အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
51
ဟွေ့ဟွေ့ လက်ရှိအလုပ်လုပ်နေသော ယာတောအိမ်သို့ သွားရောက်လည်ပတ်ရမည်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် လျူရှင်းမေမှာ အလွန်အမင်း ဝမ်းသာသွားသည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း အိမ်တွင် သားအမိနှစ်ယောက်လုံး ဇီးသီးလက်ဖက်ရည် သောက်ချင်ကြောင်းကိုသာ အမြဲတမ်း ပါးစပ်ဖျားမှ မချဘဲ ပြောနေခဲ့ကြသည် မဟုတ်လော။
“အာ... ဟုတ်သားပဲ”
လျူရှင်းမေက သူမ၏နဖူးကို ရိုက်လိုက်မိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ်းကွဲညီမအတွက် အလုပ်ခေါ်သေးလား ဟွေ့ဟွေ့ထံ မေးကြည့်ပေးမည်ဟု ပြောထားခဲ့သော်လည်း သူမ လုံးဝမေ့သွားခဲ့သည်။
မိသားစုကို ဂရုစိုက်လိုသော သူမ၏ စိတ်ရင်းက ဤမေ့လျော့မှုအတွက် အနည်းငယ် အပြစ်မကင်းသလို ခံစားရစေလေ၏။
ထို့ကြောင့် ခင်ပွန်းဖြစ်သူကို ဝမ်းကွဲညီမ ဆူးဟွေ့ဟွေ့ထံ ဖုန်းဆက်မေးခိုင်းလိုက်သည်။
ဆူးဟွေ့ဟွေ့ ဖုန်းကိုင်လိုက်ချိန်တွင် လီရှီးရှီး ကလည်း အနီးအနားတွင် ရှိနေခဲ့သည်။ ဆူးဟွေ့ဟွေ့ ၏ ဆွေမျိုးတစ်ဦး အလုပ်လုပ်ချင်နေကြောင်း ကြားလိုက်ရသောအခါ လီရှီးရှီး ခဏမျှ စဉ်းစားလိုက်၏။
မကြာသေးမီက ဧည့်သည်များ တဖြည်းဖြည်း ပိုမိုများပြားလာရာ ဧည့်ကြိုကောင်တာတွင် ဝန်ထမ်းနှစ်ဦးတည်းဖြင့် အနည်းငယ်မလုံလောက်သလို ခံစားနေရသည်။
ထို့အပြင် သူတို့နှစ်ဦး အစားထိုးခွင့်ယူသည့်အခါတိုင်း သူမကိုယ်တိုင် ဝင်ရောက်တာဝန်ယူပေးနေရသည် မဟုတ်လော။ ယာတောအိမ်လေးကို စနစ်တကျနှင့် အောင်မြင်စွာ လည်ပတ်လိုသော ရည်မှန်းချက်အတွက် ဝန်ထမ်းအင်အားလုံလောက်ရန်မှာ မရှိမဖြစ်လိုအပ်ချက်ပင်။
ထို့ကြောင့် လီရှီးရှီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဟုတ်ကဲ့၊ အလုပ်ခေါ်နေပါတယ်၊ ကျွန်မတို့ဆီမှာ ဝန်ထမ်းမလောက်လို့ပါ၊ ဒါပေမဲ့ သူနဲ့ အရင်ဆုံး အင်တာဗျူးလုပ်ကြည့်ရပါဦးမယ်”
လျူရှင်းမေက ဤသတင်းကောင်းကို ဝမ်းကွဲညီမ ယန်ယွဲ့ယန်ထံ ချက်ချင်းအကြောင်းကြားလိုက်သည်။
သို့သော် ယန်ယွဲ့ယန်မှာမူ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝမရှိဖြစ်နေရှာသည်။ အလယ်တန်းကျောင်းသူ ဘဝကတည်းက ဖျားနာခဲ့ဖူးသဖြင့် ဟော်မုန်းဆေးများ အများအပြားသောက်ခဲ့ရပြီး ထိုဆေးများကြောင့် သူမ၏ခန္ဓာကိုယ်မှာ လေပူဖောင်းကြီးတစ်ခုသဖွယ် ဖောင်းပွလာခဲ့၏။
အဆီများက သူမ၏ မျက်နှာသွင်ပြင်ကို ဖုံးကွယ်သွားစေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ချေ။ သို့သော် သူမ၏နာမည်လေးက ‘ယွဲ့ယန်’ ဟူ၍ဖြစ်ကာ အလွန်လှပပြီး နာမည်ကြားရုံဖြင့် အလှဘုရင်မလေး တစ်ပါးဟုပင် ထင်မှတ်မှားစေနိုင်သည်။
အထက်တန်းကျောင်းသို့ ရောက်သောအခါ စပ်စုတတ်သောကောင်လေးများက ထိုနာမည်ပိုင်ရှင်ကောင်မလေးမှာ မည်သို့ရုပ်ရည်မျိုးရှိမည်ကို အမြဲတမ်းသိချင်ခဲ့ကြသည်။
သို့သော် သူမကို မြင်တွေ့လိုက်ရသူတိုင်းမှာ အကြီးအကျယ်စိတ်ပျက်သွားခဲ့ကြရ၏။ အချို့သော အကျင့်ဆိုးရှိသည့် ကောင်လေးများက သူမကို ‘ဒိုင်နိုဆော’ ဟုပင် နာမည်ပြောင်ပေးခဲ့ကြသေးသည်။
