← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

57

ချူဖေးဖေးက အတွေးနယ်ချဲ့နေမိသည်။ ဤတစ်လလုံးသူမ အလွန်အမင်းပင်ပန်းနွမ်းနယ်နေခဲ့သောကြောင့် ဤမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်။

‘ငါ အိပ်မပျော်တာက အလုပ်မလုပ်ဘဲ သက်သောင့်သက်သာ နေရတာကြောင့်များလား’

အတွေးများကပို၍ လွင့်မျောသွားသည်။ ‘ကျေးလက်တောရွာမှာ တစ်နေ့လောက်အလုပ်သွားလုပ်ကြည့်ရင်ရော ငါပင်ပန်းပြီး ချက်ချင်းအိပ်မောကျသွားမလား။ ငါက အရမ်းကို နုနယ်သိမ်မွေ့လွန်းနေတာကြောင့်အိပ်မပျော်တဲ့ ရောဂါစွဲကပ်နေတာများလား’ဟု တွေးကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်မိသည်။

အနုပညာလောကတွင် အလှအပနှင့် ကျော်ကြားမှုကို အစဉ်အမြဲ ထိန်းသိမ်းလိုသော သူမ၏ ရည်မှန်းချက်များက ဤနုနယ်မှုများအောက်တွင် ဖုံးကွယ်နေတတ်၏။

ဖုန်းတစ်ဖက်မှ ရှောင်ခဲ့က သူမကို ခေါ်နေဆဲပင်။ ချူဖေးဖေး သတိပြန်ဝင်လာပြီး စကားပြန်ပြောလိုက်သည်။

“ခဏနေကျရင် အစ်မဆီ ဟင်းတွေအရင်လာပို့ပေး၊ ရေပူစမ်း မစိမ်ခင် နည်းနည်းလောက် စားသွားမလို့၊ အာ... ပြီးတော့ သောက်စရာ အချိုရည်တစ်ခုခုရှိလား၊ ရေပူစမ်းစိမ်ရင်းနဲ့ အချိုရည်လေး သောက်ရတာကို အစ်မသဘောကျတယ်၊ ဒါပေမဲ့ သကြားထပ်ထည့်ထားတာမျိုးတော့ မဟုတ်ဘူးနော်၊ အဲဒါလေးပါ တစ်ခါတည်းစီစဉ်ပေးလို့ရမလား”

ရှောင်ခဲ့က လိမ္မာရေးခြားရှိစွာ သဘောတူလိုက်ပြီး ဖုန်းချသွား၏။ ထို့နောက် သူမ၏နားထင်ကို ပွတ်ရင်း စိတ်ထဲမှ ညည်းတွားနေမိသည်။

‘ဒီလို ခေါင်ဖျားတဲ့တောင်ပေါ်မှာ ဘာအချိုရည်တွေများ ရှိနိုင်မှာလဲ၊ အနီးအနားမှာ နို့လက်ဖက်ရည်ဆိုင်တောင် ရှိပုံမရဘူး၊ ထားလိုက်ပါတော့၊ အရင်သွားမေးကြည့်တာပေါ့’

မူလက ချူဖေးဖေးမှာ နေ့စဉ် ဟင်းသီးဟင်းရွက်များကိုသာ စားနေရကာငြီးငွေ့နေပြီး ဟင်းအနည်းငယ်ကိုသာ မြည်းစမ်းကြည့်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ဤနေရာရှိ ဟင်းသီးဟင်းရွက်များက မထင်မှတ်လောက်အောင် အရသာရှိပြီး ဝါးလိုက်တိုင်း သဘာဝအချိုဓာတ်လေးများ စိမ့်ထွက်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူမ မနေနိုင်တော့ဘဲ ဟင်းသီးဟင်းရွက် ပန်းကန်ကြီး တစ်ခုလုံးကို ပြောင်သလင်းခါအောင် စားပစ်လိုက်မိ၏ စားပြီးသွားချိန်တွင် လေတချဉ်ချဉ်ပင် တက်လာတော့သည်။ သူမ၏ ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ‘ဒီည ဒီလောက် အများကြီး စားလိုက်တာ ဝများ ဝသွားမလား’ ဟု စိုးရိမ်စိတ်လေးဝင်လာ၏။

‘ဒါတွေ အကုန်လုံးက ဟင်းသီးဟင်းရွက်တွေချည်းပဲဆိုတော့ ကိစ္စတော့ မရှိလောက်ပါဘူးလေ’

‘ဤနေရာရှိ ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးက ဤမျှလောက် ကောင်းမွန်နေမည်’ ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ သူမ၏ အိမ်တော်ထိန်းက နိုင်ငံခြားဖြစ် ကုန်တိုက်ကြီးများမှ ဝယ်လာသော ဟင်းသီးဟင်းရွက်များထက်ပင် အများကြီး သာလွန်နေသေးသည်။ ‘နောက်နှစ်ရက်နေ၍ ရိုက်ကူးရေးအဖွဲ့ဆီ ပြန်သွားသည့်အခါ ဤနေရာမှ ဟင်းသီးဟင်းရွက် အချို့ကို ဝယ်သွားရန် လက်ထောက်ဖြစ်သူအား ခိုင်းရမည်’ ဟု စိတ်ကူးလိုက်သည်။ ဤဟင်းသီးဟင်းရွက်များက တကယ့်ကို အံ့မခန်းပင်ဖြစ်၏။

အစားအများကြီး စားထားမိထားသဖြင့် နာရီဝက်ခန့် အနားယူပြီးနောက်မှ အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ လက်ထောက်ဖြစ်သူက လက်ဖက်ရည် တစ်အိုးကို ယူလာပေးနှင့်ပြီးပြီပင်။

