နဂါးမျိုးနွယ်များကိုတုန်လှုပ်စေခြင်း
Vol. 22 Ch. 299
အခန်း (၂၉၉) နဂါးမျိုးနွယ်များကိုတုန်လှုပ်စေခြင်း
"ဟား ဟား ဟား"
ကျိုးကျုန်းထျန်းက မော့ကျန်းသုန့်ကိုကြည့်ပြီး ရယ်မောလိုက်သည်။
ထို့နောက်သူက ရှေ့သို့လှမ်းမျှော်ကြည့်လိုက်ရင်း…
"အင်အားကြီးအုပ်စုပေါင်းစုံက လူတွေအများကြီး ရှိနေတာပဲလေ ၊ သူတို့အားလုံးမှာ ကိုယ်ပိုင်လှုပ်ရှားမှုတွေ ရှိတယ် ၊ နောက်ဆုံး ဘယ်သူအနိုင်ရမလဲဆိုတာ ကျုပ် သိချင်မိတယ်"
မော့ကျန်းသုန့်က သိမ်မွေ့စွာဖြင့်…
"သူတို့လိုချင်တာ ထွက်ပေါ်လာမလားဆိုတာက မသိနိုင်သေးဘူးလေ"
ကျိုးကျုန်းထျန်းက သေရည်ဆက်သောက်နေ၏။ သူက သေရည်မူးလေ တိုက်ခိုက်စွမ်းရည် မြင့်မားလေ ဖြစ်သည်။
ခွန်လွန်တောင်တွင် ပထမတောင်ထွတ်၏တောင်သခင်နှင့် နဝမတေင်ထွတ်၏ တောင်သခင်တို့က တိုက်ခိုက်ခြင်း မပြုကြပေ။
အမှန်တကယ် တိုက်ခိုက်မှုပြုလုပ်သူမှာ အဋ္ဌမတောင်ထွတ်သာလျှင် ဖြစ်သည်။ လိုအပ်ပါက မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲမှာပင် ကျိုးကျုန်းထျန်းက လှုပ်ရှားမှုတစ်ခုခု ပြုလုပ်မည် ဖြစ်သည်။
***
စတုတ္ထထပ်ကို ကြည့်နေသည့် အဋ္ဌမမင်းသားမှာ ရုတ်တရက်ရောက်ရှိလာသည့် နဂါးပုံရိပ်ကို အာရုံခံလိုက်မိသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ပဉ္စမထပ်က လူသားအင်မော်တယ်က ငါ့အစ်မကိုတိုက်ခိုက်ဖို့ ဆင်းလာတာလား"
ဤသူများသည် အမှန်တကယ်ပင် မီးနှင့်ကစားနေကြသူများဖြစ်သည်ဟု အဋ္ဌမမင်းသား ခံစားနေရသည်။ "သူတို့ တကယ်ပဲ အသက်မရှင်ချင်ကြတော့ဘူးလား" ဟု တွေးမိသည်။
"သူတို့က ဘာဖြစ်ချင်နေတာလဲ ၊ ငါ့အစ်မကို ဘာလို့ အခက်တွေ့အောင် လုပ်နေရတာလဲ ၊ အဲဒီလိုလုပ်စရာလည်း ဘာအကြောင်းမှ မရှိဘဲနဲ့"
အဋ္ဌမမင်းသားမှာ အဖြေရှာမရနိုင်ဘဲ နားလည်ရခက်လျှက်ရှိသည်။
သူ၏အစ်မဖြစ်သူက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်သည်။ ခွန်လွန်တောင်အတွက် များစွာအရေးပါသော်လည်း နဂါးမျိုးနွယ်များအတွက်တော့ အရေးမပါလှပေ။
အစ်မဖြစ်သူနှင့် ယောက်ဖစေ့စပ်ခြင်းအတွက် နဂါးမျိုးနွယ်များ ခွန်လွန်တောင်မှ ရရှိခဲ့သည့် အကျိုးအမြတ်များက ထင်ထားသည်ထက် ပိုမိုများပြားခဲ့သည်။
သို့သော် နဂါးမျိုးနွယ်များဘက်မှ အစ်မဖြစ်သူကို ပြန်လည်းမခေါ်နိုင်ပါဘဲ အဘယ့်ကြောင့် ယခုကဲ့သို့ ဖိနှိပ်ရပါသနည်း။
နဂါးမျိုးနွယ်များက ဂုဏ်သိက္ခာ ပြန်အဖတ်ဆည်ဖို့ ကြိုးစားနေခြင်းလား။ သို့သော်လည်း အင်မော်တယ်ပင် မဖြစ်သေးသည့် အစ်မဖြစ်သူကို တိုက်ခိုက်ခြင်းအားဖြင့် မည်သည့်ဂုဏ်သိက္ခာများ ရရှိပါမည်နည်း။
သူကဲ့သို့ မွေးရာပါအင်မော်တယ်တစ်ပါးကို အနိုင်ယူတိုက်ခိုက်သည်ဆိုလျှင်မှ ဂုဏ်သိက္ခာတက်ဦးမည် ဖြစ်သည်။ သို့သေိ အခြားမျိုးနွယ်ဝင်များက သူ့ကို အနိုင်ယူခဲ့ပါက နဂါးမျိုးနွယ်အတွက် မျက်နှာပျက်အရှက်ရစရာပင် ဖြစ်သည်။
"......"
