အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း-(၂၅၃)
နောက်တစ်နေ့နံနက် နေထွက်ချိန်တွင် ဝေယင်းက သူရဲ့အဖွဲ့ဝင်သုံးဦးနှင့်အတူ အသက်ရှင်ကျန်ရစ်သူများစခန်းမှ ထွက်ခွာသွားခဲ့သည်။ သူထွက်ခွာလာတာကိုမြင်တော့ စစ်သားများက တံခါးကိုအမြန်ဖွင့်ပြီး "ဗိုလ်ကြီးဝေ၊ ခရီးလမ်းအဆင်ပြေပါစေ" ဟုပြောလိုက်သည်။
ဝေယင်းက ခေါင်းညိတ်ပြီး "တစ်ခုခုဖြစ်ရင် ငါ့အဖွဲ့ကိုသွားရှာ။ ငါအမြန်ဆုံးပြန်လာမယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု စစ်သားများက ခေါင်းညိတ်ကာ တစ်ပြိုင်နက်တည်း ပြောကြသည်။
သူအဖွဲ့သားကကားကိုမောင်းနေချိန်တွင် ဝေယင်းကမြေပုံကိုကြည့်ပြီး "အဝေးပြေးလမ်းမကြီးကို မသွားနဲ့ ဓာတ်ဆီဆိုင်မှာ အရင်ရပ်လိုက်" လို့ အမိန့်ပေးလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
မိနစ်လေးဆယ်လောက်မောင်းပြီးတဲ့နောက်မှာ ဓာတ်ဆီဆိုင်ကိုရောက်တော့ ဆီဖြည့်ပြီး ခရီးဆက်ခဲ့ကြတယ်။ လမ်းအခြေအနေက ဆိုးရွားနေတာကြောင့် လမ်းလွှဲတွေမှသွားပြီး ဇွန်ဘီတွေနဲ့ တိုက်ခိုက်ခဲ့ရတယ်။ ရွှီချွန်းရဲ့စခန်းကိုရောက်တဲ့အခါမှာတော့ ကောင်းကင်က အရောင်ပြောင်းသွားပြီး နေလုံးဝင်တော့မယ်။
စခန်းထဲဝင်ဖို့ကို လူနှစ်တန်းလောက်စောင့်နေတာကိုမြင်တော့ သူ့လူတစ်ယောက်က ဝေယင်းကိုကြည့်ပြီး "ဗိုလ်ကြီး၊ ဒီမှာကလူတွေအများကြီးရှိတယ်" လို့ပြောတယ်။
ဝေယင်းက ဘေးတံခါးကို လက်ညှိုးထိုးပြီး "အဲဒီတံခါးကို သွား" လို့ ပြောလိုက်တယ်။
ဘေးတံခါးကိုတော့ ယာဉ်များအတွက် ဝင်ပေါက်အဖြစ် အသုံးပြုထားသည်ကို သတိပြုမိသောအခါမှာပဲ သူရဲ့စစ်သားက ကားကို မောင်းဝင်သွားတယ်။
သူတို့ရဲ့ကားကိုမြင်တော့ ကင်းသမားတွေထဲက တစ်ယောက်က လက်ကိုမြှောက်ပြီး "ရပ်လိုက်" လို့ပြောတယ်။
ကားလုံးဝရပ်သွားပြီးနောက်တော့ ကင်းသမားကလျှောက်လာပြီး ကားပြတင်းပေါက်မှန်ကို ခေါက်လိုက်တယ်။ ပြတင်းပေါက်မှန်ကို နှိမ့်ချလိုက်တာနဲ့ စစ်သားက အံ့အားသင့်သွားပြီး အလျင်အမြန်အလေးပြုတယ် "ဗိုလ်ကြီး ဝေယင်း"
ဝေယင်းက သူ့ကို ခေါင်းညိတ်ပြပြီး "ငါတို့က ဗိုလ်ကြီးရွှီချွန်း ကို ရှာဖို့လာတာ။ သူ့ကို အကြောင်းကြားပေးပါ" လို့ ပြောလိုက်တယ်။
စစ်သားက ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေ၊ ကျေးဇူးပြုပြီး တဲထဲမှာ စောင့်ပေးပါ" လို့ ပြောလိုက်တယ်။
ဝေယင်းနှင့်သူ့အဖွဲ့က သူတို့အတွက် အခက်အခဲမဖြစ်စေဘဲ ကားကို ဘေးတွင်ရပ်ပြီး ထွက်လာကာ ဘေးဘက်ကတဲထဲသို့ ဝင်သွားခဲ့ကြသည်။
တဲအတွင်းက စစ်သားများက သူတို့ရဲ့ ကိုယ်အပူချိန်ကို တိုင်းတာပေးပြီး ဒဏ်ရာများ ရှိမရှိကို စစ်ဆေးကြသည်။ ပြီးတာနှင့် စစ်သားတွေက သူတို့ကို ရေတစ်ပုလင်း၊ ထမင်းဆုပ်နှစ်လုံးနှင့် ဝက်အူချောင်းတစ်ပိုင်း ပေးခဲ့သည်။
အစားအစာတွေကိုမြင်တော့ ဝေယင်းနဲ့ သူ့အဖွဲ့က အံ့အားသင့်သွားကြတယ်။ သူတို့စခန်းမှာစားခဲ့တဲ့ အရေကျဲကျဲ ဆန်ပြုတ်နဲ့ယှဉ်ရင် ရွှီချွန်းတို့အဖွဲ့က ကျွေးတဲ့ အစားအစာက အများကြီး ပိုကောင်းတယ်။
သူတို့က မစားမသောက်ဘူးဆိုတာကို သတိထားမိတဲ့အခါ စစ်သားက"ဗိုလ်ကြီးဝေ၊ ဒီအစားအစာနဲ့ ရေတွေက လတ်လတ်ဆတ်ဆတ်လုပ်ထားတာမို့ စားသုံးဖို့ ဘေးကင်းပါတယ်။ စိတ်ပူစရာမလိုပါဘူး" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက ခေါင်းခါပြီး "ငါအဲဒါကို စိတ်မပူဘူး။ မင်းတို့အခြေစိုက်စခန်းက ဒီအစားအစာတွေကို ပေးနိုင်တာ အံ့သြရုံပဲ" လို့ ပြောလိုက်တယ်။
