အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
55
“ဆရာမယောင်၊ အကြောပြင်နှိပ်နယ်တာနဲ့ ဝိတ်ကျနိုင်လားဟင်” ယန်ယွဲ့ယန်က မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ယောင်ဖျင်အန်းကိုကြည့်ကာ မေးလိုက်သည်။
ဆရာမယောင်က ခပ်အေးအေးပင် ပြန်မေးလိုက်သည်။ “မင်းရဲ့ လက်တွေ၊ ခြေထောက်တွေက တစ်ခါတလေ ရောင်ရမ်းနေသလိုခံစားရတတ်လား၊ အများကြီးစားပေမယ့် ခဏလေးနဲ့ ပြန်ဆာလာတတ်လား၊ ပြီးတော့ အအေးမိလွယ်ပြီး အမြဲတမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားရလား”
ယန်ယွဲ့ယန်က ခေါင်းညိတ်ပြလိုက်သည်။ ဆရာမယောင်၏စကားများက သူမ၏လက္ခဏာများနှင့် ကွက်တိမှန်ကန်နေသည်။
သူမ၏ကျော်ကြားလှသော ဂုဏ်သတင်းများကြောင့် လူအများအပြား လာရောက်ကြသည်မှာ မဆန်းတော့ချေ။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လှပကျော့ရှင်းသော မိန်းကလေးတစ်ဦး ဖြစ်လာစေရန် သူမ၏ ရည်မှန်းချက်က ဤနေရာတွင် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာတော့သည်။
“မင်းရဲ့ ဝမ်းဗိုက်ပေါ်က ကြွက်သားတွေက တော်တော်လေးလျော့ရဲနေတယ်၊ ဒါပေမဲ့ ခြေထောက်ပေါ်ကအဆီတွေကတော့ များပြားပြီး တော်တော်လေးကျစ်လျစ်တယ်၊ ဒါက ဖောရောင်မှုနဲ့အဆီအခဲ နှစ်မျိုးပေါင်းစပ်နေတဲ့သဘောပဲ၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က အရမ်းနှေးကွေးနေတာကြောင့် အာဟာရဓာတ်တွေကို မလောင်ကျွမ်းစေနိုင်ဘဲ ခန္ဓာကိုယ်ထဲမှာ အဆီတွေအဖြစ် စုပုံလာရတာဖြစ်မယ်” ဆရာမယောင်က အကြောင်းရင်းများကို ဆက်တိုက် ရှင်းပြနေသည်။
ယန်ယွဲ့ယန်က သေချာနားထောင်ရင်း ခေါင်းကို တဆတ်ဆတ် ညိတ်နေမိ၏။
ဤအကြောင်းများကို သူမ သိထားပြီးဖြစ်သော်လည်း မည်သို့ ဝိတ်ချရမည်ဆိုသည်က အဓိကသော့ချက်ဖြစ်သည်။ ဆရာမယောင်ဆက်ပြောမည့် စကားများကို သူမ ဆက်လက်နားစွင့်နေလိုက်၏။
“မင်းအတွက် ဝိတ်ချဖို့က တကယ်တော့သိပ်မခက်ခဲပါဘူး၊ အကြောပွိုင့်တချို့ကို နှိပ်နယ်ပြီး ကူညီပေးလို့ရတယ်၊ ဒါပေမဲ့ အဓိကသော့ချက်က ဒီကရေပူစမ်းပဲ၊ ရေပူစမ်းရေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေတယ်၊ မင်းကို မကြာခဏ ရေပူစမ်းစိမ်ဖို့ အကြံပြုချင်တယ်၊ အကောင်းဆုံးကတော့ အပတ်တိုင်းပေါ့၊ အနှိပ်ခံဖို့အတွက်ကတော့ တစ်ပတ်ကို တစ်ခါလောက်ဆိုရင် အတော်ပဲ၊ မင်းရဲ့ မူလကိုယ်အလေးချိန်က တော်တော်လေးများနေတော့ ငါ့အကြံဉာဏ်အတိုင်းသာလိုက်လုပ်ရင် အစပိုင်းမှာ ဝိတ်ကျတာ တော်တော်လေးမြန်လိမ့်မယ်”
ဤအစီအစဉ်ကို ကြားလိုက်ရချိန်တွင် ယန်ယွဲ့ယန်မှာဝမ်းသာမှုနှင့်အတူ စိုးရိမ်ပူပန်မှုများလည်း ရောယှက်သွားရသည်။ ဆရာမယောင်ထံတွင် သူမကိုဝိတ်ကျစေမည့် နည်းလမ်းရှိနေခြင်းအတွက် အလွန်ဝမ်းသာမိ၏။
ဤအချက်နှင့်ပတ်သက်၍ သူမ လုံးဝသံသယမရှိချေ။ ဤနေရာတွင် အလုပ်လုပ်နေစဉ်အတွင်း အခြားသူများ၏ညွှန်းဆိုမှုကြောင့် လာရောက်ကြသော ဧည့်သည်များကို သူမ မကြာခဏတွေ့မြင်ခဲ့ရသည်။