ဤအဖြစ်အပျက်က ယန်ယွဲ့ယန်ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ခန္ဓာကိုယ်က ဝဖြိုးနေသော်လည်း သူမတွင် အလွန်ထိခိုက်လွယ်ပြီး နူးညံ့သော နှလုံးသားလေးတစ်ခု ရှိနေသည် မဟုတ်လော။
ထိုနာမည်ပြောင်ကို သိသွားပြီးနောက် သူမ အလွန်အမင်းဒေါသထွက်ကာ ကျောင်းပင်ဆက်မတက်ချင်တော့အောင် ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် မိသားစုက သူမကို အလွန်ချစ်ခင်ကြပြီး အမြဲတမ်း အားပေးနှစ်သိမ့်ခဲ့ကြသည်။ သူမက ကျောင်းကို ဇွဲရှိရှိဆက်တက်ခဲ့ပြီး နောက်ဆုံးတွင် အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုသို့ ဝင်ခွင့်ရခဲ့၏။
သို့သော် ကောလိပ်မှဘွဲ့ရပြီးနောက် သူမ၏ရုပ်ရည်သွင်ပြင်နှင့် အရှက်အကြောက်ကြီးသော ကိုယ်ရည်ကိုယ်သွေးတို့ကြောင့် အချိန်အတော်ကြာသည်အထိ အလုပ်မရနိုင်ဘဲဖြစ်နေခဲ့သည်။
အကြိမ်ကြိမ်ငြင်းပယ်ခံရမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယန်ယွဲ့ယန်မှာ မိမိကိုယ်ကိုယ် အထင်သေးစိတ်များပင် ဝင်လာခဲ့ပြီး အပြင်ထွက်အလုပ်မလုပ်တော့ဘဲ အိမ်မှာပဲနေချင်စိတ်များ ပေါက်လာခဲ့သည်။
သို့သော် တစ်နေ့တခြား အိုမင်းရင့်ရော်လာသော မိဘများ၏မျက်နှာကိုမြင်ရသောအခါ ဤအတိုင်းဆက်သွားနေ၍ မဖြစ်တော့ကြောင်း သူမခံစားလာရ၏။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ မိဘများကို ပြန်လည်လုပ်ကျွေးလိုသည့် သူမ၏ရည်မှန်းချက်လေးက မီးခဲပြာဖုံးသကဲ့သို့ ရှိနေဆဲပင်။ ဤသို့ လွန်ဆွဲနေစဉ်မှာပင် ဝမ်းကွဲအစ်မဖြစ်သူက စမ်းသပ်ကြည့်နိုင်မည့် အလုပ်တစ်ခုအကြောင်း လာပြောပြခြင်းဖြစ်သည်။
ယန်ယွဲ့ယန်မှာမူ အလွန်အမင်းတွေဝေနေဆဲပင်။ ထိုနေ့က ဖုန်းထဲတွင် သူမကဝမ်းကွဲအစ်မကို ငြင်းဆန်ခဲ့သည်။
“အစ်မ ရှင်းမေ၊ ညီမတော့ လုပ်နိုင်မယ်မထင်ဘူး၊ သူတို့က ဧည့်ကြိုရာထူးခေါ်တာဆိုတော့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေရှိမှာသေချာတယ်၊ ညီမက ရုပ်လည်းမလှဘူး၊ ဝလည်းဝနေတာဆိုတော့ သူတို့ သေချာပေါက်လက်ခံမှာမဟုတ်ဘူး”
မိမိကိုယ်ကိုယ် အထင်သေးနေသော ဝမ်းကွဲညီမ၏စကားများကို နားထောင်ရသော်လည်း လျူရှင်းမေက လုံးဝ လက်မလျှော့ခဲ့ချေ။ အားပေးစကား ဆိုလိုက်၏။
“ရှောင်ယွင်၊ အစ်မက နင့်အတွက် သေချာမေးပေးပြီးပြီ၊ သူတို့ဆီမှာ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဘာသတ်မှတ်ချက်မှမရှိဘူးတဲ့၊ အခြေခံကွန်ပျူတာသုံးတတ်ပြီး တရုတ်စကားကို ရှင်းရှင်းလင်းလင်းပြောတတ်ရင်ရပြီတဲ့၊ အဓိကက စိတ်နေသဘောထားပဲ၊ သူတို့သူဌေးက အရမ်းသဘောကောင်းတယ်လို့ ဟွေ့ဟွေ့ပြောတာ အစ်မကြားတယ်၊ တစ်ခါလောက်သွားစမ်းကြည့်တာ ဘာမှမနစ်နာပါဘူး၊ မစမ်းကြည့်ဘဲနဲ့ မရဘူးဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ”
“ဒါပေမဲ့ ညီမက... “
ယန်ယွဲ့ယန်မှာ တွန့်ဆုတ်နေဆဲပင်။
“ကဲပါ... တနင်္ဂနွေနေ့မနက်ကျရင် နင့်ယောက်ဖနဲ့ အစ်မ လာကြိုမယ်၊ အဲဒီနေ့ကျရင် ငါတို့လည်း လီရှန်းယာတောအိမ်ကို သွားမှာဆိုတော့ အတူတူသွားကြတာပေါ့”
လျူရှင်းမေက ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ပေးလိုက်သည်။
…….
