အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
53
ဤအဖွဲ့က တကယ်ကို ယုံကြည်စိတ်ချရကြောင်း အချက်အလက်များက သက်သေပြနေသည်။ ရှောင်ချောင်းသည် အပြင်ဘက်ရှိ အလုပ်သမားများကို ကြည့်နေရင်း ချောင်းငယ်လေးမှာ တစ်နေ့တခြား ပြောင်းလဲလာသည်ကို သတိပြုမိလေ၏။
သူက ဘေးတွင်ရပ်နေသော ဆူးဟွေ့ဟွေ့ ကို မနေနိုင်ဘဲ လှမ်းပြောလိုက်သည်။
“ဒီအလုပ်သမားတွေက အလုပ်လုပ်တာ တကယ်ကိုမြန်တာပဲ၊ ကျွန်တော် သူတို့ကို စောင့်ကြည့်နေတာ အတော်ကြာပြီ၊ တစ်ယောက်မှ အချောင်ခိုတာမတွေ့ရဘူး”
ဆူးဟွေ့ဟွေ့ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။
“ဟုတ်တယ်၊ ပြီးတော့ သူတို့အဖွဲ့က စကားလည်း သိပ်မပြောကြဘူးလို့ သတိထားမိတယ်၊ ကြည့်လေ... ထမင်းစားတဲ့ အချိန်တောင်မှ တစ်ဝိုင်းတည်း အတူတူထိုင်ပြီး ဘယ်သူမှ စကားမပြောကြဘူး၊ စားပြီးတာနဲ့ အလုပ်ထဲ ချက်ချင်း ပြန်ဝင်သွားကြတာပဲ၊ သူတို့ရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်နေသဘောထားကလည်း အရမ်းကောင်းတယ်၊ သူဌေးမလေးက ဒီဆောက်လုပ်ရေးအဖွဲ့ကို ဘယ်ကနေများ ရှာတွေ့ခဲ့တာလဲမသိဘူး”
ဤအကြောင်းကို ပြောရလျှင် ရှောင်ချောင်းကလည်း ဝင်ထောက်လေ၏။
“ဟုတ်ပါ့ဗျာ၊ အရင်တစ်ခေါက်က ကျွန်တော် သူတို့ကိုသွားမေးကြည့်မလို့လေ၊ သူတို့က ဘာလို့ ဒီလောက်တောင် မမောမပန်းနိုင်ဘဲ အလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်နေကြတာလဲလို့၊ ဒါပေမဲ့ သူတို့က ကျွန်တော်နဲ့ စကားပြောရတာကို သိပ်မကြိုက်သလိုပဲ၊ အလုပ်ကိုပဲဆက်လုပ်နေကြတယ်”
……
ဆယ့်ငါးရက်အကြာတွင် ရေပူစမ်း ရေချိုးခန်းငယ်နှစ်ခု အပြီးသတ်တည်ဆောက်ပြီးစီးသွားသည်။ အမည်တွင် ‘ငယ်’ ဟု ပါသော်လည်း တကယ့် ဧရိယာအကျယ်အဝန်းမှာ လုံးဝမသေးငယ်လှချေ။ ရေချိုးခန်း တစ်ခုစီတွင် အဆုံးပိုင်းရှိ အိမ်သာများကို ဖယ်ထုတ်လိုက်ပါက သီးသန့်အခန်း ခြောက်ခန်းစီ ပါဝင်သည်။
အခန်းတစ်ခန်းစီ၏ အဝင်ဝတွင် အနားယူရန် နေရာငယ်လေးတစ်ခု ရှိပြီး ဘေးတွင် သီးသန့်အဝတ်လဲခန်းနှင့် ရေချိုးခန်းများပါရှိသည်။ ပိုမိုအတွင်းကျသော နေရာတွင်မူ ရေပူစမ်းကန်ရှိဧ။ါ။
ဤရေပူစမ်းကန်မှာ တစ်စိတ်တစ်ပိုင်း အမိုးပွင့်ပုံစံဖြစ်ပြီး လူခုနစ်ယောက် ရှစ်ယောက်ခန့် တစ်ပြိုင်နက်တည်း သက်သောင့်သက်သာ စိမ်ချိုးနိုင်လောက်အောင် ကျယ်ဝန်းသော စက်ဝိုင်းပုံစံကန်ကြီးဖြစ်၏။ အကယ်၍ နည်းနည်းတိုးဝှေ့ပြီး စိမ်မည်ဆိုပါက ထိုထက်ပင် ပိုမိုဆံ့နိုင်သေးသည်။
လီရှီးရှီးက ခါးကိုင်းကာ ရေပူစမ်းရေထဲသို့ လက်ကို ပေါ့ပေါ့ပါးပါးနှစ်ကြည့်လိုက်သည်။ ရေများက စီးဆင်းနေပြီး နွေးထွေးနေ၏။ အနီးအနားတွင် ကန့်ရနံ့သင်းသင်းလေး ရနေသော်လည်း အလွန်အမင်း စူးရှလွန်းခြင်း မရှိပေ။
ထို့အပြင် သူမကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည့်အချက်မှာ အခန်းတိုင်း၏နံရံပေါ်တွင် လက်မှတ်တစ်ခုစီ ချိတ်ဆွဲထားခြင်းဖြစ်သည်။ ဤသည်မှာ ရေပူစမ်း ရေအပူချိန်နှင့် အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ဖြစ်၏။
