အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
59
အလှရှင်လေး နှစ်ဦး ထွက်ခွာသွားပြီးနောက် လီရှီးရှီးသည် ဘဏ်အကောင့်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသော စရန်ငွေ ယွမ် တစ်သိန်းကို ကြည့်ကာ ပြုံးဖြီးနေမိသည်။ သူမ၏ယာတောအိမ်လေးကို အဆင့်မြင့် အပန်းဖြေစခန်းတစ်ခုအဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်ရေး ရည်မှန်းချက်က ဤငွေကြေးများနှင့်အတူ ပိုမိုနီးစပ်လာပြီဖြစ်၏။
အံ့သြလွန်းသဖြင့် ရင်ဘတ်ထဲမှ နှလုံးသားပင် ခုန်ထွက်လုမတတ်ဖြစ်နေသော ဘေးနားရှိ ဆူးဟွေ့ဟွေ့ကိုမူ သူမ လုံးဝသတိမထားမိခဲ့ချေ။
ဆူးဟွေ့ဟွေ့က သူမကိုယ်သူမ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပြီးနောက် လီရှီးရှီး၏လက်မောင်းကို စိတ်လှုပ်ရှားစွာဆွဲခါရင်း တီးတိုးအော်လိုက်သည်။
“အား... ခုနက လူတွေက ကောင်းဟန်ရီနဲ့ ချူဖေးဖေးတဲ့ဟ”
လီရှီးရှီးက သူမ အရမ်းစိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“နင် ဘာဖြစ်နေတာလဲ၊ သူတို့ကို သိလို့လား”
“သေချာပေါက်သိတာပေါ့၊ ကောင်းဟန်ရီပါတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးကြည့်ဖူးတယ်၊ ပြီးတော့ ချူဖေးဖေးသရုပ်ဆောင်ထားတဲ့ ရှီးယွဲ့ဇာတ်ကောင်ကိုလည်း ငါ အရမ်းသဘောကျတာ၊ ဒုက္ခပါပဲ၊ ခုနက ငါ ဘယ်လိုလုပ် လက်မှတ်တောင်းဖို့မေ့သွားရတာလဲ၊”
“တကယ်လား၊ သူတို့နှစ်ယောက်လုံးက မင်းသမီးတွေပေါ့၊ ငါ တီဗွီသိပ်မကြည့်ဖြစ်တော့ မသိလိုက်တာ နှမြောစရာပဲ၊ ဒါပေမဲ့ အဲဒီ ကောင်မလေး နှစ်ယောက်စလုံးက တကယ်ကို လှတာပဲနော်၊”
ဆူးဟွေ့ဟွေ့က သူမ၏နဖူးကို ရိုက်လိုက်မိသည်။ ခုနက အရမ်းမှင်သက်သွားသဖြင့် လက်မှတ်တောင်းရန် သို့မဟုတ် ဓာတ်ပုံတွဲရိုက်ရန် လုံး၀မေ့သွားခဲ့သည်။
ယခုအချိန်တွင်မူ နောင်တရစိတ်များဖြင့် ပြည့်နှက်နေပြီး တီးတိုးရေရွတ်နေမိသည်။
“ခုနက ငါ ဘာလို့များ အဲဒီလောက် ကြောင်တောင်တောင်ဖြစ်သွားရတာလဲ၊ မဟုတ်ရင် ဓာတ်ပုံတွဲရိုက်ပြီး ဝီချက်မုမန့်မှာ တင်ပြီး ကြွားလို့ရနေပြီ၊ လုံးဝထင်မထားဘူး၊ တကယ်နှမြောစရာပဲ၊ သူတို့နှစ်ယောက်က ရေပူစမ်း အတူတူလာစိမ်ရလောက်တဲ့အထိ အပြင်မှာ ဒီလောက်ရင်းနှီးကြလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး”
ထိုစကားကို ကြားသောအခါ လီရှီးရှီး မျက်မှောင်ကြုတ်သွားပြီး လေးနက်စွာသတိပေးလိုက်သည်။
“နင် ဓာတ်ပုံတွဲရိုက်ပြီး မုမန့်မှာတင်လိုက်ရင် ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားသွားမှာပေါ့၊ ဒီမှာ အလုပ်ချိန်အတွင်း အဲဒီလို လုပ်ခွင့်မရှိဘူးနော်၊ နောက်ပိုင်း သူတို့ထပ်လာရင်တောင် ငါတို့ သွားပြီးအနှောင့်အယှက်ပေးလို့ မရဘူး”
သူဌေးမလေး ဒေါသထွက်သွားသည်ကို မြင်သောအခါ ဆူးဟွေ့ဟွေ့လည်း စကားမှားသွားကြောင်း ချက်ချင်း သတိပြုမိသွားသည်။ တကယ်လို့ သူမသာ ဤနာမည်ကြီး မင်းသမီး နှစ်ဦး၏ သတင်းကို ပေါက်ကြားစေခဲ့ပါက သေချာပေါက် အလုပ်ထုတ်ခံရမည့်အပြင် ယာတောအိမ်၏နာမည်ကိုပါ ထိခိုက်စေမည် မဟုတ်လော။
နိုင်ငံ့ဝန်ထမ်းစာမေးပွဲ အောင်မြင်ရေးအတွက် တည်ငြိမ်သောအလုပ်တစ်ခု လိုအပ်နေသော သူမ၏ရည်မှန်းချက်ကို အထိခိုက်ခံ၍မဖြစ်ချေ။