လျူရှင်းမေသည် ယန်ယွဲ့ယန်ကို မြင်မြင်ချင်းပင် ဝမ်းကွဲညီမ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိုသဖြင့် အနည်းငယ် ချဲ့ကားပြောလိုက်သည်။
“ရှောင်ယွင်၊ နင် တော်တော်လေးပိန်သွားတယ်လို့ အစ်မထင်တယ်”
ဝမ်းကွဲအစ်မ၏စကားကို ကြားသောအခါ ယန်ယွဲ့ယန်က မနေနိုင်ဘဲ ဖွင့်ဟပြောဆိုလိုက်၏။
“ညီမ ဝီချက်က ကိုယ်စားလှယ်တစ်ယောက်ဆီကနေ ဝိတ်ကျဆေးနည်းနည်း ဝယ်သောက်ထားတယ်လေ၊ အဲဒါသောက်ပြီးကတည်းက ဝမ်းတွေဆက်တိုက်သွားနေတာ၊ ကိုယ်စားလှယ်ကိုမေးကြည့်တော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနေတာလို့ပြောတယ်၊ ကြည့်ရတာ တကယ်ပဲထင်တယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လျူရှင်းမေမှာ ခုနက ဝမ်းကွဲညီမပိန်သွားသည်ဟု ပြောလိုက်မိသည်ကိုပင် အနည်းငယ် နောင်တရသွားမိသည်။
ဤဝိတ်ကျဆေးများက လုံးဝ ယုံကြည်စိတ်ချရပုံမရချေ။ ထို့ကြောင့် ယန်ယွဲ့ယန်ကို လေးနက်စွာ သတိပေးလိုက်သည်။
“ရှောင်ယွင်၊ ဝိတ်ကျဆေးတွေကို ဖြစ်သလိုလျှောက်မသောက်နဲ့နော်၊ အခြေအနေဆိုးရင် အသက်အန္တရာယ်တောင်ရှိနိုင်တယ်၊ အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ဆွေမျိုးထဲက ကလေးတစ်ယောက်ဆိုရင် ဝိတ်ကျဆေးတွေသောက်ပြီး အစာအိမ်ကင်ဆာဖြစ်သွားတာ၊ နောက်တော့ ဆုံးသွားရှာတယ်၊ အဲဒီကောင်မလေးက အသက် ၂၉ နှစ်ပဲ ရှိသေးတာ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိတ်ကျဆေးသောက်မိလို့ အသက်ဆုံးရှုံးသွားရတာ၊ နင် လုံးဝထပ်မသောက်နဲ့တော့နော်”
ယန်ယွဲ့ယန်မှာ ချက်ချင်းပင် လန့်ဖျပ်သွား၏။ သူမက ဝမ်းကွဲအစ်မကို စိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။
“တကယ်လား၊ အဲဒီလောက်တောင်ဆိုးရွားတာလား၊ ဒီဝိတ်ကျဆေးတွေကို နာမည်ကြီးမင်းသမီးတစ်ယောက်ကတောင် ကြော်ငြာပေးထားတာဆိုတော့ တရားဝင်ဟုတ်လောက်ပါတယ်နော်”
“အစ်မစကားကို နားထောင်စမ်းပါ၊ ဆက်မသောက်နဲ့တော့၊ တကယ်ဝိတ်ချချင်ရင် ပါးစပ်ကိုပိတ်ထားပြီး လေ့ကျင့်ခန်းပိုလုပ်”
ယန်ယွဲ့ယန် က မျက်နှာငယ်လေးဖြင့်ဖြေရှာ၏။
“အရသာရှိတဲ့အစားအစာတွေက အများကြီးပဲဟာ၊ မစားဘဲနေဖို့က ညီမအတွက် တကယ်ကိုခက်ခဲလွန်းတယ်၊ ညီမ လေ့ကျင့်ခန်းပိုလုပ်ကြည့်ပါ့မယ်၊ ပြီးတော့ ဝိတ်ကျဆေးတွေလည်း ထပ်မဝယ်တော့ပါဘူး”
ယန်ယွဲ့ယန်က သူမထံတွင် မသောက်ရသေးသော ဝိတ်ကျဆေးသုံးဘူး ကျန်နေသေးကြောင်း စိတ်ထဲမှတွေးလိုက်မိသည်။ ဤဆေးများက အလွန်ဈေးကြီးပြီး ကျောင်းတက်စဉ်က စုဆောင်းထားသမျှ မုန့်ဖိုးများ အားလုံးနီးပါး ကုန်သွားခဲ့သည်မဟုတ်လော။
ထိုအတိုင်းလွှင့်ပစ်လိုက်ရန်မှာလည်း နှမြောစရာကောင်းလှသည်။ ‘အလွန်ဆုံးရှိလှ ၀မ်းပျက်၀မ်းလျောပေါ့၊ ဖြည်းဖြည်းချင်းပဲ သောက်လိုက်တော့မယ်၊ ဘာမှမဖြစ်လောက်ပါဘူးလေ' ဟုသာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
လီရှန်းယာတောအိမ်သို့ ရောက်ရှိလာသောအခါ လီရှီးရှီးသည် သူမရှေ့ရှိ မိန်းကလေးကို မြင်တွေ့လိုက်ရပြီး မေးခွန်းအနည်းငယ်မေးကြည့်ပြီးနောက် ပြဿနာမရှိနိုင်ဟု ယူဆလိုက်သည်။