သို့ဆိုလျှင် ယောက်ဖကို သူ ရှုံးနိမ့်ခဲ့စဉ်က နဂါးမျိုးနွယ်များ မျက်နှာအပျက်ကြီး ပျက်ခဲ့ရသည်ပင်။ သို့ရာတွင် ယောက်ဖကို ရှုံးနိမ့်ခဲ့သည့်ကိစ္စက ဘာပြောစရာ ရှိပါမည်နည်း။
အခြားသူများက ယောက်ဖ၏ တန်ခိုးစွမ်းအားနှင့် နောက်ခံအင်အားကို နားမလည်ကြပေ။
သို့သော် သူက ယောက်ဖကို ရှုံးနိမ့်ခဲ့သောကြောင့် ကျဆင်းခဲ့ရသည့် ဂုဏ်သိက္ခာကို အဖတ်ဆည်ရန်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမကို အခြားနဂါးမျိုးနွယ်များက စိန်ခေါ်သည်ဆိုလျှင်တော့ မည်သည့်နည်းနှင့်မှ အဓိပ္ပါယ် မရှိပေ။
"အစ်မက ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေတာကို အမေက မမြင်ချင်တာများလား မသိဘူး"
အဋ္ဌမမင်းသား ခေါင်းခါယမ်းရင်း တွေးလိုက်သည်။
"ဒါပေမဲ့ မဖြစ်နိုင်ပါဘူး ၊ အမေက ကြင်နာတတ်ပြီး နူးညံ့တဲ့သူတော့ မဟုတ်ပေမယ့် ဒီလိုမျိုး အသေးအဖွဲလေးတွေအပေါ် အငြိုးထားတတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး"
လုန်မန် သက်ပြင်းတစ်ချက်ချလိုက်သည်။
နဂါးမျိုးနွယ်တစ်ယောက်ဖြစ်ရန်မှာ ခက်ခဲလွန်းလှသည်။ အထူးသဖြင့် လူငယ်တစ်ယောက်အတွက် ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော အကြီးအကဲများ၏စိတ်ထဲ မည်သို့တွေးတောသည်ကို နားမလည်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခု လုပ်ရပ်ကတော့ သူတို့မျိုးနွယ်များ ကိုယ့်သေလမ်းကိုယ်ရှာနေသည်ဟုသာ သူ ခံစားရသည်။
သူသာ မှော်ရုံနယ်မြေထဲတွင် ရှိနေမည်ဆိုလျှင် အစ်မဖြစ်သူကို ဒုက္ခပေးသည့် နဂါးမျိုးနွယ်များအားလုံးကို အမှုန့်ချေပစ်မည် ဖြစ်၏။
ထိုနဂါးမျိုးနွယ်များမှာ ဦးနှောက်မရှိဟု သူ ခံစားနေရသည်။
အဋ္ဌမမင်းသားတွေးနေစဉ်မှာပင် တန်ခိုးစွမ်းအားမြင့်မားလှသည့် နဂါးမျိုးနွယ်တစ်ယောက်က လုန်ယွိကို စတင်တိုက်ခိုက်လိုက်ကြောင်း တွေ့မြင်လိုက်ရသည်။
သူ ထိတ်လန့်သွားမိပြီး အစ်မဖြစ်သူကိုယ်စား ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ချင်မိသည်။
***
မဟူရာမှော်ရုံနယ်မြေ ၊ စတုတ္ထထပ်။
"ဂရား"
နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။