အစပိုင်းတွင် အချို့က သံသယစိတ်ဖြင့် စမ်းသပ်ကြည့်ကြသော်လည်း နောက်ဆုံးတွင် အားလုံးက တကယ်ပင်အာနိသင်ရှိကြောင်း သိရှိသွားကြသည်။ လူအများအပြားက ဆရာမယောင်အား ကျေးဇူးတင်လွှာ ဂုဏ်ပြုဆိုင်းဘုတ်များပင် ပေးအပ်ချင်ခဲ့ကြသော်လည်း ဆရာမယောင်က ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည် မဟုတ်လော။
သူမ၏ စိုးရိမ်ပူပန်မှုမှာ ဆရာမယောင်၏ အကြောပြင်နှိပ်နယ်ခရော၊ ရေပူစမ်းစိမ်သည့်ဈေးနှုန်းပါ သူမအတွက် အတော်လေး ဈေးကြီးနေခြင်းပင်။
သူမက အတည်ပြု ဝန်ထမ်းဖြစ်လာသည်မှာ တစ်လသာရှိသေးပြီး လစာ ယွမ် လေးထောင်သာ ရရှိသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် စားစရိတ်၊ နေစရိတ် အခမဲ့ဖြစ်ရာ တစ်ခါတစ်ရံ အိမ်ပြန်သည့်စရိတ်မှလွဲ၍ အခြားအသုံးစရိတ်သိပ်မရှိချေ။
မည်သို့ပင်ဖြစ်စေ သူမ တစ်လလျှင် ယွမ်တစ်ထောင်အောက်သာ သုံးစွဲရသည်။
သူမက ဆရာမယောင်အား ဝိတ်ချရန်နှိပ်နယ်ပါက ဈေးနှုန်း မည်သို့သတ်မှတ်ထားကြောင်း မေးကြည့်လိုက်၏။
ဆရာမယောင်က ခဏမျှစဉ်းစားလိုက်ပြီး အချိန်ဖြင့်တွက်ချက်ရန် ဆုံးဖြတ်လိုက်သည်။ ဤဝိတ်ချရန်အကြောပွိုင့်များအတွက် ဆယ့်ငါးမိနစ်ခန့်ဆိုလျှင် လုံလောက်မည်ဖြစ်ရာ တစ်ခါနှိပ်လျှင် ယွမ် ၈၅၀ ကျသင့်မည် ဖြစ်သည်။
ဤဈေးနှုန်းက ယန်ယွဲ့ယန် မျှော်လင့်ထားသည်ထက် အနည်းငယ်သက်သာနေသော်လည်း တစ်လကို လေးပတ်ဟု တွက်လိုက်လျှင်ပင် ယွမ်နှစ်ထောင်ကျော် ကုန်ကျမည်ဖြစ်သည်။ သူမက ခေါင်းထဲတွင် တွက်ချက်မှုများ စတင်ပြုလုပ်နေတော့၏။
သူမ၏ ဝမ်းဗိုက်နာကျင်မှုများ သက်သာသွား၍ ဆရာမယောင်ကို ကျေးဇူးတင်စကားဆိုပြီးနောက် စွန်းရှောင်ယွင်နှင့်အတူ ရေပူစမ်းထဲသို့ ပြန်ဝင်သွားချိန်အထိ ဤကိစ္စက သူမ၏ခေါင်းထဲတွင် စွဲထင်နေဆဲပင်။
ဘေးတွင်ရှိနေသော စွန်းရှောင်ယွင်က သူမကို တံတောင်နှင့်တွတ်ကာပြောလိုက်သည်။ “နင် ဘာလို့ ငေးမောနေတာလဲ၊ ခုနက ငါစကားပြောတာကိုတောင် ဘာမှပြန်မပြောဘူး၊ နင် ဒီထဲမှာမေ့လဲသွားမှာကိုတောင် စိုးရိမ်နေတာ”
ထိုစကားကို ကြားသောအခါ ယန်ယွဲ့ယန်က ခပ်ဟဟရယ်မောလိုက်ပြီး ပြန်ဖြေလာ၏။ “ငါက ဘယ်လိုလုပ် အဲဒီလောက်တောင် သတိလက်လွတ်ဖြစ်နေရမှာလဲ၊ ဝိတ်ချမယ့်ကိစ္စကို စဉ်းစားနေလို့ပါ”
စွန်းရှောင်ယွင်က သူမအနားသို့ တိုးကပ်လာကာ ပြောလိုက်သည်။ “နင် စိတ်ဝင်စားနေတာလား၊ ဒါပေမဲ့ ပိုက်ဆံတွေအများကြီးကုန်မှာနော်”
“သေချာပေါက် စိတ်ဝင်စားတာပေါ့၊ နင်ကမဝတော့ ဝတဲ့သူတစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်တောင် ဝမ်းနည်းနေရလဲဆိုတာ နားလည်မှာမဟုတ်ဘူး” ယန်ယွဲ့ယန်က စိတ်ဆင်းရဲနေသည့် အမူအရာကို အလွန်အမင်း ချဲ့ကားပြသလိုက်ပြီး ဆက်ပြောလေ၏။
“ငါ့လစာက ဝိတ်ချဖို့လောက်မလားဆိုတာ တွက်ကြည့်နေတာ”
“မလောက်လောက်ဘူး မဟုတ်လား၊ ရေပူစမ်းစရိတ်ကလည်း အရမ်းကြီးတာ၊ ငါတို့ရဲ့ လစာက လေးခေါက်လောက် စိမ်ရုံနဲ့တင်ကုန်သွားမှာ၊”
“လူဆယ်ယောက်လောက် စုနိုင်ရင်တော့ တစ်ယောက်ကို တစ်နာရီ ယွမ် ၉၈ ပဲ ကျမှာဆိုတော့ မျှော်လင့်ချက်ရှိတယ်” ယန်ယွဲ့ယန်က ဝိတ်ကျရန်အတွက် ဦးနှောက်စားခံကာ စဉ်းစားနေသည်။
သို့သော် ချက်ချင်းပင် သူမကိုယ်သူမ လှောင်ပြောင်သည့်လေသံဖြင့် ဆက်ပြောလိုက်၏။ “ဒါပေမဲ့ သူစိမ်းတွေနဲ့တော့ အတူတူမစိမ်ချင်ပါဘူး၊ အဲဒါက အရမ်းနေရခက်တာ၊”
“ဟူး...”