ကောင်မလေးက အနည်းငယ် ရှက်တတ်လွန်းသည်မှလွဲ၍ ကျန်သည်များမှာ အဆင်ပြေသည်။ အရောင်းမြှင့်တင်ရေး လုပ်စရာမလိုဘဲ ငွေရှင်းခြင်းနှင့် အခန်းကတ်ပေးခြင်းလောက်သာ လုပ်ရမည်ဖြစ်ရာ ကြီးမားသောပြဿနာမဟုတ်ပေ။
ကောင်မလေး၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍မူ လီရှီးရှီးက သိပ်ပြီးဂရုမစိုက်လှချေ။ ကောင်မလေးက အနည်းငယ်ဝဖြိုးနေသော်လည်း ယုန်ဖြူလေးတစ်ကောင်လို ဖြူစင်ရိုးသားသောနှလုံးသားလေး ရှိနေပြီး ဧည့်သည်များကို ခြောက်လှန့်နေမည့်ပုံစံမျိုး လုံးဝမဟုတ်ဟု ခံစားနေရသညါ
ထို့ကြောင့် လီရှီးရှီးက သဘောတူကြောင်း ခေါင်းညိတ်ပြကာ အင်တာဗျူးအောင်မြင်ကြောင်း ပြောလိုက်သည်။
သို့သော် ယခုအခါ ဝန်ထမ်းအဆောင်များအားလုံး ပြည့်နေပြီဖြစ်ရာ လောလောဆယ် ဆူးဟွေ့ဟွေ့၏ အခန်းထဲတွင် ကုတင်တစ်လုံးထပ်ထည့်ပေးရန်သာ တတ်နိုင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဝန်ထမ်းအဆောင်များမှာ အတော်လေးကျယ်ဝန်းလှရာ တစ်ယောက်အိပ်ကုတင်တစ်လုံး ထပ်ထည့်လိုက်လျှင်တောင် ကြပ်တည်းသွားမည် မဟုတ်ပေ။
ယန်ယွဲ့ယန်မှာ အင်တာဗျူး ဤမျှလောက်အလွယ်တကူ အောင်မြင်သွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။ သို့သော် သူမက အဝတ်အစားနှင့် နေ့စဉ်သုံးပစ္စည်းများ ဘာမျှ ယူမလာခဲ့ပေ။ ထို့ကြောင့် လီရှီးရှီးက သူမအား သုံးရက်ကြာမှအလုပ်လာဆင်းရန် ပြောလိုက်သည်။
ထိုအချိန်ဆိုလျှင် လီရှီးရှီး အွန်လိုင်းမှမှာယူထားသော ကုတင်အသစ်လည်း သုံးရက်အတွင်း ရောက်ရှိလာပေမည်။
သို့သော် လျူရှင်းမေတို့မိသားစုမှာ ယနေ့ညအတွက် အခန်းတစ်ခန်းသာ ဘိုကင်လုပ်ထားခဲ့သဖြင့် ယန်ယွဲ့ယန်အတွက် နေစရာမလောက်ငတော့ချေ။
ကံကောင်းထောက်မစွာဖြင့် ဆူးဟွေ့ဟွေ့က သူမနှင့် တစ်ညအတူအိပ်ရန် ခွင့်ပြုပေးခဲ့ရာ အိပ်စရာနေရာမရှိသည့်အဖြစ်မှ လွတ်ကင်းသွားခဲ့သည်။
ယန်ယွဲ့ယန်မှာ ထိုညက ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။ အလုပ်ရှာဖွေခဲ့သမျှ ကာလတစ်လျှောက်လုံး သူမ၏ခန္ဓာကိုယ်အရွယ်အစားနှင့် ပတ်သက်၍ မည်သည့်မေးခွန်းမျှမမေးဘဲ၊ အထင်သေးသည့်အကြည့်မျိုးဖြင့် လုံးဝမကြည့်သော အလုပ်ရှင်မျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
အနာဂတ် သူဌေးမလေးအပေါ်တွင်လည်း အလွန်ကောင်းမွန်သော အထင်အမြင်များရှိသွားသည်။
ဧည့်သည်များစွာကို မျက်နှာချင်းဆိုင်ရင်ဆိုင်ရမည့် ဧည့်ကြိုဝန်ထမ်းကဲ့သို့သောအလုပ်မျိုးကို သူမရလိမ့်မည်ဟု တစ်ခါမျှမတွေးဖူးခဲ့ချေ။ ယခုတော့ ဤအလုပ်ကို အမှန်တကယ်ရရှိသွားချေပြီ။ သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တောင်ပေါ်တွင်ဖြစ်နေသော်လည်း သူမအတွက် အလုပ်တစ်ခုရရှိသွားခြင်းကပင် အလွန်ကံကောင်းနေပြီဟု ခံစားရသည်။
နောက်တစ်နေ့တွင် ဝမ်းကွဲအစ်မမိသားစုနှင့်အတူ အိမ်ပြန်ရောက်သောအခါ မိဘများကို အလုပ်ရသွားပြီဖြစ်ကြောင်း ပြောပြလိုက်သည်။