ထို့ကြောင့် အနေခက်စွာဖြင့် အမြန်တောင်းပန်လိုက်ပြီး သူမ၏ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့် ဟန်အမူအရာ လုပ်ပြကာ မည်သူ့ကိုမျှ မပြောပြပါဘူးဟု ကတိပေးလိုက်သည်။
လီရှီးရှီး ကလည်း သူမ အမှားကိုသိသွားကြောင်း မြင်သောအခါ နာမည်ကြီးများကို တွေ့လိုက်ရသဖြင့် အရမ်းစိတ်လှုပ်ရှားသွားခြင်းသာ ဖြစ်မည်ဟု တွေးကာ လေသံကို အနည်းငယ်လျှော့ချလိုက်သည်။
“ဒီမှာက သတိထားရမယ်ဟ၊ အထူးသဖြင့် ဧည့်ကြိုကောင်တာဆိုတော့ ငါတို့ရဲ့ ဝန်ဆောင်မှုပေးတဲ့ စိတ်နေသဘောထားက အရမ်းအရေးကြီးတယ်၊ ဧည့်သည်တွေအပေါ် အထင်အမြင်လွဲမှားစရာမျိုး လုံးဝမဖြစ်စေရဘူး၊ ပြီးတော့ ရဲစခန်းကလာမေးတာမျိုးမဟုတ်ရင် ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖြစ်သလိုလျှောက်ပြောလို့မရဘူး၊ နောက်မှ ဝန်ထမ်းတွေအားလုံးကို ဒီကိစ္စ သေချာထပ်မှာရဦးမယ်”
…
ကောင်းဟန်ရီနှင့် ချူဖေးဖေးတို့သည် ရိုက်ကူးရေးအခန်းသိပ်မရှိသည့်အချိန်တိုင်း ဤနေရာသို့လာရောက်ကာ ရေပူစမ်းစိမ်လေ့ရှိကြသည်။ လီရှန်းယာတောအိမ်သို့ မကြာခဏ လာရောက်လေလေ၊ ဤနေရာမှ ကောင်းမွန်သောအရာများကို သဘာဝကျကျပင် ပိုမိုရှာဖွေတွေ့ရှိလာလေလေ ဖြစ်သည်။
ဥပမာအားဖြင့် ချူဖေးဖေး အစပိုင်းက ဝီချက် စီးပွားရေးသမားများရောင်းချသော အသားအရေထိန်းသိမ်းရေးပစ္စည်းများဟု ထင်မှတ်ခဲ့သော ဆပ်ပြာလေးများပင်။
တစ်ခေါက်တွင် ဤနေရာသို့ လာရောက်စဉ် ကိုယ်တိုက်ဆပ်ပြာရည် ယူလာရန် မေ့ကျန်ခဲ့ပြီး ဤနေရာတွင်လည်း ရောင်းချခြင်းမရှိသဖြင့် မတတ်သာသည့်အဆုံး ထိုဆပ်ပြာလေးကိုသာ သုံးလိုက်ရသည်။
ထိုသို့ တစ်ကြိမ်သုံးကြည့်လိုက်သည်နှင့် ၎င်း၏ မှော်ဆန်သောအာနိသင်ကို တွေ့ရှိသွားပြီး ကောင်းဟန်ရီထံ ချက်ချင်း ညွှန်းဆိုပေးခဲ့သည်။ သူတို့နှစ်ဦးလုံး သုံးကြည့်ပြီးနောက် တကယ်ကို နှစ်သက်သွားကြပြီး ယခုအခါ ဤနေရာသို့လာတိုင်း အမြဲတမ်း ဆပ်ပြာတုံးအနည်းငယ်ဝယ်ယူကာ စုဆောင်းထားလေ့ရှိကြ၏။
ဤဇာတ်လမ်းတွဲရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ကောင်းဟန်ရီမှာ အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။ သူမ၏ အလုပ်တွေက အရမ်းများလွန်းရာ နောက်တစ်ခါ ဒီကိုလာပြီး ရေပူစမ်း စိမ်ဖို့ ဘယ်တော့လောက်မှ အချိန်ရနိုင်မည်လဲ သူမ မသိ။
သူမ၏မန်နေဂျာဖြစ်သူမှာမူ ပြီးခဲ့သည့်လက အခြား အနုပညာရှင်တစ်ဦးနှင့်အတူ အလုပ်ကိစ္စဖြင့် နိုင်ငံခြားသို့သွားရောက်ခဲ့သည်။ ကောင်းဟန်ရီက မကြာသေးမီက ရိုက်ကူးရေးအဖွဲ့တွင်သာ အေးအေးဆေးဆေး ရိုက်ကူးရေးလုပ်နေပြီး ပြဿနာဘာမှမရှိသဖြင့် စိတ်ချလက်ချ နိုင်ငံခြားသို့ သွားခဲ့ခြင်းဖြစ်၏။
ကောင်းဟန်ရီကိုလာကြိုရန် ပြန်ရောက်လာချိန်တွင်မူ သူ လုံးဝ အံ့အားသင့်မှင်သက်သွားရတော့သည်။ မကြာသေးမီက ကောင်းဟန်ရီ၏အခြေအနေမှာ တကယ့်ကို အလွန်အမင်း ကောင်းမွန်လွန်းနေသည် မဟုတ်လော။
“မင်း အခုတလော အလှအပဆိုင်ရာ ဆေးကုသမှုတွေ ဘာတွေများ လုပ်ထားသေးလား၊ မင်း အသားအရေက လင်းလက်တောက်ပတော့မတတ် ကောင်းလွန်းနေတယ်”