ယန်ယွဲ့ယန်က သက်ပြင်းချလိုက်ပြီး ရေပူစမ်းကန်ထဲသို့ သူမ၏တစ်ကိုယ်လုံးကို နှစ်မြှုပ်လိုက်သည်။
ဖြေရှင်းမည့် နည်းလမ်းကို မစဉ်းစားရသေးသော်လည်း လောလောဆယ်တော့ တတ်နိုင်သလောက် အကြာကြီးစိမ်ထားလိုက်ပေဦးမည်။
လီရှီးရှီးနှင့် ဤမိန်းကလေးများမှာ အသက်အရွယ်တူများဖြစ်ကြပြီး ပုံမှန်အားဖြင့် အတော်လေး ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံလေ့ရှိကြသည်။
ယန်ယွဲ့ယန်၏ သောကများက လီရှီးရှီး၏ နားထဲသို့ မည်သို့မည်သို့ ရောက်ရှိသွားသည်မသိ၊ ရောက်ရှိသွားလေသည်။
“ဟင်... ရှောင်ယန်က ဝိတ်ချဖို့စိတ်ပူနေတာလား၊ ဆရာမယောင်က သူ့ကို ရေပူစမ်းပိုစိမ်ဖို့ အကြံပေးလိုက်တယ်ပေါ့” လီရှီးရှီးက ခဏမျှ စဉ်းစားလိုက်၏။
ဤအချက်က ယုတ္တိရှိပေသည်။ ရေပူစမ်းများက သဘာဝအရ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးသဖြင့် ဝိတ်ချလိုသူများအတွက်အမှန်တကယ်ပင် သင့်လျော်ပေသည်။
ထို့ကြောင့် သူမက ခေါင်းလေးကိုကုတ်ရင်း ဝန်ထမ်းများအတွက် သီးသန့်ကန်တစ်ခု ဖယ်ထားပေးသင့်သလားဟု စဉ်းစားနေမိ၏။
သူမကိုယ်တိုင်လည်း ရေပူစမ်းတစ်ခါစိမ်ပြီးနောက် အလွန်အမင်းသက်သောင့်သက်သာဖြစ်သွားပြီး ပင်ပန်းနွမ်းနယ်မှုများအားလုံး လွင့်စင်သွားသည်ကို ခံစားခဲ့ရသည် မဟုတ်လော။
သို့သော် အခန်းတစ်ခန်းကို သူမတစ်ယောက်တည်း အပိုင်စီးထားရန်မှာလည်း အနည်းငယ်နေရခက်လှသည်။ ယာတောအိမ်ကို အဆင့်မြှင့်တင်ရန်အတွက် ပိုက်ဆံစောစောစုမိအောင် လုပ်ရပေဦးမည်။
သို့သော် လူတိုင်းက ဤလိုအပ်ချက်မျိုး ရှိနေကြသည်ဆိုရာ ဝန်ထမ်းများအတွက် သင့်တင့်သောအကျိုးခံစားခွင့်လေးအချို့ ပေးလိုက်ခြင်းက အရမ်းကြီး လွန်ကျူးရာမကျနိုင်ပါဘူးလေဟု တွေးလိုက်မိသည်။
တကယ်တမ်းတွင်တော့ သူမကိုယ်တိုင်လည်း စိမ်ချင်နေခြင်းသာ။
ထို့ကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ အင်္ဂါနေ့တိုင်း နံနက် ၅ နာရီမှ ၈ နာရီအထိ နှင့် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၅ နာရီမှ ၈ နာရီအထိ ရေပူစမ်းအခန်းတစ်ခန်းကို ပိတ်ထားပေမည်။
အင်္ဂါနေ့တွင် အမျိုးသမီးဝန်ထမ်းများအားလုံးအတွက် ဖွင့်ပေးမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကိုတော့ အမျိုးသားဝန်ထမ်းများအားလုံးအတွက် သတ်မှတ်ပေးလိုက်သည်။
ဤနည်းအားဖြင့် လူရှင်းသောအချိန်များကို ရွေးချယ်လိုက်ခြင်းက လုပ်ငန်းကိုမထိခိုက်စေနိုင်ပေ။ နံနက်အစောကြီးတွင် ရေပူစမ်းလာစိမ်သောဧည့်သည် အလွန်နည်းပါးသည် မဟုတ်လော။ ထို့အပြင် ဝန်ထမ်းများအတွက်လည်း အကျိုးခံစားခွင့်အချို့ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ဤသတင်းကိုကြားလိုက်ရချိန်တွင် အပျော်ဆုံးသူမှာ ယန်ယွဲ့ယန်ပင်ဖြစ်တော့သည်။ ဝိတ်ချမည့်အစီအစဉ်အတွက် ပိုက်ဆံမလောက်မည်ကို သူမ ထပ်ပြီး စိုးရိမ်စရာမလိုတော့ချေ။ ထို့ကြောင့် သူမက ဆရာမယောင်ထံသို့ ပျော်ရွှင်စွာပြေးသွားကာ အကြောပြင်နှိပ်နယ်ရန် ဘိုကင်သွားလုပ်လေတော့သည်။
……..