ဒါကိုကြားလိုက်တာနဲ့ စစ်သားကပြုံးပြီး "ကောင်းပြီ၊ အားလုံးက ကပ္ပတိန်ကျင်းနဲ့ သူ့အဖွဲ့ကြောင့်ပဲ။ သူတို့က ကျွန်တော်တို့ကို ဇွန်ဘီတွေရှင်းလင်းပြီး ရိက္ခာတွေရှာပေးတယ်။ သူတို့သာ မကူညီရင် ရိုးရိုးရေတောင် ရှိမှာမဟုတ်ဘူး။ ထမင်းနဲ့ ဝက်အူချောင်းကိုဆို မပြောနဲ့တော့" လို့ ပြောလိုက်တယ်။
ဝေယင်းက သူ့စကားကြောင့် အံ့အားသင့်သွားပြီး တည်ငြိမ်မှုပြန်ရရှိရန် အချိန်အတော်ကြာခဲ့သည်။ သူက စစ်သားကိုကြည့်ပြီး "ရဲဘော်၊ မင်းပြောနေတဲ့ ကပ္ပတိန်ကျင်းက နတ်ဆိုးအဖွဲ့ကလား" ဟု မေးလိုက်တယ်။
စစ်သားက သူ့မေးခွန်းကို ထူးဆန်းတယ်လို့ ထင်ပေမယ့် ခေါင်းညိတ်ပြီး "တကယ်ပဲ ဗိုလ်ကြီး ကျင်းရွှီယန်း ပါ" လို့ ပြန်ဖြေလိုက်တယ်။
သူဒီလိုပြောလိုက်တော့ ဝေယင်း နှင့် သူ့အဖွဲ့ဝင်တွေက ပြုံးလိုက်ကြတယ်။ နတ်ဆိုးအဖွဲ့က စက်ရုံရပ်ကွက်မှာ ကျဆုံးသွားပြီလို့ သူတို့ထင်လိုက်ကြတယ်။ ကံကောင်းထောက်မစွာဖြင့် သူတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။
"ဒါက အရမ်းကောင်းတယ်။ ကပ္ပတိန်ကျင်းတို့အဖွဲ့နဲ့အတူဆိုရင် ကျွန်တော်တို့အနိုင်ရဖို့က အခွင့်အလမ်းပိုများလိမ့်မယ်" ဟု ဝေယင်းရဲ့အဖွဲ့ဝင်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ့စကားမဆုံးမှာပဲ ရွှီချွန်းက တဲထဲသို့ဝင်လာပြီး "အနိုင်ရဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ" ဟု မေးလိုက်သည်။
သူ့အသံကိုကြားတော့ ဝေယင်းကထရပ်ပြီး ရေနဲ့အစားအစာတွေကို စားပွဲပေါ်ချကာ လျှောက်သွားလိုက်တယ်။ သူတို့ နှုတ်ဆက်ပြီးနောက်တော့ ဝေယင်းက "ဗိုလ်ကြီးရွှီ နယ်စပ်နားက ဇွန်ဘီအုပ်စုနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးဖို့ ဒီနေ့လာခဲ့တာ" လို့ ပြောလိုက်တယ်။
ဒီစကားကိုကြားတော့ ရွှီချွန်းရဲ့ မျက်နှာအမူအရာက တည်ကြည်သွားပြီး "ဗိုလ်ကြီးဝေ စကားပြောဖို့ တခြားနေရာပြောင်းကြရအောင်။ ဒီဘက်ကို ကျေးဇူးပြုပြီး လာခဲ့ပါ" လို့ ပြောလိုက်တယ်။
ဝေယင်းက ဦးဆောင်ပြီးလာတော့ စစ်သားက ကားတံခါးကို မြန်မြန်ဖွင့်ကာ အထဲဝင်ခွင့်ပေးလိုက်တယ်။
ကားထဲရှိနေစဉ်တွင် ဝေယင်းနှင့် သူ့အဖွဲ့က လေ့လာကြည့်တော့ ဤအခြေစိုက်စခန်းတွင်နေထိုင်သော အသက်ရှင်ကျန်ရစ်သူများက အခြား အသက်ရှင်ကျန်ရစ်သူများကဲ့သို့ စိတ်ဓာတ်ကျနေပုံမပေါ်ကြောင်း သဘောပေါက်လိုက်ကြသည်။ သူတို့က ပိန်ပိန်ပါးပါးဖြစ်နေသော်လည်း ခြေလှမ်းများကသွက်လက်ပြီး မျက်လုံးများမှာတောါ အလင်းရောင်နှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတယ်။
ဤကွာခြားချက်ကြောင့် သူတို့အံ့အားသင့်နေချိန်မှာပဲ အခြေစိုက်စခန်းထဲက အမြင့်ဆုံးအဆောက်အအုံကို ရောက်လာခဲ့ကြတယ်။ အဲဒီအဆောက်အအုံဟာ ကမ္ဘာပျက်မတိုင်ခင်ကဆို အိမ်ခြံမြေစီမံခန့်ခွဲမှုရုံးအဆောက်အအုံတွေထဲက တစ်ခုပါ။ သူတို့ အခြေချနေထိုင်ပြီးနောက်တွင်တော့ ဒီနေရာကို သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုအတွက် အဓိကအဆောက်အအုံအဖြစ် ရွေးချယ်ခဲ့ကြသည်။
ဆိုလာပြားများရှိသော်လည်း မီးချောင်းများနှင့် ကွန်ပျူတာအချို့ကို လည်ပတ်ရန်သာ လုံလောက်သည်။ ထို့ကြောင့် ပဉ္စမထပ်ရှိ အစည်းအဝေးခန်းသို့သွားရန်အတွက် သူတို့က လှေကားကိုသာ အသုံးပြုနိုင်သည်။