အခြားသောနဂါးမျိုးနွယ်များ ထပ်မံရောက်ရှိလာပြီဖြစ်ကြောင်း လင်စီးယာ သိရှိလိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ အင်မော်တယ်အဆင့် နဂါးမျိုးနွယ်တွေ ရောက်လာပြီ"
လင်စီးယာက အော်ပြောလိုက်၏။
သူမ စကားကြောင့် လုန်ယွိ ခေါင်းမော့ကြည့်လိုက်စဉ် သူမထံသို့ ပေါက်ကွဲဝင်ရောက်လာသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။
တစ်ဖက်လူ၏တိုက်ခိုက်မှုက လျှင်မြန်လွန်းလှသည်။
"ဘုန်း"
တန်ခိုးစွမ်းအားမြင့်မားလှသည့် နဂါးပုံရိပ်တစ်ခုက စြင်္ကံထက်သို့ ပျံသန်းရောက်ရှိလာပြီး ထိုနဂါးပုံရိပ်၏ တိုက်ခိုက်မှုကို လုန်ယွိ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။
သူမကလည်း တစ်ချက်မတုံ့ဆိုင်းဘဲ နဂါးလက်သည်းများကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်လိုက်သည်။
"ဘန်း"
စွမ်းအားများ ပေါက်ကွဲထွက်သွားသည်။
လုန်ယွိ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး ချောက်နက်ကြီးအစွန်းသို့ ရောက်ရှိသွားသည်။
သူမနှင့် မျက်နှာချင်းဆိုင်တွင် တန်ခိုးစွမ်းအားမြင့်မားလှသည့် လူသားအင်မော်တယ်အဆင့် နဂါးမယ်တစ်ယောက် ပျံသန်းဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ထိုနဂါးမယ်က လုန်ယွိကို အေးစက်စွာကြည့်ရင်း တီးဆိုးဆိုသည်။
"ငါ့ကို မင်းနဲ့ ယှဉ်ပြိုင်ခွင့်ပေးပါ ၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ကိုတိုက်နိုင်မလားဆိုတာ သိချင်မိတယ်"
လုန်ယွိက သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေသည့်အတွက် အလွန်အံ့အားသင့်နေမိသည်။ သူမအနေဖြင့် လုန်ယွိကို တိုက်ခိုက်ခြင်းက အားနည်းသူကို အနိုင်ကျင့်သလို ဖြစ်နေသည့်တိုင် သူမ ဤအလုပ်ကို လုပ်ရပေမည်။
ယခု ရောက်ရှိလာသူက နဂါးမယ် "ပင်းလင်" ဖြစ်၏။
ပင်းလင် ရောက်ရှိလာခြင်းက လုန်ယွိကို များစွာ အံ့အားသင့်စေခဲ့သည်။
သူမက လူသားအင်မော်တယ်တစ်ပါး ဖြစ်သည် မဟုတ်ပါလား။
သို့သော် တစ်ဖက်လူက ထိုမျှစွမ်းအားမြင့်မားခြင်းမရှိဟု ဘာကြောင့်မှန်းမသိ လုန်ယွိခံစားနေရသည်။
ထို့နောက် သူမက တန်ခိုးစွမ်းအားများကို အပြည့်အဝထုတ်လွှတ်လိုက်ရင်း...