ချူဖေးဖေးသည် အတန်အသင့်နာမည်ကြီးသော မင်းသမီးတစ်ဦးဖြစ်သည်။ မကြာသေးမီက သူမသည် ခေါင်ဖျားသောမြို့ငယ်လေးတစ်ခုတွင် သမိုင်းဝင်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးနေပြီး တတိယဇာတ်ဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်နေရ၏။
ဒါရိုက်တာ၏ တင်းကြပ်သောတောင်းဆိုမှုများနှင့် အသေးစိတ် အချက်အလက်များအပေါ် အပြစ်ရှာမှုများကြောင့် သူမ၏သာမန်မျှသာရှိသော သရုပ်ဆောင်စွမ်းရည်မှာ ပို၍ပင်ယိုင်နဲ့လာပြီး ပြကွက်တစ်ခုကို ထပ်ခါတလဲလဲရိုက်ကူးလေ ပို၍ဆိုးရွားလေ ဖြစ်နေတော့သည်။
ထို့ကြောင့် သူမသည် မကြာခဏဆိုသလို နံနက်အစောပိုင်းအချိန်များအထိ အချိန်ပိုဆင်းရလေ့ရှိပြီး တစ်ခါတစ်ရံ တစ်ညလုံးရိုက်ကူးရသည်များပင်ရှိ၏။
သူမမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ယိုယွင်းစပြုလာသည်။ မူလက သူမ၏ရုပ်ရည်အလှအပကို အားထားခဲ့ရသော်လည်း ဤရက်ပိုင်းများအတွင်း သူမ၏မျက်နှာမှာ လုံးဝ နွမ်းလျှနေတော့၏။
အနုပညာလောကတွင် အောင်မြင်မှုရရှိလိုသော သူမ၏ရည်မှန်းချက်များက ဤပင်ပန်းမှုများကြားတွင် အနည်းငယ်မှေးမှိန်နေသလို ခံစားရသည်။
ဒါရိုက်တာသည်လည်း သူမ၏ မကြာသေးမီက ဆိုးရွားနေသော အခြေအနေကို သတိပြုမိသွားပုံရသည်။ လက်ရှိတွင် ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့၏ ပြကွက်များကို အဓိကထား ရိုက်ကူးနေချိန်ဖြစ်သဖြင့်၊ သူမအားလက်ဟန်ပြကာ ရက်အနည်းငယ်ခန့် အနားယူပြီး အားပြန်မွေးရန ပြောလိုက်၏။
အကြောင်းမှာ သူမသရုပ်ဆောင်ရမည့် ဇာတ်ကောင်သည် အလွန်လှပသော မိန်းမချောလေးတစ်ဦးဖြစ်ပြီး၊ မိန်းမချောလေးတစ်ယောက်တွင် ဖောင်ဒေးရှင်းဖြင့် ဖုံးကွယ်၍မရနိုင်လောက်အောင် မျက်ကွင်းညိုခြင်းနှင့် မျက်အိတ်အောက်တွဲကျခြင်းများမရှိသင့်ပေ။ ဤသည်မှာ ဇာတ်ကောင်၏ပုံရိပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
ချူဖေးဖေးသည် ထိုသတင်းကို ကြားပြီးနောက် သက်ပြင်းချလိုက်မိသည်။ တစ်လကြာ ရိုက်ကူးရေး အပြီးတွင် သူမမှာ လုံးဝ ချုံးချုံးကျနေပြီဟု ခံစားလိုက်ရသ၏။
ထို့အပြင် ဤမြို့ငယ်လေးတွင် အဆင့်မြင့်ဟိုတယ်များ လုံးဝမရှိချေ။ သူတို့ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးက မြို့၏တည်းခိုခန်းလေးတွင်သာ တည်းခိုကြရပြီး အခြေအနေနှင့် အသုံးအဆောင်ပစ္စည်းများမှာ အလွန်အမင်း ရိုးရှင်းလွန်းလှသည်။
ထို့ကြောင့် လာမည့်နှစ်ရက်အတွင်း ကောင်းမွန်စွာအနားယူရန်အတွက် ပိုမိုကောင်းမွန်သောဟိုတယ်တစ်ခုကိုရှာဖွေရန် စဉ်းစားလိုက်ပြီး သူမ၏လက်ထောက်ဖြစ်သူ ရှောင်ခဲ့ဘက်သို့ လှည့်ကာပြောလိုက်သည်။
“ရှောင်ခဲ့၊ အနီးအနားက ဟိုတယ်ကောင်းကောင်းတစ်ခုလောက် ရှာပေးနိုင်မလား၊ ဒီနှစ်ရက်အတွင်း သေချာလေးအနားယူပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်လို့၊ ဟူး... ပြီးခဲ့တဲ့ တစ်လလုံးလုံး နေ့ရောညပါ အလုပ်တွေ လုပ်နေရတော့ မျက်နှာတစ်ခုလုံးလည်း ကြမ်းတမ်းနေပြီ၊ ခန္ဓာကိုယ်ကလည်း အရမ်းကိုပင်ပန်းနေတယ်၊ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေပူစမ်းသွားစိမ်ချင်လိုက်တာ”