သူတို့လှေကားတက်နေတုန်းမှာ ဝေယင်းက ပြောလိုက်တယ် "ဗိုလ်ကြီးရွှီ ဆိုလာပြားတွေ ထပ်ရှာပါလား နေ့တိုင်း လှေကားတက်ရတာက အရမ်းပင်ပန်းလိမ့်မယ်"
ဒါကိုကြားတော့ ရွှီချွန်းက ပြုံးပြီး "အခုဆို ငါတို့က အခြေစိုက်စခန်းရဲ့လုပ်ငန်းစဉ်တွေကို ကိုင်တွယ်နေရတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူး။ လှေကားတက်တာက ခန္ဓာကိုယ်ကြံ့ခိုင်နေအောင် ထိန်းသိမ်းဖို့ ကောင်းတဲ့နည်းလမ်းတစ်ခုပဲ" လို့ ပြန်ဖြေလိုက်တယ်။
သူ ပြောတာကိုကြားလိုက်တာနဲ့ သူ့အဖွဲ့ကလည်း ခေါင်းညိတ်ပြီး "ဗိုလ်ကြီးပြောတာ မှန်တယ်။ အရေးပေါ်အခြေအနေမျိုးအတွက် ကျွန်တော်တို့က လေ့ကျင့်မှုတွေ ဆက်လုပ်ထားရပါမယ်။
တစ်ချိန်တည်းမှာပဲ ဝေယင်းနဲ့ သူ့အဖွဲ့သားတွေဟာ စကားမပြောနိုင်အောင် ဖြစ်နေကြတယ်။ ရွှီချွန်းက သူ့အဖွဲ့ကို လေ့ကျင့်ပေးရာမှာ ဘယ်လောက်ရူးသွပ်လဲဆိုတာ သူတို့ကြားသိခဲ့ရတယ်။
လေ့ကျင့်ခန်းလုပ်ရတာကို သူ ဘယ်လောက်ပဲနှစ်သက်ပါစေ ကန့်သတ်ချက်တော့ ရှိလိမ့်မယ်လို့ သူတို့ထင်ခဲ့ကြတယ်။ မျှော်လင့်ထားသလိုမဟုတ်ဘဲ သူတို့ရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်ပြီး သူက လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ နေ့စဉ်တာဝန်တွေအတွင်းမှာတောင် လေ့ကျင့်ဖို့ နည်းလမ်းရှာတွေ့နိုင်ခဲ့တယ်။
သူတို့ရဲ့ နေ့စဉ်လှေကားတက်လေ့ကျင့်ခန်းကြောင့် ပဉ္စမထပ်ကို ရောက်လာတဲ့အခါမှာတောင် ချွေးတစ်စက်မှ မထွက်လာခဲ့ဘူး။ ရွှီချွန်းက အစည်းအဝေးခန်းတံခါးကို ဖွင့်ပြီး "ဗိုလ်ကြီးဝေ ဒီဘက်ကို လာခဲ့ပါ" လို့ ပြောလိုက်တယ်။
အားလုံးက ထိုင်ခုံတွေမှာ နေရာယူပြီးနောက်တွင် ရွှီချွန်းရဲ့လူတစ်ယောက်က သူတို့အတွက် ရေတစ်ခွက်ငှဲ့ပေးပြီးမှ ထိုင်ခုံမှာထိုင်ကာ အစည်းအဝေးတိုးတက်မှုကို မှတ်တမ်းတင်ဖို့ မှတ်စုစာအုပ်တစ်အုပ်ကို ဖွင့်လိုက်တယ်။
အခန်း-(၂၅၄)
ဝေယင်းက ရေအနည်းငယ်သောက်ပြီးမှမေးလိုက်တယ် "ဗိုလ်ကြီးရွှီ ကျင်းရွှီယန်းတို့အဖွဲ့က ဒီမှာနေနေတယ်လို့ ကြားတယ်။ အဲဒါမှန်လား"
ရွှီချွန်းက ခေါင်းညိတ်ပြီး "ကပ္ပတိန်ကျင်းတို့အဖွဲ့က ငါ့စခန်းမှာ နေနေကြတာပါ၊ ဒါပေမယ့် အခုတော့ အပြင်မှာ ရိက္ခာတွေ စုဆောင်းနေကြတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် "သူတို့ကဘယ်တော့ပြန်လာမလဲဆိုတာကို မင်းသိလား"
"ကပ္ပတိန်ကျင်းက ရက်အနည်းငယ်လောက် ကြာမယ်လို့ ပြောတယ်" ဟု ရွှီချွန်းက ပြန်ဖြေသည်။
ခဏလောက် ငြိမ်သက်သွားပြီးနောက်မှ "ဗိုလ်ကြီးဝေ ၊ ဘာလို့ နတ်ဆိုးအဖွဲ့အကြောင်း မေးတာလဲ" လို့ သူကမေးလိုက်တယ်။
"ဒီတစ်ခါတော့ ခင်ဗျားရဲ့အကူအညီကိုတောင်းဖို့ ငါလာတာပါ။ ရက်အနည်းငယ်တုန်းကလေ ကြေးစားစစ်သားတစ်စုက လင်အန်းနယ်စပ်အနီးမှာ ဇွန်ဘီအုပ်စုတစ်စုကို တွေ့လိုက်ရတယ်။ ဇွန်ဘီအရေအတွက်က ၁၀၀၀ ဝန်းကျင်ရှိပြီး ဆက်တိုးလာနေတယ်။ အခုအချိန်မှာတော့ ၂၀၀၀ ဝန်းကျင် ဒါမှမဟုတ် ပိုများနေလောက်ပြီ" ဟု ဝေယင်းက ပြောသည်။
ရွှီချွန်းက ဤသတင်းကြောင့် အံ့အားသင့်သွားပြီး "ကျန်းနင်မြို့ အခြေစိုက်စခန်းကို လူစေလွှတ်ဖို့ အကူအညီတောင်းပြီးပြီလား" ဟု မေးလိုက်တယ်။