“အစ်မ၊ ကျွန်မ စုံစမ်းကြည့်တော့ ဒီက ဇီးသီးလက်ဖက်ရည်က တော်တော်လေးထူးခြားတယ်တဲ့၊ သောက်ဖူးတဲ့သူတိုင်း နောက်တစ်အိုး ထပ်မှာကြတယ်လို့ ပြောတယ်၊ ပြီးတော့ သကြား လုံးဝ ထပ်မထည့်ထားပေမယ့် သဘာဝအတိုင်း ချိုနေတာတဲ့၊” ရှောင်ခဲ့က ရှင်းပြ၏။

“အိုကေ ပင်ပန်းသွားပြီ၊ ကော်ဖီစားပွဲပေါ်မှာပဲ တင်ထားလိုက်၊ ခဏနေ အစ်မ သောက်လိုက်မယ်” ချူဖေးဖေးက ပြန်ပြောလိုက်သည်။

ချူဖေးဖေးသည် ရေပူစမ်းထဲတွင် တစ်ကိုယ်လုံးကို နှစ်မြှုပ်လိုက်သည်။ ဤနေရာရှိ ရေပူစမ်းရေတွင် ကန့်နံ့သင်းသင်းလေး ပါဝင်နေသော်လည်း လုံးဝ စူးရှလွန်းခြင်း မရှိဘဲ စိတ်အေးချမ်းကာ သက်သောင့်သက်သာရှိသော ခံစားမှုကိုသာ ပေးစွမ်းသည်။

ရေပူစမ်း စိမ်နေစဉ်အတွင်း ချူဖေးဖေး၏ ပင်ပန်းနွမ်းနယ်မှုများ အားလုံး လွင့်စင်သွားသည်ဟု ခံစားလိုက်ရသည်။ ယနေ့စောစောက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ အားမပြည့်သေးချေ။

ညနေခင်း ရေပူစမ်း စိမ်ချိန်သို့ ရောက်မှသာ မျက်လုံးများကို မှိတ်ထားရင်း ကလေးဘဝက မိခင်၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေရသကဲ့သို့ နွေးထွေးလုံခြုံမှုကို အပြည့်အဝ ခံစားလိုက်ရ၏။ ရေပူစမ်းထဲမှ ထွက်လာချိန်တွင်တော့ သူမ၏ မျက်နှာလေးမှာ ဝင်းလက်တောက်ပနေပြီး ခွန်အားများ အပြည့်အဝ ပြန်လည် ရရှိနေပြီဖြစ်သည်။

ကင်မရာရှေ့တွင် အလှပဆုံ ပုံရိပ်ကို အမြဲတမ်း ထိန်းသိမ်းထားလိုသော မင်းသမီးတစ်လက်၏ အိပ်မက်များက ပြန်လည် ရှင်သန်လာ၏။

သူမက မျက်နှာသုတ်ပုဝါဖြင့် ရေများကို သုတ်သင်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမရှေ့ရှိ ဇီးသီးလက်ဖက်ရည်ကို ယူကာ ခွက်ထဲသို့ ငှဲ့ပြီး သောက်လိုက်သည်၏။ လက်ဖက်ရည်၏ အရသာက သူမကို ချက်ချင်း ဖမ်းစားသွားတော့၏။ ‘ဒါကို ဘယ်လို ဖျော်ထားတာလဲ၊ အရမ်းကို အရသာရှိလွန်းတယ်’

သူမက နှုတ်ခမ်းကို သပ်လိုက်ပြီး နောက်ထပ်တစ်ခွက်ကို မနေနိုင်ဘဲ ထပ်သောက်လိုက်မိ၏။ ထို့နောက် ရေထဲသို့ပြန်ဆင်းကာ အချိန်အတော်ကြာ ဆက်စိမ်နေလိုက်သည်။ ဤနေရာရှိ ရေပူစမ်းက အလွန်အမင်း သက်သောင့်သက်သာ ရှိလွန်းပြီး ပင်ပန်းမှုအားလုံးကို တံမြက်စည်းနှင့် လှဲလိုက်သည့်နှယ် ဖယ်ရှားပေးနိုင်စွမ်းရှိ၏။

ဤရေပူစမ်းကြီးသာ သူမ ရိုက်ကူးရေးသွားရာနောက်သို့ လိုက်လာနိုင်လျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ထိုသို့သာဆိုလျှင် သူမ၏ အလှအပနှင့် ကျန်းမာရေးကို အချိန်တိုင်း အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားနိုင်မည်မှာ သေချာ၏။

ရေပူစမ်းထဲမှ ထွက်လာချိန်တွင် အလွန် ညဉ့်နက်နေပြီဖြစ်ရာ ဧည့်ခန်းမကို ဖြတ်သွားချိန် ဧည့်ကြိကောင်တာတွင် လီရှီးရှီးတစ်ယောက်တည်းသာ ရှိတော့သည်။ လီရှီးရှီးက အလွန်လှပသော်လည်း သူစိမ်းဆန်သော ဤဧည့်သည်ကို ကြည့်ကာ ဖော်ရွေစွာ ပြုံးပြလိုက်၏။

ချူဖေးဖေးက ယခုအခါ နာမည်ကြီး မင်းသမီးတစ်ယောက်၏ ဟန်ပန်များကို ဘေးဖယ်ထားလိုက်ပြီး သူမကို နှောင့်ယှက်နေသော မေးခွန်းတစ်ခုကို စမေးလိုက်သည်။ တကယ်တမ်းတွင် သူမ ဤနေရာသို့ ရောက်ရောက်ချင်းကတည်းက သတိထားမိခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ ဝန်ထမ်းများ အားလုံးမှာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး အသားအရေ အလွန်အမင်း ကောင်းမွန်နေကြသည် မဟုတ်ပါလား။