မန်နေဂျာဖြစ်သူက ကောင်းဟန်ရီကို လမ်းလျှောက်ပတ်ကြည့်နေရင်း မေးလိုက်သည်။ မူလက သူမ ဝလာသလားဟု ကြည့်ရန်ရည်ရွယ်ခဲ့သော်လည်း သူ၏မျက်လုံးများက ကောင်းဟန်ရီ၏အသားအရေမှ သဘာဝကျကျ ထွက်ပေါ်နေသော တောက်ပမှုဆီသို့ ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။
ထိုစကားကို ကြားသောအခါ ကောင်းဟန်ရီ အချိန်ရတိုင်း ရေပူစမ်းတစ်လတိတိ ဆက်တိုက်စိမ်ခဲ့ရသည်မှာ အလကားမဖြစ်ခဲ့ ဟု စိတ်ထဲမှတွေးလိုက်မိသည်။ သူမက မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး ပြုံးကာ ပြန်ဖြေ၏။
“ဒီလို မြို့ငယ်လေးမှာ အလှအပဆိုင်ရာဆေးကုသမှုခံယူဖို့ ဘယ်သွားလို့ရမှာလဲ၊ ဆရာဝန်တွေရဲ့အရည်အချင်းက မမီမှာကိုတောင် ကြောက်ရသေးတယ်၊ ငါ ရေပူစမ်းသွားစိမ်နေတာလေ၊ ချူဖေးဖေးက ငါ့ကိုညွှန်းပေးတာ”
“ရေပူစမ်း ဟုတ်လား၊ ဘယ်လိုရေပူစမ်းမျိုးကများ ဒီလောက်တောင် အာနိသင်ရှိနေရတာလဲ၊ ဟန်ရီ... ငါ့ကိုမလိမ်ပါနဲ့၊ မင်း တားမြစ်ဆေးတွေဘာတွေများ ခိုးသောက်ထားသေးလား”
“ဘယ်လုိတွေ လျှောက်တွေးနေတာလဲ” ကောင်းဟန်ရီက မန်နေဂျာကို မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလိုက်သည်။
“ငါက အဲဒီလိုလူမျိုးလား၊ ပြီးတော့ ဘယ်လိုဆေးမျိုးကများ ငါ့ကိုတောက်ပလာအောင် လုပ်ပေးနိုင်မှာလဲ၊ ငါတို့ ရိုက်ကူးရေးလုပ်နေတဲ့နေရာနားမှာ ရေပူစမ်းရှိတဲ့နေရာလေးတစ်ခု ရှိလို့ပါ၊ အဲဒီက ရေအရည်အသွေးက အရမ်းကိုကောင်းတာ”
မန်နေဂျာကလည်း ဟုတ်လောက်သည်ဟု တွေးလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်နှစ်ရက်အကြာတွင် ပန်းချီပြပွဲတစ်ခု ရှိနေသည်။
သူ၏အနုပညာရှင်သာ ယခု လက်ရှိအသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဆိုပါက ထိုနေ့တွင် ဝတ်ဆင်မည့် အဝတ်အစားသာ မမှားယွင်းလျှင် သေချာပေါက် ပွဲကိုလွှမ်းမိုးနိုင်ပြီး ရေပန်းစားသောသတင်း ဖြစ်လာမည်မှာသေချာသည်။
ထင်သည့်အတိုင်းပင် ထိုနေ့ပွဲတွင် ပန်းရောင်နတ်သမီးဝတ်စုံလေး ဝတ်ဆင်ထားသော ကောင်းဟန်ရီက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်မြောက်မြားစွာကို အံ့အားသင့်မှင်သက်သွားစေခဲ့သည်။
[ဝါး... ဒါက တကယ့်နတ်သမီးလေးအတိုင်းပဲ၊ သူမ လှလွန်းလို့ ငါသေတော့မယ်]
[ငါ့မိန်းမလေးက အရမ်းချစ်စရာကောင်းတာပဲ၊ ငါတော့ ကြွေသွားပြီ၊ ကြွေသွားပြီ... ]
[နတ်သမီးလေးက အရမ်းလှတာပဲ၊ ဒါ ငါ့မိန်းမလေးနော် (ခွေးခေါင်း အီမိုဂျီ)]
[သူမက ငါ့ရင်ထဲ အသည်းထဲအထိ လှနေတာ၊ ဟန်ရီရဲ့အသားအရေက အရမ်းကောင်းတာပဲ၊ မီးရောင်ကတောင် သူမကို မျက်နှာသာပေးနေသလို ခံစားရတယ်]
[သူမ တစ်ကိုယ်လုံးက လင်းလက်တောက်ပနေတာ၊ အဆင့်မြင့်ရုပ်ထွက်ကင်မရာ အောက်မှာတောင် ငါ့မိန်းမလေးရဲ့ အသားအရေက အပြစ်အနာအဆာကင်းနေတုန်းပဲ]
[ကျေးဇူးပြုပြီး ဟန်ရီရဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေက ဘာတွေလဲဆိုတာ ပြောပြပါ၊ ငါလည်း နှင်းရည်စက်လေးလို အသားအရေမျိုးလိုချင်တယ်]
…