သူမက ဖုန်းကို ချက်ချင်းထုတ်ကာ အွန်လိုင်းတွင်ရှာဖွေကြည့်လိုက်ရာ တကယ်ပင် အစစ်အမှန်ဖြစ်နေသည်။ ‘ဒီအက်ပ်က တော်တော်လေး စေ့စပ်သေချာပါလား'
ယာတောအိမ် အက်ပ်က ပိုက်ဆံပဲ မက်တယ်ဆိုပြီး လွန်ခဲ့သည့် အချိန်တိုလေးကမှ ကျိန်ဆဲခဲ့သည်ကို လုံးဝမေ့လျော့သွားကာ ဤအက်ပ်က ထောင့်စေ့အောင် စဉ်းစားပေးထားကြောင်း လီရှီးရှီး စိတ်ထဲမှ ကြိတ်၍ချီးကျူးလိုက်မိ၏။
ဤရေပူစမ်းတွင် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေသော အစွမ်းထက်သည့် လုပ်ဆောင်ချက်များ ပါဝင်သဖြင့် လီရှီးရှီးက နာရီလိုက် ဈေးနှုန်းသတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ရေပူစမ်းကန် တစ်ကန်လျှင် တစ်နာရီ ယွမ် ၉၈၀။
ကန်တစ်ခုထဲတွင် လူအများအပြား အတူတူစိမ်မည်ဆိုပါက တကယ်တမ်းတွင် တွက်ခြေကိုက်ပေသည်။ သူငယ်ချင်းအနည်းငယ် စုပေါင်းပြီးမျှရှင်းလိုက်ပါက လုံးဝဈေးမကြီးတော့ပေ။
အစပိုင်းတွင် ဝန်ထမ်းအနည်းငယ်သာ ရေပူစမ်းတူးဖော်နေကြောင်း သိရှိခဲ့ကြသည်။ ရေပူစမ်းရေချိုးခန်းများ အပြီးသတ်တည်ဆောက်ပြီးမှသာ ဧည့်သည်များက သိရှိသွားကြခြင်းဖြစ်၏။
အချို့က ဝမ်းသာအားရဖြင့် မေးကြသည်။
“ဒီနေရာမှာ ရေပူစမ်းတွေရှိနေပြီဟေ့၊ ဒါ အရမ်းမိုက်တာပဲ၊ ဆောင်းတွင်းကျရင် ရေပူစမ်းစိမ်ဖို့ တခြားမြို့တွေကို သွားစရာမလိုတော့ဘူးပေါ့၊ သူဌေးမလေး... ဒါက ဈေးဘယ်လောက်လဲဟင်၊ အသစ်ဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ လျှော့ဈေးတွေဘာတွေ မရှိဘူးလား”
“သူဌေးမလေး၊ ဒါက တကယ့် ရေပူစမ်းအစစ်တွေရော ဟုတ်ရဲ့လား၊ ဒါမှမဟုတ် အများသုံးရေချိုးခန်းတွေလိုမျိုး ဘွိုင်လာအိုးနဲ့ ရေနွေးကြိုထားတာလာ၊” ဧည့်သည်တစ်ဦးက အားနာခြင်းလုံးဝမရှိဘဲ တိုက်ရိုက်ပင် မေးချလိုက်သည်။
လီရှီးရှီး၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။ ‘ဒီဧည့်သည်က တကယ်ကို ရိုင်းစိုင်းတာပဲ'
သို့သော် သူမက ချက်ချင်းပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။
“ကျွန်မတို့ရဲ့ ရေပူစမ်းကန်တွေက မနက်ဖြန်ကစပြီး ဖွင့်ပါမယ်၊ ပထမဆုံး သုံးရက်အတွက် ၂၀ ရာခိုင်နှုန်း လျှော့ဈေးရှိပါတယ်၊ ဒါတွေ အားလုံးက သီးသန့်အခန်းတွေဖြစ်ပြီး မိသားစုလိုက် ဒါမှမဟုတ် သူငယ်ချင်းတစ်စုအတွက် သင့်တော်ပါတယ်၊ သီးသန့်အခန်း တစ်ခန်းကို လူဆယ်ယောက်အထိ ဆံ့ပြီး မူလဈေးနှုန်းက တစ်နာရီကို ယွမ် ၉၈၀ ပါရှင့်”
“ဒီက ရေပူစမ်းတွေ အကုန်လုံးက မြေအောက်ကနေ ကျွန်မတို့ကိုယ်တိုင် တူးဖော်ထားတာဖြစ်ပြီး အမျိုးသားအဆင့် အသိအမှတ်ပြု အရည်အသွေးလက်မှတ်တွေလည်း အားလုံးရှိပါတယ်၊ အွန်လိုင်းမှာလည်း ဝင်စစ်ကြည့်လို့ရပါတယ်၊ အကုန်လုံးက အတည်ပြုလို့ရတဲ့အရာတွေချည်းပါပဲ”