လူတစ်ယောက်၊ နှစ်ယောက်လောက် အသားအရေ ကောင်းနေလျှင် သဘာဝအတိုင်းဟု ဆိုနိုင်သော်လည်း နှစ်ဆယ်ကျော်အရွယ် ဧည့်ကြိုကောင်မလေးဖြစ်စေ၊ ထိပ်ပြောင်နေသော ဦးလေးကြီးဖြစ်စေ အားလုံး၏ အသားအရေက ပြောင်စင်နေသည်၏။

(ရွှီဖျင်ရီ - အဟွတ်၊ အဟွတ်၊ ငါက ပါလာပြန်ပြီ၊ ငါ့ကို ပြီးခဲ့တဲ့လက လီရှီးရှီးကို ယာတောအိမ်ကုန်ကျစရိတ်တွေ အစီရင်ခံဖို့ ဖြတ်သွားရင်းနဲ့ ချူဖေးဖေး မြင်သွားတာ၊ ငါ့ရဲ့ ဆံပင်ပုံစံက သူ့ကို အသက်ပိုကြီးသလို ဖြစ်သွားစေရုံလေးပါ၊ အဲဒါလေးပါပဲ၊ အဲဒါလေးပါပဲ၊ အဲဒါလေးပါပဲ)။

သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်ရှိ အသားအရေများက တကယ်ကို ကောင်းမွန်လွန်း၏။ ထိုဦးလေးကြီး၏ မျက်နှာကပင် ဖြူဝင်းနေသေးသည်။

‘ဒီလူသာ ဆံပင်တု စွပ်လိုက်ရင် အနည်းဆုံး ဆယ်နှစ်လောက်ပိုနုသွားမှာသေချာတယ်’ ချူဖေးဖေး တွေးလိုက်မိသည်။

“ညီမလေး၊ ဒီမှာရှိတဲ့ လူတွေအကုန်လုံးက အသားအရေကို ဘယ်လို ထိန်းသိမ်းကြတာလဲ၊ မင်းတို့ မျက်နှာတွေမှာ ချွေးပေါက်တွေ၊ ဝက်ခြံတွေ လုံးဝ မရှိတာကို အစ်မ သတိထားမိတယ်၊ အဲဒါ ဘယ်လို လုပ်တာလဲ” ချူဖေးဖေးက စပ်စုလိုက်၏။

လီရှီးရှီးမှာ စိတ်ထဲတွင် အံ့အားသင့်သွားရသည်။ ပုံမှန်အားဖြင့် ဤနေရာသို့ လာရောက်သော အမျိုးသမီး ဧည့်သည်တိုင်းက သူတို့၏ မရှိမဖြစ် ဆပ်ပြာငယ်ကို မပါမဖြစ် ဝယ်ယူကြသည်။

ထိုဆပ်ပြာက အသားအရေ သန့်စင်ရာတွင် အလွန် ထိရောက်ပြီး အလှအပ ထိန်းသိမ်းရေးအတွက် အလွန် အထောက်အကူ ဖြစ်ကြောင်း အားလုံးက သိထားကြသော်လည်း၊ သူမရှေ့ရှိ ဤအလှရှင်လေးကမူ ဘာတစ်ခုမျှ သိထားပုံမရချေ။ ထို့ကြောင့် လီရှီးရှီးက ရိုးသားစွာပင် ဖြေလိုက်၏။

“ကျွန်မတို့ အားလုံးက မျက်နှာသစ်ဖို့ ကျွန်မတို့ရဲ့ သီးသန့်ဆပ်ပြာလေးကို သုံးကြပါတယ်၊ အဲဒါက ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ သန့်စင်တဲ့ အာနိသင်ကလည်း တော်တော်လေး ကောင်းပါတယ်”

ချူဖေးဖေး မှင်သက်သွားသည်။

ထို့နောက် လီရှီးရှီး၏ ရှင်းပြသံကို ဆက်လက် ကြားလိုက်ရသည်။

“အစ်မ အခန်းထဲက ရေချိုးခန်း အသုံးအဆောင်တွေထဲမှာထားထားတဲ့ လီရှန်းယာတောအိမ် လို့ စာတန်းကပ်ထားတဲ့ ဆပ်ပြာလေးလေ၊ ကျွန်မတို့ အကုန်လုံး အဲဒါနဲ့ပဲ မျက်နှာသစ်ကြတာပါ”

ဤရှင်းပြချက်ကို ကြားပြီးနောက် ချူဖေးဖေး ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရ၏။ ‘ဒါက အသားအရေ ထိန်းသိမ်းရေး ပစ္စည်းတွေ ရောင်းနေတဲ့ ဝီချက် စီးပွားရေးသမားတွေလိုပဲ လုံးဝ ယုံကြည်နိုင်စရာ မရှိဘူး’ ဆပ်ပြာလေး တစ်တုံး သုံးရုံနဲ့ ဒီဆိုင်က ဝန်ထမ်းတွေ အားလုံး အသားအရေ ဒီလောက် ကောင်းနေတယ်ဆိုတာကို သူမ ယုံကြည်ရန် အလွန် ခက်ခဲနေသည်။ ထို့ကြောင့် ဆက်မေးလိုက်၏။

“ပြီးတော့ တခြား ဘာတွေရှိသေးလဲ၊ ဆပ်ပြာအပြင် တခြား ဘာတွေ သုံးကြသေးလဲ”