မန်နေဂျာ မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေ့က ကောင်းဟန်ရီ အုပ်စုလိုက်ဓာတ်ပုံရိုက်သည့်အခါ သူမ၏ တောက်ပလင်းလက်နေသော အသားအရေက သူမကို ချက်ချင်း ထင်ရှားပေါ်လွင်စေခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ရေပန်းစားသတင်း ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် သူမက ဤကျော်ကြားမှုကို အသုံးချကာ နာမည်ကြီး ကိုယ်တိုက်ဆပ်ပြာရည် အမှတ်တံဆိပ်တစ်ခုနှင့် ကြော်ငြာစာချုပ်ကိုပင် ချုပ်ဆိုနိုင်ခဲ့၏။
နောက်ထပ်တစ်လ ကုန်လွန်သွားပြန်သည်။ ဤလတွင် ယန်ယွဲ့ယန်နှင့် ဆူးဟွေ့ဟွေ့တို့နှစ်ဦး တိုက်တိုက်ဆိုင်ဆိုင် နားရက်တူနေသဖြင့် ယန်ယွဲ့ယန်အနေဖြင့် ကားကြုံစီးကာ အိမ်ပြန်နိုင်ခဲ့သည်။
သူမ အိမ်မပြန်ဖြစ်သည်မှာ နှစ်လကျော်ပင် ရှိနေချေပြီ။ သူမက ဤနေရာတွင် ဝိတ်ချရန်သာ အာရုံစိုက်လိုခဲ့သည်။ အကယ်၍ ဟွေ့ဟွေ့ သာ အိမ်မပြန်လျှင် သူမလည်း နှစ်သစ်ကူးချိန် ရောက်မှသာ အိမ်ပြန်ဖြစ်လောက်ပေမည်။
လှပကျော့ရှင်းသော မိန်းကလေးတစ်ဦး ဖြစ်လာစေရန် သူမ၏ ပြင်းပြသောရည်မှန်းချက်က အိမ်လွမ်းစိတ်ကိုပင် ဖုံးလွှမ်းထားနိုင်ခဲ့သည်။
“ဟွေ့ဟွေ့... နင် မနက်ဖြန်အားလား၊ ငါနဲ့ ဈေးသွားဝယ်ပေးလို့ရမလား၊ အခု ငါ့အဝတ်အစားတွေအကုန်လုံးက ကြီးနေပြီလေ၊ ငါ့ဘောင်းဘီတွေအကုန်လုံးက ခါးကြိုးတပ်ထားလို့ တော်သေးတာပေါ့၊ ကြိုးဆွဲကြပ်လိုက်ရင် ဝတ်လို့ရသေးပေမယ့် ကြည့်ရတာတော့အဆင်မပြေဘူး၊ အသစ်တွေလဲချင်လို့ပါ”
ယန်ယွဲ့ယန်မှာ နောက်ဆုံးတော့ ကိုယ်အလေးချိန် အတော်များများကျသွားပြီဖြစ်ရာ သဘာဝကျကျပင် ကိုယ့်ကိုယ်ကိုယ် လှလှပပလေး ပြင်ဆင်ဝတ်စားချင်နေပြီ ဖြစ်သည်။ ယခုအခါ မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပြီး ဈေးဝယ်ထွက်ရမည်ကိုလည်း ပျော်ရွှင်နေမိ၏။
“ရတာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါလည်း အိမ်မှာပျင်းနေတာပဲ၊ စန်းဖူလမ်းမကြီးပေါ်မှာ သွားဝယ်ကြမလား၊ အဲဒီက အဝတ်အစားတွေက ဒီဇိုင်းလည်းစုံတယ်၊ ဈေးလည်းပေါတယ်လေ”
“ပြဿနာမရှိဘူး၊ မနက်ဖြန်နေ့လယ်စာ ငါဒကာခံမယ်လေ၊ အချိန်ကို ဝီချက်ကနေ အတည်ပြုလိုက်ကြတာပေါ့၊ ဒါဆို သဘောတူတယ်နော်... အာ၊ ရောက်ပြီ၊ ငါ အရင်ဆင်းတော့မယ်၊ တာ့တာ... မနက်ဖြန်မှတွေ့မယ်နော်”
ယန်ယွဲ့ယန်သည် လမ်းမပေါ်တွင် လျှောက်သွားရင်း ကိုယ်အလေးချိန် အတော်များများကျသွားပြီးနောက် အလွန်အမင်း ပေါ့ပါးသွက်လက်နေသည်ကို ခံစားလိုက်ရ၏။ သီချင်းတစ်ပုဒ်ကိုပင် တီးတိုးညည်းတွားကာ သီဆိုရင်း အိမ်သို့ လျှောက်လာခဲ့ပြီး မိဘများကို အံ့သြဝမ်းသာဖြစ်အောင် လုပ်မည်ဟု တွေးထားလိုက်သည်။
သို့သော် ဤအချိန်တွင် မိဘများ အလုပ်မဆင်းသေးချေ။ ရေခဲသေတ္တာထဲတွင် အာလူး၊ ကြက်သွန်နီ၊ ဝက်သားနှင့် ပုစွန်များ ကျန်ရှိနေသေးသည်ကို တွေ့ရသဖြင့် မိဘများ အလုပ်ကအပြန် စားနိုင်ရန် သူမကိုယ်တိုင် ဟင်းတစ်နပ် ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။
အဆင်ပြေစွာပင် ထိုနေရာတွင် အလုပ်မလုပ်ရသည့် အချိန်များ၌ အဆောင်တွင် ခေါက်ဆွဲပြုတ် သို့မဟုတ် ဟင်းလျာအချို့ကို တစ်ခါတစ်ရံ ချက်ပြုတ်လေ့ရှိပြီး စားဖိုမှူး ကျန်း ကပင် သူမကို လျှို့ဝှက်ချက် အနည်းငယ် သင်ပေးထားသေးသည် မဟုတ်လော။
60