ရေပူစမ်းစိမ်ရသည်ကို နှစ်သက်သူများက စတင်တွက်ချက်ကြည့်ကြတော့သည်။ အစပိုင်းတွင် ဈေးနှုန်းက အတော်လေးကြီးသည်ဟု ထင်ရသော်လည်း သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက် ခေါ်လာမည်ဆိုပါက လက်ခံနိုင်စရာ ရှိသည်ဟု ထင်လာကြ၏။
အနည်းဆုံးတော့ ရေပူစမ်းစိမ်ရန် တခြားပြည်နယ်များသို့ သွားရမည့်ဓာတ်ဆီဖိုး သက်သာသွားမည် မဟုတ်လော။
သို့သော် သတင်းက ရုတ်တရက်ဆန်လွန်းပြီး ရေကူးဝတ်စုံများ ယူမလာခဲ့ကြသဖြင့် နောက်တစ်ခေါက်မှသာ လာရတော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
လီရှီးရှီးလည်း ဤအချက်ကိုတွေးမိသည်။ တစ်ခါတစ်ရံ ဧည့်သည်များလာရောက်သည့်အခါ ရေကူးဝတ်စုံယူလာရန် မေ့ကျန်ခဲ့ပြီး ဝယ်စရာနေရာလည်း မရှိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားရခြင်းက မကောင်းလှချေ။
ထို့ကြောင့် သူမက အနီးအနားရှိ ရေကူးဝတ်စုံဆိုင်တစ်ဆိုင်ကို အွန်လိုင်းမှ အမြန်ရှာဖွေကာ ဆိုင်ရှင်နှင့်ဈေးဆစ်ပြီး အရွယ်အစားစုံ ရေကူးဝတ်စုံ အမြောက်အမြားကို လက်ကားဝယ်ယူလိုက်သည်။
ထို့နောက် တစ်ဖက်လူအား ဟော်လာလာ (ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု) ဖြင့် တိုက်ရိုက် လာပို့ပေးရန် ပိုက်ဆံရှင်းပေးလိုက်ပြီး အဝတ်လှန်းစင် အကြီး နှစ်ခုနှင့် အဝတ်ချိတ်အမြောက်အမြားကိုပါ တစ်ပါတည်း ဝယ်ယူလိုက်၏။
ဆိုင်ရှင်သည် တစ်ဖက်လူက ရေကူးဝတ်စုံအများအပြားအား တစ်ခါတည်း မှာယူသည်ကို မြင်သောအခါ ဤစီးပွားရေးအခွင့်အလမ်းကြီးကို သဘာဝကျကျပင် လက်လွတ်မခံလိုချေ။
ထို့ကြောင့် ပို့ဆောင်ရေးခအဖြစ် အပိုဝင်ငွေရနိုင်စေရန် မိမိ၏ဗင်ကားလေးဖြင့် ကိုယ်တိုင်သွားပို့ရန် ဆုံးဖြတ်လိုက်သည်။
‘ဒါမျိုးက ဘာလို့မသွားရမှာလဲ'
ဆိုင်ရှင်သည် လီရှီးရှီး ပို့ပေးထားသော လမ်းညွှန်ချက်အတိုင်း ကားကို မောင်းနှင်လာခဲ့၏။
တောင်ပေါ်သို့ တက်လာစဉ် ဆိုင်ရှင်က တီးတိုးရေရွတ်နေမိသည်။
“ဒီလူက ဘာလို့ ရေကူးဝတ်စုံတွေအများကြီးကို တောင်ပေါ်အထိလှမ်းဝယ်နေရတာလဲ၊ ပြီးတော့ ဒီနေ့ အရောက်ပို့ပေးရမယ်ဆိုပြီး အရမ်းလည်း လောနေသေးတယ်၊ ဒီလောက်အေးတဲ့ ဆောင်းတွင်းကြီးမှာ တောထဲက မြစ်တစ်စင်းစင်းမှာများ ရေကူးချင်နေလို့လား၊ ဒါပေမဲ့ ရေကူးဝတ်စုံအရေအတွက်က အရမ်းများလွန်းနေတယ်”
ပို့ရမည့်နေရာက ယာတောအိမ် တစ်ခုဖြစ်ကြောင်း သူသိထား၏။ ‘ယာတောအိမ်မှာ ဆောင်းရာသီ ရေကူးပြိုင်ပွဲ တစ်ခုခုများ ရှိနေလို့လား၊ ဒါက ခရီးသွားတွေကို ပြန်ရောင်းဖို့များလား ဆောင်းတွင်း အလယ်ခေါင်ကြီးမှာ ရေကူးချင်တဲ့သူတွေ ဒီလောက်တောင် များနေတာလား'
သူ၏ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေတော့သည်။
ရောက်သွားသောအခါမှ ထိုနေရာတွင် ရေပူစမ်းများရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤအချက်က သူ့ကို တကယ်ပင် အံ့အားသင့်သွားစေ၏။