လီရှီးရှီးက ခဏ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။

“အင်း၊ ကျွန်မတို့ ဆိုင်က လူတွေ အကုန်လုံးက ရေပူစမ်း စိမ်ရတာကို အရမ်းကြိုက်ကြတယ်၊ တစ်ပတ်ကို တစ်ခါလောက် စိမ်ကြတယ်၊ အဲဒါက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်လေ”

ဤအကြောင်းပြချက်ကမှ အနည်းငယ် ယုတ္တိရှိပုံရသည်။ ရေပူစမ်း စိမ်ခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရှိသည်မှာ အမှန်ပင်ဖြစ်၏။ ‘အသားအရေ ကောင်းမွန်ရခြင်းမှာ ဤရေပူစမ်း၏ ရေအရည်အသွေးက အလှအပနှင့် အသားအရေ ထိန်းသိမ်းမှုအတွက် အလွန်သင့်လျော်သော ထူးခြားချက်များ ရှိနေ၍ ဖြစ်ပေလိမ့်မည်’ ဟု ချူဖေးဖေး တွေးလိုက်သည်။

‘ဒီလိုဆိုရင်တော့ ရိုက်ကူးရေးမှာ ငါ့အလှည့်မပါတဲ့ အားလပ်ရက်တွေမှာ ရေပူစမ်းလာစိမ်ဖို့ ဒီကို နောက်ထပ်နှစ်ရက်လောက် ထပ်လာပြီး တည်းရမယ်’ ဤနေရာတွင် တည်းခိုခဲ့သော နှစ်ရက်အတွင်း သူမသည် ရေပူစမ်းစိမ်သည့်အချိန်ကို တမင်တကာပင် တိုးမြှင့်ခဲ့သည်။

နှစ်ရက်အကြာ အခန်းအပ်ပြီးပြန်ထွက်လာချိန်တွင် သူမတစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေပြီး မျက်ကွင်းညိုခြင်းများ လုံးဝ ပျောက်ကင်းသွားကာ မျက်အိတ်များမှာလည်း ခပ်ရေးရေးမျှသာရှိတော့သဖြင့် မိတ်ကပ်အနည်းငယ်လိမ်းလိုက်ရုံဖြင့် လုံးဝ သတိမထားမိနိုင်တော့ချေ။

ဒါရိုက်တာထံမှ နှစ်ရက်သာ ခွင့်တောင်းထားခဲ့ခြင်း မဟုတ်လျှင် သူမ ဤနေရာမှပြန်သွားရန်ပင် အနည်းငယ် နှမြောနေမိပေမည်။

ရိုက်ကူးရေးအဖွဲ့သို့ ပြန်ရောက်သောအခါ ဒါရိုက်တာက သူမ၏ အခြေအနေ အလွန်အမင်း ကောင်းမွန်နေပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြောင်း သတိပြုမိသွားသည်။

ရိုက်ကူးနေစဉ်အတွင်း ထပ်ခါတလဲလဲ အော်နေစရာ မလိုတော့ချေ။ ကင်မရာရှေ့ရှိ ချူဖေးဖေး၏ တောက်ပနေသော မျက်နှာလေးကို ကြည့်ရင်း ဒါရိုက်တာက သူမများ မျက်နှာ အလှပြုပြင်ဆေး ထိုးလာခဲ့တာလားဟုပင် သံသယဝင်မိသည်။

သို့သော် သူ၏ ဇာတ်လမ်းတွဲအရည်အသွေးကို မထိခိုက်သရွေ့ ဒါရိုက်တာများအနေဖြင့် ဤကဲ့သို့သော ကိစ္စများကို သဘာဝကျကျပင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

သို့သော် ချူဖေးဖေး၏ ပြောင်းလဲသွားမှုကို ဤဇာတ်လမ်းတွဲ၏ ဇာတ်ဆောင်မင်းသမီးဖြစ်သူ ကောင်းဟန်ရီက သတိထားမိသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ချူဖေးဖေး တစ်ယောက် အသက်ဝင်မှု လုံးဝမရှိဘဲ မှိုင်းညို့နွမ်းနယ်နေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ အပြင်ထွက်၍ ခရီးတိုလေးတစ်ခု သွားပြီးနောက် ပြန်ရောက်လာချိန်တွင်မူ တောက်ပရွှင်လန်းနေ၏။

အနုပညာရှင် မင်းသမီးအချင်းချင်းဖြစ်ရာ ချူဖေးဖေး ဤမျှတိုတောင်းသော အချိန်ကာလလေးအတွင်း လူစားလဲလိုက်သကဲ့သို့ ပြောင်းလဲသွားခြင်းအပေါ် ကောင်းဟန်ရီတစ်ယောက် မည်သို့သော ဆေးစွမ်းကောင်းများကို အသုံးပြုခဲ့သလဲဆိုသည်ကို မသိချင်ဘဲ နေမည်လော။

ပြိုင်ဆိုင်မှုပြင်းထန်သော အနုပညာလောကတွင် အခြားသူထက်သာလွန်လိုသော ကောင်းဟန်ရီ၏ ရည်မှန်းချက်များက ဤလျှို့ဝှက်ချက်ကိုသိရှိရန် ပြင်းပြစွာ တွန်းအားပေးနေတော့သည်။

58

“ဖေးဖေး” ဇာတ်ဆောင်မင်းသမီး ကောင်းဟန်ရီသည် သူမ၏ရေနွေးဘူးကို ကိုင်ကာ ချူဖေးဖေးထံသို့ စကားစမြည် းပြောရန် ချဉ်းကပ်လာသည်။