ဤသတင်းက မိဘများကို အလွန်အမင်းဝမ်းသာပျော်ရွှင်သွားစေသည်။ ယခင်က သမီးဖြစ်သူအလုပ်သွားရှာတိုင်း အမြဲတမ်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာတတ်သော်လည်း ယခုတော့ နောက်ဆုံးတွင် စိတ်အေးရပြီဖြစ်၏။
အလုပ်စဝင်သည်နှင့် လူမှုဖူလုံရေးအာမခံငါးမျိုးနှင့် အိမ်ရာရန်ပုံငွေပါ ရရှိမည်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ယန်ယွဲ့ယန်၏မိဘများမှာ ပို၍ပင်ဝမ်းသာသွားကြသည်။ ရင်ထဲမှအလုံးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ကြရ၏။
ယန်ယွဲ့ယန် အလုပ်စဝင်ရမည့်နေ့ရောက်သောအခါ ဖခင်ဖြစ်သူက အလုပ်မှ သီးသန့်ခွင့်ယူကာ သမီးဖြစ်သူကို ကားဖြင့်လိုက်ပို့ပေးခဲ့သည်။ ယန်ယွဲ့ယန်တွင် ကိုယ်ပိုင်ကားမရှိသဖြင့် လျူရှင်းမေက ဝမ်းကွဲညီမဆူးဟွေ့ဟွေ့ထံ အကူအညီတောင်းကာ အဆင်ပြေပါက ယန်ယွဲ့ယန်ကို ကားကြုံလိုက်စီးခွင့်ပြုရန် ပြောပေးခဲ့၏။
သူတို့ မိသားစု နှစ်စုမှာ သိပ်မဝေးလှဘဲ ယန်ယွဲ့ယန်အနေဖြင့် ဆူးဟွေ့ဟွေ့၏အိမ်မှ စက်ဘီးငှားစီးပါက ဆယ်မိနစ်ခန့်ဖြင့် အိမ်ပြန်ရောက်နိုင်သည် မဟုတ်လော။
52
နှစ်လဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။ ဖြန့်ချိကြော်ငြာမှုများနှင့် အချိန်ယူပျိုးထောင်မှုများအပြီးတွင်တော့ သူတို့၏ သီးသန့်ဇီးသီးလက်ဖက်ရည်လေးသည် လီရှန်းယာတောအိမ်၏ အထင်ကရ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ချေပြီ။
လီရှီးရှီးသည် အလယ်အလတ်အဆင့်ယာတောအိမ်ကို လော့ခ်ဖွင့်ပြီးနောက် မည်သို့သော အံ့မခန်းအပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သိချင်ဇောဖြင့် ရင်ခုန်နေမိသည်။
မိမိ၏ ယာတောအိမ်လေးကို ပြီးပြည့်စုံသော အဆင့်မြင့်အပန်းဖြေစခန်းလေးအဖြစ် မြင်တွေ့ချင်သော သူမ၏ ရည်မှန်းချက်များက ပိုမိုကြီးမားလာလေ၏။
သို့သော် ထိုမစ်ရှင်သုံးခုကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက်တွင် သူမကိုစောင့်ကြိုနေသော နောက်ထပ်တွင်းနက်ကြီးတစ်ခု ရှိနေသေးသည်။ ကုန်တိုက်အတွင်းရှိ အလယ်အလတ်အဆင့် အဆောက်အအုံများ လော့ခ်ပွင့်သွားပြီး ဒီဇိုင်းပုံစံမျိုးစုံ ပါဝင်လာ၏။
ဥပမာအားဖြင့် ဤအလယ်အလတ်အဆင့် တရုတ်ရိုးရာခြံဝင်းဆိုလျှင် လက်ရှိ အခြေခံအုတ်ကြွပ်ခြံဝင်းထက် အဆပေါင်းများစွာ ပိုမိုသေသပ်လှပပြီး လုပ်ဆောင်ချက်များလည်း ပိုမိုစုံလင်လှသည်။
ဧည့်သည်များကိုလည်း အဆပေါင်းများစွာ ပိုမိုလက်ခံနိုင်စွမ်းရှိလာသော်ငြ ဈေးနှုန်းကတော့ မိုးထိအောင်မြင့်တက်သွားခဲ့၏။
လီရှီးရှီးက မယုံကြည်နိုင်စွာဖြင့် ဂဏန်းများ၏နောက်ကွယ်ရှိ သုညအရေအတွက်ကို ရေတွက်ကြည့်လိုက်သည်။ ဤခြံဝင်းကြီးကို ဆောက်လုပ်ရန် ဂဏန်းရှစ်လုံး (ယွမ် သန်းဆယ်ဂဏန်း) အထိ ကုန်ကျမည်ဖြစ်၏။ သူမက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ညည်းတွားလိုက်သည်။
“ဆင်းရဲလိုက်တာ၊ အိမ်ဆောက်ဖို့ ပိုက်ဆံမတတ်နိုင်သေးပါလား”
သူမ၏စုဆောင်းငွေများကို တွက်ချက်ကြည့်လိုက်သည်။ ပြီးခဲ့သည့်ခြောက်လအတွင်း ဤအက်ပ်ကိုအားကိုးကာ သူမ၏ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့၏။