ဝေယင်းက ခေါင်းညိတ်ပြီး "ငါ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ဘယ်သူ့ကိုမှ မကူညီနိုင်ဘူးလို့ ပြောကြတယ်။ ပြီးတော့ ပိုင်ရိီကျီးကလည်း အရင်က ဇွန်ဘီအုပ်အလယ်မှာ ပိတ်မိနေခဲ့ပြီးမှ ထွက်ပြေးရင်း ဇွန်ဘီတချို့ကို ရှင်းထုတ်နိုင်ခဲ့တယ်" လို့ ပြန်ဖြေလိုက်သည်။
ဒါကိုကြားတော့ ရွှီချွန်းက မျက်မှောင်ကြုတ်ပြီး "ဒါဆို သူတို့က ဒီကိစ္စကိုရှောင်လွှဲဖို့ အကြောင်းပြချက်အဖြစ် သုံးနေကြတာလား" လို့ မေးလိုက်တယ်။
"အသက်ရှင်ကျန်ရစ်သူစခန်းရဲ့အခြေအနေက ရှုပ်ထွေးနေပြီး စစ်သားအရေအတွက်ကလည်း ဇွန်ဘီအုပ်စုကို တားဆီးဖို့ မလုံလောက်ဘူး။ စွမ်းရည်အသုံးပြုသူတွေကို ငှားရမ်းဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူကမှ နေဖို့သဘောမတူခဲ့ကြဘူး" ဟုပြောကာ ဝေယင်းက သက်ပြင်းချလိုက်သည်။
သူ့စကားကြောင့် ရွှီချွန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။ ခဏလောက် စဉ်းစားပြီးနောက် "မင်းမှာ ဘာအစီအစဉ်ရှိလဲ" ဟု မေးလိုက်သည်။
"ငါ စခန်းအတော်များများကို အကူအညီတောင်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဘာမှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု မရှိသေးဘူး။ ငါ့လူတွေကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းလို့ရအောင် ပြင်ဆင်ထားဖို့ ပြောပြီးပြီ။ ဖုတ်ကောင်တွေကို ဖယ်ရှားဖို့ လူအင်အား မလုံလောက်ရင် စခန်းကို စွန့်ခွာရလိမ့်မယ်" ဟု ဝေယင်းက ပြန်ဖြေသည်။
ရွှီချွန်းက စားပွဲကို လက်ချောင်းတွေနဲ့ ခဏလောက် ခေါက် နေလိုက်ပြီးနောက်မှ "ငါ့လူတွေကိုလွှတ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်ဖို့ ကူညီပေးမယ်။ ငါ့ရဲ့ အခြေစိုက်စခန်းကို ခေါ်လာခဲ့။ ဇွန်ဘီအုပ်ကို မကိုင်တွယ်နိုင်မချင်းတော့ စခန်းကို စွန့်ခွာရုံပဲ ရှိတော့တယ်" လို့ ပြောလိုက်တယ်။
ဒီလောက်လူအများကြီး လက်ခံလိမ့်မယ်လို့ ဝေယင်းက မမျှော်လင့်ထားတာကြောင့် "ယာယီစခန်းမှာ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က ၃၀၀၀၀ ကျော်တယ်။ ငါတို့မှာရှိတဲ့ရိက္ခာပမာဏက အခုချိန်မှာ အများဆုံး သုံးရက်စာပဲ လုံလောက်တယ်။ ဒီလောက်လူအများကြီးကို လက်ခံချင်တာက သေချာလား" လို့ ပြောလိုက်တယ်။
ရွှီချွန်းက မျက်ခုံးပင့်ပြီး ပြန်မေးလိုက်တယ် "အဲဒီအပြင် တခြားအစီအစဉ်တွေ ရှိသေးလား"
သူ့စကားကြောင့် ဝေယင်းက အံ့အားသင့်သွားတယ်။ သူပြောသလိုအဲ အနီးအနားရှိ ဇွန်ဘီအုပ်စုနှင့်အတူ နယ်စပ်တွင်နေထိုင်ရန်က အန္တရာယ်အလွန်မြင့်မားသည်။ စစ်ကူများကို စောင့်ဆိုင်းမည့်အစား လွတ်မြောက်ရန်ထွက်သွားတာက ရှင်သန်ရန် အခွင့်အလမ်းပိုများသောကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းက ပိုကောင်းသော လုပ်ဆောင်ချက်ဖြစ်သည်။
"ဒါပေမယ့် ပစ္စည်းတွေကော" လို့ သူက မေးလိုက်တယ်။
"ထောက်ပံ့ရေးပစ္စည်းတွေအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ ငါ့အဖွဲ့နဲ့ နတ်ဆိုးအဖွဲ့သားတွေက အဲဒါကို ဂရုစိုက်ပေးလိမ့်မယ်" ဟု ရွှီချွန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။
ထို့နောက် သူက သူ့စစ်သားထံမှ ဖိုင်တွဲတစ်ခုကို တောင်းယူပြီး ဝေယင်းထံပေးလိုက်ကာ "ဒါတွေက ငါ့စခန်းရဲ့ စည်းမျဉ်းတွေပဲ။ စည်းမျဉ်းတွေကို လိုက်နာဖို့ သဘောတူသရွေ့တော့ အသက်ရှင်ကျန်ရစ်သူတွေကိုလက်ခံဖို့က ငါပြဿနာမရှိဘူး" ဟု ပြောလိုက်သည်။