‘ဒီအကြောင်းကို ငါ ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးခဲ့ရတာလဲ၊ မဖြစ်နိုင်ဘူးလေ’
နောက်ပိုင်း ဝန်ထမ်းများကို မေးကြည့်ကာမှ ရေပူစမ်းကန်များက အခုလေးတင်မှ အပြီးသတ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
သူက မိုင်တစ်ရာ ပတ်လည်အတွင်းရှိ ရေကူးကန်များနှင့် ရေကစားကွင်း အကြီးအသေးအားလုံး၏တည်နေရာများကို လက်ခုပ်ထဲကရေလို သိထားသူဖြစ်သည်ဟု ဂုဏ်ယူစွာ ပြောပြခဲ့ဖူး၏။
ရေပူစမ်းများနှင့် ပတ်သက်၍မူ သူတို့၏မြို့ငယ်လေးတွင် လုံးဝမရှိခဲ့ဖူးချေ။ ဤနေရာသည် ပထမဆုံးဖြစ်လိမ့်မည်ဖြစ်ရာ သူ အလွန်အမင်း စိတ်ဝင်စားသွားပြီး ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်နေသော စွန်းရှောင်ယွင်ကို မေးခွန်းအချို့ ထပ်မံမေးမြန်းလိုက်သည်။
“ညီမလေး၊ ဒီရေပူစမ်းတွေတွေ့ဖို့ ဘယ်လောက်အနက်ထိ တူးခဲ့ရလဲ၊ ကုန်ကျစရိတ်က မနည်းလောက်ဘူးနော်”
စွန်းရှောင်ယွင်မှာ ဤအကြောင်းများကို လုံးဝ မသိရှိချေ။ သူမ၏ တာဝန်မဟုတ်သဖြင့် ခေါင်းခါကာ ဖြေလိုက်သည်။
“ညီမက ဝန်ထမ်း သက်သက်ပါပဲ၊ အဲဒါတွေသိချင်ရင်တော့ သူဌေးကိုသွားမေးမှရမယ်”
“ဒါဆိုလည်း ညီမသိတာလေး ပြောပြပါဦ၊ ဒီမှာ ဈေးဘယ်လိုယူလဲ၊ အဲဒါတော့ ညီမသိမှာပေါ့”
စွန်းရှောင်ယွင်က သေချာပေါက် သထားသဖြင့် ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။
“ဒီမှာက နာရီနဲ့တွက်တာပါ၊ တစ်နာရီကို ယွမ် ၉၈၀ ပါ၊ အာ... ပြီးတော့ သူဌေးမလေးကပြောတယ်၊ မနက်ဖြန်ကစပြီး သုံးရက်ဆက်တိုက် ၂၀ ရာခိုင်နှုန်း လျှော့ဈေးရှိမယ်တဲ့”
“တစ်နာရီ ယွမ် ၉၈၀ တဲ့လား၊ အရမ်း ဈေးကြီးလွန်းတယ်၊ မင်းတို့ရေပူစမ်းက ရွှေတွေများကွပ်ထားလို့လား၊ ရွှေကွပ်ထားရင်တောင် အဲဒီလောက်ဈေးမကြီးသင့်ဘူးလေ”
စွန်းရှောင်ယွင်က သူမ၏ စောစောကပြောဆိုချက် အနည်းငယ်မရှင်းမလင်းဖြစ်သွားကြောင်း သတိပြုမိပြီး အမြန် ပြန်လည်ဖြည့်စွက်ရှင်းပြလိုက်၏။
“သီးသန့်အခန်းတစ်ခန်းကို တစ်နာရီ ယွမ် ၉၈၀ လို့ ပြောတာပါ၊ သီးသန့်အခန်း တစ်ခန်းကို လူဆယ်ယောက်အထိ ဆံ့ပါတယ်၊ တစ်ယောက်ကို တစ်နာရီ ယွမ် ၉၈၀ လို့ ပြောတာမဟုတ်ပါဘူး”
“အော်... အဲဒီလိုလား၊ ဒါဆိုရင်တော့ လက်ခံနိုင်စရာရှိသားပဲ”
ယခင်ကတွေးထားသော ဈေးနှုန်းနှင့် နှိုင်းယှဉ်လိုက်ရာ ဤဈေးနှုန်းက အများကြီး ပိုမိုသက်သာသွားသည်ဟု သူ ခံစားလိုက်ရသည်။ ထို့နောက် သူကဆက်မေးလိုက်လေ၏။
“တစ်ယောက်ချင်းစီအတွက် ဈေးနှုန်းသတ်မှတ်ထားတာရော မရှိဘူးလား၊ မဟုတ်ရင် လူဆယ်ယောက်မပြည့်ရင် အရမ်းဈေးကြီးနေဦးမှာပဲ”
စွန်းရှောင်ယွင်က လက်နှစ်ဖက်ကိုဖြန့်ကာ မရှိကြောင်းခေါင်းခါပြလိုက်သဖြင့် ရေကူးဝတ်စုံဆိုင်ရှင်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားရတော့သည်။
ထိုအချိန်တွင် စွန်းရှောင်ယွင်၏ ဝီချက်ထဲသို့ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။ ဖြစ်ပုံမှာ လီရှီးရှီးက ယာတောအိမ်အလုပ်အဖွဲ့ထဲသို့ ဝီချက်မက်ဆေ့ချ်တစ်စောင် ပို့လိုက်ခြင်းပင်။