ယန်ယွဲ့ယန် မိဘများ အလုပ်ဆင်းချိန် အိမ်သို့ပြန်ရောက်ခါနီးတွင် လှေကားထစ်များတစ်လျှောက် ပျံ့လွင့်နေသော မွှေးပျံ့သည့် ဟင်းရနံ့များကို ရလိုက်ကြသည်။
ယနေ့ သမီးဖြစ်သူ အိမ်ပြန်လာမည်ဖြစ်ကြောင်း သတိရသွားသဖြင့် ဖခင်ဖြစ်သူက ပြောလိုက်သည်။
“ဒါ ဘယ်သူ့အိမ်ကချက်နေတဲ့ ဟင်းအနံ့တွေလဲ၊ တကယ်ကိုမွှေးနေတာပဲ၊ ငါထင်တာတော့ ပုစွန်ဆီပြန်ချက်အနံ့ပဲ ဖြစ်ရမယ်၊ ဒီမနက်က သမီးလေးပြန်လာရင်ကျွေးဖို့ဆိုပြီး ငါလည်း ပုစွန်တွေဝယ်ထားသေးတယ်၊ အိမ်မြန်မြန်ပြန်ပြီးဟင်းချက်ရမယ်၊ မဟုတ်လို့ သမီးလေးရောက်လာရင် ဗိုက်ဆာနေလိမ့်မယ်”
“ကျွန်မလည်းသိပါတယ်” မိခင်ဖြစ်သူက ပြန်ဖြေသည်။
“ဒါပေမဲ့ ဒီဟင်းအနံ့က ဘာလို့ ငါတို့အိမ်ဘက်က လာနေသလိုဖြစ်နေတာလဲ”
ယန်ယွဲ့ယန်၏ဖခင်ဖြစ်သူက သူတို့၏တိုက်ခန်းဆီသို့ နီးကပ်လာလေလေ၊ ပုစွန်ဟင်း၏မွှေးပျံ့သောရနံ့က ပိုမိုပြင်းထန်လာလေလေ ဖြစ်လာသည်ကို ခံစားနေမိ၏။
“အို... တကယ်ပဲဟ၊ ယွဲ့ယန်လေးများ အိမ်ကြိုရောက်နေတာလား၊ သူက အပြင်ကနေ ဟင်းတွေဘာတွေများ မှာလိုက်တာလားမသိဘူး၊ ဒီကလေးမလေးဟာလေ၊ အိမ်ရောက်ရင်လည်း ရောက်တယ်လို့ကြိုမပြောဘူး”
မိခင်ဖြစ်သူက စကားပြောပြီးသည်နှင့် တံခါးမှာ သော့မခတ်ထားကြောင်း တွေ့လိုက်ရသည်။
လင်မယားနှစ်ယောက် တံခါးကိုတွန်းဖွင့်ကာ အိမ်ထဲသို့ တိုက်ရိုက်ဝင်သွားလိုက်ကြပြီး သမီးဖြစ်သူ ပြန်ရောက်နေပြီဖြစ်ကြောင်း ပို၍သေချာသွားတော့သည်။
မိခင်ဖြစ်သူသည် ယနေ့နံနက် အိမ်မှမထွက်ခွာမီ တံခါးကို သော့သေချာခတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည် မဟုတ်လော။
ထိုအချိန်တွင် ယန်ယွဲ့ယန်မှာ ဟင်းချက်ခြင်းကိုသာ အပြည့်အဝအာရုံစိုက်နေသည်။ ဤဟင်းလျာက အခိုးအငွေ့များထွက်လေ့ရှိသဖြင့် မီးခိုးစုပ်စက်ကို အားအပြည့်ဖွင့်ထားရာ မည်သူ ဝင်လာသည်ကိုမျှ မကြားလိုက်ရချေ။
အိမ်အဝင်ဝမှနေ၍ မိခင်ဖြစ်သူက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော လူတစ်ယောက်၏ ကျေပြင်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်းတောင့်တင်းသွားတော့သည်။
‘မီးဖိုချောင်ထဲက ဘယ်သူလဲ'
ထိုလူ ဝတ်ဆင်ထားသော ဆွယ်တာအင်္ကျီမှာ သမီးဖြစ်သူအတွက် သူမဝယ်ပေးထားသောအင်္ကျီမှန်း မှတ်မိနေသော်လည်း၊ ထိုလူ၏ ခန္ဓာကိုယ်အရွယ်အစားမှာ သူမ၏သမီးနှင့် လုံးဝမတူညီနေချေ။
‘ဒါ ယန်ယွဲ့ယန်ရဲ့ သူငယ်ချင်းအသစ်တစ်ယောက်ယောက်များ အလည်လာတာလား'
မိခင်ဖြစ်သူက ခဏမျှစဉ်းစားလိုက်ပြီး အဲဒီလိုပဲ ဖြစ်ရမယ်ဟု ကောက်ချက်ချလိုက်သည်။ မဟုတ်လျှင် ဤကောင်မလေးက ဘာကြောင့် ယန်ယွဲ့ယန်၏အင်္ကျီကို ဝတ်ထားရမည်နည်း။
‘ယန်ယွဲ့ယန်ကတော့ တကယ်ပါပဲ၊ သူငယ်ချင်း အလည်လာတာကိုတောင် သူ့သူငယ်ချင်းကို ဟင်းဝင်ချက်ခိုင်းထားသေးတယ်’ ဟု တွေးလိုက်မိသည်။
ထို့ကြောင့် မိခင်ဖြစ်သူက အိတ်ကိုချကာ ဟင်းဝင်ချက်ရန် မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။
“မေမေ... ပြန်ရောက်ပြီလာ၊”
ယန်ယွဲ့ယန်က မီးဖိုချောင်မှန်တံခါး အပြင်ဘက်ရှိ မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်ပြီးနောက်၊ ဖိနပ်ချွတ်နေသောဖခင်ဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ဖေဖေ၊ မေမေ... ဆိုဖာပေါ်မှာသွားထိုင်ပြီး ခဏလောက်နားကြဦးလေ၊ ဒီဟင်းလေး ခဏနေကျက်တော့မယ်၊ ထမင်းစားလို့ရပြီ”