"စွမ်းရည်အသုံးပြုသူတွေအတွက်ကတော့ ဝင်ချင်ဝင်၊ မဝင်ချင်မဝင်နဲ့ လွတ်လပ်ပါတယ်။ ဆုံးဖြတ်ချက်မချခင် ဒါကို အရင်ဖတ်ကြည့်နိုင်တယ်" ဟု သူက ပြုံးရင်း ထပ်ပြောတယ်။
အစပိုင်းမှာတော့ စည်းမျဉ်းတွေက အခြေစိုက်စခန်းထဲက ရာဇဝတ်မှုနှုန်းကို ထိန်းချုပ်ဖို့ပဲလို့ ဝေယင်းကထင်ခဲ့တယ်။ ဒါပေမယ့် စည်းမျဉ်းတွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ရွှီချွန်းကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။
သူက ဖိုင်တွဲကိုချပြီး "ဗိုလ်ကြီးရွှီ မင်းရဲ့နည်းလမ်းက အရမ်းကောင်းတယ်။ စည်းမျဉ်းတွေကိုသာလိုက်နာရင် သာမန်လူတွေတောင် သူတို့ရဲ့ထောက်ပံ့ရေးပစ္စည်းတွေကို ရရှိနိုင်ပြီး အဲဒါက အခြေစိုက်စခန်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘူး။ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ အမြုတေတွေ မလုံလောက်မှုကိုလည်း ဖြေရှင်းပေးနိုင်တယ်" လို့ ပြောလိုက်တယ်။
ရွှီချွန်းက ဂုဏ်ယူဝင့်ကြွားလိုခြင်းမရှိဘဲပြန်ဖြေလိုက်တယ် "ငါ့အကြံအစည် လုံးဝမဟုတ်ဘူး။ အရေးကြီးတဲ့ စည်းမျဉ်းစည်းကမ်းအများစုကိုတော့ ကပ္ပတိန်ကျင်း နဲ့ သူ့ချစ်သူ မိန်းကလေးက အကြံပြုခဲ့တာ။ ငါက စစ်ဥပဒေအရ ပြစ်ဒဏ်အချို့ကိုပဲ ထည့်လိုက်တာ"
ဒါကိုကြားတော့ ဝေယင်းက မယုံကြည်နိုင်စွာနဲ့ ပြန်မေးလိုက်တယ် "ချစ်သူ မိန်းကလေးလား"
"ကျင်းရွှီယန်းမှာ ချစ်သူရှိတယ်ဆိုတာ မင်းမသိဘူးလား" ဟု ရွှီချွန်းက ပြန်မေးလိုက်တယ်။
ဝေယင်းက ခဏလောက်စဉ်းစားပြီးမှ နတ်ဆိုးအဖွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော အမျိုးသမီးငယ်တစ်ဦးကို ပြန်သတိရလိုက်တယ်။
သူက ခေါင်းညိတ်ပြီး သဘောပေါက်သွားကာ "ဒါဆို ဖြစ်သင့်တာပဲလေ။ သူမကလည ကျင်းရွှီယန်းနဲ့အတူနေပြီး တိုက်ပွဲဝင်ဖို့ဆန္ဒရှိတာ အံ့သြစရာတော့မဟုတ်ဘူး။ သူတို့က စုံတွဲတစ်တွဲ ဖြစ်နေပြီပဲ" ဟု ပြောလိုက်သည်။
ရွှီချွန်းက ကောလာဟလတွေကို စိတ်မဝင်စားဘဲ "ငါမှာ ဖြုန်းတီးဖို့ အချိန်အများကြီးမရှိဘူး။ မင်းတို့အဖွဲ့က ဒီနေ့တော့ အနားယူသင့်တယ်။ မနက်ဖြန်ကြရင်တော့ ငါ့အဖွဲ့က မင်းနဲ့အတူ ရွှေ့ပြောင်းရေးမှာ ကူညီလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဝေယင်းက ခေါင်းညိတ်ပြီး "ဒါဆိုရင် သူတို့ကို ပြင်ဆင်ပြီး စောင့်နေဖို့ အကြောင်းကြားလိုက်မယ်" လို့ ပြောလိုက်တယ်။
"ကောင်းတယ်"
ခဏတာတွေ့ဆုံပြီးနောက်တွင် ဝေယင်းနှင့်သူ့အဖွဲ့အား လူနေရပ်ကွက်ရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်သားကထွက်သွားခင်တွင် ရေနှင့် ရိက္ခာအချို့ပေးပြီး "ဗိုလ်ကြီးဝေ တခြားလိုအပ်တာရှိရင် ကျွန်တော်တို့ကို အကြောင်းကြားလို့ရပါတယ်" ဟု ပြောသည်။
အစားအစာနှင့်ရေတွေကိုကြည့်၍ ဝေယင်းက ပြုံးကာ "ရဲဘော် မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်တယ်။
စစ်သားက သူ့ကို အလေးပြုပြီး "ဒါက ကျွန်တော့်တာဝန်ပါ။ ဗိုလ်ကြီးဝေ ကျွန်တော် အခု သွားလိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
"ဆက်လုပ်"
စစ်သားထွက်သွားပြီးနောက်မှာပဲ ဝေယင်းက သူရဲ့ဂြိုဟ်တုစကားပြောစက်ကိုအသုံးပြု၍ ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ မကြာမီတွင်ပဲ ခေါ်ဆိုမှုကို လက်ခံလိုက်တဲ့ ဒုဗိုလ်ကြီးရဲ့အသံက လက်ကိုင်ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည် "ဗိုလ်ကြီး"