ဝန်ထမ်းတိုင်း ရေကူးဝတ်စုံတစ်စုံစီ အခမဲ့ရွေးချယ်နိုင်ကြောင်းနှင့် ယနေ့ ရေပူစမ်းကန်များကို အများပြည်သူသို့ မဖွင့်ပေးသေးကြောင်း၊ အသုံးပြုပြီးနောက် ပြန်လည်သန့်ရှင်းရေးလုပ်ပေးမည်ဆိုပါက ဝန်ထမ်းများအားလုံး သွားရောက်စိမ်နိုင်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
54
စွန်းရှောင်ယွင်သည် သူမ၏ဘေးတွင် အလုပ်လုပ်နေသော ယန်ယွဲ့ယန်ထံ ဤသတင်းကောင်းကို အလုအယက် မျှဝေလိုက်သည်။
“ယွဲ့ယန်လေး ခုနကပို့လိုက်တဲ့ ဝီချက်မက်ဆေ့ချ်ကို နင်တွေ့လိုက်လား”
ယန်ယွဲ့ယန်က ခေါင်းခါပြပြီး မေးလိုက်၏။
“အခုလေးတင် ဒီနေ့အခန်းဘွတ်ကင်လုပ်ထားတဲ့ ဧည့်သည်တွေထဲက ဘယ်နှယောက် မရောက်သေးဘူးလဲဆိုတာ ကွန်ပျူတာမှာစစ်နေလို့၊ သူဌေးမလေးက ဘာမက်ဆေ့ချ်ပို့လိုက်လို့လဲ”
ယန်ယွဲ့ယန် ဤနေရာတွင် အလုပ်လုပ်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်များ အားလုံးက အလွန်သဘောကောင်းကြသဖြင့် သူမ၏စိတ်ထဲတွင် အတော်လေး သက်သောင့်သက်သာရှိနေ၏။
“ရှီးရှီးလေးက ငါတို့အားလုံး ဒီနေ့ ရေပူစမ်းအခမဲ့စိမ်လို့ရတယ်တဲ့၊ တစ်ယောက်ကို ရေကူးဝတ်စုံတစ်စုံစီ သွားရွေးခိုင်းထားတယ်၊ အလုပ်ဆင်းရင် အတူတူသွားကြမယ်လေ”
ယန်ယွဲ့ယန်က အနည်းငယ် တွေဝေသွားပြီး မေးရှာသည်။
“ငါနဲ့တော်မယ့် ရေကူးဝတ်စုံကော ရှိပါ့မလား” ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်တည်ဆောက်လိုသည့် သူမ၏ရည်မှန်းချက်လေးက ဤနေရာတွင် အနည်းငယ်ထစ်ငေါ့သွားသလို ခံစားလိုက်ရ၏။
“ခုနက လူတစ်ယောက် ရေကူးဝတ်စုံတွေအများကြီး လာပို့သွားတာတွေ့လိုက်တယ်၊ ခဏနေကျရင် ငါတို့သွားရှာကြည့်ကြတာပေါ့၊ ရှောင်ယွင်... နင် နည်းနည်းပိန်သွားသလို ငါ ခံစားနေရတယ်နော်”
“တကယ်လား၊ ငါ အရင်ကဝယ်ထားတဲ့ ဝိတ်ကျဆေးတွေက နည်းနည်းတော့ အာနိသင်ရှိပုံရတယ်၊ ဒါပေမဲ့ သောက်ပြီးရင် အမြဲတမ်း နေလို့မကောင်းသလိုခံစားရတယ်”
ယန်ယွဲ့ယန်သည် ဝမ်းကွဲအစ်မဖြစ်သူ လျူရှင်းမေ၏ စကားကို နားထောင်ကာ ဝိတ်ကျဆေးများ ထပ်မဝယ်တော့သော်လည်း လက်ကျန်ဆေးများကို လွှင့်ပစ်ရန် နှမြောနေခဲ့သည်။
သို့သော် အများကြီးသောက်ပြီး ခန္ဓာကိုယ်ထိခိုက်သွားမည်ကိုလည်း စိုးရိမ်သဖြင့် ပြီးခဲ့သည့်နှစ်လခန့်ကတည်းက ကြိုကြားကြိုကြားသာ သောက်နေခဲ့၏။
တစ်ခါတစ်ရံ မနေနိုင်ဘဲ ပျို့အန်ချင်သလို ဖြစ်တတ်ပြီး အစာအိမ်ကလည်း အမြဲတမ်း နေရခက်နေတတ်သည်။ ဤဝိတ်ကျဆေးများက မကောင်းမှန်း ယန်ယွဲ့ယန်သိသော်လည်း ကိုယ်အလေးချိန် အနည်းငယ်ကျသွားသဖြင့် အရမ်းကြီး ဂရုမစိုက်မိတော့ချေ။ နောင်ကို ထပ်မဝယ်ရင်ရပြီပေါ့ဟုသာ တွေးနေမိသည်။