56
လက်ထောက်လေး ရှောင်ခဲ့သည် သူမအနုပညာရှင်၏ ပြောစကားကို ကြားသည်နှင့် ဖုန်းကိုထုတ်ကာ ချက်ချင်း ရှာဖွေလိုက်သည်။
ချူဖေးဖေး၏ နှုတ်ဖျားမှ ရေပူစမ်း ဟူသော စကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖုန်းကပဲ နားထောင်နေလေသလား မသိ၊ ဖြောင်ဖြောင်ထွမ် ဝက်ဘ်ဆိုက်၏ ပင်မစာမျက်နှာပေါ်တွင် အနီးအနားရှိ ရေပူစမ်းတစ်ခုအကြောင်း ဖော်ပြလာ၏။ သူမက ဝင်ကြည့်လိုက်ရာ သိပ်မဝေးလှကြောင်း တွေ့လိုက်ရသည်။
“အစ်မဖေးဖေး၊ ဒီနားသိပ်မဝေးတဲ့နေရာမှာ ရေပူစမ်းတစ်ခု ရှိတယ်”
“တကယ်လား”
ချူဖေးဖေး၏ မျက်လုံးများ အရောင်လက်သွားသည်။ အနုပညာလောကတွင် အလှအပကို အစဉ်အမြဲ ထိန်းသိမ်းလိုသော သူမ၏ရည်မှန်းချက်က ဤရေပူစမ်းသတင်းကြောင့် မျှော်လင့်ချက်ရောင်ခြည်သန်းသွား၏။
သူမက ရှောင်ခဲ့၏ဖုန်းကို ဆွဲယူကာ ကြည့်လိုက်သည်။ တကယ်ပင် ရှိနေသည်ကို တွေ့လိုက်ရ၏။
သေချာစစ်ဆေးကြည့်လိုက်ရာ မှတ်ချက်များအရ ဘွိုင်လာအိုးဖြင့်ကြိုထားသော ရေနွေးများမဟုတ်နိုင်ကြောင်းနှင့် တည်းခိုရန်နေရာလည်းရှိကြောင်း တွေ့လိုက်ရသည်။
ရိုက်ကူးရေးလုပ်နေသောနေရာနှင့် သိပ်မဝေးကြောင်း တွေ့ရသဖြင့် ရှောင်ခဲ့အား ဇိမ်ခံအခန်းကျယ်တစ်ခန်းကို နှစ်ညစာ ဘိုကင်လုပ်ခိုင်းပြီး ရေပူစမ်းကိုပါ တစ်ပါတည်းစီစဉ်ခိုင်းလိုက်သည်။
သူမတွင် ငွေကြေးပြတ်လပ်မှုမရှိသည်ဖြစ်ရာ လက်တစ်ချက်ဝှေ့ယမ်းကာ သီးသန့် ရေပူစမ်းအခန်းကို နှစ်ရက်လုံးလုံးအတွက် သိမ်းကျုံး ဘိုကင်လုပ်ပစ်လိုက်၏။
သူမ စိမ်နေစဉ်အတွင်း အခြားမည်သူ့ကိုမျှ အသုံးပြုခွင့်မပေးလိုသောကြောင့်ပင်။
ဧည့်ကြိုကောင်တာတွင် ရှိနေသော လီရှီးရှီးသည် ဆိုင်ထဲသို့ ရုတ်တရက်ဝင်လာသော နေကာမျက်မှန်တပ်ကာ မျက်နှာတစ်ခုလုံးကို မာဖလာဖြင့်ဖုံးအုပ်ထားသည့် လူတစ်ယောက်ကို အနည်းငယ် စပ်စုချင်စိတ်ဖြင့် ကြည့်နေမိသည်။
‘အိမ်ထဲရောက်တာတောင် ဘာလို့ မျက်မှန်ကို မချွတ်တာလဲ၊ အမြင်အာရုံကို တကယ်ပဲ မထိခိုက်စေဘူးလား’ ဟု တွေးတောနေမိသည်။
ချူဖေးဖေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သူကမျှ သူမကိုဂရုမစိုက်ကြောင်း သတိပြုမိသွားပြီး ဧည့်ကြိုကောင်တာသို့ အမြန်လျှောက်လာခဲ့သည်။
*လီရှီးရှီး - ငါက ကိုယ်ပျောက်နေလို့လား*
လမ်းတစ်လျှောက်တွင် သူမ အနည်းငယ်နောင်တရနေခဲ့သည်။ မြို့ထဲရှိ ကြယ်ငါးပွင့်ဟိုတယ်သို့သာ သွားသင့်ခဲ့၏။
ရုတ်တရက် ဘာစိတ်ကူးပေါက်ပြီး ဤယာတောအိမ်သို့ ရောက်လာခဲ့ရသနည်း။ ဤယာတောအိမ်၏ ရီဗျူးများက အလွန်ကောင်းမွန်နေပါစေ၊ ကြယ်ငါးပွင့်ဟိုတယ်က အိပ်ရတာ ပိုမိုသက်သောင့်သက်သာရှိပြီး ဝန်ဆောင်မှုကလည်း သေချာပေါက် ပိုမိုပြည့်စုံမည်မှာ အထင်အရှားပင်။