"ရှောင်ဟန်၊ ထွက်ခွာဖို့ ပြင်ဆင်ထားပါ"
ဒါကိုကြားတော့ ရှောင်ဟန်ကမေးလိုက်တယ်။ "ဗိုလ်ကြီး ၊ ဗိုလ်ကြီးရွှီက ကူညီဖို့ငြင်းဆန်ခဲ့တာလား"
"လောလောဆယ်မှာတော့ ငါတို့မှာ လူအင်အား မလုံလောက်သေးလို့ အားလုံးကို ရွှီချွန်းရဲ့ အခြေစိုက်စခန်းဆီ အရင်ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပြီ။ နတ်ဆိုးအဖွဲ့ ပြန်လာတဲ့အခါ မှ ဇွန်ဘီအုပ်စုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးကြတာပေါ့" ဟု ဝေယင်းက ပြောသည်။
သူဒီလိုပြောလိုက်ပြီးတော့ ရှောင်ဟန်က မယုံနိုင်စွာဖြင့် မေးလာသည် "ဗိုလ်ကြီး၊ ကပ္ပတိန်ကျင်းတို့အဖွဲ့က အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာလား”
အခန်း-(၂၅၅)
ရှောင်ဟန်ရဲ့မေးခွန်းကို ကြားတော့ ဝေယင်းက ပြောလိုက်တယ် "အင်း။ ဇွန်ဘီအုပ်ကိုရှင်းလင်းဖို့ အစီအစဉ်မချခင် သူတို့ အခြေစိုက်စခန်းကိုပြန်ရောက်လာတဲ့အထိ စောင့်ရမယ်။ အခုချိန်မှာတော့ စွမ်းရည်အသုံးပြုသူတွေကိုဂရုစိုက်ထားဖို့ ကုရှကျယ်တို့အဖွဲ့ကို အကြောင်းကြားပေးဖို့ လိုတယ်"
"နားလည်ပါပြီ"
ခေါ်ဆိုမှုတိုလေးအပြီးမှာတော့ ဝေယင်းဟာ မီးဖိုချောင်ကနေ မွှေးကြိုင်တဲ့ရနံ့တစ်ခုကို ရလိုက်တယ်။ ထမင်းစားခန်းကို လျှောက်သွားတဲ့အခါမှ သူ့အဖွဲ့ဝင်တွေ ညစာပြင်ဆင်နေတာကို တွေ့လိုက်ရတယ်။
သူဝင်လာတာကိုမြင်တော့ တစ်ယောက်က "ဗိုလ်ကြီး၊ ကျွန်တော်တို့ ထမင်းပေါင်းနဲ့ ဟင်းတွေ ချက်ထားတယ်။ ပူပူနွေးနွေး အစားအစာ မစားရတာ ကြာပြီလေ။ အရင်စားကြရအောင်" လို့ပြောတယ်။
ဝေယင်းကထိုင်ချလိုက်ပြီး စားပွဲပေါ်က အငွေ့တထောင်းထောင်းထနေတဲ့ ထမင်း၊ ဟင်းသီးဟင်းရွက်ပန်းကန်နဲ့ ကြက်ဥစွပ်ပြုတ်ပန်းကန်လုံးကို ကြည့်လိုက်တယ်။
သူက သက်ပြင်းချပြီး "ငါတို့စခန်းရဲ့အခြေအနေကို ရွှီချွန်းရဲ့ စခန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ငါတောင် သူနဲ့ ပူးပေါင်းချင်စိတ် ပေါက်လာတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ အဖွဲ့ဝင်တစ်ယောက်က "ဗိုလ်ကြီး မင်းက စီမံခန့်ခွဲမှုမှာ မတော်ဘူး။ ဗိုလ်ကြီးရွှီရဲ့ အခြေစိုက်စခန်းကို ဝင်ပြီး မစ်ရှင်တွေလုပ်ဖို့ပဲအာရုံစိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်" လို့ ပြောပါတယ်။
"ကပ္ပတိန်ကျင်း နှင့် ဗိုလ်ကြီးရွှီတို့က အခြေစိုက်စခန်းလုပ်ငန်းတွေကို ကိုင်တွယ်နေတာကြောင့် အဲဒီမြေခွေးအိုတွေ ဒုက္ခပေးလာမှာကို စိတ်ပူစရာမလိုတော့ဘဲ နောက်ဆုံးတော့ စိတ်အေးလက်အေးနေနိုင်ပါပြီ" လို့ တခြားအဖွဲ့ဝင်တစ်ယောက်ကလည ဝင်ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက ခေါင်းညိတ်ပြီး "လူတိုင်းကို အရင်ဆုံးဘေးလွတ်ရာကို ရွှေ့ပြောင်းပေးပြီးမှ ဒီအကြောင်းပြောရအောင်။ သူတို့ပြောင်းသွားပြီးရင်တော့ ဆင်ခြေရှာပြီး သူတို့နဲ့ တိုက်ရိုက်ပူးပေါင်းလို့ရတယ်" လို့ ပြောလိုက်တယ်။
သူ့ရဲ့စကားရဲ့ ပထမပိုင်းကိုကြားတဲ့အခါမှာ သူတို့ရဲ့အသင်းခေါင်းဆောင်က ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ အဖွဲ့ဝင်တွေကထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးအပိုင်းကို ကြားပြီးတဲ့နောက်မှာတော့ သူတို့ကပြုံးပြီး "ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ အရမ်းပညာရှိတယ်" လို့ ပြောခဲ့ကြတယ်။