ပတ်ဝန်းကျင်ရှိ လူများနှင့်ယှဉ်လျှင် သူမ၏ဝင်ငွေမှာ အလွန်အမင်းများပြားနေပြီ ဖြစ်သော်လည်း မကြာသေးမီကမှ ဂဏန်းခုနစ်လုံး (ယွမ် သန်းဂဏန်း) အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဂဏန်းရှစ်လုံးအဆင့်နှင့်ဆိုလျှင် ကွာဟချက် အတော်လေးရှိနေသေးသည်။
“တကယ်ပါပဲ၊ ကျေးဇူးတင်လွန်းလို့ပါ၊ ငါ အောင်မြင်မှုလေး နည်းနည်းရနေပြီလို့ တွေးနေတုန်း အရှိတရားက ငါ့ကို ချက်ချင်းလက်ဖျားခါသွားအောင် လုပ်လိုက်တာပဲ၊ မဖြစ်ဘူး၊ ပိုက်ဆံပိုရအောင် ကြိုးစားရဦးမယ်”
လီရှီးရှီးက သူမကိုယ်သူမ ခွန်အားပေးစကားများဖြင့် ချက်ချင်း ပြန်လည်အားဖြည့်လိုက်ရာ တိုက်ပွဲဝင်လိုစိတ်များ ချက်ချင်း ပြန်လည် နိုးကြားလာတော့သည်။
တရုတ်ရိုးရာခြံဝင်းကြီးကို လောလောဆယ် မဆောက်နိုင်သေးသော်လည်း သူမ အချိန်အတော်ကြာသွားရည်ကျနေခဲ့ရသော ရေပူစမ်းလေးကတော့ လက်လှမ်းမီနိုင်သေး၏။
ဈေးနှုန်းကွာဟချက်ကြောင့်လားတော့ မသိ၊ လီရှီးရှီးသည် ရေပူစမ်းတည်ဆောက်ရန်အတွက် ငွေကုန်ကြေးကျခံရန် အလွန်အမင်း စိတ်အားထက်သန်နေသည်။
သူမက ရေပူစမ်း ရေချိုးခန်းငယ်နှစ်ခုကို ချက်ချင်း ရွေးချယ်လိုက်သည်။ ရာသီဥတုက တဖြည်းဖြည်း အေးမြလာပြီး ဆောင်းရာသီကို မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ ဤအချိန်တွင် ရေပူစမ်းစိမ်ရခြင်းက တကယ့်ကို အံ့မခန်းကောင်းမွန်လှမည်မဟုတ်လော။
သို့သော် ဤရွေးချယ်မှုနှင့်ပတ်သက်၍ လက်ရှိစာရင်းကိုင်ကို သူမ အသိမပေးရသေးချေ။ နောက်တစ်နေ့နံနက် စာရင်းကိုင် အလုပ်လာဆင်းချိန်တွင်မှ ဘဏ်အကောင့်ထဲမှ ငွေပမာဏအမြောက်အမြား ပျောက်ဆုံးနေကြောင်း သူ တွေ့ရှိသွားတော့သည်။
သူဌေးမလေး လီရှီးရှီးက ငွေအမြောက်အမြားအား တစ်ခါတည်းလွှဲပြောင်းထားသည်ကို မြင်သောအခါ စာရင်းကိုင်က လီရှီးရှီးထံ အပြေးအလွှားသွားရောက်ကာ မေးမြန်းတော့သည်။
“သူဌေးမလေး... ဒီ XX ဆောက်လုပ်ရေးကုမ္ပဏီကို ပိုက်ဆံတွေအများကြီး လွှဲထားတာတွေ့လို့ပါ၊ အရင်က ပေးဖို့ကျန်နေတဲ့ အကြွေးတွေများရှိနေလို့လား”
လီရှီးရှီးက ခေါင်းခါပြလိုက်ပြီး ပြန်ဖြေ၏။
“မဟုတ်ပါဘူး၊ အကြွေးမရှိပါဘူး၊ ချောင်းလေးနားက ငါတို့ခြံဝင်းဘေးမှာ အိမ်နှစ်လုံးထပ်ဆောက်ချင်လို့ပါ၊ ဟိုဘက်ကလူတွေနဲ့လည်း အစီအစဉ်ကို အတည်ပြုပြီးသွားပြီဆိုတော့ ပိုက်ဆံလွှဲလိုက်တာလေ”
“ဒါက စရန်ငွေလား၊ စရန်ငွေကလည်း အရမ်းများလွန်းတယ်၊ အကောင့်ထဲကပိုက်ဆံတွေ အကုန်လုံးနီးပါးပြောင်သွားပြီ၊ နောက်ပိုင်း လုပ်ငန်းစဉ်တွေအတွက် ဘယ်လိုလုပ်မလဲ၊ သူဌေးမလေးက ရင်းနှီးမြှုပ်နှံမှုထပ်တိုးမလို့လား”
လီရှီးရှီးက ခေါင်းကုတ်ရင်း အနည်းငယ်အားနာဟန်ဖြင့် ဖြေလိုက်သည်။
“အာ... မဟုတ်ဘူး၊ ငါက တိုက်ရိုက် ငွေအပြည့်ရှင်းလိုက်တာ၊ ပိုက်ဆံ ထပ်ထည့်စရာမလိုတော့ဘူးလေ”
ထိုစကားကိုကြားသောအခါ စာရင်းကိုင်၏မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သည့်အမူအရာများ ပေါ်လာလေ၏။
