လိုက်ပါ။ ကျွန်တော်က မင်းအတွက် ကောင်းမွန်တဲ့ အကာကွယ်တစ်ခုဖြစ်လာပါ့မယ်"
ပါဝင်ပစ္စည်းတွေကို သူ့နေရာမှာ သိမ်းဆည်းလိုက်ပြီးတဲ့နောက်တော့ နှစ်ယောက်သားက ဘာမှမဖြစ်သလိုပဲ ပြန်လျှောက်သွားကြတယ်။ အဲဒီညမှာတော့ ညစာအတွက် ဟော့ပေါ့စားပြီး အိပ်ယာဝင်ကြသည်။
တစ်ချိန်တည်းမှာတော့ ဝေယင်းတို့အဖွဲ့ဟာ စိုးရိမ်ပူပန်မှုကြောင့် ဆံပင်ကျွတ်ကာ ခေါင်းတုံးဖြစ်လုနီးပါးဖြစ်နေပြီ။ ဤအချိန်တွင်တော့ ဝေယင်းအပါအဝင် ခေါင်းဆောင်အတော်များများဟာ အစည်းအဝေးခန်းတွင်ထိုင်လို့ ဂြိုလ်တုဆက်သွယ်ရေးစက်ကိုအသုံးပြု၍ ဖုန်းပြောဆိုနေကြတယ်။
"ဗိုလ်ကြီးဝေ ကျွန်တော်တို့ရဲ့အခက်အခဲကိုလည်း ခင်ဗျားနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဘက်က အခြေအနေကလည်း ခင်ဗျားရဲ့အခြေအနေထက် ပိုမကောင်းပါဘူး။ ခင်ဗျားတို့ကို ကူညီဖို့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ မလွှတ်ပေးနိုင်ပါဘူး"
ကိုးကြိမ်မြောက် ငြင်းပယ်သံကို ကြားတော့ ဝေယင်းရဲ့ မျက်နှာက မည်းမှောင်သွားတယ်။
စိတ်ငြိမ်အောင် သူက အသက်ကိုပြင်းပြင်းရှူပြီး တစ်ဖက်လူရဲ့စိတ်ကို ပြောင်းလဲဖို့ ကြိုးစားလိုက်တယ် "ရဲဘော်ပိုင် ငါတို့သာ ဇွန်ဘီအုပ်စုကို ဒီအတိုင်းထားခဲ့မယ်ဆိုရင် အခြေအနေက တစ်နေ့မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်ဆိုတာကို မင်းနားလည်ရမယ်။ အခုက မင်းရဲ့လုပ်နိုင်စွမ်းကိုပဲ ထိန်းသိမ်းထားပြီး ကြီးမားတဲ့ကိစ္စကို လျစ်လျူရှုရမယ့်အချိန် မဟုတ်ဘူး"
"ပြီးတော့ ခင်ဗျားရဲ့သားနဲ့ သူ့အဖွဲ့ကလည်း ဇွန်ဘီအုပ်ကြီးရဲ့အလယ်မှာ ပိတ်မိနေတုန်းပဲ။ သူ့ကိုကယ်တင်ဖို့ ဘာမှမလုပ်ဘူးလား" လို့ သူကမေးလိုက်တယ်။
ဒီစကားတွေကို ပြောလိုက်တာနဲ့ တစ်ဖက်လူကရယ်ပြီး "ဗိုလ်ကြီးဝေကို ကျွန်တော် မပြောပြလိုက်မိဘူး။ ကျွန်တော့်သားနဲ့ သူ့အဖွဲ့က ဘေးကင်းစွာ ပြန်ရောက်လာကြပြီ။ သူတို့က ဇွန်ဘီလေးပုံတစ်ပုံကိုလည်း ရှင်းထုတ်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။
"ကျွန်တော်သားက မင်းကို ဇွန်ဘီတွေ ရှင်းထုတ်ဖို့ ကူညီပေးပြီးသားဆိုတော့ ဒါက လုံလောက်ပြီလို့ ထင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်စခန်းက ဝင်မစွက်ဖက်တော့ဘူး။ မင်း သင့်တော်တယ်လို့ ထင်တဲ့အတိုင်း လုပ်လို့ရတယ်"
သူကစကားဆုံးတာနဲ့ပဲ ဖုန်းချသွားတယ်။
ခေါင်းဆောင်တစ်ယောက်က စားပွဲကိုရိုက်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ် "အဲဒီအရင်းရှင်တွေက သူတို့ရဲ့ အကျိုးအမြတ်တွေကိုပဲ တွက်ချက်ပြီး သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကိုတော့ ဘယ်တော့မှ မစဉ်းစားကြဘူး"
လူတိုင်းမှာက သူလိုပဲအတွေးတွေရှိပေမယ့် ဘယ်သူကမှ ညည်းညူဖို့ အချိန်မရှိကြဘူး။ အခုချိန်မှာတော့ သူတို့ရဲ့ ဦးစားပေးက ဇွန်ဘီအုပ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။ ဇွန်ဘီအရေအတွက်ကလည်း တစ်နေ့ပြီးတစ်နေ့ဆက်လက်တိုးပွားလာနေတယ်။