အတန်အသင့်သာနာမည်ကြီးသော ချူဖေးဖေးနှင့်မတူဘဲ၊ ဤဇာတ်ဆောင်မင်းသမီးမှာမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျော်ကြားသူဖြစ်၏။

သူမသည် ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ပရိသတ်များ၏မျက်စိရှေ့တွင်ပင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

အရွယ်ရောက်လာပြီးနောက်တွင်လည်း နာမည်ကြီးတီဗွီဇာတ်လမ်းတွဲများတွင် ဆက်တိုက် ပါဝင်သရုပ်ဆောင်ခဲ့ကာ မျိုးဆက်သစ် လူငယ်မင်းသမီးများကြားတွင် အလွန်ရေပန်းစားသူတစ်ဦး ဖြစ်လာခဲ့သည်။

ချူဖေးဖေး အနည်းငယ်အံ့သြသွားရ၏။ ‘ကောင်းဟန်ရီက ဘာလို့ ရုတ်တရက်ကြီး ငါ့ကို စကားလာပြောရတာလဲ' သူတို့နှစ်ဦးမှာ ဇာတ်တိုက်သည့်အချိန်များတွင် စကားအနည်းငယ်ပြောဖူးရုံမျှသာ ရှိပြီး ခေါင်းညိတ် နှုတ်ဆက်ရုံလောက်သာ ရင်းနှီးသူများဖြစ်သည်။

“ဟန်ရီ... အစ်မနဲ့ဇာတ်တိုက်မလို့လား၊ အစ်မရဲ့ဇာတ်ညွှန်းစာအုပ် သွားယူခိုင်းဖို့ ရှောင်ခဲ့ကို ချက်ချင်း ခေါ်လိုက်မယ်လေ”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ လက်ထောက်ကို ခေါ်စရာမလိုပါဘူး” ကောင်းဟန်ရီက လက်ယမ်းပြလိုက်ပြီး အနည်းငယ် နေရခက်စွာဖြင့် တိုက်ရိုက်မေးလိုက်သည်။

“မကြာသေးခင်က အစ်မ ဘယ်လိုတွေများ အသားအရေထိန်းသိမ်းနေလဲဆိုတာ သိချင်ရုံလေးပါ၊ ဒီနေ့ အစ်မကိုမြင်လိုက်တော့ ကျွန်မတောင် ကြောင်သွားတယ်၊ အစ်မမျက်နှာက ဝင်းလက်တောက်ပနေတာပဲလို့ ထင်မိလို့လေ”

လှပသောမိန်းကလေးတစ်ဦး၏ ချီးမွမ်းခြင်းကို ခံရသဖြင့် ချူဖေးဖေး သဘာဝကျကျပင် အလွန် ဝမ်းသာသွားရသည်။

သူမက နူးညံ့ပျော့ပျောင်းစွာဖြင့် ပြောလိုက်သည်။ “အို... မဟုတ်တာ၊ အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အစ်မ ကောင်းကောင်းအိပ်မပျော်ခဲ့လို့ပါ၊ ဒါပေမဲ့ ဒါရိုက်တာက မကြာသေးခင်ကမှ နှစ်ရက်ခွင့်ပေးလိုက်တယ်လေ၊ အဲဒီတော့ အိပ်ရေးဝသွားပြီး အသားအရေက သဘာဝအတိုင်း ပြန်ကောင်းလာတာပါ”

ချူဖေးဖေး စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ ‘ဒါက ငါ အခုလေးတင်ရှာတွေ့ထားတဲ့ အလှအပလျှို့ဝှက်ချက်လေ၊ တခြားသူတွေကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပြောပြလို့ရမှာလဲ၊ ဆေးသောက်စရာလည်းမလို၊ ဆေးထိုးစရာလည်း မလိုတဲ့ နည်းလမ်းကို အလကား ပေးလိုက်ရင်တော့ ငါ ရူးနေလို့ပဲ ဖြစ်ရမယ်’

ချူဖေးဖေး၏ စကားကို ကောင်းဟန်ရီက သေချာပေါက် မယုံကြည်ခဲ့ချေ။

သူတို့နှစ်ဦးလုံးမှာ အတွေ့အကြုံရင့် မြေခွေးမများ ဖြစ်ကြရာ အဘယ်ကြောင့် ကစားကွက်တွေ ဆင်နေဦးမည်နည်း။ ဤကဲ့သို့သော အလှအပလျှို့ဝှက်ချက်မျိုးကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြောပြလိမ့်မည် မဟုတ်ကြောင်းနှင့် အကျိုးအမြတ် တစ်ခုခုတော့ ပါဝင်ပတ်သက်ရမည်ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။

အနုပညာလောကတွင် အမြဲတမ်း ထိပ်တန်းနေရာ၌ ရပ်တည်လိုသော သူမ၏ရည်မှန်းချက်များက ဤအလှအပလျှို့ဝှက်ချက်ကို မရရအောင်စုံစမ်းရန် တွန်းအားပေးနေလေ၏။

ထို့ကြောင့် ကောင်းဟန်ရီက သူမ၏ နီဆွေးဆွေး နှုတ်ခမ်းအစုံကို ဖွင့်ကာ ပြောလိုက်သည်။

“ဒီဇာတ်လမ်းတွဲပြီးတာနဲ့ ကျွန်မ ချက်ချင်း S-အဆင့် သိုင်းနတ်ဘုရား ဇာတ်လမ်းတွဲတစ်ခု ရိုက်ရတော့မယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာက ဒုတိယ ဇာတ်ဆောင်မင်းသမီးနေရာအတွက် ညွှန်းချင်တဲ့သူ ရှိလားလို့ ကျွန်မကို မေးနေတယ်၊ ဒုတိယ ဇာတ်ဆောင်မင်းသမီးက အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးဆိုတော့ အစ်မရဲ့ပုံရိပ်နဲ့ တော်တော်လေး ကိုက်ညီမယ်လို့ထင်တယ်”