"ကျွန်မကို ကျေးဇူးပြုပြီး အလင်းပြပေးပါ"
ပြောပြီးသွားသည်နှင့် လုန်ယွိက နေရာမှပျောက်ကွယ်သွားပြီး စတင်တိုက်ခိုက်လိုက်သည်။
သူမက မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက နဂါးမယ် "ပင်းလင်" အနားသို့ ရောက်သွားပြီး နဂါးလက်သည်းများဖြင့် ကုတ်ဆွဲလိုက်သည်။
"ဘုန်း"
ပင်းလင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး လုန်ယွိ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်သည်။
"ဘုန်း"
လုန်ယွိက တစ်ချက်မတုံ့ဆိုင်းဘဲ နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်၏။
"ဘန်း"
ထိုတိုက်ကွက်ကိုလည်း ပင်းလင်က ပိတ်ဆို့ထားနိုင်ဆဲ ဖြစ်သည်။ ထိုခဏမှာပင် လုန်ယွိက ပင်းလင်ကို ခြေထောက်ဖြင့် ကျန်ချလိုက်သည်။
ပင်းလင်ကလည်း တစ်ချိန်တည်းပင်လှုပ်ရှားလိုက်ပြီး ခြေကန်ချက်ကို တုံ့ပြန်တိုက်ခိုက်လိုက်သည်။
"ဘန်း"
ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာပြီး နှစ်ယောက်လုံး ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကြသည်။ သူတို့ပတ်ဝန်းကျင်တွင် ကြီးမားသည့် တန်ခိုးစွမ်းအားကြီးများ မြင့်တက်လာသည်။
သူတို့ (၂)ယောက်လုံး ခန္ဓာကိုယ်များကို တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြသည်။
"ဘုန်း"
"ဘုန်း"
တန်ခိုးစွမ်းအားများက မီးတောက်မီးလျှံများပမာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေပြင်းများတိုက်ခတ်လာပြီး မုန်တိုင်းတစ်ခု စတင်ဖြစ်တည်လာသည်။
လင်စီးယာသည်လည်း စြင်္ကံလမ်းအလယ်ဗဟိုရှိ တိုက်ပွဲကို ကြည့်နေ၏။
လုန်ယွိက ပြိုင်ဘက်ထံသို့ ဝင်ရောက်သွားပြီး ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
တိုက်ပွဲက ပြင်းထန်နေပြီး ပုံရိပ်များကို ရိပ်ခနဲ ရိပ်ခနဲသာတွေ့မြင်ရသည်။ သာမန်မျက်စိဖြင့် တွေ့မြင်နိုင်ရန်ပင် ခက်ခဲသည်။
သို့သော် တိုက်ပွဲတွင် လုန်ယွိ အသာစီးမရနိုင်ကြောင်း လင်စီးယာ ခန့်မှန်းလိုက်မိ၏။
ပြိုင်ဘက်က လူသားအင်မော်တယ်တစ်ပါးဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားလွန်းလှသည်။ လုန်ယွိကတော့ မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။
လုန်ယွိကို တိုက်ခိုက်ရန်အတွက် တစ်ဖက်လူက အဘယ့်ကြောင့် အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာရပါသနည်း။ လုန်ယွိကို အနိုင်တိုက်ခိုက်ရန် နဂါးမျိုးနွယ်များက မဖြစ်မနေလုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားလေသလား။
အမှန်တော့ မရှိမှုအာကာသအဆင့် ကျင့်ကြံသူနှင့် အင်မော်တယ်တစ်ပါးကြားတွင် ခြားနားချက်က အလွန်များပြားသည်။
လူသားအင်မော်တယ်တစ်ပါး၏ အင်မော်တယ်စွမ်းအားဆိုသည်က သာမန်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ဖိနှိပ်နိုင်စွမ်းရှိသည်။
သို့ပေသိ လက်ရှိတွင်တော့ နဂါးမျိုးနွယ်၏ အင်မော်တယ်စွမ်းအားက လုန်ယွိကို ဖိနှိပ်ထားနိုင်ဟန်မရှိပေ။
မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း။
"ဘန်း"
လုန်ယွိ မြေပြင်ထက်သို့ လွင့်စင်ပြုတ်ကျသွားသည်။ သူမ မတ်တတ်ပြန်ရပ်လိုက်သည့်အခါ ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။