ထိုစကားကို ကြားသောအခါ စွန်းရှောင်ယွင်က မျက်မှောင်ကြုတ်သွားသည်။ သူမ ကိုယ်တိုင် ဝိတ်ကျဆေး တစ်ခါမှ မသောက်ဖူးသော်လည်း အွန်လိုင်းသတင်းများတွင် ဝိတ်ကျဆေးသောက်ပြီး ဖျားနာသူများအကြောင်း မကြာခဏဖတ်ဖူးသဖြင့် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“ဝိတ်ကျဆေးတွေကို ဖြစ်သလိုလျှောက်မသောက်သင့်ဘူးနော်၊ ဝိတ်ကျဆေးအများစုက ထုတ်လုပ်မှုစံချိန်စံညွှန်းမမီဘဲ လူတွေရဲ့ခန္ဓာကိုယ်ကို ကြီးမားတဲ့ဆိုးကျိုးတွေပေးနိုင်တယ်လို့ ကြားဖူးတယ်၊ နင် ဝိတ်ချချင်ရင် လေ့ကျင့်ခန်းပိုလုပ်လေ”
ဝိတ်ချရန် လေ့ကျင့်ခန်းပိုလုပ်ရမည်မှန်း ယန်ယွဲ့ယန် သဘာဝကျကျ သိထားသော်လည်း သူမက ခြေလှမ်းအနည်းငယ် ပိုလျှောက်လိုက်ရုံဖြင့် ချွေးဒီးဒီးကျလာတတ်သည်။ အရင်ကလည်း လေ့ကျင့်ခန်း လုပ်ကြည့်ဖူး၏။ နာရီဝက်ခန့် ပြေးလိုက်ရုံဖြင့် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ဖြစ်သွားခဲ့သည်။
ရက်အနည်းငယ်ခန့် ကြိတ်မှိတ်ပြီး လုပ်ကြည့်ပြီးနောက် လုံးဝ မလှုပ်ချင်တော့အောင် ဖြစ်သွားသည်။ ‘ဟူး... ဒီအကြောင်း ပြောရတာကိုက ပင်ပန်းနေပြီ'
သို့သော် လုပ်ဖော်ကိုင်ဖက်က သူမကို စေတနာဖြင့် ပြောနေခြင်းဖြစ်ကြောင်းသိသဖြင့် သူမက မရေမရာ ပြန်ဖြေလိုက်၏။
“အင်း... ငါလည်း ဆက်ပြီး အတင်းအကြပ်ဝိတ်မချတော့ပါဘူးလေ”
သူတို့နှစ်ဦး အလုပ်ချိန်ပြီးဆုံး၍ ဆူးဟွေ့ဟွေ့ထံ အလှည့်ပြောင်းပြီးနောက် ရေကူးဝတ်စုံသွားရွေးကာ ရေပူစမ်းအတူတူစိမ်ရန် သဘောတူလိုက်ကြသည်။
ဤသည်မှာ ယန်ယွဲ့ယန်၏ဘဝတွင် ပထမဆုံးအကြိမ် ရေပူစမ်းစိမ်ဖူးခြင်းဖြစ်သည်။
အထက်တန်းကျောင်းတက်ကတည်းက သူမ၏ခန္ဓာကိုယ်မှာ အခြားသူများထက် သုံးဆခန့် ပိုမိုဝဖြိုးလာခဲ့သဖြင့် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့်အတူ အပြင်ထွက်လည်ခြင်းမျိုး တစ်ခါမျှမလုပ်ခဲ့ဖူးချေ။
သူမ၏ ခန္ဓာကိုယ်အရွယ်အစားကြောင့် အခြားသူများက ထူးဆန်းစွာကြည့်ကြမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
မိဘများက သူမအား စိတ်ပညာရှင်နှင့် အကြိမ်ကြိမ်သွားရောက်ပြသပေးပြီးနောက်မှသာ သူမ၏စိတ်နေစိတ်ထားက တဖြည်းဖြည်း ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။
ဤသီးသန့်အခန်းလေးထဲတွင် သူမနှင့် စွန်းရှောင်ယွင် နှစ်ယောက်တည်းသာ ရှိနေသဖြင့် ယန်ယွဲ့ယန်သည် စိတ်ရောကိုယ်ပါ အလွန်အမင်းသက်သောင့်သက်သာဖြစ်သွား၏။
သူမက ခြေထောက်တစ်ဖက်ကို ရေပူစမ်းထဲသို့ သတိတကြီး အရင်ချကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း တစ်ကိုယ်လုံးကို ရေထဲသို့နှစ်ချလိုက်သည်။
သက်သောင့်သက်သာရှိသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ပြောလိုက်၏။
“လူတွေက ဘာလို့ ရေပူစမ်းစိမ်ချင်ကြလဲဆိုတာ မဆန်းတော့ပါဘူး၊ ဒီထဲမှာလှဲနေရတာနဲ့ ပြန်တောင်မထွက်ချင်တော့ဘူး”
ဘေးတွင်ရှိနေသော စွန်းရှောင်ယွင်ကလည်း ပြုံးကာဖြေလိုက်သည်။