‘S-အဆင့် ပရောဂျက်တစ်ခုတဲ့လား’ ချူဖေးဖေး တစ်ယောက် အလွန်အမင်း စိတ်ဝင်စားသွားလေသည်။

သူမသည် နာမည်ကြီးတီဗွီဇာတ်လမ်းတွဲအများအပြားတွင် ပါဝင်ခဲ့ဖူးသော်လည်း အားလုံးမှာ ဆဋ္ဌမမြောက် သို့မဟုတ် စတုတ္ထမြောက် ဇာတ်ဆောင်မင်းသမီးနေရာများသာ ဖြစ်၏။

ယခုလက်ရှိ သမိုင်းဝင်ဇာတ်လမ်းတွဲမှ တတိယ ဇာတ်ဆောင်မင်းသမီးနေရာမှာပင် သူမအတွက် ယခုအချိန်အထိ အရေးအပါဆုံးအခန်းကဏ္ဍ ဖြစ်နေခဲ့ပြီမဟုတ်လော။

ဖျော်ဖြေရေးလောကတွင် သူမ၏ရုပ်ရည်သွင်ပြင်က အတော်လေးထင်ရှားပေါ်လွင်သည်ဟု သူမ ခံစားရသော်လည်း ကံတရားက အနည်းငယ်မျက်နှာသာမပေးခဲ့ချေ။

သူမသည် အတော်လေး မာနကြီးသူ တစ်ဦးလည်း ဖြစ်သည်။ ခေါင်းဆောင် မင်းသမီးနေရာ ပေးမည်ဟု ကမ်းလှမ်းလာသော ဒါရိုက်တာများရှိခဲ့ဖူးသော်လည်း ‘အချို့စည်းမျဉ်းများ’ ကို သူမ လုံးဝ လက်မခံလိုခဲ့ချေ။

ရလဒ်အနေဖြင့် ထိုသူ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း သူမ၏ရုပ်ရည်သွင်ပြင် သက်သက်ဖြင့်ပင် အကြိမ်အနည်းငယ်မျှ လူအများ၏အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သူမ၏ အခန်းကဏ္ဍမှာ အနည်းငယ် တိုးတက်လာခဲ့သည်။ အောင်မြင်သော ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာရေး ရည်မှန်းချက်က သူမကို အမြဲတမ်း ရှေ့သို့တွန်းပို့နေ‌ခဲ့၏။

သို့သော် ဒုတိယ ဇာတ်ဆောင်မင်းသမီး နေရာမျိုးတွင် သူမ တစ်ခါမျှမပါဝင်ခဲ့ဖူးချေ။ ထို့အပြင် ဤသည်မှာ S-အဆင့် ပရောဂျက်တစ်ခုဖြစ်ရာ သေချာပေါက် ဆိုးရွားမည်မဟုတ်ပေ။

ကောင်းဟန်ရီသည် ချူဖေးဖေး၏မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် အခွင့်အရေး ရှိပြီဖြစ်ကြောင်း သိလိုက်သည်။

ထင်သည့်အတိုင်းပင် ခဏအကြာတွင် ချူဖေးဖေး၏ တိုးညှင်းသောစကားသံကို ကြားလိုက်ရသည်။

“တကယ်တော့ အစ်မ ခွင့်ရတဲ့နှစ်ရက်အတွင်း ဘာမှ ထူးထူးခြားခြားမလုပ်ခဲ့ပါဘူး၊ အိပ်ရေးဝအောင်အိပ်ပြီး သေချာအနားယူချင်ရုံလေးပါ၊ ကွာခြားနိုင်တာ တစ်ခုတည်းကတော့ အဲဒီနှစ်ရက်လုံးလုံး အစ်မ ရေပူစမ်းသွားစိမ်နေခဲ့တာပဲ၊ ဒီတစ်ခေါက် အစ်မရှာတွေ့ခဲ့တဲ့ရေပူစမ်းက တကယ့်ကို ကွဲပြားခြားနားတဲ့ခံစားမှုကို ပေးစွမ်းနိုင်တယ်လို့ထင်တယ်၊ အရမ်းကို သက်သောင့်သက်သာရှိလွန်းတယ်၊ ရေထဲဝင်သွားပြီး သိပ်မကြာခင်မှာပဲ ပင်ပန်းနွမ်းနယ်မှုတွေအကုန်လုံး လွင့်စင်သွားသလို ခံစားလိုက်ရတယ်”

ကောင်းဟန်ရီ နားထောင်နေသော်လည်း အနည်းငယ်သံသယဝင်နေမိသည်။

သူမက ရေပူစမ်းမစိမ်ဖူးသည့်သူ မဟုတ်ချေ။ ကမ္ဘာတစ်ဝန်းရှိ ရေပူစမ်း မြောက်မြားစွာသို့ သူမ သွားရောက်ခဲ့ဖူးသည်။

ရေပူစမ်းရေက အသားအရေအတွက် ကောင်းမွန်သည်မှာမှန်သော်လည်း ပုံမှန်အားဖြင့် ရေရှည်စွဲလုပ်မှသာ အာနိသင် ပလေ့ရှိသည်မဟုတ်လော။