“ဒါဆို အိမ်က ဆောက်တောင်မဆောက်ရသေးဘူးပေါ့၊ အပြင်မှာ အလုပ်သမားတွေအများကြီးရောက်နေတာကို ကျွန်တော် ခုနက မြင်လိုက်ပေမယ့် အုတ်မြစ်တောင်မချရသေးဘဲ ပိုက်ဆံအပြည့်ပေးလိုက်ပြီ ဟုတ်လား၊ သူဌေးမလေးက... ရူးနေတာလား”
စာရင်းကိုင်က သူဌေးဖြစ်သူကို ‘ရူးနေတာလား’ ဟု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးစကားလုံး နှစ်လုံးကို သူ့ဘာသာသာကြားနိုင်ရုံမျှသာ တီးတိုးရေရွတ်လိုက်ရသည်။
ဤကိစ္စက ယုတ္တိမရှိလှသော်လည်း လီရှီးရှီးတွင်ရွေးချယ်စရာမရှိခဲ့ချေ။ ‘တကယ်ဆို ငါလေးလည်း အိမ်အရင်ဆောက်ပြီးမှ ပိုက်ဆံပေးချင်တာပေါ့၊ ဒါပေမဲ့ ယာတောအိမ်အက်ပ်က ငါလေးကို အခွင့်အရေးလုံးဝမပေးခဲ့ဘူးလေ’
ထို့ကြောင့် မတတ်သာသည့်အဆုံး သူမက အတင်း ဖုံးဖိပြောလိုက်ရသည်။
“ဟုတ်တယ်၊ ဒီကုမ္ပဏီသူဌေးနဲ့ ငါက အရမ်းရင်းနှီးတာ၊ စိတ်မပူပါနဲ့၊ သူ ငါ့ကို လုံးဝမလိမ်ပါဘူး”
စာရင်းကိုင်က ကလေးဆန်ဆန်ဖြူစင်လွန်းသည့် လီရှီးရှီး၏မျက်နှာလေးကိုကြည့်ကာ စိတ်ထဲမှခေါင်းခါရင်း အတင်းပြုံးပြလိုက်၏။
“သူဌေးမလေးက အရမ်းငယ်လွန်းသေးတယ်၊ စီးပွားရေးလောကမှာ ပစ္စည်းမရသေးဘဲ ပိုက်ဆံအကုန်ကြိုပေးရတယ်လို့ ဘယ်မှာရှိလို့လဲ”
သူ၏ လက်ရှိဘဝလေးက အတော်လေးကောင်းမွန်နေသည်ဟု သူ ခံစားနေရသည်။ အလုပ်လုပ်ရသောနေရာက ရှုခင်းလှပပြီး လေထုလတ်ဆတ်ကာ အချိန်ပိုဆင်းစရာ၊ ညဉ့်နက်သည်အထိ အလုပ်လုပ်စရာ လုံးဝမလိုချေ။
အိပ်စက်ခြင်း အရည်အသွေးကလည်း သိသိသာသာ တိုးတက်လာပြီး လအနည်းငယ်ကြာ နေထိုင်ပြီးနောက် မျက်နှာအသားအရေကလည်း အများကြီး ပိုမိုကောင်းမွန်လာခဲ့သည်။ ကျန်းမာရေးနှင့် ညီညွတ်သော ဘဝတစ်ခုကို ပိုင်ဆိုင်လိုသည့် သူ၏ရည်မှန်းချက်လေးက ဤနေရာတွင် ပြည့်ဝနေလေပြီ။
ထို့အပြင် အချိန်ပိုင်းအလုပ်အချို့လည်း ရှိနေသဖြင့် စုစုပေါင်းဝင်ငွေမှာ သူ၏မူလလစာနှင့် သိပ်မကွာခြားလှချေ။ ဤနေရာတွင် စားစရိတ်၊ နေစရိတ် အခမဲ့ဖြစ်ပြီး ပိုက်ဆံသုံးစရာနေရာလည်း သိပ်မရှိသဖြင့် လစဉ်စုမိသော ငွေပမာဏမှာ မြို့ကြီးပြကြီးတွင် အလုပ်လုပ်စဉ်က စုမိသောပမာဏနှင့် အတူတူပင် ဖြစ်ကာဘာသောကမှ မရှိဘဲ အလွန် ပျော်ရွှင်နေရသည်။
သူဌေးမလေး ရုတ်တရက်ကြီး စိတ်ကယောင်ချောက်ခြား ဖြစ်မသွားပါစေနဲ့ဟုသာ သူ မျှော်လင့်နေမိ၏။
အကယ်၍ ဤယာတောအိမ်လေးသည ဆက်လက်မရပ်တည်နိုင်တော့ပါက ဤမျှလောက် သက်သောင့်သက်သာရှိသော နေရာမျိုးကို သူ ဘယ်သွားရှာရမည်နည်း။
သို့သော် ယခုအခါ သူဌေးမလေးက တစ်ဖက်လူကို ပိုက်ဆံပေးပြီးသွားပြီဖြစ်ရာ သူ ဘာဆက်ပြောပြော အသုံးဝင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် အတင်းပြုံးကာ ပြောလိုက်ရ၏။
“အဲဒီလိုပဲ မျှော်လင့်ပါတယ်ဗျာ”
လီရှီးရှီးက ဤအခြေအနေကိုမြင်သော်လည်း ဘာမှထပ်မပြောတော့ချေ။ ရေပူစမ်းရေချိုးခန်းနှစ်ခု ဆောက်ပြီးသွားလျှင် သူ အားလုံးသိသွားလိမ့်မည်မဟုတ်လော။