မိခင်ဖြစ်သူမှာ ထိုနေရာတွင်ပင် မှင်သက်သွားပြီး အတန်ကြာမှ သတိတကြီးဖြင့် မေးလိုက်သည်။
“ယန်ယွဲ့ယန်... အဲဒါ သမီးလား”
“သမီးမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲမေမေရဲ့၊ သမီးကိုကြည့်ပါဦး၊ အခုဆို သမီးဝိတ်ချတာ နောက်ဆုံးတော့ အောင်မြင်သွားပြီလေ” ယန်ယွဲ့ယန်က ဝမ်းသာလုံးဆို့ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
သွယ်လျလှပသော မိန်းကလေးတစ်ဦး ဖြစ်လာရေးဆိုသည့် သူမ၏ ကာလရှည်ကြာအိပ်မက်လေးက နောက်ဆုံးတော့ အကောင်အထည် ပေါ်လာချေပြီ။
ပြီးခဲ့သည့် နှစ်လကျော်ကာလအတွင်း သူမသည် ဝိတ်ကျဆေး လုံးဝ မသောက်ခဲ့သလို အစားအသောက်များကိုလည်း အလွန်အမင်းမလျှော့ချခဲ့ဘဲ ပေါင်ခုနစ်ဆယ်ခန့် ကျသွားခဲ့ကာ လုံးဝ လူစားလဲလိုက်သကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
သူမ ခေါင်းလှည့်ကြည့်လိုက်ရာ မိခင်ဖြစ်သူ၏ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျနေသည်ကို တွေ့လိုက်ရဧ။ခ။
မိခင်ဖြစ်သူက သမီးကိုကြည့်ကာ ရင်ကွဲမတတ်ခံစားနေရသည်။ ‘အလုပ်စဝင်ပြီးတာနဲ့ ငါ့သမီးလေး ဘယ်လိုလုပ် ဒီလောက်တောင်ပိန်သွားရတာလဲ၊ အလုပ်က အရမ်းပင်ပန်းလို့များလား၊ ကြည့်စမ်း... ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေလဲလို့၊ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာတောင် သမီးလေးကို ဝိတ်ကျအောင်မလုပ်နိုင်ခဲ့တာ၊ အခုလို အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် ဒီလောက်အများကြီး ပိန်သွားရတာလဲ'
မိခင်ဖြစ်သူက မနေနိုင်ဘဲ ဖွင့်ဟလိုက်သည်။
“ယွဲ့ယန်... အဲဒီအလုပ်ကနေ ထွက်ပြီး အိမ်ပဲပြန်လာခဲ့ပါတော့လားကွယ်၊ မေမေ သမီးကို ကျွေးထားပါ့မယ်”
“ဟင်”
‘ဒါ ဘာတွေ ဖြစ်ကုန်တာလဲ’ မိခင်ဖြစ်သူက သူမ ပြောင်းလဲသွားခြင်းအတွက် ဝမ်းသာနေမည်ဟု ယန်ယွဲ့ယန် ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ငိုယိုကာ အလုပ်ထွက်ရန်ပင် ပြောနေသည် မဟုတ်လော။
သူမ ဇဝေဇဝါဖြစ်နေဆဲမှာပင် ဖခင်ဖြစ်သူ ရောက်လာသည်။
ဖခင်ဖြစ်သူသည်လည်း သမီးဖြစ်သူ ဤမျှလောက် ပိန်ကျသွားသည်ကို မြင်သောအခါ အလွန်အမင်း လန့်ဖျပ်သွားသည်။ သမီးဖြစ်သူက အရင်က အနည်းငယ်ဝဖြိုးသည်ကို သူ ဝန်ခံသော်လည်း ဝဝကစ်ကစ်လေးနှင့် ချစ်စရာကောင်းလှသည် မဟုတ်လော။ (ဖခင်များ၏မျက်စိထဲတွင် သမီးတိုင်းက လှနေတတ်သည်လေ။)
သမီးဖြစ်သူက ရုတ်တရက်ကြီး ဤမျှလောက် အများကြီး ပိန်ကျသွားသည်ဆိုတော့ ရောဂါဆိုး တစ်ခုခုများ ရနေခြင်းလော။
ထို့ကြောင့် သူက ရှေ့သို့တိုးလာကာ သမီးဖြစ်သူ၏လက်ကို ဆွဲကိုင်လိုက်ပြီး စိုးရိမ်တကြီးပြောလိုက်၏။
“ဘာတွေချက်နေသေးတာလဲ၊ ဖေဖေနဲ့ ဆေးရုံကို အခုချက်ချင်းလိုက်ခဲ့၊ ဆေးသွားစစ်ရအောင်၊ သမီးပြောင်းလဲသွားတာက အရမ်းမြန်လွန်းတယ်၊ အရင်က အွန်လိုင်းမှာဖတ်ဖူးတယ်၊ ရုတ်တရက်ကြီး အများကြီးပိန်သွားတဲ့ လူတွေက အများအားဖြင့် ရောဂါတစ်ခုခုရှိနေတတ်တယ်တဲ့၊ ဖေဖေ့ကို လာမခြောက်ပါနဲ့ သမီးရယ်၊ မြန်မြန်... ဟင်းချက်တာရပ်လိုက်တော့”