"ကောင်းပြီ၊ စောစောစားပြီး အနားယူကြရအောင်" ဝေယင်းက ရယ်ရင်းပြောပြီး စားတော့သည်။
သူတို့ညစာစားနေကြတုန်းမှာ ရွှီချွန်းက သူ့ရုံးခန်းမှာ ဖုန်းပြောနေတယ်။
"ကပ္ပတိန်ကျင်း မင်းတို့အဖွဲ့က ဘယ်တော့မှပြန်လာမှာလဲ" ဟု သူက မေးလိုက်သည်။
"ငါတို့ထွက်သွားတာကတစ်ရက်ပဲရှိသေးတာဆိုကို မင်းက ငါ့ကို ပြန်လာဖို့မေးနေပြီ။ အခြေစိုက်စခန်းမှာ အရေးတကြီး တစ်ခုခု ဖြစ်နေတာလား" ဟု ကျင်းရွှီယန်းက ပြန်မေးလိုက်တယ်။
"ဝေယင်းက ဒီနေ့လာလည်ပြီး လင်အန်းနယ်စပ်အနီးက ဇွန်ဘီအုပ်စုအကြောင်းကို သတင်းအချက်အလက်တွေ ယူလာပေးတယ်။ လောလောဆယ်မှာတော့ ခန့်မှန်းခြေက ၂၀၀၀ ဝန်းကျင်လောက်ရှိပေမယ့် အခြေအနေကို အတိအကျမသိရသေးဘူး" ဟု ရွှီချွန်းက ရှင်းပြသည်။
" ကျန်းနင်ကလူတွေကို သူ ဆက်သွယ်ပြီးပြီလား" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
" ပူးပေါင်းဆောင်ရွက်ဖို့ သူမေးခဲ့ပေမယ့် သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ကြတယ်။ အခုအချိန်မှာတော့ အားလုံးကို အခြေစိုက်စခန်းဆီ အရင်ပြောင်းရွှေ့လာခိုင်းပြီး မင်းတို့အဖွဲ့ ပြန်ရောက်လာတဲ့အခါမှ တန်ပြန်အစီအမံတစ်ခု ဆွေးနွေးဖို့ ငါတို့ စီစဉ်ထားတယ်" ဟု ရွှီချွန်းက ရှင်းပြသည်။
ကျင်းရွှီယန်းဘက်မှာ ခဏလောက် တိတ်ဆိတ်သွားပြီး "ဒီကအလုပ်တွေပြီးသွားရင် နယ်စပ်ကအခြေအနေကို စစ်ဆေးကြည့်မယ်။ ဘေးလွတ်ရာဆီရွေ့ပြောင်းတာကို ကူညီဖို့ လူတွေထပ်လွှတ်လိုက်" လို့ ပြောလိုက်တယ်။
ရွှီချွန်းက သူ့ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားပြီး "ကပ္ပတိန်ကျင်း မင်းတို့အဖွဲ့က ဇွန်ဘီအုပ်စုကို ကိုင်တွယ်နိုင်မယ်လို့ သေချာလား" လို့ မေးလိုက်တယ်။
"ငါ့အဖွဲ့က ပိုအန္တရာယ်များတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာတောင် အသက်ရှင်လျက် ထွက်လာခဲ့ကြတယ်။ မင်းက အခြေစိုက်စခန်းကို စီမံခန့်ခွဲဖို့ပဲ အာရုံစိုက်။ အခြေစိုက်စခန်းထဲဝင်လာတာကြမယ့် အဲဒီမြေခွေးအိုတွေကို သတိထား။ သူတို့သာပြဿနာရှာရဲရင် သူတို့ကို နှင်ထုတ်လိုက်ရုံပဲ" ဟု ကျင်းရွှီယန်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
ရွှီချွန်းဟာ ခဏတာလောက် စကားမပြောနိုင်ဖြစ်သွားပြီး ငြိမ်နေမိသွားသည်။ "အဲဒီမြေခွေးအိုတွေက စစ်ဘက်ရာထူးရှိတယ်။ သူတို့ကိုနှင်ထုတ်ဖို့က အဲ့လောက်လွယ်တယ်လို့ မင်းထင်လား"
ကျင်းရွှီယန်က သက်ပြင်းချပြီး "ရွှီချွန်း အစိုးရက အရင်လိုပဲလို့ တကယ်ထင်နေတာလား" လို့ မေးလိုက်တယ်။
"အခုအချိန်မှာ အာဏာကိုကိုင်ဆောင်ထားသူတွေက စွမ်းရည်အသုံးပြုသူတွေပဲ။ အခြေစိုက်စခန်းရဲ့ခေါင်းဆောင်မှုကို တာဝန်ယူဖို့ ဆုံးဖြတ်ထားရင် မင်းရဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့လိုတယ်"
"မင်းက အစိုးရအောက်မှာအလုပ်မလုပ်တော့ဘူး။ အခုဆို အသက်ပေါင်းများစွာက မင်းရဲ့ပခုံးပေါ်မှာရှိနေပြီ။ သူတို့ကို ကာကွယ်ဖို့ မင်းမှာတာဝန်ရှိတယ်။ မင်းသာ ဆုံးဖြတ်ချက် သေချာချပြီး အခြေစိုက်စခန်းကို အပြည့်အဝမထိန်းချုပ်နိုင်ဘူးဆိုရင် မင်းကိုကူညီတာက အဓိပ္ပာယ်မရှိဘူးလို့ ငါမြင်တယ်"