ပင်းလင်မှာလည်း အနည်းငယ်ဒဏ်ရာရသွားပြီး မြေပြင်ထက်သို့ လဲကျသွားသည်။
သူမက ချက်ချင်းမတ်တတ်ရပ်လိုက်ရင်း သူမလက်ထဲတွင် ချက်ချင်းပင် လှံရှည်တစ်လက်ထွက်ပေါ်လာ၏။
"ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက တကယ့်ကို ထူးခြားတာပဲ ၊ ဒါပေမဲ့ ဒီတစ်ခေါက် တိုက်ပြီးရင်တော့ မင်းကို မှော်ရုံနယ်မြေအပြင်ဘက်ရောက်အောင် ပို့ပစ်လိုက်မယ်"
ပင်းလင်က လုန်ယွိကို စူးစိုက်ကြည့်ရင်း ပြောသည်။
သူမလက်ထဲရှိလှံရှည်မှ လျှပ်စီးတန်ခိုးစွမ်းအားများလည်း စတင်ထွက်ပေါ်လာသည်။
လုန်ယွိ ဒဏ်ရာရရှိထားပြီ ဖြစ်ပြီး သူမလည်ပင်းနှင့်မျက်နှာတစ်လျှောက်ရှိ သွေးနီရောင်အနာရွတ်ကြီးက ပြန်လည်ထွက်ပေါ်လာသည်။ ထိုအနာရွတ်ကြီးက တတိယတောင်ထွတ်မှော်ရုံနယ်မြေတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာ ဖြစ်၏။
သူမက ပင်းလင်ကို စိုက်ကြည့်ရင်း သူမကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဓားတစ်လက်ထုတ်ယူလိုက်သည်။
ထိုဓားက သစ်သားဓားလေး ဖြစ်လေသည်။
လုန်ယွိက ဘာမဟုတ်သည့် သစ်သားဓားတစ်လက်ဖြင့် တိုက်ခိုက်မည်ဆိုသောအခါ သူမ သေချာပေါက် အနိုင်ရတော့မည်ဟု ပင်းလင် တွေးလိုက်သည်။
လင်စီးယာသည်လည်း စိတ်ပူပန်လျှက် ရှိလေသည်။
သို့သော် ထိုသစ်သားဓားလေးကို အရင်ကလည်း သူမတွေ့မြင်ဖူးသည်။ သူမ ကျောက်စိမ်းရေကန်သို့ လာရောက်လည်ပတ်တိုင်း လုန်ယွိက ထိုဓားလေးကို သူမနှင့်အတူ အမြဲတမ်း ယူဆောင်လာလေ့ ရှိသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုဓားက သာမန်သစ်သားဓားတစ်လက် မဖြစ်နိုင်ပေ။
သစ်သားဓားတစ်လက်က မည်သို့အသုံးဝင်ပါမည်နည်းဟုတွေးရင်း တိုက်ပွဲကို အပြင်ဘက်မှ ကြည့်နေကြသူများမှာလည်း အနည်းငယ် အံ့အားသင့်နေကြသည်။
ပင်းလင်က လုန်ယွိကို အေးစက်စွာကြည့်လိုက်သည်။ ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုသူကို တစ်ချက်တည်းဖြင့် မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့ပစ်ချင်နေပြီဖြစ်၏။
ထိုစဉ်မှာပင် လုန်ယွိက လက်ကိုမြှောက်လိုက်ပြီး သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားသွားမြင့်တက်လာသည်နှင့် ဖော်ပြနိုင်ခြင်းငှာမတတ်နိုင်သည့် ရောင်ဝါတစ်ခုကို သူမ ခံစားလိုက်ရသည်။
အဝေးဆီမှထွက်ပေါ်လာသည့်အသံများကဲ့သို့ အသံပေါင်းများစွာ သူမနားထဲသို့ တိုးဝင်လာသည်။
ထိုအသံများမှာ ပင်လယ်လေးစင်း၏ တဟုန်ထိုးဆူပွက်လာသံများ ၊ မိုးခြိမ်းသံများနှင့် မိစ္ဆာနဂါး၏ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်သံများ ဖြစ်ကြသည်။
ထို့နောက် ကြီးမားလှသည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး နဂါးမျိုးနွယ်များအတွက် ပြေးမလွတ်နိုင်သည့် အန္တရယ်အရိပ်ကြီးတစ်ခုအလား ခံစားလိုက်ရသည်။
အဆုံးမရှိ ကျယ်ပြန့်လှသည့် လောကကြီးတွင် အကြည့်တစ်ခု ထွက်ပေါ်လာသည်။ ထိုအကြည့်က လုန်ယွိ၏ ဓားချက်က သူမကို ခုတ်ပိုင်းသတ်ဖြတ်တော့မည်ဟု ပြောနေသယောင် ထင်မှတ်ရသည်။
အကြောက်တရားက သူမထံသို့ ဝင်ရောက်လာပြီး သူမကို လှုပ်မရအောင် ချုပ်နှောင်ထားသည်။
ပင်းလင်မှာ လုန်ယွိကို အနိုင်ယူတိုက်ခိုက်ရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုတော့ ထွက်ပြေးလွတ်မြောက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