“ငါလည်း အဲဒီလိုပဲခံစားရတယ်၊ ငါလည်း ရေပူစမ်းစိမ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ ငါတို့သူဌေးမလေးရဲ့ ကျေးဇူးတွေပေါ့၊ ရေပူစမ်းရေက အလှအပအတွက်ကောင်းတယ်လို့ ကြားဖူးတယ်၊ ခေါင်းပါရေထဲနှစ်ပြီး ခဏလောက်စိမ်ထားရင် ရမလားမသိဘူးနော်၊ အသားလေး နည်းနည်းပိုဖြူလာရင် ကောင်းမှာပဲ”
စွန်းရှောင်ယွင်က စိတ်ကူးယဉ်နေမိသည်။ သူမမှာ ဆင်းရဲသောမိသားစုမှ ကြီးပြင်းလာသူဖြစ်ရာ ရေပူစမ်းဆိုသည်ကို တစ်ခါမျှ လက်လှမ်းမမီခဲ့ဖူးချေ။
ဤသည်မှာလည်း သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
ယန်ယွဲ့ယန်လည်း သေချာမသိပေ။ သူမလည်း ပထမဆုံးအကြိမ်စိမ်ဖူးခြင်း မဟုတ်လော။
သို့သော် ရေက ဘယ်လိုလုပ် အမြဲတမ်းသန့်ရှင်းနေတာလဲ ဆိုသည်ကိုတော့ သူမ အတော်လေးစပ်စုချင်နေမိသည်။
‘ရေချိုးကန်လိုမျိုး လူတစ်ယောက်ချိုးပြီးတိုင်း ရေတွေအကုန် ဖောက်ချလိုက်တာလား'
သူတို့နှစ်ဦး ရေပူစမ်းကန်အကြောင်း စပ်စုနေစဉ် ယန်ယွဲ့ယန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက ဝမ်းဗိုက်ကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားလိုက်၏။
မျက်စိတစ်မှိတ်အတွင်း သူမ၏ဗိုက်က ပြန်နာလာပြန်ပြီး နာကျင်မှုက တဖြည်းဖြည်း ပိုမိုဆိုးရွားလာသည်။ လုံးဝ ဆက်ပြီးသည်းမခံနိုင်တော့ဟု ခံစားလိုက်ရ၏။
ထို့ကြောင့် ဗိုက်နာသက်သာသွားမလားဟု တွေးကာ ရေပူစမ်းကန်ထဲမှ အတင်းရုန်းထွက်ပြီး အနီးနားရှိဆိုဖာပေါ်တွင် သွားရောက်အနားယူရန် ပြင်လိုက်သည်။
မျက်စိမှိတ်ကာ ရေပူစမ်း၏အရသာကို ခံစားနေသော စွန်းရှောင်ယွင်သည် လှုပ်ရှားမှုအသံကို ကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ‘ယန်ယွဲ့ယန်က ဘာလို့ ကန်ထဲက ထွက်သွားတာလဲ။ ခေါင်းမူးလို့များလား'
နံရံပေါ်ရှိ သတိပေးစာတွင် ရေပူစမ်းစိမ်ပါက မိနစ်နှစ်ဆယ်လျှင် တစ်ကြိမ်ထပြီး ကိုယ်လက်လှုပ်ရှားလုပ်ပေးသင့်ကြောင်း ရေးထားသော်လည်း၊ သူတို့ စိမ်နေသည်မှာ ဆယ်မိနစ်ခန့်သာရှိသေး၏။
‘ယန်ယွဲ့ယန် သွေးပေါင်ကျပြီး နေမကောင်းဖြစ်နေတာလား' စွန်းရှောင်ယွင်က သေချာမသိသဖြင့် ခေါင်းလှည့်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ယွဲ့ယန်၊ အဆင်ပြေရဲ့လားဟင်... ”
မေးပြီးသည်နှင့်တစ်ပြိုင်နက် သွေးဆုတ်နေသော ယန်ယွဲ့ယန်၏ မျက်နှာကို မြင်လိုက်ရပြီး သူမ၏တစ်ကိုယ်လုံးမှာလည်း ရေပူစမ်းကန်ဘေးတွင် ကွေးကွေးလေး ဖြစ်နေသည်။
စွန်းရှောင်ယွင်လည်း ဤအခြေအနေကြောင့် လန့်ဖျပ်သွားပြီး ရေကိုတောင်မသုတ်နိုင်တော့ဘဲ ရေပူစမ်းကန်ထဲမှ အမြန်ထွက်လာခဲ့၏။ ရေတွေတစက်စက်ကျနေလျက်ဖြင့် ယန်ယွဲ့ယန်၏ ဘေးသို့ ပြေးသွားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ 120 ကို ဖုန်းဆက်ပေးရမလား”
တစ်ဖက်လူ၏အကူအညီဖြင့် ယန်ယွဲ့ယန်သည် ခွေးခြေခုံလေးတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး အားနည်းစွာဖြင့်ခေါင်းခါပြကာ ဖြေလိုက်သည်။