“ဒါနဲ့ သူဌေးမလေး၊ ဘာလို့ အိမ်တွေထပ်ဆောက်နေရတာလဲ၊ ဘာအတွက်သုံးမလို့လဲ၊ အရင်ကလည်းမပြောဖူးဘူးနော်၊ အခု အလုပ်သမားတွေတောင် စလုပ်နေကြပြီ” စာရင်းကိုင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လီရှီးရှီး အနည်းငယ်ထစ်ငေါ့သွားသည်။ ရေပူစမ်းအိမ်ဆောက်နေတာပါဟု တိုက်ရိုက်ပြောလိုက်လျှင် ရေပူစမ်းက ဘယ်ကထွက်လာမှာလဲဟု မေးခွန်းထုတ်စရာဖြစ်လာပေမည်။ ဤတောင်ပေါ်တွင် ရေပူစမ်းရှိသည်ဟု ယခင်က တစ်ခါမျှမကြားဖူးခဲ့ချေ။
‘ဟင်... ရေပူစမ်းရှာတွေ့နိုင်တယ် ဟုတ်သား၊ ရပြီလေ'
လီရှီးရှီးက အမြန်စဉ်းစားလိုက်ပြီး လိမ်ညာဖြေဆိုလိုက်သည်။
“ဒီလိုလေ၊ အရင်က လူတစ်ယောက်ကို မြေအောက်စစ်ဆေးခိုင်းဖူးတယ်၊ သူတို့ကဒီမြေအောက်မှာ ရေပူစမ်းရှိဖို့ ရာခိုင်နှုန်းတော်တော်များတယ်လို့ပြောတယ်၊ ငါလည်း ပိုက်ဆံအလုံအလောက်စုမိဖို့ မနည်းကြိုးစားခဲ့ရတာ၊ အခုတော့ လုပ်မယ့်လူရှာတွေ့သွားပြီလေ”
“ရေပူစမ်း ဟုတ်လား၊ သူဌေးမလေး... တကယ်ပြောနေတာလား”
စာရင်းကိုင်မှာ အလွန်အမင်းအံ့သြသွားပြီး ပြုံးရွှင်စွာဖြင့်ဆက်ပြောလိုက်၏။
“ဒါက အရမ်းမိုက်တဲ့ အားသာချက်ပဲ၊ ဧည့်သည်တွေ ပိုပြီးလာကြမှာသေချာတယ်၊ တကယ်ကို ကောင်းတဲ့ကိစ္စပါပဲ၊ ဒါနဲ့ သူဌေးမလေး၊ စစ်ဆေးဖို့ ဘယ်သူ့ကိုခေါ်ခဲ့တာလဲ၊ ယုံကြည်ရရဲ့လား”
“သေချာပေါက်ယုံကြည်ရတာပေါ့၊ ငါပြောမယ်၊ သဘာဝပတ်ဝန်းကျင်ကောင်းပြီး ရေအရည်အသွေးကောင်းမွန်သရွေ့ သတ်မှတ်ထားတဲ့အနက်တစ်ခုထိ တူးလိုက်ရင် ရေပူစမ်းတွေ့နိုင်ခြေရှိတယ်လေ၊ ငါ့ကိုယုံစမ်းပါ၊ ကြည့်လေ... နာမည်ကြီးရှုခင်းသာ နေရာတွေနားမှာ ဒါမှမဟုတ် အဲဒီအထဲမှာ ရေပူစမ်းဟိုတယ်တွေ အများကြီးရှိတယ်မဟုတ်လား”
“ဒါကြောင့် ပတ်ဝန်းကျင်ကောင်းတဲ့နေရာတွေက ယေဘုယျအားဖြင့် ရေအရည်အသွေးလည်းကောင်းကြတယ်၊ အဲဒါကြောင့်ပဲ ရေပူစမ်းတော်တော်များများက ရေကန်တွေ၊ ပင်လယ်တွေ၊ မြစ်ချောင်းတွေအနီးအနားမှာ ရှိနေတတ်တာ၊ ငါတို့ ဒီကပတ်ဝန်းကျင်ကလည်း ကောင်းတယ်လို့မထင်ဘူးလား၊ တခြားနေရာတွေထက် လုံးဝမညံ့ဘူးလို့ ငါထင်တယ်”
စာရင်းကိုင်က ခေါင်းညိတ်ကာထောက်ခံလေသည်။
“ကျွန်တော်လည်း ဒီကပတ်ဝန်းကျင်က တကယ်ကောင်းတယ်လို့ ထင်ပါတယ်၊ လေထုကလည်း လတ်ဆတ်ပြီး မြို့ပေါ်ကလေထုနဲ့ လုံးဝကိုကွာခြားတယ်”
“အဲဒါပေါ့၊ ငါတို့ဆီမှာလည်း ချောင်းရှိတယ်မဟုတ်လား၊ အလုပ်သမားတွေကို ချောင်းဘေးနားမှာတူးဖို့ ပြောထားတယ်၊ သေချာပေါက် မှန်ကန်တဲ့နေရာပဲ”
စာရင်းကိုင်မှာ အတော်လေးဉာဏ်ကောင်းသူဖြစ်သော်လည်း ဘူမိဗေဒပညာရှင်တစ်ဦးမဟုတ်သဖြင့် သူဌေးပြောသမျှကို သဘာဝကျကျပင ယုံကြည်လိုက်၏။
သို့သော် သူ၏ တစ်ခုတည်းသောစိုးရိမ်မှုမှာ ရေပူစမ်းတူး၍ပင်မရသေးမီ တစ်ဖက်လူကို ပိုက်ဆံအကုန်ကြိုပေးလိုက်ခြင်းက တကယ်ပဲ ယုံကြည်စိတ်ချရပါ့မလားဆိုသည့် အချက်ပင်။
သေချာပေါက် သူက ဤအရာကို စိတ်ထဲမှသာ တီးတိုးရေရွတ်နေခြင်းဖြစ်သည်။ သူဌေးမလေးက တစ်ဖက်လူကို အလွန်အမင်းယုံကြည်နေပြီး သူမ၏ အလွန်ရင်းနှီးသောသူငယ်ချင်းဖြစ်သည်ဟု ပြောနေသည်မဟုတ်လော။
ထို့ကြောင့် သူဌေးမလေးကို ဆက်လက်ဆူပူနေခြင်းက အကျိုးမရှိနိုင်တော့ရာ၊ တစ်ဖက်လူက တကယ်ပဲ ယုံကြည်ရသူဖြစ်ပါစေ၊ ငွေလိမ်လည်ထွက်ပြေးခြင်းမျိုး မလုပ်ပါစေနဲ့ဟုသာ စိတ်ထဲမှ တိတ်တဆိတ်ဆုတောင်းနေရတော့သည်။