ဇာတ်လမ်းတွဲများတွင် ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လာရေး ရည်မှန်းချက်နှင့်အညီ ဇိမ်ကျကျနေထိုင်လိုသော သူမ၏စိတ်ကူးများက လွန်ဆွဲနေခဲ့သည်။
ခုနက ရေပူစမ်းကြောင့်သာ မျက်စိစုံမှိတ်ပြီး ဆုံးဖြတ်လိုက်မိခြင်းဖြစ်ပေမည်။ ဤနေရာရှိ တည်းခိုခန်းနှင့် ဝန်ဆောင်မှုက သူမ၏စံနှုန်းများနှင့် မပြည့်မီပါက ရေပူစမ်းတစ်ခါစိမ်ပြီးသည်နှင့် ချက်ချင်း အခန်းအပ်ကာ ထွက်ခွာသွားမည်ဟု တွေးထားလိုက်သည်။
သူမ ဧည့်ကြိုကောင်တာသို့ ရောက်ရှိလာသောအခါ ဧည့်ကြိုကောင်မလေး၏ နှုတ်ခမ်းများက နီရဲနေပြီး သွားများက ဖြူဖွေးနေကာ မျက်နှာအသွင်အပြင်က အလွန်ပေါ်လွင်ထင်ရှားလွန်းကာ သူမထက်ပင် လှပနေကြောင်း တွေ့လိုက်ရသည်။
အခြားတစ်ယောက်၏ရုပ်ရည်က သာမန်မျှသာဖြစ်သော်လည်း အသားအရေက အလွန်ကောင်းမွန်ပြီး နူးညံ့သိမ်မွေ့သော အလှလေးတစ်ဦးနှင့် တူလှ၏။
ဤနေရာရှိ ဝန်ထမ်းများအားလုံးက တော်တော်လေး ဆွဲဆောင်မှုရှိကြသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ ဖျော်ဖြေရေးလောကတွင်ကျင်လည်ခဲ့သော သူမ၏အတွေ့အကြုံများအရ ထိုမိန်းကလေးနှစ်ဦးလုံးမှာ မိတ်ကပ် လုံးဝမလိမ်းထားကြောင်း သတိပြုမိလိုက်လေ၏။
သူမ၏အခန်းကတ်ကို ကိုင်တွယ်ဆောင်ရွက်ပေးနေသော ကောင်မလေးကိုကြည့်ရင်း စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။
‘ဒီလိုရုပ်ရည်မျိုးနဲ့ ဒီယာတောအိမ်မှာ ဧည့်ကြိုဝန်ထမ်းအဖြစ် ဘာလို့နေနေရတာလဲ၊ အွန်လိုင်းမှာ လိုက်ဖ်လွှင့်လိုက်ရုံနဲ့တင် ဒီထက်အများကြီး ပိုရှာလို့ရနေတာကို’
သို့သော် ဤအရာများက ပုဂ္ဂိုလ်ရေးရွေးချယ်မှုများလည်း ဖြစ်နိုင်လေသည်။ ‘သူတို့က နာမည်ကြီးဖို့ကို စိတ်မဝင်စားတာလည်း ဖြစ်နိုင်တာပဲ' ဟု တွေးလိုက်သည်။
ချူဖေးဖေးက သူမ၏မှတ်ပုံတင်ကတ်ကို မျက်နှာချင်းဆိုင်ရှိ လီရှီးရှီးထံ ကမ်းပေးလိုက်ပြီး နေကာမျက်မှန်ကို ချွတ်လိုက်သည်။
နာမည်ကြီးဇာတ်လမ်းတွဲအတော်များများတွင် အရေးပါသော ဇာတ်ကောင်နေရာမှ ပါဝင်ခဲ့ဖူးသဖြင့် လူအများ မှတ်မိလိမ့်မည်ဟုထင်ကာ သူမ ကြိုတင် ပြင်ဆင်ထား၏။
ယေဘုယျအားဖြင့် ဇာတ်လမ်းတွဲများ ကြည့်လေ့ရှိသော ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်အရွယ် မိန်းကလေးများက အနည်းဆုံးတော့ သူမ၏နာမည်ကို သိနိုင်မည်မှာသေချာသည်။
‘ဒီမိန်းကလေးနှစ်ယောက် အရမ်းကြီးစိတ်လှုပ်ရှားမသွားဖို့နဲ့ တခြားသူတွေရဲ့ အာရုံစိုက်မှုကို မဆွဲဆောင်မိဖို့သာ မျှော်လင့်ရမယ်၊ အဲဒီလိုဆိုရင်တော့ လက်မှတ်ထိုးပေးလိုက်တာ ပြဿနာ မရှိပါဘူး' ဟု တွေးထားလိုက်သည်။
သို့သော် မှတ်ပုံတင်ကတ်ကိုယူလိုက်သော လီရှီးရှီးမှာ ဘာတုံ့ပြန်မှုမှမရှိသလို၊ ဘေးနားရှိ စွန်းရှောင်ယွင်ကပါ သူမ မျက်မှန်ချွတ်လိုက်သည်ကို မြင်သော်လည်း လုံးဝ စိတ်ဝင်စားပုံမရချေ။ ထိုခဏတွင် ချူဖေးဖေး၏နှုတ်ခမ်းပေါ်ရှိ အပြုံးများပင် တောင့်တင်းသွားရသည်။