ချူဖေးဖေးက သူမကို အရူးလုပ်နေသလားဟုပင် သံသယဝင်မိသည်။

ကောင်းဟန်ရီ၏ သံသယဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ချူဖေးဖေး အနည်းငယ်စိုးရိမ်သွားသည်။ ရလုဆဲဆဲဖြစ်နေသော ဒုတိယ ဇာတ်ဆောင်မင်းသမီးနေရာကို အလွတ်မခံနိုင်ချေ။

ထို့ကြောင့် သူမက အမြန်ပြောလိုက်သည်။

“ဒီလိုလုပ် ဟန်ရီ၊ ညီမအားတဲ့အချိန်ကျရင် အစ်မပြောတဲ့နေရာကို အတူတူသွားပြီး ရေပူစမ်းစိမ်ကြည့်ကြတာပေါ့၊ အဲဒီကျရင် ညီမသိသွားလိမ့်မယ်”

ချူဖေးဖေး၏ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေပုံကို မြင်သောအခါ ကောင်းဟန်ရီက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလာ၏။ “မနက်ဖြန် မွန်းလွဲပိုင်းမှာ ကျွန်မ ရိုက်စရာ အခန်း မရှိဘူး၊ မွန်းလွဲပိုင်း ရိုက်ကူးရေးက ဇာတ်ဆောင်မင်းသားအတွက်ဆိုတော့ ကျွန်မ နေ့ဝက်လောက်အချိန်ပေးလို့ရတယ်”

ချူဖေးဖေး စဉ်းစားကြည့်လိုက်ရာ မနက်ဖြန်မွန်းလွဲပိုင်းတွင် သူမအတွက်လည်း ရိုက်ကူးရေးအစီအစဉ်မရှိသဖြင့် ကောင်းဟန်ရီနှင့် အတူသွားရန် အလွန်အဆင်ပြေနေသည်။

သူမက ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦး အချိန်ချိန်းဆိုလိုက်ကြသည်။

ထို့နောက် ချူဖေးဖေးက ရှောင်ခဲ့အား အစီအစဉ်များ ပြုလုပ်ရန် ခိုင်းစေလိုက်၏။

…

လီရှီးရှီးသည် စီမံခန့်ခွဲမှုစနစ်မှတစ်ဆင့် ထိုဧည့်သည်ကပင် ရေပူစမ်း သီးသန့်အခန်းတစ်ခန်းကို တစ်ရက်လုံးစာ ထပ်မံဘိုကင်လုပ်ထားကြောင်း မြင်တွေ့လိုက်ရသည်။

‘ဒီအလှရှင်လေးက တစ်ရက်လုံးစာတောင် ဘွတ်ကင်လုပ်လိုက်တယ်၊ တကယ့်ကို ရက်ရောတာပဲ’ သူမ ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်မိသည်။

ကောင်းဟန်ရီသည် ချူဖေးဖေး၏နောက်မှ လိုက်ပါလာရင်း ပို၍ပို၍ ခေါင်ဖျားလာသော လမ်းကလေးကိုကြည့်ကာ ‘ဒါက တကယ်ပဲ ယုံကြည်စိတ်ချရပါ့မလား’ ဟု တွေးတောနေမိသည်။

ရောက်သွားသောအခါ သူမ မြင်လိုက်ရသည်မှာ သာမန်ယာတောအိမ်လေးတစ်ခုသာ ဖြစ်နေ၏။

‘ချူဖေးဖေးက ငါ့ကိုများ နောက်ပြောင်နေတာလား’ သူမစိတ်ထဲ၌ တွေးလိုက်မိသည်။

‘ဘယ်လိုပဲပြောပြော ရောက်လာပြီးမှတော့ စမ်းကြည့်လိုက်တာပေါ့လေ' သူမ ရောက်လာပြီးသည်ဖြစ်ရာ စမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ရေအမြန်ချိုးပြီးနောက် သူမယူလာသော ရေကူးဝတ်စုံကို လဲဝတ်ကာ ရေပူစမ်းထဲသို့ ဖြည်းဖြည်းချင်းဆင်းသွားလိုက်သည်။

ရေကူးဝတ်စုံ လဲဝတ်ပြီးသားဖြစ်သော ချူဖေးဖေးက အားတက်သရောဖြင့် မေးလိုက်သည်။ “ဟန်ရီ... အစ်မ မျက်နှာပေါင်းတင်ကပ်ခွာတွေ ယူလာတယ်၊ ညီမ တစ်ခုလောက်ကပ်မလား”

ကောင်းဟန်ရီက ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရာ သူမ ပုံမှန်သုံးနေကျ အမှတ်တံဆိပ် မဟုတ်ကြောင်း တွေ့လိုက်ရသည်။

သူမ၏ အသားအရေက ထိခိုက်လွယ်သဖြင့် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်၏။ “မကပ်တော့ဘူး အစ်မ၊ ကျွန်မ ကိုယ်တိုင် ယူလာပါတယ်”

ကောင်းဟန်ရီ ရေပူစမ်းထဲရောက်သည်မှာ သိပ်မကြာသေးသော်လည်း တင်းမာနေသော သူမ၏အာရုံကြောများ ပြေလျော့သွားသည်ကို အမှန်တကယ်ပင် ခံစားလိုက်ရသည်။

အဆင့်မြင့် တစ်ကိုယ်လုံး စပါးလုပ်ထားပြီးသကဲ့သို့ပင်။

……

“အစ်မဖေးဖေး၊ အစ်မညွှန်းတဲ့ ဒီနေရာက တကယ်ကိုကောင်းတာပဲ၊ ရေအပူချိန်ကလည်း အနေတော်လေးပဲ၊ ခန္ဓာကိုယ်ထဲက ဖိစီးမှုတွေအကုန်လုံး ဆေးကြောခံလိုက်ရသလိုပဲ”