မိခင်ဖြစ်သူသည်လည်း ဤအချက်ကို တွေးမိသွားပြီး အမြန်ခေါင်းညိတ်ကာ သမီးဖြစ်သူအား စိုးရိမ်ပူပန်စွာဖြင့် ပြောရှာသည်။
“ယွဲ့ယန်... မကြောက်နဲ့နော်၊ ဖေဖေနဲ့ မေမေ သမီးနဲ့အတူ ဆေးရုံလိုက်ခဲ့မယ်”
မိဘများ၏တုံ့ပြန်မှုကို မြင်သောအခါ ယန်ယွဲ့ယန်မှာ အနည်းငယ်ဆွံ့အသွားရပြီး အဖြစ်အပျက်အားလုံးကို အမြန်ရှင်းပြလိုက်ရသ၏။
နားထောင်ပြီးနောက် သူမ၏ ဖခင်နှင့် မိခင်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်နေကြသည်။
“ယွဲ့ယန်... သမီးပြောတာက ဝိတ်ချရတာ အဲဒီလောက်တောင်လွယ်တယ်ပေါ့၊ အကြောပြင်နှိပ်နယ်ပြီး ရေပူစမ်းစိမ်ရုံနဲ့တင် ဝိတ်ကျသွားတယ် ဟုတ်လား၊”
ယန်ယွဲ့ယန်က ခေါင်းညိတ်ပြလိုက်သည်။
သူမကိုယ်တိုင် ကိုယ်တွေ့မကြုံရဘူးဆိုလျှင် ဆေးထိုးစရာမလို၊ ဆေးသောက်စရာမလို၊ အစားအသောက် လျှော့စရာမလိုဘဲ ဝိတ်ကျနိုင်သည်ဆိုတာကို သူမလည်း ယုံကြည်မည်မဟုတ်ပေ။
သူမ၏ မူလကိုယ်အလေးချိန်မှာ ပေါင် ၂၀၀ နီးပါး ရှိခဲ့ပြီး ယခုအခါ ပေါင် ၇၀ ကျော်ခန့် ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမက အရပ်ပုသူ တစ်ယောက် မဟုတ်သဖြင့် ပေါင် ၁၂၀ ကျော်ဆိုလျှင် အတော်လေး အချိုးအစားကျနေပြီဟု ဆိုရပေမည်။ အနည်းဆုံးတော့ သူမကို ‘ဝက်မကြီး’ ဟု ဘယ်သူမှ ခေါ်တော့မည်မဟုတ်ချေ။
မိဘနှစ်ပါးမှာမူ စိတ်မချနိုင်သေးချေ။ ယုတ္တိဗေဒအရ သမီးဖြစ်သူ ဝိတ်ကျသွားခြင်းက ကောင်းသောကိစ္စဖြစ်သော်လည်း ဆေးမစစ်ရသေးဘဲ သူတို့ စိတ်မအေးနိုင်ကြပေ။
ယန်ယွဲ့ယန်လည်း မိဘများ၏တောင်းဆိုမှုကို မငြင်းဆန်နိုင်တော့သဖြင့် သဘောတူလိုက်ရသည်။
သူတို့ မိသားစုသည် အနီးအနားရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ သွားရောက်ခဲ့ကြသည်။ ဆေးရုံကဖွင့်နေဆဲဖြစ်ရာ ဆေးစစ်ရန်အချိန် လုံလုံလောက်လောက် ရရှိခဲ့သည်။
ယန်ယွဲ့ယန်၏ဖခင်တွင် ထိုဆေးရုံ၌ ညွှန်ကြားရေးမှူးလုပ်နေသော ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ရှိရာ သူ၏အဆက်အသွယ်များကို အသုံးပြု၍ ဆေးစစ်ချက်အစီရင်ခံစာကို နောက်တစ်နေ့ နံနက်အစောကြီးတွင် ရယူနိုင်ခဲ့၏။
အစီရင်ခံစာအရ ယန်ယွဲ့ယန်မှာ အလွန်ကျန်းမာနေကြောင်း ပြသနေသည်။ ယခင်က သူမတွင် အလယ်အလတ်အဆင့် အသည်းအဆီဖုံးရောဂါနှင့် သွေးတွင်းအဆီဓာတ်မြင့်မားမှု ရှိခဲ့သော်လည်း ယခုအခါ အသည်းအဆီဖုံးရောဂါမှာ အပျော့စားအဆင့်သို့ ရောက်ရှိသွားပြီး သွေးတွင်းအဆီဓာတ်မှာလည်း ပုံမှန် ဖြစ်နေချေပြီ။
မိဘနှစ်ပါးမှာ သဘာဝကျကျပင် အတိုင်းမသိဝမ်းသာသွားကြသည်။
မိခင်ဖြစ်သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“အခု ငါ့သမီးလေးကို ကြည့်ပါဦး၊ ဘယ်လောက်တောင်ကြည့်ကောင်းလာလဲလို့၊ အရင်က မျက်နှာသွင်ပြင်တွေ အဆီဖုံးနေလို့ မေမေတောင်သတိမထားမိလိုက်ဘူး၊ ငါ့သမီးလေးက တော်တော်လေးလှတာပဲ၊ မေမေ့နဲ့ တူတာကိုး”
“ဒီနေ့ သမီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဈေးသွားဝယ်မှာမဟုတ်လား၊ အဝတ်အစားလှလှလေးတွေ အများကြီး၀ယ်ခဲ့နော်၊ ဖေဖေ ပိုက်ဆံရှင်းပေးမယ်” ဖခင်ဖြစ်သူကလည်း ဝင်ပြောသည်။