လုန်ယွိက ဓားကို ခုတ်ပိုင်းချလိုက်၏။ ဓားချက်ထဲတွင် ကြောက်မက်ဖွယ်ရာ ဖိအားကြီးတစ်ခု ပါဝင်သည်။
အကြောက်တရားကို ထိန်းချုပ်ရန် ပင်းလင်အတွက် ခက်ခဲလှသည်။ ဓားချက်က သူမကို မြေကြီးထဲသို့ နစ်မြုပ်ဝင်ရောက်သွားစေတော့မည့်အလား ခံစားရသည်။
"ဘုန်း"
ပင်းလင် မည်သို့မှ မတတ်နိုင်ဘဲ မြေပြင်ထက် ဒူးထောက်ကျသွားသည်။ သူမ သေတော့မည်ဟု ခံစားနေရ၏။
ရင်ထဲမှကြောက်ရွံ့မှုကြောင့် သူမ မျက်လုံးများကို မှိတ်ချလိုက်သည်။
သို့သော် အတန်ကြာသည်အထိ မည်သည့်ဓားချက်မှ သူမထံသို့ ကျရောက်လာခြင်းမရှိကြောင်း သိလိုက်ရသည်။
သူမ မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ သစ်သားဓားက သူမရှေ့တွင် ရှိနေဆဲဖြစ်ပြီး လုန်ယွိက ဓားကို ခုတ်ပိုင်းချခြင်း မရှိသေးပေ။
လုန်ယွိက…
"မင်း ရှုံးသွားပြီ"
ပင်းလင်က…
"နင် ငါ့ကို မသတ်ဘူးလား"
သူမ စကားသံအဆုံးသတ်သွားသည်နှင့် လုန်ယွိက သစ်သားဓားကို ဝှေ့ယမ်းလိုက်လေရာ ပင်းလင်၏လည်ပင်းဆီမှ သွေးများစီးဆင်းကျလာသည်။
ဓားချက်တစ်ချက်တည်းဖြင့် သူမ လည်ပင်းပေါက်ထွက်ကာ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။
အမှန်တော့ လုန်ယွိက ရန်သူကို မသတ်ဖြတ်ခြင်း မဟုတ်ပေ။ မသတ်ဖြတ်ရသေးခြင်းသာ ဖြစ်သည်။ ထို့နောက် နဂါးမယ်"ပင်းလင်" ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်များဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်…
အခြားသော နဂါးမယ် (၃)ယောက်က လုန်ယွိထံသို့ တိုက်ခိုက်ရန် ဝင်ရောက်လာသည်။
သူတို့က နဂါးမယ်"ပင်းလင်" ကို ကူညီပေးရန် အသင့်စောင့်ဆိုင်းနေကြခြင်း ဖြစ်သော်လည်း လုန်ယွိက ခြေတစ်လှမ်းစောသွားခဲ့ခြင်း ဖြစ်သည်။
လုန်ယွိက နဂါးမယ် (၃)ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ဓားကို ဝှေ့ယမ်းလိုက်ပြီး လုန်ချင်းချင်းအနားသို့ လျှင်မြန်စွာပင် ရောက်ရှိသွားသည်။
ချက်ချင်းပင် ဓားက လုန်ချင်းချင်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ထို့နောက် ကျန်ရှိနေသည့် နဂါးမယ် (၂)ယောက်ကိုလည်း လုန်ယွိက ဓားဖြင့်ခုတ်ပိုင်းပစ်လိုက်သည်။
လုန်ယွိ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ပြီးမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။
နဂါးမယ် (၃)ယောက်မှာ အလင်းရောင်များဖြင့် ဖုံးအုပ်ခြင်းခံရပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။
လုန်ယွိက တစ်ယောက်တည်းဖြင့် နဂါးမျိုးနွယ် (၄)ယောက်ကို သတ်ဖြတ်ပစ်ခဲ့လေရာ တိုက်ပွဲကို ကြည့်ရှုနေကြသူအားလုံးမှာ အံ့သြမှင်တက်လျှက် ရှိကြသည်။
စက်ဝိုင်းပုံသဏ္ဌန်မှော်ဝင်ယဉ်ပျံကြီးထက်တွင် ငြိမ်သက်စွာထိုင်နေသည့် ရန်ကျင်းသည်ပင် စတုတ္ထထပ် ၊ ဗဟိုမဏ္ဍိုင်သို့ ထိတ်လန့်တုန်လှုပ်သည့်မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
ဤသည်က မယုံကြည်နိုင်စရာပင်။
ဓားချက် (၄)ချက်ဖြင့် နဂါးမျိုးနွယ် (၄)ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။ ဤသည်က အိပ်မက်တစ်ခု မဟုတ်ပေ။
ပြီးတော့ ဤဓားသိုင်းက နဂါးသုတ်သင်ဓားသိုင်းတဲ့လား။ နဂါးမျိုးနွယ်တစ်ယောက်က နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်ထားသည်တဲ့လား။