“ရပါတယ်၊ ငါ နည်းနည်းဗိုက်မကောင်းဖြစ်နေလို့ပါ၊ ရောဂါဟောင်းလေ၊ ဝိတ်ကျဆေးတွေစသောက်ကတည်းက ဗိုက်က အမြဲတမ်း တစ်ခါတစ်လေနာနာလာတတ်တယ်၊ ခဏလောက်နားလိုက်ရင် သက်သာသွားမှာပါ”
သို့သော် ယန်ယွဲ့ယန် စကားပြောပြီးသိပ်မကြာမီမှာပင် သူမ၏ဗိုက်က ပို၍ ဆိုးရွားလာ၏။ ဘေးမှကြည့်နေသော စွန်းရှောင်ယွင်မှာ အတော်လေးစိုးရိမ်သွားပြီး အမြန်ပြောလိုက်သည်။
“ဆရာမယောင်ကိုလာကြည့်ခိုင်းတာ အကောင်းဆုံးပဲ၊ သူက တိုင်းရင်းဆေးပညာ သင်ထားတာဆိုတော့ သူ့အနှိပ်ပညာက အရမ်းကောင်းတယ်လေ၊ သူက နင့်ကို သက်သာအောင်ကူညီပေးနိုင်လောက်တယ်၊ ခဏလေးထိုင်နေဦးနော်၊ ငါ အခုချက်ချင်းသွားခေါ်လိုက်မယ်”
ပြောပြီးသည်နှင့် စွန်းရှောင်ယွင်က အင်္ကျီရှည်တစ်ထည်ကို အမြန်ကောက်စွပ်လိုက်ပြီး ဖိနပ်ကြိုးသိုင်းလေးစီးကာ ဆရာမယောင်ဖျင်အန်းကိုခေါ်ရန် အပြင်သို့ တန်းထွက်သွားတော့သည်။
……
ဆရာမယောင်က ယန်ယွဲ့ယန်၏ဗိုက်ကို စမ်းသပ်ကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဘာတွေ ဖြစ်သလိုလျှောက်စားထားတာလဲ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အစာအိမ်ပြဿနာရှိနေပြီ၊ ဒါပေမဲ့ အရမ်းကြီးတော့မဆိုးပါဘူး၊ တော်သေးတာပေါ့၊ သက်သာသွားအောင် အရင်ဆုံးနှိပ်ပေးမယ်”
ပြောပြီးသည်နှင့် ဆရာမယောင်က ယန်ယွဲ့ယန်ကို ဆိုဖာပေါ်တွင် ပက်လက်လှဲခိုင်းပြီး စတင်နှိပ်နယ်ပေးတော့သည်။ သိပ်မကြာမီမှာပင် ယန်ယွဲ့ယန်မှာ အများကြီးသက်သာသွားပြီး ဗိုက်လည်းမနာတော့ချေ။
ထို့ကြောင့် သူမက ထရပ်ကာပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာမယောင်၊ အများကြီးသက်သာသွားပါပြီ၊ အရင်က ဝိတ်ကျဆေးတွေသောက်ထားလို့ ဗိုက်မကောင်းဖြစ်နေတာပါ”
ဆရာမယောင်က ယန်ယွဲ့ယန်ကို သဘောမကျသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
“ဝိတ်ချချင်ရင် ငါ့ဆီလာလို့ရတယ်၊ အစားအသောက်စားချင်စိတ်ကို လျှော့ချပေးနိုင်တဲ့ အနှိပ်နည်း ငါ့ဆီမှာရှိတယ်၊ ပြီးတော့... ” ဆရာမယောင် က မနီးမဝေးရှိရေပူစမ်းကို ကြည့်ကာ အဓိပ္ပာယ်ပါပါဆက်ပြောလေသည်။
“ဒီရေပူစမ်းမှာလည်း စိမ်ကြည့်လို့ရတယ်၊ ဝိတ်မြန်မြန်ပိုကျလိမ့်မယ်၊ ဒီရေပူစမ်းက ဇီဝကမ္မဖြစ်စဉ်ကို အများကြီးမြှင့်တင်ပေးနိုင်လို့ ဝိတ်ချတဲ့နေရာမှာလည်း အရမ်းကို အထောက်အကူဖြစ်စေတယ်”
ယန်ယွဲ့ယန် အနည်းငယ် စိတ်ဝင်စားသွားသည်။ ဤနေရာတွင် သူမ အလုပ်လုပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်ရာ ဆရာမယောင်က အလွန်အရည်အချင်းရှိမှန်း ကောင်းကောင်းသိထားသည်။
ဈေးနှုန်းက အလွန်ကြီးမားသော်လည်း လူအများအပြားက သူမထံတွင်အနှိပ်ခံရန် သီးသန့်လာရောက်ကြ၏။
သို့သော် ဆရာမယောင်က ခါးနာတာတို့လို ရောဂါမျိုးတွေကိုသာ အဓိကကုသပေးသည်ဟု သူမ အမြဲတမ်းထင်မှတ်ထားခဲ့ပြီး ဝိတ်ချသည့်နေရာတွင်လည်း ကျွမ်းကျင်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့် သူမက မနေနိုင်ဘဲမေးလိုက်မိသည်။