…
“ဝါး... ယွဲ့ယန်၊ နင့်ရဲ့ ဝိတ်ကျသွားတဲ့ရလဒ်က တကယ်ကိုအံ့မခန်းပဲနော်၊ ဝိတ်ကျသွားရုံတင်မကဘူး၊ ခန္ဓာကိုယ်ပါ ပိုကျန်းမာလာတယ်၊ ငါရော ဆရာမယောင်ကို အကြောပြင်နှိပ်နယ်ပေးဖို့ သွားပြောရမလားမသိဘူး”
ဆူးဟွေ့ဟွေ့က ယန်ယွဲ့ယန်နှင့်အတူ ဈေးဝယ်ထွက်ရင်း မေးလိုက်သည်။
ယန်ယွဲ့ယန်၏မိဘများက သူမ ရုတ်တရက်ဝိတ်ကျသွားသည်ကို အလွန်အမင်းစိုးရိမ်ကာ ညတွင်းချင်း ဆေးရုံသို့ပို့ပြီး ဆေးစစ်ခိုင်းခဲ့သည့် အကြောင်းကို ကြားလိုက်ရချိန်တွင် သူမ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
“ဟွေ့ဟွေ့၊ နင်က ဝတာမှမဟုတ်တာ၊ ပြီးတော့ ကျန်းမာရေးပြဿနာလည်း ဘာမှမရှိဘူးလေ၊ ဘာတွေ သွားညှိနှိုင်း ကုသစရာလိုလို့လဲ၊”
“နင့်ရဲ့ရလဒ်တွေက ဘယ်လောက်ကောင်းလဲဆိုတာ မြင်ပြီးပြောတာပါ၊ တကယ်တော့ ငါ့ခြေသလုံးပေါ်မှာ ဖျောက်လို့မရတဲ့ ကြွက်သားတွေ အများကြီးရှိနေတယ်၊ အဲဒါက ငါ့ကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ”
ယခင်ကဆိုလျှင် ဆူးဟွေ့ဟွေ့ သည် ဤကဲ့သို့သော အကြောင်းအရာများကို ယန်ယွဲ့ယန်၏ရှေ့တွင် လုံးဝ ပြောဆိုမည်မဟုတ်ချေ။ သူမ စိတ်မကောင်း ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ယခုအခါ သူတို့နှစ်ဦး၏ကိုယ်အလေးချိန်မှာ သိပ်မကွာခြားတော့ဘဲ ယန်ယွဲ့ယန်၏ စိတ်နေစိတ်ထားကလည်း အများကြီးပြောင်းလဲသွားပြီဖြစ်ရာ သဘာဝကျကျပင် လွတ်လွတ်လပ်လပ် ဆွေးနွေးလာနိုင်ချေပြီ။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာသော ယန်ယွဲ့ယန်၏ရည်မှန်းချက်က ယခုအခါ ပြည့်ဝလုနီးပါး ဖြစ်နေပြီဖြစ်သည်။
“ဒါဆိုရင် နင် ဆရာမယောင်ကို သွားမေးကြည့်လေ၊ သူ နင့်ကို အဲဒါတွေပျောက်သွားအောင် ကူညီပေးနိုင်လောက်ပါတယ်၊ ဒါပေမဲ့ အဲဒီမှာက ဈေးနည်းနည်းကြီးတယ်နော်၊ ပြီးခဲ့တဲ့ နှစ်လမှာ ငါ့လစာအများစုက ဝိတ်ချတဲ့နေရာမှာ အကုန်ပါသွားပြီ၊ ကံကောင်းလို့ ငါတို့တောင်ပေါ်မှာ ပိုက်ဆံသုံးစရာနေရာ သိပ်မရှိလို့ ယွမ် တစ်ထောင်ကျော်လောက် စုမိသွားတယ်၊ ပြီးတော့ ငါ့မိဘတွေကလည်း နည်းနည်းထောက်ပံ့ပေးသေးတယ်လေ၊ ဒီနေ့ အဝတ်အစားလေး နည်းနည်းဝယ်မလို့ စဉ်းစားထားတာ၊ နင် သေချာလေးရွေးပေးဖို့တော့ လိုမယ်နော်”
“ပြဿနာ မရှိပါဘူး၊ ငါ သေချာရွေးပေးပါ့မယ်၊ အရောင်းဝန်ထမ်းတွေ မြှောက်ထိုးပင့်ကော်လုပ်တိုင်း ဖြစ်သလိုလျှောက်မဝယ်နဲ့နော်” ဆူးဟွေ့ဟွေ့က ယန်ယွဲ့ယန်၏လက်မောင်းကို ချိတ်ရင်း ပြောလိုက်သည်။
…
သူတို့နှစ်ဦး စကားပြောရင်း ရယ်မောကာ စတိုးဆိုင်တစ်ဆိုင်မှ အဝတ်အစားများ ဝယ်ယူပြီးနောက်၊ ယန်ယွဲ့ယန်က သူမ၏ အဝတ်အစားအသစ်ကို လဲဝတ်ပြီးချိန်တွင် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဆူးဟွေ့ဟွေ့၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
ဆူးဟွေ့ဟွေ့က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယန်ယွဲ့ယန်က လေသံတိုးတိုးဖြင့် ဖြေလိုက်၏။
“ခုနက ငါ့ရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းကို တွေ့လိုက်တယ်”
“ယောကျ်ားလေးလား၊ မိန်းကလေးလား” ဆူးဟွေ့ဟွေ့ က ချက်ချင်း စပ်စုလိုက်သည်။