သူမက ခင်မင်ရင်းနှီးမှုကိုပြသရန် ရည်ရွယ်ထားသော်လည်း မျက်နှာချင်းဆိုင်ရှိလူနှစ်ဦးကမူ သူမအား သူစိမ်းတစ်ယောက်လိုဆက်ဆံကာ မှတ်ပုံတင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် အခန်းနေရာအတည်ပြုခြင်းတို့ကိုသာ လုပ်ဆောင်နေကြသည်။
တကယ်တမ်းတွင် လီရှီးရှီးနှင့် စွန်းရှောင်ယွင်တို့နှစ်ဦးအတွက် သူမသည် သာမန်ဧည့်သည်တစ်ဦး သက်သက်သာ။ ဤမိန်းကလေးနှစ်ဦးလုံးမှာ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာခဲ့ရပြီး အနုပညာရှင်များကို အားပေးထောက်ခံရန် တစ်ခါမျှမတွေးဖူးခဲ့ကြချေ။
ထို့အပြင် ယခုအခါ ယာတောအိမ်၏ အရောင်းအဝယ်က အတော်လေးကောင်းမွန်နေသဖြင့် လီရှီးရှီးမှာ ဇာတ်လမ်းတွဲများကြည့်ရန် အချိန်ပင်မရှိတော့ချေ။ အကယ်၍ ယနေ့ ဧည့်ကြိုကောင်တာတွင် ဆူးဟွေ့ဟွေ့ ဒါမှမဟုတ် ယန်ယွဲ့ယန်တို့ ရှိနေခဲ့လျှင်တော့ သူမကို မှတ်မိကောင်းမှတ်မိနိုင်ပေမည်။
ကံဆိုးစွာဖြင့် တီဗွီဇာတ်လမ်းတွဲ လုံးဝမကြည့်သော မိန်းကလေးနှစ်ဦးနှင့် လာတွေ့နေသည်။ ချူဖေးဖေးက သူမရှေ့ရှိ ကောင်မလေး၏ လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်နေရင်း ကောင်မလေးမှာ အလုပ်ထဲတွင်သာ လုံးဝနစ်မြုပ်နေကြောင်း သတိပြုမိသွား၏။
သူမက မျက်နှာကို လက်ဖြင့်စမ်းလိုက်မိပြီး ‘အခုတလော အရမ်းပင်ပန်းနေလို့ ငါ့ရုပ်က ငါနဲ့မတူတော့လို့များလား' ဟု တွေးတောနေမိသည်။
‘ကောင်းကောင်းအနားယူဖို့ လိုနေပြီပဲ၊ ပြီးတော့ ချူဖေးဖေးဆိုတာက အနုပညာနာမည်လေ၊ ငါ့နာမည်ရင်းက အဲဒါမှမဟုတ်တာ၊ ဒါကြောင့် မှတ်ပုံတင်ထဲကနာမည်ကို မြင်ပြီးတော့ ငါက ချူဖေးဖေးမဟုတ်ဘူးလို့ ထင်သွားတာများလား' သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
လီရှီးရှီးက အခန်းကတ်လုပ်ပေးပြီးသည်နှင့် သူမနှင့် လက်ထောက်ဖြစ်သူတို့ အခန်းကိုအရင်ကြည့်ရန် အပေါ်ထပ်သို့ တက်သွားကြသည်။
လီရှီးရှီးက စွန်းရှောင်ယွင်ကို တံတောင်ဖြင့်တွတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီကောင်မလေးက ဘာလို့ အမြဲတမ်း နေကာမျက်မှန်တပ်ထားရတာလဲ၊ မျက်လုံး တစ်ခုခုဖြစ်နေလို့များလားလို့ ထင်နေတာ၊ ဒါပေမဲ့ မျက်နှာကိုစကင်ဖတ်ဖို့ မျက်မှန်ချွတ်လိုက်တော့လည်း ဘာမှမဖြစ်ပါဘူး”
စွန်းရှောင်ယွင်ကလည ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်၏။ “မသိပါဘူးဟာ၊ ဒါပေမဲ့ ဒီကောင်မလေးက အရမ်းလှတာပဲ၊ ဘာလို့ မျက်နှာကိုဖုံးထားလဲတော့မသိဘူး၊ တကယ်နှမြောစရာပဲ”
ဤနေရာတွင် ဓာတ်လှေကားမရှိမှန်း ချူဖေးဖေး တွေ့ရှိသွားသည်။ ကံကောင်းထောက်မစွာဖြင့် စတုတ္ထထပ်က အရမ်းမမြင့်လှသဖြင့် သူမနှင့် လက်ထောက်ဖြစ်သူတို့ လှေကားမှသာတက်လာခဲ့ကြ၏။
အွန်လိုင်းတွင် အခန်းပုံများကို အများကြီးမြင်ဖူးခဲ့သော်လည်း ဖိုတိုရှော့လုပ်ထားခြင်း ဟုတ်မဟုတ် မည်သူသိနိုင်မည်နည်း။ ကံကောင်းစွာဖြင့် တံခါးကိုဖွင့်ကြည့်လိုက်သောအခါ ပုံထဲကအတိုင်း အရာအားလုံးက သပ်ရပ်စနစ်ကျနေကြောင်း တွေ့လိုက်ရသည်။