အဲဒီလိုပြောပြီးတဲ့နောက်မှာပဲ သူ့ချစ်သူကို ကြည့်ပြီး "မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်စမ်းပါ။ ငါ့ချစ်သူက ငါကို စားဖို့ စောင့်နေတယ်။ အခု ဖုန်းချလိုက်ပြီ" လို့ ပြောလိုက်တယ်။
ရွှီချွန်းက နောက်ထပ်ဘာစကားတစ်ခွန်းမပြောနိုင်ခင်မှာပဲ ဖုန်းခေါ်ဆိုမှုက အလုပ်များနေတဲ့ အသံနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဖုန်းချပြီးနောက်မှာပဲ ကျင်းရွှီယန်းက ဂြိုဟ်တုဖုန်းကို အိတ်ကပ်ထဲထည့်ကာ သူ့ချစ်သူဆီ လျှောက်သွားသည်။
သူ့ရဲ့မျက်မှောင်ကြုတ်နေမှုကို သတိထားမိတော့ ကျိူးလီဇီက "အစ်ကိုယန်း ဘာဖြစ်တာလဲ" လို့ မေးလိုက်တယ်။
သူမဘေးမှာထိုင်နေတဲ့ ကျင်းရွှီယန်းက "မနက်ဖြန် နယ်စပ်ကိုသွားရမယ်။ ဝေယင်းရဲ့စခန်းနားမှာ ဇွန်ဘီအုပ်တစ်အုပ်တွေ့တယ်လို့ ရွှီချွန်းက ငါ့ကိုအကြောင်းကြားတယ်" လို့ပြောပြလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောလိုက်တယ် "ဒီအချိန်မှာ နယ်စပ်နားမှာ ဇွန်ဘီအုပ်ကြီးက မရှိသင့်ဘူး"
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကိုယ်လည်း ထူးဆန်းတယ်လို့ထင်တယ်။ အဲဒါကြောင့် မနက်ဖြန်မှာမှ စုံစမ်းစစ်ဆေးမယ်။ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး လူအုပ်ကို ကိုင်တွယ်ပြီးတာနဲ့ ကိုယ်တို့ ပြန်သွားလို့ရတယ်"
"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း ကျွန်မတို့လုပ်မယ်" ကျိူးလီဇီက ခေါင်းညိတ်ပြလိုက်တယ်။
သူတို့နှစ်ယောက်က တိုးတိုးလေးပြောနေတုန်းမှာပဲ လီချီရွှမ်က မဝေးတဲ့နေရာမှာထိုင်ပြီး သူတို့ကို စိတ်ဝင်တစားကြည့်နေတယ်။ သူ့ရှေ့မှာထိုင်နေတဲ့ ချင်လူဇီရဲ့အကြည့်တွေကလည်း သူ့ဆီကနေ ဘယ်တော့မှ မခွာသွားဘူး။
စူးရှသောအကြည့်ကို သတိပြုမိတော့ လီချီရွှမ်က ပြုံးပြီး မေးလိုက်သည်။ "အစ်ကိုချင်၊ ကျွန်တော့်မျက်နှာမှာ ပန်းတစ်ပွင့် ပေါက်လာတာလား။ ဘာလို့ ကျွန်တော့်ကို ဒီလောက်ကြာကြာ စိုက်ကြည့်နေရတာလဲ"
သူစနောက်နေပေမယ့်လည်း ချင်လူဇီကတော့ မျက်နှာအမူအရာ မပြောင်းလဲဘဲ "လီချီရွှမ် မင်းက အခုဆို အဖွဲ့ထဲဝင်ပြီးပြီဆိုမှတော့ ကောင်းကောင်း ပြုမူသင့်တယ်။ ငါတို့ကို သစ္စာဖောက်ရဲရင် မင်းမွေးဖွားလာရတာကိုတောင် နောင်တရစေရမယ်" လို့ ပြောလိုက်တယ်။
သတိပေးချက်ကိုကြားတော့ လီချီရွှမ်က ရယ်လိုက်တယ်။ ခဏအကြာမှာ သူကငြိမ်သွားပြီး "အစ်ကိုချင် ဘာလို့ ကျွန်တော့်ကို ဒီလောက်မုန်းနေတာလဲဆိုတာကို ကျွန်တော်နားမလည်ဘူး။ ဒါပေမယ့် ကျွန်တော်မှာက အဖွဲ့အပေါ် မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး" လို့ ပြောလိုက်တယ်။
သူက လူတိုင်းကို ခဏလောက်ကြည့်ပြီးမှ ပြုံးကာ "ကျွန်တော့်ကိုမယုံရင်တောင် အနည်းဆုံးတော့ ခင်ဗျားတို့ရဲ့ ကပ္ပတိန်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်ပါ" လို့ ပြောလိုက်တယ်။
သူ့ရဲ့ကပ္ပတိန်က ဒီလူကို ဘာလို့လက်ခံတာလဲဆိုတာ ချင်လူဇီ နားမလည်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်ခဲ့တယ်။ ဒါပေမယ့် လီချီရွှမ်မှာက သူ့ကိုစိုးရိမ်စေတဲ့ တစ်ခုခု၊ လျစ်လျူရှုလို့မရတဲ့ အန္တရာယ်ရှိတဲ့ အရှိန်အဝါနှင့် သူ့စိတ် မြေပုံထဲက မှိတ်တုတ်မှိတ်တုတ် အပြာရောင်အစက်လေးရှိနေခဲ့တယ်။