သူတို့သာ အမြန်ဆုံးမလုပ်ဆောင်ဘူးဆိုရင် သူတို့ရဲ့ အောင်ပွဲရဖို့ အခွင့်အလမ်းက ၁% အောက်ပဲ ရှိလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်တော့ ဇွန်ဘီတွေကို ရှင်းလင်းဖို့က မေ့လိုက်ပါ၊ သူတို့တွေ လွတ်မြောက်ဖို့ကိုပဲ အကောင်းဆုံးလုပ်နိုင်တော့မှာ။
"ဗိုလ်ကြီးဝေ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ" ဟု ခေါင်းဆောင်တစ်ဦးက မေးလာသည်။
ဝေယင်းက တွေးရင်း မျက်မှောင်ကြုတ်လိုက်တယ်။ အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင်မှ သူကပြောလိုက်တယ် "အားလုံးပဲ အခုအချိန်မှာတော့ ဇွန်ဘီအုပ်ကို ရှင်းလင်းဖို့က လူအင်အား မလုံလောက်ဘူး"
"နှစ်ရက်အတွင်းမှာ အကူအညီရလာနိုင်မလားဆိုတာကိုသိနိုင်ဖို့ တခြားဒုက္ခသည်စခန်းတွေဆီ ဆက်သွယ်ပြီး နည်းလမ်းရှာမယ်။ အဲဒီ့မတိုင်ခင်မှာတော့ လူတိုင်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ ကျွန်တော်တို့က စီစဉ်ပြင်ဆင်ပေးဖို့လိုအပ်တယ်"
သူက လူတိုင်းကိုကြည့်ပြီး "နှစ်ရက်အတွင်းမှာသာ ဖြေရှင်းချက်မရဘူးဆိုရင်တော့ အားလုံးက ဘေးလွတ်ရာကို ရွှေ့ပြောင်းနေတဲ့အချိန်မှာ ကျွန်တော့်အဖွဲ့က အနောက်မှာနေပေးလိမ့်မယ်" လို့ ပြောလိုက်တယ်။
သူ ဒီစကားတွေကို ပြောလိုက်တာကြောင့် ခေါင်းဆောင်တွေ အံ့အားသင့်သွားကြတယ်။
သူတို့ရဲ့ငယ်ရွယ်စဉ်က တိုက်ပွဲအတွေ့အကြုံတွေ ရှိခဲ့ပေမယ့် စစ်မြေပြင်ကနေအနားယူပြီး ဖန်သားပြင်နောက်ကို လိုက်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာတော့ သူတို့ဟာ သေမှာကို မကြောက်ကြပေမယ့် တိုက်ခိုက်ဖို့ စွမ်းအားမရှိတော့တာကြောင့် အကူအညီမဲ့သလို ခံစားရပါတယ်။
ခဏတာ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင်မှ ခေါင်းဆောင်တစ်ဦးက "ဗိုလ်ကြီးဝေ ကျွန်တော်တို့က ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပါမည်" ဟု ပြောလာသည်။
ဝေယင်းက သူ့ကိုခေါင်းညိတ်ပြလိုက်ပြီးမှ မတ်တပ်ထရပ်ကာ နောက်သို့လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။ သူအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူကလည်း အခန်းထဲက ခေါင်းဆောင်များကို ခေါင်းညိတ်ပြပြီး သူ့နောက်သို့လိုက်သွားသည်။
အစည်းအဝေးခန်း အပြင်ဘက်ကိုရောက်တော့မှ ဒုတိယခေါင်းဆောင်က "ဗိုလ်ကြီး ကျွန်တော်တို့က တခြား ဒုက္ခသည်စခန်းတွေကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် အခုထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါ" လို့ သတင်းလိုက်တယ်။
"ကျွန်တော်တို့ မဆက်သွယ်ရသေးတဲ့ စခန်းတစ်ခု ရှိသေးတယ်" ဟု ဝေယင်းက ပြန်ဖြေတယ်။
ဒါကိုကြားတော့ ဒုခေါင်းဆောင်ရဲ့မျက်လုံးတွေက ခဏတာတောက်ပသွားပြီးမှ "ဗိုလ်ကြီးရွှီချွန်းရဲ့စခန်းကို ဆိုလိုတာလား" လို့ မေးလိုက်တယ်။
"ကားကို ပြင်ဆင်ထားပါ။ မနက်ဖြန်ကြရင် သူ့ဆီ ငါကိုယ်တိုင် သွားလည်လိုက်မယ်" ဟု ဝေယင်းက ပြောသည်။
"နားလည်ပါပြီ”