လက်ထောက်ဖြစ်သူ၏အခန်းက အောက်ထပ်တွင်ဖြစ်ရာ ရှောင်ခဲ့ကို အရင်ဆင်းခိုင်းလိုက်သည်။ ဤတစ်လလုံး သူမ အလုပ်ကြိုးစားခဲ့ရရုံသာမက လက်ထောက်ဖြစ်သူကလည်း သူမနှင့်အတူ ညဉ့်နက်သည်အထိ နေပေးကာ ကားမောင်းပေးခဲ့ရသဖြင့် အလွန်ပင်ပန်းနေခဲ့ချေပြီ။
သူမသည် နှလုံးသားမည်းညစ်သော သူဌေးတစ်ယောက်မဟုတ်သဖြင့် လက်တစ်ချက် ဝှေ့ယမ်းကာ လက်ထောက်ဖြစ်သူကိုလည်း သွားနားရန် ပြောလိုက်သည်။ သူမကိုယ်တိုင်လည်း သေချာပေါက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရန်လိုအပ်နေ၏။
သူမ တစ်နေ့တာလုံးနီးပါး အိပ်မောကျသွားပြီး အပြင်ဘက်တွင် လုံးဝမှောင်မိုက်သွားချိန်မှသာ နိုးလာခဲ့သည်။ ကုတင်ပေါ်တွင် လှဲလျက် အချိန်ကိုကြည့်လိုက်ရာ ည ခုနစ်နာရီပင် ကျော်လွန်နေပြီဖြစ်၏။ သူမ မနေနိုင်ဘဲ အကြောဆန့်လိုက်မိသည်။
ဤမျှလောက် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရသည်မှာ အတော်လေးကြာမြင့်နေလေပြီ။ သက်သောင့်သက်သာရှိသော အိပ်ရာ၏အထိအတွေ့က သူမ၏ခန္ဓာကိုယ်ကို နွေးထွေးစေသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖိအားများစွာခံစားခဲ့ရပြီး တစ်ခါတစ်ရံ အိပ်ပျော်ရန် အိပ်ဆေးများကိုပင် အားထားခဲ့ရသည်။
နောက်ပိုင်းတွင် တိုင်းရင်းဆေးဆရာကြီး တစ်ဦးက ကုသပေးခဲ့သော်လည်း အိပ်စက်ခြင်းက အလွန်နည်းပါးနေဆဲဖြစ်ပြီး အပြင်ဘက်မှ အသံကျယ်ကျယ်လေး ကြားသည်နှင့် ချက်ချင်း နိုးလာတတ်သည်။
အသံတိတ်နားကြပ်များ တပ်ထားလျှင်တောင် ဤပြဿနာကိုမရှောင်လွှဲနိုင်ဘဲ ညဘက်များတွင် မကြာခဏနိုးလာတတ်သော်လည်း ယနေ့တွင်မူ ထူးထူးခြားခြား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့် လက်ထောက်ဖြစ်သူထံ ဖုန်းဆက်လိုက်၏။
“ဟယ်လို ရှောင်ခဲ့၊ အောက်ဆင်းပြီး ဟင်းရွက်ကြော်လေးနည်းနည်းလောက် လာပို့ပေးခိုင်းလို့ရမလား၊ အာ... စားဖိုမှူးကို ဆီအရမ်းမများဖို့နဲ့ ပေါ့ပေါ့ပါးပါးလေးပဲချက်ပေးဖို့ သေချာမှာလိုက်ဦးနော်”
“ဟုတ်ကဲ့ အစ်မဖေးဖေး၊ ကျွန်မ အခုပဲဆင်းသွားလိုက်ပါ့မယ်၊ မိုးလည်းတိတ်သွားပြီဆိုတော့လေ၊ ဒါနဲ့ အစ်မဖေးဖေး... ထမင်းစားပြီးရင် ရေပူစမ်းသွားစိမ်မှာလား”
‘မိုးတိတ်သွားပြီ ဟုတ်လား၊ ဘယ်တုန်းကမိုးရွာသွားလို့လဲ'
ချူဖေးဖေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ဘာအသံမှ မကြားလိုက်ရသဖြင့် သူမက မေးလိုက်သည်။
“ဒီနေ့ မိုးရွာလို့လား၊ အစ်မ တစ်မွန်းလွဲလုံးအိပ်နေတာ ဘာအသံမှမကြားလိုက်ဘူး”
“ဒီနေ့နေ့လယ်က လေတွေအရမ်းတိုက်ပြီး မိုးသည်းကြီးမည်းကြီး ရွာသွားတာလေ၊ အစ်မဖေးဖေး မကြားလိုက်ဘူးလား”
ရှောင်ခဲ့မှာလည်း အနည်းငယ်အံ့သြသွားသည်။ သူမက အစ်မဖေးဖေးနှင့် အတူ အလုပ်လုပ်လာသည်မှာ နှစ်နှစ်ရှိပြီဖြစ်ရာ အစ်မဖေးဖေးမှာ အသံအနည်းငယ်ကြားရုံဖြင့် မကြာခဏ လန့်နိုးတတ်ကြောင်း သဘာဝကျကျပင် ကောင်းကောင်းသိထားသည်မဟုတ်လော။