ကောင်းဟန်ရီက သူမ၏လည်ပင်းကို ပွတ်သပ်ရင်း ပြောလိုက်၏။

အသားအရေအတွက် ကောင်းမကောင်းကို သူမ သတိမထားမိသေးသော်လည်း ဤနေရာသို့ နောက်ထပ်လာချင်စိတ်တော့ အပြည့်အဝ ရှိနေပြီဖြစ်သည်။

ဖိစီးမှုများကို ပြေလျော့စေနိုင်ခြင်းက တကယ့်ကို ကောင်းမွန်လွန်းလှ၏။

ချူဖေးဖေး ကလည်း ပြုံးကာ ပြန်ဖြေသည်။ “အစ်မ ပြောသားပဲ၊ ဒီက ရေအရည်အသွေးက တကယ်ကိုကောင်းတာ၊ အရင်တစ်ခေါက် အစ်မ ရေချိုးပြီးသွားတော့ တစ်ကိုယ်လုံးကအသားအရေတွေ အတော်လေးပိုနူးညံ့သွားတာကို ခံစားလိုက်ရတယ်၊ အစ်မ ခြေသလုံးတွေဆို ဆောင်းတွင်းရောက်တိုင်း အမြဲတမ်းခြောက်သွေ့ပြီး အဖတ်တွေ းကွာတတ်တာ၊ ဘယ်လောက်ဈေးကြီးတဲ့ ခန္ဓာကိုယ်လိမ်း လိုးရှင်းကိုပဲ သုံးသုံး အလကားပဲ၊ ဒါပေမဲ့ အရင်တစ်ခေါက် ဒီကနေပြန်သွားကတည်းက အစ်မခြေထောက်တွေ လုံးဝ အဖတ်မကွာတော့ဘူး၊”

“တကယ်လား၊ အတော်ပဲ၊ ကျွန်မတို့ ရိုက်ကူးရေးလုပ်နေတဲ့နေရာနဲ့လည်း နီးနေတာဆိုတော့ နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်လာလို့ရတာပေါ့၊ အာ... ဟုတ်သားပဲ၊ ကျွန်မ အစ်မကို ခန္ဓာကိုယ်နှိပ်နယ်တဲ့ဆီတစ်မျိုး ညွှန်းပေးမယ်၊ ကျွန်မ အရင်ကသုံးဖူးတာ တော်တော်လေးကောင်းတယ်၊ ခန္ဓာကိုယ်လိမ်း လိုးရှင်းထက်တောင် ပိုပြီး အစိုဓာတ်ထိန်းပေးနိုင်တယ်...”

ရေပူစမ်း အတူတူ စိမ်လိုက်ရခြင်းက သူတို့နှစ်ဦးကို အမှန်တကယ်ပင် ပိုမိုရင်းနှီးသွားစေခဲ့၏။

ရေပူစမ်းစိမ်ပြီးနောက် အားလပ်ချိန်ရတိုင်း လာရောက်စိမ်နိုင်ရန်အတွက် ဤနေရာတွင် သီးသန့်အခန်းတစ်ခန်းကို အတူတူ လစဉ်ဘိုကင်လုပ်ထားရန် တိုင်ပင်လိုက်ကြသည်။

လစဉ်ပက်ကေ့ချ်ဝယ်ယူလိုသော သူမရှေ့ရှိ အလှရှင်လေးနှစ်ဦးကို ကြည့်ကာ လီရှီးရှီး၏မျက်နှာပေါ်တွင် ဝမ်းသာပီတိအပြုံးများ လင်းလက်သွားတော့သည်။

သူမက ပြောလိုက်၏။ “ပြဿနာမရှိပါဘူးရှင့်၊ လစဉ်ဘိုကင် လုပ်ချင်တာမဟုတ်လား၊ ဘယ်သီးသန့်အခန်းကို သဘောကျလဲဟင်၊ ကျွန်မတို့ဘက်ကနေ အစ်မတို့အတွက် သီးသန့်ဖယ်ထားပေးပါ့မယ်”

လီရှီးရှီးက စိတ်ထဲတွင်တွက်ချက်နေမိသည်။ သူတို့၏ ရေပူစမ်းအခန်းများကို နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဧည့်သည်များအတွက် ဖွင့်လှစ်ထားပြီး၊ တစ်နာရီလျှင် ယွမ် ၉၈၀ ဆိုရာ တစ်ရက်ကို ယွမ် ၁၄,၇၀၀၊ ဒါဆို တစ်လကို...

“ကျွန်မတို့ ခုနကစိမ်သွားတဲ့အခန်းပဲနော်၊ အဲဒီအခန်းက တော်တော်လေးအဆင်ပြေတယ်”

ကောင်းဟန်ရီ၏စကားက လီရှီးရှီး၏အတွေးများကို ဖြတ်တောက်သွားစေသည်။

တစ်ဖက်လူက ချက်ချင်းပင် တစ်လစာဘိုကင်လုပ်လိုသဖြင့် လီရှီးရှီးကလည်း တက်ကြွစွာပင် သူတို့ကို ၁၂ ရာခိုင်နှုန်း လျှော့ဈေးပေးလိုက်သည်။

ကောင်းဟန်ရီနှင့် ချူဖေးဖေးတို့မှာ ငွေကြေးပြတ်လပ်မှု မရှိသော်လည်း ပိုက်ဆံအနည်းငယ် သက်သာသွားခြင်းကို သဘာဝကျကျပင် ငြင်းဆန်စရာအကြောင်းမရှိခဲ့ချေ။

All Chapters